❝ မလှန်သေးသော အလုပ်သမားသပိတ်အား ❞
ကျောင်းသားသပိတ်ကြီးကို လှန်လိုက်ပြီဖြစ်သော်လည်း ကျွန်တော်တို့ လုပ်ငန်းမှာ မလျော့ချေ ။
သပိတ်လှန်ခြင်းမှာ လမ်းမှန်ဖြစ်ကြောင်း ရှင်းလင်းရခြင်းနှင့် ကျောင်းသားညီညွတ်ရေး ၊ စည်းရုံးရေးကို တည်ဆောက်ရခြင်းမှာ နေ့ည ဆိုင်းထား၍ရသော အလုပ်များ မဟုတ်ပေ ။
ထို့ပြင် အစိုးရ နှင့် သဘောတူညီချက်အတိုင်း ဖမ်းထားသော ကျောင်းသားများကို အမြန်လွှတ်ပစ်ရန် လုပ်ရခြင်းနှင့် သဘောတူညီချက်ကို အသိအမှတ် မပြုဘဲ သပိတ်လှန်ကျောင်းသားများအား
နှိမ်လို နှိမ် ၊ အပြစ်ပေးလို ပေး ၊ သရော်လို သရော် လုပ်သော ပညာရေးအာဏာပိုင် တို့နှင့် အတိုက်အခံ လုပ်ရခြင်းတို့မှာ လက် မလည်အောင် အလုပ်ရှုပ်ပေသည် ။
အလုပ်သမားသပိတ် အချို့မှာ လှန်ကုန်ပြီဖြစ်သော်လည်း သပိတ်အများအပြား ကျန်နေသေးသည် ။
အာရ်တီးတီ ၊ ဂျီအီးစီ ၊ ခနောင်တို မီးခြစ်စက် ၊ ပုသိမ်ညွန့်မီးခြစ်စက် ၊ ကြိုးစက် ၊ ကော်စက် ၊
သင်္ဘောကျင်းကူလီ ၊ ရာဘာစက် ၊ စတီးတုံကင်း ၊ စတီးစာရေး ၊ မှော်ဘီအစိုးရ စိုက်ပျိုးရေး ၊
ဧရာဝတီ သင်္ဘောကျင်း ( ဒလ ) ၊ အစိုးရ သင်္ဘောကျင်း( ဒေါပုံ ) သပိတ်များမှာ တိုက်ပွဲဆင်နွဲရတုန်း
ဖြစ်သည် ။
အလုပ်သမားသပိတ်များနှင့် အလုပ်သမားလွှတ်တော်ဥက္ကဌ သခင်သိန်းမောင် တို့သည် ကျွန်တော်တို့ ကျောင်းသားလွှတ်တော် ကျင်းပနေစဉ်ပင် ဘုရင်ခံအိမ်ကို ဝိုင်း၍ အင်အားပြကြသေးသည် ။
နောက်နေ့များတွင်ကား စက်ရုံများ ၊ အလုပ်တိုက် များနှင့် အာရ်အီးတီ ထရော်လီနှင့် ဘတ်စ်ကားများကို သပိတ်တားကြသည် ။ သပိတ်တားသူများကို အစိုးရက အစုလိုက်အပြုံလိုက် ဖမ်းဆီးသည် ။ နံပါတ်တုတ်နှင့် ရိုက်နှက်သည် ။ မျက်ရည်ယိုဗုံးဖြင့် လူစုခွဲသည် ။ ကျွန်တော်တို့က
သပိတ်လှန်လိုက်ခြင်းကို အမြတ်ထုတ်ကာ အလုပ်သမား သပိတ်တားများကို မဲ၍ နှိပ်စက်သည်ဟုပင် ထင်စရာဖြစ်ပေတော့၏ ။ ရန်ကုန်မြို့တွင် မတ်လ ၁၄ ရက်နေ့ တစ်နေ့တည်း၌ပင်
အလုပ်သမား ၃ဝဝ ဖမ်းဆီးခဲ့လေသည် ။
ဖမ်းဆီးသူ များလှသဖြင့် ရန်ကုန်ထောင်ကြီး မဆံ့ဖြစ်လေရာ အချို့ကို တံတားကလေး
အရူးထောင်သို့ ပို့ထားခဲ့လေသည် ။
တောင်သူလယ်သမား တို့၏ သီးစားခနှင့် အခွန်တော်လျှော့ပေါ့ရေး ဆန္ဒပြပွဲများမှာ တစ်ပြည်လုံးမှာ အနှံ့အပြား ပေါ်နေသည် ။ မော်လမြိုင်ကျွန်း သို့ ကျေးရွာများစွာမှ လယ်သမား ၁ဝဝဝ
ချီတက်လာသည် ။ ဓနုဖြူမြို့ပေါ်သို့ လယ်သမား ၂ဝဝဝ ၊ စစ်ကိုင်းမြို့ပေါ်သို့ ၅ဝဝဝ ၊ မုံရွာမြို့ပေါ်သို့ ၃ဝဝဝ ၊ ရွှေဘိုမြို့ပေါ်သို့ ၅ဝဝဝ ၊ ဗန်းမော်မြို့ပေါ်သို့ ၂ဝဝဝ ၊ သန်လျင်မြို့ပေါ်သို့ ၂ဝဝဝ ၊
ခရမ်းမြို့ပေါ်သို့ ၃ဝဝဝ ၊ သုံးခွမြို့သို့ ၁ဝဝဝ စသည်ဖြင့် ကျေးရွာများမှ မြို့များသို့ ချီတက်လာကာ အစိုးရမင်းများသိအောင် ဆန္ဒပြကြလေသည် ။
အစိုးရအဖွဲ့သစ်တွင် ဝန်ကြီးရာထူး လက်ခံသွားကြသော အမတ်များ၏ ပိုမိုပြင်းထန်သော
ကန့်ကွက်ရှုတ်ချပွဲများ ကျင်းပလေသည် ။ အထူးသဖြင့် ဦးစော အား ရွေးကောက် တင်မြှောက်လိုက်သော ဟင်္သာတမြောက်ပိုင်း နယ်တွင် ပြင်းထန်လေသည် ။ သခင်သန်းထွန်း ၊ သခင်စံထွန်းလှ
နှင့် သီချင်းရေးဆရာ ဒဂုံဆရာတင် တို့သည် ဟင်္သာတမြောက်ပိုင်းနယ်တွင် ပိုက်စိပ်တိုက်
လှည့်လည်ဝါဒဖြန့်ကြရာ ဂဠုန်အင်အား ပြိုလေသည် ။
ဝန်ကြီးဦးထွန်း အား ရွေးကောက်လိုက်သော ဓနုဖြူ တွင် လူ ၂ဝဝဝ စည်းဝေး၍ ဦးထွန်း အား
သူပုန်ဟု ကြေညာလေသည် ။ အစည်းအဝေးကျင်းပနေဆဲ ဓနုဖြူ တို့ဗမာအစည်းအရုံး ဥက္ကဌ
သခင်ဗသိန်း နှင့် အတွင်းရေးမှူး သခင်မြသန်း တို့အား ပုဒ်မ ၁ဝ၇ အရ သမ္မာန်ပေးလေရာ
' ငါတို့သည် မဟာသာကီမင်းမှ ဆင်းသက်သော မင်းမျိုးမင်းနွယ် မင်းသွေးရှိသူများဖြစ်၍ ရိုးရိုးတန်းတန်း ခေါ်ခြင်းဖြင့် မလိုက်နိုင် ။ ဝေါ ၊ ခြွေရံ စသည်တို့နှင့် လာခေါ်မှ လိုက် မည် ' ဟု
သခင်မြသန်း က ပြောလွှတ်လိုက်ပြီး ရုံးကို သပိတ်မှောက်နေကြလေသည် ။ နောက် အာဏာဖီဆန်မှုဖြင့် သခင်ဗသိန်း နှင့် သခင်မြသန်း တို့အား ဖမ်းဆီးသောအခါ လူနှစ်ထောင် ဂါတ်ကို
ဝိုင်း၍ လွှတ်ပစ်ရန် ဆူပူကြလေသည် ။
သို့ကလို တစ်ပြည်လုံး လှုပ်ရှားနေချိန်တွင် ကျွန်တော်သည်လည်း လှုပ်ရှားနေပေသည် ။
ကျွန်တော်တို့ ကျောင်းသားများ၏ စည်းရုံးရေးလုပ်ငန်းများတွင် ဇောက်ချ၍ လုပ်နေရင်းက
တောင်သူလယ်သမား အလုပ်သမားနှင့် မြို့သူမြို့သားတို့၏ လှုပ်ရှားစည်းရုံးမှု များတွင်လည်း
စိတ်မဝင်စားဘဲ မနေနိုင်ပါ ။
တစ်နေ့တွင် ကျွန်တော်သည် မြို့ပေါ်ရှိ သပိတ်တားရာ နေရာများကို လိုက်ကြည့်သည် ။
ကုန်သည်လမ်း ဘီအိုစီ စသော အင်္ဂလိပ် ကုမ္ပဏီကြီးများရှေ့တွင် သပိတ်တားနေကြသည်ကို
ကြည့်ပြီးနောက် အာရ်အီးတီ ဓာတ်ရထား နှင့် ထရော်လီများကို သပိတ်တားသည့် နေရာသို့
ရောက်သွားလေသည် ။ ပန်းဆိုးတန်း နှင့် မောင်ဂိုမာရီလမ်း ထောင့်တွင် ဓာတ်ရထားကို သပိတ်တားကြလျက် ဖရေဇာလမ်း နှင့် ပန်းဆိုးတန်းလမ်း ထောင့်တွင် ထရော်လီကို သပိတ်တားကြလေသည် ။
နံနက် ၁၁ နာရီ ကျော်ကျော် ဖြစ်သည် ။ နေသည် ကျွတ်ကျွတ်လွတ်လွတ်ကြီး ပူနေပြီ ။
သပိတ်တားများကို ကြည့်နေကြသော ပရိသတ်ကြီးမှာ လမ်းဘေးတွင် ပြည့်ညှပ်နေ၏ ။
သပိတ်တားကြသူများတွင် ရွှေတိဂုံသပိတ်စခန်းမှ သပိတ်မှောက် အလုပ်သမား ၊ အာရ်အီးတီ
သပိတ်မှောက် အလုပ်သမားများသာမက ကန်တော်လေး မသန်းရှင်ဆေးလိပ်ရုံ ၊ မခင်စော
ရွှေလက်ဝါးဆေးလိပ်ရုံ နှင့် မစိန်ညွန့်ဆေးလိပ်ရုံ မှ အမျိုးသမီးများ နှင့် အခြား အမျိုးသမီးများ
ပါလေသည် ။ ၎င်းပြင် သိမ်ဖြူတိုက်နယ် ရဲရဲတောက် ရဟန်းပျိုများလည်း အထက်ပါ
အမျိုးသမီးများအား ခေါင်းဆောင်၍ သပိတ်တားကြလေသည် ။
သပိတ်တားသူများအား ရေတိုက်ခြင်း ၊ ဆေးလိပ်တည်ခြင်း ၊ နေပူမှ အကာအကွယ်ရှာပေးခြင်း
စသော ဝေယျာဝစ္စ ဆောင်ရွက်ပေးနေကြသူများမှာ ဒီးဒုတ်ဒေါ်လှမေ ဦးစီးသော မြန်မာပြည်
လွတ်လပ်ရေး အမျိုးသမီးအဖွဲ့ချုပ်ဝင်များ ဖြစ်သည် ။ လွတ်လပ်ရေး အမျိုးသမီးများတွင်
ဒေါ်ညွန့် နှင့် သမီး မခင်သစ် ကိုလည်း တွေ့မြင်ရသည် ။ သူတို့က ကျွန်တော့်အား မမြင်ကြ ။
သူတို့ဘာသာ အလုပ်များနေရာ ကျွန်တော်သည် ခပ်လှမ်လှမ်းမှ အကဲခတ်၍ ကြည့်နေလေသည် ။
ဒေါ်ညွန့် သည် ဒန်အိုးကြီးတစ်လုံးတွင် လိုင်းမဂျူးစ်ဖျော်ရည် ဖျော်နေသည် ။ မခင်သစ် က
သူ့အမေ အနီးမှာ မတ်တတ်ရပ်၍ ကြည့်နေသည် ။ အခြားအမျိုးသမီးများမှာ ရေခဲ ခွဲသူ ခွဲ၍
ဖန်ခွက် ဆေးသူက ဆေးနေကြ၏ ။ အိပ်လျက် တစ်ဖုံ ၊ ရပ်လျက် တစ်နည်း သပိတ်တားနေကြလေသည် ။ ထီးမိုးပေးသူပေး၍ အဝတ်ကာပေးသူ ပေးနေကြ၏ ။
ဒေါ်ညွန့် သည် ရေခဲတုံးကြီးများကို ဖျော်ရည်အိုးထဲထည့်ပြီး ခွက်တစ်ခုဖြင့် မွှေရာ ကျွန်တော်
အနီးကပ်လာသည်ကို မမြင်ပေ ။ မခင်သစ် ကလည်း မမြင်သေး ။
“ ဒေါ်ဒေါ် ၊ သပိတ်တားတွေ ဖျော်ရည်အေးအေးကို သောက်လိုက်ရရင် ကိုယ်ရောစိတ်ရော
အားတက်သွားကြမှာပဲ ”
ကျွန်တော်က သို့ကလို အသံပြုလိုက်တော့မှ သားအမိ နှစ်ယောက်စလုံး ကျွန်တော့်အား
လှမ်းကြည့်ကြသည် ။ မခင်သစ် က ကျွန်တော့်အား ပြုံးပြနေစဉ် ဒေါ်ညွန့် က -
“ ဟေ့ မောင်တင်ထွန်း ပါလား ၊ မင်းတို့ ကျောင်းသားတွေ သပိတ်လှန်ပေမယ့် အလုပ်သမားတွေက
သပိတ် မလှန်သေးဘူးကွ ”
ကျွန်တော်သည် ဒေါ်ဒေါ့် အား အသင့်လျော်ဆုံးသော စကားလုံးဖြင့် ချေပရန် စဉ်းစားနေခိုက်
မခင်သစ် က ကျွန်တော့်အား ပြုံး၍သာ ကြည့်နေသည် ။ အပြုံးကြားမှ ပင်ပန်းနွမ်းလျနေခြင်းကို
သတိပြုမိသည် ။
“ ထိုးချင်တဲ့ ဆင် တစ်လှမ်းဆုတ်တဲ့ ဒေါ်ဒေါ် ”
ဒေါ်ဒေါ် သည် ရှေ့သွားဖုံးပေါ်သည့်တိုင်အောင် ပြုံးလိုက်ပြီး လက်ကမူ ဖျော်ရည်အိုးတွေ မွှေရင်း -
“ ကောင်းပါလေ့ မောင်ရယ် ၊ အဲဒီ ဆင်တွေ တစ်လှမ်းဆုတ်ပြီး ထိုးတဲ့အခါကျရင် ဒေါ်ဒေါ် တို့က
ကြံ လာကျွေးမယ် ဟဲ ဟဲ ”
“ ဒေါ်ဒေါ်တို့ ဥက္ကဌတော့ ပါလာတယ် ၊ အတွင်းရေးမှူး ခင်မျိုးချစ် တော့ မတွေ့ပါကလား ”
ဒေါ်ဒေါ် လေသံ တိုးတိုးဖြင့်
“ အေး ၊ ဒီ စာရေးဆရာမ ကို ပုလိပ်က အလိုရှိနေတယ်ကြားလို့ ရှောင်နေတယ် ”
ထို့နောက် ဒေါ်ညွန့် သည် သူ့အမျိုးသမီးများအား သပိတ်တားများကို ဖျော်ရည်တိုက်ရန် စီစဉ်ပေးနေလေသည် ။ မခင်သစ် သည် လက်တစ်ဖက်လျှင် ဖျော်ရည်တစ်ဖန်ခွက်စီ ကိုင်လျက်
ခေါက်တုံ့ခေါက်ပြန် အလုပ်များနေလေသည် ။
ကျွန်တော်သည် ဝဲ နှင့် ယာ မှ ရပ်နေကြသော အာရ်အီးတီ ထရော်လီကားများကို ကြည့်ပြီး
အင်္ဂလိပ်အရင်းရှင် စက်ယန္တရားကြီး တစ်ခုလုံး ရပ်နေသည်ဟု ထင်မှတ်လိုက်သည် ။ သပိတ်တားနေသော အလုပ်သမားများနှင့် အမျိုးသမီးများအား ပွေ့ဖက် မွှေ့ယမ်းပြီး ကျွန်တော့်ခေါင်းပေါ်သို့
မြောက်တင်လိုတော့သည် ။ သူတို့အား ဖျော်ရည်လိုက်တိုက်နေသော မခင်သစ် နှင့် ကျွန်တော်တို့၏ အသည်းနှလုံးတို့သည် တစ်ခုတည်းသော ဟဒယရုပ်ဝတ္ထုအိမ်တွင် ကိန်းဝပ်နေကြပြီဟု
ထင်လိုက်သည် ။
အတန်ကြာသောအခါ မခင်သစ် သည် ဖန်ခွက် ၂ လုံး ကို သူ့အမေလက်သို့ ပေးရင်း မျက်စိမှေး
ထားကာ -
“ မေမေ သစ်သစ် ခေါင်းနည်းနည်း မူးတယ် ”
ဒေါ်ဒေါ် သည် ပျာလောင်ခတ်သွားသည် ။ မခင်သစ် အနီးမှာ သွားရပ်ပြီး -
“ သမီး ထိုင်လိုက် ထိုင်လိုက် ၊ မေမေ ပြောသားပဲ မဟုတ်လား ၊ မလိုက်ခဲ့ပါနဲ့လို့ ”
မခင်သစ် သည် သူ့မိခင် ၏ ဖေးမခြင်းဖြင့် သူ့မိခင် နှင့်အတူ ထိုင်ချလိုက်ပြီး လက်နှစ်ဖြင့်
သူ့ခေါင်းသူ ကိုင်ထားသည် ။ ပျာပျာသလဲဖြစ်သွားသော ကျွန်တော်သည်လည်း သူတို့ သားအမိ
အနီးမှာ ရပ်နေရာမှ ဒေါ်ဒေါ် က ကျွန်တော့်အား မော့ကြည့်ရင်း -
“ ဒေါ်ဒေါ် က သစ်သစ် ကို မလိုက်ခဲ့ဖို့ ပြောတယ်ကွဲ့ ၊ ပြောမရဘူး ” ။ အခြားတစ်ဦးက သွေးဆေး
လာပေးသည် ။
မကြာခင်တွင် မခင်သစ် သည် အမူးပျောက်သွားပြီး ခေါင်းကိုင်ထားသော လက်နှစ်ဖက်ကို
လွှတ်လိုက်ကာ -
“ ကိစ္စမရှိပါဘူး မေမေရာ ၊ ပျောက်သွားပါပြီ ”
သွေးဆေးလာပေးသော အမျိုးသမီးက -
“ သစ်သစ် အိမ်ပြန်နေရင် ကောင်းမယ်ကွယ် ၊ နေကလည်း သိပ်ပူတယ် ”
ဒေါ်ဒေါ် က ကျွန်တော့် အား အားကိုးတစ်ခုအဖြစ်ဖြင့် မော့ကြည့်ပြီး -
“ ဒေါ်ဒေါ် တော့ သစ်သစ် ကို ပြန်ပို့ချင်တာပဲ ၊ မောင်တင်ထွန်း စီစဉ်နိုင်မလား ”
“ ကျွန်တော် လိုက်ပို့မယ် ဒေါ်ဒေါ် ၊ တက္ကစီတစ်ခုလောက် သွားခေါ်ဦးမယ် ”
ဒေါ်ဒေါ့် အဖြေကိုမျှ မစောင့်တော့ဘဲ ကျွန်တော် သည် လန်ချားကို အပြေးနှင်၍ ပေငါးဆယ်သို့
လာခဲ့သည် ။ အဆင်သင့်ပင် ကျွန်တော်တို့၏ မိတ်ဆွေကြီး ကိုစံပ နှင့် တွေ့ရပေသည် ။ ကိုစံပ ၏
မော်ရစ် ( စ ) ကားစိမ်း ကလေးကို စီးပြီး ဒေါ်ဒေါ် တို့ဆီ ပြန်ရောက်သောအခါ မခင်သစ် သည်
ထူထူထောင်ထောင် ဖြစ်နေလေပြီ ။
“ အိမ်ပြန်ဖို့တောင် မလိုတော့ပါဘူး မေမေရယ် ”
“ အို သမီးကလည်းကွယ် ပြန်မှ ဖြစ်မယ် ။ ကဲ - မောင်တင်ထွန်း ရေ အိမ်ပြန်ပို့လိုက်ပါကွယ် ၊
သူ့အဖေတော့ ရှိမယ် မထင်ဘူး ၊ အိမ်မှာ သူ့ဒေါ်ကြီးတော့ ရှိပါတယ် ”
“ ကဲ - လာ မခင်သစ် ”
မခင်သစ် သည် ကျွန်တော့်နောက် မှ ခပ်ယို့ယို့ လိုက်လာလေသည် ။
မခင်သစ် အား ကားနောက်ခုံမှာ အထိုင်ခိုင်းပြီး ကျွန်တော်သည် ရှေ့ခုံတွင် ကိုစံပ ဘေးက ထိုင်၍
လိုက်ပေသည် ။
ကျွန်တော်က နောက်လှည့်၍ -
“ ခုဘယ့်နှယ် နေသေးသလဲ သစ်သစ် ”
“ ဘာမှ မဖြစ်တော့ပါဘူး ဆရာရဲ့ ”
“ နေကလည်းပူ ပင်ကိုကလည်း အားနည်းတော့ မူးတာပေါ့ သစ်သစ် ရယ် ၊ အပင်ပန်းလည်း
သိပ်မခံနဲ့ ၊ အားရှိအောင်လည်း အားတိုးဆေးကလေး ဘာလေး မှန်မှန် စားမှပေါ့ ”
“ အသစ် စတုမဓူ မှန်မှန် စားနေတယ် ”
“ ကိုယ်လက်လှုပ်ရှား ကျန်းမာရေးလည်း မလုပ်ဘူးလား ”
“ မလုပ်ဘူး ဆရာ ”
“ အို လုပ်မှပေါ့ ၊ ဘာမှ မကစားတတ်ရင် လမ်းလျှောက်ရမယ် ၊ သစ်သစ် ကို ကြည့်ရတာ နေထိမခံတဲ့ မိန်းကလေးလိုပဲ ”
“ ကုသိုလ်ကံပေါ့ ဆရာရယ် ”
“ အို သစ်သစ် ကလည်း အရာရာမှာ ကံကို ပစ်မချရဘူး ။ ကံ ၊ စိတ် ၊ ဥတု ၊ အာဟာရ လို့ ဆိုတယ်
မဟုတ်လား ”
“ ဟုတ်ကဲ့ ၊ အကြောင်းလေးပါး ညီညွတ်အောင် ကြိုးစားပါ့မယ် ”
သစ်သစ် က မပွင့်တပွင့် ပြုံးနေသည် ။ ရေကျော်လမ်းထဲသို့ ကားချိုးဝင်ခဲ့ပြီ ။
“ သစ်သစ် တို့ အိမ်က အဒေါ်ကြီး က ဘယ်သူလဲ ၊ သစ်သစ် အဖေ ရဲ့ အစ်မနဲ့ တူတယ် ”
“ ဟုတ်တယ် ဆရာရဲ့ ။ ဆရာက ရုပ်ကို ဖမ်းပြီး မှန်းတယ် ထင်ပါရဲ့ ။ သစ်သစ် အဒေါ်ကြီး ရဲ့
နာမည်က မရွှေသစ် တဲ့ ။ သစ်သစ် မွေးတော့ သူကပဲ မခင်သစ် လို့ နာမည် ပေးခဲ့တာတဲ့ ”
“ ဪ ဟုတ်လား ၊ ကိုစံပ ဟောဟို အိမ်ရှေ့ကို ရပ်ဗျို့ ”
မခင်သစ် တို့ အိမ်ရှေ့တွင် မရွှေသစ် က ဆီးကြိုနေသည် ။
“ အလို မခင်သစ် ပြန်လာပြီလား ၊ ညည်းအမေကော ဘယ် သဝေထိုး ကျန်ရစ်ခဲ့သလဲ ”
သစ်သစ် သည် သူ့ အဒေါ်ကြီး ဘယ်ဘက်လက်ကို ကိုင်ဆွဲထားလိုက်ပြီး -
“ သပိတ်တားရာမှာ နေရစ်တယ် ရွှေရွှေ ရဲ့ ၊ သစ်သစ် လေ ခုနင်မူးနေလို့ ၊ ဒါနဲ့ မေမေ က
အိမ်ပြန်တော့ဆိုပြီး ဟောဒီက ကိုတင်ထွန်း ကို အပို့ လွှတ်လိုက်တာ ”
ကျွန်တော် က ဒေါ်ရွှေသစ် အား အရောဝင် ဖော်ရွေစွာ ကြည့်ပြုံးနေသည် ။ ဒေါ်ရွှေသစ် ကား
ကျွန်တော့် ကို စိမ်းစိမ်းကြီး ကြည့်နေလေရာ ကျွန်တော့် စိတ်တွင် သူ့တူမ ကို ကျွန်တော့်အား
အပ်လွှတ်လိုက်သော ယောက် မ ကို အပြစ်တင်နေခြင်းပေလော ၊ သို့မဟုတ် သည်အရွယ် သူငယ်မ
ကလေး နှင့် သည်အရွယ် သူငယ်ကလေးတို့ အရောဝင်သည်ကို အားမပေးလို သဘောမကျလို
သဖြင့်လော ဟူ၍ သို့လောသို့လော ဖြစ်နေလေသည် ။ ကျွန်တော့်အား စိုက်ကြည့်နေသည်ကို
မခံနိုင်အောင် ဖြစ်နေပြီး မျက်နှာလွှဲကာ ပြန်သွားတော့မည့်ဟန် ပြင်လိုက်သည် ။
“ ဒီသူငယ် အိမ်ကို ရောက်ဖူးတယ် ထင်တယ် ”
ကျွန်တော် -
“ ဟုတ်ပါတယ် ၊ အခေါက်ခေါက် ရောက်ဖူးပါတယ် ။ အဒေါ် နဲ့လည်း တွေ့ဖူးပါတယ် ”
“ အေး အေး မှတ်မိပြီ ”
“ ကျွန်တော် ပြန်တော့မယ် ”
“ အို နေဦးလေကွယ် ၊ ခဏ ဝင်ပါဦးလား ၊ ဟဲ့ - သစ်သစ် ခေါ်လေ ”
“ ဆရာ အိမ်ပေါ်တက်ပါဦး ”
ကျွန်တော်ကား မဆွတ်ခင်က ညွတ်ချင်ပါသည် ။
ကျွန်တော်သည် ကိုစံပ ထံ သွား၍ ငွေသုံးကျပ် ထုတ်ပေးပြီး ပြန်ချင်လျှင် ပြန်ရန် ပြောသည် ။
တစ်နေ့လုံးငှားလျှင် ၈ ကျပ် နှင့် ဓာတ်ဆီဖိုး သာ ပေးရလေရာ ၃ ကျပ် သည် ရက်ရောသော ပေးခြင်းဖြစ်သည် ။ ကိုစံပ က -
“ ဟာ ဒီ နဲ့ ဒီ ဘာဝေးတာ လိုက်လို့ ၊ မယူပါဘူး ။ ဒီကနေပြီး ကျောင်းပြန်မလား လိုက်ပို့မယ်လေ ။
ဘယ်တော့လောက် ပြန်ခဲ့ရမလဲ ” ဟု ဆိုလေသည် ။
“ ဟာနေပါစေ ၊ ကျွန်တော် ဒီအတိုင်း ပြန်ပါ့မယ် ”
ကိုစံပ ထွက်သွားသောအခါ မခင်သစ် နောက်သို့ လိုက်၍ အိမ်ပေါ်သို့ တက်ခဲ့လေသည် ။
ဒေါ်ရွှေသစ် က နောက်ဆုံးမှ လိုက်လာသည် ။
“ တက်ကြ ၊ တက် တက် ၊ ငါ နံကထိုင်တွေ လုပ်ထားတယ် ၊ ကျွေးရဦးမယ် ”
လှေကားမှ တက်ပြီး ထိပ်တိုက်ဧည့်ခန်းသို့ ရောက်လျှင် မခင်သစ် က -
“ ထိုင်ပါဦး ဆရာ ” ဟု ကုလားထိုင်တစ်ခုကို ရိုသေစွာညွှန်ပြပြီး နောက်ဖေးခန်းဆီသို့ ဝင်သွားသည် ။ ကျွန်တော်သည် လမ်းဘက် ကျောပေးလျက်ထိုုင်ကာ ဗန္ဓုလဂျာနယ်ကို ဆွဲဖတ်လိုက်သည် ။
ခေါင်းကြီးပိုင်း စာမျက်နှာကို လှန်လိုက်သည်ဆိုလျှင်ပင် ကွင်းကွင်းကွက်ကွက် အထူးလုပ်ပြီး
ဖော်ပြလိုက်သော တောင်းပန်စာသို့ မျက်စိရောက်သွားပေသည် ။
တောင်းပန်ခြင်း
ဗန္ဓုလဂျာနယ် ၂၃ - ၂ - ၃၈ နေ့ထုတ်တွင် ဒီးဒုတ်ဦးဘချို အား တရုတ်များက
ငွေတစ်သိန်း ပေးသည်ဟု ခေါင်းစဉ်တပ်၍ ရေးသား ပါရှိသော သတင်းမှာ
အလျှင်းမမှန်သော သတင်းဖြစ်၍ ဦးဘချို အား ဂုဏ်သရေကို များစွာ
ထိခိုက်နေသည့်အတွက် ကျွန်ုတို့က များစွာ ဝမ်းနည်းပါကြောင်း ။
ထိုသတင်းကို ရုပ်သိမ်းလိုက်ပါကြောင်း ။
( ပုံ ) ဘိုးမင်း
ဗန္ဓုလ
ဒီးဒုတ်ဦးဘချို သည် ဂျပန်စစ်ဝါဒီတို့က တရုတ်ပြည် အား ကျူးကျော်တိုက်ခိုက်သည်ကို
ကန့်ကွက်ရှုတ်ချခဲ့၏ ။ ခုခံတိုက်ခိုက်နေသော တရုတ်ပြည်ဘက် မှ ဒီးဒုတ်ဂျာနယ်တွင် အားပေးရေးသားရုံမက အရပ်ရပ်တွင် တရားဟောစင်တက်၍လည်း ဟောပြောသေးသည် ။ ဂျပန်
ကျူးကျော်မှုကို ကန့်ကွက်သောအားဖြင့် ဂျပန်ကုန်များကို သပိတ်မှောက်ရန်လည်း လှုံ့ဆော်ခဲ့သည် ။ ဗန္ဓုလဂျာနယ် ကား ဒေါက်တာဘမော် ၏ ဆင်းရဲသားပါတီတွင် ခေါင်းဆောင်တစ်ဦးဖြစ်သူ
ဦးစိန် ၏ ဂျာနယ်ဖြစ်လေသည် ။ ဦးဘချို သည် ဒေါက်တာဘမော် အစိုးရ အား ဆန့်ကျင်သူလည်း
ဖြစ်လေသည် ။ ထိုစဉ်က ဂျပန်အား အားကိုးလိုလားနေသော သူတို့သည် ဂျပန်ကျူးကျော်မှု
ဆန့်ကျင်ရေးလုပ်သူများကို မလိုမုန်းထားနေကြသည် ။ ဂျပန်ကျူးကျော်မှုကို တိုက်ရိုက် မထောက်ခံရဲဘဲ ဂျပန်ကျူးကျော်မှု ဆန့်ကျင်သူတို့အား ပုဂ္ဂိုလ်ရေး စွပ်စွဲချက်များဖြင့် အမနာပ ရေးသား
ပြောဆိုကြလေသည် ။ ဦးဘချို အား တရားအားထုတ်သူ ( တရုတ်အားထားသူ ) ဟု သရော်ကြသည် ။ ဗန္ဓုလ ကမူ တရုတ်များက ငွေတစ်သိန်း ပေးသည်ဟုပင် စွပ်စွဲလေသည် ။
ပီမိုးနင်း ၏ ဝတ္ထုတစ်ပုဒ်ကို ဖတ်နေစဉ် မခင်သစ် ပြန်ထွက်လာ၏ ။ မခင်သစ် ကား မျက်နှာသစ်
လာခဲ့သည် ။ မျက်နှာသစ်ပြီး ပေါင်ဒါကလေးမျှ မတို့ခဲ့သဖြင့် မျက်နှာမှာ ပြောင်တင်းနေသည် ။
ကုပ်ပေါ်နှင့် ဆံတောက်မြိတ်များတွင် ရေစိုလျက်ပင် ရှိသေးသည် ။ နှာရောင် အနည်းငယ်
ကောက်သည် ထင်မိသဖြင့် မျက်နှာကို စေ့စေ့ကြည့်လိုက်သောအခါ နှာရောင်ကောက်ခြင်း၏
အရိပ်အယောင်ကိုပင် မတွေ့တော့ချေ ။ လန်းဆတ်သော မျက်နှာသည် ချိုပြုံးခြင်းဖြင့် ထွန်းပနေသည်ကိုသာ တွေ့နေရတော့သည် ။ ကျွန်တော် စေ့စေ့ကြည့်သည်ကို မခင်သစ် သည် ကြာရှည်
ခံနိုင်ခြင်း မရှိသဖြင့် မျက်လွှာချ၍ လက်မထိပ်ဖြင့် လက်သန်းလက်သည်းခွံကို ပွတ်တိုက်နေလေသည် ။
သို့ဖြင့် စကားမပြောဘဲ ငြိမ်နေကြရာ အတန်ကြာသွားပေသည် ။ ဤသို့ မိန်းကလေး နှင့်
ယောကျာ်းလေး နှစ်ယောက်တည်းတွေ့စဉ် စေ့စေ့ကြည့်မိကြရာမှ မျက်လွှာချပြီး စကားမပြောဘဲ
ငြိမ်နေခြင်းသည် စိတ်ကို များစွာလှုပ်ရှားစေသည် ။ ပါးစပ်က လှုပ်ရှားပေးမှ စိတ်က ငြိမ်သွားနိုင်သည် ။
ထို့ကြောင့် ကျွန်တော် က မခင်သစ် အား ဗန္ဓုလဂျာနယ်ကို ညွှန်းပြီး -
“ တွေ့လား မခင်သစ် ၊ ဗန္ဓုလက ဒီးဒုတ်ဦးဘချို ကို ဝန်ချတောင်းပန်နေပြီ ”
“ တွေ့တယ် ဆရာ ၊ သတင်းစာတွေထဲမှာလည်း ထည့်ပေးရတယ် ။ မတောင်းပန်ရဘဲ နေမလားဆရာ
ဦးလေးဦးဘချို တို့က အသရေဖျက် မှု နဲ့ တရားစွဲလိုက်တာကိုး ။ မဟုတ်တာတွေ အသားလွတ်
ရေးထားတော့ ဗန္ဓုလ တရားရှုံးဖို့ သေချာတယ် ၊ လျော်ကြေးပေးရဖို့ သေချာတယ် ၊ ဒါကြောင့်
တောင်းပန်တာ ဆရာ ”
“ အင်း လူတွေဟာ လုပ်ကြံစွပ်စွဲတဲ့နေရာမှာဖြင့် သိပ်လေ့ကြတာပဲ ။ ကိုယ်နဲ့ သဘောအယူအဆ
မတူရင် အဲဒီ အယူအဆ မတူကြတာကို ဓမ္မဒိဠာန်ကျကျ ပြန်လည်ချေပခြင်း မပြုတတ်ကြဘူး ။
ပုဂ္ဂိုလ်စွဲ ကလော်တုတ်ဖို့ပဲ တတ်ကြတယ် ၊ ခေါင်တွေးပြီး စွပ်စွဲချက်အမျိုးမျိုး လုပ်ကြတယ် ”
“ ဟုတ်တယ် ဆရာ ၊ သစ်သစ် ဖြင့် အဲဒီ ပုဂ္ဂိုလ်စွဲနဲ့ ကလော်တုတ်တာတွေ အားကြီးမုန်းတာပဲ ။ ခုဆို
ကြည့်ပါဦး ၊ နေရာတကာမှာ ကလော်သံ စွပ်စွဲသံတွေနဲ့ချည်း ဆူနေတာပဲ ”
“ အင်း ၊ ကိုလှရွှေ ကို တစ်ခါတုန်းက အာဏာရှင် အာဏာရှင် လို့ ခေါ်သူအချို့ဟာ အခုတော့
ခွာနာရှင်လို့ ခေါ်နေကြတယ် ။ တေ့တေ့ဆိုင်ဆိုင် ကိုလှရွှေ တို့ရဲ့ သဘောအယူအဆကို ဝေဖန်နိုင်သလားဆိုတော့ မဝေဖန်နိုင်ဘူး ၊ ကိုလှရွှေ ဟာ ဝန်ကြီးချုပ်သမ က် ဖြစ်ချင်လို့ ဆိုပြီး
ကြံကြံဖန်ဖန် စွပ်စွဲတယ် ။ တကယ်ကတော့ ကိုယ်တို့ အတွင်းသိပါ ၊ ကိုလှရွှေ မှာ သူ့ရည်းစားနဲ့
သူ ရှိတယ် ”
“ ဪ ရည်းစားရှိသတဲ့လား ဆရာ ”
ထိုသို့ ပြောနေကြစဉ် နောက်ဖေးဆောင်ဆီမှ မခင်သစ် ၏ အဒေါ် ဒေါ်ရွှေသစ် ထွက်လာသည် ။
ကျွန်တော်သည် ဒေါ်ရွှေသစ် ဘယ်တုန်းက အိမ်ပေါ်ရောက်နေသည်ကို မသိလိုက်သဖြင့် အံ့ဩ
သွားရသည့်အထဲ မခင်သစ် နှင့် ပြောရာတွင် ရည်းစားဆိုသော စကားလုံးပါသွားကာ နားစွန်နားဖျားကြားပြီး အထင်လွဲသွားမှာလေလားဟုလည်း ထိတ်လန့်မိပေသည် ။ မခင်သစ် မှာမူ ဘယ်
အကြောင်းကြောင့်မျှ ထိတ်လန့်ပုံ မပေါ်ပေ ။
ဒေါ်ရွှေသစ် နောက် မှ အခိုင်းအစေ မိန်းမတစ်ယောက်သည် နံကထိုင် ဖန်ခွက် ၂ လုံးတင်ထားသော
ဗန်းကလေးကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ ခပ်ကုန်းကုန်း လိုက်ခဲ့သည် ။ ထိုမိန်းမ သည်
ကျွန်တော့်ရှေ့ တစ်ဖန်ခွက် ။ မခင်သစ် ရှေ့ တစ်ဖန်ခွက် ချပေးနေစဉ် ဒေါ်ရွှေသစ် က -
“ ကဲ သောက်လိုက်ကြ ။ သစ်သစ် ကုန်အောင်သောက်နော် ၊ နေပူမိလို့ ပင်ပန်းပြီး မူးခဲ့တယ်
မဟုတ်လား ။ နံကထိုင်ဟာ ရင်အေးမယ် ၊ အားရှိမယ် ကြားလား ။ ကုန်အောင်သောက် ၊ ဟဲ့ မယ်ခင်
သစ်သစ် ကုန်အောင် မသောက်ရင် ငါ့ လာပြောလှည့် ”
စသည်ဖြင့် ပြောရင်းဆိုရင်း လှေကားထစ်များတွင် ဆင်းနေလေသည် ။ ကျွန်တော်သည်
ဒေါ်ရွှေသစ် အား မျက်စိတဆုံး လိုက်ကြည့်နေမိသည် ။
“ မခင်သစ် အဒေါ်ဟာ ဘယ်တုန်းက အိမ်ပေါ်ရောက်နေတာတုံး ၊ ခုနင်က ကိုယ်တို့ကိုသာ
အပေါ်တက်ကြခိုင်းပြီး သူက အောက် မှာ နေရစ်ခဲ့တယ် မဟုတ်လား ”
“ ဟုတ်တယ် ဆရာ ၊ နောက် မှ နောက်ဖေးလှေကားက တက်လာတာ ”
“ ဪ အိမ်နောက်ဖေးမှာ လှေကားရှိသေးတာကိုး ”
“ ဒါထက် သစ်သစ် ရဲ့ အဒေါ်ဟာ ခုထိ သစ်သစ် ကို ရိုက်တုန်းလား ”
ကျွန်တော့် အမေး ကျွန်တော် သဘောကျပြီး ခစ်ခနဲပင် ရယ်လိုက်မိသည် ။ မခင်သစ် က အားပါးတရ
ပြုံးလိုက်ပြီး -
“ ရိုက်တော့ မရိုက်ပါဘူး ၊ ခဏခဏတော့ ဆူတယ် ၊ ပြီးတော့ ခုထိ သစ်သစ် ကို ကလေးထင်နေတာ
ဆရာရဲ့ ။ ကဲ ကဲ သောက်လိုက်ပါဦး ”
ကျွန်တော်သည် ဖန်ခွက်ကောက်ကိုင်ပြီး သောက်တော့မည် လုပ်ပြီးမှ ဖန်ခွက်ကိုပင် မကိုင်သေးသော မခင်သစ် အား -
“ သစ်သစ်လည်း သောက်လေ ”
“ သောက်ပါ ဆရာရဲ့ ၊ ဆရာ စသောက်ပါ ”
ကျွန်တော်သည် တစ်ဇွန်းသောက်ပြီး -
“ ကဲလေ သစ်သစ် လည်းသောက် ၊ နို့မဟုတ်ရင် ကိုယ်ပဲ ဒေါ်ရွှေသစ် ဆီ သွားတိုင်လိုက် မယ်
သိလား ဟဲ ဟဲ ”
သည်တော့မှ သစ်သစ် လည်း ရယ်ပြီး ဖန်ခွက်ကို ကောက်ကိုင်လေတော့သည် ။ ကျွန်တော်က
တစ်ခွက်လုံး သောက်ပြီးသောအခါ သစ်သစ် မှာ တစ်ဝက် မျှ ကုန်သေးသည် ။ သစ်သစ် က
ဖန်ခွက်ကို ချထားပြီး -
“ ဆရာ စာမေးပွဲ ဖြေဦးမလား“ ဟု မမျှော်လင့်သောမေးခွန်းကို ထုတ်လိုက်သည် ။ ကျွန်တော့်မှာ
ဤမေးခွန်းကို မျှော်လင့်မထားသည်သာမက ဖြေရန်အဆင်သင့်လည်း မရှိသေးချေ ။ စာမေးပွဲ
ဖြေမည် မဖြေမည်ကို လည်းကောင်း ၊ ကျောင်းဆက် တက် မည် မတက်မည် ကိုလည်းကောင်း
ယတိကျ ဆုံးဖြတ်ထားခြင်း မရှိသေးချေ ။
“ မပြောတတ်သေးဘူး သစ်သစ် ရယ် ”
အမှန်မှာ ဖြေရန်စာရင်းပေးပြီး ဖြစ်၏ ။ တကယ် ဝင်ဖြေရန် မဖြေရန်သာ မဆုံးဖြတ်ရသေးခြင်း
ဖြစ်သည် ။
“ ကျွန်ပညာတွေ ၊ ကျွန်အမြီးဘွဲ့တွေ ၊ ဒီဂရီတွေ ရလို့လည်း အပိုပါပဲ ဆရာရယ် ။ စာမေးပွဲ
ဖြေမနေပါနဲ့တော့ ”
“ ဒီလိုလည်း ပုံသေထားလို့ မဖြစ်ဘူး ။ ခုအခါမှာ ကျွန်ပညာဆိုပြီး မသင်ဘဲထားရင် ဘာမှ တတ်မှာ
မဟုတ်တော့ဘူး ၊ ကျွန်ပညာကို တတ်ပြီး ကျွန်ပညာမှန်း သိဖို့သာ လိုတယ် ၊ အဲဒီလို သိတော့မှလည်း
ကျွန်ပညာကို သခင်ပညာဖြစ်အောင် လုပ်နိုင်မယ် ”
သို့ကလို ပြောပြီး မခင်သစ် အား အကဲခတ်၍ ကြည့်လိုက်သည် ။ ကလေးသူငယ် ပုံနားထောင်သလို
နားထောင်နေသည် ။ ထို့ကြောင့် ကျွန်တော်က ဆက်ပြီး ကျွန်ပညာ သခင်ပညာများအကြောင်း ၊
ကျောင်း တစ်ခါတည်း ထွက်ထိုက် မထွက်ထိုက်အကြောင်း ၊ ၉၁ ဌာန အုပ်ချုပ်ရေး မပျက် မချင်း
သပိတ်မှောက် မည်ဆိုသောလမ်းစဉ် မှားကြောင်းများကို ပြောနေပေသည် ။ သစ်သစ် က စိတ်ပါ
ဝင်စားစွာ နားထောင်သလောက် ကျွန်တော် က စိတ်ပါဝင်စားစွာ ပြောနေသည် မဟုတ်ပေ ။
အတန်ကြာ ပြောပြီးသော် စကားစဉ် ပြောင်းပြစ်ချင်လာလေသည် ။
“ ကဲ ကဲ သစ်သစ် နံကထိုင် ကုန်အောင် သောက်လေ ”
“ သောက် မှာပါ ဆရာရဲ့ ”
“ သောက် မှာဆိုရင် သောက် မှပေါ့ သစ်သစ် ရဲ့ ၊ အကုန်မသောက်ရင် သွားတိုင်မယ် နော် ဟဲ ဟဲ ”
သစ်သစ် က နံကထိုင် သောက်နေစဉ် အောက်ထပ်တွင် ဒေါ်ညွန့်တို့ ပြန်ရောက်လာကြသံ
ကြားရသည် ။
“ ဖမ်းသွားပြန်ပြီ မရွှေသစ်ရေ ” ဟု မိန်းမကြီးတစ်ယောက်က လှမ်းပြောလိုက်သည် ။
“ အေးဟယ် ညည်းပါမသွားသေးတာ တော်သေးတာပေါ့ ” ဟု ဒေါ်ရွှေသစ် က ပြန်ပြောနေ၏ ။
ဒေါ်ညွန့် ကား အပေါ်သို့သာ တက်လာနေသည် ။ သစ်သစ် က လှေကားဝသို့သွားကာ အမေ အား
ကြိုသည် ။ ကျွန်တော်က ကုလားထိုင် မှ မတ်တတ်ထကာ ကြိုသည် ။
“ သမီး ဘယ့်နှယ်နေသေးသလဲ ”
“ လုံးလုံးပျောက်သွားပြီ မေမေ ”
ဒေါ်ညွန့် သည် ကျွန်တော့်ဘက် လှည့်ကာ သွားကြီးတွေ ဖွေးခနဲပေါ်အောင် ပြုံးပြီး -
“ သမီးတို့ မောင်တင်ထွန်း ကို ဘာကျွေးကြသလဲဟေ့ ”
“ ရွှေရွှေ က နံကထိုင် လုပ်ထားတယ် မေမေ ၊ အဲဒါ တိုက်ပြီးပြီ ”
“ အင်း အင်း ကောင်းတယ် ”
ကျွန်တော် -
“ ဘယ်နှစ်ယောက် ဖမ်းသွားသလဲ ဒေါ်ဒေါ် ”
ဒေါ်ဒေါ် တို့ သပိတ်တား စခန်းမှာတော့ ၃ဝ လောက် ဖမ်းသွားတယ် ၊ တစ်မြို့လုံး ဆိုရင်တော့
နှစ်ရာထက် မနည်းဘူး ကြားတာပဲ ။ ရန်ကုန်ထောင်ကြီးလည်း မဆံ့တော့ဘူး ၊ ယောကျာ်းအကျဉ်း
သမားတွေ အရူးထောင်ပို့ ၊ မိန်းမအကျဉ်းသမားတွေကို သာယာဝတီထောင် ပို့နေတယ် ”
“ ဖိနှိပ်ချုပ်ချယ်မှုတွေက မရပ်တဲ့အပြင် တိုးလာတယ်တောင် ထင်တယ် ၊ အစိုးရအဖွဲ့ ပြောင်းပေမယ့်
ဒါကတော့ မပြောင်းဘူး ဒေါ်ဒေါ် ”
“ အစိုးရအဖွဲ့ ပြောင်းတယ်ဆိုတာက ဘုရင်ခံက မျက်လှည့်ပြတာကိုးကွယ့် ၊ ကဲ ကဲ သစ်သစ် နဲ့
စကားပြောရစ်ဦး ”
ဒေါ်ဒေါ် သည် အိမ်ခန်းထဲသို့ ဝင်သွားသည် ။ ကျွန်တော် နှင့် သစ်သစ် သည် စကားဆက်ရန်
စကားစ ရှာမရကြချေ ။ အတန်ကြာသော် ဒေါ်ဒေါ် သည် အိမ်ခန်းထဲမှထွက်ပြီး နောက်ဖေးခန်းသို့
ဝင်သွားလေသည် ။
ဒေါ်ဒေါ် က နောက်ဖေးမှ လှမ်းပြီး -
“ သစ်သစ် ရေ ခဏဟေ့ ”
မခင်သစ် သည် ထိုင်ရာမှထရင်း တောင်းပန်သည် ။
“ ခဏနေရစ်ဦး ဆရာ ”
“ ကိုယ်လည်း သွားတော့မယ် ” ဟု ပြောပြီး ကျွန်တော်က မတ်တတ်ရပ်လိုက်သည် ။
“ အို ... ” ဟု အာမေဋိတ်သံပြုပြီး မခင်သစ် က ကျွန်တော့်အား အံ့ဩစွာ ငေးကြည့်နေသည် ။
“ ဒေါ်ဒေါ့် ကိုသာ နှုတ်ဆက်လိုက်ပါတော့ ”
ကျွန်တော်သည် လှေကားမှဆင်းစဉ် မခင်သစ် သည် လှေကားထိပ်မှ စီးကြည့်ပြီး ကျန်ရစ်သည် ။
နောက်ဖေးမှ -
“ မခင်သစ် ရေ ခဏလာဦးကွယ် ”
ကျွန်တော်သည် လှေကားအောက်ဆုံးထစ်ရောက်ပြီး ဖိနပ်စီးရင်း အပေါ် မော့ကြည့်လိုက်သောအခါ
မခင်သစ် အား မမြင်ရတော့ပြီ ။ ကျွန်တော့်ရင်ထဲက ဟာတာတာ နှင့် ကျွန်တော့် အမူအရာမှာ
ကြောင်တောင်တောင် ဖြစ်သွားပြီး ခဏမျှတွေကာ ရပ်နေမိသည် ။
“ ပြန်တော့မလား ၊ ဘယ်သူကွယ့် မင်းနာမည် ”
ထိုအသံကြားမှ ဒေါ်ရွှေသစ် အား ထိတ်လန့်တကြား သတိရတော့သည် ။
“ ဟုတ်ကဲ့ ဒေါ်ဒေါ်ရွှေ ၊ ကျွန်တော့် နာမည်ကတော့ မောင်တင်ထွန်း ပါခင်ဗျား ”
“ မင်းက ဘယ်မှာနေသလဲ ”
“ ကျွန်တော် ကမာရွတ်မှာနေပြီး ကျောင်းတက်ပါတယ် ခင်ဗျာ ”
“ စာမေးပွဲ မဖြေဘူးလား ”
“ မပြောတတ်သေးဘူး ခင်ဗျား ”
“ ဘာလို့ မပြောတတ်ရမှာလဲ ၊ ဖြေမှပေါ့ ”
ကျွန်တော် သည် ဒေါ်ရွှေသစ် ၏ အာဏာသံကြောင့် အခံရ မခက်ရုံမက ပြုံးပင် ပြုံးမိသေးသည် ။
“ ဒေါ်ဒေါ့်တူမ သစ်သစ် ကတော့ စာမေးပွဲ မဖြေပါနဲ့ ပြောတယ် ”
ဒေါ်ရွှေသစ် က ကျွန်တော့်အား သစ်သစ် ကိုယ်စားထားပြီး မျက်စောင်းထိုးလိုက်သည် ။
“ ဟင်း ဒင်းက ဘာနားလည်လို့လဲ ၊ ဒီကောင်မလေး က သူ့အမေ သံယောင်လိုက်ပြီး ပြောနေတာ ။
ကိုရွှေဖေ ကလည်း ဘာမှ အသွန်အသင် မရှိဘူး ၊ မယားရော သမီးရော ဒီအတိုင်းလွှတ်ထားတာ ။
သပိတ်မှောက်တဲ့အခါ မှောက် ၊ လှန်တဲ့အခါ လှန် ၊ ကျောင်းတက်တဲ့အခါ တက် ၊ စာမေးပွဲဖြေတဲ့
အခါ ဖြေ ၊ ခုတော့ သူတို့က ဒီလို မဟုတ်ပေါင်တော် ၊ အမြဲတမ်း သပိတ်မှောက်နေရမယ်တဲ့ ”
ဒေါ်ရွှေသစ် သည် မောင် နှင့် ယောက် မ တို့အား မည်မျှလောက် ကြာကြာက မည်မျှလောက် ကြီးမားသော ထုထည်ဖြင့် အခဲမကျေ ဖြစ်နေသည် မသိ ၊ ကျွန်တော်ကသာ သွားရန် ဟန်မပြလျှင် စကားမျှင်
မပြတ် ။ ကရားရေလွတ် တတွတ်တွတ် မြည်တွန်နေဦးမည် ထင်ရသည် ။
“ ခွင့်ပြုပါဦး ဒေါ်ဒေါ်ရွှေ ”
“ အင်း သွားတော့ ” အသံ မာကျောသလောက်တော့ ဒေါ်ရွှေသစ် ၏ မျက်နှာ မမာမကျောပါ ။
ကျွန်တော်သည် လမ်းပေါ်သို့ ဆင်းထွက်နေဆဲ နောက် မှနေ၍ ဒေါ်ရွှေသစ် က ခေါ်လိုက်ပြန်သည် ။
“ သူငယ် ခဏနေဦး ”
ဒေါ်ရွှေသစ် သည် ပြောပြောဆိုဆို ရောင်းရန်ဆေးများထည့်ထားသည့် ဗီရိုဆီသို့ သွားပြီးဖွင့်သည် ။
ဆေးအချို့ကို ယူလာပြီး -
“ ရော့ ဒီဆေးထုပ်တွေ ယူသွား ၊ စာကောင်းကောင်း ကျက် ၊ သို့ပေမယ့် အညောင်းမိပြီး ဝမ်းမချုပ်အောင် ဟောဒီ ဝမ်းနှုတ်ဆေးကို စား ၊ ညစာကျက်ပြီးရင် ဟောဒီ သွေးဆေးကို ကွမ်းသီးလုံးလောက်စား ၊ ဒါမှ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်မယ် ။ အိပ်တယ်ဆိုတာ ခဏသာ ဖြစ်ပေမယ့်
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ရင် ကောင်းတာပဲ ကြားလား ။ စာကောင်းကောင်း ကျက် ၊ စာမေးပွဲကို
အောင်အောင် ဖြေ ကြားလား ”
ယင်းသို့ ဩဇာပေးသည်ကို ကျွန်တော်က ပြုံးနားထောင်ပြီး “ ဪ သည်အရွယ် အပျိုကြီးဟာ
အရွယ်ရှိတုန်းက ယောကျာ်းရခဲ့ရင် သူ့သားသမီးကို သည်လိုပဲ ဩဇာပေးနေမှာပဲ ” ဟု စဉ်စားနေမိသည် ။ ပေးသော ဆေးများကိုလည်း ကျေးဇူးတင်စွာဖြင့် လက်ခံပြီး “ ဪ သည်မိန်းမကြီး
ဟာ စကားအပေါက်ဆိုးပေမယ့် စေတနာတော့ မဆိုးဘူး ” ဟု ဆင်ခြင်ရင်း ထွက်လာခဲ့တော့သတည်း ။
◾သိန်းဖေမြင့်
📖 အရှေ့ကနေဝန်းထွက်သည့်ပမာ
koaungnaingoo.blogspot.com
.
No comments:
Post a Comment