❝ မမြင့်ဦး အား ပေးရသည့် ကတိ ❞
အင်းလျားဆောင်
ထွန်းကလေး
မြင့်ကြီး တော့ အင်းလျားဆောင်ကို ပြန်ရောက်နေပြီ ။ စာမေးပွဲဖြေဖို့ ပြန်လာတယ်လေ ။ တစ်မိနစ်မှ အအားမထားနိုင်အောင် စာကျက်နေရတယ် ။ ဒါပေမဲ့
ထွန်းကလေး နဲ့တော့ တွေ့ချင်သေးတယ် ။ အရေးတော်ပုံကြီးနဲ့ ကင်းဝေးနေတာလည်း ကြာပြီ ။ ထွန်းကလေး နဲ့ ကင်းဝေးနေတာလည်း ကြာပြီ ။
တစ်ညနေ အင်းလျားဆောင် လာခဲ့ပါဦး ။ မြင့်ကြီး ဘယ်မှ မသွားဘူး ။ အမြဲ
အဆောင်မှာပဲ ရှိနေတယ် ။
မြင့်ကြီး
ဪ မမြင့်ဦး တစ်ယောက် ပြန်ရောက်နေပြီကိုး ။
' ကွယ်ရင် မေ့ ၊ တွေ့သေအောင် လွမ်း' ဆိုသော လူစားမျိုးကား ကျွန်တော်လိုပင် ဖြစ်ဟန်ရှိသည် ။
မမြင့်ဦး သည် ဗိုလ်အောင်ကျော် ကိစ္စ ပြီးစလောက်က အိမ်ပြန်သွားခဲ့လေသည် ။ ယခုဆိုလျှင်
နှစ်လကျော် သုံးလမျှ ကြာသွားပေပြီ ။ ရှည်ကြာလှသော ကာလ မဟုတ်ပါ ။ သို့ပါလျက် ဤကာလအတွင်း အကြောင်း တစ်စုံတစ်ရာနှင့် တိုက်ဆိုင်သဖြင့် မမြင့်ဦး အား ကွက်ခနဲ ကွင်းခနဲ
သတိရတတ်သော်လည်း တငွေ့ငွေ့လွမ်းခြင်း မဖြစ်ခဲ့ ။ တမြည့်မြည့်တမ်းတခြင်း မရှိခဲ့ ။ မမြင့်ဦး
အိမ်အပြန် သင်္ဘောဆိပ်လိုက်ပို့သည့် နေ့ကသာလျှင် လွမ်းငွေ့ကလေး ဝေခဲ့သည် ။ ကျွန်တော်
အနည်းငယ် နောက်ကျသွားသဖြင့် သင်္ဘောထွက်ခွာနေပြီဖြစ်ရာ စကား မပြောလိုက်ရဘဲ ခပ်လှမ်းလှမ်းမှ မျက်ရိပ်မျက်ခြည်လက်ဟန်ခြေဟန်ဖြင့်သာ နှုတ်ဆက်လိုက်ရလေသဖြင့် အားမလို
အားမရ ဖြစ်ခဲ့ရသည် ။ ထိုနေ့တစ်နေ့လုံး တမြည့်မြည့် တမ်းတမိသည် ။ နောက်နေ့များမှာမူ
မမြင့်ဦး အတွက် ကျွန်တော့် မှာ ပူနွေးသော ခံစားမှု မရှိတော့ချေ ။ အေးစက်သော ခံစားမှုသာ
ရှိသည်ဟု မဆိုနိုင်ရုံတစ်မည်သာ ကျန်လေတော့၏ ။ ဘာ့ကြောင့် ထိုသို့ ဖြစ်ရသလဲ ။ စက္ကန့်နှင့်
အတူ လှုပ်ရှားနေသော အရေးတော်ပုံကြီးတွင် နစ်မြုပ်နေသည့် ကျွန်တော့်အခြေ နှင့် တောပြန်
စာဖတ် အေးဆေးစွာနေရသည့် မမြင့်ဦး ၏ အခြေအနေတို့ ကွာခြားမှုကြောင့် ဖြစ်လေသလော ။
မမြင့်ဦး နှင့် ကျွန်တော် တို့သည် သမီးရည်းစားများ အဖြစ်ဖြင့် ခိုင်မြဲစွာ ကတိချည်နှောင်ထားခြင်း
မရှိ၍ ပေလော ။ သို့မဟုတ် ကျွန်တော်၏ ပူနွေးသော ခံစားမှုတို့သည် နီးနီးကပ်ကပ် တွေ့နေရသော
မမြမှီကြီး နှင့် မခင်သစ်ကလေး တို့ဘက်သို့ ရေစီးကြောင်း ပြောင်းသွား၍ ပေလော ။
မမြင့်ဦး ထံမှ ဤလို ဖိတ်ကြားစာရလျှင် သာမန်အားဖြင့် မြူးထူးခုန်ပေါက် ဝမ်းအမြောက်ကြီး
မြောက်အပ်ပေသည် ။ ယခုမူ ထိုသို့ မဟုတ် ။ “ ဪ မမြင့်ဦးတစ်ယောက် ပြန်ရောက်နေပြီကိုး ”
ဟုသာ သံဝေဂကျူးရင့်သူ၏ အေးစက်ခြင်းဖြင့်သာ ရွတ်ဆိုမိသည် ။ သို့သော် မမြင့်ဦး အား
မတွေ့ချင် မမြင်ချင်တော့ မဟုတ်ပါ ။ ထို့ကြောင့် ချိန်းသည့်အတိုင်း အင်းလျားဆောင်သို့ သွားလိုက်ပါသည် ။
ကံ့ကော်ပင်များ တွင် ရွက်သစ် တို့သည် ရွက်ဟောင်းများအပေါ်မှ ထပ်ဆင့်ဝေဆာနေကြရာ
အစိမ်းပေါ် နီညိုရောင် ခြယ်လိမ်းထားသည်နှင့် တူနေပေ၏ ။ ပိတောက်ပင်များသည် သင်္ကြန်ခါ
အတွင်း ဖူးပွင့်ရန် ပြင်ဆင်နေကြ၏ ။
အင်းလျားရေပြင်ပြာမှ ဟပ်လိုက်သောအရောင်သည် အင်းလျားဆောင်ပတ်ဝန်းကျင် တစ်ခုလုံံးကို
ကြည်လင်ပြာလဲ့စေလေသည် ။
အင်းလျားဆောင်သည် အသက်ဝင်လျက်ရှိသည် ။ ဥဒဟို ဝင်ထွက်သွားလာနေသော ကျောင်းသူများ ၊
ကျောင်းဆောင်မျက်နှာစာ မြက်ခင်းမှာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသော ကျောင်းသူများ ၊ တင်းနစ် ( စ် ) ရိုက်နေသော ကျောင်းသူများ ၊ ရေချိုးပြီး ထဘီရင်ရှားဖြင့် စင်္ကြမှာ လျှောက်သွားသော ကျောင်းသူများ အားလုံးပင် လှုပ်ရှားနေပေသည် ။ သူတို့၏ လှုပ်ရှားမှုကြားတွင်
မလှုပ်မရှား ရပ်တန့်နေသူများမှာ ကျွန်တော်နှင့် တကွ ကျွန်တော့် လိုပင် ခင်မင်ရင်းနှီးအပ်သော
ကျောင်းသူတို့ကို တွေ့ရန် တံခါးဝမှာစောင့်နေသော ကျောင်းသားတို့ပင် ဖြစ်လေသည် ။
ကျွန်တော်တို့ ရပ်စောင့်နေစဉ် အချို့သော ကျောင်းသူတို့သည် အနီးမှ ဖြတ်သန်းသွားခိုက်
ကျွန်တော်တို့အား ကြည့်ကြည့်သွားကြရာ လှောင်ပြောင်သရော်ခြင်း၏ အရိပ်အငွေ့ သူတို့၏
အကြည့်မှာ တွေ့နိုင်သည် ။ နောက်ပိုးလာကြတာလားရှင်ဟု ပါးစပ်က မမေးသော်လည်း
ကလိဆွသော ထိုအကြည့်များဖြင့် မေးနေကြသည် ။
မမြင့်ဦး ကား ဆင်းမလာသေး ။
မော်တော်ကားတစ်စီး ထိုးဆိုက်သည် ။ ကျောင်းသူတစ်ဦး အထုပ်အပိုး ဝန်စည်စလွယ်နှင့် ကျောင်းပြန်လာခြင်းဖြစ်သည် ။
မမြင့်ဦး သည် လှေကားပေါ်မှပင် ကျွန်တော့်အား ပြုံး၍ နှုတ်ဆက်လိုက်၏ ။ ကော့နေသော
မျက်တောင်အောက် မှ ဝိုင်းစက်ကြည်လင်သော ထိုမျက်လုံးများနှင့် ညိုစိမ့်သည့် ပါးပြင်ဝယ်
ထင်းခနဲ ပေါ်လာသော ထိုပါးချိုင့်များသည် ကျွန်တော့်အား အဟောင်းမှအသစ် ဖြစ်စေပါသည် ။
သုံးလတာမျှ ကင်းကွာပြီး ခပ်အေးအေး ဖြစ်သွားသော ခံစားမှုကို ပူနွေးသော ခံစားမှုအဖြစ်သို့
ပြန်ပို့လိုက်ပါသည် ။
ကျွန်တော်တို့သည် စကားမပြောနိုင်ကြ ။ တစ်ယောက်မျက်နှာ တစ်ယောက် ဝဝကြည့်ပြီး ပြုံး၍သာ
နေကြသည် ။ နောက် မမြင့်ဦး က ဧည့်ခန်းသို့ သွားသည် ။ ကျွန်တော်ကား စက် မောင်းသော
အရုပ်လို ရွေ့သွားကာ မမြင့်ဦး နောက် မှ လိုက်သွားသည် ။ ဧည့်ခန်းတွင် စားပွဲလွတ် ကုလားထိုင်
လွတ် မတွေ့နိုင်သဖြင့် စင်္ကြမှာ ဆက်လျှောက်ကြသည် ။ ဟိုဘက်ထောင့် ကုလားထိုင်များ ၊
စားပွဲများကား လွတ်နေသည် ။ နားငြီးစရာကောင်းသော သူများတကာ ပြောကြားသည့် စကားများမှ ကင်းဝေးကာ နားထောင်၍ မငြီး ၊ ကြားနာ၍ မဝသော စကားများ ကိုယ့်အချင်းချင်း ပြောဆိုနိုင်ပါသည် ။ သို့သော် မမြင့်ဦး က ဧည့်ခန်းထဲသို့ မဝင်တော့ဘဲ -
“ ကန်ပေါင်မှာ လမ်းလျှောက်ရရင် ကောင်းမှာပဲ ”
“ လျှောက် မယ်လေ ၊ မမြင့်ဦး မှာ သိပ်ညောင်းနေမယ် ထင်တယ် ၊ စာချည်း တကုပ်ကုပ် ဖတ်နေတာကိုး ”
“ ဟုတ်တယ် ၊ တော်တော်ညောင်းနေတယ် ”
ကျွန်တော်တို့ လမ်းလျှောက်ထွက်ခဲ့ကြသည် ။
“ ရွာတုန်းက အနင်းအနှိပ်ခံ ခဲ့ရမှာပေါ့နော် ”
“ ရွာတုန်းက မညောင်းပါဘူး ကိုတင်ထွန်း ရယ် ၊ ခြံထဲမှာ ပန်းပင်တွေပြုပြင်ရေး ၊ တံမြက်စည်း
လှည်းရင်း ၊ တောက်တိုမည်ရလုပ်ရင်း အညောင်းပြေတယ် ၊ လယ်ကန်သင်းရိုးပေါ်မှာတောင်
လမ်းလျှောက်ထွက်သေးတယ် ”
ထိုမှစပြီး မမြင့်ဦး တို့ ရွာကြီး အကြောင်း ၊ မမြင့်ဦး တို့ ရွာကြီး နှင့် ကပ်နေသော မြို့ကလေးအကြောင်း
ရောက်သွားကြလေသည် ။
“ ကိုတင်ထွန်း နည်းနည်း ပိန်သွားတယ်နော် ၊ ကျန်းမာရေးကိုလည်း ဂရုစိုက်ဦးမှပေါ့ ”
သူ့ရပ်ရွာအကြောင်း ပြောနေရာမှ မမြင့်ဦး က ကရုဏာသံကလေး နှင့် ကျွန်တော့်အား ပြောလိုက်သည် ။ ထိုအမေး နှင့် ထိုအသံကြောင့် ကျွန်တော့်မှာ ကိုယ့်ကိုယ်ကိုယ် သနားသွားပြီး တစ်ကိုယ်လုံး
ပီတိတွေ ဖြာခနဲပျံ့သွားသည် ။
“ ခပ်ငေါငေါပိန်သွားသလားဟင် ၊ ကျန်းမာရေးကိုတော့ ဂရုစိုက်သားပဲ ”
သို့ဖြင့် အရေးတော်ပုံအတွင်းက အလုပ်ရှုပ်ပုံများသို့ ရောက်သွားကြသည် ။ တချို့ညတွေမှာ
မိုးထိန်ထိန်လင်းသွားသည့်တိုင် အလုပ်လုပ်ကြသည် ။ တချို့နေ့တွေမှာ တစ်နေ့လုံးကုန်အောင်
ခြေလျင်လျှောက်ကာ အလှူခံကြသည် ။ တစ်ခါတစ်ရံ အသံတွေကွဲကုန်အောင် ကြွေးကြော်သံ
အော်ဟစ်ကြသည် ။ မမြင့်ဦး က ကျွန်တော့်အား သနားသွားလေ ၊ ကျွန်ုတော်က သနားစရာ ကောင်း
လောက်အောင် ပြောလေဖြစ်၏ ။
ကျွန်တော်တို့သည် ဘွဲ့နှင်းသဘင် အဆောက်အအုံကြီး မြောက်ဘက်လမ်းပေါ်မှ အင်းလျား
ကန်ပေါင်ရိုး လမ်းပေါ်သို့ တက်ခဲ့ကြသည် ။ ကန်ပေါင်ရိုးလမ်းမှာ ကျောက်စရစ်ခဲများ ၊ ကျောက် မီးသွေးမှုန့်များ ၊ သဲများဖြင့် ပြန့်ပြူးနေ၏ ။ အနောက်ဘက်တွင် ကမာရွတ် သည် သစ်ပင်များကြားတွင် မြုပ်နေ၏ ။ နေမင်းသည် သစ်ပင်ထိပ်ဖျားကို ထိလုနီးပါး ကျဆင်းနေ၏ ။ ကျွန်တော်တို့၏ ရှည်လျားသော အရိပ်ကြီးများသည် အင်းလျားရေပြင်ပေါ်သို့ ထိုးဆင်းနေကြ၏ ။
“ ကိုတင်ထွန်း ရော စာတွေ တော်တော် ကျက်ပြီး ပြီလား ”
“ ကျောင်းစာဆီ မရောက်တာ အတော်ကြာပြီ ၊ စာဖတ်ဖို့ နေနေသာသာ စာအုပ်တောင်
ကောက် မကိုင်မိသေးဘူး ”
“ ဟင်း - စာမေးပွဲက နီးလှပြီ ”
မမြင့်ဦး ၏ မျက်နှာသည် အံ့ဩခြင်း မှ ညှိုးငယ်ခြင်း သို့ ကူးပြောင်းသွားလေသည် ။ ကျွန်တော်တို့နှင့် မျက်နှာချင်းဆိုင်ဘက် မှ ' ဓနဗေဒ ' နည်းပြဆရာ ကိုဘသိန်း သည် ခပ်မြန်မြန်
လျှောက်လာ၏ ။ သူသည် နည်းပြဆရာလုပ်ရင်း အိုင်စီအက် စာမေးပွဲ အတွက် ကြိုးစားနေသူ
ဖြစ်သည် ။ သူ၏ စာတော်သည်ဆိုသော ဂုဏ်သတင်းသည် တက္ကသိုလ်နယ်တစ်ဝိုက်တွင် ပျံ့လွင့်လျက်ရှိပေသည် ။ “ စာမေးပွဲက နီးလှပြီ ” ဆိုသော မမြင့်ဦး ၏ ညည်းညူသံကို ထောက်လျှင်
မမြင့်ဦး သည် ကျွန်တော် စာမေးပွဲဝင်မည်ဟု တစ်ထစ်ချ ယူဆထားကြောင်း သိသာပေသည် ။
ကျွန်တော်ကား စာမေးပွဲအကြောင်း ကို မဆွေးနွေးဘဲ ရှောင်ကွင်းလိုသည် ။ ထို့ကြောင့် သူက
ညည်းညူလိုက်သော်လည်း ဘာမျှမတုံ့ပြန်ဘဲ ငြိမ်နေလိုက်သည် ။
ကိုဘသိန်း က ကျွန်တော်တို့အား ပြုံး၍ အသိအမှတ်ပြုပြီး ဖြတ်ကျော်ကာ လျှောက်သွားလေသည် ။
ခပ်လှမ်းလှမ်းမှာ ကျောင်းသူသုံးဦး မြက်ပေါ်ထိုင်ကာ တလွန့်လွန့်လှုပ်ရှားနေသော လှိုင်းလုံးကလေးများကို ကသိုဏ်းရှုနေကြသည် ။
“ စာမေးပွဲ မဖြေတော့ဘူးလား ”
“ မဖြေတော့ဘူး အောက် မေ့တာပဲ ”
“ အို မဖြေလို့ ဘယ်ဖြစ်မှာလဲ ၊ တစ်သက်လုံး သင်လာတာတွေဟာ ဒီဂရီ မရရင် အလဟဿ
ဖြစ်ကုန်မှာပေါ့ ။ ဘုရားတည်ပြီး ထီးမတင်သလို ဖြစ်သွားမှာပေါ့ ။ ဒီဂရီရပြီး အစိုးရအလုပ်
လုပ်ရမယ်လို မြင့် က မဆိုလိုပါဘူး ၊ ဒီဂရီတော့ ရအောင်ယူရမယ် ”
သူက ဒီဂရီယူရမယ်ဆိုတော့ ကျွန်တော်က ဟီးရိုးလုပ်ပြလိုက်ချင်သည် ။ ဒီဂရီဘီအေဘွဲ့ ကို
စွန့်လွှတ်ရဲသော ဧရာမ လူစွမ်းကောင်းကြီး အဖြစ်ဖြင့် မမြင့်ဦး က မြင်စေချင်ပေသည် ။
“ အို ဒီဂရီတွေဘာတွေ မလိုချင်ပါဘူး ၊ လူအများတွေက တန်ဖိုးထားပေမယ့် ကိုယ်က တန်ဖိုး
မထားတော့ဘူး ။ မြင့် ကလည်း ဒီဂရီ ကို တန်ဖိုးထားတုန်းပဲလား ”
မမြင့်ဦး ၏ မျက်နှာသည် မာတင်းလာသည် ။ ကျွန်တော့် အား မျက်စောင်းတစ်ဖက် ထိုးပြီး -
“ လောကကြီးအကြောင်း သိထားတဲ့ လူဆိုတော့ တန်ဖိုးထားတာပေါ့ ။ ဒီဂရီ ရှိတယ်ဆိုရင် လူရိုသေတာပေါ့ ၊ ပြီးတော့ ”
မမြင့်ဦး က ရှေ့မဆက်ဘဲ ခဏတွေနေသည် ။ လေပြည်ကလေးက တစ်ချက် မွှေ့ယမ်းလိုက်သည် ။
“ ပြီးတော့ ဘာဖြစ်သလဲ ”
“ အို ရှေ့ရေးလည်း ကြည့်ရဦးမယ် မဟုတ်လား ၊ ရှေ့ဘာလုပ်မှာလဲ ”
“ နိုင်ငံရေး လုပ်မယ်လေ ”
အမှန်စင်စစ် ကျွန်တော့်စိတ်ထဲမှာ နိုင်ငံရေးလုပ်ရန် စိတ်ဒုန်းဒုန်းချထားခြင်း မရှိသေး ။ သို့သော်
မမြင့်ဦး အား ထိုအတိုင်း သိစေလိုသည် ။
“ နိုင်ငံရေး လုပ်တာလည်း လုပ်ပေါ့ ၊ နိုင်ငံရေး လုပ်လည်း အသက် မွေးဝမ်းကျောင်းမှု တစ်ခုရှိရမယ်
မဟုတ်လား ။ အူမတောင့် မှ သီလစောင့်နိုင်တယ် ဆိုတဲ့ စကားလည်း သတိရပါဦး ။ ကျွန်မ
သဘောကတော့ ကိုတင်ထွန်း ဟာ ဘီအေအောင် ရမယ် ၊ ပြီးတော့ ဘီအယ်လ် တက်ရမယ် ၊ ပြီးတော့
ဝတ်လုံတော်ရ ဖြစ်အောင် လုပ်ရမယ် ၊ ဝတ်လုံတော်ရ လုပ်ရင် နိုင်ငံရေးလည်း လုပ်နိုင်တယ် ”
ကျွန်တော်ကား ထိုစကားကို မချေပနိုင်တော့ပြီ ။ ဘာမျှ မပြောဘဲ လျှောက်လာကြသည် ။ စိတ်ထဲမှာတော့ တစ်ခါက မမြင့်ဦး သည် သူဝတ္ထုတစ်ပုဒ်ရေးထားတယ်ဆိုပြီး ရေးပေးခဲ့သော ဝတ္ထုတို
ကလေးကို ပြန်လည် ဖတ်ကြည့်နေသည် ။ ဝတ္ထုတိုကလေး မှာ တက္ကသိုလ်ကျောင်းသား နှင့်
ကျောင်းသူ သမီးရည်းစား ဖြစ်ကြသည် ။ နှစ်ယောက်စလုံး မျိုးချစ်စိတ် ရှိကြသည် ။ စာကိုလည်း
ကြိုးစား သင်ကြသည် ။ ကျောင်းသား က ဝတ်လုံတော်ရဖြစ်လာပြီး ကျောင်းသူ က အမျိုးသား
ကျောင်းတိုက်တွင် ကျောင်းအုပ်ဆရာမကြီး ဖြစ်လာသည် ။ နှစ်ဦးလက်ထပ်ပြီး ပျော်ရွှင်ချမ်းမြေ့စွာနေရင်း နိုင်ငံ နှင့် အမျိုးသားအကျိုး ဆောင်ရွက်ကြလေသတည်း ဟူ၍ ဖြစ်လေ၏ ။ ဝတ္ထုမှာ
ကျွန်တော့် အား လမ်းညွှန်အဖြစ်ဖြင့် ရေးပေးခဲ့သော ဝတ္ထုဖြစ်ကြောင်း ထိုစဉ်ကပင် သိခဲ့ပေ၏ ။
ရို့စ်ဘင့်ခ်ဂေဟာ ကို ရောက်သော် ပြန်လှည့်လျှောက်ကြ၏ ။ ကျွန်တော်ကား ဘာမျှမပြောဘဲ
စဉ်စားခန်း ဝင်နေသည် ။ မမြင့်ဦး သည် ကျွန်တော် က သူပြောသမျှ ကို စဉ်စားနေပြီဖြစ်ကြောင်း
ရိပ်မိဟန် တူသည် ။ ထို့ကြောင့် တတွတ်တွတ် စာမေးပွဲဖြေရန် ဆုံးမသွန်သင်နေလေသည် ။
စာမေးပွဲ မဖြေရလျှင် ကျွန်တော့် မိခင် ဖခင် များပင် များစွာ စိတ်ဆင်းရဲခြင်း ဖြစ်မည်ထင်ကြောင်း
ပြောပြီးနောက် -
“ ကိုတင်ထွန်း အရည်အချင်းကို မြင့် ကောင်းကောင်း သိတယ် ၊ စာမကျက်နဲ့ဦးတော့ ဖြေရင်
အောင်မှာပဲ ။ မဖြေရင် နှမြောစရာကောင်းလွန်းလို့ မြင့် က တောင်းပန်နေတာပါ သိလား ၊ ကဲ
ဖြေမယ် မဟုတ်လား ”
ကျွန်တော် က မမြင့်ဦး ကို စေ့စေ့ကြည့်ပြီး ပြုံးလိုက်သည် ။
“ ကဲဖြေမယ်လို့ ကတိပေးပါ ထွန်းကလေး ရယ် ဟုတ်လား ”
“ ကောင်းပါပြီ ဆရာမကြီး ရယ် ” ဟုပြောပြီး ရယ်လိုက် မိသည် ။ မမြင့်ဦး ၏ ရွှမ်းစိုသော မျက်လုံးဝိုင်းကြီးများသည် ပြုံးလျက် ရယ်လျက် နေကြပေသည် ။
သို့ဖြင့် ကျွန်တော် သည် စာမေးပွဲ ဖြေဖြစ်သွားလေ၏ ။ မမြင့်ဦး ပြောသလိုပင် စာမကျက်ဘဲ နှင့်
ဘီအေ အောင်ခဲ့ရလေသတည်း ။
◾သိန်းဖေမြင့်
📖 အရှေ့ကနေဝန်းထွက်သည့်ပမာ
koaungnaingoo.blogspot.com
.
No comments:
Post a Comment