❝ အမေ နဲ့ အနုပညာ လုပွဲ ❞
အမေ့ ခမျာမယ် သူ့သား ပါတဲ့အငြိမ့် ကြည့်ဖို့ မနက်ခင်းကတည်းက ဇာတ်စင်နဲ့ အနီးဆုံး ဆိုင်းဝိုင်းနားမှာ ဖျာစုတ်တစ်ချပ်ကို နေရာလုပြီးလာခင်း ..
ဖျာရဲ့ ပတ်ပတ်လည်မှာ တုတ်တစ်ချောင်းနဲ့ ငုတ်တွေ ရိုက် ၊ ဟိုလူနဲ့ ရန်ဖြစ် ၊ ဒီလူနဲ့ ရန်ဖြစ် ၊ နေပူရင် နီးစပ်ရာ သစ်ပင်လေး အရိပ်မှာ ပြေးခို ...
အိမ်မှာရှိတဲ့ ညီတွေ ၊ ညီမတွေလည်း မနေရဘူး ၊ တစ်လှည့်စီ ဖျာကို လာစောင့်နေရတယ် ။ သူများနေရာ လုသွားမှာ စိုးလို့တဲ့ ... ၊ ညပိုင်းလည်းကျရော .. ကျွန်တော် ဘာလုပ်ရမှန်း မသိဘူး ဖြစ်နေတယ် ။
အငြိမ့်ခန်းကို ကျွန်တော် ထွက်ချင်တယ် ။ အမေ့ကို ..
“ သား လူရွှင်တော် လူပြက်ဖြစ်နေပြီ အမေရေ .. "
လို့ ကြွားချင်တယ် ။
ခက်တာက အငြိမ့်ခန်း ထွက်ခွင့် မရှိဘူး ။
ရှိရင်လည်း ဝတ်စရာ တောင်ရှည် မရှိဘူး ။ ဘာလုပ်ရမှန်း မသိဘူး ဖြစ်နေတယ် ။
နောက်ဆုံးတော့ မထူးပါဘူး ။ တစ်နည်းတော့ သုံးရမှာပဲ ။ နောက် မှ အရိုက်ခံချင် ခံရပါစေ ဆိုပြီး ...
ကျွန်တော့်ဆရာ ဦးတိုင်းကျော် ကို အမေ့ဆီက ခိုးလာတဲ့ ပိုက်ဆံ နဲ့ BE တစ်လုံးပြီး တစ်လုံး တိုက်လိုက်တယ် ။ ဆရာကလည်း သဘောတွေ ကျလို့ပေါ့ ။
နောက်ဆုံး ဆရာ “ ဖလက်ပြ " ပြီး မှောက်လဲ သွားရော ...
ဆရာ့ တောင်ရှည်ကို သူ့ခေါင်းအုံးအောက်က အသာအယာ ယူဝတ်ပြီး ၊ အငြိမ့်ခန်း ထွက်လာတော့တာပါပဲ ။
ကျန်တဲ့ လူရွှင်တော် ကိုပေါ်ဦး တို့ ၊ ကိုရွှေမိုး တို့က ...
“ ဒီကောင် သူ့ဆရာ တောင်ရှည် ဝတ်လာပုံ ထောက်ရင် သူ့ဆရာ ကိုယ်တိုင် ခွင့်ပြုလို့ပဲ ဖြစ်ရမယ် ”
ဆိုပြီး အံ့ဩပြီး ပြုံးနေကြတယ် ။
ခွန်းထောက်ပြီးလို့ သံချပ်ပဲ စထိုးရသေးတယ် ။ ဆရာဦးတိုင်းကျော် အပေါ်က စွပ်ကျယ် ချိုင်းပြတ် ၊ အောက်က ဘောင်းဘီ နဲ့ ထွက်လာပြီး ...
“ ခွေးမသား ... မင်း နဲ့ တန်လို့လား ”
ဆိုပြီး ၊ ပြေးကန်ချလိုက်တာ ဆိုင်းဝိုင်းပေါ်က ကျော်ပြီး အမေတို့ ကြည့်နေတဲ့ ဖျာရှေ့ ဝမ်းလျားမှောက် ကားခနဲပဲ ... ။
အမေ က ကျွန်တော့် ကို နားရွက်တွေ ဆွဲလိမ် ၊ ခေါင်း ကို တဂေါက်ဂေါက် နဲ့ ခေါက်ပြီး ...
“ လာ ပြန်မယ် ”
ဆိုပြီး အတင်းဆွဲခေါ် ကျွန်တော် ကလည်း ရုန်း နဲ့ ၊ ပရိသတ် ကတော့ တဝေါဝေါ ပေါ့ ။
မှတ်မှတ်ရရ ကျွန်တော်သာ အမေ နဲ့ ပြန်လိုက်သွားခဲ့ရင် “ ကျော်ထူး " ဆိုတာ ဖြစ်ပေါ်လာတော့မှာ မှုတ်ပါဘူး ။
◾ ကျော်ထူး
📖 လူပြောများတဲ့ လူပေါကြီး
koaungnaingoo.blogspot.com
.
စာပေ နဲ့ ဂီတ စွမ်းနိုင်သမျှတွေကို တင်ပြနေမည် ။ မြန်မာစာပေ မြန်မာဂီတ မြန်မာစကား မဝေဝါးအောင် ကြိုးစား စွမ်းဆောင်နေပါမည် ။
Monday, October 11, 2021
အမေ နဲ့ အနုပညာ လုပွဲ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment