Thursday, October 7, 2021

အရေးတော်ပုံမှ သင်ခန်းစာမျာ


 ❝  အရေးတော်ပုံမှ သင်ခန်းစာများ ❞


ကျွန်တော်တို့ အဖို့တော့ ရှင်းနေပြီ ။ လက်ရှိ ဥပဒေပြုလွှတ်တော်အမတ်တွေကို အားကိုး၍ ၉၁ ဌာန

အုပ်ချုပ်ရေးကို မဖျက်နိုင် ။ သို့သော် အချို့မှာတော့ မရှင်းကြသေး ။ ဦးပု အစိုးရအဖွဲ့ ပြုတ်ကျအောင် အယုံအကြည်မရှိ အဆို သွင်းသူကသွင်းသည် ။ သူတို့ကိုယ်သူတို့ ' အမျိုးသားအစိုးရ ' ဟု

ကင်ပွန်းတပ်ထားသော ဦးပု အစိုးရ အားနည်းအောင် ဦးဘဖေ ရာထူး မယူဖို့ ပြောသူက ပြောကြသည် ။ ဦးဘဖေ အား ပြည်ထဲရေးဝန်ကြီး လုပ်လှည့်ပါဟု ဘုရင်ခံသဘောတူညီချက်ဖြင့် ဦးပု က

ဆွယ်သည် ။ အမျိုးသမီးအစည်းအရုံးက ဦးဘဖေ အိမ်သို့ နေ့ရောညပါ ဝိုင်းထားပြီး သပိတ်တား

ထားသည် ။ ဦးဘဖေ အား ရေဦးတိုက်သစ်ဆရာတော်ဘုရား က ရာထူးလက်ခံရန် မေတ္တာရပ်ခံသည်

ဆိုပြီး ဦးဘဖေ က ရာထူး လက်ခံသည် ။ ကျမ်းကျိန်သွားရန် အမျိုးသမီးတို့က လမ်းဖယ်မပေးသော

အခါ ပုလိပ် အကူအညီ ခေါ်၍ ဖယ်ရှားပြီး ဘုရင်ခံအိမ်သွားကာ ကျမ်းကျိန်လေသည် ။


ဂဠုန်ဦးစော လည်း ကျကျနန အဆောင်အယောင်အပြည့်ဖြင့် ဝန်ကြီး ဖြစ်သွားလေပြီ ။ “ ကျွန်ုတို့

အမျိုးသားအစိုးရဟာ ဆင်းရဲသား အလုပ်သမားများကို အထူး ကာကွယ်နေပါတယ် ”  ဟု

လွှတ်တော်တွင် ပြောပြီး အခွန်တော်များကို အတင်းအဓမ္မ တောင်းခံနေလေပြီ ။ သပိတ်တွင်

ပါရမည်လောဟု အလုပ်သမားများအား အလုပ်ထုတ်ပစ်နေသည်ကို ကြည့်နေလေသည် ။ ဥရောပတိုက်သားတို့၏ ညဉ့်ဝတ်အပေါ်ရုံရှည်ကြီးကို ဝတ်လျက် တွဲဖြူကြီးစီးပြီး အရပ်တကာတွင်

ဂဠုန်တပ်သား ၃ - သိန်း စုမည် ၊ ဂဠုန်လေတပ်တွေ ထားမည် ၊ ပြီးတော့ ဗမာပြည်ကို ပြန်ပေးဖို့

တောင်းဆိုမည် စသည်ဖြင့် ဟိန်းဟောက်နေလေပြီ ။ သည်လို ဟိန်းဟောက်ရင်း သူ့

ဂဠုန်တပ်သားများသည် ဝါးရင်းတုတ်များ ကောက်ကိုင်နေကြသည် ။ ဦးစော အား သံပုံးတီး၍

တောထုတ်နေသော သခင်များအား ရိုက်နှက်ရန် ပြင်ဆင်နေလေသည် ။


ရာထူးလက် မဲ့ ဖြစ်သွားသော ဒေါက်တာဘမော် တို့ လူစုသည် အုပ်ချုပ်ရေးတိုက်ဖျက်ရေး စကားပြောသည် ။ ဦးပု အစိုးရအဖွဲ့ အား အယုံအကြည်မရှိ အဆို သွင်းနေကြသည် ။ သူတို့၏

သတင်းစာများ ဂျာနယ်များ မှ ကိုလှရွှေ နှင့်တကွသော ကျောင်းသားခေါင်းဆောင်များအား သပိတ်လှန်သည့်အတွက် ပြစ်တင်ရှုတ်ချကြသည် ။ စွပ်စွဲကြသည် ။


ထိုသို့လျှင် အမတ်အသီးသီး တို့၏ နိုင်ငံရေးခြေလှမ်းကို မြင်နေရခိုက် ကိုယ်ရေးကိုယ်တာ

မကောင်းသတင်း များကလည်း ဖုံးမရအောင် ပေါ်နေလေသည် ။ အမတ်တွေ လာဘ်စားပါသည်ဟု

ဥပေဒပြုလွှတ်တော်တွင်ပင် အမတ်အချင်းချင်း ဖော်ထုတ်ကြသည် ။ သူများ သားမယား ခိုးယူပေါင်းသင်းမှုဖြင့် လည်းကောင်း ၊ မယားငယ်စရိတ် မပေးမှုဖြင့်လည်းကောင်း တရားစွဲခံရသော

အမတ်များကလည်း ဟိုလေးတကျော်ကျော် ဖြစ်ခဲ့သည် ။


ထို့ကြောင့် လက်ရှိအမတ်များ နှင့် လူကြီးပိုင်းမှ ခေါင်းဆောင်များကို ကျွန်တော်တို့သည်

အယုံအကြည် မရှိကြ ။ လွတ်လပ်ရေးတိုက်ပွဲတွင် သူတို့အား ထည့်မတွက်ရုံမက သူတို့ကို

ဆန့်ကျင်၍ လုပ်ရမည်ဟုပင် နားလည်ထားကြ၏ ။


အရေးတော်ပုံ လက်တွေ့ သင်ခန်းစာပေးနေသည်မှာ အင်္ဂလိပ်အာဏာပိုင် တို့သည် အစိုးရအဖွဲ့

တစ်ခုပြီး တစ်ခု ပြောင်းပေးမည် ။ ဥပဒေပြုလွှတ်တော် တစ်ခုဖြုတ်ပြီး တစ်ခုရွေးကောက်စေမည် ။

သို့သော် သူတို့၏ တကယ့်စိုးမိုးမှုကိုကား မပြောင်း ။ အချုပ်အခြာအာဏာကို အင်္ဂလိပ် တို့၏

လက်ထဲမှာ မလွတ်တမ်းဆုပ်ကိုင်ထားသည် ။ ယင်းသို့သော အင်္ဂလိပ် တို့၏ စိုးမိုးမှုကို နောက်ဆုံး

တစ်နေ့တွင် လက်နက်နှင့် ပုန်ကန်တော်လှန်၍ ဖြိုဖျက်ရပေလိမ့်မည် ။


ထို့ကြောင့် ကျွန်တော်တို့သည် လက်နက်ကိုင်နိုင်မည့် အဖွဲ့အစည်းများကို ဖွဲ့ကြသည် ။ ' ရဲ '

အဖွဲ့ကို ကျွန်တော်တို့ အထင်မကြီး ။ ' ရဲ ' အဖွဲ့မှာ ရာထူးနိုင်ငံရေးသမား အမ်အေဦးမောင်ကြီး ၏

အဖွဲ့ဖြစ်သည် ။ ထို့ကြောင့် တို့ဗမာအစည်းအရုံးက ဗမာ့လက်ရုံးတပ် ဖွဲ့သည် ။ ကျွန်တော်တို့

ကျောင်းသားများက သံမဏိတပ်များ ဖွဲ့သည် ။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ

အလုပ်အမှုဆောင်မှ သံမဏိတပ် ဖွဲ့စည်းရန် တာဝန်လွှဲအပ်ခြင်းခံရသော ကိုထွန်းရှိန် က “ လက်နက်

သည် ပထမ ၊ လက်နက်သည် ဒုတိယ ၊ လက်နက်သည် တတိယ ”  ဟု ပြောလေ့ရှိပေသည် ။


ဤမျှ အရေးကြီးသော လက်နက်ကို ဘယ်ကရကြမည်နည်း ။ ကျွန်တော်တို့ဘာသာ လုပ်နိုင်ဖို့

လည်း မမြင် ။ တိတ်တိတ်ပုန်း ခိုးဝှက်ဝယ်ယူနိုင်သည်ထားဦး ၊ ဝယ်ယူရန် ငွေအလုံအလောက် ရဖို့

မမြင် ။ ထို့ကြောင့် အဆုံးသတ် တစ်ချိန်ချိန်တွင် နိုင်ငံခြားတစ်ခုခုမှ လက်နက်အကူအညီ ရအောင်

ယူရမည်ဟု နိုင်ငံခြားကို အားကိုးနေကြပေသည် ။


တစ်ဖက်တွင်လည်း စည်းရုံးရေး များစွာလိုသည်ဟု သဘောပေါက်နေကြသည် ။ ယခု

အရေးတော်ပုံကို သည့်ထက်ပြတ်သားစွာ သည့်ထက်ပို၍ မဆောင်ရွက်နိုင်သည်မှာ စည်းရုံးရေး

ချို့တဲ့နေ၍ ဖြစ်သည် ။ လူများ၍ ပွဲမစည် ဖြစ်နေသည် ။ စည်းရုံးရေး အားနည်းသဖြင့် စည်းကမ်းမရှိ

တိုက်ပွဲဆင်ခြင်းများကို တွေ့ခဲ့ရသည် ။ အရေးတော်ပုံတွင်းတွင် အရေးတော်ပုံ စိတ်အားထက်သန်မှုသည် များစွာ ကြီးမားခဲ့၏ ။ တစ်နည်းအားဖြင့် စိတ်အားထက်သန်မှုသည် မီးနှင့်

တူသည် ။ သည်တိုင်းထားလျှင် လောင်ချင်ရာလောင်နိုင်သည် ။ စည်းရုံးရေးသည် ထိုမီးကို

ထိန်းသိမ်းနိုင်သည် ။ လောင်စေချင်သော အရာကို လောင်စေနိုင်သည် ။ ထို့ကြောင့် ကျွန်တော်တို့

အထဲတွင် “ စည်ရုံးရေးသည် ပထမ ၊ စည်းရုံးရေးသည် ဒုတိယ ၊ စည်းရုံးရေးသည် တတိယ“  ဟု

ပြောဆိုသူတို့လည်း ရှိကြပေ၏ ။ ကျောင်းသားသမဂ္ဂကို စနစ်ကျစွာနှင့် ပို၍ကျယ်ပြန့်စွာ

စည်းရုံးကြ၏ ။ ဗမာတစ်ပြည်လုံးတွင် အလုပ်သမားသမဂ္ဂများကို စည်းရုံးကြ၏ ။ တောင်သူလယ်သမား အစည်းအရုံးများကိုလည်း ဖွဲ့စည်းကြ၏ ။ ဗမာတစ်ပြည်လုံးအတွက် ဗဟိုဌာနချုပ်များ

လည်း ပေါ်လာ၏ ။ တို့ဗမာအစည်းအရုံးကြီးကလည်း နိုင်ငံလုံးဆိုင်ရာ ညီလာခံကြီးကို

မော်လမြိုင်မြို့၌ ခေါ်ထားလေသည် ။ ထိုညီလာခံကြီးအတွက် ပြင်ဆင်မှုများကို အစောကြီး

ကြိုတင်ပြုလုပ်ကြသည် ။ မန္တလေးမှ လက်ရုံးတပ်များက မော်လမြိုင်အရောက် စက်ဘီးများဖြင့်

ချီတက်လာမည် ။ လမ်းတစ်လျှောက်လုံးရှိ လက်ရုံးတပ်များက ပူးပေါင်းလိုက်ပါကြမည် ။


ရန်ကုန် စီရင်စု ၊ ပဲခူး စီရင်စု ၊ ဟင်္သာတ စီရင်စု ၊ မန္တလေး စီရင်စု စသော စီရင်စုညီလာခံများ ကျင်းပကြပြီး နိုင်ငံလုံးဆိုင်ရာ တို့ဗမာညီလာခံကြီးသို့ ကိုယ်စားလှယ်များ ရွေးကောက်နေကြသည် ။

သခင်ကိုယ်တော်မှိုင်း သည် သခင်နှစ်ခြမ်းကွဲစက ဆုံးမ မရ၍ ၊ စေ့စပ်ရေး မအောင်မြင်၍ ထွက်တော့

မည်ဟု ဆိုခဲ့သော်လည်း ယခုအခါ သခင်နု ၊ သခင်အောင်ဆန်း ၊ သခင်သန်းထွန်း စသော

 ခေါင်းဆောင်များနှင့်အတူ တစ်ပြည်လုံးလှည့်လျက် တို့ဗမာတရားဟော၍ မော်လမြိုင် ညီလာခံကြီးအတွက် စည်းရုံးနေကြပေသည် ။


အရေးတော်ပုံ မတိုင်မီက သခင်နု ၊ သခင်အောင်ဆန်း စသူတို့သည် ကျောင်းမှ ထွက်ပြီး တို့ဗမာအစည်းအရုံးသို့ ဝင်ခဲ့ကြ၏ ။ ယခု အရေးတော်ပုံအတွင်းတွင် ကိုဘဟိန်း သည် ကျောင်းမှ ထွက်ပြီး

တို့ဗမာအစည်းအရုံး သို့ ဝင်လေသည် ။


ကျွန်တော်သည် တို့ဗမာအစည်းအရုံးသို့ဝင်၍ နိုင်ငံရေးလုပ်ရန် ကျွတ်ကျွတ်လွတ်လွတ် မဆုံးဖြတ်သေးပေ ။ ခြေလှမ်းကတော့ တို့ဗမာအစည်းအရုံးထဲ ရောက်နေပေပြီ ။ ကိုလှရွှေ နှင့် တိုင်ပင်သည် ။

ကိုလှရွှေ က အမ်ဘီဘီအက်စ် ( ဆရာဝန် စာမေးပွဲ ) အောင်သည့်တိုင် ကျောင်းဆက်နေဦးမည်ဟု

ဆိုသည် ။ အသက် မွေးဝမ်းကျောင်းမှု တစ်ခုခုရှိထားမှ နိုင်ငံရေးလုပ်၍ ကောင်းမည်ဟု သူက

ဆိုသည် ။ ကျွန်တော်သည် သူ့နမူနာကို အားကျသည် ။ သို့သော် ကျွန်တော်တို့ ဘီအေ မှာ

ဆရာဝန် လို လွတ်လပ်သော အသက် မွေးဝမ်းကျောင်းမှုသို့ မပို့နိုင် ။ ဘီအေ အောင်ပြီး

ကိုကျော်ငြိမ်း တို့လို ၊ ကျွန်တော့်ဖခင်ကြီးက ခေါင်းထဲရိုက်သွင်းထားခဲ့သလို အိုင်စီအက်စ်

ဖြေလျှင်ဖြေ သို့မဟုတ် အစိုးရအလုပ်တစ်ခုခုဝင်ပြီး ကျွန်အကြီးစား လုပ်လိုက လုပ်နိုင်ပေသည် ။

ဤလမ်းကိုလည်း ကျွန်တော် မလိုက်ချင်တော့ပြီ ။ ဘီအေ အောင်လျှင် ဘီအယ် သင်၍ ရှေ့နေ

လိုက်ကာ လွတ်လပ်သော အသက် မွေးဝမ်းကျောင်းမှုပြု၍ နိုင်ငံရေး လုပ်မည်လော ။ ဘီအယ်

အောင်ရန် ကျောင်း ၂ နှစ် ဆက်နေရဦးမည် ။ ကျောင်း ၂ နှစ် ဆက်နေရန်လည်း စိတ်မရှိတော့ပြီ ။

ကျွန်တော့်ရှေ့ရေးမှာ ဝေခွဲ၍ မရအောင်ပင် ဖြစ်နေပေသည် ။ စာမေးပွဲဝင်ဖြေဖို့ ၊ မဖြေဖို့ပင်

ယတိပြတ် မဆုံးဖြတ်ရသေး ။


ကျောင်းသားလွှတ်တော် ပြီးကတည်းက သမဂ္ဂအဆောက်အအုံမှာ တဖြည်းဖြည်း ခြောက်သွေ့လာသည် ။ ကိုဘဟိန်း ၊ ကိုထွန်းရှိန် စသော နိုင်ငံရေး ခြေစုံပစ်ဝင်သူတို့သည် မြို့ထဲ တို့ဗမာ

 အစည်းအရုံးသို့ သွားနေကြသည်သာ များသည် ။ ကိုလှရွှေ ၊ ကိုဗဆွေ ၊ ကိုသိန်းအောင် ၊ ကိုစိုးမောင်

စသော ကျောင်းမထွက်ဘဲ ကျောင်းသားအရေး ပြီးပြတ်အောင် လုပ်နေရသော အမှုဆောင် လူကြီးများမှာလည်း သပိတ်လှန်ရာ ပေါ်ထွက်လာသော ပြဿနာများကို လိုက်ဆောင်ရွက်နေကြရသဖြင့်

သမဂ္ဂအဆောက်အအုံမှာ နားမနေကြရ ။ သပိတ်လှန်ပြီး ကျောင်းပြန်တက်သော ခေါင်းဆောင်များ

အား ကျောင်းမှ လက် မခံဟု လည်းကောင်း ၊ ဝန်ချတောင်းပန်ရမည်ဟု လည်းကောင်း ၊ ဒဏ်ငွေ

တစ်မျိုး ၊ ထောင်မှ မလွှတ်သေးသော ကျောင်းသားများအား လွှတ်ပေးဖို့ အစိုးရနှင့် သွား၍

အရေးဆိုနေသည်က တစ်မျိုး ၊ ရဲရဲတောက် ကိုသန်းတင်တို့ လူစု၏ စွပ်စွဲချက် များကို သွားရောက်

ဖြေရှင်းရသည်က တစ်မျိုး ၊ သမဂ္ဂများ မပြိုလဲဘဲ စည်းကမ်းကျကျ ၊ ထူထူထောင်ထောင်

ရပ်တည်နိုင်အောင် လိုက်လံစည်းရုံးနေရသည်က တစ်မျိုး အမျိုးမျိုး အလုပ်များကာ လှုပ်ရှားသွားလာ နေကြရလေသည် ။ အခြား ကျောင်းသားများမှာ စာမေးပွဲဖြေရန် ကျောင်းစာအုပ်များကြားသို့ တိုးဝင်နေကြရလေပြီ ။


ထို့ကြောင့် ကျွန်တော့်လို ဘာလုပ်ရမည် မရေရာသေးသောသူအချို့သာ သမဂ္ဂအဆောက်အအုံမှာ

ယောင်ချာချာနှင့် ကျန်နေရစ်ခဲ့ပေသည် ။


တစ်ည ၇ နာရီ ခွဲ ၈နာရီ လောက်တွင် ကျွန်တော်တစ်ယောက်တည်း သမဂ္ဂ စာကြည့်တိုက်ခန်းတွင်း

တွင် စာဖတ်လျက်ရှိပေသည် ။ ကြိမ်ကုလားထိုင်ကြီးနှစ်လုံးကို မျက်နှာချင်းဆိုင်၍ ချထားပြီး

တစ်လုံးမှာထိုင်၍ တစ်လုံးပေါ် ခြေတင်ထားသည် ။ အပေါ်တည့်တည့်က မီးတစ်လုံး ဖွင့်ထားသည်မှ တစ်ပါး တစ်ခန်းလုံးရှိ အခြားမီးများကို ပိတ်ထားသည် ။


ကျွန်တော်သည် ကျောင်းစာအုပ်များကို ဖတ်ချင်စိတ်မရှိ ။ ကောက်၍ပင် မကြည့်မိ ။ ယခု

ကျွန်တော် စိတ်ဝင်စားနေသော စာအုပ်များမှာ ဘိလပ်မှထုတ်ဝေသော လက်ဝဲစာအုပ်ကလပ်

( Left Book Club ) စာအုပ်များ နှင့် နဂါးနီစာအုပ်များ ဖြစ်သည် ။ ထိုညက ဖတ်နေသော

စာအုပ်မှာ ဂျွန်စထရပ်ချီရေးသော ဆိုရှယ်လစ်သဘောတရားနှင့် လက်တွေ့ Theory and

Practice of Socialism ဖြစ်သည် ။ စာအုပ်တစ်နေရာမှာ အရင်းရှင်စနစ်လက်အောက်တွင်

ပညာရှင်တို့၏ အကြံဉာဏ်ပညာများသည် မတော်မတရား အသုံးချခံရပုံကို ဖတ်ရပြီး

သဘောပေါက်ကြည်နူးပြီး ဧကက္ခရာ ကျနေသောခဏ၌ လူနှစ်ယောက် စာဖတ်ခန်းဆီသို့

လာနေသံ ကြားရသည် ။ ကျွန်တော့်အပေါ်တည့်တည့်ကသာ မီးရောင်ကျဆင်းပြီး ဘေးဘက် မှာ

ခပ်မှောင်မှောင်ဖြစ်သဖြင့် ဘယ်သူဘယ်ဝါ ဖြစ်သည်ကို ရုတ်တရက်မသိ ။


“ ဟေ့ ဖိုးတင်ထွန်း ၊ တစ်ယောက်တည်းလား ” 


ကိုအေးငွေ ပင် ဖြစ်သည် ။ ကိုအေးငွေ က ကျွန်တော့်ထံ လာနေစဉ် သူနှင့် ပါလာသူက တံခါးဝမှ

တွေ၍ ရပ်နေသည် ။ ထိုသူ၏ သဏ္ဌာန်ကို မှုတ်တိမှုန်ဝါးသာ မြင်ရသော်လည်း ထိုသဏ္ဌာန်ကို

ကျွန်တော့်မျက်စိ ကျက် မိနေသည်ဟု ထင်သည် ။ ကိုယ်ထည်ကြီးမားပြီး ခြေလက်က မမျှမတ

သေးငယ်သော သဏ္ဌာန်ဖြစ်သည် ။ ယင်းသဏ္ဌာန်ကို ကျွန်တော်က စိုက်ကြည့်နေစဉ်

ကိုအေးငွေ က -


“ ရဲဘော်တင်ထွန်း တစ်ယောက်တည်းလား ” 


“ ဟုတ်တယ် အားလုံး အပြင်သွားနေကြတယ် ” 


“ အင်း ကောင်းပါတယ် ” 


ကိုအေးငွေ က သူနှင့် ပါလာသူဘက်သို့ လှည့်၍ “ ဝင်ခဲ့ပါဗျ ၊ ကိစ္စမရှိပါဘူး ။ ဒါက ကျွန်တော်နဲ့

အင်မတန် ရင်းနှီးတဲ့ ရဲဘော်ပါ ” 


ထိုသဏ္ဌန်သည် ကျွန်တော်တို့ရှိရာ မီးရောက်ဆီသို့ ချဉ်းကပ်လာရာ ကျွန်တော် အံ့အားသင့်

သွားလေသည် ။ ထိုသူကား ကမာရွတ်မှ သခင်တင်ကြီး ပင် ဖြစ်ပေ၏ ။ သူသည် ကိုအေးငွေ က

ခေါ်၍သာ ကျွန်တော်တို့အနီးသို့ ချဉ်းကပ်လာခဲ့ရသော်လည်း ကျွန်တော်နှင့် တွေ့ရမှာ ဝန်လေးနေကြောင်း သိသာပေသည် ။


ဤ သခင်တင်ကြီး မှာ တစ်ခါတုန်းက အင်ဒိုချိုင်းနား မှာ မြင်ကွန်းမင်းသားကြီး နှင့် ရင်းနှီးသည်

ဆိုပြီး ကျွန်တော်တို့ အား ငွေစက္ကူ လုပ်ပေးမည် ၊ လက်နက် သွင်းပေးမည်ဟု ပြောဖူးသော

သခင်တင်ကြီး ပင် ဖြစ်သည် ။ ဤ သခင်တင်ကြီး မှာ ကုလားဗမာအဓိကရုဏ်း အတွင်းက

အဓိကရုဏ်း လှုံ့ဆော်ပေးခဲ့သော သခင်တင်ကြီး ပင် ဖြစ်ပေသည် ။ ဤ သခင်တင်ကြီး မှာ ဂျပန်

လိုလားသော ဝါဒကို ကျွန်တော်တို့အား ဟောပြောခဲ့ဖူးသော သခင်တင်ကြီး ပင် ဖြစ်သည် ။ ဤ

သခင်တင်ကြီး ကား ကိုကြွယ် နှင့် ကျွန်တော်တို့ က ပုလိပ်စသောသူများနှင့် ရှုပ်ရှုပ်ယှက်ယှက်

ဆက်သွယ်နေဟန် ရှိသည်ဟု ယူဆပြီး ခပ်ခွာခွာရှောင်ထားသော သခင်တင်ကြီး ပင် ဖြစ်သည် ။

သူသည် တိုက်ရိုက်ထိုးကျနေသော မီးရောင်ထဲသို့ ဝင်မလာဘဲ မီးရောင်အပြင်ဘက် မှာ ရပ်ကာ

ကျွန်တော့်အား မပြုံးချင် ပြုံးချင် ပြုံးကာ ကြည့်နေသည် ။


ကိုအေးငွေ -


“ ဟောဒါ က ရဲဘော်တင်ထွန်း တဲ့ဗျ ၊ အယုံကြည်ရဆုံး ကျွန်တော့် ရဲဘော်တစ်ဦး ပါပဲ ။ ကိုတင်ထွန်း

ဟောဒါက ပွဲစားကြီး ဦးတင် တဲ့ဗျ ” 


ကျွန်တော် အံ့အားသင့်သွားသည် ။ သို့သော် အံ့အားသင့်ခြင်းကို ရုတ်တရက် ဖျောက်ဖျက်လိုက်ပြီး ပြုံးလိုက်သည် ။


“ ကျွန်တော်တို့ အချင်းချင်း သိပြီးပါဗျ ၊ ပွဲစားကြီး ဦးကြီးတင် ခု ဘယ်ရောက်နေသလဲ ” 


သခင်တင်ကြီး က သွားတစ်ချက် ဖြဲလိုက်ပြီး -


“ ခု မြို့ထဲမှာပဲ နေတယ် ၊ မဲဆောက်က ပြန်ရောက်တာ မကြာသေးဘူး ” 


“ ဪဒီလိုကိုး ၊ ဒါဖြင့် ယိုးဒယား ရောက်ခဲ့သေးတယ် ထင်ပါရဲ့ ” 


ကိုအေးငွေ က သခင်တင်ကြီး အား ကုလားထိုင်တစ်ခု ထိုးပေးပြီး -


“ ကဲ ထိုင်ဗျာ ၊ ကျုပ်တို့သုံးယောက် အတူတူ စကားပြောကြမယ် ” 


သခင်တင်ကြီး က မီးရောင်ကိုကြည့်ပြီး မျက်နှာကိုရှုံ့လိုက်ကာ မီးပွင့်ကို လက်ညှိုးထိုးလိုက်သည် ။

ပြီးနောက် ဘေးဘီကို ကျီးကန်းလူမိ ကြည့်နေလေသည် ။


ကိုအေးငွေ သည် ပျာလောင်ခတ်သွားပြီး လေသံတိုးတိုးဖြင့် -


“ မီးပိတ်လိုက်ရင် ကောင်းမယ်ထင်တယ် ” 


ကျွန်တော်က ကုလားထိုင်ပေါ်မှာ တင်ထားသော ခြေကိုရုပ်လိုက်ရင်း -


“ မီးတော့ ပိတ်ဖို့ မလိုပါဘူး ၊ မီးပိတ်ရင် ပိုပြီး မသင်္ကာစရာ ဖြစ်မယ် ။ ဥပမာ ခင်ဗျားတို့ နောက်က

လူတစ်ယောက်လိုက်ပြီး ချောင်းကြည့်နေမယ် ဆိုပါတော့ ။ မီးကို ပိတ်လိုက်ရင် “ ဟာ ဒီလူလည်း

တက်သွားရော အခြေလည်း ပျက်သွားရော ” လို့ တွက်လိုက် မှာပဲ ။ ပြီးတော့လည်း မီးပိတ်ပြီး

စကားပြောနေကြတယ် ဆိုပါတော့ ၊ တစ်ယောက်ယောက် တက်လာရင် ဘယ်လို ဆင်ခြေပေးမလဲ ” 


ကိုအေးငွေ သည် ပျာလောင်ခတ်သော အမူအရာဖြင့်ပင် -


“ ဒီတော့ ဘယ်လို လုပ်မှာလဲ ” 


“ မီးကို ဒီတိုင်းထား ၊ ကျွန်တော်တို့ကတော့ မီးရောင်ပြင်ဘက်ကျတဲ့ ဟိုထောင့်မှာ စကားပြော

ကြတာပေါ့ ” 

 

သခင်တင်ကြီး က ပညာရှိဟန်ဖြင့် ခေါင်းကို ညိတ်ကာ ညိတ်ကာနေသည် ။ ကျွန်တော် ညွှန်ပြသော

ထောင့်တွင် သုံးယောက်သား ထိုင်ကြလေသည် ။ အတန်ကြာ တစ်ယောက်နှင့် တစ်ယောက်

ကြည့်ပြီး ငြိမ်နေကြပြီးနောက် ကိုအေးငွေ က အုတ်နံရံများမှာပင် နားရွက် များ ရှိနေသလော

ဟူသော စိုးရိမ်ခြင်းမျိုးဖြင့် ဟိုဟိုသည်သည် ကြည့်၍ -


“ ကဲ ဦးကြီးတင် ဆိုစမ်းပါဦး ” 


ဦးကြီးတင် ( ခေါ် ) သခင်တင်ကြီး သည် အပြင်စင်္ကြတံတိုင်းကိုကျော်ပြီး စုံထောက်ရှိ မရှိ ကြည့်နိုင်ရန် ဟန်ပြင်သောအားဖြင့် ခါးဆန့်ပြီး မေးကို ရှေ့သို့ထိုးလိုက်သည် ။


အတန်ကြာမှ -


“ ဒီကိစ္စကတော့ ကောင်းကောင်းကြီးလျှို့ဝှက်မှ ဖြစ်မယ်နော် ၊ နှစ်ယောက်စလုံးဗျ ” 


ကိုအေးငွေ -


“ စိတ်ချပါ ၊ ကျုပ်ကိုရော ရဲဘော်တင်ထွန်း ကိုရော စိတ်ချပါ ” 


“ ဒီလိုဗျ ၊ ကျုပ်အကြောင်းကတော့ သခင်တင်ထွန်း လည်း သိသလောက် သိပြီးသားပါ ။ ခုအခေါက်

ယိုးဒယား မသွားခင်ကတည်းက ဒီမှာ ဂျပန် နဲ့ အဆက်အသွယ် ရှိခဲ့တယ် ။ ကျုပ်က တင်ပြတဲ့

အချက်တွေဟာ အရေးကြီးလွန်း အားကြီးတော့ ဒီမှာရှိတဲ့ ဂျပန်အဆက်က သူနဲ့ မပြီးနိုင်ဘူး ၊

ယိုးဒယားကို တိတ်တဆိတ် သွားပါဆိုလို့ ကုန်းကြောင်းနဲ့ပဲ သွားရတယ် ။ မဲဆောက် ကနေပြီး

ယိုးဒယား ထဲ ဝင်ရတယ် ။ ယိုးဒယား နယ်ထဲ ရောက်တယ် ဆိုရင်ပဲ ဂျပန်အဆက်က ဆက်ပေးလိုက်တဲ့ လူက ကြိုနေပြီး ချက်ချင်း ဘန်ကောက် ပို့ပေးတာပဲ ။ ဘန်ကောက် ကျတော့ အတော်ကြီးတဲ့

ဂျပန်အရာရှိတစ်ဦး နဲ့ တွေ့ဆုံ ဆွေးနွေးရတယ် ။ ကျုပ်တောင်းတာကတော့ ဒီက ကျောင်းသားတွေ ၊

သခင်တွေ ကို ဗြိတိသျှ ကို ပုန်ကန်ဖို့ လက်နက် နဲ့ ငွေ တောင်းတာပဲ ။ ပေးပါ့မယ်လို့ ကတိ

အခိုင်အမာ ရခဲ့တယ် ” 


ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေသည် ။ လမ်းပေါ်က ကားအသွားအလာပင် အဆက်ဝေးနေသည် ။ ကိုအေးငွေ သက်ပြင်းချသည်ကိုပင် ကြားနိုင်၏ ။ အရေးတော်ပုံ အောင်နိုင်ရေးသည်

လက်နက်ရရေးတွင် မှီနေသည်ဟု ယူဆထားကြသော ကျွန်တော်တို့အား လက်နက်ပေးမည်

ဆိုသော ကတိသည် မည်မျှ ချောက်ချားသွားစေမည်ကို ခန့်မှန်းကြည့်နိုင်ကြပေသည် ။

သခင်တင်ကြီး ၏ စကားများသည် သူ့အကြောင်း မသိသူတစ်ဦးအား လေထဲမှာ လမ်းလျှောက်နေသလို အထင်ရောက်စေနိုင်ပေသည် ။ ကျွန်တော်ကား သခင်တင်ကြီး အား မယုံကြည်မိအောင်

အထူးကြိုးစားနေရ၏ ။ သခင်တင်ကြီး က ဆက်ပြန်သည် ။


“ ဒီတော့ ခင်ဗျားတို့ ကျောင်းသားတွေက ပုန်ကန်ဖို့ ပြင်ဆင်ကြရမယ် ။ လျှို့ဝှက်တဲ့ အဖွဲ့အစည်းတွေ ဖွဲ့ကြရမယ် ။ ကျုပ်က တစ်ဆင့် ဘာ လက်နက်တွေ လိုတယ် ၊ ငွေ ဘယ်လောက် လိုတယ်ဆိုတာ

ဘန်ကောက် က ဂျပန်အရာရှိကြီးဆီ အကြောင်းကြားရမယ် ” 


ကိုအေးငွေ က မေး ကို ဘယ်ဘက်လက်ချောင်းကလေးများ နှင့် ပွတ်တိုက်နေရာမှ -


“ ဒါကတော့ ကျွန်တော်တို့လည်း ခေါင်းဆောင်တွေနဲ့ ဆွေးနွေးဦးမယ်ဗျ ၊ လက်နက် ဆိုတာကတော့

လိုချင်တာပေါ့ဗျ ၊ သို့ပေမယ့် ကျုပ်တို့ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးရဦးမယ် ” 


သခင်တင်ကြီး -


“ ဒါကြောင့် ကျုပ်က ကိုဘဟိန်းတို့ ၊ ကိုလှရွှေ ၊ ကိုဗဆွေ တို့နဲ့ တွေ့ချင်တာပေါ့ဗျ ” 


ကိုအေးငွေ -


“ အေးလေ တွေ့ဖို့ ကျွန်တော် စီစဉ်ပေးပါ့မယ် ” 


ကျွန်တော် သည် ကိုအေးငွေ အား ဟန့်တားခြင်းဖြင့် စိတ်အနှောင့်အယှက် မပေးချင်သော်လည်း

ရှေ့လွန်ကုန်လျှင် ခက်မည်စိုးသဖြင့် -


“ နေဦး ကိုအေးငွေ ၊ ဦးကြီးတင် နဲ့ ကျုပ်တို့ ခေါင်းဆောင်တွေနဲ့ တွေ့မပေးခင် ဦးကြီးတင် ကို

အစုံအလင် မေးကြပါဦးစို့ရဲ့ ၊ ဒီမှာ ခင်ဗျား ဂျပန်အဆက်က ဘယ်သူလဲဗျ ” 


“ ဟာ ဒါကတော့ ဘယ် အသိပေးလို့ ဖြစ်မှာလဲ ” 


“ ဒါဖြင့် ဗမာလား ဂျပန်လား ဆိုတာတော့ ပြောအပ်ပါတယ်ဗျာ ” 


“ လျှို့ဝှက်ရေးဆိုတာ ဒါတွေ မပြောရဘူး ၊ သခင်တင်ထွန်း လည်း သိသားနဲ့ ” 


“ ကဲ ဒါ ထားပါတော့ဗျာ ။ မယုံလို့ မေးနေတာ မဟုတ်ပါဘူးနော် ၊ ကျွန်တော်တို့ ခေါင်းဆောင်

တွေက မေးရင် ပြောရအောင် ၊ ခင်ဗျား ယိုးဒယား သွားတာ ဘယ်လောက်တောင် ကြာခဲ့သလဲဗျ ၊

ဒါကတော့ လျှို့ဝှက်ရေး မဟုတ်ပါဘူးဗျာ ” 


သခင်တင်ကြီး သည် သူ၏ သေးငယ်သော လက်ကလေးများကို က̶̶ု̶̶လ̶̶ာ̶̶း̶ရုပ်ကြီး လက်ယမ်းသလို

လျော့ရဲရဲ ယမ်းပြီး -


“ နှစ်ရက်ပဲ ကြာတယ် ” 


“ ဘန်ကောက် မြို့ဘယ်လမ်းမှာ တည်းခဲ့သလဲဗျ ” 


“ ဆေးဂုံလမ်းမှာ ” 


ကျွန်တော်သည် ဘန်ကောက် မြို့အကြောင်း ကောင်းစွာ မသိပေ ။ ဆေးဂုံလမ်း ဆိုတာ ရှိ မရှိလည်း

မသိပေ ။ သို့သော် သိလေဟန်ဖြင့် -


“ ဪ ဆေးဂုံလမ်း ကြားဖူးတယ် ၊ ဝိဇယစေတီ ဆိုတာ ရှိတယ် ၊ ဝင်ဖူးခဲ့သေးလား ”


သခင်တင်ကြီး သည် အတန်ကြာ တွေသွားသည် ။ သို့သော် သတိတခြားရောက်သွား၍ ရုတ်တရက်

မဖြေမိဟန် ဆောင်လျက် -


“ အင်း အင်း တစ်ခေါက် ရောက်သေးတယ် ” 


ကျွန်တော်သည် ဘန်ကောက် မြို့၌ ဆေးဂုံလမ်း ရှိ မရှိ မသိသော်လည်း ထိုလမ်း၌ ဝိဇယစေတီ

မရှိသည်ကိုကား အသေအချာသိ၏ ။ ဝိဇယစေတီ သည် ကျွန်တော့် စိတ်ကူးထဲမှာသာ ရှိသည် ။


“ စာထဲမှာ ဖတ်ရတာကတော့ ဝိဇယစေတီဟာ ယိုးဒယားမှာရှိတဲ့ အခြားစေတီပုံများနဲ့မတူ ၊

မြန်မာပြည်က စေတီပုံများနဲ့သာ တူတယ်ပြောတယ် ၊ ဟုတ်ကဲ့လား ” 


“ အင်း ဟုတ်တယ် ” 


ထိုသို့လျှင် ဟုတ်တာရော ၊ မဟုတ်တာရော မေးမြန်းကြည့်လိုက်သောအခါ သခင်တင်ကြီး သည်

ယိုးဒယားသို့ မရောက်ခဲ့ဘဲ ရောက်ခဲ့ဟန် ဆောင်၍ နေသည်ကို ကျွန်တော် သိရလေသည် ။

သခင်တင်ကြီး သည် ခဏကြာလျှင် စိတ်တိုလာသည် ။ သို့သော် ချုပ်တည်းထားပြီး

ခပ်တည်တည်ဖြင့် ရှောင်ထွက်ရန် ကြိုးစားလေတော့သည် ။


“ ဒီမှာ သခင်တင်ထွန်း ၊ လျှို့ဝှက်ရေးလုပ်ငန်း လုပ်ရတယ်ဆိုတာ အကြောင်းမှန်ကို ဖုံးနိုင်သမျှ

ဖုံးရတယ် မဟုတ်လား ၊ ပြီးတော့ လျှို့ဝှက်ရေးလုပ်ငန်းမှာ လုပ်သူအချင်းချင်း တစ်ယောက်ကိစ္စ

တစ်ယောက် မစပ်စုချင်ရဘူး မဟုတ်လား ၊ သိသင့်သိထိုက်တာကို သိဖို့ပဲ မဟုတ်လား ။ ကဲ

သခင်တင်ထွန် းက ကိုယ့်ကို သိထားတဲ့ နာမည် နဲ့ အခု ရဲဘော်အေးငွေ က ကိုယ့်ကို သိတဲ့နာမည်

မတူတာဘဲ ကြည့်ပေတော့ ကဲ ကို သွားမယ် ” 


ကိုအေးငွေ သည် စိတ်မကောင်းဖြစ်သွားဟန် တူသည် ။ ကျွန်တော့်အား မကျေမချမ်း ကြည့်လျက် -


“ ဖိုးတင်ထွန်း ကလည်း မမေးအပ်တာကို မေးမနေပါနဲ့ ။ နေပါဦး ဦးကြီးတင် ရဲ့ မသွားပါနဲ့ဦး ” 


သခင်တင်ကြီး က မချိပြုံး ပြုံး၍ လက်ပတ်နာရီကို ကြည့်ရင်း -


“ သခင်တင်ထွန်း မေးတာကို ဗွေမယူပါဘူး ၊ သူက မေးနေကျပါ ။ သို့ပေမယ့် သွားမှ ဖြစ်မယ် ။

ချိန်းထားတဲ့ ကိစ္စတစ်ခု ရှိသေးတယ် ။ နောက်တစ်ကြိမ် ထပ်ချိန်းတွေ့ကြသေးတာပေါ့ ။ ငွေကိစ္စ

လက်နက်ကိစ္စတွေ စဉ်းစားထားကြနော် ၊ လက်နက် မပါဘဲနဲ့ အရေးတော်ပုံ မအောင်ဘူး

အင်္ဂလိပ် တွေကို မောင်းထုတ်ဖို့ ဒီ့ပြင်နည်း မရှိဘူး ၊ ဗိုလ်အောင်ကျော် အတွက် လက်စားချေဖို့

ဒီ့ပြင်နည်း မရှိဘူး ၊ ဂျပန်ဗမာ ပူးပေါင်းပြီး လက်နက်နဲ့ ပုန်ကန်မှဖြစ်မယ် ။ ကဲ သွားမယ် ” 


သခင်တင်ကြီး သည် မတ်တတ်ရပ်လိုက်သည် ။ ကျွန်တော်တို့လည်း မတ်တတ်ရပ်လိုက်ကြသည် ။

သခင်တင်ကြီး သည် သူ့လူ ငါ့ဘက်သား လုပ်ပြီး ကျွန်တော်တို့ ထံမှ စကားများကို နှိုက်ယူလို၍

ဤစကားများ ပြောဆိုနေသည်ဟု ကျွန်တော် စိုးရိမ်မိသည် ။ ထို့ကြောင့် ကျွန်တော် က -


“ ကျွန်တော်တို့က ဂျပန်ဗမာပူးပေါင်းရေး လုပ်မယ် မလုပ်ဘူး ၊ လက်နက်အကူအညီ ယူမယ် မယူဘူး

ဆိုတာတွေ မစဉ်းစားခင် ဂျပန်တွေအကြောင်းကို စဉ်းစားရဦးမယ်ဗျ ။ တရုတ်ပြည် မှာ ဂျပန် တွေ

ဘာလုပ်နေတယ်ဆိုတာ အားလုံးအသိကြသားပဲ ။ အင်မတန် ရက်စက်ကြမ်းကြုတ်တဲ့ နည်းတွေနဲ့

သူများပြည်တွေ ကို ဝင်အုပ်ချုပ်နေသူတွေမို့ ကျားကြောက်လို့ ရှင်ကြီးကိုး ၊ ရှင်ကြီး ကျားထက်ဆိုး

ဆိုတာလို ဖြစ်နေမှာ စိုးရတယ် ” 


သခင်တင်ကြီး သည် များစွာ မသက်သာသော မျက်နှာဖြင့် နာရီကို ကြည့်ပြန်ပြီး -


“  ကိုယ့်လူက အင်္ဂလိပ် ဝါဒဖြန့်ထားတာတွေ ယုံနေတာကိုး ၊ ကဲ ကဲ နောက် မှ ဆွေးနွေးမယ်လေ ” 


သူသည် အပေါက်ဆီသို့ ခြေသုံးလှမ်းမျှ လှမ်းပြီးနောက် ခြေတုံ့လျက် ကျွန်တော်တို့ဘက်သို့

လှည့်လိုက်ပြန်ရာ တစ်ခါတုန်းက သခင်တို့၏ လွတ်လပ်ရေးတိုက်ပွဲအတွက် ငွေ နှင့် လက်နက် သူ

တာဝန်ယူ၍ ရှာပေးမည် ပြောပြီးနောက် ကျွန်တော့ထံမှ ထွက်ခွာသွားခါနီး ငွေ ၅ ကျပ် ချေးငှားခဲ့ပုံကို သတိရလိုက်မိလေသည် ။ အခုလည်း ငွေချေးဖို့ ခြေတုံ့ခြင်းပင်လော ။


“ ကိုအေးငွေ ” 


“ ဘာပြောချင်ပါသလဲ ပွဲစားကြီး ဦးကြီးတင် ” 


“ ကိုဘဟိန်း ၊ ကိုဗဆွေ ၊ ကိုလှရွှေ တို့နဲ့ ဘယ်တော့လောက် တွေ့နိုင်မလဲ ” 


“ ကျွန်တော်တို့ မေးကြည့်ပါဦးမယ် ၊ ကျွန်တော်တို့ လာပြောပါ့မယ် ” 


“ ဒါဖြင့် ရဲဘော်နဲ့ကိုယ် နောက်အပတ် စနေနေ့ တွေ့မယ် ၊ ဒီနေ့တွေ့တဲ့အချိန် အဲဒီ နေရာမှာပဲ

ဟုတ်လား ” 


“ ကောင်းပါပြီ ခင်ဗျာ ” 


သခင်တင်ကြီး ထွက်သွားလေပြီ ။ ကျွန်တော်တို့ ထံမှ ငွေမချေးသည်ကို ထောက်သော် အတော်ကလေး ပွနေပြီဟု ထင်လိုက် မိလေသည် ။


ကိုအေးငွေ က ကျွန်တော့် အား မကျေမချမ်း ကြည့်ပြီး -


“ ရဲဘော်တင်ထွန်း ခုနက ပြောပုံတွေက ခွတောနေတာနဲ့ တူတယ် ” 


“ လာ လာ ထိုင်ကြဦးစို့ရဲ့ ၊ ခင်ဗျားက သူ့အကြောင်း မသိဘူး ” 


မီးရောင်ထိုးကျနေသော ခုနက စာကြည့်ခဲ့ရာ ကုလားထိုင်များတွင် ထိုင်ကြလေသည် ။


“ သူ့နာမည်က ကိုတင်ကြီး တဲ့ ၊ အရင်က ကမာရွတ်ဈေးကြီး နားမှာ နေတယ် ၊ သူ့ကို ကျွန်တော် နဲ့

သခင်ကြွယ် တို့က ပုလိပ်သူလျှိုလို့ ထင်နေကြတယ် ” 


ကိုအေးငွေ အား သခင်တင်ကြီး အကြောင်း ကျွန်တော်တို့ သိသဘောက် ဖောက်သည်ချရလေသည် ။

ခုနက သခင်တင်ကြီး သည် ဘန်ကောက် သို့ မရောက်ခဲ့ဘဲ ရောက်လေဟန် လှည့်ဖြားပုံကိုလည်း

ရှင်းပြရသည် ။ ကိုအေးငွေ မှာ ငိုင်ကျသွားလေ၏ ။


ပွဲစားကြီး ဦးကြီးတင် နှင့် နောက်တစ်ကြိမ် တွေ့ရန် ချိန်းသည်ကိုလည်း ဖျက်သိမ်းလိုက်ကြရလေသည် ။  


◾သိန်းဖေမြင့် 


📖 အရှေ့ကနေဝန်းထွက်သည့်ပမာ


koaungnaingoo.blogspot.com


.

No comments:

Post a Comment