❝ လျှို့ဝှက်စွာ ဆွေးနွေးပွဲ ❞
ကျွန်တော်သည် ယောင်ချာချာ ဖြစ်နေသည်မှာ ရက်အတော် ကြာသွားလေသည် ။ ဥစ္စာစောင့် နှင့်
တွေ့ခဲ့ရသော လိပ်ပြာလှသည့် လူပျိုကလေးများ တမှိုင်မှိုင်တတွေတွေ ဖြစ်နေရပုံမျိုးနှင့်
ကျွန်တော့် ဖြစ်ပုံ ခပ်ဆင်ဆင် တူသည် ။ ဥစ္စာစောင့် နှင့် ထပ်တွေ့ချင်နေသည် ။ သို့ရာတွင် လိပ်ပြာ
နုတ်ယူလိုက်လိမ့်မည် ဟူသော သတိပေးစကားကိုလည်း ကြောက်နေသည် ။
မမြမှီ ထံသို့ သွားလိုက်ချင်သည် ။ ဘယ်သူမှ မသိနိုင်သော ဆိတ်ကွယ်ရာ အရပ်တွင် နှစ်ယောက်တည်း နေနိုင်အောင် ကြိုးပမ်းလိုက်ချင်သည် ။ သို့ရာတွင် စိတ်သွားတိုင်း ကိုယ်မပါချေ ။ ကြာခိုသည့် အပြစ် နှင့် ကြာခိုရင်း လူမိမည့် အဖြစ်များကို ကြောက်သည်လည်း မှန်၏ ။ သို့ရာတွင်
မခင်သစ်ကလေး ပေါ်တွင် ထပ်ကာ ထပ်ကာ သစ္စာဖောက်ရမည်ကို ပိုလို့ ကြောက်နေမိသည် ။
သို့ဖြစ်လျှင် မမြမှီ အား လုံးဝ အဆက်ဖြတ်ပြီး မခင်သစ် အပေါ်မှာ လုံးဝ တစ်သမတ်တည်း သစ္စာ
တည်နိုင်သည်လား ။ သည်လိုလည်း မဟုတ် ။ ရတနာသိုက်တွင်းမှာ စည်းစိမ်အမျိုးစုံ ခံစားရင်း
တွေ့ခဲ့ရသော ဥစ္စာစောင့်မ မမြမှီ ကို အာသာငမ်းငမ်း မတမ်းတဘဲ မနေနိုင် ။ သည်လို အာသာငမ်းငမ်း တမ်းတနေသော မစင်ကြယ်သော ကျွန်တော်သည် ဖြူစင်သည့် မခင်သစ် အနီးသို့
မကပ်ထိုက်ဟုလည်း ထင်သည် ။ ထို့ကြောင့် မခင်သစ် ဆီသို့ သွားဖို့ဆိုလျှင် စာသင်ပေးရန်ပင်
ရှောင်ကွင်းနေလေသည် ။
သတင်းစာတိုက် သို့လည်း အလုပ်လုပ်ရန် မဆင်းဖြစ်ပါ ။ မြရေယဉ်တွင် ငွေရွက်ဖွင့်ပြီး ရွှေလှေ
စီးနေရာမှ နေပူပူ ဖုတ်တထောင်းထောင်း ထနေသော လမ်းပေါ်တွင် လှည်းပြောင်းစီးရမည်ကို
ပျင်းရိ စက်ဆုပ်နေသကဲ့သို့ ရှိပေသည် ။
သို့ဖြင့် ကျွန်တော့်မှာ ရက်အတော်ကြာအောင်ပင် ယောင်ချာချာဖြစ်နေလေသည် ။
သို့ရာတွင် ကျွန်တော်က ယောင်ချာချာ ဖြစ်နေသော်လည်း ကမ္ဘာလောကကြီးက ယောင်ချာချာ
ဖြစ်နေသည် မဟုတ်ပေ ။ ကမ္ဘာလောကကြီး တစ်ခုလုံး သည် ပြတ်ပြတ်သားသား ရွေ့လျားလျက်ရှိသည် ။ ကျွန်တော် က ယောင်ချာချာ ဖြစ်နေသလို ဟစ်တလာ က ယောင်ချာချာ လုပ်နေသည်
မဟုတ် ။ ဥရောပ တစ်တိုက်လုံးကို လွှမ်းမိုးကြီးစိုးရန် ဟစ်တလာ စက်ယန္တရားကြီး သည် ဘယ်
ခလုတ်ကန်သင်းကိုမျှ အရေးမထားဘဲ ခွေးသွားစိပ် လည်လျက် ဥရောပ နိုင်ငံငယ်ကလေးများ
ပေါ်သို့ ကျော်ဖြတ်မောင်းနှင်နေလေပြီ ။ ဂျပန်ဖက်ဆစ် စစ်သား ၆ သန်း ကျော် တို့၏ လှံစွပ်များသည် ဂျပန် တက်နေရောင် အောက်တွင် တဖျတ်ဖျတ် တောက်ပနေရာ ဗြိတိသျှ ခြင်္သေ့ကြီး သည် သူ့
သားကောင်များ လွတ်မထွက်ရန် ပါးစပ်ဖြဲလျက် ခြေသည်းလက်သည်းများထုတ်ကာ စောင့်ကြပ်လျက်နေသည် ။ ' အင်္ဂလိပ်အခက် - ဗမာ့အချက် ' ဟူသော ကြွေးကြော်သံကို လေးနက်စွာ ယုံကြည်ပြီး လွတ်လပ်ရေး အရယူမည်ဟု အဓိဌာန်ပြုထားသော ဗမာ့သားကောင်းရတနာတို့ကလည်း
ဗြောင်အတိအလင်း တစ်မျိုး ၊ တိတ်တိတ်ဆိတ်ဆိတ် လျှို့ဝှက်တစ်နည်း စည်းရုံးလျက် နေကြလေသည် ။ ကျွန်တော် တစ်ယောက်တည်း ယောင်ချာချာနေလျှင် ကမ္ဘာလောကကြီး တစ်ခုလုံးသည်
ကျွန်တော့် အပေါ်မှာ နင်းကျော်သွားကြပေလိမ့်မည် ။
တစ်နေ့သ၌ အရေးတော်ပုံ အတွင်းက ကျောင်းသားခေါင်းဆောင် တစ်ဦး ဖြစ်ခဲ့သူ ကျွန်တော် နှင့်
ရင်းနှီးလှသော ရဲဘော် ကိုအေးငွေ သည် ကျွန်တော့် ထံသို့ မောကြီးပန်းကြီးနှင့် ရောက်လာသည် ။
သူသည် အသက်ရှု မှန်သည့်တိုင်အောင်ပင် မနားတော့ဘဲ -
“ ရှာလိုက်ရတာ ဖိုးတင်ထွန်း ရာ ၊ သတင်းစာတိုက်ကို အခေါက်ခေါက် သွားရှာတယ် ၊ ကမာရွတ်
ကိုလည်း ရောက်တယ် ၊ ခုမှ တွေ့ရတော့တာပဲ ”
“ ရှမ်းပြည် အလည်အပတ် သွားနေတယ်ဗျ ၊ ဘာကိစ္စများ ရှိလို့တုံး ”
“ နက်ဖြန်ည ခင်ဗျား အစည်းအဝေး လာရမယ် ၊ ဆွေးနွေးပွဲ ရှိတယ် ၊ လာဖြစ်အောင် လာနော် ”
“ ဘယ်မှာလဲဗျ ”
“ တက္ကသိုလ် အင်္ဂလိပ်စာဌာန နဲ့ နေ့ကျောင်းသားများ အပန်းဖြေခန်းကြားက မြက်ခင်းပေါ်မှာ ”
“ အို မြက်ခင်းပေါ်မှာ ”
“ ဟုတ်တယ် ”
“ ဘယ်အချိန်လဲ ”
“ ည ရှစ်နာရီ မထိုးခင် ဆယ့်ငါးမိနစ် အလိုမှာ အဲဒီကို အရောက်လာရမယ် ”
“ ဟာဗျာ မှောင်နေမှာပေါ့ ၊ ညဆိုရင် အဲဒီနားမှာ မီးတစ်လုံးမှ ထွန်းထားတာ မဟုတ်ဘူး ”
“ မှောင်လို့ တမင်ရွေးတာပေါ့ ကိုယ့်လူရဲ့ ”
“ ဟင် ဘာအစည်းအဝေးမို့လဲ ကိုအေးငွေ ”
“ ဆွေးနွေးပွဲလို့ ခေါ်ချင် ခေါ် ၊ စကားစစ်ထိုးပွဲလို့ ခေါ်ချင် ခေါ် ”
“ ဘာကိစ္စကို ဆွေးနွေးရမှာလဲ ”
“ ယနေ့ ဗမာ့လွတ်လပ်ရေးလုပ်ငန်းတွင် လက်နက်ကိုင်ပုန်ကန်မှု လုပ်နိုင်သည် ဆိုတာကို အဆို
တင်သွင်းသူက သွင်းပြီး ကန့်ကွက်သူက ကန့်ကွက်ရမယ် ။ လူ ၃ဝ လောက် ဖိတ်ထားတယ် ။
အစည်းအဝေးလာသူတိုင်းဟာ ပါဝင်ဆွေးနွေးပြီး ထင်မြင်ချက် ပေးရမယ် ။ ကဲ သွားမယ် ၊ ဒီကိစ္စကို
လျှို့ဝှက်ထားနော် ”
ကိုအေးငွေ သည် မောကြီးပန်းကြီးနှင့် ပြန်တော့မည် လုပ်သည် ။ ကျွန်တော်က ဆွဲထားပြီး -
“ နေပါဦးဗျ ၊ စကားစမြည်ကလေးများ ပြောရအောင် ”
“ မနေနိုင်တော့ဘူး ၊ သွားစရာတွေ ရှိသေးတယ် ။ အချိန် မှန်ရမယ်နော် ၊ ပြီးတော့ လူပို မခေါ်ခဲ့ရဘူး ”
“ ဘယ်သူတွေ လာကြမှာလဲ ”
“ ဒါတွေ မေးမနေနဲ့ ရဲဘော်တင်ထွန်း ၊ ဟိုကျတော့ တွေ့မှာပေါ့ ။ ရဲဘော်တင်ထွန်း မသိတဲ့
လူတွေလည်း ပါမှာပဲ ”
ပြောပြောဆိုဆိုနှင့် ကိုအေးငွေ ထွက်သွားလေသည် ။ ကိုအေးငွေ နှင့် မတွေ့သည်မှာ များစွာ
မကြာလှသေးပါ ။ သို့ရာတွင် ကိုအေးငွေ သည် များစွာ ပြောင်းသွားသည်ဟု ထင်မိသည် ။ သူ့မှာ
ရွှတ်နောက်နောက် အမူအရာများ မတွေ့ရတော့ချေ ။ လေးနက်တည်ငြိမ်လာသည်ဟု ထင်သည် ။
ဘာမျှ ဂရုမစိုက်ဘဲ လွတ်လွတ်လပ်လပ် သွားလာနေထိုင်သော ကိုအေးငွေ လည်း မဟုတ်တော့ဘူး
ဟု ထင်သည် ။ သူ့ မျက်စိများသည် ကျီးမျက်စိများကဲ့သို့ စိုးရိမ်စရာ ၊ မသင်္ကာစရာတွေကို စူးစမ်း
ရှာဖွေနေဟန် ရှိသည် ။
သို့ရာတွင် ထိုမျက်စိများဖြင့် ကျွန်တော့် အား ကြည့်သွားခဲ့သည် မဟုတ် ။ သူ့ ဖိတ်ခေါ်ချက်နှင့်
ပတ်သက်ပြီး ကျွန်တော်ယောင်ချာချာ ဖြစ်နေလိမ့်မည်ဟု သူ လုံးဝ စိုးရိမ်ဟန် မတူ ။ သူသည်
ကျွန်တော့်အား ယုံယုံကြည်ကြည် နှင့် ဖိတ်သွား၏ ။ ရဲဘော်ရဲဘက် ဖြစ်သော ကျွန်တော့် အပေါ်ဝယ်
သင်္ကာကင်းစွာဖြင့် သူတို့ လျှို့ဝှက်ရေး လုပ်ငန်းတွင် ပါဝင်ရန် ကျွန်တော့် အား ဖိတ်ခေါ်သွားလေသည် ။
အမှန်စင်စစ် သူ၏ ဖိတ်ခေါ်ခြင်းသည် ကျွန်တော့် အား ယောင်ချာချာ ဖြစ်နေသော ဘဝမှ ကယ်တင်
လိုက်ဘိသကဲ့သို့ပင် ရှိပေတော့သည် ။
နောက်တစ်နေ့ ညနေ ချိန်းထားသောနေရာသို့ လာခဲ့သည် ။ အချိန် မစေ့တတ်သေးသဖြင့် ဘွဲ့နှင်းသဘင် အဆောက်အအုံကြီးကို ရစ်သီရစ်သီ လှည့်ပတ်ပြီး နေရသေးသည် ။ အချိန်စေ့သောအခါ
ရုံးခန်းများဘက် မှ ဝင်ပြီး နေ့ကျောင်းသားများ အခန်းဆီသို့ သွားသည် ။ နောက် မှ မြက်ခင်းထဲသို့
ဆင်းလိုက်သည် ။ မှောင်ကြီးမည်းမည်း မဟုတ်သော်လည်း တစ်ယောက် နှင့် တစ်ယောက် သဲကွဲစွာ
မမြင်နိုင်သော အမှောင်ဖြစ်လေသည် ။ ကျွန်တော့် အရင် ၅ ယောက် ရောက်နေလေပြီ ။ အနီးသို့
ကပ်သွားသောအခါ ကိုထွန်းရှိန် နှင့် ကိုအေးငွေ တို့ကို တွေ့ရသည် ။ သူတို့က ကျွန်တော့် အား
ဘာမျှ မပြောဘဲ လက်ဟန်ခြေဟန်ဖြင့်သာ ထိုင်ခိုင်းသည် ။ မြက်ခင်းပေါ်မှာ ဘာမျှ ခင်းမထား ။
ဆီးနှင်း အနည်းငယ်ကျနေသဖြင့် ခပ်စိုစို ဖြစ်နေသည် ။ ကျွန်တော် နှင့် တစ်ပြိုင်နက် လိုလိုပင်
ဟိုဘက်က တစ်ယောက် ဒီဘက်က တစ်ယောက် လမ်းအမျိုးမျိုးဖြင့် ရောက်လာသည် ။ ရူပဗေဒ
ဌာနဆီမှပင် လာသူက လာသေးသည် ။ တစ်ယောက် မျက်နှာ တစ်ယောက် ကြိုးစားကြည့်ရသည် ။
ကိုအေးငွေ ပြောသကဲ့ပင် သိသူလည်း ပါသည် ။ မသိသူလည်း ပါသည် ။ ကျွန်တော် သိသူများကား
၁၃ဝဝ ပြည့်နှစ် အရေးတော်ပုံအတွင်း တွေ့ခဲ့ ၊ အတူလုပ်ခဲ့သော ရဲဘော်များသာ ဖြစ်လေသည် ။
ကျွန်တော့်မှာ ရင်ဖိုနေသည် ။ ကြောက်ခြင်း ၊ စိုးရိမ်ခြင်း စသည်တို့ကြောင့်ကား မဟုတ် ၊ အစည်းအဝေး၏ အလေးအနက်သည် မှောင်ရိပ်ဆိတ်ကွယ် ပတ်ဝန်းကျင်နှင့် ပူးပေါင်းပြီး ကျွန်တော့်အား
ချောက်ချားနေစေလေသည် ။ အစပထမ၌ အချင်းချင်း တိုးတိုးကလေး ပြောကြသည် ။ စကားလည်း
နည်းလှကြ၏ ။ မဆူမညံဘဲနှင့် အရေးတော်ပုံသွေးကြွနေကြခြင်းပင် ဖြစ်သည် ။ အားလုံးသည်
မှောင်ကြီးမည်းမည်းထဲမှာ ခြေဖျားထောက်ပြီး လုပ်ကြံမှုကြီးဆီသို့ လျှောက်သွားနေကြသည်နှင့်
တူလှသည် ။
ကိုထွန်းရှိန် က စကားအချေအတင် ပြောပွဲကို ဖွင့်လေသည် ။ ' လက်နက်ကိုင်ပုန်ကန်မှု လုပ်နိုင်သည် '
ဟူသော အဆိုကို တစ်ယောက် က သွင်းပြီး အခြား တစ်ယောက် က ကန့်ကွက် လိမ့်မည် ။ စကားကို
တတ်နိုင်သမျှ တိုးတိုး ပြောရမည် ။ လူတိုင်း ပါဝင်ဆွေးနွေးရမည် ။ ဘယ်သူ အဆိုသွင်းပြီး ဘယ်သူ
ကန့်ကွက်သူ ဖြစ်ရမည်ဟု ကြိုတင်စီစဉ်မထား ။
ကိုထွန်းရှိန် -
“ ကဲ ဘယ်သူက အဆို စသွင်းမလဲ ”
ကျွန်တော်တို့သည် တစ်ယောက် မျက်နှာတစ်ယောက် ကြည့်ကြသည် ။ မှောင်ထုမှာ များစွာ
မသိပ်သည်းလှသဖြင့် ဘယ်သူ ဘယ်ဝါ ဖြစ်သည်ဟု သိနိုင်ကြသော်လည်း ဘယ်သူ သည် ဘယ်
မျက်နှာထားမျိုး ထားနေသည်ဟု မျက်ရိပ်ခြည်ကိုကား မခန့်မှန်းနိုင်ကြချေ ။
ကိုထွန်းရှိန် -
“ ကဲ လုပ်လေ ၊ တစ်ယောက် ယောက် က စပြီး အဆိုသွင်းမှပေါ့ ”
များများ မတိုက်တွန်းရပါ ၊ ကြာကြာ မစောင့်ရပါ ။ အရေးတော်ပုံအတွင်းက ဗိုလ်အောင်ကျော် နှင့်
အတူ အတွင်းဝန်ရုံးများရှေ့မှာ အရိုက်ခံခဲ့ရဖူးသော ကျောင်းသားခေါင်းဆောင် တစ်ဦး ဖြစ်သူ
ကိုလှမြိုင် က အဆိုသွင်းပါတော့သည် ။ လက်နက်ကိုင် သူပုန်ထဖို့ အချိန်ကျနေပြီ ဖြစ်ရုံမက ထနိုင်သော အခြေအနေ ရှိကြောင်း အဆိုသွင်းလေသည် ။ နယ်ချဲ့သမားအချင်းချင်း စစ်ဖြစ်နေသော
အချိန်တွင် အင်္ဂလိပ် သည် ချောက်ကျနေပြီ ဖြစ်ကြောင်း ၊ အင်္ဂလိပ် အခက်သည် ဗမာ့ အချက် ဖြစ်ကြောင်း ၊ အင်္ဂလိပ် ၏ ရန်သူသည် ဗမာ့ မိတ်ဆွေ ဖြစ်ရမည် ဖြစ်ကြောင်း ၊ အင်္ဂလိပ် သည် ဗမာ တို့အား
အသာတကြည် အေးချမ်းသော နည်းဖြင့် လွတ်လပ်ရေး ပေးမည် မဟုတ်သည်မှာ လွန်ခဲ့သော
အရေးတော်ပုံ က သက်သေပြခဲ့ပြီ ဖြစ်ကြောင်း ၊ လူထု က အကြမ်းမဖက်ဘဲ ဆူပူလှုပ်ရှားနိုင်သည်မှာ
ထိုအရေးတော်ပုံ ထက် ဘယ်တော့မျှ မပိုနိုင်တော့ပြီ ဖြစ်ကြောင်း ၊ ထို့ကြောင့် လက်နက်ကိုင်
သူပုန်ထမှ ဖြစ်မည်ကို နားလည်နေကြကြောင်း ၊ ထိုသို့သော နားလည်မှုရှိလျှင် သူပုန်ထနိုင်မည်
ဖြစ်ကြောင်း တင်ပြ၏ ။
ကိုလှမြိုင် မှာ အေးအေးဖြည်းဖြည်း ပြောသည် ။ အသံမှာလည်း တိုးလှသည် ။ သို့သော် အားလုံးက
စိုက်ပြီး နားထောင်နေကြ၏ ။ အခြား စကားရည်လုပွဲများနှင့် ခြားနားလှသည် ။ ရယ်စရာ ပြက်လုံး
မပါ ။ ဝေဝေဆာဆာ စကားတန်ဆာ မပါ ။
ကိုလှမြိုင် တင်ပြပြီးသွားသောအခါ လုံးဝ ဆိတ်ငြိမ်သွား၏ ။ ပြည်လမ်းပေါ်မှပင် ဘာသံမျှ ရောက် မလာ ။ အင်းလျားဆီမှာလည်း ညဉ့်ငှက်သံများ မကြားရသေး ။
ကိုထွန်းရှိန် -
“ ကဲ ဘယ်သူ ကန့်ကွက် မလဲ ”
ကျွန်တော်ကား ထောက်လည်း ထောက်ခံချင်သည် ၊ ကန့်လည်း ကန့်ကွက်ချင်သည် ။ မှန်သည် ၊
လက်နက်ကိုင် သူပုန်ထမှ နယ်ချဲ့အင်္ဂလိပ် အောက် မှ လွတ်မြောက် မည် ။ လက်နက်ကိုင် သူပုန်
ထရန်လည်း အကောင်းဆုံးအချိန် ရောက်နေပြီ ။ သို့သော် လက်နက်ကို ဘယ်သို့ ရယူကြမည်နည်း ။ လက်နက်ရမည် အထင် နှင့် ကမာရွတ်မှာ နေတုန်းက သခင်တင်ကြီး ကို ကိုးကွယ်
ဆည်းကပ်ခဲ့သည် မဟုတ်လော ။ ကိုကြွယ် က သတင်းပေးလို့သာ ပုလိပ်သတင်းပေး ထို
သခင်တင်ကြီး နှင့် ခပ်ကင်းကင်း နေခဲ့ရသည် မဟုတ်လော ။
ကိုထွန်းရှိန် -
“ ကဲ ရဲဘော်တွေ စိတ်ထဲမှာ ရှိတာ ဝှက် မထားကြနဲ့ ၊ ထင်တာကို ပြောပါ ။ လွတ်လွတ်လပ်လပ်
ငြင်းခုံ ဆွေးနွေးနိုင်ပါတယ် ”
ငြိမ်မြဲ ငြိမ်နေကြသည် ။ ကန့်ကွက်ရန် ခက်နေကြဟန်ရှိသည် ။ သို့မဟုတ် အားလုံးပင် အဆိုနှင့်
သဘောတူနေကြသလော ။
အတန်ကြာ စောင့်ဆိုင်းနေပြီးနောက် ကိုအေးငွေ က -
“ အဆိုကို ကျွန်တော် ကန့်ကွက်တယ် ၊ သေသေချာချာ ရှင်းပြီး ကန့်ကွက်ပါရစေ ” ဟု ခွင့်တောင်းသည် ။ သူသည် ကိုထွန်းရှိန် ကိုသာ ခွင့်တောင်းသည် မဟုတ် ၊ ကျွန်တော်တို့ အားလုံးကို ခွင့်တောင်းသည် ။ ကိုအေးငွေ က ကန့်ကွက်ခြင်း အတွက် ကျွန်တော် အံ့ဩသည် ။ သူ့လို လူက မားမားမတ်မတ် လက်နက်ကိုင် ပုန်ကန်နိုင်သည် ဟူသော အဆိုဘက်တွင် ရပ်နေရမည် မဟုတ်ပါလော ။
ကိုအေးငွေ သည် ' အင်္ဂလိပ်နယ်ချဲ့ အခက် ဗမာ့ အချက် ' ဆိုသော ဆောင်ပုဒ်ကို လက်ခံသည် ၊
သို့သော် အင်္ဂလိပ် ၏ ရန်သူသည် ဗမာ့ မိတ်ဆွေ ဟူသော အချက်ကို လက်မခံ ။ အင်္ဂလိပ် ၏ ရန်သူ
ဂျာမနီ နှင့် မကြာမီ ရန်သူ ဖြစ်မည့် ဂျပန် တို့သည်လည်း နယ်ချဲ့သမားများပင် ဖြစ်သည် ။ အလွန်
ဆိုးရွားသော ဖက်ဆစ်များ ဖြစ်သည် ။ သူတို့လည်း သူများ နိုင်ငံများကို အဓမ္မ သိမ်းပိုက်ထား
သူတွေ ဖြစ်သည် ။ ထို့ကြောင့် အင်္ဂလိပ် ၏ ရန်သူတိုင်း ဗမာ့မိတ်ဆွေ မဖြစ်နိုင် ။ ပြီးခဲ့သော
အရေးတော်ပုံထက် ပိုမိုကြီးမားသော လက်နက် မပါသော လူထု လှုပ်ရှားဆူပူမှု ၊ နိုးကြားမှု
မရှိနိုင်တော့ဘူး ဆိုသော အယူအဆကို ကိုအေးငွေ က လက် မခံ ။ ပြီးခဲ့သော အရေးတော်ပုံမှာ
လူထုသည် စည်းရုံးရေးတောင့်တင်းခြင်း မရှိဘဲ နှင့် ပါလာခြင်းဖြစ်သည် ။ ခေါင်းဆောင်ပေးနေသော
တို့ဗမာအစည်းအရုံး ပင်လျှင် စည်းကမ်းစနစ် မကျလှ ။ တောင်သူလယ်သမား အစည်းအရုံးများ နှင့်
အလုပ်သမား အစည်းအရုံး များသည် ကျကျနန မရှိခဲ့ ၊ ထို့ကြောင့် စည်းရုံးရေး များများ
လုပ်ရဦးမည် ။ စည်းရုံးမှု ခိုင်မာသော လူထုအရေးတော်ပုံ နှင့် စည်းကမ်းကောင်း စနစ်ကျသော
တို့ဗမာအစည်းအရုံး ခေါင်းဆောင်မှု ဖြစ်လာလျှင် ပြီးခဲ့သော အရေးတော်ပုံထက် ပိုမို ကြီးကျယ်ရုံမက အောင်မြင်မှု အများအပြား ရမည် ။ လက်နက်ကိုင် ပုန်ကန်ရန်သည် စိတ်ကူး၍ လွယ်သည် ။
ပြော၍ လွယ်သည် ။ ပထမဆုံး လက်နက်ရရန်ပင် ခက်သေးသည် ။ လက်နက်ရပြီ ထားဦးတော့ ၊
ကိုင်တတ်ဖို့ လိုသေးသည် ။ တိုက်နည်း ခိုက်နည်း ၊ စစ်ရေးစစ်ရာ များကို နားလည်ရဦးမည် ။
ငါ တို့မှာ သူပုန်သာ ထချင်ကြသည် ၊ ဤ အရည်အချင်းများ ဘာမျှ မရှိသေး ။ ထို့ကြောင့်
လက်နက်ကိုင် သူပုန် မထနိုင်သေး ။
ကိုအေးငွေ သည် သို့ကလို ခေါင်းဆောင်၍ ကန့်ကွက်လိုက်သောအခါ ကန့်ကွက်ရဲသူတွေ
ပေါ်လာလေသည် ။ ကန့်ကွက်စရာ အချက်အလက်တွေ ပေါ်လာသည် ။ ထောက်ခံသည့်ဘက်
မှလည်း ထောက်ခံစရာ ၊ ချေပစရာတွေ အများအပြား ပေါ်လာလေသည် ။ တိုးတိုးတိုးတိုး
စကားပြော မရတော့ချေ ။ အတိုက်အခံ ပြောကြရင်း လေသံ ကျယ်လာသည် ။ ကိုထွန်းရှိန် က
ထိန်းပေးရ၏ ။ တစ်ခုတော့ ထင်ရှားသည် ၊ အားလုံး စိတ်ဝင်စားစွာ ပါဝင်ကြသည် ။ ကျွန်တော်ကား နှစ်ဖက် မှနေပြီး ပြောဆိုဆွေးနွေးနေမိလေသည် ။ ကျွန်တော်သာမကပါ ၊ အချို့ရဲဘော်များ
မှာလည်း နှစ်ဖက်ပြောစရာ ရှိနေကြလေသည် ။
ခြုံ၍ စဉ်းစားလိုက်သောအခါ နိုင်ငံတကာ အခြေအနေ ၊ စစ်အခြေအနေကြောင့် အင်္ဂလိပ် နယ်ချဲ့သမား အား လက်နက်ကိုင် ပုန်ကန်ရန် အချိန်ကျနေသည် ။ ပြည်သူလူထုကလည်း နိုးကြားလျက်
ရှိသည် ။ စည်းရုံးပေးဖို့ လိုသည် ။ ဘယ်နည်းနှင့်ရရ လက်နက်ရအောင် ယူရမည် ။ နိုင်ငံခြား
အကူအညီကို လိမ္မာပါးနပ်စွာ သုံးရမည် ။ ကိုယ့် လွတ်လပ်ရေးအတွက် ကိုယ် တိုက်နေစဉ် ဂျပန်
ဆီက အကူအညီရလျှင် အသုံးချရမည် ဟူ၍ သဘောပေါက်ကြလေသည် ။
ဤ အချေအတင်ပြောပွဲမှာ ကျွန်တော်တို့ သည် အထက်ပါအတိုင်း သဘောပေါက်ကြသော်လည်း
ဆုံးဖြတ်ချက် ချမှတ်ခြင်းကား မရှိပေ ။ ကိုထွန်းရှိန် နှင့် ကိုအေးငွေ တို့သည် ဆုံးဖြတ်ချက်ချသော
အစည်းအဝေး မဟုတ်ကြောင်း ၊ အချေအတင် ပြောပွဲသာဖြစ်ကြောင်း အတန်တန် သတိပေးကြသည် ။ သူတို့သည် အချေအတင်ပြောပွဲ မှာ ပြောဆိုကြသော စကားများကို ထောက်ပြီး ကျွန်တော်တို့အား အကဲခတ်ကြဟန်တူသည် ။ ယုံကြည်လောက်သူ ၊ မယုံကြည်အပ်သူ ၊ နားလည်မှုရှိသူ ၊
နားလည်မှုမရှိသူ စသည်ဖြင့် သူတို့စိတ်ထဲမှာ စာရင်းတို့ထားကြဟန် တူသည် ။ ထို့နောက် မှ
တစ်ဦးစီ ချဉ်းကပ်ကာ ပြောသင့်သည်ကို ထပ်ပြောပြီး တာဝန်ပေးသင့်သူကို ပေးရန် ဖြစ်လေသည် ။
ကျွန်တော်တို့သည် ဗြောင် တည်ထောင်ထားသော ကျောင်းသားများသမဂ္ဂ ၊ တောင်သူလယ်သမား
အစည်းအရုံး ၊ အလုပ်သမား အစည်းအရုံးတို့ နှင့် တို့ဗမာအစည်းအရုံး တို့ကိုသာ ပိုမို
တောင့်တင်းအောင် လုပ်ကြရမည် မဟုတ် ၊ လျှို့ဝှက်ရေး အဖွဲ့အစည်းများလည်း ဖွဲ့စည်းကြရမည် ။
အကယ်၍ လက်နက်ရလျှင် ကိုင်တတ်အောင် ၊ စစ်တိုက်တတ်အောင် လေ့ကျင့်ထားကြရမည် ။
စစ်ရေးစစ်ရာ ပညာပရိယာယ် သေနင်္ဂဗျူဟာ များကို လေ့လာထားကြရမည် ။ ဂျာမန်နာဇီ တို့သည်
သေနတ်အစစ် မရခင် သစ်သားသေနတ် ထမ်းပြီး လေ့ကျင့်ခဲ့ကြရသည် မဟုတ်ပါလော ။
ည ဆယ်နာရီ လောက်တွင် လူစုခွဲကြလေသည် ။ လူစုခွဲသော အခါမှာလည်း အစည်းအဝေးသို့ လာခဲ့ကြသလို ဟိုဘက်သို့ နှစ်ယောက် ၊ သည်ဘက်သို့ သုံးယောက် ၊ ဟိုကြား တစ်ယောက် ၊ သည်ကြား
နှစ်ယောက် စသည်ဖြင့် အလျှိုအလျှို ထွက်ခွာသွားစေခြင်းဖြင့် ခွဲလိုက်လေသည် ။
အင်းလျားကန်ပေါ်တွင် ညဉ့်ငှက် များ သည် အော်မြည်ပျံသန်းကာ နေကြလေပြီ ။ ဘွဲ့နှင်းသဘင်
အဆောက်အအုံကြီး သည် မှောင်ရီရီတွင် ထုထည်ကြီးမား ခံ့ညားစွာနှင့် ပေါ်လွင်နေသည် ။
လှေကားဝ အုတ်တိုင်နှစ်တိုင်တွင် တင်၍ထွန်းထားသော ကြွေဖြူမီးလုံးကြီး နှစ်လုံးမှတစ်ပါး
အားလုံးသော မီးများကို ငြိမ်းထားသည် ။ ယုဒသန်ကောလိပ် ဆင်ဝင်အောက် မှာလည်း ကြွေဖြူ
မီးလုံးကြီးတစ်လုံး လင်းနေသေးသည် ။
လေပြည်ကလေး ဆော်သွေးလျက်ရှိ၏ ။
ကျွန်တော် သည် ကိုထွန်းရှိန် ၊ ကိုအေးငွေ တို့နှင့်အတူ ဘွဲ့နှင်းသဘင် အဆောက်အအုံရှေ့မှ
ဖြတ်ပြီး ပြည်လမ်းဘက်သို့ လျှောက်လာခဲ့၏ ။
ကိုထွန်းရှိန် သည် ဆေးပေါ့လိပ်တစ်လိပ်ကို မီးညှိပြီးနောက် -
“ ဒီနေ့ည ဘယ်မှာ အိပ်ကြမှာလဲ“
ကိုအေးငွေ -
“ ကြုံရာပဲဗျာ ”
ကျွန်တော် -
“ ကျွန်တော်ကတော့ ဘတ်စ်ကား ရသေးရင် မြို့ထဲ ပြန်အိပ်မယ်လို့ ”
ကိုထွန်းရှိန် -
“ ဘတ်စ်ကားရမယ် မထင်ဘူး ”
ကိုအေးငွေ -
“ ယူနီယံ ဝင်အိပ်ကြပါစို့ဗျာ ”
ကျွန်တော်တို့ နှစ်ယောက်စလုံး သူ့အကြံကို သဘောတူကြသည် ။
ကိုထွန်းရှိန် -
“ အင်းလျားကန်ပေါ် လျှောက်ကြဦးစို့ဗျာ ”
ကိုအေးငွေ -
“ ညဉ့်နက်ပြီဗျာ ”
ကျွန်တော် -
“ ညဉ့်နက်လည်း ဘာဖြစ်လဲဗျာ ၊ သန်းခေါင်ဆိုရင် ပိုတောင် ကောင်းဦးမယ် ။ ခုနှစ်စဉ်ကြယ်ပြောင်
အမြီးထောင်တာကို ကောင်းကင်မှာ မြင်နိုင်မယ် ၊ သန်းခေါင်ယံ လေပြည်သွေးတော့ အေးတာ
ကလေးလည်း ခံစားရမယ် ။ ဂိုးလ်စမစ် ဟာ လန်ဒန်မြို့တော်ကြီး မှာ ညဥ့်နက်သန်းခေါင် လျှောက်လည်ပြီး စာရေးခဲ့တာ လူကြိုက် များသွားတယ် မဟုတ်လား ”
ကိုထွန်းရှိန် -
“ လာဗျာ ကိုအေးငွေ ၊ ဘယ်သူမှ လမ်းမလျှောက်တဲ့ အချိန် လျှောက်ရတာ အရသာ တစ်မျိုးပေါ့ ။
ကိုတင်ထွန်း လည်း ဂိုလ်းစမစ် ကို အားကျပြီး စာရေးချင်ရင် ရေးနိုင်တာပေါ့ ။ သတင်းစာဆရာ
လုပ်ရုံနဲ့ မစားလောက်ရင် စာရေးပြီး ဖြည့်နိုင်တယ် ”
ကျွန်တော်တို့သည် အင်းလျားကန်ပေါင်ရိုးဆီသို့ လာခဲ့ကြသည် ။ ကောင်းကင်မှာ ကြည်လင်သဖြင့် ကြယ်တာရာ စုံလင်လှပေသည် ။ ကြယ်ရောင်တွေက တော်တော်လက်သည် ။ ရေမျက်နှာပြင်မှ ပြန်ဟပ်သော အလင်းက တော်တော်အားရှိသည် ။
ကိုအေးငွေ -
“ ကိုတင်ထွန်း စာရေးချင်ရင်တော့ ခြောက်မိုင်ခွဲ ရောက်အောင်သွားဗျ ၊ မော်တော်ကားနဲ့ လာကြတဲ့
အတွဲတွေကို တွေ့ကောင်း တွေ့ရဦးမယ် ”
ကျွန်တော် -
“ နေပါစေဗျာ ၊ လူများ မသိစေချင်လို့ သူတို့ ဘာသာ ဒီ အရောက်လာပြီး တွဲကြတာ ၊ ကျွန်တော်တို့
က လူသိနတ်ကြား ဖြစ်အောင် စာမရေးကြပါစို့နဲ့ ၊ ဒါထက် ကျွန်တော် သတင်းစာတိုက်က
အလုပ် ထွက်တော့မယ် ”
ကိုအေးငွေ -
“ ဘာကြောင့်လဲဗျ ”
“ ဒီအလုပ် လုပ်ရတာ တောင်မကျ မြောက် မကျ ပါဗျာ ၊ ကိုယ့်မိဘ လုပ်ကျွေးရအောင်လည်း ဝင်ငွေ
မရဘူး ၊ စာဆင်သင်ရအောင်လည်း အချိန်ပို မရဘူး ၊ နိုင်ငံရေးကိုလည်း ကျွတ်ကျွတ်လွတ်လွတ်
မလုပ်နိုင်ဘူး ။ ပြီးတော့ ခင်ဗျားတို့ သိတဲ့အတိုင်းပဲ နိုင်ငံခြားသတင်းမှာတော့ မဆိုးပါဘူး ၊
နိုင်ငံခြားရေးရာ ဆောင်းပါးတို့ ဘာတို့လည်း ကျွန်တော် ကြိုက်တာကလေးတွေ ထိုးနိုင်ပါတယ် ၊
ပြည်ထဲရေးကျတော့ သိပ်ဆိုးတယ် ၊ ကျွန်တော်တို့ သတင်းစာက တို့ဗမာအစည်းအရုံး ကို
ခေါင်းတည် တိုက်တယ် ၊ ဦးပု နဲ့ ဂဠုန်ဦးစော တို့ အစိုးရကို ထောက်ခံတယ် ၊ ဒါကြောင့် ကျွန်တော်
လိပ်ပြာမသန့်ဘူး ၊ ထွက်ချင်ပြီ ”
ကိုထွန်းရှိန်
-
“ ခင်ဗျား မရှိလည်း ဒီသတင်းစာ ဒါတွေ ရေးနေမှာပဲ မဟုတ်လား ”
“ ရေးနေမှာပေါ့ ။ ကျွန်တော် ရေးလိုတာတွေချည်း ပါနေတာမှ မဟုတ်ဘဲ ၊ ကျွန်တော် ဒီသတင်းစာမှာ
ရှိတာ မရှိတာနဲ့တော့ မဆိုင်ပါဘူး ”
ကိုထွန်းရှိန် -
“ ဒါဖြင့် ထွက်ဖို့ မထွက်ဖို့မှာ ဒီဟာ ထည့် မစဉ်းစားနဲ့ ။ ပညာဆက်သင်ဖို့ကော စိတ်ကူးသေးသလား ၊ ဘာ သင်ချင်တာတုံး ကိုယ့်လူရဲ့ ”
“ သိပ် စိတ်မကူးပါဘူးဗျာ ၊ အရင်ကသာ စိတ်ကူးတာပါ ”
ကိုအေးငွေ -
“ မမြင့်ဦး ရဲ့ ညွှန်ကြားချက်အရ စိတ်ကူးတာ မဟုတ်လား ”
ကျွန်တော် က သဲ့သဲ့ ရယ်လိုက်သည် ။
ကိုထွန်းရှိန် -
“ အခုကော ညွှန်ကြားချက် က တည်တုန်းပဲလား ”
“ မတည်တော့ပါဘူးဗျာ ၊ ကျွန်တော် က ဒါတော့ မလုပ်နိုင်ဘူးလို့ ပြောလိုက်ပြီးပြီပဲ ”
“ ဒါဖြင့် အလုပ်ထွက်ဖို့ မထွက်ဖို့မှာ ပညာဆက်သင်ရေး ဆိုတာ ထည့် မတွက်နဲ့တော့ ကိုယ့်လူ ။
နိုင်ငံရေးတာဝန် ထမ်းဖို့ကတော့ ဒီလိုရှိတယ် ၊ နောင် ခင်ဗျားကိုပေးမယ့် တာဝန်ဟာ အလုပ်တစ်ခုခု
လူမြင်သူမြင် ခံပြီး လုပ်နေမှ ဖြစ်မယ် ။ ခု သတင်းစာဆရာ လုပ်နေတယ် ဆိုပါတော့ ၊ ပုလိပ်က
သိပ်မသင်္ကာ ဖြစ်မှာ မဟုတ်ဘူး ။ ဘာ အလုပ်မှ မလုပ်တဲ့ ကျွန်တော်တို့ လို လူတွေကိုသာ သိပ်
မသင်္ကာတာဗျ ။ ဒီတော့ ကျွန်တော် တို့ လျှို့ဝှက်ရေး လုပ်ငန်းတွေ ၊ အရေးတော်ပုံ လုပ်ငန်းတွေမှာ
ခင်ဗျားကို ပုဏ္ဏားတိုင် လို လုပ်ထားရမှာပဲ ။ ကျွန်တော်တို့ အဆက်အသွယ်တွေ ကို ခင်ဗျားက
တစ်ဆင့် လုပ်ရမယ် ၊ ဒီ တာဝန်ခံ ခင်ဗျားကို ပေးဖို့ စီစဉ်ထားကြတယ် ။ ဒီတော့ ဒီအလုပ်မှာ
မပျော်လို့ ထွက်တောင်မှ အလုပ် တစ်ခုခုတော့ လုပ်ရလိမ့်မယ် ”
ကြယ်ရောင် နှင့် ရေရောင်ပြန်အလင်းတွင် ကန်ပေါင်ရိုးလမ်းကလေးမှာ ထင်းနေ၏ ။ မြောက်လေရူး
ကလေး ထလာသည် ။
ကိုအေးငွေ -
“ ခုနှစ် ဆောင်းကလည်း မချမ်းဘူးနော်“
ကျွန်တော် -
“ ရန်ကုန် ဆောင်းကတော့ ဒီလိုလိုချည်းပါပဲ ၊ ခရစ္စမတ် အတွင်းလောက်မှာတော့ ချမ်းကောင်းပါရဲ့ ။
တောင်ကြီး ကလော မှာတော့ အတော်ချမ်းနေရော့မယ် ”
ကျွန်တော်သည် တောင်ကြီး ကလော အကြောင်း ကို လွမ်းငွေ့ကလေးနှင့် ပြောလိုက်၏ ။ သူတို့ကို
ပြောသည်ထက် တမ်းချင်းကလေး ညည်းသည့်သဖွယ် ညည်းခြင်းသာ ဖြစ်သည် ။ သူတို့ကလည်း
ကျွန်တော် ပြောသည်ကို အမှုမဲ့ အမှတ်မဲ့ ထားလိုက်ကြသည် ။
ကိုထွန်းရှိန် -
“ အဲ အလုပ် လုပ်တာ အတူအတူ ဒီ လက်ထောက်အယ်ဒီတာ အလုပ်ထက် ဝင်ငွေ ပိုကောင်းတဲ့
အလုပ် လုပ်ရရင် ၊ ပြီးတော့ လွတ်လည်း လွတ်လပ်မယ်ဆိုရင် ပိုကောင်းတာပေါ့ ။ ခင်ဗျား
အဖေ အမေ လုပ်ကျွေးနိုင်မယ် ၊ ကျွန်တော်တို့ ကိုလည်း ထောက်ပံ့နိုင်မယ် ”
ကျွန်တော် သည် တောင်ကြီး ကလော အကြောင်း လွမ်းချင်းညည်းရင်း မမြမှီ အား သတိရနေသည် ။
သို့သတိရနေခိုက် ကိုထွန်းရှိန် က ထို စကားကို ပြောလိုက်သောအခါ မမြမှီ အကြံပေးထားသော
အလုပ်တစ်ခု ကို ပြေးသတိရလေသည် ။
“ အလုပ်တစ်ခုတော့ ရှိတယ် ၊ ဝင်ငွေလည်း ပိုကောင်းမယ် ၊ လွတ်လွတ်လပ်လပ်လည်း ရှိမယ် ”
ထိုအခိုက် ဇီးကွက်နှစ်ကောင် အော်မြည်ပြီး ရှေ့နောက် ပျံပြေးကြလေသည် ။
ကိုအေးငွေ
-
“ ဟာ လာဘ်ကောင်းတယ်ဗျို့ ကိုတင်ထွန်း ၊ အဲဒီ အလုပ်ဟာ လာဘ်ကောင်းမယ် ၊ လုပ်ဖြစ်အောင်
လုပ် ”
ကိုထွန်းရှိန် “ ဘာလုပ်ရမှာလဲ ”
“ ကူးသန်းရောင်းဝယ်ရေး လုပ်ရမှာဗျ ”
“ ငွေရင်းက မလွယ်ပေဘူး“
“ ငွေရင်းထုတ်ပေးမယ့်လူ ရှိလို့ ပြောတာပေါ့ ကိုထွန်းရှိန် ရ ”
ကိုအေးငွေ ခပ်ဖြီးဖြီး နှင့် -
“ ခင်ဗျား အစ်မတော် ဆိုတာက ထုတ်ပေးမှာလား ”
“ ဘယ်သူဆိုတာ မပြောပါရစေနဲ့ဦးဗျာ ၊ အရင်းတော့ ရမှာပါပဲ ”
ကိုထွန်းရှိန် -
“ ချင့်ချိန်ကြည့်လေ ၊ အရင်းလည်း ရမယ် ၊ ခင်ဗျားကလည်း လုပ်နိုင်မယ် ၊ သတင်းစာမှာ လုပ်နေတာ
ထက်လည်း အချိန် ပိုမကုန်ဘူး ၊ ချုပ်ချယ်မှု မရှိဘူးဆိုရင် လုပ်ပေါ့ ကိုယ့်လူ ”
ကျွန်တော် သည် ဘာမျှ ပြန်မပြောတော့ဘဲ လေးနက်စွာ စဉ်းစားနေလေသည် ။ နိုင်ငံရေးတာဝန်ကို
ထမ်းဆောင်ရင်း ကိုယ့် စီးပွားရေးလုပ်ငန်း လုပ်နိုင်မည်ဆိုသော အလားအလာမှာ လွန်စွာ အားရဖွယ်ဖြစ်သည် ။ သို့သော် မမြမှီ ၏ အရင်းအနှီး နှင့် လုပ်နေရလျှင် ရှေ့အဖို့ မမြမှီ နှင့် သန့်ရှင်းစွာ
နေထိုင်ရန် ဖြစ်ပါဦးမည် လော ၊ မမြမှီ နှင့် ကျေကျေနပ်နပ် အတူတွဲ၍ ကျူးလွန်ခဲ့သော အပြစ်မှ
ရုန်းထွက်နိုင်ပါဦးမည် လော ။ ရှေ့ မမြမှီ နှင့်ကျွန်တော် ဘယ်လို ဆက်ဆံသွားကြ မလဲ ။ တိတ်တိတ်ပုန်း ညားနေကြသော လင်မယား အဖြစ်ဖြင့် စခန်းသွားကြမည် လော ၊ အစ်မကြီး နှင့် မောင်လေး လို
သန့်ရှင်းစွာ ပြန်လည်နေနိုင်ကြဦးမည် လော ။ ကျွန်တော် သည် နောက် မဆုတ်တမ်း ကြာသမား
အဖြစ်ဖြင့် နေတော့မည် လော ။ ဤအပြစ် သည် ကျွန်တော့် နောက်မှ အရိပ်သဖွယ် လိုက်ပါနေ၏ ။
အရေးရှိလျှင် ဤအပြစ် သည် ကွက်ခနဲ ပေါ်လာပြီး ကျွန်တော့် စိတ်ကို ညစ်ညူးစေ၏ ။ ကျွန်တော့်
ရင်ကို ပိစေ၏ ။
ကျွန်တော်တို့ သည် အင်္ဂလိပ် ဆင်းရဲသားတွေ အတွက် ဤစစ်ကြီး သည် ဘာမျှ အကျိုး မရှိပုံ ၊
အင်္ဂလိပ် ဓနရှင်မှာသာ အမြတ်အများဆုံး ထွက်ပြီး ဇိမ်အများဆုံး ယူနိုင်သော အင်ပိုင်ယာကြီး ကို
ကာကွယ်ရန် စစ်ကြီး အရေးကြီးပုံ ၊ အင်္ဂလိပ်ဓနရှင် နှင့် မင်းစိုးရာဇာ များသည် လရောင်ပျော်ပွဲစားထွက်ရင်း စစ်ကြီးတိုက်ချင်ပုံ များကို ပြောကြရင်း အင်းလျားကန်ပေါင်ရိုး မှ ဆင်းခဲ့ကြသည် ။
၎င်းနောက် အဓိပတိလမ်းအတိုင်း လျှောက်ပြီး ပြန်လာကြသည် ။
ကိုထွန်းရှိန် နှင့် ကိုအေးငွေ တို့သည်လည်း စကား မပြောဘဲ လျှောက်လာကြသည် ။ ခဏကြာတော့
ရေထဲသို့ တစ်စုံတစ်ရာ ဖြန်းခနဲ ပစ်ချသံ တစ်ခုကို ကြားကြလေသည် ။ အသံလာရာဘက်သို့
လှမ်းကြည့်လိုက်ကြသောအခါ ယောကျာ်း တစ်ယောက် နှင့် မိန်းမ တစ်ယောက် သည် ကမ်းစပ်မှ
နေပြီး ယက်ချ် ခေါ် ရွက်လှေကလေး တစ်ခုပေါ် သို့ ကသုတ်ကယက် တက်သွားကြသည်ကို မြင်ကြရလေသည် ။ ကျွန်တော်တို့ သည် စောစောက ရွက်လှေကလေး ကို မမြင်ကြရ ။ မှုန်ရီရီ အလင်းတွင်
ရွက်ဖြူ သည် နစ်မြုပ်နေခဲ့လေသည် ။ လူတွေ့ရန် မမျှော်လင့်သော ကျွန်တော်တို့ သည် အံ့ဩ
နေကြ၏ ။ ၎င်းတို့ နှစ်ဦးကလည်း ယခု လို သန်းခေါင်ကျော်အချိန် တွင် လမ်းလျှောက်သူ နှင့် တိုးမိရန် စဉ်းစားပင် စဉ်းစားမိခဲ့မည် မဟုတ်ချေ ။
ယောက်ျာူ သည် တစ်ဖက်က ရွက်လှေ ကို ကိုင်ထားပြီး အခြား တစ်ဖက်ဖြင့် တစ်စုံတစ်ရာ ရေထဲမှ
ဆယ်ယူ၍ လှေပေါ်သို့ တင်နေလေသည် ။ ကျွန်တော်တို့ ကြားလိုက်ရသော အသံမှာ ထိုအရာကို
လှေပေါ်ပစ်တင်လိုက်ရာ မတော်တဆ ရေထဲကျသွားသောအသံ ဖြစ်ဟန်ရှိသည် ။ မိန်းမသည်
လှေပေါ်တက် မိသည် နှင့် ချက်ချင်း ထိုင်ချလိုက်သည် ။ ဂါဝန်တိုတို ဝတ်ထားသည်ဟု ထင်ရ၏ ။
ယောက်ျား မှာကား ဘောင်းဘီတို နှင့် ဖြစ်သည် ။
သူတို့သည် ခပ်မြန်မြန် တက်ပြီး ခပ်မြန်မြန် လှော်ထွက်သွားကြပေပြီ ။ ကျွန်တော်တို့အား
တိမ်းရှောင်ကြခြင်းပင် ဖြစ်၏ ။
ကိုအေးငွေ -
“ တွေ့ တွေ့တတ်ပလေနော် ”
ကျွန်တော် -
“ ဘုတ်ကလပ်မှာ ယောကျာ်း နှင့် မိန်းမ Moon - Light Picnic ( လရောင်ပျော်ပွဲစား ) ထွက်တဲ့
အလေ့ ရှိတယ်ဗျ ၊ ခုဟာကတော့ ကြယ်ရောင်ပျော်ပွဲစား Star-Light Picnic ထွက်တာ
ထင်ပါရဲ့ ”
ကိုအေးငွေ -
“ ခိုးစားတာ လူမိတာ နာတယ်ဆိုတာ ဒါမျိုး ထင်ပါ့ဗျာ ”
ကိုထွန်းရှိန် -
“ ကြည့်ရတာ ဗိုလ်ထီး နဲ့ ဗိုလ်မ ထင်တယ်ဗျ ”
ကျွန်တော် -
“ ဗမာမတွေ ဗမာထီးတွေ ဒီလောက် မကမြင်းသေးဘူးလို့ အောက် မေ့ရတာပဲဗျ ”
ကိုအေးငွေ -
“ ဗိုလ်ထီး နဲ့ ဗမာမ ဖြစ်နေရင်ကောဗျာ ”
ကျွန်တော် -
“ မိန်းမ က ဂါဝန်ဝတ်ထားတယ် ထင်တယ်ဗျ ၊ ပြီးတော့ ဆံပင်ကလည်း ဘော့ဘ်ဟဲယား နဲ့
တူပါတယ် ”
ကိုထွန်းရှိန် -
“ အင်္ဂလိပ် တွေနဲ့ တူတာပါပဲ ။ ဥရောပမှာ ဆင်းရဲသား စစ်သားကလေးတွေက သွေးချွေးရင်းနှီးပြီး
တိုက်နေကြတယ် ၊ သေသူသေ ကျေသူကျေပဲ ။ ဒီမှာရှိတဲ့ အင်္ဂလိပ်ဓနရှင် နဲ့ မင်းစိုးရာဇာ တွေက
ကြယ်ရောင်ပျော်ပွဲစား ထွက်ကောင်းနေကြတယ် ”
အင်းဝလမ်း နှင့် အဓိပတိလမ်း ထောင့်ရှိ တိုက်အိမ်မှလွဲ၍ အခြားအိမ်များသည် မီးများပင် ပိတ်ကုန်ကြလေပြီ ။ ကျောင်းဆောင်များ အခန်းမီးများပင် ပိတ်ကုန်ကြလေပြီ ။ ညဉ့်နက်အောင် စာဖတ်သူ
အချို့လည်း တံခါးကို ပိတ်၍ မီးရောင်ကို ခပ်အုပ်အုပ်ထားကာ စာဖတ်နေကြသည် ။ ဆူသံညံသံ
ဘာတစ်ခုမျှ မကြားရ ။ တေးသံချိုချိုကို လည်းကောင်း ၊ တီးမှုတ်သံသာသာကို လည်းကောင်း
မကြားရ ။ အင်းဝလမ်း နှင့် အဓိပတိလမ်း ထောင့် တိုက်အိမ်မှာကား တံခါးတွေ အကုန်ဖွင့်ထား၍
ထိုအိမ်တွင်း ဓာတ်မီးအလင်းရောင် သည် ဘေးသို့ ဖြာထွက်နေလေသည် ။ ရေဒီယိုတေးဂီတသံ ၊
တဟားဟားတဝါးဝါး ရယ်သံ နှင့် မူးမူးနှင့် အာဝဇ္ဇန်းရွှင်သံတို့သည် ဆိတ်ငြိမ်သော ပတ်ဝန်းကျင်
ကို နှောင့်ယှက်လျက်ရှိ၏ ။ ထိုအိမ်မှာ ပရိုဖက်ဆာ မဂ္ဂနစ် နေထိုင်ရာ ဂေဟာပေတည်း ။
ဖွင့်ထားသော တံခါးများမှ အတွင်း၌ ပျော်မြူးနေကြသော ဗိုလ်ထီးဗိုလ်မ များကို မြင်တွေ့ရ
ပေသည် ။ သူတို့သည် စားသောက်ပြီး ဖဲရိုက်နေကြ သလော ၊ အခြား အိမ်တွင်းကစားနည်း တစ်ခုခု
ကိုများ ကစားနေကြ သလော မပြောတတ်တော့ချေ ။ အင်္ဂလိပ် တို့သည် ကျွန်တော်တို့ အပေါ်တွင်
မောက် မာ သလောက် ၊ သွေးကြီးမွေးကြီး လုပ် သလောက် သူတို့ အချင်းချင်းကား ဣန္နြေမဲ့ အရှက် မဲ့
သည် ၊ ကမြင်းကြော ထကြသည်ကို တွေ့ရပြန်လေပြီ ။ ပရိုဖက်ဆာ မဂ္ဂစ် ၏ မိတ်ဆွေများ သည် များသောအားဖြင့် တက္ကသိုလ် ဆရာများ သာ ဖြစ်ပေလိမ့်မည် ။ သို့သော် ကျွန်တော်တို့ သည်
ပရိုဖက်ဆာ မဂ္ဂစ် နှင့် တကွသော မျက်နှာဖြူ ဆရာများကို ဆရာ အဖြစ်ဖြင့် မမြင်နိုင်ကြ ၊ ကျွန်တော်တို့အား ထာဝစဉ် ကျွန် လုပ်ထားချင်သော အင်္ဂလိပ် လူလည်ကြီးများ အဖြစ်ဖြင့်ပင် မြင်ကြသည် ။
မျက်နှာဖြူဆရာများ၏ ပညာအရည်အချင်းကို အထင် မကြီးကြ ။ အရည်အချင်း တကယ်ရှိလျှင်
သူတို့ နိုင်ငံမှာ သူတို့ နေပြီး သူတို့ လူငယ်များအား ပညာသင်ပေးနေကြလိမ့်မည် ထင်သည် ။
ကျွန်တော်တို့ ဆီသို့ လာခြင်းမှာ ကျွန်တော်တို့ လူငယ်များအား ပညာပေးရန် မဟုတ် ၊ ဝင်ငွေကောင်းရရန် နှင့် အချိန်မရွေး ဇိမ်ခံရန် လာကြခြင်း ဖြစ်သည် ။ ထို့ကြောင့်လည်း သခင်ကျောင်းသား
အချို့က မျက်နှာဖြူ ဆရာအချို့ ကို ချောင်းရိုက်ရန်ပင် ကြံစည်ခဲ့မိခြင်း ဖြစ်လေသည် ။
ကျွန်တော် -
“ အဲဒီလို ချောင်းရိုက်ဖို့ ကြံစည်ရာမှာ ခေါင်းဆောင်တာ ဘယ်သူလဲဗျ ၊ ကျွန်တော် မသိလိုက်ဘူး ”
ကိုအေးငွေ -
“ ခင်ဗျား အသိပေးလို့ ဘယ်ဖြစ်မှာလဲ ၊ ခင်ဗျားက စာကြိုးစားတဲ့ လူ ၊ ဆရာ ရိုသေတဲ့ လူ ဆိုတော့
မျက်နှာဖြူ ဆရာတွေနဲ့လည်း ရင်းနှီးတယ် ၊ ဒါကြောင့် ခင်ဗျားကို အသိ မပေးခဲ့ဘူး ”
“ ဒါဖြင့် ကိုအေးငွေ ခင်ဗျား ခေါင်းဆောင်ပေါ့နော် ”
ကိုထွန်းရှိန် -
“ ကိုအေးငွေ မဟုတ်ဘူး ၊ ကိုဘဟိန်း က ခေါင်းဆောင်တယ် ”
ကျွန်တော်တို့သ ည် သမဂ္ဂအဆာက်အအုံ သို့ ရောက်ခဲ့ကြလေပြီ ။ ဝမ်းတော်တော် ဟာနေကြ၏ ။
စားသောက်ဆိုင်မှာ ပိတ်သွားပြီဖြစ်၍ ဆာလောင်ခြင်းကို ကျိတ်မှိတ်ပြီး ခံကြရတော့သည် ။
အပေါ်ထပ် အစည်းအဝေးခန်းမကြီးထဲ သွားပြီး အိပ်ကြရမည် ဖြစ်ရာ တံခါးဖွင့်ပေးဖို့ ဦးကံသိန်း
အား နှိုးကြရသေးသည် ။ ဦးကံသိန်း မှာ ဆံပင်ညှပ်ဆိုင်ခန်း အနီးတွင် ကွပ်ပျစ်ခင်း၍ အိပ်နေသည် ။
ဦးကံသိန်း အား နှိုးနေစဉ် ဆံပင်ညှပ်ဆိုင်ခန်း နှင့် ကပ်လျက်ထားသော ဆိုင်ခန်း မှ ကိုထွန်းတင်
ထွက်လာလေသည် ။ ကိုထွန်းတင် မှာ မလှန်တမ်း သပိတ်မှောက်သွားသော ကျောင်းသား
ခေါင်းဆောင်တစ်ဦး ဖြစ်သည် ။ တိုလီမိုလီ ဆိုင်ကလေး ဖွင့်ထားသောကြောင့် ကျွန်တော်တို့ က
တိုလိမိုလီ ကိုထွန်းတင် ဟု ခေါ်ကြ၏ ။
ကိုအေးငွေ -
“ ဘယ့်နှယ်လဲ တိုလီမိုလီ ဆရာကြီး ၊ မအိပ်သေးဘူးလား ”
ကိုထွန်းတင်သည် ခါတိုင်းလိုပင် လျော့ရဲရဲနိုင်သော အပြုံး ၊ အေးစက်စက် အသံတို့ဖြင့် -
“ မအိပ်သေးဘူး ၊ ခင်ဗျားကို စောင့်နေတယ် ”
ကိုအေးငွေ သည် သူ နှင့် အတူ ဆိုင်ခန်းထဲသို့ လိုက်သွားလေသည် ။ နှစ်ယောက်တည်း အတော်ကြာပင် စကားပြောနေကြသည် ။ နိုင်ငံရေးကိစ္စပဲ ဖြစ်မည်ထင်သည် ။ ကိုထွန်းရှိန် နှင့် ကျွန်တော် တို့ကား ဦးကံသိန်း က တံခါး နှင့် မီးများ ဖွင့်ပေးပြီး ဖြစ်သဖြင့် အပေါ်သို့ တက်သွားကြလေသည် ။
စည်းဝေးခန်းမကြီးထဲ မှ ခုံရှည်များ ကို မျက်နှာချင်းဆိုင် ဆက်ခင်းကြသည် ။ ဦးကံသိန်း က
ခေါင်းအုံးတစ်လုံး နှင့် စောင်တစ်ထည် လာပို့သည် ။ ကိုအေးငွေ သည် ကိုထွန်းတင် ထံမှ ခေါင်းအုံး
နှင့် စောင်တစ်ထည် ယူခဲ့ပြီး ကျွန်တော် နှင့် ကိုထွန်းရှိန် အား စောင် ၊ ခေါင်းအုံး တို့ဖြင့် အိပ်စေပြီး
သူကိုယ်တိုင်ကမူ စာအုပ် ကို ခေါင်းအုံး၍ ခန်းဆီးကြီးတစ်ခု ကို ခြုံစောင်လုပ်ပြီး အိပ်လေသည် ။
ကျွန်တော် က -
“ ကိုအေးငွေ ကျွန်တော် စာအုပ်ကို ခေါင်းအုံးပါ့မယ် ၊ ခင်ဗျား ဒီ ခေါင်းအုံးကို ယူပါ ”
“ ဟာ နေပါစေဗျာ ”
“ မဟုတ်ဘူး ယူရမယ် ၊ ဒါမှ မျှတတော့မှာပေါ့ ၊ ခင်ဗျားကချည်း အနစ်နာခံနေလို့ ဘယ်မှာ
တရားမှာလဲ ”
“ ဟာ အခုအတိုင်းက မျှတရုံ တရားရုံ မကဘူး ၊ ကျွန်တော့် အကြိုက်ကို ကျနေတယ် ။ ကျွန်တော်က
ခေါင်းအုံး ဆိုရင် မာမှ ကြိုက်တယ် ၊ စောင်ဆိုရင်လည်း ပန်းပါမှ ကြိုက်တယ် ဟား ဟား ”
ကျွန်တော်ကား ဆင်ခြေ မတက်သာပြီ ။ ထို့ကြောင့် အိပ်ရန် လျောင်းလိုက်လေသည် ။ ကိုအေးငွေ
လည်း အိပ်ရာမှာ လှဲနေလေပြီ ။ ကိုထွန်းရှိန် ကား ဘာစကားမျှ မပြောတော့ချေ ။ ခုလို သမဂ္ဂ
အဆောက်အအုံမှာ ဖြစ်သလို ဝင်အိပ်ရပြန်သောအခါ ကျွန်တော့်မှာ တော်လှန်ရေးကျောင်းသား ဘဝ ၊
အရေးတော်ပုံ ကျောင်းသား ဘဝကို သတိရနေလေသည် ။ အရေးတော်ပုံအတွင်းက နေ့တွေကို
စိတ်ထဲမှာ စားမြုံ့ပြန်နေမိလေရာ ကြေကွဲ သလိုလို ၊ လွမ်း သလိုလို ၊ ပျော် သလိုလို ။
မကြာမီ ကျောင်းသားအရေးတော်ပုံ သည် နှစ်ပတ်လည်တော့မည် ။ သို့သော် အရေးတော်ပုံသည်
မနေ့တစ်နေ့ကပဲ ဖြစ်လိုက်သလိုလို ထင်နေလေသည် ။
ကိုအေးငွေ က လှမ်းပြီး -
“ ကိုတင်ထွန်း အိပ်ပျော်ပြီလား ” ဟု မေးလိုက်သောအခါ စားမြုံ့ပြန်အရသာ ပျက်သွားလေသည် ။
“ အိပ်မပျော်သေးပါဘူး ၊ ဆိုပါဦး ဘာပြောချင်လို့လဲ ”
“ ခုနင်က ကိုယ့်လူ ပြောတဲ့ ကူးသန်းရောင်းဝယ်ရေး ကိစ္စကို ထပ်ပြောချင်လို့ ၊ ငွေအရင်းရဖို့က
သေချာမှာလား ”
ကျွန်တော်ကား ရုတ်တရက် မဖြေ ။ သူသည် လေးလေးနက်နက် ဆင်ခြင်စဉ်းစားပြီးမှ ဤမေးခွန်း
ကို မေးခြင်းဖြစ်သည် ။ ကျွန်တော် ကလည်း လေးလေးနက်နက် စဉ်းစားပြီးမှ ဖြေဖို့ လိုသည် ။ မမြမှီ
သည် ကျွန်တော့်အား တကယ်ပင် ကူးသန်းရောင်းဝယ်ရေး လုပ်စေချင်၏ ။ ကျွန်တော့် ကို သာမက
ဗမာပညာတတ် လူငယ်တိုင်းအား လုပ်စေချင်၏ ။ ကျွန်တော့် အား သူ့ကိုယ်သူပင် ယုံကြည်စွာ
ပုံအပ်ထားပြီး ဖြစ်ရကား ငွေအရင်းကို ပုံမအပ်စရာ အကြောင်း မရှိဟု ထင်သည် ။
“ ကျွန်တော် လုပ်မယ် ဆိုရင်တော့ ရမှာ သေချာတယ် ”
“ ဒီလိုဆိုရင် ဖြစ်အောင် လုပ်ဗျာ ၊ ခင်ဗျား လက်ထောက်အယ်ဒီတာ အလုပ်က ထွက်လိုက်ပေတော့ ။
ပြီးတော့ ခင်ဗျား အစ်မကြီးက သဘောတူရင် ကူးသန်းရောင်းဝယ်တာ ထက် ပုံနှိပ်တိုက် လုပ်ရင်
ကောင်းမယ် ။ ဂျာနယ်တွေ ဘာတွေထုတ်ဖို့ မလိုဘူး ၊ အပြင်က အလုပ်လက်ခံပြီး ပုံနှိပ်ပေး ၊ ဒါမှ
ခင်ဗျား အလုပ် ပေါ့ပါးမယ် ၊ နိုင်ငံရေး လုပ်ဖို့ အချိန် ပိုရမယ် ၊ ပြီးတော့ ကျွန်တော်တို့ လျှို့ဝှက်
ပုံနှိပ်ချင်ရင် ပိပိပြားပြား နှိပ်နိုင်မယ် ။ မကောင်းဘူးလား ”
သူ့ အကြံကား ကောင်းလှပေသည် ၊ ကျွန်တော့် မှာ များစွာ စိတ်အားထက်သန်သွားသည် ။
“ ကောင်းတယ် ၊ သိပ်ကောင်းတဲ့ အကြံပဲ ။ ကျွန်တော် ခင်ဗျား အကြံပေးတဲ့အတိုင်း လုပ်မယ်ဗျာ ”
“ ကောင်းပြီ ၊ ဖြစ်အောင်သာ လုပ်ပေတော့ ”
ကိုအေးငွေ သည် နောက်ထပ် ဘာမျှ မပြောတော့ပေ ။ မကြာမီ သူ့ ထံမှ ဟောက်သံ သဲ့သဲ့ ကြားရလေ၏ ။ ကျွန်တော် ကား တော်တော်နှင့် အိပ်မပျော် ၊ ပုံနှိပ်တိုက်ကြီး ကို ဆောက်လုပ်နေသည် ။
လျှို့ဝှက်ရေးလုပ်ငန်း ကို အများဆုံး ကူညီနေသည် ။ အရေးတော်ပုံ အောင်ရမည် ။
◾သိန်းဖေမြင့်
📖အရှေ့က နေဝန်းထွက်သည့်ပမာ
koaungnaingoo.blogspot.com
.
No comments:
Post a Comment