❝ မောင်းပုတီးကလေး ❞
( ၁ )
သန်းခေါင်ကြက်တွေ တွန်တော့လည်း အမေသန်းရင် မအိပ်နိုင်သေး ။ အပြင်မှာ လမင်းကြီး
ထိန်ထိန်လင်းနေသည် ။ သက်ကယ်ပျစ် ကျိုးကျဲကြားက လရောင်တွေ ယိုစီးနေသဖြင့်
အိမ်ကလေးထဲမှာ လင်းလက်နေသည် ။ အမေသန်းရင် က မှိန်းနေရာမှ ကျုံးထလိုက်သည် ။
ခြေသလုံးတွေ တောင့်တင်းနေလေသည် ။ တစ်နေ့လုံး မောင်းထောင်း ထားရသဖြင့်
ညာဘက် ခြေသလုံး က ထင်းချောင်း တစ်ချောင်းလို တင်းမာနေသည် ။ ဆံပင်ကြမ်းတွေကို
ဝါးဘီးကလေး နှင့် ပတ်ရစ်လိုက်သည် ။ အိမ်ရှေ့ ကွပ်ပျစ်ကလေး ဆီ ထသွားလိုက်သည် ။
လရောင်အောက်မှာ အရာအားလုံး ငြိမ်သက်နေသည် ။ ငယ်ငယ်တုန်းကတော့ လရောင်အောက်မှာ
သည်အချိန် ဘယ် အိပ်လိမ့်ဦးမလဲ ။ အခုတော့ ရွာလယ်က ခွေးအူသံ သဲ့သဲ့မှ တစ်ပါး
ဘာကိုမှ မကြားရ ။ ငယ်ငယ်တုန်းက ဘဝတွေကို စိတ်ရောက်သွားပြန်သည် ။ တိုးစိန် ၊ သန်းရင် ၊
ခင်မေ ၊ သည် သုံးယောက်ဆိုလျှင် ရွာက တစ်တွဲတည်း မြင်သည် ။ ကောက်စိုက် ၊ ပဲနုတ် ၊
ကောက်သင်းကောက် ၊ မောင်းထောင်း ။ တိုးစိန် က စလေကျွန်းချောင်း ဘက်က
လက်သမား တစ်ယောက် နှင့် အိမ်ထောင် ကျသွားကတည်းက ရွာကို ပြန်မလာတော့ ။
ခင်မေ ကတော့ ရွာထဲမှာ ရှိသည် ။
အခုတော့ ခေါ်ခင်မေ ။ အင်း … လယ်ပိုင်ရှင် ဒေါ်ခင်မေ ၊ ကျောင်းအစ်မ ဒေါ်ခင်မေ ပေါ့လေ ။
ရွယ်လယ်က ခင်မေ တို့ တိုက်ခံ အိမ်ကြီး မှာ ပဲစက် ရှိသည် ။ မောင်းဆုံ ရှိသည် ။ စပါးကျီ ၊
ပဲကျီ တွေ ရှိသည် ။ ခင်မေ့ ပဲခင်းတွေ ပဲဆွတ်ချိန်ဆိုလျှင် သူတို့ သားအမိ လိုက်နေကျ ။ ခင်မေ့
လယ်တွေမှာ ကောက်သင်းကောက်နေကျ ။ ငယ်ငယ်က ခင်မေ နှင့် မောင်းထောင်းဘက်
ဆိုသော်လည်း အခု အလုပ်ရှင် နှင့် အလုပ်သမား ။ ဒါပေမယ့် ခင်မေ က ဘဝမမေ့ဟု ဆိုရမည် ။
သူတို့ သားအမိ ကို ကြည့်သည် ။ ခိုင်းစရာ ရှိလျှင် သူတို့ ၊ ပေးစရာ ရှိလျှင် သူတို့ ။ အခုလည်း
သူ့ မောင်းစင်မှာ သားအမိ တစ်တွေ မောင်းထောင်းနေရသည် ။ အိမ်က ကိုရင် ပိုးထိ ဆုံးတော့
ခင်မေ ဆီက ချေးရငှားရသေးသည် ။ အခုတော့ သားအမိ သုံးယောက် ရရစားစား ၊ ဝါးဝါးမျိုမျို
ကောက်စိုက်ချိန် စိုက် ၊ ထင်းသယ်ချိန် သယ် ၊ မောင်းထောင်းချိန် ထောင်း ၊ ကြိတ်ထိုးချိန်ထိုး ။
သူငယ်ချင်း သုံးယောက်ထဲမှာ သူတစ်ယောက်တည်း ကြီးတောင့်ကြီးမား မောင်းထောင်း
ကြိတ်ထိုး နေရတုန်း ဖြစ်သည် ။ မောင်းတိုင်က မောင်းပုတီးကလေး ကို ကိုင်ရ တွယ်ရတုန်း ၊
ပုတီးပတ်တွေ မှတ်ရတုန်း ။
လရောင်ကြည်ကြည် ထဲမှာ ရေမဲ့ ရေအိုးဟောင်း သုံးလုံးနှင့် မီးကပ် မီးချိတ် ၊ ဝါးလုံး ငေါင်းစင်းစင်းကို ငေးကြည့်နေမိပြန်သည် ။ နွေကုန်တော့မည် ။ မိုးကျတော့မည် ။ သက်ကယ် မမိုးရသေး ။ သည်နှစ် ကြိတ်ထိုးခ ထဲက ဖဲ့စုလာတာ နည်းနည်းပါးပါးတော့ ရနေပြီ ။ လိုတာ ခင်မေ့ ဆီ ချေးရလိမ့်မည် ထင်သည် ။ ခင်မေ့ ကျေးဇူးတွေကို သတိရ နေရင်းက ငယ်ဘဝတွေကို စိတ်ရောက်သွားပြန်သည် ။ သည်လို လရောင်ညတွေမှာ ဖန်ခုန် တမ်း ၊ တွတ်ထိုး တမ်း ၊
စကားထာဝှက် တမ်း ၊ ဘိုင်စကုတ်အကြောင်း ပြော တမ်း ။
လရောင်တလင်း ကွင်းပြင်ထဲမှာ ညဉ့်နက်သန်းခေါင် တိုင်အောင် သူရယ် ၊ တိုးစိန်ရယ် ၊
ခင်မေရယ် ။
အဲသည်တုန်းက …
*****
( ၂ )
ခါတိုင်း မနက်သုံးနာရီ သန်းရင် နိုးနေကျ ။ ကနေ့ မိုးလင်းသွားသည် ။ သိပ်တော့ နောက်မကျသေး ။ လရောင် ရှိနေသေးသည် ။ ခင်မေ နှင့် တိုးစိန် ကို သွားခေါ်ရဦးမည် ။ သူတို့က လာခေါ်ရတယ်လို့ တစ်ခါမှ မရှိခဲ့ ။ သန်းရင် တဘက်ကြမ်းကို ခြုံကာ ထွက်လာခဲ့သည် ။ တစ်ယောက်က ရေတွင်းကုန်း မှာ ၊ တစ်ယောက်က အနောက်ရိပ်သာ နား မှာ ။ တိုးစိန် တို့ အိမ်စုကလေးတွေမှာ မီးရောင် မမြင်ရသေး ။
“ တိုးစိန်ရေ … တိုးစိန် ”
“ ဝူး …”
“ သေတုန်းပဲလား ကောင်မ ၊ မိုးလင်းသွားပြီဟဲ့ ”
“ အေး … အေး … သွားနှင့်ပါလား သန်းရင် ရေ ”
“ ဟင့်အင်း … မြန်မြန်လုပ် ၊ ဒီကပဲ စောင့်မယ် ”
လမ်းပေါ်မှာ ဘယ်သူမှ မရှိသေး ။ လေးနာရီခွဲလောက် ရှိပြီ ။ ခဏကြာတော့ တိုးစိန်
ထွက်လာသည် ။ ခင်မေ ကို သွားမခေါ်တော့ဘဲ နှစ်ယောက်သား မောင်းစင်ကို လာခဲ့ကြသည် ။
သူတို့ မောင်းစင်ရှိရာ အိမ်ကြီးရောက်တော့ ခြံတံခါးကို တွန်းဖွင့်ကာ ဝင်လိုက်သည် ။
အိမ်ကြီးဘေးမှ ပန်းကာ နောက်ဖေးကွက်လပ်ကျယ်ကို ဆက်လျှောက်လာကြသည် ။
အိမ်ကြီးရှင်တွေ မနိုးကြသေး ။ မောင်းစင်ထားရာ တမာရိပ်မှာ မှောင်မည်းနေသည် ။ တိုးစိန် က
ရေနံဆီမီးတိုင်ကို မီးတို့လိုက်သည် ။ ထိုစဉ် မှာပင် သူတို့ ကိုယ်ပေါ်သို့ ကျောက်စရစ်ခဲတွေ ဖျောခနဲ
ကျလာသည် ။
“ အမေ့ …”
“ ဟား … ဟား … ဟား … ဟား …”
ခင်မေ … ။ လရောင်ရိပ် မကျသည့် ပန်းချုံထဲက သရဲခြောက်ပြနေခြင်း ဖြစ်သည် ။
“ ညည်း မကြောက်ဘူးလား ခင်မေ ရယ် ”
“ ကြောက်ပေါင် ”
မီးတိုင်ခွက် အလင်းရောင် နှင့် စပါးအိတ်တွေကို သွားမသည် ။ တိုးစိန် က မောင်းစင်ဘေးမှာ
ဂုန်နီအိတ်တွေ စီခင်းလိုက်သည် ။ လုံးတီး ၊ ဖွဲကြမ်း ၊ ဆန်ကွဲ ၊ စပါးခွံတွေ သပ်သပ်စီ ခုတ်ချဖို့
နေရာခွဲ ထားလိုက်သည် ။ သန်းရင် က မနေ့က ကြိတ်ထိုးပြီးသား လုံးတီး နှစ်ပြည်သားလောက်ကို
မောင်းခွက်ထဲ ချင်ထည့်လိုက်သည် ။ မီးတိုင်ခွက် အလင်းရောင်ကြောင့် ခင်မေ နှင့် တိုးစိန် တို့
အရိပ်တွေက ရှည်မျောနေသည် ။ မောင်းတုံးပေါ် တင်ထားသော ခြေထောက်တွေက အသင့် ။
တိုးစိန် က မောင်းတိုင်စွပ်ထားသည့် ပုတီးကုံးကလေး ကို ချွတ်ယူလိုက်သည် ။
“ ကိုင်း … နင်း ”
“ ကျွီ … ”
“ ဂျုံး … ”
“ ကျွီ … ”
“ ဂျုံး … ”
မောင်းနင်းတုံး က ဖိနင်းလိုက်သည့်အခါ ကျွီခနဲ ကျွီခနဲ မြည်သည် ။ မောင်းတုံးက
မောင်းခွက်ထဲ ကျသည့်အခါ ဂျုံးခနဲ မြည်သည် ။ မောင်းတုံး ကျသည် နှင့် ဆန်မဖြစ်တဖြစ် လုံးတီးတွေ
ဖွားခနဲ ဖွားခနဲ မောင်းခွက် နှုတ်ခမ်းပေါ်ကို စင်ထွက်လာတတ်သည် ။ ထိုအခါ သန်းရင် က
ယက်ချရသည် ။ မောင်းအကြွမှာ ယက်ချ ၊ မောင်းကျလျှင် ဖယ် ၊ နရီကိုက် စည်းကိုက် ၊ မှားလို့ မရ ။
ငိုင်နေလို့ မရ ။
“ ကောင်မ ခြောက်ပတ်နော် ”
ပုတီးခြောက်ပတ် ကို ဆိုလိုခြင်းဖြစ်သည် ။ မောင်းကျည်ပွေ့က မောင်းခွက်ထဲ ဂျုံးခနဲ
တစ်ချက် ကျလျှင် မောင်းနင်းသူက ပုတီးတစ်လုံးကို ဆွဲချရသည် ။ ဤသို့ဖြင့် မောင်းနင်းရင်းက
ပုတီး စိပ်နေရသည် ။ ပုတီး ( ၁၀၈ ) လုံး ပြည့်လျှင် တစ်ပတ် ။ တစ်နည်းအားဖြင့် ( ၁၀၈ ) ခါ
နင်းပြီးပြီ ဆိုသည့် သဘောဖြစ်သည် ။ မောင်းတုံး နှင့် ဆန်စေ့ တစ်ရာ့ရှစ်ခါ ထိတွေ့ပြီး ပြီဆိုသည့်
သဘောဖြစ်သည် ။
ဤသို့လျှင် ပုတီး ငါးပတ်ပြည့်လျှင် ဆန်ဖြူသည့် မောင်း ၊ ပုတီးဆယ်ပတ် မှ ဆန်ဖြူသည့်
မောင်း ရယ်လို့ ရှိလာသည် ။ အခု သူတို့ မောင်း က မလှအုန်း မောင်း ။ ခြောက်ပတ်မောင်း ။ သူတို့မှာ
နာရီ မရှိ ။ မှောင်ထဲတွင် ဆန်ဖြူ မဖြူ သေသေချာချာ သိနိုင်သည် မဟုတ် ။ သည်တော့ ပုတီးပတ် နှင့်
မောင်းထောင်း ရသည် ။ ပုတီးပတ်နှင့် ဆန်ဖြူချိန်ကို ကွက်တိချိန်ပြီးသား ဖြစ်သည် ။
တချို့ ပုတီးပတ်များသည် မောင်းတွေကို နင်းသားတွေ မသွားချင် ။ ပုတီးပတ် နည်းသည့်
မောင်းမှာတော့ ‘ နင်းသား ’ တွေ စိတ်ချမ်းသာသည် ။ သတ်မှတ်သည့် ပုတီးပတ် ပြည့်လျှင်
ဆန်ချောပြီ ။ ထိုအခါ ပြာရ ခပ်ရ တီးရသည် ။ ဆန်ဖြူ သပ်သပ် ၊ ဖွဲ သပ်သပ် ၊ စပါးခွံ သပ်သပ် ။
ထို့ကြောင့် ထိုအရပ်က မောင်းစင်တွေမှာ မောင်းပုတီးကလေးတွေ ချိတ်ထားလေ့ ရှိသည် ။
“ ကျွီ … ”
“ ဂျုံး … ”
“ ကျွီ … ”
“ ဂျုံး … ”
ရောင်နီကလေး သွေးလာတော့မှ မီးတိုင်ခွက်ကို မှုတ်လိုက်သည် ။ မနက်ခင်းကလေးမှာပေမယ့် ချွေးဥလေးတွေ သီးထနေလေသည် ။
“ ကောင်မ မငိုင်နဲ့နော် ၊ လက်ပါသွားလို့ လင်မရဘဲနေဦးမယ် ”
“ လင်မရတော့ ကောင်းတာပေါ့အေ ”
“ ဘယ်ကောင်းပါ့မလဲအေရဲ့ … ဟီး … ဟီး … ”
“ ကောင်မနော် အပျို ပါးစပ် ”
နှစ်တင်း ကျသွားပြီ ။ ကြိတ်ထိုးပြီး ပြာပြီး တီးပြီး ဆန်ဖြူတစ်တင်းကျကို နှစ်ကျပ် ရသည် ။
တစ်နေကုန်ဆိုလျှင် ဆယ်တင်းလောက် ပြီးတတ်သည် ။ တစ်ခါတစ်ခါ မောင်းပျက်လျှင်တော့
သုံးလေးတင်း ။ တော်ရုံတန်ရုံ ကြိတ်ပျက်လျှင် ၊ မောင်းပျက်လျှင် သူတို့ ပြင်တတ်နေပြီ ။ ထစ်ခနဲဆို
မောင်းရှင်ကို သွားပြောလို့ကမဖြစ် ။ ပြင်တတ်မှ ။ ခုနစ်နှစ်သမီး ၊ ရှစ်နှစ်သမီး က ထောင်းတဲ့ မောင်း ၊
ထိုးတဲ့ ကြိတ် ။ သူတို့ နားလည်နေကြပြီ ။ ယောက်ျားလေး တစ်ယောက်လို ကျင်လည်နေကြပြီ ။
“ လင်ဆိုလို့ ညည်း ဟိုကောင်နဲ့ တွေ့သလား ၊ တောင်ဖျားက ကောင်လေ ”
“ တွေ့သားပဲ ဈေးထဲမှာ ၊ ငါလေ အူတွေယားတာ အရမ်းပဲ ”
“ ဟင်း … ဟင်း … မကြိုက်တဲ့ လူကိုး အေ့ ၊ အူယားမှာပေါ့ ”
“ ကြိုက်တဲ့ လူဆို တို့တောင် သိရမှာ မဟုတ်ဘူး ”
“ ဒါပေါ့ ၊ ညည်းလိုပေါ့ ”
“ ညည်းအကောင်ကကော ပွဲတော်ရက်က ညည်းနဲ့ တွေ့တာလေ ”
“ အဲဒါပေါ့ ၊ အဖေနဲ့ မိလို့ အရိုက် ခံရသေးတယ် ”
“ ကောင်းတယ် ၊ ညည်းအကောင်က ခပ်ရဲရဲထဲကပါအေ ”
“ ရဲတာတော့ မပြောနဲ့ ”
“ ပြောပါဦးဟယ် ၊ ဘာတွေလုပ်တုန်း ”
“ အို … ညည်းကလည်း ”
“ ဟွန်း … ညည်းက ကောင်းခန်းဆို ဖြတ်ပြီ ၊ ပွဲတော်ကွင်းထဲတုန်းက ပြတဲ့ ဘိုင်စကုတ် ကျနေတာပဲ ”
“ ညည်း ရည်းစားထားကြည့်ပေါ့ဟဲ့ ”
“ ပြောပါဟယ် ”
မိုးလင်းပြီ ။ ရောင်နီနှင့်အတူ ထင်းလှည်းအီသံတွေ လမ်းပေါ်မှာ ဆူညံနေလေသည် ။
သင်္ဘောမန်ကျည်းသီး နီကွေးကွေးတွေက ညက မှက်စားထားသဖြင့် မြေမှာ ပြန့်ကျဲနေလေသည် ။
တိုးစိန် တို့ စကားကောင်းနေဆဲ ။ တစ်ရွာလုံးက သတင်းတွေ ၊ ဇာတ်ပွဲတွေ ၊ ဘိုင်စကုတ်တွေ … ။
“ တိုးစိန် ပုတီး ဘယ်နှစ်ပတ်ရှိပတုံး ”
“ ဟောတော့ … ပုတီးပတ်တွေ မေ့ကုန်ပြီ ”
“ ညည်းက လုပ်ပြီဟယ် ၊ ပုတီးကိုင်ထားပြီး စကားများနေတာကိုး ”
“ နေဦး ၊ သုံးပတ်လား ၊ လေးပတ်လား အဲ …”
သန်းရင် က ဆန်တွေကို ဆုပ်ယူလိုက်ကာ ကြည့်သည် ။
“ ဖြူပြီဟဲ့ ၊ ခြောက်ပတ်တောင် ကျော်ပြီပေါ့ ၊ ညည်းနှယ်အေ … ”
တိုးစိန် က သူ့လက်ထဲက စိပ်ပုတီး ကို ကိုင်ရင်းက ရယ်သည် ။
“ တစ်ခါတလေလည်း မှားမှာပေါ့ဟယ် ၊ စိပ်ပုတီးပေမယ့် မောင်းစင်ရောက်တော့
မောင်းပုတီး ဖြစ်နေတာကိုး အေရဲ့ ၊ အင်းလေ … တို့က ပုတီးကိုင်ထားပေမယ့် ပြောကြတာက
ပေါက်ကရကိုး … နော့ … ။
*****
( ၃ )
“ အမေ … အမေ ထတော့ ၊ သွားရ အောင် ”
ညက လသာထဲမှာ ငယ်ဘဝတွေကို စဉ်းစားရင်း ညဉ့် တော်တော်နက်တဲ့အထိ
ထိုင်နေမိသဖြင့် မျက်လုံးတွေ ဖန်စပ်နေသည် ။ မထချင်သေး ။ ထင်းချောင်းတွေလို
မာကျော တင်းတောင့်နေသော ခြေထောက်တွေက မလှုပ်ချင်သေး ။ ဒါပေမယ့် ညတုန်းက
တတမ်းတတ သတိရနေမိခဲ့သော ငယ်ဘဝတွေမှ မဟုတ်တော့ဘဲလေ ။ သူတောင် အပျိုကြီးဖားဖား သမီးနှစ်ယောက်ရဲ့ အမေ ဖြစ်နေမှပဲ ။
တိုးစိန် ကလည်း ရှိသေးရင် ဘွားတိုးစိန် ဖြစ်နေရောပေါ့ ။ ခင်မေ ကလည်း ဒေါ်ခင်မေ ဖြစ်နေပြီ ။ ဘာပဲဖြစ်ဖြစ် ငယ်ဘဝတွေက ကျန်ရစ်ခဲ့ပြီ ။ မထချင်လို့ မရတော့ ။ မျက်လုံးတွေ ဇွတ်ကို ဖွင့်ကာ ရေကပြင်မှာ မျက်နှာဆင်းသစ်သည် ။ ပြောင်းဖူးဖက် နှစ်လိပ် နှင့် မီးခွက် ကို ကိုင်ရင်း သမီးနှစ်ယောက် နှင့်အတူ ထွက်လာခဲ့သည် ။ မိုးက လင်းဖို့ တော်တော် လိုသေးသည် ။ ဝါကြန့်ကြန့် လရောင်ကြည်ကြည်ကလေး ရှိနေသေးသည် ။ သူငယ်ချင်း မခင်မေ တို့ တိုက်ခံ အိမ်ကြီး ရွာလယ်မှာ ဆိုတော့ တော်တော် သွားရသည် ။ ခြံဝင်းကြီးက ကျယ်သည် ။ ပဲဂိုဒေါင် ၊
ပဲစက် ၊ စပါးကျီ ၊ ကောက်ရိုးစင်တွေကို ဖြတ်လျှောက်ကာ မောင်းစင် ရှိရာ ခြံနောက်ဘက်ကို
ဝင်လာတော့ မခင်မေ တို့ပင် မနိုးကြသေး ။
မနေ့က သားအမိတွေ ထားခဲ့သော ကြိတ်ထိုးပြီးသား လုံးတီးတွေကို မောင်းခွက်ထဲ
ထည့်သည် ။ သမီးငယ်က ဂုန်နီအိတ်တွေ ဖြန့်ခင်းသည် ။ အကြီးမက မီးတိုင်ခွက်ကလေးကို
ထွန်းသည် ။ အငယ်မ နှင့် အမေသန်းရင် က မောင်းတုံးပေါ် ခြေတင်လိုက်သည် ။
မောင်းစင် လက်ကိုင်တန်း မှာ ချိတ်ထားသော မောင်းပုတီး ကို အမေသန်းရင် လှမ်းဖြုတ်သည် ။
“ ပေးပါ အမေရယ် ၊ အမေ ပုတီးပတ် မှားက မှားနဲ့ ”
အမေသန်းရင် က သမီးငယ် စကားကြောင့် ရင်တွေ သိမ့်ခနဲ ခုန်သွားသည် ။ သူကလည်း
သူပါပဲလေ ။ ပုတီးပတ်တွေ မကြာခဏ မှားတတ်သည် ။ ပုတီးပတ်တွေ မှားပြီး ကျော်သွားရင်
ဆန်လည်း နာတယ် ။ အချိန်လည်း ကုန်တယ် ။ လူလည်း ပင်ပန်းတယ် ။ တစ်ခါတစ်ခါ
သတိထား နေရင်းက ပုတီးပတ်တွေ မှားသည် ။ စိတ်တွေက ပျံ့လွင့်နေတတ်သည်ကိုး ။
ညတုန်းကတောင် သူတို့ အပျိုတုန်းက မောင်းထောင်းရင်း ပုတီးပတ်တွေမှားတာ
သတိရနေခဲ့သေးသည်ပဲ ။
“ မမှားအောင် စိပ်ပါ့မယ် သမီးရယ် ”
အမေသန်းရင် က ပထမဆုံး ပုတီးလုံးကို လက်မ နှင့် ပွတ်ရင်း နင်းရမည့် အချိန်ကလေးကို
အသက်အောင့်ရင်း စောင့်နေလိုက်သည် ။
“ နင်းတော့ ”
“ ကျွီ … ”
“ ဂျုံး … ”
“ ကျွီ … ”
“ ဂျုံး … ”
မောင်းခွက်ထဲ မောင်းတုံး ကျတိုင်း ပုတီးလုံးကလေးတွေ စိပ်စိပ်ချသည် ။ အမေသန်းရင် က
မျက်လုံးတွေကို မှိတ်ထားလိုက်သည် ။ ပုတီးလုံးကလေးတွေကို စိတ်ချတိုင်း အနိစ္စ ၊ ဒုက္ခ ၊ အနတ္တ လို့
နှုတ်ခမ်းတွေ လှုပ်လှုပ်နေအောင်ရွတ်ရင်း လက္ခဏာရေး သုံးပါးကို ရှုမှတ်သည် ။ အနိစ္စ ၊ ဒုက္ခ ၊
အနတ္တ ၊ အနိစ္စ ၊ ဒုက္ခ ၊ အနတ္တ ။ မောင်းခွက် ထဲ မောင်းတုံး ကျသံကို သူ မကြားရတော့ ။ အနိစ္စ ၊ ဒုက္ခ ၊
အနတ္တ လို့ပဲ သူ ကြားနေသည် ။
သူ့ ဘဝမှာ ဂုဏ်တော်ပုတီး စိပ်ဖို့ အချိန် မရခဲ့ ။ တစ်ခါတစ်ရံ ကြုံကြိုက်လို့ တရားလေး နာရ ၊
ဆွမ်းကလေး လောင်းရ တာကလွဲလျှင် ဘဝကူး ကောင်းဖို့ ဘာမှ မလုပ်နိုင်ခဲ့ ။ ဘာပဲ ဖြစ်ဖြစ်
ဂုဏ်တော်ပုတီး မဟုတ်သည့်တိုင် ရသမျှအချိန်ကလေးမှာ လက်မနှင့် လက်ညှိုးကြားမှာ
ပုတီးလုံးကလေးတွေ ရှိနေတုန်းမှာ သူ့စိတ်တွေ ရှင်သန်နေဖို့ပဲလိုသည် ။ လက္ခဏာရေး သုံးပါးကို
ရှုမှတ်နေဖို့ပဲ လိုသည် ။ သူ့နားထဲမှာ အနိစ္စ ၊ ဒုက္ခ ၊ အနတ္တ တွေပဲ လှိုင်းထနေသည် ။ စိတ်ကို
သည် အပေါ်မှာပဲ တည့်တည့်ကလေး တည်နေအောင် ချုပ်ဖမ်းထားဖို့ ကြိုးစားသည် ။
“ အမေ ပိုက်ဆံရှင်းရင် ဒေါ်ပုကြီး ကို ဆန်ဖိုး ပေးဦးမှ အမေရေ ၊ မနေ့က တောင်းတယ်တော့ ”
ပိတ်ထားသော မျက်လုံးတွေ ပွင့်သွားရပြန်သည် ။ စိတ်တွေ ကသောင်းကနင်း လွင့်စင်သွားပြန်သည် ။ မပုကြီး ကို ပေးစရာ ရှိသည်ပဲ ။ ကနေ့ မခင်မေ ဆီက ပိုက်ဆံနည်းနည်းတော့ တောင်းရလိမ့်ဦးမည် ။
ထိုစဉ်မှာပင် ဒေါ်ခင်မေ တို့ တိုက်ခံ အိမ်ကြီး ပေါ်က ကြေးစည် ရိုက်သံ လွင်လွင်ကလေးကို
ကြားရသည် ။ ဖွင့်ထားသော ဘုရားခန်း ပြတင်းဝဆီက အမွှေးတိုင် ရနံ့ က နံနက်ခင်း လေပြည်ထဲမှာ
ဝေ့ဝဲနေသည် ။ အမေသန်းရင် က ပြတင်းဝ ကို လှမ်းကြည့်သည် ။ နံနက်အရုဏ်မှာ
ဂုဏ်တော်ပုတီး ကို ကိုင်ရင်း သူတို့သားအမိကို ငုံ့ကြည့်နေသော သူ့သူငယ်ချင်း မခင်မေ ကို
အမေသန်းရင် လှမ်းမြင်နေရသည် ။
“ မခင်မေ ကျေးဇူးရှင်ကြီး ကျန်းမာလို့ ချမ်းသာပါစေတော် ”
အမေသန်းရင် က နှုတ်မှ တတွတ်တွတ် ရွတ်ရင်း မေတ္တာ ပို့သည် ။ အငယ်မ က သူ့ကို
မျက်စောင်းထိုးရင်း သူ့ လက်ထဲက မောင်းပုတီးကလေး ကို ဖျတ်ခနဲ ဆွဲလုတာကို ခံရတော့မှ
အမေသန်းရင် အယောင်ယောင် အမှားမှား မောင်းနင်းတုံးကို ရပ်ထားလိုက်သည် ။
“ ဒါ ဂုဏ်တော်ပုတီး မဟုတ်ဘူး အမေ ရဲ့ ၊ မောင်းပုတီး ၊ မေတ္တာတွေချည်း ပို့မနေနဲ့ဦး ၊ ပုတီးပတ်တွေ မှားကုန်ပြီ ၊ အမေကလေ … ”
မျက်တောင်မွေးတွေ ကျွတ်နေသည့် အမေသန်းရင် မျက်ခမ်းစပ် မျက်လုံးအိမ်ကလေး ထဲက မျက်ရည်ပေါက်တွေ ကျနေဆဲမှာပင် ကြေးစည် ရိုက်သံ တစ်ချက် လွင့်မျော ရောက်ရှိလာပြန်သည် ။
◾နေဝင်းမြင့်
📖 အကောက်ခွန် နှစ်ပတ်လည် မဂ္ဂဇင်း
၁၉၉၀ ပြည့်နှစ် ၊ ဒီဇင်ဘာလ
koaungnaingoo.blogspot.com
.
No comments:
Post a Comment