Wednesday, October 6, 2021

ရည်းစားစကားတွေ သိပ်မပြောကြနှင့်ဦး


 

❝  ရည်းစားစကားတွေ သိပ်မပြောကြနှင့်ဦး ❞

အင်းလျားရေမျက်နှာပြင်တွင် တိမ်သလောကင်းစင်သော ကောင်းကင်ပြင် မိုးပြာ ထင်ဟပ်နေသဖြင့် ပတ်ဝန်းကျင်တစ်ခုလုံးသည် ပြာနုရောင်ဖြင့် ဝင်းလက်နေသည် ။ နေ့လယ်ခင်း ရောင်ခြည်သည်ပင် ပြာနုရောင်ကြောင့် ကြည်လင်အေးမြနေသည်ဟု ထင်မှတ်ရ၏ ။ လေညင်းကလေးက တိုက်ခတ်နေသောကြောင့် လှိုင်းကလေးများ တရေးတရေး တဖြည်းဖြည်း တွန့်သွားနေကြ၏ ။ ရွက်သစ်တို့ဖြင့် စည်ကားနေသော သစ်ပင်ကြီးများကလည်း အရိပ်အာဝါသ အစွမ်းကုန် ပေးနေကြသည် ။

“ အမျိုးသမီးတို့ ၊ နတ်ရေကန်ရှင့် ၊
ဇီဝကထံမှာ ၊ ကြွရောက်စုံစမ်း ။
ဘရဏီမိုးနတ် ၊ ကြိုးပြတ်ပုံရှင့် ၊
သမီးတော်ခင်ရုံ ၊ ဆေးကလွန်စွမ်း ”

ကိုအေးငွေ က ခပ်ကြောင်ကြောင်အသံ မတော်မတည့် ဆိုဟန်ဖြင့် သီဆိုနေလေသည် ။ သူသည် အင်္ကျီလုံချည် ချွတ်ပြီး ပိတ်ဘောင်းဘီတိုကလေးနှင့်ဖြစ်၏ ။ ကျွန်တော်က အင်္ကျီချွတ်ပြီး ပုဆိုး ခါးတောင်းကျိုက်ရင်း -

“ ဟေ့လူ ဘယ်က သီချင်းကို ဆိုနေတာလဲဗျ ၊ အပေါက်လည်း မတည့်ဘဲနှင့် ”

“ ရတာဆိုရတာပဲလေ ၊ သမီးတော် ခင်ရုံ ဆေးကြော်ငြာတဲ့ဗျ ။ သတင်းစာတွေထဲမှာ မဒီကာတွန်းရုပ်တွေနဲ့ ခဏခဏ တွေ့နေလို့ ဒီသီချင်း အလွတ်ရတောင် နေပြီ ”

စွပ်ကျယ်လက်ပြတ် ညစ်တီးညစ်ပတ်နှင့် ပုဆိုးတိုတို ဝတ်ကာ ဖင်ချထိုင်စရာ နေရာရှာနေသည့် ကိုထွန်းရှိန် က -

“ ဆိုချင်းဆိုရင်ကွာ မြစ်ဧရာကြိုးကလေး ဘာကလေး ဆိုရောပေါ့ ”

ကျွန်တော်တို့သည် အင်းလျားကန် ဘွဲ့နှင်းသဘင်ခန်းမနှင့် ဘုတ်ကလပ်ကြားရှိ ကျွန်းဆွယ် ကလေးတစ်ခုတွင် ရေချိုးရန် လာရောက်ခဲ့ကြခြင်းဖြစ်သည် ။ အကယ်စင်စစ် ပျော်ပွဲစားထွက်သည် ဟုလည်း ဆိုနိုင်သည် ။ နွားနို့ပုလင်းများနှင့် ကိတ်မုန့်မျိုးစုံကို ယူခဲ့ကြသည် ။

ကိုထွန်းရှိန် -
“ ကဲလေ ရေမချိုးခင် စားကြဦးစို့ရဲ့ ”

ကျွန်တော် -
“ ရေချိုးပြီးမှ စားရင် မကောင်းဘူးလား ”

ကိုအေးငွေ -
“ အကောင်းဆုံးကတော့ ရေတစ်ချီ ကူးပြီး နို့ပုလင်း တစ်ဝက်သောက် ၊ မုန့် တစ်ဝက်စား ။ ပြီးတော့
ရေထပ်ကူး ၊ ရေကူးရာက တက်တော့မှ ကျန်တာစား ”

ကိုထွန်းရှိန် -
“ ဒိလိုလုပ် ၊ ရေမချိုးခင် သုံးပုံတစ်ပုံ စား ၊ ရေချိုးရင်း အလယ်ကောင်မှာ တစ်ပုံ စား ၊ နောက် ရေချိုးပြီးတော့ ကျန်တာ စား ၊ ဒါ အကောင်းဆုံးပဲ ”

ကိုထွန်းရှိန် ၏ အကြံပေးချက်ကို လက်ခံပြီး ကျွန်တော်တို့ နှစ်ယောက်သည် သူ့အား ဝဲယာခြံလျက် ထိုင်ကြလေသည် ။ တစ်ယောက် နို့ပုလင်းတစ်လုံးစီ ကောက်ကိုင်ကြလေသည် ။

ကျွန်တော်တို့သည် နို့ပုလင်းကို မော့၍သောက်နေကြစဉ် ရှေ့တွင် ယက်ချ် ခေါ် အင်္ဂလိပ် ရွက်လှေကလေးတစ်စင်း ဖြတ်သွားသည်ကို မြင်ကြရသည် ။ ၎င်းပေါ်တွင် ရေကူးအဝတ် နှင့် မျက်နှာဖြူစုံတွဲ ပါလေသည် ။

ကိုအေးငွေ -
“ ဒီကောင်တွေ ၊ ကောင်မတွေတော့ ဘယ်လိုဇိမ်ခံရမယ်ဆိုတာ နားအလည်ဆုံးပါပဲကွာ ”

ကျွန်တော် -
“ အင်း ဇိမ်ပဲ ၊ ဟိုကောင်မက မျက် မှန်အနက်ကြီး တပ်ထားလို့ပေါ့ ၊ နို့မဟုတ်ရင် ဟိုဟာတောင် မြင်ရဦးမယ် ”

ကိုအေးငွေ -
“ ဘာလဲကွ ”

“ မျက်စိကလေး မှိန်းထားတာလေ ”

ကိုထွန်းရှိန် သည် နို့ပုလင်း သုံးပုံတစ်ပုံကို ကုန်ပြီဖြစ်သဖြင့် ချထားပြီး မုန့်တစ်ခုကို ကောက်ယူရင်း -

“ တို့ဗမာထဲမှာလည်း သူတို့လောက်နီးပါး ဇိမ်ယူတဲ့ကောင်တွေ မင်းတို့ သိရဲ့လား ”

ကိုအေးငွေ -

“ ဆိုစမ်းပါဦး ၊ ဘယ်သူ တွေလဲ ”

“ မင်းတိုင်ပင်အမတ်တွေပေါ့ကွ ၊ ဖာနဲ့ ဇိမ်ခံတဲ့ မင်းတိုင်ပင်အမတ်တစ်ယောက် ဖာက ခြောက်လုံးပြူး ယူကစားလို့ ပေါင် ခြောက်လုံးပြူးမှန်သွားတာ မှတ်မိသေးလား ။ အမတ် ဦးချစ်ဖေ မှာတော့ သူများ မယား စိန်စိန် ကို ခိုးယူပေါင်းသင်းမှုနဲ့ တရားစွဲခံနေရတယ် ။ လွှတ်တော်အတွင်းဝန် ဦးမြသိန်း မှာတော့ စားစရိတ် အမှု ဖြစ်နေတယ် ”

ကျွန်တော် -

“ အင်း သတင်းမထွက်ဘဲနဲ့ တိတ်တိတ် ဇိမ်ယူနေမယ့် အမတ်တွေနဲ့ ဝန်ကြီးချုပ်တွေလည်း အများကြီး နေမှာပေါ့ဗျာ ၊ ကဲ ရေကူးကြဦးစို့ ”

ကျွန်တော် နှင့် ကိုအေးငွေ တို့သည် ရေထဲပြေးဆင်းပြီး တော်တော်ဝေးအောင် ကူးကြသည် ။ ကိုထွန်းရှိန် ကား စွပ်ကျယ်ချွတ်ပြီး မတ်တတ်ရပ်ကာ ရေထဲဆင်းရန် ဟန်ပြင်နေသည် ။ လုံချည်မှာ ဒရီးဒရွတ်နှင့် ။

ကျွန်တော်တို့ ရေကူးရာမှ ပြန်လှည့်လာသည့်တိုင်အောင် ကိုထွန်းရှိန် သည် ရေထဲသို့ မဆင်းသေး ။ ရေချိုးရမှာ ကြောက်သလိုလို လုပ်ရင်း ကျောနှင့်ပေါင်တို့ကို တဖြင်းဖြင်း ကုတ်နေလေသည် ။

ကိုအေးငွေ -
“ ဟေ့လူ ဆင်းလေ ၊ ရေချိုးမှာ ချိုးတာမဟုတ်ဘူး ”

ကိုထွန်းရှိန် သည် လုံချည်ခါးတောင်းကျိုက်ပြီး ဆင်းလာ၏ ။

အတန်ကြာ ရေကစားကြပြီးနောက် ကုန်းပေါ်တက်၍ နို့သောက်မုန့်စား လုပ်ကြပြန်၏ ။

အင်္ဂလိပ်စုံတွဲ၏ ရွက်လှေကလေးသည် ကျွန်တော်တို့ရှေ့တွင် ပြန်လှည့်ဖြတ်သွားပြန်လေသည် ။

ကိုထွန်းရှိန် -
“ အင်္ဂလိပ်တွေ မကြာခင် ချောက်ကျတော့မယ် ၊ သူတို့ကို ဟစ်တလာက အုပ်တော့မှာကွ ။ ချိန်ဘာလိန် တို့ လူစုက လူလည်လုပ်ပြီး ဆိုဗီယက်ရုရှား နဲ့ တိုက်ပေးဖို့ ဟစ်တလာ တို့ လူစုကို လက်သပ်မွေးလာတယ် ။ တို့ဘက် မလာနဲ့ ၊ ရုရှားဘက် သွားတိုက်ချေ ဆိုပြီး အစာချော့ကျွေးတယ် ။ ခုတော့ ကိုယ်ထင်တယ် ၊ ဟစ်တလာကို ချော့မရတော့ဘူး ၊ အင်္ဂလိပ် ဘက် ပြန်ချမှာပဲ ။ ကောင်းတယ် ၊ အင်္ဂလိပ်ကို လူနိုင်ပေါ်မှ ကောင်းတယ် ။ ဒီတော့မှ တို့ချက်ကောင်းဖြစ်တယ် ”

ကျွန်တော် -
“ ဟုတ်ကဲ့ ၊ အင်္ဂလိပ်ကို နိုင်မယ့်လူ ပေါ်လာတာတော့ ကောင်းပါရဲ့ ၊ သို့ပေမယ့် ဟစ်တလာ တို့ လူစုဟာ လူကောင်းတွေ မဟုတ်တော့ ကျွန်တော်တို့ အားပေးဖို့ ခက်တယ် ။ ခု ကြည့်စမ်း ဘယ်လောက် စော်ကားသလဲ ၊ ချိန်ဘာလိန် ရဲ့ သဘောတူညီချက်နဲ့ ဆူဒေတန်နယ် ကို သိမ်းယူခဲ့တယ် ။ ဒီတင် မရပ်ဘူး ၊ နောက်ဆုံး သတင်းအရတော့ ချက်ကိုစလိုဗက်ကီးယား မှာ ဟစ်တလာ က သူမွေးထားတဲ့ ဖက်ဆစ်တွေ နဲ့ ဂျာမန် လူနည်းစုတွေကို အဆူခိုင်းတယ် ။ သူ့လူ ဖက်ဆစ် ခေါင်းဆောင်တွေကို ချက်ကိုစလိုဗက်ကီးယား အစိုးရအဖွဲ့ထဲမှာ ထည့်ရမယ်လို့ တောင်းတယ် ။ ခု
ဆူဆူပူပူ ဖြစ်လာတော့ ချက်ကိုစလိုဗက်ကီးယား မှာ  Law and order မရှိတော့ဘူး ၊ အသက်နဲ့ စည်းစိမ်တွေ မလုံခြုံတော့ဘူးဆိုပြီး နာဇီတပ်တွေကို အဝင်ခိုင်းတယ် ။ ချက်ကိုစလိုဗက်ကီးယား ကို သိမ်းလိုက်တယ် ။ ဂိုးအားရင်း က ချက်ကိုစလိုဗက်ကီးယားနိုင်ငံ ဟာ မရှိတော့ဘူးလို့ ကြေညာတယ် ”

ကိုထွန်းရှိန် -
“ ဒါဟာ အင်္ဂလိပ် အရှိုက်ကို ထိုးတာပဲ ”

“ ဟုတ်ပါတယ် ၊ အင်္ဂလိပ် အရှိုက်ကို ထိုးတာပါပဲ ။ သို့ပေမယ့် လက်ငင်းခံရတာကတော့ ချက်ကိုစလိုဗက်ကီးယား ပြည်သားတွေ ။ ဂျာမနီ က ကျူးကျော်စော်ကားပြီး သူတို့ကျွန် လုပ်လိုက်တာ ။ ဒီလို ကျွန်လုပ်လိုက်လို့ အင်္ဂလိပ်ဩဇာ ပျက်သွားတာ မှန်တယ် ၊ သို့ပေမယ့် နာဇီဂျာမနီ ဟာ သူကျူးကျော်ချင်သလို ကျူးကျော်ခွင့်ရပြီး ရှေ့လျှောက် ရမ်းဦးမယ် ။ ရုရှား ဘက်ကို ဝင်မရမ်းဘူးလို့လည်း မဆိုနိုင်ဘူး ”

ကိုထွန်းရှိန် -
“ ရုရှား ဝင်ရမ်းရင် သူ့ကို အုပ်လွှတ်မှာပေါ့ ။ တစ်နေ့က စတာလင် က ပြောတယ်ဆို မဟုတ်လား ၊ အချို့က ဆိုဗီယက် နဲ့ ဂျာမနီပြည် ကို ရန်တိုက်ပေးတဲ့သဘောနဲ့ ဆိုဗီယက် ယူကရိန်းပြည် ကို ဂျာမန်တွေ က တိုက်ခိုက်သိမ်းပိုက်ဖို့ ကြံစည်နေတယ်လို့ ပြောနေကြတယ်တဲ့ ။ ဂျာမနီ မှာလည်း အဲဒီလို သိမ်းပိုက်ဖို့ စိတ်ကူးနေတဲ့ အရူးများရှိတယ်လို့ သူနားလည်ထားပါတယ်တဲ့ ။ သို့ပေမယ့် အဲဒီ အရူးမျိုးတွေ ဆိုဗီယက်ယူကရိန်း ထဲ ဝင်လာရင် ဝတ်ပေးဖို့ Strait - jacket တွေ အများကြီး ရှိပါတယ်တဲ့ ”

ကိုအေးငွေ -
“ အိုင်ဆေး စထရိတ် ဂျက်ကက်ဆိုတာ ဘာလဲကွ ”

ကိုထွန်းရှိန် -
“ အင်္ကျီတစ်မျိုးပေါ့ကွာ ၊ အဲဒါကို ဝတ်ပေးထားရင် တစ်ကိုယ်လုံး လှုပ်မရတော့ဘူးတဲ့ ။ စတာလင် က စကားလုံး ပြောင်တယ်ကွ ၊ ဒါကြောင့် မင်း ဟစ်တလာ ရုရှား ဘက် မသွားရဲပါဘူး ။ အားရှိရင် အင်္ဂလိပ် ဘက်သာ သွားမှာပါ ”

ကျွန်တော် -
“ ခု နာဇီ တွေက ရူမေးနီးယား ကို တောင်းဆိုချက် ထုတ်လိုက်ပြန်ပြီ ။ ရူမေးနီးယား ဟာ စက် မှုလက် မှု ထူထောင်ရေးတွေ မလုပ်ရဘူးတဲ့ ။ လုပ်လက်စဟာတွေကိုလည်း ရပ်လိုက်ရမယ်တဲ့ ။ ရူမေနီးယား ဟာ စိုက်ပျိုးရေးဘက် မှာသာ အာရုံစိုက်ပြီး ထွက်သမျှ ကောက်ပဲသီးနှံနဲ့ ကုန်ကြမ်းတွေကို ဂျာမနီ ကို ရောင်းရမယ်တဲ့ ။ ဘယ်လောက် ဆိုးဝါးရမ်းကားတဲ့ နာဇီတွေလည်း ဆိုတာ ဒါပဲ စဉ်းစားကြည့်ပေတော့ ”

ကိုထွန်းရှိန် -
“ အင်း ဒါလည်း အင်္ဂလိပ် ကို ထိတာပဲ ၊ ရူမေးနီးယား ဆိုတာ အင်္ဂလိပ် ဓနရှင် ရဲ့ အရင်းအနှီး အများဆုံး မြုပ်နှံထားရာ ဒေသပဲ ”

ကိုအေးငွေ -
“ ဒီတော့ ဒါတွေကို အင်္ဂလိပ်က ကြည့်နေသလား ”

ကျွန်တော် -
“ ကိုယ့်အတတ်နဲ့ ကိုယ့်ပြန် စူးတာပေါ့လေ ။ ရုရှား ဘက် သွားပြီး တိုက်လိမ့်မယ် ယုံကြည်ချက်နဲ့ လက်သပ်မွေးခဲ့ ၊ အစာကျွေးခဲ့ ၊ အလျှော့ပေးခဲ့သမျှ သူ့ပြန်ထိနေတာပေါ့ ။ ခုတော့ အင်္ဂလိပ် နန်းရင်းဝန် ချိန်ဘာလိန် က ပြောတယ် ။ ဟစ်တလာ ဟာ သူ့ကို မြူနစ်ချ် မှာတုန်းက ဆူဒေတန် ကို သိမ်းခြင်းဟာ နောက်ဆုံးပါပဲ ။ နောင် တစ်ခုခုဖြစ်ရင် အင်္ဂလိပ် ကို အသိပေးပါ့မယ်လို့ ကတိ ပေးခဲ့တယ်တဲ့ ။ အဲဒီတုန်းက ပေးခဲ့တဲ့ ကတိတွေအားလုံး ဖျက်တယ်တဲ့ ။ ခု ချက်ကိုစလိုဗက်ကီးယား ကို သိမ်းတာဟာ မတော်မတရား လုပ်တာတဲ့ ၊ ရပ်တန်းက မရပ်ရင် အင်္ဂလိပ် က ပြင်သစ် နဲ့ တိုင်ပင်ပြီး အရေးယူတော့မယ်တဲ့ ”

ကိုထွန်းရှိန် -
“ ဒီတော့ ဟစ်တလာ က အင်္ဂလိပ် ဂျာမန် ရေတပ်ဘက်ဆိုင်ရာ သဘောတူညီချက်ကို ဖျက်သိမ်းမယ် ၊ လေတပ်ကိုလည်း ချဲ့မယ်ဆိုတဲ့ လေသံလွှင့်ပြီး ခြိမ်းခြောက်လိုက်တယ် ။ ဂျာမန် ရေတပ် ဟာ အင်္ဂလိပ် ရေတပ်ရဲ့ ၃၅ ရာခိုင်နှုန်းသာ ထားရမယ်ဆိုတဲ့ သဘောတူညီချက်ကို ဖျက်ပစ်တော့မှာပေါ့ ”

ကျွန်တော် -
“ အင်း ၊ စစ်ကြီးကတော့ ဖြစ်လာတော့မှာပါပဲ မကြာပါဘူး ၊ ကမ္ဘာသူ ကမ္ဘာသားတွေတော့ ဒုက္ခပါပဲဗျာ ”

ကိုထွန်းရှိန် -
“ စစ်ဖြစ်ရင် ကိုယ်တို့ ချက်ကောင်းပေါ့ ၊ နယ်ချဲ့စစ်ပွဲကို တို့လွတ်လပ်ရေးစစ်ပွဲဖြစ်အောင် လုပ်ရမယ် ”

ကိုအေးငွေ -
“ ကဲ စစ်ရိပ်စစ်ငွေ့တွေက ပူလှပြီ ၊ ရေစိမ်ကြဦးစို့ရဲ့ ”

ကိုအေးငွေ သည် ထိုင်ရာမှ ထလိုက်သည် ။ ကျွန်တော်သည် နို့ပုလင်းကို ထောင်ပြီး နှစ်ကျိုက် သုံးကျိုက် သောက်လိုက်သည် ။

ကိုထွန်းရှိန် ကား ထိုင်ရာမှ မလှုပ်သေးဘဲ -

“ ခုအချိန်မှာ ဣန္နြေအရဆုံးကတော့ စတာလင် ပဲ ။ သူပြောတဲ့ စကားတွေ ဘယ်လောက် အဆီပါသလဲ ၊ ၁၇ - ကြိမ်မြောက် ကွန်မြူနစ်ကွန်ဂရက် မှာ ပြောတာလေ ။ ' ငါတို့ဟာ ငြိမ်းချမ်းရေးကို အလိုရှိတယ် ၊ နယ်စပ်တူဖြစ်တဲ့ အိမ်နီးချင်း တိုင်းပြည်ကြီးတွေနဲ့ တစ်ဦးနဲ့တစ်ဦး အတုံ့အလှည့် ကူးသန်းရောင်းဝယ်ရေး ဖွံ့ဖြိုးစေလိုတယ် ၊ ကျူးကျော်တိုက်ခိုက်ခြင်း ခံနေရသော လူမျိုးများနှင့် ကိုယ့်တိုင်းပြည်ကိုယ် လွတ်လပ်အောင် ကြိုးစားနေတဲ့ လူမျိုးတို့ကို ကူညီထောက်ပံ့လိုတယ် ။ ငါတို့နယ်စပ်ကို ကျူးကျော်စော်ကားသူ ၊ စစ်ဖြစ်အောင် လှုံ့ဆော်သူတွေကို နှိမ်နင်းဖို့ အသင့်ရှိတယ် ' တဲ့ ”

ကိုအေးငွေ -
“ ကိုင်း ဆရာတို့ ၊ ကမ္ဘာကြီးကို မေ့ကြဦးစို့ရဲ့ ၊ အေးမြကြည်လင်တဲ့ အင်းလျားရေကန်ထဲက ငါးတွေနဲ့ ပြေးတမ်းလိုက်တမ်း ကစားကြဦးစို့ရဲ့ ”

ကိုထွန်းရှိန် က ထိုင်ရာမှ ထရင်း -

“ အင်း ၊ တို့မှာတော့ ငါးနဲ့ပဲ ပြေးတမ်းလိုက်တမ်း ကစားနေတယ် ”

ကိုအေးငွေ -
“ ပို ပျော်စရာ ကောင်းမှာကတော့ မီနီဆက် တို့လို အင်းလျားဆောင် က ရေကူးမယ်တွေနဲ့ ပြေးတမ်း လိုက်တမ်း ကစားရရင် ပိုကောင်းမှာပေါ့ ”

ကျွန်တော် -
“ ဒီစကားတွေ ပြောနေတော့ ကျွန်တော် က ရာမ နဲ့ သီတာ ရေကစားကြတာ သတိသွားရတယ် ။ ရာမ မင်းသား က သီတာ မင်းသမီး ကို သူ့ပြည်ဆောင်ယူသွားစဉ်က လမ်းမှာ ကြာမျိုးငါးမည်နဲ့ တင့်တယ်တဲ့ ကန်တစ်ခုကို တွေ့တယ်တဲ့ ။ အမောအပန်းပြေ ကိုယ်လက် လန်းဆတ်ခြင်း ဖြစ်အောင် ကန်ထဲမှာ ရေဆင်းချိုးကြတယ်တဲ့ ။ ဒီလိုချိုးကြရင်း သီတာဒေဝီ က ' စိန်ခေါ်တော့မယ် ၊ မောင်တော်ဘုရား နှမတော်ကို လိုက်ရှာပါတော့ ' ဆိုပြီး ရေမှာ ငုပ်လျှိုးပြီး ကြာပွင့်တွေကြား ပုန်းနေသတဲ့ ။ ရာမ မင်းသား လည်း အရှာရ ခက်သွားတယ် ၊ ဒီတော့ ရာမမင်းသားက ' အိုနှမတော် သီတာဒေဝီ ၊ ကြာပွင့်တွေကြားက ကြာပွင့်ကို မောင်ဘုရား ဘယ်လိုလုပ်ပြီး ရှာနိုင်ပါ့မလဲ ' လို့ တမ်းတကြွေးကြော်လိုက်သတဲ့ ။ ကြာလို လှ ကြာလို မွှေး ကြာလို လန်းဆတ်တဲ့ သီတာက ' ဝါး ' ခနဲလုပ်ပြီး ' အို မောင်တော် ရာမ ၊ အခြားအခြားသော ကြာတွေက ပျားပိတုန်းတို့သာ ဝတ်ရည်စုပ်မှီဝဲရာ ဖြစ်ပါတယ် ၊ နှမတော်သီတာကတော့ မောင်တော်ရာမ ဝတ်ရည်မှီဝဲရာ ဖြစ်ပါတယ် ။ ဒါကြောင့် ရှာမတွေ့နိုင်စရာ အကြောင်းမရှိပါ ဘုရား ' လို့ဆိုပြီး အဖမ်းခံတော့သတဲ့ဗျ ”

ကိုအေးငွေ သည် ' စိန် ' ဟု အော်ပြီး ဖြန်းခနဲ ရေထဲဆင်းပြေးလေသည် ။

ကိုထွန်းရှိန် -
“ ကိုရင့်ဘာသာ ကိုရင် စိန်ပေတော့ ၊ ဘယ်သူမှ လိုက်ဖမ်းမှာ မဟုတ်ဘူး ။ ရေကန်ထဲ မိကျောင်း ရှိရင်တော့ ဖမ်းလိုက် မှာပဲ ”

ကျွန်တော်တို့သည် ခုန်ပေါက် မြူးထူး ရေကူးကြပြန်သည် ။ အားရအောင် ရေကစားပြီးမှ တက်ကြသည် ။

သစ်ပင်ရိပ်မှာ ထိုင်ပြီး ကျန်နေသေးသော မုန့်များကို စားသောက်ကြလေသည် ။ ဘယ်အရသာနှင့်မျှ မတူအောင် စိတ်ကြည်ရွှင်သွားကြ၏ ။ ကိုယ်ခန္ဓာ လန်းဆတ်ပေါ့ပါးသွားကြ၏ ။ အားသစ်တွေ တက်လာသလိုလည်း ထင်ရပေသည် ။

ကိုအေးငွေ သည် နောက်ဆုံးအကြိမ် နို့ပုလင်းကို မော့ချပြီး -

“ အင်း တယ်ကောင်း တယ်ကောင်း ၊ ရေကူးလို့လည်း ကောင်း စားလို့လည်း ကောင်း သောက်လို့ လည်း ကောင်း ”

ကိုထွန်းရှိန် သည် စိုနေသေးသော ဆံပင်မှ ရေများကို မျက်နှာသုတ်ပဝါဖြင့် သုတ်နေရာမှ -

“ ပေါ့လိပ်တော့ မပါဘူး ၊ ဂိုးလ်ဖလိတ် တစ်ဘူး ဝယ်ခဲ့တယ် ”

ကျွန်တော်က လွယ်အိတ်ထဲမှ စီးကရက်တစ်ဘူးကို ထုတ်ယူပြီး ဖွင့်ယူပေးသည် ။

ကိုထွန်းရှိန် -
“ အင်း ကိုယ်တို့တော့ ဒီနေ့ တယ်ပြီး ဘူဇဝါဆန်နေကြတာပဲ ”

စီးကရက်ကို သုံးယောက်စလုံး သောက်နေကြသော်လည်း ကျွန်တော်ကား အဖော်ကောင်းဤသာ ဖွာနေခြင်း ဖြစ်ပေသည် ။

ကိုထွန်းရှိန် က စီးကရက်ကို မှိန်းရင်း -

“ ကိုယ်တော့ ဒီဒုတိယပတ်မှာလည်း ပထမသိန်းဆုကြီးကို လွတ်သွားပြန်ပြီ ။ သိန်းထီပေါက်ရင် ဘယ်လောက်ကောင်းမလဲ ”

ထိုအခါ ကိုအေးငွေ သည် တခစ်ခစ် ရယ်၍ နေသည် ။ ကျွန်တော် နှင့် ကိုထွန်းရှိန် က သူ့အားကြည့်ပြီး ယားကျိကျိ ကသိကအောက် ဖြစ်နေကြသည် ။

ကျွန်တော် -
“ ဘာများ ဒီလောက် ရယ်နေရတာလဲဗျ ”

ကိုအေးငွေ သည် မေးတော့မှ ဟားတိုက်၍ ရယ်ချလိုက်သည် ။

“ ဟား ဟား ၊ ကိုယ်က သိန်းဆုနဲ့ ပတ်သက်ပြီး စိတ်ကူးနဲ့ရူးခဲ့မိတာ တစ်ခုရှိလို့ပါ ။ ကိုယ်က သိန်းဆုကို မျှော်ရုံ မကဘူး ၊ ဟားဟား ထီပေါက်တော့ နတ်တလင်း မငွေမြ ဆိုတာ ပေါက်သွားတယ် ဆိုတော့ စိတ်ကူးယဉ်ကြည့်လိုက်တယ် ။ ကိုယ်တို့ဟာ ပိုက်ဆံရှိမှ နိုင်ငံရေးကို စိတ်ချလက်ချ လုပ်နိုင်မယ် မဟုတ်လား ။ နို့မဟုတ်ရင် ဝမ်းရေး ၊ သားကျွေးမှု မယားကျွေးမှုတွေ လုံးပန်းနေရတာနဲ့ နိုင်ငံရေးလုပ်ရာမှာ ကျွတ်ကျွတ်လွတ်လွတ် မဖြစ်နိုင်ဘူး ။ ဒီတော့ သိန်းဆုရှင် မငွေမြ ဆိုတာကို သွားပြီး ပိုးရကောင်းမှာပဲ ၊ ဘာညာနဲ့ စိတ်ကူးနဲ့ ရူးပစ်လိုက်တယ် ။ ၇ဝ ကျော် အမယ်ကြီး ဖြစ်နေတယ် ဟား ဟား ဟား ”

ကျွန်တော်တို့လည်း ရယ်မိကြသည် ။

ကျွန်တော် -
“ အမယ်ကြီး ဆိုရင် ပိုကောင်းတာပေါ့ ၊ ကိုယ့်ချည်း ငွေတွေ သုံးရတာပေါ့ ၊ အပျို ဟုတ် မဟုတ် သွားစုံစမ်းပါဦးလား ဟဲ ဟဲ ”

“ ဟာ မစုံစမ်းတော့ဘူး ကိုယ့်လူရာ သည့်ပြင်နည်းနဲ့ပဲ ပိုက်ဆံရှာပါတော့မယ် ”

ကိုထွန်းရှိန် -
“ အကောင်းဆုံးကတော့ အိမ်ထောင်မပြုဘဲနဲ့ နိုင်ငံရေးလုပ်တာ အကောင်းဆုံးပဲ ၊ သံယောဇဉ် လုံးလုံးကင်းတယ် ၊ ဆူဘတ်စ်ချန်ဒရာဘို့စ် တို့လိုပေါ့ ၊ အခုထိ လူပျိုကြီး ”

ကျွန်တော် -
“ မိန်းမ မယူဘဲ နေဖို့ဆိုတာ သဘာဝနဲ့ ဆန့်ကျင်နေတော့ ပြောသလောက် တကယ်လုပ်ရတာ မလွယ်ဘူး ထင်တယ် ”

ကိုထွန်းရှိန် -
“ ဟဲ ဟဲ မောင်ရင်ကတော့ မှန်းထားပြီး ရှိနေတာကိုး ၊ ဒီစကားမျိုး ပြောမှာပေါ့ ။ ဘယ့်နှယ်လဲ မောင်ရင့် မြင့်ကြီး ပြန်မလာသေးဘူးလား ”

“ သူ့ဆီက ဘာသံမှ မကြားဘူး ၊ စာမေးပွဲနီးပြီမို့ မကြာခင် လာမယ်ထင်တယ် ”

ကိုအေးငွေ -
“ ရဲဘော်တင်ထွန်း ကို ကြည့်ရတာ မြင့်ကြီး တစ်ယောက်တည်း ဟုတ်ဟန် မတူပါဘူး ၊ မှန်မှန် ပြောစမ်း ဘယ်နှစ်ယောက် ရှိသလဲ ”

“ အမှန်က ရည်းစားရယ်လို့ ပိုင်ပိုင်နိုင်နိုင် ခေါ်ရလောက်အောင် တစ်ယောက် မှ မရှိသေးတာ အမှန်ပါပဲ ”

ကိုထွန်းရှိန် -
“ ကဲ ကဲ ခုနေအခါမှာ ရည်းစားစကားတွေ သိပ်ပြော မနေကြဦးစို့နဲ့ ၊ တော်တော်ကြာ သန်းတင် တို့ လူစုက နောက်ပိုးခေါင်းဆောင်တွေ မကြိုက်လို့ သပိတ်လှန်တာပါလို့ ပြောနေဦးမယ် ”

ကျွန်တော် -
“ ကိုသန်းတင် တို့ လူစုက ကျုပ်တို့ သပိတ်မှောက်ခဲ့တာတွေ ၊ အရေးတော်ပုံ တိုက်ပွဲတွေ လုပ်ခဲ့တာတွေဟာ ဘာမှ အကျိုးမရှိဘူးတဲ့ ။ ထိုင်နေ အကောင်းသား ၊ ထသွားမှ အကျိုးမှန်းသိဆိုတာလို မလုပ်ဘဲနေခဲ့ရင် ကောင်းမယ်တဲ့ ဘယ်လိုလူတွေမှန်းလဲ မသိဘူး ”

ကိုထွန်းရှိန် -
“ သက်သက် နားမလည်လို့ ပြောတာ ။ စိတ်ဓာတ် မရင့်မာသူ ၊ နားဝေးသေးတဲ့ လူတွေ ထွက်ထိုင် ကုန်အောင် ပြောတဲ့ စကားပဲ ။ အမှန်က အခုလောက် ဗမာပြည်မှာ နိုးကြားလာတာ ၊ နိုင်ငံရေး စိတ်ဓာတ် ဝင်လာတာ ဒီ အရေးတော်ပုံတိုက်ပွဲတွေကြောင့်ပဲ မဟုတ်လား ။ လွတ်လပ်ရေး မရသေးပေမယ့် လွတ်လပ်ရေး စိတ်ဓာတ်တွေ ၊ နိုင်ငံရေးဗဟုသုတတွေ တစ်ပြည်လုံးရလာကြတယ် မဟုတ်လား ၊ ဒါဟာ အမြတ်ပေါ့ ။ ပြီးတော့ သပိတ်လှန်လိုက်ရုံနဲ့ တို့က လွတ်လပ်ရေးတိုက်ပွဲလည်း ရုပ်သိမ်းလိုက်တာ မဟုတ်ဘူး ၊ ဒီပြင်နည်းတွေနဲ့ စခန်းသွားကြမှာပဲ ။ ပြီးတော့ ဒီ အရေးတော်ပုံကြောင့် လူထုတွေ ဘယ်လောက် စည်းရုံးကြသလဲ ။ တို့ကျောင်းသားသမဂ္ဂ အင်အား ပိုကြီးလာတယ် ၊ ပိုကျယ်ပြန့်လာတယ် ။ ခု တို့သမဂ္ဂဟာ ရွာကြီးတွေကိုတောင် ရောက်နေတယ် ။ တောင်သူလယ်သမား အစည်းအရုံးကြီးတွေ ပေါ်လာတယ် ၊ အလုပ်သမားအစည်းအရုံးတွေ ပေါ်လာတယ် ။ ခု ဗမာနိုင်ငံလုံးဆိုင်ရာ တို့ဗမာအစည်းအရုံးကြီးကလည်း မော်လမြိုင်မှာ ညီလာခံ ခေါ်ဦးမယ် ။ ခုအရေးတော်ပုံကြီးကြောင့် နိုင်ငံရေးမှာ အလုပ်သမားတွေ ၊ ကျောင်းသားတွေသာ တကယ့်ထိရောက်တဲ့ အင်အားစုတွေ ဖြစ်တယ်ဆိုတာ ပြလိုက်တယ်မဟုတ်လား ”

“ ခုနေခါမှာ သပိတ်မှောက်တာ လှန်တာက အဓိက မဟုတ်ဘူး ။ ညွန့်ပေါင်းအစိုးရ ပြုတ်ကျတာ ၊ မောင်ပု အစိုးရတက်တာ ဒါတွေက အဓိက မဟုတ်ဖူး ။ အမှန်က ဒါတွေဟာ ဘုရင်ခံ မျက်နှာဖုံး ပြောင်းတာလောက်ပဲ ရှိတယ် ။ အဓိက အလုပ်က တို့တစ်တွေ စိတ်မပျက်ဖို့ ၊ တို့တစ်တွေ ဆက်လက် ညီညွတ်ဖို့ ၊ ယခု အရေးတော်ပုံတွင်းမှ နိုင်ငံရေးရဲ့ အထိရောက်ဆုံး အင်အားစုအဖြစ်နဲ့ ပေါ်ထွက်လာတဲ့ အလုပ်သမား ၊ လယ်သမားနဲ့ ကျောင်းသားထုတွေရဲ့ အင်အားကို မပျက်အောင် လုပ်ဖို့ ၊ အစည်းအရုံး ပိုမိုခိုင်မာအောင် စနစ်ကျအောင် လုပ်ဖို့ဖြစ်တယ် ”

ကိုထွန်းရှိန် သည် စီးကရက်တစ်လိပ်ကို မီးညှိ၍ မှိန်းပြန်သည် ။

ကိုအေးငွေ -
“ အင်း သန်းတင် တို့ လူစုကတော့ တို့ရဲ့ အောင်မြင်မှုတွေကို မေ့တာ ၊ မလုပ်ခဲ့ရင် ကောင်းမှာပဲလို့ ဆိုနေတာတွေဟာ သတ္တုချကြည့်လိုက်တော့ ရှေ့ဆက်လုပ်ငန်း မလုပ်အောင် ၊ စိတ်ဓာတ်ပျက်အောင် သွေးကွဲအောင် လုပ်တာသက်သက် ဖြစ်နေတာပဲ ”

သုံးယောက်သား ကိုယ့်အတွေးနှင့်ကိုယ်တွေးရင်း ငြိမ်နေကြလေသည် ။

လေရူးတသုန်သုန် ဆော်မြူးလာသည် ။ လှိုင်းလုံးကလေးများသည် တဖျပ်ဖျပ် ရိုက်ခတ်နေကြ၏ ။ ပြာနုရောင် ရေမျက်နှာပြင်မှာ နေခြည်သည် ပြိုးပြိုးပြက်ပြက် ရောင်ပြန်လက်၍နေသည် ။

ကိုထွန်းရှိန် က ထိုင်ရာမှ ထရင်း -

“ ကဲ ပြန်ကြဦးစို့ရဲ့ ၊ ကိုယ်က ကိုဘဟိန်း နဲ့ အတူ ရွှေတိဂုံအလုပ်သမားသပိတ်စခန်းကို သွားရဦးမယ် ”

ကျွန်တော်သည် နွားနို့ပုလင်းလွတ်များကို လွယ်အိတ်ထဲမှာထည့်သည် ။

ကိုအေးငွေ စပို့ရှပ်ကို ခေါင်းပေါ်မှ စွပ်ချရင်း -

“ မိုင် ၄ဝဝ ချီတက်အင်အားပြခဲ့တဲ့ ရေနံသပိတ်တပ်သားတွေရဲ့ ဇွဲကို ချီးကျူး မှတ်တမ်းတင်လောက်တယ် ။ ပြီးတော့ ခုထိ ကြံ့ကြံ့ခံကျန်ရစ်တဲ့ သပိတ်တပ်သားတွေဟာ သံမဏိနဲ့ လုပ်ထားတဲ့ အသည်းနှလုံး ရှိတယ်လို့ ဆိုရမှာပဲ ။ တစ်နေ့က အာဠာဝက သခင်ဘိုးလှကြီး နဲ့ သပိတ်သမား ၈ဝ ဓနိတော ဘီအိုစီ နဲ့ အိုင်ဘီပီ အပေါက်ဝမှာ သပိတ်တားရင်း အဖမ်းခံရတယ် ။ နောက်တစ်နေ့ကျတော့ အဖမ်းမခံရဘဲ ကျန်ရစ်တဲ့ ရေနံသပိတ်သမားတွေဟာ ကုမ္ပဏီရုံးကြီးများကို သပိတ်တားရင်း ပုလိပ်နံပါတ်တုတ်နဲ့ အရိုက်ခံရတယ် ။ ဒါပေမဲ့ ကျန်တဲ့လူက ဆက်လုပ်နေတာပဲ ”

ကျွန်တော်တို့သည် စကားတပြောပြောနှင့် သမဂ္ဂအဆောက်အအုံသို့ အဓိပတိလမ်းအတိုင်း ပြန်ခဲ့ကြလေသည် ။ 

◾သိန်းဖေမြင့်

📖 အရှေ့ကနေဝန်းထွက်သည့်ပမာ

koaungnaingoo.blogspot.com

.

No comments:

Post a Comment