Tuesday, October 5, 2021

ကျောင်းသားလွှတ်တော် ၏ အတည်ပြုချက်

❝ ကျောင်းသားလွှတ်တော် ၏ အတည်ပြုချက် ❞

သမဂ္ဂအဆောက်အအုံ ပတ်ဝန်းကျင် နှင့် ကျောင်းသားလောကထဲသို့ ပြန်ရောက်သောအခါကျွန်တော့်မှာ ' ဇိမ် ' အိပ်မ က် မြင်မ က်ပြီး ရုတ်တရက်နိုးလာသူနှင့် တူပေတော့၏ ။ မော်တော်ကား ၊မမြမှီ ၊ ချစ်သူလမ်းကြား ၊ ကန်တော်ကြီး ၊ နပိုလီယံ ' ကြာခိုဇာတ်လမ်း ' ၊ မြားနတ်မောင် ဇာတ်လမ်းစသည်နှင့် သမဂ္ဂအဆောက်အအုံပတ်ဝန်းကျင် ၊ အလုပ်များနေကြသော ကျောင်းသားခေါင်းဆောင်များ ၊ တိုက်ပ်ရိုက်သံများ ၊ ဂျက်စတင်နာလှိမ့်သံများနှင့် ငြင်းခုံဆွေးနွေးသံများသည် စိတ်ကူးယဉ်အိပ်မ က် နှင့် တကယ့်အဖြစ်လို ကွာခြားချင်တိုင်း ကွာခြားနေပေ၏ ။ သို့သော် ကျွန်တော်သည်စိတ်ကူးယဉ်အိပ်မ က် တွင် မည်မျှ သာယာနေခဲ့ပါသနည်းဆိုသော် သမဂ္ဂတိုက်ရှေ့မြက်ခင်းပေါ်သို့တစ်ယောက်တည်း သွားထိုင်ကာ အိပ်မ က်ခန်းကို စားမြုံ့ပြန်နေလိုပေသေးသည် ။ သို့သော်ကျွန်တော်ပြန်လာသည်ကို ဘယ်နေရာကနေပြီး မြင်လိုက် မှန်း မသိနိုင်သော ကိုအေးငွေ ကဆတ်ခနဲ ကျွန်တော့် လက် မောင်း လာဆွဲပြီး -

“ ဟေ့လူ လာခဲ့ ၊ ဘယ်သွားနေသလဲ ၊ အလုပ်တွေ ရှိတယ် ” 

“ ဘာအလုပ်တွေလဲဗျ ” 

“ ကျောင်းသားလွှတ်တော်ခေါ်ရေးနဲ့ ပတ်သက်ပြီး ကြေညာချက်တွေကို သတင်းစာတိုက်တွေပို့ရမယ် ။ ဟေ့ ဒါထက် ကိုယ့်လူ ဘယ်က ပြန်လာသလဲ မှန်မှန် ပြောစမ်း ” 

“ မြို့ထဲကို ကိုယ်ရေးကိုယ်တာ ကိစ္စရှိလို့ သွားပြီး ပြန်လာတာပါ ” 

“ မောင်ရင့်ကို ကားကြီးနဲ့လိုက်ပို့တာက ဘယ်သူလဲ ” 

“ ကျွန်တော့် အဒေါ် တစ်ယောက်ပါ ”  

“ ဟုတ်ကဲ့လား ကိုယ် မြင်လိုက်တော့ အဒေါ်အရွယ်နဲ့ မတူပါဘူး ။ ခပ်ငယ်ငယ် ဖောင်ကောင်းကောင်း ” 

“ ဟာ တော်စမ်းပါ ကိုအေးငွေ ရာ ၊ မဟုတ်တာတွေ ပြောမနေစမ်းပါနဲ့ ၊ ကျွန်တော့်အဒေါ်က အသက်၄၀ ကျော်လို့ ငါးဆယ် တွင်းတောင် ရောက်တော့မယ် ။ ဆံဖြူ ၊ သွားကျိုး ၊ အရေတွန့် ဟား ဟားကဲ လာ လုပ်စရာရှိတာ လုပ်မယ် ” 

ကိုဘဟိန်း ၊ ကိုဗဆွေ ၊ ကိုလှရွှေ ၊ ကိုထွန်းရှိန် ၊ ကိုစိုးမောင် စသည်တို့ အားလုံး ရှိကြ၏ ။ ဦးကံသိန်းကြီး လည်း ဟိုပြေးရ သည်လွှားရ ၊ မာလီက̶̶ု̶̶လ̶̶ာ̶̶း̶ပင်လျှင် ဂျက်စတင်နာ ဝင်လှိမ့်ရသေးသည် ။ အားလုံးသည် ကျောင်းသားလွှတ်တော်အတွက် ပြင်ဆင်နေကြလေသည် ။

စောစောက ကျွန်တော့်မှာ ဘေးထွက်ထိုင်နေလိုသောဆန္ဒ အပြင်းအထန် ဖြစ်ခဲ့သည် ။ရဲဘော်စိတ် နှင့် ဆက်ဆံကြသော ကိုလှရွှေ နှင့် ကိုဘဟိန်း တို့ကြောင့် ထိုဆန္ဒမှာ လျော့ပါးသွားခဲ့သည် ။ ကိုလှရွှေ တို့ ပေးသော တာဝန်ကို ရှောင်ခဲ့သည့်အတွက် နောင်တကြီးစွာပင် ဖြစ်ခဲ့ရပေသည် ။ ခုတော့ ချစ်လှစွာသော ကိုအေးငွေ က အလုပ်ရှိသည် ဆိုကာ မြို့ထဲသို့ ခေါ်ပြန်ပေရာမငြင်းရက် မငြင်းနိုင် မငြင်းအား ဖြစ်ကာ လိုက်သွားရပေတော့၏ ။

အပြန်တွင် ဘတ်စ်ကား မရမည် စိုးသဖြင့် သမဂ္ဂမှ ငှားထားသော မောရစ်အိတ်တက္ကစီ ကလေး ကိုစီးသွားကြလေသည် ။

တက္ကစီဒရိုင်ဘာ ကိုစံပ ကား အရပ်အလောတော် ၊ ခပ်ပိန်ပိန် ဖြစ်သည် ။ မျက်လုံးပြူးပြူး နှာတံခပ်သွယ်သွယ်နှင့် ဖြစ်ရာ ဗမာမဆန်လှသော မျက်နှာဖြစ်သည် ။ ခေါင်းတုံးတုံးထားသည် ထင်ရလောက်အောင် တိုသော ဗိုလ်ကေ ရှိပေ၏ ။ ကိုစံပ မှာ ကျောင်းသားခေါင်းဆောင်များ၏ဖောက်သည် ဖြစ်ရုံမက မိတ်ဆွေလည်း ဖြစ်နေပေသည် ။ တစ်နည်းအားဖြင့် ဆိုရလျှင် ရဲဘော်ရဲဘက်သဖွယ်လည်း ဖြစ်နေကာ ကျွန်တော်တို့၏ အရေးတော်ပုံတွင် စိတ်ပါဝင်စားစွာ ပါဝင်နေလေသည် ။

“ ဘယ်ကို မောင်းရမှာလဲ ကိုအေးငွေ ” 

“ သတင်းစာတိုက်တွေကို ” 

ဤမျှသာ ကိုစံပ အား ပြောရသည် ။ သူ့ဘာသာသူ အစီအစဉ်နှင့် ကျွန်တော်တို့ သွားနေကျသတင်းစာတိုက် များသို့ မောင်းသွားတော့၏ ။ မြန်မာ့အလင်း ၊ သူရိယ ၊ ဆယ်သန်း ၊ တိုးတက်ရေးစသည် ။

မြန်မာ့အလင်းတွင် အယ်ဒီတာ ဦးချစ်မောင် နှင့် တွေ့ရလေသည် ။ ဦးချစ်မောင် သည်ကျွန်တော်တို့၏ ကျောင်းသားခေါင်းဆောင်များနှင့် ရင်းနှီးသော်လည်း ကျွန်တော်နှင့်ကားမရင်းနှီးလှပေ ။ ဦးချစ်မောင် ၏ နှာခေါင်း ၊ နဖူးနှင့် ခေါင်းတုံးဗိုလ်ကေ တို့သည် ဒရိုင်ဘာကိုစံပ နှင့် များစွာတူသည်ကို သတိပြုမိလေသည် ။ နှာခေါင်းချွန်ပြီး အသားမည်းသဖြင့် ကိုစံပထက် ပိုပြီး က̶̶ု̶̶လ̶̶ာ̶̶း̶နှင့် တူ၏ ။ မျက် မှန်အထူကြီးက ဖုံးထားသဖြင့် သူ့မျက်လုံးများမှာ ကိုစံပ လိုခပ်ပြူးပြူး ဟုတ် မဟုတ် မခန့်မှန်းတတ်ချေ ။

များစွာသော အယ်ဒီတာတို့သည် စားပွဲတွင် ခါးကုန်းလျက် ထိုင်တတ်ကြ၏ ။ ဦးချစ်မောင် ကားခါးဆန့်ပြီး ခပ်မတ်မတ် ထိုင်လေသည် ။ သူသည် ပင်နီအပေါ်အင်္ကျီနှင့် ဖျင်ရှပ်အင်္ကျီကို ဝတ်ထား၏ ။

ဦးချစ်မောင် က ကိုအေးငွေ အား -

“ ဘာ ကြေညာချက်လဲဗျို့ ” 

“ ပြည်လုံးဆိုင်ရာ ကျောင်းသားလွှတ်တော် နဲ့ ပတ်သက်တဲ့ ကြေညာချက်တွေပါဗျာ ” 

“ ဘယ့်နှယ်လဲ စုံစုံညီညီ တက်ပါ့မလား ” 

“ ဟုတ်ကဲ့ ၊ စုံစုံညီညီတက်အောင် ကြိုးစားနေကြတာပါပဲ ။ ရန်ကုန် က ဆိုရင် သပိတ်လှန်တဲ့ကျွန်တော်တို့ ဘက်က ကိုယ်စားလှယ် ၂ ယောက် ၊ သပိတ်ဆက် မှောက်နေချင်တဲ့ ကိုသန်းတင် တို့ဘက်ကကိုယ်စားလှယ် ၂ ယောက် တက်ခွင့် ပေးထားတာပဲ ။ ကိုသန်းတင် ဟာ ဗမာပြည်လုံးဆိုင်ရာကျောင်းသားများသမဂ္ဂ အသင်းချုပ်ကြီးရဲ့ အလုပ်အမှုဆောင် တစ်ဦးအနေနဲ့ တက်ရဦးမှာပဲ ”  

ဦးချစ်မောင် က ကြေညာချက်ကို ခပ်သော့သော့ ဖတ်နေသည် ။ ကျွန်တော်တို့က ထွက်ခွာကြတော့မည် လုပ်နေစဉ် လေပြည်တိုက်သလို ညင်သာစွာနှင့် သူက ပြောပြန်သည် ။

“ အေးဗျာ ကျွန်တော်တို့ကတော့ ညီညွတ်စေချင်တာပါပဲ ။ လွှတ်တော်ကြီးက သပိတ် အလှန်အမှောက် ၊ အမှန်အမှားကိစ္စ ၊ ကိုသန်းတင် တို့ ခွဲထွက်သွားတဲ့ကိစ္စ ဒါတွေကို ခုံသမာဓိသဖွယ်စဉ်းစားရမှာပါပဲ ။ ကျောင်းသားလွှတ်တော်မှာ အများဆန္ဒနဲ့ ဆုံးဖြတ်တဲ့အခါမှာ တညီတညွတ်တည်း လိုက်နာဆောင်ရွက်ကြရင် ညီညွတ်ကြမှာပါပဲ ” 

“ ကိုဘဟိန်း တို့ကလည်း ဒီမူချပြီး လုပ်နေကြတာပါပဲ ” 

“ ဒါထက် ကိုသိန်းဖေ တစ်ယောက် ဘယ်ရောက်နေသလဲ သိကြရဲ့လား ” 

ကိုအေးငွေ က အံ့ဩသွားသော မျက်နှာဖြင့် ခေါင်းခါပြီး -

“ ဟင် မသိဘူး ၊ ကျွန်တော်က ရန်ကုန် မှာပဲ ရှိနေတယ် ထင်နေတာ ” 

“ မဟုတ်ဘူး ၊ ရှမ်းပြည် လားရှိုး ရောက်နေတယ် ၊ အဲဒီကနေပြီး တရုတ်ဗမာ လမ်းမကြီး သူသွားကြည့်ပုံ သူဆောင်းပါး ရေးပို့လိုက်တယ် ” 

“ ဟုတ်လား တရုတ်ဗမာ နယ်စပ်အရေးများလည်း သိရဦးမှာပေါ့ ။ ကဲ ကျွန်တော်တို့ တခြားသတင်းစာတိုက်တွေ သွားဦးမယ် ။ နောက်ဆုံးဖောင် မမီဘဲနေမှာ စိုးရတယ် ” 

ကိုချစ်မောင် က ပြုံးကြည့်ကျန်ရစ်သည် ။ သူ့မျက် မှန်ထူကြီးမှာ လက်နေသည် ။အခြား သတင်းစာတိုက် များသို့ သွားပြီးနောက် ကျွန်တော့်အား ဆာလောင်ခြင်းက ဖိစီးနေပြီဖြစ်လေသည် ။

“ ကိုအေးငွေ ကျွန်တော် ထမင်း မစားရသေးဘူး ” 

“ စောစောက မြို့ထဲ ရောက်တုန်းက ကိုရင့် အဒေါ်က မကျွေးလိုက်ဘူးလား ” 

“ ကျွေးတော့ ကျွေးပါရဲ့ ၊ ကျွန်တော်က အားနာနေတာနဲ့ မစားခဲ့ဘူး ” 

ကိုအေးငွေ က ကျွန်တော့်အား မသင်္ကာသော မျက်စောင်းတစ်ချက် ထိုးလိုက်ပြီး -

“ အဒေါ် တစ်ယောက်လုံးများ အားနာနေရသေးသလား ” 

“ ခုလောက်လည်း မဆာသေးလို့ အားနာတာပေါ့ဗျာ ၊ ကဲ တရုတ်တန်း သွားကြမယ်နော် ” 

“ မဂိုလမ်းမှာပဲ စားရအောင် ” 

ကျွန်တော်သည် က̶̶ု̶̶လ̶̶ာ̶̶း̶စာကို စားရမည်ထက် မဂိုလမ်း တွင် မထိုင်ချင်သောစိတ်က ဗျာများနေပေသည် ။ မဂိုလမ်း မှာ မမြမှီ တို့ ကျက်စားရာလမ်း ဖြစ်သည် ။ ကျွန်တော်ဆိုင်မှာ ထိုင်စားနေသည်ကို မမြမှီ မြင်သွားရင် အဖြေရ ကျပ်နေပေလိမ့်မည် ။ သူက စားဖို့ခေါ်တုန်းကတော့ ဘာလို့လိုက် မစားသလဲ ။

“ ကဲပါဗျာ ၊ တရုတ်တန်းကိုသာ သွားစားရအောင် ၊ ကိုစံပ တရုတ်တန်းကိုဗျို့ ” 

ကိုစံပ သည် ကားရှင်းသော လတ္တာလမ်း ( လသာလမ်း ) ဘေးတစ်နေရာတွင် ကားကို ရပ်လိုက်လေရာ ကိုအေးငွေ ၏ အကြိုက် ဆိုင်သို့ရောက်အောင် ဒါလဟိုဇီလမ်း တစ်လျှောက် အနည်းငယ်လျှောက်ကြရသေးသည် ။ တရုတ်အစာကို ကျွမ်းကျင်နားလည်စွာ မှာတတ်သော ကိုအေးငွေ သည်ဘဲကင် ၊ ဝက်ခေါက်ကင် ၊ ဝက်အူချောင်းတို့ ချိတ်ဆွဲထားရာ ရှေ့မှာ ရပ်ပြီး ပေါက်ဖော်ကြီး နှင့်အလုပ်များနေခိုက် အညှော်နှင့် ဝေးနိုင်သမျှဝေးသော စားပွဲတစ်ခုမှာ ကျွန်တော်က သွား၍ထိုင်နေလေသည် ။ မျက်နှာကို လမ်းဘက်သို့ မူထားသော်လည်း ၊ မျက်စိမှာကား ကိုအေးငွေ ထံသို့လည်းကောင်း ၊ ကျွမ်းကျင်သပ်ရပ်စွာ ခုတ်လှီးနေသော တရုတ်လူကြီးထံသို့ လည်းကောင်း ၊အကြော်အပြုတ်တို့ကို ပျော်ပျော်ကြီးလုပ်နေသော တရုတ်လူလတ်ထံသို့ လည်းကောင်း ၊ အသယ်အပို့နှင့် အခေါ်အမှာများကို မနားတမ်းလုပ်နေရသော တရုတ်လူငယ်ထံသို့လည်းကောင်းတစ်လှည့်စီ ရောက်နေပေသည် ။ နားထဲမှာလည်း တောက်တောက်စဉ်းသံ နှင့် ရှဲရှဲကြော်သံကိုသာကြားနေရစဉ်

“ ဟေ့ မောင်တင်ထွန်း ” 

ဟူသော ကျွမ်းဝင်ရင်းနှီးမှု အပြည့်ပါသော အသံတစ်သံကို ထူးခြားစွာ ကြားရလေသည် ။ အသံလာရာသို့ ကြည့်လိုက်သောအခါ တစ်ဆိုင်ခြားဆိုင်ရှေ့တွင် ကပ်ရပ်ထားသော ကားပေါ်မှဝင်းထွက်နေသော မမြမှီ ၏ မျက်နှာကို အံ့ဩစွာ မြင်ရလေသည် ။

ကျွန်တော်က မမြမှီ ထံသို့ အသော့သွားပြီး ကလေးဆိုးပမာ ပြုံး၍ ရပ်နေမိသည် ။

“ လာခဲ့ မင်းတော့ မိနေပြီ မမ ခေါ်တုန်းကတော့ လိုက် မစားဘူး ။ သိန်း ရေ ဒီသူငယ်ကို မှတ်မိလား ” 

ကားပေါ်မှာ မသိန်းသိန်း ပါလာလေသည် ။

မသိန်းသိန်း မှာ မမြမှီ နှင့် ရွယ်တူဖြစ်ကြောင်း သိပြီးဖြစ်ပေလိမ့်မည် ။ သို့သော် မမြမှီ လို ရုပ်ရည်မပျိုမျစ် ။ ဝလည်း အတန်ငယ် ဝလွန်းသည် ။ မျက်စ ိမှေးသည် ။ အသားမှာမူ မမြမှီ ကဲ့သို့ပင်ဖြူဝင်းသည် ။

မသိန်းသိန်း က ကိုင်ထားသော ကြွေဇွန်း ကို ကားပေါ်မှာ တင်ထားသော ကြမ်းပြားပေါ်ရှိ ဟင်းချိုပန်းကန်တွင် ထည့်လိုက်ရင်း -

“ မြင်ဖူးသလိုလိုတော့ ရှိတယ် ထင်တယ် ၊ ကောင်းကောင်း မမှတ်မိဘူး မြ ရဲ့ ” 

“ ကုလားဗမာ အဓိကရုဏ်းဖြစ်တုန်းက ကောလိပ်ကျောင်းသားကလေးတွေ မြ ကို သိန်း တို့အိမ်လိုက်ပို့တာ မှတ်မိတယ် မဟုတ်လား ” 

“ အို ဟုတ်ပြီ စိတ်မရှိပါနဲ့ကွယ် ၊ ခေါက်ဆွဲ စားပါဦးလား ” 

မမြမှီ ကလည်း -

“ ဒီဆိုင် ပြောင်းစားပါလားကွ ” 

“ ကျွန်တော့်သူငယ်ချင်းက မှာနေပြီ မမ ရဲ့ ၊ ဟိုမှာ တွေ့လား ” 

ကိုအေးငွေ သည် ကျွန်တော်ထိုင်ခဲ့သော စားပွဲသို့  ပြန်ရောက်နေပြီး ကျွန်တော်တို့ဆီသို့ လှမ်းကြည့်နေလေသည် ။

“ မမ ရဲ့ ကျောင်းလည်းပြန်ရောက်ရော သတင်းစာတိုက်တွေ သွားရမယ်ဆိုလို့ မြို့ထဲ ကျွန်တော့်သူငယ်ချင်းနဲ့ ချက်ချင်း ထွက်ခဲ့ရတယ် ။ ခု သတင်းစာတိုက်တွေက ကိစ္စပြီးလို့ ဆာလာတာနဲ့ဝင်စားကြတာ ” 

မမြမှီ က ပြုံး၍ နားထောင်နေသည် ။ နောက် ဘာမျှမပြောသေးဘဲ ခေါက်ဆွဲကို ဆက်စားနေစဉ်မသိန်းသိန်း က -

“ သတင်းစာတိုက်တွေက ဟိုသတင်း ၊ နောက်ဆုံး ဘာကြားခဲ့သေးသလဲ ၊ က̶̶ု̶̶လ̶̶ာ̶̶း̶လင်မယားအဖြစ်အပျက်လေ ၊ မယားက ထမင်း ရုတ်တရက် ခူးမကျွေးလို့ ဒေါပွပြီး မယားနှုတ်ခမ်းကိုသင်တုန်းဓားနဲ့ လှီးပစ်တဲ့ က̶̶ု̶̶လ̶̶ာ̶̶း̶အမှု ” 
 
“ ဘာမှတော့ နောက်ထပ် မကြားခဲ့ဘူး ခင်ဗျ ၊ အလုပ်လက် မဲ့ ဖြစ်နေလို့ စိတ်ညစ်ညစ်နဲ့ အိမ်ပြန်လာတုန်း အခန့်မသင့် ဖြစ်သွားတာလို့တော့ ပြောကြတာပဲ ။ သို့ပေမယ့် ဒီက̶̶ု̶̶လ̶̶ာ̶̶း̶ကိုတော့ဖမ်းထားပြီ ” 
 
မသိန်းသိန်း ကား ရှေ့က ခေါက်ဆွဲကိုပင် မေ့နေရော့သလား မသိ ။

“ ဟိုသတင်းကော နောက်ဆုံး ဘာကြားသေးသလဲ ၊ ရေကြည်တော်ဝတ်အသင်း နဲ့ ရွှေတိဂုံဘုရားလူကြီး ဖြစ်ကြတဲ့ အမှုလေ ” 

“ ကျွန်တော် အဲဒီအမှု ဘာမှ မသိဘူးခင်ဗျာ့ ” 

“ ဒါဖြင့် ဟိုသတင်းကော ” 

မမြမှီ က ငေါက်ဆတ်ဆတ်ဖြင့် ဝင်ဟန့်လိုက်၏ ။

“ အို သိန်း ကလည်းကွယ် အလုပ် မရှိတိုင်း သတင်းစာတွေ ဖတ် ၊ နောက်ဆုံးသတင်း လျှောက် မေး ၊တော်တော့ကွယ် ၊ မောင်တင်ထွန်း ဟိုမှာ မင်းသူငယ်ချင်းက စားဖို့ စောင့်နေပြီ ” 

မသိန်းသိန်း ကား ကလေးကြီးလို လျှာတစ်လစ် တစ်ချက်ထုတ်ပြီး ငြိမ်ကျသွားကာ ခေါက်ဆွဲကိုသာ ဆက်စားလေတော့၏ ။ ကျွန်တော့် မှာ မမြမှီ အစားပင် အားနာသွားသေး၏ ။

မမြမှီ ကား မသိန်းသိန်း အပေါ်တွင် အစ်မကြီး က ညီမငယ် လို နိုင်ဟန် ရှိပေသည် ။

ကျွန်တော်သည် စားပွဲသို့ ပြန်ရောက်သောအခါ ကိုအေးငွေ ၏ အမေးကို မျှော်လင့်ပြီးသားဖြစ်ရုံမက ' ဖြီး ' ရန် အဆင်သင့်လည်း ဖြစ်သည် ။

“ ကိုယ့်လူကို ခုနင်က လိုက်ပို့တဲ့ကား မဟုတ်လား ” 

“ ဟုတ်တယ် ” 

“ ကိုယ့်လူ အဒေါ် က ငယ်လှပါလား ၊ သွားလည်း ကျိုးသေးမယ် မထင်ပါဘူး ” 

ကျွန်တော်က ကျိတ်ရယ်လိုက်ပြီး -

“ ဟိုဘက်က ထိုင်နေတာ ကျွန်တော့် အဒေါ်လေ ၊ ခင်ဗျား ဒီကနေပြီး ဘယ်လိုလုပ် မြင်ရမှာလဲ ” 

ကိုအေးငွေ သည် တွေသွားသည် ။

“ ဒါဖြင့် ဒီဘက်က ထိုင်နေတာက ဘယ်သူလဲ ၊ တော်တော် ချောတယ် ” 

ကျွန်တော်က သူမေးတာ မကြားကျိုးကျွန် ဆောင်ပြီး စားစရာကို ကုန်းလွေးနေလေသည် ။မကြာခင်ပင် သူလည်း လိုက်လွေးရလေတော့၏ ။

မမြမှီ တို့ဆီသို့ စကားပြန် မရောက်အောင် ကျွန်တော် က ကိုအေးငွေ အား မြို့မကိုသန်းတင် တို့၏အင်အားအခြေအနေကို မေးလိုက်လေသည် ။

“ အရည်မလည်ခင်သာ နည်းနည်း အားရှိနေတာပါ ။ ဒီလို စိတ်ဓာတ်ပြင်းထန်နေတဲ့ အချိန်ကြီးမှာသပိတ် မလှန်ဖို့ ၊ ဆက်လက် ဆူပူနေဖို့ ဆွပေးသူကို ကြိုက်သူတွေရှိတာ မဆန်းပါဘူး ။ သို့ပေမယ့်အခြေအနေကို လိပ်ပတ်လည်လာအောင် မြင်မယ်ဆိုရင် သန်းတင် တို့ကို ထောက်ခံမယ့်လူရှိမှာ မဟုတ်ဘူး ” 

“ ကျောင်းသားလွှတ်တော်ကျရင် ဘယ်လိုနေမယ် ထင်သလဲ ” 

“ ကိုယ်တို့ ဘက်က နိုင်မှာပေါ့ ။ အခြေအနေမှန်ကို တင်ပြမယ် ။ သပိတ်မှောက်ဟ ၊ မှောက်ဟ ၊လွတ်လပ်ရေးမရမချင်း မှောက်နေဟ ၊ မသေမချင်း မှောက်နေဟဆိုတဲ့ လမ်းစဉ်မျိုးဟာ လက်တွေ့မရဘူး ဆိုတာ နယ်ကိုယ်စားလှယ်တွေ မြင်လာမှာပါပဲ ” 

“ မမြင်ရင် ဘယ့်နှယ် လုပ်မလဲ ” 

“ မမြင်ရင် မြင်အောင် ကြိုးစားရမယ် ။ ဒါမှ သပိတ်ကြီး ရေစုန် မမျောမယ် ၊ အရေးတော်ပုံကြီးရေစုန် မမျောမယ် ။ ခုလို မှောက်သူ လှန်သူ ဖရိုဖရဲ ဖြစ်နေမယ် ၊ ခုလို သွေးခွဲရေးသမားတွေ အရမ်းကာရော မဟုတ်တာတွေ ပြောနေတာ လွှမ်းမိုးနေမယ်ဆိုရင် အန္တရယ် သိပ်ကြီးတယ် ။ အရေးတော်ပုံလုပ်ငန်းတစ်ခုလုံး အများကြီး နာမယ် ၊ လွတ်လပ်ရေးတိုက်ပွဲလည်း အတော်ပဲ နာမယ် ။ ဒီတော့ ခုလိုအန္တရယ်ကြီးနေတဲ့အချိန်မှာ ကိုယ်တို့တစ်တွေက ပိုလုပ်ကြရလိမ့်မယ် ။ မှန်တဲ့ လမ်းစဉ်အတွက်မကြောက် မရွံ့ အားမနာ ပါးမနာ ကိုယ်ကျိုးမငဲ့ဘဲ လုပ်သွားရမယ် ” 

ကိုအေးငွေ ကား မရည်ရွယ်သော်လည်း ကျွန်တော့် အား တိုက်ရိုက်ဆုံးမနေသည်နှင့် တူပေတော့၏ ။စိတ်ပျက်ချင်နေသော ကျွန်တော့်အား သွေးထိုးပေးနေသည်နှင့် တူပေ၏ ။ထိုအခိုက် ဒရိုင်ဘာ ဖိုးအောင် သည် ကျွန်တော်တို့ ဆိုင်ရှင်အား ငွေ ၅ ကျပ်တန် ထုတ်ပေးရင်းကျွန်တော်တို့ စားပွဲကို လက်ညှိုးထိုးပြနေသည်ကို မြင်ရလေသည် ။

“ ဟေ့ ကိုဖိုးအောင် ဘာလုပ်တာတုံး ” 

“ မမ က ခင်ဗျားတို့ အတွက် ပိုက်ဆံပေးရမယ် ဆိုလို့ ” 

“ အို နေပါစေ ၊ ပိုက်ဆံ ပြန်ယူသွား ” 

ဖိုးအောင်ကား ပြန် မယူ ၊ ဇွတ်ပေးသွားလေသည် ။

ကျွန်တော်က စားနေရာမှထပြီး မမြမှီ ထံသွား၍ နှုတ်ဆက်ဦးမည် လုပ်သေးသည် ။

သို့သော် ကားက ထွက်လေပြီ ။ မမြမှီ ကလည်း ပြုံး၍ လက်ပြနှုတ်ဆက်နေလေပြီ ။

ကိုအေးငွေ က -

“ ဟေ့လူ ၊ ဒီဘက်က ထိုင်နေတာ ဘယ်သူလဲလို့ မေးနေတာ မပြောသေးပါဘဲကလား ” 

“ ဒါက ကျွန်တော့် အစ်မပေါ့ဗျာ ” 

“ အညာသားက ဒီလို ဝဝဖြိုးဖြိုး ဖြူဖြူဝင်းဝင်း ဆွေမျိုးတွေ ရန်ကုန် မှာ ရှိတယ်ဆိုတာ ယုံစရာမဟုတ်ဘူး ရဲဘော် ” 

ကျွန်တော်တို့လည်း လက်စသိမ်းလိုက်ကြပြီးနောက် ပြန်ကြလေသည် ။

သမဂ္ဂအသင်းတိုက် မှာကား ပျားအုံလို အလုပ်များဖြင့် လှုပ်ရှားနေပေသည် ။ ကျွန်တော်သည်ပျားအုံတွင် သူများနည်းတူ လှုပ်ရှားလာပြန်လေပြီ ။ စိတ်ဓာတ်ကျဆင်းခြင်းလည်း ပျောက်ကင်းလာလေသည် ။ ကျောင်းသားလွှတ်တော်အတွက် အားတက်သရော ဝင်ရောက်ဆောင်ရွက်ပြန်ပါသည် ။ကျောင်းသားလွှတ်တော်သည် ကျောင်းသားညီညွတ်ရေးကို တည်ဆောက် မည် မဟုတ်ပါလော ။သို့ဖြင့် ၁၉၃၉ မတ် ၈ ရက် နေ့တွင် ကျောင်းသားလွှတ်တော် အစည်းအဝေးကြီး ကျင်းပခဲ့သည် ။

၁၉၃၉ ခုနှစ် ၊ မတ်လ ၈ ရက် နေ့ ။

နိုင်ငံလုံးဆိုင်ရာ ကျောင်းသားလွှတ်တော် ကျင်းပသောနေ့ ။

နံနက် ၁ဝ နာရီ တိတိမှာ စလေသည် ။

နေ့မှာ ဝင်းထိန်သာယာနေသည် ။

ကျောင်းသားတို့ အဖို့ ခါတိုင်း စာမေးပွဲ ဖြေနေကြရသော အချိန် ။ ယခုတော့ သပိတ်လှန်ခြင်းကိုထောက်ခံမည်လော ၊ ဆက် မှောက်ခြင်းကို ထောက်ခံမည်လောဟု ဆုံးဖြတ်နေကြရသည် ။ တစ်ပြည်လုံးရှိ ကျောင်းသားအားလုံးလိုပင် ဤ လွှတ်တော်ဆီသို့ နားစွင့်နေကြသည် ။ တစ်ပြည်လုံးကလည်းဤလွှတ်တော်၏ ဆွေးနွေးချက် ၊ ဆုံးဖြတ်ချက် များတွင် စိတ်ဝင်စားနေကြသည် ။ ထို့ကြောင့်သတင်းထောက် များ အထူးအလုပ်များနေကြ၏ ။ လက်ရေးတိုသမားက ကြားသမျှကို ကောက်ရေးနေသည် ။ ဓာတ်ပုံသမားက မြင်သမျှ ဖမ်းရိုက်နေသည် ။ ကျောင်းသားကိုယ်စားလှယ်များထမင်းစားနေကြပုံကိုပင် ဓာတ်ပုံရိုက်ယူကြသေး၏ ။

ဘေးထွက်ထိုင်နေတော့မည်ဟူသော စိတ်ကူးတိမ်တိုက် များသည် ကျွန်တော့်ရင်တွင် အုံ့ဆိုင်းမနေကြတော့ဘဲ လုံးဝကင်းစင်သွားပါလေပြီ ။

ကျွန်တော်ကား သပိတ်လှန်ရသည့် အကြောင်းခြင်းရာများကို အစမှအဆုံး နားလည်ပေသည် ။မှန်သည်ဟုလည်း လက်ခံသည် ။ သို့သော် ဆန့်ကျင်ဘက် အင်အားစုအမျိုးမျိုး၏ လေပြင်းမုန်တိုင်းကြားတွင် ထိုအမှန်ကို မယိမ်းမယိုင်အောင် မထိန်းကိုင်နိုင်ခြင်းသာ ဖြစ်၏ ။ သို့သော်ကိုဘဟိန်း ၊ ကိုလှရွှေ စသော ခေါင်းဆောင်များ၏ ရဲဘော်စိတ် နှင့် စိတ်ရှည်စွာ ဖျောင်းဖျပေးခြင်းနှင့် ကိုအေးငွေ စသော ရဲဘော်များ၏ ဖေးမခေါ်ယူခြင်းဖြင့် အမှန်ကို ထိန်းကိုင်နိုင်ခဲ့လေပြီ ။

ကျောင်းသားများလွှတ်တော်သို့ ကိုယ်စားလှယ်တစ်ရာကျော်မျှ တက်ရောက်သည့်အပြင် သခင်နု ၊မြို့မ ဆရာဟိန် နှင့် မြို့မိမြို့ဖ ၃၈ - ဦးကော်မတီ ၏ ကိုယ်စားလှယ် လူကြီး ၃ ဦးလည်းတက်ရောက်၍ အကဲခတ်လေသည် ။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ကိုဘဟိန်း က အစည်းအဝေး သဘာပတိအဖြစ်ဖြင့်ဆောင်ရွက်၍ အတွင်းရေးမှူး ကိုဗဆွေ က အခမ်းအနားမှူးအဖြစ်ဖြင့် ဆောင်ရွက်လေသည် ။

ကိုဘဟိန်း က သဘာပတိမိန့်ခွန်းကို “ ကျောင်းသားများဟာ ညီညွတ်စွာနှင့် တစ်သံတည်းဟစ်ပြီးအတက်ကြီး တက်ခဲ့ပြီးမှ အခုလို သပိတ်အလှန်တွင် ကျောင်းသားအချင်းချင်း အနည်းငယ်သဘောကွဲလွဲကြလို့ ဝမ်းနည်းပါတယ် ”  ဟူသော စကားဖြင့် စတင်လေသည် ။

ကိုဘဟိန်း က လက်ရှိမြန်မာပြည်တွင် တကယ့် လွတ်လပ်ရေးတိုက်ပွဲ ကို တိုက်နေသည့်အစည်းအရုံးကြီးမှာ ၂ - ခု သာ ရှိ၍ တစ်ခုမှာ တို့ဗမာအစည်းအရုံး နှင့် အခြားတစ်ခုမှာကျောင်းသားများသမဂ္ဂ အစည်းအရုံးကြီးသာ ဖြစ်ကြောင်း ၊ မိမိတို့မှာ မှန်ကို ထောင်၍ တက်နေရသဖြင့် အလွန်ခက်ခဲစွာ လုပ်ဆောင်နေရသဖြင့် တစ်ကြိမ်တည်းနှင့် မရနိုင်ဘဲ တဖြည်းဖြည်းတက်လှမ်းရမည် ဖြစ်ကြောင်း ၊ ယခု ကျောင်းသားကိစ္စမှာ အာဏာကုန် လွှဲအပ်ထားသည့် အမှုဆောင်များက ကောင်းတယ် ထင်သဖြင့် လုပ်ဆောင်လိုက်ရာ ကန့်ကွက်စရာ မလိုကြောင်း ၊ အမှုဆောင်များကို မကျေနပ်က ဖြုတ်ပစ်အပ်ကြောင်း ၊ စင်စစ်မှာ သပိတ်လှန်သူရော ၊ မှောက်သူရောမှာမြန်မာပြည်၏ ရဲရဲတောက်ကလေးချည်း ဖြစ်သဖြင့် အတူတူပင် ဖြစ်ကြောင်း ၊ ယခု ကွဲရသည့်အရေးမှာ စိတ်တက်ကြွလွန်း၍သာ ဖြစ်ပေါ်လာရကြောင်း ၊ ယခု ကျောင်းသားလွှတ်တော်အစည်းအဝေးမှာ ခုံသမာဓိသဖွယ်ဖြစ်၍ ထိုက်သင့်သလို အရေးယူရန်ဖြစ်ကြောင်း စသည်ဖြင့်ပြောသွားလေသည် ။

အမှုဆောင်အဖွဲ့၏ အစီရင်ခံစာကို ကိုလှရွှေ က တင်သွင်းပြီး ရှင်းလင်းချက်များ ဖြည့်စွက်ပြောဆိုလေသည် ။

အုပ်ချုပ်ရေး တိုက်ဖျက်ရာ၌ အစက အမတ်များ အား အထင်ကြီးပြီး လုပ်ငန်းစဉ်များ ချခဲ့သည် ။သို့သော် အမတ်များ အား အထင်ကြီးခြင်းမှာ အမှားတစ်ရပ် ဖြစ်သည် ။ မြန်မာအမတ် ၉ဝ အနက်၆၇ ယောက် က သဘောတူမည် ထင်သော်လည်း အမတ် ၂၆ ယောက် သာ လက် မှတ်ထိုးခဲ့သည် ။အယုံအကြည် မရှိ အဆိုသွင်းသောအခါ ထို ၂၆ ယောက် ထဲမှ ၅ ဦး သည် အစိုးရဘက် မှ မဲပေးပြီး ၂ ဦး မှာ ကြားထိုင်နေခဲ့သည် ။ ဒေါက်တာဘမော် အစိုးရ ပြုတ်ကျခြင်းမှာ ကျောင်းသားများအစာငတ်ခံပြီး ဆူပူခဲ့သဖြင့် ဖြစ်သည် ။ အစာငတ် မခံလျှင် ညွန့်ပေါင်းအစိုးရပင် ပြုတ်ချင်မှပြုတ်ပေမည် ။

“ ဒီအခြေအနေမှာ အုပ်ချုပ်ရေး တိုက်ဖျက်ဖို့ ဆက်လုပ် မလား ၊ တောင်းဆိုချက် ၅ - ချက်ကို ယူပြီးသပိတ်လှန်မလားဆိုတာ ရွေးရမယ် ။ အုပ်ချုပ်ရေးတိုက်ဖျက်ဖို့ ဆက်လုပ်ရင် လူ ၊ လက်နက် ၊ ငွေ ၊သတ္တိ စသောအရာများ အလွန်လိုတယ် ၊ ခု ဒီဟာတွေ ဘာမှ မပြည့်စုံသေးဘူး ။ ကျောင်းသားတွေရဲ့ စိတ်အားထက်သန်မှုတောင်မှ အစကလို မဟုတ်တော့ဘူး ၊ တဖြည်းဖြည်း ကျောင်းသားအင်အား နည်းလာတာကို တွေ့ရတယ် ။ ဒီအချက်ကို အပြစ်တင်ဖို့ မဟုတ်ဘူး ။ အိုင်ယာလန် ဟာလွတ်လပ်ရေး ရအောင် အနှစ် ၅ဝဝ တိုက်ရတယ် ၊ ဒါတောင်မှ ခုထိ လုံးဝ လွတ်လပ်ရေးရပြီလို့မဆိုနိုင်သေးဘူး ။ ရုရှားပြည် မှာ ဇာဘုရင် နှင့် ဓနရှင်ကြီးများ လက်အောက် မှ လွတ်အောင်ဘယ်လောက်ကြာအောင် တိုက်ရသလဲ ကြည့် ၊ ခုမှပဲ လွတ်လပ်ရေးရကြတယ် ”   စ သည်ဖြင့်ကိုလှရွှေ က အုပ်ချုပ်ရေး တိုက်ဖျက်သည် ဆိုခြင်းမှာ အင်္ဂလိပ်လက်အောက် က လွတ်မြောက်အောင်တိုက်ရခြင်းပင် ဖြစ်ကြောင်း ၊ လွတ်လပ်ရေး အား လွယ်လွယ် နှင့် သဘောမထားနိုင်ကြောင်း ၊ထို့ကြောင့် ယခု အရေးတော်ပုံတွင် သပိတ်တိုက်ပွဲများကို လွတ်လပ်ရေး စစ်ပွဲကြီး အတွက် တိုက်ပွဲကလေးများ အဖြစ်ဖြင့်သာ ယူဆရမည် ဖြစ်ကြောင်း ၊ ထို့ကြောင့် အခြေအနေကို ကြည့်၍ ယခုသပိတ်ကို တောင်းဆိုချက် ၅ - ချက် ရရုံဖြင့် အနိုင်နှင့် ပိုင်းရခြင်းသာ ဖြစ်ကြောင်း ရှင်းပြလေသည် ။

“ ကျုပ်တို့ အမှုဆောင်က သပိတ်လှန်ဖို့ ဆုံးဖြတ်တဲ့ အခါမှာ ကျောင်းသားမိဘများကို ဘာ့ကြောင့်မတိုင်ပင်သလဲလို့ မေးကြတယ် ။ သပိတ်မှောက်တုန်းက မိဘများကို တိုင်ပင်ပြီး မှောက်တာ မဟုတ် ၊မိဘများက တိုက်တွန်းလို့လည်း မှောက်တာ မဟုတ် ၊ ဒါကြောင့် တိုင်ပင်ဖို့ မလိုဘူး ။ တချို့ကသပိတ်လှန်ရာမှာ ကျောင်းသားလွှတ်တော်ခေါ်ပြီး ဘာလို့ မတိုင်ပင်သလဲလို့ မေးကြတယ် ။ ပထမအချက်ကတော့ အချိန် မရလို့ ကျောင်းသားလွှတ်တော် မခေါ်နိုင်ဘူး ။ ဒုတိယ အချက်ကတော့သပိတ်မှောက်နေစဉ်က ကျင်းပခဲ့တဲ့ ကျောင်းသားလွှတ်တော်က အလုပ်အမှုဆောင်ကို သပိတ်လှန်လိုက လှန်ဖို့ အာဏာအပြည့်အစုံ ပေးအပ်ခဲ့ကြတယ် ။ ဒါကြောင့် မတိုင်ပင်တာပါပဲ ။အမှုဆောင်အဖွဲ့မှာလည်း တစ်ယောက် မကျန် သဘောတူတဲ့အတွက် သပိတ်လှန်ခဲ့တယ် ။ကျွန်တော်တို့က ဘမော် အစိုးရ ဖြုတ်ချပြီး မောင်ပု အစိုးရကို ဘာကြောင့် မဖြုတ်သလဲလို့မေးကြတယ် ။ အမှုဆောင်အဖွဲ့လုပ်ငန်းအတိုင်း ယနေ့ မဖြုတ်သော်လည်း နက်ဖြန် ဖြုတ်ချင်ဖြုတ်မယ် ။ ဖြုတ်မယ် မဖြုတ်ဘူးဆိုတာ ယတိပြတ် ကျွန်တော် မပြောနိုင်ဘူး ” 

ဤသို့ပြောပြီး ကိုလှရွှေ က အချို့သတင်းစာများက သူ့အား မဟုတ်တမ်းတရမ်း ရေးနေကြပုံများပြောပြလေသည် ။

“ ခုလို မဟုတ်မတရား စွပ်စွဲနေကြရာမှာ ခိုင်လုံစွာ အထောက်အထားနှင့် ပြောဆိုင်နိုင်လျှင်ကျွန်တော်တို့ အမှုဆောင်တစ်ဖွဲ့လုံးကို သတ်ပစ်ချင်လျှင် သတ်ပစ်ပါ ။ ခင်ဗျားတို့က ဆုံးဖြတ်ပါ ” 

ဟု ကိုလှရွှေ က ရဲရဲကြီး ပြောလိုက်သောအခါ ကိုယ်စားလှယ်များက အားတက်သရော ဩဘာပေးကြလေသည် ။

ကျွန်တော်သည် ကိုလှရွှေ ပြောနေစဉ် ကိုယ်စားလှယ်များ၏ မျက်နှာကို အကဲခတ်ကြည့်သည် ။ကိုယ်စားလှယ်အများစုသည် အမှုဆောင်အဖွဲ့၏ အကြောင်းပြချက်များကို သဘောပေါက်ကြောင်းထင်ရှားနေပေသည် ။ ကိုယ်စားလှယ်အများစု၏ ထောက်ခံမှုကို အမှုဆောင်အဖွဲ့က ရရှိပြီဟုကျွန်တော် ယုံကြည်လာသည် ။ ကျွန်တော့်မှာ များစွာ အားတက်လာသည် ။ မှန်မှန်းသိလျက်ဆန့်ကျင်ရေးသမားတို့၏ ကန့်ကွက်သံ လေပြင်းမုန်တိုင်းကြားတွင် မတ်မတ် မရပ်နိုင်ခဲ့သောကျွန်တော့် အဖြစ်ကို ရှက်ပင် ရှက် မိပါသည် ။

၎င်းနောက် ကိုသိန်းအောင် က စာမေးပွဲကို ရွှေ့ဆိုင်းခြင်းနှင့် ပတ်သက်သော အချက် များကိုရှင်းပြလေသည် ။ စာမေးပွဲကို အာဏာပိုင်တို့က ရွှေ့ပေးသည် ။ ပထမစာမေးပွဲတွင် ကျသူများသည် ဇွန်လတွင် ကျသောဘာသာ၌ ဖြေဆိုခွင့်ရမည် ဖြစ်လေသည် ။

နယ်ကိုယ်စားလှယ်များအား မေးခွန်း မေးခွင့် ပြုသောအခါ နယ်ကိုယ်စားလှယ် အများပင် မေးမြန်းကြသည် ။ ထိုသို့ မေးရာ၌ သပိတ်လှန်ခြင်းကို ဆန့်ကျင်၍ မေးခြင်းက မများလှဘဲ သပိတ်လှန်ခြင်းကို လက်ခံထားပြီး မေးခြင်းသာ များပေ၏ ။ သပိတ်လှန်ခြင်းကို လက်ခံထားပြီးမေးသူများမှာ သဘောတူညီချက် အရ ဖမ်းဆီးထားသော ကျောင်းသားများကို ဘယ်တော့လွှတ်မည်နည်း ။ စွဲထားသောအမှုကို ဘယ်လို ရုပ်သိမ်းမည်နည်း ။ ကျောင်းသားများကို ထောင်မှလွှတ်သကဲ့သို့ ဖမ်းဆီးထားသော အလုပ်သမားများ ၊ လယ်သမားများ ၊ ဈေးသူဈေးသားများအားလွှတ်မည်လား စသော ဖိနှိပ်ချုပ်ချယ်မှုနှင့်ပတ်သက်သော မေးခွန်းများ ၊ အတန်းအမျိုးမျိုးအတွက်စာမေးပွဲအမျိုးမျိုးနှင့် ပတ်သက်သော မေးခွန်းများ ၊ ကျောင်းလခပေးရေးနှင့် ပတ်သက်သောမေးခွန်းများကို မေးကြသည် ။

အချို့မှာ သပိတ်လှန်ခြင်း အကြောင်းရင်းများကို နားလည်သော်လည်း နယ်ပြန်သွားလျှင် ရှင်းပြဖို့ခက်သည်ဟု ယူဆကြသည် ။ သူတို့မှာ ကျွန်တော်ကဲ့သို့ပင် ဆန့်ကျင်ရေးသမားများ၏ကန့်ကွက်သံ လေမုန်တိုင်းကြားတွင် အမှန်ကို ထိန်းကိုင်မထားနိုင်သူများသာ ဖြစ်လေသည် ။

မြောင်းမြ ကိုယ်စားလှယ် က နယ်ပြန်ရောက်၍ ရှင်းပြလျက် နယ်ကျောင်းသားတွေ က မကျေနပ်လျှင်ဘယ်လို လုပ်မလဲဟု မေးလေသည် ။

ကိုဘဟိန်းက “ ခင်ဗျားဟာ ခင်ဗျာ့နယ်အပေါ်မှာ ဩဇာရှိမယ်လို့ ထင်တယ် ၊ ခင်ဗျားနယ်ကလူများကို နားလည်အောင် ပြောပြနိုင်မယ့် အရည်အချင်း ရှိမယ်လို့ ယူဆတယ် ၊ ခင်ဗျားကိုကိုယ်စားလှယ် လွှတ်တာဟာ ခင်ဗျာ့နယ် က အများစုက ယုံကြည်လို့ လွှတ်လိုက်တယ်လို့ယူဆတယ် ”  စသည်ဖြင့် ရှင်းသော်လည်း ထိုသူသည် ကိုယ့်ကိုယ်ကို ယုံကြည်စိတ် ပေါက်ဟန်မတူသေး ။

“ ကျွန်တော့်ကို ကျွန်တော့်နယ်က မှာလိုက်တယ် ။ လမ်းမှန်မှန်လုပ်ခဲ့ပါ ၊ လမ်းမှန်လုပ်ရင်းခေါင်းပြတ်ကျန်ရစ်ရင် ကျုပ်တို့က သရဏဂုံ တင်လိုက် မယ် ၊ လမ်းမှားလာရင် သင်္ဘောဆိပ်ကနေပြီး သံပုံး တီးမယ်တဲ့ ” 

ကိုဘဟိန်း နှင့် အခြားခေါင်းဆောင်များက ဤကျောင်းသားလွှတ်တော် ဆုံးဖြတ်ချက်ကို နယ်ကလက်ခံရမည်သာဖြစ်ကြောင်း ရှင်းပြသော်လည်း သူသည် စိတ်အေးဟန် မတူ ။ နောက်ဆုံး သူက -

“ နယ်က မကျေနပ်လျှင် ဒီက ကူပြီး ရှင်းပေးမလား ” 

“ ကူပြီး ရှင်းပေးမယ် ” 

ထိုအခါကျမှ ကျေနပ်သွားပေတော့သည် ။ ဤမျှ စိတ်ဓာတ်ပြင်းထန် တက်ကြွနေချိန်တွင်သပိတ်လှန်ရခြင်းမှာ တကယ်ပင် မလွယ်ကူပါတကား ။

အချို့က နယ်ကို မတိုင်ပင်ခြင်းကိစ္စ ထပ်မေးကြသည် ။ တစ်ယောက်က အစာငတ်ခံ၍ လူတွေသေကုန်လျှင် တိုင်းပြည်ပို အကျိုးမရှိပေဘူးလားဟု မေးသည် ။ အချို့က ကျောင်းသားတွေအားလျော့သွားသည် ဆိုသောအချက်ကို စောဒက တက်ကြရာ မြို့မကိုသန်းတင် က ထိုသူတို့အားထောက်ခံပြီး -

“ အစာငတ်ခံနေကြစဉ်က နောက်လုပ်ငန်းအတွက် ကိုလှရွှေ က လူ ၂ဝဝ လိုတယ်လို့ ပြောပါတယ် ။စာရင်းယူတော့ ၁ဝဝဝ ရပါတယ် ။ ဒါကို ဘယ်လို ပြောမလဲ ” 

ကိုလှရွှေ -

“ လူ ၂ဝဝ ရမယ် မှန်းတယ် ၊ ၇၁ ယောက်ပဲ ရပါတယ် ” 

ကိုသန်းတင် -

“ ဒါဟာ အစာငတ်ခံစဉ်ကလား ” 

အလုပ်အမှုဆောင်လူကြီး ကိုအေးကျော် က -

“ အစာငတ်ခံပြီး ၂ ရက် အကြာမှ ယူတဲ့ စာရင်းပါ ” 
 
ထိုအချိန်တွင် ကိုလှရွှေ နှင့် ကိုသန်းတင် အား ထောက်ခံသူတစ်စုတို့ အပြန်အလှန် တစ်ယောက်တစ်ပေါက် စကားများနေကြရာ အင်းစိန် မှ ကိုမောင်မောင် က ဥက္ကဌ အား မဆိုင်သော မေးခွန်းများကို လက် မခံဘဲ ကျောင်းသားတောင်းဆိုချက်များ နှင့် ပတ်သက်သော မေးခွန်းများကိုသာ ခွင့်ပြုဖို့တိုင်ကြားရာ ဩဘာသံကြီး ဆူညံစွာ ထွက်ပေါ်လာလေသည် ။ ကိုသန်းတင် တို့ သွေးခွဲရေးသမားစုကို ရှုတ်ချသော ဩဘာသံပေတည်း ။

တစ်ယောက်သော ကျောင်းသားကိုယ်စားလှယ် တစ်ယောက် က -

“ အခု ကျောင်းသားများ နိုင်ငံရေးဆောင်ရွက် လို့ဆိုတယ် ၊ ဘယ်အဖွဲ့ဝင်ပြီး ဆောင်ရွက်ရင်ကောင်းမလဲ ” 

ဥက္ကဌ ကိုဘဟိန်း -

“ ခင်ဗျာ့ သဘောပေါ့ ”  

“ ဥက္ကဌသဘော သိပါရစေ ” 

ကိုဘဟိန်း -

“ တို့ဗမာအစည်းအရုံး ” 

ထိုအခါ ဩဘာသံကြီး ဆူညံစွာ ပေါ်လာလေသည် ။ ကျောင်းသားကိုယ်စားလှယ်များက ကိုဘဟိန်းကိုသာမက တို့ဗမာအစည်းအရုံးကြီးကို ပင် ဩဘာပေးခြင်း ဖြစ်ပေသည် ။

ဥက္ကဌ ကိုဘဟိန်း က ယခုနှစ်အတွင်း၌ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားကွန်ဖရင့်တစ်ခု ကျင်းပဦးမည်ဖြစ်ကြောင်း ကြေညာလေသည် ။

၎င်းနောက် ကိုလှရွှေ က -

“ သမဂ္ဂအလုပ်အမှုဆောင်အဖွဲ့မှ သပိတ်လှန်ခဲ့သည်ကို ဤကျောင်းသားလွှတ်တော်မှ အတည်ပြုကြောင်း ”  ဟူသော အဆိုကို တင်သွင်းရာ ကိုသိန်းအောင် က ထောက်ခံလေသည် ။ ထိုအဆိုကိုမြို့မကိုသန်းတင် က အနည်းငယ် ရှင်းပြီး ကန့်ကွက်လေသည် ။ ကိုသန်းတင် အား အာလံကိုသောင်းလှ က ထောက်ခံသည် ။

စက္ကူတွင် လက်  မှတ်ရေးထိုး၍ မဲပေးခြင်း စနစ်ဖြင့် မဲခွဲပြီး ကိုဘဟိန်း က သက်သေ လေးဦးရှေ့တွင်ရေတွက်ရာ သပိတ်လှန်ရန် အမှုဆောင်၏ အဆိုမှာ ၈၇ မဲ ရပြီး ကန့်ကွက်သည့်ဘက် မှ ၂၃ မဲရလေသည် ။ ထိုအခါ တစ်ခဲနက်ဩဘာသံကြီး ပေါ်လာပြန်၏ ။

ကိုဘဟိန်း က ကျောင်းသားလွှတ်တော်၏ အများဆန္ဒကို အားလုံးက လိုက်နာကာ ကျောင်းသားညီညွတ်ရေးကို ဆက်လက်ခိုင်မြဲအောင် လုပ်ရမည်ဖြစ်ကြောင်း ညီညွတ်ရေး မိန့်ခွန်းဖြင့် အဆုံးသတ်လေသည် ။ နောက်ဆုံး တို့ဗမာသီချင်းဖြင့် နိဂုံးချုပ်လိုက်ကြလေသည် ။

“ ကျောင်းသားများ စည်းလုံးညီညွတ်ရေး ” 

ဤသည်ကား ကျောင်းသားလွှတ်တော်၏ နောက်ဆုံးသတိပေးလိုက်သော ဆောင်ပုဒ်ပေတည်း ။

သို့သော် ကိုသန်းတင် တို့ လူစုကား သွေးခွဲရေးစကား နှင့် အလုပ်များကို မရပ်စဲကြပေ ။

သူတို့အား အခြားသတင်းစာများကလည်း အားပေးနေကြသေးသည် ။

ကျောင်းသားလွှတ်တော်တွင် သူတို့လူစုသည် လွတ်လပ်စွာ ပြောဆိုခွင့် မရဟု ဆိုကြလေသည် ။

ကျောင်းသားလွှတ်တော်တွင် သမဂ္ဂအမှုဆောင်၏ သပိတ်လှန်အဆို အောင်မြင်အောင်ကိုဘဟိန်း က လိမ္မာပါးနပ်စွာ ကြိုးကိုင်သွားသည်ဟု ထေ့ကြလေသည် ။ အချို့သတင်းစာကကိုဘဟိန်း သည် သည်အတွက်နှင့် သည်မျှ ပါးနပ်လိမ္မာခြင်းမှာ သူ့အရည်အချင်း သက်သက် ဟုတ်ဟန် မတူ ၊ အပြင်က သခင်နု ၊ သခင်အောင်ဆန်း ၊ သခင်သိန်းဖေ စသူတို့၏ သွန်သင်ချက်ပါဟန်တူသည်ဟု ရေးကြသည် ။

သို့သော် သူတို့သည် ကျောင်းသားအဖွဲ့အစည်း စင်ပြိုင်ထောင်ရန်ကား အားမရှိကြပေ ။ဆန့်ကျင်ဘက် မဲပေးခဲ့သူများထဲမှပင် ကျောင်းသားလွှတ်တော် အများဆုံးဖြတ်ချက်ကို လက်ခံ၍ကျောင်းသားညီညွတ်ရေးကို တည်ဆောက်ကြရန် ဆုံးဖြတ်ကြသည် ။ မကြာမီ ကိုသန်းတင် ( မြို့မ ) ၊ကိုကြည်လွင် ( မြို့မ ) ၊ မောင်ဝိုင်း ( စိန်ပေါ ) ၊ မောင်ရွှေ ( ဦးညီပု ဆရာအတတ်သင်ကျောင်း ) အစရှိသော ကျောင်းသား ၃၄ ဦး သည် ကျောင်းထွက်ရန် ဆုံးဖြတ်ပြီး သတင်းစာများတွင် ကြေညာချက်တစ်ရပ် ထုတ်လေသည် ။

“ ပြည်သူ့လွတ်လပ်မှုကို အသက်နှင့်လဲ၍ ကာကွယ်မည် ။ ”  ၊ ' အိမ်ခြေတစ်သန်းနှင့် ငါးသိန်းသိမ့်သိမ့်တုန်စေမည် ' ၊ ' ရွှေတိဂုံဘုရားမှာ အရိုးတောင်လိုပုံစေမည် ' စသော များပြားစွာသောကြွားလုံးဝါးလုံးတို့ကို ရေလဲ နှင့် ခေါင်းဆောင်များ သုံးခဲ့ကြသည် ။ ထိုစကားတွေကို ကျွန်တော်တို့လည်း ယုံစားပြီး သုံးခဲ့ကြသည် ။ ကြွားသလောက် အလုပ် မပါသဖြင့် အရေးတော်ပုံ ရှုံးခဲ့ပြီ ။ထောင်ကျ ခံရတာ ၊ အောင်ကျော် သေရတာ ၊ မန္တလေးအာဇာနည်တွေ သေနတ်နှင့် အပစ်ခံရတာတွေအချည်းနှီးဖြစ်ပြီ စသည်ဖြင့် သူတို့ကြေညာချက်က ညည်းညူ၏ ။

သို့သော် ကျောင်းသားအဖြစ်ဖြင့် စင်ပြိုင်မထောင်ဘဲ ကျောင်းမှ ထွက်ကာ နိုင်ငံရေးလုပ်တော့မည်ဟု ဆို၏ ။ ကျန် ကျောင်းသားတို့ကို ကျောင်းများသို့ ပြန်တက်ကြပါဟု တိုက်တွန်း၏ ။

နောက် များမကြာမှီ သတင်းတစ်ရပ် ပေါ်ထွက်လာလေသည် ။ ကိုသန်းတင် တို့ လူစုမှ ကျောင်းသားကျောင်းသူအချို့သည် သပိတ်လှန်သောကြောင့် စိတ်ပျက်ပြီး ထွက်သွားကြရာ ဘယ်ပျောက်နေသည် မသိဟု ဆိုလေသည် ။ ကိုသန်းတင် က သတင်းစာမှနေ၍ ပြန်ခဲ့ရန် ခေါ်သည် ။ သူတို့လူစုလိုက်ရှာကြသည်ဟုလည်း ကြားရသည် ။ နောက် ဘာဖြစ်သည်ကိုကား မသိရတော့ချေ ။ ကျွန်တော်တို့ လူစုကြားမှာကား ပြက်လုံးထိုးစရာ ဖြစ်နေပေတော့၏ ။

ကိုသန်းတင် က သူတစ်ဦးတည်းအနေနှင့် ကြေညာလိုက်ပြန်သည် ။ သပိတ်လှန်ရန် ဆုံးဖြတ်ခဲ့သည့်အတိုင်း အခြားကျောင်းသားများသည် ကျွန်ပညာကိုပင် ' သစ်မရှိခင်စပ်ကြား ဝါးကူ 'ဆိုသလို သဘောထား၍ ကျောင်းပြန်တက်ကြရန် တိုက်တွန်းသည် ။ သူကိုယ်တိုင်ကမူ ကျောင်းထွက်တော့မည်ဟု ဆိုသည် ။ ' ထိုင်နေ အကောင်းသား ၊ ထသွားမှ အကျိုးမှန်း သိ ' ဆိုသကဲ့သို့ကျောင်းသားအရေးတော်ပုံကြီး မလုပ်ခဲ့ဘဲနေရင် အကောင်းသား ၊ လုပ်ခဲ့သောကြောင့်ကျောင်းသားတွေ နာခဲ့ကြသည် ။ ဒါ ငါတို့ အပြစ်ပါပဲဟု ဆို၏ ။

ထောင်ကျနေသော ကျောင်းသားအချို့သည် ' ထိုင်နေ အကောင်းသား ၊ ထသွားမှ အကျိုးမှန်း သိ 'ဆိုသော စိတ်ဓာတ် ကူးစက်ပြီး အစိုးရအား ဝန်ချတောင်းပန်ကာ လက် မှတ်ထိုး၍ ထွက်ရန်ဆုံးဖြတ်ကြလေသည် ။

အချို့ နယ်ကျောင်းများတွင် သပိတ် မလှန်ကြ ။ ကျောင်းသားလွှတ်တော်၏ ဆုံးဖြတ်ချက်ကိုလက် မခံဟု ဆိုသည် ။

အချို့ ကျောင်းဆရာကြီးများသည် အစိုးရ နှင့် ကျောင်းသားသမဂ္ဂ သဘောတူညီချက်ကိုအသိအမှတ် မပြုဘဲ သပိတ်ပြန်လှန်သော ကျောင်းသားခေါင်းဆောင်အချို့ကို အပြစ်ပေးကြလေသည် ။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ အလုပ်အမှုဆောင်အနေဖြင့် အောက်ပါ ညွှန်ကြားချက်ကိုထုတ်ရလေသည် ။

“ နယ်သမဂ္ဂများသည် ကျောင်းသားလွှတ်တော်ဆုံးဖြတ်ချက်ကို ပုန်ကန်လျှင်ချက်ချင်းအရေးယူကာ အပြစ်ဒဏ်ပေးမည် ။ သပိတ်ကိစ္စ၌ ဆောင်ရွက်သည့်အတွက် အာဏာပိုင်တို့က အပြစ်ပေးလျှင် အမြန်ဆုံး အကြောင်းကြားပါ ” 
ဗဆွေ ( အတွင်းရေးမှူး )
ဗမာပြည်လုံးဆိုင်ရာ ကျောင်းသားများ
သမဂ္ဂအသင်းချုပ်ကြီး

ကျွန်တော်တို့သည် ကျောင်းသားအားလုံးက လွှတ်တော်ဆုံးဖြတ်ချက်ကို လက်ခံလာအောင်အပြင်းအထန် ကြိုးစားကြရသည် ။ သွေးခွဲသူတို့၏ ဝါဒဖြန့်ခြင်းများကို နည်းအမျိုးမျိုးနှင့် ချေပရှင်းလင်းရသည် ။ နယ်သို့ လူများလွှတ်၍ သပိတ်လှန်ရန် ဆုံးဖြတ်ချက်ကို ရှင်းလင်းပြပြီးကျောင်းသားညီညွတ်ရေးကို တည်ဆောက်ကြရ၏ ။

( စီရင်သလို ခံမည် )

ကိုယ်ကျိုးအတွက် ငွေယူသည် ၊ ရာထူးယူလက်ခံသည် ၊ ခေါင်းပုံဖြတ်သည် ၊
ကိုယ်ကျိုးရှာသည်ဟု ခိုင်လုံစွာ ပြနိုင်လျှင် စီရင်သလိုခံမည် ။
( ပုံ ) လှရွှေ ၊ သိန်းအောင် ၊ အေးကျော် ၊ စိုးမောင် ၊
ကျော်မြင့် ၊ သောင်းခင် ၊ ဘစံ ၊ ဘသန်း ၊ ထွန်းရှိန်

ဤသို့လည်း ရဲဝံ့စွာ လုပ်ကြရသည် ။

ပြည်သူတို့ထံမှ အလှူခံငွေစာရင်းနှင့် အသုံးစာရင်းများကိုလည်း မည်သူမဆို လာရောက် စစ်ဆေးနိုင်ကြောင်း ဖိတ်ကြားလိုက်ပေသည် ။

အံ့ဩစရာနှင့် ချီးကျူးစရာ အကောင်းဆုံးသော အရာမှာ ကျွန်တော်တို့၏ ကျောင်းသားခေါင်းဆောင် အချင်းချင်း တစ်ဦးနှင့်တစ်ဦး ယုံကြည်မှု ဖြစ်ပေသည် ။ ယုံကြည်နိုင်လောက်အောင်လည်း မရိုးသားမှုနှင့် ကိုယ်ကျိုးရှာမှု ကင်းကြသည် ။ ထောင်ထဲမှာ ကျနေခဲ့သော ကိုဘဟိန်း နှင့်ကိုဗဆွေ တို့သည် တကယ်ဆိုလျှင် အခြားကျောင်းသားခေါင်းဆောင်များနှင့် ကင်းကွာနေခဲ့၍အခြား ခေါင်းဆောင်များအပေါ်တွင် သင်္ကာမကင်းဖြစ်စရာ ပေါ်လာမည်ဆိုလျှင် ပေါ်နိုင်သည် ။သို့သော် ထောင်ထဲကနေ၍ ထောင်ပြင်က ရဲဘော်များကို ယုံကြည်သည် ။ သူတို့ ထွက်လာသောအခါ ငါတို့ မရှိလို့ မင်းတို့ ဒီလိုအမှားတွေ လုပ်နေတယ် ဟူသော ဝေဖန်ချက် မျိုး ၊ အပြစ်ရှာမှုမျိုးလည်း မတွေ့ရ ။

ဤလို အချင်းချင်း ယုံကြည်မှု ရှိနေသော ရဲဘော်တို့၏ အသိုင်းအဝိုင်းမှ ကျွန်တော်သည်ဘယ်နည်းနဲ့မျှ မပစ်ခွာနိုင်ဟု ဆုံးဖြတ်လိုက်ပြန်သည် ။ 

◾သိန်းဖေမြင့် 

📖အရှေ့ကနေဝန်းထွက်သည့်ပမာ

koaungnaingoo.blogspot.com

.

No comments:

Post a Comment