Sunday, October 3, 2021

သီပေါဘုရင် နှင့် ရနောင်မောင်မောင်တုတ် ( ၅ )


 

❝  သီပေါဘုရင် နှင့် ရနောင်မောင်မောင်တုတ်  ❞ ( ၅ )

အဲသည် အချိန်တုန်းက နေပြည်တော် မှာ နေထိုင်ကြသည့် ပြည်သူပြည်သားအများဟာ ကပ်သင့်နေသလား ဆိုတာလောက် ပြောကြရအောင် ဖြစ်နေသည် ။ နေပြည်တော် တစ်ဝန်း တစ်ပြင်လုံးမှာလည်း မီးခိုးတလူလူနဲ့ ဖြစ်နေ၏ ။ လူနေရပ်ကွက်တိုင်းလိုလိုပင် မီးလောင် မခံရသော ရပ်ကွက်ဟူ၍ မရှိသလောက်ပင် ။ သည်ကြားထဲ ရာသီဥတုကလည်း ဖောက်ပြန်လာသည် ။

မိုးရွာချိန်တန်ပြီး မိုးပေါက်ကလေးမျှပင် မကျရောက်ဘဲ ရှိနေသည် ။ အပူရှိန်ကလည်း အညာဒေသ ၏ စံချိန်ထက် ပိုလာသည် ။ မိုးရွာမည့် အရိပ်အယောင် နည်းနည်းမျှ မတွေ့ရ ။ မိုးကောင်းကင်ပြင် တစ်ခုလုံး ကြည်လင်နေ၏ ။ ပြာလဲ့နေသော ကောင်းကင်ပြင် တစ်ခုလုံးတွင် မိုးသားမိုးရိပ် အရိပ်အမြွက်ပင် မရှိ ။ မိုးလင်းပြီဟေ့ ဆိုကတည်းက ပူလိုက်သည့် အပူ ၊ ညနေ နေဝင်သွားသည့်တိုင် အပူရှိန်က လျော့သည်ဆိုရုံသာ ရှိ၏ ။ အိုက်စပ်စပ်က ဖြစ်နေမြဲ ။ ပူပေမယ့် အိုက်ပေမယ့် အေးအေးဆေးဆေး နေလို့မရ ။ ခြင် ၊ မှက် ၊ ယင်ကောင်တွေကလည်း ဒုနဲ့ ဒေး ။ အနာရောဂါ ပေါများလာ၏ ။ လုပ်ငန်းကိုင်ငန်းလည်း ပျက်စီးလာ၏ ။ ဘာအလုပ်ပဲ လုပ်လုပ် မတိုးတက် မကြီးပွား ။ ရှိသည့်ငွေ အရင်းအနှီးသာ ကုန်၏ ။ လူလိမ်လူကောက် သူခိုးဓားပြများလည်း ပိုများလာသည် ။

မင်းညီမင်းသား မင်းသွေးများ မြေကျသဖြင့် ဤသို့ မိုးခေါင် ၊ ရောဂါကပ်ထူ စသည်များ ဖြစ်ကြရသည်ဟု ဆိုကြ၏ ။ မှူးမတ်များကလည်း ဘုရင်မင်းတရားကြီးကို တင်လျှောက်ကြသဖြင့် မင်းညီမင်းသားများကို မြှုပ်ထားသော လက် မရွံ့ထောင် မီးသွေးတိုက်ထဲမှ တွင်းကြီးကို ပြန်ဖော်ရသည် ။ ပြန်ပေါ်လာသော တွင်းကြီးထဲမှ အရိုးများကို မီးရှို့စေသည် ။ သည့်နောက် ရရှိလာသော လူရိုးပြာများကို ဧရာဝတီမြစ် အတွင်းသို့ ချကာ ရေမျှောစေ၏ ။ သည်နည်းအားဖြင့် မင်းညီမင်းသား ၊ မယ်တော်များ ၊ နှမတော် ၊ အစ်မတော်များ၏ ဘဝကို တစ်ဇာတ်သိမ်းစေသည် ။

သည်လိုနှင့် ဒုတိယ မီးလောင်မှု ခုနှစ်ကြိမ် ဖြစ်ပွားပြီး နှစ်ရက်အကြာ တန်ခူးလဆန်း ဆယ့်နှစ်ရက် နေ့လယ် ( ၁ ) ချက်တီး ( မွန်းလွဲ ၁၂ နာရီ ) ကျော်လောက်တွင် နေပြည်တော် ရွာဟိုင်းဈေး အနီးတွင် နေထိုင်သူ ငတိုး နေအိမ်မှ စပြီး မီးလောင်ပြန်သည် ။ သည်အချိန်တွင်မတော့ ရွာဟိုင်းဈေးရပ် မြင်းဝန်ကျောင်းတိုက် ၊ မဟာမြတ်မုနိ ဘုရားစောင်းတန်း တန်ဆောင်းပြာသာဒ် အချို့နှင့် အသောကာရာမ ကျောင်းတိုက် ၊ ဒက္ခိဏာရာမ ကျောင်းတိုက် များ မီးထဲ ပါသွားပြန်တော့သည် ။ သည်ကဲ့သို့ မီးအကြိမ်ကြိမ်လောင်မှု ဖြစ်ပွားသဖြင့် မီးဘေးဒုက္ခသည် ဆင်းရဲသားများအား တစ်အိမ်လျှင် ငွေနှစ်ကျပ် နှင့် ဆန်တစ်စိတ် ကျစီ ဝေငှပေးသည် ။ မီးသင့်၍ ပျက်စီးသွားသော မဟာမြတ်မုနိ စောင်းတန်း ၊ တန်ဆောင်း ၊ ပြာသာဒ်များကိုလည်း ပြုပြင်ရန် သီပေါဘုရင် က ငွေတော်များ ထုတ်ပေးသည် ။ အမြန် ဆောက်လုပ်လှူဒါန်းသည် ။

သည်အချိန်မှာ ရနောင်မင်းသား လည်း မယားတစ်ရာ ရှိတာကို အားမရသေးဘူး ။ ဟောတစ်ယောက် ဟောတစ်ယောက်နဲ့ သိမ်းပိုက်နေ၏ ။ သူလည်း ယူသည် ။ သီပေါဘုရင် ကိုလည်း ယူစေသည် ။ ယူရန် အားပေးတိုက်တွန်းသည် ။ အားပေးတိုက်တွန်းသည် ဆိုရာမှာလည်း မိဖုရားကြီး စုဖုရားလတ်ရှေ့တွင်ပင် မရှောင်ဘဲ အားပေးသည် ။ တိုက်တွန်းသည် ။

ဒါကို စုဖုရားလတ် က သဘောမကျ ။ သဘောမကျ ဆိုတာထက် ခါးခါးသီးသီး လက် မခံ ဆိုတာက ပိုမှန်ပေမည် ။ မိမိထက် အသက်လည်းကြီး နို့စို့ဖက်လည်း ဖြစ်သည်မို့ ကြည့်နေရသည် ။ တကယ်တော့ သဘောမတွေ့လှတော့ ။ ‘ တစ်ခါ နှစ်ခါ ရှိပါစေလေ ၊ မောင်တုတ်က ငါ့ကို စတာ ဖြစ်ချင် ဖြစ်မှာပါလေ ’ လို့လည်း စုဖုရားလတ် က တွေးကြည့်ဟန် တူရဲ့ ။ စိတ်ထဲက ခါးသီးပေမယ့် ခွင့်လွှတ်နိုင်သေးသည် ။ ဟော … ခုလို လက်ဆုပ်လက်ကိုင်နဲ့ သိလာရတော့ ၊ တွေ့လာရတော့ ဘယ်မိန်းမကကော သည်းခံနိုင်မတဲ့တုံး ။ သည်အရေးမှာ ဒင်း နဲ့ ငဖေငယ် နဲ့ တရားခံ ဖြစ်ရမှာပဲ ။

ဟို … ငဖေငယ် ဆိုတဲ့ ငယ်ကျွန်ကလည်း လူပုံက လူချောလူလှပါပဲ ။ ငါတို့လို မင်းမျိုး မင်းနွယ်ပဲ ။ ပင်းချင်းပင်းရင် မင်းမျိုးမင်းနွယ် ဖြစ်တဲ့ ငါ့ကိုပဲ ပင်းရမှာပေါ့ ။ ခုတော့ ဟို ကန္နီဝန် နဲ့ အပေါင်းအပါ လုပ်ကြပြီး ငါ့ကို ရွှေပလ္လင်က ဆွဲချဖို့ ကြံတဲ့အထဲမှာ ဒင်းလည်း ပါတာပဲ ။

စိတ်ထက်တဲ့ စုဖုရားလတ် ဟာ ဘယ်တော့မဆို မိမိအရေးကို ရှေ့တန်းတင်ဟန် ရှိ၏ ။ မင်းတရားကြီး ၏ အကျိုးကို ဖျက်ဆီးမည့်သူ ၊ မိမိအကျိုး ဖျက်ဆီးမည့်သူ မှန်သမျှကို အရွံမုန်းကြီး မုန်း၏ ။ မိမိ နှင့် ဘုရင်မင်းတရားကြီး နှစ်ဦးအား ကွဲကွာအောင် လုပ်မည့်သူဆိုလျှင် အမှုန့်ကြေအောင် ခြေပစ်မည့် စုဖုရားလတ် ပင် ဖြစ်သည် ။ ယခုလည်း မိမိ၏ အချစ်ဆုံးလင် သီပေါဘုရင် နှင့် ကန္နီဝန် ၏ သမီး ဒိုင်းခင်ခင် တို့၏ အချစ်ဇာတ်လမ်းတွင် ပါဝင်သည့်သူ အာလုံးကို ဖမ်းဆီးလိုက်စေသည် ။

ရနောင်မင်းသားကြီး ကိုတော့ အခြေအနေအရ မဖမ်းစေဘဲ ရှိနေ၏ ။ သီပေါဘုရင် ၏ အချစ်ဆုံး ငယ်သူငယ်ချင်း ၊ ဘုရင် ၏ နောင်တော် ဖြစ်နေသူ ရနောင်မင်းသား မောင်မောင်တုတ် ကို အကြောင်း တစ်စုံတစ်ရာ မခိုင်လုံဘဲနှင့် မဖမ်းသေးဘဲ လွှတ်ထား၏ ။ မိဖုရားကြီး အကြံကြီး ကြံနေခြင်း ဖြစ်သည် ။ သည်အရေးမှာ မိဖုရားကြီး စုဖုရားလတ်က တိုင်တားမင်းကြီး ကို မည်သို့မည်ပုံ စီရင်ရန် ညွှန်ကြားလိုက်သည် ။ သည်တော့ တိုင်တားမင်းကြီး က ရွှေလှံမြို့ဝန် နဲ့ ထပ်ဆင့် တိုင်ပင်ပြန်သည် ။ သည်မှာတင် ရွှေလှံမြို့ဝန်လည်း မောင်မောင်တုတ် ကို တစ်ချက်တည်းနဲ့ လဲသွားစေမည့် အကြံအစည် တစ်ခုကို ပြုလုပ်လိုက်သည် ။ သည်အကြံအစည်ကလည်း အတော်ကောင်း၏ ။ ဘယ်သူမှ မရိပ်မိတဲ့ နည်းဘဲ ။

မကြာမီ နန်းတော်တံခါး လေးပြင်လေးရပ်တို့၌ တိုင်းသူပြည်သားများအဖို့ တိုင်းပြည်၌ ဆိုးသွမ်းဟော့ရမ်း အကျင့်တန်သော မင်းမှူးမတ်တို့ အကြောင်း လျှို့ဝှက်စာများ ပေးလိုပါက ပေးနိုင်အောင် ရွှေသေတ္တာကြီးများကို ချထားလိုက်လေသည် ။

ရနောင်မောင်မောင်တုတ် နှင့် ပြိုင်ဖော်ပြိုင်ဘက်ဖြစ်သော ရွှေလှံမြို့ဝန်မင်း ဦးချိတ် သည် မိမိ ရလာတော့မည့် ကြီးမားသော တုံ့ပြန်မှုကို စောင့်စားနေ၏ ။ တစ်နေ့တွင်မတော့ မောင်မောင်တုတ် တစ်နည်းနည်းဖြင့် ငါ့လက်ထဲ ရောက်ရတော့မှာပဲလို့ တွေးနေ၏ ။ အခဲမကျေ ဖြစ်နေသော ရွှေလှံမြို့ဝန်မင်း သည် လူအူသုပ် နှင့် လက်ဖက်ရည်သောက် ဖိတ်သည်ကိုလည်း အမြဲ သတိရနေမိသည် ။

“ နေသေးသပ ငတုတ် ရယ် ၊ တစ်နေ့ မင်း ငါ့လက်ထဲက မလွတ်နိုင်ပါဘူး ” လို့လည်း တစ်ကြိမ်းတည်း ကြိမ်းနေသည် ။ သူတို့ရဲ့ ကံကြမ္မာက ခေနေပြီလို့ပဲ ဆိုရမလားပဲ ။

သီပေါဘုရင် သည် ဒိုင်းခင်ခင် အပေါ် မေတ္တာမိုးစွေလျက် ရှိသည် ။ ချစ်တာကလည်း အရမ်းပဲ ၊ တစ်နေ့ မတွေ့ရရင် မနေနိုင်လောက်အောင် ဘုရင်မင်းတရားကြီးခမျာ ဖြစ်နေရရှာသည် ။ နုနယ်ပျိုမြစ်သော ဒိုင်းခင်ခင် ၏ အတွေ့အာရုံကြောဝယ် သီပေါဘုရင် မှာ ဝပ်ဆင်းစ ပြုနေပြီ ထင်ပါရဲ့ ။ ဒိုင်းခင်ခင် နဲ့ တစ်နေ့ တစ်ခါတော့ အနည်းဆုံး တွေ့ဖြစ်အောင် ကြိုးစားနေသည် ။

သီပေါမင်း ခံစားနေရသော တစ်လင် တစ်မယား စနစ်ကို ဖျက်ပစ်ရန်သာ မောင်မောင်တုတ် က လှုံ့ဆော်ပေးနေသည် ။ အချိန်ရသရွေ့လည်း သီပေါဘုရင် ၏ အပါးမှာသာ နေနေသည် ။ စကားအလျဉ်းသင့်လျှင် သင့်သလို သီပေါဘုရင် ကို ကပ်၍ မြှောက်ပေးနေသည် ။

“ ရွှေနန်းရှင်ပါ ဘုရား ၊ ဘုရင်ဖြစ်ပါလျက် ဘုရင်၏ စည်းစိမ်ကိုမျှ အပြည့်အဝ မခံစားနိုင်ပါလျှင် ဘုရင်ဖြစ်ရကျိုး နပ်မည် မဟုတ်ပါ ဘုရား ” လို့လည်း မကြာမကြာ တင်လျှောက်နေသည် ။

သီပေါဘုရင် ၏ စိတ်ထဲတွင် လောကစည်းစိမ် ဟူသမျှကို သိရှိနားလည်လာအောင်လည်း ရနောင် နှင့် မောင်ဖေငယ် က ဖန်တီးပေးကြသည် ။ ချောမောပြေပြစ်သော မိန်းကလေးများ ၏ အကြောင်းကို အခွင့်သာပါက စီကာပတ်ကုံး တင်လျှောက်ကြသည် ။ မိန်းကလေးများနှင့် ပူးကပ်ယှဉ်နွှဲ၍ စည်းစိမ်ခံရခြင်းသည် မည်မျှလောက် အရသာ ရှိသည်ကိုလည်း စေ့စေ့စပ်စပ် နှိုက်နှိုက်ချွတ်ချွတ် ပြောပြ တင်လျှောက်ကြသည် ။

ပန်းကြာဝတ်မှုန် ပြဇာတ်တစ်ခုကို စီစဉ်ပြီး ရွှေနန်းတော်အတွင်း၌ တင်ဆက်ကပြစေ၏ ။ အမျိုးသမီးများကို ကြာ နှင့် နှိုင်းသည် ။ ယောက်ျားများကို ပိတုန်း နှင့် နှိုင်းသည် ။ သီပေါမင်း ရှေ့မှောက်တွင် အငြိမ့်အပျိုတော်များအား မိန်းကလေးများ ချောကြောင်း ၊ လှကြောင်း ပါရှိသည့် ဂီတသီချင်းများကို သီဆိုစေသည် ။ ဤအတွင်း တောင်သမန်လယ်စား မောင်ဖေငယ် ကလည်း ဒိုင်းခင်ခင် ကို ရည်ညွှန်းပြီး ပတ်ပျိုးတစ်ပုဒ်ကို ရေးစပ်၏ ။ မြှောက်ပင့်ဘွဲ့ ပတ်ပျိုး ဖြစ်သည် ။

ဒိုင်းခင်ခင် ၏ အချောအလှကို ဖွဲ့နွဲ့ထားသော မြမြမောင်းမောင်း အလိုက် ပတ်ပျိုး ဖြစ်သည် ။

“ ပပငယ်လေ ဝင်းဝင်း ၊ မှန်ရဝေဆောင် ၊ ကိုယ်ရောင်တိုက်ခန်းလင်း ၊ မှန်တစ်ခါပြင် ၊ ရွှေစင်ဆယ်တင်း ၊ ဆက်သွင်းပုံသေ ၊ သိန်းတန်တဲ့မေလေး ၊ တင့်ကြူးငယ်မူရာတွေ ၊ မြင်သူ မြင်သူဗျာဝေ ၊ သည်းကြွေအံ့မဆုံး ၊ မျက်လုံးတော်ရောင် ၊ သောက်ရှူးကြယ်ညီနောင် ၊ မြမျက်တောင် ကော့ကော့ရွှန်း ၊ ကေသီမှာ ဒေဝီကျမ်းစာဝင် မျက်နှာပြင် စံလွတ်ကျွန်း ၊ ငွေလဝန်းပေါ်သည့် သွင်လေး ခြောက်ပါးငယ် ပြစ်လွတ်စင် ”

ဤ ပတ်ပျိုးမျှသာမက ဘုရင့်အကြိုက် မိန်းကလေး အချောအလှတို့၏ မြှောက်ပင့် ဘွဲ့များကိုလည်း စီကုံးဆက်သရသည် ။ သည်အကြောင်းကို အရင်းခံပြီး တောင်သမန်လယ်စား မောင်ဖေငယ် ၏ အချောအလှ တေးထပ်များ ဖြစ်ပေါ်လာခဲ့ရသည် ။ မောင်ဖေငယ် သည် အမျိုးသမီးကလေးများ၏ အချောအလှဘွဲ့သာမက တေးထပ်များကိုလည်း ရေးစပ်ခဲ့သေးသည် ။

ရနောင်မောင်မောင်တုတ် ကို အားပေးအားမြှောက် ပြုနေသော တောင်သမန်လယ်စား မောင်ဖေငယ် သည် အောက်ပါ ဘုရင့်နောင်၏ တေးထပ်ကို ရေးစပ်၍ ရနောင်မောင်မောင်တုတ် ကို ဘဝင်မြင့်စေသည် ။

“ ခပေါင်းရေစမ်း ငွေဥရယ်နှင့် ၊ သန်းရွှေထုသခင် ၊ နန်းကေတုပလ္လင်ဝယ် တစ်ဘုရင်ရွှေထီး ၊ ပင်တိုင်နတ်လှမနော် ၊ အစ်မတော်နန်းလုံးဆီမီး ၊ ရဲထွဋ်ဟု ဖွားဖက်တော် လူကလေးရယ်လို့ ကောက်ယူမွေး နန်းထက် မှာပျော် ၊ လူရည်ဝ စန်းလဂ်ပေါ်လျှင် ကွမ်းဆက်တော်ဝင်ပြီးမှ ပင်ရွှေထီး အစ်မပျို ။ ရဲလို့ကြာခို ဆင်ဖြူရှင် စံထုံးဆိုလျှင် ကံဘုန်းကို သိဘူးဖျာ့လေး ”

သည်တေးထပ်သည် ကေတုမတီခေတ် က ဘုရင် တပင်ရွှေထီး နှင့် သီပေါမင်းတရားကို နှိုင်းယှဉ်ပြထားသည် ။ တပင်ရွှေထီး ၏ ယောက်ဖဖြစ်သူမှာ တပင်ရွှေထီး ၏ အထိန်းတော်သား ဘုရင့်နောင် ပင် ဖြစ်သည် ။

ဤသည်လိုပင် ဘုရင့်နောင် ၏ အချိုးကို မောင်မောင်တုတ် က ချိုးနေသည်ဟု ဆိုသူများက ဆိုကြသည် ။ တပင်ရွှေထီး ၏ အစ်မတော် နှင့် ဘုရင့်နောင် ကျော်ထင်နော်ရထာ တို့ လက်ဆက်ပြီးနောက် တပင်ရွှေထီး ၏ ထီးနန်းကို ဘုရင့်နောင် က ဆက်ခံခဲ့သည် ။

ယခုလည်း ရနောင်မောင်မောင်တုတ် က ဘုရင့်နောင် လုပ်ချင်နေဟန် တူသည်ဟု ဆိုကြသည် ။ ဟုတ် , မဟုတ်တော့ မသိဘူးပေါ့ ။ သီပေါဘုရင် မှာကလည်း အစ်မတော် ရှိနေသည် ။

ဒါပေမယ့် မိန်းမလိုက်စားလွန်းတဲ့ မောင်မောင်တုတ် အဖို့မှာ တခြား မိန်းကလေးတွေကို လိုသလောက် ရနေချိန်မှာ ကိုယ့်အရှင်သခင်ရဲ့ အစ်မတော် ကိုတော့ ပြစ်မှားမယ် မထင်ပါဘူး ။

သည်အချိန်ကဆို သူ ပြစ်မှားချင်တောင် သီပေါဘုရင် က ကျေနပ်လိမ့်မယ် ထင်တာပဲ ။ သည်အထိ သီပေါဘုရင် က သူ့အပေါ် ချစ်ခင်မြတ်နိုးတော်မူသည် ။ ရနောင်မင်းသား နဲ့ တိုင်ပင်သင့်သည် ၊ မတိုင်ပင်သင့်သည်ကို သီပေါဘုရင် က မစဉ်းစားဘူး ။ ကိစ္စများကို အားလုံးလိုလို တိုင်ပင်သည် ။ ဆုံးဖြတ်တဲ့အခါမှာလည်း မောင်မောင်တုတ် ရဲ့ ဆုံးဖြတ်မှုကိုသာ အရေးပေးတတ်၏ ။ အလေးထား၏ ။

သည်တော့ တခြား မှူးကြီးမတ်ကြီးတွေနဲ့ ဝန်တွေကလည်း မရှုစိမ့်ကြဘူး ဆိုတာ မဆန်းပါဘူး ။ ပုထုဇဉ် လူသားတွေရဲ့ ညာဉ်အတိုင်း ကိုယ့်ထက် အောက်ကျရင်သာ ကျနေပစေ ၊ ကိုယ့်ထက် နည်းနည်းမြင့်သွားရင် မကျေနပ်ကြဘူးပေါ့ ။ သည် မကျေနပ်မှုတွေ များလာသည့်အထဲ မောင်မောင်တုတ် က ဗွေဆိုး ဖောက်လာသေးရဲ့ ။

တောင်တွင်းကြီး က အငြိမ့်မင်းသမီး တစ်ယောက်ကို ရနောင်မင်းသား က ဆင်နှင့် တင်ခိုးလာသတဲ့ ။ သည်အငြိမ့်မင်းသမီးမှာက လွတ်လွတ်လပ်လပ် မဟုတ်ဘူး ။ လင်ကြီးငုတ်တုတ်နဲ့ လုယက်လာသည်လို့ ဆိုတာပဲ ။ သည်သတင်းကို ကြားကြားချင်း သီပေါဘုရင် အတော် စိတ်မကောင်း ဖြစ်သွားသည် ။ အရှေ့ဇေတဝန်ဆောင်မှာရှိတဲ့ ဟံသာသန ပလ္လင်တော်မှာ စံနေတုန်း သည်သတင်းကို စုဖုရားလတ် က တစ်ဆင့် ပြောကြားလာခြင်း ဖြစ်သည် ။ နို့စို့ဖက်မို့သာ ကြည့်နေရသည် သည်လောက် မိန်းမမှုတွေ ပွေလှတဲ့ ရနောင်မင်းသား ကို စုဖုရားလတ် က မျက် မုန်းကျိုးလှပြီ ဖြစ်သည် ။

ဒိုင်းခင်ခင် နှင့် သီပေါဘုရင် အရေးမှာလည်း သူနှင့် တောင်သမန်လယ်စား မောင်ဖေငယ် တို့ နှစ်ဦးက အားပေးအားမြှောက် လုပ်ပေးနေမှန်း သိရနေပြီ ဖြစ်သည် ။ ဒါကြောင့်လည်း ဒိုင်းခင်ခင် နှင့် နွယ်ယှက်နေတဲ့လူ မှန်သမျှကို ဖမ်းထားပြီ ဖြစ်သည် ။ ရနောင်မြို့စား မောင်မောင်တုတ် ၊ တောင်သမန်လယ်စား မောင်ဖေငယ် နှင့် ဒိုင်းခင်ခင် တို့ သုံးဦးကိုသာ မဖမ်းသေးဘဲ သူတို့ရဲ့ ခြေလှမ်းတွေကို အသာ စောင့်ကြည့်နေသည် ။ အရာရာမှာ ပါးနပ်တဲ့ ၊ စေ့စပ်လှတဲ့ မိဖုရားခေါင်ကြီး ကို သူတို့က အန်တုနိုင်မတဲ့လား ။ မိဖုရားခေါင်ကြီး မှာ မျက်လုံးပေါင်း ထောင်နဲ့ သောင်းနဲ့ ချီနေတာကလား ။

သည်တော့ အခုလို အခွင့်ကြုံတုန်း ရနောင်မင်းသား ဆိုးသမျှ သွမ်းသမျှကို လိုသည်ထက် ပိုအောင်လို့ စုဖုရားလတ် က တင်လျှောက်လိုက်သည် ။

သီပေါဘုရင်ကတော့ ခပ်မဆိတ်ပဲ ။

တစ်စုံတစ်ခုကို တွေးနေဟန် တူသည် ။ မိမိရှေ့ တူရူကို ကြည့်နေ၏ ။ ဒါပေမယ့် ဘာကိုမှ မြင်ဟန်မတူဘူး ။ စုဖုရားလတ် ရဲ့ တင်လျှောက် မှုတွေကိုလည်း ကြားရတစ်ချက် မကြားရတစ်ချက် ဖြစ်နေဟန်တူရဲ့ ။ အင်းမလုပ် အဲမလုပ်နဲ့ ဘာစကားကိုမှ မမြွက်ဘူး ။ ရနောင်မင်းသား နဲ့ ပတ်သက်လာရင် သီပေါဘုရင် က ဒီလိုပဲ ။ ဘယ်လိုမှ မတုန်လှုပ်ဘူး ။ ဒီကိစ္စမှ မဟုတ်ဘူး ။ တခြား အရေးအခင်းတွေမှာဆိုလည်း ဒီလိုပါပဲ ။

ဘုရင် ရဲ့ အေးစက်စက်ဖြစ်နေတဲ့ ရွှေမျက်နှာတော်ကို မော်ဖူးရင်းက စုဖုရားလတ် မှာ ဒေါပွလာ၏ ။ မောင်မောင်တုတ် ရဲ့ နောက် မယားအကြောင်း တင်လျှောက်နေရင်းက သီပေါဘုရင် နဲ့ ဒိုင်းခင်ခင် အကြောင်း သွားတွေးမိဟန် တူပါရဲ့ ။ ချက်ချင်းပင် နေရာကထပြီး အတွင်းတော်ကို ကြွချီ သွားခဲ့သည် ။

မိဖုရားခေါင်ကြီး ဒေါသဖြစ်သွားပြီ ဆိုတာကို သီပေါဘုရင် က သိသည် ။ သူ အမျက်ထွက်နေတဲ့ အချိန်မှာ ဘယ်သူမှ လှုပ်ရဲတာ မဟုတ်ဘူး ။ မှူးကြီးမတ်ကြီးတွေ မပြောနဲ့ သီပေါဘုရင် တောင် တုတ်တုတ်လှုပ်ရဲတာ မဟုတ်တော့ မဟန့်တားရဲဘူးပေါ့ ။ မိဖုရားခေါင်ကြီး ထက် ကျားမ ကို ရင်ဆိုင်တာကမှ သက်သာပေဦးမှာပါပဲ ။ သီပေါဘုရင် တောင်မှ သူ့ရှေ့မှာဆိုရင် အတီးအတနဲ့ လူမမယ် ကျောင်းသားကလေး ဖြစ်သွားတာပဲ ။ မျက် မာန်တော်ရှနေတဲ့ အခါမှာ မိဖုရားကြီး ဆိုလည်း သူပဲ ။ သီပေါဘုရင် လည်း သူပဲ ။ အာဏာကို ဆုပ်ကိုင်ထားတာဟာ သူပဲ ။ တခြားလူ ဘယ်သူမှ မရှိတော့ဘူးပေါ့ ။

သည်ဒေါသရဲ့ ဒဏ်ကို ရှေးဦးစွာ ခံစားလိုက်ရတာကတော့ တောင်သမန်လယ်စား မောင်ဖေငယ် ပါပဲ ။ ချက်ချင်းပဲ အမိန့်တော်ကို ထုတ်ပြန်ပြီး အရာမှ ချကာ ဗန်းမော် သို့ ပို့စေသည် ။ သည်နေရာမှာ စုဖုရားလတ် အဖို့ မောင်ဖေငယ် ကို နာကြည်းစရာကောင်းတဲ့ အချက်တစ်ချက်ကိုပါ တွေ့ထားဟန် တူပါရဲ့ ။

သီပေါဘုရင် ကြောင့် ဒိုင်းခင်ခင် တို့ မိသားစုနဲ့ အဆက်အနွယ် အားလုံး ရာဇဝတ် သင့်ကုန်ကြတုန်းကပေါ့ ။ ရာဇဝတ် သင့်တယ်ဆိုတာနဲ့ ရာဇဝတ်သင့်တဲ့ လူတွေရဲ့ ပစ္စည်းတွေကို အကုန် သိမ်းရတာပဲ ။ သည်နေရာမှာ မိဖုရားကြီးက အပါးကြီးပဲ ။ ဒိုင်းခင်ခင် ရဲ့ အိမ်ကို ပစ္စည်းတွေ အသိမ်းလွှတ်တဲ့သူက သံတော်ဆင့် မောင်စံပုံ ဆိုတာပဲ ။ သူက မိဖုရားကြီးရဲ့ အထူး ယုံကြည်ကိုးစားခြင်း ခံရတဲ့ လူယုံတော် သံတော်ဆင့် တစ်ဦးပဲ ။ ဒါကြောင့်လည်း မိဖုရားကြီး က သံတော်ဆင့် မောင်စံပုံ ကို ခေါ်ပြီး လွှတ်လိုက်တာပဲ ။ မောင်စံပုံ ကလည်း ပေးအပ်တဲ့ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နိုင်သည် ။ ပိုတောင် ပိုနေသေးရဲ့ ။ ဒိုင်းခင်ခင် နဲ့ ပတ်သက်တဲ့ စာ အမြောက်အမြားကိုလည်း ရလာသည် ။ သည်စာတွေက ဒိုင်းခင်ခင် ရဲ့ သေတ္တာထဲက ရလာတာပဲ ။ များပြားလှတဲ့ စာတွေထဲက အရေးကြီးလှတဲ့ စာတစ်စောင်ကို မောင်စံပုံ က မိဖုရားခေါင်ကြီး ထံ အမြန်ဆက်သလိုက်သည် ။

ဒိုင်းခင်ခင် က သီပေါမင်းတရားဆီ ပေးတော့မယ့် တေးထပ်ပဲ ။ သည်တေးထပ်ကို တောင်သမန်လယ်စား မောင်ဖေငယ် က ဒိုင်းခင်ခင် အတွက် ရေးပေးတယ်လို့ သိရသည် ။

ဒိုင်းခင်ခင် က သီပေါမင်း ထံ ဆက်သသော တေးထပ် … ။

ဆ, မတန် ဖူးချင်လှသူမို့ ၊ ထူးတင်ရ လျင်စွာ ၊ ဥကင်သ သင်္ခါမှာ ၊ ကြင်ပဏာမမျှ ၊ လျှပ်တစ်လက် စက် မပျော်တယ် ၊ မျက်နှာတော် ဖူးလို့မဝ ၊ ပွဲတော်ကျ ချင့်ရဲ့ပြေလို ၊ ထင်နည်းပွေ ရှည်စွ ၊ ဘွင်သဲကြွေကြေမြသို့ ၊ မတည်ပ ဒုက္ခံ ။ ငါးတစ်မြင် ရွှေကြော့ကွင်းလိုမို့ ၊ လျော့မတင်း ဖြစ်ရလေဟန် ။  ။ တော်သနင်း မကြံလျှင် ကံသာ ကံတရားပ ၊ နှစ်ပါးနက် စက်တော်မှာ ၊ တိုးရတော့မှာ ။  ။ ဘုရားကျွန်မ တစ်မျက်နှာကို အသက်ပါ ဆက်ပြီမို့လေး …

သည်တေးထပ်ကို ဖတ်ရကတည်းက တောင်သမန်လယ်စား လက်ရာမှန်း သိခဲ့သည် ။ သံတော်ဆင့် မောင်စံပုံ ကလည်း တောင်သမန်လယ်စား မောင်ဖေငယ် ရေးတဲ့စာလို့ ဆိုပြန်သည် ။ သည်ကတည်းက ငဖေငယ် ကို ဖမ်းချင်နေတာ ခုတော့ အရာက ချပြီး အဝေးပို့လိုက်ပြီမို့ တစ်မီး ငြိမ်းသွားပြန်ပြီ ။ ဒိုင်းခင်ခင် နဲ့ ရနောင်စား ကျန်သေး၏ ။ သူတို့ခြေလှမ်းတွေ ဘယ်အထိ လှမ်းနိုင်မလဲ ဆိုတာလည်း ကြည့်ရပေဦးမှာပဲ ။ တကယ်တော့ မိဖုရားခေါင်ကြီး စုဖုရားလတ် သည် မိန်းမပီသသူဟု ဆိုရမလားပဲ ။ နေရာတကာ အနိုင်ယူလိုမှု ၊ စိတ်ထား သေးသိမ်မှုကလေးများကလည်း ရှိတန်သလောက် ရှိနေသေးသည် ။ မိန်းမပီပီ မနာလို ဝန်တိုမှုကလေးများမှာ အသေးအဖွဲက စပြီး ရှိတတ်သည် ။

ဝဲအပျိုတော် မာရရာဒင်နီဂရီး ( J.M.Denegri )  ၊ မစ္စ မနုတ် ၊ နွိုက်စကာလာဂရီဒီ ၊ မစ္စ ရှက်ကိုး တို့နှင့် ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကလေးတွေကို ကြည့်ခြင်းအားဖြင့်လည်း စုဖုရားလတ်ရဲ့ မိန်းမဆန်မှုကို သိနိုင်သည် ။

ရွှေနန်းတော်တွင်းမှာ ဝဲအပျိုတော်နှင့် မှန်နန်းအပျိုတော်ဆိုတာ ရှိသည် ။ ဝဲအပျိုတော် ဆိုတာက စုဖုရားလတ် ရဲ့ သီးသန့် အပျိုတော်တွေပဲ ။ ဒါကြောင့် ဝဲအပျိုတော်များကို သီပေါဘုရင် က စည်းစောင့်တော်မူ၏ ။ တသီးတခြား သဘောပဲ ။ သည်တုန်းက စုဖုရားလတ် ဆီမှာ နိုင်ငံခြားသူ အမျိုးသမီး အမြောက်အမြားသည် ဝဲအပျိုတော်အဖြစ် ခစားလျက် ရှိကြ၏ ။ အဲဒီတုန်းက ပိုး ၊ ကွမ်တုံဖဲ ၊ ပြင်သစ် ကတ္တီပါများကို မန္တလေး နန်းမြို့တွင်း အရှေ့ပြင်နှင့် အမရပူရ ဆီမှာ ရက်လုပ်သည့် ရက်ကန်းသည်များမှာ အများအားဖြင့် ကသည်းလူမျိုးတွေ ဖြစ်သည် ။ မှန်နန်းဆောင် အပျိုတော် ဆိုသူများမှာ ဘုရင်မင်းတရားကြီး ခြေတော်တင်ရန်အတွက် ကြိုတင် လျာထားခြင်း ခံရတဲ့ အမျိုးသမီးတွေပဲ ။ ဘုရင်မင်းတရား အဖို့ လောကီအရသာကို မငြီးငွေ့နိုင်အောင် တစ်ယောက်ပြီး တစ်ယောက် စံစားနိုင်အောင် စီမံထားဟန် တူပါရဲ့ ။ သည်လို လောကီအရသာကို မငြီးငွေ့မှဘဲ တိုင်းရေးပြည်ရေး အကျိုးကို ဆတက်ထမ်းပိုး သည်ပိုးနိုင်မှာ တူပါရဲ့ ။

ဒီနေရာမှာ စုဖုရားလတ် ရဲ့ မိန်းမပီသပုံကလေး ကြည့်ကြရအောင် ။ ပြင်သစ်အမျိုးသမီး မစ္စမနုတ် လည်းပဲ စုဖုရားလတ် ၏ လက်ဝဲအပျိုတော်တစ်ဦး ဖြစ်၏ ။ ဝဲအပျိုတော်ဆိုတော့ သူက နန်းတွင်း မိဖုရားခေါင်ကြီး ဆီမှာ ခစားရသည် ။ ထမင်းကတော့ အိမ်က သွားပို့ရသည် ။ တစ်နေ့တော့ မစ္စမနုတ်ရဲ့ အိမ်က ထမင်းပို့ နောက်ကျနေ၏ ။ မစ္စမနုတ် မှာ အချိန်တန်ပေမယ့် ထမင်းလာမပို့သဖြင့် အတော် ဆာလောင်နေပြီ ဖြစ်သည် ။ အချိန် အတော်လင့်သည့်တိုင်မှ ထမင်းလာပို့သဖြင့် ဒေါသဖြစ်ဖြစ်နှင့် ထမင်းပို့သူ မိန်းမကို ပြောလိုက်သည် ။ သည်စကားတစ်ခွန်းကြောင့် မစ္စမနုတ် မှာ ချက်ချင်း အဝေးသို့ အပို့ခံရသည် ။

“ ရွှေစု … ထမင်းပို့ နောက်ကျလှပါကလား ” လို့ ပြောလိုက်မိသည် ။

သည်လို ပြောလိုက်တာကို စုဖုရားလတ်က ကြားသွားသည် ။ အနားမှာရှိတဲ့ သီပေါဘုရင်ကို “ မောင်တော် ကြားလား … ရွှေစု တဲ့ ” လို့ အမိန့်တော် ရှိလိုက်သည် ။

အစေခံကို “ ရွှေစု” လို့ မှည့်ရပါမို့လားဆိုပြီး မစ္စမနုတ် ကို ချက်ချင်း ရာထူးက ဖြုတ်ပြီး ရွှေဘို ကို ပို့စေသည် ။

ဒါကတော့ မိန်းမပီပီ မာန်တက်တဲ့သဘော ရှိဟန်တူပါရဲ့ ။ သူ့ရဲ့ မယ်တော်ကြီးဖြစ်တဲ့ ဆင်ဖြူမရှင် ရဲ့ မယ်တော် နန်းမတော် မယ်နု လိုပေါ့ ။ နန်းမတော် မယ်နု တို့ ကောင်းစားစဉ်က နေပြည်တော်တစ်ဝန်းမှာ ‘ နု ’ ဆိုတဲ့ အမည်ကို မသုံးရဘူး ။ လူနာမည်လည်း မမှည့်ရဘူး ။ မန်ကျည်းရွက် ‘ နု’ တာကိုတောင် ‘ ထွတ် ’ တယ်လို့ ပြောရသည် ။ သည်တော့ သည်ပုတ်ထဲက သည်ပဲ, ပဲ လာမှာပေါ့ ။ ဒါပေမယ့် စုဖုရားလတ် က နန်းမတော် မယ်နု နဲ့ စာရင် တော်သေးရဲ့လို့ ဆိုရမှာပဲ ။

နောက်အဖြစ်အပျက် တစ်ခုကတော့ ရယ်စရာကောင်းတဲ့ အဖြစ်အပျက် တစ်ခုပါပဲ ။ မစ္စမနုတ် လိုပဲ လက်ဝဲအပျိုတော်ထဲမှာ မာရရားဒင်နီဂရီး ဆိုသည့် လက်ဝဲအပျိုတော်တစ်ဦး ရှိသေးရဲ့ ။ သူကတော့ ပြင်သစ် ရက်ကန်းဆရာကြီးရဲ့ သမီးပဲ ။ ပြင်သစ် ရက်ကန်းဆရာကြီးက ဒင်နီဂရီး ဆိုတာပဲ ။ သီပေါဘုရင်ရဲ့ အမှုတော်ထမ်း ပြင်သစ်လူမျိုးပါပဲ ။ ဘုရင့် ကတ္တီပါထည်များကို နန်းမြို့တွင်းမှာ ရက်လုပ်တဲ့အခါမှာ ကသည်း ရက်ကန်းသမားတွေကို သင်ကြားပြသပေးသည့် ကတ္တီပါ ရက်ကန်းဆရာကြီး ဖြစ်သည် ။ ရက်ကန်းတော်အုပ် ထိပ်တင်ဗိုလ် ၏ လက်အောက် အမှုထမ်း ဖြစ်သည် ။

နိုင်ငံခြားသူများ အများဆုံး အမှုထမ်းသည့် လက်ဝဲအပျိုတော်များထဲမှ ဒင်နီဂရီး ဆိုသူကို စုဖုရားလတ် သည် အထူးအရေးပေးလေ့ ရှိ၏ ။ ချစ်လည်း ချစ်တော်မူသည် ။ ဒင်နီဂရီး မှာ မောင်တစ်ယောက်လည်း ရှိ၏ ။

တစ်နေ့သော် မိဖုရားကြီးက ဒင်နီဂရီး ၏ မောင်ကို ဘုရင့် ရွှေတိုက်တော်က ငွေ ( ၁၅၀၀၀ ) ထုတ်ပေးပြီး ရှားစေး ဝယ်ဖို့ စလင်း ကို လွှတ်လိုက်သည် ။ ရှားတောကို ရောက်တော့ ဗမာစကား ရည်လည်အောင် မပြောတတ်တဲ့ ဒင်နီဂရီး ရဲ့ မောင်ကို ရှားသမားတွေက ငွေလိမ် ယူထားလိုက်ကြ၏ ။ ရှားကို လုံးဝ မအပ်ဘဲ နေကြ၏ ။ ဒီတော့ ဒင်နီဂရီး ရဲ့ မောင်က ရွှေမြို့တော်ကို တော်တော်နဲ့ ပြန်မလာနိုင်ဘူး ။ လာလည်း မလာဘူး ။ ဘယ်လာရဲမလဲ ၊ မိဖုရားကြီး ဝယ်ခိုင်းတဲ့ ရှားမှ မပါဘဲကိုး ။ ဒါနဲ့ ရှားတောမှာပဲ သောင်တင်နေတော့သည် ။ တကယ်တော့ ဒါက ဘုရင့်ရဲ့ငွေ ဖြစ်၏ ။ သည်တော့ ဧရာမ ရာဇဝတ်မှုကြီး သင့်တော့မှာပဲလို့ သူ့ဆွေမျိုးတွေက တထိတ်ထိတ်နဲ့ ဖြစ်နေကြတော့သည် ။ လအတော်ကြာတော့ စုဖုရားလတ် က ဒင်နီဂရီး ကို ရှေ့တော်မှောက် ခစားစေသည် ။

“ မာရရား … လာဦး ၊ ညည်းမောင်က လူလည်း မပေါ်မလာ ၊ ရှားလည်း မမြင်ရပါကလား ” လို့ မေးလိုက်သည် ။ သည်တော့ ဒင်နီဂရီး က -

“ မာရရား သူ့အကြောင်း သိတော်မမူပါဘူး ဖုရား ” လို့ ဒင်နီဂရီးက ဗမာစကား မရေလည်တော့ မှားပြီး သူ့ကိုယ်သူ “ သိတော် မမူပါဘူး ” လို့ တင်မိသတဲ့ ။

ဒီလို စကားပြောမှားသွားတာကို စုဖုရားလတ် က စိတ်ဆိုးဟန် တစ်စက် မပြဘူး ။ ဟက်ဟက်ပက်ပက်နဲ့တောင် ရယ်လိုက်သေးသည် ။

“ ဪ … မာရရား က သိတော် မမူဘူးတဲ့လား ” လို့ မိန့်တော်မူလိုက်ကာ အမှုကိုလည်း ပလပ်လိုက်သည် ။ ဒါတွေကတော့ လူသားဆန်တဲ့ ဖြစ်ရပ်ကလေးတွေပါပဲ ။

ဒိုင်းခင်ခင် နဲ့ ဘုရင်မင်းတရားကြီး ၏ အရေးအခင်းကို မိဖုရားကြီး သိရှိလာကတည်းက ရနောင်မောင်မောင်တုတ် တန်ခိုးမှာ မှေးမှိန်စ ပြုလာသည်ဟု ဆိုရပေမည် ။ အရာရာ မောင်မောင်တုတ် လုပ်သမျှကို မိဖုရားကြီး က လိုက်ပြီး ခွတိုက်လေ့ ရှိသည် ။ မောင်မောင်တုတ် က အဖြူဆို သူက မည်းသည် ။ မောင်မောင်တုတ် လုပ်သမျှ မိဖုရားကြီး က ကန့်လန့်ကန့်လန့် ပါစမြဲ ။ မောင်မောင်တုတ် ကို အကောင်း မထင်တော့ ။ ရနောင်မောင်မောင်တုတ် သည်နေရာက ပြုတ်၍ သွားလျှင် မိမိအဖို့ လုပ်ချင်ရာ လုပ်လို့ရတော့မည် ဟူ၍လည်း မိဖုရားကြီး က ထင်ဟန် ရှိသည် ။ သည်တော့ ရနောင်မောင်မောင်တုတ် ပြုတ်ကျရေးကိုသာ အားသွန်တော့သည် ။ မြို့လေးရပ် တစ်ခွင်တွင် ရှိသော ရွှေသေတ္တာကြီးတွေထဲကို မောင်မောင်တုတ် မကောင်းကြောင်း စာများ ရေးထည့်ထားစေသည် ။

သည်စာတွေကို လွှတ်တော်မှ တစ်ဆင့် ဘုရင်မင်းတရားကြီးထံ ပေးပို့စေသည် ။ ကြားသိစေ၏ ။ သီပေါဘုရင်ကမူ ပြုံးသာ ပြုံးတော်မူသည် ။ မောင်မောင်တုတ် ကို အရေးယူမည့်ဟန် မပြချေ ။ မကြာခင် ရွှေနန်းတော်တစ်ခုလုံး ပွက်လောရိုက်သွားသည့် ဖြစ်ရပ်တစ်ခုက ဖြစ်လာတော့သည် ။

ညအခါပင် ဖြစ်သည် ။ တောင်ဥယျာဉ် ပန်းခုံတော်အတွင်းမှာ ဒိုင်းခင်ခင် နှင့် သီပေါဘုရင် တို့ ပွေ့ဖက်ကာ ချစ်ကြည်နေကြသည် ။ လဆုတ်ရက် ဖြစ်သဖြင့် ကောင်းကင်တစ်ပြင်လုံး ကြယ်ပွင့် အနည်းငယ်မှာ လူ့လောကို မှိတ်ချည်ဖွင့်ချည်နှင့် မျက်စပစ်နေသည် ။ အစောင့်တော်များ ရှိနေသဖြင့် ဒိုင်းခင်ခင် နှင့် သီပေါဘုရင် တို့မှာ အချစ်ခရီးကို စိတ်ချလက်ချပင် သွားနေကြသည် ။

မှောင်မည်းထဲမှာပင် ကြည်လင်နေသည့် ဒိုင်းခင်ခင် ၏ မျက်နှာတော်ကို သီပေါဘုရင် မှာ တရှိုက် မ က် မ က် နှင့် ကြည့်နေသည် ။ ရင်ထဲမှာလည်း လှိုက်လှိုက်ဖိုလာ၏ ။ မ က် မောစရာ အတိပြီးနေသည့် ဒိုင်းခင်ခင် ၏ တစ်ကိုယ်လုံးမှာ သီပေါဘုရင် ၏ ရင်ခွင်တော်ထဲတွင် အစွေ့သား ရောက်နေရှာသည် ။ သိပေါဘုရင် ၏ လှုပ်ရှားသမျှကို အလိုက်သင့် အလျားသင့်ပင် ခံနေရှာသည် ။

သည်သတင်းကို ကြိုတင်ရထားသော မိဖုရားခေါင်ကြီး စုဖုရားလတ် မှာ သည်ဖြစ်ရပ်များကို မြင်တွေ့ရသည် ။ ပန်းချုံအကွယ် တစ်နေရာတွင် ချောင်းကြည့်နေရာမှ မြင်တွေ့နေရသော သည်ရှုခင်းကို ဒေါသအဟုန်နှင့် ကြည့်နေရသည် ။ သူများ အပြောသာ ကြားခဲ့ရသည် ။ ခုမှပဲ မျက် မြင်ပက်ပင်း တွေ့ရတော့သည် ။

‘ အင်း … ဟုတ်ပေ့ကွယ် ၊ သင်းတို့က ငါ သမီးတော်ကလေးကို မွေးနေတုန်း ကမြင်းနေကြတာကိုး ၊ ငါ့မှာတော့ သမီးတော်တွေ တစ်ပါး ပြီး တစ်ပါး မွေးနေရတယ် ။ သင်းကတော့ နိဗ္ဗာန်ရောက်ပြီးရင်း ရောက်တုန်းပဲ ’

သူတို့နှစ်ဦး ရှေ့တော်ကို ဗြုန်းခနဲ ရောက်လာတဲ့ မိဖုရားခေါင်ကြီး ဟာ ဘာကိုမှ မစဉ်းစားနိုင်တော့ဘဲ ဒိုင်းခင်ခင် ၏ အပေါ်ထိုင်မသိမ်းအင်္ကျီကို လက်တော်နှင့် ဆွဲဆုတ်ဖြဲလိုက်၏ ။ သည့်နောက် အပေါ်ပိုင်း ဗလာကျင်းသည့်တိုင်အောင် အဝတ်များကို ဆုတ်ဖြဲပြီး “ ကမြင်းကြဦးဟဲ့ ၊ ကမြင်းကြဦးဟဲ့ ” ဆိုပြီး ဆံပင်ကို ဆောင့်ဆွဲလိုက်၏ ။ နောက် ပါးကို လေးငါးချက် ဆက်ရိုက်လိုက်၏ ။ ဒိုင်းခင်ခင် ခမျာ မြေပေါ် လဲကျသွားသည်နှင့် မိဖုရားကြီး က ခြေထောက်ဖြင့် မြေပေါ် လှိမ့်၍ လှိမ့်၍ ကန်တော့သည် ။

လင်စိတ်ဆိုတာ ဘယ်စိတ်နဲ့မှ မတူ ။ တယ်ပြီး ငယ်ထိပ်တက်တာပဲ ။

ကြည့်ပါလား ၊ ကိုယ်နဲ့ လင်လုဘက် ဖြစ်လာတဲ့ ဒိုင်းခင်ခင် ကို ငါးစိမ်းသည်ဆန်ဆန် ကိုယ်ထိလက်ရောက် အားရပါးရ ရိုက်နှက်နေ၏ ။ ပါးစပ်မှလည်း ရုန့်ရင်းတဲ့ စကားကြမ်းများကို ဒေါသနှင့် ပြောနေတယ်လို့ ဆိုသည် ။ ရာဇဂုဏ်တောင် မဆောင်တော့ဘဲ လင်စိတ်မှာ ထိပ်သို့ တက်သွားတော့သည် ။

သည်သို့ ရုန်းရင်းဆန်ခတ် ဖြစ်နေစဉ်အတွင်း သီပေါဘုရင် မှာ မနေသာတော့ဘဲ သူတို့နှစ်ဦး၏ ကြားမှ ဝင်ရောက်တားမြစ်တော့သည် ။ ရုန်းကန် ဆွဲကြလွဲကြရင်း သီပေါဘုရင် က စုဖုရား ၏ လက်ကို ချုပ်ဖယ်ပြီး တစ်နေရာသို့ တွန်းပစ်လိုက်သည် ။ မိဖုရားကြီး လည်း ဒေါသတကြီးဖြင့် သီပေါဘုရင် ကို ထုနှက်တော်မူသည် ။ သည်တွင် သီပေါဘုရင် ခံနိုင်ရည်စွမ်း မရှိတော့ ။ အနီးအနားတွင်ရှိသော ရွှေဓားကို ဆွဲကိုင်တော်မူလိုက်သည် ။ သီပေါဘုရင် ရွှေဓားကို လှမ်းယူလိုက်သည်နှင့် မိဖုရားကြီးမှာ -

“ သယ် … သီလရှင်လူထွက် သားက ငါ့ကိုများ ဓားနှင့် ရွယ်လို့ ၊ ဘယ်သူက တင်ထားလို့ ဒီ ရာဇပလ္လင်ပေါ် ရောက်နေတယ်ဆိုတာ စဉ်းစားမိရဲ့လား … ထွီ ”

ပြောပြောဆိုဆိုနှင့် ဆောင့်ပြီး ပြန်တွန်းလိုက်ရာတွင် သီပေါဘုရင် မှာ ထိုင်လျက် ကျသွားတော့သည် ။ ခေါင်းနှင့် အုတ်နံရံမှာ ဆောင့်မိသွားသည်ဟု ဆိုပါသည် ။ သည်တုန်းက သီပေါဘုရင် အနားမှာ ရနောင်မောင်မောင်တုတ် ရှိသည် ။ ဖြစ်ရပ်ကို အစအဆုံး မြင်နေရသည့် ရနောင်မောင်မောင်တုတ် သည် စိတ်ထဲတွင် မခံမရပ်နိုင် ဖြစ်လာသည် ။ စုဖုရားလတ် ကို မုန်းတီးမှုများကလည်း ပိုများလာ၏ ။

“ ရွှေနန်းရှင်ပါ ဘုရား ၊ သည်မျှလောက် မိန်းမက အနိုင်ကျင့်နေတာကို မခံပါနဲ့ ၊ ရွှေနန်းရှင် ဖြစ်ပါသည် ဘုရား ”

အသံကို ခပ်အုပ်အုပ်အော်ပြီး အမြန် လျှောက်တင်လိုက်သည် ။ သည် လျှောက်တင်သံကို စုဖုရားလတ် က ပြေးရင်းလွှားရင်းက ခပ်သဲ့သဲ့ ကြားလိုက်သည် ။ သီပေါဘုရင် ကို တွန်းထားခဲ့ပြီးနောက် စုဖုရားလတ် မှာ အနောက်ဆောင်ဘက်သို့ အပြေးအလွှား သွားတော့သည် ။ သီပေါဘုရင်သည်လည်း မိဖုရားကြီးနောက် မှ ထက်ကြပ်မကွာ ရွှေဓားကို ကိုင်ကာ တရကြမ်း လိုက်တော့သည် ။ ဓားကိုင်ရသည်မှာ အားမရသေးသည်နှင့် လမ်းတွင် တွေ့ရသော လက်သုံးတော်ကြီး တစ်ဦးထံမှ လှံကို ဆွဲယူခဲ့သေးသည် ။ စုဖုရားလတ် ၏ ကံကြမ္မာက ကောင်းသွားသည် ထင်ပါရဲ့ ။ သီပေါဘုရင် ရောက်ချိန်မှာပဲ အနောက်ဆောင် တံခါးသည် အသံပြင်းစွာ မြည်ဟည်း၍ အတွင်းမှ ပိတ်သွားလေတော့သည် ။ သည်အရေးအခင်းကြောင့်လည်း မိဖုရားကြီး သည် ရနောင်မောင်မောင်တုတ် ကို များစွာ အခဲမကျေ ဖြစ်နေတော့သည် ။ ဤလက်ချက်ကြောင့် ရနောင်မောင်မောင်တုတ် ၏ လက်ချက် မှန်းလည်း သိနေသည် ။

သည်တော့ မိဖုရားကြီး၏ တေးထားချက် များမှာ ရနောင်မောင်မောင်တုတ် အဖို့ ဒုက္ခပွေလာဖွယ်ရာများ ဖြစ်လာတော့သည် ။

◾မောင်ဖေငယ်

📖 ရနောင်မောင်မောင်တုတ်

koaungnaingoo.blogspot.com

.

No comments:

Post a Comment