❝ ဒါရိုက်တာ လုပ်မိခြင်း ❞
ကျွန်တော်က လူတစ်မျိုးဗျ ။ ဘာပဲ လုပ်လုပ် လုပ်ချင်တဲ့ စိတ်လေး ( တခြား မတွေးပါနဲ့ ) စာရေးခြင်းက ကားရိုက်ခြင်းကို ပြောတာပါ ။
အဲ .. ခုနက စိတ်လေးပေါ့ ။ ပေါ်ပေါက်လာပြီဆိုတာနဲ့ အချိန်ရယ် ၊ အခါရယ် ၊ ဖြစ်နိုင်၏ ၊ မဖြစ်နိုင်၏ ဝေဖန်သုံးသပ် မနေတော့ဘူး ။
“ ဆင်ကန်း တောတိုး ” ပဲ မှန်တယ်ဆိုရင် ပီတိတွေ ဖြစ်ပြီး ၊ မှားရင် ဘယ်အတိုင်းအတာ အထိ ခံရ ခံရ ခံပစ်လိုက်တယ် ။
ခုလည်း ကြည့်လေ ၊ ကျွန်တော့် ရင်ထဲမှာ ရှိနေတဲ့ ဇာတ်လမ်းလေး တစ်ပုဒ် ကို ဒါရိုက်တာ တော်တော်များများ လိုက်ပြော ပြ ၊ ရေးပြီးသားလေး ပေးဖတ် ၊ ကုမ္ပဏီတွေလည်း ဒီအတိုင်းပါပဲ ။ ဘယ်သူ့ ဘယ်သူမှ စိတ်မဝင်စားကြဘူး ။
ကြာလာတော့ ရင်ထဲမှာ မခံစားနိုင်တော့ဘူးဗျာ .. ။
ဖြစ်ချင်ရာ ဖြစ် ၊ ကိုယ့်ဘာသာ ကိုယ် ငွေထုတ် ၊ ကိုယ်တိုင် ဒါရိုက်တာ လုပ်ပြီး ရိုက် မယ်ဟဲ့ ဆိုပြီး ၊ ဆုံးဖြတ်လိုက်တယ် ။
အဲ ... လောလောဆယ် ကားရိုက်ဖို့ နေနေသာသာ ကန်တော့ပွဲ ပေးဖို့တောင် တစ်ပြားမှ မရှိဘူး..
ဒီတော့ ကျွန်တော် ဘာလုပ်တယ် မှတ်လဲ .. လှိုင်သာယာ မှာ ရှိနေတဲ့ ကျွန်တော့် မိဘတွေ ရဲ့ အိမ်ဂရန် ကို ခြောက်ကျပ်တိုး နဲ့ ပေါင်ပစ်လိုက်တယ် ။
ဖြစ်ပြီ ... လုပ်ငန်းစလို့ ရပြီပေါ့ ။
ကျွန်တော့် ဇနီး ထူးသခင် ကိုတော့ ဘယ်ကုမ္ပဏီက ငွေပေါ့ ... ကားနာမည်က “ ငွေဆယ်သိန်း နဲ့ လူလေးယောက် ”
( ၃၅ ) လမ်းထဲက ရှမ်းရိုးရာစားသောက်ဆိုင်မှာ စာနယ်ဇင်းသမားတွေ ဖိတ်ပြီး .. ကန်တော့ပွဲ တစ်ခု ဖန်တီးလိုက်တယ် ။
အဲဒီ ကန်တော့ပွဲမှာ ဘယ်သူက ပြောလိုက်တယ် မသိပါဘူး ... ကျွန်တော့် မွေးသဖခင် အဖေ ရောက်လာတယ် ။ ကျွန်တော် တော်တော်လေး တုန်လှုပ်သွားတယ် ။
“ ဘာကြောင့် အဖေ လိုက်လာတာလဲ "
လို့ မေးတော့ အဖေ က ပြုံးပြုံးကြီး နဲ့ ..
“ ငါ့သား ဒါရိုက်တာ လုပ်တယ် ကြားလို့ပေါ့ကွ .. ”
တဲ့ ။
အဲဒီတော့မှ ကျွန်တော်လည်း ပြုံးနိုင်တော့တယ် ။ ဒါနဲ့ ကမန်းကတန်း ...
“ ရော့ အဖေ ... ဒါက အဖေ့ အတွက်... ဒါက အမေ့ အတွက် .. "
ဆိုပြီး .. ငွေနှစ်သောင်း ကန်တော့လိုက်တယ် ။
အဲဒီတုန်းက များဗျာ ... အဖေ ရဲ့ အပြုံးကြီးတွေ အတုံးလိုက် ၊ အတစ်လိုက် နဲ့ မြင်စေချင်တယ် ။
“ ငါ့သား ... ဒါရိုက်တာ ကွ ... ”
ဆိုတဲ့ မျက်နှာကြီးနဲ့ ဓာတ်ပုံတွေကလည်း တဖျပ်ဖျပ်နဲ့ပေါ့ .. ။
ကင်မရာမင်း စရံပေး ၊ စက်တွေ စရံပေး ၊ သရုပ်ဆောင် စရံပေး နဲ့ပေါ့ .... ရိုက်ဖြစ်ပြီဆိုပါတော့ ...
အရင်တုန်းက စကား တစ်ခု ကြားဖူးတယ်ဗျာ .. မိတ်ဆွေကောင်း စစ် မစစ် ဆိုတာ ခရီးအတူ သွားဖူးမှ ... အရက်အတူ သောက်ဖူးမှ .. ဖဲအတူ ရိုက်ဖူးမှတဲ့ ..
ခုဟာက ပြောင်းပြန်ကြီး ..
အဲဒီအဆင့် မရောက်လိုက်ဘူး ... ကားအတူ တွဲရိုက်ဖူးတော့မှ သိရတာ .. တော်တော်လေး ရင်းနှီးတဲ့ မိတ်ဆွေပါ ...
သူ့ ကား ရိုက်တုန်းက ဆိုရင် ကျွန်တော် လိုအပ်တာ ဝိုင်းလုပ်ပေးတယ် ။ မော်နီတာကအစ ကြည့်ပေးတယ် ။ သူ မအားရင် ဒါရိုက်တာ အနေနဲ့ ဝင်ရိုက်ပေးတယ် ။ ကြော်ငြာစပွန်ဆာလို တယ် ဆိုလည်း ကိုယ်တိုင် ဆိုင်ကယ်နဲ့ လိုက်ရှာပေးတယ် ။
ခု ကျွန်တော်လည်း ဒါရိုက်တာ လုပ်ရော ၊ မျက်နှာရော ၊ လေသံပါ ပြောင်းသွားရုံတင် မကဘူး ။ တကယ့် ဆရာကြီး တစ်ဆူလိုပဲ ။
ဒရင်းဘက်ကြီး နဲ့ ထိုင်ရာက မထဘူး ။ ရိုက်ခါနီး သွားသွား ပြောရတယ် ။ ရိုက်ကွင်းပေါ်ကိုလည်း ရောက်ချင်တဲ့အချိန် ရောက်တယ် ။
ဪ .. မိတ်ဆွေကောင်း ဆိုတာ ဒါမျိုးကိုးလို့ ရင်ထဲမှာ အသိအမှတ် ပြုလိုက်တယ် ။ ရင်ထဲမှာ မကောင်းလိုက်တာဗျာ .. ။
ကျွန်တော်က ဒါလေး လုပ်ချင်လို့ လုပ်တာပါ ။
ဒါရိုက်တာ လုပ်ချင်လို့ မဟုတ်ပါဘူး ။ ပင်ပန်းလိုက်တာ .. ကိုယ်တိုင် ရိုက် ၊ ကိုယ်တိုင် ဇာတ်ခွဲ ၊ ကိုယ်တိုင် သရုပ်ဆောင် ။ အခြားသူများ ကားတွေ ဝင်ရိုက်ရတာ စိတ် တစ်ခုပဲ ပင်ပန်းတယ် ။ ခုဟာက အားလုံး ပင်ပန်း တာ ၊ မိသားစုပါ မနေရဘူး ။ ကား သာ ရိုက်နေရတာ စိတ် က ခုလောက်ဆို အတိုး က ဘယ်လောက် ရှိနေပြီလဲ ! .. ရိုက်တဲ့ ရက် နဲ့ ကားဆက် အပြီး ၊ ဆင်ဆာ တင် ၊ ဆင်ဆာ ပြင်ဆင်ချက် ပြန်လုပ် ၊ ပြန် တင် ၊ ကုမ္ပဏီတွေလိုက် ပြန်ရောင်း ၊ ရမှာနဲ့ ရက်တွေ တွက်လိုက်ရင် “ အမလေး .. ” ညည တော်တော်နဲ့ အိပ်မပျော်ဘူး ။
ဒီကြားထဲ နက်ဖြန် ဘယ်မှာ ရိုက်ရမယ် ။ ရိုက်ခွေ ဘယ်လောက် ထပ်ဝယ်ရဦးမလဲ ၊ ဘယ်သူကတော့ဖြင့် နေ့ဝက်ပဲ ရမယ် ။ ဘယ်သူက ဘယ်ရက် အထိပဲ ရမယ် ။ အကယ်၍ မပြောကောင်း ၊ မဆိုကောင်း ၊ ဒီ ဇာတ်ကားကို ပြန်ဝယ်မယ့်လူ မရှိရင် အဖေတို့ အိမ် ဂရံလေး ဘယ်လို ပြန်ရွေးပေးရပ ။ မရွေးနိုင်လို့ ဆုံးသွားရင် အဖေ နဲ့ အမေ အသက်ကြီးမှ လမ်းဘေးမှာ ပစ္စည်းတွေ ပုံပြီး ၊ ကျွန်တော့်ကို ကောင်းကောင်း မေတ္တာပို့ပြီး ၊ ငိုနေမှာ ကြိမ်းသေပဲ ..
ဆိုပြီး မျက်လုံးထဲမှာ ပြေးပြေးမြင်နေမိတယ် ။
ရိုက်ကွင်းပေါ်မှာလည်း မော်နီတာ ပြေးကြည့် ၊ စကားလုံးတွေ ပြောပြ ၊ ရိုက်ကွင်းနေရာ ပြေးရှာနဲ့ မျက်နှာကြီးက အဆီတွေ ပြန် ..
ညပိုင်း အိပ်မပျော်တော့ မျက်တွင်းက ဟောက်ပက် ။ ကားလည်း ပြီးသွားရော.. အရိုး နဲ့ အရေ ပဲ ကျန်ခဲ့တယ် ။
အဲဗျာ .. ကား ရိုက်ပြီးလို့ ဆင်ဆာတင်ရုံ ရှိသေးတယ် ။
ဘယ်သူ့ဆီက သတင်းကြားလိုက်တယ် မသိပါဘူး ။
အဖေ နဲ့ အမေ ငိုကြီးချက် မနဲ့ - ပေါက်ချလာတယ် ။
“ ငကျော်ထူး ... လုပ်ပြန်ပြီလား ဟင်.. ငယ်ငယ်တုန်းက သင်္ကြန်အသင်း လိုက်ဖို့ ငါ့ ထဘီ သွားပေါင်တာ အရေးမကြီးဘူး ဟဲ့ ... ခုဟာက ငါတို့ လင်မယား လှိုင်သာယာ ကွင်းထီးထီးကြီး ထဲမှာ ငုတ်တုတ်ထိုင်ပြီး ၊ ခွက်ဆွဲ တောင်းစားရအောင် လုပ်တာလားဟဲ့ .. ”
တဲ့ ။ တစ်ခါ အဖေ က ...
“ ငါ့သား .. ဒါရိုက်တာကြီး တော်လိုက်တာ .. မိဘ အပေါ် သိတတ်တယ် ... အဖေ နဲ့ အမေ ကို ငွေနှစ်သောင်း တောင် ကန်တော့လိုက်တယ် ဆိုပြီး .. ငါတို့ကတော့ ပျော်လိုက်ရတာ .. လက်စသတ် တော့ ငါတို့ အိမ်ဂရံ ခိုးပေါင်ပြီး ၊ ငါ့ ငွေနဲ့ ငါ့ကို ပေးတာကိုး ” ဆိုပြီး ၊ လက်သီး နဲ့ လိုက်ထိုး ၊ အမေ က လှမ်းဆွဲ ၊ ကျွန်တော့် မိန်းမ ထူးသခင်က ...
“ ဘယ့်နှယ့်ရှိစ ၊ ကိုရွှေဒါရိုက်တာကြီး ရိုက်ချင်ဦးလေ .. ”
ဆိုတဲ့ မျက်နှာပေးနဲ့ ... ။
“ ကြီးကောင်ကြီးမားကြီး နဲ့ ခုချိန်ထိ အရူးထနေတုန်းပဲလားကွ ... လူေပါကြီးရဲ့ .. ”
ဆိုတဲ့ အဖေ ရဲ့ အသံတွေကြောင့် ပတ်ဝန်းကျင်က ဝိုင်းကြည့်ကုန်ရောဗျာ ။
“ ကိုကျော်ထူး ... ဘာဖြစ်တာလဲ ”
လို့ မေးလည်း မေးရော ...
ကျွန်တော့် အမေ က ခုနစ်သံချီ ဟစ်ပါလေရောဗျာ .. ။
“ ဘာဖြစ်ရမှာလဲတော့.. ဟောဒီက လူရွှင်တော် လူပေါကြီး ကိုကျော်ထူး က ဒါရိုက်တာ တဲ့လေ .. သူ့ဟာ သူ ဗီဒီယို ရိုက်ချင်ရင် ကိုယ့်ပိုက်ဆံ နဲ့ ကိုယ် ရိုက်ပေါ့ ။ ခုတော့ ကျွန်မတို့ အိုကြီးအိုမ နေတဲ့ အိမ်စုတ်လေးရဲ့ ဂရံ ကို ခိုးပေါင်ပြီး ၊ ဒါရိုက်တာ လုပ်တယ်တဲ့... အရပ်ကတို့ ရေ ... ကျွန်မတို့ လင်မယား အသက်ကြီးမှ အိုးမဲ့အိမ်မဲ့ ဖြစ်တော့မယ် တော့ ..”
ပြီးတော့ ကျွန်တော့်မိန်းမ ထူးသခင် ဘက် လှည့်ပြန်ရော ။
“ ညည်းကလည်း ကိုယ့်ယောက်ျား အရူးအပေါ ကြီးကို ဘာမှ မပြောဘူးလား... နည်းနည်းပါးပါး ပြောကြပါဦးအေ .. ”
တဲ့ ။ ဒီတော့ ကျွန်တော့်ဇနီး ထူးသခင် က ...
“ အနုပညာနဲ့ ပတ်သက်လာရင် ဘာမှ ပြောလို့ မရပါဘူး အမေရေ့ ... ကျွန်မ နေမကောင်းလို့ ခရီး မထွက်ပါနဲ့ ... ကလေးတွေ နေမကောင်းလို့ ... ဒီတစ်ရက်တော့ဖြင့် ဒါရိုက်တာကို တောင်းပန်ပြီး ၊ ဆေးခန်း သွားပြပေးပါ .. လို့ ဆိုတာတောင် သူများ ငြိုငြင်မယ် ... နောက် ခေါ် မသုံးရင် ဘယ့်နှယ် လုပ်မလဲ .. ငါက မင်းသား မဟုတ်ဘူး.. ဆိုပြီး ကျွန်မတို့ကို ပြန်ဆူတာ အမေရဲ့.. ”
ကျွန်တော်လည်း အဖေတို့ ၊ အမေတို့ ၊ ဇနီးမယား ကြားမှာ ဘယ်လို ပြန်ပြောရ ၊ ဘယ်လို နှစ်သိမ့်ရမလဲလို့ စဉ်းစားလို့ကို မရဘူး ၊ အဲဒီအချိန်မှာပဲ အဖေ က ..
“ ဟေ့ကောင် သောက်ရူး .. ငယ်ငယ်ကတည်းက အရူးထပြီး ဒုက္ခပေးတဲ့ပေါင်းများပြီ .. နယ်မြေ မချဲ့နဲ့... ကိုယ်က လူရွှင်တော် ... လူရွှင်တော် ဟာ လူရွှင်တော် အလုပ်ကို လုပ် .. အေး .. ငါတို့ လင်မယား အိမ်ဂရံ ပြန်မရွေးပေးနိုင်လို့ကတော့ ကျော်ထူး သော ဘာသော နားမလည်ဘူး.. မင်းတို့ ဘာလုပ်တဲ့ ... အုပ်ချုပ်တဲ့ ရုပ်ရှင်ကောင်စီရုံး ကို သွားတိုင်မယ် .. ဘာမှတ်လဲ လူပေါကြီးရဲ့”
တဲ့ ။ အဲ .. ကံကောင်းချင်တော့ ဇာတ်ကား ရောင်းပြီး ၊ နှစ်ပတ် အတွင်းမှာ အဖေ့ ကို အိမ်ဂရံလေး ပြန်ရွေးပေးနိုင်ခဲ့ပါတယ် ။ အဲ .. ဒါရိုက်တာ လုပ်မိတဲ့ အကျိုးအမြတ်ကတော့ အဖေတို့ အိမ် သွားလည်ရင် ဘာများ ယူမလဲ .. ဘာ ခိုးဦးမလဲ ဆိုတဲ့ မျက်လုံးတွေနဲ့ အလစ်မပေးဘူး ... ဘာလုပ်လုပ် လိုက်ကြည့်နေတယ် ။
ဝတ္ထု ၊ ဇာတ်ညွှန်း ၊ ဒါရိုက်တာ ၊ သရုပ်ဆောင်ခ တွေကတော့ အိမ်ဂရံ အတိုးပေးတဲ့ အထဲ ပါသွားပါလေရောဗျာ ... ။
◾ ကျော်ထူး
📖 လူပြောများတဲ့ လူပေါကြီး
koaungnaingoo.blogspot.com
.
No comments:
Post a Comment