❝ အပြစ်မှ ထွက်လာသော အပုပ်နံ့ ❞
ရန်ကုန်မြို့တွင် လေကြောင်းဘေးရန်ခိုလှုံရေး အစီအစဉ်များ စတင်လုပ်လျက် နေလေပြီ ။
ရန်ကုန်မြူနီစပယ် က လေကြောင်းဘေးရန် ခိုလှုံရေးဂူများ ဆယ့်တစ်နေရာ မှာ လုပ်ရန် ခွင့်ပြုလိုက်လေသည် ။
ပြည်သူပြည်သားများ စိုးရိမ်တကြီး အထိတ်တလန့် မဖြစ်ကြစေရန် မြန်မာပြည် ၏ အရှင်သခင်
ဗြိတိသျှအစိုးရ တို့သည် စစ်ကြီးမှာ အရှေ့ဘက်သို့ ကူးစက်မလာနိုင်ပါဟု အာမခံ စကားများ
ကြေညာနေလေသည် ။ သူတို့သည် ဂျပန် နှင့် စစ်ဖြစ်ရန် အကြောင်း မရှိဟုလည်း တကယ်
ထင်ကြသည် ။ ထင်သည့်အတိုင်းလည်း ပြောဆိုနေကြလေသည် ။
လူအများမှာ စစ်ကြီးကို ဝိုးတိုးဝါးတားအားဖြင့် ကြောက်သော်လည်း အင်္ဂလိပ် စစ်ရှုံးနေခြင်းကြောင့်ပင် ဝမ်းသာနေကြလေသည် ။
ကျွန်တော်တို့သည် နယ်များ၌လည်း လျှို့ဝှက်ရေး မြေအောက်တော်လှန်ရေး အဖွဲ့ခွဲများကို
အနှံ့အပြား စတင်ဖွဲ့စည်းနေကြလေပြီ ။
မြေပေါ် မှ ထွက်ရပ်ဂိုဏ်းကလည်း အတော်ပင် ဆူပူလှုပ်ရှားလာခဲ့လေသည် ။
ဒေါက်တာဘမော် ၊ သခင်ဘဟိန်း နှင့် သခင်အောင်ဆန်း တို့ သုံးဦးသား ရေးကြသော ' ကမ္ဘာစစ် နှင့်
ဗမာ ' ဟူသော စာအုပ်ကလေး ထွက်လာလေသည် ။ “ အရေးကြီးပြီ သွေးစည်းကြစို့ ” ၊ “ အခါအားဖြင့်လည်း အရေးကြီး ၊ ကိစ္စကလည်း အရေးကြီး ၊ ရေးသူများကလည်း အရေးကြီး ၊ ထို့ကြောင့်
ဝယ်ရန် အရေးကြီးသည် ” စသည်ဖြင့် ကြော်ငြာကာ စာအုပ်တစ်အုပ် သုံးပြားဖြင့် ရောင်းလေရာ
လွန်စွာ တွင်ကျယ်လေသည် ။ စစ်ကြီးမှာ ဗမာက အမြတ်ထုတ်ရန် ညွှန်ကြားသော စာအုပ်ငယ်ကလေး ဖြစ်၏ ။ ' အင်္ဂလိပ်အခက် ဗမာ့အချက် ' ဆိုသော ဆောင်ပုဒ်ကို အတည်ပြုထားခြင်းပင်
ဖြစ်၏ ။
မြေပေါ်မြေအောက် စည်းရုံးမှု လှုပ်ရှားကြရုံမက နိုင်ငံခြား နှင့် ဆက်သွယ်ရန်မှာလည်း နည်းအမျိုးမျိုးဖြင့် ဆောင်ရွက်နေကြလေပြီ ။
ဦးဘလွင် ၊ ဦးဘချို ၊ သခင်နု စသော ခေါင်းဆောင်ကိုယ်စားလှယ်များက တရုတ်ပြည် သို့
ချစ်ကြည်ရေးမစ်ရှင် သွားခဲ့ကြသည် ။ သခင်သန်းထွန်း ၊ သခင်အောင်ဆန်း ၊ ကိုဘဟိန်း စသူတို့က အိန္ဒိယကွန်ဂရက် သို့ လေ့လာရေးမစ်ရှင် သွားခဲ့ကြလေပြီ ။
သခင်အောင်ဆန်း သည် အဖမ်းမခံ ၊ ပုန်းအောင်းနေပြီး မြေအောက်တော်လှန်ရေးလုပ်ငန်းများ
လုပ်နေရာမှ ကျွန်တော်တို့ပင် သတင်းအစအန မကြားရတော့ချေ ။ အတော်ကြာမှ နိုင်ငံခြားသို့
ထွက်သွားပြီဟု အရိပ်အမြွက် သိကြရလေသည် ။
လွှတ်တော် နိုင်ငံရေးမှာကား ရှက်စရာပင် ကောင်းသေးတော့၏ ။ အော်ယုဝ ဆိုသော တရုတ်
မျက်နှာကြီး လူဆိုးတစ်ယောက် ကိစ္စနှင့် ပတ်သက်ပြီး နန်းရင်းဝန် ဦးပု နှင့် ပြည်ထဲရေးဝန်ကြီး
ဦးဘဖေ တို့ လူသိနတ်ကြား လွှတ်တော်မှာ စကားများကြလေသည် ။ ဦးဘဖေ ရာထူးမှ နုတ်ထွက်ရသည်အထိ ဖြစ်စေခဲ့သော အမှုဖြစ်လေသည် ။
လွှတ်တော် အမတ်များ လာဘ်စားခြင်း ၊ မဲရောင်းမဲဝယ် လုပ်ခြင်းများ အနံ့တထောင်းထောင်း
ထွက်အောင် ပြန့်ပွားလာသဖြင့် စုံစမ်းစစ်ဆေးရန် ကော်မတီများ ခန့်ရလေသည် ။
ဦးပု နှင့် ဦးဘဖေ ရန်ဖြစ်သည်ကို အမြတ်ထုတ်ပြီး ဦးစော သည် နန်းရင်းဝန် ဖြစ်လာလေသည် ။
ကျွန်တော်တို့ လူငယ်များကား ထိုအဖြစ်အပျက်များကြောင့် လွှတ်တော် နိုင်ငံရေးကို စက်ဆုပ်
ရွံရှာကြ၏ ။ လူကြီးနိုင်ငံရေး ခေါင်းဆောင်များအား မုန်းတီးကြကုန်၏ ။
သခင်ဘဟိန်း က ကျွန်တော့်အား တွေ့ချင်သည်ဆိုသဖြင့် ကိုအေးငွေ နှင့်အတူ လိုက်သွားရလေသည် ။
အချိန်မှာ ညနေစောင်း ဖြစ်သည် ။
ကျွန်တော်တို့ မြို့ထဲမှ စီးလာသော ဘတ်စ်ကား သည် မြေနီကုန်း ကို လွန်ပြီးလာသောအခါ
ကိုအေးငွေ က ပြည်လမ်းကြီး ၏ ညာဘက်ရှိ အိမ်ကလေးတစ်လုံးကို လက်ညှိုးထိုးပြပြီး -
“ ဒီအိမ်ကို သိတယ် မဟုတ်လား ”
“ သိတယ်လေ ၊ ကိုလှရွှေ တောင် မခင်ရီ နဲ့ ညားပြီးခါစ ခဏနေသေးတယ်လေ ။ ခုတော့ ကိုသိန်းဖေ
လည်း မနေတော့ဘူး ၊ ကိုလှရွှေ လည်း မနေတော့ဘူး ”
“ ကိုသိန်းဖေ ဘယ်ပြောင်းသွားပြီလဲ ”
“ ကိုသိန်းဖေ က ရုပ်ရှင်ဒါရိုက်တာ လုပ်နေတော့ တာမွေ ပြောင်းသွားပြီ ၊ ကိုလှရွှေ ကလည်း ဆရာဝန်
ဖြစ်သွားတော့ အလုပ်နဲ့နီးရာ ပြောင်းသွားပြီ ”
“ သူတို့တစ်တွေဟာ နိုင်ငံရေးနဲ့ ဝေးသွားပြီ ထင်တယ်နော် ”
“ ခုတော့ ခပ်ဝေးဝေးပဲ ၊ သို့ပေမယ့် လုံလုံး ကင်းရှင်းတဲ့သဘော ဟုတ်မယ် မထင်ပါဘူး ”
ကျွန်တော်သည် သူတို့နှစ်ယောက်စလုံးအား နိုင်ငံရေး စွဲစွဲမြဲမြဲ ရှေ့တန်းမှ နေပြီး မဆောင်ရွက်ကြဘဲ ခပ်ကင်းကင်းဖြစ်နေကြသဖြင့် အပြစ်တင်လိုသည် ။ ဝမ်းနည်းကြေကွဲခြင်းလည်း ဖြစ်ရသည် ။
မဟာမြိုင်လမ်းထိပ်မှာ ဘတ်စ်ကား ရပ်ပြီး ကျွန်တော်တို့ ဆင်းကြသည် ။
ဒေါ်ကြီးကြီးလမ်း နှင့် ပြည်လမ်း ထောင့်တွင် ဧရာမ အိမ်ကြီးတစ်ဆောင် ရှိလေသည် ။ ထိုအိမ်ကြီးဆီသို့ ကားတစ်စီးပြီး တစ်စီး ဝင်လျက်ရှိသည် ။
ကိုအေးငွေ -
“ အဒီ အိမ်ကြီးမှာ ဘယ်သူနေတယ်ဆိုတာကော သိရဲ့လား ”
“ သိတာပေါ့ ၊ ဆာအမ်အေ မောင်ကြီး နေတယ် မဟုတ်လား ”
ထိုအချိန်တွင် ဆာအမ်အေမောင်ကြီး သည် ရိုသေလေးမြတ်အပ်သော ဘုရင်ခံမင်းမြတ် ၏
ကာကွယ်ရေးဌာန အတိုင်ပင်ခံ အပိုကောင်စီလာ ဝန်ကြီးတစ်ဦး ဖြစ်နေလေသည် ။ တကယ့်
ကာကွယ်ရေးဌာန ကောင်စီလာလူကြီး ဆာဂျွန်ဝိုက်စ် အပြင် အပို ခန့်ထားခြင်းဖြစ်သည် ။ ဗြိတိသျှ
စစ်နယ်ချဲ့သမား ၏ စစ်ပွဲကြီးကို မြန်မာ တို့က အကြောင်းအမျိုးမျိုးဖြင့် ကန့်ကွက်လျက်ရှိကြရာ
အကြောင်းတစ်ကြောင်းမှာ မြန်မာလူမျိုးတို့အား ကာကွယ်ရေးဌာနတွင် တာဝန်အပ်နှင်းခြင်း
မရှိခြင်း ဖြစ်ပေသည် ။ ဆာအမ်အေမောင်ကြီး အား ဤရာထူးသို့ ခန့်အပ်လိုက်ခြင်းမှာ ဗြိတိသျှ
စစ်အားထုတ်မှုတွင် မြန်မာများ ပါဝင်ကူညီကြစေရန် ဝါဒဖြန့်သည့်အနေဖြင့် ခန့်အပ်လိုက်ခြင်း
ဖြစ်သည် ။ ဗြိတိသျှနယ်ချဲ့သမား ၏ စစ်ကြီးကို ဆန့်ကျင်နေကြသော ကျွန်တော်တို့သည် ဆာအမ်အေမောင်ကြီး အား နယ်ချဲ့ အလိုတော်ရိစာရင်းတွင် သွင်းထားလိုက်ကြလေသည် ။
ကိုအေးငွေ က လမ်းတစ်ဖက်သို့ မကူးမီ လမ်းရှင်းမရှင်း မျှော်ကြည့်ရင်း -
“ ဒီ အလိုတော်ရိကြီးတွေ ဘာများ အောင်ပွဲခံနေကြတယ် မသိဘူး ”
“ အလိုတော်ရိ ဆိုတာ တွေကတော့ ကိုယ် ရာထူးရမယ်ဆိုရင် တိုင်းပြည် ကျွန်သက် ပိုရှည်မှာကို
ထည့်တွက် မနေကြပါဘူး ၊ ဗြိတိသျှ အင်ပိုင်ယာကြီး ကမ္ဘာတည်ပါစေလို့ ကြွေးကြော်ပြီး သစ္စာတော်
ခံကြတာပဲ ”
ကျွန်တော်တို့သည် လမ်းရှင်းသွားသည်နှင့် တစ်ဖက်သို့ ကူးကြသည် ။ နောက် မြေနုလမ်းထဲသို့
ဝင်ကြလေသည် ။
မြေနုလမ်း၏ ဘယ်ဘက်မှာ တစ်ထပ်အိမ်ကလေးတစ်လုံး ရှိ၏ ။ အမိုးမှာ ဆေးနီ ၊ တံခါးပေါင်နှင့်
ဝရန်တာများကို ဆေးဖြူသုတ်ထားပေရာ ပန်းချီကားထဲက အိမ်ကလေးနှင့် တူနေလေသည် ။
ထိုအိမ်မှာ ကိုဘဟိန်း နေလေသည် ။
ကိုဘဟိန်း သည် ဝရန်တာသို့ ထွက်ပြီး အိမ်ရှေ့သို့ ငေးမျှော်ကြည့်ရင်း မျက်နှာချင်းဆိုင်အိမ်
အပေါ်ထပ်မှ ဆရာဖြစ် အတတ်သင်ကျောင်းသူ မခင်ကြီး နှင့် မျက်စိချင်း ထိတွေ့ စွဲမက်ခဲ့လေသည် ။ ထို့နောက် လူချင်းတွေ့ဆုံ၍ အရူးအမူး ချစ်ကြိုက်ခဲ့လေသည် ။ အဆုံးသတ်တွင်ကား
ဆရာမလောင်းကလေး မခင်ကြီး အား ဆရာဖြစ် အတတ်ကိုပင် ပြီးဆုံးအောင် သင်ခွင့် မပေးတော့ဘဲ
လက်ထပ်ယူလိုက်လေသည် ။
ကိုဘဟိန်း သည် အိမ်ထောင်ကျသွားပြီဖြစ်သော်လည်း ကိုဘဟိန်း ၏ အိမ်ကား သားမရှိ မယားမရှိ
လူလွတ်များ စုရုံးနေထိုင်ရာနှင့်သာ တူလေသည် ။ လက်ရှိ ကျောင်းသားခေါင်းဆောင်များ ၊
ကျွန်တော်တို့လို ကျောင်းမှထွက်ပြီး နိုင်ငံရေးထဲ ရောက်နေသူများ နှင့် အလုပ်သမား ခေါင်းဆောင်များ အဝင်အထွက် များလှလေသည် ။
ထိုနေ့တွင်ကား အိမ်ထဲမှာ ကိုဘဟိန်း တစ်ယောက်တည်းသာ ရှိ၏ ။ သူသည် ပက်လက်ကုလားထိုင်တွင် စိတ်အေးလက်အေးထိုင်လျက် နေရှင်နယ်ဖရန့် ( National Front ) ဆိုသော
အိန္ဒိယပြည်မှ ဂျာနယ်တစ်စောင်ကို ဖတ်နေသည် ။
ကျွန်တော်တို့ ထိုင်မိသောအခါ သူက ဂျာနယ် ကို ချထားလိုက်ပြီး စီးကရက်တစ်လိပ် မီးညှိ
လိုက်သည် ။ ကျွန်တော် က ဂျာနယ်ကို ကောက်ကိုင်ရင်း -
“ ဒါက ဘယ်က ထုတ်တာလဲဗျ ”
“ အိန္ဒိယမှာ ရှိတဲ့ တိုးတက်တဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေက ထုတ်တာပဲ ၊ အိန္ဒိယကို ကိုယ်တို့
ရောက်တုန်းက မှာထားခဲ့တာနဲ့ အခု သူတို့က ပို့ပေးနေတယ် ”
ကိုအေးငွေ ကား ဂျာနယ်တွင် စိတ်မဝင်စားချေ ။ အလုပ်တွင်သာ စိတ်ဝင်စားနေသည် ။
“ ခင်ဗျား ဘယ်တော့ ယူဂျီ ဆင်းမှာလဲ ၊ ခင်ဗျား အခြေအနေဟာ လုံခြုံတယ်လို့ ကျွန်တော်တို့
မထင်ဘူး ”
ထိုအချိန်တွင် သခင်အောင်ဆန်း ၊ သခင်လှဖေ ၊ ကိုထွန်းရှိန် စသူတို့သည် ယူဂျီ ခေါ် မြေအောက်
လုပ်ငန်းသို့ ကူးပြောင်းသွားကြပြီ ဖြစ်သည် ။
ကိုဘဟိန်း က မီးခိုးလိပ်များကို မှုတ်ထုတ်လိုက်ပြီး -
“ ခု ဆီမီးယူဂျီ ပဲဗျ ”
ကိုအေးငွေ သည် သရော်ဟန်ဖြင့် ပြုံးလိုက်၏ ။
“ အင်း မြေအောက်တစ်ပိုင်း မြေပေါ်တစ်ပိုင်း ဆိုတာ ပေါ်နေတဲ့အပိုင်းကနေပြီး ဖမ်းသွားတတ်တယ်နော် ။ ခင်ဗျားက မိန်းမနားက မခွာချင်တာနဲ့ လုံးလုံး ယူဂျီ မသွားတာနဲ့ တူတယ် ”
ကိုဘဟိန်း သည် ချစ်စရာကောင်းသော အပြုံးဖြင့် -
“ မဟုတ်ပါဘူး ကိုယ့်လူရာ ၊ ယူဂျီလုံးလုံး သွားဖို့လိုရင် မိန်းမပါ ခေါ်သွားမှာပေါ့ ဟဲဟဲ ”
ကိုအေးငွေ ကား ကျေနပ်ပုံ မပေါ် ။
ကျွန်တော် က စကားကြောကို ပြောင်းသွားစေရန် ကြားဝင်၍ -
“ မြို့မဆရာကြီး ဦးဘလွင် တို့ အိန္ဒိယယဉ်ကျေးမှုအသင်း တွေ ဖွဲ့တာ ဘယ်လိုနေသလဲ အောင်မြင်ရဲ့လား ”
“ အတော်အတန်တော့ အောင်မြင်ပါတယ် ။ ဒေါက်တာ ရာဘင်ဒြာနတ်တဂိုး တို့ ၊ ပန်ဒစ်ဂျဝါဟလာ
နေရူး တို့က ဒီကိစ္စမှာ ရှေ့ဆောင်ရှေ့ရွက် ပြောနေကြတာပဲ ။ ဒါပေမဲ့ သူတို့လည်း သူတို့ကိစ္စနဲ့
ရှုပ်နေတော့ တရုတ်ကိစ္စ မှာ စေတနာမေတ္တာထားကြောင်း စတိလောက်သာ လုပ်ပြနိုင်တာပါပဲ ။
ကိုယ်တို့လည်း ဘာထူးသလဲ ”
“ ခင်ဗျား တရုတ်ဗမာ နယ်စပ်ဆီ သွားတာလည်း ဒီသဘောလောက်ပဲ စတိပဲပေါ့နော် ”
ကိုဘဟိန်း သည် စီးကရက်ကို ဖွာပြီး ခဏကြာငေးနေသေးသည် ။
“ အင်း စတိသဘောလည်း ပါတယ် ၊ နောက်တစ်ခုက တရုတ်ပြည် က ကွန်မြူနစ် တွေနဲ့ အဆက်
ရလိုရငြားဆိုတဲ့ ရည်ရွယ်ချက်လည်း ပါတယ် ။ ရန်ကုန် မှာ ရှိတဲ့ အဆက်တွေက တယ်ပြီး
ခြေခြေမြစ်မြစ် မရှိဘူး ။ ဗမာပြည် မှာ အများဆုံး လုပ်နေကြတဲ့ တရုတ်တွေက ကိုမင်တန်းတွေပဲ
များတယ် ”
ကိုအေးငွေ ကား ဘာမျှ မပြော ။ သူ့ဘာသာ သူ တွေးချင်ရာ တွေးနေဟန်တူသည် ။
“ ကိုဘဟိန်းရဲ့ ၊ ကိုမင်တန်း တွေလည်းပဲ ကျွန်တော်တို့ရဲ့ လွတ်လပ်ရေးကို လိုလားတာပဲ မဟုတ်လား ။ မနှစ်က တရုတ်ပြည် က ကိုမင်တန်း ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့ လာတယ် မဟုတ်လား ၊
သူတို့ထဲမှာ စင်ကာပူ က တရုတ်သူဌေးကြီး တန်ကာကီး ဆိုတာတောင် ပါလာသေးတယ်လေ ။
အာရှ ရဲ့ ငြိမ်းချမ်းရေး နဲ့ လွတ်လပ်ရေး ကို တရုတ်ပြည် ၊ အိန္ဒိယပြည် ၊ ဗမာပြည် ပေါင်းပြီး အသိအမှတ်ပြုပြီး လွှင့်ခဲ့တယ် ”
“ ကိုမင်တန်း လည်း ဗမာ့လွတ်လပ်ရေး ကို လိုလားတာထဲ ပါမှာပဲ ။ သို့ပေမယ့် အင်္ဂလိပ် ရဲ့ ငြိငြင်မှုကို ခံပြီး ဗမာ့လွတ်လပ်ရေး ကို ဇွတ် ကူညီမယ်တော့ မထင်ဘူး ။ တရုတ်ကွန်မြူနစ် တွေကသာ
ကူမယ် ”
အတန်ငယ် တိတ်ဆိတ်နေပြီးနောက် ကျွန်တော် က ကျွန်တော်၏ သံသယဖြင့် ကိုဘဟိန်းအား
လှုပ်လိုက်သည် ။
“ တရုတ်ကွန်မြူနစ် တွေက ကူညီမယ် ဆိုတာကော ခင်ဗျား သေသေချာချာ ပြောနိုင်ရဲ့လား ။
အထောက်အထား ခြေခြေမြစ်မြစ် ရှိရဲ့လား ”
ကိုဘဟိန်း သည် ခပ်ရှည်ရှည်ကျန်သေးသော စီးကရက်ကို ပြာခွက်ထဲမှာ ခေါင်းစိုက်၍ ချေရင်း -
“ ကိုယ့်လူကလည်း သင်တန်းတွေ ဘာတွေလည်း တက်ပြီးပြီ ၊ စာအုပ်တွေလည်း ဖတ်ထားတယ် ၊
ဒါနဲ့လည်း ကွန်မြူနစ်သဘောအခြေခံကို နားမလည်သေးဘူး ။ ကွန်မြူနစ် ဆိုတာ နယ်ချဲ့
အားလုံးကို အပြီးတိုင် ချေမှုန်းမယ့် လူတွေ ဖြစ်တယ် ။ ဂျပန် နယ်ချဲ့ ၊ ဗြိတိသျှ နယ်ချဲ့ ၊ ဘယ် နယ်ချဲ့မှ
ချမ်းသာပေးမှာ မဟုတ်ဘူး ။ ဒီတော့ ဗြိတိသျှ နယ်ချဲ့ ကို အပြုတ်နှံမယ့် ကိုယ်တို့ကို တရုတ်
ကွန်မြူနစ် က မကူညီဘဲ နေပါ့မလား ”
ကျွန်တော် ကား တစ်လုံးတစ်ပါဒမျှ ပြည်လည်ချေပနိုင်ခြင်း မရှိပါ ။ ထို့ကြောင့် ငြိမ်နေသည် ။
ကိုဘဟိန်း က ကျွန်တော့်အား ဘာ့ကြောင့် တွေ့လိုသည်ကို မေးတော့မည်ဟု စဉ်းစားနေလေသည် ။
သို့သော် ကိုဘဟိန်း က စကားပြန်ကောက်သည် ။
“ သို့ပေမယ့် ကိုယ်တို့က တရုတ် အကူအညီ မရလို့ ဗြိတိသျှ နယ်ချဲ့သမားကို အပြုတ်မနှံဘဲ နေမှာ
မဟုတ်ဘူး ၊ ဘယ်သူ့ အကူအညီနဲ့ ဖြစ်ဖြစ် အင်္ဂလိပ် ကိုတော့ ဒီပွဲမှာ အပြုတ်နှံရမှာပဲ ”
ငြိမ်နေခဲ့သော ကိုအေးငွေ က ထိုအခါတွင်မှ ကြားဝင်လိုက်လေ၏ ။
“ အင်္ဂလိပ် နယ်ချဲ့ကို အပြုတ်နှံဖို့ဆိုတာ မလွယ်ဘူး ။ ရဲဘော်တင်ထွန်း သိတဲ့ အတိုင်းပဲ ။ ကိုယ်တို့
မှာ လူအားရှိပါရဲ့ ၊ လူနဲ့ချည်း မပြီးဘူး ၊ ငွေနဲ့လက်နက် အားကြီးလိုတယ် ။ ဒီတော့
ဘယ်သူ့ဆီက ဖြစ်ဖြစ် ပြင်ပ အကူအညီကို ရအောင် ယူရလိမ့်မယ် ”
“ ဟုတ်ပါတယ် ၊ ဒီအချက်ကို ကျွန်တော် လက်ခံပါတယ် ”
ကိုဘဟိန်း က ကျွန်တော့် ကို မှာခြင်းမှာ ပြင်ပအကူအညီရယူရေးနှင့် ပတ်သက်နေသလောဟု
ထင်လာလေသည် ။
“ ကိုဘဟိန်း ကျွန်တော် နဲ့ အထူးတွေ့ချင်တာ ဘာကိစ္စလဲ ”
ကိုဘဟိန်း ၏ မျက်နှာမှာ ပြောင်းသွားလေသည် ။ စိတ်မချမ်းသာသော မျက်နှာ နှင့် အားနာသော
အမူအရာများမှာ ထင်ရှားနေသည် ။ ကိုအေးငွေ ကား ကျွန်တော်တို့အား မကြည့်ဘဲ မျက်နှာလွှဲပြီး
နေသည် ။ ကျွန်တော့် စိတ်တွင် တစ်စုံတစ်ရာ ထူးခြားသည်ဟု ထင်လာ၏ ။ တော်တော်နှင့် စကား
မပြောကြ ။
နေဝင်သွားပြီဖြစ်၍ အိမ်တွင်းက အလင်းရောင်မှာ ပျော့သွားလေပြီ ။ သို့သော် ပူအိုက်ခြင်းကား
လျော့မသွားချေ ။
“ ဆိုစမ်းပါဦးဗျ ” ဟု ကျွန်တော်က ထပ်မေးလိုက်သည် ။
ကိုဘဟိန်း က မပြောချင် ပြောချင်ဖြင့် -
“ ပြောချင်တဲ့ ကိစ္စ က ရဲဘော်တင်ထွန်း ရဲ့ ကိုယ်ရေးကိုယ်တာနဲ့ ပတ်သက်နေတယ် ၊ ကိုယ်ရေးကိုယ်တာမှာ ကိုယ်တို့က ဝင်စွက်ရတာတော့ မကောင်းဘူး ဝမ်းလည်းနည်းတယ် ”
ကျွန်တော့် ရင်မှာ တဒိတ်ဒိတ် ခုန်လာ၏ ။ ဘယ်ကိစ္စမျိုး ဖြစ်၍ ဤလို စကားပျိုး၍ နေသနည်း ။
“ သို့ပေမယ့် ရဲဘော်တင်ထွန်း ရဲ့ ကိုယ်ရေးကိုယ်တာကိစ ္စဖြစ်လို့ ကိုယ်တို့က နှုတ်ပိတ်နေမယ်
ဆိုရင် ရဲဘော် မှာသာ နစ်နာစရာ ရှိတယ် ။ ပျက်စီးရာပျက်စီးကြောင်း ဖြစ်မယ် ။ ဒါ့ကြောင့် ပြောရတာပါပဲ ၊ သည်းညည်းခံပေါ့ ကိုယ့်လူ ”
ကျွန်တော် က လှုပ်ရှားသော အသံဖြင့် -
“ ပြောသာ ပြောပါဗျာ ၊ ပြောစရာ ရှိသလောက် ”
“ သတင်းတစ်ခု ကိုယ်တို့ လူစုထဲမှာ ဖြစ်နေတယ် ။ ရဲဘော်တင်ထွန်း ဟာ လင်ရှိမယား တစ်ယောက်
နဲ့ မှားယွင်း ဖောက်ပြားနေသတဲ့ ။ ဟုတ်ရင်လည်း ရပ်တန်းက ရပ်ဖို့ ၊ မဟုတ်ရင်လည်း ဒီလို
မကောင်းသတင်း ပပျောက်သွားအောင် အနေအထိုင် ဆင်ခြင်ဖို့ ”
ကျွန်တော်ကား သည်စကား ကို လုံးဝ မမျှော်လင့်ခဲ့ ။ သည်အကြောင်းကို မမြမှီ နှင့် ကျွန်တော်တို့
နှစ်ယောက်မှ တစ်ပါး ကမ္ဘာတစ်ခွင်တွင် သိသူ တစ်ဦးတစ်ယောက်မျှ မရှိဟု ထင်သည် ။ ထို့ကြောင့်
အတွေးအတောပင် ရပ်သွားလောက်အောင် အံ့ဩသွားလေသည် ။ ဘယ်လို ပြန်ပြောလိုက်ရ
ပါမည်လဲဟု မတွေးနိုင် ။ ဘယ်လို မျက်နှာအမူအရာ ထားလိုက်ရပါမည်လဲဟုလည်း မတွေးနိုင် ။
အတန်ကြာအောင် ကြောင်နေမိ၏ ။ ငေးနေမိ၏ ။
ကိုဘဟိန်း က ဆက်ပြောနေ၏ ။
“ ကိုကြီးနု ရေးတဲ့ ပြဇာတ်ညွန့်ပေါင်းမှာ ဒီလို ပြစ်မှုမျိုးနဲ့ ပတ်သက်ပြီး ရေးထားတယ် ။ အတော်ပဲ
ရှုတ်ချထားတယ် ။ နိုင်ငံရေး ခေါင်းဆောင်တစ်ယောက် ကို စောင်းမြောင်းထားတယ် ။ သူများ
သားမယားနဲ့ စိတ်ချထားလို့ မဖြစ်နိုင်တဲ့ နိုင်ငံရေးခေါင်းဆောင် ရဲ့ လက်ထဲမှာ တိုင်းပြည်ကို
စိတ်ချထားနိုင်ဖို့ မဖြစ်နိုင်ဘူးတဲ့ ”
သူ ဆက်ပြောနေသည် ။ သူ့အသံကို ကျွန်တော် ကြားနေသည် ။ ဘာအဓိပ္ပာယ်တွေ ဆောင်နေသည်
ဟုကား ကျွန်တော် တွေးတော မရတော့ချေ ။ သို့သော် ပထမ ခဏများ၌ ရပ်သွားသော ကျွန်တော့်
ဦးနှောက်သည် မြင်းပြေးသလို ကဆုန်ပေါက်၍ ပြေးနေလေသည် ။ မည်သူ သိသွားလေသနည်း ။
ဘယ်မျှထိ သိသွားသနည်း ။ ကားမောင်းသမား လော ၊ ဒရဝမ် လော ၊ ကိုအေးငွေ လော ။ ကိုအေးငွေ
ကတော့ မမြမှီ ကို မြင်ဖူးသည် ။ ကျွန်တော်နှင့် ခင်မင်သည်ကို အနည်းငယ်သိသည် ။ ကျွန်တော်တို့
အတွင်းရေးကိုကား လုံးဝမသိ ။ ရှမ်းပြည်သို့ အတူသွားကြသော သိန်းသိန်း နှင့် မချို တို့ ရိပ်မိ
သိရှိကြလေသလော ။ သို့သော် သိန်းသိန်း ကား ရိပ်မိသိရှိသည့်တိုင်အောင် အခြားသူတွေကို
အရိပ်အမြွက်မျှပင်လည်း ပြောမည် မဟုတ် ။ သိန်းသိန်း မှာ မမြမှီ ၏ ရုပ်သေးရုပ်သာ ဖြစ်သည် ။
မချို ကား ဆွံ့အပြီး နားထိုင်းနေသောကြောင့် ရိပ်မိဦး ၊ ဘာမျှ ပြောနိုင်မည် မဟုတ်ချေ ။ သတင်းသည် ဘယ်မျှ ပျံ့လွင့်နေပြီနည်း ။ ဘယ်လောက် ပုပ်အောင် ပြောနေကြပြီလဲ ။ နာတာရှည်
ရောဂါဖြင့် လှဲနေသော ဦးထွန်းဝင်း ၏ အိပ်ရာဘေးသို့ပင် ထို အပုပ်နံ့ ရောက်လေပြီလော ။
ကျွန်တော်၏ ဦးနှောက် ကို မေးခွန်းအများ သည် ဆူညံလျင်မြန်စွာ တီးခေါက်နေကြ၏ ။ ဘယ်
မေးခွန်းကိုမျှလည်း ပြေအောင် မဖြေနိုင် ။ ကျွန်တော့် မှာ စိတ်အိုက်သလောက် ကိုယ်အိုက်လာလေသည် ။ ချွေးတွေ ပြန်လာသည် ။
ကိုဘဟိန်း သည် ဘယ်တုံးက အပြောရပ်သွားသည် မသိ ။ သို့သော် သူ၏ ဆိတ်ငြိမ်နေခြင်းကို
သူ့ဘာသာ ဖျက်လိုက်တော့မှ သူ ဆိတ်ငြိမ်နေခဲ့ခြင်းကို ကျွန်တော် သိတော့သည် ။
“ အေးလေ ၊ ကြားတဲ့အတိုင်း ဟုတ်ရင်လည်း ရပ်တန်း က ရပ်လိုက်ရုံပေါ့ ။ ရင်းနှီးတဲ့ လူအချင်းချင်း
အကြံပေးတာပါ ”
“ ကြားတဲ့အတိုင်း ဟုတ်မှ မဟုတ်ဘဲ ကိုဘဟိန်း ရဲ့ ၊ ခင်ဗျားကို ဘယ်သူက ပြောသလဲ ”
ကိုဘဟိန်း ကား ပြူးတူးကြောင်တောင် ဖြစ်သွားလေသည် ။ ခုထိ ဘာမျှ မပြောသေးသော
ကိုအေးငွေ ဝင်ပြောလိုက်လေသည် ။
“ ရဲဘော်တင်ထွန်း ရဲ့ ၊ ဘယ်သူပြောတယ် ဘယ်ဝါပြောတယ် မေး မနေနဲ့တော့ ၊ သူပြောငါပြော
များနေတဲ့ကိစ္စ ဖြစ်လာလို့ ရင်းနှီးတဲ့လူ အချင်းချင်း သတိပေးတာပဲ ”
ကျွန်တော် က မူမမှန်သော်လည်း မာကျောသော အသံဖြင့် -
“ ဟုတ်မှ မဟုတ်ဘဲဗျ ။ ကျွန်တော်တို့က ရိုးရိုး ရင်းနှီးတာကို လူတွေ က ချဲ့ကားပြီး ပြစ်မှု
ကျူးလွန်တယ် ၊ ဖောက်ပြားကြတယ်လို့ ပြောနေကြတာပဲ ။ ကျွန်တော် ကဖြင့် ဒီလို စွပ်စွဲချက်မျိုး
ဒီတစ်ခါပဲ ကြားဖူးတယ် ။ ခုခေတ် လူတွေဟာ သဘာဝကိုက အပုပ်နံ့ကို ပိုကြိုက်ကြတယ် ”
ကျွန်တော့်ကိုယ်ကို ကျွန်တော် အံ့ဩမိသည် ။ ဘယ်မျှ ဗြောင်လိမ်ရဲသနည်း ။ ဘယ်မျှ ပိရိစွာ မုသားစကား တီထွင်တတ်သနည်း ။
“ ပြီးတော့ ကိုဘဟိန်း ရဲ့ ၊ ဒီကိစ္စမှာ ကျွန်တော်တို့ ဗမာလူမျိုးတွေ အောက်ကျနောက်ကျနိုင်မှု တစ်ခုပါတယ် ။ အနောက်နိုင်ငံ မှာက ယောကျာ်း နဲ့ မိန်းမ ရိုးရိုး ခင်လို့ တွဲတယ် ၊ သွားအတူ လာအတူ
လုပ်တယ်ဆိုရင် အတင်း မပြောကြဘူး ၊ ချဲ့ကား မပြောကြဘူး ။ ကျွန်တော်တို့ ဗမာတွေကတော့
ချဲ့ကားကြတယ် ၊ အတင်းအဖျင်း ပြောကြတယ် ။ လက် နဲ့ ထိမိကြရုံနဲ့ ဗိုက်ကြီးသွားပြီလောက်
ပြောကြတာပဲ ”
ကိုဘဟိန်း သည် ကျွန်တော့် အား ယုံသွားဟန် ရှိသည် ။ တောင်းပန်လိုသည့် ဟန်ပန် ၊ ပြုံးချိုသည့်
မူရာဖြင့် -
“ အေးပေါ့ ကိုယ့်လူရာ ၊ မဟုတ်ရင်လည်း နည်းနည်းတော့ အနေအထိုင် ဆင်ခြင်ရမယ် ။ လူတွေ
ကိုက ပိုပြောတတ်တာ အမှန်ပဲ ။ သို့ပေမယ့် ပြောစရာ မဖြစ်အောင် နေတတ်ရမယ် ။ လူငယ်
နိုင်ငံရေးသမားတွေဟာ လူကြီးနိုင်ငံရေးသမားတွေနဲ့ အစစအရာရာ ကွာခြားရမယ် ။ လူကြီး
နိုင်ငံရေးသမားတွေရဲ ကျင့်ဝတ်သိက္ခာပျက်ပုံကိုတော့ တိုင်းသိပြည်သိမို့ စက်ဆုပ်နေကြပြီ ၊ လူငယ်
နိုင်ငံရေးသမားတွေ ကျင့်ဝတ်သိက္ခာ ကောင်းဖို့ လိုတယ် ။ ကဲ ကဲ ဒါပါပဲ ၊ မဟုတ်ဘူးဆိုတာ
ကြားရလို့ ဝမ်းသာပါတယ် ။ ကိုယ်တို့လည်း စိတ်မရှိနဲ့နော် ၊ အချင်းချင်းဆိုတာ သတိပေးတန်
ပေးရတာပဲ ”
“ ကိစ္စ မရှိပါဘူး ၊ ကိုဘဟိန်း က တောင်းပန်နေဖို့ မလိုပါဘူး ။ ခင်ဗျား တို့ ကိုအေးငွေ တို့ အပေါ်မှာ
ဘယ်နည်းနဲ့မှ စိတ် မရှိပါဘူး ”
ကိုဘဟိန်း သည် စီးကရက်တစ်လိပ်ကို ထပ်ညှိပြီး သောက်နေသည် ။ သူ့ မျက်နှာမှာ ညှိုးနေသည် ။
ကိုအေးငွေ ကား ကျွန်တော်တို့ ထံမှ မျက်နှာလွှဲပြီး အဝေးသို့ မျှော်ငေးနေသည် ။ သူ့မျက်နှာမှာ
ပုပ်နေသည် ။ ကျွန်တော် ၏ ကိုယ်နှင့် စိတ် မှာ အပြစ်ဝန်ထုပ်ကြီးဖြင့် ပိနေသည် ။ ကြာခိုမိသော
အပြစ် ၊ မခင်သစ် အပေါ် ပြုမိသည့် အပြစ် ၊ ရဲဘော်ရဲဘက်တွေအပေါ် လိမ်မိသော အပြစ် ။
ကျွန်တော် သည် ခေါင်းငိုက်စိုက်ချကာ ဘာစကားမျှ မပြောဘဲ နေသည် ။ ကိုဘဟိန်း နှင့် ကိုအေးငွေ
တို့လည်း စကားတစ်လုံးမျှ မပြောနိုင်ကြ ။
ကျွန်တော်သည် သူတို့ အနားမှာ မနေလိုတော့ချေ ။ မျက်နှာ ပူလာသည် ။ ရှက်လာသည် ။ လှောင်
နေသော အခန်းတစ်ခုတည်းမှာ အသက်ရှူကျပ်သလို ဖြစ်နေ၏ ။
သို့ဖြင့် အချိန်အတော် ကြာသွားသည် ။
ကျွန်တော် က ခေါင်းငိုက်စိုက်ချထားရာမှပင် -
“ ကဲ ကျွန်တော် သွားတော့မယ် ”
ကိုဘဟိန်း က စီးကရက်တိုကို ပြာခွက်မှာ ခေါင်းစိုက်၍ ချေရင်း -
“ သွားချင် သွားတော့လေ ”
“ ကိုအေးငွေ လိုက်ခဲ့တော့မယ်လား ”
“ မလိုက်သေးဘူး ”
ကျွန်တော် သည် ခေါင်းငိုက်စိုက်ချ၍ပင် ထလာခဲ့လေသည် ။
မြေနုလမ်းသည် ဖျော့တော့သော လမ်းမီးရောင်အောက်တွင် ဆိတ်ငြိမ်နေလေသည် ။ ဆိတ်ငြိမ်ခြင်းသည် ကျွန်တော့် အား သပိတ်မှောက်ခြင်း ၊ ဝိုင်းပယ်ခြင်းကို အဓိပ္ပာယ်ဆောင်နေလေသလော ။
မြို့ထဲပြန်ရန် ဘတ်စ်ကား စောင့်နေစဉ် ဆာအမ်အေမောင်ကြီး တို့ အိမ်မှ လက်ခုပ်ဩဘာသံများကို
ကြားနေရလေသည် ။
ကျွန်တော် ၏ ပြစ်မှုများကို သူတို့လို ရပ်ကွက်များမှသာ လက်ခုပ်တီးပေးနေလေသလော ။
◾သိန်းဖေမြင့်
📖အရှေ့က နေဝန်းထွက်သည့်ပမာ
koaungnaingoo.blogspot.com
.
No comments:
Post a Comment