❝ မန္တလေး မှ အာဇာနည်များအတွက် ❞
ထိုအတွင်း ဘုရင်ခံသည် ဥပဒေပြုလွှတ်တော်ကို ကျင်းပပေးလိုက်သည် ။
ဥပဒေပြုလွှတ်တော်တွင် မိန့်ခွန်းပြောကြားရာ၌ ဘုရင်ခံ သည် သတင်းစာများ နှင့် အခြား ဆူပူလှုံ့ဆော်ရေး အင်အားစုများကို ရှုတ်ချလိုက်သည် ။ ကျောင်းသားကလေးများ ဆူပူလှုပ်ရှားမှုမှာ
နိုင်ငံရေးသမားတွေ လှုံ့ဆော်ပေး၍ ဖြစ်ရသည်ဟု ဆိုလေသည် ။ ပုလိပ်များ အကြမ်းဖက် မှုနှင့်
ပတ်သက်၍ တစ်လုံးတစ်ပါဒမျှ မပြော ။ တစ်တိုင်းပြည်လုံးက မလိုလားသော ၉၁ ဌာန
အုပ်ချုပ်ရေး အကြောင်းကို ဘာမျှ မပြော ။
ဘုရင်ခံ သည် အမျိုးသားစိတ်တက်ကြွ၍ ဆူပူလှုပ်ရှားနေသော ဗမာများကို အမျိုးသားအလံတစ်ခု
ပေး၍ အေးစေလိုဟန် ရှိလေသည် ။ ဘုရင်ခံ က မြန်မာပြည် အတွက် လျာထားသော အမျိုးသားအလံ
ပုံသဏ္ဌာန်ကို ပြောပြသည် ။ ဗြိတိသျှ ယူနီယံဂျက်အလံ ၏ ထောင့်စွန်တစ်ခုတွင် ဒေါင်းရုပ်ပါမည် ။
ဤကား မြန်မာအမျိုးသားအလံတည်း ။ ကျွန်တော်တို့ ဗမာတွေက တူတံစဉ် နှင့် ဒေါင်း ၊ တူတံစဉ်
နှင့် သုံးရောင်ခြယ် များကို အမျိုးသားအလံ လုပ်ထားသည် ။ ဘုရင်ခံ က ယူနီယံဂျက် နှင့် ဒေါင်းကို
ပေးရန် ကြံရွယ်နေသည် ။
သို့သော် ဥပဒေပြုလွှတ်တော် ကျင်းပလိုက်သည့်အတွက် တိုင်းပြည်၏ အာရုံသည် လွှတ်တော်
ဆီသို့ ရောက်သွားပေသည် ။ လမ်းများပေါ်တွင် အင်အားပြရာ၌ ရောက်နေသော အာရုံသည်
လွှတ်တော်တွင်း စကားရည်လုတိုက်ပွဲသို့ ကူးပြောင်းသွားလေသည် ။
ထို့ကြောင့် ဒေါက်တာဘမော် ၊ ဆာပေါ်ထွန်း စသော လူကြမ်းများကို နှိမ်နှင်းရန် ဦးပု ၊ ဦးစော ၊
ဦးဘဖေ တို့က ဇာတ်လိုက် များ ၊ အာဇာနည်လူစွမ်းကောင်းများ ဖြစ်လာကြပေသည် ။
ဘုရင်ခံက ဥပဒေပြုလွှတ်တော်ကို ခေါ်ပေးသည် ။ ဦးစော က ညွန့်ပေါင်းအစိုးရအပေါ်တွင်
အယုံအကြည်မရှိ အဆို တင်သွင်းလိုက်သည် ။ ဥက္ကဌကြီး ဦးချစ်လှိုင် က ခွင့်ပြုလိုက်သည် ။
ဒီမိုကရေစီ ကို လက်တွေ့ကျင့်သုံးနေကြသည် မဟုတ်ပါလော ။ တစ်တိုင်းပြည်လုံးက ညွန့်ပေါင်း
အစိုးရအား အော့နှလုံးနာနေကြ၏ ။ ဖြုတ်ချလိုကြ၏ ။
ဖြုတ်ချလိုလျှင် ဖြုတ်နိုင်ကြပါပြီ ။ ဥပဒေပြုလွှတ်တော်ကြီးကို ခေါ်ပေးပြီးပါပြီ ။ အယုံအကြည် မရှိ
အဆိုကိုလည်း လက်ခံပြီးပါပြီ ။
တစ်တို်င်းပြည်လုံးသည် ဥပဒေပြုလွှတ်တော်တွင် ညွန့်ပေါင်းအစိုးရ ကို ဖြုတ်ချရတော့မည့် တွက်တာကြောင့် ဝမ်းသာတက်ကြွလာကြသည် ။ ဦးစော ၏ အယုံအကြည်မရှိအဆို သွင်းမည့်နေ့ကိုသာ
စောင့်စားနေကြသည် ။ အစိုးရဘတ်ဂျက်တွင် ကုန်ငွေက ရငွေထက် များ နေ၍ ကာမိအောင်
ဘိလပ်ရေ ပုလင်းများပေါ်တွင်ပင် အခွန်တော်ကောက်ရန် ဥပဒေပြုသည်ကို လူအများ သတိ
မထားလိုက် မိကြ ။
ယင်းကဲ့သို့ စိတ်အားထက်သန်စွာ အယုံအကြည်မရှိ အဆိုကို ကြိုဆိုနေကြဆဲ မန္တလေးမြို့မှ
သတင်းတစ်ခု ရောက်လာလေသည် ။
မန္တလေးမြို့တွင် မြို့လုံးကျွတ် လူထုအစည်းအဝေးကြီးတစ်ခု ကျင်းပပြီး ဖိနှိပ်ချုပ်ချယ်မှုများကို
ကန့်ကွက်ကြလေသည် ။ ၎င်းနောက် လူထောင်သောင်းများစွာ ပါဝင်သော ဆန္ဒပြ စီတန်းချီတက်ပွဲ
ကျင်းပလေရာ ၂၆ လမ်း နှင့် ကျုံးထိပ် ကြေနန်းရုံရှေ့ ရောက်သောအခါ စစ်ပုလိပ်က ရပ်ရန်
အမိန့်ပေးလေသည် ။ စစ်ပုလိပ်နှင့်အတူ တရားသူကြီးတစ်ဦးလည်း ပါလာ၏ ။ စစ်ပုလိပ်
နောက်တွင် ဘားမားရိုင်ဖယ် စစ်သားများလည်း ရှိလေ၏ ။ ဆန္ဒပြသော လူထုရှေ့တွင်
သံဃာတော်များက ချီတက်နေကြသည် ။ လူစုခွဲရန် စစ်ပုလိပ်က အမိန့်ပေးသော်လည်း ဆက်လက်
ချီတက်ကြလေသည် ။ စစ်ပုလိပ်က လူအုပ်ထဲသို့ သေနတ်ပစ်ထည့်လိုက်ရာ သံဃာတော်အချို့နှင့်
လူအချို့ လဲကျသွားလေသည် ။ လူထုကြီးသည် ချီတက်ခြင်းရပ်သွားသော်လည်း လူစုမခွဲဘဲ ရပ်ခံ
နေသည် ။ ၎င်းနောက် “ မီးတုတ် မီးတုတ် ရှိုံ့ရှို့ ၊ သခင်မျိုးဟေ့ တို့ဗမာ ၊ အရေးတော်ပုံ
အောင်ပါစေ ” စသည်ဖြင့် အော်ဟစ်ကြလေသည် ။ ထိုအခါ ဘားမားရိုင်ဖယ်မှ စစ်သား
တစ်ယောက်က လူထုထဲသို့ သေနတ်ဖြင့် ပစ်ထည့်လိုက်ပြန်လေသည် ။ လူအများ အတုံးအရုံး
လဲကျကုန်လေသည် ။ သံဃာတော် ၂ ပါး နှင့် လူ ၅ ယောက် ချက်ချင်းကျဆုံး၍ ဒဏ်ရာဖြင့်
နောက်ထပ် ကွယ်လွန်သူများပါဆိုသော် ပေါင်း ၁၇ ယောက် ဖြစ်လေသည် ။ ဒဏ်ရာရရှိသူမှာ
အများအပြား ဖြစ်၏ ။ ၎င်းတို့အနက် ကျွန်တော်တို့ တက္ကသိုလ်သမဂ္ဂမှကိုယ်စားလှယ်
လွှတ်လိုက်သော ကိုလှမောင် ၏ ပေါင်မှာ သေနတ်မှန်လေသည် ။
မန္တလေး တွင် ဤကဲ့သို့ နယ်ချဲ့အင်္ဂလိပ်နှင့် ညွန့်ပေါင်းတို့က ရက်ရက်စက်စက် သတ်ဖြတ်လိုက်ပြန်သည်ဟူသော သတင်းသည် တစ်ပြည်လုံးကို ချောက်ချားသွားစေပြန်၏ ။ ဒေါသူပုန်ထစေ၏ ။
ကျွန်တော်တို့သည် ရနိုင်သမျှ လက်နက် ၊ ဓား ဖြစ်ဖြစ် တုတ် ဖြစ်ဖြစ် ကောက်ကိုင်ပြီး ထချလိုတော့၏ ။ ထချလို့ မဖြစ်သေးဘူးဟူသော အခြေအနေနှင့် အသိတို့က တားဆီးနေပြန်ရာ အခံရလည်း ခက် အကြံရလည်း ကျပ်လှလေသည် ။
ကျောင်းသားတွေအနေနှင့် စီတန်းလမ်းလျှောက် ဆန္ဒပြဖို့ကလည်း ရိုးသွားသလောက် ဖြစ်နေ၏ ။
ကျောင်းသားမိဘများ ၊ သံဃာတော်များ ၊ အမျိုးသမီးများနှင့် ရန်ကုန်စီရင်စု တို့ဗမာအစည်းအရုံးက
ဆန္ဒပြ စီတန်းလမ်းလျှောက်ကာ ကန့်ကွက်ဖို့ စီစဉ်ကြလေသည် ။
ပဲခူး မှာ လူတစ်သောင်းကျော် ချီတက်ဆန္ဒပြလေသည် ။ ရွှေဘို မှာ တောင်သူလယ်သမား ၇ဝဝဝ
ကျော် ချီတက်ဆန္ဒပြသည် ။ မြိတ် မှာလည်း သခင် ၊ သခင်မ ၊ ကျောင်းသား ၊ ကျောင်းသူများ
ချီတက်ဆန္ဒပြသည် ။ တစ်ပြည်လုံးမှာ ကန့်ကွက်ရှုတ်ချခြင်းများ ပြုကြ၏ ။ အချို့မြို့များ ရွာများ
မှာမူ အစာငတ်ခံ ဆန္ဒပြကြ၏ ။
ဥပဒေပြုလွှတ်တော်တွင်ကား စကားစစ်ထိုးနေကြသည့် ဦးစော သည် သူ့ အာစလျှာစကို အစွမ်းကုန်
ပြနေလေသည် ။ လွှတ်တော်တွင် ကိစ္စတစ်ခုနှင့်ပတ်သက်ပြီး သူက အစိုးရအား ကန့်ကွက်၍
မဲပေးရာတွင် သူ့နာမည် မြန်မာ့အလင်းသတင်းစာတွင် မပါသဖြင့် ဥက္ကဌ အား တိုင်ကြားသည် ။
မြန်မာ့အလင်း သတင်းထောက်သည် သူနှင့် ဂျပန် သို့ သွားစဉ်က သူ့ထံမှ ငွေချေးပြီး ကြွေးပြန်
တောင်းသဖြင့် သူ့အား မုန်းနေပြီး နာမည်ကို ချန်ထားခဲ့ခြင်း ဖြစ်ပါသည်ဟုဆို၏ ။ လွှတ်တော်မှာ
ဤစကားမျိုး ကြားနေရသောကြောင့် အမတ်များကို ကျွန်တော်တို့ ပို၍ အထင်သေးကြခြင်း
ဖြစ်ပေသည် ။ သို့သော် ကျွန်တော်တို့ မုန်းလှသော ညွန့်ပေါင်းအစိုးရ ပြုတ်ကျရေးအတွက် သူတို့
ကိုသာ အားကိုးနေရပေတော့သည် ။
သို့ဖြင့် ညွန့်ပေါင်းအစိုးရအား ဥပဒေပြုလွှတ်တော်တွင် အယုံအကြည်မရှိ အဆိုသွင်းမည့်နေ့သို့
ကပ်လာခဲ့ပေသည် ။
တို့ဗမာအစည်းအရုံးက အယုံအကြည် မရှိ အဆိုသွင်းမည့်နေ့တွင် ပြည်သူပြည်သား လူအများသည် ဆန္ဒပြပွဲများလုပ်ရန် ညွှန်ကြားချက် ထုတ်လိုက်ပေသည် ။ တစ်ပြည်လုံး အိမ်တိုင်း အလံနက် များ တစ်ဝက် ထူရန် ၊ မနက် တစ်ကြိမ် ၊ နေ့လယ် တစ်ကြိမ် ၊ ညနေ တစ်ကြိမ် သုံးကြိမ် သံပုံးတီး၍
တောထုတ်ရန် ၊ နံနက် ၁၁ နာရီ တွင် ' ညွန့်ပေါင်းအစိုးရ ' ဟူသော စာရေးထားသည့် ခေါင်းကို
လည်းကောင်း ၊ ဝန်ကြီးချုပ် အရုပ်များကို လည်းကောင်း ၊ မီးရှို့ရန် ၊ အရောင်းအဝယ် အသွားအလာများကို ညွန့်ပေါင်းအစိုးရ ပြုတ်ကျပြီ ဟူသော သတင်း မကြားရမချင်း ရပ်စဲထားရန် စသည်တို့
ဖြစ်ပေသည် ။
ရန်ကုန်မြို့တွင် ရပ်ကွက်တိုင်းလိုလို ထိုအတိုင်းပင် လုပ်ကြလေသည် ။ တောထုတ်သံတွေ ဆူညံသွားသည် ။ ဒေါက်တာဘမော် ၏ အရုပ်ကြီးများကို မသာချပြီး မီးသင်္ဂြိုလ်ကြသည် ။
ပန်းဆိုးတန်း ၌ကား လူတစ်ယောက် သည် ဒေါက်တာဘမော် ၏ မိန်းမသဖွယ် ဝတ်ဆင်ပြီး
ညွန့်ပေါင်းမသာ ငိုချင်းရှည် ချလေသည် ။
ဥပဒေပြုလွှတ်တော်တွင်းမှာကား -
ဘန်ကောက်ပုဆိုး ၊ ဘန်ကောက်အပေါ်အင်္ကျီ ၊ ခေါင်းပေါင်းစ ထောင်ထောင် ၊ ကတ္တီပါဖိနပ်
စသည်တို့ဖြင့် ဆင်ယင်ထားသော ဦးစော သည် အယုံအကြည် မရှိ အဆို တင်သွင်းနေလေသည် ။
ဦးစော ပြောသော စကားများတွင် အရေးအကြီးဆုံးသော အချက် မှာ “ အစိုးရမှာ တိုင်းပြည် ငြိမ်ဝပ်ပိပြားအောင် မအုပ်စိုးနိုင်ကြောင်း ” ဟူသော အချက်ပင် ဖြစ်လေသည် ။ “ ပါတီအသီးသီးတို့တွင်
ထင်မြင်ချက် အသီးအသီး ရှိကြမည်ဖြစ်သော်လည်း တိုင်းပြည်ငြိမ်ဝပ်ပိပြားရေးအတွက် အားလုံးပင်
အလိုရှိကြကြောင်း ”
သူ့စကားတွင် ကျောင်းသားအရေး ၊ တောင်သူလယ်သမားအရေး ၊ ရေနံမြေသပိတ်တပ်သားများ နှင့်
တကွသော အလုပ်သမားအရေးကို မည်သို့ ရှင်းလင်းပေးရမည် ဟူသော စကားတစ်လုံးမျှ မပါပေ ။
အိန္ဒိယအမတ်များ၏ ကိုယ်စား မစ္စတာဂန်ဂါဆင်း ကလည်း အစိုးရသည် ငြိမ်းချမ်းအောင် မအုပ်စိုးတတ်ဟု ဆိုသွားလေသည် ။ သို့သော် အိန္ဒိယအမတ်များ သည် အယုံအကြည် မရှိ အဆိုတွင်
မဲမပေးဘဲ ကြားနေမည်ဟု ကြေညာလေသည် ။
ညွန့်ပေါင်းအစိုးရ သည် အိန္ဒိယမဲများကိုလည်း အားထားနေရသော အစိုးရအဖွဲ့ဖြစ်လေရာ
မဲမပေးဘဲ ကြားနေခြင်းပင်လျှင် တစ်အားယုတ်သွားလေသည် ။
ဥရောပတိုက်သား အမတ်များကိုယ်စား မစ္စတာရစ်ချတ် ကမူ ယခု အစိုးရသည် ငြိမ်ဝပ်ပိပြားအောင်
မအုပ်ချုပ်နိုင်သဖြင့် ၎င်းနေရာတွင် ငြိမ်ဝပ်ပိပြားအောင် အုပ်ချုပ်နိုင်သော အစိုးရအဖွဲ့သစ်ကို
တင်ဖို့လိုကြောင်း ပြောဆိုကာ အယုံအကြည် မရှိ အဆို ကို ထောက်ခံသွားလေသည် ။ ၎င်းပြင်
ဒေါက်တာဘမော် သည် ၉၁ ဌာနအုပ်ချုပ်ရေး တိုက်ဖျက်မည့် စကားပြောကြောင်း သတင်းစာများတွင် တွေ့ရသည့်အတွက် သစ္စာမရှိရာရောက်ကြောင်း ပြောသွားလေသေးသည် ။
အတိုက်အခံအမတ်များ ပြောပြီးနောက် အစိုးရဘက်က ပြန်လည်ချေပရာ၌ ပြည်ထဲရေးဝန်ကြီးချုပ်
ဆာပေါ်ထွန်း မှာ အာဘော်အရှင်းဆုံး ဖြစ်လေသည် ။
“ အဓိကရုဏ်းအရေးတွင် မိမိတို့ကဲ့သို့ မည်သူမျှ နိုင်နင်းစွာ ဖိနှိပ်နိုင်မည် မထင်ကြောင်း ၊
လုယက်သူများ နှင့် သတ်ဖြတ်သူများကို သေနတ်ဖြင့်ပစ်သတ်ရန်ပင် အမိန့်ပေးခဲ့ကြောင်း ၊ မိမိမှာ
ယောကျာ်းပီသစွာ တာဝန်ထမ်းဆောင်ခဲ့ကြောင်း ၊ ယခု ဆူပူနေသူများမှာ ကုလားများ ၊ ဗြိတိသျှ
လူမျိုးများ နှင့် ဓနရှင်များကို မုန်းတီးသူများသာ ဖြစ်ကြောင်း ၊ ကျောင်းသားများအရေးတွင်
ပုလိပ်တို့ ပြုမူပုံမှာ နည်းလမ်းကျကြောင်း ”
ဒေါက်တာဘမော် ကား သူ့အခြေအနေကို သူ တင်းတင်းမာမာ မကာကွယ်ရဲချေ ။ ယခုလို လူထု
ဆူပူနေခြင်းမှာ ဗမာပြည်မှာသာမက တစ်ကမ္ဘာလုံးမှာ ဆူပူခြင်းဖြစ်ကြောင်း ၊ အိန္ဒိယပြည် မှာ
သည့်ထက် မက ဆူပူနေကြောင်းများ ပြောကာ ရာဇဝင်လမ်းကြောင်း၏ သဘောကို သူ မတားဆီးနိုင်သည့်သဘော ပြောလေသည် ။ ၎င်းပြင် မစ္စတာရစ်ချတ် ၏ စွပ်စွဲချက်ကို ဖြေရှင်းလေသည် ။
သူ့အား အုပ်ချုပ်ရေးတိုက်ဖျက် မည့်သူဟု စွပ်စွဲသွားရာ အမှန်စင်စစ် ညွန့်ပေါင်း တည်နေသမျှ
ကာလပတ်လုံး ညွန့်ပေါင်းကို သစ္စာဖောက်ပြီး အုပ်ချုပ်ရေးတိုက်ဖျက်ရေး လုပ်မည်မဟုတ်ကြောင်း ၊ ညွန့်ပေါင်းမှာ သဘောကွဲလွဲမှုရှိလျှင် ရာထူးမှ နုတ်ထွက်ပြီး ကိုယ်ကြိုက်သလို
ဆောင်ရွက်ရန်သာဖြစ်ကြောင်း ပြောလေသည် ။ သူ့စကားမှာ ညွန့်ပေါင်းအစိုးရ အဖြစ်ဖြင့်
တည်နေလျှင် အုပ်ချုပ်ရေးကို မဖျက် ၊ ညွန့်ပေါင်းအစိုးကျပြီးလျှင် အုပ်ချုပ်ရေးကို ဖျက် မည်ဟု
ဆိုလိုရာ ရောက်ပေသည် ။ နောက်ဆုံးတွင် ဒေါက်တာဘမော် က အတိုက်အခံ အမတ်များသည်
နောင် အစိုးရဖွဲ့စည်းသောအခါ မိမိထက် ကံကောင်းကြပါစေဟု ဆုတောင်းသွားလေသည် ။
မဲခွဲသောအခါ အယုံအကြည် မရှိ အဆိုဘက် မှ မဲ ၇ဝ ပေးပြီး အစိုးရဘက် မှ ၃ရ မဲသာ ရသဖြင့်
ညွန့်ပေါင်းအစိုးရ ပြုတ်ကျသွားလေသည် ။
ညွန့်ပေါင်းအစိုးရ ပြုတ်ကျသွားသောအခါ တစ်တိုင်းပြည်လုံး ပျော်ရွှင်သွားပေသည် ။ သက်ပြင်းချပြီး ခဏမျှ သက်သာနေနိုင်ပေသည် ။
သို့သော် စိတ်အေးလက်အေးဖြစ်ပြီး အားထုတ်မှု မလျှော့နိုင်သေးချေ ။ နှစ်နံပါတ် တရားခံသာ
ကျဆုံးခြင်းဖြစ်ပြီး တစ်နံပါတ်တရားခံ မကျဆုံးသေး ။
ထို့ကြောင့် ကျောင်းသားများသမဂ္ဂ အမှုဆောင်အဖွဲ့အနေနှင့် ကြေညာချက် များ ထုတ်ပြန်လိုက်ပေသည် ။
“ ညွန့်ပေါင်းအစိုးရ ပြုတ်ကျသော်လည်း ငါတို့တောင်းဆိုချက် မရသေး ၊
ရအောင် လုပ်ရဦးမည် ။
ငါတို့ သွေးစည်းတိုက်ပွဲဝင်လို့ ကျဆုံးသည် ၊ သို့သော် ထပ်ပြီး သွေးစည်းကြရဦးမည် ”
လှရွှေ ( ၁၆ ၊ ၂ ၊ ၃၉ )
“ ငါတို့ အမှုဆောင်အဖွဲ့၏ စိတ်သဘောထားသည်ကား ညွန့်ပေါင်းအဖွဲ့ကို
ယခုလို ဖြုတ်ချလိုက်ရုံနှင့် တိုင်းပြည်၏ ရန်သူအစစ်ကို နိုင်နင်းလိုက်ပြီဟု
မယူဆ ၊ စင်စစ်မှာကား ညွန့်ပေါင်းအစိုးရအဖွဲ့သည် တိုင်းပြည်ရန်သူစစ်၏
သားကောင်မျှသာ ဖြစ်ပေ၏ ။ ရန်သူအစစ်ကား ၉၁ဌာနအုပ်ချုပ်ရေး ပင်
ဖြစ်၏ ။ ”
အမှုဆောင်အဖွဲ့က အုပ်ချုပ်ရေးကို ဆက်လက်တိုက်ဖျက်ရန် ဆော်ဩ၏ ။ ၎င်းနောက် ရာထူးငတ်
အမတ်များကို သတိပေး၏ ။ လူထုက ကန့်ကွက်ပါလျက် ရာထူးဇွတ်ယူလျှင် ' သိမည် ' ဟု
သတိပေး၏ ။
တို့ဗမာအစည်းအရုံး က ကြေညာချက်တွင် -
“ ၉၁ ဌာန အုပ်ချုပ်ရေးသည်သာ ရန်သူ ။
ရာထူးလက် မခံရေး ၊ ပထမအဆင့် ။
နောက်ပြီးတော့ ရာထူးလက် မခံရေးကို လက်နက်သဖွယ်အသုံးပြု၍
အုပ်ချုပ်ရေးကို တိုက်ဖျက်ပြီး သကာလ အရွယ်ရောက်သူတိုင်း မဲဆန္ဒပေး၍
တင်မြှောက်သည့် ပြည်သူ့ကိုယ်စားလှယ်များ ပါသော ( ကွန်စတီကြူးယင့်
အဆင်ဗလီ ) တိုင်းပြည်နိုင်ငံပြုလွှတ်တော် ဖွဲ့စည်းကာ ကိုယ့်မင်း ကိုယ့်ချင်း
နိုင်ငံတော်ကြီးကို တည်ထောင်သွားမည်ဖြစ်ကြောင်း ။ ”
ဤကား အရေးတော်ပုံကို ခေါင်းဆောင်နေသော အဖွဲ့အစည်းများ၏ ညွှန်ကြားချက်ပေတည်း ။
ညွန့်ပေါင်းအစိုးရ ပြုတ်ကျသွားပြီဟု ဆိုသောသတင်းသည် အင်းစိန်မြို့သို့ ညနေပိုင်းတွင်
ရောက်သွားလေသည် ။ ထိုအခါ အင်းစိန် အစိုးရကျောင်းသပိတ် ၊ အင်ဂျင်နီယာကျောင်း သပိတ် နှင့်
စဉ့်ငူ စွပ်ကျယ်စက်သပိတ် တို့ ပူးပေါင်းကာ မြို့တွင်းမှာ ချီတက်အောင်ပွဲလှည့်ကြလေသည် ။
ညနေစောင်းမှနေ၍ လှည့်ကြရာ ည ၁ဝ နာရီလောက်တွင် အင်းစိန်ထောင်ကြီးဘေးမှ စုပြီး အော်ဟစ်
ကြသည် ။ ကြွေးကြော်သံများ အော်ကြသည် ။ အပြင်မှ တရားဟောကြလေသည် ။
အတန်ကြာသောအခါ အထူးတန်းမှ လူနှစ်ယောက်သည် ထောင်ထောင့် တံတိုင်းအတွင်း
ထောင်နံရံပေါ် တက်လာကြသည်ကို အပြင်မှလူထုသည် မြင်ကြရသည် ။ သို့သော် မြင်ရုံဖြင့်
လူခွဲ၍ မသိနိုင်ကြချေ ။ ထိုသူနှစ်ဦးက တရားဟောသောအခါမှ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ အတွင်းရေးမှူး ကိုဗဆွေ နှင့် သခင်ထိန်ဝင်း တို့ ဖြစ်ကြောင်း အသံဖြင့် မှန်းဆမိကြလေသည် ။
“ ရဲဘော်တို့ .... ညွန့်ပေါင်းအစိုးရ ပြုတ်ကျတာဟာ ဝမ်းသာအားရစရာပါပဲ ၊ သို့ပေမယ့် နောက်တက်မည့် စားခွက်လုမည့် မျိုးဖျက် အမတ်များကို ကျောင်းသားနဲ့ အလုပ်သမား ပူးပေါင်းစောင့်ကြည့်ပြီး ရာထူးဆိုတဲ့
စားခွက်ဆီကို ဝင်ဟပ်ချင်တဲ ့အမတ်တွေရဲ့နှုတ်သီးကို ရိုက်ဖို့တာဝန် ရှိသေးတယ် ။ ခုအချိန်မှာ လုပ်ငန်းတာဝန်မပြီးသေးဘူး ၊ မန္တလေးအာဇာနည်များ ကို ရက်စက်စွာ သတ်ပစ်တဲ့အတွက် ညွန့်ပေါင်းပြုတ်ရုံနဲ့ မကျေနပ်နိုင်သေးဘူး ၊ သပိတ်များ စိတ်မအေးနိုင်သေးဘူး ၊ ညွန့်ပေါင်းပြုတ်ကျတာဟာ
သပိတ်မှောက်သမားများအတွက် လှေကား ၃ - ထစ် မှာ တစ်ထစ်သာ ဖြစ်တယ် ၊ ရှေ့ဆက်လုပ်ရဦးမယ် ။ ရဲဘော်တို့ တောင့်ထားကြ ၊ ရဲဘော်တို့ ဆက်ချီတက်ကြ ”
ဤကား ထောင်တွင်းမှ ခေါင်းဆောင်များ၏ အသံပေတည်း ။
ရှေ့ဆက် ထမ်းရွက်စရာတာဝန်တွေ ဘယ်လောက် များနေနေ ညွန့်ပေါင်းအစိုးရ ပြုတ်ကျသည့်
အတွက်တော့ ကျွန်တော်တို့ အားလုံး ရင်ပေါ့သွားသလို ဖြစ်မိကြပေသေးသည် ။ ' ရပ်နား '
မနေနိုင်ကြသေးသည့်တိုင်အောင် ' လစ် ' ထွက်သွားကာ ' သက်သာ ' နေမိပေလိမ့်မည် ။ မမြင့်ဦး နှင့်
အတူတူ မြို့ထဲထွက်၍ လည်ပတ်မိပေလိမ့်မည် ။ ရုပ်ရှင်ကြည့်ပေလိမ့်မည် ။ ချစ်ရိပ်ချစ်ငွေ့
မကင်းသောစကားနှင့် အပြုအမူများတွင် မထိတထိ ကစားပျော်ပါးမိလိမ့်မည် ။ ခုတော့ မမြင့်ဦး
ကား ကျွန်တော်လက်လှမ်းမှီရာ သူ့ရပ်ဌာနမှာ ဖခင်၏ အရိပ်အာဝါသကို ခိုလှုံလျက် သူ့စာပေ တွင်သာ မွေ့လျက်ရှိနေသည် ။ ကျွန်တော်တို့ အရေးတော်ပုံကိုမှ အာရုံဝင်သေးပါစေ ။ ကျွန်တော့်
ကိုမှ သတိရပါလေစ ။
မမြင့်ဦး ပြန်သွားသည်မှာ မကြာလှသေးပေ ။ သို့သော် ကျွန်တော့်ထံသို့ စာကလေးတစ်စောင်
တော့ ရေးထိုက်သည် ။ စာရေးလျှင်လည်း ရောက်လာထိုက်ပေပြီ ။
ညွန့်ပေါင်းအစိုးရ ပြုတ်ကျပြီး နောက်တစ်နေ့ ညနေစောင်းတွင် ကျွန်တော်သည် ကမာရွတ်
နေအိမ်သို့ ပြန်သွားလေသည် ။ ကမာရွတ် အဖော်အပေါင်းများကြားတွင် ' သက်သာ ' နေရန်
ဖြစ်သည် ။ ထို့ပြင် မမြင့်ဦး ထံမှ စာများ ရောက်နေမည်လော ။ သို့မဟုတ် မိဘများထံမှ စာများသတင်းများ ရောက်နေမည်လော ။ သို့သော် အမှန်အတိုင်းဆိုသော် မိဘထံမှ စာကို မကြိုဆိုပါ ။
မတောင့်တပါ ။ အဖေ သည် ကျွန်တော့်အား အရေးတော်ပုံတပ်သား လုပ်နေခြင်းအတွက် ပြစ်တင်
မောင်းမဲခြင်း ပြုသော စာမှတစ်ပါး အခြားရေးစရာ အကြောင်း မရှိပါ ။
ကမာရွတ် အိမ်သို့ ရောက်သောအခါ စာတစ်စောင်မျှ ရောက်နေသည်ကို မတွေ့ရ ။
ကိုကြွယ် နှင့် ဦးလေးမြင့် တို့အား အဆင်သင့်ပင် တွေ့ရသည် ။
တပေါင်းလ ကောင်းကင်ကား ကြည်လင်လှသည် ။ အနောက်ဘက် မိုးကုပ်စက်ဝိုင်း အပေါ်စပ်တွင်ကား ပါးလွှာသော တိမ်တောင်ကလေးများသည် တရိပ်ရိပ်လွင့်နေသည် ။ ထို တိမ်တောင်ကလေးများဆီသို့ တရွေ့ရွေ့ ကျဆင်းနေပြီဖြစ်သော နေမင်းသည် ဝါသဲ့သဲ့ ရောင်ခြည်များကို
လွှတ်လျက် နေလေသည် ။ ဝါသဲ့သဲ့ရောင်ခြည်များတွင် ရွက်သစ်တို့သည် ပိုသစ်နေ၍
ဖက်ဖူးရောင်အစိမ်းဖြင့် လက်နေကြလေသည် ။ ကျွန်တော်တို့အိမ် ဝဲယာဘေးနှစ်ဖက်တွင်
အုပ်ကိုင်းနေကြသော စိန်ပန်းပင်များကား နီရဲတောက်ပစွာ ပွင့်နေကြ၏ ။
ထိုရှုခင်းနှင့် ထိုရှုခင်းပတ်ဝန်းကျင်ကြားမှ အားရှိပါးရှိ ပွင့်လင်းလှသော အပြုံးဖြင့် ဆီးကြို
နှုတ်ဆက်လိုက်ကြသော ဦးလေးမြင့်နှင့် ကိုကြွယ် တို့အား မြင်လိုက်ရသောအခါ မောလာသူကို
ဖန်ပြာခွက်နှင့် ကျောက်စက်ရေ ဆီးတိုက်လိုက်ဘိသကဲ့သို့ ရှိသော်လည်း အရေးတော်ပုံ တိုက်ပွဲများနှင့် အဆက်ပြတ်ကာ အရေးတော်ပုံ ကြွေးကြော်သံများ မကြားရနိုင်သော ထောင့်တစ်ထောင့်သို့ ရောက်လာသည်ထင်မှတ်စရာပင် ဖြစ်တော့သည် ။ အိမ်ဝင်းထဲဝင်ဝင်ချင်း စိတ်ကို ' သက်သာ '
ထားလိုက်သည် ။ စိတ်ကို ' သက်သာ ' လိုက်သည်နှင့် တစ်ပြိုင်နက် နွမ်းနယ်သော ကိုယ်ကို
သတိရလာလေသည် ။ အိပ်နေကျအိပ်ရာပေါ် ပစ်လှဲလိုက် မည် ။ ခေါင်းက ယားလာသည် ။
ဆံပင်ညှပ်ရမည် ။ တစ်ကိုယ်လုံး နံစော်လာသည် ။ ရေစိမ်၍ ချိုးလိုက်မည် ။
“ ဘယ့်နှယ်လဲ မောင်တင်ထွန်း ၊ နောက်အစိုးရကို ဘယ်သူ ဖွဲ့မှာတဲ့လဲ ” ဟု ဦးမြင့် က ဆီးမေးသည် ။
“ ကျောင်းသားတွေ အရေးကောကွ မောင်တင်ထွန်း ရ ၊ တောင်းဆိုချက်တွေ ရပါ့မလား ” ဟု
ကိုကြွယ် က ဆင့်လိုက်ပြန်သည် ။
ကျွန်တော်က ဒီကိစ္စတွေ ခဏမေ့ထားလိုက်ချင်သည် ။ သူတို့ သိချင်ဇောနှင့် မေးနေကြသော်လည်း
ကျွန်တော်က ဒီကိစ္စတွေ မပြောချင် ။ “ နေစမ်းပါဦးဗျာ ၊ ကျွန်တော် အမောဖြေလိုက်စမ်းပါရစေဦး ” ဟု ငေါက်ဆတ်ဆတ်ပင် ပြောလိုက်ချင်တော့သည် ။ သို့သော် သူတို့အပေါ်မှာ သည်လို
မမောက် မာရက်ပေ ။
“ ညကျတော့မှ ပြောကြတာပေါ့ဗျာ ” ဟု ပြောပြီး ကျွန်တော့်အခန်းထဲသို့ ဝင်သွားလေသည် ။
အိပ်ရာပေါ်မှာ ပစ်လှဲလိုက်သည် ။ အတန်ကြာတော့ ထပြီး ရေချိုးရန် ပြင်သည် ။ အင်္ကျီချွတ်ပြီးမှ
ဆံပင်ညှပ်ရန် သတိရလာပြီး အင်္ကျီပြန်ဝတ်ပြန်လေသည် ။ ၎င်းနောက် ရေအရင်ချိုးကာ ကောင်းပါ
တယ်လေဟု တွေးမိပြန်ပြီး အင်္ကျီချွတ်ပြန်၏ ။
“ ဘယ့်နှယ်လဲ မောင်တင်ထွန်း ၊ အင်္ကျီ ချွတ်လိုက် ဝတ်လိုက် ပြန်ချွတ်လိုက်နဲ့ ဘာဖြစ်နေသလဲ ”
ဦးလေးမြင့် က မေးလိုက်သည် ။ ဦးလေး ကား ကျွန်တော့်အား အပြင်မှ လှမ်းအကဲခတ် ကြည့်နေဟန်ရှိပေ၏ ။
ကျွန်တော်က ညောင်နာနာနှင့် ပြုံးပြီး -
“ ရေအရင်ချိုးရ ကောင်းမလား ၊ ဆံပင်အရင် သွားညှပ်ရ ကောင်းမလား ဖြစ်နေလို့ပါ ”
“ လူလန်းဆန်းသွားအောင် ရေအရင် ချိုးလိုက်ပေါ့ကွာ ”
“ အဲဒီလိုပဲ ကျွန်တော်သဘောရတယ် ”
ကျွန်တော်တို့ အိမ်၏ မြောက်ဘက်က ကပ်လျက်ရှိသောခြံမှာ ရှမ်းအမျိုးသား ဦးဒါန ပိုင်သော
ခြံဖြစ်၏ ။ ထိုခြံထဲတွင် ရေတွင်း တစ်တွင်း ရှိရာ ကျွန်တော်တို့သည် ထိုရေတွင်းသို့ သွား၍
ရေချိုးကြရ၏ ။
ရေတွင်းမှာ အုတ်စီဘောင်ခတ်ထားပြီး ရေငင်ရန် မောင်းတပ်ထား၏ ။ ကျွန်တော်က ရေစည်ပိုင်း
တွင်းသို့ ရေအပြည့် ခပ်ထည့်လိုက်၏ ။ သို့သော် ရုတ်တရက် ရေမချိုးသေးဘဲ ပန်းပင်ကလေးတွေကို လျှောက်ကြည့်နေလေသည် ။ကြက်သွေးရောင် နှင်းဆီ နှင့် နှင်းဆီရောင် နှင်းဆီ တို့သည်
အထူးသဖြင့် စည်ကားစွာ ဖူးပွင့်နေကြ၏ ။ မေမြို့ရောင်စုံပန်းများသည်လည်း ဆွတ်ခူး၍ မနိုင်
နိုင်အောင် ပွင့်နေကြသည် ။ ကြည်ပြာပန်းကလေးများကား ကျနေလေပြီ ။ ကျွန်တော်ကား
ကြည့်ရုံဖြင့် အားမရသဖြင့် နှင်းဆီနွယ်များကို လက်ဖြင့် ညွှတ်ယူ၍ ပန်းကိုနမ်းကြည့်မိ၏ ။
မေမြို့ပန်းများကို ခူးယူပြီး မြှောက်ကစားမိ၏ ။ ကြည်ပြာပန်းချပ်လွှာကလေးများကို လေဖြင့်မှုတ်၍
လွှင့်နေမိ၏ ။
ကျွန်တော်သည် ပန်း၏ အရသာကို တစ်ခါမျှ ဤအခါလောက် မခံစားဖူးဘူးခဲ့ဟု ထင်သည် ။
လူတစ်ကိုယ်လုံးလည်း လန်းဆန်းမြူးထူးလာပေသည် ။ စိတ်ကလည်း အေးမြချမ်းသာလာသည် ။
ကျွန်တော် ရေချိုးတော့မည်ဟု ဖလားကိုင်လိုက်စဉ် ကိုကြွယ် သည် ရေတွင်းပေါင်သို့ ကပ်လာလေသည် ။
“ မောင်တင်ထွန်း စားဖို့တောင် ဘာမှမရှိသေးဘူး ၊ ထမင်းလည်း မချက်ရသေဘူး ”
“ ကိုဘဇံက ဘယ်သွားသလဲ ”
“ သူလည်း ရွှေတိဂုံသပိတ်စခန်းကို ကမာရွတ် က သပိတ်တွေနဲ့ လိုက်သွားတယ် ။ ခုထိ ပြန်မလာသေးဘူး ”
“ ကိစ္စမရှိပါဘူး ၊ ကျွန်တော် သိပ်မဆာပါဘူး ”
“ ရေချိုးပြီးရင် ဒေါ်လုံးတင် ဆီ သွားပြီး ဘူးသီးကြော် စားကြတာပေါ့ ”
ကျွန်တော်က မျက်နှာသစ်ရင်း -
“ ကောင်းသားပဲ ”
မျက်နှာကို ဆပ်ပြာတိုက် ၊ ရေနှင့်ဝသွားအောင် သစ်ပြီးသောအခါ ကိုကြွယ် က -
“ မင်း ဝင်နီ လည်း လက်ထပ်တော့မလို့တဲ့ မောင် ”
“ ဟုတ်လား ဘယ်သူနဲ့တဲ့လဲ ”
“ အမြတ်တော်ကြေးဝန်ထောက် ဆိုလား ဘာဆိုလား ၊ ကောင်းကောင်းတောင် မသိပါဘူး ။ ဒါပေမဲ့
ခုချက်ချင်းတော့ ဟုတ်မယ် မထင်ပါဘူး ၊ သင်္ကြန်အပြီးလောက် မှ ထင်ပါရဲ့ ”
“ ဟုတ်လား ၊ ကောင်းသားပဲ ”
ကျွန်တော်ကား တကယ်ပင် ဝင်နီဖေ ခေါ် ခင်သန်းဝင်း နှင့် ပတ်သက်၍ အတွယ်အတာ ကင်းနေပေပြီ ။ ကျွန်တော် နှင့် ဝင်နီ မှာ ဘဝချင်း လုံးဝခြားနားနေကြလေပြီ ။ အရေးတော်ပုံ မတိုင်မီ
တုန်းကသာ ဤသတင်းမျိုး ကြားရပါက နှမြောခြင်း မဖြစ်တောင် မခံချိ မခံသာ ဖြစ်မိပေလိမ့်မည် ။
ခုတော့ နည်းနည်းကလေးမျှ မတုန်လှုပ်သောစိတ်ကို ထားနိုင်သည် ။ သစ်ပင်မြင့်ထိပ်ဖျားပေါ်ဝယ်
ဆွတ်ဖျန်းနေကြသော ဝင်ခါနီးနေမင်း၏ ရောင်ခြည်နီများကို တစ်ချက် မော့ကြည့်လိုက်ပြီးနောက်
ရေတဖွမ်းဖွမ်းလောင်း၍ ချိုးနေတော့သည် ။
ရေမိုးချိုး အဝတ်လဲပြီးနောက် ကိုကြွယ် နှင့်အတူ အင်းစိန်လမ်းမကြီးပေါ်သို့ ထွက်ခဲ့ကြလေသည် ။
“ ဆံပင်ညှပ်ဆိုင် အရင် ဝင်ချင်တယ်ဗျာ ”
ကိုကြွယ် က ကျွန်တော့်ခေါင်းကို စောင့်မော့၍ ကြည့်ပြီး -
“ ကောင်းသားပဲ ၊ ဆံပင် မညှပ်တာ ဘယ်လောက် များ ကြာပြီလဲ ရှည်လှပါပကောလား ”
“ ဘယ်လောက်ကြာပြီလဲ မမှတ်မိပါဘူးဗျာ ၊ မအားတာနဲ့ မညှပ်မိဘူး ”
“ အေး မင်းတို့ကျောင်းသားတွေ ဒီလောက် လုပ်ကြလို့လည်း ခွေးမသား ညွန့်ပေါင်းအစိုးရ ပြုတ်ကျတာပဲကွ ၊ အင်း နောက်တစ်ကောင် မတက်နိုင်အောင် နှုတ်သီးရိုက်ချိုးရဦးမယ်နော် ”
ကျွန်တော်ကား ဘာမျှ မပြော ။ ' ကမာရွတ် တို့ဗမာဆံသဌာန ' ဟု ဆိုင်းဘုတ်တပ်ထားသော
ဆိုင်တွင်းသို့ ဝင်သွားလေသည် ။ ဤဆိုင်မှာ က̶̶ု̶̶လ̶̶ာ̶̶း̶ဗမာ အဓိကရုဏ်းပြီးမှ ပေါ်ထွက်လာသော
ဆံပင်ညှပ်ဆိုင် ဖြစ်လေသည် ။ ဤဆိုင်မှ မှန်စီရွှေချဘောင်ကြီးများ တပ်ထားသော ကိုယ်လုံးပေါ်
မှန်ကြီးနှစ်ချပ်မှာ တို့ဗမာစီးပွား မြင့်တင်ရေးကို အားပေးသောအားဖြင့် တပ်တွင်းကျောင်း
ဆရာတော် က စွန့်ကြဲထားသော မှန်ကြီးများ ဖြစ်လေသည် ။ ဆိုင်ရှင် ကိုဘကျူး သည် မီးစာတွင်
မီးစွဲခါစဖြစ်သော လက်ဆွဲဓာတ်မီးကို လေထိုးလျက်ရှိ၏ ။
ကိုဘကျူး သည် ယခင်က က̶̶ု̶̶လ̶̶ာ̶̶း̶ပိုင် ဆံသဆိုင်တစ်ဆိုင်မှာ ကူညီရောင်းချရသော လခစား
အရောင်းသမားဖြစ်ခဲ့၏ ။ ယခု သူ့ဆိုင်မှာ ဆံပင်ညှပ်ခုံ နှစ်ခုံရှိရာ တစ်ခုံတွင် ကိုယ်တိုင်ညှပ် ၊
အခြားတစ်ခုံမှာ လူငှား ထားလေသည် ။ ညပိုင်းတွင် လူငှား မရှိတော့ချေ ။ ဓာတ်မီး လေထိုးနေသော
ကိုဘကျူး သည် ကျွန်တော်တို့အား မော့မကြည့်အား ။ မီးမှာလည်း တော်တော်နှင့် လေမလိုက်နိုင်သေး ။ ကျွန်တော်သည် ဆံပင်ညှပ်ခုံ တစ်ခုံမှာ ဝင်ထိုင်ပြီး ငြိမ်နေလိုက်၏ ။ ကိုကြွယ် က ခဏမျှ
ကိုဘကျူး အပေါ်မှ မိုးကြည့်နေပြီး -
“ ကဲ ဖယ်စမ်း သခင်ဘကျူး ၊ ကိုယ်လုပ်စမ်းမယ် ”
သခင်ဘကျူး သည် ချွေးဖြင့်ဝင်းနေသော မျက်နှာကို မော့ကြည့်ပြီး -
“ ဪ သခင်ကြွယ် တို့လား ၊ ကဲ - လုပ်စမ်းပါဦးဗျာ ၊ ဓာတ်မီးက ချေးခဏခဏ ပိတ်တတ်တယ် ”
ကိုဘကျူး သည် ဖယ်ပေးပြီး ထလိုက်သည် ။ သူသည်အရပ်ရှည်ပြီး ပိန်ပါးပါး ဖြစ်သည် ။ ဆံပင်ကို
ကိုအောင်ကျော် လို ဗိုလ်ကေညှပ်ထားရာ သူ့ရုပ်သူ့ရည်နှင့် များစွာ အဆင်မပြေဖြစ်နေပေသည် ။
ကိုဘကျူး သည် အတန်ကြာ ချွေးသုတ်နေပြီးနောက် ကျွန်တော့်ဘက် လှည့်လိုက်သည် ။
“ ဪ သခင်တင်ထွန်း ပါလား ၊ အိမ်ပြန်မအိပ်တာ ကြာပြီဆို ၊ ဘယ်တုန်းက ပြန်လာသလဲ ”
“ ခုနင်ကပဲ ”
ကိုကြွယ် ကား ဓာတ်မီး ကို အပ်နှင့်ဆွပြီး လေကို ဖွင့်လိုက် ပိတ်လိုက်လုပ်နေရာ မှန်ကြီးများမှာ
လျှပ်စစ်ပစ်နေသလို ဖြစ်နေကြသည် ။ ကိုဘကျူး က ကျွန်တော့်အနား ကပ်လာပြီး -
“ ဘုရင်ခံက ဦးဘဖေ နဲ့ ဦးပု ကို ခေါ်ပြီး အစိုးရဖွဲ့ဖို့ ပြောတယ်ဆို မဟုတ်လား ”
ကျွန်တော်က မချိပြုံးပြုံးပြီး သူ့အား စိုက်၍သာ ကြည့်နေသည် ။
“ ဦးပု ကတော့ အစိုးရအဖွဲ့ ဖွဲ့ပါ့မယ် ၊ နန်းရင်းဝန်ကြီး လုပ်ပါ့မယ်လို့ ကတိပေးလိုက်ပြီဆို
မဟုတ်လား ”
“ ကြားတဲ့ အတိုင်းပဲ ”
ဓာတ်မီးကား ကိုကြွယ် ၏ လက်ချက်ဖြင့် လုံးဝ လင်းထိန်သွားလေပြီ ။
“ သခင်တင်ထွန်း တို့ ကျောင်းသားတွေက အမတ်တွေ ရာထူးမယူနိုင်အောင် လုပ်မယ်ဆို မဟုတ်လား ”
“ ကဲ - ကျွန်တော့်ဆံပင် ညှပ်ပေးစမ်းပါဦး ”
ကိုဘကျူး သည် အံဆွဲကို ဖွင့်၍ ဆံပင်ညှပ် ကိရိယာတန်ဆာပလာများကို ထုတ်နေသည် ။
ကိုကြွယ် က ဓာတ်မီးကို ချိတ်မှာဆွဲထားလိုက်သည် ။ ပြီးတော့ ကိုကြွယ် က ကိုဘကျူး ဘက်သို့ -
“ အမတ်တွေကို အားကိုးရတာ ခက်ပါတယ်ဗျာ ။ ညွန့်ပေါင်းလည်း ဖြုတ်ချပါ့မယ် ၊ နောက်
တက် မယ့် အစိုးရကိုလည်း အားမပေးပါဘူး ၊ မထောက်ခံပါဘူးလို့ ကတိပေးခဲ့တဲ့ အမတ် ၂၆
ယောက်ပဲ ရှိတယ် ၊ ဒီအထဲက တစ်ခါ အဟွတ် ... အဟွတ် .. ”
ကိုဘကျူး က ကျွန်တော့်ဆံပင်များကို ပေါင်ဒါရိုက်နေရာ ပြင်းထန်လှသဖြင့် ကျွန်တော့် ပါးစပ်ထဲ
သို့ပင် ပြေးဝင်လာကြလေသည် ။
“ အဲဒီ ၂၆ ယောက် ထဲက ၅ ယောက် က အယုံအကြည် မရှိအဆိုမှာ ညွန့်ပေါင်းအစိုးရဘက်က
မဲပေးခဲ့ကြသေးသဗျ ”
ကိုကြွယ် သည် ထွီခနဲ တံတွေး ထွေးလိုက်ပြီး -
“ နှမပေးတွေ ”
ကိုဘကျူး က -
“ အရိုးအရင်း ကိုက်ရတာတောင် ဒီလောက် အငမ်းမရ ဖြစ်နေကြရင် အင်း .... ”
အတန်ကြာအောင် ငြိမ်နေကြသည် ။ စက်ကတ်ကြေးသံ တရှပ်ရှပ်သာ ကြားရသည် ။ ကိုကြွယ် ကား
သင်တုန်းဓားကြီးကို ကိုင်၍ သူ့နှုတ်ခမ်းမွေးနှင့် ပါးသိုင်းမွေးများကို ရိပ်လျက်နေလေသည် ။
ကိုဘကျူး ကပင် စကားတိုင်ပြန်သည် ။
“ ကျောင်းသားတွေကကော ရှေ့ဆက် ဘယ်လိုစခန်းသွားကြမှာလဲ ”
“ ကျွန်တော်တို့ကတော့ တောင်းဆိုချက်တွေ ရရင် သပိတ်လှန်မှာပဲ ၊ တောင်းဆိုချက် ရဖို့ဆိုရင်
ဘယ်အစိုးရနဲ့ ဖြစ်ဖြစ် စေ့စပ်မှာပဲ ၊ ညွန့်ပေါင်းအစိုးရ ကို ဖြုတ်ချတာဟာ တောင်းဆိုချက် မပေးနိုင်လို့ပဲ ”
ကိုကြွယ် က သင်တုန်းဓားကြီး လက် မှ မချသေးဘဲ -
“ နောက်တက် မယ့် အစိုးရကတော့ တောင်းဆိုချက်တွေကို ပေးနိုင်မှာတဲ့လား ။ ရေနံမြေအလုပ်သမား
တွေရဲ့ တောင်းဆိုချက်တွေ ၊ အာရ်အီးတီအလုပ်သမား ၊ မီးခြစ်စက် အလုပ်သမား ၊ သစ်စက်
အလုပ်သမား သပိတ်ပေါင်းစုံ တောင်းဆိုချက်တွေကို ပေးနိုင်မှာတဲ့လား ။ တောင်သူလယ်သမား
တွေရဲ့ တောင်းဆိုချက်တွေကော ”
ကိုကြွယ် ၏ အမေးစကားများကား သူ့လက်ထဲမှ သင်တုန်းဓားအသွားလို ထက် မြက်လှပေ၏ ။
ယင်းအမေးစကားတို့သည် ကျွန်တော့် အသည်းနှလုံးကို ထိရှသွား၏ ။ ကျွန်တော့် ဦးနှောက်ထဲမှာကား အဖြေမပေါ်လှာ ။ ကံအားလျော်စွာ စက်ကတ်ကြေး၏ ဖိတွန်းမှုကြောင့် ဇက်စင်းခေါင်းငုံ့၍
ခံနေရလေရာ တစ်စုံတစ်ရာပြန်ပြောရန် မလိုသလို ဖြစ်နေပေသည် ။ ကိုဘကျူး က ကိုကြွယ် အား
ဖြည့်စွက်လေသည် ။
“ ဖိနှိပ်ချုပ်ချယ်မှုတွေကဖြင့် ပြင်းထန်မြဲ ပြင်းထန်နေတာပါပဲ ၊ မန္တလေးမှာ သေနတ်ပစ်ခံရသူတွေလည်း ဆေးရုံမှာ ထပ်သေပြန်သတဲ့ ၊ ပြီးတော့ သေနတ်ဒဏ်ရာ သက်သာတဲ့ လူ ၄ ယောက် ကိုတော့
ဆေးရုံကနေပြီး ထောင်ထဲ ခေါ်သွားတယ် ၊ တရားစွဲချက် တင်ထားတယ် ”
သို့ဖြင့် ကိုကြွယ် နှင့် ကိုဘကျူး သည် ကြားသမျှသတင်းများကို အပြန်အလှန် ဖလှယ်ပြောဆိုနေကြလေသည် ။ သခင်လှကြွေ ခေါင်းဆောင်သောပင်လယ်ကူးသင်္ဘောကြီး လုပ်သားများ
သပိတ်တွင် ဘုန်းကြီးများ ပါဝင်၍ သပိတ်တားရာ ပုလိပ်က နှိမ်နင်းပုံများ ၊ မန္တလေး
သေနတ်ပစ်မှုအတွက် ကန့်ကွက်သောအားဖြင့် စစ်ကိုင်းဘက် မှ လူ ၁ဝဝဝ ဗိုလ်ကေ ပယ်၍
ခေါင်းတုံး တုံးကြပုံ ၊ ကတွန်ကျွဲခြံ မှ သခင် သခင်မ ၅ဝဝ သထုံ သို့ ချီတက်လာပြီး ရုံး နှင့်
ထောင်များကို ဝိုင်းကာ ဖမ်းထားသော သခင်ချစ်လှိုင် အား လွှတ်ပေးရန် တောင်းဆိုပုံ ၊ မန္တလေး
အာဇာနည် မသာချရာတွင် လူစည်ကားပုံ ၊ စုံနေအောင် သူတို့အချင်းချင်း ပြောနေကြရာ
ကျွန်တော့်မှာ ခွကျသောမေးခွန်းများမှ လွတ်ကင်းစွာ ဆံပင်ညှပ်ခြင်း အပြီးသို့တိုင် ရောက်ခဲ့ရ
လေတော့သည် ။
ကျွန်တော်တို့သည် ဆံပင်ညှပ်ဆိုင်မှ ထွက်ခဲ့ကြပြီး ဘူးသီးကြော်ဆိုင်သို့ သွားကြလေသည် ။
ဒေါ်လုံးတင် ၏ ဘူးသီးကြော်ဆိုင်ကား အင်းစိန်လမ်းမကြီးဘေး မြောင်းနဖူးပေါ်တွင် တည်ရှိလေသည် ။ အမိုးအကာ မရှိ ။ အကြော်ဖို၏ ဘယ်ဘက်တွင် နှီးကြောဖျာများ ခင်းထားပြီး ၎င်းတို့
အပေါ်တွင် စားပွဲဝိုင်းများ ရှိ၏ ။ မြောင်းတစ်ဖက်ကမ်းရှိ တစ်ထပ်အိမ်ကလေးကား ဒေါ်လုံးတင် ၏
အိမ်ပင်ဖြစ်၏ ။ အိမ် နှင့် ဘူးသီးကြော်ဆိုင်ကို ကြမ်းပြားကြီးတစ်ခုဖြင့် တံတားကူးထားလေသည် ။
ကျွန်တော်က နှီးကြောဖျာပေါ်တွင် တင်ပျဉ်ခွေ၍ ထိုင်လိုက်၏ ။ ကိုကြွယ် ကမူ ဆောင့်ကြောင့်
ထိုင်လိုက်လေသည် ။
ဒေါ်လုံးတင် ကား အသက် ၄ဝ ကျော် ၊ သမီး အပျိုဖြန်းကလေး ၂ ယောက် ၏ မိခင် မုဆိုးမ ဖြစ်၏ ။
ဒေါ်လုံးတင် ၏ ထူးခြားချက် မှာ ငှက်ပျောဖူးနှင့် တူအောင် ခေါင်းသေး အောက်ရှူးပြီး အလယ်
ဖောင်းသည့် ကိုယ်ခန္ဓာ ရှိခြင်းတည်း ။ ကြည့်ပါဦး ၊ ဤကိုယ်ခန္ဓာကြီးနှင့် အကြော်ဖိုအနီး ဖင်ထိုင်ခုံ
ကလေးပေါ်တွင် ဖင်ချထိုင်လျက် ခြေနှစ်ဖက်ကို ကားဆင်းထားပြီး ရှေ့ကဇလုံတွင် မုန့်နှစ်
နယ်နေရာ ခုံကလေးနှင့် မဆံ့အောင် တင်ပါးဖင်သားများက ပိုနေသဖြင့် ဘေးတွင် အိဆင်းနေသည် ။ လက်က လှုပ်ရှားသလောက် ကိုယ်ခန္ဓာက မလှုပ်ရှားသော်လည်း သေးငယ်သော
ခေါင်းကလေးက လေလျော့နေသော ကြက်ပေါင်းစေးရုပ်၏ ဦးခေါင်းလို ဟိုသည်ယိမ်းထိုးလျက်
ရှိသည် ။ ပါးစပ်တွင်ကား ဆေးပေါ့လိပ်ကြီးကို ခဲထားသည် ။
ဒေါ်လုံးတင် သည် ကိုကြွယ် အား လင်လုပ်လိုသည်မှာ လူသိ နတ်ကြား ဖြစ်၏ ။ ကိုယ်ကြွယ် က
တုံ့ပြန်၍ မကြိုက် ။ သို့သော် ကိုကြွယ် သည် ဒေါ်လုံးတင် အား အခင်မပျက် ၊ ကူညီစောင်မစရာ
ရှိလျှင် ကူညီစောင်မ၏ ။ သူ့အား ဒေါ်လုံးတင် က လိုက်စားလိုလားသည်ကိုလည်း မတော်မတရား
အမြတ် မထုပ်ပေ ။ ထို့ကြောင့် သူတို့ ဆက်ဆံကြပုံမှာ လွန်စွာပင် ရင်းနှီးကြ၏ ။
သမီးအကြီး မြကြည် မှာ အသက် ၁၆ နှစ် မျှ ရှိပြီး အုပ်လုံးသိမ်းစ ဖြစ်သည် ။ လုံးကြီးပေါက်လှ
အသားဖြူဖြူ မျက်နှာဝိုင်းဝိုင်း ၊ နှာခေါင်းပြားပြား နှင့် ကြည့်ပျော်ရှုပျော်သော မိန်းကလေးတစ်
ယောက် ဖြစ်၏ ။ အငယ် မြရီ မှာ ၁၃ နှစ် ကျော်ကျော် ၁၄ နှစ် နီးပါး ၊ ဆံတောက်ဖားစ ဖြစ်၏ ။ သူကား
အမေနှင့်လည်း မတူ ၊ အစ်မ နှင့်လည်း မတူ ၊ ပိန်ပိန်ပါးပါး ၊ နှာခေါင်းချွန်ချွန် ၊ မျက်လုံးပြူးပြူး
ဖြစ်၏ ။ မြကြည် က အကြော်ကြော်လျက်ရှိပြီး မြရီ သည် ဘူးသီးကြော်စားလာသူများအား စားပွဲထိုး
လျက် ရှိ၏ ။
ကျွန်တော်တို့ ထိုင်လိုက်သည်နှင့်တစ်ပြိုင်နက် မမြရီ က -
“ ဦးလေးတို့ ဘယ်ကလျှောက်လာသလဲ ၊ အကြော်စားပါဦးလား ”
ကိုကြွယ် က -
“ စားမယ်လို့ ထိုင်တာပေါ့ဟ ”
ကိုကြွယ် ပြောလိုက်သည်ကို ဒေါ်လုံးတင် ကြားလိုက်သည် ။ ဇလုံကိုင်ထားသောလက်ဖြင့် ပါးစပ်
ထဲက ဆေးလိပ်ကို ထုတ်ယူထားလိုက်ပြီး -
“ ကိုရင်ကြွယ် က မစားရင် မထိုင်တော့ဘူးတဲ့လား ”
“ ဒီလိုလည်း မဟုတ်ပါဘူးဗျာ ၊ ဒီနေ့တော့ စားဖို့ တမင်လာလို့ပါ ၊ ဟောဒီက မောင်တင်ထွန်း
ညစာ မစားရသေးတာနဲ့ ”
မြရီ က ဝင်စွက်လိုက်သည် ။
“ ဦးလေးကိုတင်ထွန်း တို့များ မမြင်ရတာ ကြာလှပြီ ”
သည်ကောင်မကလေးသည် ကျွန်တော့်အား ကိုကြွယ် နှင့် တွဲသိသဖြင့် ဦးလေး ဟု ရောခေါ်နေခြင်း
ဖြစ်သည် ။ သို့သော် သူက ဦးလေး ခေါ်တိုင်း ကျွန်တော်က ခံပြင်းသည် ။ ကသိကအောက်
ဖြစ်သည် ။ ကျွန်တော့်မှာ သူလို အရွယ်က ဦးလေး ခေါ်ရန်အရွယ် မဟုတ်ဟု ယူဆထားသည် ။
“ မမြင်တာ ကြာပြီဆို ၊ ငါက မြို့မကျောင်းဌာနချုပ်ကို သွားနေရတားကိုးကွ ”
“ ဘာကြော်ထည့်ခဲ့ရမလဲ ဦးလေး ”
ကိုကြွယ် က အကြော်ဖိုဆီသို့ လှမ်းကြည့်ရင်း -
“ ရှိတာထည့်လာခဲ့ဟာ ။ မလုံးတင် ဒီနားမှာ ကောင်ညှင်းပေါင်းဖြစ်ဖြစ် ၊ မုန့်ပေါင်းဖြစ်ဖြစ် မရနိုင်ဘူးလား ”
ဒေါ်လုံးတင် သည် မုန့်နှစ်ထဲသို့ ဘူးသီးချောင်းကလေးများကို ဖြည့်ထည့်ရင်း -
“ စာတိုက်နားက မယ်ခင့် ဆီမှာ ကောက်ညှင်းပေါင်းကျည်တောက်တွေ မြင်ခဲ့တယ် ၊ ရှင့်သမီး ကို
အဝယ် လွှတ်လိုက်ပါလား ”
“ ရှင့်သမီး ” ဆိုသည်မှာ မြရီ ကို ဆိုလိုသည် ။ သူတို့မှာ ဒီလို ချိတ်ခြင်းမျိုးကား ရိုးနေပြီ ။ သမီးတွေကိုလည်း ရှက်စရာ မလိုကြတော့ပြီ ။ ကိုကြွယ် က -
“ ဟဲ့ - သမီး မြရီ ရေ သွားဝယ်ချေဟာ ၊ ကျည်တောက်နှစ်ချောင်းလောက် ”
ကိုကြွယ် က ပိုက်ဆံထုတ်ပေးသည်ကို မြရီ က မယူ ။ သူတို့က ဝယ်ကျွေးမည်ဟု ဆိုကာ
ခပ်သုတ်သုတ် ထွက်သွားလေသည် ။
ကျွန်တော် သည် မြကြည် ဘက်သို့ ကြည့်လိုက်သည် ။ မြကြည် ၏ မျက်နှာကား မီးရှိန်ကြောင့်
နီရဲနေ၏ ။ သူသည် အကြော်များကိုထည့်ပြီး ကျွန်တော်တို့ရှေ့သို့ လာချသည် ။ ၎င်းနောက်
လက်ဖက်ရည်ကြမ်းအိုး လာချရင်း -
“ ကိုတင်ထွန်း တို့ ကျောင်းသားအရေးတော်ပုံတွေ ပြီးတော့ မှာလား ”
မြကြည် ကမူ ကျွန်တော့် အား ဦးလေး ဟု မခေါ်တော့ပေ ။ တစ်ခါက သူကလည်း ကျွန်တော့်အား
ဦးလေး ဟု ခေါ်သေး၏ ။ “ ငါ့ကို ဦးလေးလို့ မခေါ်ပါနဲ့ကွာ ” ဟု တစ်ခါတုန်းက သူ့အားပြောရာ
သူက အတန်ကြာ တွေနေပြီးမှ ဘယ်လိုအဓိပ္ပာယ် ကောက်သွားသည် မသိ ၊ ရှက်ကိုးရှက်ကန်း
လုပ်လျက် “ နောက် မခေါ်ပါဘူး “ ဟု ပြောကာ လှည့်ထွက်သွားလေသည် ။ တဟိဟိလည်း ရယ်သွားလိုက်လေသည် ။
“ မပြီးသေးပါဘူး ”
“ ၉၁ ဌာန အုပ်ချုပ်ရေးဆိုတာ ဖျက်မှ ပြီးမှာပေါ့နော် ”
“ အင်း အင်း ”
ကျွန်တော်က ခပ်ပေါ့ပေါ့ ' အေး ' ဟု ဖြေလိုက် မိသော်လည်း ချက်ချင်းပင် ပြန်ပြင်၍ ပြောလိုသောကြောင့် အတိအကျ ဘယ်လိုဖြေရပါ့မလဲ စကားစရှာနေစဉ်ပင် မြကြည် သည် အကြော်ဖိုသို့
သွားလေသည် ။ ဘူးသီးကြော်များကို တုတ်ချောင်းကလေးနှင့် လှန်ပေးနေလေသည် ။
ကိုကြွယ် က -
“ ကိုယ့်လူရ ၊ ၉၁ ဌာန အုပ်ချုပ်ရေးဟာ လွယ်လွယ်နဲ့ ပျက်ပါ့မလားကွ ”
“ အဲဒါပေါ့ ခက်နေတာ ၊ လူတွေက လွယ်လွယ်နဲ့ ပျက် မယ် ထင်နေကြတယ် ။ ကျွန်တော်တို့
ကလည်း ထင်ခဲ့တာပဲ ။ တကယ် ဖျက်ကြည့်တော့ မလွယ်ဘူးဗျ ၊ ပထမအဆင့်ဖြစ်တဲ့ ညွန့်ပေါင်း
အစိုးရ ဖြုတ်ချရတာကပဲ ဘယ့်လောက် ခက်သလဲ ။ နောက်တစ်ဆင့်မှာ ဘယ်အမတ်မှ ရာထူးလက် မခံအောင် လုပ်ရမယ်ဆိုတာ ဒါကလည်း လုပ်လို့ မဖြစ်သေးဘူး ။ ရာထူး လက် မခံရုံ အစိုးရ
အဖွဲ့ ဖွဲ့မဖြစ်ရုံနဲ့ ၉၁ ဌာန အုပ်ချုပ်ရေး ပျက်သွားမလား မသွားဘူးလား ဆိုတာတော့ ကျွန်တော်
မသိဘူး ။ သခင်ခေါင်းဆောင်တွေ နဲ့ သတင်းစာတချို့ကတော့ ရာထူးလက်ခံတဲ့လူ မရှိလို့ အစိုးရ ဖွဲ့မဖြစ်ရင် ပျက် မှာပဲလို့ ပြောနေကြတယ် ။ ကိုလှရွှေ တို့ ၊ တက်ဘုန်းကြီးကိုသိန်းဖေ တို့ကတော့
မပျက်ဘူးတဲ့ ၊ ဘုရင်ခံကြိုက်သလို အုပ်ချုပ်သွားမှာပဲတဲ့ ”
မြရီ သည် ကောင်ညှင်းကျည်တောက်ကြီးများကို တစ်ဖက်တစ်ချောင်း ကိုင်၍ ခုန်ပေါက်ပြေးလွှားလာ၏ ။
“ နို့ ဘာလုပ်ကြမှာလဲ ” ဟု ကိုကြွယ် က အားမလိုအားမရ အသံဖြင့် မေးလေသည် ။
“ ကျွန်တော်တော့ မပြောတတ်ပါဘူးဗျာ ”
“ နို့ မင်းတို့ ဌာနချုပ်က ခဏခဏ ကြေညာနေတယ် မဟုတ်လား ၊ အာဏာရှင် ကိုလှရွှေ မဟုတ်လား ၊
၉၁ ဌာနအုပ်ချုပ်ရေးကို ဖျက်ပစ်မယ် ၊ တစ်ပြည်လုံး အိမ်ခြေလေးသန်း လှုပ်ရှားသွားမယ့်
လုပ်ငန်းစဉ်တွေ ချမယ်လို့ ပြောတယ် မဟုတ်လား ”
“ ဟုတ်တယ် ၊ ပြောတယ် ”
“ ပြောရင် အဲဒါက ဘာလုပ်ငန်းစဉ်လဲ ”
“ ကျွန်တော်တော့ မပြောတတ်ဘူး ”
“ ဟင် မင်းတို့က အထက်ကနေပြီး မပြောတတ်တာတွေ ပြောနေသလား ကိုယ့်လူရဲ့ ”
ကျွန်တော့်မှာ ခွကျနေပြန်ပါပြီ ။ အကြော်စားလိုက် ကောက်ညှင်းစားလိုက်နှင့် လုပ်ပြီး ငြိမ်နေလိုက်ရပါသည် ။
ကိုကြွယ် သည် အတန်ကြာ ငြိမ်နေပြီးနောက် ဆက်ပြောပြန်လေသည် ။
“ ဘာပြောပြော တိုင်းပြည်ကတော့ ခုနက မြကြည် ထင်သလိုပဲ ၊ မင်းတို့ တစ်တွေဟာ ၉၁ ဌာန
အုပ်ချုပ်ရေးကို ပျက်အောင် ဖျက်ကြလိမ့်မယ်လို့ ထင်နေတယ် ။ သပိတ်တွေလည်း ဆက် မှောက်
နေကြတယ် ၊ အင်အားပြပွဲတွေ ဆက်လက်လုပ်နေတယ် ၊ တောင်သူလယ်သမားတွေက မြို့တက်ပြီး
ရုံးတွေ ၊ ဂါတ်တွေ ၊ ထောင်တွေကို ဝိုင်းပြီး အရေးဆိုနေတယ် ၊ အဲဒါတွေ ဘယ့်နှယ် လုပ်မလဲ ”
“ ကျွန်တော် မပြောတတ်ဘူး ၊ ကျွန်တော် ဉာဏ်မမီဘူး ”
“ ဒါဖြင့် ကိုလှရွှေ တို့ ၊ ကိုသိန်းဖေ တို့က ဘာပြောသလဲ ”
“ ကိုလှရွှေ ကတော့ ဘာမှ မပြောဘူး ၊ သည့်ပြင် ခေါင်းဆောင်တွေလည်း ဘာမှ ပြောသံ မကြားသေးဘူး ။ ကိုသိန်းဖေ ကတော့ ရသလောက် အခွင့်အရေးတွေယူပြီး တိုက်ပွဲတွေကို ရုပ်သိမ်းရမှာပဲတဲ့ ။ ဒီစကား သူက သိပ်ပြောနေလို့ သခင်ခေါင်းဆောင်တွေ က သူ့ကို မကျေနပ်ကြဘူး ”
“ ဒီအတိုင်းဆိုရင် ကိုသိန်းဖေ ကို သခင်ခေါင်းဆောင်တွေ က မကျေနပ်တာ မှန်တာပဲလို့ ထင်တယ် ။
တိုက်ပွဲတွေ ဘယ့်နှယ်လုပ် ရပ်မလဲ ၊ အစိုးရကလည်း ဘယ်လောက် နှိပ်စက်နေသလဲ ၊ မင်းအသိပဲ
မဟုတ်လား ”
“ ဒါဖြင့် ခင်ဗျားအထင် တိုက်ပွဲတွေ ဘယ်ထိဆက်ရင် ကောင်းမလဲ ”
ကိုကြွယ် သည် မဖြေနိုင်တော့ချေ ။ သူလည်း ကျွန်တော့်လိုပင် ကောက်ညှင်း စားလိုက် ၊ အကြော် စားလိုက် ၊ လက်ဖက်ရည်ကျိုက်ချလိုက် လုပ်နေပေတော့သည် ။
ဒေါ်လုံးတင် က မြကြည် အား -
“ မြကြည် လက်ဖက်တစ်ပန်းကန် ထည့်ပြီး ပေးလိုက်ပါဦး ”
မြကြည် သည် အကြော်ဖိုမှ ထ၍ ဒေါ်လုံးတင် က အကြော်ဖိုတွင် ထိုင်ရစ်သည် ။
အကြော်ဖိုနှင့် တစ်လံကွာလောက်တွင် စင်ကလေးတစ်ခု ရှိသည် ။ စင်ကလေးပေါ်၌ ဖန်ဘူးကြီးများ
ရှိ၏ ။ ဤကား သူတို့သားအမိ ဖွင့်ထားသော လက်ဖက် ၊ ချင်းသုပ် ဆိုင်ကလေးပင်တည်း ။
မြကြည် က လက်ဖက်ထည့်နေစဉ် ကျွန်တော် သည် မတ်တတ်ထလိုက်သည် ။
“ ကဲ - ကိုကြွယ် သွားကြစို့ဗျာ ”
ဒေါ်လုံးတင် က ခင်ကျယ်ကျယ် -
“ နေကြဦး နေကြပါဦး လက်ဖက် ပြင်နေတယ် ၊ ဟဲ မြကြည် မြန်မြန်လုပ်လေ ”
“ ကျွန်တော် မစားချင်တော့ဘူးဗျ ၊ ညအိပ်မပျော်ဘဲနေမှာ စိုးတယ် ”
ကိုကြွယ် က ထိုင်ရာမှ မထဘဲ -
“ နေဦးလေ ၊ နည်းနည်းဖြစ်တော့ စားဦးမှပေါ့ ၊ ကိုယ်က ခပ်များများ စားပစ်လိုက်ပါ့မယ် ”
လက်ဖက်ပန်းကန်ကို လာချသော မြကြည် အား ကျွန်တော်သည် စိုက်ကြည့်နေသည် ။ ကျစ်ကျစ်လျစ်လျစ် ဖြူဖြူဖွေးဖွေး ကိုယ်ခန္ဓာကလေးတွင် တပ်မ က် စိတ်များ ရောက်သွားပေ၏ ။ ယင်းသို့သော အဖြစ်ကို ကိုကြွယ် ရိပ်မိသွားဟန် ရှိ၏ ။ မြကြည် သည် သူ့အလုပ်သူ လုပ်နေသောအခါ
ကျွန်တော့် အား ကိုကြွယ် က အသံတိုးတိုးကလေးဖြင့် -
“ ဒီကောင်မလေးတွေလည်း ပင်ပန်းရှာတယ် ၊ တစ်နေကုန် တစ်နေခန်း မိုးရော နွေရော အားရတယ်
မရှိဘူး ။ ဈေးရောင်းတဲ့အခါ ရောင်း ၊ ဆေးလိပ်တဲ့အခါ လိပ် ၊ ဒါနဲ့လည်း ထမင်းနပ်မှန် စားရရုံပဲ
ရှိတယ် ။ ဆင်းရဲတော့ ကြံမိ ကြံရာ ကြံတာပဲ မောင်ရင် ၊ သူ့အမေ က̶̶ု̶̶လ̶̶ာ̶̶း̶ နဲ့ ပေးစားမယ်လို့တဲ့
တစ်နေ့က ပြောတယ် ”
“ ဪ ဟုတ်လား ၊ ဖြစ်မှ ဖြစ်ရလေဗျာ ”
“ သူ့အမေက ကိုယ့်ကို တိုင်ပင်တယ် ၊ ကိုယ်က ဖျက်ထားရတယ် ၊ ကွာ - က̶̶ု̶̶လ̶̶ာ̶̶း̶ နဲ့ ပေးစားမယ့်
အစား ဗမာဆီမှာ မယားငယ်အဖြစ် အပ်ရတာက ကောင်းဦးမယ် ”
“ ဒါလည်း မကောင်းပါဘူးဗျာ ”
ကိုကြွယ် သည် ငြိမ်ပြီး လက်ဖက်ကိုသာ စားနေတော့သည် ။ ကျွန်တော်ကား မျက်နှာမော့ကာ
ကောင်းကင်အာကာပြင်ထဲတွင် ငေးမောနေလေ၏ ။ လထက်ခြမ်းသည် ကုက္ကိုပင်ထိပ်ဖျားမှာ
ပွင့်လင်းနေ၏ ။ ကျွန်တော်သည် လထက်ခြမ်းပေါ်၌ တင်ပါးလွှဲထိုင်ကာ အာကာပြင်ထဲတွင်
လွင့်နေမိသည် ။ အဖြေမပေးနိုင်သော ပြဿနာအမျိုးမျိုးနှင့် ရင်ဆိုင်နေရသော အရေးတော်ပုံနှင့်
ဝေးသည်ထက် ဝေးရာသို့ လွှင့်ကြည့်သည် ။ ဆင်းရဲခြင်းကြောင့် က̶̶ု̶̶လ̶̶ာ̶̶း̶ မယားငယ် ဖြစ်ရမည်
ဆိုသော မြကြည်တို့နှင့် ဝေးရာ ၊ သည့်ထက်သည် ဝေးရာသို့ လွှင့်နေမိလေသည် ။ သို့သော် သိပ်ကြာရှည်လွှင့် မနေနိုင်ပါ ။ လထက်ခြမ်းပေါ်မှ ဗြုန်းခနဲ လိမ့်ကျလာပါသည် ။
အကြောင်းကား လမ်းမကြီးပေါ်တွင် လူငယ်တစ်စု သည် သီချင်းသံပြိုင်ဆို၍ ဘယ်ညာညီစွာ
ချီတက်လာကြသောကြောင့်တည်း ။
ရဲရဲတောက် တို့ဗမာပြေ ။
သတ္တိခဲတွေ
ရာဇဝင် ထိုးလောက်အောင် စွန့်ပေ ၊
ဗမာ့လက်ရုံး တပ်တော်သားပေ ၊
အာဇာနည်သွေးတွေ ၊
အရိုးကြေကြေ ၊
တို့ပြေ တို့မြေ ၊
ခေတ်ဆွေးကို ပြောင်းပြန် ၊
တက်ခေတ်ကို စီမံ ၊
တိုးတက်အောင် စိတ်သန် ၊
ညီစေနော် ၊
စစ်ရဲမော် ၊
ချီတက်ကြစို့ ပျော်ပျော် ။
ဘယ်ညာဘယ်ညာ ။
ဗမာပြေ ငါတို့ပြေ ၊
ဗမာမြေ ငါတို့မြေ ၊
ခင်ခင်မင်မင် အမျိုးစောင့်ကြ ၊
ဘယ်ညာ ဘယ်ညာ ၊
( သည်ချိန်ခါ ) ဗမာပြေ
ဇာတိသွေး အရောင်တင်စေ ၊
ဗမာဆို ဂိုဏ်းကဏစိတ် ပျောက်ဖို့ တော်ပြီလေ ။ ။
ကျွန်တော်တို့သည် ချီတက်သွားသော လက်ရုံးတပ်သားများကို ငေးကြည့်ကျန်ရစ်စဉ် ကိုကြွယ် ကျွန်တော့် လက် မောင်းကို ကိုင်လိုက်ပြီး -
“ ကြားလား ၊ လူတိုင်းကို ချီတက်ကြစို့လို့ ခေါ်နေတုန်း မင်းတို့က နောက်ဆုတ်မယ်များ
မကြံနဲ့နော် ” ဟု သတိပေးလေသည် ။
◾သိန်းဖေမြင့်
📖 အရှေ့ကနေဝန်းထွက်သည့်ပမာ
koaungnaingoo.blogspot.com
.
No comments:
Post a Comment