Thursday, October 7, 2021

ချစ်သူ ဟောစာတမ်း


 

❝ ချစ်သူ ဟောစာတမ်း  ❞

ဒီလိုလေ ကိုကို ရဲ့ . . မဦး က ( ၁၃၂၅ ) ဖွား ဆိုတော့ ခုနစ် နဲ့ စားရင် ခုနစ် တစ်လီ ခုနစ် ၊ ဆယ့်သုံးထဲက ခုနစ် နုတ် ခြောက်တင် ဆိုပြီး လက်ဝါးပေါ်မှာ ဆော့ဖ်ပင် နဲ့ တွက်တယ် ။

“ နှစ် ကြွင်းတယ် မဟုတ်လား ”

“ အင်း ... ”

“ နှစ် ဆိုတော့ တနင်္လာကြီးပေါ့ ၊ ဒီတော့ ကြီး ပွဲ , အောင် , လံ, ထူ , စစ် , သူ ... ”

မျဉ်းကြောင်းတွေနဲ့ အကွက်ဖော်ထားတဲ့ မဟာဘုတ် တိုင်မှာ ဖြည့်ပြီး ...

“ အဓိပတိ ဖွားပေါ့ ”

“ မသိဘူးလေ ”

“ အို ... ကိုကို က ၊ ဟိုတစ်ခါလဲ ပြပြီးပြီ "

“ မေ့သွားလို့ပါ "

“ ကဲ .. ပြန်ကြည့် ၊ ဒီမှာ ပုတိ , ဘင်္ဂ , မရဏ , အထွန်း , သိုက် , ရာဇ , အဓိပတိ ”

" အင်း .. သိပြီ ”

“ ကဲ ... ကိုကို က ( ၁၃၂၃ ) ခုနှစ် ဖွား ဆိုတော့ ခုနစ် နဲ့ စားရင် ဘယ်လောက် ကြွင်းလဲ ”

တွက် ဝမနေတော့ဘဲ ပါးစပ်ထဲတွေ့ကရာ ...

“ ဘယ်လောက် မှ မကြွင်းဘူး ” လို့ပြောလိုက်တယ် ။

သို့ပေမယ့် ...

တကယ်လည်း အကြွင်းမရှိဘူးလေ ။

“ ဟုတ်ပြီ ၊ ဒါဆို သုညကြွင်းတယ်လို့ ခေါ်တယ် ကဲ ... ဒီတော့ ကိုကို က အင်္ဂါသား မဟုတ်လား ၊ ဘာဖွားလို့ ခေါ်မလဲ "

“ ဟို .. ဟိုဥစ္စာ အနိစ္စ ဖွား ”

“ ဘယ်ကလာ အနိစ္စ ရမှာလဲ ၊ မရဏ ဖွားပါ ”

“ အဲဒီတော့ ဘာဖြစ်သလဲ ”

“ မရဏမင်းလောင်း ရွှေထီးဆောင်း တဲ့ ၊ ငယ်ငယ်က သေရင်သေ မသေရင် ကြီးလာတော့ ရွှေထီးဆောင်းရတတ်တယ် ”

“ ဪ .. အသက်ကြီးမှ ရှင်ပြုရတဲ့ ဇာတာပေါ့ "

“ ကိုကို ကလဲ မနောက်ပါနဲ့ ”

°°°°°   °°°°°   °°°°°

“ ကိုကို ဗေဒင်ကို ယုံသလားဟင် ”

“ ယုံတယ်, မယုံဘူး မဟုတ်ဘူး ၊ ဝါသနာ မပါတာဘဲ ရှိတယ် ”

“ မဦး တော့ ယုံတယ် "

“ သိပ် ယုံလွန်းတော့လဲ မကောင်းဘူး "

“ ယုံသင့်လို့ ယုံတာပေါ့ ၊ အံ့ဩ စရာကောင်းလောက်အောင် မှန်တာတွေ ရှိခဲ့တာပဲ ”

“ တိုက်ဆိုင်မှုတွေပါ ”

“ အမေရိကန်သမ္မတ ကနေဒီ လုပ်ကြံခံရမယ် ဟောတဲ့ကိစ္စ ၊ အပိုလို ( ၁၃ ) ပျက်ကျမယ်လို့ ဟောတဲ့ကိစ္စ ၊ နောက်ပြီး နော်စတာဒေးမတ် ရဲ့ကမ္ဘာကျော် ဟောကိန်းတွေ ၊ ခရစ်ရှာနားမူရတီ ရဲ့ အံ့ဖွယ်ဪပညာစွမ်း ... "

“ မဦး ရယ် ... ကမ္ဘာပေါ်မှာ တစ်နေ့တစ်နေ့ အဖြစ်အပျက်ပေါင်း ကုဋေနဲ့ချီပြီး ဖြစ်နေတာ ၊ တစ်ခုမဟုတ် တစ်ခုကတော့ သူတို့ ဟောပြောချက်တွေနဲ့ တိုက်ဆိုင်မှု ရှိတာ မဆန်းပါဘူး ”

“ ကိုကို ဗေဒင်ပညာကို အထင်သေးတာကိုး တကယ်ကြုံလာမှ ယုံမယ် ၊ ကြည့်နေ ... "

°°°°°   °°°°°   °°°°°

“ ဒီနေ့ ... ပျင်းစရာကောင်းလိုက်တာကွာ ရုပ်ရှင်လေး ဘာလေး သွားကြည့်ရအောင် နေ့လယ်ပိုင်း အတန်းလစ်လို့ မဖြစ်ဘူးလား "

“ မလုပ်နဲ့ ဆရာ ၊ ဒီရက်ပိုင်း နည်းနည်း အသွားအလာ ဆင်ခြင်မှ ၊ အိမ်က ဖေဖေတို့မေမေတို့က ကိုကို့ ကို သိပ်သဘောကျတာ မဟုတ်ဘူး ”

“ ဘာဖြစ်လို့လဲ ”

“ ကိုကို က အနုပညာသမားမို့လို့တဲ့ ”

“ ဘာဆိုင်လို့လဲ "

“ အနုပညာသမားဆိုတာ ထင်ပေါ်ကျော်ကြားတတ်တယ် မဟုတ်လား နာမည်ကြီးတဲ့ လူဆိုတော့ သစ္စာမဲ့ဖို့ အခွင့်အရေး ပို ရတတ်တယ်တဲ့ ”

“ မဆိုင်တာပဲ ... အနုပညာသမားမှ မဟုတ်ဘူး အခြား လောကမှာလဲ သစ္စာမဲ့တတ်တဲ့ လူတွေ ရှိတာပဲ ၊ အနုပညာသမား ဆိုတော့ လူစိတ်ဝင်စားမှု ပိုများတယ်လေ ဒါကြောင့်သာ အနုပညာလောက ထဲက သစ္စာမဲ့မှုတွေကို လူသိပိုများနေကြတာပါ ၊ တကယ်တော့ စိတ်သာ ပဓာနပါလေ ၊ နောက်ပြီး ကိုကို က ထင်ရှားကျော်ကြားတဲ့ လူလဲ မဟုတ်ဘူး ၊ အညတြ ကဗျာဆရာ စာရေးဆရာလေးပါ ”

“ အဲဒီလို .. တွေးပြန်တော့လဲ အပြစ် မလွတ်ဘူး ၊ အနုပညာသမားတွေဟာ သိပ်တေကြပေကြတယ် ဆိုတာကိုး ”

“ ဒါကတော့ကွာ ... အနုပညာသမားဆိုတာ ဘဝမျိုးစုံကို သိအောင် လေ့လာရတာကိုး ၊ ဒါကြောင့် လူပေါင်းစုံနဲ့ ပေါင်းသင်းဆက်ဆံရတယ် ၊ လိုအပ်ရင် သူတို့နဲ့ အတူစား အတူသွားနေရတယ် ၊ ဒါကို တေတယ် ပေတယ် ပြောကြတာပေါ့ ”

“ စာရေးဆရာဆိုတာ ဆင်းဆင်းရဲရဲတွေက များတယ်လို့လဲ ပြောသေးတယ် "

“ စာရေးဆရာတိုင်း မဟုတ်ပါဘူးလေး အနောက်နိုင်ငံတွေမှာဆိုရင် စာအုပ်တစ်အုပ်ကို သန်းချီပြီး ရတဲ့ စာရေးဆရာတွေ ရှိတာပဲ ၊ အနုပညာသမားဆို ဦးစားပေးကြတာချည်းပဲ ”

“ နိုင်ငံခြားအကြောင်းတွေ ပြောမနေနဲ့လေ ၊ ဒီမှာတော့ စာရေးဆရာအများစုဟာ ဆင်းရဲကြတယ် မဟုတ်လား ”

“ ဘာလဲ မဦး ကပါ စာရေးဆရာကို အထင်သေးနေပြီလား ”

“ မဦး ကတော့ ဆင်းရဲချမ်းသာတာ မကြည့်ပါဘူး ၊ အသည်းနှလုံးကိုပဲ ကြည့်တယ် ”

°°°°°   °°°°°   °°°°°

“ ဟို .. လူကြီး လာတယ် သိလား ”

“ ဘယ် လူကြီးလဲ ”

“ ဖေဖေတို့ မေမေတို့ သဘောတူတယ်ဆိုတဲ့ လူကြီးလေ ”

“ ဪ .. ဆရာဝန်လား ”

“ ဟုတ်တယ် မဦး ဖြင့် သိပ်စိတ်ညစ်တာပဲ ”

“ သူ့ဖာသာ လာတာ ဘာစိတ်ညစ်စရာ ရှိလို့လဲ ”

“ မဦး သူနဲ့ စကား မပြောချင်ဘူး ၊ သိပ်စကားကြီး စကားကျယ် ပြောတတ်တယ် ၊ ဒါနဲ့ ခေါင်းကိုက်တယ်ဆိုပြီး ဝင်အိပ်နေလိုက်တယ် ”

“ ဧည့်သည်ကို ဒီလို မဆက်ဆံရဘူးလေ ”

“ ကိုကို နော် တော်တော်သဘောကောင်းနေ တော်ကြာ သူ့နောက် ပါသွားမှ ”

“ သူက မင်းကို ချစ်ရှာသားပဲဆို ”

“ တော်စမ်းပါ ၊ အဲဒီ လူကြီးကို မုန်းတယ် "

“ ဘာလို့လဲ ၊ အသက်ကြီးလို့လား ၊ ကိုကို ထက်တောင် ချောသေး ခန့်သေးဆို ”

“ သွားစမ်းပါ ချောတယ် ခန့်တယ် ဆိုပေမယ့် ကိုကို့ မျက်နှာလို မရိုးသားဘူး ၊ မာနကြီးတာလဲ သိသာတယ် ၊ နောက်ပြီး သူက သူ့ကိုယ်သူလဲ အထင်ကြီးနေသေးတယ် ၊ သူနဲ့ လက်ထပ်မယ့် မိန်းကလေးဟာ တစ်ခါမှ ချစ်သူ မထားဖူးတဲ့သူ ဖြစ်ရမယ်တဲ့ ”

“ ကိုကို့ အကြောင်းသာ သိသွားရင် သူ့ကိုယ်သူ သတ်သေမလား မသိဘူးနော် ”

“ အံမယ် သူက မဦး ကို မဟာသိပ္ပံ ဆက်တက်ချင်လဲ တက်ပါတဲ့ သူ စောင့်ပါမယ်လို့ပြောသေးတယ် ၊ သူ့ကို ယူမယ်များ မှတ်နေသလား မသိဘူး ”

°°°°°   °°°°°   °°°°°

“ ဆန်းဒေးတုန်းက ဆရာ့ဆီ ရောက်သေးတယ် ”

“ ဘယ်က ဆရာလဲ မဦး တို့ဌာနကလား ၊ စာသွား မေးတာလား ”

“ ဘယ်ကလာ ဌာနက ဆရာရမှာလဲ ၊ အာတပ္ပနသုတေသီဆရာ သွေးထွက် မောင်မောင်ထွန်း ကို ပြောတာ ”

“ ဟိုက် .. နာမည်က ကြောက်စရာကြီးပါလား ”

“ သူ ဟောလိုက်ရင် သွေးထွက်အောင် မှန်လို့ ဒီနာမည် ရလာတာပဲ ”

“ ကိုကို့ မကောင်းကြောင်း ၊ သူက ပြောသေးလား ”

“ အင်းပေါ့ ... မဦး ကို ပြောတယ် ၊ မဦး အမျိုးသားက လူကတော့ လူတော်လူသွက်တစ်ယောက်ပါပဲတဲ့ ၊ ဒါပေမယ့် သစ္စာ မရှိဘူး ၊ ဖောက်ပြန်လိမ့်မယ်တဲ့ ”

“ အဲ ... "

“ ဟုတ်တယ် ၊ ကိုကို က စပြီး ဖောက်ပြန်မယ်လို့ ပြောလိုက်တယ် "

“ ဟာ ... ဒါတွေတောင် သူက သိနေပြီလား ”

“ ကိုကို နော် .. ကဲ .. ကိုကို့ လက်ဝါး ပြစမ်း ၊ တွေ့လား သောကြာ ခါးပတ်ပါတယ် ၊ ဂြိုဟ်ခုံလဲ မောက်တယ် ၊ မေတ္တာလမ်းကြောင်းကလဲ ပြတ်နေတယ် ”

“ ထီးရိုး ကကော စတီးလ်ကိုင်းလား ၊ ဒန်ကိုင်းလား ”

“ မနောက်နဲ့ ၊ ပြီးတော့ ဆရာက ပြောလိုက်သေးတယ် ၊ မဦး ဟာ ချစ်ဦးသူ နဲ့ လွဲလိမ့်မယ်တဲ့ ”

“ ဟုတ်သားပဲ ၊ မဦး အရင်ရည်းစားနဲ့ လွဲပြီးပြီ မဟုတ်လား ”

“ ကိုကို ဒါမျိုး မပြောနဲ့နော် ၊ တစ်သက် မှာ တစ်ယောက်ပဲဆိုတာ ကိုကို သိသားနဲ့ ”

“ အေးကွာ .. ဗေဒင်ဆရာတွေကလဲ ကိုကို့ ကို တစ်ယောက် မှ အကောင်း မပြောကြပါလား ၊ မဦး ကကော သူတို့ ပြောတာတွေ ယုံလို့လား ”

“ ကိုကို စဉ်းစားကြည့်လေ ၊ မဦး လဲ ယုံရမလို ဖြစ်နေတာပေါ့ ။ ဗေဒင်ဆရာ သုံးယောက်လောက်က ပြောတာ တစ်ထပ်တည်းပဲ ဖြစ်နေတာကိုး ၊ အင်္ဂဝိဇ္ဇာဆရာစိုး ဟောတာလဲ ဒီအတိုင်းပဲ ၊ ပုဏ္ဏားဆရာလေး ဟောတာလဲ ဒီလိုပဲ ၊ မေးတဲ့လူတိုင်းက ဒီလိုပြောနေတော့ မခက်ဘူးလား "

“ မဦး ကပါ ကိုကို့ ကို မယုံတော့ဘူးပေါ့လေ ”

“ ယုံတော့ ယုံပါတယ် ”

“ ကြည့်လဲ လုပ်ပါဦး မဦး ရယ် ၊ လူပျိုကြီးကို တစ်လအတွင်း မိန်းမရမယ် ပြောပြီး မရတော့ ၊ သူ့ဗေဒင်မှန်အောင် နှမ နဲ့ ပေးစားလိုက်ရတဲ့ ဗေဒင်ဆရာကြီးလို ဖြစ်နေပါဦးမယ် ၊ တော်ကြာ မ ကို ဟောတဲ့ ဗေဒင်ဆရာက ချစ်ဦးသူနဲ့ မလွဲ လွဲအောင် သူကိုယ်တိုင် မဦး ကို ယူလိုက်လို့ ခက်နေပါဦးမယ် "

“ ကိုကိုနော် ... ဆွဲဆိတ်လိုက် မယ် သိလား ”

°°°°°   °°°°°   °°°°°

“ ကိုကို ဗိုလ်တစ်ထောင်ဘုရား လိုက်ပို့ပါနော် ”

“ ဗိုလ်တစ်ထောင်က ဝေးပါတယ် ။ ရွှေတိဂုံသွားပါလား ”

“ မရဘူး ၊ မြစ်ကမ်းနဖူးပေါ်က ဘုရားကို သွားရမှာတဲ့ ”

“ ဘယ်သူက ပြောတာလဲ ”

“ ဆရာ သွေးထွက် မောင်မောင်ထွန်း က ”

“ ဟာ... ဒီဆရာ ဘာ ရှုပ်ပြန်ပြီလဲ ”

“ ကိုကို့ အတွက်ပါ ၊ ယတြာလုပ်မလို့ ”

“ ဘာတွေ လုပ်ရမှာလဲ ”

“ အင်္ဂါထောင့်မှာ ကိုကို့ အတွက် ဖယောင်းတိုင် သက်စေ့ ၊ ရေ သက်စေ့ လှူရမယ် ၊ ဆီးသား နဲ့လုပ်ထားတဲ့အရုပ်ကို မဦး ခေါင်းအုံး အောက် မှာ တစ်ညထားအိပ်ပြီးတော့ မြစ်ထဲမှာ မျှောလိုက်ရမယ် "

“ ဘာ သဘောလဲ ”

“ ဒီလိုလေ ... ကိုကို က အင်္ဂါသား မဟုတ်လား ၊ ကိုကို့ ကိုယ်စား ဆီးသား နဲ့ လုပ်ထားတဲ့ အရုပ်ကို ရေထဲ မျှောလိုက်ရင် ကိုကို နဲ့ မဦး နဲ့ ပြတ်သွားပြီဆိုတဲ့ သဘော ၊ မဦး နဲ့ ချစ်ဦးသူ နဲ့ လွဲသွားပြီဆိုတဲ့ သဘော ကိုကို က ဒုတိယလူ ဖြစ်သွားပြီလေ ၊ မဦး နဲ့ မလွဲတော့ဘူးလေ "

“ ဖယောင်းတိုင် ထွန်းရုံ ၊ ဆီးသားအရုပ်ရေမျှော်ရုံနဲ့ လူတစ်ယောက်ရဲ့ ဘဝကို ပြောင်းလဲသွားစေနိုင်တယ်ဆိုတာ ကိုကို မယုံဘူး ၊ တယ်တော့ ဒါတွေဟာ စိတ်ဖြေတဲ့နည်းတွေပါ ၊ ကိုယ့်စိတ် ကိုယ် နိုင်ရင် ယတြာလဲ မလိုဘူး ”

“ ဘာပဲ ဖြစ်ဖြစ်လေ ၊ စိတ်ဖြေတယ်ပဲ ပြောပြော ၊ မဦး စိတ်ချမ်းသာအောင် .. ကိုကို ဘုရားကို လိုက်ပို့နော် ”

°°°°°   °°°°°   °°°°°

ယတြာ မကျေပါ ။

မဦး နဲ့ ကိုကို လက် မထပ်ဖြစ်ခဲ့ပါ ။

မဦး ကို မေ့လိုက်ပါတော့ ဆိုတဲ့ စာတစ်စောင် ...

တစ်‌ေန့မှာ ကိုကို ရရှိခဲ့ပါတယိ ။

မဦး နဲ့ သူ့မိဘ သဘောတူတဲ့ သူနဲ့ လက်ထပ်လိုက်ပါတယ် ။

အဲဒီလူက မဦး မကြာခဏ ပြောတဲ့ ဆရာဝန် ဆိုတဲ့လူ မဟုတ်ပါ ။ အာတပ္ပန သုတေသီ သွေးထွက် မောင်မောင်ထွန်း ဆိုတဲ့ ဆရာ ကိုယ်တိုင် ပါပဲ ။

ဟုတ်ပါ့ ..

ကဗျာဆရာ မပြောနဲ့ ဆရာဝန် ဆိုတာတောင် ခုချိန်မှာ ... သိပ်စားသာတော့တာမှ မဟုတ်ဘဲ ။

မောင်မောင်ထွန်း ဆိုတာကတော့ မဦး တို့အဖေရဲ့ အလုပ်အကိုင်ကိစ္စမှာ အံ့ဩ စရာကောင်း လောက်အောင် ဓာတ်ဆင် နိုင်ခဲ့သလို မဦး တို့ အမေရဲ့ စီးပွားရေးလုပ်ငန်းမှာလည်း သူ အခါပေးတဲ့အတိုင်း လုပ်ခဲ့တာ တစ်ဟုန်ထိုး တိုးတက်ခဲ့လေရဲ့  ။

သူ့ ဝင်ငွေကလည်း နှုတ်ဟော ငါးဆယ်ကျပ် ၊ အထူး တစ်ရာ ၊ ဟောစာတမ်း ငါးရာ ၊ တစ်သက်စာ အသေးစိတ် ဟောစာတမ်း ငါးထောင် ။ မေးချင်လျှင် တစ်ရက် ကြိုတင် တိုကင် ယူရတယ် ။

မေးချင်တဲ့ လူတွေ ကြိတ်ကြိတ်တိုးနေလို့ တစ်နေ့ကို လူသုံးဆယ်ပဲ လက်ခံတယ် ။ ဥပုသ်နေ့တိုင်း အထူးအရေးကြီး ပုဂ္ဂိုလ်တွေကိုပဲ ဟောတယ် ။

နာမည် ကြီးမယ်ဆိုလဲ ကြီးလောက်ပါတယ် ။

နာမည် နဲ့ လူ နဲ့ လဲ လိုက်ပါတယ် ။ မဦး ကို ချစ်ဦးသူ နဲ့ လွဲမယ် ဟောလိုက်တာ ကွက်တိ မှန်တာကိုး ။

သွေးထွက်အောင် မှန်တယ်လေ ။

◾ မင်းလူ

📖  ပန်းဝေသီ မဂ္ဂဇင်း
       ၁၉၈၉ ခု ၊ မတ်လ

koaungnaingoo.blogspot.com

.

No comments:

Post a Comment