❝ ဗွီဒီယို နဲ့ မျှစ်ကြော် ❞
အဲဒီလိုနဲ့ ပန်းဆိုးတန်း ကိုတင်လှိုင် လက်ဖက်ရည်ဆိုင်မှာ ဒါရိုက်တာ တော်တော်များများ ထိုင်တတ်တယ် ။ အနုပညာသမားတွေ တော်တော်များများ ထိုင်တတ်တယ် ဆိုလို့ သွားသွားထိုင်ရသေးတယ် ။ ဘယ်သူနဲ့မှတော့ သိပ်မသိပါဘူး ။ ပြုံးပြီး ရယ်ပြ ၊ ကိုယ့်ကိုယ်ကိုယ် မိတ်သွားဆက်ပေါ့လေ ။
နောက်တော့ ဒါရိုက်တာဦးမြင့်ကျော် ၊ ဦးဆွေဆက် ၊ ထွန်းအောင်ဇော် ၊ ဦးသန်းဖေလေး စသည်ဖြင့် ရင်းနှီးပြီး ၊ ကားတွေ တစ်ခန်းစ ၊ နှစ်ခန်းစ ရိုက်လာရတယ် ။ လှိုင်သာယာ အိမ်တော့ မပြန်တော့ပါဘူး ။
ပန်းလှိုင်အိမ်ရာ ( ယခင် ) ဟုမ်းလမ်း က ဦးလေး တစ်ဦးရဲ့ အိမ်ရှေ့ဝရန်တာမှာ ကျောတစ်နေရာစာလေး နေခွင့် ရခဲ့တယ် ။
သူတို့က ကလေး မရှိဘူးလေ ။ ထမင်းကြော် ရောင်းတယ် ။ မနက်စောစော ထ ၊ ဆိုင်ဝိုင်း ခင်း ၊ ပြီးမှ ရိုက်ကွင်းရှိရင် သွား ၊ မရှိရင် ပန်းဆိုးတန်း ကိုတင်လှိုင်ဆိုင် သွားထိုင် ၊ ညနေပြန် ပေါ့ ။
အဲဒီတုန်းကဗျာ ... မှတ်မိနေသေးတယ် ။ ကျွန်တော့်ရဲ့ တူတွေ ၊ တူမတွေ နဲ့ ကားလမ်းမကြီးပေါ်မှာ မျက်နှာချင်းဆိုင်တွေ့တာတောင် သူတို့လေးတွေက ရှောင်သွားကြတယ် ။ ပိုက်ဆံ ချေးမှာ စိုးလို့ ၊ ထမင်းကျွေးရမှာ စိုးလို့ ၊ ဒါလည်း သူတို့အပြစ် မဟုတ်ပါဘူးလေ ။
ကိုယ်က ဘာကောင်မှ မဖြစ်သေးတာပဲ ။ ဖြစ်လည်း ဖြစ်လာရော ၊ ကိုယ်တောင် သူတို့ကို မတွေ့ပါဘူး ။ လူကြားထဲ အတင်း လက်ဝင်ဆွဲပြီး ပါလာတဲ့ သူတို့ သူငယ်ချင်းတွေ ကို ...
“ အဲဒါ ငါတို့ လေးလေးကွ ...” ဆိုပြီး မိတ်ဆက်ပေးတယ် ။
“ အမေတို့က ထမင်းလာစားပါဦး .. ”
တဲ့လေ ။ ထမင်း ဆိုလို့ မှတ်မိနေသေးတယ် ။
တစ်ရက်ပေါ့ ။ ညနေပိုင်း ကျွန်တော် အပြင်က ပြန်လာတော့ အဒေါ် ဖြစ်သူက ဟင်းပန်းကန် ကို စားပွဲ အောက်ထဲ ဝှက်ထားလိုက်တယ် ။ ဦးလေး ကတော့ မသင့်တော်ဘူးထင်လို့နဲ့ တူပါတယ် ။ ဝတ်ေကျ တန်းကျေ ...
“ ဟေ့ကောင် ... တစ်ခါတည်း ဝင်စားပါလား .. "
လို့တော့ ခေါ်ပါတယ် ။
ဆာလိုက်တာဗျာ ။ မပြောပါနဲ့ ။ ပိုက်ဆံ ကလည်း မရှိဘူးလေ ။ ကားရိုက်လို့ ပိုက်ဆံလေး နည်းနည်း ရလာရင် လမ်းထိပ်က ဦးရွှေကြီး တွန်းလှည်းနဲ့ ရောင်းတဲ့ဆီမှာ မျှစ်ကြော် တစ်ကျပ်ဖိုး ၊ ငါးပိကြော် တစ်ကျပ်ဖိုး ၊ ထမင်းဖြူ ငါးမူးဖိုးနဲ့ .. စား ၊ တို့စရာလေး ဘာလေး နဲ့ ဗိုက်ပြည့်သွားရော ။
ပိုက်ဆံ မရှိတဲ့ ရက်ကတော့ ရေအဝ သောက်ပဲ ။
တစ်ပတ်နေ ၊ နှစ်ပတ်နေ မှ လှိုင်သာယာက ထူးသခင် လိုက်လာ ၊ စုဆောင်းထားတဲ့ ငွေလေး ပေးလိုက် ၊ သူက ပြန်သွား ။
တစ်ခါကလည်း ကားက မရိုက်ရ ၊ ဗိုက်ကလည်း အရမ်းဆာနေတော့ ...
ဟယ် .. မတတ်နိုင်တော့ဘူး ... မင်္ဂလာဦးတုန်းက ဝတ်တဲ့ လည်ကတုံး ရှပ်အဖြူ လက်ရှည်လေးကို ညဈေးတန်း အထည်ဟောင်းဆိုင်မှာ သွားရောင်းတော့ နှစ်ဆယ် ရတယ် ။ အဲဒီနေ့က ငါးကျပ်ဖိုး ၊ ဝက်သားဟင်း နဲ့ ထမင်းစားပြီး ပိုတဲ့ တစ်ဆယ့် ငါးကျပ် ကို ထူးသခင် ဆီ ပို့လိုက်တယ် ။
နောက် သိပ်မကြာပါဘူး ဗျာ ။ နှစ်ရက်လားပဲ ။
ဒါရိုက်တာ ဦးဒေါန ရိုက်တဲ့ကားမှာ လည်ကတုံး ဝတ်ရမယ် တဲ့ .. သွားပြီ ။
ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဘူး ...
မင်းသားက ကျော်ရဲအောင် ၊ မင်းသမီးက ဇင်မာဦး ၊ ကားနာမည်က “ ကံဆောင်တဲ့ဖူးစာ ” အရင်းနှီးဆုံး သူငယ်ချင်းရဲ့ အဖေဆီက ငှားဝတ်လိုက်တယ် ။ မတော်တာမှ တော်တော်ကြီးကို မတော်တာပါဗျာ ။ ပွပွကြီး ... လက်ခေါက်ဝတ်ပေါ့လေ ။
ဘဝများ ပြောပါတယ် ။ မရောင်းခင်က ရိုက်လိုက်ရရင် ပိုက်ဆံလည်း ရဦးမယ် ။ မျက်နှာလည်း မငယ်ရတော့ဘူးပေါ့ဗျာ ။
တစ်ခါတလေ ညဘက် Night Seen များ ရိုက်လို့ကတော့ စိတ်အဆင်းရဲဆုံးပဲ ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ် နေရတာက သူများ အိမ် ။ ကိုယ့်အိမ် ဆိုရင် ...
“ မိန်းမရေ ... ပြန်လာပြီဟေ့ .. တံခါးဖွင့်စမ်း .. ”
ဆိုပြီး ဖွင့်ခိုင်းလို့ရတယ် ။ မသကာ မိန်းမ မနိုးတောင် သားသမီး တစ်ယောက်ယောက်ကတော့ ထ ဖွင့်ပေးမှာပဲ ... ။
ခုဟာက သူများ အိမ် ၊ ဦးလေး ပေါ့ဗျာ ။ အဖေ့ ရဲ့ ညီအရင်းအိမ် ။ ရောက်တဲ့အချိန်က နှစ်နာရီ ။ မသိမသာ တံခါးလေး ခေါက်ကြည့်တယ် ၊ နိုးတယ်ဗျ ... ဒါပေမယ့် မဖွင့်ပေးဘူး ။ အိပ်ချင်ယောင် ဆောင်နေတယ် ။ အဲဒီ နှစ်နာရီထဲက အောက်ထပ် လှေကားထစ် ခွေးခါးထစ် အောက်ပေါ့လေ ။ အဲဒီနေရာမှ ပုဆိုးလေး ခြုံပြီး ၊ ငုတ်တုတ် ငိုက်ရတယ် ။ နံနက်လေးနာရီ မှ သူတို့ ထမင်းကြော်ဆိုင် ဖွင့်တယ် ။ ဆိုင် ခင်းတယ်ပေါ့ ။
အဲဒီတော့မှ ...
“ ဟာ ... မင်းကလည်း နှိုးရောပေါ့ကွာ ... ”
တဲ့ ။ တံခါး ခေါက်ရလွန်းလို့ လက်တွေလည်း ပွန်းပဲ့နေပါပြီ ။
“ အဟဲ .. ရပါတယ် .. ဦးလေးတို့က အစောကြီး ထပြီး .. ဆိုင်ဖွင့် ဈေးရောင်းရတာဆိုတော့ အားနာလို့ မနှိုးတော့ပါဘူး ”
ဆိုပြီး ဆိုင်ဝိုင်းခင်းပေးလိုက်တာ ၊ မနက် ( ၇ ) နာရီ နဲ့ ( ၈ ) နာရီ ရောက်သွားရော ။ မျက်နှာသစ်ရုံ ရှိသေးတယ် ရှူတင်ကား လာကြိုတော့ ပြန်ပါသွားရောဗျာ ။
တစ်နေကုန် ကားရိုက်တော့ ဘယ်လာ အိုက်တင်ပါတော့မလဲ ။ အတင်းကုန်းရုန်းပြီး ၊ ကြိုးစား သရုပ်ဆောင်ပေါ့ ။ နို့မို့ နောက်ကားတွေ ခေါ်မှာ မဟုတ်တော့ဘူး ။ ဘယ်သူ့ဘယ်သူကိုမှ အပြစ် မတင်တော့ပါဘူး ။ အတိတ် ရဲ့ ကံ က ပါလာတာကိုး ။
တစ်ခါတလေများ ရေချိုးချင်ရင် မိုးရေစောင့် ချိုးရတာ ပါသေးတယ် ။ သူတို့က ရေပိုက် နဲ့ လိုက်ထည့်တာလေ ။ ရေတစ်စည် ကို ဘယ်လောက်ပေါ့ ။ မျက်နှာသစ်ကို ရေနှစ်ခွက်လောက် ဖြစ်သွားရင် ဦးလေးမိန်းမ က အပေါ်ထပ်က အော်ပြီသာ မှတ် ။
“ ဟဲ့ .. ရေကြည့် သုံး .. ရေတစ်တိုင်ကီ ဘယ်လောက် မှတ်လဲ .. ”
“ဪ.. ဒုက္ခပါပဲ... မနေ့ကပဲ ငါ ဝယ်ထည့်ထားပါတယ် .. မျက်နှာသစ်တာလောက်နဲ့ မကုန်နိုင်ပါဘူး .. ”
ဆိုပြီး ဒေါသဖြစ်မိသေးတယ် ။ လမ်းထဲ ၊ ရပ်ကွက်ထဲက ကလေးတွေ ကလည်း ကျွန်တော် စားနေကျ မျှစ်ကြော်ကို အစွဲပြုပြီး ၊ ကျွန်တော့် တွေ့ရင် ...
“ ဦးလေးမျှစ်ကြော်... ဒီနေ့ ဗီဒီယို မရိုက်ဘူးလား .. ”
တဲ့ ။
◾ ကျော်ထူး
📖 လူပြောများတဲ့ လူပေါကြီး
koaungnaingoo.blogspot.com
.
No comments:
Post a Comment