❝ သီပေါဘုရင် နှင့် ရနောင်မောင်မောင်တုတ် ❞ ( ၁ )
၁၂၄၀ ပြည့် ၊ တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်နေ့ ညနေ ( ၄ ) ချက်တီး ( ၂ ) မောင်း အချိန်တွင် အဂ္ဂမဟေသီ ဘိသိက်ခံပွဲ ကျင်းပလေတော့သည် ။ မှန်နန်းတော် ဘမရာသန ပလ္လင်ဆောင် မှာ ဖြစ်သည် ။
တောင်နန်းစံ မိဖုရားခေါင်ကြီးအဖြစ် ဘိသိက်ခံယူမယ့် မိုင်းနောင် စုဖုရားကြီး သည် မိဖုရားများ ဆင်သလေ့ရှိသည့် ဥဂ္ဂတ်တန်ဆာ ကို ဝတ်ဆင်ထားသည် ။ အခမ်းနား စ , စချင်းပဲ စုဖုရားကြီးသည် အရိုးကိုးတောင် အမြင့်ရှိသော နမဒဏ္ဏ မနောဟရ ထီးဖြူတော် အောက်ရှိ ဘမရာသန ပလ္လင်တော် ၏ မြောက်ဘက် မာရဘင်ပေါက် မှ ထွက်စံနေ၏ ။
သီပေါမင်းတရား ကလည်း မင်းဝတ်တန်ဆာ အစုံအညီနှင့် ပလ္လင်တော်၏ တောင်ဘက် မှ ထွက်စံတော်မူ၏ ။ မင်း မိဖုရား ပလ္လင်ပေါ်ရောက်သည်နှင့် ဝဲယာမှ ခစားနေကြတဲ့ မှူးမတ် သေနာပတိ အပေါင်းတို့က ကောင်းချီးဩဘာ ပေးကြရသည် ။ ရှေ့တော်ပြေး စည်တော်စုံ ရွမ်းသည် ။ အသင့် စောင့်ဆိုင်းနေကြသော ပုဏ္ဏားတော်များက အခါတော် ကြားလျှောက်ရ၏ ။ ဘမရာသန ပလ္လင်တော် ဝဲယာမှ ရပ်နေကြသူ ဘိသိက်တော်ဆက် ပုဏ္ဏားများက ဘိသိက်တော်ဆက်ရန် ပြင်နေကြသည် ။
အချိန်အနည်းငယ်အတွင်းမှာ ဘယ်သူမှ မမျှော်လင့်တဲ့ ဖြစ်ရပ်တစ်ခုက သမိုင်းကို တွင်သွားစေသည် ။ ဘိသိက်တော်ဆက် ပုဏ္ဏားများ ပြင်ဆင်နေဆဲမှာပင် ပလ္လင်တော်၏ မာရဘင်ပေါက် မှ မိဖုရားခေါင်ကြီးတို့သာ ဆင်ယင်ရသည့် ဥဂ္ဂတ်တန်ဆာ ဝတ်ဆင်ထားသည့် စုဖုရားလတ် သည် ဖျတ်ခနဲ ရောက်လာလေသည် ။
သီပေါမင်းတရား နှင့် အစ်မတော် စုဖုရားကြီး ကြားမှာ ဝင်ထိုင်ရင်းက ဘိသိက်တော်ဆက် ပုဏ္ဏားတွေကို ခပ်ငေါက်ငေါက် မိန့်ကြားလိုက်သည် ။
“ ပုဏ္ဏားတော်တွေ ဘောက် မဲ့ကြောင့် ငေးနေကြတာလဲ ၊ ဆောင်ရွက်ဖွယ်ရာ ကိစ္စကို ဆောင်ရွက်ကြလေ ” လို့လည်း ပြတ်သားရဲရင့်စွာ မိန့်လိုက်သည် ။ ကြောက်ရွံ့တဲ့ ပုဏ္ဏားတွေဟာ ဘိသိက်တော် ဆက်ကြရတော့သည် ။
သည်နည်းနဲ့ စုဖုရားလတ် သည် တောင်နန်းစံ မိဖုရားခေါင်ကြီးအဖြစ် ရခဲ့တာပဲ ။ သီပေါမင်း အဖို့လည်း တောင်နန်းစံ မိဖုရားခေါင်ကြီး နှစ်ပါးကို ပြိုင်တူ မြှောက်ပြီးသား ဖြစ်သွားတော့သည် ။ ရုတ်တရက် ထူးခြားသော ရှုခင်းကြောင့် မှန်နန်းတော် ဘမရာသန အဆောင်တော်အတွင်းမှာ ရှိတဲ့ မင်းပရိသတ် အပေါင်းသည် အံ့ဩဘနန်း ရှိသွားလေသည် ။ ရင်သပ်ရှုမော ဖြစ်ကြသည် ။ အုန်းအုန်းကျွက်ကျွက် ဖြစ်ကြရလေသည် ။ ပုဏ္ဏားတော်များက ဘိသိက်တော် ဆက်ပြီး နားခံတော်က ငွေပုရပိုက်တွင် ရေးသားထားသည့် ရတုပိုဒ်စုံ သုံးစုံကို ဖတ်လျှောက်သည် ။ စာဆိုနှင့်အညီ ရွေးချယ်ထားသည့် ဒိုင်းဝန်သမီး ခင်ခင်ကြီး အပါအဝင် မမြင့်လွန်း ၊ မနိမ့်လွန်း ၊ မဖြူလွန်း ၊ မညိုလွန်းသော သမီးကညာ ခုနစ်ယောက်က အောင်သပြေခက်နှင့် နံ့သာခွက် များ ကိုင်ပြီး ပူဇော်ပွဲများ ဆက်သသည် ။ သည်လိုနဲ့ ဘိသိက်ပွဲကြီး အောင်မြင်ပြီးမြောက်သွားသည် ။
ဤသို့ သီပေါမင်းသား မင်းအဖြစ်သို့ ရောက်သည်နှင့် မောင်မောင်တုတ် အား ချီးမြှင့်တော်မူလေ၏ ။ ဘုရင်လက်သုံးတော်ကိုင် မြောက်ထားဝယ်ဗိုလ်အဖြစ် ခန့်အပ်သည် ။ သာမန် အရပ်သားဘဝ မှ မောင်မောင်တုတ် အဖို့ မည်မျှ တန်ခိုးအာဏာ ကြီးမားသွားသနည်းဟူမူ သီပေါဘုရင် ညီလာခံခေါ်စဉ် အတွင်း၌ နန်းစဉ် အရိန္ဒမာလှံတော် ကို အမြဲကိုင်ဆောင်ရသည် ။ ဘုရင့်နောင် ကျော်ထင်နော်ရထာ ဘွဲ့ကိုလည်း ချီးမြှင့်ခံလိုက်ရသည် ။ မင်းညီမင်းသား အခွင့်အရေးနှင့် ရနောင်မြို့ကို စားရသည် ။
တစ်နွယ်ငင် တစ်စင်ပါ ဆိုသလို မောင်မောင်တုတ် ၏ ညီအရင်းဖြစ်သူ မောင်မောင်ပြောင်း မှာလည်း ပြင်းသာမြို့ကို စားရသည် ။ သူသည်လည်း မင်းညီမင်းသားတို့၏ အခွင့်အရေးကို ရရှိလာသည် ။ နောင်ခါတွင် ပြင်းသာမင်းသား မောင်မောင်ပြောင်း ဟူ၍ ခေါ်ကြသည် ။
အိမ်တော်ပါ လက်သုံးတော်ကြီးများ ၊ မြောက်ထားဝယ် သေနတ်ဗိုလ် ၊ တောင်ထားဝယ် သေနတ်ဗိုလ်များအပေါ်တွင် ရနောင်မင်းသား မောင်မောင်တုတ် ၊ ပြင်းသာမောင်မောင်ပြောင်း တို့က ဝဲလှည့် ယာလှည့် အုပ်ချုပ်ရသည် ။
မောင်ဖေငယ် မှာမူ ရွှေတိုက်စိုးအရာ နှင့် တောင်သမန်လယ် ကို စားစေသည် ။ စီးတော်မြင်းဝန် အဖြစ်လည်း သူကောင်းပြုခံရသည် ။ ရေမြင့် ကြာတင့် ဆိုသလိုပဲပေါ့ ။ ဒါတင် ဘယ်ကသေးမလဲ ။ သီပေါမင်း မင်းသားဘဝ နေစဉ်က ရင်းနှီးခင်မင်ခဲ့သော အိမ်တော်ပါများနှင့် သူတို့၏ နီးစပ်ရာ ပုဂ္ဂိုလ်များပါမကျန် အချီးအမြှင့် ခံရလေသည် ။
ယခုအခါ၌ ရွှေနန်းတော်တွင် မကြာခဏ တွေ့မြင်နေရသော မြင်ကွင်းမှာ ဘုရင်မင်းမြတ်သည် သူ၏ လူယုံတော် ရနောင်မင်းသား မောင်မောင်တုတ် နှင့် အမြဲတမ်း တတွဲတွဲ ရှိနေသော မြင်ကွင်းပင် ဖြစ်သည် ။ လူဆိုသည်ကား အဘယ်သူ တစ်ဦးတစ်ယောက်တလေမျှ အားလုံး ကောင်းပါသည်ဟူ၍ မရှိပေ ။ အားနည်းချက်ကလေးများကမူ ကိုယ်စီကိုယ်ငှ ရှိကြစမြဲပင် ။ သည်သို့နှယ်ပင် သာမန်အမျိုးအနွယ်မှ မင်းသားဘဝသို့ ရောက်ရှိလာသော မောင်မောင်တုတ် မှာလည်း ချို့ယွင်းချက်ကလေးများ ၊ အားနည်းချက်ကလေးများ အနည်းငယ် ရှိနေမည်မှာ မလွဲသော ဧကန်ပင် ။
ရနောင်မင်းသား သည် မန္တလေးရွှေမြို့တော် လမ်းတစ်လျှောက်တွင် မြင်းကို ဒုန်းစိုင်း၍ စီးလျက် လာရာမှ သူလာသည်ကို ဒူးတုပ်၍ အရိုအသေ မပြုသူများအား သူ၏ နောက်တော်ပါ ကျွန်ယုံများက ကြိမ်းမောင်း၍ ကြိမ်ဖြင့် ရိုက်တတ်လေသေးသည်ဟု ဆိုကြသည် ။ ပြတင်းဝတွင် ထွက်ပြူနေသော မိန်းမချောကလေး တစ်ဦးတစ်ယောက်ကို တွေ့မြင်ပြန်လျှင်လည်း အဆိုပါ မိန်းကလေး၏ မိဘများထံ ၎င်းအား ဆက်သရန် အတင်းအဓမ္မ တောင်းယူပြီး သူ၏ အိမ်တော်သို့ ခေါ်ဆောင်သွားတတ်လေ့ ရှိသည် ။
သည်ဖြစ်ရပ်ကလေးများက ရနောင်မင်းသား ၏ ဘဝထဲမှ အမည်းကွက်ကလေးများ ဖြစ်ပေသည် ။ သည်အမည်းကွက်ကလေးများက အတိအကျ မှန်ကန်သည် ၊ ရာနှုန်းပြည့် မှန်ကန်သည်လို့လည်း အသူက ပြောနိုင်ပါအံ့နည်း ။ ဒါကြောင့်ပဲ ထင်ပါရဲ့ ။ စုဖုရားလတ် အနေဖြင့် သီပေါမင်းသား အား ရနောင်မင်းသား နှင့် အကျွမ်းတဝင် ဖြစ်နေသည်ကို မရှုစိမ့်ဘဲ ရှိနေလေသည် ။ တစ်ခါတစ်ရံ သီပေါဘုရင် စိတ်လှုပ်ရှားလာသည့် အခါများ၌ လည်းကောင်း ဝိုင်အရက် နှင့် စကော့ ( ခ်ျ ) ဝီစကီ ကို သောက်တတ်အောင် သင်ပေးသူမှာလည်း ရနောင်မင်းသား ပင် ဖြစ်လေသည် ။
ဤသို့ဖြင့် မိဖုရားခေါင်ကြီးအဖြစ် ရောက်သွားခဲ့သည့် စုဖုရားလတ် သည် သီပေါမင်းသားကို သူတစ်ဦးတည်းပိုင် ချစ်ခွင့်အတွက် စီမံကိန်းတစ်ခု ပြုလုပ်လိုက်သည် ။ မိဖုရားခေါင်ကြီး
နေရာဖြစ်သော နန်းမတော် အဆောင်တော်ကြီးကို စုဖုရားကြီးအား စံမြန်းစေရန် မယ်တော် ဆင်ဖြူမရှင် မိဖုရားကြီးက စီစဉ်ပေးခဲ့သည် ။ ဒါကို ဘိသိက်ပွဲအပြီးမှာ စုဖုရားလတ် က သူ၏ အစ်မတော် မနေနိုင်စေရန် အမျိုးမျိုးသော နည်းများဖြင့် အနှောင့်အယှက် ပြုသည် ။
သီပေါမင်းသား စုဖုရားကြီး ၏ အဆောင်တော်သို့ မသွားနိုင်စေရန် နေ့ , ညဉ့် အလစ်မပေးဘဲ အရိပ်တကြည့်ကြည့်နဲ့ ကြည့်နေ၏ ။ ချစ်တဲ့စိတ်ထက် မနာလိုတတ်သည့် စိတ်ကများ အလေးသာနေရော့သလားလို့ ထင်မိပါရဲ့ ။ ညီအစ်မအရင်းချင်းတောင် လင်ကို တစ်ဦးတည်း မူပိုင်လုပ်ချင်တဲ့ စုဖုရားလတ် ပါပဲ ။ တခြားသူများဆို ခက် , ခက်ရချည်သေးရဲ့ ။
သီပေါမင်း ကလည်း ငယ်ကြောက်ဆိုတော့ မပြောသာ ။ ဗွေသဖန်းမှာ ရေဖျန်းငယ် အတူခံပြီး ဘိသိက်သွန်းခဲ့သည့် မိဖုရားခေါင်ချင်း အတူတူ ဖြစ်သော်လည်း စုဖုရားကြီး အား မျက်နှာသာ မပေးရဲ ။ ဘုရင်ကိုယ်နှိုက်ကလည်း ကြောက်နေရတော့ ခက်နေတော့တာပေါ့ ။ သည်လိုနှင့် နောက်ဆုံးမှာ စုဖုရားကြီး လည်း တောင်နန်းစံ နန်းမတော်ကြီး အဆောင်ကိုစွန့်ပြီး မယ်တော်ဆောင် ကို ပြောင်းရွှေ့သွားရတော့သည် ။
ဒါတွေကို အဘက်ဘက် မှာ စီမံကိန်းချပြီး စီမံခဲ့တဲ့ မယ်တော် ဆင်ဖြူမရှင် မိဖုရားကြီး လည်း ဘာမှ မတတ်နိုင်တော့ဘူးပေါ့ ။ မိဖုရားခေါင်ကြီး ဖြစ်လာသည့် သမီးတော် စုဖုရားလတ် အပေါ်မှာလည်း အရင်လို ဩဇာမညောင်းတော့ဘူး ။ ပြောမကောင်း ဆိုမကောင်းတော့ဘူး ။ သည်တော့ စိတ်ပျက်လာတာပေါ့ ။ သည်နေရာမှာ စုဖုရားလတ် က တစ်မျိုး ထွင်လာပြန်သည် ။
သီပေါမင်း နှင့် တိုင်းပြည် ကို အာရုံပြောင်းလိုက်တာပဲ ။ မိမိဘက်ကို လှည့်နေတဲ့မြားဦးဟာ တခြားတစ်နေရာကို ရောက်သွားအောင်ပေါ့ ။ အခက်အခဲထဲမှ ရုန်းထွက်နိုင်အောင် ကြံရည်ဖန်ရည်ရှိသည့် မင်းသမီးပဲ ။ တိုင်းပြည်က မိမိအပေါ် တစ်မျိုးမြင်နေတာကို ပြောင်းလဲ သွားအောင် ဖန်တီးလိုက်တာပါပဲ ။ အတုယူဖို့ ကောင်းတယ်ပေါ့ ။
တန်ဆောင်မုန်း လဆုတ် ဆယ်ရက်ကစပြီး နတ်တော်လကွယ်နေ့အထိ ဆယ့်ကိုးရက် လုံးလုံး နန်းတော်တွင်းနှင့် နေပြည်တော် တစ်ခွင်လုံးမှာ ပွဲလမ်းသဘင် မပြတ်ကျင်းပစေသည် ။ နေရာတိုင်းမှာ ပွဲ ၊ အငြိမ့် ၊ ဇာတ်သဘင် ၊ ရုပ်သေး စသည်တို့ရဲ့ အသံတွေဟာ ဖိမ့်ဖိမ့်တုန်နေသည် ။ ပျော်မှုရွှင်မှုကို ပေးထားပေမယ့် သွားလာလှုပ်ရှားသည့် ပြည်သူပြည်သားများရဲ့အသွင်ပြင်တွေက ပျော်ရွှင်မှု မရှိ ။ စားရေး ၊ နေရေး ၊ ဝတ်ရေး ခက်လှသည့်အထဲ ပွဲလမ်းသဘင်တွေ နင်းကန် ကျင်းပနေတော့ အပိုတွေ ကုန်တာပေါ့ ။ သည်တော့ သည်အတွက် အပိုငွေ ရှာရဖွေရနဲ့ ပြည်သူတွေ အတော် ဒုက္ခရောက်ကြရသည် ။ ခိုးမှု ၊ တိုက် မှုတွေကလည်း မနည်းပါဘဲ ။ သည်မင်းတက်လာမှ ဒုစရိုက် မှုတွေ ပိုပေါလာတယ်လို့ ဆို၏ ။ မကောင်းမှုတွေနဲ့ အသက် မွေးကြတဲ့ လူတွေလည်း အတော် များလာသည် ။ မင်းမြှောင် မင်းကပ်ပါးတွေလည်း အတော် စားသာနေကြလေရဲ့ ။ ရွှေနန်းတော်ရဲ့ အတွင်းရေးတွေကလည်း ပိုပြီး ရှုပ်ထွေးလာနေသည် ။
သည်လို ဆိုင်းသံ ဗုံသံတွေ ဖုံးလွှမ်းနေတာကို ကြေးတိုက်အတွင်းက ဖမ်းဆီးခံနေရသည့် မင်းသားတွေအဖို့တော့ အမင်္ဂလာ အသံပါပဲ ။ သည်တစ်ကြိမ်တော့ မင်းသားတွေနဲ့အတူ မယ်တော်တွေလည်း ပါလာသည် ။ သူတို့ရဲ့ အဆက်အနွယ်တွေလည်း ပါလာ၏ ။ ဆွေမျိုး မကင်းသူများလည်း အဖမ်းခံထားရလေသည် ။ သုံးဆယ်မင်းသား ဦးရီးတော် ၊ ဗန်းမော်အတွင်းဝန် ဦးဘိုး ၊ ရနောင်မင်းသား ၏ ဦးရီးတော် ရေနံ့သာမြို့စား ဦးရွှေအောင် ၊ တပယ်မြို့စား မင်းသား မောင်မောင်ဘ ၊ မြင်းစုဝန်ကြီး ဦးတက်တူ ၊ ရန်ကုန်ဝန် ဦးအုပ် စသည်တို့နှင့် ကျေးကျွန်တော်များ ဖြစ်သည် ။
‘ သူတည်းတစ်ယောက် ကောင်းဖို့ရောက် မူ သူတစ်ယောက် မှာ ပျက်လင့်ကာသာ ဓမ္မတာတည်း ’ ဆိုတဲ့ ရှေးပုဂံခေတ်က အနန္တသူရိယအမတ် ၏ သေအံမူးမူး စပ်ဆိုခဲ့သည့် သံဝေဂ လင်္ကာဟာ သည်မင်းသားတွေအတွက် စပ်ခဲ့သည်လို့ ဆိုရမှာပါပဲ ။ ဒါမှမဟုတ် သီပေါ တစ်ယောက် ကောင်းဖို့ရောက် မူ မင်းသားများမှာ ပျက်လင့်ကာသာ ဓမ္မတာတည်းလို့ပဲ ဆိုရမလားပဲ ။
အပြင်လောကမှ ဝင်လာတဲ့ ဆိုင်းသံ ဗုံသံများဟာ ကြေးတိုက်အတွင်းမှာ ပဲ့တင်သံ ထပ်နေလေသည် ။ မက္ခရာမင်းသားကြီး နဲ့ သုံးဆယ်မင်းသားမှာ စိတ်ထက်သည့် လူများပီပီ အံတကြိတ်ကြိတ် လက်သီးတဆုပ်ဆုပ် ရှိနေသည် ။
ကြေးတိုက်ဘေးတွင် ကာရံထားသော သစ်တိုင်များကိုလည်း မော့ကြည့်နေပြီး သက်ပြင်းတချချ ဖြစ်နေရှာသည် ။ သုံးဆယ်မင်းသား မှာ ကိုယ်ခန္ဓာ အဆစ်ကျနလှပြီး စိတ်ကလည်း ထက်သူဖြစ်သည် ။ သစ်တပ်ဘေးတွင် စင်္ကြံလျှောက်နေရာမှ တစ်စုံတစ်ရာကို တွေးမိဟန်ဖြင့် သစ်တပ် အပြင်ဘက်သို့ မော့ကြည့်လိုက်သည် ။ အပြင်ဘက် မှာ မှောင်နှင့် အတိ ။ ဟိုးအဝေးမှာသာ ကြယ်ကလေး တစ်ပွင့်စ နှစ်ပွင့်စက လူ့လောကအား ခေါင်းပြူကြည့်နေသည် ။ ဘေးပတ်ဝန်းကျင်မှာလည်း ဘာသံမှ မကြားရ ။ အစောင့် ရဲမ က် များ၏ အသံဗလံများလည်း မကြားရ ။ အဝေးတစ်နေရာမှ ခွေးများ၏ အူသံများကို ခပ်သဲ့သဲ့ ကြားလာရနေသည် ။ ငယ်ရွယ်လှသော ညီတော်လေးများနှင့် သားတော် ၊ သမီးတော်လေးများကို ကြည့်လိုက်ရင်းက သုံးဆယ်မင်းသား မှာ တောင်ရှည်ပုဆိုးရှည်ကို အောက်ပိုးကျိုက်လိုက်သည် ။ ဘေးမှာရှိနေသော မယ်တော်များနှင့် နောင်တော် ညီတော်များမူ သုံးဆယ်မင်းသား ကို ဝိုင်းကြည့်နေကြသည် ။
သုံးဆယ်မင်းသား မှာ တစ်စုံတစ်ရာကို ဆုံးဖြတ်လိုက်ပြီး နောက်သို့ အနည်းငယ် ဆုတ်လိုက်သည် ။ သည့်နောက် တစ်ရှိန်ထိုး ခုန်ထွက်လိုက်၏ ။ ပေါ့ပါးစွာပင် ကြေးတိုက်ကို ကာထားသည့် သစ်တိုင်များကို လွှားခနဲ ပျံထွက်သွား၏ ။ သစ်တပ် ၏ အပြင်ဘက်သို့လည်း တစ်မုဟုတ်ချင်း ရောက်ရှိသွားလေသည် ။ ကြေးတိုက်တွင်းမှာ ကျန်ခဲ့သော မင်းသား ၊ မင်းသမီးများနှင့် မယ်တော်များမှာ အံ့ဩဘနန်းဖြစ်ကာ ကျန်ရစ်ခဲ့သည် ။
အပြင်ရောက်သွားသော သုံးဆယ်မင်းသား အဖို့ဝယ် မိမိတစ်ဦးတည်း လွတ်သွားပေမယ့် သံယောဇဉ်များ နှောင်တည်းနေသဖြင့် လည်းကောင်း ၊ တစ်ကိုယ်ကောင်း မကြံလိုသော စိတ်ဖြင့် လည်းကောင်း အပြင်ရောက် မှ အတွင်းသို့ လွှားခနဲ ပြန်ခုန်ဝင်လာသည် ။ သည့်နောက် အတွင်းရှိသူ အားလုံး အံ့အားသင့်နေဆဲမှာပင် အနီးရှိ ညီငယ် ပင်းယမင်းသား ကလေးအား ထမ်းလိုက်ပြီး သစ်တပ်အပြင်သို့ ခုန်ထွက်လိုက်ပြန်သည် ။ သည်တစ်ကြိမ်တွင်မတော့ ပထမအကြိမ်ကလို လွတ်လွတ်ကျွတ်ကျွတ် မအောင်မြင်တော့ချေ ။ ဖြစ်ချင်တော့ အောက်ပိုးကျိုက်ထားသော မင်းသားကြီး၏ ပုဆိုးမှာ လမ်းခုလတ်တွင် ပြေသွား၏ ။ သည်တွင် သစ်တိုင်စွန်းနှင့် ငြိပြီး ညီတော်လေးအား ပွေ့လျက်သား ရှိနေ၏ ။ အထက်လည်း မရောက် အောက်လည်း မရောက်နှင့် သစ်တိုင်များပေါ်ဝယ် ကန့်လန့်ကြီး ဖြစ်နေသည် ။ သည်အဖြစ်ကို အောက် မှ ကြည့်နေသူများက အသည်းတထိတ်ထိတ် ရှိလှ၏ ။ တောင်ရှည်ပုဆိုးမှာ အလယ်ကွဲကာ သစ်တိုင်ကို လျှိုထိုးထားသလို ဖြစ်နေသဖြင့် မင်းသားကြီးခမျာ မလှုပ်နိုင် မရှားနိုင် ဖြစ်နေ၏ ။ တစ်ဖက်ကလည်း ပင်းယမင်းသား ကလေးအား လွတ်မသွားစေရန် ထိန်းထားရသေးသည် ။ မယ်တော်များနှင့် သမီးတော် ၊ ညီမတော်ငယ်များ၏ ထိတ်လန့်တကြား အော်ဟစ်သံများလည်း ပေါ်ထွက်လာ၏ ။ တိတ်ဆိတ်သော ဝန်းကျင်ကို ပျံ့နှံ့စေ၏ ။ ခက်ကုန်ပြီ ၊ ခုမှ ဘာတတ်နိုင်ကြမလဲ ။ ဘာရော လုပ်နိုင်ကြမလဲ ။ နောင်တော် သုံးဆယ်မင်းသားကြီး ၏ အဖြစ်ကို မြင်နေရသော ညီငယ်များမှာ ဘာလုပ်ရမည်ကို မသိတော့ပြီ ။ မည်သို့မည်ပုံ ကူညီရမည်ကိုလည်း အပြေးအလွှား စဉ်းစားနေကြ၏ ။ ကြေးတိုက် အစောင့်များကလည်း အတွင်းမှ အော်ဟစ်သံများ ကြားရသဖြင့် သစ်တပ်ပတ်လည်ကို လိုက်လံကြည့်ရှုတော့သည် ။
ဟော … တွေ့ပြီ ၊ သစ်တပ်ပေါ်မှာ တန်းလန်းတန်းလန်းနှင့် ဘယ်မင်းသားမှန်းတော့ မသိ ။ သူ့ရင်ခွင်ထဲမှာလည်း မင်းသားငယ် တစ်ပါး ။ သူတို့ ထွက်ပြေးဖို့ ကြံစည်တာ ဖြစ်နိုင်သည် ။ သည်လိုနှင့် သစ်တပ်ကို လှေကားထောင်ပြီး တက်ကြည့်ရာတွင် သုံးဆယ်မင်းသားကြီး နှင့် ပင်းယ မင်းသားကလေးကို တွေ့ရတော့သည် ။ သည်လိုနှင့် မင်းသားကြီး ကို သစ်တပ်ပေါ်မှ သယ်ချပေးခဲ့သည် ။ သည့်နောက်ရက် များ မလွယ်တော့ ။ ခါတိုင်းဆို မင်းသားများကို ညဉ့် တစ်ချက် မတီးမီ သစ်တပ်အနီးတွင် အညောင်းပြေ လမ်းလျှောက်ခွင့် ပေးသေး၏ ။ ခုဆို မလွယ်တော့ ။ ကြေးတိုက်ကြီး အတွင်းမှာသာ အလုံပိတ်ထားပြီး ခါတိုင်းထက်ပင် ကျပ်ကျပ်တည်းတည်း စောင့်ကြ၏ ။ အစောင့်အရှောက်ကိုလည်း ပိုမို တင်းကျပ်ထားတော့သည် ။
သုံးဆယ်မင်းသားကြီး ၏ သတင်းသည် နန်းတော်အတွင်း၌ ပျံ့နှံ့သွားလေသည် ။ အံ့ဖွယ်သူရဲ မမြင်ဘူး မကြားဘူးလောက်အောင် စွန့်စားတဲ့ သတင်းပဲ ။ ကြားရတဲ့သူ အပေါင်းက တအံ့တဩ ရှိကြသည် ။ ဟိုနား တီးတိုးပြောနေသည်ကလည်း သည်အကြောင်း ၊ သည်နား တီးတိုးပြောနေသည်ကလည်း သည်အကြောင်း ။ ပြောမဆုံးပေါင် တောသုံးထောင် ဖြစ်နေကြပါ လေရဲ့ ။
သည်အချိန် အနည်းငယ်မှာပဲ အဖမ်းခံ မင်းသား ၊ မင်းသမီးတွေအတွက် အပြောင်းအလဲ တစ်ခု ဖြစ်လာပြန်သည် ။ သီပေါမင်းသား သည် သူ၏ မယ်တော် လောင်းရှည် မိဖုရားကြီးအတွက် သီးသန့်စံအိမ်တော် တစ်ခု တည်ဆောက်ပေးသည် ။ သည်စံအိမ်ကို အိမ်ဖြူတော် ဟုလည်း ခေါ်သည် ။ ဖြစ်ချင်တော့ မယ်တော်မိဖုရား စံမြန်းမည့် အိမ်ဖြူတော် ထိပ်ဦးတွင် ကြေးတိုက် ရှိနေသည် ။ သည်ကြေးတိုက်ထဲတွင် မင်းသားအများနှင့် မယ်တော်များကို ဖမ်းဆီးချုပ်နှောင်ထား၏ ။ မယ်တော် မိဖုရားကြီးအတွက် အိမ်ဖြူတော်လည်း တည်ဆောက်ပြီးပြီ ။ အိမ်ဖြူတော်သိမ်း အခမ်းအနား ပြုလုပ်ကျင်းပရန်သာ လိုတော့သည် ။
သည်တော့ ကြေးတိုက်အတွင်း ချုပ်နှောင်ထားသော မင်းသားများ ၊ မယ်တော်များကို တစ်နေရာသို့ ပို့ထားရတော့မည် ။ သူတို့ကို အကျယ်ချုပ်ထားရန် တည်ဆောက်နေသည့် အုတ်ဝင်းကြီးကလည်း မပြီးသေး ။ သည်အုတ်ဝင်းကြီး ပြီးဆုံးသွားရင်တော့ အကြောင်းမဟုတ် ။ မယ်တော် မိဖုရားကြီးကလည်း နားပူနားဆာ လုပ်လှပြီ ။ သူ့ဘာသာသူ အေးအေးဆေးဆေး သီးသီးသန့်သန့် နေချင်ပြီ ဆိုပဲ ။ သည်လိုနှင့်တော့ မဖြစ်သေး ။ အကျဉ်းခံ နောင်တော်များနှင့် မယ်တော်များကို ထောင်ကြီးအတွင်းမှာ ခေတ္တ ပြောင်းချုပ်နှောင်ထားရင် ကောင်းလိမ့်မည် ။ ဒါမှလည်း အဆင်ပြေမှာပေါ့ ။ သည်အရေးကို တာဝန်ယူရသူကား သီပေါမင်း ၏ လက်စွဲတော် ရနောင်မင်းသား မောင်မောင်တုတ် ပင် ဖြစ်သည် ။
သည်တွင် ရနောင်မောင်မောင်တုတ် အဖို့ နောင် ရာဇဝင်တွင် အမည်းစွန်းစေမည့် သွေးမြေကျမှုကြီးကို ဦးဆောင်ရတော့သည် ။ ရနောင်မောင်မောင်တုတ် သည် ထိုညနေအဖို့ မိမိ၏ မယား တစ်ရာကျော်ထံ မပြန်တော့ဘဲ သီပေါမင်း ၏ အမိန့်တော်ကို ဦးထိပ်ရွက်ကာ စီစဉ်စရာများကိုသာ စီစဉ်နေတော့သည် ။ မင်းသားများကို ကြေးတိုက်အတွင်းမှ ထောင်ကြီးဆီသို့ ပို့တော့မည် ။
ကြေးတိုက် အပြင်ဘက်တွင် ရဲမက်တပ်သား တစ်ရာကို ဝိုင်းထားစေသည် ။ သည့်နောက် ရမောင်မောင်မောင်တုတ် သည် ကြေးတိုက်အမှုထမ်းများ ခြံရံပြီး ကြေးတိုက်အတွင်းသို့ ဝင်သွား၏ ။ ရနောင်မင်းသား နှင့်အတူ အဝှန်းမောင်မြို့ ဆိုသူလည်း လိုက်ပါသွားသည် ။ သည့်နောက် မင်းသား ၊ မင်းသမီးများကို သုံးပါးတစ်တွဲ ၊ လေးပါးတစ်တွဲ တွဲပြီး , တွဲပြီး လက်ပြန်ကြိုး တုပ်လိုက်၏ ။ ကြိုးတုပ်ပြီးသော မင်းသား မင်းသမီးများကို အပြင် ခေါ်ထုတ်သွားစေသည် ။ သည်အရေးအခင်းကို ရနောင်မောင်မောင်တုတ် ကပဲ ခေါင်းဆောင်သည် ။ ကြီးကြပ်တည်းဖြတ် ညွှန်ကြားမှုပေး၏ ။
ခေါ်ထုတ်လာသည့် မင်းသား မင်းသမီးများဘေးတွင် လက်နက်ကိုင်များ အထပ်ထပ် ရံနေသည် ။ သည်လိုနှင့် မင်းသားများတို့ကို လက် မရွံ့ထောင်ကြီးဘက်သို့ ခေါ်ဆောင်သွားသည် ။ ထောင်ကြီးရောက်တော့ မင်းသားများကို အလုံခန်းအတွင်း သွင်းထားသည် ။ အလုံခန်းဆိုသည်က လက်ယာသုံးတန် ရာဇဝတ် အကျဉ်းသားများကိုသာ ချုပ်နှောင်လေ့ရှိသည့် အခန်းပဲ ဖြစ်သည် ။ အနေအထားကလည်း မကျယ်လှဘူး ။ သည်တော့ သည်အခန်းထဲမှာ ပြွတ်သိပ်ခဲနေတော့တာပဲ ။ ညည်းညည်းညူညူ အသံတွေကလည်း ထွက်ပေါ်နေသည် ။
အစောင့်များကို အားထပ်ဖြည့်ထား၏ ။ ထောင်အမှုထမ်းများကို တင်းတင်းကျပ်ကျပ် စောင့်ရန် ရနောင်မောင်မောင်တုတ် က အမိန့်ပေးထားသည် ။ အကျဉ်းခံနေရသည့် ဘုရင့် သားတော်များထဲတွင် အရှိန်အဝါကြီးမားသည့် သားတော်ကြီးတွေကလည်း ပါရှိနေသေးသည် မဟုတ်လား ။
သည်အတွက် ထောင်ကိုဖောက်ပြီး သူတို့ကို ဝင်ကယ်လိမ့်မည်လို့ ရနောင် မောင်မောင်တုတ် က သတင်းရထားဟန် တူပါရဲ့ ။ ဒါကြောင့်မို့လည်း သည်လောက် များပြားသည့် အစောင့်တွေကို ချထားဟန်တူသည် ။ သည်လိုနှင့် ညဉ့် ပဟိုရ် တစ်ချက်တီးသံ ကြားရပေပြီ ။
‘ နောင် … ဒိုင်း ’ ဟူသည့် အသံနှင့်အတူ ဆူညံသော အော်ဟစ်သော ခွေးအူသံများမှာ ကြားရသူအပေါင်းကို ထိတ်လန့်တကြား ရှိစေ၏ ။ ကြက်သီးမွေးညင်း ထစေသည် ။
ရတနာပုံ နန်းတော် နှင့် ရတနာပုံ မြို့တွင်းမှာတော့ အပ်ကျသံ ကြားရမလောက် တိတ်ဆိတ်နေသည် ။ မြို့သူမြို့သားများမှာ သွေးလန့်နေကြ၏ ။ မကြုံဘူးလောက်အောင်ဘဲ ထိတ်လန့်နေကြသည် ။ အိမ်တိုင်းဟာ တံခါးကို အလုံပိတ်ထားကြ၏ ။ မိဖုရားခေါင်ကြီး ဖြစ်သည့် စုဖုရားလတ် ဦးစီးကျင်းပသည့် ပွဲတော်ကလည်း ပြီးပြီ ။ အရင်ရက်တွေများက ဆိုင်းသံ ဗုံသံ ညံနေပြီး လူအများနဲ့ ရုတ်ရုတ်သဲသဲ ဖြစ်နေသည့် လမ်းမများသည် မှောင်အတိ ဖြစ်နေသည် ။ လုံးလုံးတိတ်နေ၏ ။ ရှေ့ ဘာတွေဖြစ်လာမယ်ဆိုတာကို ဘယ်သူမှ မသိဘူး ။
လူအချို့ကတော့ သည် တိတ်ဆိတ်တဲ့ ည ၊ မှောင်လွန်းတဲ့ ည ကို အကာအကွယ်ယူပြီး ထိတ်လန့်စရာ ၊ ကြောက်ရွံ့ဖွယ်ရာ ၊ နှလုံးအော့အန်စရာကောင်းတဲ့ အလုပ်များ လုပ်နေကြသည် ။ ရွှေမြို့တော် တစ်ခုလုံးဟာ မရဏမင်း ကြီးစိုး လွှမ်းမိုးနေသလိုပဲ ။ သည်အခိုက် မှာပဲ လက် မရွံ့ ထောင်ကြီးရဲ့ အပေါ်က ငှက်ဆိုးထိုးသံ ကြားလိုက်ရသည် ။ ထောင်ကြီးဝန်းကျင်မှာလည်း လူသံသူသံတွေ ကြားလာရသည် ။ သူတို့ ဘယ်သူတွေလဲ ၊ ဘာလုပ်နေကြတာလဲ ၊ လက်ထဲမှာလည်း ပေါက်ပြားတွေ တူရွင်းတွေနဲ့ မြေကြီးကို တူးဆွနေကြသည် ။
ပေါက်ပြားတစ်ချက် မြေထဲဝင်သွားပြီး မြေတစ်လွှာ ပေါ်လာတိုင်း မင်းသားတွေ ၊ မယ်တော်တွေရဲ့ အသက်က ဆုံးရှုံးဖို့ နီးကပ်လာပြီ ဆိုတာလည်း သူတို့ သိဟန်တူပါရဲ့ ။ တုံ့နှေးနှေး ဖြစ်နေကြ၏ ။ မဖျတ်လတ်ကြဘူး ၊ မသွက်လက်ကြဘူး ၊ စိတ်မချမ်းမြေ့ဖွယ် အကောင်းဆုံးဖြစ်သည့် အဖြစ်အပျက်က မကြာခင် ဖြစ်လာတော့မယ်ဆိုတာ သူတို့ သိနေကြလေရဲ့ ။
သည်အချိန်မှာ အရာရာကို အားရကျေနပ်နေသည့် သူတစ်ယောက် ရှိနေလေသည် ။ ရနောင်မင်းသား မောင်မောင်တုတ် ပဲ ။ မိမိရဲ့ အရှင်သခင် အထက်ရောက်ရေး ၊ ကြီးမြင့်ရေး ၊ အာဏာရရှိရေးအတွက် သည်လို ဆောင်ရွက်ပေးနေရတာကို အားမရသေးဘူး ။ သည်ထက် ကြီးမြင့်တဲ့ အလုပ်ကို လုပ်ချင်သေးသည် ။ သည်တော့ ဘာလုပ်ရမလဲ ။ မိမိရဲ့ အရှင်ထီးနန်းကို လုယူမည့် မင်းသားတွေကို အကုန် လည်မျို တုတ်တို နဲ့ ရိုက်သတ် ၊ နောက် တွင်းထဲပစ်ချ ၊ ဒါဆို ပြီးရော ။ ဘယ်မင်းသားကိုမှလဲ ထီးနန်းစည်းစိမ်အတွက် မစိုးရိမ်ရတော့ဘူး ။ မင်းညီ မင်းသားတွေကို သတ်ဖြတ် အစဖျောက်ရန် မောင်မောင်တုတ် ကြံစည်နေသည်မှာ ကြာလှပြီ ။ ခုမှပဲ အကြံ အောင်တော့မည် ။
မကြာခင် အကျယ် ခုနှစ်တောင် ၊ အနက် ဆယ့်ငါးတောင်ခန့်ရှိတဲ့ တွင်းကြီးတစ်ခုသည် လက် မရွံ့ထောင်ကြီးထဲမှာ ဖြစ်ပေါ်လာသည် ။ ထောင်အတွင်းမှာ မင်းသမီးကလေးများ ၏ ငိုကြွေးသံကလည်း တိုးညင်းစွာ ခပ်ညည်းညည်း ထွက်ပေါ်လာ၏ ။
“ သမီးတော်တို့တော့ သေရတော့မယ် ထင်တယ် ခမည်းတော်ဘုရား ၊ သမီးတော် ၊ သားတော်များရဲ့ ဒုက္ခကို မြင်တော်မူလှည့်ပါဦး ဘုရာ့ ”
သွေးနုသားနု မီးဖွားပြီးစ မင်းသမီးတစ်ပါးမှာ ရုတ်တရက် ထိတ်လန့်တကြား ငိုကြွေးလိုက်သည် ။ ဖခမည်းတော် မင်းတုန်းမင်းတရားကြီး ကို တမ်းတ ငိုကြွေးလိုက်ခြင်းပင် ။ ထောင်ကြီးအနီးမှ ကျီးကန်းတစ်သိုက် ပြိုဆင်းသွားသံနှင့်အတူ လက် မရွံ့ခန်းမ တံခါးကြီးလည်း ပွင့်သွားတော့သည် ။ တံခါးမကြီး ပွင့်သံနှင့်အတူ ခြေသံများ ကြားလိုက်ရ၏ ။ မီးတုတ်ကိုယ်စီဖြင့် အာဏာသားများ ရောက်လာကြသည် ။ ခက်ထန်မာကျောသော သူတို့၏ အသွင်များက မင်းသား မင်းသမီးငယ်များကို များစွာ ထိတ်လန့်စေသည် ။ ကြောက်ရွံ့စေ၏ ။ ရောက်ရှိလာသော အာဏာသားများမှာ အနီးတွင်ရှိသော မင်းသား ၊ မင်းသမီးများကို ချုပ်နှောင်ပြီး အပြင်သို့ ဆွဲထုတ်သွား၏ ။ ခပ်စောစောက တူးထားသော တွင်းကြီးအနားသို့ ဖြစ်သည် ။ သည်တွင်းကြီးကား လက် မရွံ့ထောင်ကြီး၏ အလယ်ဗဟိုတွင် ရှိ၏ ။ သည်နေရာတွင် ဘုရင့်လက်သုံးတော်ကြီး တချို့ ရှိနေသည် ။ ရနောင်မောင်မောင်တုတ် လည်း ရှိနေသည် ။
မင်းသား ၊ မင်းသမီးများမှာ အာဏာသားများ၏ လက်ဝယ် ရုန်းကန်လျက် ရှိနေပေမယ့် တစ်စက်ကလေးမျှ အော်ဟစ်ခြင်း ၊ ညည်းညူခြင်း မရှိ ၊ သိမ်ငယ်နေသော သူတို့၏ စိတ်ကို မင်းသွေးဟူသော အသိက လွှမ်းမိုးထားဟန် ရှိ၏ ။ မိမိတို့ကို ကြည့်နေသော လက်သုံးတော်ကြီးများကို မတုန်လှုပ်သော အကြည့် ၊ မထီသော အကြည့်နှင့် ပြန်ကြည့်နေသည် ။ ဝိုးတဝါး အလင်းရောင်ကြောင့်လည်း မည်သူမည်ဝါမှန်း မသိအောင် ဖြစ်နေဟန် ရှိကြ၏ ။ သူသူတို့က မည်သူ့ကိုမျှ ခယဖို့ မကြိုးစား ၊ ဖြစ်လာမည့်အရေးကို ငံ့လင့်နေဟန် ရှိ၏ ။ မိမိတို့၏ နောက်ဆုံးအချိန်ကိုလည်း ရိပ်စားမိနေကြသည် ။
မကြာပါ ၊ မှောင်ရိပ်မှ အမိန့်ပေးသံ ထွက်ပေါ်လာသည် ။ မရဏမင်းရဲ့ ခေါ်သံပဲပေါ့ ။ အာဏာသားများ လက်ထဲမှ မင်းသား ၊ မင်းသမီးများကို လက် မရွံ့သားအချို့က နောက်ကနေပြီး ဆံပင်ကို ဆောင့်ဆွဲလိုက်တော့သည် ။ သည့်နောက် လည်ပင်းကို လှန်ပေးလိုက်၏ ။ သည်တွင် ဝါးရင်းတုတ်ကိုင်ပြီး အသင့်စောင့်နေတဲ့ အဝှန်းမောင်မြို့ ဆိုသူက သူ့ရှေ့မှာ ရောက်လာသည့် လည်မျိုကို တအားကုန် ရိုက်လိုက်တော့၏ ။ မင်းသား ၊ မင်းသမီး တစ်ပါးကို တစ်ချက်ပဲ ရိုက်၏ ။ လူသတ်တာကို ကြက်ကလေး ၊ ငှက်ကလေး သတ်သလို လွယ်လွယ်ကူကူ သတ်လိုက်တာပဲ ၊ မချိမဆန့် အော်ဟစ်သံများဟာ ထိတ်ထိတ်လန့်လန့် ထွက်ပေါ်လာ၏ ။ သည်အသံတွေဟာ လက် မရွံ့ ထောင်ကြီးအတွင်း ပျံ့နှံ့နေတော့သည် ။
“ အလိုလေး … သတ်ကုန်ကြပြီ ထင်ပါရဲ့ ၊ ဘုရား … ဘုရား ....” မက္ခရာမင်းသားကြီးမှာ ဘုရား ၊ တရားကိုသာ တမ်းတနေတော့၏ ။ သုံးဆယ်မင်းသားကြီး ကမူ တစ်ချိန်လုံး အော်ဟစ် ဆဲဆိုနေ၏ ။ သည် မင်းသားနှစ်ပါးတို့ကား သန်းခေါင်ယံလောက် မှ ခေါ်ထုတ်သွားခြင်း ခံရတော့၏ ။ မက္ခရာ ကိုယ်တော်ကြီး မှာ သတ်လုဆဲဆဲ အချိန်တွင် ဘုရား ၊ တရားကို အာရုံပြုရင်း အသတ်ခံသွား ရှာလေသည် ။ တရားသမားပီပီ လောကကို သင်္ခါရတရားဖြင့် ကြည့်သွားဟန်တူ၏ ။ မည်သူ့ကိုမျှ အပြစ်မတင် ၊ မိမိကို သတ်သူများကိုလည်း မေတ္တာပို့ပြီးမှ အသတ်ခံသည် ။
သုံးဆယ်မင်းသားကြီး ကမူ သည်လို မဟုတ် ။ သည် ကြမ်းကြမ်းတမ်းတမ်း ရှိလှသော မင်းသားကြီးကို ပါးကွက်အာဏာသား လေးယောက်က ချုပ်ကိုင်ထားရ၏ ။ ပါးစပ်မှလည်း တရစပ် အော်ဟစ်ဆဲဆိုနေ၏ ။ သေခါနီး သွေးရူးသွေးတန်းအော်ဟစ်နေခြင်း မဟုတ် ။ မိမိတတ်နိုင်သည့် အနေအထားနှင့်သာ တုံ့ပြန်နေခြင်းသာ ၊ လက်စားချေနေခြင်းသာ ဖြစ်၏ ။ ပါးကွက်အာဏာသား
လေးယောက် မှာ သုံးဆယ်မင်းသားကြီး ကို အမိအရ ထိန်းချုပ်နေရ၏ ။ အာဏာသားတစ်ယောက်က မင်းသားကြီး ၏ သျှောင်ကို လက်ဖြင့် ရစ်ပတ်လိုက်ပြီး နောက်သို့ ဆွဲလှန်လိုက်၏ ။ ရလာတဲ့ အခွင့်အရေးကို အဝှန်းမောင်မြို့က အမိအရ ယူလိုက်၏ ။ ရှေ့တွင်ပေါ်လာသော မင်းသားကြီး ၏ လည်မျိုဆီသို့ ဝါးရင်းတုတ် ဖြင့် အမိအရ ရိုက်လိုက်၏ ။ သည်တွင် ဘယ်သူမှ မမျှော်လင့်သော အဖြစ်အပျက် ဖြစ်လာ၏ ။ ဖြစ်ပုံက ဆန်းကြယ်သည် ။ မြင်ကွင်းကား မယုံနိုင်စရာ ။ သည်ဖြစ်ရပ်ကို ရနောင်မောင်မောင်တုတ် နှင့် အခြား လက်သုံးတော်ကြီးများ အာဏာပါးကွက်သားများမှာ အံ့ဩဘနန်း ဖြစ်သွားရ၏ ။ တုန်လှုပ်ခြင်းများစွာ ဖြစ်ရသည် ။ အဝှန်းမောင်မြို့ ရိုက်လိုက်သော ဝါးရင်းတုတ်မှာ သုံးဆယ်မင်းသားကြီး ၏ လည်မျိုကို တိုက်ရိုက် ထိသွား၏ ။ ဝါးရင်းတုတ်ကြီးမှာ လည်မျိုကို ထိသည်နှင့် တစ်ပြိုင်နက် ‘ ဖြောင်း ’ ခနဲ မြည်ပြီး အပေါ်သို့ ပြန်မြောက်တက်သွားသည် ။ နောက် တစ်စစီ ဖြစ်ကာ ဝါးရင်းတုတ် မှာ ကျိုးသွားတော့သည် ။
သုံးဆယ်မင်းသားကြီး ၏ ဒေါသမှာ အမြင့်ဆုံးသို့ ရောက်နေပြီ ဖြစ်သည် ။ အာဏာသားများ လက်တွင်းမှ ရုန်းထွက်ပြီး “ ငါ့ကို ဒီလိုသတ်လို့ ရရိုးလားကွ ၊ ဟေ့ကောင်တွေ ၊ နင်တို့ လူတစ်ရာနဲ့ ငါတစ်ယောက်နဲ့ တိုက်မယ် ၊ နင်တို့ ခုလို မင်းသွေးတွေကို မြေကျအောင်လုပ်လို့ နန်းဆက် ပြတ်တော့မယ် ၊ ဘဝဆက်တိုင်းဆက်တိုင်း နင်တို့ကို ကမ္ဘာကြေသော်လည်း ဥဒါန်းမကျေဘူးဟေ့ ၊ ငါ့ကို လုပ်ကြံတဲ့သူ ၊ ငါ့ညီတော် နှမတော်တွေကို လုပ်ကြံတဲ့သူတွေ သေချင်းဆိုးနဲ့ သေပါစေ ၊ ငါ သေရသလို အသေဆိုးနဲ့ သေပါစေ ”
ပါးစပ်မှ ပြောလည်း ပြော ၊ ဆဲလည်း ဆဲရင်းဖြင့် သုံးဆယ်မင်းသားကြီး မှာ အနီးရှိ အာဏာပါးကွက်သားများကို တိုက်ခိုက်လေတော့၏ ။ သည်တွင် မှောင်ရိပ်ခိုပြီး ကြည့်နေသော ရနောင်မောင်မောင်တုတ် မှာ မနေသာတော့ပြီ ။ ကြက်သီးမွေးညင်းများမှာ တစ်ကိုယ်လုံး ထလာ၏ ။ ကျောထဲတွင် စိမ့်လာသည် ။ သုံးဆယ်မင်းသားကြီး ၏ ကျိန်စာမှာ သူ့နားကို စွဲမြဲသွားစေ၏ ။ သူတင်ပင် မဟုတ် ၊ အခြား လက်သုံးတော်ကြီးများပင်လျှင် ကြက်သီးများထကာ ခေါင်းနားပန်းများ ကြီးလာသလို ဖြစ်တော့သည် ။ အနီးအနားတွင်ရှိသော အခြား အာဏာပါးကွက်သားများနှင့် လက် မရွံ့များကို ရှိတဲ့ ဓား ၊ လှံ ၊ ပုဆိန်များဖြင့် ခုခံစေသည် ။ သုံးဆယ်မင်းသားကြီး ကို သတ်ဖြတ်စေ၏ ။
ကျရောက်လာသော ဓားချက် ၊ ပုဆိန်ချက်များကို သုံးဆယ်မင်းသားကြီး ခမျာ တတ်နိုင်သမျှ တိမ်းရှောင်၏ ။ ခုန်ရှောင်သည် ။ ဝေ့ရှောင်သည် ။ သို့ပေမယ့် အများနှင့် တစ်ယောက် ဆိုတော့ နောက်ဆုံးတွင် သုံးဆယ်မင်းသားကြီး ၏ ခေါင်းမှာ မြေပြင်ပေါ်သို့ တိခနဲ ကျသွားတော့၏ ။ သည်တွင် ခေါင်းမပါတော့သည့် ကိုယ်လုံးကြီးမှာ မီးသွေးတိုက် တစ်ဝိုက်တွင် ပြေးလွှားနေသည် ။ ပြေးလွှားသည်ကလည်း ရိုးရိုး ပြေးခြင်းမဟုတ် ။ ခုန်၍ ခုန်၍ ပြေးနေခြင်း ဖြစ်၏ ။ တစ်ခါ ခုန်ပေါက်လျှင် ( ၁၅ ) ပေခန့် မြင့်သည်ဟု ဆိုသည် ။ တော်တော်ကြာအောင် ခုန်ပေါက်နေပြီးမှ မြေပေါ်သို့ လဲကျကာ ငြိမ်သွားတော့သည် ။ သတ္တိကတော့ မြန်မာဟေ့လို့ ခေါ်ရမည့် သတ္တိပါပဲ ။
အများနှင့် တစ်ယောက် ယှဉ်ပြိုင်ပွဲဝင်သွားသည့် သုံးဆယ်မင်းသားကြီး ကို တွေ့လိုက်ရတော့ မောင်မောင်တုတ် တော်တော်ထိတ်သွားသည် ။ မိမိကိုယ်တိုင်က သတ္တိရှိသူ ဖြစ်ပေမယ့် သည်လို အဖြစ်မျိုး မြင်တွေ့ရတော့ နှလုံးခုန်မိသေးသည် ။ မင်းသားကြီး ၏ ကျိန်စာကလည်း သူ့စိတ်ကို ပိုပြီး ထိတ်စေသည် ။ သုံးဆယ်မင်းသားကြီး ၏ ကိုယ်မှ ယိုစီးကျနေသော သွေးများမှာ နေရာအနှံ့ စီးဆင်းနေ၏ ။ စက်ဆုပ်ဖွယ်ကောင်းသော ဤရှုခင်းကား မောင်မောင်တုတ် ကို ချောက်ချားစေ နေသည် ။ ကဲ … ခုမှ မထူးတော့ဘူး ၊ မင်းသွေး မြေမခရဆိုပေမယ့် မြေခရုံတင် မကဘူး ၊ မြေပြင်အနှံ့ ဖြစ်ကုန်ပြီမို့ ကိစ္စပြတ်သွားအောင် နောက်ကျန်သေးသည့် မင်းသမီး ၊ မင်းသားတွေကို ဓားနဲ့ပဲ စီရင်တာ ကောင်းမည်လို့များ ရနောင်မောင်မောင်တုတ် စဉ်းစားမိ၍လား မသိ ။ နောက် ထုတ်လာသမျှ မင်းသမီး ၊ မင်းသားများကို လည်မျို တုတ်တို နဲ့ မရိုက်တော့ဘဲ ဓား နဲ့ သာ ခုတ်ပြီး အလောင်းကို တွင်းထဲသို့ ကန်ချတော့သည် ။
တွင်းကြီးအတွင်းမှာကား မင်းသား ၊ မင်းသမီးများ ၊ မယ်တော်များ ၏ အလောင်းတို့မှာ ပြန့်ကျဲလျက် ရှိနေသည် ။ ပက်လက်အနေအထား ရှိသူကလည်း ရှိသည် ။ မှောက်ရက်လဲကျ သေဆုံးနေသူများလည်း ရှိသည် ။ ဘေးစောင်းလဲကျနေသူများလည်း ရှိသည် ။
အာဏာအရှိန်အဝါ ဆိုသည်ကလည်း ဘုရင်မင်းမြတ် ၏ လက်ထဲမှာသာ ရှိ၏ ။ ပြည်သူလူထု၏ လက်တွင်းမှာ မရှိသည့် တိုင်းပြည်များအတွက် မှာကား ဤသို့ပင် ဖြစ်ရပေသည် ။ မိမိရဲ့ ထီးနန်းစည်းစိမ်ကို လုမည့် မင်းညီမင်းသားတွေကို သတ်ဖြတ်လိုက်ပြီး သူတို့နှင့် ယှက်နွယ်နေသည့် ရန်စွယ်များလည်း မရှိတော့ ။ သည်တော့ ဘာလိုသေးသလဲ ။ မိမိနဲ့ အတိုက်အခိုက် မရှိတော့သည့်အတွက် မိမိအဖို့ အေးအေးသက်သာစွာပဲ မင်းစည်းစိမ်ကို ခံစားရုံပဲပေါ့ ။
သည်ဖြစ်ရပ်က မြန်မာရာဇဝင်မှာ အမည်းကွက်ကြီး ထင်ကျန်နေစေခဲ့သည့် ဖြစ်ရပ်တစ်ခုပဲ ။ တစ်ဦးတစ်ယောက် ကောင်းစားဖို့ ၊ အာဏာရှိဖို့ ၊ နိုင်ငံကို ခြယ်လှယ်နိုင်ဖို့အတွက် မင်းသား ၊ မင်းသမီးများနှင့် မယ်တော်များ စုစုပေါင်း ခြောက်ဆယ်နီးပါး အသက်စွန့်ခဲ့ရသည် ။ သည် မင်းသွေးမင်းနွယ်များကို ကြက်ကလေး ငှက်ကလေးများသဖွယ် ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည် ။အေးအေးဆေးဆေး သတ်ဖြတ်ခဲ့သည် ။ သည်သတင်းက နေပြည်တော် တစ်ခွင်လုံးမှာ တောမီးလောင်သလို ချက်ချင်းပဲ ပျံ့နှံ့သွားခဲ့သည် ။
◾မောင်ဖေငယ်
📖 ရနောင်မောင်မောင်တုတ်
koaungnaingoo.blogspot.com
.
No comments:
Post a Comment