❝ စိတ်ချသွားသော ဆရာ ❞
အဲဒီလိုနဲ့ ချိုချိုမွှေး အငြိမ့် မှာပဲ ပြန်ပါသွားပြီး တစ်ရက်ပေါ့ ။ အဲဒီ ရက်ဟာ ကျွန်တော့်ဘဝရဲ့ မမေ့နိုင်သော ရက်တွေထဲမှာ တစ်ရက် အပါအဝင်ပဲ ။
ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့ ချိုချိုမွှေးအငြိမ့် ပြည် တစ်ဖက်ကမ်း ၊ ပန်းတောင်း က.ပ.စ ( ၆ ) မှာ “ က " တော့ နောက်ဆုံးည ကျွန်တော့်ဆရာ ဦးတိုင်းကျော် တီဘီရောဂါနဲ့ သွေးအန်ပါလေရော ... ။
ဆရာက သူ့ကို ပွေ့ထားပေးပါလို့ လေသံတိုးတိုးလေးနဲ့ ပြောတယ် ... ။
ပွဲကလည်း ထွက်ခါနီးနေပြီ ။ ဇာတ်ဆရာနဲ့ အဖွဲ့သားတွေကလည်း ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ ။ ပျာယာခတ်နေတယ် ။
ဆရာဝန် သွားပင့်ဖို့ ပြောတော့ ကျွန်တော့်ဆရာ က လက်ကာ ပြတယ် ။ တစ်ကိုယ်လုံးလည်း သွေးတွေ ပေကျံနေပြီ ။
အဖွဲ့သားတွေက တီဘီရောဂါ ဆိုတော့ ကြောက်လို့နဲ့ တူပါတယ် ။ အနား သိပ် မကပ်ကြဘူး ။ ကျွန်တော်ကတော့ ကူးချင်လည်း ကူးပါစေတော့ .. ဆရာ့ကျေးဇူးတွေက အများကြီး .. ။
အဲဒီလိုပွေ့ထားတုန်းမှာ ဆရာက သူ့ခေါင်းအုံးလေး အောက်ကို မေးထိုးပြတယ် ။ ကျွန်တော်က လှမ်းပြီး နှိုက်လိုက်တော့ သူ့ရဲ့ လည်ကတုံးအဖြူလေး နဲ့ တောင်ရှည် ဖြစ်နေတယ် ။
ပြီးတော့ ဆရာက အနားကပ်ပြီး တိုးတိုးလေး ပြောပါတယ် ။
“ အရင်တုန်းက မင်းကိုဆဲခဲ့ ... ဆူခဲ့တာတွေဟာ မင်းကို ချစ်လို့ .. စိတ်မချလို့ပါ .. ခုတော့ စိတ်ချလို့ရသွားပြီ .. မင်း အပိုင် ယူလိုက်တော့ ... ”
လို့ ပြောပြီး ကျွန်တော့် လက်ပေါ် အသက်ပျောက်သွားတယ် ။
ဆရာ့ အလောင်း ကို ကျွန်တော် ဦးသုံးကြိမ်ချလိုက်ချိန်မှာပဲ ဇာတ်စင်ရဲ့အရှေ့က မြန်မာ့ဆိုင်းဝိုင်းကြီး က အငြိမ့်လေပြေ စထိုးတာနဲ့ သွားတိုက်ဆိုင်နေတယ် ။
ကျွန်တော့် ရင်ထဲ မကောင်းလိုက်တာဗျာ .. ။
အဖွဲ့သားတွေရဲ့ မျက်ဝန်းတွေထဲမှာတော့ မျက်ရည်တွေ အပြည့်နဲ့ပါ ။
အဲဒီညက ဆရာ သင်ပေးခဲ့တဲ့ “ ခွန်းထောက်” ကို ကျွန်တော် အားမာန်အပြည့်နဲ့ ဆိုချလိုက်ပါတယ် .. ။
ကျွန်တော်တို့လို အနုပညာသမား ဆိုတာ “ နေမကောင်းပါဘူးလို့ ပြောလို့ မရပါဘူး ။
ကျွန်တော့်ဆရာ သေနေလို့ ကျွန်တော်တို့ အငြိမ့်ဆက် မက နိုင်တော့ပါဘူးလို့လည်း ပြောလို့မရပါဘူး ..
လုပ်စရာ ရှိတာတော့ လုပ်သွားရတာပါပဲ .. ။
တစ်ခါတစ်ရံ ကျွန်တော် စဉ်းစားမိတယ်ဗျ ။
ကျွန်တော် ဒီပညာကို သင်ယူရတာ မလွယ်ပါဘူး ။
ဟိုလူ အဆူခံ ဒီလူ အဆူခံ ၊ ဟိုလူ လှောင်ပြောင်ခံနဲ့ .. ဆရာ့ ပုဆိုး ၊ ဆရာကတော် ထဘီ လျှော်ရတာတစ်မျိုး ။
သူတို့ ချိုးဖို့ ရေထမ်းပေးရတာ မကြာခဏ ။ ကိုယ့်အိမ်မှာ ကိုယ့်အမေ ထဘီတောင် လျှော်ပေးဖို့ နေနေသာသာ ... ကိုယ့် အဝတ်အစားတောင် ကိုယ်လျှော်ဝတ်တာမှုတ်ဘူး ။
ဒီ ပညာ ၊ ဒီ ဝါသနာ ကို လိုချင်တော့ အားလုံးကို ခဝါချလိုက်ပါတယ် ။
လူရွှင်တော် တစ်ယောက် ဖြစ်ဖို့အတွက် လေ့ကျင့်လိုက်ရတဲ့ “ ခွန်းထောက် " ...
ဝတ်လိုက်ရတဲ့ “ တောင်ရှည်ပုဆိုး ဝတ်နည်း " ပတ်ပေါင်း, ပေါင်းနည်း ...
“ လေ ” “ သန္ဓေ “ မျက်နှာပေး ” စသည်ဖြင့်ပေါ့လေ ...
လေ့လာလိုက်စား လိုက်ရတာ ၊ ကျက်လိုက်ရတဲ့ စာတွေ မနည်းပါဘူး ။
“ နတ်စာ ” “ သိကြားစာ ” “ ဘုရင်စာ ” “ လက်စွဲစာ ” “ ပုဏ္ဏစာ ” “ သူတောင်းစားစာ ” “ ဝန်စာ ” “ ဆိုင်းဆင့် ” “ တောလေပြေ ” “ တောင်လေပြေ ” “ နတ်ပျက်စာ ” ၊ ကျောင်းစာတောင် အဲဒီလောက် ကျက်ရမယ် မထင်ပါဘူး ။
ကျောင်းစာ ကျက်ရမှာ အင်မတန် ပျင်းတဲ့ ကျွန်တော် လူကြီးသူမတွေနဲ့ တွေ့မှ
အားလား ... လား မနက် ပွဲသိမ်းပြီ ဆိုတာနဲ့ သူများတွေ အိပ်ရာထဲ တန်းဝင်လို့ရတယ် ။ ကျွန်တော် ကတော့ ဗလာစာအုပ် တစ်အုပ်နဲ့ လိုက်ရေး ၊ လိုက် မှတ်နေရတုန်း ။
ဒီဘက်ခေတ် လူရွှင်တော်တချို့ကိုတွေ့တော့ အင်း .. ဘယ်လို ပြောရမလဲပေါ့လေ. . ပရိခံ တောင် ဖြောင့်အောင် မပြောနိုင်ကြသေးပါဘူး ။
ဒါပေမယ့် ကျွန်တော်ကတော့ ဘယ်သူ့ကိုမှ အထင်လည်း မသေးပါဘူး ။ အထင်လည်းမကြီးပါဘူး ။ သူတို့လည်း သူတို့နည်း၊ သူတို့ဟန်နဲ့ ဖြတ်သန်းလာကြတာပဲ မှုတ်လား ။
ကျွန်တော့် ဆရာတွေလို ဇာတ်စင်ပေါ်က ကန်ချမယ် ။ ပတ်ပေါင်းပေါင်းတာ မဟုတ်လို့ အပြောခံရမယ် ။ အရိုက်အနှက် များ ခံရရင် ဘယ်လိုနေရမယ် မသိဘူးနော် ။
တစ်ခုတော့ ရှိတာပေါ့ ။ လွယ်လွယ် ဖြစ်ပြီး ၊ ကြာကြာခံဖို့တော့ လိုမယ်ထင်တာပဲလေ ။
အဲ ခုမှ သတိတစ်ခု ရတယ် ။
“ ခွန်းထောက် ” နဲ့ ပတ်သက်လို့ပေါ့ ။ ကျွန်တော်တို့ ဆရာတွေက မြို့ နယ် ၊ ရွာ ... ကာလံ ဒေသံ ပေါ့ ။
အဲဒီအလိုက် “ ခွန်းထောက် ” ဆိုရပါတယ်လို့ ပြောပါတယ် ။
ဥပမာ .. မြစ်တွေ ၊ ချောင်းတွေ နဲ့ နီးစပ်တဲ့ နေရာမှာ ပွဲကရမယ် ဆိုပါတော့။
မြစ်တွေ ၊ ချောင်းတွေ ပါအောင် ဆိုတဲ့ခွန်းထောက် ဆိုရတယ်ဗျ ။
“ အညာဆိုရင် အညာပါတဲ့ ခွန်းထောက် ” “ ခံစပ်ခြုံတို့ ... ရှားစောင်းတို့ .. "
စသည်ဖြင့်ပေါ့လေ ... ။
“ ဘုန်းကြီးပျံ ” ဆို တစ်မျိုး ။ “ အလှူ ” ဆို တစ်မျိုး ။
ပတ်သက်ရာ ပတ်သက်ကြောင်းတွေကို ကျင်းယက်ပြီး ဆိုရတယ် ။
ကျင်းယက်တယ် ဆိုတာကလည်း သောင်ထွန်းနေတဲ့ နေရာတွေမှာ လက်နှစ်ဖက်နဲ့ ရေရဖို့ ဘဲ တွေလို ယက်ရသလိုမျိုးပေါ့ ။ ကိုယ် လိုရာကို ရောက်အောင် စကားလုံး ၊ ပြက်လုံးတွေနဲ့ ရောက်အောင် ကျင်းယက်ယူတယ်လို့ ဆိုလိုပါတယ် ။
ခုနက ကျွန်တော်ပြောသလိုမျိုးပေါ့ ။
နီးစပ်ရာ ပတ်သက်ရာကို “ ခွန်းထောက် " လုပ်ဆိုတာနဲ့ ပတ်သက်ပြီး နယ်တစ်နယ်မှာ ပွဲသွားကတော့ ကျွန်တော် အဆဲ ခံခဲ့ရဖူးတယ်ဗျ .. ။
ဆရာတွေ သင်ထားတာက တစ်မျိုး ။ ကျွန်တော် ဆိုလိုက်တာက တစ်မျိုးဖြစ်သွားတာကိုး ။ မှတ်မှတ်ရရ ဗျာ .. ဘာတဲ့ .. အဲ ..
“ မြသားရယ်တဲ့ ရေယမုံ .. ငွေလှိုင်းတွေ ဖြူစွာနဲ့ မြစ်ဧရာ နဒီကြောမှာကွယ် .. မျောကြ ဒိုက်ပုံ ... "
စာသားပါ ။
အဲဒီလို ဖြစ်ရမှာကို ကျွန်တော်က ဘယ်လိုဆိုလိုက်လဲဆိုတော့ ...
“ မြသားရယ်နဲ့ ရေယမုံ ... ငွေလှိုင်းတွေ ဖြူစွာနဲ့ ... တစ်ပင်ကို နှစ်ပင်ယှက်တယ်ကွယ် ... "
အဲဒီလောက်ပဲ ရောက်သေးတယ် .. ဘေးက ထိုင်နေတဲ့ ဆရာသမားက ...
“ တစ်ပင်ကို နှစ်ပင်ယှက်တယ် .... ဟိုး .. ဟိုး ... ”
ဆိုပြီး အဆုံးသတ်ပေးလိုက်တယ် ။
ပရိသတ်ကလည်း “ ဝေါခနဲ " ရယ်ကြတာပေါ့ ။
ငါ ဘာမှားသွားလို့လဲလို့ အပြန်ပြန် အလှန်လှန် စဉ်းစားတယ် ...
လေးငါးရက်လောက်ကြာတော့မှ နှစ်ပုဒ် ကို တစ်ပုဒ်လုပ်ပြီး ပေါင်းဆိုမိတာကို စဉ်းစားမိတာကိုး .. ။
အင်း ... ခုခေတ် လူရွှင်တော်တွေများ ကျွန်တော့်လို မအေ နဲ့ ကိုင်တုတ်တာများ ခံရရင် ဘယ့်နှယ်နေမယ် မသိဘူးနော် ...
ကျွန်တော့် ဘဝမှာ အဆဲခံ၊ အဆူခံရတာတွေ ပြောရရင် တစ်နှစ် ကို ဘယ်နှကြိမ် ၊ လူရွှင်တော်ကြီးတွေ ဘယ်နှယောက် ဆိုတာ စာရင်းပြုစုလို့တောင် ပြီးမှာ မှုတ်ဘူး ။
ကိုယ် က ပညာ လိုချင်တာကိုး ။
ဒီလောက်တော့ ရှိမှာပေါ့ ။
တစ်ခါတလေ ရှိသေးတယ်ဗျ ။
ပွဲက ဒီည ကရတော့မှာ၊ ပွဲထွက်ခါနီး နာရီဝက်လောက် လိုတော့မှ
“ ဟဲ့ ... ကောင်လေး ... ဒီည အော်ပရာမှာ မင်းပါတယ် ... လာမှတ် ... မင်း ရွတ်ရမယ့်စာလာယူ " တဲ့ ..
“ မှန်အောင် မရွတ်နိုင်ရင်တော့ ဒီည ရမယ့် မင်းညကြေး ဖြတ်ပြီသာ မှတ် .. ”
ကိုင်း... ကောင်းရောဗျာ .. တစ်နေ့ခင်းလုံး အားနေတာခေါ်ပြောပါလား ..
ခုတော့ဗျာ ... မျက်ရည်မကျအောင် မနည်းကြီး ထိန်းထားရတယ် ... အံတော့ ကြိတ်မိပါတယ်...
ဒါတောင် လူရွှင်တော်တစ်ဦးရဲ့ သားနော် .. အနုပညာနဲ့ ဝေးတဲ့ လူစိမ်း မဟုတ်ဘူး ...
အံမယ် .. မျက်ရည် မကျဘူးဆိုတာတောင် စာရေးရင်းနဲ့ ဗလာစာအုပ်ပေါ် နှစ်ပေါက် ပေါက်လောက်တော့ ကျသေးသဗျ ။
အဲဒါကို ဆရာသမားတွေက တွေ့တယ် ။ မတွေ့ချင်ယောင် ဆောင်ပြီး ၊ ဘာပြောတယ် မှတ်လဲ ...
“ ဟေ့ ဇာတ်ဆရာ ရေ ... ဇာတ်ရုံက မိုးမလုံဘူးနဲ့တူတယ် ဒီကောင်လေး ရေးနေတဲ့ ဗလာစာအုပ်ပေါ် စပယ်ထစ်နေတယ် ဟ ”
စာကြွင်း ... စပယ် - မိုး
ထစ် - ကျတယ်၊ ပေးတယ် ။
ဇာတ်စကားအရ အသုံးအနှုန်း
ဟော .. နောက် တစ်နှစ်ပေါ့ ... နာမည်ကြီးလူရွှင်တော်ကြီး တစ်ဦးနဲ့ ထပ်တွေ့ရပြန်ပါပြီ ။ သူက အငြိမ့်လောကမှာရော ရေဒီယိုက ထုတ်လွှင့်တဲ့ “ ဟဒယရွှင်ဆေး ” ကဏ္ဍမှာ တော်တော် နာမည်ကြီး တဲ့ “ လူရွှင်တော်ကြီး ” ပါ ။
◾ ကျော်ထူး
📖 လူပြောများတဲ့ လူပေါကြီး
koaungnaingoo.blogspot.com
.
စာပေ နဲ့ ဂီတ စွမ်းနိုင်သမျှတွေကို တင်ပြနေမည် ။ မြန်မာစာပေ မြန်မာဂီတ မြန်မာစကား မဝေဝါးအောင် ကြိုးစား စွမ်းဆောင်နေပါမည် ။
Monday, October 11, 2021
စိတ်ချသွားသော ဆရာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment