Thursday, October 28, 2021

ဇနီးလောင်းရွေးရန် အမေ နှင့် တိုင်ပင်ခြင်း


 ❝ ဇနီးလောင်းရွေးရန် အမေ နှင့် တိုင်ပင်ခြင်း ❞


ရက်လည်ဆွမ်း ကျွေးပြီးလေပြီ ။


ကွယ်လွန်သူ ဖခင်ကြီး၏ ဂုဏ်ကျေးဇူးကို တသ ဖော်ထုတ်ကြသော သီတင်းပတ် ပြီးဆုံးလေပြီ ။


ရပ်ရွာ ပြန်ရောက်လာသော ကျွန်တော် သည်လည်း အသစ်အဆန်း မဟုတ်တော့ပြီ ။


ထို့ကြောင့် ကျွန်တော်တို့ အိမ်မှာ လူအထွက်အဝင် နည်းသွားလေပြီ ။


ကျွန်တော်တို့ သားအမိ နှစ်ယောက် ရှေ့ရေး ဆွေးနွေးတိုင်ပင်ရန် အခွင့်သာဆုံး အချိန် ဖြစ်ပေ၏ ။


အမေ သည် ကျွန်တော့် အား ယုယသည် ၊ ညှာတာသည် ၊ ထောက်ထားသည် ။ အဖေ မဲ့သော

သား ဖြစ်လို့ အထူးယုယညှာတာ ထောက်ထားဟန် တူသည် ။ ကျွန်တော် ကလည်း အမေ့ အား

ယုယသည် ၊ ညှာတာသည် ၊ ထောက်ထားသည် ။ မုဆိုးမ မိခင် ဖြစ်လို့ အထူးပင် ညှာတာ

ထောက်ထားပေသည် ။


အမေ သည် ကျွန်တော့် အား လောကတွင် တွယ်တာစရာ တစ်ခုတည်း အဖြစ်ဖြင့် ပိုလို့

ချစ်လာပုံ ပေါ်၏ ။ ကျွန်တော် က အမေ့အား လောကတွင် အစားထိုး မရနိုင်သော မိန်းမမြတ် တစ်ဦး

အနေနှင့် ယုံကြည်အားထားလာပုံ ပေါ်၏ ။ ကျွန်တော် က အမေ့အား လောကအလယ်တွင်

အကာအကွယ် အမဲ့ဆုံးသော မိန်းမသား အဖြစ်ဖြင့် သနားစိတ် ပိုလာ၏ ။


အဖေ ကွယ်လွန်ပြီးနောက် အမေ နှင့် ကျွန်တော့ ကြားဝယ် အသစ်ဖြစ်သော ဆက်ဆံရေးနှင့်

အသစ်ဖြစ်သော စိတ်သဘောထားတို့ ဖြစ်ပေါ်လာလေသည် ။ ပိုမိုသိမ်မွေ့သော ဆက်ဆံရေးနှင့်

ပိုမိုမြင့်မားသော စိတ်သဘောထားတို့ ဖြစ်ကုန်၏ ။


“ ငါ့သား ရန်ကုန် မပြန်ဘဲ ဒီမှာပဲနေရင် ကောင်းမှာပဲကွယ် ” 


ကျွန်တော်ကား ရန်ကုန် မပြန်ဖို့ စိတ်ကူးထဲမှာ တစ်ခါမျှ ထည့်မကြည့်ဖူးသေး ။ အမေ က

သည်စကား ပြောလိုက်တော့ ဘယ်လို ဖြေရမည် မသိ ဖြစ်သွား၏ ။ ညှိုးငယ်စွာနှင့် အမေ့ မျက်နှာကို

အတန်ကြာ စိုက်ကြည့်နေပြီး နောက်မှ -


“ ဟုတ်တယ် ၊ ဒီမှာပဲ နေနိုင်ရင်တော့ ကောင်းမှာပဲ ၊ ဒါပေမဲ့ ” 


ကျွန်တော် သည် အမေ့ ထံမှ မျက်နှာ လွှဲလိုက်သည် ။ အမေ ကား ကျွန်တော့်ထံမှ စကားဆက်ကို

နားစွင့်ရင်း ကျွန်တော့်အရိပ်အခြည်ကိုသာ အကဲခတ်နေလေသည် ။


ရန်ကုန် မပြန်ဘဲ မဖြစ်နိုင်စရာ ဘာ အကြောင်းရှိသလဲ ။ မည်မည်ရရ ဘာအကြောင်းမျှ မရှိ ။

အသက်မွေးမှု အလုပ်အကိုင် မြဲမြဲစွဲစွဲ မရှိ ။ နိုင်ငံရေး လုပ်နေပါသည်ဟု အကြောင်းပြရန်ကလည်း

ဘာတာဝန်မျှ သတ်သတ်မှတ်မှတ် မရှိ ။ အချစ်သံယောဇဉ်ကြိုးတွေကလည်း ခပ်လျော့လျော့သာ

ဖြစ်ပေသည် ။ သို့ပါလျက်လည်း ကိုယ့်ရပ်ရွာမှာ အမေ နှင့်သာ အတူနေပါမည်ဟု တထစ်ချ

ဝန်မခံနိုင် ဖြစ်နေ၏ ။


“ အမေ ကျွန်တော် နဲ့ ရန်ကုန် လိုက်နေရင် ကောင်းမှာပဲ ” 

 

အမေ သည် ထိုအချက်ကို စိတ်ကူးထဲမှာ ထည့်ကြည့်ဖူးဟန် မရှိပေ ။ ကျွန်တော့် ကို ငေးကြည့်ပြီး

ကြောင် နေလေသည် ။ အမေ့ မှာ ကျွန်တော် နှင့် ရန်ကုန် လိုက်နေနိုင်ရန် လုံးဝ အကြောင်း မရှိပေ ။

ရွာ မှာ မြေနှင့်ယာနှင့် အခြေစိုက်နေသူဖြစ်သည် ။ ဈေးဆိုင်ကလေးလည်း ရှိသေးသည် ။ နှမ်းတိုး

ပဲတိုး အနည်းအကျဉ်း ငွေချေးထားခြင်းကလည်း ရှိသေးသည် ။


“ အင်း ၊ ငါ့ သား နဲ့ လိုက်နေနိုင်ရင် ကောင်းမှာပဲ ၊ ဒါပေမဲ့ ရန်ကုန်မြို့ကြီးမှာ မနေတတ်ပါဘူးကွယ် ” 


“ အမေ ရဲ့ ၊ တော နဲ့ ရန်ကုန် အနေအထိုင် အစားအသောက်မှာ မတူတာတော့ အမှန်ပဲ ၊ တောမှာလို

ကျယ်ကျယ်ပြန့်ပြန့်တော့ မနေရဘူး ၊ အစားအသောက်ကလည်း ဈေးကြီးတယ် ၊ ဒါပေမဲ့ နေနေကျတော့လည်း ကောင်းသွားတာပါပဲ ” 


ကျွန်တော် က သည်စကားပြောတော့ အမေ က ရန်ကုန် မှာ ကျွန်တော် နေရပုံ ထိုင်ရပုံကို မေးလေသည် ။ အမေ့ အား ကျွန်တော် ကြွားဝါ မနေပါ ။ ဗေဒကဝိန် ဆရာဦးတက်ရှိန် ၏ အခန်းမှာ အိပ်ရာ

တစ်နေရာစာ အတွက် အချိုးကျ အခပေးနေရပုံ ၊ အောက်ထပ်က မီးခိုးတွေ အပေါ်တက်လာပုံ ၊

အတူနေ ဘလောက်ဆရာ ကိုတင်အေး နှင့် တစ်ခုတည်းသော ပက်လက်ကုလားထိုင် အတွက်

မကြာခဏ နေရာလုရပုံများနှင့်တကွ လုံးစေ့ပတ်စေ့ ပြောပြလိုက်လေသည် ။


“ အို - ငါ့သားမှာ နေရတာ ဆင်းရဲလိုက်တာကွယ် ၊ ပညာတွေ သည်လောက်သင်ထားပြီး ဖြစ်မှ

ဖြစ်ရလေ ” 


အမေ့ အသံသည် နစ်သွားလေသည် ။ များစွာ စိတ်ထိခိုက်သွားဟန်တူ၏ ။ အမေ စိတ်ထိခိုက်သွားအောင် ဒါတွေပြောခြင်း မဟုတ်ပါ ။ ကျွန်တော့်အဖြစ်မှန်ကို သိအောင်သာ ပြောခြင်း ဖြစ်လေသည် ။


“ မင်းဟာက အမေ လိုက်နေတောင် နေစရာ ရှိမှာ မဟုတ်ဘူး ” 


“ အို - ဒီလိုလည်း ဘယ်ဟုတ်မှာလဲ အမေရဲ့ ၊ အမေ သာ လိုက်နေမယ်ဆိုရင် ကျွန်တော် အခန်း

သပ်သပ် ငှားမှာပေါ့ ၊ အိမ်တစ်လုံး သပ်သပ်တောင် ငှားနိုင်တာပဲ ” 


“ အေးလေ ဟုတ်တာပေါ့ ၊ ငါ့သားလုပ်ချင် ဖြစ်မှာပါပဲ ။ မင်းအလုပ်က ဘာတဲ့ ၊ မင်း အဖေ ကတော့

ပြောပြပါရဲ့ ၊ သတင်းစာတိုက်မှာ ဘာဆိုလား ” 


“ အယ်ဒီတာ လုပ်တယ်လေ ၊ အခုတော့ မလုပ်တော့ဘူး အမေ ရဲ့ ” 


အမေ ကား အံ့ဩသွားသည် ။


“ အို - ဒါဖြင့် ငါ့သား ဘာလုပ်နေသလဲ ” 


“ နိုင်ငံရေး ပဲ လုပ်တယ် ” 


အမေ့ မှာ ပိုအံ့ဩသွားဟန် ရှိသည် ။


“ နိုင်ငံရေး လုပ်တာ ပိုက်ဆံ ရသလား ” 


“ ဘယ်ရမှာလဲ အမေရဲ့ ” 


အမေ့ မျက်နှာ သည် စိတ်သောကဖြင့် ညှိုးကျသွားလေသည် ။


“ သာဖြင့် ငါ့ သား ဘယ်လို စားသောက်နေသလဲ ” 


အမေ ၏ ပူပန်စိုးရိမ်မှု ပြေပျောက်စေအံ့သောငှာ ကျွန်တော် က အရေးမကြီးဟန်ဖြင့် -


“ ဒါ ခက်တဲ့ပြဿနာ မဟုတ်ပါဘူး အမေ ရယ် ၊ ကျွန်တော်တို့ သခင်နိုင်ငံရေး လုပ်တယ်ဆိုတာ

ဗမာပြည်အဝှမ်း အကုန် ကိုယ့်အိမ်မှတ်ပါ ၊ ကိုယ့်ရာမှတ်ပါ ဆိုတဲ့အတိုင်း သဘောထား ပစ်လိုက်တာပါပဲ ။ ကိုယ်ကျိုးစွန့်တယ် ဆိုတာ ဒါမျိုးပေါ့ အမေရ ” 


အမေ ကား မယုံကြည်နိုင်လောက်အောင် အံ့ဩနေလေသည် ။


“ ဒါဖြင့် ငါ့ သား ရယ် ၊ မင်းဟာ က အခြေမရှိ အနေမရှိပေါ့ ၊ ခြေသလုံးအိမ်တိုင်ပေါ့ ” 


“ ဟုတ်တယ် အမေ ၊ ဒါအမှန်ပဲ ” 


အမေ သည် အံ့ဩရုံသာ အံ့ဩသည် ။ ကျွန်တော် ၏ ' ခြေသလုံးအိမ်တိုင် ' အဖြစ်အတွက်

ကျွန်တော့် အပေါ်ဝယ် အထင်သေးခြင်း လုံးဝ ရှိဟန် မတူ ။


“ ပညာတွေ သည်လောက် တတ်ထားပြီးမှကွယ် ဖြစ်မှ ဖြစ်ရလေ ” 

 

“ ပညာတွေ တတ်ထားတော့ လုပ်ရိုးလုပ်စဉ်ဆိုရင် ရာထူးဌာနန္တရ ရှာရမယ် ။ စည်းစိမ်ဥစ္စာ

တိုးပွားအောင် လုပ်ရမယ် ။ သို့ပေမယ့် ကျွန်တော်တို့ သခင်တွေက ဒီလို လုပ်ရိုးလုပ်စဉ်တွေကို

မလုပ်ဘူး ၊ စွန့်ခြင်းကြီး စွန့်ကြတယ် ။ အများကောင်းစားရေးအတွက် ကိုယ်ကျိုးစွန့်ရတယ်

ဆိုတာဟာ ဘုရားကြိုက်တဲ့အလုပ် မဟုတ်လား အမေ ” 


“ အေးလေ ငါ့သားတို့ က ပညာရှိဆိုတော့ အမေ က ငါ့ သား လုပ်တာ မကောင်းဘူးလို့ ပြောစရာ

မရှိပါဘူး ” 


အမေ သည် ကျွန်တော့် အား အထင်ကြီးလျက် ရှိဟန် တူသည် ။ သို့သော် ကျွန်တော်တို့၏

ခြေသလုံးအိမ်တိုင် ဘဝကိုကား ထောက်ခံရန် မဆိုထားဘိ ၊ နားပင်လည်နိုင်ဟန် မရှိချေ ။ ဘာမျှ

မပြောတော့ဘဲ ကျွန်တော့်အား ငေးစိုက်ကြည့်နေသည် ။ ကျွန်တော်က အိန္ဒိယ လွတ်လပ်ရေး

အတွက် ဂန္ဓီ ၊ နေရူး ၊ ဒေဆိုင်း စသော ခေါင်းဆောင်ကြီးများ ဝင်ငွေကောင်းသော ဝတ်လုံ ရာထူးကြီးများနှင့် ဥစ္စာစည်းစိမ်ကို စွန့်လွှတ်ပုံ ၊ သခင်ဗစိန် ၊ ကိုကြီးနု ၊ ကိုအောင်ဆန်း ၊ ကိုဘဟိန်း

စသော လူငယ်ခေါင်းဆောင်များ အလားအလာကောင်းသော တက္ကသိုလ်ပညာများကို စွန့်လွှတ်ပုံ

စသည်တို့ကို ပြောပြနေလေသည် ။ အမေ ကား ကျွန်တော် ပြောသမျှတွင် များစွာ စိတ်ဝင်စား

နေဟန် ရှိ၏ ။ ကျွန်တော့် အယူအဆများကို သည်ညှာထောက်ထား လေးစားဟန်လည်း ရှိ၏ ။

အဖေ သာ ဆိုလျှင် ဆူလိုက်ကြိမ်းလိုက်မည့် ဖြစ်ခြင်း ။ အမေ ကတော့ အေးမြ၍ ချစ်စရာ

ကောင်းသော အမူအရာနှင့် နားထောင်နေပေသည် ။


ကျွန်တော် ပြောစရာကုန်၍ ပြုံးပြံးကလေး မျက်နှာထားပြီး အမေ့ စကားကို စောင့်စားနေလိုက်

သောအခါ -


“ ငါ့ သား မိန်းမ ယူရင် ကောင်းမယ် ” 


ကျွန်တော့် မှာ ထိတ်လန့်တကြားဖြစ်သွား၏ ။


“ မဟုတ်တာ အမေရာ ” 


အမေ က လေးနက်စွာနှင့် သိမ်မွေ့စွာ ပြုံးပြီး -


“ မဟုတ်လို့ မဖြစ်ဘူး ၊ ငါ့ သား မိန်းမ ယူရမယ် ” 


ကျွန်တော် ဘာထပ်ပြီးပြောရမှန်း မသိခင် အမေ က အခိုင်အမာ ဆက်ပြောပြန်သည် ။


“ မင်း မိန်းမ ယူမှ ဖြစ်မယ် ။ ငါ့သား တွေ့ထားတာ မရှိသေးဘူးလား ၊ အမေ တော့ တွေ့ထားတာ

ရှိတယ် ” 


ဤပြဿနာတွင် ကျွန်တော် စိတ်မဝင်စားဘဲ မနေနိုင်တော့ချေ ။ မိန်းမ ယူတော့မည်ဟု စိတ်

မပိုင်းဖြတ်ရသေးဦးတော့ ၊ ကျွန်တော်တို့ အရွယ်မှာ မိန်းမအကြောင်း စိတ်မဝင်စားဘဲ နေနိုင်သော

အရွယ် မဟုတ်ပေ ။ ထို့ပြင် သည်ကိစ္စမှာ အမေနှင့် တိုင်ပင်ခြင်းသည် အရင်းနှီးဆုံးသော

တိုင်ပင်ခြင်း ဖြစ်နိုင်ပေသည် ။


“ ကျွန်တော်လည်း တွေ့တော့ တွေ့ထားတာပေါ့ အမေရဲ့ ၊ တွေ့တာမှ အများကြီးပဲ ” 


“ ဒါဖြင့် ပြောပြစမ်းပါဦး ၊ တစ်ယောက်ယောက်ကို ရွေးထားပြီးသားလား ၊ မရွေးရသေးလည်း အမေ

ပါဝင်ပြီး ရွေးစမ်းရအောင် ” 


“ အို အမေ တွေ့ထားတာ အရင်ပြောပြစမ်းပါဦး ” 


အမေ က ကျွန်တော်တို့ ရွာနှင့် အနီးဆုံးဖြစ်သော မြို့ကလေးမှ ဦးဘယ်သူ နှင့် မဘယ်ဝါ တို့ကို

သိသည် မဟုတ်လားဟု မေးခြင်းမှ အစချီပြီး တွေ့ထားသော ချွေးမလောင်း အကြောင်း ပြောပြသည် ။ ရုပ်ကတော့ ချောလည်း မချော ၊ ဆိုးလည်း မဆိုး ။ တစ်ဦးတည်းသော သမီး ဖြစ်သည် ။

မြေဧက ခုနှစ်ရာကျော် ရှိသည် ။ ချောင်းကမ်းနားမှ မြေတွေသာ များသည် ။ စိန် နှစ်ဆင်စာ ရှိသည် ။

လိမ္မာကျိုးနွံသည် ။ ယောက္မမလောင်း တို့သည် သမက်လောင်း အား ဘာအစိုးရရာထူးမျှ မလုပ်စေချင် ၊ လယ်သီးယာသီး မှန်မှန် တောင်းပြီး အေးအေးနေစေချင်သည် ။ အမေ က သည် နောက်ဆုံး

အချက်ကို များစွာနှစ်သက်သည် ။


“ အစိုးရရာထူး လုပ်ရင် ဟိုပြောင်းဒီရွေ့နှင့် နေရမယ် ၊ အဖေ အမေနှင့် ခွဲနေရမယ် ၊ သူတို့ကလည်း

တစ်ဦးတည်း သမီးနဲ့ မခွဲချင်ဘူး ၊ အမေကလည်း သားနှင့် ဝေးဝေး မနေချင်ဘူး ၊ ဒါ့ကြောင့်

အမေ ကတော့ သဘောတူတာပဲ ။ ပြီးတော့ မိန်းကလေးက လိမ္မာတယ် ။ ပစ္စည်းရှိတာကို ရှာဖို့

မခက်ပါဘူး ၊ လိမ္မာတာကို ရှာဖို့ ခက်တယ် ။ ဒါပေမဲ့လေ အမေ ကတော့ လူငယ်ချင်းမေတ္တာရှိဖို့က

ပဓာနပဲလို့ ထင်တယ် ။ ဒီတော့ မင်း မှာ ရွေးချယ်ပြီးသားရှိရင် အတင်း မတိုက်တွန်းပါဘူး ။ ကဲ

မင်း တွေ့ထားတာတွေ ပြောပြစမ်းပါဦး ” 


ကျွန်တော့်မှာ ဘယ်သူက စပြောရမည်ဟုပင် မဝေခွဲတတ် ။ သို့ကြောင့် တွေ့ခဲ့သည့်

အစီအစဉ်အတိုင်း ပြောရန်ပင် စိတ်ကူးသည် ။ ဝင်နီဖေ့ အကြောင်းက စပြော၏ ။ အမှန်တော့

သူ့အကြောင်း ထည့်ပြောဖို့ပင် မလိုပါ ။ ကျွန်တော်ကိုယ်တိုင်က ပြတ်ပြီးသားဖြစ်သည် ။ ဟိုတုန်း

က အရူးအမူးဖြစ်ပေမင့် ယခု ယူရဖို့အရေးနှင့်ကပ်ပြီး ပြန်လည်စဉ်းစားလိုက်တော့ လုံးဝ

မဖြစ်နိုင်ကြောင်း အေးစက်စွာ သဘောပေါက်နေလေသည် ။ ၎င်းပြင် အိမ်ထောင်ဖက်ရွေးရာ၌

ရုပ်ချောခြင်းသည် အဆုံးအဖြတ်ပေးနိုင်သော အကြောင်းမဟုတ်ကြောင်း တွေ့ရသည် ။ အမေ

ကလည်း ဝင်နီဖေအား လွယ်လွယ်နှင့်ပင် ပယ်လိုက်လေသည် ။


မမြင့်ဦး အကြောင်း ဘုဘောက်ဖြစ်ပြီး တွေ့စမှစ၍ ယနေ့အထိ အခြေအနေကိုပါ အလုံးစုံ

ပြောပြသည် ။ အမေ က ပြုံးရွှင်အားရစွာ နားထောင်သည် ။ မမြင့်ဦး အား မမြင်မတွေ့ရခင်ကပင်

ချွေးမလောင်း အဖြစ်ဖြင့် ချစ်နေပြီဟု ရယ်စရာ ပြောလိုက်သေးသည် ။


မခင်သစ် အကြောင်းကို စလိုက်သောအခါ -

“ ငါ့သားက အတော်ပွသားပါကလား“  ဟု မထိတထိ မှတ်ချက်ချလိုက်သေးသည် ။


အမေ သည် မမြင့်ဦး အပေါ်ဝယ် စိတ်ညွတ်နေနှင့်ပြီးဖြစ်၍ အစ၌ မခင်သစ် အကြောင်းကို

စိတ်ဝင်စားစွာပင် နားမထောင်ချေ ။ နောက်မှ တစ်စတစ်စ သဘောကျလာပုံပေါ်သည် ။ “ ဒီ သမီး

ကလေးကလည်း ချစ်စရာအကောင်းသားပဲ ဟဲဟဲ ”  ဟု အားပါးတရ ပြောလိုက်သေးသည် ။


မခင်သစ် အား ကျွန်တော် က အချစ်ရပ်ဆိုင်းထားကြရအောင်ဟု စာရေးခဲ့၍ မခင်သစ် က ပြန်ဖြေပုံကို အမေ့ အား ပြောပြပြီးသောအခါ အမေ သည် မခင်သစ်အား သနားနေသည် ။ အလွန်

လိမ္မာတဲ့ သမီးကလေး ဟုလည်း ထုတ်ဖော်ချီးကျူးနေလေသည် ။


“ အမေ ဒီနှစ်ယောက်မှာ ရွေးချယ်ရရင် ဘယ်သူ့ကို ရွေးမလဲ ”   ဟု ကျွန်တော် က မေးလိုက်သောအခါ

အမေ က မဆိုင်းမတွ -


“ သမီးကြီး မမြင့်ဦး ကလည်း ချစ်စရာ ကောင်းတာပဲ ၊ သမီးကလေး မခင်သစ် ကလည်း ချစ်စရာ

ကောင်းတာပဲ  ”  ဟု အားရပြုံးရွှင်စွာ ဖြေလိုက်သည် ။ ပြီးတော့မှ မျက်နှာကို တည်ငြိမ်လိုက်ပြီး -


“ ဒါပေမဲ့ တစ်ခုတော့ ငါ့သား ထည့်စဉ်းစားရမယ် ။ မခင်သစ် က ငယ်ရွယ်သူဆိုတော့ ဘာဖြစ်ဖြစ်

ဇွတ်နှစ် ချစ်မယ် ။ မမြင့်ဦး ကတော့ အရွယ်အားဖြင့်လည်း ကြီးတယ် ၊ ပညာအားဖြင့်လည်း

ကြီးတယ် ၊ ဒီတော့ အချစ်မှာတောင် စဉ်းစားဆင်ခြင်နေမယ် ။ သကာ နှင့် ပျားရည် လိုပေါ့ သားရယ် ၊

အချိုလေးတာ နဲ့ ပေါ့တာ ကွာမှာပဲ ။ သို့ပေမယ့် အချိုနှစ်မျိုးမှာ ဘယ်သူ့ဘယ်သူမှတော့ သာတယ်လို့ ဆိုဖို့ ခက်သားပဲ ” 


ကျွန်တော့် အမေ သည် ဤမျှ ပညာရှိသည် ဟု ကျွန်တော် ဘယ်တုန်းကမှ မထင်ခဲ့ ။


“ ပြောသာနေတာပါ အမေ ရာ ၊ သူတို့ နှစ်ယောက် ရွေးဖို့ ခက်တာလည်း ခက်တာပဲ ၊ သို့ပေမယ့်

ကျွန်တော်တို့ သခင်တွေဟာ မိန်းမ ယူဖို့ကိုပဲ ခက်ပါတယ် ” 


သို့ကလို ပြောရင်းက ကျွန်တော် သည် သခင်ခေါင်းဆောင်များ မိန်း မ ရွေးကြပုံကို ဖောက်သည်ချနေမိလေသည် ။


သခင်ခေါင်းဆောင် များ သည် မိန်းမ ယူရန် စဉ်းစားကြသောအခါများစွာ၌ သားကျွေးမှု ၊ မယားကျွေးမှုတာဝန်ကို မယူဘဲနှင့် ရနိုင် မရနိုင်ဟူသော အချက်ကို မူတည်ကြသည် ။ ထိုတာဝန်ကို

မယူဘဲ နှင့် မိန်းမ လိုချင်ကြသည် ။ ထို့ထက် တတ်နိုင်လျှင် မိန်းမ ပစ္စည်းဥစ္စာ ကို နိုင်ငံရေး လုပ်ရာမှာ

သုံးနိုင်ခြေ ရှိ မရှိ ထည့်စဉ်းစားကြသည် ။ ထိုအခြေမျိုး ရှိမည်ဆိုလျှင် ဘယ် မိန်းမမျိုးကို မဆို

ယူကြမည်ဟု သဘောပိုက်ကြ၏ ။ တစ်ခါက ကျွန်တော်တို့ ခေါင်းဆောင်များကြားတွင် မျိုးရိုး

အားဖြင့် သူတောင်းစား ( ကယ်ပါ ) ဖြစ်ပြီး ကြေးငွေ ချမ်းသာသော ၊ သို့ရာတွင် လူကုံထံ ပညာတတ်

လူတန်းစားနှင့် လက်ဆက်လိုသော သတို့သမီးတစ်ယောက် ရှိသည်ဟူသောသတင်း ဖြစ်ခဲ့၏ ။

ထို သတို့သမီး နောက်သို့ ကျွန်တော်တို့ ခေါင်းဆောင်များ တကယ်ပင် လိုက်ကြသေးသည် ။

ထို့အတူပင် ပစ္စည်းရှိသော်လည်း အပျိုရည် ဖျက်ခံထားရသော သတို့သမီးလောင်း ၊ ပစ္စည်းရှိသော

မုဆိုးမ စသည်များ နောက်သို့ လိုက်ကြသေးသည် ။ ထိုသို့ဆိုလျှင် ကျွန်တော်တို့ သခင်

ခေါင်းဆောင်များတွင် အချစ်စစ် မရှိတော့ပြီလောဟု မေးစရာ ရှိသည် ။ အသီးသီး တကယ့် အချစ်များ

ရှိတတ်၏ ။ သို့ရာတွင် နိုင်ငံရေး လုပ်နေသမျှ အချစ်စစ်ကို စွန့်လွှတ်ရမည် ။ အချစ်စစ်ကို

ယူမိလျှင် နိုင်ငံရေး လွတ်လပ်စွာ မလုပ်နိုင်အောင် နှောင်ကြိုးအမျိုးမျိုး ပေါ်လိမ့်မည် စသည်ဖြင့်

ယူဆတတ်ကြပေသည် ။


“ နေပါဦး ငါ့သားရဲ့ ၊ သခင်ခေါင်းဆောင်တွေ ဆိုတာ များသောအားဖြင့် ငါ့သား လိုပဲ ပညာတတ် တွေချည်းပဲ မဟုတ်လား ။ ပစ္စည်းဥစ္စာလည်း ရှိ ၊ ရွယ်တူရွယ်တန်လည်း ဖြစ် ၊ အပြစ်လည်း

ကင်းစင်တဲ့ မိန်းမ မရနိုင်ကြဘူးလား ” 


“ အဲဒါ ခက်နေတောပေါ့ အမေ ၊ ကျွန်တော်တို့ သခင်တွေထဲမှာ ကိုယ်တိုင်ပညာတတ်ရုံ မကဘူး ၊

မိဘများက ပစ္စည်းချမ်းသာတဲ့ လူတွေလည်း ရှိတယ် ၊ သူတို့ နှမတွေ ၊ အစ်မတွေ ကို သခင်တွေ နဲ့

သူတို့ကိုယ်တိုင် အောင်သွယ်ပေးတယ် ။ ဒါပေမဲ့ မိဘတွေက ချက်ချင်း ပိတ်ပစ်တာပဲ ၊ ဇွတ်

ဖျက်ပစ်တာပဲ ။ အောင်သွယ် ကို အိမ်ကမောင်းထုတ်တဲ့ အထိပါပဲ ။ ပြီးတော့ ရှိသေးတယ် ၊

ကျွန်တော်တို့ သခင်ခေါင်းဆောင်အချို့မှာ မိန်းမ ရှိတယ် ။ ဥပမာ ကိုကြီးနု လို့ ကျွန်တော်တို့

ခေါ်ကြတဲ့ သခင်နု မှာ မမြရီ ဆိုတဲ့ ဇနီး ရှိတယ် ။ အဲဒီ သခင်ခေါင်းဆောင်ရဲ့ ဇနီး မမြရီ လို

သခင်ကတော်တွေ ကလည်း သူတို့နှင့် နီးစပ်တဲ့ မိန်းကလေးတွေ သမီးရှင်တွေကို သခင်တွေကို

မကြိုက်ဖို့ ၊ သခင်တွေ နဲ့ မပေးစားဖို့ လျှောက် ဝါဒဖြန့်နေကြတယ် ။ သခင်နိုင်ငံရေးသမား ကို

ယူရင် အနေအထိုင်လည်း ဆင်းရဲတယ် ၊ စိတ်လည်း ဆင်းရဲတယ် တဲ့ ။ ဒီတော့ ကျွန်တော်တို့

တစ်တွေမှာ ပစ္စည်းရှိ ရွယ်တူရွယ်တန် ဖြစ်ပြီး အပြစ်ကင်းစင်တဲ့ မိန်းမ ရဖို့ဆိုတာ မလွယ်ကူဘူး

အမေ ရဲ့ ” 


“ အမေ တွေ့ထားတဲ့ ကလေးမကတော့ ငါ့ သား သခင်ခေါင်းဆောင်ဖြစ်ခဲ့တဲ့ အတွက် ပယ်မှာ

မဟုတ်ပါဘူး ။ ဒါပေမဲ့ ရန်ကုန် သွားပြီး သခင်နိုင်ငံရေး လုပ်နေရမှာ မဟုတ်ဘူး ၊ ဒီမှာပဲ နေရမှာပဲ ။ သခင် လုပ်ချင်လည်း ဒီမှာပဲ လုပ်ရုံပဲ ။ ဘယ့်နှယ်လဲ ၊ ငါ့သား သဘော မကျဘူးလား ” 


ကျွန်တော်ကား ရုတ်တရက် အဖြေမပေးနိုင် ။ အတော်ကြာမှ -


“ စဉ်းစားသေးတာပေါ့ အမေရယ် ။ ကျွန်တော် တွေ့ထားတဲ့ သမီးကြီး ရော ၊ သမီးကလေး ရော ၊

အမေ တွေ့ထားတဲ့ မိန်းကလေး ရော ၊ ပြီးတော့ ” 


ကျွန်တော့်စိတ်ထဲမှာ မမြမှီ ပေါ်လာသည် ။ အမေ့ အား ဖြစ်သမျှ ဖွင့်ပြောပြချင်သည် ။ သို့သော်

ဘယ်လို အခြေအနေကြောင့်ဖြစ်ဖြစ် လင်ရှိ မယားနှင့် ကျူးလွန်မိခြင်းသည် အလွန်ရုပ်ဆိုးသော

ကိစ္စဖြစ်သဖြင့် အမေ့ ကိုပင် ပြောမပြရဲအောင် ဖြစ်နေ၏ ။ အမေ သည် ခဏမျှ စောင့်နေပြီးနောက် -


“ ပြီးတော့ နောက်တစ်ယောက် ရှိသေးသလား ၊ အမေ့ ကို အကုန်ပြောပြပါဦး သားရယ် ၊ ရွေးနိုင်တာပေါ့ ” 


အနည်းအကျဉ်း ပြောသင့်သလောက် ပြောပြမှ တော်မည်ဟု ကျွန်တော် သဘောရပြန်လေသည် ။


“ ဟုတ်တယ် ၊ နောက်တစ်ယောက် ရှိသေးတယ် ။ သူက ပစ္စည်းလည်း ရှိတယ် ၊ ရုပ်လည်း ချောတယ် ၊

ကိုယ်ပိုင်အလုပ်ကို ဦးစီးပြီးလုပ်နေတဲ့ မိန်းမအာဇာနည် ဖြစ်တယ် ။ ကျွန်တော့် ထက် အသက်

နည်းနည်း ကြီးတယ် ။ ကျွန်တော့်ကို သိပ်ချစ်တယ် ။ ကျွန်တော် ဘာလုပ်လုပ် အားပေးမှာပဲ ၊

ထောက်ခံမှာပဲ ။ ကျွန်တော်လုပ်ချင်တဲ့ နိုင်ငံရေးမှာလည်း နည်းနည်းမှ နှောင့်ယှက်မှာ မဟုတ်ဘူး ” 


“ ဒါဖြင့် ကောင်းသားပဲ ၊ အဲဒါကိုပဲ ယူပေါ့ သားရယ် ။ အမေ့ သဘောကတော့ ငါ့သား နိုင်ငံရေး

မလုပ်ဘဲ မနေနိုင်ဘူးဆိုလည်း မတားပါဘူး ၊ ငါ့သား စိတ်ချမ်းသာဖို့သာ လိုတယ် ။ ဒါပေမဲ့

နိုင်ငံရေး လုပ်ဦးတော့ ၊ မိန်းမ ရှိတာ ကောင်းတယ်ထင်တယ် ။ ငဲ့စရာညှာစရာ ရှိတော့ သိပ် မရမ်းဘူးပေါ့ကွယ် ။ အလွန်အကျွံ မဖြစ်ဘူး ။ ပြီးတော့ မိန်းမ ရှိတော့ ငါ့သား ကို ပြုစုစောင့်ရှောက်မှာပေါ့ ။

ထမင်း အချိန်မှန် စား ၊ အိမ် အချိန်တန် ပြန်ရောက် ၊ အနေမှန်အစားမှန် ဆိုတော့ ကောင်းတယ် ။ ကဲ

အဲဒီ မင်းပြောတဲ့ မိန်းမကို ယူချင်ယူ ” 


ကျွန်တော်သည် စိတ်ရှုပ်ရှုပ်ဖြင့် ခေါင်းကိုခါသည် ။ သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် -


“ ဒါလည်း စဉ်းစားဦးမှပဲ အမေရဲ့ ” 


“ ဘာကြောင့်လဲ ” 


ကျွန်တော် အမေ့ကို အကြောင်းစုံ ပြန် မပြောချင် ၊ မပြောရဲ ။ ပြောဦးတော့ အမေ က ဆူပူကြိမ်းမောင်းမည် မဟုတ် ။ အမြဲတမ်း ခွင့်လွှတ်တတ်သော အမေ သည် သည် အပြစ်ကိုလည်း

ခွင့်လွှတ်မည်ဖြစ်၏ ။ သို့သော် ကျွန်တော်ကား လင်ရှိမယားတစ်ယောက် ၏ အိတ်ဆောင် လင်ငယ်

ဖြစ်နေပေရာ အမေ့ကိုပင် ရှက်နေ၏ ။ အမေ စိတ်မကောင်းဖြစ်သွားမည်ကိုလည်း စိုးရိမ်၏ ။


“ ဇာတ်ရှုပ်ကြီးပါ အမေရယ် ၊ မကြားချင်ပါနဲ့တော့ ” 


ကျွန်တော့် အသံမှာ ငိုသံပါလာ၏ ။ ကျွန်တော့် မျက်နှာမှာလည်း ငိုမဲ့မဲ့ဖြစ်လာဟန် ရှိ၏ ။


“ ဟင် မင်းဟာကလည်း ဇာတ်ရှုပ်ကြီးလား သားရယ်သိန်းဖေမြင့်ဟု ညည်းညူလိုက်ပြီး နောက်ထပ်

သည်ကိစ္စ မမေးတော့ချေ ။


သို့သော် သည်ကိစ္စကို အမေ က နောက်ထပ် မမေးသော်လည်း ကျွန်တော့် မှာ စိတ်မအေးနိုင်ပါ ။

တွေးစရာတွေ အမျိုးမျိုး ပေါ်လာလေသည် ။ ရန်ကုန် ပြန်မည်လား ၊ အမေ နှင့်ပဲ တောမှာ

နေတော့မည်လား ၊ အသက်မွေးဝမ်းကျောင်းမှု တစ်ခုခု လုပ်မည်လား ၊ သို့မဟုတ် ခြေသလုံး

အိမ်တိုင် ဘဝနှင့်ပင် နိုင်ငံရေး ဆက်လုပ်မည်လား ၊ မိန်းမ ယူမည်လား ဘယ်သူ့ကို ယူမည်လဲ ။

ပြဿနာ အမျိုးမျိုး ယှဉ်ပြိုင်တိုးကာ ကျွန်တော့် ဆုံးဖြတ်ချက်ကို တောင်းဆိုနေလေပြီ ။ အမှန်စင်စစ်

ကျွန်တော့် ဘဝခရီးသည် လမ်းဆုံလမ်းခွတစ်ခုသို့ ရောက်နေပြီး တစ်လမ်းကို ပြတ်ပြတ်သားသား

ရွေးချယ်၍ ရဲဝံ့စွာ ချီတက်ရမည့်အချိန် ဖြစ်ပေသည် ။


ရွေးချယ်ရမည်ကား အမှန်မုချပင် မလွယ်ကူပါ ။ ခြေသလုံးအိမ်တိုင်ဘဝနှင့် နိုင်ငံရေးကို

လုပ်စမ်းလာသည်မှာ အတော်ကြာပြီ ။ အတွေ့အကြုံမှာ ဆူးငြောင့်ခလုတ်တို့ဖြင့် ပြည့်နေသည် ။

အကယ်၍ မမြမှီ ၏ ထောက်ပံ့ကြေးကိုသာ မယူခဲ့ပါလျှင် သည့်ထက်ပို၍ အခက်အခဲတွေနှင့်

တွေ့ခဲ့ရပေဦးမည် ။ သို့သော် ကျွန်တော့် လိပ်ပြာ နှင့် သိက္ခာ တို့သည် အိတ်ဆောင်လင်ငယ်

အဖြစ်ကို စွန့်လွှတ်ရန် တောင်းဆိုနေသည် ။ ထို့ကြောင့် ရန်ကုန် ပြန်၍ နိုင်ငံရေး ကို

 ကျွတ်ကျွတ်လွတ်လွတ် လုပ်မည်ဆိုလျှင် စားနေဝတ်ပြဿနာကိုပါ ဖြေရှင်းရပေလိမ့်မည် ။ ယနေ့

အထိ လျှောက်ခဲ့သော ဘဝခရီးထက် ကြမ်းတမ်းသောခရီးနှင့် ရင်ဆိုင်ရပေလိမ့်မည် ။


ရန်ကုန် မပြန်ဘဲ တောမှာပဲ နေ၍ အမေ ပေးစားသော မိန်းမ ယူကာ အေးအေးနေရန် စဉ်းစားကြည့်လိုက်ပြန်သည် ။ ထားရာက အေးအေးနေမည့် တောင်သူမိန်းမ ကို ယူ ၊ ယောက္ခမမိဘများ နှင့်

အတူနေ ၊ လယ်သီးယာသီး ကောက်ခံ ၊ ကြွေးမြီတောင်း ၊ တောသူဌေးကလေး လုပ် ၊ တောပညာရှိ

လုပ် ၊ ရိုးရိုးကုပ်ကုပ်နှင့် နေသွားလျှင် စိတ်ရှုပ်စရာ ပူပင်စရာ မရှိ ။ အခက်အခဲ မရှိ ။ ဥယျာဉ်ထဲ

ထန်းရွက်စိမ်းတဲနှင့် နေရသည်ထက် အေးဦးမည် ။ နိုင်ငံရေးဝါသနာ ချိုးကပ်နေသဖြင့် မကင်းကွာ

ချင်လျှင် တောနယ်မှာ လူတွင်ကျယ် သခင်ခေါင်းဆောင် လုပ်နိုင်သေးသည် ။ ဤဘဝ

အလားအလာကလည်း သူ့ဟာနှင့် သူ ဆွဲငင်ညှို့ဆောင်ခြင်း ရှိပေသည် ။ ထို့ပြင် အမေ

စိတ်တိုင်းကျလည်း ဖြစ်လိမ့်ဦးမည် ။


သို့သော် ဤဘဝ အလားအလာသည်လည်း ကျွန်တော့် စိတ်တိုင်းကျ မဟုတ်သေး ။ ကျွန်တော့်ဘဝ

မျှော်မှန်းချက်တို့ကား တောမြို့ကလေး ၊ တောရွာကလေးတို့နှင့် မဆံ့အောင် ကြီးမားနေချေပြီ ။

မြို့တော်ရန်ကုန် မှာ ကျက်စားနေကြပြီ ။ အနှစ်မရှိသည့် တော ကြက်ဆူပင် မင်းမူသည့် အလုပ်မျိုးကို ကျေနပ်အားရခြင်း မရှိတော့ချေ ။ တိုင်းကျော်ပြည်ကျော် ထင်ပေါ်လိုမှုကား သစ်လွင်နုပျိုသော

အသည်းနှလုံးတွင် ဖျောက်မရအောင် စွဲနေလေပြီ ။ ထို့ကြောင့် ဤဘဝအလားအလာကို

မနှစ်မြို့နိုင် ဖြစ်ရပြန်၏ ။ ကြီးပွားလမ်း ၊ တိုးတက်ရေးလမ်း မရှိဟု ထင်နေပြန်၏ ။


ယတိပြတ်ဆုံးဖြတ်ရန် ဘယ်က ကြည့်ကြည့် မလွယ်ကူပါ ။


ထို့ကြောင့် ရန်ကုန် ပြန်ရန် နှောင့်နှေးနေ၏ ။


အဖေသေပြီးလို့မှ မကြာသေးမီ အမေ့အား ခွဲထားခဲ့ရန်မှာလည်း မသင့်လျော်ချေ ။


ရက်တွေ အတော်ညောင်းသွားလေပြီ ။


ဝါဆိုဝါခေါင် ရေဖောင်ဖောင် ။


သပြေကသီး ရေကကြီး ၊ ထန်းသီးကကြွေ မိုးကစွေ ။


သတင်းကတော့ အတော် ဟောင်းသွားပြီ ။ ရက်တွေ အတော် ချို့သွားလေပြီ ။ သို့သော် ဂျာမန်

စစ်ယန္တရားကြီး သည် ဆိုဗီယက်ယူနီယံ တွင်းသို့ ချင်းနင်းတိုက်ခိုက်နေပြီဟူသော သတင်းကား

ကျွန်တော်တို့ ရွာသို့ ရောက်လာလေ၏ ။ ဤသို့ စစ်ပွဲကျယ်ပြန့်လာခြင်းမှာ စစ် အခြေအနေကို

ထူးခြားစွာ ပြောင်းလဲပစ်လိုက်ခြင်းဖြစ်ကြောင်း ကျွန်တော် သည် အကဲခတ်မိပေသည် ။


ကျွန်တော်တို့သည် စစ်ကြီးဖြစ်စက စ၍ ဆိုဗီယက်ရုရှား ၏ ခြေလှမ်းကို စောင့်ကြည့်နေခဲ့ကြ၏ ။

ဆိုဗီယက်ရုရှား လုပ်ပုံကိုင်ပုံကို ရှုတ်ချသော ဆောင်းပါးများကိုလည်း ဖတ်ရ၏ ။ ဆိုဗီယက်ရုရှား

လုပ်ပုံကိုင်ပုံကို ထောက်ခံသော ဆောင်းပါးများကိုလည်း ဖတ်ရ၏ ။ နဂါးနီသတင်းစဉ်တွင်

ကိုသိန်းဖေ သည် ရုရှား နှင့် ဂျာမနီ တစ်ဦး နှင့် တစ်ဦး မကျူးကျော်ရေးစာချုပ် ချုပ်ခြင်းမှာ လမ်းမှန်ကြောင်း ၊ ၎င်းနောက် ဖင်လန် နှင့် ဆိုဗီယက်ရုရှား တို့ စစ်ဖြစ်သောအခါ ဆိုဗီယက်ယူနီယံ ကို

ကာကွယ်ရန် မတိုက်မဖြစ်သဖြင့် ရုရှား က တိုက်ရကြောင်း ရေးသားခဲ့၏ ။ ထိုသို့သော

ရေးသားချက်မျိုးကို ဖတ်ထားခဲ့သောကြောင့် ကျွန်တော် သည် ဆိုဗီယက် ဘက်သို့ ညွတ်နေပြီး

ဖြစ်လေသည် ။


ထိုမျှ မကသေး ၊ ဆိုဗီယက်ရုရှား အပေါ်ဝယ် စေတနာမေတ္တာ ပိုပွားစရာ အကြောင်းများသာ

ပေါ်လာလေသည် ။ ကရုဏာသက်စရာတွေကိုသာ တွေ့နေရသည် ။ သူငယ်ချင်းဟောင်း ၊ ယခု

ယောက်ဖတော်ဖြစ်နေသူ သခင်ဘဖေ ၏ အိမ်တွင် ဒီးဒုတ်ဂျာနယ်ဟောင်းများ နှင့် သခင်စိုး၏

' ဗမာ့တော်လှန်မူ ' စာအုပ်ကို ဖတ်မိသည် ။


ဒီးဒုတ်ဂျာနယ် ၁၉၃၅ ခု ၊ အောက်တိုဘာလ ၃ ရက်နေ့ထုတ်တွင် ခေါင်းကြီးပိုင်း၌ ဦးဘချို က

အောက်ပါအတိုင်း ရေးသားထားလေသည် ။


“ ရုရှားပြည် သည်လည်း အာဏာပိုင် အုပ်စိုးခြင်းဖြစ်ရကား တစ်ပါတီ

တည်း၏ အုပ်စိုးခြင်းပင် ဖြစ်ပေ၏ ။ သို့ရာတွင် ၎င်းပါတီမှာ ဆင်းရဲသား

အလုပ်သမားပါတီဖြစ်၍ တိုင်းပြည်အတွင်း၌ ဆူကြုံနိမ်မြင့်မထားဘဲ ၊ ဓနရှင်

ဟူ၍မထားဘဲ အုပ်စိုးနည်းဖြစ်ရကား အီတလီ ၊ ဂျာမနီ ၊ တူရကီပြည်

အာဏာပိုင်နည်းများနှင့် များစွာကွာခြား၍ အမြဲဆန့်ကျင်သော အုပ်စိုးနည်း

ဖြစ်၏ ။


အင်္ဂလိပ် တို့သည် ရုရှား မှာလည်း တစ်ပါတီအာဏာရှင်စနစ်သာ ရှိသဖြင့် ဂျာမန် ၊ ဂျပန် ဖက်ဆစ်

တို့နှင့် အတူတူပင်ဖြစ်ကြောင်း ဝါဒဖြန့်လေ့ ရှိလေသည် ။ ဦးဘချို ၏ ရေးသားချက်မှာ အင်္ဂလိပ်

တို့၏ ဝါဒဖြန့်ချက်ကို ချေပလိုက်သလို ရှိပေသည် ။ နာဇီဂျာမနီ က ဆိုဗီယက် နယ်မြေတွင်း

ချဉ်းနင်း တိုက်ခိုက်သည်မှ စ၍ စစ်ကြီး၏ ဖြစ်စဉ်ကို ကြည့်မည်ဆိုလျှင်လည်း ဆိုဗီယက်စနစ် နှင့်

ဖက်ဆစ်အာဏာရှင်စနစ် တို့သည် လုံးဝ မတူဘဲ ဆန့်ကျင်ဘက်ဖြစ်ကြောင်း ထင်ရှားလာခဲ့၏ ။


၁၉၃၈ခု ၊ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ဒီးဒုတ်ဂျာနယ် ခေါင်းကြီးပိုင်း မှာလည်း အောက်ပါအတိုင်း

ရေးသားထားသည်ကို တွေ့ရလေသည် ။


“ ၎င်းတို့ က ( အင်္ဂလိပ်အစိုးရ နှင့် အခြားဓနရှင်အစိုးရများ က ) ရုရှား ဘုံဝါဒ မှာ အခြား တိုင်းပြည်များကို တိုက်ခိုက်လုယူရန်ကြံသည့် တိုင်းပြည် ဖြစ်၍ ထိုတိုင်းပြည်များတွင် မတရားအလုပ်များကို

အစဉ်ထာဝရ လုပ်၍နေလေဟန် ရေးသားပြောဆိုလေသည် ။ အမှန်မှာ ရုရှားပြည် သည် မည်သည့်

တိုင်းပြည်ကိုမျှ အနိုင်မကျင့် ။ ချက်ကိုစလိုဗေးကီးယားပြည် ကို ဂျာမနီ က စစ်တိုက်လျှင် ခုခံကာကွယ်မည်ဟု ကတိပေး၏ ။ သို့ရာတွင် စစ်မဖြစ်၍သာ မတိုက်ဘဲနေရ၏ ။ ရုရှား နှင့် အလားတူ

ကတိပေးသော ပြင်သစ် နှင့် အင်္ဂလန် တို့မှာ ကတိဖျက်ကာ ချက်ကိုစလိုဗေးကီးယားပြည် ကို

သစ္စာဖောက်ခဲ့လေသည် ။ အခြား ဓနရှင်တိုင်းပြည်များ မှာ တိုင်းပြည် တစ်ပြည်ပြီး တစ်ပြည်

နောက်ထပ် ရရန် ကြိုးစားလုံးပန်း၍ နေသည်သာမက လက်ရှိ တိုင်းပြည်များကိုလည်း

မလွတ်အောင် ကြိုးစားအားထုတ်နေလေသည် ။ ရုရှား မှာမူ မည်သည့် တိုင်းပြည်ကိုမျှ လက်အောက်

ခံပြည်အဖြစ်ဖြင့် သွတ်သွင်းခြင်း မပြု ...


သခင်စိုး ရေးသော ' ဗမာ့တော်လှန်ရေး ' စာအုပ်တွင် အောက်ပါအတိုင်း ဖတ်ရပြန်၏ ။


“ ထို ဗိုလ်မှူးအဖွဲ့သည် ကမ္ဘာပေါ်တွင် အနှံ့အပြား ဖြစ်ပွားနေသည့်

အရေးတော်ပုံတိုက်ပွဲများနှင့် တော်လှန်ပြောင်းလဲမှုများကို စေ့စပ်သေချာစွာ

လေ့လာဖန်တီးလာခြင်းအားဖြင့် လူတန်းစား အမျိုးမျိုးတို့ မိမိတို့ အကျိုး

အတွက် တိုက်ခိုက်သော သီးခြားတိုက်ခိုက်ရေးများနှင့် မြန်မာပြည်ကြီး လုံးဝ

လွတ်လပ်ရေးအတွက် တိုက်ခိုက်ရေးလုပ်ငန်းကြီးသည် ခွဲ၍မရအောင်

အကြောင်းအကျိုး ဆက်စပ်နေကြောင်းကို လည်းကောင်း ၊ ကမ္ဘာပေါ်တွင်

အနှံ့အပြား ဖြစ်ပွားနေသော တော်လှန် ပြောင်းလဲမှု တိုက်ပွဲများနှင့်

နိုင်ငံချဲ့စနစ် တိုက်ပွဲများသည်လည်း အကျိုးအားဖြင့် ထပ်တူထပ်မျှ

ဖြစ်ကြောင်းကိုလည်း သိရှိနားလည်လာကြပေမည် ။


သိရှိနားလည်လာခြင်းအားဖြင့် ကမ္ဘာမြေမျက်နှာပြင်တစ်ခုလုံးသည် ကမ္ဘာကြီး

တစ်ခုလုံးကို သားသတ်ရုံသဖွယ် အသုံးပြုနေသည့် ကမ္ဘာ့ နိုင်ငံချဲ့သမား

ဓနရှင်များ ရှေ့ဆောင်ဦးစီး အကြီးအကဲ လုပ်၍ တိုက်ခိုက်နေသည်ကို

တွေ့ရပေသည် ။ ဒုတိယတပ်ကြီးတွင်ကား ပစ္စည်းမဲ့ လူနင်းပြားတို့

မရေမတွက်နိုင်အောင် ပါဝင်ပြီးလျှင် ကမ္ဘာ့ပစ္စည်းမဲ့ အလုပ်သမား တပ်ဦးကြီးဖြစ်သော ကမ္ဘာ့ ကွန်မြူနစ်ပါတီကြီးက ဗိုလ်မှူးလုပ်၍ တိုက်နေသည်ကို

တွေ့ရပေသည် ။


ယခုအခါ ရုရှားပြည်တွင် အခြေစိုက်၍ ကမ္ဘာ့ပစ္စည်းမဲ့ လူနင်းပြားတပ်ကြီး၏

 လွတ်မြောက်ရေး နှင့်တကွ တစ်ကမ္ဘာလုံးတွင် လူလူချင်း ညှဉ်းပန်းသည့်

စနစ်ဟူသမျှတို့ကို သုတ်သင်ဖြိုခွင်းရေး အတွက် လုံးပန်းနေရသော

တတိယမြောက် ကမ္ဘာ့အလုပ်သမားအဖွဲ့ကြီး ၏ လုပ်ငန်းသည်ကား လူတိုင်း

လူတိုင်းနှင့် အားလုံးတို့ အခွင့်အရေး တင်းပြည့်ခံစားရေး ၊ လုံးဝ

လွတ်လပ်ရေး ၊ လယ်ယာ လုပ်ကိုင် နေထိုင်ရေးအတွက် မြေနှင့် စားရေး

အတွက် အစားအစာ လုံလောက်စွာ ရရှိစေရေးတို့ ဖြစ်ပေသည် ...


ဆိုဗီယက်ရုရှား ပေါ်တွင် ညွတ်နေပြီဖြစ်သော ကျွန်တော့် အား ထိုစာများ က ပိုမို၍ ခိုင်မာသော

ဆိုဗီယက် ဘက်သား ဖြစ်စေ၏ ။ နာဇီဖက်ဆစ်များ ကို မုန်းတီးနေပြီဖြစ်သော ကျွန်တော့် အား ပိုမို

ခိုင်မာသော ဖက်ဆစ်ဆန့်ကျင်ရေးသမား ဖြစ်စေ၏ ။ သခင်နိုင်ငံရေးသမားများ နှင့် ကျောင်းသား

နိုင်ငံရေးသမားများ ကြားတွင် ကျွန်တော့် ရဲဘော်များ သည် ကျွန်တော့် လိုပင် ဖြစ်ကြပေလိမ့်မည် ။

ဆိုဗီယက်ရုရှား ထဲသို့ လှိမ့်ဝင်နေသော နာဇီဂျာမနီ စစ်ယန္တရားကြီးကို ရိုက်ချိုးလိုကြပေသည် ။


သို့ရာတွင် ကျွန်တော်တို့သည် ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲတွင် ပါဝင်နေသော ကျွန်တော်တို့ ၏

လက်တွေ့ ရန်သူ အင်္ဂလိပ် ကို မမေ့နိုင်ကြချေ ။ ဘာပဲဖြစ်ဖြစ် ဤစစ်ကြီးအတွင်းတွင် ဗမာပြည်

သည် အင်္ဂလိပ် ကျွန် ဘဝမှ လွတ်မြောက်ရမည် ။ ' အင်္ဂလိပ်အခက် ဗမာ့အချက် ' ဟူသော ဆောင်ပုဒ်

သည်သာ ကျွန်တော်တို့ ၏ လမ်းညွှန် ဖြစ်နေလေသည် ။ ' နယ်ချဲ့စစ်ပွဲကြီးကို ပြည်တွင်းစစ်

အဖြစ်သို့ ပြောင်းပစ် ' ဟူသော လမ်းစဉ်ကိုသာ လိုက်နေကြလေသည် ။


ကျွန်တော်တို့သည် စစ်မျက်နှာ နှစ်ဖက် ဖွင့်ထားကြ၏ ။ နယ်ချဲ့ အင်္ဂလိပ် ကိုလည်း ဆန့်ကျင်တိုက်ခိုက်မည် ။ ဖက်ဆစ် ဂျာမန် ၊ ဂျပန် တို့ကိုလည်း ဆန့်ကျင်တိုက်ခိုက်မည် ။


ကျွန်တော်သည် စစ်ကြီး အကြောင်း ၊ ကမ္ဘာ့နိုင်ငံရေး နှင့် ဗမာ့နိုင်ငံရေး အကြောင်းများကို စဉ်းစား

လေလေ ၊ လေ့လာလေလေ ၊ ရန်ကုန် ပြန်လိုသောဆန္ဒ အားကြီးလေလေ ဖြစ်လာပေ၏ ။ သို့ရာတွင်

ဘယ်ကိစ္စမှ ယတိပြတ် မဆုံးဖြတ်ရသေးချေ ။ လမ်းဆုံလမ်းခွ ရောက်နေသော ကျွန်တော် သည်

ဘယ်လမ်း လိုက်မည်ဟု မဆုံးဖြတ်နိုင်သေးဘဲ လမ်းဆုံလမ်းခွ မှာပင် ထိုင်၍ နေလေသည် ။ ရွာမှာပင်

ဆက်နေလေသည် ။


အမေသည် ကျွန်တော် ရွာမှာ ဆက်နေနေသည်ကို သဘောကျလျက် ရှိ၏ ။ သို့ရာတွင် ဘာမျှ

မပြောဘဲ ကျွန်တော့် အရိပ်အခြည်ကိုသာ ကြည့်နေသည် ။ ရန်ကုန် ပြန်မည်လား ၊ မပြန်ဘူးလား ။

အမေ သဘောတူသော မိန်းမ ကို ယူမည်လား ၊ ကျွန်တော် တွေ့ထားသော မိန်းမ ကို ယူမည်လား ။

နိုင်ငံရေး လုပ်ဦးမည်လား ၊ မလုပ်တော့ဘူးလား ။ သည်မေးခွန်းတွေကို မမေးတော့ချေ ။ မလိုချင်သော အဖြေ ကို ကြားရမှာ အမေ စိုးရိမ်နေဟန် တူ၏ ။


ကျွန်တော် ရွာသို့ ပြန် မရောက်သည်မှာလည်း သုံးနှစ်နီးပါး ရှိခဲ့သည် ။ ထို့ကြောင့် ရန်ကုန် ၏

နာရီသံချောင်းခေါက်သံ နှင့် ရွာ ၏ ကြက်တွန်သံ ခြားနားမှုတွင် အရသာတွေ့နေသည် ။ ဓာတ်ရထားသံ တဂျုံးဂျုံး ကို မကြားရတော့ဘဲ လှည်းဝင်ရုံးသံ နှင့် နွားချူသံ တို့ကို ကြားရသည် မှာလည်း ကြည်နူးစရာဖြစ်၏ ။ ပြောင်းရိုးစင် အောက်က ပလွေသံ သည် ကျွန်တော့် တောဇာတိ

ဓာတ်ခံများကို ပြန်လည် နှိုးဆွပေးနေ၏ ။ ကျွန်တော်တို့ရွာ ၏ မိုးကုပ်စက်ဝိုင်းသည် ပိုကျယ်သည် ။

ကျွန်တော်တို့ ရွာ ၏ ကောင်းကင်ပြင်သည် ပို၍ ရောင်စုံတောက်သည် ။ ကျွန်တော်တို့ ရွာက

ငှက်ပျောသီး ပိုချိုသည် ။ ကျွန်တော်တို့ ရွာက ဥယျာဉ်သည် ပို ပန်းမျိုးသစ်သီးမျိုးစုံသည် ။


ကျွန်တော်သည် ရွာမှာ အိမ်ပေါက်စေ့ လည်ပတ်ရုံမက ရွာနီးချုပ်စပ်များသို့လည်း ရောက်သည် ။

ငယ်ငယ်က ရောက်ဖူးသော တောရပ်ကျောင်း ၊ ငယ်ငယ်က တက်ဖူးသော တောင် ၊ ငယ်ငယ်က

ငှက်ပစ်လိုက်ဖူးသော အင်း ၊ ငယ်ငယ်က မှိုရှာဖူးသော တော စသည်များကို လျှောက်လည်သည် ။


ဤမျှသာ မကသေး ၊ ကျွန်တော်၏ တက္ကသိုလ်ပညာနှင့် နိုင်ငံရေး အတွေ့အကြုံများကြောင့် ရွာမှာ

ရှေးက မမြင်မိတာ ၊ မျက်စိလျှံသွားတာတွေကို ယခု မြင်မိသည် ။ တောင်သူလယ်လုပ်တို့၏

ချွေးသီးချွေးပေါက်ကို မြင်မိသည် ။ မြေရှင် ၏ တင်းတောင်းကို မျက်မုန်းကျိုးစွာဖြင့် ကြည့်မိသည် ။

ရွာသူ အိမ်ရှင်မတို့၏ မပြည့်စုံ မဖူလုံသော မီးဖိုချောင်ကို ကရုဏာသက်စွာဖြင့် ကြည့်မိသည် ။

စတီးဘရားသား စသော အင်္ဂလိပ် ကုမ္ပဏီကြီးများ ၊ ကုလားတရုတ် ကုန်သည်ကြီးများ နှင့် ချစ်တီးများ၏ ကွန်ပိုက်ကြိုးများသည် တောရွာ ၏ လမ်းကြိုလမ်းကြား နောက်ဖေးဆောင် လက်ပံခေါင်း

နှင့် ခရမ်းသီးခြောက်အိုး အထိ ရောက်နေပုံကို တွေ့မိသည် ။


အမှန်အားဖြင့် ကျွန်တော့် ရွာနှင့် ရွာသူရွာသားများ ကို အသစ်တစ်ဖန် တွေ့နေရခြင်းမျိုး ဖြစ်ပေသည် ။


သည်အချိန်တွင် စာတိုက်မှ စာတစ်စောင် ရောက်လာလေသည် ။ စာအိတ်ပေါ်က လက်ရေး

ကြည့်ရုံဖြင့် သိပါ၏ ။ မမြင့်ဦး ထံမှ စာ ။


အံ့အသားသင့်နေမိသေး၏ ။ မမြင့်ဦး နှင့် အဆက်ပြတ်နေသည်မှာ အတော်ကလေး ကြာသွားပြီ

မဟုတ်ပါလား ။ မမြင့်ဦး သည် တက္ကသိုလ် မြန်မာစာဌာနမှာ ဆရာမ ဖြစ်နေလေပြီ ။


ရန်ကုန်တက္ကသိုလ် ၊ ၁၉၄၁ ၊ ဇူလိုင်လ ၂ဝ ။


ထွန်းကလေး


ထွန်းကလေး ရဲ့ ကျေးဇူးရှင် ဖခင်ကြီး ကွယ်လွန်အနိစ္စရောက်သွားတယ်လို့

ကြားရလို့ အင်မတန် ဝမ်းနည်းပါတယ် ။ ဒါကြောင့် ဒီစာကို ရေးလိုက်ခြင်း ဖြစ်ပါတယ် ။


ထွန်းကလေး ဟာ ဘီအေ အောင်ပြီးပြီ ။ ပညာတတ်တစ်ယောက် ဖြစ်ခဲ့ပြီ ။

လူလားမြောက်ပြီ ။ ဒါပေမဲ့ ကျေးဇူးရှင်ဖခင်ကြီး ကို အတုံ့အလှည့် ကျေးဇူး

မဆပ်လိုက်ရဘူး ။ ဒါဟာ အထူးဝမ်းနည်းစရာပဲ ။ ဒီတော့ ကျန်ရစ်ခဲ့တဲ့

မိခင်ကြီး ကို အတိုးနှင့် ကျေးဇူးဆပ်ဖို့ပဲ ရှိတော့တယ်လို့ မြင့်ကြီး ထင်တယ်

ထွန်းကလေး ရယ် ။ ဒီကစ္စမှာတော့ မြင့်ကြီး ဒါပဲ ရေးချင်ပါတယ် ။


မြင့်ကြီး လေ ထွန်းကလေး ကို လိုက်ရှာတယ် ။ ထွန်းကလေး က တမင် ခြေရာ

ဖျောက်ထားတယ် ။ တမင် မြင့်ကြီး နှင့် အဆက်ဖြတ်ထားတယ် ထင်မိပြီး

စိတ်တောင် မကောင်းဘူး ။ မကြာသေးခင်ကမှ ထွန်းကလေး အကြောင်း အစုံ

ကြားရတော့တယ် ။ ဘယ်သူ့ဆီက ကြားတယ်ထင်လဲ ၊ သခင်ဘဟိန်း ရဲ့

အဆက်ဟောင်း ဆီက ကြားရတာ ။


မြင့်ကြီး ကောင်းကောင်း နေမကောင်းဘူး ။ ဆရာဝန် နှင့် ကုနေရတယ် ။

ရန်ကုန် ပြန်ရောက်ရောက်ချင်း လာကြည့်ပါဦးကွယ်နော် ။ မြင့်ကြီး အတွက်

အိမ်ကလေးတစ်ဆောင် ရထားတယ် ။ အဲဒီ အိမ်လိပ်စာ ပူးတွဲ ပို့လိုက်တယ် ။


နေမကောင်းပေမယ့် ကျောင်းတော့ မှန်မှန် တက်နေတာပါပဲ ။ မြင့်ကြီး ယူရတဲ့

Class တွေက လူများတော့ အသံကျယ်ကျယ်နှင့် သင်ပေးနေရတယ် ။ ဒီတော့

မောတယ် ။ Next term ကျရင်တော့ သုတေသနဘက် ရွှေ့ပေးပါလို့

ဆရာကြီး ကို ပြောမယ် အောက်မေ့တာပဲ ။


ရန်ကုန် ပြန်ရောက်ရောက်ချင်း ဆက်ဆက် လာကြည့်နော် ။


ထွန်းကလေး ရဲ့ မိခင် ကိုလည်း ဖခင်ကြီး ကွယ်လွန်တဲ့အတွက် မြင့်ကြီး

ဝမ်းနည်းကြောင်း ပြောပါ ။ တရားနှင့်သာ ဖျော်ဖြေပါလို့လည်း ပြောပါ ။


ထွန်းကလေး နှင့် အားလုံး ကျန်းမာပါစေ ။ မြင့်ကြီး ကျန်းမာအောင်

ဆုတောင်းပါကွယ် ။


           မြင့်ကြီး


မမြင့်ဦး ၏ စာသည် ကျွန်တော့် ထံသို့ အေးမြသော မေတ္တာကို ဆောင်ယူလာသည် ။ ပူနွေးသော

စေတနာဖြင့် လွမ်းခြုံပေးသည် ။ လမ်းဆုံလမ်းခွတွင် နွမ်းလျစွာ ထိုင်နေသူအား မတ်တတ်ထပြီး

တစ်ခုသော လမ်းသို့ လိုက်ရန် ခေါ်နေသည်နှင့်လည်း တူ၏ ။


ဆိုင်ပဲ ဆိုင်တတ်သည် ။ ထိုအတွင်း ကိုအေးငွေ ထံမှ စာတစ်စောင် နှင့် လူငယ်ခေါင်းဆောင်

တစ်ယောက် ကျွန်တော့် ထံသို့ ရောက်လာသည် ။ ကိုအေးငွေ စာမှာ မိတ်ဆက်စာ ရိုးရိုးပင်

ဖြစ်သည် ။


ထို လူငယ်ခေါင်းဆောင် ကို ယခင် က ကျွန်တော် မတွေ့ဖူး ၊ မသိဖူးပေ ။ သူသည် မြေအောက်

 တော်လှန်ရေးလုပ်ငန်း ကို လုပ်နေသူ ဖြစ်သည် ။ ' နေထွန်း ' ဆိုသော သူ့ နာမည်ဝှက် ကိုသာ

ကျွန်တော့်အား ပေးသည် ။ နာမည်ရင်းကိုကား မပေးချေ ။ ကျွန်တော် ကလည်း သူ့ ဇစ်မြစ်ကို

မစပ်စုချေ ။ ဤကား လျှို့ဝှက်လုပ်ငန်းတွင် ကျင့်စဉ်တစ်ရပ် ဖြစ်၏ ။


သူ့ ထံမှ သိရသည်မှာ အချိန်ကျသောအခါ လက်နက်ကိုင် ပုန်ကန်ရေးလုပ်ရန် နယ်များတွင်

အခြေခံစခန်းများ ရွေးချယ်ထားရမည် ။ လူစုရမည် ။ အပြင်ပ မဟာမိတ်တစ်ဦးက လေယာဉ်ပျံဖြင့်

လက်နက်ချပေးမည် ဖြစ်ရာ နယ်များတွင် လက်နက်ချမည့်နေရာများ ရွေးချယ် ထားရမည်

စသည်ဖြင့် ဖြစ်လေသည် ။


ကိုနေထွန်း ကား အသားမည်းသည် ။ အရပ်အမောင်း ကောင်းသည် ။ ကျယ်ပြန့်သော ရင်ဘတ်နှင့်

ခိုင်ခံ့သော လက်မောင်းများတွင် ဖောင်းကြွသော ကြွက်သားများကို တွေ့မြင်ရပေရာ ကာယဗလ

လေ့ကျင့်ရေးသမားတစ်ယောက် ဖြစ်ခဲ့ဟန်ရှိသည် ။ အသံဩဇာနှင့်လည်း ပြည့်စုံသူ ဖြစ်၏ ။


“ သခင်တင်ထွန်း တို့ ရွာရဲ့ မြောက်ဘက် နှစ်ဆယ့်ငါးမိုင် အကွာလောက်မှာ တောကောင်းကောင်း

ရှိတယ် မဟုတ်လား ” 


ကျွန်တော် က ရုတ်တရက် မဖြေနိုင် ။ ငယ်ငယ်တုန်းက ထင်းခုတ်သမားများ ထံမှတော့ မြောက်ဘက်

တောနက်ကြီးတစ်ခု ရှိကြောင်း ကြားဖူးသယောင်ယောင် ရှိသည် ။ သူငယ်ချင်းဟောင်း

ယောက်ဖတော် သခင်ဘဖေ အား သေချာအောင် ခေါ်မေးရ၏ ။


“ ဆည်ကြီးရွာ ရဲ့ မြောက်ဘက် မှာ မဟာမြိုင် ဆိုတာရှိတယ် ။ ဆင်ရိုင်းတွေတောင် ရှိတယ်လို့

ပြောသဟာပဲ မောင်တင် ရ ” 


ကိုနေထွန်း ၏ မျက်နှာ သည် အားတက်လာသည်ကို ဖော်ပြနေ၏ ။ သို့သော် စကားမပြောဘဲ

လေးနက်စွာ တွေးနေသည် ။ ကျွန်တော် နှင့် သခင်ဘဖေ တို့သည် သူ့အား အကဲခတ်ကြည့်

နေကြသည် ။


အတန်ကြာတော့ သခင်ဘဖေ သည် ကိုနေထွန်း က ဆိတ်ဆိတ်နေခြင်းကို အားမရ ဖြစ်လာ၏ ။


“ ဘာလုပ်ဖို့လဲ ခင်ဗျာ ” 


ကိုနေထွန်း သည် သခင်ဘဖေ ၏ အမေး ကို မဖြေဘဲ ကျွန်တော့် ကို ကြည့်နေသည် ။ သခင်ဘဖေ အား

အယုံသွင်းလို့ ဖြစ်ပါမည်လော ဟု မေးလိုသည့် အကြည့် ဖြစ်ဟန်တူ၏ ။


ကျွန်တော် -


“ ပြောသာ ပြောပါ ကိုနေထွန်း ။ သခင်ဘဖေ ဟာ ကျွန်တော့် သူငယ်ချင်းအရင်းလည်း ဖြစ်တယ် ၊

ကျွန်တော့် နှမရဲ့ ယောက်ျားလည်း ဖြစ်တယ် ၊ သခင် လည်း သခင် ပါပဲ ။ ကျွန်တော်တို့

လုပ်ငန်းအတွက် စိတ်အချရဆုံး လူတစ်ယောက် ဖြစ်တယ် ” 


သခင်ဘဖေ ကား ရှက်ကိုးရှက်ကန်း ဖြစ်လာသည် ။ ကိုနေထွန်း သည် သခင်ဘဖေ အား ခြေဆုံး

ခေါင်းဆုံး စေ့စေ့စပ်စပ် အကဲခတ်ပြီးကြည့်ကာ တွေနေသေးသည် ။


ကျွန်တော် -


“ ကျွန်တော့်ကို ယုံသလို ယုံနိုင်ပါတယ် ၊ ကျွန်တော့်ကို မယုံရင်တော့လည်း မပြောတတ်ဘူးလေ ” 


ကိုနေထွန်း လွှတ်ခနဲ ပြုံးလိုက်လေသည် ။


“ ဒီလိုဗျ သခင်ဘဖေ ၊ ကျွန်တော် တို့ ဗမာ့လွတ်လပ်ရေးအတွက် လက်နက်ကိုင်ပြီး စွန့်စွန့် စားစား

လုပ်ရတော့မယ့်အချိန် ရောက်ပြီ ။ အဲဒီလုပ်ငန်းနှင့် ပက်သတ်ပြီး အဲဒီ တောကို သွားကြည့်ချင်တယ် ” 


သခင်ဘဖေ သည် ' စိန်လိုက်လေ ' ဟု ပြောတော့မည့်အလား ကိုယ်ဟန်ကို ဝင့်ပြလိုက်လေသည် ။


“ ကျုပ်တို့က တောသားပေမယ့် သည်ကိစ္စမျိုးမှာ အားကိုးရပါတယ်ဗျ ။ ကဲ လိုက်ပြရမယ်လား ” 


ကိုနေထွန်း က အားတက်ရွှင်လန်းစွာဖြင့် -


“ အားကိုးပါတယ်ဗျာ ၊ ဘယ်တော့ သွားကြည့်ကြရင် ကောင်းမလဲ ” 


“ ကြိုက်တဲ့အခါ သွားကြည့်နိုင်တယ် ။ ကျုပ်တို့ ဒီကနေပြီး ဆည်ကြီးဘူတာ ကို ရထားစီး

သွားရမယ် ၊ ဆည်ကြီး မယ် ကျုပ် မိတ်ဆွေတွေ ရှိတယ် ။ အဲဒီ မိတ်ဆွေတွေ နဲ့ မဟာမြိုင် ကို

သွားကြည့်မယ် ” 


ကိုနေထွန်း -


“ သူတို့က ဘာလုပ်သလဲ ” 


“ ကျုပ်လို တောသားတွေပေါ့ဗျ ” 


“ တောသားမှန်းတော့ သိတာပေါ့ဗျ ။ ဘာ အလုပ်အကိုင် လုပ်စားသလဲလို့ မေးတာပါ ” 


“ တောင်သူလုပ်တယ် ၊ ထန်းတက်တယ် ၊ ထင်းခုတ်တယ် ၊ ပျားဖွပ်တဲ့အခါ ... ” 


“ တော်ပါပြီ တော်ပါပြီ ၊ ကျွန်တော် နားလည်ပါပြီ ။ သခင်ဘဖေ သူတို့ကိုကော ယုံရပါ့မလား ” 


“ ယုံရတာပေါ့ဗျ ၊ အစိုးရ ကို ဓားနှင့် တောင် ထ တိုက်ရဲတဲ့ လူတွေ ၊ သိလား ။ အဝှာ အဝှာ ဗန္ဓကတို့

အရေးတော်ပုံတုန်း က ... ” 


ကိုနေထွန်း သည် ဘေးပတ်ဝန်းကျင် ကို သင်္ကာမကင်းသော မျက်လုံးများဖြင့် လှည့်ကြည့်ရင်း -


“ နားလည်ပါပြီ နားလည်ပါပြီ သူတို့သတ္တိ ယုံပါတယ် ။ သူတို့ မျိုးချစ်စိတ်ကိုလည်း ယုံပါတယ် ။

ဒါပေမဲ့ ” 


ကိုနေထွန်း သည် အသံကို တိုးတိုးလေးထားလိုက်ပြီး သခင်ဘဖေ အား စိုက်ကြည့်ရင်း -


“ ဒါပေမဲ့ အခုအခြေအနေမှာ ကျွန်တော် တို့ ဘာလုပ်ဖို့ တောထွက် ကြည့်တယ်ဆိုတာ သူတို့ကို

အသိမပေးဘဲ ထားဖို့ လိုတယ် ။ နောက်တော့မှ အသိပေးမယ် ဟုတ်လား ” 


သခင်ဘဖေ -


“ အင်း ဟုတ်သားပဲ ၊ မောင်တင် ငါတို့ မနက်ဖြန် သွားမယ်ဟေ့ ။ မင်းအမေ ကို တို့တစ်တွေ

ဆည်ကြီး အလည်သွားရင်း ပျားကောက်ခဲ့မယ်လို့ ပြောကွာ ” 


ကျွန်တော် -


“ ကြွေးကလေးများကော တောင်းစရာ မရှိဘူးလား ” 


“ မင်းအမေ မှ သိမှာပဲ ” 


နောက်တစ်နေ့ နံနက်တွင် ကျွန်တော်တို့ သည် ဆည်ကြီး သို့ မီးရထား စီးကြလေသည် ။ ဆည်ကြီးဘူတာ နှင့် တစ်ခေါ်လောက်သာ ဝေးသောနေရာတွင် ရွာတစ်ရွာ ရှိ၏ ။ အိမ်ခြေငါးဆယ်ထက်

ကျော်ဟန် မရှိ ။ အများအားဖြင့် မန်ကျည်းပင်များ အောက်တွင် ပုနေသော ထန်းရွက်တဲကလေး

များသာ ဖြစ်၏ ။ ပတ်လည်တွင် ဆီးဆူးခက်များဖြင့် စည်းရိုးကာထားလေသည် ။ ရွာ၏ ဘေးတွင်

ထန်းတောများ ပေါလှ၏ ။


“ ဟာ သခင်ဘဖေကြီး လာသဟေ့ ”  ဟု သူ့မိတ်ဆွေ တစ်ယောက်က သူ့အား ဆီးကြိုနှုတ်ဆက်ရင်း

ရွာတွင် ကြေညာလိုက်လေရာ ဟိုအိမ် သည်အိမ်မှ ထွက်လာနှုတ်ဆက်ကြလေသည် ။


“ ဟောတော့ ဦးဘဖေကြီး ဘာလာလုပ်သတုံး ” 


“ ဟေ့ ဘဖေ တို့အိမ် ဝင်ပါဦးကွ ” 


“ ဟယ် မောင်ဘဖေတို့များ သခင်ဖြစ် နေသဟာ ကြာပြီဆို ၊ လူကဖြင့် သလိုပါပဲကလားဟင် ” 


သူတို့သည် သခင်ဘဖေ အား ဝမ်းသာအယ်လဲ နှုတ်ဆက်ပြီး ကျွန်တော်တို့ အား ရွှန်းရွှန်းစားစားကြီး ကြည့်နေကြသည် ။ သူတို့ ခေါင်းထဲမှာ မေးလိုမြန်းလိုတာ တစ်ပုံတစ်ခေါင်းကြီး ရှိနေကြဟန်

တူသည် ။ အချို့ကား သခင်ဘဖေ ၏ နားထဲသို့ ကပ်ပြီး မေးခွန်းတွေ သွင်းကြသည် ။


သခင်ဘဖေ က ခပ်ကျယ်ကျယ် ခပ်ကြွားကြွား အသံဖြင့် -


“ ရန်ကုန်က ဧည့်သည်တွေ ပါလာသဟ ၊ မင်းတို့ရွာ အလည်လာကြတာ ” 


ထိုအခါ ရွာသူရွာသား တို့သည် ရင်သပ်အံ့ကြ ဖြစ်ကုန်ကြလေသည် ။


“ ရန်ကုန် က လာတယ် ၊ ဟောတော် ” 


“ ဟယ် ရန်ကုန် က ဆိုပါကလား ” 


သခင်ဘဖေ က ကျွန်တော့် မှာ ရန်ကုန် မှ လာသည်ဆိုသော်လည်း သူ့ ရွာသားသာ ဖြစ်ကြောင်း ၊

 ဘယ်သူဘယ်ဝါ ၏ သား ဖြစ်ကြောင်း ၊ သူ့ယောက်ဖ ဖြစ်ကြောင်း စသဖြင့် ရှင်းလင်းပြရလေသည် ။


ရွာလယ်လမ်း မှာ ရွှံ့ဗွက်တွေ ၊ နွားချေးတွေ ၊ ပြောင်းရိုးပြတ်တွေနှင့် ပြည့်နေလေသည် ။

 ခြောက်သွေ့သော လမ်းဘေးမှ ကပ်၍ လျှောက်ကြရသည် ။


မိတ်ဆွေတစ်ဦး အိမ်သို့ ဝင်ကြ၏ ။ အရိပ်ကောင်းလှသော စောင်းချမ်းပင်ကြီးအောက်တွင် ခုံရှည်များ ၊ ထန်းပလပ်ပြား ပက်လက်ကုလားထိုင်များ ဟိုအိမ်သည်အိမ် မှ ရွှေ့ယူလာပြီး ခင်းကြသည် ။

ကျွန်တော်တို့ ထိုင်မိသောအခါ မည်းတူနေသော လက်ဖက်ရည်ကြမ်းအိုးတစ်ခု နှင့် အတွင်းဘက်မှာ လက်ဖက်ရည်ချေးများဖြင့် နီကျင့်နေသော လက်ဖက်ရည်ကြမ်းအိုးပန်းကန်များ ရောက်လာလေသည် ။ တစ်အိမ်မှ ပဲကျားလှော်တစ်ပန်းကန် ယူလာသည် ။ အခြားတစ်အိမ် မှ မြေပဲသီးတောင့်များ ယူလာသည် ။ ယောကျာ်းသားများက ကျွန်တော်တို့ နှင့် အာလာပသလ္လာပ စကားပြောနေစဉ် မိန်းမများက မီးဖိုချောင် ဝင်ကြလေသည် ။


သခင်ဘဖေ -


“ ကျွန်တော်တို့အတွက် ဘာမှ ထွေထွေထူးထူး လုပ်မနေကြနဲ့နော် ” 


ရွာသားတစ်ဦး -


“ အထူး လုပ်မနေရပါဘူး ကိုရင်ရာ ၊ မနေ့ညက ချေ ( ဂျီ ) တစ်ကောင် ရထားလို့ တစ်ရွာလုံး ဖောခြင်း

သောခြင်း ဖြစ်နေသဟာ ” 


အခြားတစ်ယောက် -


“ ဘဖေကြီးတို့တော့ စားရကံကြုံလို့ မုတ်ဆိတ်ပျားစွဲတာပဲ ၊ တို့အိမ်မှာ ယုန်ကင်တစ်ကောင်တောင်

ရှိသေးသဟ ” 


ထို့နောက် ကျွန်တော်တို့သည် အမဲလိုက်ခြင်း အကြောင်းများကို ပြောဆိုနေကြလေသည် ။

ကိုနေထွန်းသည် အမဲလိုက်ခြင်း၌ များစွာ စိတ်ဝင်စားဟန် ၊ ဝါသနာပါဟန် ပြလိုက်၏ ။ တောထဲ

သွားကြည့်ရန် အကြောင်းပြ ကောင်းသွားအောင် ဟန်ဆောင်ပြခြင်းလော ၊ တကယ် ဝါသနာပါလေ

သလော ။ ကျွန်တော် ကိုယ်တိုင်ပင် ခွဲခြား၍ မသိနိုင်ချေ ။


လူငယ်တစ်ယောက် သည် ခပ်သုတ်သုတ် ဝင်လာသည် ။ ပုဆိုးတိုတို ဝတ်ထားပြီး အင်္ကျီမပါ ။

သူ့ပခုံးမှာ ကျွဲပခုံးလို အသားမာပေါက်နေသည် ။ ရင်ဘတ်နှင့် ခြေသလုံးများမှာ အစင်းစင်းနှင့်

ရှရာများ ပြည့်နေသည် ။ သူသည် ကျွန်တော်တို့စကားဝိုင်းမှာ မထိုင်ဘဲ ခပ်လှမ်းလှမ်းမှ

ယောင်ပေပေလုပ်နေ၏ ။


ကျွန်တော်တို့၏ အိမ့်ရှင် မိတ်ဆွေ သည် သူ့ အား မြင်သောအခါ -


“ ပင်ပေါ်ကျကလေးများ ရဦးမလားဟေ့ ” 


“ ရတော့ရမယ် ဦးလေး ” 


“ ပေါ့သလား ” 


လူငယ်က ခေါင်းညိတ်ပြလိုက်သည် ။


“ အေး ဒီအချိန်တော့ ပေါ့မှာပေါ့ကွာ ၊ သခင်ဘဖေ လုပ်မလား ” 


သခင်ဘဖေ သည် ကျွန်တော်တို့ ဘက်သို့ မချိုမချဉ် မျက်နှာနှင့် ကြည့်လိုက်၏ ။ သူသည်

ကျွန်တော်တို့ကြောင့် အားတုံ့အားနာ ဖြစ်နေဟန်တူသည် ။ ထို့ကြောင့် ကိုနေထွန်း က -


“ လုပ်ပါ ၊ ကျွန်တော်တို့လည်း ချိုးတည်အောင် မသောက်ပေမယ့် ပင်ပေါ်ကျတော့ ကြိုက်ပါတယ် ” 


အိမ့်ရှင် -


“ ကံထိုက် ၊ သွားကွာ ၊ တစ်လုံးလောက် ယူခဲ့ပါ ၊ သစ်ခေါက် မပါတဲ့အိုးကို ယူခဲ့ဟေ့ ” 


ထိုလူငယ် ထွက်သွားလေသည် ။


ကျွန်တော် -


“ သူက ထန်းတက်သမားနော် ၊ ပခုံးမှာလည်း ကျွဲပခုံးထလို့ ၊ ရင်ဘတ်မှာလည်း ဒွတ်တက်နေတာပဲ ” 


စကားသည် ထန်းတက်သမားများထံသို့ ရောက်သွားလေသည် ။ ထန်းတက်သမားများ ဆင်းရဲပင်ပန်းပုံများ ။


အိမ့်ရှင် မိတ်ဆွေ -


“ ထန်းသမားမှာ ထန်းငြောင့်စူးလို့ လက်ပေါက်တာက ပိုဆိုးတယ် ။ မနက်အိပ်ရာကထရင် မျက်နှာတောင် သစ်လို့မရဘူး ” 


ပင်ပေါ်ကျကို စောင့်နေစဉ် အိမ့်ရှင် သည် စပါးပုတ်ထဲတွင် ထိုးမြုပ်ထားသော အရက်ပုလင်းကို

ဆွဲထုတ်လာသည် ။ လက်ဖက်ရည် ချေးများဖြင့် နီကြင့်နေသော လက်ဖက်ရည်ကြမ်း ပန်းကန်

များတွင် လောင်းထည့်ပြီး ကျွန်တော်တို့ အား ခွက်လှည့်၏ ။ သခင်ဘဖေ နှင့် ကိုနေထွန်း တို့ကား

သောက်တတ်သူများ ဖြစ်ကြ၏ ။ သို့သော် အရက်မှာ များစွာ ပြင်းသဖြင့် မျက်စိမှိတ်ပြီး မော့ချ

လိုက်ကြ၏ ။ ပြီးနောက် အတန်ကြာအောင်ပင် မျက်နှာရှုံ့နေကြသည် ။ ကျွန်တော်ကတော့

သောက်တတ်သူ မဟုတ်သဖြင့် ရွံ့နေ၏ ။ တစ်ကျိုက်နှစ်ကျိုက် စမ်းကြည့်လိုက်သောအခါ

အာခေါင် မီးလောင်သလား အောက်မေ့ရသည် ။ ရှေ့မဆက်ဘဲ အရက်ခွက်ကို ချထားလိုက်သောအခါ အိမ့်ရှင် သည် ဆီးသီးခြောက်များကို ယူပေးပြီး -


“ ဆီးသီး ကို မြည်းရတယ် ၊ ကျုပ်တို့ အရက် နဲ့ ဆီးသီးဟာ အင်မတန် ဖက်မိတယ် ” 


သခင်ဘဖေ တို့လည်း ဆီးသီး ကို ကောက်စားနေကြသည် ။ ကျွန်တော် သည် ဆီးသီးမြည်း၍

တစ်ခွက်ကုန်အောင် မနည်းကြီး သောက်ယူရလေသည် ။


ထမင်းစားပြီးသောအခါ ကျွန်တော်တို့ တောသို့ သွားကြလေသည် ။


ရွာမှ ထွက်လျှင် ထွက်ချင်း ယာခင်းများကို ဖြတ်ရသည် ။


မြေပဲခင်းမှာ အစိမ်းဆုံး ဖြစ်၍ ကော်ဇောစိမ်းကြီး ဖိတ်ဖိတ်တောက်သလို နေသည် ။ နှမ်းခင်းများမှာ

အသီးအပွင့် တထောင်ထောင် တလှုပ်လှုပ်ဖြင့် ပလွှားပျော်မြူးနေကြသည် ။ ပြောင်းခင်းများကား

မြင်းပေါ်က လူကိုပင် ကွယ်ထားနိုင်လောက်အောင် မြင့်ပြီး ခြေတစ်လှမ်း ဝင်မိသည်ဆိုလျှင်ပင်

လူလုံး ပျောက်နိုင်သည်အထိ စည်ကားနေပေသည် ။


ယာတောတစ်တောလျှင် ထန်းပင်အုပ် တစ်အုပ်စီ ရှိသည် ။ ခြံစည်းရိုးမှာလည်း ထန်းပင်များ

စိုက်ထားကြသည် ။ နောက်တော့ ကျွန်တော်တို့ သည် ထန်းတောကြီးတစ်ခုထဲသို့ ဝင်ကြရ၏ ။

ထန်းတက်သမား ၏ တဲများမှ ခွေးတွေက ဟောင်ကြသည် ။


ကျွန်တော်တို့ သုံးယောက်အပြင် အိမ့်ရှင် နှင့် အခြားရွာသားတစ်ဦး လိုက်ပါလာခဲ့သည် ။ အိမ့်ရှင်

သည် တူမီးသေနတ်တစ်လက် ကို ကိုင်ဆောင်လာ၏ ။ အခြားရွာသားထံတွင်ကား လောက်လေး

တစ်ခု ၊ သူ့ ပုဆိုးခါးပုံထဲမှာ လောက်စာလုံး ၊ သူ့ ခါးကြားမှာ ဓားမောက်တစ်လက် ။ သူတို့

နှစ်ယောက်က ရှေ့ဆောင်၍ သွားကြပြီး ကျွန်တော် နှင့် ကိုနေထွန်း တို့က နောက်ဆုံးမှ စကား

တပြောပြောနှင့် လိုက်ခဲ့ ကြသည် ။ သခင်ဘဖေ ကား ရှေ့အစုနှင့် နောက်အစုကြားမှ ။


ထန်းပင် အချို့တွင် လှေကား ထောင်ထားသည် ။ တစ်နေရာတွင် ထန်းသမားတစ်ဦး သည် ထန်းသီး

ခိုင် နှင့် ထန်းလုံး တအုန်းအုန်းရိုက်နေသည်ကို တွေ့ရသည် ။ အခြားတစ်နေရာတွင် ထန်းပင်အိုကြီး

တစ်ပင်ရှိရာ သစ်တောက်ငှက်က တဒေါက်ဒေါက် ခေါက်နေသည် ။ ထန်းတောကြီး ဆုံးခါနီးသို့

ရောက်သောအခါ ကြက်တူရွေးတွေ တစ်အုပ်ကြီး ပျံသွားသည်ကို မြင်လိုက်ရ၏ ။


ထန်းတောမှ ထွက်သောအခါ သဲပြင်ချောင်း တစ်ခုသို့ ရောက်ကြသည် ။ သဲပြင်ချောင်းအလိုက်

လျှောက်သွားပြီးနောက် အတန်ကြာလျှင် ချောင်းကမ်းပေါ်သို့ တက်ကြရ၏ ။


ဆီး ၊ ခံ ၊ တောစပယ် ၊ သနပ်ခါး ချုံပုတ်ကလေးများ နှင့် တောဗျုတ်ကလေး ၊ ဟိုနားသည်နားမှာ

တဇောင်းဆူးချုံများ ။


ထို တောဗျုတ်ကလေးတွင် သစ်ငုတ်အများအပြား တွေ့ရသည် ။ တစ်နေရာတွင် ဒူးဆစ်ထိ

လောက်သာ မြင့်သော ဆူးစည်းရိုးကလေး တားထားသည် ။ ရွာသားများ ယုန်ခြောက်ပြီး ဖမ်းသော

စည်းရိုးကလေး ဖြစ်သည် ။


ရှေ့ကသွားနေသော ရွာသားများ သည် ရှေ့သို့ တော်တော်ရောက်နေပြီး ကျွန်တော်တို့မှာ မီအောင်

မလျှောက်နိုင်သဖြင့် သူတို့က စောင့်နေကြသည် ။


ပြာပုံကလေးများကို တွေ့ရသဖြင့် ကျွန်တော်က သူတို့အား လှမ်းမေးလိုက်သည် ။


“ ပြာပုံတွေဗျ ၊ ဘယ်သူတွေ မီးရှို့ထားပါလိမ့် ” 


“ ည တောလိုက်တဲ့လူတွေ မီးဖိုကြတာနဲ့ တူပါတယ်ဗျာ ” 


ကိုနေထွန်း က လှမ်းမေးပြန်သည် ။


“ ဒီလို တောဗျုတ်မျိုး ရှေ့မှာ ရှိသေးလားဗျို့ ” 


“ ရှိတာပေါ့ ၊ ရှေ့ကတောအုပ် လွန်ရင် တွေ့ဦးမယ် ” 


ကိုနေထွန်းက ကျွန်တော့်အား တိုးတိုး -


“ အဲဒီလို တောအုပ်အလယ်က တောဗျုတ်မျိုးဟာ ကိုယ်တို့လုပ်ငန်းအတွက် အကောင်းဆုံး

နေရာပေါ့ ” 


တောဗျုတ်ကလေးကို လွန်သောအခါ ဒဟတ်ပင် ၊ သန်းပင် ၊ ဖန်ခါးပင် ၊ ကပေါင်းပင် စသော

အပင်ကြီးများ များ၍များ၍လာသည် ။ ချိုး ၊ ခါ ၊ ဘုတ်နှင့် အခြားငှက်များစွာ၏ အသံကို

ကြားရလေသည် ။


တစ်ခုသော ချိုးကူသံကို နီးကပ်စွာ ကြားလိုက်ရလေသည် ။ ကျွန်တော် သည် တော၏

ကြည်နူးဖွယ် ကောင်းလှသော သဘာဝကို အရသာခံနေ၏ ။ လောက်လေး နှင့် ရွာသား သည်

ချိုးကူသံ လာသည်ဟု ထင်ရသော သစ်ပင်အောက်သို့ ခြေဖျားထောက်၍ ကပ်လိုက်၏ ။ ပြီးတော့

လေးဖြင့် ပစ်ချလိုက်ရာ ချိုးကလေး ကျလာလေသည် ။ ' ဂီး ' ' ဂီး ' ခနဲ အော်မြည်ပြီး

ခါတစ်ကောင် သည် အခြားအပင်တစ်ပင်မှ ထိုးတက်ပျံသန်းပြီး သွားလေသည် ။ ကျလာသော

ချိုးကလေးကား ချိုးလင်းပြာ ၊ စားရက်စရာ မရှိအောင် လှပသော ငှက်ငယ်ကလေးပေတည်း ။


တောသည် တစ်စတစ်စ နက်လာ၏ ။ ရာသီဥတုမှာလည်း ပြောင်းလာသည်ဟု ထင်ရသည် ။

စိမ့်အေးနေသည် ။ သပြေ ၊ ညောင် ၊ ညောင်သပြေ ၊ အင်ကြင်း ၊ သဖန်း စသော အပင်ကြီးများမှာ

အခြားအပင်များကို မိုးပြီးနေကြသည် ။ ပင်စည်ပင်လုံးကြီးများမှာ လူသုံးလေးယောက်

လက်ဆက်၍ ဖက်လောက်သည် ။ အပွေးကြီးများမှာလည်း ဆင်ဦးကင်းများနှင့် တူ၏ ။ နွယ်ပင်

အမျိုးမျိုးသည် နည်းအမျိုးမျိုးဖြင့် နွယ်တက်နေကြသည် ။ အချို့မှာ ဆင်နှာမောင်းကြီးများထက်

တတ်သေးသည် ။ အချို့မှာ နွယ်မျိုးအစစ်ဖြစ်၍ အချို့မှာကား နွယ်မျိုးမဟုတ်သော်လည်း

အလင်းရောင်ဆီသို့ လုတက်ရင်း ပင်စည်မှာ ထွားမလာတော့ဘဲ ရှည်လျားထွက်ကာ နွယ်ဖြစ်လာ

ကြလေသည် ။


ရှေ့ကသွားနေကြသော ရွာသားများမှာ တောနက်လေ ၊ ပိုမြန်လေ ဖြစ်လာ၍ ကျွန်တော်တို့က

ပိုနှေးလာသည်ဟု ထင်ရလေသည် ။ သူတို့အား မျက်ခြည်မပြတ်အောင် အတော်ပင် ခဲခဲယဉ်းယဉ်း

လိုက်နေရသည် ။ လမ်းစကလေးများလည်း ပျောက်ပျောက်သွား၏ ။


ကျွန်တော့်မှာ စကားမပြောနိုင်တော့ချေ ။ ထို့ကြောင့် တွေးတောခြင်းကို ပိုလုပ်၏ ။ တောနက်ကြီး

အလယ်ကောင်တွင်လေယာဉ်ပျံကွင်းကြီး ဆောက်ကြည့်သည် ။ လက်နက်တွေ ကောင်းကင်မှ

ကျလာသည် ။ တောနက်ထဲမှာ လက်နက်ကိုင်တိုက်ပွဲ အတတ်ပညာ လေ့ကျင့်ကြသည် ။ တောထဲမှ

ထွက်ပြီး အင်္ဂလိပ်စစ်တပ်တွေကို အလစ်ဝင်စီးကြသည် ။


ကိုနေထွန်း မှာ ကျွန်တော့် ထက် ဗလကောင်းသော်လည်း ကျွန်တော့် လောက် အမောမခံနိုင်သည်ကို

တွေ့ရ၏ ။ သူသည် ဟောဟဲလိုက်ကာ နောက်ဆုံးကျန်ရစ်ခဲ့၏ ။


“ ဗျို့ ဆရာတွေ ၊ ဒီတောအုပ်ထဲက ဘယ်တော့ ထွက်မှာလဲ ” 


“ တစ်အောင့်လောက်နေ ထွက်ရတော့မှာပေါ့ ” 


“ ခင်ဗျားတို့ တစ်အောင့်က တစ်သက်တာလောက် ကြာတယ်ဗျ ” 


ရှေ့ကလူများက နှေးနှေးလျှောက်ကြသည် ။ စမ်းချောင်းတစ်ခုသို့ ရောက်လာသောအခါ

ရွာသားများသည် တစ်စုံတစ်ရာကို နှုတ်မှ ရွတ်ဖတ်ပြီး ရေဝင်သောက်ကြ၏ ။ ကိုနေထွန်း ကား

ငှက်ဖျားကြောက်သည် ဟု ဆိုကာ ရေမသောက်ဘဲ နေလေရာ -


“ သောက်သာ သောက်ပါဗျ ။ ဒီရေဟာ နတ်ရေစင်ပါ ၊ ဘာမှ ဘေးဥပဒ် မရှိပါဘူး ၊ အရှင်ကြီးကို

တိုင်တည်သောက်ရတယ် ” 


မောနေသော ကိုနေထွန်း သည် ရေ ကိုလည်း သောက်ချင်သည် ။ ရောဂါဘယ ကိုလည်း ကြောက်သည် ။ နတ် ကိုလည်း မတိုင်တည်ချင် ။


ကျွန်တော် -


“ ကဲ ရဲဘော်ကြီး ၊ သောက်သာ သောက်ပါဗျ ၊ ယုံယုံကြည်ကြည် နဲ့ တိုင်တည် သောက်ပေါ့ဗျ ” 


ကျွန်တော်သည် “ အရှင်ကြီး ၊ ရောဂါတစ်ခုခုဖြစ်လည်း ဆေးကုယူပါမည် ၊ ရေကို သောက်ပါရစေ ” 

ဟု ကိုနေထွန်း ကြားလောက်ရုံသာ ရေရွတ်ပြီး သောက်လိုက်၏ ။ သည်တော့မှ ကိုနေထွန်း လည်း

ပြုံးလာနိုင်ပြီး ရေသောက်လေသည် ။


ထို့နောက် နာရီဝက်ခန့် ဆက်လျှောက်ကြရပြန်သည် ။


တဖြည်းဖြည်း သစ်ပင်ကြီးများ နည်းနည်းလာပြီး တောမှာ ပါးသွားသည် ။


ဘွားခနဲ ဆိုသလို ပြောင်တလင်းဖြစ်နေသော ကျောက်စရစ်ကုန်း တစ်ခုမှာ ကျွန်တော်တို့ ရှေ့တွင်

ရောက်နေလေသည် ။ ကျောက်စရစ်ကုန်း ပေါ်တွင် တဲပျက်တစ်ခု ရှိ၏ ။ တောနက်ထဲတွင်

စိတ်အိုက်နေလို ဖြစ်နေခဲ့သော ကျွန်တော်တို့ သည် ပျော်မြူးသွားကြ၏ ။


ကျောက်စရစ်ကုန်းပေါ်သို့ တက်ကြရသည် ။ ကုန်း၏ တစ်ဖက်တွင် ချောင်းတစ်ခုရှိသည် ။

 ကျောက်စရစ်ကုန်း နှင့် ချောင်းကမ်းပါးများသည် မွဲပြာရောင် ပေါက်နေသည် ။ ချောင်း၏ အကွေ့တွင်

ချောက်တစ်ခုရှိပြီး ရေစပ်ကို မြင်ရသည် ။ ချောင်း၏ ဟိုမှာဘက်ကမ်းတွင် စိမ်းစိုနေသော

ချုံပုတ်များသည် တောဗျုတ်ကလေးနှင့် ဆက်သွားသည် ။ တောဗျုတ်၏ ဟိုဘက်တွင်ကား

တောအုပ်တစ်ခု စပြန်လေသည် ။ အမှန်မှာ ခပ်ဝေးဝေးသို့ လှမ်းမျှော်ကြည့်လိုက်ပါက အရပ်

ရှစ်မျက်နှာစလုံး ညို့ညို့စိမ်းစိမ်း တောအုပ်တောတန်းများကိုသာ မြင်ရလေသည် ။


သခင်ဘဖေ ၊ ကိုနေထွန်း နှင့် ကျွန်တော် တို့က ကျောက်စရစ်ကုန်းထိပ် တဲပျက်ကလေးအနီးတွင်

စိမ်ပြေနပြေ ထိုင်နေကြ၏ ။ ရွာသားနှစ်ယောက် ကား မတ်တတ်ရပ်ရင်းပင် ဟိုဟိုသည်သည်

ကြည့်နေကြသည် ။ အတန်ကြာတော့ သူတို့က ကျွန်တော် တို့အား -


“ ကဲ လာ ၊ ဟို တောဗျုတ်ထဲ သွားရအောင် ” 


“ ကျွန်တော်တို့ ဒီကပဲ စောင့်မယ်ဗျာ ” 

 

“ အဲဒီ တောဗျုတ်ထဲမှာ သားကောင်ရမှာ ကိုရင်တို့ရဲ့ ၊ တော်တော်နေ ဒီချောင်းကို သူတို့

ရေသောက်ဆင်းမယ် ။ တောဗျုတ်ထဲက ချောင်းပြီး ပစ်ရမယ် ” 


ကိုနေထွန်း -


“ ခင်ဗျားတို့ပဲ သွားပစ်ကြပါဗျာ ၊ သခင်ဘဖေ သူတို့ နဲ့ လိုက်ဦးမလား ” 


“ လိုက်မယ်လေ ” 


သခင်ဘဖေ ကား လိုက်ရန် မတ်တတ်ထလိုက်လေသည် ။


ရွာသားတစ်ဦး -


“ ခင်ဗျားတို့ နေရစ်ရင်လည်း ဒီနားမှာ မထိုင်နဲ့ဗျ ၊ ဟော့ဟို ချုံနား ခပ်ကွယ်ကွယ်မှာ ထိုင်ပါ ။

လူရိပ်လူခြည် မပြနဲ့ဗျ ၊ သားကောင်တွေ ကြောက်ကုန်လိမ့်မယ် ” 


သူတို့ သွားကြလေသည် ။


ကိုနေထွန်း က လှမ်းပြီး -


“ သားကောင်မရချင် နေပစေဗျာ ၊ သိပ်တော့ နေမစောင်းစေနဲ့ ” 


ကျွန်တော် နှင့် ကိုနေထွန်း တို့သည် ရွာသားများ ညွှန်ပြခဲ့သည့်အတိုင်း ချုံပုတ်တစ်ခုအနီး

ချောင်ခို၍ ထိုင်ကြသည် ။


ကျွန်တော် -


“ စိတ်တိုင်းကျနေရာပဲ ” 

 

“ လေယာဉ်ပျံကနေပြီး ဒီနေရာ မြင်အောင် ဘယ်လို လုပ်မှာလဲ ” 


“ နေ့ခင်းမှာ အရပ်လေးမျက်နှာရှိ သစ်ပင် လေးပင်မှာ အလံဖြူ လွှင့်ရမယ် ၊ ညမှာ မီးဖိုလေးဖို

ဖိုရမယ် ” 


ကျွန်တော့် ရင်ကား တဒိတ်ဒိတ်ခုန်နေ၏ ။ တိုင်းပြည်အတွက် တကယ့်စွန့်စားခန်း မဟုတ်ပါလား ။


ကိုနေထွန်း -


“ ရဲဘော်တင်ထွန်း ဟာ ဒီနေရာကို တာဝန်ယူရလိမ့်မယ် ။ ဗဟိုက သတ်မှတ်ပေးတဲ့ အချိန်ကျတော့

ဒီနေရာမှာ နေ့ရောညရော သုံးရက်လောက် လာစောင့်ရလိမ့်မယ် ” 


“ ညရော ဟုတ်လား ” 


ကျွန်တော်  သည် သားရဲတိရစ္ဆာန်များကို သွားစဉ်းစားလိုက်လေသည် ။


“ ဟုတ်တယ် ၊ ညရော စောင့်ရမှာပဲ ။ ပြီးတော့ ချပေးတဲ့ လက်နက်တွေကို စနစ်တကျ

သိမ်းဆည်းဖို့ တာဝန်ယူရမယ် ။ ဒီဒေသက လူ ရသလောက်လည်း စုထားပြီး စစ်ရေးပညာ

ပေးရမယ် ။ စစ်ရေးပညာပေးဖို့ကတော့ လူသပ်သပ် လွှတ်ရမယ် ။ ဘယ့်နှယ်လဲ တာဝန် ယူနိုင်ပါ့

မလား ” 


ကျွန်တော်ကား ထခုန်လောက်အောင် စိတ်အား ထက်သန်နေသည် ။


“ ယူမှာပေါ့ ရဲဘော်ကြီးရဲ့ ၊ ဘယ်တော့လောက် စလုပ်မှာလဲ ” 


“ အချိန်ကတော့ စစ်အခြေအနေလည်း စောင့်ရဦးမယ် ၊ အကြမ်းဖျင်းအားဖြင့်တော့ အရှေ့ဘက်မှာ

စစ်ဖြစ်တဲ့အချိန်မှာ စကြရမှာပဲ ” 


“ ကျွန်တော် က ကျွန်တော့် ရွာကပဲနေပြီး စောင့်ရမှာလား ၊ ရန်ကုန် ပြန်ရဦးမှာလား ” 


“ ရန်ကုန် ပြန်ဖို့ လိုဦးမယ် ။ ဟိုမှာမှ နောက်ဆုံး အခြေအနေကို သိရမှာပဲ ။ ဘယ်အချိန် ဒီကိုလာဖို့

ဘယ်လို စည်းရုံးဖို့ ဆိုတာလည်း ဗဟိုက ညွှန်ကြားလိမ့်မယ် ” 


“ ခင်ဗျား ရန်ကုန် ပြန်မသွားသေးဘူးလား ” 


“ မပြန်သေးဘူး ၊ မိုးကုတ် ဘက် သွားရဦးမယ် ။ ရဲဘော် သိထားဖို့က မြန်မာပြည်တစ်ပြည်လုံး

ဒီစခန်းမျိုး ရှစ်နေရာထက် မနည်း ရှိထားဖို့ အစီအစဉ် ရှိတယ် ” 


“ မိုးကုတ်မှာ အင်အား တောင့်ရဲ့လား ” 


“ အရေးတော်ပုံ တပ်သားကောင်းတွေ ရှိပါတယ် ။ ကဲ ကဲ လျှို့ဝှက်ရေး ကိစ္စဆိုတာ အသေးစိတ်တွေ

မပြောရဘူး ၊ ကိုယ် ဒီလောက်ပြောတာတောင် လွန်လှပြီ ။ ဘယ်သူ ဘယ်ဝါ ဘာလုပ်တယ်ဆိုတာ

မသိချင်နဲ့ ” 

 

ကျွန်တော် က ကျေနပ်စွာဖြင့် -


“ ဟုတ်ပါတယ် ၊ ကျွန်တော် ဒီစည်းကမ်းကို လက်ခံပါတယ် ” 


ထိုခဏ၌ ဒုန်း ခနဲ တူမီးသေနတ်သံ ကို ကြားလိုက်ရလေသည် ။ အိုးထဲ ဗျောက်ထည့်ခွဲသည့်

အသံမျိုး ဖြစ်သည် ။


ကျွန်တော်တို့သည် အတန်ကြာအောင်ပင် သေနတ်သံ လာရာဆီသို့ ငေးမျှော်ကြည့်နေကြသည် ။

ငှက်တွေ လန့်ဖျပ်ပျံပြေးသည်မှလွဲ၍ ဘာမျှ လှုပ်လှုပ်ရှားရှား မရှိ ။


နေသည် လျင်မြန်စွာ ကျဆင်းလျက်ရှိသည်ဟု ထင်ရ၏ ။ နေခြည်များသည် တဖြည်းဖြည်း

ဖျော့လာသည် ။ ကောင်းကင်တွင် လှပသော တိမ်တိုက်များမှာ လေကောင်းကောင်း ရွက်တိုက်သလို သွားနေကြသည် ။


ကိုနေထွန်း -


“ ဒီနေရာမှာ သဲဆပ်ပြာ ထွက်တယ်နဲ့တူတယ် ” 


“ တူတာပဲ ” 


“ ဒီလူတွေ ပြန်ခေါ်ကြရင် မကောင်းဘူးလား ၊ နေမဝင်ခင် တောနက်ထဲက ထွက်နိုင်အောင်

ပြန်ရမယ် ” 


“ ခဏစောင့်ကြည့်သေးတာပေါ့ဗျာ ၊ စစ်အခြေအနေကို ခင်ဗျား ဘယ်လို ထင်သလဲ ၊ အရှေ့ဘက်

ကူးမလာသေးဘူးလား ” 


“ ကိုယ်လည်း သတင်းစာ မဖတ်ရတာ ကြာပြီ ။ ကူးတော့ လာမှာပဲ ။ နှေးနှေးလား ၊ မြန်မြန်လား ၊

ကိုယ်တော့ မသိဘူး ။ ရဲဘော်တင်ထွန်း ကကော ဘယ်လို ထင်သလဲ ” 


“ ကျွန်တော် နောက်ဆုံးသိရတဲ့ သတင်းကတော့ အမေရိကန်ပြည်ထောင်စု အစိုးရ က သူတို့

ကူးသန်းရောင်းဝယ်ရေး ရေကြောင်းလမ်းများကို ကာကွယ်ဖို့အရေး အင်မတန်ကြီးတယ်ဆိုပြီး

ရေတပ်တွေ ချဲ့နေတယ် ။ အိုက်စလန် တို့ ၊ ဂရီးန်လန် တို့ကို သိမ်းပိုက်လိုက်တယ် ။ ဘရီဘီယံကျွန်းစု ကိုလည်း အင်္ဂလိပ် ဆီက ငှားယူလိုက်တယ် ။ ပစိဖိတ်သမုဒ္ဒရာ ဟာလည်း အမေရိကန် ရဲ့

အသက်သွေးကြောသဖွယ် အရေးကြီးသတဲ့ ။ နောက်ပြီးတော့ ဥရောပတိုက် မှာ ရှိနေကြတဲ့

ဂျပန် တွေဟာ ဂျပန်ပြည် ကို ပြန်ကုန်ကြပြီတဲ့ ” 


ကိုနေထွန်း သည် ခါးကော့လက်ဆန့်ပြီး အညောင်းဖြေရင်း -


“ အင်း ဒီလိုဆိုရင်တော့ အရှေ့ဘက် စစ်ကူးလာတော့မှာပဲ ။ အင်္ဂလိပ် နယ်ချဲ့ ခြင်္သေ့ကြီး တွင်းထဲ

ကျတော့မယ် ၊ ပြန်မတက်နိုင်အောင် ကိုယ်တို့က အစွမ်းကုန် ကြိုးစားရတော့မယ် ” 


ကျွန်တော် ကား ဘာမျှ မပြောဘဲ ကျောက်စရစ်ခဲကလေးများကို နိမ့်ရာသို့ လှိမ့်ချရင်း စဉ်းစားနေလေသည် ။ စစ်ကြီးသာ မြန်မြန် အရှေ့ဘက်သို့ ကူးလာစေချင်တော့သည် ။ ကျွန်တော်တို့ သည်

စစ်၏ ဥပါဒ်အန္တရယ်များကို တွေးတောစိုးရိမ်ခြင်း မရှိတော့ချေ ။ စိုးရိမ်နေ၍လည်း မပြီး ။

စစ်ကြီးကို မလိုချင်ဦးတော့ ၊ တားဆီး၍ ရတော့မည်မဟုတ် ။ အရှေ့ဘက်သို့ မြန်မြန်ကူးပြီး

' အင်္ဂလိပ်အခက် ဗမာ့အချက် ' ဟူသော ကြွေးကြော်သံနှင့်အညီ အင်္ဂလိပ် အစိုးရ အား မြန်မြန်

ထချရန်သာ စိတ်စောနေကြလေသည် ။ မှန်သလား ၊ မှားသလား ဟူ၍လည်း ပြန်လည်ဆင်ခြင်ခြင်း

မပြုတော့ချေ ။


ကိုနေထွန်း သည်ကျွန်တော် ကဲ့သို့ပင် ကျောက်စရစ်ခဲကလေးများ ကို နိမ့်ရာသို့ လှိမ့်ချရင်း -


“ အင်း ဂျပန် ပေးတဲ့လက်နက် နဲ့ ကိုယ်တို့က အင်္ဂလိပ် ကို ထချ ၊ ဂျပန် က ဗမာပြည်ထဲ မဝင်ခင်

ကိုယ်တို့က ဦးအောင် ချနှင့်ရမယ် ။ ပြီးတော့ လွတ်လပ်သော ဗမာပြည် အဖြစ် ကြေညာရမယ် ။

ဂျပန် နဲ့ စာချုပ်မယ် ။ အင်္ဂလိပ် လည်း တို့ပြည်ထဲက ထွက်ပြေး ၊ ဂျပန် ကလည်း တို့ပြည်ထဲ

မဝင်နိုင် ၊ ဘယ်လောက် ကောင်းတဲ့ သေနင်္ဂဗျူဟာ လဲ စဉ်းစားကြည့်စမ်း ။ တကယ်ဆိုတော့ ဒီ

ချက်ကောင်းဟာ အနှစ် တစ်ရာမှာ တစ်ခါ ပေါ်ဖို့တောင် ခဲယဉ်းတဲ့ ချက်မျိုးပဲ ” 


“ ဒါထက် နေစမ်းပါဦး ရဲဘော်ကြီး ရဲ့ ၊ ကျွန်တော်တို့ ကို ခုလို ကူညီရတဲ့အတွက် ဂျပန် မှာ ဘာ

 အကျိုးအမြတ် ရှိသလဲ ” 


“ အို မေးမှမေးပါလေ ကိုယ့်လူရယ် ။ သူ့ အဓိက ရန်သူ အင်္ဂလိပ် ကို ကိုယ်တို့က ထိုးနှက်တယ်

ဆိုတာဟာ သူ့ အဖို့ အကြီးဆုံးသော အမြတ်ပေါ့ ။ ကိုယ်တို့ကလည်း လွတ်လပ်ရေးအတွက်

ဂျပန် ကို အနည်းအကျဉ်းတော့ ကူရမှာပေါ့ ။ ဒါတွေက လွတ်လပ်ရေး ကြေညာပြီး စာချုပ်နဲ့

လုပ်ရမယ့် ကိစ္စတွေပါလေ ၊ ခု အရေးကြီးတာက ကိုယ်တို့ တစ်တွေ လက်နက်ရဖို့နဲ့ အင်္ဂလိပ်ကို

ထချဖို့ပဲ ။ နောက်ကိစ္စ နောက်တော့ ရှင်းမှာပေါ့ ” 


ကျွန်တော် သည် ယခင်က ဖက်ဆစ်ဂျပန် ကို အင်္ဂလိပ်နယ်ချဲ့ နှင့် အတူတူပင် မုန်းတီး၏ ။

 ဆန့်ကျင်၏ ။ ယခုတော့ ဂျပန်နှင့်ပေါင်းပြီး အင်္ဂလိပ်ကို လက်နက်စွဲကိုင်ပြီး တိုက်ရန်

ယုံကြည်သွားပြီ ဖြစ်ရကား ဂျပန်အား သတိကြီးစွာနှင့် စောင့်ကြည့်ရမည့် ယာယီမိတ်ဆွေ အဖြစ်ဖြင့် အမုန်းလျော့ဆင်းသွားလေသည် ။


ကိုနေထွန်း သည် မတ်တတ် ထလိုက်ပြီး -


“ ကဲ ပြန်ကြမှပဲ ၊ သူတို့ကို အော်ခေါ်စမ်းပါ ရဲဘော်တင်ထွန်း ရာ ” 


သူတို့အား အော်ခေါ်ရန် ကျွန်တော် က ဟန်ပြင် နေစဉ်ပင် သူတို့ လာနေကြသည်ကို မြင်ရလေသည် ။


“ ဟော ပြန်လာကြပါပြီဗျ ” 


“ အင်း ဟုတ်သားပဲ ” 


“ သုံးယောက်စလုံး ထမ်းပိုးတွေနဲ့ ဘာတွေထမ်းလာသလဲ ၊ ကြည့်စမ်း ကြည့်စမ်း ” 


“ ဟုတ်တယ် ၊ ထမ်းလာလိုက်ကြတာ သားကောင် ကို ဖျက်ပြီး ထမ်းလာကြတာနဲ့ တူတယ် ” 


သူတို့သည် သမင်တစ်ကောင် ရပြီး ပေါင်များ ၊ ရင်အုပ်များနှင့် ဝမ်းတွင်းသားများကို ဖျက်ပြီး

သုံးယောက် ခွဲလျက် ထမ်းလာကြခြင်း ဖြစ်လေသည် ။


အပြန်တွင် သူတို့မှာ အထမ်းကိုယ်စီ ပါကြသော်လည်း ကျွန်တော်တို့ထက် လျင်မြန်စွာ

လျှောက်နိုင်ကြသည် ။ အထမ်းပါ၍ ပိုမြန်လေသလားဟုပင် အောက်မေ့ရ၏ ။


ထန်းတောထဲ ပြန်ရောက်သောအခါ မှောင်ရီလေပြီ ။ ယာခင်းပြင်များကို ဖြတ်ရသောအခါ လုံးလုံး

မှောင်လေပြီ ။


ရွာရောက်လျှင် သမင်သားကို အမျိုးမျိုး ချက်ပြုတ်ပြီး ရွာသူရွာသား များစွာနှင့်အတူ ပျော်ပါးစွာ

စားသောက်ကြလေသည် ။


နောက်နေ့နံနက်တွင်ကား ဆည်ကြီး မှနေပြီး ကျွန်တော်တို့ ရွာသို့ ပြန်ခဲ့ကြလေသည် ။


ထိုနေ့တွင်ပင် ကျွန်တော့် နာမည် နှင့် ငွေ ၃ဝ - စာတိုက် မှ ရောက်လာလေသည် ။ မမြင့်ဦး က

ကျွန်တော့် အဖေ မသာ အတွက် အကူငွေ ပို့လိုက်ခြင်း ဖြစ်ပေသတည်း ။


မမြင့်ဦး က သည်လို စေတနာ ပြလိုက်သဖြင့် ကျွန်တော့် စိတ်မှာ အတော် ထိခိုက်သွားသည် ။

အေးအတူ ပူအမျှ ဒုက္ခဝေခံလိုတဲ့ မိတ်ဆွေစစ်ပါကလား ဟု အောက်မေ့မိသည် ။ မမြင့်ဦး

ခံစားနေရသော ရောဂါ သည် တီဘီအဆုတ်နာ မဟုတ်ပါစေနှင့် ဟုလည်း ဆုတောင်းလိုက်ပေသည် ။


ကျွန်တော်က အမေ့ အား သည်အကြောင်း ပြောပြသောအခါ “ သမီးကြီးကတော့ ပညာရှိဆိုတော့

သိတတ်တာပေါ့ကွယ် ”  ဟု မှတ်ချက်ချလိုက်၏ ။ ပို့လိုက်သော ငွေ ၃ဝ - ဖြင့် အဖေ့ဂူ ကို

နှစ်တစ်လက်မသား ခြံခတ်ထားလိုက်လေသည် ။


ယခုအခါ အမေ သည် ကျွန်တော့် ရှေ့ရေး လုပ်ငန်းဆောင်တာ နှင့် ပတ်သက်၍ လည်းကောင်း ၊

အိမ်ထောင်ပြုရေး နှင့် ပတ်သက်၍ လည်းကောင်း ၊ ရန်ကုန် ပြန်ရေး မပြန်ရေးနှင့် ပတ်သက်၍

 လည်းကောင်း “ ငါ့သား ကောင်းမယ်ထင်သလို ကြည့်လုပ်တော့ကွယ် ။ သို့ပေမယ့် ဘာလုပ်လုပ် ၊

ဘယ်သွားသွား မကောင်းတာဖြစ်ရင် အမေ စိတ်ဆင်းရမှာပဲ ဆိုတာသာ သတိထားပေတော့ ကွယ် ” 

ဟု ပြောပြီး လွတ်လပ်ခွင့်လည်း ပေးထားသည် ။ သံယောဇဉ်ကြိုးနှင့်လည်း ချည်လွှတ်လိုက်လေသည် ။ 


◾သိန်းဖေမြင့်


📖 အရှေ့က နေဝန်းထွက်သည့်ပမာ


koaungnaingoo.blogspot.com


.

No comments:

Post a Comment