❝ အဖေ့ စကား ❞
ကျွန်တော့် အဖေ က ကျွန်တော့် ကို ပခုံးဖက်ပြီး ၊ ကျွန်တော်တို့ အငြိမ့်ကားရှိရာ လိုက်လာပြီး ၊ သူ့သူငယ်ချင်း လူရွှင်တော်ခေါင်းဆောင် တောက်တဲ့ ( ခ ) ဦးတိုင်းကျော် ကို သေသေချာချာလေး အပ်ပါတယ် ။
“ တိုင်းကျော်ရေ ... ငါ့သား ကို မင်းလက်အပ်ပါတယ်ကွာ မလိမ္မာတာရှိရင် မင်း သား တစ်ယောက်လို .. မင်း တူ တစ်ယောက်လို ရိုက်နှက်ဆုံးမနိုင်ပါတယ် .. မျက်နှာသုတ် ပဝါလေးတစ်ထည် ဖြစ်ချင်တယ် ... မီးဖိုချောင်က လက်နှီးစုတ် မဖြစ်ရင် တော်ပါပြီကွာ.. ” တဲ့ ။
ကျွန်တော်တို့ အငြိမ့်ကားကြီး ထွက်လာတော့ အဖေ မျက်ရည်တွေဝဲပြီး ကျန်နေခဲ့တယ် ။ ကျွန်တော်လည်း ရင်ထဲမှာ တစ်မျိုးကြီးပါပဲ ။ ဘယ်လိုကြီးမှန်းလည်း မသိပါဘူး ။
အဲဒီလိုနည်းနဲ့ ကျွန်တော် “ လူပြက် ” မဖြစ် တဖြစ် ၊ ဟိုလူ ခိုင်း ဒီလူ ခိုင်းနဲ့ တစ်နှစ်တာ ကုန်သွားတယ် ။ မိုးလင်းခါနီး နောက်ပိုင်း ဇာတ်တွေမှာ တုတ်ထမ်း ၊ ဓားထမ်း ၊ ဘုရင့်သက်တော်စောင့် အဖြစ် ပါဝင်ခွင့် ရခဲ့ပြီး ပန်းကန်ပြားပိုတော့ မဟုတ်ဘူးပေါ့ ။ ( ဇာတ်အဖွဲ့ ၊ အငြိမ့်အဖွဲ့တွေမှာ ဘာအလုပ်မှ မလုပ်ဘဲ လိုက်လာရင် ထမင်းပန်းကန်ပြား တစ်ချပ် အပိုကုန်လို့ “ ပန်းကန်ပြားပို " လို့ ခေါ်ဆိုခြင်းပါ )
“ လူသစ် " ဆိုတော့ ပညာပေးတဲ့ လူတွေကလည်း ရှိသားလား ။ အဲဒါကတော့ ဘယ်လောက ဖြစ်ဖြစ်ပေါ့ ။ ရှိတတ်ကြစမြဲပါ ။ ကျွန်တော့်ကို “ လမိုင်းကပ် " အောင် ဆိုပြီး ၊ ပတ်မကြီး ခေါင်းပေါ်ရွက် ၊ ပတ်စာကို ခုနစ်လုံး မျိုပြီး ၊ ကွင်းထဲမှာ ဆောက်ထားတဲ့ဇာတ်ရုံကို ခုနစ်ပတ် , ပတ်ခိုင်းတယ်ဗျာ .. လူကို သေချင်ရောပဲ .. တစ်ဖွဲ့လုံး တဟီးဟီး တဟားဟား ပေါ့ ။
ကျွန်တော့် ဆရာကလည်း သောက်လိုက်ရတဲ့ အရက် ၊ ဘာ အရက် မှ မရွေးဘူး ။ ရောက်လေရာ အရပ် အရက် ရှာဝယ်ရတာ ကျွန်တော့် တာဝန် ။ တစ်ညလုံး ပွဲက မနက်အစောကြီး အိပ်ရာက ထ ၊ အိပ်ရာ ဆိုတာကလည်း သူများတွေလို ခုတင်တို့ ၊ စောင်တို့ ၊ မွေ့ယာတို့ မရှိပါဘူး ။ ဇာတ်ခုံပေါ်က “ ဘက်စီး " ( နောက်ခံ ပိတ်ဖြူပေါ်မှာ ဘုရားပုံ ၊ ဘူတာပုံ ၊ ဇာတ်အဖွဲ့ နာမည် ၊ ပြဇာတ်မင်းသားနာမည်တွေကို မှန်ချပ်မှာ သင်္ဘောဆေးနဲ့ ရေးပြီး မီးထိုးတဲ့ နေရာ ) အဲဒီ ဘက်စီးကျင်းရဲ့ ကပ်ရက် ဒူပိတ် ၊ ဇာတ်ခုံပေါ် ဘယ်ညာ ၊ အရှည်လိုက် ။ ခါးဝက်သာသာ ကာထားသော ပိတ်အပြာရောင်ဘေး ၊ ပုဆိုးခြုံ၍ ကွေးအိပ်ရခြင်းပါ ။ မနက်ဆိုရင် ဇာတ်ဆရာကတော် နဲ့ ဈေးလိုက်သွား ။ တစ်ဖွဲ့လုံး စားဖို့အတွက် ဟင်းစားတွေ ဝိုင်းသယ် ။
ဟို ပြဇာတ် မင်းသား ၊ ဒီ ပြဇာတ်မင်းသား ၊ ဟို ဆိုင်းဆရာ ၊ ဒီ ဆိုင်းဆရာတွေရဲ့ အသီးသီး မှာလိုက်သော ဗာဟီရ ကိစ္စတွေကလည်း ဝယ်ပေးရ ၊ မေ့လာလို့ကတော့ ကျွန်တော့် အမေရဲ့ လက်သံထက် ၊ ကျောင်းက ဆရာ့ ကြိမ်လုံးထက် တောင်ပြောင်ကြသေး ။ တစ်ခါ တစ်ခါ ညနေပိုင်း ဇာတ်ရုံက လော်စပီကာဖွင့်တဲ့အချိန် ဇာတ်ရုံကလည်း လယ်ကွင်း ထီးထီး ၊ နေကလည်း ဝင် ၊ ကန်သင်းရိုးပေါ်မှာ တစ်ယောက်တည်း ငိုနေမိတယ် ။
◾ ကျော်ထူး
📖 လူပြောများတဲ့ လူပေါကြီး
koaungnaingoo.blogspot.com
.
No comments:
Post a Comment