❝ မမြမှီ ၏ ထောက်ပံ့ကြေး ❞
ထိုနေ့ညက မိုးဦး ရွာချသည် ။ အတော်ပင် ပြင်းထန်သည့်မိုး ။ လေမုန်တိုင်းက မိုးဦး ကို ရှေ့ဆောင်၍ ခေါ်ခဲ့လေသည် ။
ကျွန်တော် မဂိုလမ်း သို့ ရောက်သောအခါ လေမုန်တိုင်းမှာ ငြိမ်သွားလေပြီ ။ မိုးကမူ ဖွဲဖွဲကလေးကျနေသေး၏ ။ ဓာတ်မီးကြိုးများ ပြတ်သွားသဖြင့် လမ်းမီးများ ငြိမ်းနေသည်ကို တွေ့ရ၏ ။
မိုးကြီးလေကြီး မှောင်ကြီးထဲတွင် မမြမှီ သည် ချိန်းထားသည့်အတိုင်း လာမှ လာနိုင်ပါမည်လား ။
ကျွန်တော် သည် စိတ်တထင့်ထင့်ဖြင့် မမြမှီ ၏ အလုပ်တိုက်ဆီသို့ လျှောက်လာခဲ့သည် ။
တံခါးမ အပေါက်ကြီးမှာ အခြားညများ ကဲ့သို့ပင် သော့ခလောက်ကြီး ခတ်ထားသည် ။ လေပြင်းတိုက်ခတ်ခဲ့သော်လည်း ဆိုင်းဘုတ်ကြီးမှာ ခါတိုင်းနေရာတွင် အခြေမပျက် ရပ်တည်နေသည် ။
ကျွန်တော်သည် ထိုဆိုင်းဘုတ် နောက်သို့ ဝင်လိုက်သည် ။ ပြီးတော့ တံခါးရွက်တစ်ခုကို တွန်းလိုက်လေသည် ။ အဆင်သင့်ပင် ပွင့်သွားလေသည် ။
မမြမှီ ကား လက်နှိပ်ဓာတ်မီး ကို အောက်စိုက်ထိုး၍ ကြိုဆိုနေလေသည် ။ မိုးလေ ဖျက်သော်လည်း
မပျက်ကွက်သော အချစ် ကျောက်တိုင်ကြီးပေတည်း ။
တိုက်ခန်းထဲမှာ မီးထွန်းညှိခြင်းဆို၍ ဖယောင်းတိုင်မီးပင် မရှိ ။ အောက်စိုက်ထိုးထားသော
လက်နှိပ်ဓာတ်မီးရောင်သာ ရှိသည် ။ သို့သော် ခုနှစ်ဆောင်တိုက်ခန်းကိုပင် လင်းနိုင်လောက်သည့်
မမြမှီ ၏ အပြုံးကိုကား မြင်သာပေသည် ။ ကျွန်တော် ယနေ့ည ချိန်းဆိုပြီး လာခဲ့သည်မှာ ထိုအပြုံး
အလင်းရောင်တွင် ပိုးဖလံလို မြူးထူးပျံသန်းဖို့ လာခြင်းကား မဟုတ်ချေ ။ သို့သော် မမြမှီ ၏
အပြုံးကား ခုခံတွန်းလှန်၍ မရသော အပြုံး ဖြစ်သည် ။ ကျွန်တော့် အသည်းနှလုံးတို့ကလည်း ထို
အပြုံးရောင်ကို ရောင်ပြန်ဟပ်သောသဘော ရှိပေသည် ။
“ ကိုယ်တော်မြတ်ကလေး ၊ လာမှလာဖြစ်ပါ့မလားလို့ ”
ကျွန်တော် က မမြမှီ ၏ လက်မောင်းအုံ နှစ်ဖက်စလုံးကို ဆုပ်ကိုင်လိုက်ပြီး ပြုံးနေသော မျက်နှာကို
စိုက်ကြည့်ရင်း -
“ မိုးရွာရုံ မကလို့ မိုးပြိုကျတောင် အရောက်လာမယ့် မောင်ကလေးပါ ”
မွှေးတော့မည်ဟု ကျွန်တော် က ရွယ်လိုက်စဉ် မမြမှီ က တိမ်းလိုက်ပြီး -
“ မလောတော်မူပါနဲ့ ကိုယ်တော်မြတ်ကလေးရဲ့ ၊ သွား ဟိုမှာ ထိုင် ”
မမြမှီ သည် အောက်စိုက်ထိုးထားသော လက်နှိပ်ဓာတ်မီးဖြင့် ဆိုဖာရှည်ကြီးတစ်ခုဆီသို့ ညွှန်ပြလိုက်လေသည် ။ ယခင်က ဤ အလုပ်တိုက်ခန်းတွင် သည် ဆိုဖာရှည်ကြီး မရှိပါ ။ ဘယ်တုံးက
ထားလိုက်သည် မသိ ။ သူမ သည် တံခါးချက်ကို ထိုးနေရစ်သည် ။
ကျွန်တော် ဆိုဖာရှည်ကြီးပေါ်တွင် မထိုင်သေးဘဲ ရပ်၍ စောင့်နေလေသည် ။ မမြမှီ သည်
လက်နှိပ်ဓာတ်မီး ခလုတ်ကို မပိတ်ဘဲ နံရံတစ်ဖက်ဆီသို့ ခေါင်းလှည့်ပြီး ကြမ်းပြင်ပေါ်မှာ ချထားလိုက်လေသည် ။ ထို့ကြောင့် အပြင်ဘက်မှ မမြင်ရဘဲ တိုက်ခန်းတွင်းမှာ မသိမသာ လင်းနေလေသည် ။
မမြမှီ သည် ဆံပင်ကို ဘီးစိုက်တစ်ပတ်လျှို ထုံးထားသည် ။ ဆံမြိတ်မှာ ဖြာကျနေသည် ။ ရှန်ဟဲ
ဖဲကြီးလုံချည် ဗြောင်နက်ပြာရောင်ကို ဝတ်ထားသည် ။
ကျွန်တော် သည် ဆိုဖာနားမှာ ရပ်၍ မမြမှီ အား ကြည့်ရင်း ယနေ့ည လာခဲ့ရသည့် အဓိက
ရည်ရွယ်ချက်ကို စဉ်းစားနေလေသည် ။ ပုံနှိပ်စက် တည်ထောင်နိုင်အောင် အပြီးအပိုင် အရေးဆိုဖို့
ဖြစ်လေသည် ။ အလုပ်ကိစ္စနှင့် ပတ်သက်၍ မမြမှီ ပေးထားသော အသေးစိတ် အချက်အလက်များကိုမူ ယခင် တစ်နေ့ကပင် မမြမှီ အား တင်ပြပြီးသား ဖြစ်သည် ။ ယနေ့ညမှာ မမြမှီ ၏ အဖြေကို
တောင်းရန်သာ ဖြစ်ပေ၏ ။
မမြမှီ က ကျွန်တော့် ဘေးမှာ ကပ်ရပ်လိုက်ပြီး -
“ ထိုင်လေ ၊ ဘာလို့ ရပ်တော်မူကိုယ်တော် လုပ်နေရတာလဲ ”
ကျွန်တော် က အဖြေမပေးဘဲ မှုန်တေတေကြီး လုပ်နေလိုက်လေသည် ။ မမြမှီ သည် ဆိုဖာပေါ်တွင်
ထိုင်ချလေသည် ။ ပြီးတော့ ကျွန်တော့် လက်တစ်ဖက်ကို ဆွဲပြီး အထိုင်ခိုင်းပြန်လေသဖြင့် ရုန်းကန်ငြင်းဆန်မနေတော့ဘဲ ထိုင်ချလိုက်သောအခါ ဆိုဖာ မှာ အိဆင်းသွားပြီး ကျွန်တော့် ကိုယ်သည်
မမြမှီ ဆွဲရာသို့ အလိုက်သင့် ယိမ်းပါသွားလေသည် ။ ကျွန်တော့် မှာ အလုပ်ကိစ္စကို အရင် ပြောရမည်လော ၊ အချစ်ကို အရင် ချစ်ရမည်လော တွေးတောငေးမောမနေအားတော့ချေ ။ အချစ် ကို အရင်
ပြရလေတော့မည် ။
သို့သော် ယနေ့ညအဖို့ အလုပ်ကိစ္စသည် မေ့ပျောက်၍မရသော ကိစ္စဖြစ်နေလေသည် ။ မမြမှီ ထံမှ
ငွေတစ်သောင်း ထက် မနည်း အရင်းစိုက်ထုတ်ပေးလိမ့်မည်ဟု မျှော်မှန်းထားသည် ။ ထို အရင်းငွေ
ရလျှင် ပုံနှိပ်တိုက် ထောင်ထားပြီး ဗန်းပြအားဖြင့် အပြင်အလုပ်တွေ လက်ခံကာ အရေးတော်ပုံ
အတွက် တိတ်တိတ်လျှို့ဝှက် ဝါဒဖြန့်စာပေတွေ ရိုက်ထုတ်ပေးလိုက်မည် ။ အို ဒါထက် - ယုံကြည်
စိတ်ချရသော စာစီသမားတွေ ဘယ်လို ရှာရမည်နည်း ။ အဖြေ မတွေ့သဖြင့် ခက်နေသည် ။
အရေးတော်ပုံဘက်သား ကျောင်းသားတွေ စာစီ သင်ပေးရမည်လော ။ ဒီလိုဆိုလျှင် အလွန်ကြာလိမ့်မည် ။
မမြမှီ သည် ကျွန်တော် နှင့် ပါးချင်းကပ်ထားရာမှ ဆတ်ခနဲ ခွာကာ ကိုယ်ကို မတ်မတ်ထားလိုက်ပြီး -
“ မောင်လေး ဒီနေ့ ဘာဖြစ်နေသလဲဟင် ”
ကျွန်တော်သည် အဝေးသို့ လွင့်နေသောစိတ်ကို ပြန်ထိန်းသိမ်းလိုက်သည် ။
“ ဘာမှ မဖြစ်ပါလား မမ ရဲ့ ”
“ အို ပြောစရာရှိ ပြောစမ်းပါ ၊ မင်းကြည့်ရတာ အေးစက်စက်နဲ့ ”
ကျွန်တော် သည် ဘာမျှ မပြောဘဲ ရှေ့သို့ ငေးကြည့်နေလေသည် ။ မီးခံသေတ္တာပေါ်ရှိ ကြေးဝါ
ပန်းအိုးကြီး၏ မည်းမည်းသဏ္ဌာန်ကို မှောင်ထုထဲမှ ထိုးဖောက်၍မြင်ရသည် ။
“ ပြောလေ ဘာဖြစ်နေတာလဲ ၊ မောင်လေး ရဲ့ အေးစက်စက် အမူအရာဟာ မမ ရဲ့ အသည်းနှလုံးကို
ရေခဲစိမ်လိုက်သလိုပဲ သိရဲ့လား ”
တကယ် ရင်တွင်းမှခံစားမှုကို ပဲ့တင်ထပ်သော အသံလော ၊ ကျွန်တော်၏ တင်းမာမှုကို
ပျော့လေရော့ဟု တမင် ပြုလိုက်သော ညုသံလော ၊ ကျွန်တော် မစဉ်းစား တတ်ပါ ။ သို့သော်
မမြမှီ ၏ ထို စကားလုံးကလေးတွေကြောင့် ကျွန်တော့် စိတ်သည် ပျော့ဆင်းသွားလေရာ အားငယ်
ကြေကွဲသံဖြင့် -
“ ပြောလည်း အလကားပါပဲ မမရယ် ”
“ အို ဘာဖြစ်လို့ အလကားပါပဲရမှာလဲ မောင်လေးရယ် ၊ ပြောပြမှ သိရမှာပါကွယ် ၊ ဘာလဲ
ရွယ်တူရွယ်တန် ချစ်သူကလေးနှင့် တွေ့နေလို့ ... ”
ကျွန်တော့်စိတ် ထောင်းခနဲ ထလာသည် ။ ကျွန်တော် ပြောချင်သော ကိစ္စကို မာယာ နှင့် လှီးလွှဲလိုက်ခြင်း ဖြစ်သည်ဟု ထင်လိုက်သည် ။ ထို့ကြောင့် အသံမာမာဖြင့် -
“ အို မဟုတ်တာတွေ လျှောက်ပြော မနေပါနဲ့ ၊ ကျွန်တော် ဘာပြောမယ်ဆိုတာ မမ သိပြီးသားပဲ ”
“ အို မသိရပါဘဲလား မောင် ”
“ ဘာလို့ မသိရမှာလဲ ၊ ကျွန်တော် ခဏခဏ ပြောနေတာပဲ ။ အလုပ်ကိစ္စလေ ၊ အလုပ်ကိစ္စ ”
ကျွန်တော့် အသံ တုန်နေသည်ကို သတိထားမိသည် ။ မမြမှီ သည် ကျွန်တော့် ပခုံးနှစ်ဖက်ကို
လက်နှင့် ဆွဲယူပြီး သူမဘက်သို့ လှည့်လိုက်ကာ ကျွန်တော့် မျက်နှာကို စိုက်ကြည့်နေလေသည် ။
မှုန်ဝါးဝါးအလင်းရောင်တွင် သူမ ၏ မျက်လုံးအစုံကို ကောင်းစွာ မမြင်ရသော်လည်း ၎င်းတို့၏
ဆွဲငင်ခြင်း အရှိန်အဝါကိုကား ကျွန်တော် ခံစားနေရလေသည် ။ ကျွန်တော် သည် ရှေ့ ဘာဆက်ပြောရမည်ကို မစဉ်းစားတတ်အောင် ရှိနေလေသည် ။ ဘာမျှ မပြောတော့ဘဲ ထွက်သွားချင်စိတ်လည်း ပေါ်ပေါက်လာလေသည် ။
မမြမှီ က အက်ကွဲသော အသံဖြင့် -
“ အလုပ်ကိစ္စ ၊ တစ်ခါလာလည်း အလုပ်ကိစ္စ ၊ ရှင်းရှင်းပဲ ပြောလိုက်ပါတော့လား မောင်လေးရယ် ၊
ဒီ အလုပ်ကိစ္စ အထ မမြောက်ရင် မမ ကို မချစ်တော့ဘူးလို့ ပြောလိုက်လေ ၊ အဲဒီလိုပဲ ပြောလိုက်ပါကွယ် ”
ငိုသံပါလာသည် ။ အကယ်၍သာ အလင်းရောင် ကောင်းစွာရှိလျှင် မမြမှီ ၏ မျက်လုံးများမှာ စွတ်စိုနေသည်ကို တွေ့မြင်ရပေလိမ့်မည် ။
“ ပြောလိုက်လေ ၊ ရှင်းရှင်း ပြောပါကွယ် ။ အဲဒီလို ပြောရင်လည်း မောင်လေး ကို မမ က အထင်သေး
မသွားပါဘူး ။ ငါ့ ပစ္စည်း မက်လို့ ငါ့ ချစ်ဟန်ဆောင်တာကိုးလို့ မမ ဘက်တော့ အချစ် ပျက်သွားမှာ
မဟုတ်ပါဘူး ။ ပြောပါကွယ် အဲဒီလို ပြောစမ်းပါ ”
ကျွန်တော့် မှာ အပဲ့ဆားထိ သွားသလို ဖြစ်သွားလေသည် ။ ဘာမျှ မပြောဘဲ ငြိမ်ပြီး မနေနိုင်တော့ချေ ။ ပေါက်ကျိုးသွားသော ကျွန်တော့် ဂုဏ်ကို တစ်နည်းနည်းနှင့် ဆည်ရပေလိမ့်မည် ။
“ မဟုတ်တဲ့ စကား ကျွန်တော် က ဘာပြုလို့ ပြောရမှာလဲ မမ ရဲ့ ၊ ကျွန်တော် ဒီအလုပ် ဘာဖြစ်လို့
လုပ်ချင်တယ်ဆိုတာလည်း မမ သိသားနဲ့ ၊ ဒီမှာ မမ ”
မမြမှီ က မထူး ၊ မျက်နှာကိုသာ စိုက်ကြည့်နေလေသည် ။
“ မမ ကျွန်တော့် ကို တကယ် ချစ်တယ် မဟုတ်လား ”
မမြမှီ က အဖြေမပေး ။ ကြည့်ရုံသာ ကြည့်နေလေသည် ။
“ ကျွန်တော့် ကို တကယ် ချစ်ရင် ကျွန်တော့် အလိုကို လိုက်ရမယ် ၊ ကျွန်တော် လုပ်ချင်တဲ့ အလုပ် ဖြစ်မြောက်အောင် ကူညီရလိမ့်မယ် ”
ကျွန်တော် သည် ကျွန်တော့် ပခုံးနှစ်ဖက်ပေါ်ရှိ မမြမှီ ၏ လက်များကို ဖယ်ရှားပြီး မတ်တတ်ရပ်တော့မည့်ဟန် ပြင်သည် ။ မမြမှီ က ကျွန်တော့် လက်မောင်း နှစ်ဖက်ကို ဆွဲထားသည် ။
“ ကဲ ကျွန်တော် သွားတော့မယ် ”
“ မသွားပါနဲ့ဦး ၊ မမ ရှင်းလင်းပြောတာ နားထောင်ပါဦး ”
ကျွန်တော့် မှာ ထိုင်ရပြန်လေသည် ။
“ ကဲ မောင်တင်ထွန်း လုပ်ချင်တဲ့ ပုံနှိပ်လုပ်ငန်းအတွက် မမ က အရင်း တစ်သောင်း နှစ်သောင်း
စိုက်ထုတ်ပေးရော ဆိုပါတော့ ။ ပထမ အချက်ကတော့ မမ နားမလည်တဲ့ အလုပ်မှာ ငွေရင်း မမြှုပ်ချင်ဘူး ။ ဒါပေမဲ့ မမ နားမလည်တာ ဝါသနာ မပါတာ အပထားပြီး မောင်တင်ထွန်း အတွက်
သက်သက် ထုတ်ပေးတယ် ထားဦး ၊ အိမ်က ကိုထွန်းဝင်း ကို ပြောမပြဘဲ ပြီးမှာ မဟုတ်ဘူး ။ မမ တို့
အလုပ် လုပ်ကြတာဟာ စာရင်း မရှိ အင်း မရှိ လုပ်ကြတာ မဟုတ်ဘူး ၊ ကိုထွန်းဝင်း က အိမ်မှာ
ရောဂါ နဲ့ လှဲနေရာကနေပြီးလည်း စာရင်းအင်း ကြည့်နေသေးတာပဲ ။ ကိုထွန်းဝင်း ကို ပြောပြတယ်ဆိုရင် မောင်တင်ထွန်း အကြောင်း ကို မေးတော့မယ် ၊ တစ်စ တစ်စ နဲ့ မမ တို့ အကြောင်း သူ
မသင်္ကာသွားရင် မခက်ပေဘူးလား ။ သိသွားရင် မခက်ပေဘူးလား ။ ပြီးတော့ သူက မသင်္ကာတာတွေ မရှိဘူး ၊ မသိဘူးဘဲ ထားဦးတော့ ၊ မောင်တင်ထွန်း ကို မမ က အရင်းအနှီး စိုက်ထုတ်ပြီး အလုပ်
တည်ထောင်ပေးထားတယ် ဆိုရင် သည့်ပြင် လူတွေက မမ တို့ကို အကဲခတ် ကြည့်ကြတော့မယ် ၊
မမ တို့ ကိစ္စကြီးဟာ လူသိနတ်ကြား ဖြစ်ကုန်မှာပဲ ၊ ဒါကြောင့် ”
မမြမှီ ၏ အသံမှာ နစ်ဝင်သွားလေသည် ။
“ ဒါကြောင့် ကျွန်တော် လုပ်ချင်တဲ့ အလုပ်မှာ မမ မကူညီနိုင်ဘူး ဆိုပါတော့လေ ”
ကျွန်တော် က အရုပ်ကြိုးပြတ်သလို ဖြစ်သွားလေသည် ။ မမြမှီ သည် အရုပ်ကြိုးပြတ် ကို ယုယစွာ
ကိုင်ပြီး သူမ ကိုယ်မှာ မှီထားလိုက်လေသည် ။ မမြမှီ သည် ရှိုက်၍ ရှိုက်၍ ငိုသည် ။ အရုပ်ကြိုးပြတ် သည် ရှိုက်သော မမြမှီ ကြောင့် သာ လှုပ်ရှားနေလေသည် ။
အတန်ကြာတော့ မမြမှီ သည် ကျွန်တော့် နဖူးဆံစကို လက်ဖြင့် ကြင်နာစွာသပ်ရင်း -
“ မမ က မချစ်လို့ မကူညီတာလို့ ထင်ရင်လည်း ခံရတော့မှာပဲကွယ် ”
ကျွန်တော် သည် အကြံ မအောင်သဖြင့် စိတ်အပျက်ကြီး ပျက်သည် ။ ရှေ့ ဘာဆက်ပြောရမည်
မသိသဖြင့် စိတ်အိုက်သည် ။
မမြမှီ အား စိတ်ပဲ ဆိုးရမည်လော ၊ သနားပင် သနားရမည်လော ၊ နာကြည်းစကား ပြောရမည်လော ၊
ခွင့်လွှတ်ဖို့ တောင်းပန်ရမည်လော ။ သည်လိုနှင့် အကြာကြီး ငိုင်မှိုင်ပြီး ထိုင်နေကြလေသည် ။
ကြမ်းပြင်ပေါ်ချထားသော လက်နှိပ်ဓာတ်မီးမှ ထိုးထွက်နေသော အရောင်သည် နီကြင့်ကြင့် ဖြစ်လာသည်ဟု ထင်သည် ။
အရေးတော်ပုံ အတွက် ဝါဒဖြန့်လုပ်ငန်းကြီး ပျက်သွားလေပြီ ။ ကျွန်တော့် အား ပေးအပ်ထားသော
တာဝန်ကို ပြန်အပ်ရုံသာ ရှိတော့သည် ။ ကိုအေးငွေ အား ဘယ်လို ကျွန်တော် ပြောရမည်နည်း ။
ကျွန်တော် သည် အရုပ်ကြိုးပြတ် အဖြစ်ကို စွန့်လွှတ်လိုက်သည် ။ ဆတ်ခနဲ မတ်မတ်ထိုင်လိုက်
ပြီးနောက် -
“ ကဲ သွားတော့မယ် ”
မတ်တတ်ထရန် ပြင်လိုက်သောအခါ မမြမှီ က ကျွန်တော့် လက်များကို ဆွဲတားထားပြန်သည် ။
“ ခဏနေဦး ၊ မမ ကို ခွင့်လွှတ်ကဲ့လား ပြောပါဦး ”
မမြမှီ နှင့် သိကျွမ်းစကစပြီး ထိုနေ့တိုင် တစ်ကြိမ်မျှ စိတ်ကွက်စရာ မတွေ့ခဲ့ဖူးသေးချေ ။ ယခုတော့ စိတ်ကွက်စရာတွေ တွေ့နေရလေပြီ ။ စကားပိုတွေ ပြောနေလေပြီဟု ထင်လာသည် ။
ကျွန်တော့် ကိုယ်ကို ကျွန်တော် ပင့်ကူအိမ်မှ ရုန်းထွက်နေသော ပိုးမွှားကောင်ကလေး နှင့် တူသည်ဟု
ထင်လာလေသည် ။
“ ခွင့်လွှတ်စရာ မလိုပါဘူး ”
မမြမှီ ဆွဲထားသော ကျွန်တော့် လက်များကို မသိမသာ ရုန်းလိုက်သည် ။ မမြမှီ က မလွှတ် ၊
ကျွန်တော့် လက်ဝါးများကို ယူပြီး သူမ ပါးပြင်ကို ပွတ်စေလေသည် ။ ပြီးတော့ ငိုသံပါဖြင့် -
“ သိပါတယ်ကွယ် ခွင့်မလွှတ်ပါဘူး ။ မမ ရဲ့အဖြစ်ကိုက ဆိုးပါတယ် ၊ ဘယ်လို ကံကြမ္မာများပါလိမ့် ။ အင်း ကိစ္စတွေ အားလုံးရှင်းသွားမှာကတော့ ကိုထွန်းဝင်း သေမှပဲ ၊ သူသေသွားရင်
ရှင်းမယ် ၊ မောင်ကလေး ကြိုက်သလို ဘာမဆို ”
ကျွန်တော် သည် မမြမှီ ၏ ပါးစပ်ကို လက်ဖြင့်ပိတ်လိုက်သည် ။ မမြမှီ က ပြောရဲသော်လည်း
ကျွန်တော် က နားမထောင်ရဲ ။ မမြမှီ သည် ရှိုက်၍ ငိုလာပြန်သဖြင့် ကျွန်တော် ၏ လက်ကို ဖယ်ပေးလိုက်ရလေသည် ။ ပင့်ကူအိမ်မှ ရုန်းထွက်ရန် ကြိုးစားနေသော ပိုးမွှားကောင်ကလေး မရုန်းနိုင်ဘဲ
ရှိပြန်လေသည် ။ ကျွန်တော် သည် မမြမှီ အား သနားရပြန်သည် ။ ယုယစွာ ပိုက်ထွေးရပြန်လေသည် ။ ချော့ရပြန်သည် ။ ခွင့်လွှတ်ကြောင်း အာမခံရပြန်လေသည် ။ အတော်ကြာလို့ မမြမှီ က
အတန်ငယ် ငြိမ်ကျသွားမှ -
“ ကဲ သွားတော့မယ် မမရယ် ”
“ ခဏနေပါဦး မမ ပြောစရာ ရှိသေးတယ် ။ မောင်လေး ကို တစ်နည်းနည်း နဲ့ ကူညီချင်သေးလို့ မမ
စဉ်းစားထားတာ တစ်ခု ရှိသေးတယ် ။ သတင်းစာတိုက်မှာ အလုပ်လုပ်ရတာ မပျော်လို့ အလုပ်
ထွက်ထားတယ် မဟုတ်လား ။ သည့်ပြင်အလုပ်လည်း မောင်လေး စိတ်ပျော်မှ လုပ်နိုင်အောင်
ဘာလုပ်ရမယ် ကိုတော့ မမ က ပြောလည်း မပြောချင်ဘူး ၊ ဘာမှ မလုပ်ဘဲလည်း နေချင် နေနိုင်အောင်
မမ ကူညီချင်တယ် ”
ကျွန်တော် သည် မမြမှီ အား ယုယစွာ ထွေးပိုက်ထားမြဲထားပြီး နားစိုက်ထောင်နေပြန်လေသည် ။
“ သတင်းစာတိုက် က တစ်လ ၇၅ ကျပ် ရတယ် မဟုတ်လား ”
“ ဟုတ်တယ် ၊ တစ်ခါတစ်ခါ ပိုရပါရဲ့ ”
“ ဒါဖြင့် မမ က မောင်လေးကို တစ်လ တစ်ရာ ပေးထားမယ် ၊ အလုပ်တော့ ကိုယ်ကြိုက်ရာ လုပ် ၊
မလုပ်ဘဲလည်း နေချင်နေ ။ ဒီလို ပေးဖို့ကတော့ မမ မှာ ဘာမှ အခက်အခဲ မတွေ့နိုင်ဘူး ”
ကျွန်တော် မျှော်လင့်မထားသော အကူညီမျိုး ဖြစ်လေသည် ။ ဤအကူအညီမျိုးကို စဉ်းပင် မစဉ်းစားခဲ့မိချေ ။ ထို့ကြောင့် လက်ခံသင့် မခံသင့် မစဉ်းစားနိုင်ချေ ။ သို့သော် ဟုန်းခနဲ တက်လာသော
ယောက်ျားပျို ပညာတတ်၏ မာနဖြင့် ချက်ချင်း ဖြေလိုက်လေသည် ။
“ ဟာ မလိုချင်ပါဘူး ”
“ အို ဒါကို လက်မခံရင်တော့ မောင်လေး ဟာ မမ ကို ခွင့်မလွှတ်ဘူးလို့ ယူဆရမှာပဲ ”
ကျွန်တော် သည် မမြမှီ နှင့် ကပ်ထိုင်နေရာမှ ခပ်ခွာခွာ နေလိုက်ပြီး -
“ ခွင့်လွှတ်စရာ မလိုပါဘူးလို့ ဆိုနေမှပဲ ”
“ ဒါပဲနော် မောင်လေး ဒါကို လက်မခံရင် မမ အပေါ်မှာ စိတ်ဆိုးနေတယ်လို့ ယူဆရမှာပဲ ”
ကျွန်တော် သည် ထိုင်ရာမှထလိုက်ပြီး ကျွန်တော့် အား မော့ကြည့်နေသော မမြမှီ ၏ မျက်နှာကို
စိုက်ကြည့်ကာ -
“ ကျွန်တော်က လက်မခံရင် မမ ကော စိတ်ဆိုးမှာလား ”
“ စိတ်ဆိုးမှာပဲ ”
“ ဒါဖြင့် ခု စိတ်မဆိုးနဲ့ဦး ၊ နောက်မှ ကျွန်တော် ဆုံးဖြတ်မယ် ၊ ကဲ - သွားတော့မယ် ”
မမြမှီ သည် ဘာမှ မပြော ။ ကျွန်တော့် အား သာ စိုက်ကြည့်နေသည် ။ မှုန်မွှားမွှားသာ မြင်ရသော်လည်း သူမ ၏ မချင့်မရဲ မကျေမချမ်း အမူအရာ မျက်နှာထားမှာ သိသာပေသည် ။
“ ကျွန်တော် သွားတော့မယ် ၊ မမ ကော မပြန်သေးဘူးလား ”
“ မောင့်ဘာသာ မောင် ပြန်ချင်ပြန် မပြန်ချင်နေ ၊ မမ ကို မေးမနေနဲ့ ”
တံခါးဆီသို့ လှမ်းသော ကျွန်တော့် ခြေလှမ်းများသည် သူမ ၏ ဆောင့်ကြီးအောင့်ကြီး ပြောသံကြောင့် တုံ့သွား၏ ။ ထိုအသံတွင် တကယ့်ဒေါသ မပါ ၊ မူရာမာယာဒေါသ သာ ပါသည်ကို
ရိပ်မိသဖြင့် ကျွန်တော် ပြုံးလိုက်မိသည် ။ အပြင်မှာ မိုးကလည်း သည်းတုန်းဖြစ်နေသည်ကို ခုမှ
သတိပြုမိလေသည် ။ ကျွန်တော် သည် မမြမှီ ထိုင်နေရာသို့ လှည့်ကြည့်၍ ရပ်နေရင်း -
“ မိုးကလည်း သည်းတုန်းပဲ ထင်ပါရဲ့ ”
မမြမှီ သည် ကျွန်တော့် အား ဂရုမစိုက်သကဲ့သို့ ဆိုဖာပေါ် မှာ ခြေပစ်လက်ပစ်နေလေသည် ။
ကျွန်တော့်ဘက်သို့ လည်း မကြည့် ။ စကားလည်း တစ်ခွန်းမျှ မတုံ့ ။
မမြမှီ သည် မူရာမာယာ လုပ်နေတာလား ၊ တကယ် စိတ်ကောက်နေတာလား ။ ဘာပဲဖြစ်ဖြစ်
ကျွန်တော် သည် မမြမှီ အနားမှ တစ်ဖဝါးမှ မခွာနိုင်အောင် ဖြစ်နေပြန်လေသည် ။ ထို့ကြောင့်
တားလို တားငြား -
“ မိုးတွေကလည်း သိပ်သည်းနေတာပဲ ”
“ မိုးသည်းလည်း ဘာ ဂရုစိုက်စရာ ရှိသလဲ ၊ သွားချင်သွားပေါ့ မိုးစိုလို့ ဘာဖြစ်ဖြစ် ”
“ မသွားဘူးဗျာ မမက သွားစေချင်ပေမယ့် မသွားတော့ဘူး ”
ကျွန်တော် သည် မမြမှီ ထံမှောက်သို့ ခပ်သော့သော့ ရောက်သွားပြန်လေသည် ။ သူမ ၏ ဘေးမှာ
ပစ်ထိုင်ပြီး ကိုယ်စောင်းချင်း ဖိလိုက်လေသည် ။ မမြမှီ က ကိုယ်ရော မျက်နှာပါ တစ်ဖက်သို့
လှည့်ထားလိုက်လေသည် ။ ကျွန်တော် သည် တဟီးဟီး ပြုံးဖြီးဖြီးလုပ်လျက် ကျွန်တော့် မေးကို
မမြမှီ ၏ ပခုံးပေါ်သို့ ယို့ယို့ကလေး တင်ထားပြီး ပါးချင်းကပ်လိုက်လေသည် ။
ထိုနေ့ည မမြမှီ နှင့် ခွဲခွာလာသောအခါ ကျွန်တော် သည် ခါတိုင်းနှင့် မတူ ။ ခါတိုင်းဆိုလျှင်
ကမ္ဘာလောကကြီးတစ်ခုလုံးနှင့် ကျေနပ်နေတတ်သည် ။ တွေ့ခဲ့ရသည်ကို စားမြုံ့ပြန်ပြီး မြူးနေတတ်သည် ။ နောက်ပြီးတော့ လွမ်းငွေ့ကလေးနှင့် ရီတီတီနေတတ်သည် ။ ယခု တစ်ကြိမ်မှာမူ
အလုပ်ကိစ္စတွင် မျှော်လင့်ချက်တွေ ကုန်ဆုံးသွားခြင်းကသာ စိတ်ကို ဖိစီးနေသည် ။ ချောတက်ပြီး
ဆုငွေတွေကို လက်ဖြင့် တို့မိခါရှိသေး လျှောကျသွားသူ နှင့် တူနေချေပြီ ။ မရှူသာ မရှိုက်သာ
ဖြစ်အောင် မောပန်းနေ၏ ။ လူငယ်တစ်ယောက် အနေနှင့် အလုပ်ကြီး အကိုင်ကြီး တစ်ခု လုပ်လိုက်ချင်သောကြောင့် တစ်ကြောင်း ၊ လူငယ်တစ်ယောက် အနေနှင့် လွတ်လပ်ရေး အရေးတော်ပုံကြီးကို
ဝတ္ထရားကျေပွန်စွာ ထမ်းရွက်ချင်လှသောကြောင့် တစ်ကြောင်း ထိုအလုပ်ကိစ္စနှင့် ပတ်သက်ပြီး
စိတ်ကူးယဉ်ယဉ်ဖြင့် မျှော်လင့်ချက်တွေ ထားခဲ့လေသည် ။ ယခုသော် မျှော်လင့်ချက်တွေသည်
ရေထဲ သဲပက်ချသလို နစ်မြုပ်၍ သွားလေပြီ ။
ကိုအေးငွေ နှင့် ရဲဘော်ရဲဘက် တွေကို ဘယ်လိုလုပ်ပြီး ပြောရမည်လဲ ။ ရှေ့ကို ဘာလုပ်ရမည်လဲ ။
ကျွန်တော် မှာ အကြံအိုက်၍ နေလေသည် ။
လစဉ် ပေးထားမည်ဆိုသော ငွေ ၁ဝဝိ ကို လက်ခံရလျှင် ကောင်းမည်လား ။ တစ်ဝမ်းတစ်ခါး အတွက်
လုံလောက်ရုံမက မိဘ များကိုပင် အနည်းအကျဉ်း ထောက်ပံ့နိုင်သေးသည် ။ ဘာ အလုပ်မျှ လုပ်ဖို့
မလိုတော့သဖြင့် ရသမျှ အချိန်ကို အရေးတော်ပုံ လုပ်ငန်းများမှာ သုံးနိုင်သည် ။ ကျွန်တော် သည်
နေရေးထိုင်ရေး စားသောက်ရေးအတွက် မပူပင်ရဘဲ အချိန်ပြည့် နိုင်ငံရေးသမား ဖြစ်နိုင်ပေလိမ့်မည် ။
လက်ခံလျှင် ဘယ်သူက ဘာတွေများ ပြောစရာ ရှိသည် ။ ကျင့်ဝတ်သိက္ခာဘက်မှ ကြည့်လျှင်ကော
အပြစ်ကင်းစင်ရဲ့လား ၊ ဘာမျှ ပြောစရာမရှိဟု ထင်နေသည် ။ အပြစ်ကင်းစင်သည်ဟု မြင်နေသည် ။ သို့သော် လက်ခံရန် ဆုံးဖြတ်ဖို့ကား ထစ်နေလေသည် ။ ယင်းသို့ ထစ်ရသည့်အကြောင်းကို ရှာတော့ ပညာတတ် ယောကျာ်းပျိုတစ်ယောက် ၏ မာနသာဖြစ်ကြောင်း တွေ့ရလေတော့သည် ။
သို့ရာတွင် ထိုမာနကား ကျောက်တိုင်ကျောက်ခဲ မဟုတ်ပါ ။ ရက်တော်တော်ကြာတော့ ယိမ်းယိုင်
အိကျလာလေသည် ။
ကျွန်တော်သည် ဗေဒကဝိန် ဆရာဦးတက်ရှိန် နှင့် အတူတွဲနေသည်ဖြစ်ရာ အခန်းခ ကျသင့်သလောက် လစဉ် ဆောင်ခဲ့ရသည် ။ ယခု အခန်းခ မဆောင်နိုင်သည်မှာ နှစ်လ ရှိသွားပြီဖြစ်ရာ
အားနာလာသည် ။ ထမင်းစရိတ်မှာလည်း အကျပ်တွေ့လာလေပြီ ။ အရင်က ပိုက်ဆံ မရှိလျှင်
အချိန်မရွေး မခင်သစ် တို့ အိမ်သို့ သွား၍ စားနိုင်သည် ။ ယခု မမြမှီ နှင့် ဖြစ်ပြီးကတည်းက
ကျွန်တော့် လိပ်ပြာ ကျွန်တော် လန့်ပြီး မခင်သစ် အား ခပ်ရှောင်ရှောင် နေခဲ့သည် ။ စာလည်း
သင်မပေး ၊ မခင်သစ် တို့ ထမင်း ကိုလည်း မစားတော့ချေ ။ ငွေကြေးအကျပ်အတည်း တွေ့သော်လည်း သတင်းစာတိုက် သို့ အလုပ်ပြန်ဆင်းရန် လုံးဝ ဆန္ဒ မရှိတော့ချေ ။ နိုင်ငံခြားသတင်းတွေ
ဘာသာပြန် ၊ နောက်တစ်ခါလာလည်း ဘာသာပြန် လုပ်ရသော အလုပ်ကို ငြီးငွေ့လာသည် ။
သတင်းစာ က ဦးပု ၊ ဦးစော အစိုးရ ကို လုံးဝ ထောက်ခံသည် ။ သခင်များ အား ဖိနှိပ်စော်ကား
ရေးသားသည် ။ ဦးစော ၏ ဂဠုန်တပ်သားများ က ဝါးရင်းတုတ် နှင့် ရမ်းကားလာလျက် ကျွန်တော်
တို့ သတင်းစာက ဦးစော အား ဩဘာပေးသည် ။ မြှောက်ထိုးပင့်ကော် ရေးသည် ။
တစ်နေ့နံနက် စောစောတွင် ဦးလေးမြင့် ကျွန်တော်ထံသို့ ရောက်လာလေသည် ။ ကျွန်တော်ကား
ရေချိုးပြီး၍ ခေါင်း ၊ မျက်နှာနှင့် ကိုယ်ကို မျက်နှာသုတ်ပဝါဖြင့် သုတ်နေသဖြင့် ဖွင့်ထားသော
လှေကားဝတံခါးမှ ဦးလေးမြင့် ဝင်လာသည်ကို ဂရုမပြုမိချေ ။
“ ငါ့ ကွာ မောင်တင်ထွန်း ကို တွေ့မှတွေ့ပါ့မလားလို့ ”
မည်မျှကြာအောင် ကွဲနေစေကာမူ ဦးလေးမြင့် ၏ အသံကိုကား ကျက်မိပါသည် ။
“ ဟာ ဦးလေးမြင့် ပါလား ၊ မနက်စောစောစီးစီးဆိုတော့ ကျွန်တော် အပြင်ထွက်ခဲပါတယ် ၊ ကဲ ကဲ
ထိုင်ဦးဗျာ ”
ဦးလေးမြင့် အား တစ်လုံးတည်းသော ပက်လက်ကုလားထိုင်ဆီသို့ ညွှန်လိုက်လေသည် ။ ကျွန်တော်
နှင့်အတူနေ တံဆိပ်ထု ဆရာကလေး ကိုတင်အေး သည် ပက်လက်ကုလားထိုင်ပေါ်မှာ ထိုင်ပြီး
ဆေးလိပ် မှိန်းနေလေသည် ။ ဧည့်သည် အတွက်ပင် နေရာဖယ်ပေးရကောင်းမှန်း မသိအောင်
ပက်လက်ကုလားထိုင် ကို ကြိုက်သူ ဖြစ်လေသည် ။
“ ဗျို့ ကိုတင်အေး တစ်ဆိတ် ကျေးဇူးပြုပြီး ဖယ်ပေးလိုက်ပါဗျာ ”
“ ဆရာဦးတက်ရှိန် ဘယ်သွားသလဲကွ ”
“ ဘုရားသွားတယ် ထင်တယ်ဗျ ၊ အစောကြီး ထွက်သွားတာပဲ ၊ မိုးတောင် စင်စင် မလင်းသေးဘူး ”
ကိုတင်အေး သည် အိမ်နောက်ဖေး မီးဖိုချောင် နေရာဆီသို့ ထသွားလေသည် ။ မီးဖိုချောင် နေရာကို
တံဆိပ်ထု အလုပ်ခွင် လုပ်ထားလေသည် ။
ဦးလေးမြင့် ကား အိမ်ပြင် သို့မဟုတ် ပုံနှိပ်တိုက် အလုပ်ခွင် အပြင်ထွက်သည်နှင့်တစ်ပြိုင်နက်
အပေါ်အင်္ကျီ ဝတ်ဆင်မြဲဖြစ်သည် ။ သူ့ နက်ပြာရောင် သက္ကလတ်အပေါ်အင်္ကျီသည် ဝတ်လွန်းအားကြီးပြီး ဖွပ်လွန်းအားကြီးသဖြင့် အရောင်ဖျော့နေသည်ကို တွေ့ရသည် ။ အထူးသဖြင့် အပ်ချည်များ
အရောင်က ပိုဖျော့နေရာ ချုပ်ရိုးများသည် အလွန်သိသာ ထင်ရှားနေ၏ ။ ဦးလေးမြင့် သည် နဂို
ကပင် မျက်စိ ခပ်မှေးမှေး ဖြစ်ရာ ယနေ့ နံနက်တော့ မှေးရုံမက မှိတ်နေသည်ဟုပင် ထင်ရသည် ။
ကျွန်တော်သည် စွပ်ကျယ်အင်္ကျီကို ဝတ်ရင်း -
“ ည အလုပ်ဆင်းနေရသလား ”
“ အေး ဟုတ်တယ် ”
ပြောပြောဆိုဆို ဦးလေးမြင့် သည် သမ်းလိုက်လေသည် ။ ကျွန်တော် သာ ပုံနှိပ်တိုက် ထောင်ဖြစ်လျှင်
ဦးလေးမြင့် အား ဖိုမင် ခန့်ရန် စိတ်ကူးထားခဲ့သည် ။ စိတ်ကူးရုံမျှ မက ဦးလေးမြင့် အား ဖွင့်၍ပင်
ပြောပြထားခဲ့သည် ။ ပုံနှိပ်တိုက် ထောင်လျှင် ဘာတွေ လုပ်ရမည် ၊ ဘယ်ရွေ့ ဘယ်မျှ ကုန်ကျမည်
စသည်တို့ကို သူ နှင့် ပင် တိုင်ပင်ခဲ့လေသည် ။
“ ဦးလေးမြင့် အထူးကိစ္စ ရှိလို့လား ”
“ အေး ၊ မင်း ကိစ္စပါပဲ ။ အယ်ဒီတာချုပ် က ငါ့ ခေါ်မေးတယ် ။ အလုပ်ပျက်တာလည်း ကြာပြီ ၊ အလုပ်
ဆင်းဦးမှာလား ထွက်မှာလား သိချင်တယ်တဲ့ ၊ လုပ်ဦးမယ် ဆိုရင်လည်း လခ တိုးပေးပါ့မယ်တဲ့ ။
၁၂ဝိ ထိတော့ တိုးပေးမယ် ထင်တယ် ၊ မောင်တင်ထွန်း မလုပ်တော့ဘူး ဆိုရင်လည်း လူသစ်
တစ်ယောက် ရှာခန့်ရလိမ့်မယ်တဲ့ ။ အဲဒါ မြန်မြန် အကြောင်းပြန်လိုက်ပေါ့ကွယ် ”
“ မလုပ်တော့ဘူးလို့သာ အပြီးအပြတ် ပြောလိုက်ပါတော့ ဦးလေးမြင့် ရယ် ”
“ မင်း ပုံနှိပ်တိုက်အလုပ် စတော့ မလို့လား ”
“ မလုပ်ဖြစ်တော့ပါဘူး ”
“ ဪ ဟုတ်လား ”
ဦးလေးမြင့် သည် ဤမျှသာ ပြောပြီး ငြိမ်သွားလေသည် ။ သူ လည်း အတော် စိတ်ပျက်သွားသည် ။
ကျွန်တော် က နာကြည်းစွာဖြင့် -
“ ငွေစိုက်ထုတ်ပေးမယ့် လူက အမျိုးမျိုး တွက်ချက်ပြီးတော့မှ မပေးတော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်
ဦးလေးမြင့် ရဲ့ ”
ကျွန်တော် သည် ဦးလေးမြင့် အား ငွေစိုက်ထုတ်ပေးမည့် သူသည် မည်သူမည်ဝါ ဖြစ်သည်ဟု
ပြောပြမထားချေ ။
“ အေး ငွေရှင်ကြေးရှင်ဆိုတာ ဒီလိုပဲကွ ၊ အင်မတန် တွက်တယ် ၊ သေချာပေါက် အကျိုးရှိမယ် ထင်မှ
အရင်းထုတ်တယ် ”
“ ဟုတ်တယ် ၊ ဓနရှင်ဟာ ဓနရှင်ပဲ ၊ လူချင်း ရင်းတာ ကျက်တာ စိမ်းတာ နဲ့ မဆိုင်ဘူး ။ လူချစ်ရုံနဲ့
အရင်းထုတ်ပေးမှာ မဟုတ်ဘူး ”
ကျွန်တော်သည် ဤအချက်ကို စောစောက သဘော မပေါက် ၊ ယခု ဦးလေးမြင့် နှင့် စကား
ပြောရင်းမှ ကောင်းကောင်း သဘောပေါက်သည် ။ မမြမှီ က ငွေအရင်း ထုတ်မပေးခြင်းအတွက်
အကြောင်းအမျိုးမျိုး ပြခဲ့သည် ။ သူ့ လင်ကြီး သိသွားမှာ စိုးသည်ဟူသော အကြောင်းကိုပင်
ပြသည် ။ မမြမှီ သည် သည့်ထက် အရင်းများစွာ စိုက်ထုတ်ရသော လုပ်ငန်းများကိုပင် သူ့ဘာသာ
သူ လွတ်လပ်စွာ လုပ်နေသည် ဖြစ်ရာ သူသာ လုပ်ချင်လျှင် ပုံနှိပ်တိုက်လုပ်ငန်းလောက်ကို အိမ်က
နာတာရှည်ဂီလာနကြီး အား လုံးဝ အသိမပေးဘဲ လုပ်မည်ဖြစ်လေသည် ။ အမြတ်အတွက် မသေချာ၍သာ အရင်း မထုတ်ခြင်း ဖြစ်သည်ဟု ကျွန်တော် တထစ်ချ ယုံကြည်လျက်ရှိလေပြီ ။
ဦးလေးမြင့် သည် အပေါ်အင်္ကျီအိတ်ထဲ မှ မွေးညှပ်ကို ထုတ်ပြီး ပါးသိုင်းမွေး နုတ်ရန် ဟန်ပြင်ရင်း -
“ အခါကြီးကလည်း မကောင်းဘူးကွ ။ စစ်က ဖြစ်နေတော့ ပုံနှိပ်စက် အသစ်တောင် လွယ်လွယ်နဲ့
ဝယ်ရမယ် မဟုတ်ဘူး ၊ အဟောင်းတွေလည်း ဈေးတက်နေတယ် ။ စက္ကူဈေးတွေလည်း တက်လာတယ် ။ သတင်းစာ စက္ကူတွေများ စစ်မဖြစ်ခင်က တစ်ထုပ် တစ်ကျပ်ဆယ်ပဲ ပေးရတယ် ၊ ခု သုံးကျပ်
ဆယ့်နှစ်ပဲ ပေးနေရတယ် ”
ကျွန်တော်တို့ အခန်းရှိ တစ်ခုတည်းသော စာရေးစားပွဲကလေးရှေ့မှ တစ်ခုတည်းသော ကုလားထိုင်
ပေါ်တွင် ထိုင်ချပြီးတော့ ညည်းညူလိုက်သည် ။
“ ရှေ့အဖို့ အခြေအနေ သည့်ထက်ဆိုးဖို့သာ ရှိတယ် ။ အနောက်ဘက်မှာ ပြင်သစ် တောင်
ကျတော့မယ် ။ ပြင်သစ် ကျရင် စစ်ဟာ ခုထက်ပို ပြင်းထန်လာမယ် ။ အဲဒီတော့ အနောက်နိုင်ငံတွေက အရှေ့နိုင်ငံတွေ ဆီ ကုန်ပစ္စည်းအလာ နည်းသည်ထက် နည်းမှာပဲ ”
ဦးလေးမြင့် သည် ကျွန်တော် ၏ စစ်သတင်း ဝေဖန်ချက်များကိုပါ ပါးသိုင်းမွေးနုတ်ရင်း မှိန်းနားထောင်နေသည် ။ အတန်ကြာသောအခါ ဆတ်ခနဲ ဖြတ်ပြောလိုက်သည် ။
“ မင်း အဖေ့ဆီက စာ လာရဲ့လား ”
“ စာမလာတာ အတော် ကြာသွားပြီဗျ ၊ သူ့ခမျာလည်း မျှော်လင့်ချက်တွေ ပျက်ကုန်တော့
ကျွန်တော့် အပေါ် လက်လျှော့လိုက်ပြီ ထင်ပါရဲ့ ။ ကျွန်တော် မင်းကြီးစိုးကြီး ဖြစ်ဖို့ဆိုတဲ့ အဖေ့
မျှော်လင့်ချက်ဟာ လုံးလုံး ပြိုပျက်သွားပြီ ”
“ ငါ့ ဆီ စာလာတယ် ၊ အဲဒီ စာကြောင့်လည်း မင်းဆီ ခုလို လာခဲ့ရတာ တစ်ကြောင်းပဲကွ ၊ သခင်
လုပ်တာတော့ မကန့်ကွက်တော့ပါဘူးတဲ့ ”
ကျွန်တော်က ဝမ်းသာအားရစွာ ဝင်စွက်လိုက်သည် ။
“ ဟုတ်လား ၊ သခင်လုပ်တာ မကန့်ကွက်တော့ဘူးတဲ့လား ”
“ အေး ဟုတ်တယ် ၊ မင်းအဖေ က အလျှော့ပေးတာပဲကွ ။ နိုင်ငံရေး လုပ်ရင်း တစ်ဖက်တစ်လမ်းက
မင်း ဝါသနာပါတဲ့ အသက်မွေးဝမ်းကျောင်း အလုပ်မှာ လုပ်တာကိုလည်း သဘောကျပါတယ်တဲ့ ။
အလုပ်မရှိ အကိုင်မရှိ နိုင်ငံရေးလုပ်တာ ၊ စားစရာ မရှိလို့ ဟိုတောင်းစားရ သည်တောင်းစားရဘဝ
ရောက်အောင် နိုင်ငံရေးလုပ်တာ ကိုတော့ မကြိုက်နိုင်ဘူးတဲ့ ။ ပြီးတော့လည်း မင်း အမေကလည်း
အထူး မှာလိုက်သတဲ့ ။ နိုင်ငံရေး လုပ်ချင် လုပ်ပါ ထောင် မကျပါစေနဲ့တဲ့ ၊ အသက်အန္တရယ်လည်း
မဖြစ်ပါစေနဲ့တဲ့ ”
ကျွန်တော် သည် အဖေ နှင့် အမေ အား သနားသွားသည် ။ လွမ်းလည်း လွမ်းနေသည် ။ ထို့ကြောင့်
ဘာမျှ ပြန်မပြောလို ။ ပြောလည်း မပြောနိုင် ။ အတန်ကြာတော့ ဦးလေးမြင့် က ဆက်ပြောသည် ။
“ သူတို့ က ငါ့ ကို မင်းဆီသွားပြီး ဆုံးမပေးပါ ၊ သတိပေးပါနဲ့ စာရေးကြတယ် ။ ခက်သားပဲ
ဆုံးမတယ် ဆိုတာက မသိနားမလည် သူကိုသာ ဆုံးမရတာ ၊ မင်းတို့ က ပညာလည်း ရှိပြီးသား ၊
စဉ်းစားလည်း စဉ်းစားတတ်သားပဲ ။ အကျိုးအကြောင်း အဆိုးအကောင်းတွေကိုလည်း တို့သိတာထက် သိနိုင်သေးတာပဲ ။ ဒီတော့ အထွေအထူး ဆုံးမဖို့ သတိပေးဖို့ မလိုပါဘူး ၊ ဘာမဆို
လုပ်တဲ့ အခါမှာ မင်း ဉာဏ်နဲ့ မင်း စဉ်းစားပါ ။ သို့ပေမယ့် စဉ်းစားတဲ့အခါမှာ တစ်ခုလည်း
ထည့်စဉ်းစား ။ အဖေ အမေ ဆိုတာ ကိုယ့်သား ကိုယ့်သမီး ဘယ်အရွယ် ရောက်နေနေ ၊ ဘယ်လောက်ပဲ ကင်းကွာနေနေ ကိုယ့်သား ကိုယ့်သမီး အတွက် စိုးရိမ်ပူပန်တတ်တယ် ။ ဝမ်းနည်းစရာရှိ လူတကာထက် ဝမ်းနည်းတတ်တယ် ၊ ဝမ်းသာစရာရှိလည်း လူတကာထက် ဝမ်းသာတတ်တယ် ။ ကိုယ့်သား
ကိုယ့်သမီးဘက်က နာစရာ ရှိရင် သူများထက် နာတတ်တယ် ။ ထောက်ခံစရာရှိရင် သူများတကာ
ထက် ခိုင်မာတယ် ဆိုတာကိုတော့ အမြဲ ထည့်သွင်းစဉ်းစားစေချင်တယ် ။ ဒါပါပဲ ၊ ဒီ မိဘစိတ်
သဘောကလေးကို နားလည်ထားရင် ပြီးတာပါပဲ ”
ဦးလေးမြင့် ကား ကိုယ်တိုင် သားသမီး ရှိသူ မဟုတ် ။ သို့ရာတွင် ရပ်ရွာလူမှုရေးနှင့် ဆက်စပ်နေသူ
ဖြစ်သည် ။ ကမာရွတ် ဘက်မှာတော့ ရပ်ရွာ ၏ လူကြီးမိဘ တစ်ဦး ဖြစ်သည် ။ ထို့ကြောင့် မိဘတွေ
နှင့် ကိုယ်ချင်းစာတတ်ပေသည် ။ ဦးလေးမြင့် ၏ စကားများသည် ကျွန်တော့် အား မိဘများ ၏
ခြေရင်းသို့ ဆောင်ယူသွားကြလေသည် ။ ကျွန်တော် သည် မိဘများ၏ ခြေကို ဖက်သည် ၊ ဦးနှင့်
တိုက်သည် ၊ အပြစ် ပြုမိပါလျှင် ခွင့်လွှတ်ရန် တောင်းပန်သည် ။ မိဘများကား ကျွန်တော် ၏ နှိမ့်ချထားသော ခေါင်း ၊ ကုန်းထားသော ကျောပြင်တို့ကို ပွတ်သပ်ကြသည် ။
“ မင်း ဒါဖြင့် ရှေ့ဘာလုပ်မှာလဲ ”
ဦးလေးမြင့် က မေးလိုက်တော့မှ အဝေးသို့ ပျံ့လွင့်နေသော စိတ် သည် ကျွန်တော့် ထံ ပြန်ရောက်လာတော့သည် ။
“ သတင်းစာတိုက်မှာလည်း အလုပ် ပြန်မဆင်းတော့ဘူး ၊ ပုံနှိပ်တိုက်လည်း မထောင်ဖြစ်ဘူးဆိုတော့
ရှေ့ ဘာလုပ်မှာလဲ ”
“ မဆုံးဖြတ်ရသေးဘူး ဦးလေးမြင့် ရဲ့ ၊ ဒါပေမဲ့ အဖေ့ ဆီက စာရေးသလို သခင်လည်း လုပ်မယ် ၊
ဝင်ငွေရှိတဲ့ အလုပ်တစ်ခုခုကိုလည်း တစ်ဖက်က လုပ်မယ် ”
“ အေး အေး အဲဒီလိုပဲ လုပ်ရမှာပဲ ။ ဝင်ငွေကလေး ဘာလေး ရှိလာတယ်ဆိုရင်လည်း နည်းတာ
များတာ အပထားပြီး မိဘ ဆီကို ပို့ရတယ်ကွ ။ မင်းတို့ဆီကဟာ စားချင်လို့ မဟုတ်ဘူး ၊ မိဘ
ဆိုတာ ကိုယ့်သားသမီး ဆီက ထောက်ပံ့တယ်ဆိုတာ ပြော စားချင်ကြတယ် ။ အချို့မိဘများ
ကိုယ့်ပစ္စည်းနဲ့ ကိုယ် စားနိုင်ကြတာပဲ ၊ သားသမီး က ပေးတာကို အမြတ်တနိုး လုပ်ပြီး သီးခြား
ကုသိုလ်များ လုပ်တတ်ကြတယ် ”
ဦးလေးမြင့် သည် အတန်ကြာအောင် သူ့ မိတ်ဆွေကြီး ဗေဒကဝိန်ဦးတက်ရှိန် ကို စောင့်နေသေးသည် ။ မလာနိုင်သဖြင့် -
“ ကဲ ငါပြန်တော့မယ် ”
“ ဟုတ်ကဲ့ ဦးလေးမြင့် ”
“ ဒါထက် မင်း ဆရာဦးတက်ရှိန် ကို အခန်းခပေးဖို့ ပျက်ကွက်နေတယ် ဆိုပါကလား ”
ကျွန်တော့် မှာ အတော် ရှက်သွားလေသည် ။ မျက်နှာမှာ သွေးတွေတက်ပြီး ထူအမ်းသွားလေသည် ။
“ ကိစ္စမရှိပါဘူး ၊ ကျွန်တော် ပေးနိုင်ပါတယ် ။ မကြာခင် ပေးလိုက်ပါ့မယ် ။ ဦးလေးမြင့် ကို ဒီကိစ္စ
ဘယ်သူက ပြောသလဲ ”
ဦးလေးမြင့် သည် လှေကားသို့ ဆင်းရင်း -
“ အေး အေး ပေးလိုက်ပေါ့ကွာ ”
ဦးလေးမြင့် ပြန်သွားလေသည် ။
တကယ်တော့ ကျွန်တော့် အိတ်ထဲမှာ ထမင်းတစ်နပ် ဝယ်စားဖို့ ငွေ တစ်မတ် လောက်မျှ မရှိ ။
အပြင်ထွက်ဖို့ ဘတ်စ်ကားစရိတ် တစ်မူး မျှလည်း မရှိ ။ လက်ဖက်ရည်တစ်ခွက် သောက်ဖို့ တစ်ပဲ မျှလည်း မရှိ ။ အမှန်မှာ အိတ်ထဲမှာ တစ်ပြား မျှ မရှိချေ ။
ကျွန်တော်ကား ရှိ ပစ္စည်း ပေါင်သုံးလေ့ သုံးထ ရှိသူလည်း မဟုတ် ။ ပိုက်ဆံလည်း မချေးတတ် ။
ဘီအေ အောင်သော သခင် မှာ အသက်မွေးဝမ်းကျောင်းအတွက် ခွစာ ဖြစ်သည် ။ အစိုးရလခစား
လုပ်ရန်မှာ လုံးဝ စဉ်းစားနိုင်သော ကိစ္စမဟုတ် ။ နိုင်ငံရေး လုပ်စရာ အချိန်ပို မရနိုင်သော အမြဲတမ်း
အလုပ်တစ်ခုခု ဝင်လုပ်ရန်လည်း မဖြစ် ။ ကုန်သွယ်ရေးအလုပ်မှာ ဓနရှင် အမြတ်ကြီးစားအလုပ်ဖြစ်၍ ဓနရှင်ဆန့်ကျင်ရေး စိတ်ဓာတ် မြင့်မားလှသော သခင် တစ်ယောက်အတွက် တံခါးပိတ်နေသည် ။ အလုပ်ကြမ်းကား သူ့ သိက္ခာ သူ့အဆင့် နှင့် မသင့်လျော် ။ သိက္ခာညှိုးမှု ၊ ဂုဏ်ငယ်မှုတွေ
ဘေးချိတ်ထားလိုက်ဦး ၊ အလုပ်ကြမ်း ကို လုပ်နိုင်သော အား နှင့် အလေ့အကျင့် မရှိ ။
ကျွန်တော် သည် ယီးတီးယောင်တောင် နှင့် တို့ဗမာအစည်းအရုံး ဌာနဆီသို့ လျှောက်လာခဲ့လေသည် ။ သခင်ဘဟိန်း ၊ ကိုထွန်းရှိန် နှင့် ကိုအေးငွေ တစ်ဦးဦး ကို တွေ့လျှင် ကောင်းလေစွ ။
သူတို့ကို ဆိုလျှင် ကျွန်တော့် အခက်အခဲများကို တင်ပြနိုင်သည် ။ လောလောဆယ် အသုံးလိုနေသော
ငွေ အတွက် အကူအညီ တောင်းနိုင်သည် ။ အဖျင်းဆုံး ထမင်းတစ်နပ်တော့ ရှာကြံကျွေးမည့်သူများ
ဖြစ်လေသည် ။
ဌာနချုပ်တွင် သူတို့ကို မတွေ့ရ ။ ထို့ကြောင့် လွစ္စလမ်း ရှိ နဂါးနီပုံနှိပ်တိုက်သို့ လာခဲ့လေသည် ။
ခြေလျင်သခင်များ အဖို့ ဤခရီးမှာ ဝေးလှသည် မဟုတ်ပါ ။ အချို့သခင်များသည် ဘိုင်ကျသော
အခါများ၌ ကြည့်မြင်တိုင် မှ ရေကျော် အထိပင် ခြေလျင် လျှောက်ကြပါသည် ။ မိုးရွာနေပူ
မရှောင်ကြ ။ ယခု ကျွန်တော် လျှောက်နေရသည်မှာ ဝေးလည်း မဝေး ၊ မိုးလည်း မရွာ ၊ နေလည်း မပူ ၊
မိုး က အုံ့ရုံသာ အုံ့နေသည် ။
လွစ္စလမ်း နဂါးနီတိုက် သို့ ရောက်သောအခါ သခင်ဘဟိန်း ကို အဆင်သင့် တွေ့ရလေသည် ။
ကိုဘဟိန်း အပြင် မန်နေဂျာ ဦးအုန်းခင် လည်း ရှိသည် ။ ဦးအုန်းခင် ကား အရပ်ခပ်ရှည်ရှည် ၊
မဝမပိန် ကျန်းမာသန့်ရှင်းသော ရုပ်လက္ခဏာရှိသည် ။ အခြား အလုပ်သမားများလည်း ရောက်ရှိနေကြပြီ ။
ကိုဘဟိန်း ကပင် သူ့ မူရင်းအပြုံးဖြင့် ဆီး၍နှုတ်ဆက်သည် ။
“ ဘယ့်နှယ် ကိုယ့်လူ ၊ တစ်နေ့က အလုပ်သမားသင်တန်း သွားတက်တယ်ဆို ”
“ ဟုတ်တယ် ၊ ကိုဘဟိန်း လည်း သင်တန်းပေးမယ်ဆိုပြီး ဘာလို့ မလာပေးသလဲ ”
“ ခရီးလွန်နေလို့ ခု လာတာ ကိစ္စ ရှိသလား ”
“ ဟုတ်ကဲ့ ခဏ ”
ကျွန်တော် သည် ကိုဘဟိန်း အား မျက်ရိပ်မျက်ခြည်ဖြင့် ဦးအုန်းခင် အနီးမှ ခွဲထုတ်လိုက်သည် ။
ကိုဘဟိန်း က ကျွန်တော့် နောက် ထလိုက်ခဲ့လေသည် ။ ကျွန်တော်တို့ သည် စာလုံးခုံများ
နောက်ကျောဘက် ရပ်ကြသည် ။
“ ဘာကိစ္စလဲ ရဲဘော် ”
“ ကျွန်တော် ဘိုင်သိပ်ပြတ်နေတယ် ၊ ဆောင်းပါးကလေး ဘာကလေးများ ရေးပြီး ငွေနည်းနည်း
ရနိုင်ရင် လုပ်ပေးစမ်းပါ ”
“ အင်း နဂါးနီဂျာနယ် အတွက် ဘာသာပြန် ဖြစ်ဖြစ် ၊ ဆောင်းပါး ဖြစ်ဖြစ် လိုမလား မသိဘူး ။ နေဦး
ကိုအုန်းခင် ကို မေးလိုက်ဦးမယ် ”
ကျွန်တော် လည်း ကိုအုန်းခင် ထံသို့ ကိုဘဟိန်း နောက်မှ လိုက်သွားလေသည် ။ ကိုဘဟိန်း က
ကိုအုန်းခင် အား တိုးတိုး ပြောပြလိုက်သည် ။
ဦးအုန်းခင် က အားတက်သရော ပြုံးလျက်-
“ ဖူးလ်စကက်စာမျက်နှာ နှစ်မျက်နှာလောက် ခုချက်ချင်း ဘာသာပြန်စရာ ရှိတယ် ၊ ငွေတစ်ဆယ်
ပေးမယ် လုပ်မလား ”
ကိုဘဟိန်း က “ နဂါးနီဂျာနယ်အတွက်လား ၊ တယ် ကြေးကောင်းပါလား ”
“ ဘယ်အတွက် ဖြစ်ဖြစ်ပေါ့ ၊ ငွေတစ်ဆယ် ချက်ချင်းရတာသာ လိုရင်းပဲ မဟုတ်လား ”
ကိုဘဟိန်း က ရယ်လိုက်လေသည် ။ ပြီးတော့မှ ကျွန်တော့် အား လှည့်ကြည့်သည် ။
“ လုပ်မလား ရဲဘော်တင်ထွန်း ”
“ လုပ်တာပေါ့လေ ၊ ဘာလုပ်ရမှာပါလိမ့် ”
ဦးအုန်းခင်က “ ဘာသာပြန်ရုံပဲ လုပ်ရမှာပဲ ၊ မောင်ရင့် ထင်မြင်ချက်တွေ အာဘော်တွေ ဘာမှ
ထည့်ရမှာ မဟုတ်ဘူး ။ လုပ်ရင် ငွေကို ခုချက်ချင်း ပေးမယ် ၊ ဘာသာပြန်ကို နေ့လယ်မှာ ပေးရမယ် ”
ကျွန်တော် နှင့် ကိုဘဟိန်း တို့ကား ပြုံးနေကြလေသည် ။ ဦးအုန်းခင် က လေချွန်ပြီး ငွေတစ်ဆယ်
ထုတ်ပေးလေသည် ။ မှတ်စုစာအုပ်ကလေးထဲ မှာ စာရင်း မှတ်ထားလိုက်သေးသည် ။ ပြီးတော့
သားရေဖုံးနှင့် ဖိုင်ကြီးထဲမှ တိုက်ပ်ရိုက်ထားသော စာရွက်တစ်ရွက် ကို ကျွန်တော့်အား ထုတ်ပေး
လေသည် ။ ထိုစာရွက် ကို ကျွန်တော် က ထိုင်ဖတ်ရန် နေရာ ရှာနေစဉ်တွင် ခပ်ဝဝဖိုင့်ဖိုင့် ၊ အသား
ဖြူဖြူ အသက်သုံးဆယ်ကျော် လေးဆယ် အတွင်း မိန်းမတစ်ယောက် ဝင်လာလေသည် ။
ဦးအုန်းခင်က သူမကို မြင်လျှင် ပျာပျာသလဲ ဆီးကြိုသည် ။ သူမ သည် ပေးသော ကုလားထိုင်ပင်
မထိုင်တော့ဘဲ ဦးအုန်းခင် အားသာ အပြင်သို့ ခေါ်သွားလေသည် ။ ဦးအုန်းခင် ကား ဖိုင်တွဲကို
ကိုင်ဆွဲပြီး ကောက်ကောက်ပါအောင် လိုက်သွားလေသည် ။ ဘယ်သူ့ကိုမှ နှုတ်ဆက် မသွားပေ ။
ကျွန်တော် က ကိုဘဟိန်း အား “ ဒါက ဘယ်သူလဲဗျာ ”
“ ဒဂုန်ခင်ခင်လေး ဆိုတဲ့ စာရေးဆရာမကြီးပေါ့ ၊ ရဲဘော်တင်ထွန်း မသိဘဲကိုး ”
“ ကြားသာ ကြားဖူးတယ် ၊ မမြင်ဖူးသေးဘူးဗျ ၊ ဦးအုန်းခင် နဲ့ ဘယ်လို တော်သလဲ ”
“ ဘာမှ မဖြစ်ပါဘူးဗျာ ”
ကျွန်တော် သည် ဦးအုန်းခင် ရေးပေးခဲ့သော စာရွက်ကို ဘာသာပြန်ရန် ဖတ်ကြည့်လေသည် ။
ဂျာမန် နာဇီ တို့အကြောင်း မကောင်းရေးထားသောစာတမ်း ဖြစ်လေသည် ။ ချက်ချင်းပင် ကောက်ပြီး ဘာသာပြန်လိုက်လေသည် ။
နောက် မကြာခင် အဆိုပါ ဘာသာပြန် ဆောင်းပါးသည် ဗြိတိသျှ စစ်ဝါဒဖြန့်ရေး အတွက်
ထုတ်ဝေလျက်ရှိသော ရုပ်စုံမဂ္ဂဇင်းတစ်စောင် တွင် ပါဝင်နေကြောင်း သိရှိရသဖြင့် ကျွန်တော်
ကိုယ်တိုင် ငွေတစ်ဆယ်ယူပြီး ဘာသာပြန်လုပ်၍ ကူညီခဲ့ခြင်းအတွက် တုန်လှုပ်ချောက်ချားမိသည် ။ ဗြိတိသျှ စစ်အားထတ်မှု ကို ကူညီခဲ့မိလေခြင်းဟု ယူကျုံးမရ ဖြစ်လေသည် ။ နောက်ဆုံးတွင် မမြမှီ လစဉ် ထောက်ပံ့ငွေကို လက်ခံခြင်း က ထို ငွေမျိုး လက်ခံခြင်း ထက် မွန်မြတ်သန့်ရှင်းသည်ဟု ဆုံးဖြတ်ချက် ချလိုက်လေသည် ။
◾သိန်းဖေမြင့်
📖 အရှေ့က နေဝန်းထွက်သည့်ပမာ
koaungnaingoo.blogspot.com
.
No comments:
Post a Comment