❝ ဆင်ခိုးမလေး ❞
သက္ကရာဇ် ၁၂၁၄ ခုနှစ် တွင် တောင်တွင်းကြီးမြို့တွင် ဖွားမြင်ခဲ့၏ ။ ရနောင်မောင်မောင်တုတ် လို တောင်တွင်းကြီး သူ ဖြစ်၏ ။ ငယ်စဉ်ကတည်းက အက တတ်မြောက်ခဲ့သည် ။ မြေဝိုင်းမင်းသမီးအဖြစ် ကပြနေရာမှ တောင်တွင်းကြီးမြို့မှ လယ်တော်အုပ် နှင့် အကြောင်းပါခဲ့သည် ။ တစ်ဦးပေါ် တစ်ဦး ချစ်ချစ်ခင်ခင် အရှိဆုံး စံပြလင်မယား ဖြစ်သည်ဟု ဆိုကြသည် ။
လယ်တော်အုပ်ကတော် ဘဝဖြင့် ကောင်းကောင်းမွန်မွန် နေထိုင်နိုင်သော်လည်း အနုပညာကို ချစ်မြတ်နိုးလှသဖြင့် မြေဝိုင်းသဘင်သည် ဘဝကို မစွန့်လွှတ်နိုင်ဘဲ ရှိနေ၏ ။ ဤသို့ဖြင့် ညာဘွား နှင့် သက်ထား အမည်ရှိသော သားနှစ်ယောက်ကို ရလာသည့်တိုင်အောင် သူတို့၏ အိမ်ထောင်ရေးကား ဖြူးဖြူးဖြောင့်ဖြောင့်ပင် ရှိနေသည် ။
မလေး ၏ အသားအရေမှာ ညိုစိမ့်စိမ့်ရှိပြီး ချောမောသူတစ်ဦး ဖြစ်သည် ။ ကိုယ်နေဟန် အချိုးအစားမှာ သေးသေးသွယ်သွယ်နှင့် ကျနလှသူ ဖြစ်သည် ။ သားနှစ်ဦး မွေးဖွားပြီးသည့်တိုင် သူ့အလှမှာ ကျဆင်းမသွားဘဲ တစ်သားမွေး တစ်သွေးလှ ဆိုသလို ပို၍ လှမြဲ ပမြဲပင် ။ မလေး သည် မြေဝိုင်းမင်းသမီး ဖြစ်ပေမယ့် သူ့အသံသည် တိုးတိုးနှင့် စူးရှသည် ။ အပြောကောင်း အဆိုကောင်း အကကောင်း ဖြစ်သူမို့လည်း မလေးရဲ့ သတင်းမှာ ကျော်ကြားလာသည် ။ မလေး သတင်းမှာ တောင်တွင်းကြီး အနီးပတ်ဝန်းကျင်အနှံ့ ကျော်ကြားနေသည် ။
အထူးသဖြင့် မလေး ၏ အလှမှာ ပိုမိုကျော်ကြားသည် ။
ဤသို့ ကျော်ကြားခြင်းသည် မလေး အဖို့ အခြေအနေတစ်မျိုး ပြောင်းလဲသွားဖို့ ဖန်တီးနေခြင်း ဖြစ်ပေသည် ။ မလေး ၏ ဘဝကို တစ်မျိုး ပြောင်းလဲသွားသည် ။ မလေးအဖို့ သာမန်အရပ်သူ ဘဝဖြင့် နေထိုင်ပါက တစ်သက်ပန် လယ်တော်အုပ်ကတော် အဖြစ်နှင့် နေထိုင်ရမည် ဖြစ်၏ ။ သားများ ဖြစ်ကြသော ညာဘွား နှင့် သက်ထား အပြင် တခြား တခြားသော သားရတနာများဖြင့် အေးအေးချမ်းချမ်း တည်တည်ငြိမ်ငြိမ်သာ ဖြစ်ပေမည် ။
ခုတော့ လက်ညှိုးထိုးအက တွင် နာမည်ကျော်ကြားလှသည့်အလျောက် ရတနာပုံ မြို့တော်သို့ လာရောက်ကပြရန် ရနောင်မင်းသား ၏ ဆင့်ခေါ်ချက်အရ ရွှေမြို့တော်သို့ တက်ရောက်လာခဲ့သည် ။ မလေး သည် လက်ညှိုးထိုး ကရာတွင် အလွန် ယဉ်ကျေးလှပသည်ဟု ဆို၏ ။ အထူးသဖြင့် ‘ ခရာသံ ’ ဒိုးပတ်အကမှာ အလွန်ကြည့်ကောင်းသည်ဟု ဆိုကြသည် ။ နတ်မောက် ၊ ကျောက်ပန်းတောင်း နှင့် တောင်တွင်းကြီးနယ် ၊ ပင်းမြို့နယ်များတွင် အထူး ကျော်ကြားလှသည် ။
ရတနာပုံ နေပြည်တော်သို့ သားနှစ်ယောက်နှင့်အတူ မလေး တက်လာခဲ့သည် ။ ရနောင်မင်းသား၏ အမိန့်တော်ကြောင့်သာ ရွှေမြို့တော်သို့ ရောက်ခဲ့ရဖူးသည် ။ သည့်နောက် ရွှေနန်းတော်အတွင်း ရောက်ခဲ့ရသည် ။
အဝေးမှာ နာမည်ကြီးလှသော ရွှေမြို့တော်မှာ ခမ်းခမ်းနားနား ရှိလှသည် ။ မြို့တွင်းက လမ်းတွေပေါ်မှာ ဗီရိုလှည်းတွေ ၊ ခြောက်စထောင် လှည်းတွေနှင့် မြင်းစီးသူတွေမှာ ပျားပန်းခပ်နေတာပဲ ။ တံခါးနီအထွက် မှာ စားသောက်စရာဆိုင်တွေ စည်စည်ကားကား ရှိသည် ။ ဝယ်ဟယ်ခြမ်းဟယ်နဲ့ မြို့တော်သူတွေမှာ သွားလာနေကြသည် ။ သည်တုန်းက မလေး အသက် နှစ်ဆယ့်နှစ်နှစ် သာ ရှိသေးသည် ။ သားနှစ်ယောက် မွေးဖွားပြီးပေမယ့် မလေး ၏ အလှမှာ နုပျိုဆဲ သစ်လွင်ဆဲ သွေးသားဆူဖြိုးတုန်း အရွယ်မို့လည်း ကြွကြွရွရွ တင်းတင်းရင်းရင်း ရှိသည် ။ အငြိမ့်မင်းသမီးမို့နဲ့ တူတယ် ။ နေရာတကာမှာ ရဲရဲတင်းတင်း ဖျတ်ဖျတ်လတ်လတ် ရှိ၏ ။
နေပြည်တော်သို့ လာရောက် ကပြရန် ရနောင်မင်းသား ၏ ဆင့်ခေါ်သံ ကြားရကတည်းက မလေး ရင်ဖိုရ၏ ။ ကာမရာဂ အားကြီးလှသော သည် ရနောင်မင်းသား ၏ သတင်းစုံကို မဆွကတည်းက မလေး ကြားဖူးသိဖူးပြီး ဖြစ်သည် ။ အိမ်ကြီးတစ်လုံးထဲမှာ အခန်းကလေးတွေ ဖွဲ့ထားပြီး မယားတစ်ဦးဆီ ထားရှိသည့် အကြောင်း ၊ သည် အခန်းကလေးတွေထဲမှာ ခေါင်းလောင်းတွေ တပ်ထားကြောင်း ၊ သူအလိုရှိသည့် မိန်းမ ကို ခေါင်းလောင်းနှိပ်ပြီး ခေါ်ကြောင်းများ ၊ မိန်းမများနှင့် ဆက်ဆံသည့်အခါ တစ်ပြိုင်နက်တည်း မိန်းမ ခုနစ်ယောက် ဆက်ဆံနိုင်ကြောင်းများကို ရင်ထိတ်ဖွယ် အသည်းယားဖွယ်များ အဖြစ် သိထားရသည် ။
သည်တော့ မိမိအဖို့ ရနောင်မင်းသား ၏ စက်ကွင်းမှ လွတ်ပါ့မလားလို့ စိုးရိမ်စိတ်များ ဝင်လာရတော့သည် ။ လင်ဖြစ်သူ လယ်တော်အုပ်ကမူ မျက်နှာ မကောင်းလှ ။ မန္တလေးရွှေမြို့တော် သို့ လုံးဝ မသွားစေချင် ။ ဒါပေမယ့် ရနောင်မင်းသား ၏ ဓားကိုလည်း ကြောက်ရသား မို့လား ။ ဒီတော့ သူတို့လင်မယား အကြံတစ်ခု ထုတ်ကြသည် ။
ရနောင်မင်းသား ၏ စက်ကွင်းလွတ်အောင် ဘယ်လို ကြံကြမတုံးပေါ့ ။ တစ်ညလည်း အကြံမရ ၊ နောက်ညလည်း စဉ်းစားမရ ။ ရွှေမြို့တော်သို့ ခရီးထွက်ရန် ရက်အနည်းငယ်လိုမှ မလေးက အကြံတစ်ခု ရလာသည် ။ လင်ဖြစ်သူ လယ်တော်အုပ် ကို မလေး ရဲ့ အကြံကို ပြောပြတော့ လယ်တော်အုပ် က ဝမ်းသာအားရနဲ့ မလေး ကို ချီးမွမ်းသည် ။ မလေး ရဲ့ အကြံက တစ်ချက်ခုတ် နှစ်ချက်ပြတ်တဲ့ သဘောပဲ ။
ရွှေမြို့တော် ရတနာပုံကို မရောက်ဖူးသေးသည့် သား ညာဘွား နဲ့ သက်ထား ကို ခေါ်သွားမယ် ။ သားတွေလည်း ရတနာပုံ မန္တလေးမြို့ကို ရောက်ဖူးရော ၊ မလေးလည်း အပျို မဟုတ်ဘူး ၊ လင်နဲ့ သားနဲ့ ဆိုတာ ရနောင်မင်းသား သိသွားအောင်လို့ပဲ ။
မလေး မှာ ကာမပိုင်လင် ရှိမှန်းသိရင် သက်သာချည်ရဲ့ ။ ရနောင်မင်းသား ၏ ဘေးမှ လွတ်ကင်းချည်ရဲ့လို့ မလေး တို့ လင်မယား က တွေးကြဟန် တူရဲ့ ။ ဒါပေမယ့် လူ့လောကဆိုတာ အဆန်းပါလား ။ ကိုယ်တွေးဆသလို ဖြစ်မလာဘဲ လောကရဲ့ ကံကြမ္မာ အလှည့်အပြောင်းမှာ မလေးရဲ့ဘဝ တစ်ဆစ်ချိုး ဖြစ်သွားစေသည် ။
မလေး ကို စတွေ့တွေ့ချင်းပဲ ရနောင်မင်းသား သဘောကျသွားခဲ့သည် ။ ဒါပေမယ့် မင်းသားပီပီ ဟန်ဆောင်ထား၏ ။ မလေး ကို စိတ်ဝင်စားမှု မပြဘဲ ဣေန္ဒြရရ ဆက်ဆံသည် ။ မလေး ဘေးတွင် ထိုင်နေသော ကလေးနှစ်ယောက်ကို ကြည့်ပြီး မလေး သည် အိမ်ထောင်ရှိမှန်း ၊ မလွတ်လပ်သူဖြစ်မှန်း သိလိုက်သည် ။ ကလေးနှစ်ယောက် မကလို့ နှစ်ဆယ်ပဲ ရှိရှိ ၊ ငါကြိုက်ရင် ယူမှာပဲ လို့လည်း ရနောင်မင်းသား က တွက်ထားဟန် တူသည် ။
ရနောင်မင်းသား ၏ မလေး အပေါ် ဟန်ဆောင်မှုမှာ ကြာရှည်မခံပါချေ ။ ထိုည ရနောင်မင်းသား ၏ အိမ်တော်တွင် မလေး စပြီး ကပြရသည် ။ အချိပ်ထဘီ နီညိုစောင်းနှင့် ထိုင်မသိမ်း အင်္ကျီကို ဝတ်ထားသော မလေး ၏ အလှမှာ ဝါကြန့်ကြန့် အလင်းရောင်အောက်ဝယ် အလှကြီး လှနေ၏ ။ ကိုယ်နေဟန် သေးသေးသွယ်သွယ် ရှိပေမယ့် သူ့နေရာနှင့် သူ ပြည့်ပြည့်ဖြိုးဖြိုး မို့မို့မောက် မောက် ရှိနေသဖြင့် မလေး ၏ အလှမှာ ပိုမို ပေါ်လွင်နေသည် ။ အသံမှာ တိုးသော်လည်း ချိုမြသော စူးရှသော အသံများမှာ ရနောင်မင်းသား ၏ အိမ်တော်နှင့် ပတ်ဝန်းကျင်တွင် ပျံ့နှံ့စ ပြုလာပြီ ဖြစ်သည် ။
သားသည်အမေ ဖြစ်ပေမယ့် မလေး ၏ လှုပ်ရှားသမျှ အမူအရာ ဟန်ပန်များမှာ နွဲ့နွဲ့နှောင်းနှောင်း ရှိလှသည် ။ တစ်ကိုယ်လုံးကို နှံ့နှံ့စပ်စပ် ကြည့်ရှုနေသော ရနောင်မင်းသား ၏ ရင်ဝယ် တလှိုက်လှိုက် ရှိနေသည် ။ မြင်တွေ့စက မလေး ၏ အလှမှာ မထင်ရှား ၊ မပေါ်လွင် ။ ခုတော့ မလေး ၏ ငုပ်နေသော အလှအပများမှာ ထင်းထင်းကြီး ပေါ်နေချေပြီ ။ ဘယ်လိုမှ ပုန်းကွယ်လို့ မရ ။ ရနောင်မင်းသား ၏ မ က် မောမှု ၊ ပိုင်ဆိုင်လိုမှုများမှာ ဟန်ဆောင်လို့ မရတော့လေပြီ ။
မြေဝိုင်းအကမှာ ညဉ့် တစ်ချက်တီး ကျော်ကျော်တွင် ပြီးခဲ့သည် ။ မနက်ပင် မကူးတော့ဘဲ ညတွင်းချင်းပင် မလေး ကို သိမ်းပိုက်တော့သည် ။ ရနောင်မင်းသား ၏ သိမ်းပိုက်ပုံကလည်း သင်းပါပေ့ ။ အငြိမ့်ကပြီးလို့ မလေးနဲ့ သားနှစ်ယောက်ကို တည်းခိုအိမ် ပြန်မယ်အလုပ်မှာ ရနောင်မင်းသား ၏ လက်သုံးတော်တစ်ယောက် ရောက်လာသည် ။ မလေး အတွက် အိပ်ခန်း ပြင်ပြီးကြောင်း ပြောတော့ မလေး အံ့အားသင့်ရသည် ။ ပထမတော့ မလေး ငြင်းသေးသည် ။ အမိန့်သည် အမိန့်သာဖြစ်၍ သားနှစ်ယောက်ကိုသာ တည်းအိမ်လွှတ်လိုက်ရသည် ။ မလေး ကတော့ လက်သုံးတော် ခေါ်ရာနောက်သို့ ခေါင်းငုံ့ကာ လိုက်ပါခဲ့ရရှာသည် ။ သည့်နောက် ရနောင်မင်းသား ၏ အိမ်လုံးလုံးကြီးထဲမှ တစ်ခုသော အခန်းထဲသို့ မလေး ရောက်သွားရသည် ။
သည်လောက် မြန်မြန်ဆန်ဆန် သိမ်းပိုက်ခံရမည်ကို မထင်မှတ်ခဲ့သော မလေး အဖို့ အိပ်မက် တစ်ခုလိုသာ ဖြစ်နေချေသည် ။ ဘာကိုပဲကြည့်ကြည့် အားကိုးဖွယ် မမြင် ၊ မွေးကတည်းက တစ်ခါမျှ ခွဲမအိပ်ဘူးသော သားနှစ်ယောက်ကို သတိရလာသည် ။ သည်လို အကျဉ်းအကျပ်ကို ရောက်လာတော့ တောင်တွင်းကြီး မှာ ကျန်ရစ်ခဲ့သော လင်ဖြစ်သူ လယ်တော်အုပ်ကို လွမ်းဆွတ် လာသည် ။
လင်ဖြစ်သူ မနေတတ် မထိုင်တတ် ဖြစ်နေရှာမည်ကိုလည်း တွေးဆကြည့်မိသည် ။ လင်ဖြစ်သူ လယ်တော်အုပ် က မလေး အပေါ် ဘယ်လောက် ချစ်သည် ၊ ကြင်နာသည် ၊ ယုယသည် ဆိုတာများကို မလေး ပြန်တွေးနေမိသည် ။ တွေးရင်း တွေးရင်းနဲ့ မလေး မှေးခနဲ အိပ်ပျော် သွားမိသည် ။
မကြာပါ ။ မလေး အပေါ် လေးလံသော ကိုယ်ခန္ဓာ တစ်ခုက ဖိကပ်လာသဖြင့် မလေး လန့်နိုးသွားသည် ။ သူ့ကို မြင်လိုက်တော့ မလေး ရုတ်တရက် လန့်သွား၏ ။ အော်ဟစ်ဖို့ရာတော့ မကြိုးစားတော့ ။ ရနောင်မင်းသား ၏ အရှိန်အဝါက မလေး အပေါ် စိုးမိုးလိုက်ဟန် တူသည် ။ နှုတ်ခမ်းမွေးစစ နှင့် ချောမောခန့်ညားသော ရနောင်မင်းသား ကို မလေး ခုမှ သေသေချာချာ ကြည့်ဖူးပြီ ၊ မြင်ဖူးပြီ ။
အသားက ညိုသည်ဆိုပေမယ့် အလုံးအရပ် ကောင်းသူမို့ ကြည့်လို့ တစ်မျိုးလှသည် ။ ရနောင်မင်းသား ၏ မျက်နှာမှာ ခန့်ညားထည်ဝါသော သဘောရှိသည် ။ စူးရှသော မျက်လုံး ၊ အသံဩဇာတို့နှင့် ပြည့်စုံသူ ဖြစ်သည် ။ စင်စစ် ရနောင်မင်းသား ကား လူချောလူလှပင် ဖြစ်သည် ။ ဒါပေမယ့် မလေး မှာက လင်နဲ့ သားနဲ့ မို့ မလွတ်လပ်သူ ။ မိန်းမသားဆိုပေမယ့် ရာဇဝင်မှာ အမည်းစက် ကျန်ရစ်ခဲ့မည့် အဖြစ်မျိုးကိုတော့ အဖြစ် မခံချင် ။ လင်ကြီးနောက်ကွယ် မှာ ကမြင်းချင်တိုင်း ကမြင်းနေတဲ့ မိန်းမ လို့လည်း အပြောခံ အဆိုခံရမှာကို ကြောက်တတ်သည် ။ သည်တော့ မလေး ဘာလုပ်ရမလဲ ။ မလေး မှာ မြေဝိုင်းမင်းသမီးလည်း ဖြစ်ပြန် ၊ သည်လို အဖြစ်မျိုးလည်း ကြုံရဆိုတော့ …
မလေး ကိုယ်နှိုက်က ရနောင်မင်းသား ရဲ့ အတွေ့မှာ မိန်းမူးနေပြီလေ ၊ ရနောင်မင်းသား ရဲ့ လှပကျစ်လျစ်တဲ့ ကိုယ်ခန္ဓာ ဖွဲ့စည်းမှု ၊ နူးညံ့သိမ်မွေ့တဲ့ အပြောအဆို ၊ မေ့မေ့မူးဖွယ် အတိပြီးသည့် အကြည့်များက မလေးရဲ့ ရင်ကို လှိုက်, လှိုက် ဖိုစေသည် ။ တကယ်တော့ မလေး မှာ ရနောင်မင်းသား ကို ချစ်နေမိပြီ ထင်သည် ။ မလေး စဉ်းစားသည် ။ တစ်ညလုံးပဲ ။
သည်အဖြစ်မျိုးကိုသာ လင်ကြီးဖြစ်သူ လယ်တော်အုပ် ကြားသိလိုက်ရင်တော့ ဘယ်လောက် အသည်းနာလေမည်လဲ ။ မလေး ကို အချစ်ကြီး ချစ်သော လယ်တော်အုပ် ရင်မှာ အနာကျင်ကြီး နာကျင်ပေမည် ။ ဆွေးတသသနှင့် ဖြေမရနိုင်သည့် အဖြစ်မျိုးကြီးလည်း ခံစားရရှာပေမည် ။ ဘယ်လိုပင် ခံစားချက် ပြင်းပြပေမယ့် ရနောင်မင်းသား ၏ အာဏာစက် အရှိန်ကြောင့် ဘယ်လိုမှ တတ်နိုင်မည် မထင် ။ နကိုကတည်းက လူအေးတစ်ယောက်ဖြစ်သော လယ်တော်အုပ် မှာ ရေငုံနေတော့မှာ မလွဲပေ ။ သည်တော့ မလေး လုပ်ဖို့ရာ အကောင်းဆုံးဖြစ်သော နည်းတစ်နည်း တွေ့ရပြီ ။ မလေး အဖို့မှာလည်း ကောင်း ၊ လယ်တော်အုပ် အဖို့လည်း အပြောင်းအလဲ ရသွားမည့် နည်းလမ်းကောင်း တစ်ခုပင် ဖြစ်သည် ။ ရနောင်မင်းသား ကို ခွင့်ပန်ပြီး တောင်တွင်းကြီး ကို ခဏ ပြန်မည် ။ လင်ဖြစ်သူ လယ်တော်အုပ် ကို အကျိုးအကြောင်း ပြောပြပြီး နောက် မိန်းမ တစ်ယောက် ဒါမှမဟုတ် နှစ်ယောက် နဲ့ ပေးစားပေးခဲ့မည် ။ လယ်တော်အုပ် ရဲ့ လက်ရှိရာထူး က တစ်ဆင့် တိုးတက်အောင်လို့လည်း ရနောင်မင်းသား ကို ပြောပြမည် ။ လုံလုံလောက်လောက် ရှိအောင်ကိုလည်း ငွေသားချည်း ပေးမှ ဖြစ်မည် ။ ရွှေသား ငါးပိဿာနှင့် သားနှစ်ယောက် ကိုလည်း အပြီးပေးခဲ့မည် ။ ဒါမှလည်း လယ်တော်အုပ် စိတ်လက်ချမ်းသာမည် ။ မလေး ကို သတိရသည့် စိတ်များလည်း သားနှစ်ယောက် ရှိနေသဖြင့် ဖြေသိမ့်နိုင်ပေမည် ။ ရင်မှ ဝေဒနာလည်း သက်သက်သာသာ ရှိချေပေမည် ။ သည်အတိုင်းပင် ဖြစ်လာခဲ့တော့သည် ။
အာဏာကို ဆုပ်ကိုင်ထားနိုင်သူမို့လည်း မလေး ဖြစ်လိုသည်များ အမြန်ဆုံး ဖြစ်လာခဲ့သည် ။ မလေးသည် သားငယ် သက်ထား နှင့်အတူ တောင်တွင်းကြီး ကို အမြန်ဆုံး ပြန်လာခဲ့သည် ။ သားအကြီး ညာဘွား ကို မန္တလေးတွင် ထားရစ်ခဲ့သည် ။ ဒါကလည်း လယ်တော်အုပ်အား အကြောင်းပြ ကောင်းစေရန်အတွက် ရည်ရွယ်ဟန် တူ၏ ။ ပျာယီးပျာယာဖြင့် အိမ်ပေါ်တက်လာသော သားအမိနှစ်ယောက်ကို ကြည့်ရင်း လယ်တော်အုပ် မှာ မှင်တက် မိ နေလေ၏ ။ အကြောင်းမကြားဘဲ ရုတ်ခြည်း ရောက်လာသော သားအမိကို ကြည့်ရင်းက ရင်ထဲမှာ ဟာတာတာကြီး ဖြစ်နေသည် ။ သားအကြီး ညာဘွား လည်း မတွေ့ ၊ အခြား ဇာတ်သူ ဇာတ်သားများလည်း မပါမို့ လယ်တော်အုပ် မှာ အစဉ်းစားရ ခက်နေသည် ။ မေးလည်း မမေးဝံ့ ၊ မေးလိုက်ရင်ဖြင့် မိမိ မကြားချင်တဲ့ စကားများ ကြားလာရမယ်ဆိုတာကို စိတ်ထဲက အလိုလို သိနေသည် ။
တစ်ခုခုတော့ ဖြစ်ကြပါပြီ ။ မလေး ကြည့်ပြန်တော့လည်း မျက်နှာမကောင်း ။ အရင်တုန်းကလို ရွှင်ရွှင်ပျပျ မရှိ ။ အရင်တုန်းကဆို မလေး မျက်နှာပြင်မှာ အပြုံးရောင်တွေက အမြဲပဲ ။ တိုးညင်းပေမယ့် ချိုလွင်လွင် ရှိလှတဲ့ အသံကလေးကလည်း ကြားရသူအဖို့ ရင်ကို အေးမြစေသည် ။ ခုတော့ ဘာစကားမှ မဆို ၊ ပြုံးဖို့ကိုပင် မေ့နေသလား မသိ ။ မလေးမှာ ကြီးလေးနေတဲ့ တာဝန်တစ်ခုကို ထမ်းဆောင်နေရသလိုပဲ ။ သက်ပြင်းကိုသာ အကြိမ်ကြိမ် ချနေလေရဲ့ ။ ပင့်သက်ရှူသံတွေကလည်း ပြင်းပြပါဘိ ။
မပြောမပြီး မတီးမမြည် ဆိုသလို မလေး ပြောမှ ဖြစ်တော့မည် ။ ချိန်ခွင်လျှာလို တစ်သမတ်တည်း မနေတော့ဘဲ တစ်ဖက်ဖက်ကို ရပ်တည်နေမှ ဖြစ်ချေတော့မည် ။ နေပြည်တော်မှာ ဖြစ်ပျက်ခဲ့သမျှကို မလေး ပြောပြနေသည် ။ မလေး စကားသံက ခါတိုင်းလို တိုးတိုးညင်းညင်း ချိုချိုလွင်လွင် မဟုတ်တော့ ။ ခါးသီးဖွယ် ၊ စက်ဆုပ်ဖွယ် ၊ ရွံရှာဖွယ်ဖြင့် အတိ ပြီးနေချေပြီ ။
သည်လိုလုပ်ရင် သည်လိုဖြစ်မယ်ဆိုတာကို စကတည်းက လယ်တော်အုပ် ခမျာ သိထားပြီ ဖြစ်သည် ။ ကြိုတင်တွေးဆထားသူမို့လည်း ခံစားချက်က သိပ်မပြင်းလှ ။ မိမိ ချစ်လှသော မယားတစ်ယောက် မိမိကို စွန့်ပြီး ရနောင်မင်းသား ထံ သွားနေမည်ဆိုတော့ ရင်ထဲမှာ နာကျင်စိတ်တော့ ဖြစ်မိသား ။ ဒါပေမယ့် သည်ဖြစ်ရပ်ကို မဖြစ်ခင်ကတည်းက ကြိုတွက်ပြီး အစစအရာရာကို စဉ်းစားထားပြီးမို့ ခွင့်လွှတ်ရတော့မှာပါပဲ ။ ခွင့်မလွှတ်လို့ကကော ဖြစ်မတဲ့လား ။ သည်အချိန်မှာ သီပေါဘုရင် ထက်တောင် အာဏာရှိနေတဲ့ ၊ ဓားထက်နေတဲ့ ရနောင်မင်းသား ကို မိမိကတော့ အန်တုရဲပါ့မလား ။ ခု သူပေးအပ်တဲ့ ရာထူး နဲ့ ရွှေငွေတွေကို ယူထားမှ ဖြစ်တော့မည် ။ နောက်ပြဿနာ နောက် မှ ကြည့်ရှင်းမှပဲ ။ တော်တော်ကြာ သူ့မယားလိုချင် သူ့လင် လှံနဲ့ထိုး ဆိုတဲ့ကိန်း ပေါက်လာမှ အသက် အသေခံရတော့မည် ။
ဒါမျိုးနဲ့ဆိုရင် ရနောင်မင်းသား က နည်းနည်းမှ မရ ။ တစ်စေ့လေးမျှ သည်းမခံတတ် ၊ သူလိုချင်သည့် မိန်းမကို ဖြစ်သည့်နည်းဖြင့် ရအောင် ယူတတ်သူ ဖြစ်သည် ။ ရနိုင်အောင်ကလည်း သူ့မှာ အာဏာက ရှိနေထားပြီးမှကိုး ။ အရှိန်အဝါ ကြီးလှသည့် သည် ရနောင်မင်းသားကို ဘယ်လိုမှ အန်တုဖို့ မဝံ့ပြီ ။ ဖြစ်လာတဲ့ ဘဝကို ဖြစ်သလိုပဲ ရင်ဆိုင်လိုက်တာ အကောင်းဆုံးပဲလို့ လယ်တော်အုပ် က ဆုံးဖြတ်လိုက်ဟန် တူသည် ။ မလေး ပြောသမျှကို ခေါင်းမခါတော့ ။ ခေါင်းလည်း မညိတ်ချင်တော့ ။ တုံဏှိဘာဝေသာ နေပေေတာ့သည် ။ ဆိတ်ဆိတ်နေ ဝန်ခံ ဆိုထုံးကို မလေး တစ်ယောက် သိပါလိမ့်မည် ။
မလေး မှာ လယ်တော်အုပ်အား မိမိကိုယ်စား ပြုစုရန်အတွက် တောင်တွင်းကြီး မှာ မိန်းမ ရှာဖွေရတော့သည် ။ အမြန် ရှာဖွေနေရသဖြင့်လည်း မိမိစိတ်ကြိုက် မတွေ့ ။ မိမိလို ကိုယ်လုံးကိုယ်ပေါက် သေးသေးသွယ်သွယ် ၊ အသားအရေကတော့ ကိစ္စမရှိ ၊ ဖြူရင် ဖြူ ၊ ညိုရင် ညိုပါစေ ။ လင်ဖြစ်သူ လယ်တော်အုပ်နှင့် သားနှစ်ယောက်ကို ကြည်ကြည်ဖြူဖြူ ကြင်ကြင်နာနာ ရှိရင် တော်ပြီ ။ လယ်တော်အုပ် ကို လိုချင်ကြသူများကတော့ အများသား ။ မိမိ မေးစမ်းကြည့်သည်နှင့် အားလုံးလိုလိုက လက်သင့်ခံကြသည် ။ လယ်တော်အုပ်ထက် လယ်တော်အုပ်ကတော် ဘဝကို ခုံမင်ဟန် တူကြရဲ့ ။ လယ်တော်အုပ် မှာ ရှိနေတဲ့ ရွှေငွေ အတွင်းပစ္စည်းကလေးများကိုလည်း မ က် မောကြတယ် ထင်ပါရဲ့ ။
သည်လိုနဲ့ပဲ တောင်တွင်းကြီး မှာ မလေး လေးငါးရက် ကြန့်ကြာသွားတယ် ။ နောက်ဆုံး တောင်တွင်းကြီးအနောက် နန်းဖားရွာ က မယ်ခင် နှင့် မယ်ရင် ဆိုတဲ့ ညီအစ်မ နှစ်ယောက်ကို မလေး သဘောကျသွားသည် ။ မလေး သဘောကျသလိုပဲ လယ်တော်အုပ် ကလည်း နှစ်ခြိုက်ဟန်တူသည် ။ လင်ဖြစ်သူ လယ်တော်အုပ် ကျေနပ်ဖို့ ၊ စိတ်ချမ်းသာဖို့ မလေးခမျာ ကြိုးစားနေသည် ။ လယ်တော်အုပ် စိတ်တိုင်းကျ မိန်းမကို မယားကြီးဖြစ်သူ မလေး က ရွေးပေးနေရရှာသည် ။ ကိုယ်ချစ်တဲ့ လင် နဲ့ ပေါင်းဖော်ဖို့ မယား ကို ရွေးပေးနေရတဲ့ မလေး ရင်ထဲမှာ ဗလောင်ဆူနေတယ် ထင်ပါရဲ့ ။ လင်ကြီးနဲ့ တွေ့တော့လည်း ချစ်လက်စအရင်းခံ ရှိနေတဲ့ မလေးခမျာ လင်ကြီးလည်း မခွဲနိုင် ၊ ရနောင်မင်းသား ကိုလည်း ချစ်နေမိတော့ အခက်ကြုံနေပြီလို့ ဆိုရမှာပဲ ။
မဖြစ်တော့ဘူး ၊ မလေး ပြန်မှ ဖြစ်တော့မယ် ။ နို့မဟုတ်ရင် အားလုံး ဒုက္ခရောက်ရချည့်ရဲ့လို့ မလေး တွေးမိသည် ။ ဒါနဲ့ပဲ မန္တလေးပြန်ဖို့ ပြင်ဟယ်ဆင်ဟယ် လုပ်နေသည် ။ သည်တုန်းမှာပဲ ရနောင်မင်းသား စေလွှတ်လိုက်သည့် ခြေမြန်တော်များ ရောက်လာသည် ။ ခြေမြန်တော်များနှင့် အတူ ဆင်တစ်စီးပါ ပါလာသည် ။
ခုချက်ချင်း ခြေမြန်တော်များနှင့် တစ်ပါတည်း လိုက်ခဲ့ရန် အမှာတော်ရှိသည် ။ လယ်တော်အုပ် ကို ပေးအပ်ရန် ရွှေငါးပိဿာ နှင့် မြို့သူကြီး ခန့်အပ်သည့် စာလွှာပါ တစ်ပါတည်း ပါလာခဲ့သည် ။ ရနောင်မင်းသား အကွက်က စေ့နေပြီ ။ ဟာကွက်တစ်ကွက် မရှိ ။ သည်တော့ သူပြောသလိုသာ လုပ်ဖို့ရန် ရှိတော့သည် ။ လယ်တော်အုပ်အတွက် ရှာပေးထားသည့် ညီအစ်မ နှစ်ဦးတို့ကို မှာကြားတန် မှာကြားနေရသည် ။ ဘယ်ကာလအထိ ကြာကြာ ခွဲနေရဦးမည် မသိသော လင်ကြီးဖြစ်သူ လယ်တော်အုပ် မျက်နှာ ကို နောက်ဆုံးကြည့်ခြင်းဖြင့် ကြည့်နေသည် ။ နှလုံးသည်းပွတ်မှ စီးကျလာသော သွေးများက မျက်ရည်များအဖြစ် မျက်လုံးအိမ်မှ လိမ့်ဆင်း လာနေသည် ။ မလေး အဖို့ သည်မျက်ရည်များက ဝမ်းသာမှု မျက်ရည်များလား ၊ ကြေကွဲမှု မျက်ရည်များလား ဆိုတာ ဝေခဲမရဟန် တူသည် ။ ယောင်ချာချာ ဖြစ်နေရှာသည် ။ အယောင်ယောင် အမှားမှား လုပ်မိနေ၏ ။
လယ်တော်အုပ် ကို အထပ်ထပ် အကြိမ်ကြိမ် ဦးချနေမိသည် ။ သားငယ် သက်ထား ကို ရင်ခွင်တွင်း အားပါးတရ ပွေ့ထားမိ၏ ။ အကြိမ်ကြိမ် နမ်းရှုပ်နေမိသည် ။ သည်တစ်ခါ နမ်းရသည်က ဘယ်ခါနှင့်မျှ မတူ ။ ရင်နင့်အောင် နမ်းရသည့် အနမ်း ။ သား၏ ချစ်ခြင်းဖြင့် တင်းတိမ်ရောင့်ရဲခြင်း မရှိသည့် အနမ်း ။ ကြေကွဲမှုတွေ ပြည့်လျှမ်းနေသည့် အနမ်းများပင် ။ သားများကို ချစ်စိတ်နှင့် လင်ကို ချစ်ရသည့် မလေး၏ သောကဗျာပါဒများမှာ ပြောမပြနိုင်အောင် ဖြစ်နေရှာပြီ ။ ရနောင်မင်းသား ကို ချစ်သည် ။ သို့ပေမယ့် ရနောင်မင်းသား အပေါ် ငြိတွယ်သည့် သံယောဇဉ်က နည်းသေးသည် ။ သူ့ကို ချစ်သည့်စိတ်က တစ်မျိုး ။ နုနယ်သေးသည် ။ သေးမျှင်သည့် သံယောဇဉ်ကြိုးကလေး တစ်ခုသာ ဖြစ်သည် ။ ရနောင်မင်းသား မှာ မလေး က သံယောဇဉ်မတွယ်လည်း ကိစ္စမရှိ ။ သူ့မှာ သံယောဇဉ် ငြိတွယ်မည့် မိန်းမပေါင်း မြောက် မြားစွာက ရှိနေသည်မို့လား ။
လယ်တော်အုပ် တို့ သားအဖမှာက မလေး တစ်ဦးတည်းကိုသာ သံယောဇဉ် ငြိတွယ် ရခြင်းပင် ။ မလေး ကလည်း သည်လိုပင် ။ ငယ်ချစ် ငယ်လင်ဖြစ်သော လယ်တော်အုပ် အပေါ် ထားရှိသည့် မေတ္တာ က မသေးလှ ။ ကြာလေလေ ခိုင်မြဲလေလေမို့လည်း မလေးရဲ့ အချစ်က မဟောင်း ။ သစ်လွင်ဆဲ ပျိုမြစ်ဆဲပင် ။ ရင်နှစ်သည်းချာ သားနှစ်ယောက်၏ သံယောဇဉ်ကလည်း မလေး ကို ချည်ပြီး တုပ်ပြီးသား ဖြစ်နေသည်က လင်အပေါ်ထားရသည့် သံယောဇဉ်နှင့် သားအပေါ် ထားရသည့် သံယောဇဉ်များမှာ မတူချေ ။ လင်ကို ချစ်ရသည့်အချစ်သည် ပူလောင်မှု ပြင်းပြဘိသည် ။ သားအပေါ် ချစ်ရသည့် အချစ်သည်ကား အေးမြလှသည် ။ သည်သံယောဇဉ် သုံးကြိုးက မလေး ရင်ကို မောစေသည် ။
ခြေမြန်တော်များကို အုပ်ချုပ်ကာ လိုက်ပါလာခဲ့သော လက်သုံးတော်တစ်ဦး ၏ သတိပေးမှုကြောင့် မလေး ဆင်ပေါ် တက်ထိုင်လိုက်ရသည် ။ ဆင်ပေါ် တက်ထိုင်လိုက်သည် ဆိုပေမယ့် မလေးမှာ ဆင်ပေါ် တော်တော်နှင့် မရောက်နိုင် ။ ဝပ်ဆင်းနေသော ဆင်ပေါ် တက်ရန်အတွက် မနည်း ကြိုးစားနေရရှာ၏ ။ ဒါကို မြင်နေရသော ခြေမြန်တော်များနှင့် လက်သုံးတော်ကြီးများက သည်အတိုင်းသာ ကြည့်နေရသည် ။ ဘာမှ မကူညီနိုင် ။ ခြေမကိုင်ရဲ လက် မကိုင်ရဲနှင့် မလေး ၏ ဘေးမှာ ဖြစ်နေကြသည် ။ ဘယ်ကိုင်ရဲ ထိရဲကြမလဲ ။ မလေး က ရနောင်မင်းသား ရဲ့ ကောက်ယူခြင်း ခံတော်မူထားရသည့် မယားတစ်ဦး မဟုတ်လား ။ သည် အဖြစ်အပျက်ကလေးကို တွေ့မြင်နေရတဲ့ လင်ဖြစ်သူ လယ်တော်အုပ် က မနေသာတော့ဘူး ။ ပွေ့ချီထားတဲ့ သားငယ် သက်ထားကို မြေပြင်ပေါ် အသာအယာ ချလိုက်သည် ။ မလေး ဆီကို ခပ်သုတ်သုတ် သွားပြီး မလေး ကို ပွေ့ချီလိုက်သည် ။ ပြီးမှ ဆင်ပေါ်မှ ပုခက်အတွင်း အသာအယာ ချလိုက်သည် ။
အချစ်ကြီး ချစ်ခဲ့ရတဲ့ မယား လင်ငယ်ဆီ သွားရမည့်အရေးမှာ ကိုယ်တိုင် ပါဝင်ကူညီမှု ပေးရသည့် သည်အဖြစ်လောက် ရင်နာစရာ ကောင်းတာ ရှိတယ်မထင်ပါဘူး ။ ဆင်ပေါ် ရောက်သွားသည်နှင့် မလေး ဟာ နောက်ကို လုံးဝ လှည့်မကြည့်တော့ဘူးလို့ ဆိုတယ် ။ မမြင်ရက် မကြည့်ရက်တော့တဲ့ ရှုခင်းတွေကို မတွေ့ချင်တော့ဘူး ထင်ပါရဲ့ ။ သားနှစ်ယောက်နဲ့ ကျန်ရစ်ခဲ့တဲ့ လယ်တော်အုပ် ခမျာမှာတော့ အရူးတစ်ပိုင်း ဖြစ်ကျန်နေခဲ့တာပေါ့ ။ ဘယ်လိုပဲ မယား အသစ်စက်စက်ကလေးတွေ ရပါစေ ။ မိမိ မယားကြီး ကိုတော့ မေ့မရဘူးပေါ့ ။ တစ်သက် မှာ သည်တစ်ယောက်ပဲလို့ စွဲမှတ်ထားပြီးမို့လည်း လယ်တော်အုပ်ခမျာ သည်အထိ ဖြစ်ရရှာတာပါပဲ ။ ဒါတွေကလည်း မိမိအကျိုးကိုသာ ကြည့်ပြီး တစ်ဖက်လူမှာ ဘာဖြစ်ဖြစ် ဆိုတဲ့ အသိမျိုးထားတဲ့ ရနောင်မင်းသား ရဲ့ လုပ်နည်းကလေးတွေ အချို့ပါပဲ ။
သည်လို ဖြစ်ပျက်ခဲ့ခြင်းကြောင့်လည်း မလေး အဖို့ ရာဇဝင်မှာ နာမည်တွင် ကျန်ရစ်ခဲ့သည် ။ တောင်တွင်းကြီး ကနေ မန္တလေးအထိ ဆင်ဖြင့် တင်ယူလာစေသည့်အတွက် မလေးမှာ ‘ ဆင်ခိုးမလေး ’ ရယ်လို့ အမည်တွင်ခဲ့ရသည် ။ ရနောင်မင်းသား သည် မယားပေါင်း တစ်ရာကျော် ရှိပေမယ့် ဆင်ခိုးမလေး ကို အချစ်ကြီး ချစ်ရှာသည် ။ မယားပေါင်း တစ်ရာကျော်ကို ကွပ်ကဲ ဆုံးမရန်အတွက် မယားခြောက်ယောက် ထားရှိသည် ။ သည်မယား ခြောက်ယောက်သည် ရနောင်မင်းသား ၏ အချစ်ခင်ဆုံး မယုယခံရဆုံး သူများပင် ဖြစ်သည် ။ သည်မယား ခြောက်ယောက်ထဲတွင် မလေး လည်း ပါရှိသည် ။ ရနောင်မင်းသား ၏ စည်းစိမ်ကုန်ဖြစ်သော သော့တွဲကို ကိုင်ရ၏ ။
မလေး သည် ရနောင်မင်းသား ၏ အိမ်တွင် တခြိမ့်ခြိမ့် ခံနေသော အငြိမ့်များတွင် ပါဝင် ကပြရ၏ ။ တောင်သမန်လယ်စား မောင်ဖေငယ် ရေးသားသော တေးထပ်များကိုလည်း သီဆိုကာ ရနောင်မင်းသားအား အဆိုတော် ဆက်ရသည်မှာ အကြိမ်ပေါင်း များလှပါချေပြီ ။ ဤသို့အားဖြင့် မလေး မှာ ရနောင်မင်းသား ၏ ရင်ခွင်ဝယ် ပျော်ရွှင်စွာ ရှိနေပေသည် ။ အကြောင်းမူ မလေး ကို သိရှိလိုက်သူများ၏ ပြောပြချက် များကြောင့် ဆင်ခိုးမလေး ၏ သဘောကို ပိုသိရှိခဲ့ရသည် ။
ဆင်ခိုးမလေး ၏ ပြောပြချက် များမှာ ရနောင်မင်းသား ဖြစ်သူ မောင်မောင်တုတ် ကို သူ ချစ်ကြောင်း ၊ သူရှာပေးခဲ့သော မယားနှစ်ယောက် နှင့် လင်ကြီးဖြစ်သူ လယ်တော်အုပ်မှာ အပျော်ကြီး ပျော်နေကြောင်း ၊ သူ့ကိုလည်း မေ့နေမည်မှာ သေချာကြောင်းများကို ဖွင့်ပြောကြောင်း ကြားသိရပါသည် ။
ဟုတ်ပေလိမ့်မည် ။ သူကိုယ်တိုင်ကလည်း ရနောင်မင်းသား ၏ အထိအတွေ့များကြားဝယ် ယစ်မူးနေပြီ မဟုတ်ပါလား ။ မေတ္တာတရားဆိုတာ ရောင်ပြန်ဟပ်သည်လို့ လူတွေက ဆိုကြသည် ။ အမှန်ပဲပေါ့ ။ မလေး ကိုယ်နှိုက်က လင်ကြီးဖြစ်သူ လယ်တော်အုပ် အပေါ် မေတ္တာလျော့ သွားလေတော့ လယ်တော်အုပ်ခမျာမှာလည်း သူ့စိတ်ကို ချမ်းချမ်းသာသာ ဖြစ်အောင် ဖန်တီးနေဟန် တူရဲ့ ။
မယားတကွဲ သားတကွဲ နေ, နေရသည့် မိမိ ဘဝကိုလည်း ဖြေမဆည်နိုင်ဘဲ ဖြစ်နေလေသည် ။ မလေးကမူ ထိုသို့ မဟုတ် ၊ အတွေ့သစ် ၊ အမြင်သစ်များ၏ ကြားဝယ် မိန့်မူးနေသည် ။ ယစ်မူးနေသည် ။ အပျော်ကြီး ပျော်နေလေသည် ။ မပျော်လို့ကလည်း မဖြစ်တော့ဘူးလေ ။ ရနောင်မင်းသား ၏ ပတ်ဝန်းကျင်ကလည်း သူ့ကို အတော်ဆွဲဆောင်ထားသည် ။ ခမ်းခမ်းနားနား ထည်ထည်ဝါဝါ ရှိလှသော အဆင်အပြင်များက သူ့ကို ဖမ်းစားထားသည် ။
နေပြည်တော်တစ်ဝန်းတွင် သီပေါဘုရင် နှင့် စုဖုရားလတ် မှ လွဲရင် တန်ခိုးအကြီးဆုံးဖြစ်သော ရနောင်မင်းသား ၏ အိမ်တော်မှာ ခမ်းနားလှသည် ။ ကြီးကျယ် ထည်ဝါလှသည် ။ ရွှေရောင် ငွေရောင်များကလည်း တဖိတ်ဖိတ် တလက်လက် တောက်ပနေသည် ။ တောင်တွင်းကြီး က မလေး နေခဲ့သော အိမ်နှင့်စာလျှင်မူ နှိုင်းယှဉ်၍ မရပေ ။ ဒါတွေအပြင် မလေး ကိုယ်နှိုက်ကလည်း ရနောင်မင်းသား အပေါ် အချစ်ကြီး ချစ်နေမိပြီ ဆိုတော့ ။
ဖြစ်နိုင်ပါသည် ။ ရနောင်မင်းသား မောင်မောင်တုတ် ကို ကိုယ်တိုင်တွေ့မြင် သိရှိဖူးသူ တစ်ယောက်ကမူ ရနောင်မောင်မောင်တုတ် သည် အလွန် ကျက်သရေ ရှိကြောင်း ၊ ရနောင်မင်းသား က မပိုးရ မပန်းရဘဲ မိန်းမများ ကသာ သူ့ကို ပိုးနေကြကြောင်း ၊ သူ့ကို အပျို အအိုများကပင် ငမ်းငမ်းတက် လိုချင်ကြကြောင်းများကို ပြောပြသဖြင့် သိရှိရပါသည် ။ ဆင်ခိုးမလေး မှာ ရနောင်မင်းသား နှင့် ပေါင်းဖော်သင့်မြတ်သဖြင့် သားတော်တစ်ပါး ဖွားမြင်ခဲ့သေးသည် ။ သားတော်လေးမှာ အခါလည် အရွယ်မှာပင် သေဆုံးသွားခဲ့၏ ။
နောင်အခါတွင် လင်ဖြစ်သူ ရနောင်မင်းသား မင်းမှုပြစ်ဒဏ်သင့်သော အခါတွင် ဆင်ခိုးမလေး ခမျာ ရွှေလှံဗိုလ် အိမ်တွင် ခြေကျင်းခတ်၍ အချုပ်ချ ခံထားရသည် ။ မြို့တော်ဝန် ဖြစ်သူ၏ ကြိမ်ဒဏ် ဆယ့်သုံးချက် အရိုက်ကိုလည်း ခံရရှာသေးသည် ။ သည်သတင်းကို ကြားသိသော မိဖုရားခေါင်ကြီး စုဖုရားလတ် ၏ အမိန့်ကြောင့် ရွှေလှံဗိုလ် အိမ်မှ လွှတ်လိုက်သည် ။ စုဖုရားလတ် ၏ ချစ်ခင်မြတ်နိုးခြင်းကို ခံယူရတော်မူသည် ။ မိဖုရားခေါင်ကြီး ၏ အမိန့်ကြောင့် ယိုးဒယားအကကို သင်ယူသည် ။ ထိုစဉ်က နန်းတွင်း ယိုးဒယားရာမ ဆရာကြီး ဦးဖိုးမြ ထံတွင် သုံးနှစ် ပညာသင်ယူရလေသည် ။
စုဖုရားလတ် က မလေး အပေါ် ချစ်မြတ်နိုးလှသည် ။ မလေး ၏ ဘဝတစ်ဆစ်ချိုးကို ကြားသိရသဖြင့် စိတ်မကောင်း ဖြစ်ရသည် ။ သည်ကြောင့် နိုင်ငံတော်တွင် ‘ ဆင်ခိုးအပြင် မင်းသမီး မရှိစေနှင့် ’ ဟူ၍ပင် မိန့်၍ မြှောက်စားတော်မူခဲ့သည် ။ မိဖုရားခေါင်ကြီး ၏ အမိန့်ကြောင့် တောင်တွင်းကြီး တွင် ကျန်ရစ်နေခဲ့သော ခင်ပွန်းဟောင်း လယ်တော်အုပ် ကို ပြန်ခေါ်ပြီး မလေး နှင့် ပြန်လည် လက်ဆက်ပေးလေသည် ။ ရေစက် မကုန်သေးသည့် လင်မယား မှာ ပြန်လည် ဆုံစည်းရတော့သည် ။
ဆင်ခိုးမလေး သည် နာမည်ကြီး ဇာတ်တော်ကြီးထွက် မင်းသမီး ဖြစ်သည် ။ မြန်မာနိုင်ငံကို အင်္ဂလိပ်တို့ အုပ်စိုးသောအခါ မလေး သည် မိမိပညာကို မတိမ်ကောစေရန် ဇာတ်ထောင်သည် ။ ဇာတ်ကပြရင်းဖြင့် မိမိဘဝကို ရှာဖွေစားသောက်ခဲ့ရသည် ။ မန္တလေး နေပြည်တော် အပျက်တွင် အရှင်နှစ်ပါး ပါတော်မူကြောင်း ဖွဲ့နွဲ့ သီဆိုခဲ့ရာတွင် ဆုလာဘ်များစွာ ရရှိခဲ့သည် ။ ထို့ပြင် ရတနာဂီရိမြို့တွင် စံနေရရှာသော သီပေါမင်းတရားကြီး ၏ သမီးတော်များ နားထွင်းမင်္ဂလာ ကျင်းပခဲ့စဉ်တွင် ရတနာဂီရိသို့ သွားရောက် အသုံးတော်ခံခဲ့ရသေးသည် ။
ငယ်လင်ဖြစ်သူ လယ်တော်အုပ် သေဆုံးသွားပြီးနောက် ကြည့်မြင်တိုင်မှ အရပ်လူကြီး မောင်မောင်ဘ နှင့် အကြောင်းပါခဲ့သည် ။ သူနှင့် သားတစ်ယောက် ရ၏ ။ လယ်တော်အုပ် နှင့် ရခဲ့သော သားအကြီး မောင်ညာဘွား သည် လူရွှင်တော်အဖြစ် လုပ်ကိုင်နေရာမှ ဆိုင်းဆရာ ဖြစ်လာသည် ။ နောက် ဆိုင်းဆရာဘဝနှင့် ဝမ်းမဝဟု ဆိုကာ ကုန်သည် လုပ်နေသည် ။ သားအငယ် မောင်သက် ထားမှာမူ မိခင်ဖြစ်သူ ဆင်ခိုးမလေး ၏ ပညာကို ဆက်ခံသဖြင့် ဇာတ်မင်းသား ဖြစ်လာသည် ။ နတ်မောက် ၊ ကျောက်ပန်းတောင်း နှင့် တောင်တွင်းကြီးနယ် တစ်ခွင်တွင် ဆင်ခိုးမလေး ၏ အမည်ကို လူသိများသည် ။
ဆင်ခိုးမလေး သည် အဆိုအက ပညာတွင် ပိုင်ပိုင်နိုင်နိုင် ရှိသည် ။ လက်ညှိုးထိုးကရာတွင် အလွန် ယဉ်ကျေး၏ ။ အထူးသဖြင့် ခရာသံ ဒိုးပတ်အက အလွန်ကောင်းသည်ဟု ဆိုသည် ။ လက်ကျလက်နတွင် အလွန်လှပသည် ။ အသက်အရွယ် ကြီးမြင့်လာသည်နှင့်အမျှ စီးပွားရေးလည်း ချို့တဲ့လာသည် ။ မိမိ၏ ပညာတန်ဖိုး အကျိုးကို မခံစားရရှာပေ ။ ဆင်းရဲမှုဒဏ်ကို ကြံ့ကြံ့ ခံယူရင်းဖြင့် အသက် ( ၇၅ ) နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့သည်ကို သိရသည် ။
တကယ်တော့ ဆင်ခိုးမလေး သည် လူ့ဘဝကို ခဏတစ်ဖြုတ် ရောက်လာသူ ဖြစ်သည် ။ ဖြစ်လာသည့် ဘဝကလည်း လူတွေ၏ အဖြည့်ခံသက်သက်သာ ဖြစ်ချေသည် ။ သူ့ဘဝ တစ်လျှောက်တွင် ရွှေဘုံပေါ်တွင်လည်း စံစားသွားခဲ့ဖူးသည် ။ ထမင်းကို နပ်ကျော်ထမင်း အဖြစ်လည်း စားသွားခဲ့ရဖူးသည် ။ သားများ ရှိသော်လည်း သားများနှင့် အတူမနေ ။ သားများကို အားမကိုး ။ ဒုက္ခမပေး ။ မသေခင် ခန္ဓာကိုယ် လှုပ်ရှားနိုင်သရွေ့မှာ ဘယ်သူ့ကိုမှ အပူမကပ်ချင် ။ ရသမျှနှင့် ရောင့်ရဲတတ်သူ မိန်းမသားပင် ဖြစ်ချေသည် ။
ဖြစ်လာသည့် ဘဝကိုလည်း ဖြစ်သလို ရင်ဆိုင်ရဲသူ ဖြစ်၏ ။ မသေခင် စပ်ကြားတွင် မိမိ၏ ပညာကို အတတ်နိုင်ဆုံး ဖြန့်ဖြူးသည် ။ အငြိမ့်မင်းသမီး ဇာတ်မင်းသမီး ဖြစ်ပေမယ့် သာမန် အရပ်သူ တစ်ဦးသဖွယ် နေတတ် ၊ ထိုင်တတ် ၊ ပြောတတ် ၊ ဆိုတတ်လေ့ ရှိသည် ။ ပလွှားမှု ကင်းရှင်းသည် ။ လျှပ်ပေါ်လော်လီမှု မရှိ ။ ထိုစဉ်က ဇာတ်သူဇာတ်သားများကို ‘ ဖက်ခွက်စား ’ ဟူ၍ သမုတ် ခေါ်ဝေါ်နေကြသည့် အချိန်ပင် ဖြစ်သည် ။ ဆင်ခိုးမလေးမှာ သည်လို လူတန်းစား ခွဲခြားမှု ၊ အနုပညာကို နှိမ့်ချမှု သဘောပါသော ဖြစ်ရပ်များကို အလွန်ရွံမုန်းသူပင် ဖြစ်သည် ။ မိမိ ကပြခဲ့သည့် နေရာဌာနများတွင်လည်း အနုပညာ၏ တန်ခိုးထက်ပုံများကို သဘာဝကျကျဖြင့် ရှင်းလင်း ပြသနိုင်ခဲ့သူ ဖြစ်သည် ။
◾မောင်ဖေငယ်
📖 ရနောင်မောင်မောင်တုတ်
koaungnaingoo.blogspot.com
.
No comments:
Post a Comment