❝ ဗေဒကဝိန် နှင့် အတူနေရခြင်း ❞
ခေါ်တော့ လက်ထောက်အယ်ဒီတာ ၊ ရတော့ တစ်လ ၆၅ကျပ် ။ ဤကား ကျွန်တော့် ဘဝသစ်
ဖြစ်သည် ။
လက်ထောက် အယ်ဒီတာ ဟု ဆိုသော်လည်း အယ်ဒီတာ အလုပ်ကို လုပ်ရသည် မဟုတ် ။ ကြေးနန်းသတင်းများကို ဘာသာပြန်ရလေသည် ။
ရိုက်တာ ကြေးနန်းသတင်းများမှာ ညနေပိုင်းလောက် မှာ စလာပြီး ညတွင် များများ လာလေသည် ။
ကျွန်တော့်မှာ ညနေပိုင်းတွင် အလုပ်ဆင်းပြီး သန်းခေါင်ကျော်သည်အထိ အလုပ်လုပ်ရ၏ ။
ကျွန်တော်သည် ကောလိပ်ကျောင်းမှာ နေတုန်းကပင် နိုင်ငံခြားသတင်းများကို အထူး စိတ်ဝင်စားစွာ ဖတ်ခဲ့ဖူးသူဖြစ်၏ ။ ယခု သတင်းစာတိုက်၌ အလုပ်ဝတ္ထရားအနေနှင့် နိုင်ငံခြားမှလာသော
ကြေးနန်းသတင်းများကို ဖတ်ရသောအခါ အချိုရှာ သကာတွေ့ သလိုသာ နေတော့၏ ။ ဘာသာမပြန်ခင် ကြေးနန်းသတင်းများကို စိတ်ဝင်စားစွာ ဖတ်လိုက်၏ ။ ကျေညက်အောင် မှတ်သားထားလိုက်၏ ။ ပြီးတော့မှ ကောက်ဘာသာပြန်လိုက်သည် ။ အင်္ဂလိပ်စာကိုလည်း နိုင် ၊ မြန်မာစာကိုလည်း
နိုင် သော ဘီအေ တစ်ယောက်လည်း ဖြစ်ပြန်ရကား ကျွန်တော့် ဘာသာပြန် ကြေးနန်းသတင်းများမှာ
ထူးထူးချွန်ချွန် ကောင်းနေလေသည် ။
ထို့ကြောင့် ညအယ်ဒီတာ မှ စ၍ အယ်ဒီတာချုပ် ကပါ သဘောကျနေကြလေသည် ။
သူတို့ သဘောကျခြင်းကြောင့် မသက်သာလှပေ ။ အခါတိုင်းဆိုလျှင် ညအယ်ဒီတာ သည် ကြေးနန်းသတင်းအချို့ကို ခွဲယူ၍ ဘာသာပြန်ရသေးသည် ။ ခုတော့ ကျွန်တော့်ကိုချည်း လွှဲပေးလေတော့၏ ။
ထို့ပြင် အယ်ဒီတာချုပ် သည် အင်္ဂလိပ်သတင်းစာများ ၊ ဂျာနယ်မဂ္ဂဇင်းများ မှ ဆောင်းပါးအချို့ကို
ဘာသာပြန်ခြင်း ၊ မှီးခြင်းများပြု၍ ကျွန်တော်တို့ သတင်းစာမှာ ထည့်လေ့ရှိပေရာ ကျွန်တော်
ရောက်တော့ ကျွန်တော့်အား ခွဲပေးပြန်လေသည် ။ မသက်သာသော အလုပ်ဖြစ်သော်လည်း
မောရမှန်း ညည်းရမှန်းမသိ ဖိလုပ်ပါသည် ။
ကမ္ဘာကြီးက လှုပ်နေသည် ။ နိုင်ငံခြားသတင်းတွေက ထူးနေသည် ။ တစ်နေ့ထက်တစ်နေ့ ပို၍သာ
လှုပ်၏ ။ တစ်နေ့ထက်တစ်နေ့ ပို၍သာ ထူး၏ ။ တစ်နာရီထက် တစ်နာရီ ပို၍ပို၍ လှုပ်၏ ။
တစ်နာရီထက်တစ်နာရီ ပို၍ပို၍ ထူး၏ ။ ဟစ်တလာ က ကြုံးဝါးသည် ။ မူဆိုလိုနီ က ထစ်ချုန်းသည် ။ ချိန်ဘာလိန် က အာခံစကား ပြောသည် ။ ရှေ့တစ်လှမ်း မတိုး နှင့် ၊ တိုးလျှင် သိမယ် ဟု
ဆိုသည် ။ ဟစ်တလာ က ဇွတ်သိမ်းလိုက်သည် ။ မူဆိုလိုနီ က တပ်လှန့်ပြီး အချောင်နှိုက်သည် ။
ချိန်ဘာလိန် က ဒါနောက်ဆုံးပဲ ဟုဆိုကာ နောက်ခြေတစ်လှမ်း ဆုတ်ပေး အလျှော့ပေးလိုက်သည် ။
ဂျပန် က မန်ချူးရီးယား နယ်စပ် မှာ ဆိုဗီယက်တပ်နီတော် နှင့် တစ်ပွဲတစ်လမ်း အကဲစမ်းလိုက်သည် ။
အင်္ဂလိပ် နှင့် အမေရိကန် တို့က ရင်ပေါ့သွားပြီး သက်ပြင်းချလိုက်ကြသည် ။ ဂျပန် နှင့် နားလည်မှုယူရန် မျက်နှာချိုသွေးလိုက်ကြသည် ။ ချန်ကေရှိတ် တို့ က ဆိုဗီယက် ဆန့်ကျင်ရေး မဟာစစ်ပွဲကြီး ကို ကျိတ်၍ မျှော်ရင်း ယာယီ မဟာမိတ် ကွန်မြူနစ် အား ကိုယ့်တပ်ကိုယ်ပြန်နင်းမှုများ တိုး၍
လုပ်လာကြသည် ။
ဂျပန် တို့သည်ကား ဆိုဗီယက်တပ်နီ ကိုလည်း မနိုင် ၊ ဆိုဗီယက်နယ်မြေ တစ်လက် မကိုမျှလည်း
မရ ။ တရုတ်ပြည် မှ နယ်မြေများ ကို သာ တိုးချဲ့သိမ်းပိုက်လိုက်ကြသည် ။
ဆိုဗီယက် က အင်္ဂလိပ် ၊ ပြင်သစ် တို့ နှင့် စုပေါင်းလုံခြုံရေးမဟာမိတ်ဖွဲ့ရန် တောင်းဆိုသည် ။
ချိန်ဘာလိန် ကား ဆိုဗီယက် နှင့် နားလည်မှု မလိုချင် ။ ဟစ်တလာ နှင့်သာ နားလည်မှုလိုချင်သည် ။
ထို့ကြောင့် အလျှော့ပေးပြီးရင်း ပေးရင်း နယ်ကျွေးပြီးရင်းကျွေးရင်းသာ နေလေသည် ။ သို့သော်
ဟစ်တလာ ကား ရလေလိုလေ အို တစ္ဆေ ။ ကမ္ဘာစစ်ကြီးကား ပေါက်ကွဲလုနီးလေပြီ ။
ဘယ်တော့ ကမ္ဘာစစ် ဖြစ်မှာလဲ ။ ဤကား တို့ဗမာအပေါင်းတို့ မေးခွန်း ဖြစ်နေတော့၏ ။ ဤ
မေးခွန်းဖြင့် သတင်းစာများကို လှန်လှောကြသည် ။ ကျွန်တော်တို့ ဘာသာပြန်၍ ထုတ်ဝေကြရသော သတင်းများသည် ဤအမေးများကို ပိုမို များပြားစေလေသည် ။ သတင်းစာ ခေါင်းကြီးနှင့်
ဆောင်းပါးများမှာ ဤမေးခွန်းကို ဆွပေးနေကြပေသည် ။
လူတိုင်း ၏ အသိတွင် စစ်ကြီး သည် အနှေး နှင့် အမြန် နေ့လား ညလား လာတော့မည်ဟု စွဲကပ်နေလေပြီ ။
ဘယ်သူမျှ စစ်ကြီးဖြစ်မလာအောင် တားဆီးနိုင်မည်ဟု မထင်ကြ ။ မယုံကြည်ကြ ။ စစ် သည်
မလွဲမသွေ ဖြစ်ရမည့်အရာတည်း ။
မလွတ်လပ်သော ဗမာ့လက်တွင် စစ်ကို တိုက်ရန်သော် လည်းကောင်း ၊ တားဆီးရန်သော်
လည်းကောင်း အာဏာ မရှိ ၊ အခွင့်အရေး မရှိ တာဝန် မရှိ ။
ဤကဲ့သို့ တွေးကြသည် ။ ဤကဲ့သို့ပင် သတင်းပေးကြသည် ။
တိုင်းပြည်လွတ်လပ်ရေး ကို ရှေးရှုသော သူတို့ အဖို့လည်း စစ် သည် ထွက်ပေါက်လို ထင်နေရသည် ။ အင်္ဂလိပ် အခက် ၊ ဗမာ့ အချက် ။ ဤကား ဒေါက်တာဘမော် ၏ တိတ်တဆိတ် ကြွေးကြော်သံ ၊
ဝန်ကြီး ဂဠုန်ဦးစော ၏ ကျိတ်ကြံခြင်း ဖြစ်ပေသည် ။ နယ်ချဲ့စစ် ကို ပြည်တွင်းစစ်သို့ ပြောင်းပစ် ။
ဤကား သခင်များ၏ ကြွေးကြော်သံ ၊ ပြင်ဆင်မှု ။
ကျွန်တော်တို့ သတင်းစာမျာ းသည် အစိုးရဥပဒေ ကို ကြောက်နေသဖြင့် ရှောင်ကာ ကွေ့ကာ
ရေးနေရသော်လည်း ဖော်ပြပါ ကြွေးကြော်သံများဆီသို့သာ ညွတ်နေကြပေသည် ။
ကျွန်တော့်မှာ သတင်းစာတိုက်တွင် သန်းခေါင်ကျော်ထိ အလုပ်လုပ်ရသည် ။ နောက်ဆုံးဖောင်
ကလည်း ၂ နာရီ ထိုးမှ ပိတ်သည် ။ ထို့ကြောင့် ကမာရွတ် နေအိမ်သို့ ပြန် မအိပ်နိုင် ။ များသောအားဖြင့် အယ်ဒီတာခန်း ရှိ စားပွဲများပေါ်မှာ သတင်းစာဖိုင်ကို ခေါင်းအုံး၍ တုံးလုံးပက်လက်
ဆိုသလို အိပ်ရတော့သည် ။ တစ်ခါတစ်ရံ ပန်းဆိုးတန်း တို့ဗမာအစည်းအရုံးသို့ သွားအိပ်ရသည် ။
မွေ့ရာ ခြင်ထောင်တို့နှင့် လုံးဝ မတွေ့ထိရ ။ ကျောင်းသားအရေးတော်ပုံအတွင်းက ဤသုခမျိုး နှင့်
မတွေ့ထိရသည်မှာ မထောင်းတာ ၊ အမှု မထား ။ ခု အလုပ်အကိုင်နှင့် ဖြစ်နေသည့်အပြင်
ကျောင်းသားအရေးတော်ပုံလို ထူးခြားသော အခြေအနေမျိုးအရ သွေးကြွနေခြင်းလည်း မရှိရကား
ကသီလင်တ အိပ်နေရသည့် ကိစ္စအတွက် စိတ်ထိခိုက်လာပေသည် ။
ထို့ကြောင့် မြို့ထဲမှာ ပြောင်းရွှေ့နေရန် စဉ်းစားရလေတော့သည် ။ ကမာရွတ် အိမ်ရှင်
ဦးလေးမြင့် နှင့် ပထမဆုံး တိုင်ပင်ရ၏ ။ ဦးလေးမြင့် က ကျွန်တော့်အခက် ချက်ချင်းမြင်သည် ။
ကိုကြွယ် က မခွဲချင် ။ ကျွန်တော် ကလည်း ကိုကြွယ် နှင့် မခွဲချင် ။ ကိုကြွယ် ကား ကျွန်တော့်
တိုင်ပင်ဖော် တိုင်ပင်ဖက် ဖြစ်နေလေပြီ ။ ကျောင်းမှ တွေ့ဆုံရသော သူငယ်ချင်းမိတ်ဆွေကောင်း နှင့်
ပေါင်းရသည့် အရသာ က တစ်မျိုး ၊ အရပ်ထဲမှာ အတူနေရသော သူငယ်ချင်း မိတ်ဆွေကောင်း နှင့်
ပေါင်းရသော အရသာက တစ်မျိုး ဖြစ်ပေသည် ။ ကိုကြွယ် မှာ ကျွန်တော့်ထက် များစွာကြီး၏ ။
သို့သော် ပြောမနာ ဆိုမနာ ဆိုးတူကောင်းဖက် သူငယ်ချင်းမိတ်ဆွေလို ပေါင်းသင်းခဲ့ကြ၏ ။
အကြော်သည် မလုံးတင် တို့ သားအမိနှင့်လည်း ကင်းဝေးကြရဦးမည် ။ ကိုကြွယ် နှင့်အတူ
ဘူးသီးကြော် အနံ့ခံရင်း ၊ လက်ဖက်ရည်ကြမ်းပူပူ မှုတ်သောက်ရင်း ပြောခဲ့ ၊ ဆိုခဲ့ ၊ လှောင်ခဲ့ ၊
ပြောင်ခဲ့ကြရသည်များကို သတိရ တသနေရပေဦးမည် ။ ဆံပင်ညှပ်ဆိုင် သခင်ဘကျူး ၊
မြင်းရထားသမား ဦးဖိုးခင် တို့ မိသားတစ်စုနှင့် ရပ်ရေး ၊ ရွာရေး ၊ သာရေး ၊ နာရေး ဆွေးနွေး
လုပ်ကိုင်ခဲ့ခြင်းများမှာလည်း အဖိုးတန်သော အတွေ့အကြုံများပင် ။ ဦးဖိုးခင် ၏ သမီး နှင့် သမ က်
မီးရထားအလုပ်သမား တို့၏ ဒုက္ခများတွင် ကျွန်တော့် စိတ်သည် နူးညံ့ခဲ့သည် မဟုတ်ပါလော ။
ကမာရွတ် စွပ်ကျယ်စက် ၊ ဒန်အိုးစက် ၊ ကြိုးစက် အလုပ်သမားတို့ ၏ လှုပ်ရှားမှုများ ၊
စည်းရုံးမှုများ ၊ သပိတ်များ ၏ အရှိန်ဟပ်သဖြင့် ကျွန်တော်အားတက်ခဲ့သည် မဟုတ်ပါလော ။
အဖျင်းဆုံး သခင်တင်ကြီး လို နိုင်ငံရေးလေလုံး ပုလိပ်သူလျှိုမျိုးနှင့် တွေ့ဆုံရ ဆက်ဆံရခြင်း
သည်ပင် ကျွန်တော့် အတွေ့အကြုံကို ကြွယ်ဝစေသည် မဟုတ်ပါလော ။
ထို့ကြောင့် ကျွန်တော် သည် ကမာရွတ် မှ လေးကန်သော ခြေလှမ်း ၊ လှည့်ကြည့် လှည့်ကြည့်
နေမိသော မျက်နှာ ၊ ပိလေးသော စိတ်နှလုံးတို့ဖြင့် သာလျှင် ရွှေ့ပြောင်းလာရပေတော့သည် ။
ရန်ကုန် ထဲတွင် နေစရာ နေရာကိုလည်း ဦးလေးမြင့် ပင် ရှာပေးလေသည် ။ နေစရာ အဖော်စပ်
ပေးသည်ဟုဆိုက ပိုမှန်ပေလိမ့်မည် ။ ၄၅ လမ်းထဲတွင် တိုက်ခန်း တစ်ခု ရှိသည် ။ တစ်လမှာ အခန်းခ
၂၅ ကျပ် ဖြစ်၍ ဦးလေးမြင့် ၏ မိတ်ဆွေတစ်ဦး က ငှားလျက်နေသည် ။ ထိုသူမှာ တစ်ဦးတည်းသမား
ဖြစ်လျက် အခြား တစ်ဦးတည်းသမား နှစ်ယောက်ကို ရှာနေရာ တစ်ယောက်ရပြီ ဖြစ်သည် ဆို၏ ။
သူက ကျွန်တော်တို့ နှစ်ယောက် ထံမှ တစ်ယောက် ၁ဝိ စီ အခန်းခ ယူမည်ဖြစ်ရာ သူကိုယ်တိုင်က
ငွေ ၅ ကျပ် သာ ပေးလိမ့်မည် ဖြစ်ပေသည် ။
တိုက်ခန်းမှာ အပေါ်ထပ်တွင် ရှိပြီး အနောက်ဘက်သို့ မျက်နှာလှည့်ထားရာ ညနေဘက်တွင်
နေအတော် ပူလေသည် ။ အလျား ၂၅ ပေ ၊ အနံ ၁၂ ပေ မျှ ရှိလိမ့်မည်ဟု ခန့်မှန်းမိပေသည် ။
အိမ်ရှေ့ခန်း၏ နောက် ထပ်ဝက်တွင် လှေကားက ကျွန်တော်တို့ အခန်းဘက် မှ ၃ ပေ မျှ ယူထားသေးရာ ၉ ပေ မျှသာ ကျန်ပေသည် ။ အခန်းတွင်းမှာ အစိမ်းပုပ်ရောင် ဆိုးထားသဖြင့် အိန္ဒိယ
တောင်ပိုင်း က̶̶ု̶̶လ̶̶ာ̶̶း̶ပိုင်သော အိမ်ဖြစ်ရမည်ဟု ကျွန်တော် ယူဆလိုက်၏ ။ ဘယ်နည်းနှင့် ဝင်သည်
မသိ ၊ အောက်ထပ်က မီးခိုးသည် လှိမ့်၍ ဝင်နေ၏ ။ ညှော်လျှင်လည်း ကျွန်တော်တို့ထံ မုချ
ညှော်နံ့ရောက် မည် ထင်ပေသည် ။ လွတ်လပ်စိမ်းလန်းသော ကမာရွတ်ပတ်ဝန်းကျင်နှင့်ကား
ကွာခြားလှ၏ ။
ကျွန်တော် နှင့် အတူ နေရမည့် ဦးလေးမြင့် ၏ မိတ်ဆွေကား အသက် ၄ဝ မျှ ရှိဦးမည်ထင်သည် ။
ပုပုဖိုင့်ဖိုင့် ဖြစ်ပြီး သွားလျှင် ခြေကို ယက်ကန်ယက်ကန် ဘဲ လို သွားသည် ။ ဗိုလ်ကေ ကို
အောင်ကျော် ထက် တိုအောင် ဖြတ်ထား၏ ။ ငယ်ထိပ်ပေါ်တွင် ဆံဖြူကွက်ကလေး ရေးရေးမြင်ရ၏ ။
ဦးလေးမြင့် က သူ့အား ဆရာ ဟု ရိုသေစွာခေါ်သဖြင့် ဘာဆရာများ ဖြစ်ပါလိမ့်ဟု ကျွန်တော်
သိလိုပေသည် ။ သို့သော် လူချင်း မရင်းနှီးခင် မမေးအပ်သေးသည့် ယဉ်ကျေးမှု ထုံးစံကို စောင့်ထိန်းနေရသည်ဖြစ်ရာ ဖြည်းဖြည်း မှ အကဲခတ်စုံစမ်းမေးမြန်းရန် အချိန်စောင့်နေရပေတော့သည် ။
ပထမတော့ သူသည် ပရွတ်ရီးဒါး စာပြင်ဆရာ ဖြစ်ကြောင်း သိရ၏ ။ ကျွန်တော်တို့
သတင်းစာတိုက် မှာ လုပ်သည်ကား မဟုတ်ချေ ။ သို့သော် ဦးလေးမြင့် မှာ သတင်းစာတိုက်
တစ်တိုက်တွင် ဖိုမင်တစ်ဦးဖြစ်ရာ စာပြင်ဆရာ ကို ဤမျှ ရိုသေဖို့ အကြောင်း မရှိဟု တွေးထင်မိသည် ။ ထို့ပြင် ပရွတ်ရီးဒါး စာပြင်ဆရာ အလုပ်ကိုလည်း မှန်မှန်သွား လုပ်ဟန် မတူချေ ။
“ ဆရာ အလုပ်မသွားဘူးလား ”
“ သည့်ပြင်အလုပ်တွေ များနေတာနဲ့ မသွားအားသေးဘူး ”
သူ့အသံမှာ ပြာတာတာ နိုင်သော်လည်း ဘုန်းကြီးတရားပေးသံ ပေါက်နေ၏ ။ သည်လောက်သာ
ဖြေပြီး ပက်လက်ကုလားထိုင်မှာ မျက်စိမှေး၍ ပုတီးစိပ်နေလေတော့ရာ နောက်ထပ် မမေးတော့ချေ ။
တဖြည်းဖြည်း သူ၏ သည့်ပြင်အလုပ်တွေ သိလာရသည် ။ သူသည် သတင်းစာထဲမှာ ဗေဒင်
ဆောင်းပါးများ ရေးသည် ။ သူ့ကလောင်နာမည်မှာ ဗေဒကဝိန် ဆရာဦးတက်ရှိန် ဖြစ်ပေသည် ။
ဗေဒင်ဆောင်းပါး တစ်ပုဒ် ၅ ကျပ်ထက်တော့ ပိုရမည် မထင်ပေ ။ ဆရာ ဦးတက်ရှိန် သည်
ဗေဒကဝိန် ဖြစ်သော်လည်း ဗေဒင်ဟောသည်ကိုကား မတွေ့ရချေ ။ ဇာတာဖွဲ့ပေးဟန်လည်း မရှိ ။
အကယ်၍ ဗေဒင်ဟောသည် ဖြစ်ဘိမူ အိမ်မှာ မဟောဘဲ ပင့်ဖိတ်ရာ လိုက်ဟောခြင်းသာ ဖြစ်ပေလိမ့်မည် ။ ဆရာဦးတက်ရှိန် အား အပင့်အဖိတ်ကား အတော်များပေ၏ ။ ဘာလုပ်ဖို့ ပင့်ကြဖိတ်ကြသည်ကို ကျွန်တော် တော်တော်နှင့် မသိသေး ။ သူ့ကိုမေးတော့လည်း ဆရာ က အတိုင်ပင်ခံ
ဆိုတော့ ပင့်ကြဖိတ်ကြတာပေါ့ ဟုသာ ပညာရှိ အပြုံးဖြင့် ဖြေပြီး ပုတီးစိပ်နေပြန်လေသည် ။
အခန်းအတူနေဘက် အခြားတစ်ယောက်ကား တံဆိပ်ထု အလုပ်သမား ကိုတင်အေး ဆိုသူ
ဖြစ်သည် ။ ကုမ္ပဏီ တံဆိပ်တုံး ၊ အသင်းအပင်း တံဆိပ်တုံး ၊ လူနှင့်ဆေးလိပ် တံဆိပ်တုံး ၊
တံဆိပ်တုံး အမျိုးမျိုးကို အမှတ်အသား အမျိုးမျိုး ၊ စာလုံး အမျိုးမျိုးဖြင့်လည်း လုပ်ပေးနိုင်သည် ။
ရော်ဘာ နှင့် သာမက ခဲ နှင့် လည်း လုပ်ပေးနိုင်သည် ။ ကိုတင်အေး မှာ ၂၅ နှစ်အောက် မှာသာ
ရှိမည်ဖြစ်ရာ ကျွန်တော် နှင့် ရွယ်တူ ၊ သို့မဟုတ် များစွာ မကြီးနိုင်ချေ ၊ အရပ်အမောင်း
အလောတော် ဖြစ်၍ အသားမှာ ကော်ရင်ဂျီလောက် မည်းခြောက်ပေသည် ။ ဆံပင်လှိုင်းထနေ၏ ။
လှပသော နှုတ်ခမ်းမှာကား အမြဲတမ်းလိုလို နီမြန်းနေသည် ။ အသားမည်းခြင်းကို ထောက်ညှာ
သောအားဖြင့် နှုတ်ခမ်းလှအောင် ဖန်တီးပေးလိုက်သော သဘာဝလက်ရာပေလော မပြောတတ်ပေ ။
သူ့ အလုပ်ခုံမှာ အိမ်သာနှင့် ရေချိုးခန်း ဘေး ၊ အိမ်နောက်ဖေးပေါက် အလင်းရောင် အောက်တွင်
ရှိပေသည် ။ အလင်းရောင် ရသည့် အမြတ်သည် အောက်ထပ်မှ တက်လာလေ့ရှိသည့် မီးခိုးနှင့်
ညှော်သင်းတို့ကြောင့် အရှုံးပေါ်နေပေသည် ။ သူ့အလုပ်ခုံကား ခမ်းနားကြီးကျယ်လှသည်
မဟုတ်ပါ ။ အလုပ်ပစ္စည်း ကိရိယာအားလုံးကို ထည့်၍ ထမ်းရမည်ဆိုလျှင် လက်သမားတစ်ယောက်
လောက်ပင် ဝန်စည်စလယ် မကျယ်ပါ ။
ဆရာဦးတက်ရှိန် ၏ ဘုရားခန်း က အိမ်ရှေ့မှာ ရှိသည် ။ စားပွဲကလေးတစ်လုံး မှာ လှေကားအိမ် နှင့်
အိမ်ရှေ့ပြတင်းပေါက်ကြားမှာ ရှိသည် ။ စားပွဲပေါ်မှာ စာအုပ် ၁ဝ အုပ် မျှသာ ရှိသည် ။ စာရေးစရာ
ပစ္စည်းလက်နက် တစ်စုံတစ်ရာ မတွေ့သဖြင့် ဆရာဦးတက်ရှိန် သည် ထိုစားပွဲတွင် ဗေဒင်
ဆောင်းပါးများ ရေးမည် မဟုတ်ဟု တွက်ဆနိုင်ပေသည် ။ ရောက်ပြီး နောက်တစ်နေ့မှာပင် ဆရာဦးတက်ရှိန် က
“ ကိုတင်ထွန်း အဲဒီစားပွဲ သုံးချင်သုံး ။ ဆရာ မသုံးပါဘူး ၊ ဆရာက စားပွဲမှာ ထိုင်လေ့ မရှိဘူး ၊
စာရေးချင်တောင် အားလျားမှောက် ရေးတာ ” ဟု ဆိုကာ သုံးခွင့်ပြုလေသောကြောင့် များစွာ
ဝမ်းသာသွားပေသည် ။ အကြောင်းမူကား ကျွန်တော့်နေရာဟု သတ်မှတ်နိုင်သော အလယ်ပိုင်းမှာ
အလွန် မှောင်လွန်းသောကြောင့် ဖြစ်သည် ။
ကျွန်တော့် နေရာဟု သတ်မှတ်ထားသော အပိုင်းတွင် အိပ်ရာခင်းရ၏ ။ ခြင်ထောင်ထောင်ရ၏ ။
စာရေးစာဖတ် များစွာလုပ်ရန်လိုသော လက်ထောက်အယ်ဒီတာ ၊ နိုင်ငံရေးသမား ပေါက်စ အဖို့
သင့်လျော်သောနေရာ မဟုတ်ပေ ။ ညမှာ မီးခွက်ကို အားကိုးနိုင်သော်လည်း နေ့ခင်း
အလင်းရောင်မှာ အားကိုးစရာ မဟုတ်ပေ ။
ဦးတက်ရှိန် ၏ စားပွဲပေါ်က စာအုပ်များကို ယူကြည့်လိုက်သည် ။ ဗေဒင်စာအုပ်များ တွေ့ရမည်
ထင်သော်လည်း မတွေ့ရဘဲ ဘုရားရှိခိုးစာအုပ် ၊ ဝိပဿနာစာအုပ် ၊ ဝတ္ထုစာအုပ် နှင့် နဂါးနီ
စာအုပ်များ ကိုသာ တွေ့ရပေ၏ ။ စာအုပ်ခေါင်းစဉ်များကို ဖတ်နေတုန်း ကုလားထိုင်မှ ကြမ်းပိုးများ
က ဖင်ကို ထိုးနေလေသည် ။
ကျွန်တော်တို့ သုံးဦးစလုံး ခုတင် မရှိကြ ၊ ကြမ်းပြင်ပေါ်မှာ အိပ်ကြရသည် ။ သုံးဦးစလုံး အိမ်မှာ
ချက်ပြုတ်စားသူများ မဟုတ်ကြသဖြင့် ဗာဟီရကိစ္စ နည်းလှသော အိမ်ဖြစ်ပေသည် ။ ဆရာ
ဦးတက်ရှိန် မရှိလျှင် ပက်လက်ကုလားထိုင်တွင် ကိုတင်အေး နှင့် ကျွန်တော် သည် ဦးသူ ဝင်ထိုင်ကြသည် ။ ကိုတင်အေး သည်ပက်လက်ကုလားထိုင် ထိုင်ရလျှင် ထိုင်သော်လည်း ကျွန်တော် က
ဦးသွား၍ မထိုင်ရလျှင် အိမ်ရှေ့ဝရန်တာသို့ ထွက်ကာ မတ်တတ်ရပ်ပြီး ဟိုဟိုသည်သည်
ငေးကြည့် နေတတ်သည် ။
ကျွန်တော်တို့ အိမ်မှာ အမြဲ မနေသော်လည်း ကြားပေါက် တစ်ခါတစ်ရံ လာအိပ်တတ်သော
လူတစ်ယောက် ရှိသေး၏ ။ ထိုလူကား ရေကျော်ထိပ်ရှိ တရုတ်လက်ဖက်ရည်ဆိုင်တွင် အခစား
ကူညီရောင်းချနေသော ကိုစံဖေ ဆိုသူ ဖြစ်၏ ။ သူလည်း ကျွန်တော်နှင့် ရွယ်တူ လောက်ပင် ဖြစ်သည် ။ အရပ်ရှည်ရှည် အသားဖြူဖြူ ခပ်သေးသေးဖြစ်ပြီး တရုတ်ဘိန်းစားနှင့် တူပေသည် ။
သူက ကျွန်တော်တို့ အားလုံးအား ဆရာ ဟု ခေါ်သည် ။ သူသည် လက်ဖက်ရည်ဆိုင်မှာ စားအိပ်
နေထိုင်၍ ကျွန်တော်တို့ထံမှာ တစ်ခါတစ်ရံ လာအိပ်ခြင်း ဖြစ်သည် ။ သူ နှင့် ဆရာဦးတက်ရှိန်
တို့ကား အတော် ခင်မင်ကြဟန် ရှိ၏ ။ သူ ကျွန်တော်တို့ထံ လာအိပ်သည် ဖြစ်စေ ၊ မအိပ်သည်
ဖြစ်စေ ၊ နံနက်တိုင်း နို့ဆီခွက် နှင့် လက်ဖက်ရည် ထည့်ခဲ့ပြီး ဆရာဦးတက်ရှိန် အား တိုက်သည် ။
ပန်းကန်ဆေးကြောပြီး ထားနေကျနေရာထားပြီးမှ ပြန်သည် ။ တစ်ခါတစ်ရံ ဦးတက်ရှိန် က
တောက်တိုမည်ရ ခိုင်းသည်ကို လုပ်သွားရသေးသည် ။
တင်ထွန်း တစ်ယောက် လက်ထောက်အယ်ဒီတာ ဖြစ်နေပြီတဲ့ ဟူသော သတင်းကို အခြားသူများ
ဂရုထားလိုက်ကြဟန် မတူသော်လည်း သခင် မိတ်ဆွေများကြားတွင်ကား ချက်ချင်း ဂယက်ရိုက်
သွားလေသည် ။ ညဉ့်နက်သန်းခေါင် ဘွားခနဲပေါက်လာပြီး နောက်ဆုံးကြေးနန်းသတင်း မေးသူက
မေးသည် ။ သုတ်သီးသုတ်ပျာ ဝင်လာပြီး ထည့်ရန်သတင်း ပုံနှိပ်ရန်ဆောင်းပါး ပေးသူက
ပေးသည် ။ ကျွန်တော့်မှာ အာဏာ မရှိပါဘူး ဆိုသည်ကို လက် မခံ ။ နောက်တစ်နေ့ မပါပြန်ပါက
လည်း “ သခင်တင်ထွန်း ဟာ တို့ဗမာ မပီဘူး ၊ အဖဗမာပြည်ရဲ့ တာဝန်ကို မထမ်းရွက်ဘူး ”
စသည်ဖြင့် ပြောဆို ဝေဖန်တတ်သည် ။ တစ်ခါတစ်ခါ လူစုလူဝေးနှင့် ပျော်ရွှင်စွာဝင်လာပြီး
လက်ဖက်ရည် လိုက်တိုက်ရမည် ၊ မုန့်လိုက်ကျွေးရမည်ဟု ညှဉ်းသူတို့က ညှဉ်းကြသည် ။
ကျွန်တော်က ဝင်ငွေရှိသော လက်ထောက်အယ်ဒီတာ ဖြစ်နေပြီကိုး ။
ဘယ်နည်းဘယ်ပုံ သခင်တွေ လာလာ ကျွန်တော် က ဝမ်းသာအားရ ဆီးကြိုပါသည် ။ ကျွန်တော့်မှာ
သူတို့လို ခြေသလုံးအိမ်တိုင် အချိန်ပြည့် ဝန်ထမ်းသခင် မလုပ်နိုင်သော်လည်း အချိန်ပိုင်း
ဝန်ထမ်းသခင်ပေါက်စ ဖြစ်နေသည် မဟုတ်ပါလော ။
အလုပ်ဝင်စက ကျွန်တော်သည် ဘီအယ် ဥပဒေတန်း ကို တက်ရန် ကြံရွယ်ခဲ့သေးသည် ။ ရသော
လခ ၆၅ ကျပ် မှ ကျောင်းလခ ၂၅ ကျပ် ကိုပေးပြီး ကျန်ငွေ ၄ဝ ကျပ်ဖြင့် ကမာရွတ် မှာ ဆက်နေ
သွားမည်ဟု မှန်းခဲ့သည် ။ ယခုတော့ မှန်းတိုင်း မပေါက်တော့ချေ ။ ငွေကြောင့်ကား မဟုတ် ၊
ထမင်းတစ်နပ် တစ်မတ် နှင့် စားဖြစ်သောကြောင့် ခက်စရာ မဟုတ်ပေ ။ ညအလုပ် ဖြစ်သောကြောင့်
မနက်အစောကြီး ကျောင်းတက်ရန် မဖြစ်နိုင် ။ ထို့ပြင် မဖြစ်ဖြစ်အောင် လုံ့လစိုက်၍ ဘီအယ်လ်
တက်ရန်လည်း ဘီအယ်လ် မ က် မောစိတ် မရှိတော့ပြီ ။
တစ်ခါတုန်းက နိုင်ငံရေးတွင် ဝတ်လုံတော်ရများ ၊ ရှေ့နေများ ထင်ရှားခဲ့ကြသည် ။ သူတို့
နိုင်ငံရေး နှင့် သူတို့အသက် မွေးဝမ်းကျောင်းမှု အလုပ်ကို နိုင်နင်းလိမ္မာစွာ ယှဉ်တွဲနိုင်ခဲ့ကြသည် ။
ကျွန်တော်တို့၏ ကျောင်းသားခေါင်းဆောင်များဖြစ်သော ကိုကြီးနု ၊ ကိုအောင်ဆန်း ၊ ကိုသိန်းဖေ
စသည်တို့လည်း ထိုသူတို့အား နမူနာထားရန် ကြိုးစားခဲ့ကြသေးသည် ။ သို့သော် နိုင်ငံရေး၏
သဘောသည် များစွာ ပြောင်းလဲခဲ့ပြီဖြစ်သဖြင့် ယင်းသို့ နမူနာထားခြင်းမှာ စိတ်ကူးယဉ်ခြင်းသာ
ဖြစ်ကြောင်း သူတို့ လက်တွေ့ကြုံကြလေသည် ။ သူတို့သည် သင်နေသော ဘီအယ်လ် ကို
တန်းလန်း စွန့်ပစ်ကြရလေသည် ။
တို့ဗမာနိုင်ငံရေး သည် ဝတ်လုံတော်ရ ၊ ရှေ့နေ တို့၏ ဥပဒေပညာ ၊ အချေအတင် စကားရည်
စသည်တို့ထက် များစွာ ကျော်တက်သွားလေပြီ ။ တို့ဗမာနိုင်ငံရေး သည် ဝတ်လုံတော်ရ ၊ ရှေ့နေ
တို့က အမှုလိုက်ရာမှ အားမှ ပေးသော အချိန်ထက် ခေါင်းဆောင်တို့ထံမှ များစွာပိုပေးနိုင်သော
အချိန်ကို တောင်းနေလေပြီ ။ ထို့ပြင် တို့ဗမာသခင် တို့သည် ဝတ်လုံတော်ရကြီး ၊ ရှေ့နေကြီးများ
ခေါင်းဆောင်ခဲ့ကြသော လူကြီးနိုင်ငံရေး ကို စားဖား ကိုယ်ကျိုးရှာ နိုင်ငံရေး နှင့် တစ်သားတည်း
မြင်နေကြပြီ မဟုတ်ပါလော ။
ကျွန်တော် ဘီအယ်လ် မတက်ခြင်းကို မမြင့်ဦး က မကျေနပ် ။ ကျွန်တော့် ဆုံးဖြတ်ချက်ကို ပြင်ရန်
မမြင့်ဦး က အမျိုးမျိုး ဖျောင်းဖျသည် ။ ကျွန်တော် က မပြင်နိုင် ။ ဖျောင်းဖျ မရတော့ မမြင့်ဦး က
ဝမ်းနည်းစကား ပြောသည် ။ စိတ်ကောက်သလို လုပ်ပြသည် ။ မမြင့်ဦး သည် ကျွန်တော့်အား
ဘီအေ စာမေးပွဲ ဖြေအောင် ပြုပြင်ပေးနိုင်၏ ။ ဘီအယ်လ် တက်အောင်ကား မပြုပြင်နိုင် ။ မှတ်မိသေးသည် ။ ကျွန်တော် နှင့် မမြင့်ဦး တို့ ခင်မင်ရင်းနှီးစက မမြင့်ဦး သည် ဝတ္ထုတိုကလေး တစ်ပုဒ်
ရေးပေးဖူး၏ ။ ကျောင်းသူ နှင့် ကျောင်းသား တွေ့ဆုံကြသည် ။ ကျိတ်၍ ချစ်ကြသည် ။ တစ်ဦးကို
တစ်ဦး အားပေးကာ စာကို ကြိုးစားသင်ကြသည် ။ ကျောင်းအုပ်ဆရာမကြီး နှင့် ဝတ်လုံတော်ရကြီးများ ဖြစ်ကြသည် ။ သူတို့ နှစ်ယောက် ညားပြီး တိုင်းကျိုးပြည်ကျိုး ဆောင်ကြလေသတည်း ။
ကျွန်တော်ကား မမြင့်ဦး မှန်းထားသည့်အတိုင်း မဖြစ်ဘဲ ဆင်ပြောင်ကြီး အမြီးကျမှ တစ်လေပြီ ။
မမြင့်ဦး ၏ ဝမ်းနည်းစကား မှာ ဟန်ဆောင် မဟုတ်ကြောင်း သူ့မျက်နှာမှာ တပ်အပ် ပေါ်နေသည် ။
မမြင့်ဦး စိတ်ကောက်သလို လုပ်ပြခြင်းမှာ ကျွန်တော့် ဆင်ခြင်ဉာဏ်ကို မပြုပြင်နိုင်တော့၍
ကျွန်တော့် အချစ်စိတ်ကို ဆွခြင်းသာ ဖြစ်သည်ထင်၏ ။
ဒီလို မမြင့်ဦး က ဝမ်းနည်းစကားပြောပြီး စိတ်ကောက်သလို လုပ်ပြလိုက်တော့ ကျွန်တော့် စိတ်တွင်
“ ဪ မမြင့်ဦး ငါ့ကို တကယ် ချစ်ပေသားပဲ ” ဟု အောက် မေ့ပြီး ကြည်နူးနေမိသည် ။ သို့သော်
သူမှန်းထားသလို ကြိုးစားရန်ကား မဖြစ်နိုင်တော့ပါ ။
◾သိန်းဖေမြင့်
📖 အရှေ့ကနေဝန်းထွက်သည့်ပမာ
koaungnaingoo.blogspot.com
.
No comments:
Post a Comment