Sunday, October 3, 2021

သီပေါဘုရင် နှင့် ရနောင်မောင်မောင်တုတ် ( ၄ )


 

❝  သီပေါဘုရင် နှင့် ရနောင်မောင်မောင်တုတ်  ❞ (  ၄ )

အခစား ရောက်လာသော မင်းသားများ ၊ မှူးတော်မတ်တော်များ နှင့် တက်ရောက်ရန် ခွင့်ပြုခြင်း ခံထားရသော နိုင်ငံခြားသား အချို့တို့သည် လက်ဆောင်တော်များ နှင့် ညီလာခံခန်းမတွင် ပုဆစ်တုပ်လျက် ပျပ်ဝပ်နေကြလေသည် ။ ရှေ့တော်မှောက်တွင် ရောက်ရှိနေသော ပရိသတ်အား သီပေါမင်း သည် စကားအနည်းငယ် မိန့်တော်မူပြီးနောက် အကြီးအကဲတို့အား တစ်ဦးစီကို အမြွက် မျှ ပြောတော်မူသည် ။

တန်ခူးလ အခါသမယတွင် နှစ်သစ်ကူး သင်္ကြန်တော်နှင့် ရေပက်ကစားသည့် အစီအစဉ်များတွင် ဘုရင်မင်းမြတ် နှင့် မိဖုရား တို့သည် မင်္ဂလာရေတော်များဖြင့် ခေါင်းဆေးမင်္ဂလာ ပြုတော်မူကြသည် ။ ကျန် နန်းတော်သူ နန်းတော်သားများမှာမူကား တစ်ဦးကို တစ်ဦး ရေပက် ကစားခြင်းဖြင့် မြူးထူး ပျော်ရွှင်ကြသည် ။ ကဆုန်လတွင် ညောင်ရေသွန်းပွဲ အစီအစဉ်နှင့်အတူ သဘင်ပွဲတော်ခံသည့် အစီအစဉ်ကို ကျင်းပသည် ။ သည် ကြီးကျယ်သော သဘင်ပွဲကို တစ်ညလုံး ခံလျက် နံနက်ကျမှပင် ရုပ်သိမ်းလေသည် ။

နယုန်လမှာ ပွဲတော်လေးပွဲ ကျင်းပမြဲ ဖြစ်သည် ။ ၎င်းတို့အထဲမှ နောက်ဆုံးပိတ် ပွဲတော်မှာ လယ်ထွန်မင်္ဂလာပွဲတော် ဖြစ်သည် ။ သို့သော် ထိုပွဲတော်ကို သီပေါမင်းသည် တစ်ခါမှ ဆင်ယင်ကျင်းပခြင်း မပြုခဲ့ပေ ။ ဤပွဲတော်ကို မင်းတုန်းမင်း သည် နှစ်စဉ်နှစ်တိုင်း ကျင်းပပေးလျက် အကောင်းဆုံး အမြတ်ဆုံး မင်းဝတ်တန်ဆာများကို ဆင်မြန်းတော်မူခဲ့လေသည် ။

ရွှေငွေများဖြင့် ဆင်မြန်းထားသော နွားဖြူနှစ်ကောင်ကို ထွန်တုံးတွင် ကစေလျက် အထူး ရွေးချယ်သတ်မှတ်ထားသော လယ်မြေကွက်တွင် တစ်တိုင်းပြည်လုံး၌ စပါးဆန်ရေ ပေါများရေး အတွက် ဆုမွန်ကောင်းများ တောင်းခြင်း ၊ နတ်ကောင်း နတ်မြတ်များအား ပသခြင်းများ ပြုလုပ်ခဲ့လေသည် ။ သီပေါမင်း ကမူ သည်သို့မဟုတ်ဘဲ ရွှေနန်းတော်အတွင်းမှာသာ စံနေတော် မူခဲ့လေသည် ။ ရာဇပလ္လင်တော်မှ အစောင့်အရှောက် များ ကင်းလျက် မခွာရဲဘဲ ဖြစ်နေသည် ။ အစောင့်အရှောက် များဖြင့် သွားပြန်ပါလျှင်လည်း လုပ်ကြံမည်ကို အမြဲတမ်း စိုးရိမ်နေရလေသည် ။

လှေပြိုင်ပွဲများကို ကျုံးထဲတွင် လည်းကောင်း ၊ ဧရာဝတီမြစ်ထဲတွင် လည်းကောင်း ကျင်းပလေ့ ရှိသည် ။ ဤပွဲတော်များကိုလည်း ဘုရင်မင်းမြတ် တက်ရောက်တော် မမူချေ ။ တန်ဆောင်မုန်းလတွင် ကထိန်သင်္ကန်း ကပ်လှူပွဲကို ကျင်းပမြဲဖြစ်သည့် မသိုးသင်္ကန်းရက်ပွဲလည်း ပြုလုပ်ကြသည် ။ သင်္ကန်းတော်ကို တစ်ညဉ့်တည်းနှင့် အပြီး အပြိုင်ရက်လုပ်ကြသည် ။ မှူးကတော် မတ်ကတော်များ နှင့် အပျိုတော်တို့သည် တပျော်တပါးကြီး သူ့ထက်ငါ အဖွဲ့လိုက် အစည်းလိုက် အပြိုင်ရက်ကြသည် ။

တစ်ကြိမ်သော ငိုအားထက် ရယ်အားသန်ရသော ဖြစ်ရပ်တစ်ခုက ရွှေနန်းတော်မှာ ဖြစ်ပျက်ခဲ့လေသေးသည် ။ မှူးကတော် တစ်ယောက်သည် သင်္ကန်းကို တစ်ညဉ့်လုံး မရက်ရအောင် ရက်ပြီးသော သင်္ကန်းတစ်ထည်ကို တိတ်တဆိတ် ဝှက်၍ ယူဆောင်လာပြီးနောက် သူကိုယ်တိုင် ထိုညဉ့်တွင် ရက်လုပ်၍ ပြီးလေဟန်ဖြင့် တင်ဆက်လိုက်သည် ။ သို့သော် ခဏအကြာတွင် မှူးကတော် ၏ လိမ်ညာမှုမှာ ပေါ်သွားတော့သည် ။

သို့ဖြစ်သောကြောင့် ဤသို့လိမ်လည်သော မှူးကတော်နှင့် သူ၏ ယောက်ျားဖြစ်သူတို့အား သူတို့အမှားကို စာဖွဲ့၍ သီဆိုစေသည် ။ ထို့နောက် ဆိုင်းတီးပေးပြီးနောက် အကခိုင်း လေတော့သည် ။ ဤသည်ကို ကျန်ရှိနေသော ပရိသတ်များက တဝါးဝါး တဟားဟားနှင့် သဘောကျစွာ ရယ်မောကြရသည် ။

ဘုရင်မင်းမြတ် သည် လယ်ထွန်မင်္ဂလာ ပွဲတော်ကို မကျင်းပသော်လည်း နတ်တော်လ တွင် သီးဦးသီးနှံများကို ဦးဦးဖျားဖျားပင် မဟာမြတ်မုနိဘုရားကြီးကို ကပ်လှူတော်မူလေသည် ။ လှူဖွယ် ပစ္စည်းများကို နွားရုပ် သဏ္ဌာန် ၊ ကျွဲရုပ် သဏ္ဌာန် ၊ ပုစွန်ရုပ် သဏ္ဌာန် လှည်းကြီးများတွင် တင်ဆောင်၍ သယ်ယူကပ်လှူလေ့ ရှိလေသည် ။

ပြာသိုလတွင် မြင်းခင်းပွဲတော် ဆင်ယင်ကျင်းပသည် ။ ရွှေနန်းတော် အရှေ့ဘက်တွင် ဘုရင်မင်းမြတ် နှင့် မိဖုရား တို့ ရှေ့တော်မှောက်၌ မြင်းအစီးပြိုင်ပွဲများ ပြုလုပ်သည် ။ ဆင်းထိုးပွဲများလည်း ပြုလုပ်သည် ။ မြင်းအလျင်စီးလျက် မြင်းနှင့် စက်ထိုးပြိုင်ပွဲများကိုလည်း ပြုလုပ်ကြသည် ။

အခြား အခြားသော ရာသီလိုက် ထုံးတမ်းစဉ်လာအရ ကျင်းပပြုလုပ်သော ပွဲတော်များလည်း အများအပြား ရှိသေးသည် ။ လယ်ထွန်မင်္ဂလာ ပွဲတော်မှလွဲ၍ ထိုပွဲတော်များကို သူ့အချိန်၌ သူ သူ့အစဉ်အလာအရ မပြတ် ကျင်းပသွားသည် ။ လယ်ထွန်မင်္ဂလာ ပွဲတော်မှာမူကား ဟန်ဆောင်လောကနှင့် တူသော ရွှေနန်းတော် ၏ ယုံတမ်းကစားနေသည်ဟု ထင်ရသည် ။ အရောင်အဆင်း တောက်ပြောင်နေသော ဘဝအတွက် သဘာဝကျလွန်းလျက် တကယ်တမ်း မှန်ကန်လွန်းလျက် ရှိနေလေသည် ။

စုဖုရားလတ် တစ်ဦးတည်းသာလျှင် အရေးကြီးပုံရသည် ။ သူသာလျှင် သီပေါမင်း ၏ ထွန်ချက်ကြောင့် ထိရောက် မှု ရှိနေသည် ။ သို့ဖြစ်သောကြောင့် နှစ်စဉ် နှစ်တိုင်းလိုပင် စုဖုရားလတ်သည် ကိုယ်လေးလက်ဝန်ရှိခြင်း နှင့် မကင်းခဲ့ချေ ။ ပထမ သားတော်ဦးကလေး မွေးခဲ့ပြီးသည်မှ အပ နောက်၌ မွေးဖွားသူများမှာ အားလုံး သမီးမိန်းကလေးချည်းသာ ဖြစ်လေသည် ။

စုဖုရားလတ် သည် သီပေါမင်းအား မျက်စိအောက် မှ အပျောက် မခံချေ ။ အမြဲတမ်းပင် “ ဘုန်းတော်ကြီးဘုရား ဘယ်မှာလဲ ” ဟူ၍သာ မေးမြန်းလျက် ရှိလေသည် ။ သီပေါမင်း မှာလည်း အမြဲတမ်းပင် စုဖုရားလတ် အနီး၌ ရှိနေလေသည် ။ စုဖုရားလတ် သည် သူ့မောင်တော် အပေါ်တွင် ဤမျှအထိပင် စွမ်းဆောင်နိုင်ပါပေသည် ။

ရွှေနန်းရှင်သည် မိဖုရား နှစ်ပါးတည်းသာ ရှိသည်ဟု အများ၏ ကဲ့ရဲ့ပြောဆိုသံများကို ရပ်တန်းက ရပ်သွားရလေအောင် စုဖုရားလတ် သည် ညီမတော် စုဖုရားကလေးအား တတိယ မိဖုရားအဖြစ် ထားရှိပေးလေသည် ။ စုဖုရားကလေး အား စုဖုရားလတ် တို့ စုဖုရားကြီး တို့ တစ်တွေကဲ့သို့ အခမ်းအနားဖြင့် စုလျားရစ်ပတ် လက်ထပ်မင်္ဂလာ ပွဲတော်ကြီးကို မပြုလုပ်ပေးခဲ့ချေ ။ ဘိသိက်လည်း မသွန်းခဲ့ချေ ။ သီပေါမင်း နှင့် စုဖုရားလတ် တို့၏ အဆောင်နှင့် ကပ်လျက်ရှိသော အဆောင်ကို ပေးအပ်ထားသေးသည် ။ သည့်အတွက် စုဖုရားလေးခမျာမှာ မိဖုရားတစ်ပါးကဲ့သို့ ဆက်ဆံခြင်း မခံရရှာချေ ။

ယခုအခါတွင် ကင်းဝန်မင်းကြီး မှာ ပြန်လည်အရေးပေးခြင်း ခံရတော့မလိုလို အခြေအနေမှာ ဖြစ်နေပြန်လေသည် ။ ကင်းဝန်မင်းကြီးသည် အနောက်နိုင်ငံများသို့ ခရီးထွက်ဖူးသည့်အတွက် ဗဟုသုတနှင့် ပြည့်စုံသည် ဖြစ်လေရာ အထူးသဖြင့် ပြင်သစ် ၊ အင်္ဂလိပ်နှင့် ဂျာမနီ နိုင်ငံများနှင့် နိုင်ငံရေး အဆက်အသွယ်များ ရှိခဲ့လေသည် ။ ကင်းဝန်မင်းကြီးသည် လွှတ်တော်ထဲတွင် ဖြစ်စေ ၊ အခြား တစ်နေရာရာတွင် ဖြစ်စေ ထိုင်နေလျက် အရှေ့တိုင်းတွင် ဖြစ်ပေါ်လေ့ရှိသည့် နန်းတွင်း စက်ပုန်းခုတ်မျိုးဖြင့် မိမိနိုင်ငံအား အကျိုးရှိအောင် အခြားသော နိုင်ငံများနှင့် မည်သို့ အကွက်ဆင်၍ ကစားရမည်ကို အမြဲတမ်း တွေးတောလျက် ရှိလေသည် ။

အကယ်၍သာ နိုင်ငံတစ်နိုင်ငံတည်းအား မြန်မာနိုင်ငံအား အလွန်အမင်း ချစ်ခင် ကျွမ်းဝင်ခြင်းမျိုး မဖြစ်ရလေအောင် ပြုလုပ်ထားနိုင်ပါက နိုင်ငံကြီးများအနေဖြင့် မြန်မာနိုင်ငံအား လက်ဝါးကြီးအုပ်လျက် မိမိသာ ကြီးစိုးလိုသည့် အင်္ဂလိပ်တို့အား ၎င်းတို့တစ်တွေ စုပေါင်းလက်တွဲ၍ ခုခံ မောင်းထုတ်ပေးနိုင်ကောင်းရဲ့ ဟူ၍လည်း စဉ်းစားဆင်ခြင်ပုံ ရလေသည် ။

ကင်းဝန်မင်းကြီး သည် ဤအကြံအစည်ကို မိဖုရားကြီး စုဖုရားလတ် ရှေ့တွင် တင်ပြလေရာ သီပေါမင်း ကလည်း ဘေးမှ နားထောင်တော်မူနေလေသည် ။ မိဖုရား နှင့် ဘုရင်မင်းမြတ် တို့က သူ၏ အကြံအစည်ကို နှစ်ခြိုက် သဘောကျမိလေသည် ။ ကင်းဝန်မင်းကြီး စိတ်ပါလက်ပါ အလုပ် လုပ်ကိုင်နေသည်ကို ကြည့်ရသည်မှာ စိတ်ဝင်စားစရာ ကောင်းလှပေသည် ။

သည်အဘိုးကြီး သည် အစဉ်အလာ အရှိန်အဝါတွေကို စောင့်ထိန်းလျက် ထိုလောကထဲတွင် ကျင်လည်နေရစေကာမူ သူ့မှာ ကျန်လူများနှင့် ကွဲပြားခြားနားလျက် ရှိနေကြောင်းကို သိနိုင်ကြပေသည် ။ သူ၏ အရေများတွန့်နေပြီဖြစ်သော မျက်နှာပေးတွင် ပညာ ဉာဏ် ဗဟုသုတ ပြည့်ဝမှု လက္ခဏာများသည် ပေါ်လွင်နေသည် ။

ဤအချိန်ပိုင်းတွင် ဥရောပတိုက်သို့ သံကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ စေလွှတ်ရန်အတွက် သဘောတူထားကြသည် ။ ဤအဖွဲ့မှာ နိုင်ငံရေးကိစ္စ လုံးဝမပါဘဲ ကုန်သွယ်ရေးနှင့် လောကဓာတ်ပညာ ဆည်းပူးရေးသက်သက်အတွက် ဖြစ်လေသည် ။ ဤအတွက်ကြောင့်ပင်လျှင် မြန်မာ ကိုယ်စားလှယ်တော်များ ဥရောပ သွားရောက်ရေး ကိစ္စကို ရတက် မအေးဘဲ ဖြစ်နေသော မြန်မာပြည်ရှိ ဗြိတိသျှ ဝန်ရှင်တော် မဟာမင်းကြီးအား အကျိုးအကြောင်းကို တင်ကူး၍ပင် အသိပေးထားပြီး ဖြစ်လေသည် ။

ကင်းဝန်မင်းကြီး ၏ အစီအစဉ်၌ ဤကိုယ်စားလှယ်အဖွဲ့သည် မျက်နှာမလိုက် ၊ ဘက် မပါဘဲ ပြင်သစ် ၊ ဂျာမနီ နှင့် အီတလီ နိုင်ငံများသို့ သွားရောက် မည် ဖြစ်လေရာ ပထမဦးစွာ ပဲရစ်မြို့သို့ သွားရောက် မည် ဖြစ်လေသည် ။ သည်အဖွဲ့ကို သီပေါမင်း ၏ ပြင်သစ်အမှုထမ်း တစ်ဦးဖြစ်သူ ကောင့်ဒီ ထရီဗီလက် ( Comte De Treveles ) က ဦးဆောင်ပြု၍ သွားကြရမည် ဖြစ်လေသည် ။

ရွှေနန်းတော်အတွင်း၌ လှုပ်ရှားမှုများမှာ အရှိန်ကောင်းလျက် အသက်ဝင်လာနေပေသည် ။

ဘုရင်မင်းမြတ် ၏ အမှုတော် ထမ်းရွက်နေကြသော နိုင်ငံခြားသားများသို့ ပေးရန်ရှိသော လခများကို သူတို့သည် ယခုထက်ထိ မရရှိကြသေးပေ ။ သူတို့တစ်တွေမှာ အလောင်းအစား သမားများ ကဲ့သို့ပင် ဇွဲကောင်းကောင်းဖြင့် လစာများကို ဆက်လက်၍ မျှော်လင့်စောင့်စားလျက် ရှိကြလေသည် ။ အမှန်မှာမူ နိုင်ငံခြားသားများသည် အလောင်းအစားအရာ၌ မြန်မာများကို မမီကြချေ ။

ထီရုံများ ထားသည့်အတွက် နိုင်ငံ နစ်နာလှသည် ။ လူတွေ ဆင်းရဲဒုက္ခ ရောက်ကြရသည် ။ မန္တလေး မြို့တော်သူ မြို့တော်သားများသည် မိမိတို့တွင် လက်ကျန်ပိုက်ဆံ ရှိသေးပါက ထီကိုသာ စွန့်၍ ထိုးတတ်ကြသည် ။ နေရာတိုင်းတွင် ခိုးသားဓားပြ ထကြွလျက် ဆင်းရဲဒုက္ခ ရောက်ရှိနေကြလေသည် ။ သည့်အတွက် ကုန်ကူးသန်းရောင်းဝယ်ရေး ကိစ္စ၌ လုံခြုံမှု မရှိနိုင်ဘဲ ရှိနေရလေသည် ။

လအနည်းငယ် အတွင်းမှာပင် နယ်ခြားကို ဖြတ်ကျော်လျက် ဗြိတိသျှ ဘက်သို့ ခိုးဝင်သွားသူ အရေအတွက်များ တိုးပွားလာလျက် ရှိလေသည် ။ စော်ဘွားအချို့က ခြားနားလာကြသည် ။ ပို့ဆက် မြဲ လက်ဆောင်များ မပို့ဆက်ကြတော့ဘဲ ရှိလာသည် ။ ဗန်းမော် တွင် လူဆိုးတရုတ်များ ဝင်ရောက် တိုက်ခိုက်သည့်အတွက် လှေသင်းဗိုလ် ယွန်းစုဝန် ကို စေလွှတ်၍ တိုက်ခိုက် နှိမ်နင်းစေရသည် ။ ဗန်းမော် တွင် မငြိမ်မသက် မှုများ ဖြစ်ပေါ်စအခါက ရန်ကုန်သို့ စုန်ဆင်းသွားကြသော အမေရိကန် နှစ်ချင်းသာသနာပြု ပုဂ္ဂိုလ်တို့၏ ဇနီးများသည် ဗန်းမော် တွင် အေးဆေးသွားသော အခြေအနေကြောင့် အထက်သို့ ဆန်တက်ရန်အတွက် မန္တလေး သို့ ဆိုက်ရောက်လာကြသည် ။ ဇနီးသည် မိန်းမသားများသည် မိမိတို့၏ ခင်ပွန်းသည် လင်ယောက်ျားတို့ အပါးဝယ် ရှိနေလိုကြမည်မှာ ဓမ္မတာပင် မဟုတ်ပါလား ။

နေ့စဉ်နှင့်အမျှ သီပေါမင်း သည် နယ်ပယ်များမှ မင်္ဂလာမရှိသော သတင်းများကိုသာ ကြားနေရသည် ။ နေ့စဉ်လိုပင် စုဖုရားလတ် သည် တိုင်တားမင်းကြီး တို့နှင့် တိုင်ပင်လျက် အဝေးမြို့များမှ ပို့ကြသော ဓားပြလူဆိုးများအား သုတ်သင်ရန် အမိန့်များ ထုတ်ပြန်ကြသည် ။

ဤသို့ တိုင်းပြည် မငြိမ်မသက် ဖြစ်နေစဉ်မှာပင် တစ်နေ့၌ ဆိုးဝါးသော သုတ်သင်မှုကြီး တစ်ခု ပေါ်ပေါက်လာလေသည် ။ ဤလူသတ်ပွဲကြီးသည် လွန်ခဲ့သောနှစ်က မင်းညီမင်းသား များကို သုတ်သင်မှုကြီးထက် ပိုမို၍ ဆိုးဝါးလေသည် ။

သည်အရေးမှာလည်း ရနောင်မင်းသား နှင့် တိုင်တားမင်းကြီး က ခေါင်းဆောင်လေသည် ။ သည်အကျဉ်းသားများက နိုင်ငံရေးပြစ်ချက်နှင့် မကင်းသူများနှင့် ရိုးရိုးအရပ်သားများလည်း ပါဝင်နေသည် ။

သီပေါဘုရင် ထံသို့ တိုင်တားမင်းကြီး က ခေါင်းဆောင်ပြုကာ ဝင်ရောက်ပြီး နိုင်ငံရေး အကျဉ်းသားများက သီပေါဘုရင် အား လုပ်ကြံရန် အကြံအစည် ပြုလုပ်နေကြောင်း တင်လျှောက်ရာမှာ ဤသုတ်သင်မှု ကိစ္စကြီး စတင်လာလေတော့သည် ။ ယင်း နိုင်ငံရေး အကျဉ်းသားများထဲတွင် အပြင်ဘက် မှ လိုလားသူများလည်း ရှိနေလျက် သူတို့တစ်တွေမှာ ထိုအကျဉ်းသားများအား အကူအညီပေးရန် အဆင်သင့် ဖြစ်နေကြသည်ဟု ဆိုသည် ။

သည်ကာလဝယ် စုဖုရားလတ် သည် ယခင်အခါများကလို အပျိုတော် တစ်သိုက်နှင့် ဥယျာဉ်တော်သို့ ထွက်လေ့မရှိဘဲ အဆောင်အတွင်း၌သာ စိုးရိမ်မကင်း ရှိနေတော်မူသည်ကို တွေ့မြင်နေရလေသည် ။

နေဝင်သည်နှင့် တစ်ပြိုင်နက် ဇာတ်ပွဲများမှ ဆိုင်းသံ ဗုံသံများသည် ယခု အချိန်ထိ တိုင်အောင် ရပ်နားသည်ဟူ၍ မရှိခဲ့ပါချေ ။ သဘင်ပွဲများကို အဆက်အပြတ် ခံမြဲ ခံလျက် ရှိရာမှ ဆိုင်းသံ ဗုံသံများသည် ပို၍ ပို၍ ကျယ်လောင်လာသည်ဟုပင် ထင်မှတ်နေရလေတော့သည် ။ ထိုည တစ်ညလုံးတွင် ကောင်းကင်ယံ၌ မီးရောင်များ ထင်ဟပ်နေလေသည် ။ နီနီရဲရဲ အရောင်များသည် အဝေးမှပင် ပူလောင်လျက်ရှိသည် ။ သို့ဖြင့် အရုဏ်ကျင်း၍ အလင်းပေါက်လာသည်နှင့် သူတို့၏ စိတ်ထဲတွင် ကောင်းကင်ယံတွင် ပေါ်ပေါက်ခဲ့သော မီးလျှံများသည် ငြိမ်းသက်၍ သွားလေသည် ။

ရနောင်မင်းသား နှင့် တိုင်တားမင်းကြီး တို့၏ အမိန့်ဖြင့် ညတွင်းချင်း အကျဉ်းထောင်များကို မီးရှို့ပစ်လိုက်ကြသည် ။ မီးလောင်သည့်အထဲတွင် ပါဝင်မသွားဘဲ လွတ်မြောက်လာသော အကျဉ်းသားများအား ရက်စက်စွာ သတ်ဖြတ်ပစ်ကြသည် ။ မနေ့ညက ကောင်းကင်ပြင်တွင် ပေါ်ပေါက်ခဲ့သော မီးလျှံအရောင်သည် ထိုညဘက်ဆီက ရနောင်မင်းသား နှင့် တိုင်တားမင်းကြီး တို့၏ ကြမ်းတမ်းသော မျက်နှာများပေါ်ဝယ် ရောင်ပြန်ဟပ်ခဲ့လေသည် ။ တိုင်တားမင်းကြီးသည် ပုဆိုးကို ခါးတောင်းကျိုက်လျက် ဓားလွတ်ကို လက်တွင်ကိုင်ဆွဲပြီး အမှောင်တွင်းမှ အသက်လု၍ ပြေးထွက်လာကြသော အကာအကွယ်မဲ့နေသည့် အကျဉ်းသားများအား သူနှင့် မောင်မောင်တုတ် တို့က ဦးဆောင်ပြီး သတ်ဖြတ်ခဲ့ကြလေသည် ။

ယင်းသို့ အသတ်ခံရ၍ သေသူများ ၊ မီးလောင်ကျွမ်း၍ သေသူများမှာ ကလေး ၊ လူကြီး ၊ ယောက်ျား ၊ မိန်းမ စုစုပေါင်း နှစ်ရာနှင့် သုံးရာအကြားတွင် ရှိမည်ဟု ခန့်မှန်းရလေသည် ။ သီပေါမင်း သည် ဤသူတို့၏ အလောင်းများကို မြို့၏ အနောက်ပြင်ဆီသို့ သယ်ယူစေလျက် မြေမြှုပ် သင်္ဂြိုဟ်ခြင်း မပြုစေဘဲ သည်အတိုင်းထားရှိရန် အမိန့်တော် ချမှတ်လိုက်လေသည် ။ ဤသို့ ထားရှိစေခြင်းမှာ ဘုရင်မင်းမြတ်အား လုပ်ကြံသူများအတွက် သင်ခန်းစာ ရရှိစေရန်အတွက် ဖြစ်ပေသည် ။ အလောင်းများသည် မြေမှာ ပြန့်ကျဲနေသည် ။ တစ်ဦးပေါ် တစ်ဦး ထပ်လျက် လဲကျနေသူများလည်း ရှိသည် ။ ဘေးအလျားလိုက် လဲကျနေသူများလည်း ရှိသည် ။ သူတို့တစ်တွေမှာ သေတာတောင်မှ ဖြောင့်ဖြောင့်တန်းတန်း မသေရရှာပါပေ ။

အလောင်းများသည် ဤအတိုင်း ရှိနေလေရာ ခွေးများ ၊ ဝက် များ ၊ လင်းတများ ဝင်ရောက် စားသောက်နေကြသည် ။ လူသေကောင်မှ အပုပ်နံ့များမှာလည်း တထောင်းထောင်း ထလျက် ရှိလေသည် ။ ဧရာဝတီမြစ်ထဲတွင်လည်း ဘုရင့် မီးသင်္ဘောများသည် အထက်အောက် လူးလာ စုန်ဆက်လျက် အလောင်းများကို ကြည့်သူများအား အခမဲ့ တင်ဆောင်လျက် ရှိလေသည် ။ သည်သို့ ဖြစ်ပျက်နေသည့် အထဲမှ ပွဲလမ်းသဘင်များမှာလည်း မပြတ်လပ်အောင် အသုံးတော်ခံလျက်ပင် ရှိနေလေသည် ။ သည်အရေးအခင်းကို စုံလင်စွာ သိရှိထားပြီးဖြစ်သည့် စန်ဒရီးနိုး သည် သူ တွေ့ကြုံရသော အဖြစ်အပျက် များကို စိုးရိမ်ပူပန်မိသည့်အတွက် ဗြိတိသျှတို့အနေဖြင့် အထက် မြန်မာပြည်ကို ဝင်ရောက်ထိန်းသိမ်းပေးရန် စာရေး၍ အကြောင်းကြားလိုက်လေသည် ။ သို့ရာတွင် ရန်ကုန် မှ ပြန်လည်ရောက်ရှိလာသော သတင်းများက အားမရနိုင်စရာ ဖြစ်နေသည် ။

အိန္ဒိယမှ အစိုးရသည် အိမ်နီးချင်း နိုင်ငံများ၏ ပြည်တွင်းရေးများတွင် ဝင်ရောက် နှောက်ယှက်ခြင်း ပြုလိုသော ဆန္ဒ မရှိကြောင်း သိရှိရလေသည် ။ အခြေအနေမှာ ရှေ့မတိုး နောက် မဆုတ်သာသော ခွကျတတ အခြေအနေမျိုး ဖြစ်လေသည် ။ ဗြိတိသျှတို့သည် ပထမပိုင်း ရက်စက် မှုတွင် ဝင်ရောက် လက်လျှိုလျက် ပါဝင်ဟန့်တား ထိန်းသိမ်းခြင်း မပြုလိုက်ဘဲ အိန္ဒိယတွင်လည်း မင်းသားနှစ်ပါးအား လက်ကိုင်ပြုထားလျက် သီပေါမင်းသား အား နန်းတက်ခြင်းကို လက်ခံနေခြင်းမှာ အတော်ကြီး ခွကျနေသော အခြေအနေ ဖြစ်လေသည် ။ အကယ်၍သာ ကန့်ကွက်စာ ပို့ခဲ့လျှင် စာနောက် မှ ထိရောက်သော အရေးယူမှုများ လိုက်ပါရမည် ဖြစ်လေသည် ။ သို့ဖြစ်သောကြောင့် အောက်မြန်မာပြည် ၏ ဝန်ရှင်တော်မင်းကြီး ဘားနာဒ် က မြန်မာမင်းထံ ရှုတ်ချသော စာများ ပို့လွှတ်ရန် အကြံပေးချက်အား အိန္ဒိယအစိုးရက ပယ်ချခဲ့ခြင်း ဖြစ်လေသည် ။

ရွှေနန်းတော်တွင်းတွင်မူကား တီးတိုးတီးတိုးနှင့် သတင်းကလေးများကို တစ်ယောက်မှ တစ်ယောက် ဖောက်သည်ချလျက် ရှိလေသည် ။ တိုင်တားမင်းကြီးသည် သူ၏ နိုင်ငံရေး ရန်ဘက် များအား ထောင်သွင်း အကျဉ်းချထားလျက် အစုလိုက် သုတ်သင်ရန် ကြံစည်နေကြောင်း သတင်းများသည် ပျံ့လွင့်နေလေသည် ။

သည်သတင်းများသည် ဟုတ်မှန်ဖို့ဘက်က ပို၍ များနေလေသည် ။ အကြောင်းနည်းဟူမူ တိုင်တားမင်းကြီး အနေဖြင့် ကင်းဝန်မင်းကြီး သည် အရေးပေးခြင်း ခံနေရပြန်သည့်အတွက် မလိုမလား ဖြစ်နေပုံရလေသည် ။ အခုချိန်ဆိုလျှင် ကင်းဝန်မင်းကြီး ၏ ဩဇာအရှိန်ကလည်း အနည်းငယ် တက်စပြုလာနေပြီ မဟုတ်လား ။ ကင်းဝန်မင်းကြီး က သူ့အား တစ်နည်းနည်းဖြင့် ထုတ်ပယ်ရအောင် ကြိုးစားလိမ့်မည် ဟူ၍လည်း စိုးရိမ်ပူပန်နေပုံ ရလေသည် ။

ထောင်ထဲမှာ အကျဉ်းသားများအား မီးရှို့လျက် အစုလိုက်သုတ်သင်ခြင်း ကိစ္စမှာ ကြိုကြိုတင်တင် အကွက်ဆင်၍ ကြံစည်မှုကြီး ဖြစ်နေသည်ဟု သံသယ မကင်းမှုများသည် လေထဲတွင် ပျံ့ဝဲလျက် ရှိလေသည် ။ အချို့သော အကျဉ်းသားများအား သူတို့ကို ထောင်အုပ် ၊ ထောင်မှူးများက ထွက်ပြေးခွင့်ပေးမည်ဟု ပြောထားကြသည်ဟုလည်း ပြောကြသည် ။ ထောင်အုပ် ၊ ထောင်မှူးများကလည်း သူတို့မှာ အကျဉ်းသားများ၏ မိဘဆွေမျိုးများ လာဘ်ထိုးထားသည်ဟု အသံလွှင့်ထားကြသည် ။ အမှန်မှာ ထောင်အုပ် ၊ ထောင်မှူးတို့အား အကျဉ်းသားများ၏ ရန်သူများ ဘက် မှ လာဘ်ထိုးထားခြင်းသာ ဖြစ်ပေသည် ။ အကျဉ်းသားများသည် မျှော်လင့်ချက်ကြီးစွာဖြင့် အချုပ်ထောင်ကို ဖောက်လျက် ထွက်လာကြရာတွင် အသင့် စောင့်ဆိုင်းနေသော ရွှေလှံ တပ်သားများက အေးအေးဆေးဆေးပင် သေနတ်နှင့် ပစ် ၊ ဓားနှင့် ခုတ်ပိုင်းကြတော့သည် ။ သည် ရက်စက် မှုကြီးကို ဦးဆောင်ကြသူများကား တိုင်တားမင်းကြီး နှင့် သူ၏ ကျွန်ယုံတော်တစ်ဦးဖြစ်သည့် ရွှေလှံမြို့ဝန်တို့ပင် ဖြစ်သည် ။

ဤအရေးတွင် ရနောင်မင်းသား မောင်မောင်တုတ် လည်း အရေးကြီးသော အခန်းတစ်ခုမှ ပါဝင်ခဲ့သည်ဟုလည်း ဆိုကြသည် ။ ဖြစ်နိုင်ပေမည် ။ မိမိ၏ ကျေးဇူးရှင် အသက်ဦးဆံပိုင် ဖြစ်သော ဘုရင်မင်းမြတ်အတွက် အရိုးကြေကြေ အရေခန်းခန်း လုပ်ဆောင်မည်မှာကား ဓမ္မတာ ပေတည်း ။ သူတို့ကပင်လျှင် ထောင်တွင်းမှ အကျဉ်းသားများက ဘုရင်မင်းမြတ် အား လုပ်ကြံရန် ပုန်ကန်ခြင်း ဖြစ်သည် ဟူသော သတင်းကို ဖြစ်စေလေသည် ။

အကျဉ်းထောင်မှ အကျဉ်းသား ရာပေါင်းများစွာတွင်းမှ အကျဉ်းသား အချို့သာ လွတ်မြောက်သွားသည် ။ သည်အရေးအခင်းတွင် ညောင်ရမ်းမင်းသား ၏ အနီးကပ်ဆုံးသော အဆက်အနွယ် မှန်သမျှ အားလုံး သုတ်သင်ခြင်းခံရသည် ။ ထောင်အတွင်းမှ ချုပ်နှောင်ထားခြင်း ခံရသော ညောင်ရမ်းမင်းသား မယ်တော် နှင့် နှမတော် တို့၏ အကြောင်းကိုမူကား သတင်းအစအနမျှ မကြားရတော့ပေ ။

အခြေအနေများသည် ခါတိုင်းကဲ့သို့ နေသားတကျ ဖြစ်သွားပြန်လေသည် ။ ဖာရီစီ ဇာတ်သဘင် အဖွဲ့တစ်ဖွဲ့သည် ရောက်ရှိလာလျက် ရွှေနန်းတော်ထဲတွင် ကပြ အသုံးတော်ခံလျက် ရှိလေသည် ။ မြို့တော် အပြင်ဘက်တွင်ကား တိုင်တားမင်းကြီးနှင့် သူ၏ လူယုံတော်များသည် ဆင်ကြီးများ စီးလျက် လမ်းသလားနေရင်းက သူတို့အလာတွင် လမ်းဘေးမှ ဒူးတုပ်၍ အရိုအသေ မပေးသူများအား ကြိမ်ဖြင့်ရိုက်လျက် ဆုံးမနေကြလေသည် ။

နေပြည်တော် တစ်ဝန်းလုံးတွင်မူကား ဆိုင်းသံ ဗုံသံများမှာ နေ့မစဲ ညမရပ် ဆက်၍ ဆက်၍ တခြိမ့်ခြိမ့် တသဲသဲ ပေါ်လာလျက် ရှိနေလေသည် ။ သည့်နောက် အခြားဖြစ်ရပ်တစ်ခုလည်း ဖြစ်ပြန်ခဲ့သေးသည် ။

ထိုစဉ်က အင်္ဂလိပ်ပိုင်နယ်ဖြစ်သော အောက် မြန်မာပြည် ဒဂုံမြို့သို့ ထွက်လုဆဲဆဲဖြစ်သော အင်္ဂလိပ်ပိုင် ဧရာဝတီ ဖလိုတီလာ ကုမ္ပဏီပိုင် မီးသင်္ဘောကို လှေသင်းအတွင်းဝန် ၏ ရေဘက်ဆိုင်ရာ ကင်းမှ သတင်းအရ ဖမ်းဆီးထားလိုက်သည် ။ သင်္ဘောပေါ်တွင် ပါရှိနေသော ဒဂုံမြို့သို့ ခရီးထွက်မည့် မြန်မာခရီးသည် သုံးဆယ်ခန့်ကို ဖမ်းဆီးလိုက်၏ ။ သည်တစ်ကြိမ်တော့ လှေသင်းအတွင်းဝန် တို့က ကွက်ကျော်မြင်သွား၏ ။ သည် ဖမ်းဆီးလိုက်သည့် ခရီးသည် သုံးဆယ်မှာ တခြားလူများ မဟုတ်ကြ ။ ထွက်ပြေးတိမ်းရှောင်နေသည့် ညောင်ရမ်းညီနောင် ၏ တပည့်တပန်း တစ်စုပင် ဖြစ်၏ ။ ညောင်ရမ်းမင်းသားကြီး ၏ အတွင်းစာအရ ဒဂုံမြို့သို့ လိုက်ပါကြရန် ဖြစ်သည် ။ ထိုကိစ္စကို လှေသင်းအတွင်းဝန် က သတင်းရထားသဖြင့် ဤသို့ ဖမ်းဆီးလိုက်ခြင်း ဖြစ်၏ ။

ဤသည်ကို အင်္ဂလိပ် သံအမတ်ကြီး မစ္စတာရှောက အထူး မခံမရပ်နိုင် ဖြစ်ပြီး မြန်မာ အစိုးရထံသို့ ကန့်ကွက်စာ တစ်စောင် ပို့လိုက်ပြန်သည် ။ အဆိုပါ စာကို နန်းတော်အတွင်းမှ သေချာစွာ လေ့လာ၏ ။ ပြီးမှ ကင်းဝန်မင်းကြီး ဦးကောင်း လက် မှတ်ဖြင့် ပြန်ကြားလိုက်သည် ။ ကင်းဝန်မင်းကြီး ဦးကောင်း ၏ ပြန်စာတွင်မူ -

မီးပုံးပျံ စီးပြမည့် ကာနယ် ဝိုင်းဒန်း ဆိုသူနှင့် မြန်မာတစ်စု အချင်းဖြစ်ပွားရသည့်အတွက် မိမိတို့က တောင်းပန်ပါကြောင်း ၊ ထိုသို့ ရန်စသည့် မြန်မာတစ်စုကို မိမိတို့ မကြာမီ စုံစမ်း အရေးယူမည် ဖြစ်ကြောင်း ၊ အင်္ဂလိပ်ပိုင် ဧရာဝတီ သင်္ဘောခရီးသည် သုံးဆယ်ကို ဖမ်းဆီးခြင်းမှာ မြန်မာဘုရင်၏ ကျေးကျွန်များ ဖြစ်၍ အခြားသို့ ထွက် မသွားရန် ပြန်၍ ခေါ်ငင်ခြင်းမျှသာ ဖြစ်သဖြင့် အပြစ်မဆိုထိုက် … ဟူ၍ ပါရှိလေသည် ။

ထိုသို့ ပြန်စာပို့အပြီးတွင် ယခင် ထုတ်ပြန်ကြေညာခဲ့သည့် “ မဟာမိတ်ဖြစ်သော အင်္ဂလိပ် အစိုးရ၏ ကျေးတော်မျိုး ကျွန်တော်မျိုး လက်အောက်ခံ ဥရောပတိုက်သားများကို မြန်မာရဲမ က် အရာရှိ ၊ အမှုထမ်းများက ညှဉ်းပန်းခြင်း မပြုရ ” ဟူသော အမိန့်တစ်ရပ်ကို “ မြန်မာရဲမ က် အရာရှိ ၊ အမှုထမ်းများက ” ဆိုသည့် နေရာတွင် “ မြန်မာရဲမ က် အရာရှိ ၊ အမှုထမ်းများနှင့် တိုင်းသူ ပြည်သားများက ညှဉ်းပန်း နှိပ်စက်ခြင်း လုံးဝ မပြုရ ” ဟူ၍ ပြင်ဆင် ထုတ်ပြန်လိုက်လေတော့သည် ။

မြန်မာ - အင်္ဂလိပ် အစိုးရတို့၏ ဆက်ဆံရေးမှာ ပုဂံမင်းလက်ထက် ဖြစ်ပွားခဲ့သော မြန်မာ - အင်္ဂလိပ် ဒုတိယစစ်ပွဲအပြီးတွင် ပြေပြစ်လာခဲ့၏ ။ မင်းတုန်းမင်းတရားကြီး လက်ထက်တော် တွင်လည်း ဆိုဖွယ်မရှိအောင် ကောင်းမွန်လာသည် ။ သည့်အတွက် အင်္ဂလန် သို့ပင် ကင်းဝန်မင်းကြီး ခေါင်းဆောင်သော သံတမန်များ စေလွှတ်ခဲ့ပေသေးသည် ။

သီပေါမင်း နန်းတက်စ အချိန်တွင်လည်း အင်္ဂလိပ် - မြန်မာ ဆက်ဆံရေး ပြေပြစ်မလိုလို ရှိခဲ့သည် ။ သို့သော် မင်းညီမင်းသားများ အသတ်ခံရမှု ၊ ညောင်ရမ်းညီနောင်တို့ ထွက်ပြေးမှုများ၌ အင်္ဂလိပ် သံအမတ်က ဝင်ရောက် စွက်ဖက်သည်ဟုဆိုကာ အနည်းငယ် မသင့်မတင့် ဖြစ်လာပြန်သည် ။ ထို့နောက် အင်္ဂလိပ် အရာရှိတို့နှင့် မြန်မာအချို့ မကြာခဏ အချင်းများမှုများ ဖြစ်ပေါ်လာခဲ့၏ ။ သည့်အတွက်ကြောင့် အင်္ဂလိပ် - မြန်မာ ဆက်ဆံရေးမှာ အနည်းငယ် တင်းမာ လာသယောင် ရှိနေသည် ။

သို့ရာတွင် အင်္ဂလိပ်သံအမတ် မစ္စတာရှော ၏ လိမ္မာပါးနပ်မှု ၊ ရွှေနန်းတော်အတွင်းမှ ကင်းဝန်မင်းကြီး ၏ အမြော်အမြင် ရှိမှုများကြောင့် ဆက်ဆံရေးသည် မလျော့မတင်း ရှိနေသည် ။ သည်အတွင်း နေပြည်တော် တစ်ခွင်၌လည်း အခွန်ဘဏ္ဍာငွေ တိုးတက်စေရန် ဟူသော ရည်ရွယ်ချက်ဖြင့် ထီရုံးတော်များ ဖွင့်လှစ်ခဲ့သည် ။ ထီကို တစ်လ ဆယ်ကြိမ် ထီဖွင့်သည်အထိ ကျင်းပမိသဖြင့် တိုင်းသူပြည်သားမျာအား မွဲဆေးဖော်ပေးသည်နှင့် တူနေသည် ။ သည့်အတွက် သူခိုးဓားပြများလည်း ပိုမို များပြားလာသည် ။ အစိုးရက ပြည်သူလူထု အာရုံပြောင်းလဲရန်အတွက် ထီဘက်သို့ ဦးတည်ပေးသော်လည်း တိုင်းပြည်မှာ မိအေး နှစ်ခါနာ ပုံမျိုး ဖြစ်နေရသည် ။ ထီဖွင့်ခြင်းကြောင့် လစဉ် ဘုရင့်ငွေတိုက်တော်သို့ ဘဏ္ဍာငွေ တစ်သိန်း နှစ်သောင်း ဝင်ငွေရှိသည် ။ သို့သော် တိုင်းသူပြည်သားများ၏ လက်ဝယ် ငွေမရှိတော့ဘဲ ကြွေးများသာ အဖတ်တင်နေ၏ ။

ထီဖွင့်ခါစ ဖြစ်၏ ။ သီပေါမင်း၏ ထီတော် ပထမပေါက်သူကို ဆင်ပေါ်တွင် ငွေထုပ်တင်လျက် အိမ်တိုင်ရာရောက် သွားပို့ပေး၏ ။ ဒါကို လူအများက အားကျကာ သူ့ထက်ငါ အလုအယက် ထီထိုးကြလေသည် ။ ထီစဖွင့်ခါစတွင် လက် မှတ်တစ်စောင် ငါးကျပ် ဖြစ်၏ ။ နောက် ထီထိုးကြသူ များလာသဖြင့် နှစ်ကျပ်အထိ လျှော့ကာ ထီရုံးကို ဆယ်ရုံး ခွဲပြီး သုံးဆယ် ခြောက်ကောင် ထီကဲ့သို့ တစ်နေ့ ဆယ်ကြိမ် ဖွင့်ပေးပြန်သည် ။

သည်တွင် တိုင်းသူပြည်သားများမှာ ထီ ကိုသာ ဂရုစိုက်ကြသဖြင့် ရရှိလာသည့် အမြတ်များမှ ကြွေးတင်ရှိခြင်း ၊ စီးပွားရေးလုပ်ငန်းများ ပျက်လာခြင်း ၊ ခပ်ပေါ့ပေါ့နေခြင်း ၊ တရားမ မှုခင်းများ ဖြစ်ပွားခြင်းများ ဖြစ်လာတော့သည် ။ အချို့သူများမှာ ကိုယ့်မိန်းမများကိုပင် ငွေအပေါင် ထားကာ ထီထိုးပစ်လေ့ရှိသည်ဟု သိရ၏ ။ ဤသည်တို့ကြောင့် ထီရုံးများကို ၁၂၄၃ ခုနှစ် ၊ ပြာသိုလ တွင် ပိတ်ပစ်ရလေသည် ။ မန္တလေးမြို့ ဈေးချိုတော်အနီး ရုံးတော်ကြီးဟု ခေါ်တွင်သော နေရာမှာ သီပေါဘုရင် လက်ထက်က ထီဖွင့်သော ထီရုံးကြီးနေရာ ဖြစ်သည်ဟု သိရသည် ။

အစစ ကုန်ဈေးနှုန်း တိုးတက် မှုဒဏ် ၊ နိုင်ငံရေး အခြေအနေ အပြောင်းအလဲဒဏ်များကို ခံစားရရှာသော ပြည်သူလူထု၏ လွတ်လမ်းကား ထီ သာ အားကိုးဖွယ်ရာဟု မြင်လေသလား မသိ ။ ဤမျှ နင့်နင့်သီးသီးရှိသည့် ပစ္စည်းကုန်မျှမက မိမိတို့၏ အိမ်သူသက်ထား ဇနီးသည်များကိုပင် ပေါင်နှံကာ ထီထိုးကြရှာသည် ။ နောင်မှ လျောက်လျားပဲ … ၊ ခုတော့ ဖြစ်လာသည့် ပြဿနာကို ဖြစ်သလိုပဲ ရင်ဆိုင်တာ ကောင်းရဲ့ ဟူ၍များ အတွေးတွေ ဝင်နေကြဟန်တူရဲ့ ။

ထီရုံးများ ရုပ်သိမ်းပြီးနောက် ကြွေးမြီများစွာ တင်ကျန်ရစ်သူ ဆင်းရဲသား ပြည်သူများအတွက် ဘုရင့်အမိန့်တော်ဖြင့် ကြွေးဆပ်ပေးသော စနစ်တစ်မျိုး ထွင်ပြန်သည် ။ တတ်လည်း တတ်နိုင်သော အစိုးရပါပဲ ။ ပြည်သူတွေရဲ့ ဒုက္ခပင်လယ် ဝေနေသည့် စိတ်များကို အနေအထား ပြောင်းသွားစေရန် ၊ ဖန်တီးပြောင်းလွှဲ ပေးနေလေရဲ့ ။ သို့သော် သည်ထွင်လိုက်တဲ့ စနစ်ကလည်း မအောင်မြင်ဘူးလို့ သိရသည် ။ သည်လို ထီကြောင့် ကြွေးတင်ကျန်ရစ်သူများကို ဘုရင်မင်းမြတ်က ကြွေးဆပ်ပေးခဲ့ဖူးသဖြင့် “ ကြွေးတင်လျှင် ဘုရင် ဆပ်လိမ့်မပေါ့ ” ဟူသည့် စကားပုံ ဖြစ်ပေါ်လာဟန် ရှိ၏ ။ နေပြည်တော်တစ်ခွင်မှာလည်း ဘာဖြစ်နေသည် မသိပါ ။ မီးလောင်မှုများသည် မကြာခဏ ဖြစ်ပွားနေသည် ။ မြစ်အနောက်ဘက် မှာ ထကြွနေတဲ့ သောင်းကျန်းမှုများကလည်း လျော့သွားသည်ရယ်လို့ မရှိဘူး ။ သွားနှိမ်လိုက် ၊ နှိမ်တုန်းသာ ခဏပဲ ။ တော်ကြာ ပြန်ထလာတာပဲ ။

ဒါတင်ပဲလားဆိုတော့ မဟုတ်သေးဘူး ။ သည်ထက် ဆိုးရွာတဲ့ ဖြစ်ရပ်တွေက နေပြည်တော် မှာ အနှံ့အပြား ဖြစ်နေသေးရဲ့ ။ မီးလောင်မှုများကလည်း ပိုမို များလာသည် ။ ဟိုရပ်ကွက် တစ်အိမ်စ ၊ သည်ရပ်ကွက် နှစ်အိမ်စ လောင်ကျွမ်းခဲ့သော်လည်း သက္ကရာဇ် ၁၂၄၅ ခုနှစ် ၊ တန်ခူးလဆန်း ( ၁ ) ရက် ၊ ည ၃ ချက်တီး အချိန်မှာ လောင်ကျွမ်းခဲ့သည့် မီးက အကြီးဆုံးပင် ဖြစ်သည် ။

သည်မီးက နန်းတော် သစ်တပ်အနီးမှာနေတဲ့ မောင်နေလွန်း ဆိုသူ အိမ်မှ စပြီး လောင်၏ ။ သစ်တပ် ဝဲယာဘက် မှာရှိသည့် အိမ်များကို မီးကူးလောင်သည် ။ ထိုသို့ မီးလောင်မှုကြောင့် ရွှေတိုက်အတွင်းဝန် အိမ် ၊ ယောမင်းကြီး အိမ် ၊ ပုဂံဝန်ထောက် အိမ်တော် နှင့် သံချက်ဝန်မင်း ဦးမြူး ၏ အိမ် အပါအဝင် အိမ်ပေါင်း နှစ်ရာကျော်မျှ မီးထဲပါသွားလေသည် ။ အဆိုပါ မီးလောင်မှုမှာ သူတို့နှင့် မသင့်သော ဂိုဏ်းကွဲအချင်းချင်းမှ တမင်ရှို့သဖြင့် မီးလောင်ခြင်းဟုလည်း ဆိုကြသေးသည် ။

နေပြည်တော် မြို့ရပ်တစ်ခွင်၌ကား အတိတ်နိမိတ်များ ကောင်းလှသည် မဟုတ်ပါ ။ မြန်မာ့ ရှေးရိုးစဉ်လာ အယူအဆများအရဆိုလျှင် မီးအကြီးအကျယ် လောင်မှုသည် မကောင်းသော အတိတ်နိမိတ် တစ်ခုပင် မဟုတ်ပါလား ။

မီးလောင်မှုကား သည်မျှနှင့် မရပ်သေးဘူး ။ မကောင်းသော အကုသိုလ်က ဘုရင်မင်းမြတ် နှင့် မိဖုရား တင် မဟုတ်သေးဘူး ၊ တိုင်းသူပြည်သားများအပေါ် ဆက်တိုက် ကျနေသည် ။ ပထမ မီးလောင်မှု ဖြစ်ပွားပြီး ကိုးရက် အကြာမှာ ဖြစ်၏ ။ နံနက် ကိုးနာရီကျော် အချိန်ပဲ နေပြည်တော် အနောက်ပြင် ပြည်ကြီးကျက်သရေ မိတော ဆိုသူ၏ အိမ်မှ မီးစလောင်၏ ။

သည်တစ်ကြိမ် မီးလောင်မှုကား တော်တော်ကြီးကျယ်၏ ။ နေပြည်တော် တစ်ခုလုံးနီးပါး အနှံ့လောင်ခြင်း ဖြစ်သည် ။ အချိန်ကလည်း အချိန်ကောင်းဆိုတော့ မီးက တနေ့လုံးလိုလို လောင်၏ ။ အဲဒီနေ့က စုစုပေါင်း မီးခုနှစ်ကြိမ် လောင်ကျွမ်းသည်လို့ သိရသည် ။ အရှေ့ကျုံးနဖူးက စပြီး အနောက် ညောင်ပင်ဈေးအထိ တစ်ကြိမ် ၊ နန်းမြို့တော် သစ်တပ် အနောက်ဘက်မှာရှိတဲ့ ဝင်းတော်မှူးအိမ်မှ စပြီး အနောက်ဘက် မြို့ရိုးထိ တစ်ကြိမ် လောင်ကျွမ်း၏ ။ ယိုးဒယားဈေး အရှေ့ဘက်တွင် တစ်ကြိမ် ၊ ရွှေလှံတန်းတွင် တစ်ကြိမ် ၊ ယိုးဒယားဈေး အနောက်ဘက်တွင် တစ်ကြိမ် ၊ မြို့တွင်းရပ်ကွက်တွင် တစ်ကြိမ် စသည်ဖြင့် ခုနှစ်ကြိမ် တိတိ လောင်ကျွမ်းသည် ။ မီးများ လောင်ကျွမ်းမှုကြောင့် တပယင်းတိုက် ၊ ဆူးဝါးတိုက် ၊ လင်္ကာရာမတိုက် ၊ မကုဋ္ဌာရာမတိုက် ၊ နိသျှည်းတိုက် ၊ ကုသိုလ်တော်တိုက် ၊ သောဘိတရာမတိုက် ၊ ပန်းပဲဝန်တိုက် စသော ဘုန်းတော်ကြီး ကျောင်းတိုက် ရှစ်တိုက် ပျက်စီးရရှာ၏ ။ ဘုန်းတော်ကြီးကျောင်း ရှစ်ကျောင်းနှင့်အတူ အရေးရှိပါက ဆင်းရဲသား လူသူအများ သုံးစွဲရန် စပါးအပြည့် ထားရှိသည့် မစိုးရိမ်ကျီ ၊ မကြောင့်ကြကျီ ၊ မတောင့်တကျီ စသော စပါးကျီများသည်လည်း မီးထဲ ပါသွားရရှာသည် ။

◾မောင်ဖေငယ်

📖 ရနောင်မောင်မောင်တုတ်

koaungnaingoo.blogspot.com

.

No comments:

Post a Comment