❝ ပုန်းနေတဲ့ နှလုံးသား ❞
ဆယ့်ငါး ၊ ဆယ့်ခြောက် လူပျိုပေါက်ဆိုတဲ့အတိုင်း အဲဒီ အရွယ်မှာ ကျွန်တော် နှုတ်ခမ်းမွှေး စ,ထားဖြစ်တယ် ။ ဘာရယ်လို့တော့ မဟုတ်ဘူးပေါ့ဗျာ ။ နည်းနည်းလေး ရှည်ထွက်လာတာနဲ့ ကျွန်တော်က ရိတ်ပစ်လိုက်တယ် ။ ဒီတော့ ရိတ်ထားတဲ့နေရာက စိမ်းဖန့်ဖန့်လေး ဖြစ်နေတာပေါ့ ။ လူပျိုကြီးဂိုက် နဲ့ ကိုယ့်ကိုယ်ကိုယ် သိပ်ခန့်တာပဲလို့လည်း ထင်မိတယ်လေ ။
မှန်ကြည့်တိုင်းလည်း အဲဒီ နှုတ်ခမ်းမွှေးရေးရေးလေးကိုပဲ တသသ နဲ့ လုပ်နေမိတော့တာပဲ ။ ဘာကြောင့်မှန်း ကျွန်တော်လည်း မသိဘူး ။
အဲ .. လူပျိုပေါက် ကတည်းက နှုတ်ခမ်းမွှေးစ,ထားပြီး တသသနဲ့ အရိပ်ကြည့်လာလိုက်တာ ကျွန်တော် တကယ့် လူပျိုကြီးဖြစ်ပြီး ၊ အမိ တက္ကသိုလ်ကြီး မှာ ပညာသင် ၊ ကျောင်းပြီးတော့ လုပ်ငန်းခွင် ဝင်တဲ့အထိပါပဲ ။
ကျောင်းတုန်းက ရည်းစား တစ်ယောက်မှ မထားခဲ့ဖူးခဲ့တဲ့ ကျွန်တော် ၊ လုပ်ငန်းခွင်ထဲရောက်မှ ကောင်မလေး တစ်ယောက်ကို ချစ်မိသွားခဲ့တယ် ။ သူ့နာမည်က ထူးထူးဆန်းဆန်း “ မိဂသီ ” တဲ့ဗျ ။ “ မိဂသီ ” ဆိုတာ သမင် ကို ခေါ်တာလို့ ကျွန်တော် ထင်တာပဲ ။ ဟုတ်မှာပါ ၊ သူ့ မျက်လုံးလေးတွေက သမင် မျက်လုံးလေးတွေလို သိပ်လှတာပဲ ။ သူ မျက်လုံးတစ်ချက် လှန်ကြည့်လိုက်တာနဲ့ ကျွန်တော့် ရင် တစ်ခုလုံး ဗြောင်းဆန်အောင် လှုပ်ရှားလှိုက်ခုန်သွားတတ်တယ် ။ သူ့ အ ကြည့် တစ်ချက်အောက်မှာ ကျွန်တော့် အချစ်တွေ ကြွေကျ သက်ဆင်းကြရှာကုန်တယ် ။
“ မိဂသီ ” ကကျတော့ ဒီလိုဗျ ။ ကျွန်တော် လူပျိုပေါက် ကတည်းက တသသ လုပ်လာတဲ့ စိမ်းဖန့်ဖန့် နှုတ်ခမ်းမွှေး ရေးရေးလေးကို စပြီးရင်ခုန်တာ ဆိုပဲ ။ ဒါကို သူနဲ့ရည်းစား ဖြစ်တော့မှ ကျွန်တော် သိခဲ့ရတာပါ ။ ဒါဆို ဒီနှုတ်ခမ်းမွှေးကြောင့် ကျွန်တော်သိပ်ချစ်ရတဲ့ ကောင်မလေးက ကျွန်တော့်ကို ပြန်ချစ်ခဲ့တယ်ထင်တာပဲဗျာ ။ ဟုတ် မဟုတ်တော့ မသေချာဘူး ။
ဒါပေမယ့် ဒီ နှုတ်ခမ်းမွှေး ကြောင့်ပဲကျွန်တော် သိပ်ချစ်ရတဲ့ ကောင်မလေး နဲ့ လွဲခဲ့ရတာကတော့ သေချာတယ် ။
°°°°° °°°°° °°°°°
“ ဒီမယ် ဦးဝင်းအောင် သား ၊ ဦးဝင်းအောင်သား ၊ ကျွန်မ ကို တစ်ဆိတ်လောက် ဝန်ထမ်းအင်အား စာရင်းလေး ကောက်ပေးပါရှင် ၊ ဝန်ထမ်း အတိုးအလျှော့ ရှိ ၊ မရှိ လည်း တစ်ခါတည်းစစ်ပေးပါဦး ”
တကယ်ပါပဲဗျာ ။ ကျွန်တော် “ မိဂသီ ” ကို တော်တော်အံ့သြမိတယ် ။ ကျွန်တော့် နာမည် ကျော်မြတ်သူ ပါဆိုတာကို အခါ တစ်ရာမက ပြောပြပြီးတာတောင် ဘယ်တော့မဆို ကျွန်တော့် ကို ခေါ်ရင် ဦးဝင်းအောင် သား ၊ ဦးဝင်းအောင် သား နဲ့ ခေါ်ခေါ်နေတယ် ။ ပြောလိုက်ရင် “ မေ့သွားလို့ပါ ၊ မေ့သွားလို့ပါ ” နဲ့ ၊ တစ်ခါမှ မမြင်ဖူးတဲ့ ကျွန်တော့အဖေ နာမည်ကိုတော့ မမေ့ဘဲကိုး ။ တော်တော် အသည်းယားဖို့ ကောင်းတယ်ဗျာ ။ ဒါလည်း ကျွန်တော်က ချစ်တာပါပဲ ။
သူ့ကို ချစ်တာထက် ဘယ်လို ချစ်ခွင့်ပန်ရမလဲဆိုတာက အခု ပို အရေးကြီးနေတယ် ။
ပြဿနာက အဲဒီ စကားပဲ ခင်ဗျ ။
ဒါပေမယ့် တက်နိုင်ဘူးလေ ။ လမ်းဟောင်းလမ်းရိုးကြီးကိုပဲ သုံးရတော့မှာပဲ ။
ညကျတော့ “ မိဂသီ ” ကို ချစ်တဲ့အကြောင်း စာတစ်စောင်ရေးလိုက်တယ် ။ သူ့ကို “ မိ ” လို့ ခေါ်ရင် ကောင်းမလား ၊ ဒါမှမဟုတ် “ သီ ” ။ ဟာ ဒါလည်း မဟုတ်သေးပါဘူး ။ တော်ပြီ ၊ “ မိဂသီ ” လို့ ခေါ် တာပဲ ကောင်းတယ် ။ ဒါနဲ့ပဲ ညဉ့်အတော်နက်သွားတယ် ။ မနက်ကျတော့လည်း အစောကြီး နိုးနေပြီး ရုံးရောက်ရင်ပဲ ကျွန်တော့် ရင်တွေ တလှုပ်လှုပ်ခုန်နေပြီ ။ အခွင့်သာတာနဲ့ ညက ရေးထားတဲ့စာ မိဂသီ ကို ပေးဖို့ အစစ စီမံထားတယ် ။
°°°°° °°°°° °°°°°
ရုံးရောက်တော့ “ မိဂသီ ” ကို ပေးဖို့ စာလေးကို ဘယ်မှာ ထားရမှန်း မသိ ဖြစ်နေတယ် ။
ကျွန်တော် က ပိုက်ဆံအိတ်တွေ ဘာတွေလည်း ကိုင်တာမှ မဟုတ်တာ ။ အင်္ကျီအိတ်ထောင်ထဲ ထည့်ထားရင်လည်း သူများမြင်မှာ စိုးရသေးတယ် ။
ဒါနဲ့ ကျွန်တော့် စားပွဲ အံဆွဲ ရဲ့ ဟိုးအဆုံးနား ထိ တိုးပြီး စာကို ထားလိုက်တယ် ။ ပြီး အံဆွဲ ကို သော့ခတ်ထားတာပေါ့ ။
“ ကျော်မြတ်သူ ရေ ၊ အန်တီစန်း ကို Corection Pen လေး ခဏကွယ် ”
လက်နှိပ်စက်စာရေးမကြီး အန်တီစန်း ကို အံဆွဲသော့ ဖွင့်ပြီး Corection Pen ထုတ်ပေးလိုက်ရတယ် ။ ခဏနေပြန်တော့ ရုံးအုပ်ကြီးက ကျွန်တော့် အံဆွဲကို လာဖွင့်ပြန်တယ် ။
“ ဟ ဘာလို့ သော့ခတ်ထားတာလဲ ကျော်မြတ်သူ ရ ၊ Color Pen အပြာလေးယူမလို့ ၊ File စာအုပ်မှာ ရေးစရာရှိလို့ ”
ကျွန်တော် သော့ဖွင့်ပေးရပြန်တယ် ။ ရုံးဆိုတော့ သိတယ်မို့လားဗျာ ၊ တစ်သီးပုဂ္ဂလ နေလို့မှ မရတာ ။ တစ်ယောက် တစ်ပေါက် နဲ့ သိပ်ခင်မင် ရင်းနှီးသူတွေကျ ခွင့်တောင်းမနေဘဲ လိုတာ ဆွဲဖွင့်ယူသွားကြတာ ။
ဒီနေ့မှာကိုက အရင် နေ့တွေလို မဟုတ်ဘဲ ၊အံဆွဲကို သတိထားနေရကာမှ တစ်ယောက်တစ်မျိုး လာတောင်းနေကြတယ်လို့ထင်တာပဲ ။
နောက်တော့ အလုပ်တွေက များလာပြီး နေ့ခင်းလောက် ရောက်ရင်ပဲ အံဆွဲကို ဂရုထားဖို့ သတိလက်လွတ် ဖြစ်သွားပြီ ။
အဲဒီလို သတိလက်လွတ် ဖြစ်သွားတဲ့တစ်ခဏမှာပဲ ကျွန်တော့် သူငယ်ချင်း မောင်မောင် အနားရောက်လာပြီး ဟ,နေတဲ့ အံဆွဲကနေ စာအိတ် ကို လှမ်းမြင်ပြီး ဆတ်ခနဲဆွဲယူလိုက်တယ် ။
ပါးစပ်ကလည်း
“ အလဲ့ ၊ စာအိတ်ပန်းရောင်တွေ ဘာတွေနဲ့ ၊ ဘာစာလဲ ကျော်မြတ်သူ ”
မောင်မောင် က ပါးစပ်ကသာ မေးနေပေမယ့် လက်က စာအိတ်ထဲက စာကို ဆွဲထုတ်ပြီးနေပြီ ။
“ ဟေ့ကောင် မောင်မောင် ၊ ပေးစမ်း ”
ကျွန်တော် အော်လိုက်တာကိုမောင်မောင် က ဂရုမစိုက်ဘူး ။ စာကို အသံထွက်ပြီးတောင် ဖတ်လိုက်သေးတယ် ။
“ မိဂသီ တဲ့ ၊ အလဲ့ ”
ကျွန်တော့် တစ်ကိုယ်လုံး ထူပူသွားပြီး ၊ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့ဘူး ။ မောင်မောင့် ကို လက်သီး နဲ့ ဆွဲထိုးချင်လာတယ် ။ “ မိဂသီ ” က သူ့နာမည် ပါလာလို့ အလုပ်လုပ်နေရာ ကနေ ကျွန်တော် ရင်ခုန်နေတဲ့ အကြည့်နဲ့ မျက်လုံး လှန်ကြည့်တယ် ။
“ မိဂသီ , အိပ်မပျော်တဲ့ ကိုယ့်ရဲ့ ညတွေကို အဆုံးသတ်ချင်ပြီ တဲ့ ။ အံမယ်ရည်းစားစာပါလား ၊ မှန်းစမ်း ဘယ်သူ ရေးထားတာလဲ ”
သွားပြီ ။ ကျွန်တော့် နားထဲမှာ လေယာဉ်ပျံအစင်း တစ်ရာလောက် ပျံသန်းနေသလို တဝေါဝေါ ဆူညံနေတယ် ။ စာရေးသူ အမည်ကို မောင်မောင် ဆက် မဖတ်ခင်မှာပဲ ကျွန်တော် အတင်းခုန်အုပ် လုယူလိုက်တယ် ။
ဒါပေမယ့် အဲသလို လုပ်တာကိုက ကျွန်တော်ပါလို့ ဝန်ခံပြီးသွားပြီလေ ။ “ မိဂသီ ” မျက်နှာကို တုန်လှုပ် ချောက်ချားစွာနဲ့ ကျွန်တော် လှမ်းကြည့်နေလိုက်တော့ ရှက်စိတ် ၊ ဒေါသစိတ်ကြောင့် ရဲရဲတွတ်နေတော့တာပဲ ။
သေချာပြီ ။ “ မိဂသီ ” စိတ်ဆိုးသွားပြီ ။
တော်သေးတာပေါ့ ၊ ထမင်းစားချိန်မို့ လူမစုံဘူး ၊ အန်တီစန်း က ချောင်းတစ်ချက် တမင်လုပ် ဟန့်လိုက်တယ် ။ ရုံးအုပ်ကြီးကတော့ ပြုံးစိစိနဲ့ပေါ့ ။
°°°°° °°°°° °°°°°
“ ငါ ငါ ရှင်းပြပါရစေ မိဂသီ ”
“ တော် ကျော်မြတ်သူ ၊ ဒါ နင် ငါ့ကို သက်သက် အရှက်ခွဲလိုက်တာပဲ တောက် ”
“ မိဂသီ ” တော်တော် ဒေါသထွက်နေတယ် ၊ ကျွန်တော် ဘယ်လို လုပ်ရမှန်းကို မသိတော့ဘူး ။
မိန်းမ ဆိုတာမျိုးကလည်း နားလည်ရခက်တယ်ဗျ ။သူတို့ ကြည်ရင် တစ်မျိုး ၊ မကြည်ရင် တစ်မျိုးနဲ့ ၊ သူတို့ကသာ ယောက်ျားတစ်ယောက် ကို တို့ ထိ ထု ဆိတ် ရိုက်ပုတ်တာမျိုး လုပ်ချင် လုပ်မယ် ၊ ယောက်ျား တစ်ယောက် က သူတို့ကို တို့ ထိ ကြည့်ပါလား ၊ သေသွားမယ် ၊ ဘာမှတ်လဲ ။
အခု ကျွန်တော် တစ်လျှောက်လုံး ရှင်းပြတောင်းပန်ချော့နေတာ မရဘူးဗျာ ၊ ကြာလာတော့ ကျွန်တော် စိတ်ဓာတ် ကျလာတာပေါ့ ။ ဒါနဲ့ သူ့ကို မရှင်းပြတော့ဘူး ၊ မချော့တော့ဘူး ။
“ မိဂသီ ” ကို မချစ်လို့တော့ မဟုတ်ဘူး ၊ ဒီလောက် ကြာတာတောင် စိတ်မပြေတာ ကျွန်တော့ ကို အတော် မုန်းသွားပြီလို့ ထင်လိုက်မိတာကိုး ။
တစ်ရက်မှာတော့ ...
ကျွန်တော် နဲ့ “ မိဂသီ ” တာဝန်ယူရတဲ့အပိုင်းက လုပ်ငန်းတွေ မပြတ်တာနဲ့ ရုံးဆင်းချိန် နောက်ကျသွားတယ် ။ ကျွန်တော်တို့ နှစ်ယောက်နဲ့ အတူ ရုံးအုပ်ကြီး ပဲ ကျန်ခဲ့တော့တယ် ။
“ မိဂသီ ” က အလုပ် လုပ်နေပေမယ့် မျက်နှာလေးက ညှိုးနေတယ် ။ ကျွန်တော် သူ့ကို ကြည့်ရင်း အလိုလို ဝမ်းနည်းလာတယ် ။ အလုပ်တွေပြီးတော့ မိုးမှောင်နေတဲ့အပြင် မိုးသံတွေက တဂျိန်းဂျိန်းနဲ့ အော်မြည်နေတယ် ။ လျှပ်စီးလက်ပြီး မိုးချုန်းရင် “ မိဂသီ ” ကြောက်တတ်မှန်း ကျွန်တော် သိတယ် ။
“ ကဲ ပြီးပြီ မဟုတ်လားဟေ့ ၊ မိုးတွေရွာတော့မယ် ၊ တံခါးမကြီးတစ်ချပ် ပိတ်ရုံပဲ ၊ မင်းတို့နှစ်ယောက် ပိတ်လိုက်တော့ ၊ ငါသွားပြီ ”
ပြောပြောဆိုဆို ရုံးအုပ်ကြီး က ခပ်သုတ်သုတ် ထွက်သွားတယ် ။
ကျွန်တော်တို့ နှစ်ယောက် တံခါးမကြီးအပြင် ထွက်ပြီးမှ တစ်ယောက်ကို တစ်ယောက် ငေး နေကြတယ် ။
ဒီအချိန်မှာပဲ “ ဒိန်းခနဲ ” မိုးကြိုးပစ်သံကြီး ကြားလိုက်ရတယ် ။ “ မိဂသီ ” တစ်ကိုယ်လုံး တုန်သွားတာပေါ့ ။ ကျွန်တော် ဒီအတိုင်းကြည့် မနေနိုင်တော့ဘူး ။
“ မိဂသီ ”
“ မိဂသီ ” က တစ်ချက် ရှိုက်လိုက်ပြီး ကျွန်တော့် ရင်ခွင်ထဲ အတင်းတိုးဝင်လာတယ် ။
“ မိဂသီ ”
ဒီတစ်ခါတော့ ဝမ်းသာမှုကြောင့် ကျွန်တော် ချက်ချင်းပဲမျက်ရည်တွေ ဝဲတက်လာတယ် ။ အဲ့ဒီနေ့က စပြီး ကျွန်တော် နဲ့ “ မိဂသီ ” ချစ်သူတွေ ဖြစ်သွားကြတာ မယုံမရှိနဲ့ ။
°°°°° °°°°° °°°°°
ချစ်သူရည်းစား ဘဝ ရောက်သွားတော့ ပျော်တာပေါ့ဗျာ ။ ရုံးပိတ်ရက် ရောက်ဖို့ စောင့်ရတာ ကိုက အလုပ်တစ်ခု ဖြစ်လာတယ် ။ ရုံးပိတ် မှ ရုပ်ရှင် ကြည့်တာတို့ ၊ ကန်ဘောင်ရိပ်မှာ ထိုင်တာတို့ ၊ လက်ကလေး ကိုင်ပြီး ဈေးသွားတာတို့ လည်ပတ်လို့ ရတာကိုး ။ ကျွန်တော်တို့ နှစ်ယောက်လည်း တခြား ချစ်သူရည်းစားတွေ လိုပါပဲ ။
ကျွန်တော့် ချစ်သူ " မိဂသီ ” က စိတ်မကောက်တတ်ဘူးဗျ ။ အဲ စိတ်တော့ ဆိုးလွယ်တယ် ။ ခဏ ခဏ စိတ်ဆိုးတတ်တယ် ။
ဒီလိုနဲ့ သွားလိုက် ၊ လာလိုက် ၊ လည်ပတ်လိုက်နဲ့ အချိန်တွေ ကုန်မှန်းမသိ ကုန်သွားတယ် ။ ချစ်သူသက်တမ်းမှာ သီတင်း နှစ်ခါ ကျွတ်သွားပေမယ့် ကျွန်တော် နဲ့ “ မိဂသီ ” လက်ထပ်ကြမယ် ဘာညာ မရှိပါဘူး ။ ကျွန်တော် က ရည်းစားသက်ကို ရှည်စေချင်တယ်ဗျာ ။ ဒါကို " မိဂသီ ” ကလည်း သဘောတူပါတယ် ။
“ ဒီ နှုတ်ခမ်းမွှေး ရေးရေးလေးသာ မထားခဲ့ရင် နင် ငါ့ကို ချစ်ပါ့မလား မိဂသီ ”
“ ဒါတော့ သိဘူးလေ ၊ သိချင်ရင် မရှိအောင် လုပ်ကြည့်ပါလား ”
ထွက်ပြီးသား နှုတ်ခမ်းမွှေး ကိုတော့ မရှိအောင် ကျွန်တော် မလုပ်နိုင်ဘူးဗျာ ၊ ရှိပါစေတော့ ။
ထုံးစံအတိုင်း ရုံးပိတ်ရက် ရောက်ခါနီးတော့ တစ်နေရာရာ သွားကြဖို့ ပြောတယ် ။
ဒါပေမယ့် “ မိဂသီ ” ကို ကြည့်ရတာ မျက်နှာ သိပ်မရွှင်ဘူး ။ ကျွန်တော်က မေးတော့
“ နောက်မှ ပြောမယ် ”
လို့ ဆိုပြီး သူ့ အလုပ်သူ ဆက်လုပ် နေတယ် ။ နောက်နေ့ကျတော့ “ မိဂသီ ” က ကျွန်တော့်လက်ကို အားကိုးတကြီး ဆွဲကိုင်ပြီး ပြောလာတယ် ။
“ ကျော်မြတ်သူ ၊ အိမ်က ငါ့ ကို ယောက်ျားပေးစားနေပြီ ”
မျှော်လင့် မထားတဲ့ စကားမို့ ကျွန်တော် အံ့သြသွားတယ် ။
“ နင် ငြင်းလိုက်ပေါ့ မိဂသီ ရဲ့”
“ မိဂသီ ” က ကျွန်တော့် ကို ဖျက်ခနဲ မော့ကြည့်တယ် ။
“ မရလို့ပေါ့ဟ ၊ ရရင် လေကုန်ခံပြောနေပါ့မလား ”
“ ဒါဆို ဘယ်လို လုပ်ကြမလဲ ”
“ အခြေအနေကြည့် စီစဉ်မယ် ”
ကျွန်တော် စိတ်ပူလာတယ် ။ ကျွန်တော် “ မိဂသီ ” ကို သိပ်ချစ်ပြီး မခွဲနိုင်မှန်း ကိုယ့်ဖာသာ သိတယ် ။
အခု “ မိဂသီ ” ကို သူ့အိမ်က အလုပ်ထွက်ခိုင်းလိုက်လို့ ရုံး မတက်ရတော့ဘူး ။ အခြေအနေက ကျွန်တော်တို့ ထင်ထားတာထက် ပိုဆိုးနေတယ် ။ ကျွန်တော်လည်း ဘာမှန်းကို မသိတော့ဘူးဗျာ ။
ဒါနဲ့ “ မိဂသီ ” တို့ လမ်းထိပ်က လက်ဖက်ရည်ဆိုင်မှာပဲ သွားထိုင်ရင်း အရိပ်အခြေကို စောင့်ကြည့်နေရတော့တယ် ။
°°°°° °°°°° °°°°°
တစ်ရက်က နှစ်ရက် ၊ တစ်ပတ်က နှစ်ပတ်ကြာလာတော့ ကျွန်တော် ဆောက်တည်ရာ မရ ဖြစ်နေပြီ ။ စိတ်တွေက ညစ် ၊ အလုပ်တွေက များနဲ့ နှုတ်ခမ်းမွှေးတွေ ရှည်ထွက်နေတာတောင် မရိတ်ဖြစ်ဘူး ။ လူပျိုပေါက် ကတည်းက တသသ ကြည့်ပြီး မွေးလာခဲ့တာ ၊ အခုလို မရိတ်တာ ကြာတော့ ကုလားကား ထဲက မင်းသားတွေလို နှုတ်ခမ်းမွှေးတွေက သန်ပြီး မည်းနက် ထူတန်းနေတယ် ။
ဒီလိုနဲ့ “ မိဂသီ ” တို့ လမ်းထိပ်က လက်ဖက်ရည်ဆိုင်မှာ စောင့်တာ ( ၂၁ ) ရက်မြောက် နေ့မှာ ကောင်မလေးတစ်ယောက်နဲ့ အတူ “ မိဂသီ ” သုတ်သီးသုတ်ပြာ ရောက်လာတယ် ။
“ ကျော်မြတ်သူ ၊ နောက်မှာ မေမေ ပါတယ် ။ နင် ဒီမှာစောင့်နေမယ် ဆိုတာ သိလို့ မုန့်ဝယ်မယ် ဆိုပြီး အမြန်ဝင်လာတာ ၊ ဟဲ့ အကြည် ၊ နင် သူ့ကို သေချာ မှတ်ထား ၊ နောက်နေ့ ငါခိုင်းရင်နင် သူ့ ဆီ လာရအောင် ”
“ မိဂသီ ” တို့ အိမ်က ခိုင်းတဲ့ ကောင်မလေးဖြစ်ပုံရတယ် ။ ဘယ်လို စည်းရုံးထားလဲတော့ မသိဘူး ။ ကောင်မလေး က ကျွန်တော့်ကို မှတ်မိအောင် သေချာ ကြည့်တယ် ။ “ မိဂသီ ” ကလည်း ကျွန်တော့်ကို သေချာကြည့်ပြီး မျက်မှောင်ကုတ်လိုက်တာ တွေ့ရတယ် ။ ပြီးမှ
“ နင့် နှုတ်ခမ်းမွှေးကြီးကလည်း ဟယ် ” လို့ပြောတယ် ။
နောက်ထပ် နှစ်ရက်လောက် ထပ်စောင့်လိုက်တော့ သတင်းထူးတစ်ခု နဲ့ အတူ အကြည် ဆိုတဲ့ ကောင်မလေး ကျွန်တော့် ဆီရောက်လာတယ် ။ “ မိဂသီ ” က စာပေးခိုင်းလိုက်တာလေ ။ စာကို ကမန်းကတန်းဖတ်ကြည့်တော့
ကျော်မြတ်သူ
ဒီရက်အတွင်း ငါ့အမေ အရေးတကြီးကိစ္စနဲ့ ညပိုင်း အပြင်ထွက်စရာရှိတယ် ။ ဘယ်နေ့လဲတော့ အသေအချာ မသိသေးဘူး ။ အမေ အပြင်ထွက်မှာ သေချာတာနဲ့ အကြည့် ကို လွှတ်လိုက်မယ် ။ အဲဒီနေ့ နင် ငါ့ကို
တစ်ခါတည်း ခိုးပါ ။ ငါ နင်က လွဲပြီး ဘယ်သူ့ကိုမှ မယူနိုင်ဘူး ။ နင့် ကိုပဲ ငါ ချစ်တယ် ။ နင့် နောက် ငါ လိုက်ခဲ့တော့မယ် ။
မိဂသီ
စာကို ဖတ်ပြီး ကျွန်တော့် တစ်ကိုယ်လုံး လေထဲ မြောက်သွားတယ် ။ ကျွန်တော့နှလုံးသားကလည်း တဆတ်ဆတ်ခုန်နေတာပဲ ။
ဒါပေမယ့် အဲဒီအချိန်က စပြီး “ မိဂသီ ” ကို ကျွန်တော် မတွေ့ရတော့ပါဘူး ။ သူ ကျွန်တော့် ဘဝထဲက ပျောက်သွားခဲ့တယ် ။ ဘာကြောင့်လဲ ။ ဘာဖြစ်လို့လဲ ကျွန်တော်လည်း မသိဘူးဗျာ ။
ကျွန်တော့် နှလုံးသားတွေ နာကျင်နေတယ် ။ ဘာပဲဖြစ်ဖြစ် ကျွန်တော် သူ့ကို မတွေ့တွေ့ အောင် ရှာမယ် ။
ဒါပေမယ့် ပျောက်သွားတဲ့ ချစ်သူ့ခြေရာကို ရှာဖို့တော့ တော်တော် ခက်ခဲပါတယ် ။
°°°°° °°°°° °°°°°
အမှန်က ဖြစ်ပုံက ဒီလိုဗျ ။
အဲဒီနေ့ ညက “ မိဂသီ ” က သူ့အမေ အပြင်ထွက်မယ်ဆိုတာ သိတာနဲ့ အကြည့် ကို စာတစ်စောင်ပေးပြီး ကျွန်တော့် ဆီ လွှတ်လိုက်တယ် ။ သူ့ အမေ ထွက်သွားတာနဲ့ သူ့ကို လာခိုးဖို့ပေါ့ ။ ဒါပေမယ့် အကြည်က ကျွန်တော့် ကို ရှာမတွေ့ဘူးတဲ့ဗျာ ။
ဖြစ်ချင်လို့ကို ကြံဖန် ဖြစ်တာလို့ပဲ ပြောရမလားပဲ ။ အဲဒီနေ့ကမှ ကျွန်တော်ကလည်း အုံနဲ့ ကျင်းနဲ့ ဖြစ်နေတဲ့ နှုတ်ခမ်းမွှေး မည်းမည်းကားကားကြီး ကို ရိတ်ပစ်ခဲ့တာကိုးဗျ ။ အဲဒါ အကြည် က ကျွန်တော့် ကို နှုတ်ခမ်းမွှေး အမှတ်အသားနဲ့ မှတ်ထားတာကိုး ၊ လက်ဖက်ရည်ဆိုင်မှာ ခိုးကြောင်ခိုးဝှက် လာရှာတော့ နှုတ်ခမ်းမွှေးကားကားနဲ့ လူကို သူ ရှာမရ ဖြစ်သွားတယ် ။ ဒါနဲ့ အိမ်ပြန်သွားတော့တာပေါ့ ။ ဒီမှာတင် မိန်းကလေး က ခိုးဖို့ ချိန်းထားတာ လာမစောင့်တဲ့ ယောက်ျားတစ်ယောက်ကို ကောင်းကောင်းကြီး စိတ်နာသွားပြီလေဗျာ ။
ကျွန်တော်ကလည်း ကျွန်တော်ပါပဲလေ ၊ ကျွန်တော့ မျက်စိထဲမှာ “ မိဂသီ ” ကလွဲပြီး ဘာမှကို မမြင်တော့ဘူးလား မသိဘူး ။ ကောင်မလေး ဘယ် အချိန် လာသွားမှန်း ကို မသိမမြင်လိုက်ဘူးဗျာ ။
လွဲချင်လို့ကို ကြံဖန် လွဲရတာ ။
“ မိဂသီ ” ကိုတော့ ကျွန်တော် တကယ်ချစ်တာပါ ။ ချစ်လွန်းလို့ ဗျာများသွားတာ ဖြစ်နိုင်တယ် ။ ဒါကြောင့် အချစ်မှာ တရားခံ မရှိဘူး လို့လည်း ပြောရင်ရပါတယ် ။
ဒါပေမယ့် ကျွန်တော် သိပါတယ် ။ “ မိဂသီ " ဟိုလူ အသားမည်းမည်း ဗိုက်ရွှဲရွှဲ နဲ့ လူကြီးကို မယူပါဘူးဗျာ ။ ဒါ့အပြင် သူ ကျွန်တော့်ကို သိပ်ချစ်တယ် ဆိုတာလည်း ကျွန်တော် သိထားတယ် ။
ဒါပဲလေ ...
အချစ် ဆိုတာ ...
အရာရာ မချောမွေ့နိုင်ပါဘူး ။
လွမ်းခန်းတွေလည်း ဖွင့်တတ်တာပဲ ။ ဘာပဲဖြစ်ဖြစ် ...
ကမ္ဘာကုန်ကျယ်သရွေ့ ပြေးစမ်း ၊ ပုန်းစမ်း “ မိဂသီ ” ။ မင်းကို ငါ လိုက်လို့ရှာမယ် ။
မင်းကို ငါ မတွေ့ တွေ့အောင် ရှာမယ် ။
ကျွန်တော် တသသ နဲ့ ယုယခဲ့တဲ့ နှုတ်ခမ်းမွှေး ၊ “ မိဂသီ ” စိတ်ဝင်စားတဲ့ နှုတ်ခမ်းမွှေး ၊ ဒီ နှုတ်ခမ်းမွှေး တစ်စုံက ကျွန်တော့်ကို အစွမ်းကုန် ဒုက္ခပေးလိုက်ပါတယ် ။
ဒီကိစ္စမှာ ဘယ်သူ က တရားခံ ဆိုတာ ပြောလို့ မရဘူးလေ ။
ဪ အချစ်က ဒီလိုလည်း ကျီစယ်တတ်ပါသလား ခင်ဗျာ ။
◾ လင်းပ
📖 ဟာသလွင်ပြင် အမှတ် ( ၁ )
koaungnaingoo.blogspot.com
.
No comments:
Post a Comment