❝ မာန မီးရှိန် ❞
“ ဒီနေ့ လုပ်ရတဲ့အလုပ်က မောပေမယ့် အပန်းတော့ ပြေသားကွ ”
“ ကောင်မလေးမျိုးစုံနဲ့ တွေ့ရလို့လား ”
“ ဟုတ်တယ် ၊ တချို့လည်း သိပ်ကြောက်နေကြတယ် ၊ တချို့ကျတော့လည်း ရဲရင့်သွက်လက်တယ် ၊ တချို့ကောင်မလေးတွေကျတော့ တို့ သဘောကျအေင် လိုတာထက်ပိုပြီး အိုက်တင်တွေ ထုတ်ပြကြတယ်လေ ၊ ဝတ်လာလိုက်ကြတာလည်း ရုပ်ရှင်မင်းသမီး
အရွေးခံမှာကျနေတာပဲ ”
“ ကိုယ့်သမီး အရွယ်လောက်ကလေးတွေပါ အောင်မင်း ရာ ”
“ အေးပါ ၊ ငါ ပြစ်မှားချင်ရင် တခြားမှာ ရှာမှာပေါ့ ၊ ဒါလေးတွေက ငါတို့ရဲ့အလုပ်သမားဖြစ်လာမယ့် ကောင်မလေးတွေပဲ ၊ သူတို့ ရိုသေအောင် ပိုပြီးဂရုစိုက်နေရမှာပေါ့ ”
ဦးအောင်မင်း ၏ စကားကို ဦးမြတ်ထွန်းလင်းက ခေါင်းညိတ်ပြပြီး ( ၀၉… ) အစချီသည့် ဆယ်လူလာ တယ်လီဖုန်း ကို ကောက်နှိပ်ပြီး ကားနှင့်လွှတ်လိုက်သော ဝန်ထမ်းတစ်ဦးကို ဆက်သွယ်ခေါ်ယူလိုက်၏ ။
ငါးသိန်းလောက် တန်သော ကြိုးမဲ့တယ်လီဖုန်းဖြင့် ကားနှင့် သွားနေသူကို လှမ်း၍မှာကြားနေချိန်မှာ ဦးအောင်မင်းက စင်္ကာပူနိုင်ငံသို့ ဖက်စ်( Fax ) ရိုက်ရန် စာရွက်များ ထုတ်ယူနေသည် ။
ဦးအောင်မင်း နှင့် ဦးမြတ်ထွန်းလင်း တို့က ငယ်သူငယ်ချင်းနှစ်ယောက်မှာ သစ္စာရှိစွာ လက်တွဲပြီး အလုပ်လုပ်ခဲ့ကြသဖြင့် တစ်ဆင့်ပြီး တစ်ဆင့် အောင်မြင်ခဲ့ရာမှ ၊ ယခုအခါ သုံးထပ်တိုက်ကြီး တစ်တိုက်လုံး စတိုးဆိုင်ကြီး ဖွင့်ရန် အဆင်သင့် ဖြစ်နေပြီမို့…
အရောင်းစာရေး ဝန်ထမ်း ( အမျိုးသမီး ၃ဝ နှင့် အမျိုးသား ၁ဝ ဦး ) အလိုရှိသည်ဟု သတင်းစာမှ ကြော်ငြာခဲ့သဖြင့် လျှောက်လိုက်ကြတာ သောက်သောက်လဲ ။
ယနေ့ အမျိုးသမီး ၄ဝ ကျော်နှင့် အမျိုးသား ၂ဝ ခန့် ကို သူတို့ ကြုံရာ ဆုံရာ မေးခွန်းများမေးပြီး လူရွေးရန် အကဲခတ်ခဲ့ကြခြင်း ဖြစ်သည် ။
မိတ်ဆွေများ ၊ ဆွေမျိုးများ၏ သမီးငယ် သားငယ်များကိုလည်း ခန့်သင့်တာ ခန့်ရဦးမည်… ။
အလုပ်ရသော လူငယ်များစွာ ရှိနေသော်လည်း နောက်ထပ် အလုပ်လုပ်ချင်ကြသူတွေ ၊
အလုပ်ရသင့်သူတွေ ၊ အလုပ်လုပ်နိုင်ကြသူတွေ လူငယ်တွေမှ အများကြီး ကျန်နေပါသေးသည် ။
အလုပ် လုပ်ချင်လွန်းသဖြင့် စွန့်စားပြီး နိုင်ငံရပ်ခြားသို့ ထွက်သွားကြသည့် သူများကလည်း တစ်ပုံကြီး ။ အောင်မြင်သူတွေ များလှသော်လည်း ဘဝပျက်သွားသူတွေလည်း မနည်းလှ ။
ယခုလို ကိုယ့်တိုင်းကိုယ့်ပြည် ကိုယ့်မြို့ကိုယ့်ရွာမှာပင် ထိုက်သင့်သော လခနှင့် အလုပ်ရကြမည်ဆိုလျှင် ဘယ်လောက်များ ဝမ်းသာလိုက်ကြမလဲ ။ ဘယ်သူမှ ပြည်ပသို့ ထွက်ကြမည်မဟုတ်ပါ ။ ယခု ဦးအောင်မင်းတို့၏ စတိုးဆိုင်ကြီးက ကိုယ့်စီးပွားရေးသာမက
သားအရွယ် သမီးအရွယ်လေးတွေပါ အလုပ်ပေးနိုင်သည့် လုပ်ငန်းကြီး ။
“ ဦး … ဦးဦး ကို မေမေ က စာပေးခိုင်းလိုက်ပါတယ် ”
“ သမီးမေမေ က ဘယ်သူလဲ ”
“ ဒေါ်တင်တင်မော် ပါ … ဦး ”
“ ဒေါ်တင်တင်မော် … ”
ဦးအောင်မင်း က သည်အမည်ကို ရွတ်ကြည့်သော်လည်း မမှတ်မိ ။ သူ့ရှေ့က မိန်းကလေးက ဦးအောင်မင်း ၏ အဖြစ်ကို ရိပ်မိနားလည်စွာဖြင့် …
“ သမီးက စောစောက အင်တာဗျူးဖြေသွားတဲ့ သန့်သဇင် ပါ … ဟိုဘက်ခုံ ဒီဘက်ခုံ နှစ်ယောက်ပြိုင်တူ ဖြေရတော့ စာထုတ်ပေးရင် ဘက်ဂရောင်းနဲ့ လာတယ် ထင်မှာစိုးလို့ ၊ အခု လူရှင်းမှ တစ်ခါ ပြန်ဝင်ပေးရတာပါ ။ အနှောင့်အယှက်ဖြစ်သွားရင်လည်း တောင်းပန်ပါတယ် ဦးရယ် ၊ မေမေ့ စာလေး ဖတ်ကြည့်ပေးပါ ၊ မေမေ က ပြောတော့ ဦး နဲ့ သိပ်ရင်းနှီးပါတယ်တဲ့ …”
“ တင်တင်မော် … နော် ”
“ ဟုတ်ကဲ့ပါ ဦး ”
ဦးအောင်မင်း သည် မျက်မှန် မပါဘဲ ဘာစာမှ ဖတ်၍ မရသဖြင့် စာကြည့်မျက်မှန် အသေးလေးကို ကောက်တပ်ပြီး စာအိတ်ထဲမှ စာကို ဖောက်လိုက်ရာမှာ …
ကိုမင်း …
မော့် ရဲ့သမီးလေး ကို ကိုမင်း ဆီ အပ်ပါတယ် ။ အကောင်းဆုံးနေရာမှာ ထားပေးပါနော် … သမီးလေး က ကံဆိုးရှာပါတယ် ။ သူ့ အဖေ ကို မော် ကပဲ နိုင်ငံခြားသွားပြီး အလုပ်လုပ်ခိုင်းမိတာ ၊ လုံးဝ ပြန်မလာဘဲ ဟိုမှာ အိမ်ထောင်ပြုလိုက်တယ်လေ ။
မော်လည်း မကျန်းမာပါ ။
မော် သတိရသလို ကိုမင်း လည်း မော့် ကို မေ့မှာ မဟုတ်ဘူးလို့ ယုံကြည်ပါတယ်…
ချမ်းသာသည်ထက် ချမ်းသာပါစေ
ကိုမင်း ရဲ့ထာဝရ
မော် …
စာဖတ်ပြီးနောက် ပြန်မော့လာသော ဦးအောင်မင်း၏ မျက်နှာမှာ သန့်သဇင် မျှော်လင့်ထားသလို ပျောင်းနွဲ့ပြေလည်ခြင်း မရှိဘဲ …
“ ပြန်နိုင်ပြီ သန့်သဇင် ”
“ မေမေ့ ကို သမီး ဘာပြန်ပြောလိုက်ရမလဲ ဦး ”
“ သန့်သဇင် ဟာ ရုပ်ရည်လည်း လှတယ် ၊ အပြောအဆိုလည်း လိမ္မာယဉ်ကျေးတယ် ၊ ဦးတို့ လိုအပ်နေတဲ့ အရည်အချင်းတွေနဲ့ ကိုက်ညီလို့ အလုပ်ခန့်မယ်ဆို ခန့်နိုင်ပါတယ် … ၊ ဒါပေမဲ့ … မင်းဟာ တင်တင်မော် ရဲ့ သမီး ဖြစ်နေတဲ့အတွက် ငါ့ရဲ့ကုမ္ပဏီ မှာ လုံးဝ အလုပ် မခန့်နိုင်ဘူးလို့ ပြန်ပြောလိုက်ပါ ”
“ ရှင် … ”
“ ပြန်တော့ သန့်သဇင် ၊ ရော့ ဒီစာပါ ယူသွား … ပြန်တော့လေ ၊ ငါ အလုပ်ရှိတယ် ”
မိန်းကလေးတစ်ယောက် သည်မျှလောက် အံ့ဩဝမ်းနည်း အားငယ်ရှက်ကြောက်သွားသည့် အဖြစ်မျိုးကို ဦးမြတ်ထွန်းလင်း တစ်ခါမှ မမြင်ဖူးခဲ့ပါ ။
“ ဘယ်လို ဖြစ်တာလဲ အောင်မင်း ရာ ၊ ကောင်မလေး သနားစရာ ၊ အရမ်းကို ရှက်သွားရှာတယ် ၊ မင်းကလည်း သမီးချင်း မစာနာလိုက်တာ ”
“ မင်း မသိပါဘူးကွာ ၊ ငါ ပြောလိုက်တဲ့အတိုင်းပဲ သန့်သဇင် ဆိုရင် ငါ အလုပ်ခန့်တယ် ၊ တင်တင်မော့်သမီးမို့ ငါ မခန့်တာကွ”
“ တင်တင်မော် ဆိုတဲ့ မိန်းမနဲ့ မင်းနဲ့က ဘာ ဇာတ်လမ်းတွေ ရှိခဲ့လို့လဲ ”
“ ဟိုတစ်ချိန်တုန်းကတော့ သိပ်ကြီးကျယ်ခဲ့တဲ့ ဇာတ်လမ်းကြီးပေါ့ကွာ ၊ အခု ပြန်တွေးလိုက်ရင်တော့ ဘာမှ မဟုတ်တော့ဘူး ၊ သေးသေးလေးပဲ ၊ တင်တင်မော် ဆိုတဲ့ နာမည်ကိုတောင် ငါက မေ့သွားပြီ ၊ ဟင်း သူက လုပ်နေသေးတယ် ၊ ကိုမင်း ရဲ့ ထာဝရ တဲ့ ၊
ယောက်ျားတစ်ယောက်ရဲ့အချစ်ဟာ အနှစ် ၂ဝ တိုင်အောင် ခံလိမ့်မယ်လို့ မိုက်မဲစွာ တွေးထားတဲ့ မိန်းမပဲ”
“ တင်တင်မော် က မင်း ရဲ့ ရည်းစားလား ”
“ ငါက ချစ်ခဲ့ရဖူးတာပါကွာ … တော်ပါတော့ အဲဒီလောက် အသေးအမွှားကိစ္စတွေ ပြန်ပြောဖို့ ၊ ပြန်စဉ်းစားဖို့ ငါ့မှာ အချိန်မရှိဘူး ၊ အရေးကြီးတာက အင်ပို့စ်ဖတ်စ် လုပ်ပြီး တင်သွင်းထားတဲ့ ပစ္စည်းတန်ဖိုး ကြေအောင် ငါတို့ ဘာပစ္စည်းတွေ ပြန်ပြီး အိပ်စ်ပို့လုပ်ရမလဲ ၊
ဒေါ်လာ ဘယ်လိုရှာမလဲ ၊ မြန်မာကျပ်ငွေနဲ့ ဘာတွေရောင်းပြီး ဘယ်လို အမြတ်ရအောင် ရှာမလဲဆိုတဲ့ စီးပွားရေးအကြောင်းပဲ ငါ့ခေါင်းထဲမှာ ရှိတယ် … ”
“ ငါလည်း ဒီလိုပါပဲ ၊ မင်းနဲ့ ငါ စီးပွားရေးလောကမှာပဲ ခုလို နှစ်မြုပ်ထားလို့ အောင်မြင်ကြတာပေါ့ကွာ … ”
မြန်မာတွေ အစုစပ်လုပ်လျှင် အောင်မြင်လေ့ မရှိကြ ၊ စီးပွားဖြစ်လာလျှင် ကြာရှည် မခိုင်မြဲ ။ ခွဲထွက်လေ့ရှိကြသော အလေ့အထကို ဦးအောင်မင်း နှင့် ဦးမြတ်ထွန်းလင်း တို့က ချေဖျက်နိုင်၏ ။ ဤသူငယ်ချင်း နှစ်ယောက်မှာ မှောင်ခိုစီးပွားရေး ကာလက စပြီး လက်တွဲခဲ့ကြသည်မှာ ယခုလို ကြီးပွားလာချိန်အထိ … ။ စီးပွားရေးကို တစ်စိုက်မတ်မတ် လုပ်ခဲ့ကြသော်လည်း ၊
မတရားအနိုင်ယူခြင်း ၊ ကြွေးပြန်မဆပ်ခြင်း စသည်များကို ဘယ်သောအခါမှ မလုပ်ခဲ့ကြ ။
ငွေကြေးနှင့်ပတ်သက်လာလျှင် စာရင်းဇယားနှင့် အလွန်တိကျ သစ္စာရှိကြသဖြင့် ယခုလို သုံးထပ်စတိုးဆိုင်ကြီး ဖွင့်နိုင်သည်အထိ အောင်မြင်ခဲ့ကြခြင်း ဖြစ်ပါ၏ ။
သူတို့ နှစ်ယောက်လုံး စီးပွားရေးကိစ္စနှင့် လုပ်ငန်းတာဝန်များကို အဓိက ထားခဲ့ကြသဖြင့် အိမ်က ဇနီး နှင့် သားသမီး ကိစ္စသည်ပင် ဒုတိယ ၊ တတိယနေရာ လောက်မှာ ထားနေရသည့် အချိန်မျိုးကျကာမှ …
ကိုမင်းရဲ့ ထာဝရ မော် … တဲ့ ။
သွားစမ်းပါ ။ ဒီ မိန်းမ အကြောင်းကို ထာဝရ ရင်ထဲမှာ သိမ်းထားဖို့ ဝေးလို့ ၊ ဟိုတစ်ချိန်ကတည်းက နာကြည်းစွာ စွန့်ခွာကျောခိုင်းခဲ့ပြီးပြီလေ … ။
လွန်ခဲ့သော အနှစ် ၂ဝ ကာလ တက္ကသိုလ် မှ ဒုတိယနှစ် ရူပဗေဒကျောင်းသားလေး ဘဝက … မောင်အောင်မင်း စွဲလမ်းခဲ့ရသည့် တင်တင်မော် ။
ပထမနှစ် စတင်ဆုံစည်းရစဉ်ကတည်းက အိပ်ပျက်ည များစွာဖြင့် စွဲလမ်းခဲ့ရဖူးသော အချစ်ဦး…
ဒုတိယနှစ် မှာ ကိုယ်တိုင် ဖွင့်ပြော ၊ စာတွေ နေ့စဉ်ရေး ၊ အခွင့်သာလျှင် တယ်လီဖုန်းဆက် နှင့် အဲသည်အချိန်ကတော့ အောင်မင်း ရင်ထဲမှာ တကယ်ပဲ ထာဝရ မော် ပါ ။
မောင်အောင်မင်း က တင်တင်မော်တို့လို ကားနှင့် ကျောင်းတက်နိုင်သူ မဟုတ် ။
အိမ်မှာလည်း တယ်လီဖုန်း မရှိ ။ ဝန်ထမ်းမိဘများ ၏ သားမို့ ထူးထူးခြားခြား ဝတ်စားသုံးဖြုန်းနိုင်ခြင်း မရှိခဲ့ပါ ။
“ မမုန်းပါဘူး ” ဟူသော စကားတစ်လုံးတည်းနှင့်ပင် မောင်အောင်မင်း မှာ မျှော်လင့်ခြင်းများစွာဖြင့် တတိယနှစ် ကုန်ဆုံးခါနီးအထိအောင် စွဲမက်ခြင်း ၊ ကာလများ ရှည်လျားခဲ့ရသည် ။
“ အောင်မင်း ၊ မင်းရဲ့တင်တင်မော် စက်မှုတက္ကသိုလ် က ကျောင်းသားရဲ့ ကားနဲ့ ပါ ပါသွားတယ်နော် … ”
ထိုအချိန်ကတော့ ရင်ထဲမှာ နာကျင်ထိရှစွာ ခံစားခဲ့ရသည် ။
သို့ပေမဲ့ … သူ့ကို မမုန်းပါဘူးဟူ၍ ပြောထားသော သူ့ရဲ့ ‘ မော် ’ သည် သူ့ကို တစ်ချိန်ချိန်မှာ ပြန်ချစ်လာမှာပါ ဟူ၍ သူ့ရင်ထဲက မေတ္တာထုထည် အားကိုးနှင့် မျှော်လင့်နေချိန်မှာ …
တင်တင်မော် နှင့် သူနှင့် ရပ်၍ စကားပြောလေ့ရှိသော နေရာ … ။ ကာလရှည်လျားစွာ ချစ်သူ တို့အကြောင်းကို မှတ်တမ်းတင်ရန် ငုံ့ကြည့်နေလေ့ရှိသော သစ်ပုတ်ပင်ကြီးရဲ့ အောက်မှာ …
“ ကိုအောင်မင်း ၊ ဒါ စက်မှုတက္ကသိုလ်က ‘ စည်သူဟိန်း ’ တဲ့ … သူ့ရှေ့မှာပဲ ကိုအောင်မင်း ကို ပြန်ပေးစရာ ရှိတာတွေ ပေးဖို့ ယူလာခဲ့တယ် ရော့ ”
မောင်အောင်မင်း ကြောင်နေဆဲမှာပင် မသပ်မရပ် ကြိုးစည်းထားသော သူ၏မေတ္တာကို ရင်ဖွင့်ထားသည့် စာများစွာ ၊ သူ ပေးခဲ့ဖူးသော တန်ဖိုး သိပ်မရှိလှသည့် လက်ဆောင်ပစ္စည်း သုံးလေးခု … ။
“ အဲဒါတွေ ပြန်ပေးရတဲ့ အကြောင်းက ရှင်နဲ့ ကျွန်မနဲ့ ဘယ်တော့မှ မပတ်သက်တော့ပါဘူးဆိုတာ ဟောဒီက ကျွန်မရဲ့ချစ်သူ သိရအောင်လို့ပဲ ”
“ အို … မော် ကလည်းကွာ ကိုယ့်ကို ခေါ်လာတာ ဘာများလဲလို့ … ”
“ မဟုတ်ဘူး ကိုကို ရဲ့ ၊ သူက မော့်ကို တစ်ချိန်လုံး လိုက်နေလို့ ၊ မော့် မှာ ချစ်သူရသွားပြီ ၊ မော့် ချစ်သူဟာ သူ့ထက် ဘယ်လို သာတယ် ဆိုတာ သိရအောင် တစ်ခါတည်း အပြတ်ရှင်းလိုက်တာပဲ … ကဲ … ကိုအောင်မင်း ရှင်းပါတယ်နော် … လာ … ကိုကို သွားကြစို့ …”
သူ့ရှေ့မှောက်မှာပင် စည်သူဟိန်း ၏ လက်ကို ခိုတွယ်ရင်း လိုက်ပါသွားသော တင်တင်မော် …
အရွက်မဲ့ သစ်ပုတ်ပင်ကြီးအောက်မှာ စာထုပ်ကြီး ကိုင်ပြီး ကျောက်ရုပ်တစ်ခုလို ရပ်၍ ကျန်ရစ်ခဲ့ရသည့် အဖြစ်… ။
ထိုအချိန်က စည်ကားလျက်ရှိသော တက္ကသိုလ် ကျောင်းသူကျောင်းသားတို့သည် သူ့ကို ရယ်မောစရာအဖြစ်နှင့် ကြည့်သွားကြလိမ့်မည် ထင်သည် ။
သူကတော့ ဘာမဆို ဘာကိုမှ မမြင်မိတော့ပါ ။
ရင်တွင်းမှာ အကြီးမားဆုံးသော အစိုင်အခဲအဖြစ် တည်ရှိနေခဲ့ဖူးသော ချစ်ခြင်းမေတ္တာသည် စက္ကန့်ပိုင်းအတွင်းမှာပင် လေနှင့် မြူမှုန်များနှယ် ချက်ချင်းပင် လွင့်ပြယ်ကွယ်ပျောက်ပြီး …
ထိုနေရာမှ နာကြည်းခြင်း ၊ မုန်းတီးခြင်း ၊ အရှက်ရခြင်း စသော ခံစားမှုတို့က ထုထည်ကြီးစွာ ရင်တွင်းသို့ တစ်မုဟုတ်ချင်း နေရာယူခဲ့ကြသည် ။
ထိုခံစားမှု သည် တက္ကသိုလ်မှ မထွက်ခွာမီ အထိ ရင်ထဲမှာ နက်ရှိုင်းစူးနစ်စွာ တည်ရှိနေခဲ့သည် ။
ဘွဲ့ရပြီးချိန် ၊ စီးပွားရေးလောကထဲသို့ ဝင်ရောက်ခဲ့ပြီးနောက်မှာ ၊ ရင်ထဲ၌ ရှိခဲ့ဖူးသော မုန်းတီး နာကြည်းခြင်းများသည်လည်း ပါးလျားလာခဲ့ရာမှ မေ့လျော့ပျောက်ဆုံးသွားသည် အထိပါပဲ ။
ငယ်စဉ်ဘဝက … ချစ်ခြင်းမေတ္တာနှင့် နာကျင် ကြေကွဲရခြင်းများသည် ယခုလို လူလတ်အရွယ် ‘ ဦး ’ တပ်၍ ခေါ်ရချိန်မျိုးမှာ ဘာမှကို အဓိပ္ပါယ်မရှိတော့ပါ ။ ရယ်စရာကောင်းသော ဒဏ္ဍာရီလေး တစ်ပုဒ်နှယ် ဟိုးအဝေးကြီးမှာ ကျန်ရစ်ခဲ့ပါပြီ … ။
ယခုလို သိန်းကို ရာနှင့် ချီ၍ အလုပ်လုပ်နေရသော ဦးအောင်မင်း ဘဝ ရောက်ကာမှ ထာဝရ မော် တဲ့လား … သွားစမ်းပါ … ။
□
သန့်သဇင် ပြန်သွားချိန်မှာ ဒေါ်တင်တင်မော်ဟာ သူ ရေးလိုက်တဲ့ စာကို ပြန်ရပြီး “ တင်တင်မော် ၏ သမီးမို့ အလုပ် မခန့်နိုင်ပါ ” ဟူသော စကားကို ကြားရချိန်၌ ဘယ်လိုများ ဖြစ်သွားမလဲ … ဟူ၍ပင် ဦးအောင်မင်း တွေးမနေအားပါ ။ လုပ်သင့်လုပ်ထိုက်သော အလုပ်ကိုတစ်ခဏအတွင်းမှာပင် အပြတ်ရှင်းလိုက်ရုံပါပဲ ။
သည့်နောက်မှာတော့ ရုံးခန်းမှာ တယ်လီဖုန်း နှစ်လုံး နှင့် ဂျင်ခြေလည်နေသည် ။
ကားမောင်းသွားချိန်မှာပင် ဆယ်လူလာဖုန်းက တကွီကွီ မြည်လာသဖြင့် ကောက်ကိုင်၍ ကားကို ခပ်ဖြည်းဖြည်း မောင်းရင်း အလုပ်ကိစ္စတွေ မှာကြားနေသော ဦးအောင်မင်း… ။
“ ဒီညတော့ ငါ မလိုက်ပါရစေနဲ့တော့ကွာ ၊ အိမ်ပြန် နောက်ကျတာလည်း ညတိုင်းလိုပဲ ၊ ငါ့ မိန်းမ က နားလည်ခွင့်လွှတ်ပေမယ့် ငါ့ သမီးလေး က မျှော်မျှော်နေလို့ပါကွာ …”
“ ဘယ်ဖြစ်မလဲ အောင်မင်း ရဲ့ ၊ ဒီည ညစာစားပွဲမှာ တို့ဖွင့်မယ့် စူပါမတ်ကတ်ကြီးမှာ ပစ္စည်းလာတင်မယ့် လူနဲ့ စကားပြောရမှာလေ ၊ စာချုပ်ချုပ်ဖို့ပါ အပြီးချိန်းရမှာ ၊ ငါ တစ်ယောက်တည်း မဆုံးဖြတ်ရဲဘူးကွ”
“ မင်းကလည်း ငါ မပါရင် ဘာမှမဖြစ်တော့ပါလား မြတ်ထွန်းလင်း ရာ ၊ ဒါဖြင့်လည်း မင်း အဲဒီပုဂ္ဂိုလ်တွေနဲ့ သွားနှင့် ၊ ငါ ဆက်ဆက်လာခဲ့မယ်”
“ ကောင်းပြီ မြဟေဝန် ကိုပဲ နော် ”
“ စိတ်ချ ငါလာမယ်ဆို လာမှာပါ ”
အိမ်ကို ခပ်စောစောလေး ပြန်မည်ဟု ရည်ရွယ်ထားကာမှ ၊ စင်္ကာပူကို သွားတော့မယ့် ဧည့်သည်နှစ်ယောက် ရောက်လာလို့ စာကောက်ရေးပြီး လူကြုံပေးလိုက်ရသေးသည် ။
အိမ်ပြန်ရောက်တော့ ထုံးစံအတိုင်း ဒီညစာ မိသားစုနှင့် မစားနိုင်ကြောင်း ပြောတော့လည်း မိန်းမက စိတ်ကောက်တာတွေ ၊ ကိုကို မြန်မြန်ပြန်ခဲ့နော်တွေ ဘာတွေ ဘာမှလုပ်မနေပါ ။
ခင်ပွန်းသည် အလုပ် လုပ်နေရသည်ဟု နားလည်စွာ နေပေးသည်ပဲလား ။ သူမ ရင်ထဲမှာ အချစ်မရှိ၍ဘဲ ခင်ပွန်းသည်၏ အပြန်လမ်းကို မမျှော်လေသလား မသိပါ ။
ဦးအောင်မင်း ဘက်ကလည်း ဖောက်ပြန် ပျက်ကွက်ခြင်း မရှိ ။ ငွေတွေ အထပ်လိုက် အပ်ထားပြီး တိုက်ကြီးနှင့် ကားသုံးစီးဖြင့် ထားနိုင်ခဲ့သလို ၊ ဇနီးသည် ‘ ဒေါ်တင်မိုးအေး ’ ကလည်း သူဌေးသမီး ပါပဲ ။ စိန်ရွှေရတနာ အပြည့်ပါလာသူ ။ ဘွဲ့ရပြီးသူ တစ်ယောက် ဖြစ်ပေမဲ့ ဘဝင်မြင့်ခြင်း မရှိ ။ အိမ်ထောင့်တာဝန်ကို စီမံခန့်ခွဲနိုင်သူ ။ သားသမီး သုံးယောက်အပေါ်မှာ တာဝန်ကျေသော မိခင်ကောင်းတစ်ဦးပါပင် ။
အိမ်ထောင်ရေးမှာ ဟိုမှာဘက် သည်မှာဘက် တာဝန်ကျေနေကြလျှင် ပြီးတာပါပဲ ။ သာယာနေတာပါပဲ ။
ချစ်လိုက်ကြတာမှ အသက်ပေးမတတ် ဆိုသူတွေပဲ ပြဿနာတွေ တက်နေကြတာပါဟု ဦးအောင်မင်း တွေးမိလာသည် ။
အချစ် ဆိုသည်ကိုက အေးမြခြင်းမှ မဟုတ်ဘဲ ၊ လောင်မြိုက်ခြင်း ပဲလေ ။
အိမ်ထောင်ရေး ကျပြန်တော့ သူ့ဘက် ကိုယ့်ဘက် မျှတစွာ နားလည်ပေးကြရင် သာယာတာပါပဲ ။ အိမ်ထောင်တစ်ခုထဲမှာ ချစ်ခြင်းဆိုတာ ခပ်သေးသေး အရာတစ်ခုပဲ ဟု ဦးအောင်မင်း ခံယူမိသည် ။
ထိုနေ့ညက မြဟေဝန် ရောက်တော့ သူငယ်ချင်း မြတ်ထွန်းလင်း တို့အဖွဲ့၏ စားပွဲဝိုင်းမှာ ဘလက်ခ်လေဘယ်လ် ပုလင်းတောင် အတော်လျော့နေပြီ …
ဆူညံနေသော ကာရာအိုကေ အဆိုတော်မများ ၏ အသံကြားမှာ ၊ အလုပ်စကားကို မနည်း ပြောယူရသည် ။
ဟင်းလျာတွေက တစ်ပွဲပြီး တစ်ပွဲမို့ စင်ပေါ်တက်ပြီး ပန်းကုံးမစွပ်တာတောင်မှ ဒီဝိုင်းပြီးလို့ ရှင်းလျှင် သောင်းကျော်ပေမည် ။
“ အောင်မင်း အခုဆိုနေတဲ့ အဆိုတော်ကို ကြည့်လိုက်စမ်း ”
“ အရမ်းဟော့တ်ပါလား ၊ ဝတ်စားထားတာကလဲ မလုံမခြုံနဲ့ … ”
“ ဟုတ်တယ် … ငါလည်း မြင်ဖူးပါတယ်ဆိုပြီး ကြည့်နေမိတာ ၊ သူ့နာမည် ကြေညာတော့မှ ငါသတိပြန်ရတာ ၊ သန့်သဇင် တဲ့ … ”
“ သန့်သဇင် … ဘယ်သူလဲ သန့်သဇင် ဆိုတာ …”
“ မင်းဆီ အလုပ်လာလျှောက်တဲ့ ကောင်မလေးလေကွာ ၊ ဒေါ်တင်တင်မော် ရဲ့ သမီးဆိုတာ …”
“ ဪ … အေး … ဟုတ်ပြီ ငါ သတိရပြီ ” ဦးအောင်မင်း စိတ်ဝင်စားစွာ ကုလားထိုင်ကို လှည့်ထိုင်လိုက်သည် ။
ဟဲဗီးမက်တယ်လ် ဆိုသော ပွင့်ထွက်ပေါက်ကွဲသီချင်းကို ဟစ်အော်သီဆိုလျက် …
ခြေတွေ ဆောင့် ၊ ခေါင်းတွေ ယမ်း ၊ ဟိုဘက် ဒီဘက် ပြေးနှင့် အပူရောင် ဂီတကို ဖန်ဆင်းနေရသည့် ကောင်မလေး…
ပန်းကုံး တက်စွပ်သူတွေက မနမ်းမိရုံ တစ်မည် ၊ ထိထိခိုက်ခိုက် လုပ်နေ၍ အောက်ကလည်း တဟေးဟေး တဝါးဝါး …
ထိုညက … ဦးအောင်မင်း တို့ ဝိုင်းမှာလည်း လူတွေ ထပ်ထပ်တိုးလာသဖြင့် စိုပြည်စည်ကားစွာ ညနက်မှ ပြန်ဖြစ်ကြသည် ။
ဟိုကားပေါ် တက်ပါ ၊ ဒီကားနဲ့ ပို့ပါရစေဆိုပြီး စေတနာပိုနေကြသူများ အလယ်မှာ သန့်သဇင် ကို မြင်လိုက်ရတော့ ဦးမြတ်ထွန်းလင်း ကပင် …
“ တို့ဆီမှာ အလုပ်လာလျှောက်တုန်းကသာ ၊ ဒီကောင်မလေးကို ခန့်လိုက်ရင် သန့်သဇင် ဒီစင်ပေါ် ရောက်မှာ မဟုတ်ဘူးနော် ”
ဦးအောင်မင်း ဘာအဖြေမှ မပေးမိဘဲ ၊ သူ့ရဲ့ ပါကျဲရိုးကားပေါ် တက်ပြီး တစ်ယောက်တည်း မောင်းကာ ရန်ကုန် ညကို ဖြတ်သန်းလာခဲ့သည် ။
အကယ်၍သာ …
ဒေါ်တင်တင်မော် ငယ်စဉ်က ၊ အလှမာနတွေ တက်ပြီး မောင်အောင်မင်း ၏ အရှက် ကို မခွဲခဲ့ဘူးဆိုပါလျှင် ဤဇာတ်လမ်း ဖြစ်လာစရာ အကြောင်း မရှိနိုင်ပါ …
အကယ်၍သာ …
သူဌေးဦးအောင်မင်း သည် ငယ်ဘဝဇာတ်လမ်းများကို ဥပေက္ခာ ပြုပြီး ၊ တကယ့် ရိုးသားတည်ငြိမ်သော ၊ လိမ္မာယဉ်ကျေးပုံ ရသော …
သန့်သဇင် လေး ကိုသာ အလုပ်ခန့်လိုက်မည် ဆိုလျှင် သန့်သဇင် ဤကာရာအိုကေ စင်ပေါ်သို့ ရောက်လာမည် မဟုတ်ပါ ။
ဒေါ်တင်တင်မော် ၏ တစ်ချိန်သောအခါက အလှမာနမီး နှင့် ဦးအောင်မင်း ၏ အောင်နိုင်သူ ဘဝမှ မာနမီး ။ ဤမီးများသည် အရှိန်ပြင်းစွာ တောက်လောင်ရာမှ … အပြစ်မဲ့သော သန့်သဇင် ကို အရှိန်ဟပ်ခဲ့ခြင်း ဖြစ်၏ ။
ဤ မာနမီးရှိန် တို့ကြောင့် သဇင်လေး နွမ်းခဲ့ပြီ … ညစ်ထေးခဲ့ပြီ …
နွမ်းရုံပဲလား … ကြွေ မကြွေ ဆိုတာကတော့ သန့်သဇင် ၏ ဆင်ခြင်တုံတရား နှင့် ကာလသမားတော်ကသာ အဖြေပေးနိုင်ပါလိမ့်မည် … ။
◾ကလျာ ( ဝိဇ္ဇာ/သိပ္ပံ )
📖 အရိန္ဒမာမဂ္ဂဇင်း
၁၉၉၅ ခုနှစ် ၊ မေလ ။
koaungnaingoo.blogspot.com
.
No comments:
Post a Comment