Monday, October 11, 2021

အရေးတော်ပုံ ဗိုလ်မှူးသင်တန်


 

❝ အရေးတော်ပုံ ဗိုလ်မှူးသင်တန်း ❞

တစ်နေ့သ၌ ညဉ့်အချိန်တွင် ကျွန်တော် သည် ကိုလှရွှေ နှင့်အတူ ကိုလှရွှေ ၏ အစ်ကို သခင်လှဖေ နေထိုင်ရာ ဘားလမ်း တိုက်ခန်းတစ်ခုသို့ လိုက်ပါသွားလေသည် ။

ကိုလှရွှေ ကား ကျောင်းထွက်၍ နိုင်ငံရေး ခြေစုံပစ်ဝင်သောလမ်းကို မလိုက်ဘဲ ကျောင်းတက်ပြီး ဆေးပညာဘွဲ့ အမ်ဘီဘီအက်စ် ပြီးစီးအောင် သင်မည်ဟု ဆုံးဖြတ်ပြီးဖြစ်လေသည် ။ မုဆိုးမ ဖြစ် ကျန်ရစ်ပြီး သားများအား တင်းကြပ်စွာ ချုပ်ကိုင်လေ့ရှိသော သူ့မိခင် ၏ အလိုနှင့် ဆန့်ကျင်ကာ ဘာဖြစ်ဖြစ် ဇွတ်နှစ်၍ သူ့ချစ်သူ မခင်ရီ အား လက်ထပ်ယူရန် ပြင်ဆင်လျက် ရှိပေသည် ။ သခင်လှဖေ ထံသို့ သွားခြင်းမှာ ထိုကိစ္စနှင့် ပတ်သက်လေသည် ။

ထိုစဉ်က သခင်လှဖေ သည် တက်ဘုန်းကြီးသိန်းဖေ နှင့် အတူ နေလေသည် ။ သခင်အောင်ဆန်း နှင့် သခင်စိုး တို့ကား အတည်တကျ နေစရာ မရှိ ။ တကယ့် ခြေသလုံးအိမ်တိုင်များ ဖြစ်သည် ။ တစ်ခါတစ်ရံ တို့ဗမာအစည်းအရုံးဌာနချုပ်မှာ အိပ်ကြပြီး တစ်ခါတစ်ရံ ကိုသိန်းဖေ တို့ အခန်းမှာ အိပ်ကြသည် ။ သခင်သန်းထွန်း နှင့် ကိုဘဟိန်း တို့ကား စာရေးဆရာ ဇဝန အိမ်ခန်းမှာ နေထိုင်ကြလေသည် ။ ထို နှစ်အိမ်စလုံးမှာ လူပျိုအိမ်များဖြစ်၍ လွတ်လွတ်လပ်လပ် ဝင်ထွက် သွားလာနိုင်ပေသည် ။

ကိုသိန်းဖေ တို့ နေထိုင်ရာ ဘားလမ်း တိုက်ခန်း သည် ဒုတိယထပ်မှာ ရှိလေသည် ။ ပထမထပ်တွင် မည်သူ နေသည်ဟု ကျွန်တော် မသိသော်လည်း လှေကား၏ ဝဲဘက်တွင် ဂေါ်ရင်ဂျီများ နေသည်ကို လည်းကောင်း ၊ ယာဘက်တွင် ဗျပ်ထိုးခေါင်းရွက် ဗမာဈေးသည်များ နေသည်ကိုလည်းကောင်း တွေ့ရ၏ ။

လှေကားအဝတွင် လမ်းမီးရောင် ဝင်သဖြင့် အနည်းငယ် လင်းနေသော်လည်း အပေါ်၌ကား မှောင်မည်းနေလေသည် ။ ရှေ့ကတက်သွားသော ကိုလှရွှေ ၏ ဖျတ်လတ်သေချာသော ခြေလှမ်းတို့ သည် တဖြည်းဖြည်း မှောင်ထုပိုထူလာသော လှေကားပေါ်တွင် စမ်းတဝါးဝါး ဖြစ်လာပြီး -

“ ကိုယ့်လူ အရင်က ဒီကို ရောက်ဖူးသလား ”

“ မရောက်ဖူးဘူး ကိုလှရွှေ ”

“ ဟား ဟား အလင်းရောင်တွေဆီကို ရောက်ခါနီးရင် မှောင်မြဲပဲ ”

ကျွန်တော်ကား သူ့စကား၏ အဓိပ္ပာယ်တွေကို ဝေခွဲရန်ကြိုးစားရင်း စမ်းတဝါးဝါးဖြင့် တက်လိုက်၏ ။

ဒုတိယထပ်သို့ ရောက်သောအခါ ကိုလှရွှေ က တံခါးကိုခေါက်ပြီးနောက် ကျွန်တော့်အား လှည့်ကြည့်လိုက်သည် ။ မှောင်ထဲတွင် သူ့မျက် မှန်ကိုတော့ မြင်ရသည် ။

“ ဒီအခန်းထဲမှာနေတဲ့ လူတွေဟာ အလင်းရောင်တွေချည်းပဲ သိလား ၊ ဒါကြောင့် အလင်းရောင်တွေဆီကို မရောက်ခင် တို့တစ်တွေ အမှောင်ထဲ တိုးရတာ ဟား ဟား ”

ကျွန်တော်လည်း လိုက်၍ သဲ့သဲ့ ရယ်မိ၏ ။ ကိုလှရွှေ က တံခါးကို ခေါက်ပြန်သည် ။ အတွင်းမှ တံခါးဖွင့်သံ ကြားရပြီးနောက် တံခါးပွင့်လာသောအခါ ကျွန်တော်တို့ရှေ့မှာ သခင်လှဖေ ရပ်နေသည်ကို တွေ့ရတော့သည် ။

“ ဟင် - ကိုစု လား ၊ လာ လာ ဝင်ကြ ၊ ဒီ ရဲဘော်ကလေးနာမည်က ဘယ်သူတဲ့ ၊ မေ့နေလို့ ”

ကိုစု ဟု အခေါ်ခံရသူ ကိုလှရွှေ က -

“ မောင်တင်ထွန်း တဲ့ ”

ကျွန်တော်တို့ ဝင်ပြီးသောအခါ တံခါးကို ချက် မချဘဲ စေ့ထားလိုက်သည် ။

တိုက်ခန်းမှာ ပေ ၄ဝ တော့ ကျော်လိမ့်မည် ထင်သည် ။ သုံးပိုင်း ကန့်ထားရာ ရေချိုးခန်း ၊ အိမ်သာ နှင့် မီးဖိုမှာ နောက်ဖေးခန်းတွင် ရှိသည် ။ အိမ်ရှေ့ခန်းတွင် သခင်စိုး နှင့် ကိုသိန်းဖေ တို့ ထိုင်နေကြလေသည် ။ အလယ်ခန်းတွင်ကား သခင်အောင်ဆန်း တစ်ယောက်တည်း ရှိလေသည် ။ လှေကားမှ ဝင်ဝင်ချင်း ရောက်သောအခန်းမှာ ထို အလယ်ခန်းဖြစ်၏ ။

အလယ်ခန်း ခေါင်းရင်းဘက် အလယ်ကြွက်လျှောက်ပေါ်တွင် ဖယောင်းတိုင် နှစ်တိုင် ထွန်းပြီး သခင်အောင်ဆန်း သည် မတ်တတ်ရပ်လျက် စာဖတ်နေသည် ။ ကျွန်တော်တို့ ဝင်လာသည်ကို လှည့်၍မျှ မကြည့်ပေ ။

ရှေ့ပိုင်းတွင်ကား စားပွဲတင် မှန်အိမ်တစ်ခုကို ထွန်းပြီး ကြမ်းပြင်ပေါ်မှာ ချထားသည် ။ မှန်အိမ်ဘေးတွင် သခင်စိုး နှင့် ကိုသိန်းဖေ တို့သည် တင်ပျဉ်ခွေထိုင်လျက် စကားပြောနေကြလေသည် ။ သခင်လှဖေ ကား သူတို့ထံမှ ထလာခဲ့ခြင်းဖြစ်ပြီး ကျွန်တော်တို့အား သူတို့ထံသို့ ခေါ်သွားလေသည် ။

သခင်စိုး က ထိုင်ရာမှ ကျွန်တော်တို့အား မော့ကြည့်လိုက်သည် ။ ဖယောင်းတိုင်မီးမှ ဘေးတိုက်လာသော အလင်းရောင်တွင် သူ၏ မောက်နေသော နဖူးနှင့် ကောက်နေသော နှာရောင်တို့သည် ထင်ရှားလှပေ၏ ။ ကိုသိန်းဖေ ကမူ ရှေ့တည့်တည့်သို့သာ ငေးကြည့်နေ၏ ။ သခင်စိုး က တင်ပျဉ်ခွေ ထိုင်မြဲထိုင်၍ ကိုသိန်းဖေ က ဆောင့်ကြောင့်ထိုင်လိုက်လေသည် ။

ကိုလှရွှေ က ကျွန်တော့်အား သခင်စိုး တို့ ဘေးတွင် သွားထိုင်စေလေသည် ။ သူ နှင့် သခင်လှဖေ က အိမ်ရှေ့ဝရန်တာသို့ ထွက်ပြီး တီးတိုးစကားပြောနေကြလေသည် ။ ကိုလှရွှေ ၏ အိမ်ထောင်ပြုရေး အတွက် ဆွေးနွေးကြခြင်းဖြစ်သည်ဟု နားလည်လိုက်ပေသည် ။

သခင်စိုး တို့သည် တစ်စုံတစ်ရာ လေးလေးနက်နက် ဆွေးနွေးကြရာ ကျွန်တော်တို့ ဝင်လာသဖြင့် အနှောင့်အယှက် ဖြစ်သွားဟန် တူသည် ။ ကျွန်တော်သည် သူတို့အနား ဝင်ထိုင်သော်လည်း ရှိုးတိုးရှန့်တန့် ဖြစ်နေသည် ။ အားနာသလိုလည်း ဖြစ်နေသည် ။ သူတို့ကလည်း သူတို့ဘာသာ အတွေး ကိုယ်စီနှင့် ငေးနေကြပြီး ကျွန်တော့်အား စကားတစ်လုံးတစ်ပါဒမျှ မပြောကြ ။ ကျွန်တော်သည် သူတို့ထံမှ ထသွားချင်နေသည် ။

ထိုအခိုက် အလယ်ခန်းတွင် မတ်တတ်ရပ်လျက် စာဖတ်နေသော သခင်အောင်ဆန်း သည် အသံထွက်၍ စာဖတ်လိုက်၏ ။ စာအုပ်မှာ အင်္ဂလိပ်စာအုပ် ဖြစ်သည် ။ အသံထွက်နေပုံ လေယူလေသိမ်းပုံမှာ ဒေါက်တာဘမော် ဟန် ဖြစ်သည် ။ သခင်စိုး နှင့် ကိုသိန်းဖေ တို့သည် တစ်ဦးနှင့် တစ်ဦး ကြည့်ပြီး ပြုံးလိုက်ကြသည် ။ သခင်အောင်ဆန်း အား လှောင်ကြခြင်းဖြစ်သည်ဟု ကျွန်တော် ရိပ်မိပါ၏ ။

သခင်စိုး က ပြုံးရုံမက ဟဲလိုက်ပြီး -

“ ဖိုးအောင်ဆန်း ကျင့်ပြန်ပြီ ၊ ကိုသိန်းဖေ ရာ ထကြည့်စမ်းပါဦး ၊ ဘမော် လို ပါးစပ် ရွဲ့ရဲ့လားလို့ ”

ကိုသိန်းဖေ သည် သခင်အောင်ဆန်း ဆီသို့ လှည့်ကြည့်လိုက်သည် ။ ကျွန်တော်လည်း လှမ်းကြည့်လိုက်၏ ။ သို့သော် သခင်အောင်ဆန်း အား နောက်ကျောမှသာ မြင်ကြရသည် ။

ကိုသိန်းဖေ က သဲ့သဲ့ရယ်လိုက်ရင်း -

“ မရွှဲ့ဘဲ နေမှာ မဟုတ်ပါဘူး ၊ ထောင်ထဲတုန်းက ဘမော် စတိုင်နဲ့ ဆေးပြင်းလိပ်တောင် ခဲစမ်း နေသေးတယ် ဟဲ ဟဲ ”

သူတို့၏ မျက်နှာများသည် ပြုံးနေရာမှ တင်းမာသွားကြပြန်သည် ။ သခင်အောင်ဆန်း က ဘမော် လေ ကျင့်နေသည်ကို သူတို့ နှစ်ယောက်စလုံး ကြားလိုဟန် မရှိသည်မှာ ထင်ရှား၏ ။ နားကြားပြင်းကတ်ခြင်း မှ သက်သာစေလိုသော ဟန်ဖြင့် သခင်စိုး က -

“ ဘယ့်နှယ်လဲ ကျောင်းသား ကိစ္စတွေ ၊ ဘယ်သူတဲ့ ရဲဘော်နာမည် မေ့နေလို့ ”

ကိုသိန်းဖေ က ကျွန်တော်မဖြေခင် ဝင်ဖြေသည် ။

“ ရဲဘော်တင်ထွန်း လေ ၊ ကျွန်တော်ပဲ ခင်ဗျားနဲ့ မိတ်ဆက်ပေးတာ ”

“ မှတ်မိပါပြီ ၊ မှတ်မိပါပြီ ၊ ကျောင်းသားသမဂ္ဂနဲ့ အစိုးရ ချုပ်တဲ့ စာချူပ် စက္ကူစုတ်လောက် မှ အဖိုးမတန်တော့ဘူးလို့ ကြားရတယ် ။ အင်း သပိတ်မှောက် ကျောင်းသူကျောင်းသားတွေ သွေးစည်းစဉ်တုန်းက ဗမာတစ်ပြည်လုံး သွက်သွက်ခါအောင် တုန်လှုပ်ချောက်ချားစေနိုင်ခဲ့တယ် ၊ သွေးကွဲလာတဲ့အခါ ဘာမဟုတ်တဲ့ ဓနရှင် အလိုတော်ရိ သာပေါင်းညာစား နိုင်ငံရေး အချောင်သမားများက ဝင်ရောက် စော်ကားလာတယ် ။ သပိတ်မှောက် အလုပ်သမားတွေ သွေးစည်းမိတုန်းက စုံစမ်းရေးအဖွဲ့ ၊ ဖျန်ဖြေရေးအဖွဲ့ စသည်တွေ ဖွဲ့စည်းပြီး ဓနရှင်တွေက လိုက်လျောခဲ့တယ် ။ အလုပ်သမားများရဲ့ စည်းလုံးမှုခွန်အား ပျက်ပြားလာတဲ့အခါ အဲဒီ ဖျန်ဖြေရေးခုံအဖွဲ့ ၊ စုံစမ်းရေးအဖွဲ့ အစီရင်ခံစာမှာ ပါတဲ့ ပြဌာန်းချက်တွေကို ဓနရှင်ကိုယ်တိုင် အလိုတော်ရိတွေ အကူအညီနဲ့ နေ့ကြောင်တောင် ဗြောင်ချိုးဖဲ့ဖျက်ဆီး ကြတယ် ။ လယ်ယာ တောင်သူ ဆင်းရဲသားတွေမှာလည်း ဒီလိုပဲ ခံကြရတယ် ။ လယ်ယာဆင်းရဲသားတွေ ညီညွတ်တုန်းက လုပ်ထားတဲ့ လယ်သီးစားဥပဒေကို သူတို့ကွဲပြားပြီး စည်းရုံးရေး မရှိတဲ့ အချိန်မှာ လယ်ပိုင်ရှင်ကြီး အချို့က ဖျက်ဆီးကြတယ် ၊ အနိုင်ကျင့်နည်း စာချုပ်တွေနှင့် လယ်သီးစားသမားများကို စော်ကားကြတယ် ၊ ဒီတော့ ကျောင်းသားတွေ ခု ခံစားနေရတာဟာ မဆန်းဘူး ။ ကျောင်းသားတို့ ၊ ပညာတတ် လူတန်းစားတို့ဆိုတာ ဓနရှင် ပေါက်စတွေပေါ့ ၊ ကောက်ရိုးမီးလို ဟုန်းဟုန်းထတောက်ပြီး ပြီးတာပဲ ။ ပထမ သပိတ်ကြီးတုန်းကလည်း ကြည့်ပါလား ၊ ကောက်ရိုးမီးလိုပဲ တဟုန်းဟုန်း ထတောက်ခဲ့တယ် ၊ ပြီးတော့လည်း ပြီးသွားတာပဲ ။ အချို့ ကျောင်းသားတွေ အစိုးရကျောင်းများမှာ ခေါင်းလျှိုပြီး ပြန်ဝင်တယ် ၊ အချို့သပိတ်ခေါင်းဆောင်တွေကတော့ အစိုးရအရာရှိအဖြစ်နဲ့ ဝင်ပြီး အမှုထမ်းသွားကြတယ် ၊ ကျောင်းသားတွေကို နိုင်ငံချဲ့စနစ်အောက် မှာ ကျွန်ပီပီနေစေတဲ့ ပညာရေးစနစ်မှာတော့ ဖြုံတောင် မဖြုံဘူး ”

ကျွန်တော်သည် သခင်စိုး ၏ ကျောင်းသားနှင့် ပတ်သတ်သော စကားများကို နားမဝင်နိုင်အောင် ရှိနေပါသည် ။ သို့သော် ခွန်းတုံ့ခွန်းပြန် ပြောရန်ကား အား မရှိပါ ။ ကိုသိန်းဖေ က ကျွန်တော့် ကိုယ်စား ပြောလိုက်သလို ရှိပေတော့သည် ။

“ ပထမကျောင်းသားသပိတ် နဲ့ ပတ်သက်ပြီး သခင်စိုး ပိုင်းခြားဝေဖန်ပုံကို ကျွန်တော် သဘောမတူဘူး ။ ခင်ဗျား ပြောပုံက ပထမကျောင်းသားသပိတ်ကြီး ဟာ အချည်းနှီး အကျိုးမဲ့သလို ဖြစ်နေတယ် ။ မှန်ပါတယ် ၊ နယ်ချဲ့ပညာရေးစနစ်ကြီးကို လုံးဝ ဖျက်ဆီး မပစ်နိုင်ခဲ့ပါဘူး ။ သို့ပေမယ့် နယ်ချဲ့ပညာရေးစနစ်ကြီးဟာ ကြီးမားတဲ့ ဒဏ်ရာဒဏ်ချက် ရသွားတယ်လို့ ဆိုရမယ် ။ လုံးလုံး ပျောက်အောင် ကုမရတဲ့ဒဏ်ရာလို့ ဆိုရမယ် ။ ပြီးတော့ နယ်ချဲ့ပညာရေးစနစ်ရဲ့ ဓားသွားကို တုံးစေတဲ့ အမျိုးသားကျောင်းများ ပေါ်ပေါက်လာစေခဲ့တယ် ၊ နောက်ဆုံး တစ်ချက်ကတော့ ခု ကျွန်တော်တို့ ခေတ်ကျောင်းသားများ ဒီလောက် စိတ်တက်ကြွလာတာဟာ အဲဟိုခေတ်က စိတ်ဓာတ်အမွေကို ခံရလို့ဖြစ်တယ် ”

သခင်စိုး သည် ခါးကိုဆန့်လိုက်ပြီး -

“ ခင်ဗျား ဘာပဲ ပြောပြော ကျောင်းသားဆိုတာ ပညာတတ် လူတန်းစားပဲ ၊ ဓနရှင်ပေါက်စဉာဉ် ရှိတယ် ၊ တွေဝေတယ် ၊ ယိမ်းယိုင်တယ် ၊ သစ္စာဖောက်တယ် ”

သခင်စိုး တွင် ကျွန်တော်တို့ ကျောင်းသားများအား အပ်နှင်းစရာ ဘွဲ့ထူး မည်မျှ နောက်ထပ် ရှိသေးသည်ဟု မသိရတော့ပါ ။ သခင်လှဖေ နှင့် ကိုလှရွှေ တို့ ဝင်လာပြီး ကျွန်တော်တို့ဝိုင်းမှာ ထိုင်ပြန်သဖြင့် စကားရပ်သွားပါသည် ။ ကိုလှရွှေ သည် ဖင်ချ၍မျှ မထိုင်ဘဲ -

“ ကျွန်တော်တော့ သွားစရာ ရှိသေးတယ် ၊ ခင်ဗျားတို့ ဆွေးနွေးပွဲကို နားထောင်ချင်ပေမယ့် မနေအား တော့ဘူး ၊ ရဲဘော်တင်ထွန်း တော့ နေချင် နေခဲ့ ၊ ကိုယ်အပြန်ကျတော့ ဝင်ခေါ်မယ် ”  ဟု ဆိုပြီး ထသွားလေသည် ။ သခင်လှဖေ သည် သူ့ညီအား တံခါးပိတ် လွှတ်လိုက်ပြီးနောက် ကျွန်တော်တို့ ဆီ လာ၍ ထိုင်ပြန်လေသည် ။ သူထိုင်ပုံကား ဒူးတစ်ဖက်ချ တစ်ဖက်ထောင် မုဆိုးထိုင်ဖြစ်၏ ။

အလယ်ခန်းမှ သခင်အောင်ဆန်း ၏ ဘမော်စတိုင် စာဖတ်သံကို ကြားနေရသည် ။ လမ်းမှ ' ဂျဘားနေးဝါလား ' အော်ဟစ်သံက တက်လာသည် ။

သခင်လှဖေ သည် မျက် မှန်ကို ချွတ်၍ မီးရှေ့မှာ ထောင်ကြည့်သည် ။ သူ့မျက် မှန်ကား ပါဝါ များဟန် ရှိ၏ ။ မျက် မှန် မပါသော သူ့မျက်လုံးများသည် မီးရောင်တွင် ရှုံ့တွန့်တွန့် ဖြစ်နေကြသည် ။ မျက် မှန်ကို သုတ်ရင်း -

“ ဆွေးနွေးပွဲ ဘယ်အခန်း ရောက်နေကြပြီတုံး ကိုသိန်းဖေ ”

“ ဟောဒီ ရဲဘော်တင်ထွန်း လာတာနဲ့ ကျောင်းသားအရေး ရောက်သွားတယ် ”

သခင်လှဖေ သည် မျက် မှန်တပ်ပြီးနောက် တင်ပျဉ်ခွေ ထိုင်လိုက်သည် ။ သခင်စိုး ဘက်သို့ -

“ ကဲ ဆက်လုပ်စမ်းပါဦး ၊ ခင်ဗျားရဲ့ ဗမာ့နိုင်ငံရေးသမိုင်းကို ဆင်ခြင်သုံးသပ်ပုံ ၊ သာယာဝတီသူပုန် အရေး ရောက်နေပြီနော် ”

သခင်စိုး သည် ခေါင်းကိုငုံ့၍ အတန်ကြာတွေးပြီးနောက်မှ ခေါင်းကို မော့လိုက်သည် ။ ခေါင်းမော့ လိုက်ခြင်းနှင့်အတူ အသက်ရှူလိုက်သည် ။ ထို့နောက် သက်ပြင်းကြီး ချပြီးလျှင် -

“ ဂဠုန်သူပုန်အရေးတော် ပေါ်လာရတဲ့အဓိပ္ပာယ်က ဘာလဲလို့ စဉ်းစားရမယ် ။ နိုင်ငံချဲ့အစိုးရ တည်ထောင်ထားတဲ့ စနစ် ၊ နိုင်ငံချဲ့ ဓနရှင်ဥပဒေ ကို ဖျက်ဆီးသုတ်သင်ပြီး တိုင်းသူပြည်သား ဆင်းရဲသားတွေ မိမိတို့ ကြိုက်နှစ်သက်ရာ ဥပဒေအသစ်တစ်မျိုးကို အသစ်တစ်ဖုံ ထူထောင်ပြီး အဲဒီ ဥပဒေအသစ်အရ ဗမာပြည်ကြီးကို အုပ်စီးရန် ကြံစည်ခြင်းဖြစ်တယ် ။ ဓနရှင်အစိုးရ က ရေးဆွဲထားတဲ့ ဥပဒေအမျိုးမျိုး စည်းမျဉ်းအမျိုးမျိုး တွေဟာ ဓနရှင် တွေက ဆင်းရဲသားတွေကို ချောင်းမြောင်းသတ်ဖြတ်ရန် ပုန်းကွယ်စောင့်ဆိုင်းရာ ချုံကြိုချုံကြားနဲ့ အလားသဏ္ဌာန်တူတယ်လို့ မာ့က်စ် က ပြောပြခဲ့ဖူးတယ် ။ သူပန်ထတာဟာ အဲဒီ ဥပဒေစည်းမျဉ်းများကို ဖြတ်တောက်ဖို့ ထခြင်း ဖြစ်တယ် ။ စီးပွားရေးစခန်း မှာ ထင်သလို ခြယ်လှယ်နိုင်ဖို့ နိုင်ငံရေးစခန်းကို ပထမ ဝင်စီးရတယ် ၊ ဗမာပြည် ကို ဗြိတိသျှနိုင်ငံခွဲသမားတွေ စစ်ပွဲ သုံးပွဲ တိုက်ပြီး နိုင်ငံရေးအာဏာ အပိုင်စီးပြီး ဗမာ့စီးပွားရေးစနစ် ကို အပိုင်စီးတယ် ။ အဲဒီ နည်းအတိုင်းပဲ ဆင်းရဲသားတွေကလည်း စီးပွားရေး စခန်းမှာ ထင်သလို ခြယ်လှယ်ပြုပြင်ချင်ရင် နိုင်ငံရေးစခန်းကို ပထမ ဝင်စီးရမယ် ။ ပိုနေမြဲ ကျားနေမြဲ နေသမျှ ကာလပတ်လုံး ဆင်းရဲသားတို့ရဲ့ သက်သာချောင်ချိရေး ရွေးစေ့မျှ မရနိုင်ဘူး ။ အရာရာမှာ ကြိုးဆွဲနေတဲ့ အုပ်ချုပ်ရေးအဖွဲ့ကို ဝင်ရောက်ကြိုးကိုင်နိုင်ဖို့ လက်ရှိအခြေအနေကို လုံးဝ ပြောင်းလဲပစ်ရမယ် ။ ပြည်သူဆင်းရဲသားတွေ ရဲ့ အကျိုး နဲ့ တိုက်ရိုက်ဆန့်ကျင်နေတဲ့ ဓနရှင်စနစ် တည်တံ့နေသမျှ ကာလပတ်လုံးတော့ ဘယ်တော့မှ ကောင်းစားနိုင်ကြတော့မှာ မဟုတ်ဘူးလို့ တွေးမိကြပြီး ငတ်၍ သေမည်လား ၊ ဒါမှမဟုတ် လက်နက်ကိုကိုင်၍ လက်ရှိ အခြေအနေကို တော်လှန်ပုန်ကန်ခြင်းဖြင့် သေမည်လား ၊ အမေး ၂ ခု မှာ ဒုတိယ အမေးကို ဂဠုန် အရေးတော်ပုံသမားတွေ ဖြေလိုက်တယ် ”

သခင်စိုး ၏ အသံကား ခပ်မှန်မှန်ပင် ဖြစ်သည် ။ ကျွန်တော်သည် သူ့စကားများတွင် စာဟန်ပေဟန်ကို ဂရုပြုမိ၏ ။ သခင်လှဖေ သည် သေတော့မည့် ဖယောင်းတိုင်မီးကို အသစ်တစ်တိုင်ဖြင့် အသက်ဆက်ပေးနေသည် ။ ဘားလမ်း သို့ အလျားလိုက် စီးဝင်တိုက်ခတ်လာသော လေသည် ကျွန်တော်တို့ အခန်းတွင်းသို့ ဖြာဆင်းဝင်ရောက်လာ၏ ။ ထိုလေတွင် မိုးနံ့ကလေး ပါလာသည် ။ သခင်စိုး သည် လှုပ်ရှားနေသော မီးတောက်ကို ငေးကြည့်ရင်း ဂဠုန်အရေးတော်ပုံကြီး မရှုမလှ ဆုံးရှုံးခဲ့ပုံကို ဆက်လက် ပြောပြနေလေသည် ။ နောက်ပြီး ရာဇဝင် သင်ခန်းစာများ ကောက်ချက်ချ ပြလေသည် ။

“ သင်ခန်းစာတစ်ကတော့ လောကဓာတ်ပညာနဲ့ထွင်ပြီး အဆန်းတကြယ် စီမံလုပ်ကိုင်ထားတဲ့ လက်နက်အပြည့်အစုံရှိတဲ့ နိုင်ငံချဲ့သမားကို ဝါးရင်းတုတ်ဖြင့် ဘယ်နည်းနှင့်မျှ မနိုင်နင်းနိုင် ၊ လက်နက်ချင်း မတူဘဲ ရင်ဆိုင်ကြရင် အချည်းအနှီးပဲ ဖြစ်မယ် ”

ကိုသိန်းဖေ က ဝင်ဖြတ်လိုက်သည် ။

“ ဒီမှာဗျ သခင်စိုး ၊ အင်ပီရီရယ်လစ် ကို နိုင်ငံချဲ့သမားလို့ ခေါ်မနေပါနဲ့တော့ ၊ ခု အများခေါ်သလို နယ်ချဲ့သမားလို့သာ ခေါ်ပါဗျာ ”

သခင်စိုး ကား ဆင်ခြေလည်း မတက် ၊ အင်းအဲလည်း မလိုက် ။ သူ့စကားစဉ်ကိုသာ ဆက်ကောက် ပြန်သည် ။ အောင်မြင်အောင် ဆောင်ရွက်နိုင်ခြင်း မရှိတာကို ထောက်တော့ တစ်မျိုးသားလုံး နှစ်နှစ်ခြိုက်ခြိုက်ကြီး နိုင်ငံချဲ့အဓမ္မစနစ်အောက်မှ လွတ်လပ်လိုစိတ် မပေါက်သေးဘူးဆိုတာ သိနိုင်တယ် ။ ဟိုပြောက်ကျား သည်ပြောက်ကျား ထခဲ့တာဖြစ်တဲ့အတွက် ဟိုတစ်ခါတုန်းက ထခဲ့ကြတဲ့ မင်းလောင်း မင်းသန့် ၊ စံဖဲ ၊ ရှမ်းငနီ တို့တစ်နည်း ခပ်ကြီးကြီးပဲ ဖြစ်တယ် ။ အချက်သုံးကတော့ ခေတ်သစ်မဆန်ဘဲ ခေတ်အလိုက် စစ်ချီစစ်ဆုတ် စစ်ပရိယာယ် ဝေဝုစ်ကို မသုံးရင် အရေးတော်ပုံ ဆုံးရှုံးရမှာ အမှန်ဖြစ်တယ် ။ တရုတ်ပြည်ကွန်မြူနစ် တွေ မိမိတို့ထက် လက်နက်လည်း ပိုကောင်း ၊ လူအားလည်း ပိုကောင်းတဲ့ ဓနရှင်တွေနဲ့ တိုက်တိုင်း မိမိတို့ချည်း အနိုင်ရတာဟာ တခြားကြောင့် မဟုတ်ဘူး ၊ တရုတ်ပြည် ကွန်မြူနစ်တွေ စစ်တိုက်ရာမှာ ကျန သေသပ်လွန်းလို့ဖြစ်တယ် ။ နောက်ဆုံးအချက်ကတော့ ကျောင်းသားအလုပ်သမား ၊ လယ်သမားတို့ တလုံးတစည်းတည်း ပူးပေါင်းပြီး ကျင့်သားရဖူးသူတို့ရဲ့ ရှေ့ဆောင်မှု မပါခဲ့ခြင်း ဖြစ်တယ် ။ ဒါတွေဟာ ဂဠုသူပုန်တွေ က သွေးနဲ့လဲပြီး အမွေပေးခဲ့တဲ့ သင်ခန်းစာတွေဖြစ်တယ် ”

သခင်စိုး က နားလိုက်သည် ။ ကိုသိန်းဖေ က ဖြည့်စွက်ထောက်ခံသောအားဖြင့်

“ ဟုတ်တယ် ၊ သွေးနဲ့လဲပြီး ပေးခဲ့တဲ့ အမွေပါပဲ ၊ ခုအရေးတော်ပုံ မအောင်မြင်ဘဲ မအီမလည် ဖြစ်ရတဲ့ အကြောင်းထဲမှာလည်း ခင်ဗျားပြောတဲ့ နောက်ဆုံးအချက်ဟာ အရေးအကြီးဆုံးပါပဲ ။ ကျောင်းသား အလုပ်သမား လယ်သမား တွေ တလုံးတစည်းတည်းပူးပေါင်းပြီး ကျင့်သားရဖူးသူတို့ ရှေ့ဆောင်မှု ၊ ကွန်မြူနစ်ပါတီခေါင်းဆောင်မှု မပါခဲ့တဲ့အချက်ဟာ အရေးကြီးတဲ့ ချွတ်ယွင်းချက်ပဲ ၊ ခု ချွတ်ယွင်းချက် ပြုပြင်နေကြတာ.. ”

ကိုသိန်းဖေ သည် သူ့စကားကို ဆတ်ခနဲ ရပ်လိုက်ပြီး ကျွန်တော့်အား ငဲ့ကြည့်လိုက်သည် ။ သခင်စိုး ၊ သခင်လှဖေ တို့၏ မျက်လုံးများကလည်း ကျွန်တော့် ဆီသို့ ဒေါက်ခနဲ ရောက်လာကြသည် ။ ကျွန်တော်ရှိနေ၍ ဤကိစ္စကို ဤတွင် ရပ်ထားရန် သူတို့ လိုလားသည်ကိုကျွန်တော် ရိပ်မိပါ၏ ။ ကျွန်တော့်မှာ အနေရအထိုင်ရ ကျပ်သွားသည် ။ သို့သော် သခင်စိုး က ဂဠုန်သူပုန် ဆွေးနွေးခန်း ကောက်ဆက်လိုက်သဖြင့် တော်ပေသေး၏ ။

“ အချိန်အခါ မဆိုက်ရောက် မီ လူနည်းစုအင်အားနဲ့ သူပုန်ထတဲ့ သတ္တိကိုတော့ ချီးကျူးထိုက်တယ် ၊ မိမိတို့ အသက်စည်းစိမ်ကို ပဓာနမထားဘဲ နိုင်ငံချဲ့စနစ်အောက် မှာ ငါတို့မနေလို ၊ ဖြစ်လိုရာ ဖြစ်စေတော့လို့ စွန့်စားလိုက်တဲ့ သတ္တိကို အံ့ဩလို့ မဆုံးနိုင်ဘူး ။ သို့ပေမယ့် အတုယူ ထိုက်တဲ့ အရာတော့ မဟုတ်ဘူး ။ စနစ်ကျကျ ခေါင်းဆောင်နိုင်ခြင်း မရှိတဲ့အတွက် တချို့ ဒိစတြိတ်များ မှာ အချင်းချင်း လုယက်တိုက်ခိုက် သတ်ဖြတ်ကြ ၊ ရန်ငြိုးရှိဖူးသူတွေ တစ်ဦးကို တစ်ဦး ကလဲ့စားချေကြ ၊ က̶̶ု̶̶လ̶̶ာ̶̶း̶လူမျိုးများ လိုက်ပြီး သတ်ဖြတ်ကြ ၊ အိမ်ရာ ကျီကြများ မီးတင်ရှို့ကြ ၊ ဒါတွေထောက်တော့ သူပုန်ထခဲ့တဲ့ သူတွေမှာ နိုင်ငံရေးမျက်စိပွင့်မှု ၊ နိုင်ငံရေးနိုးကြားမှု လုံးဝ မရှိသလောက် ဖြစ်တယ်ဆိုတာ သိနိုင်တယ် ။ သွေးရူးသွေးတန်းနဲ့ စီးပွားရေးငန်း အဖမ်းခံရသူ များသာ ဖြစ်ကြောင်း ထင်ရှားတယ် ”

ကျွန်တော်သည် သခင်စိုး ၏ စကားများမှာ ရင့်သီးလှသည်ဟု ထင်သည် ။ နားဝင်ခါးလှပေသည် ။ သို့သော် ငြိမ်သက်စွာ ခါးခါးနှင့်ပင် နားထောင်နေလေသည် ။

“ သူပုန်တပ်သားများက တစ်ဖက် ၊ ပုလိပ်များစစ်သားများက တစ်ဖက် ရင်ဆိုင်တိုက်ခိုက် မှုကြောင့် လူတွေသေကြ ၊ ဥစ္စာပစ္စည်း ပျက်စီးတာတွေထက် အဆပေါင်းများစွာ အပြစ်ကင်းစင်သူ ကြားလူတွေမှာ ဘေးတွေ့ရတယ် ။ တချို့သူပုန်တပ်များဟာ စစ်တပ်ပုလိပ်တို့ကို ရှောင်ရှားပြီးရင် ရွာစဉ်လျှောက် ဓားပြတိုက်ကြတယ် ၊ ရွာပေါင်းများစွာကို မီးတိုက်ခဲ့တယ် ၊ သူပုန်အရေးမှာ ပါဝင်သူတွေ အများအပြား သေကျေ ပျက်စီးခဲ့ရတယ် ၊ သမီးပျိုများအချို့ သူပုန် နဲ့ စစ်သား တို့ရဲ့ ကျူးလွန် စော်ကားခြင်း ခံရတယ် ၊ ပုလိပ်များကို မကူညီတဲ့ ရွာများကို ပုလိပ် နှင့် စစ်သားများက မီးတင်ရှို့တယ် ၊ သူပုန် ကို မကူညီတဲ့ရွာများကို သူပုန် က မီးတင်ရှို့ကြတယ် ၊ တိုင်းသူပြည်သားတွေမှာ ရှင်ကြီးလက် မှ ကျား ၊ ကျားလက် မှ ရှင်ကြီး ၊ အပြန်အလှန် သက်ဆင်းခံစားကြတယ် ၊ သူပုန် မထမီက လှုံ့ဆော်ထားတဲ့ လုပ်ငန်းနဲ့ ပျိုးထားတဲ့ ဝါဒတွေကတော့ နောက်လိုက်သူပုန်များနဲ့ နိုင်ငံရေး အယူအဆမှာ များစွာ မတူလှတဲ့ သူပုန်ခေါင်းဆောင်များရဲ့ လက်တန်း ကြိတ်ထားတာ တွေသာ ဖြစ်တယ် ”

သခင်စိုး သည် ကျွန်တော့်မျက်စိရှေ့မှာ မြင့်မားသော အဆောက်အအုံကြီးကို ဖြိုချ ဖျက်ချ ဆွဲချနေသည်နှင့် တူပေသည် ။ ဂဠုန်သူပုန် အပေါ် ကျွန်တော် ၏ အထင်အမြင် အဆောက်အအုံကြီး ။

မိုးတဖြောက်ဖြောက် ကျလာသည် ။

ကျွန်တော်သည် သခင်စိုး ၏ ခါးသောစကားကို မကြားလိုတော့၍လား ၊ သို့မဟုတ် စကားဝိုင်းကို မိုးမဖျက်စေလိုသော စေတနာကြောင့်လား မသိ ၊ ဖြုတ်ခနဲ ထပြီး တံခါးတွေ လျှောက်ပိတ်နေလေသည် ။ သခင်အောင်ဆန်း သည် စာအုပ်ကို ကြွက်လျှောက်ခေါ် နံရံတန်းပေါ်မှာ ထောင်၍ တင်ထားခဲ့ပြီး နောက်ဖေးခန်းသို့ ဝင်သွားလေသည် ။ သူ့လက်ထဲမှာ ဖယောင်းတိုင်တစ်တိုင်ကို ကိုင်ထားသည် ။ မိုးသည်းထန်စွာ ရွာကျလာ၏ ။ ဆူညံသော မိုးသံ သည် သခင်စိုး ၏ စကားများကို လွှမ်းအုပ်ရန် ကြိုးစားနေ၏ ။ သခင်စိုး က အနိုင်မခံ ။

ကျွန်တော်သည် အတန်ကြာအောင် ယောင်ချာချာနှင့် မတ်တတ်ရပ်နေသေးသည် ။

သခင်စိုး ကား ကျမ်းကျေသူဖြစ်ရုံ မက ကျမ်းကိုးတတ်သူလည်းဖြစ်ကြောင်း တွေ့ရသည် ။

“ ရည်ရွယ်ချက်ဝါဒ မရှိသော လုပ်ငန်းသည် အမြုံနှင့် သော်လည်းကောင်း ၊ လက်တွေ့လုပ်ငန်း မပါသော ရည်ရွယ်ချက်ဝါဒသည် သက် မဲ့အရာဝတ္ထုနှင့် သော်လည်းကောင်း အလားသဏ္ဌာန်တူသည်လို့ လက်ရှိ ကမ္ဘာ့အလုပ်သမား ဗိုလ်မှူးကြီးဖြစ်တဲ့ ဂျိုးဇက်စတာလင် က ပြောခဲ့သေးတယ် ”

ကိုသိန်းဖေ - “ လက်တွေ့နှင့် သဘောတရား ညီညွတ်ရမှာပေါ့ ”

သခင်လှဖေ - “ လက်တွေ့မပါသော သဘာတရားသည် အမြုံ ၊ သဘောတရားမပါသော လက်တွေ့သည် အကန်းလို့ပဲ ဆိုထားတယ် မဟုတ်လား ”

သခင်စိုး - “ ဟုတ်တယ် ၊ ဆိုထားတယ် ။ ကျုပ်တို့က ဒီနှစ်ခု ပေါင်းပေးရမယ် ။ လက်ရုံးရည် နှလုံးရည် ပြည့်စုံတဲ့ အရေးတော်ပုံ ဗိုလ်မှူးတွေ ပေါ်လာအောင် လုပ်ပေးရမယ် ။ လက်တွေ့မှာလည်း ကျွမ်းကျင် ၊ သဘောတရားမှာလည်း ထက် မြက်တဲ့ အရေးတော်ပုံ ဗိုလ်မှူးတွေ အလိုရှိနေတယ် ။ အရေးတော်ပုံခေါင်းဆောင်ကြီးဖြစ်တဲ့ လီနင် က ခေတ်ပြောင်းတော်လှန်ရေးဝါဒ မပေါ်ပေါက်ဘဲ ခေတ်ပြောင်းတော်လှန်မှု ခေတ်ပြောင်းတော်လှန်ရေးလုပ်ငန်း မပေါ်ပေါက်နိုင် ၊ ခေတ်ပြောင်း တော်လှန်မှုလုပ်ငန်း မပေါ်ပေါက်က ခေတ်ပြောင်းတော်လှန်မှု အောင်မြင်ခြင်း မဖြစ်နိုင်လို့ ပြောခဲ့ဖူးတယ် ”

ကျွန်တော် သည် ဝင်ထိုင်လိုက်၏ ။ သခင်စိုး ၏ ပြောပုံမှာ နူးညံ့လာသည် ။

“ အရေးတော်ပုံ ဗိုလ်မှူးတွေမှာ မရှိမပြီးတဲ့ အရည်အချင်းတွေက တစ်အချက် ကိုယ်ကျင့်တရား ကောင်းရမယ် ။ ဓနရှင် ကိုယ်ကျင့်တရားမျိုးကို မဆိုလိုဘူး ၊ အဓမ္မ ချုပ်ချယ်ညှင်းပန်းမှု ဟူသမျှတို့ကို လုံးဝပယ်ဖျောက်ရန် ရည်ရွယ်ရင်းရှိတဲ့ အစည်းအရုံးအလုပ်စခန်းမှာ ဖော်ကောင် ၊ သတင်းပေး ၊ သစ္စာဖောက် ၊ လူလိမ်လူကောက် မလုပ်မယ့် ကိုယ်ကျင့်တရားကို ဆိုလိုတယ် ။ တော်လှန်ရေးတာဝန်ကို ရှောင်ကွင်းခြင်း လုံးဝ မရှိဘဲ ရွပ်ရွပ်ချွံချွံ ဆောင်ရွက်တဲ့ ကိုယ်ကျင့် တရားကို ဆိုလိုတယ် ။ အချက်နှစ်က တကယ့်အရေးကျလျှင် အသေခံရဲတဲ့ သတ္တိရှိရမယ် ။ နောက်ဆုံးအချက် ဆိုရှယ်လစ်ဝါဒ ရုပ်ပိုင်းအဘိဓမ္မာ ၊ ရုပ်ပိုင်းရာဇဝင် စသည်တို့ကို အခုအခံ အထစ်အငေါ့မရှိဘဲ ဒိုးလိုမွှေနိုင်တဲ့ ပညာအရည်အချင်း ရှိရမယ် ”

ထိုအတွင်း အိမ်သာထဲမှ ရေမောင်းကို ဆွဲလိုက်သောအသံ တဂျောင်းဂျောင်း တဂျုန်းဂျုန်း ပေါ်လာလေသည် ။ သခင်အောင်ဆန်း သည် ရေလွယ်လွယ် မဆင်းသဖြင့် စိတ်တိုနေဟန် ရှိ၏ ။

ကျွန်တော်သာ သခင်အောင်ဆန်း ဆီသို့ အာရုံရောက်နေသည် ၊ သခင်စိုး သခင်လှဖေ နှင့် ကိုသိန်းဖေ တို့ကား ဆွေးနွေးပဲမှာသာ အာရုံစူးစိုက်နေကြဟန်ရှိသည် ။ သမာဓိ ကောင်းလွန်းကြ၍လော ။ သခင်အောင်ဆန်း တဂျောင်းဂျောင်း တဂျုန်းဂျုန်း လုပ်သံကို ကြားဖူးဖန် များသဖြင့် ထုံနေကြပေပြီလော မသိပါ ။

“ အရေးတော်ပုံ ရဲဘော်ဗိုလ်မှူးတွေ ဆိုတာ ဗိုလ်မှူးဖြစ်ရမယ့် ပါရမီထူး ရှိရမယ် ။ ပါရမီဆိုတာ အကျင့်ကို ပြောရတာ ၊ ဆိုရှယ်လစ်ခေတ်ကြီး ဧကန်အမှန် ဆိုက်ရောက်တော့မည်ကို သိပြီး အပျင်းမပွားဘဲ လွတ်လပ်ရေးလမ်းမှာကြိမ်ဖန်များစွာ အားထုတ်ရမယ် ။ နှစ်ပေါင်းများစွာ အကြိမ်ပေါင်းများစွာ လေ့ကျင့်သားရပြီးမှ အရေးတော်ပုံဗိုလ်မှူး ဖြစ်နိုင်တယ် ။ ခေတ်ပြောင်းတော်လှန်ရေး လုပ်ငန်းအတတ်သည် နေ့ချင်းညချင်း တတ်မြောက်အောင်မြင်အပ်သော လုပ်ငန်းမဟုတ် ၊ ခေတ်ပြောင်း တော်လှန်ရေး လုပ်ငန်းသည် အတတ်ပညာကဲ့သို့ တဖြည်းဖြည်း သင်ယူရသော အရာဖြစ်သည်လို့ ကားလ်မား က်စ် က ပြောခဲ့ဖူးတယ် ”

သခင်အောင်ဆန်း ထွက်လာသည် ။ ခေါင်းရင်းနံရံတွင် အဝတ်တင်ထားသော ကြိုးတန်းကလေး ရှိသည် ။ သူသည် ထိုကြိုးတန်းဆီသို့ သွားသည် ။ သူ့လက် မှ ရေတွေ ရွှဲနေခြင်းအားဖြင့် နောက်ဖေးသွားရာ ရေကိုင်ခဲ့သည်မှာ ထင်ရှားနေ၏ ။

ကြိုးတန်းပေါ်တွင် လုံချည် နှင့် မျက်နှာသုတ်ပဝါများကို လှန်းထားရာ သခင်အောင်ဆန်း သည် မျက်နှာသုတ်ပဝါကို ဆွဲယူ၍ လက်သုတ်နေလေသည် ။ ကိုသိန်းဖေ သည် သူ့ဘက်ကို လှမ်း မျက်စောင်းထိုးလိုက်ပြီး -

“ ဟေ့လူ မလုပ်ပါနဲ့ဗျာ ၊ နောက်ဖေးကုန်းလာတဲ့ လက်ကို မျက်နှာသုတ်ပဝါ နဲ့ သုတ်ရသလား ။ ခင်ဗျားဟာ စည်းကမ်းကလေး ဘာလေးလည်း ထားပါဦးမှပေါ့ဗျ ။ လုံချည်ဆိုလည်း ကျုပ်က တရိုတသေ နေ့ခင်း သွားတုန်းလာတုန်း ဝတ်ဖို့ထားတဲ့ လုံချည်ကို ခင်ဗျားက ညအိပ်ရာဝင် ကောက်ဝတ်တယ် ”

သခင်အောင်ဆန်း ကား ဟဲဟဲ နှင့် စပ်ဖြဲဖြဲလုပ်ရုံမှတစ်ပါး ဘာမျှ စကားမတုံ့ပြန်ပေ ။

ထိုကိစ္စကြောင့် ဆွေးနွေးပွဲမှာ ဆိုင်းသွားလေရာ ကိုသိန်းဖေ ကပင် ဆက်လိုက်လေသည် ။

“ ခုအခါမှာ အရေးအကြီးဆုံးကတော့ သဘောတရားလေ့လာဖို့ ဖြစ်တယ်ဗျ ။ သဘောတရား လေ့လာပြီး လက်တွေ့လုပ်ငန်းမှာ လေ့ကျင့်ဖို့ ဖြစ်တယ်ဗျ ။ သခင်စိုး ပြောတာလို ပါရမီပြည့်တဲ့ အရေးတော်ပုံ ဗိုလ်မှူးကေဒါတွေ အများအပြား ပေါ်လာအောင် လုပ်ကြရလိမ့်မယ် ၊ အဲဒီ တာဝန်ကို ရည်စူးပြီး ယနေ့လက်ငင်း တို့တာဝန်ဆိုတဲ့ စာတမ်းကလေးတစ်ခု ကျွန်တော်ရေးနေတယ် ၊ နဂါးနီ က ထုတ်မယ် ၊ အများဖတ်ဖို့အတွက် တစ်ပဲတစ်မူး လောက်နှင့် ရောင်းဖို့ပဲ ”

သခင်စိုး -

“ ကျုပ်လည်း ဒီရည်ရွယ်ချက်နှင့် ' ဗမာ့တော်လှန်ရေး ' စာအုပ်ကို ရေးနေတယ် ၊ ခင်ဗျားဟာလို တိုတို မဟုတ်ဘူး ၊ ကျမ်းတစ်စောင် ခေါ်လောက် မယ် ”

ကျွန်တော် ထိုစာအုပ်နှစ်အုပ်ကို မှတ်မိပါသည် ။ နှစ်အုပ်စလုံးကိုလည်း ထွက်ထွက်ချင်း ဝယ်ဖတ်လိုက် မိသဖြင့် ကုသိုလ်ကောင်းသည်ဟု ဆိုရမည် ။အကြောင်းမူကား ထိုစာအုပ်များ ထွက်လာပြီးနောက် အစိုးရက ပိတ်ပစ်လိုက်သောကြောင့်တည်း ။

သခင်လှဖေ - “ စစ်ကြီးဖြစ်ဖို့ကလည်း တစ်နေ့တခြား နီးလာတယ်ထင်တယ် ၊ နာဇီတွေဟာ ရလေလိုလေ အိုတစ္ဆေဖြစ်နေတော့ ချိန်ဘာလိန် တို့ လူစု နောက်ထပ်လိုက်လျောဖို့ ခက်နေပြီဗျ ”

ကိုသိန်းဖေ -“ ဗြိတိန် နဲ့ ပြင်သစ် က လိုလိုချင်ချင် နဲ့ ဆွေးနွေးဟန် မတူပါဘူးဗျာ ၊ မရိုးပါဘူး ။ ဂျာမနီ ကို ခြောက်လှန့်ရုံလောက် ရုရှား နဲ့ ဆွေးနွေးနေတဲ့ သဘောပဲ ထင်ပါရဲ့ ။ သူတို့ လွှတ်တဲ့ ကိုယ်စားလှယ်ကို ကြည့်ပါဦး ၊ ဒီလောက် အရေးကြီးတဲ့ကိစ္စမှာ ဝန်ကြီး တစ်ဦးဦး လွှတ်တာ မဟုတ်ဘူး ၊ ဆာဝီလီယန်စရင်း ဆိုတဲ့ ဆိုဗီယက်ဆန့်ကျင်ရေးသမား ဒုတိယအတွင်းဝန်တစ်ဦး ကို လွှတ်တာပဲဗျ ၊ ပြီးတော့ ပြင်သစ် နဲ့ ဗြတိသျှ တို့ရဲ့ တောင်းဆိုချက်တွေဟာ တစ်ဖက်သတ်ကျလွန်းအား ကြီးတယ် ။ ဥပမာ ရုရှား က ဂျာမနီ တိုက်ဖို့ အရေးကြုံလာရင် ပိုလန် ၊ ဖင်လန် စတဲ့ နိုင်ငံတွေကို ဖြတ်သွားရမယ် မဟုတ်လား ၊ အဲဒါ ဖြတ်ခွင့် မပေးဘူးတဲ့ ။ ဒီတော့ ဂျာမနီ က ရုရှား ထဲ လာတိုက်အောင် လက်ပိုက် စောင့်နေရမလို ဖြစ်နေတယ် ”

သခင်အောင်ဆန်း ကား ဘာမျှ မပြော ။ ထိုင်လည်း မထိုင် ။ ခါးထောက်၍ မတ်တတ်ရပ်ကာ သခင်စိုး တို့ ပြောသမျှကို နားထောင်နေလေသည် ။

သခင်လှဖေ - “ မကြာခင်က တိုးတက်ရေးသတင်းစာထဲမှာ သတင်းထူးပါလာတယ် ။ နာဇီ ၊ ဂျာမနီနဲ့ ဆိုဗီယက်ရုရှား အချင်းချင်း မကျူးကျော်ရေး စာချုပ်ချုပ်ဖို့ စေ့စပ်နေကြတယ်လို့ ဆိုတယ် ၊ ဗြိတိသျှ သတင်းစာတစ်စောင်က သတင်းဦး သတင်းထူးအဖြစ်ဖြင့် ရေးတာဖြစ်သတဲ့ဗျ ”

ကိုသိန်းဖေ - “ ဟုတ်ချင်လည်း ဟုတ်မှာပဲ ။ တစ်ဦး တစ်ဦး မကျူးကျော်ရေး စာချုပ်ဆိုတာ ဆိုဗီယက်ရုရှား က ဘယ်သူနဲ့ မဆို ချုပ်နိုင်တာပဲ ။ မင်း ငါ့ မစနဲ့ ၊ ငါ လည်း မင်း မစဘူးဆိုတဲ့ ကိစ္စလောက် ဟာပဲ ၊ အပြန်အလှန် ကူညီရေးသဘောတွေ ဘာတွေလည်း ပါတာ မဟုတ်ဘူး ၊ နောက်ပြီးတော့ နာဇီဂျာမနီ နဲ့ ချိန်ဘာလိန် ဗြိတိသျှတွေ ဘာထူးသလဲ ၊ နယ်ချဲ့သမားတွေချည်းပဲ ”

သခင်အောင်ဆန်း က ဝင်ထောက်လိုက်သည် ။

“ ဟုတ်တယ် ၊ အတူတူနဲ့ အနူနူတွေပါပဲ ၊ ဘယ်သူမှ ဘိန်းတစ်ပဲဖိုး ပိုမရှူထိုက်ပါဘူး ”

သခင်စိုး က လေးနက်စွာ တွေးတော၍ ပြောဟန်ဖြင့် -

“ ထူးသလောက်တော့ ထူးသေးတယ် ”

ထိုစကားကြောင့် ခဏ ငြိမ်သွားကြသည် ။ မိုးကား အတော်ပါးသွားပြီ ။ မောင်ဂိုမာရီလမ်း ပေါ်မှ အတင်းတရကြမ်း မောင်းသွားသော ဓာတ်ရထားသံကို ကြားရသည် ။ ဓာတ်ရထားတွေ သိမ်းကုန်ပြီ ။ ကိုလှရွှေ ကား ယခုထိ ပြန်မလာသေး ။ သို့သော် ကျွန်တော်ကား ဝမ်းပင်သာသေး၏ ။ သူတို့ ပြောသမျှ နားထောင်ရသည်မှာ ကြုံကြိုက်ခဲသော အခွင့်အရေးပင် မဟုတ်ပါလော ။

သခင်လှဖေ - “ ပြင်သစ်ဝန်ကြီးချုပ်က ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်ရှိပါတယ်လို့ ပြောတယ် ၊ ပြင်သစ်ကာကွယ်ရေး အခြေအနေဟာလည်း စိတ်ချစရာပါပဲတဲ့ ”

ကိုသိန်းဖေ - “ သူတို့တစ်တွေကတော့ ပါးစပ်က ပြောချင်တာတွေ ပြောနေတာ ၊ နာဇီတွေကို ပါးစပ်ကတော့ ရှုပ်ချနေတယ် မဟုတ်လား ၊ အပြည်ပြည်ဆိုင်ရာ စာချုပ်တွေ ဖောက်ဖျက်တာ မတရားပါဘူး ၊ လက်နက်တွေ အပြင်းအထန် တပ်ဆင်နေတာ လမ်းမကျပါဘူး ၊ ချက်ကိုစလိုဗက်ကီးယား သိမ်းတာ ကျူးကျော်စော်ကားနေတာပါ စသည်ဖြင့် ပြောတော့ ပြောတာပဲ ၊ ရုရှား နဲ့ ပူးပေါင်းကာကွယ်ရေး အလုပ်ကျတော့ ဖြစ်အောင် မလုပ်ဘူး ။ ဒါကို ကြည့်လိုက်တော့ သူတို့ဟာ စကားသာပြောပြီး လက် မပါဘူးဆိုတာ မြင်ရတယ် ။ ချိန်ဘာလိန် လည်း ကာကွယ်ရေး လက်နက်အင်အားတွေ နှစ်ဆတိုးပြီလို့ ကြေညာတယ် ၊ စစ်လေယာဉ်ပျံ အော်ဒါတွေ အပ်နေပြီလို့ ကြေညာတယ် ၊ ရုရှား နဲ့ အတူတကွ ပူးပေါင်းကာကွယ်ဖို့တော့ ကဖျက်ယဖျက် လုပ်နေတယ် ။ တကယ့်သော့ချက်က နာဇီဖက်ဆစ် စတဲ့ ကျူးကျော်ရေး သမားတွေကို အင်္ဂလိပ် ၊ ပြင်သစ် ၊ ရုရှား ၊ အမေရိကန် စတဲ့ နိုင်ငံများက ပူးပေါင်းကာကွယ်ရေးလုပ်ခြင်း ဖြစ်တယ် ၊ ဒါ မလုပ်မချင်း နာဇီ ကျူးကျော်မှု မရပ်စဲနိုင်ဘူး ၊ ကျူးကျော်မှု မရပ်စဲရင် စစ်ဖြစ်ဖို့ သေချာတာပဲ ”

သခင်အောင်ဆန်း သည် ခါးထောက်ထားရာမှ လက်ရုံးဆန့်တန်းလျက် -

“ စစ် စစ် စစ်ကြီးကတော့ လာနေပြီ ၊ ကျုပ်တို့က ပြင်ဆင်မှုမရှိဘဲနဲ့ စစ်ကြီးကို ရင်ဆိုင်ရတော့မယ် ”

ထိုသို့ သခင်အောင်ဆန်း က ပြောလိုက်သောအခါ အားလုံးငြိမ်ကျသွားပြီး စဉ်းစားခန်းဝင် နေကြလေသည် ။ ကျွန်တော်သည် သူတို့မျက်ခွက်တွေကို ကြည့်ပြီး သူတို့စိတ်ထဲမှာ ဘာတွေရှိနေမည်ကို အကဲခတ်နေလေသည် ။ မိုးက လုံးဝစဲသွားပြီ ။ ရန်ကုန်မြို့၏ ဆူညံသံတို့သည် မိုးနှင့် ရောပါသွားသလို ရှိပေတော့၏ ။ ဆူညံသည့် နေရာတွင် ဆိတ်ငြိမ်လာသောအခါ တစ်လောကသို့ ရောက်သွားသလို ခံစားရသည် ။ အာရုံတွေ ပိုထက် မြက်လာကြသည် ။ သောတ အကြည်ဓာတ်က ပို၍ သန့်ရှင်းထက် မြက်လာသည် ။ သခင်စိုး ၏ သက်ပြင်းချသံ ၊ သခင်လှဖေ ၏ အံကြိတ်သံ ၊ ကိုသိန်းဖေ ၏ လက်ဆစ်ချိုးသံ ၊ သခင်အောင်ဆန်း ၏ ခေါက်တုံ့ခေါက်ပြန် လျှောက်သံတို့သည် ကျွန်တော့်အား ငြိမ်သည်ထက်ငြိမ်သက်စွာနေရန် ဩဇာပေးနေဘိသကဲ့သို့ ရှိ၏ ။ ငြိမ်သည်ထက် ငြိမ်အောင် ကြိုးစားနေခါမှ ကျွန်တော့် နှလုံးသားတို့သည် တဒုတ်ဒုတ် ခုန်နေကြသည်ကို ကျွန်တော် ကြားနေရ၏ ။

သခင်လှဖေ - “ ကျွန်တော်တို့ တတ်နိုင်သလောက် ပြင်ဆင်ပြီး စစ်ကို ရင်ဆိုင်ရမယ် ”

သခင်စိုး - “ အရည်အချင်းနဲ့ ပြည့်စုံတဲ့ အရေးတော်ပုံ ဗိုလ်မှူးတွေ ပေါ်အောင် အားတိုက်ခွန်တိုက် လုပ်ကြရမယ် ”

ကိုသိန်းဖေ - “ နယ်ချဲ့စစ်ပွဲကြီးကို ပြည်တွင်းစစ်ပွဲဖြစ်အောင် ပြောင်းပစ် ”

သခင်အောင်ဆန်း - “ နိုင်ငံခြားအကူအညီ ရအောင် ယူရမယ် ”

အားလုံးငြိမ်သွားပြီး ကိုယ့်အတွေးနှင့်ကိုယ် နေကြလေသည် ။ ကျွန်တော် ရှိနေလို့ ရှေ့ဆက် ဆွေးနွေးရမှာ ကျပ်နေပြီလားဟု ကျွန်တော် အားနာမိသည် ။ ထိုင်ရာမှထပြီး ကိုလှရွှေ ပြန်လာနိုးနှင့် မျှော်ကြည့်ရင်း -

“ ကိုလှရွှေ ကလည်း ပြန်မလာသေးဘူး ၊ ကျွန်တော့်ဘာသာ ကျွန်တော် ပြန်တော့မယ် ”

သခင်လှရွှေ - “ မောင်စု မပြန်လာလည်း ရဲဘော် ဒီမှာပဲ အိပ်ပေါ့ ၊ မပြန်နဲ့တော့ ”

ကျွန်တော့်မှာ ဇဝေဇဝါ ဖြစ်သွားသည် ။ အခြားသူများ သဘောက ဘယ်လိုလဲ သိရန် မျက်နှာငယ်ဖြင့် ကြည့်လိုက်သည် ။

သခင်အောင်ဆန်း သည် လက် များကို ခါကာ အညောင်းဆန့်ပြီးနောက် သမ်းလိုက်သည် ။ အလယ် အခန်းထဲ ဝင်သွားပြီး သင်ဖြူးတစ်ချပ်ကို ခင်းနေလေသည် ။ ပြီးနောက် ကျွန်တော်တို့ ဘက်သို့ လှမ်းပြီး -

“ ကိုသိန်းဖေ ခေါင်းအုံးတစ်လုံး လုပ်ပါအုံး ”

ကိုသိန်းဖေ သည် အလယ်ခန်းထဲသို့ ဝင်သွားလေသည် ။

သခင်စိုး ကား ဘာမျှ စကားမပြောဘဲ တင်ပျဉ်ခွေ ထိုင်ရာမှလည်း မလှုပ်ရှားဘဲ ခေါင်းငိုက်စိုက်ချကာ တွေးနေ၏ ။ သခင်လှဖေ က သခင်စိုး အား ကျောပေးထိုင်လိုက်ပြီးနောက် ကျွန်တော့် အား -

“ ထိုင်လေ ရဲဘော်တင်ထွန်း ၊ လှရွှေ ပြန်လာပါလိမ့်မယ် ၊ သွန်မဆင်လမ်း ( ဗိုလ်တထောင်ဘုရားလမ်း ) ပဲ သွားတာပါ ” 

ကျွန်တော် က သခင်လှဖေ အနားမှာ ထိုင်လိုက်ရာ သခင်စိုး က ခေါင်းထောင်လိုက်ပြီး ကျွန်တော့် ဘက်သို့ -

“ ရဲဘော်တင်ထွန်း ခေတ်ပြောင်း တော်လှန်ရေးမှာ ဗိုလ်မှူးကောင်း ဖြစ်ဖို့ လေ့ကျင့်ပါလား ”

ကျွန်တော်က သူ့အား ကြောင်ကြည့်နေသည် ။ အဖြေကို ရုတ်တရက် မပေးနိုင် ဖြစ်နေသည် ။

“ လေ့ကျင့်မယ်ဆိုရင် အချိန်ပြည့် လုပ်ရလိမ့်မယ် ၊ ခြေသလုံးအိမ်တိုင် နေပြီး နေ့ရော ညရော ဆိုတာလိုပဲ လုပ်ရမယ် ၊ နိုင်ငံရေးသင်တန်းလည်း တက်ရမယ် ”

ကျွန်တော့်ရင်မှာ တဒုန်းဒုန်း ခုန်နေသည် ။ ထွက်လာသော အသံမှာ ခြောက်ကပ်ကပ်နှင့် -

“ ကျွန်တော် လေ့ကျင့်ချင်တဲ့စိတ် ရှိပါတယ် ။ သို့ပေမယ့် ဝမ်းရေးအတွက်လည်း တစ်ဖက်က အလုပ် လုပ်ချင်သေးတယ် ၊ ဝမ်းရေးအလုပ်လည်း လုပ် ၊ နိုင်ငံရေးလည်း လုပ်နိုင်တဲ့ အစီအစဉ်မျိုး ရှာနေပါတယ် ”

သခင်စိုး သည် သရော်ပြုံး ပြုံးလိုက်သည် ။ ပြီးတော့ ခေါင်းငိုက်စိုက်ချနေပြန်သည် ။ ကျွန်တော့်မှာ ကြီးလေးသော အပြစ်တစ်ခုခု ကျူးလွန်မိခဲ့သလို ခံစားနေရ၏ ။ သခင်စိုး သည် တင်ပျဉ်ခွေရာမှ ဆောင့်ကြောင့်ထိုင်လိုက်ပြီး ကျွန်တော့် မျက်ခွက်ကို စေ့စေ့စူးစိုက် ကြည့်လျက် သရော်ပြုံးဖြင့် -

“ အင်း ပညာတတ်လူတန်းစားဟာ ကျောရိုး မရှိတတ်ဘူးလို့ဆိုတာ အမှန်ပဲကိုး ”

ကျွန်တော်သည် ရှက်လည်း ရှက်၏ ။ ဝမ်းလည်း နည်း၏ ။ အပြစ်ကြီး ကျူးလွန်မိပြီဟုလည်း အားငယ်နေ၏ ။ သည့်ထက်သာ အသက်ငယ်ပြီး သည့်ထက် အတွေ့အကြုံနည်းပါက ချုံးချ၍ ငိုမိလေမည်လား မဆိုနိုင်ပါ ။

သခင်စိုး သည် ထိုသို့ပြောပြီး နောက်ဖေးသို့ ထသွားလေသည် ။ ကိုသိန်းဖေ သည် အိပ်ရာလိပ်ကို မယူလာပြီး အိမ်ရှေ့တံခါးအနီးတွင် ခင်းရန်ပြင်လေသည် ။ နောက် မှ မိုးဖွားစိုနေသည်ကို တွေ့ရပြီး အတွင်းဘက်တိုးကာ ခင်းလိုက်လေသည် ။ သူ့ အိပ်ရာလိပ်မှာ ရွက်ထည်သားရေတို့ဖြင့် ကျကျနန ချုပ်လုပ်ထားသော အိပ်ရာလိပ်ဖြစ်၏ ။ သက္ကလတ်စောင်တစ်ထည် နှင့် ခေါင်းအုံးတစ်လုံး ကို တွေ့ရသည် ။ ခေါင်းအုံးပေါ်မှာ ရေချိုးရာ၌သုံးသော အနီစင်း နှင့် ကုလားနံငယ်ပိုင်းတစ်ထည်ကို တင်ထားလေသည် ။ ထိုနံငယ်ပိုင်းဖြင့် အိပ်ရာကို ပုတ်ခတ်ရင်း ကိုသိန်းဖေ က ကျွန်တော့်အား -

“ ရဲဘော်တင်ထွန်း ၊ ဒီမှာ အိပ်မယ် မဟုတ်လား ၊ ကိုယ့်ဆီက စောင်တစ်ထည်ရမယ် ၊ ကိုလှဖေဆီ က ခေါင်းအုံးတစ်လုံး ယူ ”

“ ကိုလှရွှေ ပြန်လာရင် ကျွန်တော် ပြန်မှာပါ ”

“ ပြန်မနေပါနဲ့တော့ ၊ ကမာရွတ် ရောက်အောင် ပြန်ရမယ် မဟုတ်လား ၊ ခုမှ ဘတ်စ်ကားဆိပ် သွားရင် နာရီပြန် တစ်ချက်ထိုးမှ ကားရတော့မယ် ။ ဖိုးလှရွှေ ပြန်လာရင် ဒီမှာ အိပ်ချင် အိပ် ၊ မအိပ်ချင် သွန်မဆင်လမ်းကို ပြန်အိပ်ဖို့ ပြောရမယ် ၊ ရော့ စောင် ”

သက္ကလတ်စောင်ကို လှမ်းပေးလိုက်သည် ။ ကျွန်တော်သည် သက္ကလတ်စောင်ကို ပွေ့ထားလိုက်၏ ။ ကိုသိန်းဖေ သည် နောက်ဖေးသို့ လှမ်းပြီး သခင်စိုး အား -

“ သခင်စိုးကြီးတော့ အလယ်ခန်းထဲမှာ ဖိုးအောင်ဆန်း အနားမှာပဲ အိပ်ပေတော့ ၊ ကျွန်တော် ဖျာခင်း ထားခဲ့တယ် ၊ စောင်တစ်ထည်လည်း ထားခဲ့တယ် ၊ ခေါင်းအုံးကတော့ စာအုပ်ပေါ့ဗျာ ”

သခင်လှဖေ ကား ကျွန်တော့် အနီးမှာ ထိုင်မြဲ ထိုင်သည် ။ အိပ်ရာ မပြင်သေး ။

“ ဘာအလုပ် လုပ်မယ် ရည်ရွယ်ထားသလဲ ”

“ ရှာတုန်းဗျ ၊ အသက် မွေးဝမ်းကျောင်းမှုလည်းဖြစ် ၊ နိုင်ငံရေးလည်း လုပ်ချိန်ရတာဖြစ်ဖို့ အဆင်သင့်ဖို့လိုတယ် ”

“ အေးလေ ၊ ရှာပေါ့ ၊ ကိုယ်တို့လည်း ကြည့်လိုက်ပါဦးမယ် ”

ထိုအချိန်တွင် လှေကားမှ တက်လာသော ခြေသံပြင်းပြင်းကို ကြားရသည် ။ သခင်လှဖေ က

“ ဟော မောင်စု လာပြီ ”

“ ဟုတ်တယ် ၊ ကိုလှရွှေ ရဲ့ ခြေသံပဲ ”

သခင်လှဖေ က လှေကားဆီသို့ ထသွားရာ ကျွန်တော် သည် စောင်ကြီးကို ပွေ့လျက်ပင် နောက် မှ လိုက်သွားလေသည် ။ တံခါးဖွင့်လိုက်သောအခါ ကိုလှရွှေ က ကျွန်တော့်အား ကြည့်ပြီး ရယ်လိုက်သည် ။

“ ဟား ဟား ဒီမှာ အိပ်မယ်လို့လား ၊ မောင်ရင့် ကို ကျုပ်က ဒုက္ခပေးသလို ဖြစ်နေပြီ ။ ဒီမှာ အိပ်ဖို့ စောင်တစ်ထည် ရတယ်ဆိုရင် မနည်းပါဘူး ၊ သို့ပေမယ့် ထားခဲ့ပါ သွားကြပါစို့ ”

ကိုသိန်းဖေ က အိပ်ရာပေါ် ကျောခင်းနေရာကပင် -

“ လှရွှေ ရေ မပြန်ပါနဲ့တော့ မြို့ထဲမှာ အိပ်ပါလားကွာ ၊ မင်းမအိပ်ချင်ရင် သွန်မဆင်လမ်း သွားအိပ် ၊ ရဲဘော်တင်ထွန်း တော့ ဒီမှာ အိပ်ပစေပေါ့ကွာ ”

“ ကိစ္စရှိသေးလို့ ပြန်ရဦးမယ် ကိုယ့်လူရ ၊ ကဲ ကိုလှ ကျွန်တော် ပြန်မယ် ”

“ မင်းကိစ္စကော ဟန်ကျရဲ့လား ”

“ ဟန်ပါတယ် ”

ကျွန်တော် သည် သူတို့နှစ်ယောက်အား တီးတိုးစကားပြောနေရစ်စေပြီး စောင်ကို တရိုတသေယူ၍ ကိုသိန်းဖေ သို့ သွားပေးလိုက်လေသည် ။

“ ကျွန်တော် ပြန်လိုက်သွားတော့မယ် ”

“ ကိုလှရွှေ က ကိစ္စရှိသေးတယ်ဆိုတော့ ပြန်ကြရုံပဲပေါ့ ”

ကျွန်တော် သူ့အနားသို့ ရောက်သွားသည်ဆိုလျှင်ပင် ကိုလှရွှေ က

“ ဟေ့ ဖိုးသိန်းဖေ ပြန်တော့မယ်နော် ၊ ကဲ အားလုံး ဂွတ်နိုက် ၊ ခြင်ကိုက်ခံကြရပါစေသော် ဟား ဟား ”

သခင်အောင်ဆန်း နှင့် သခင်စိုး တို့အား အိပ်ရာပေါ်မှာလှဲပြီး ဖယောင်းတိုင် တစ်တိုင်စီဖြင့် စာကြည့် နေရစ်ကြလေသည် ။

ကျွန်တော်တို့ လှေကားပေါ်ရောက်၍ သခင်လှဖေ ၏ အသံကို ကြားရသည် ။

“ ဗျို့ သခင်စိုး ဟောဒီခေါင်းအုံး အုံးအိပ်ဗျို့ ၊ စာအုပ်ထက်တော့ ကောင်းပါတယ် ”

◾သိန်းဖေမြင့်

📖 အရှေ့ကနေဝန်းထွက်သည့်ပမာ

koaungnaingoo.blogspot.com

.

No comments:

Post a Comment