❝ ကြက်အဖိုးအို ၏ ဝေဖန်ရေး ❞
ထွန်းကလေး
မတွေ့ရတာကြာပြီ ၊ အားရင်လာခဲ့ပါဦးလား ။ ကျောင်းဆောင်ကိုလာရင်
တွေ့ပါတယ် ။ ခုတော့ မြင့်ကြီးလည်း စာမေးပွဲပြီးပြီမို့ မနက်အစောကြီး
လမ်းလျှောက်ထွက်ချင်လည်း ထွက်နိုင်တယ် ၊ ညနေမြို့ထဲ လည်ချင်လည်း
လည်နိုင်တယ် ။ ထွန်းကလေး ကြိုက်သလို ချိန်းပေတော့ ။ တစ်ချိန်ချိန်
လာဖြစ်အောင်တော့ လာနော် ။
ထွန်းကလေးရေ ပညာထူးချွန်အောင်လို့သာ လုံ့လအထူးထုတ်ရတာ ၊
မသက်သာလှဘူး ။ အတော်ပင်ပန်းတယ် ။ သို့ပေမယ့် ကျန်းမာရေး
လေ့ကျင့်မှုတော့ မပေါ့ပါဘူး ။
ထွန်းကလေးလည်း ကိုယ့်ဝါသနာအတိုင်း ကိုယ်ကြိုက်တာလုပ်ရင်း
ကျန်းမာရေးနှင့် ပြည့်စုံအောင် နေထိုင်နိုင်ပါစေ ။
မြင့်ကြီး
မမြင့်ဦး က ဘီအေ တွင် မြန်မာစာဂုဏ်ထူး နှင့် အောင်မြင်ပြီးနောက် အမ်အေ ဆက်တက်နေလေသည် ။ ကျွန်တော် နှင့် မတွေ့သည်မှာ အတော်ပင် ကြာသွားပြီ ။ ထိုစာကလေး ကို ရသောအခါ
အံ့ဩခြင်းသာမက ရွှင်လန်းဝမ်းမြောက်ခြင်း ဖြစ်ရသည် ။ မမြမှီ နှင့် မှားရသည့် အမှားကြီး မှ ရုန်းမထွက်နိုင်ဘဲ အနေရ အထိုင်ရ ကျပ်နေသည့် ကျွန်တော့် ဘဝတွင် မမြင့်ဦး ၏ စာသည် လှောင်နေသော အခန်းတွင်းသို့ လေပြည်ကလေး ဆော်သွင်းလာသည်နှင့် တူသေးတော့၏ ။
မမြမှီ သည် ကျွန်တော် တောင်း သည့် အရင်းအနှီး ထုတ်မပေးသေး ။ ကျွန်တော် က ပုံနှိပ်တိုက်
လုပ်ငန်း လုပ်ရန် စိုက်ထုတ်ရမည့် ငွေအရင်းအနှီး အသေးစိတ် စာရင်းနှင့်တကွ စီမံကိန်းကို
တင်ပြ၏ ။ မမြမှီ က ထိုဟာကို စစ်ဆေးစုံစမ်းဆဲ ဖြစ်၏ ။ ဖြစ်နိုင် မဖြစ်နိုင် မြတ်နိုင် မမြတ်နိုင်
စဉ်းစားဆဲဖြစ်၏ ။ ကျွန်တော်ကလည်း အလျင်လိုလှပြီး ကျွန်တော်နှင့် နိုင်ငံရေး သဘောကွဲလွဲမှု
များသော သတင်းစာတိုက်မှ ထွက်ချင်လှပြီ ။ တစ်ခါလာ ဘာသာပြန် နောက်တစ်ခါ လာတော့လည်း ဘာသာပြန် လုပ်နေရခြင်းကို သည်းမခံနိုင်အောင် ငြီးငွေ့လာပြီး မြေအောက် တော်လှန်ရေး
သမား ကိုအေးငွေ ကလည်း ပုံနှိပ်တိုက်ဖြစ်အောင် ကြိုးစားဖို့ တဖွဖွ တွန်းနေသည် ။ ကျွန်တော်ကလည်း လွတ်လပ်ရေး အရေးတော်ပုံအတွက် တစ်ဖက်တစ်လမ်း မှ ထိထိရောက်ရောက် လုပ်လို
လှပြီ ။ မမြမှီ ကတော့ အရင်းအနှီး ထုတ်ထိုက် မထုတ်ထိုက် စဉ်းစားနေတုန်း ။
တစ်ဖက်တွင်မူ မမြမှီ သည် ကျွန်တော့် အား ကာမဂုဏ် နှောင်ကြိုးဖြင့် ခိုင်သည်ထက် ခိုင်အောင်
တုပ်နှောင်ထား၏ ။ ကျွန်တော့် စဉ်းစားဉာဏ် ကျွန်တော့် စိတ်ဆန္ဒ နှင့် ကျွန်တော့် လိပ်ပြာတို့ကား
ထိုနှောင်ကြိုး ကို ဖြတ်တောက်ရန် ကြိုးစားကြ၏ ။ ဘယ် အခြေအနေမျိုးကြောင့်ဖြစ်ဖြစ် ကြာခိုခြင်း
ကား ကြာခိုခြင်း ပင် ၊ အမှားသည် အမှားပင် ဖြစ်သည်ဟု ဆင်ခြင်မိ၏ ။ သို့သော် ကာယကံ
မြောက်ကား ထိုအမှားမှ ရုန်းမထွက်နိုင် ။ ကျွန်တော့် ဘဝကား အနေရ အထိုင်ရ ကျပ်သော ဘဝပေတည်း ။ ကျွန်တော့် ဘဝတွင် မမြင့်ဦး ၏ စာသည် လှောင်နေသော အခန်းတွင်းသို့ လေပြည်ကလေး
ဆော်သွင်းလာသည်နှင့် တူသေးတော့၏ ။
မမြင့်ဦး နှင့် နံနက် အစောကြီး လမ်းလျှောက်ထွက်ကြသည် ။
နေမထွက်ခင် နံနက်ခင်း အလင်းရောင်ကား ချိုသာအေးမြလှ၏ ။ လေပြည်ကလေးသည် ကျွန်တော်တို့နှစ်ယောက်အား ပွတ်သီးပွတ်သပ် နမ်းရှုပ်ပြီးနောက် အင်းလျားရေမျက်နှာပေါ်တွင် ရှပ်တိုက်ကစားနေလေသည် ။ ငှက်မျိုးစုံတို့၏ သံစုံတူရိယာဝိုင်းကြီးမှာ မြိုင်လှပေသည် ။
“ ကိုတင်ထွန်း ၊ မြို့ထဲက ဒီကို ဘာနဲ့ လာလဲ ”
“ အစောဆုံး အာရ်အီးတီဘတ်စ် နဲ့ လိုက်လာခဲ့တာပဲ ၊ မြို့ထဲက လာတုန်းက လမ်းမီးတွေတောင်
မငြိမ်းသေးဘူး ”
ဤမျှပြောပြီး စကားရပ်သွားပြန်လေသည် ။ နံနက်ခင်း ၏ သဘာဝအလှကို ကသိုဏ်းရှုနေမိကြသည် ။ အေးမြလန်းဆတ်သော လေကို ရှူရှိုက်ရင်း လမ်းလျှောက်ရသည်တွင် ခြေကို ကြွရသည်ဟုပင် မထင် ။ ကန်ပေါင်လမ်းပေါ်မှ သဲ နှင့် ကျောက်စရစ် တို့သည် ခြေဖြင့် နင်းလျှောက်ဖို့ထက်
လက်ဖြင့် ဆော့ကစားဖို့ ကောင်းနေသည်ဟု ထင်ရသည် ။ မြက်ခင်းပေါ်တွင် ဆီးနှင်းကလေး
ဆွတ်ဖျန်းထားသည် ။
မမြင့်ဦး သည် ကျွန်တော့် ကို မကြည့်ဘဲ သဘာဝအလှ ကို ကသိုဏ်းရှုနေရာမှပင် -
“ စင်စစ်မှာတော့ သဘာဝလောက်လှတာ ဘာမှ မရှိဘူးနော် ”
“ ဟုတ်တယ် ကဲ နံနက်ခင်းသဘာဝကို ကဗျာတစ်ပုဒ်လောက် စပ်ဆိုပါဦးလား ”
“ ကိုတင်ထွန်း ရေ ကျွန်မ ဂုဏ်ထူး ယူခါမှ မြန်မာစာ တွေ သိပ် လေ့လာရတော့မှ ကဗျာ မရေးတတ်တော့ဘူး ”
“ အို ဆန်းလှချည်လား ၊ စာနှံ့တော့ ပိုပြီး ရေးနိုင်ရမှာပေါ့ ”
“ အဲဒီလို မဟုတ်ဘူး ကိုတင်ထွန်း ၊ စာနှံ့လေ မရေးတတ်လေပဲ ။ စာကြီးပေကြီး တွေ ဖတ်ရတော့မှ
စာပေ ဆိုတာ ဘယ်လောက် ခက်တယ် ဆိုတာ သိတယ် ။ ပေါ့ပေါ့ဆဆ စာပေ မပြုစုအပ်ဘူးလို့
နားလည်လာတယ် ။ ရှေးစာဆိုတွေ ရဲ့ အဆင့်အတန်း မှီဖို့ဟာ တော်တော့် ပါရမီနဲ့ မဖြစ်ဘူးဆိုတာ
သဘောပေါက်တယ် ။ အရင် က ကျွန်မ ကိုယ်တိုင် စည်းစနစ် မသိဘဲ စပ်တတ်တယ် ၊ ရေးတတ်တယ်
ဆိုရုံ နဲ့ အရမ်း ရေးထားခဲ့တာတွေ အတွက် ရှက်လာတယ် ။ ရေးနိုင်ရင် ရှေးစာဆိုတော်တွေ မီအောင်
ရေး ၊ မရေးနိုင်ရင် ဘာမှ မရေးနဲ့ ၊ ရှေးစာပေ အမွေအနှစ်တွေကိုသာ မပျောက်အောင် သိမ်းထား ”
“ မမြင့်ဦး လိုသာဖြင့် စာပေအသစ် ဘယ် မှပေါ်တော့မှာလဲ ။ ခေတ်အလိုက် အသစ်အသစ် ဖန်တီး
တိုးတက်လာတာ ဘယ်မှာ ရှိတော့မှာလဲ ”
“ ခေတ်အလိုက် တိုးတက်ရမှာတော့ ဟုတ်ပါတယ် ။ နို့ပေတဲ့ စည်းမရှိ ကမ်းမရှိ အလင်္ကာနည်း
ဥပဒေ မထိန်းသိမ်းဘဲ ရေးတာမျိုးတော့ မလိုလားအပ်ဘူး ရှင့် ။ ကျွန်မတော့ ရေးရင်လည်း ကဗျာ
စည်းကမ်း အလင်္ကာနည်း ဥပဒေ ရိုသေလေးစားပြီး ရှေးဆရာတွေ မီအောင် ရေးနိုင်မှ ရေးတော့မယ် ။
ခုတော့ ရှေးဆရာတွေကို မီမယ်လည်း မထင်ဘူး ၊ ဒီတော့ ထိုင်နေ အကောင်းသား ၊ ထသွားမှ
ကျိုးမှန်းသိ ဆိုတာမျိုး မဖြစ်ချင်ဘူးရှင့် ”
“ ကိုင်း ဒါဖြင့် ရှေးစာပေအမွေအနှစ်တွေကို ထိန်းသိမ်းရုံပဲ လုပ်တော့မှာပေါ့ ”
“ ဟုတ်တယ်လေ ”
“ ဒီလိုဆိုရင် နံနက်ခင်းရဲ့ သဘာဝအလှကို ရှင်ဥတ္တမကျော် က ဘယ်လို ဆိုခဲ့ပုံ ၊ နဝဒေးကြီး က
ဘယ်လို စပ်ခဲ့ပုံ ၊ ရှင်သန်ခို က ဘယ်လို ဖွဲ့ခဲ့ပုံ ၊ နတ်သျှင်နောင် က ဘယ်လို သီခဲ့ပုံ ၊ ဦးတိုး က
ဘယ်လို ရေးခဲ့ပုံ ကောက်နုတ်ချက်ကလေးတွေ ရွတ်ပြပါဦး ”
“ အို ကိုတင်ထွန်း ကလည်း ၊ ကျွန်မ အရိပ်အကဲကို သည်လောက်မှ မခတ်တတ်ဘူးလား ။ ဟဲ ဟဲ
သည်ဟာတွေ ရွတ်ဖတ်ချင်လို့ ရှင် နဲ့ကျွန်မ လမ်းလျှောက်ထွက်ဖို့ ချိန်းတာ မဟုတ်ဘူး ၊ ကျွန်မလေ
စာမေးပွဲ မပြီးမချင်း ဘယ်စာဆို က ဘယ်လို ရေးတယ် ၊ ဘယ်သူ့ ပျို့က ဘယ်လို ၊ ဘယ်သူ့ ဧချင်း မှာ
ဘယ် ရာဇဝင် ၊ အိုရှင် စုံလို့ပါပဲ ။ ဖတ်လိုက်ရ ၊ မှတ်လိုက်ရ ၊ ကျက်လိုက်ရ ၊ ရေးလိုက်ရ ၊
ကိုးကားလိုက်ရ မောနေပြီ ။ ငြီးငွေ့နေပြီ ။ ကျွန်မ ရှင် နဲ့ စကားစမြည် ပြောရတော့ အပြောင်းအလဲကလေးများ ပြောရကြားရမယ်လားလို့ ”
“ တော်ပါတော့ မမြင့်ဦး ၊ နားလည်ပါပြီ ၊ ရိပ်မိပါပြီ ”
ကမာရွတ် ဘက်ဆီမှ ကြက်ကြီးတစ်ကောင် သည် ထီးတည်းကြီး ချွဲချွဲပျစ်ပျစ် တွန်လိုက်သည် ။
မမြင့်ဦး က ကြက်တွန်သံလာရာ အဝေးသို့ လှမ်းငွေး၍ မျှော်ရင်း -
“ ခုထိ ကြက်တွန်သံ မစဲသေးဘူးနော် ”
“ အိပ်ရာထ နောက်ကျနေတဲ့ ၊ လည်ဆံမွေးတွေ အမြီးကြက်တောင်တွေ ကျွတ်နေတဲ့ ကြက်
အဘိုးအိုကြီးရဲ့ တွန်သံနဲ့ တူပါတယ် ”
မမြင့်ဦး က သဲ့သဲ့ကလေး ရယ်လိုက်သည် ။
“ ဟဲ ဟဲ ကြက်အဘိုးအို အကြောင်း ကိုတင်ထွန်း ဖော်ပြပုံက ကဗျာ တော်တော် ဆန်တယ် ၊ အမှန်
မှာတော့ ကိုတင်ထွန်း ဟာ စာရေးဆရာ ဖြစ်ဖို့ကောင်းတယ် ”
“ ကြက်အဘိုးအို ရဲ့အကြောင်း ခေတ်စမ်းကဗျာ တစ်ပုဒ်လောက် ရေးဦးမှ ထင်ပါရဲ့ ၊ ဆရာဇော်ဂျီ ရဲ့
ဟန်မျိုးနဲ့ပေါ့လေ ။ ကြက်အဘိုးအို ကို စာဆို က အိပ်ရာထနောက်ကျတဲ့ အတွက် ကဲ့ရဲ့တယ် ဆိုပါတော့ ။ လည်ဆံမွေးတွေ ကျွတ်နေတာ ၊ အမြီးကြက်တောင် မစုံတော့တာ အတွက် အမနာပစကား
ပြောတယ် ဆိုပါတော့ ။ ဒီတော့ ကြက်အဘိုးအို က ငယ်ငယ်တုန်း က အရောင်တဖိတ်ဖိတ် ထပြီး
ပန်းဖွားနဲ့ တူတဲ့ လည်ဆံမွေးတွေ တဖွားဖွား နဲ့ ကြွားဝါခဲ့ပုံ ၊ ရောင်စုံခြယ်ထားတဲ့ အမြီးအတောင်
တို့ကို ဖြာချပြီး ဟန်ပြခဲ့ပုံ ၊ ကြက်မတွေကို တကော်ကော် ဟစ်အော်ပြီး ရစ်ခဲ့ပုံ ၊ ပိုးဘက်ပန်းဘက်
ကြက်ဖတွေ ကို ခွပ်လွှတ်ပုံ ပြန်ပြောမယ် ”
မမြင့်ဦး သည် တဟဲဟဲ ရယ်နေလေသည် ။ ကျွန်တော် ချစ်ခဲ့သည့် တောက်ပဝိုင်းစက်သော မျက်လုံးများနှင့် အပြုံး ၊ ပါးချိုင့်များကို အသစ်တစ်ဖန် တွေ့ရပြန်ပြီ ။
အင်းယားကန်ပေါင် မှ ဆင်းပြီး ကေဘကြီး ခြံဘက်သို့ လျှောက်ခဲ့ကြပြန်လေသည် ။ သစ်ပင်
အုပ်အုပ်ကြီးများ ထိပ်ဖျားတွင် နေခြည်ပက်ဖျန်းလျက် ရှိသည် ။
“ ရှင့်ကဗျာကို ဘယ်လို ခေါင်းစဉ်တပ်မလဲ ”
“ ဆရာဇော်ဂျီ တို့ ဟန်အတိုင်းပဲ ၊ ' အို ကြက်အဘိုးအို ' လို့ ခေါင်းစဉ် တပ်လိုက်မယ် ”
“ သူများ အတုခိုးတာ မကောင်းဘူး ကိုတင်ထွန်း ရဲ့ ၊ ကိုယ့်ဉာဏ်နဲ့ ကိုယ့်ဟန် တီထွင်ဖို့လိုတယ် ။
ကျွန်မ အလိုသာဖြင့် ' ကြက်အဘိုးအို ၏ ဝေဖန်ရေး ' လို့ ခေါင်းစဉ် တပ်လိုက်မှာပဲ ”
“ ကောင်းတယ် ၊ သိပ်ကောင်းတာပဲ ။ ဟောဒီ အိမ်က ဂဠုန်ဦးစော ရဲ့ အိမ်ပဲ ၊ ဝင်းကြီးက တော်တော်
ကောင်းတယ် ”
“ သူ ဒီမှာပဲ နေတုန်းလား ”
“ ခု ရှေ့နားက အိမ်ကို ပြောင်းသွားပြီ ။ အင်းလျားကန် ထဲက ကျွန်းဆွယ်ကလေးတစ်ခုပေါ်မှာ
ထီးထီးကြီး တည်ထားတဲ့ တိုက်ကလေး ၊ သိပ်ပြီး အေးချမ်းသာယာတာပဲ ”
“ သူက အရင်ကတော့ ချမ်းချမ်းသာသာ ထဲက မဟုတ်ဘူး ဆို ၊ ခု နိုင်ငံရေးလုပ်မှ တိုးတက်လာတာ
ဖြစ်မှာပေါ့နော် ”
“ အရင်ကတော့ တတိယတန်း ရှေ့နေ ဆိုလား ဘာဆိုလားပါပဲ ။ ခုတော့ သူတို့က စီးပွားရေးရော ၊
နိုင်ငံရေးရော တွဲလုပ်တာကိုး ၊ ဒီတော့ တိုက်နဲ့ တာနဲ့ ဖြစ်လာနိုင်တာပေါ့ ”
“ ရှင်တို့နဲ့များ သိပ်ကွာတာပဲ ၊ အသက်မွေးဝမ်းကျောင်းမှုအတွက် ဘီအယ်လ် အောင်အောင်
လုပ်ပါ ဆိုတာတောင် မလုပ်ချင်ဘူး ”
“ ဒီကိစ္စကို သင်ပုန်းချေထားလိုက်ကြပါစို့ မြင့်ရယ် ”
“ ကောင်းပါတယ်လေ ၊ ကျွန်မလည်း နောင်ထပ် မပြောတော့ပါဘူး ၊ ခုလည်း စကားစပ်မိလို့သာ
ပြောမိတာပါ ။ ကျွန်မ သဘောကတော့ ဦးစော တို့လို စီးပွားရေး နဲ့ နိုင်ငံရေး တွဲဖက်လုပ်တဲ့
သဘောမျိုးကို လုံးဝထောက်ခံတာမျိုး မဟုတ်ပါဘူး ၊ အူမတောင့် မှ သီလစောင့်နိုင်တယ် ဆိုတာလို
အသက်မွေးဝမ်းကျောင်းကလေး ရှိမှ နိုင်ငံရေး လုပ်နိုင်တယ်လို့ ထင်တယ် ၊ ဒါပါပဲ ”
မမြင့်ဦး ၏ စကား ကို ကျွန်တော် မငြင်းနိုင်ချေ ။ သို့သော် အားကျမခံ ပြောလိုသေးသည် ။
“ မြင့် ပြောတာတွေ ဟုတ်တော့ ဟုတ်တာပဲ ၊ နို့ပေတဲ့ ဘာစီးပွားရေးကျမှ မလုပ်ဘဲ ကိုယ်ကျိုး လုံးဝ
စွန့်လွှတ်တဲ့ သဘော ၊ အငတ်ခံတဲ့ သဘော ၊ အမြဲတမ်း လွတ်လပ်ရေး အရေးတော်ပုံကြီးအတွက်
အကျိုးဆောင်တဲ့ သဘောဟာ အင်မတန် မွန်မြတ်တာကလား ၊ ခုဆိုရင် အဲဒီလို မွန်မြတ်တဲ့အလုပ်
လုပ်နေသူတွေ အများအပြား ရှိနေပြီ ၊ ကိုဘဟိန်း တို့ ၊ ကိုအောင်ဆန်း တို့ ကို ကြည့်ပါလား ”
“ သူတို့လည်း တစ်ဝမ်းတခါးစားဖို့တော့ ရှာရသေးတာပဲ မဟုတ်လား ၊ ကိုဘဟိန်း ဆိုလို့ရှိရင်
မိန်းမ ယူလိုက်ပြီးမို့ ဝမ်းစာ မရှာဘဲ နေနိုင်ပါဦးမလား ၊ ဝမ်းစာ ရှာရမယ့်အတူတူ ၊ အသက်မွေး
ဝမ်းကျောင်းမှုအတွက် အတတ်ပညာ တစ်ခုခု တတ်ထားခဲ့ရင် မကောင်းပေဘူးလား ”
ကျွန်တော် လုံးဝ အရှုံးပေးရလေတော့သည် ။
“ ဟုတ်ပါတယ် မြင့်ရယ် ၊ ကိုယ် မှားပါတယ် ”
ကျွန်တော်ကား မလိုတမာ ဝန်ခံလိုက်ခြင်း မဟုတ် ။ တကယ် စိတ်ပါလက်ပါ ဝန်ခံလိုက်ခြင်းဖြစ်သည် ။ မမြင့်ဦး သည် သူမှန်၍ ကျွန်တော် မှားခြင်းအတွက် ဝမ်းသာထောင်လွှားခြင်း လုံးဝမပြ ။
ကျွန်တော့်အား ကရုဏာမေတ္တာ အပြည့်ပါသော အကြည့်ဖြင့်သာ ကြည့်နေလေသည် ။
ကျွန်တော်တို့ မျက်နှာတူရူမှ လုံးကြီးပေါက်လှ ခံ့ညားသပ်ရပ်သော မိန်းမကြီး တစ်ယောက်
လျှောက်လာသည် ။ ကျွန်တော်တို့သည် စကားမပြောကြတော့ဘဲ မှန်မှန်လျှောက်လာကြသည် ။
မိန်းမကြီးမှာ ဂဠုန်ဦးစော၏ ဇနီး ဒေါ်သန်းခင် ဖြစ်နေလေသည် ။
ဒေါ်သန်းခင် က ကျွန်တော့် အား ပြုံးနှုတ်ဆက်သည် ။
ကျွန်တော် က -
“ ဒေါ်ဒေါ် နေကောင်းပါသလား ခင်ဗျာ ”
“ နေကောင်းပါတယ် ၊ မောင်တို့ စောစောစီးစီး ဘယ်က လာကြသလဲ ”
ပြုံးစိစိနှင့် ကြည့်မေးသောကြောင့် ကျွန်တော်တို့ နှစ်ယောက် အပေါ်မှာ ဘာကလိုတိုတို အထင်ရှိနေကြောင်း ရိပ်မိလိုက်ပါသည် ။
“ လမ်းလျှောက် ထွက်လာကြတာပါပဲ ဒေါ်ဒေါ် ၊ မနက်စောစော ပဲ လမ်းလျှောက်လို့ ကောင်းတယ် ၊
ကားအသွားအလာလည်း နည်းတယ် ၊ နေလည်း မပူဘူး ”
ဒေါ်သန်းခင် က ပြုံးစိစိ မျက်နှာဖြင့်ပင် -
“ ကဲ ကဲ လျှောက်ကြ လျှောက်ကြ ”
ကျွန်တော်တို့ ရှေ့ဆက်လျှောက်လာကြသည် ။
မမြင့်ဦး -
“ ဒီ အဒေါ်ကြီး က ဘယ်သူလဲ ကိုတင်ထွန်း ရဲ့ ”
“ ဂဠုန်ဦးစော ရဲ့ဇနီး ဒေါ်သန်းခင် ဆိုတာလေ ၊ ဦးစော က မာမီ လို့ ခေါ်သတဲ့ ”
မမြင့်ဦး က သဲ့သဲ့ ရယ်လိုက်သည် ။
“ ဘယ်တုံးက သိကြတာလဲ ”
“ ကျောင်းသားအရေးတော်ပုံအတွင်းက သိကြတာပဲ ၊ နိုင်ငံရေးကျောင်းသား ဆိုတော့ နိုင်ငံရေး
ခေါင်းဆောင်တွေ အိမ်ရောက်ပြီး အိမ်သူအိမ်သားတွေနဲ့လည်း သိတဲ့အခါ သိကြတာပေါ့ ”
“ ဦးစော နဲ့ သိရင် သခင်တွေကို ဝါးရင်းတုတ် နဲ့မရိုက်အောင် ရှင် ပြောလို့ မရဘူးလား ”
“ လူချင်းသိတာ ခင်မင်တာ တခြား မြင့် ရဲ့ ၊ နိုင်ငံရေး ကွဲပြီး သူတို့က အစိုးရ ရာထူးလည်း ယူထားတော့ ဖိနှိပ်ချုပ်ချယ်မှုတွေ လုပ်တာ ဓမ္မတာပါပဲ ၊ မရိုက်ပါနဲ့ လို့ သွားတောင်းပန်နေရုံနဲ့ မရဘူး ”
“ ဦးစော က ရှေးမင်းများ ထုံးစံအတိုင်း လယ်ထွန်မင်္ဂလာ လုပ်မယ်ဆိုတာ ဟုတ်သလား ”
“ ဟုတ်တယ် ။ ဒါတင် မကသေးဘူး ၊ အောင်မြေ တောင် နင်းဦးမယ် တဲ့ ။ အဆောင်အယောင် အခမ်းအနားတွေနဲ့ လုပ်ပြီး သူ့ကိုယ် သူ ကြော်ငြာတဲ့ နည်းတွေပါ မမြင့်ဦး ရယ် ၊ တောင်သူလယ်သမားတွေအတွက် တကယ်အကျိုးရှိအောင် လုပ်နိုင်တာ မဟုတ်ပါဘူး ”
“ ကျွန်မကတော့ တောင်သူလယ်သမားတွေ တကယ်အကျိုး ရှိ မရှိ မစဉ်းစားလိုက်မိဘူး ။ လယ်ထွန်မင်္ဂလာ လုပ်မယ်ဆိုတော့ ရှေးမင်းများလက်ထက် က လယ်ထွန်မင်္ဂလာများမှာ သီဆိုတဲ့ ဗုံကြီးသံများကိုတောင် စုဆောင်းထားသေးတယ် ၊ ဆောင်းပါးရေးမယ်လို့ ”
“ အစိုးရက လူထု ကို လှည့်စားနေရာမှာ မမြင့်ဦး က မပါပါနဲ့တော့လေ ”
မမြင့်ဦး သည် ဘာမျှ မပြောတော့ဘဲ ပြုံးချိုချို မျက်နှာထားဖြင့် ကျွန်တော့် စကားကိုသာ နားထောင်နေလေသည် ။ ကျွန်တော် က အစိုးရ ၏ ဓနရှင် အကျိုးပြု မြေယာစီမံကိန်းများ အကြောင်းကို ပြောပြနေလေသည် ။ မြေပိုင်ရှင်များ ထံမှ အစိုးရ က မြေများကို ဝယ်ယူပြီးနောက် မြေမဲ့ယာမဲ့များအား
အရစ်ကျ နှင့် ထိုမြေများကို ရောင်းချမည် ။ ထိုကဲ့သို့သောအားဖြင့် မြေပိုင်ရှင်များလည်း အရင်းအနှီးရပြီး စက်မှုလက်မှုနှင့် ကုန်သွယ်ရေးလုပ်ငန်းများ လုပ်နိုင်မည် ။ မြေမဲ့ယာမဲ့ တောင်သူလယ်သမားများလည်း မြေယာရမည် ။
မမြင့်ဦး က -
“ အဲဒီအတိုင်း ဖြစ်ရင်တော့ ကောင်းသားပဲ ”
“ ဖြစ်လည်း ဖြစ်မှာ မဟုတ်ဘူး ၊ ကောင်းလည်း မကောင်းဘူး ၊ တရားလည်း မတရားဘူး ”
“ ဟင် ဘယ့်နှယ်ကြောင့်လဲ ”
“ မြေပိုင်ရှင်တွေ လက်က မြေတွေ ဝယ်ဖို့လို့ အစိုးရမှာလည်း ငွေအလုံအလောက် ရမှာ မဟုတ်ဘူး ။
အခွန်ဘဏ္ဍာတွေ တိုးကောက်ရင် ကောက်မှာပဲ ။ ပြီးတော့ အစိုးရက ဝယ်နိုင်တယ် ထားဦး ၊ အစိုးရဆီက တစ်ဆင့် မြေမဲ့ယာမဲ့ တောင်သူလယ်သမား ၊ ဆင်းရဲသားများရဲ့ အဆင့်အတန်းရောက်အောင် နှိမ့်ချလိုက်ပြီး တန်းတူဖြစ်အောင် လုပ်တဲ့ ဝါဒဖြစ်တယ်လို့ ပြောကြတယ် ”
“ ဒါ မဟုတ်ပါဘူး ၊ လူနည်းစု အကျိုးအတွက် လူအများစုကြီးက လက်မဲ့ဖြစ်ရ ၊ နစ်နာဆုံးရှုံးရ ၊
ဒုက္ခရောက်ရတာကို ပယ်ဖျက်ပြီး လူအားလုံး တန်းတူတိုးတက် ကြီးပွားအောင် လုပ်ဖို့ပါပဲ ”
“ အားလုံးတန်းတူ ဖြစ်နိုင်ပါ့မလား ၊ အရည်အချင်းချင်း လုံ့လဝီရိယချင်း မှ မတူကြဘဲနဲ့ဟာပဲ ”
“ တန်းတူ ဆိုတဲ့သဘောက အခွင့်အရေး တန်းတူ ရတာကိုသာ ဆိုလိုတာပါ ”
“ ရှင်တို့ ဘုံဝါဒဟာ ဘာသာရေးကို ဆန့်ကျင်တယ်ဆို မဟုတ်လား ”
“ မဆန့်ကျင်ပါဘူး ၊ အမှန်က ဘုံဝါဒ ဆိုတဲ့ မာ့က်စ်ဝါဒ အောင်မြင်ရင် ဘာသာတရားတွေရဲ့
မွန်မြတ်သောအဆုံးအမတွေ ၊ ဩဝါဒ ကို လူတွေက အကောင်းဆုံး လိုက်နာနိုင်ကြမှာပါပဲ ။ နဂါးနီ
ဂျာနယ်ထဲမှာ သခင်နု ရေးတဲ့ ကျွန်တော်ဘုံဝါဒသမား ဆိုတာ မဖတ်လိုက်ရဘူးလား ”
“ မတွေ့လိုက်ရဘူး ”
“ ကိုယ် ရှာပေးမယ် ၊ အဲဒီ ဆောင်းပါးကို ဖတ်ရင် ဒီအချက်တွေမှာ ရှင်းရှင်းကြီး သဘောပေါက်မှာပဲ ”
ကျွန်တော်တို့သည် မရမ်းကုန်း သို့ ရောက်လာခဲ့ကြပြီ ။ ချွေးများလည်း စို့လာပြီ ။
“ ဟိုဘက် ပတ်လျှောက်ချင်သေးသလား ”
မမြင့်ဦး က ရပ်လိုက်ပြီး -
“ ပြန်လှည့်ကြစို့လား ၊ နေပူလာရင်လည်း ကောင်းတော့မှာ မဟုတ်ဘူး ”
“ ဟုတ်တယ် ၊ ကာဖီ သောက်ကြဦးစို့လေ ”
ကျွန်တော်တို့သည် ကာကာဆိုင်ဝင်ပြီး ကာဖီသောက်ကြသည် ။
ဘတ်စ်ကားများ လှုပ်ရှားမှု များလာပြီ ။
ကာဖီ သောက်ပြီး ဆိုင်မှ ထွက်လာကြသောအခါ ရှစ်မိုင်ဘက်တွင် ကုလားစစ်သားများသည် ပြည်
လမ်းမကြီးကို ကူးဖြတ်သွားသည်ကို တွေ့လိုက်ရလေသည် ။ ဂေါ်ရာဆာဂျင်တစ်ယောက်လည်း
ပါသည် ။ သူတို့သည် စစ်ရေးလေ့ကျင့်နေကြခြင်း ဖြစ်၏ ။ မမြင့်ဦး မှာ အနည်းငယ် ထိတ်လန့်
သွားဟန် ရှိလေသည် ။
ကျွန်တော်တို့သည် အတန်ကြာ ဘာမျှမပြောဘဲ ခေါင်းငိုက်စိုက်ချပြီး လမ်းလျှောက်ကြသည် ။
ကားလမ်းဘေးမှ လူသွားလမ်းမှာ လျှောက်ကြရ၏ ။
“ ကိုတင်ထွန်း စစ်ကြီး က ဒီဘက် ကိုများ ကူးလာဦးမှာလား ဟင် ”
“ ကူးလာမှာပဲ ထင်တယ် ”
“ ဒုက္ခပါပဲနော် ”
“ ဒုက္ခတော့ ဒုက္ခပေါ့ ၊ ဒါပေမဲ့ စစ်ဖြစ်လာရင်တော့ အင်္ဂလိပ်အခက် ဗမာ့အချက် ဆိုတဲ့ စကား
အတိုင်း ဗမာ့လွတ်လပ်ရေး အတွက် ချက်ကောင်း ယူရမှာပ ”
“ လွတ်လပ်ရေးရမယ် ဆိုတာကတော့ ကောင်းပါရဲ့ ၊ နို့ပေမဲ့ စစ်ကြီးဖြစ်လာလို့ လူတွေ သေကြ
ကျေကြမှာ ၊ အိုးအိမ်တွေ ပျက်စီးမှာ တွေးပြီး အားကြီး ရင်လေးတာပဲရှင် ”
“ ခု အနောက်နိုင်ငံတွေမှာ စစ်ကြီးဟာ ခပ်ဆိုင်းဆိုင်း ခပ်အုပ်အုပ် ဖြစ်နေရာကနေပြီး ပြင်းပြင်းထန်ထန်ကြီး ဖြစ်လာပြီ ။ ဂျာမနီ နဲ့အင်္ဂလိပ် ပြေအေးဖို့ အောင်သွယ်ကြတာတွေလည်း မဖြစ်တော့ဘူး ။ ဟာဟက်စ်ဘိလပ် ကို လေယာဉ်ပျံ နဲ့ ထိုးဆင်းတာလည်း ဂျာမနီ နဲ့အင်္ဂလိပ် ပြေအေးပြီး
ရုရှား ကို ပေါင်းတိုက်ကြဖို့ ၊ စေ့စပ်ဖို့ဆိုပဲ ။ နို့ပေတဲ့ မဖြစ်နိုင်တော့ဘူး ၊ ပြင်သစ်လည်း ဂျာမနီ
လက်အောက် လုံးလုံးရောက်တော့မယ် ။ ဂျပန် က ချက်ကောင်းစောင့်နေတာ ။ ဗြုန်းခနဲ ထချလိုက်ရင် အရှေ့ဘက်မှာ စစ်ပွဲကြီး ဖြစ်မှာပဲ ။ ဂျပန် က ဒီဘက်မှာ မဟာမိတ်တွေကို ချတာနဲ့
တစ်ပြိုင်နက် ကိုယ်တို့ ဗမာတွေကလည်း အင်္ဂလိပ် ကို ထချဖို့ ပြင်ဆင်ထားကြရမယ် ”
မမြင့်ဦး ကား ကျွန်တော် ပြောသည်များကို ကြားဟန် မရှိတော့ပေ ။ စကားလည်း တစ်ခွန်းမျှ မပြော ။
ခေါင်းငိုက်စိုက်ချ၍သာ လျှောက်နေလေသည် ။ မမြင့်ဦး မှာ စစ်ကြီးကိုသာ တွေးတောထိတ်လန့်နေဟန် ရှိပေသည် ။
သည်လိုနှင့် အတော်ကြာအောင် လျှောက်လာကြလေသည် ။
“ မမြင့်ဦး ကန်ပေါင်ရိုးပေါ် တက်ဦးမယ်လား ၊ နေတော့ ပူလာပြီ ”
“ တက်တာပေါ့ ကိုတင်ထွန်း ရယ် ၊ ဒီနေနုနုကတော့ ကျန်းမာရေးအတွက်တောင် ကောင်းပါသေးတယ် ”
ကန်ပေါင်ရိုးပေါ်သို့ မမြင့်ဦး က ရှေ့က တက်သည် ။ ကျွန်တော် က နောက်မှ လိုက်သည် ။ အပေါ်သို့
ရောက်သောအခါ သူမ က ကျွန်တော့် အား စောင့်ခေါ်သည် ။ ပခုံးချင်း ယှဉ်မိသောအခါမှ အတူ
တွဲလျှောက်သည် ။
“ ကိုတင်ထွန်း ကို တိုင်ပင်စရာ ရှိသေးတယ် ”
“ ဘာကိစ္စပါလိမ့် ၊ ဆိုစမ်းပါဦး ”
“ ကိုသန်းမြိုင် အကြောင်းပေါ့ ”
ကိုသန်းမြိုင် ကား ဘီအေ တွင် ရာဇဝင် ဒုတိယတန်း ဂုဏ်ထူး နှင့် အောင်ပြီးသော နည်းပြဆရာ
ကလေး ဖြစ်သည် ။ မမြင့်ဦး နှင့် ရိုးရိုးမိတ်ဆွေ အဖြစ် ဆက်သွယ်နေခဲ့သည် ။ မိတ်ဆွေအချင်းချင်း
စာရေးကြသည် ။ မကြာသေးမီက အစပြုပြီး ကိုသန်းမြိုင် သည် ဖောက်ပြားလာသည် ။ သူ့အား
အတုံ့အပြန် ချစ်ရမည် ကြိုက်ရမည်ဟု နားပူနားဆာ တောင်းဆိုနေခဲ့သည် ။ ယခုမူ စိတ္တဇနာ
ဖြစ်ပြီး ဆိုင်ကိုလိုဂျီနည်း နှင့် ကုသသော ဆရာဝန်ကြီးတစ်ဦး ထံ သွားပြီး စမ်းသပ်ရသည်ဟု
မမြင့်ဦး ထံ စာရေးလေသည် ။ မမြင့်ဦး ပါ သူ နှင့် လိုက်လာမှ ကုလို့ ရမည်ဟု ထိုဆရာဝန်ကြီး
ဆိုသောကြောင့် ဆရာဝန်ကြီး ထံသို့ မမြင့်ဦး သူ နှင့် နှစ်ယောက်တည်း လိုက်ခဲ့ရန် ခေါ်နေလေသည် ။
“ အဲဒါ ကျွန်မနောက် ဇွတ်လိုက်ခေါ်နေတာပဲ ၊ ဘယ်လို လုပ်ရမလဲ ရှင် ”
“ ကဲ နေစမ်းပါဦး ၊ သေသေချာချာ မေးပါရစေဦး ။ မြင့် က သူ့ကို နည်းနည်း မှ မချစ်နိုင်ဘူးလား ၊
သူ ဟာ စာလည်းတော်တယ် ၊ သဘောသကာယလည်း ကောင်းတယ် ၊ မြင့် ကိုလည်း တကယ်
ချစ်တယ် ”
“ အို မချစ်နိုင်ပါဘူး ဆိုနေမှပဲ ”
ကျွန်တော် က ရယ်သွမ်းသွေးလျက် -
“ အို စဉ်းစားဦးလေ ၊ မြင့် လည်း ကြာတော့ ဟိုင်းသွားလိမ့်မယ် ”
မမြင့်ဦး က တဟဲဟဲ ရယ်လိုက်ပြီးနောက် -
“ မမအုံး တို့ ၊ မမစောတို့ ၊ ကျွန်မတို့ ကတော့ အပျိုကြီးဇာတာ ကိုက ပါနေပြီးသား ထင်ပါရဲ့ ။ ပညာတွေ တတ်ထားတော့ ကိုယ့်ထက် ပညာနည်းတဲ့သူ လူကိုလည်း မယူနိုင်ဘူး ၊ ကိုယ်နဲ့ပညာရည်တူ
ယောကျာ်းမျိုး တွေ့ပြန်တော့လည်း အဲဒီ ယောကျာ်းမျိုးက ကျွန်မတို့လို ပညာတတ်တွေထက်
ပစ္စည်းဥစ္စာ ရှိတဲ့လူမှ ရွေးကြတယ် ။ ဒါတင် မကသေးဘူး ၊ ကျွန်မတို့ကလည်း ရှုထောင့် အမျိုးမျိုးကနေပြီး ယောကျာ်းတွေကို ရွေးတယ် ။ ကျွန်မ တစ်ယောက်တည်း အတွက် ပိုခက်တာက ကျွန်မက
ခပ်ငယ်ငယ်တုန်းက ဗမာစစ်စစ် မှ ယူမယ် ၊ ကပြား တို့ လူမျိုးခြား တို့ မယူဘူးလို့ စွဲစွဲလမ်းလမ်း
ဆုံးဖြတ်ထားတယ် ။ ကိုသန်းမြိုင် ဟာ ကပြားမို့ ကျွန်မ လက်မခံတာ ၊ နို့မဟုတ်ရင် ဘာငြင်းစရာ
ရှိသလဲ ”
“ ဒီလိုဆိုရင်ဖြင့် မမြင့်ဦး ဟာ တစ်သက်လုံး အပျိုကြီး လုပ်သွားမှာလား ”
မမြင့်ဦး သည် ကျွန်တော့် အား ဖျတ်ခနဲ ငဲ့ကြည့်လိုက်သည် ။ ပြီးတော့ မျက်နှာလွှဲလျက် -
“ ကျွန်မ ချစ်တဲ့ လူက ကျွန်မ ကို ဖွင့်ဟပြီး ချစ်ပါတယ်လို့ မပြောမချင်း ဒီလိုပဲ နေရတော့မှာပဲ ”
ကျွန်တော် ကား လွမ်းသလိုလို ဆွေးသလိုလို ဖြစ်လာသည် ။ ရင်ဖိုလာသည် ။ ' တက်တက်စင်
ရိုးပါလျက်ကယ်နှင့် ၊ ကလက်တက်တက် ထင်သူရယ် တစ်မျိုးသဒ္ဒါ မပျက်စေနှင့် ၊ အပိုးဝါသနာ
ဘက်ကိုတဲ့ ကွင်းသမို့ဖယ် ၊ ငြင်းလို့ပယ်နိုင်ပါရဲ့ ဖြောင့်စွာသဘော ၊ မင်းတို့ အရွယ်ကိုဖြင့်
ကျောင်းဒကာ မစော ' ဟု ဟို အစဦးက မမြင့်ဦး အား ရေးသားပေးခဲ့သည့် စာကို သတိရနေလေသည် ။ ကျွန်တော် သည် မမြင့်ဦး ၏ ချစ်သူ ဖြစ်သည်ဟု ကျွန်တော် ယုံကြည်သည် ။ သို့သော်
ကျွန်တော်က စ၍ ဖွင့်ဟ မပြောဝံ့ ။ ဟိုတုန်းက အားကျမခံ တရားလွန် ပြောခဲ့သော စကားတွေက
ဟန့်တားထားသည် ။
“ မမြင့်ဦး မှာ ချစ်သူ ရှိတယ်နော် ”
“ အို မရှိဘဲ ဒီစကား ပြောပါ့ မလား ”
“ ဘယ်သူပါလိမ့်မလဲနော် ”
မမြင့်ဦး က ကျွန်တော့် အား မျက်စောင်းထိုးပြီး ကြည့်နေသည် ။ ဒေါသ ပါသော မျက်စောင်းကား
မဟုတ် ၊ အားမလို အားမရ နိုင်သော မျက်စောင်းသာ ဖြစ်သည် ။
“ မိန်းမ နဲ့ယောကျာ်း ၊ ယောကျာ်း ကသာ စပြောရတယ် ။ အဲဒီတော့ ကျွန်မ ချစ်သူက ဖွင့်ပြီး စမပြော
မချင်း ဘယ်သူမှန်း ရှင် သိမှာ မဟုတ်ဘူး ။ ကဲ နားလည်ပြီလား ”
ထိုခဏ၌ ထို မျက်စိတစ်မှိတ် လျှက်တစ်ပြတ် ၌ မခင်သစ်ကလေး ၏ မျက်နှာ နှင့် မမြမှီကြီး တို့၏
မျက်နှာများသည် ကျွန်တော့် မျက်စိထဲမှာ ထင်းခနဲ ပေါ်လာကြလေသည် ။ မမြင့်ဦး ကား ကျွန်တော်
၏ အချစ် ကို ဖွင့်ဟပြောပြရန် ဘယ်နည်းနှင့် မျှ ပါးစပ်ဖွင့်၍ မရတော့ချေ ။
ကျွန်တော်က ငြိမ်နေသောကြောင့် မမြင့်ဦး အတော် အနေရ ကျပ်ရှာမည် ဖြစ်၏ ။ သို့ရာတွင် မမြင့်ဦး
သည် သူမ၏ နည်းနှင့် သူမ ကျွန်တော့်အား နားလည်ထားဟန် ရှိ၏ ။ သူမ အား ချစ်ကြောင်း ဖွင့်ဟ
မပြောနိုင်သေးသည့် အကြောင်းရင်း ခြေခြေမြစ်မြစ် မွန်မွန်မြတ်မြတ် ရှိရမည်ဟု မမြင့်ဦး က
ယူဆထားဟန် တူသည် ။
“ ကဲ ကိုရွှေသန်းမြိုင် ကိစ္စ ဘယ်လို လုပ်မလဲ ”
“ သူ နဲ့ ကိုယ် သွားတွေ့လိုက်မယ် ၊ ရောဂါအခြေအနေ ဘယ့်နှယ်လဲဆိုတာ မမြင့်ဦး က အမေးခိုင်းလို့ လို့ပြောမယ် ။ ကိုယ် ကြားထဲက ဝင်လိုက်တာနဲ့ တစ်ပြိုင်နက် သူ စိတ်ပျက်သွားမှာပဲ ”
“ ဒီအကြံ ကောင်းတယ် ၊ မြန်မြန် လုပ်ပါရှင် ”
“ စိတ်ချ ၊ ဒီနေ့မနက်ပဲ သွားတွေ့လိုက်မယ် ”
ကျွန်တော်တို့ နှစ်ယောက် ဝမ်းသာရွှင်လန်းသွားပြီး တစ်ယောက်ကို တစ်ယောက် ပြုံးပြုံးကြီး
ကြည့်လိုက်ကြလေသည် ။
ဘွဲ့နှင်းသဘင် ခန်းမကြီး အနီးသို့လည်း ရောက်ခဲ့ကြလေပြီ ။
◾သိန်းဖေမြင့်
📖 အရှေ့က နေဝန်းထွက်သည့်ပမာ
koaungnaingoo.blogspot.com
.
No comments:
Post a Comment