❝ ငှက်ပျောသီး ထမ်းသမား ဘဝ ❞
ဦးသိန်းတန် ဇာတ်အဖွဲ့မှာ တစ်နှစ်လောက် လိုက် အပြီး ၊ အငြိမ့်တွေ နဲ့ တစ်ဖန် ပြန် ဝေးသွားရပြီ ။ ကြုံရာ ကျပန်း လုပ်ရ ပြန်ရော ။ သီရိမင်္ဂလာဈေး မှာ ငှက်ပျောသီးထမ်းတဲ့အလုပ်သမားဘဝ ရောက်ပြန်ရောဗျ ။ မိဘ အတွက် ဆိုရင် အရိုးများသလေး ချေးခါးသလေး နဲ့ လုပ်နေဦးမှာ ။ ကိုယ်တိုင် မိဘနေရာ ရောက်တော့မှ မလုပ်လို့လည်း မရဘူးလေ ။ လူကောင် က သေးသေး ၊ ငှက်ပျောခိုင်တွေက ကြီးကြီး ၊ တစ်ခိုင် ကို ငါးမူး ရတယ် ။ ရှေ့ နှစ်ခိုင် ၊ နောက် နှစ်ခိုင် ဆိုတော့ နှစ်ကျပ် ရတယ်လေ ။ သားသမီးတွေ အတွက် လောဘ တက်ပြီး ၊ မရ ရအောင် ထမ်းတယ် ။ ရေကျချိန်ဆို သေရောပဲ ။
ဟိုး .. ရေစပ် သမ္ဗန်ပေါ်ကနေ ကုန်းပေါ်ကို ဆွဲ ၊ ပေါင်လယ်လောက် နက်တဲ့ ရွှံ့ထဲက ငှက်ပျောခိုင် နဲ့ ရုန်း လိုက်ရတာ.. ဘာပြောကောင်းမလဲ .. ပုလင်းကွဲ ရှ .. ဝါးငုတ်တို စူး နဲ့ .. ဘာပဲ စူးစူး .. ဘာပဲ ရှရှ ... ပိုက်ဆံ ရဖို့ အဓိက ဖြစ်နေတော့ ရုန်းရမှာပဲလေ ။
ငှက်ပျောထမ်း အလုပ်သမားဘဝ လုပ်နေရင်း ပွဲစား အတွေ့အကြုံလေးတွေကို ကျွန်တော့် အလုပ်ရှင် စိန်ဝင်းမောင် ဆီက တစ်ဆင့် သိရပြီး ၊ ကျွန်တော် အရေခွံ လဲပြန်ပြီ ၊ ငှက်ပျောပွဲစား ဘဝပေါ့လေ ။
ပွဲစား ဆိုလို့ အထင်တော့ မကြီးလိုက်ပါနဲ့ ။ ကုန်သည်တွေကို ပါးစပ်နဲ့ ချုပ်တာ ။ သူတို့က ကျွန်တော့်ကို ယုံတယ်လေ ။ ကျွန်တော့်ဆီ သူတို့ ငှက်ပျောကုန်တွေ အပ် ၊ ကျွန်တော်က ရန်ကုန်မြို့မှာရှိတဲ့ ဈေးပေါင်းစုံ က ဆိုင်တွေကို တစ်ဆင့် ပြန်ရောင်းပေး ၊ ပထမ ဝယ်ထားတဲ့ ငှက်ပျောဖိုးတွေ အရင်ရှင်း ၊ ပထမရှင်းတဲ့ ငွေကို ကုန်သည်တွေ ပြန်ပေး ၊ အဲဒီထဲကမှ တစ်ဖီးကို ဘယ်လောက် အခိုင်ရေ ၊ ဘယ်မျှ တွက်ပြီး ၊ ကော်မရှင်ခ ဖြတ်ယူ ။
သဘောကတော့ သူများ ငှက်ပျော ကို ပါးစပ်နဲ့ ရောင်းပေးပြီး ဈေးတကာ အကြွေးလိုက် တောင်းပေးပြီး မှ ရောင်းပေးခ ယူပေါ့ ... ဒီ သဘောပါပဲ ။ တစ်ခါတလေ ကိုယ့်လက်ထဲ ငွေစလေး အနည်းငယ် ရှိရင်ပဲ တခြား လူတွေဆီ က ငှက်ပျောတွေကို ဖြတ်ဝယ်ထား ၊ ဝယ်တဲ့လူ လာတော့ မူလဝယ်ဈေးထက် နည်းနည်း ပိုတင်ရောင်း ၊ အရင်းရော ၊ အမြတ်ပါ တစ်ခါတည်း ငွေပေါ်တာပေါ့ ။
ကုန်သည်တွေ အချိန်တန်လို့ မရောက်လာရင် ကိုယ်တိုင် နယ် ဆင်းဝယ် ၊ ပြန်ရောင်း နဲ့ မိသားစု စားဝတ်နေရေး ကို တစ်မျိုးတစ်ဖုံ လုပ်ရပြန်ရောဗျာ .. ။ တချို့ကုန်သည်တွေက လူလည် တွေဗျ ။ ကျွန်တော့်ဆီက ငွေ ကြိုတင် ယူပြီး ၊ ငှက်ပျောတွေ ကျတော့ ကျွန်တော့် ထက် ဈေးပိုပေးတဲ့ လူဆီ သွ ားရောင်းရင် ရောင်း ၊ မရောင်းရင် ငွေယူပြီး မလာတော့ဘူး ၊ မကြာခဏ ငွေလိမ်ခံရသေးတယ် ။ ဒီကြားထဲ စာရေးတာ ဝါသနာပါတော့ ကက်ဆက် ဇာတ်လမ်းလေးတွေက ခေတ်စားချိန် ဆိုတော့ ရေးလိုက်သေးသဗျာ ။ “ အမေနွဲ့တို့ ကတဲ့ အဖွဲ့” ဒေါ်မေနွဲ့ကြီး နဲ့ပေါ့ ။ ဦးအံ့ကျော် နဲ့က ... အဲ .. နိုင်လင်း ပါသေးတယ် ။
“ မျက်ရည်လေးတွေ စုထားမယ် ” ၊ “ အချစ်မှတ်တိုင် ပါတယ် ” ။ အဲဒီ ကက်ဆက်ဇာတ်လမ်း တစ်ခေတ်မှာ ဦးနီ ( မင်္ဂလာစိန် တေးသံသွင်း ) အတွက် ကိုကျင်ထွန်းအောင် က စီစဉ်ပေးပြီး ၊ ကျွန်တော်က ရေးပေါ့ ။ ကိုကျင်ထွန်းအောင် ဆိုတာကလည်း တခြားလူ မဟုတ်ဘူး ၊ တွံတေးဦးသိန်းတန် ရဲ့ တူအရင်း ဧရာ နဲ့ စသိပြီး ၊ သူ မိတ်ဆက်ပေးလို့ ရေးဖြစ်တာ ။ ကျွန်တော့် သား နဲ့ ညီ တွေကို ဇာတ်လမ်း ( ၁၀ ) ပုဒ်ရေး ၊ တစ်ပုဒ် ကို နှစ်ရာ ၊ ရတဲ့ ငွေနှစ်ထောင် နဲ့ ရှင်ပြုပေးလိုက်တယ် ။
အဲဒီ အချိန်မှာ ဝဇီရာ ပြဇာတ်တွေ ကနေပြီ ။ မေတ္တာ ၊ ကွမ်းသီး တို့ အရှိန်တော်တော်လေး ရနေပြီ ။ ဗွီဒီယိုတွေ ၊ ဘာတွေ ပါ ရိုက်နေပြီ ။ သူ က နေတဲ့ ဝဇီရာရုံ ကို သူ့ ဖိနပ်အိတ် ဆွဲပြီး လိုက်သွားတယ် ။
“ က ချင်လိုက်တာ ဗျာ .. မပြောပါနဲ့တော့ ၊ ကိုယ် နဲ့ သိတဲ့ လူကလည်း မရှိဘူးလေ ။ ကိုမေတ္တာ ကတော့ မုန့်ဖိုး တစ်နေ့ ငါးဆယ် , တစ်ရာ ပေးပါတယ် ။ ကျွန်တော်လည်း ပွဲစား အလုပ်ကို စွန့်ပြီး ၊ သူ့ နောက် လျှောက်လိုက်နေတော့တယ် ။
◾ ကျော်ထူး
📖 လူပြောများတဲ့ လူပေါကြီး
koaungnaingoo.blogspot.com
.
No comments:
Post a Comment