❝ လက်နက်ကိုင် တိုက်ပွဲ အတွက် ပြင်ကြပြီ ❞
တို့ဗမာအစည်းအရုံးဌာနချုပ် သည် ရေကျော်လမ်း သို့ ပြောင်းရွှေ့လာပြီဖြစ်ရာ ကျွန်တော် နေသော
၄၅ လမ်း နှင့် အလွန် နီးနေလေသည် ။ ထို့ကြောင့် ကျွန်တော် သည် မကြာခဏ ဌာနချုပ်သို့
ရောက်တတ်လေသည် ။
တပေါင်းလ ကုန်ခါနီး တစ်ညနေတွင် ကျွန်တော် သည် နေထိုင်ရာအခန်းရှေ့ ဝရန်တာတွင်
မတ်တတ်ရပ်လျက် လမ်းဘက်သို့ ကြည့်နေလေသည် ။ အခန်းတွင်းမှာ ဗေဒကဝိန် ဆရာဦးတက်ရှိန် သည် ပက်လက်ကုလားထိုင်ဖြင့် ထိုင်ပြီး ပုတီးစိပ်နေလေသည် ။ အတူနေသူဖြစ်သူ
တံဆိပ်ထုဆရာ ကိုတင်အေး ကား အပြင်သွားနေ၏ ။ ကောင်းကင်မှာ ပြာလဲ့ကြည်လင်နေသည် ။
အနောက်ဘက် မိုးကုပ်စက်ဝိုင်းမှာ တိမ်တောက်လျက်ရှိသည် ။
ခဏကြာသော် အရှေ့ဘက်မှ ဓာတ်ရထားသည် ပြင်းထန်သောအသံဖြင့် တုန်ခါပြီး ခုတ်မောင်းလာရာ ကျွန်တော်တို့ နေရာ တိုက်တန်းကလေးသည် လှုပ်သွားလေသည် ။ ထိုခဏ၌ ဌာနချုပ်သို့
အလည်သွားရန်အကြံ ဖြစ်ပေါ်လာလေသည် ။
အပြင်ထွက်ရန် ပြင်ဆင်နေစဉ် ပုတီးစိပ်နေသော ဆရာဦးတက်ရှိန် က -
“ ဘယ်သွားမယ်လို့လဲ မောင်တင်ထွန်း ”
“ တို့ဗမာအစည်းအရုံးဌာနချုပ် ကို သွားစမ်းမယ်လို့ ဆရာ ”
“ ဒါ့ထက် သီးစားခဥပဒေ နဲ့ ပတ်သက်ပြီးလည်း တယ်ရှုပ်နေပါကလား ကိုရင် ရဲ့ ၊ ဟိုက်ကုတ်
မှာလည်း အယူခံမှုတွေ ကျပ်နေတာပဲတဲ့ ”
“ ဟုတ်ကဲ့ ၊ ဒါကြောင့် ဥပဒေပြုလွှတ်တော်မှာ ဦးဘဝင်း က တင်သွင်းတဲ့ သီးစားခအမှုတွေ ကို
ဆိုင်ရာမြို့နယ်မှာ ကော်မတီဖွဲ့ပြီး ရှင်းလင်းဆုံးဖြတ်နိုင်ခွင့် အာဏာ ပေးရမယ်ဆိုတဲ့ အဆိုကို
ကျွန်တော်တို့ သခင်မြကြီး က ထောက်ခံလိုက်တာပေါ့ ”
ကျွန်တော် က စကားမျှင် ဖြတ်ချင်သည့် သဘောနှင့် လုံချည်ကောက်လဲနေသည် ။ သို့သော် ဆရာဦးတက်ရှိန် ကား အတင်းဆက်ပြောသည် ။
“ သီးစားခဥပေဒကို မြေပိုင်ရှင်တွေ က မကြိုက်ကြဘူးဆိုပဲ ၊ မြေရှင် နဲ့ သီးစား ပဋိပက္ခ များစေသတဲ့ ”
“ တစ်နေ့ကပဲ မြို့တော်ခန်းမကြီးမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ မြေပိုင်ရှင်များအသင်း ညီလာခံ လုပ်ပြီး
ကန့်ကွက်ကြသေးတယ် မဟုတ်လား ”
“ ဟုတ်တယ် ။ ဥက္ကဌလုပ်တဲ့ ဦးလှကြီး တို့ ၊ အဆိုသွင်းတဲ့ ဦးကြင်သိန်း တို့ဟာ ဆရာ့ မိတ်ဆွေတွေပါပဲ ။ မြေရှင် နဲ့ သီးစား ပဋိပက္ခများအောင် လုပ်ပေးနေတာနဲ့ တူတော့နေတာပဲ မောင်တင်ထွန်း ရဲ့ ”
“ ပဋိပက္ခများအောင် မြေရှင်ကြီးတွေ က လုပ်နေတာပါ ဆရာရယ် ။ မတရား သီးစားခတွေ သိပ်
လိုချင်တော့ နည်းနည်း လျှော့ရတယ်ဆိုရင် မခံချင်ဘူး ၊ ပိုက်ဆံ တတ်နိုင်တော့ ဟိုက်ကုတ်တက်
အယူခံတာပဲ ။ အခု မြေပိုင်ရှင်များ ရဲ့ အစည်းအဝေးမှာ ဒီ ဥပဒေမပျက် ပျက်အောင် အင်္ဂလန် က
ဘုရင်မင်းမြတ် ရွှေနားတော်ကြားသည့်တိုင် အရေးယူမယ်လို့ ဆုံးဖြတ်တယ် ။ ဘယ့်လောက်
ကျေးသံကျွန်သံ ပါသလဲဆိုတာ ကြည့်ပေတော့ ၊ ကဲ သွားဦးမယ် ဆရာ ”
“ ခဏနေပါဦး မောင်တင်ထွန်း ရဲ့ ။ တောသူတောင်သားတွေ ဆိုတာ ရိုးရိုးပါ ၊ နိုင်ငံရေးသမားတွေ
ဆွပေးလို့သာ သီးစားခ လျော့ပါ ဘာညာနဲ့ လုပ်နေကြတာပါ ”
ကျွန်တော် သည် ဆရာဦးတက်ရှိန် အား မြေပိုင်ရှင်များ နှင့် တစ်သံတည်း ထွက်ခြင်း အတွက် စိတ်ထဲက အကြီးအကျယ် ရှုတ်ချပြီး မျက်စောင်းထိုး၍ ကြည့်နေလိုက်သည် ။
ဦးတက်ရှိန် ကား ကျွန်တော့် မျက်စောင်းကို အဓိပ္ပာယ်လေးနက်သည ်ဟု ယူဆဟန် မတူ ။
“ မောင်တင်ထွန်း ဌာနချုပ်ရောက်ရင် သခင်ခေါင်းဆောင်များကို ပြောပြပါကွာ ။ ဒိလို သီးစားသမား နဲ့ မြေပိုင်ရှင် တွေ ပဋိပက္ခဖြစ်အောင် ရှို့မပေးကြပါနဲ့လို့ ၊ ဘာဖြစ်လို့လဲ ဆိုတော့ ဒါတွေ
လုပ်နေရင် သူတို့ကို လူကြည်ညို နည်းကုန်လိမ့်မယ် ”
ကျွန်တော် သည် မချေပဘဲ မနေနိုင်တော့ချေ ။ ဆရာဦးတက်ရှိန် ၏ ရှေ့တည့်တည့်မှ သွားရပ်သည် ။
စားပွဲစွန်းတွင် တင်ပါးဖြင့် မှီကပ်လျက် -
“ သခင်တွေကို လူကြည်ညို နည်းကုန်လိမ့်မယ် ဟုတ်လား ဆရာ ၊ သီစားခအရေး နဲ့ အခြား
တောင်သူလယ်သမား ပြဿနာတွေ ကို ကိုင်တဲ့ အတွက်ကြောင့် သခင်တွေ ကို လူထုက ပိုပြီး
ကြည်ညိုလာတယ် ။ တို့ဗမာအစည်းအရုံးကြီး ပိုအားကောင်းလာတယ် သိလား ဆရာရဲ့ ”
ဆရာဦးတက်ရှိန် သည် ပက်လက်ကုလားထိုင် တွင် ကျောခင်း၍ထိုင်နေရာမှ ခါးဆန့်ကာ
ထိုင်လိုက်ပြီး တစ်စုံတစ်ရာ ဆင်ခြေတက်ရန် ပြင်လိုက်သည် ။ ကျွန်တော်က အခွင့်မပေးဘဲ
ဆက်ပြောလေသည် ။
“ သတင်းစာတွေထဲမှာ မတွေ့ဘူးလား ၊ ခု သီးစားခတိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ဗမာပြည်
အရပ်ရပ်မှာ တောင်သူလယ်သမားတွေ လှုပ်ရှားနေတယ် ။ ပျဉ်းမနား မှာ ဆိုရင် တောင်သူလယ်သမား ၁၅ဝဝဝ တက်ရောက်တဲ့ ညီလာခံကြီး ကျင်းပခဲ့တယ် ။ တောင်သူလယ်သမားတွေကို
မြေရှင် နဲ့ အစိုးရ တို့က ဖိနှိပ်ညှဉ်းပန်းတာတွေကို ကန့်ကွက်ကြတယ် ။ ဗမာ့လွတ်လပ်ရေး ဟာ
အင်္ဂလိပ် တာဝန် မဟုတ် ၊ ဝန်ကြီးချုပ်တွေရဲ့ တာဝန် မဟုတ် ၊ တို့လယ်သမားတွေရဲ့ တာဝန်သာ
ဖြစ်တယ်လို့ ကြွေးကြော်ကြတယ် ။ တောင်ငူ မှာ ဆိုရင် ခရိုင်လုံးကျွတ် တောင်သူလယ်သမား
ကိုယ်စားလှယ်များညီလာခံ ကျင်းပတယ် ။ သခင်စံလှိုင် က ဥက္ကဌ ၊ သခင်သန်းဖေ က အတွင်းရေးမှူး အဖြစ် နဲ့ ဆောင်ရွက်ပြီး အခွန်မပြေလို့ အစိုးရ က သိမ်းထားတဲ့ လယ်များ ကို အခွန်
၅ ဆပေးမှ ပြန်လုပ်ခွင့်ပေးမယ် ဆိုတဲ့ ဥပဒေကို ကန့်ကွက်ကြတယ် ။ တရားမျှတသော သီးစားခ
ကိုသာ ပေးမယ်လို့ ဆုံးဖြတ်ကြတယ် ။ သနပ္ပင် မှာ ဆိုလည်း နယ်လုံးဆိုင်ရာ တောင်သူလယ်သမားညီလာခံ ကျင်းပတယ် ။ ဥက္ကဌ အဖြစ်နဲ့ သခင်စံမြင့် က ဆောင်ရွက်ပြီး ဟိုက်ကုတ်မှာ
မြေပိုင်ရှင်တွေ က သီးစားခကိစ္စ အယူခံလို့ မကျေနပ်ကြောင်း ၊ ဆားချက်ခွင့် ပေးပေမယ့် ရောင်းခွင့်
မပေးလို့ ကန့်ကွက်တဲ့ အကြောင်း ၊ အာဏာဖီဆန်ရေး လုပ်မယ့် အကြောင်း ဆုံးဖြတ်ကြတယ် ။
အဲဒီ သနပ္ပင်ညီလာခံမှာ ဌာနချုပ်မှ ခေါင်းဆောင် သခင်သန်းထွန်း တို့လည်း တက်ကြတယ် ။
တစ်ပြည်လုံးအနှံ့ လှုပ်ရှားမှုတွေ တွေ့နေရတယ် ။ ဒါနဲ့များ သခင်တွေ လူမုန်းကုန်မယ်လို့
ထင်သေးသလား ။ အမှန်က တောင်သူလယ်သမားအရေးတွေ လုပ်ကြလို့ လူထုနောက်လိုက် များလာတာပဲ ဆရာရဲ့ ”
ဦးတက်ရှိန် သည် ကုလားထိုင်မှာ ကျောခင်းလိုက်ပြန်သည် ။ ပျော့ညံ့သော လေသံဖြင့် -
“ မသိပါဘူး ကိုရင် ရယ် ၊ ဆရာတို့က နိုင်ငံရေးသမား မဟုတ်တော့ ရိုးရိုး ထင်မြင်တာ ပြောတာပါပဲ ။
မြေပိုင်ရှင် ကလည်း မြေပိုင်ရှင် အနေနဲ့ သခင်တွေကို ကြည်ညိုရင် ကောင်းတာပေါ့ ။ အေးလေ
မသိပါဘူး ၊ ကောင်းမယ်ထင်တာ ပြောရတာပါပဲ ”
ကျွန်တော်က သွားတော့မယ်လုပ်သည် ။ ပင်နီအပေါ်အင်္ကျီကို ဝတ်နေသည် ။
“ နို့နေပါဦး ၊ အမေရိကန်သမ္မတကြီး က သူ့သံအမတ်တွေ ဥရောပတိုက် ကို လွှတ်ပြီး စစ်ကြီးပြီးအောင် လိုက်စေ့စပ်နေတယ်ဆို ၊ တော်တော် အောင်ခြေ ရှိသလား ”
သူ့အား ကျောပေးနေပြီဖြစ်သော ကျွန်တော် သည် သူ့ဘက်သို့ လှည့်ရပြန်လေသည် ။ သို့သော်
စကားပြောရန်ကား စိတ်ထက်သန်လှသည် မဟုတ် ။
“ ဆရာ ဒိဗ္ဗစက္ကု နဲ့ ကြည့်စမ်းပါလား ဆရာ ရဲ့ ။ ဟစ်တလာ နဲ့ ပတ်သက်ပြီး ဆရာ ဟောတာတွေကတော့ တစ်ခုမှ မမှန်သေးဘူး ”
ဆရာဦးတက်ရှိန် ၏ မျက်နှာမှာ ငယ်သွားလေသည် ။ ကျွန်တော့် လျှာက သင်တုန်းဓားလို ထက်နေသည် ။
“ တစ်ခါတုန်းက ဆရာ့ဆီ လာတဲ့ အတွင်းဝန်ကလေး ကော ၊ ဟို မြန်မာထဲက ကာကွယ်ရေးဌာန
အတိုင်ပင်ခံဝန်ကြီး ဖြစ်ရင် သူလည်း ရာထူးတိုးအောင် ဆိုပြီး ကန်တော့ပွဲပေးတာလေ ။ ခု ခက်နေတာက ကာကွယ်ရေးဌာန အတိုင်ပင်ခံဝန်ကြီး နေရာမှာ ဗမာ ကို မခန့်ဘဲ အင်္ဂလိပ် အိုင်စီအက် ကို
ခန့်လိုက်ပြီ ”
“ ဒါတွေ မပြောတတ်ပါဘူး ကိုရင် ရယ် ၊ အမေရိကန်သမ္မတကြီး ကြားဝင်ဖျန်ဖြေတဲ့ ကိစ္စသာ ပြောစမ်းပါဦး ”
ဆရာဦးတက်ရှိန် ၏ မျက်နှာငယ်ကလေး ကို ကြည့်ပြီး ကျွန်တော် သနားသွားသည် ။ သူတို့လို
ဆရာသမားမျိုး သည် ဓာတ်သိချင်း က သည်လို ဖော်ထုတ်ပြီဆိုလျှင် လည်စင်းခံနေတတ်သည် ။
ခုခံကာကွယ်ခြင်း မရှိ ။
“ အမေရိကန်သမ္မတ ကို ဂျာမဏီ က တောင်းဆိုတာတွေက ပထမ ၊ ဂျာမနီ က ချက်ကိုစလိုဗက်ကီးယား နဲ့ ပိုလန်ပြည် တို့ကို ပိုင်စိုးခွင့် ကို အသိအမှတ် ပြုရမယ်တဲ့ ။ ဒုတိယ ၊ ဗြိတိသျှ ရဲ့
ဩဇာဟာ စကင်ဒီနေဗီးယားပြည်များ မှ ရုပ်သိမ်းရမယ်တဲ့ ။ နောက်ပြီးတော့ ဗြိတိသျှ တစ်ဦးတည်း
ဂျီဘရော်လ်တာ ၊ မော်တာ ၊ စင်ကာပို စသည်တို့မှာ ကြီးစိုးနေခြင်း မဖြစ်စေရဘူးတဲ့ ။ နောက်ဆုံး
အချက်ကတော့ ဂျာမနီ ရဲ့ ကိုလိုနီများ ကို ပြန်ပေးရမယ်တဲ့ ၊ အမေရိကန် ကြားဝင်ဖျန်ဖြေလို့
ကျေအေးဖို့ မရှိနိုင်ပါဘူး ”
“ ဖင်လန် နဲ့ ရုရှားတော့ ကျေအေးကြပြီး စစ်ရပ်စဲတော့မယ်ဆို ”
“ ဟုတ်တယ် ၊ စစ်ရပ်စဲဖို့ ဆွေးနွေးနေကြပြီ ။ အင်္ဂလိပ် ပြင်သစ် တို့ကတော့ ရုရှား နဲ့ ဖင်လန် စစ်ကို
ရပ်စဲစေချင်ဟန် မရှိဘူး ။ စစ်လေယာဉ် ငါးရာကျော် နဲ့ အခြား စစ်မက်လက်နက် အကူအညီ
ဖင်လန် ကို ပို့ပေးလိုက်တယ် ။ ဖင်လန် ကို ငြိမ်းချမ်းရေး လုပ်ဖို့ မလုပ်ဖို့ ဘာမှ မပြောလိုဘူးတဲ့ ၊
နို့ပေတဲ့ ဖင်လန် က ဆက်တိုက်မယ်ဆိုရင် အင်္ဂလိပ် နဲ့ ပြင်သစ် တို့က အစွမ်းကုန် ကူညီမယ်တဲ့ ။
ကိုက်ဇာဘုရင်ဟောင်းကြီးကလည်း ”
ဦးတက်ရှိန် က ကတိုက်ကရိုက် ဝင်ပြောလိုက်ပြန်သည် ။
“ ဂျာမန် ကိုက်ဇာဟောင်းကြီးလား ၊ တစ်နေ့က သတင်းစာထဲမှာ သူ့ဓာတ်ပုံ တွေ့လိုက်ရတယ် ၊
အင်း - သူက ဘာပြောသလဲ
“ အနောက်ဥရောပ တိုက်သား အချင်းချင်း စစ်ဖြစ်နေခြင်းကို ရပ်စဲပြီးတော့ ရုရှား တို့ရဲ့ ဘိုလ်ရှီဗစ်
ဝါဒ ပပျောက်သွားရန်အတွက် ရုရှား ကို ဝိုင်းတိုက်ရမယ်လို့ ကိုက်ဇာဟောင်းကြီး က တိုက်တွန်းလိုက်တယ် ။ ကိုင်း ဆရာ ကျွန်တော် သွားလိုက်ဦးမယ် ”
“ သွားပါ သွားပါ ”
ဆရာဦးတက်ရှိန် သည် ပုတီးစိပ်၍ ကျန်ရစ်လေသည် ။
ကျွန်တော် တို့ဗမာအစည်းအရုံးဌာနချုပ်သို့ ရောက်သောအခါ ဓာတ်မီးများ လင်းနေလေပြီ ။
ခြေတံရှည်အိမ်ကြီး အပေါ်ထပ်သို့ တက်သွားရလေသည် ။ အခါတိုင်းနှင့် မတူ ၊ လှေကားပေါ်တွင်
ချွတ်ထားသောဖိနပ် များများ မရှိ ။ အတွင်းမှာလည်း တိတ်နေလေသည် ။
ဆင်ဝင်ခန်းတွင် တို့ဗမာသခင် တစ်ယောက်သည် စာဖတ်လျက်ရှိလေသည် ။ ကျွန်တော်
ရောက်လာခြင်းကြောင့် စာဖတ် မပျက် ။ စားပွဲတစ်ခုတွင် အခြား တို့ဗမာသခင်တစ်ယောက်
စာရေးနေလေသည် ။ ကျွန်တော် ရောက်လာခြင်းကြောင့် စာရေး မပျက် ။ အခြားတစ်နေရာတွင်
တို့ဗမာသခင်တစ်ယောက်သည် ဆေးပေါ့လိပ် လိပ်နေလေသည် ။
သူတို့ထံတွင် စာရေးနေသော တို့ဗမာသခင် ကိုသာ ကျွန်တော် မျက်မှန်းတန်းမိ လေသည် ။
ထိုသူကား သခင်ကျော်စိန် ပင် ဖြစ်လေသည် ။
ကျွန်တော်က သူ့ရှေ့မှာ သွားထိုင်လေသည် ။ သူက ကျွန်တော့်အား မျက်နှာ မမော့ဘဲ မျက်မှန်
အောက်က မျက်လုံးများကိုသာ မော့ပြီး ကြည့်လိုက်လေသည် ။
“ ထိုင်ပါ ”
သခင်ကျော်စိန် သည် စာကိုသာ ဆက်ရေးလေသည် ။ ကျွန်တော် က ဘေးမှာ တွေ့ရသည့် အင်္ဂလိပ်
သတင်းစာတစ်စောင် ကို ကောက်ကြည့်လိုက်သည် ။ အမ်ရစ်တာ ဘဇာ ပတ္ထရိကား ခေါ် ကာလကတ္တားထုတ် သတင်းစာဖြစ်လေသည် ။ မျက်နှာဖုံးတွင် ကြီးမားသော စာလုံးများနှင့် အိန္ဒိယ
အမျိုးသားကွန်ဂရက်သည် အင်ပိုင်ယာနယ်ချဲ့စနစ် ကို ကာကွယ်နေသော ဗြိတိသျှ စစ်အားထုတ်မှုများကို မထောက်ခံနိုင်သဖြင့် အာဏာဖီဆန်ရန် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း ဖော်ပြထားလေသည် ။
စာဆက်ရေးနေသော သခင်ကျော်စိန် က -
“ ရော့ ဒါဖတ်ပါဦး ”
ကျွန်တော့်ရှေ့သို့ လက်နှိပ်စက်ဖြင့် ရိုက်ထားသော ကြေညာစာတမ်းတစ်စောင်ကို ချပေးလိုက်
လေသည် ။ အလုပ်သမားများ အစည်းအရုံး၏ ကြေညာချက် ဖြစ်သည် ။ အလုပ်သမားများ သည်
မိမိတို့ အခွင့်အရေးများအတွက် စည်းရုံးကြရမည် ။ တိုက်ပွဲဝင်ကြရမည် ။ ကမ္ဘာ့စစ်ကြီးကြောင့်
ကုန်ဈေး အဆမတန် တက်နေသည် ။ ၁ဝဝ မှာ ၅ဝ တက်နေသည် ။ အလုပ်သမားတို့၏ လုပ်ခကား
မတက် ၊ အလုပ်ကိုတော့ ပိုလုပ်နေကြရသည် ။ အိန္ဒိယ တွင် အလုပ်သမားတို့သည် စစ်အတွင်း
ရှားပါးစရိတ်များ အတွက် တောင်းဆိုလှုပ်ရှားနေကြရာ အောင်မြင်မှုများ ရနေသည် ။ ဗမာပြည်၌ကား
အလုပ်သမား အစည်းအရုံးများပင် စနစ်တကျ စည်းရုံးထားခြင်း မရှိ ။ အချို့က မဖွဲ့မစည်းရန်ပင်
ပြောဆိုနေကြသည် ။ ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားအစည်းအရုံး စည်းရုံးရေးဌာန က အလုပ်သမားများအား စည်းရုံးကြရန် တိုက်တွန်းထားလေသည် ။ စည်းရုံးရေးမှူးသင်တန်းများ ပေးနေရာ
တက်ရောက်ကြဖို့ ဆော်ဩထားလေသည် ။
သခင်ကျော်စိန် သည် အတွင်းရေးမှူးအနေနှင့် ထိုစာတမ်းကို ထုတ်ခဲ့ခြင်းဖြစ်လေသည် ။
ကျွန်တော် -
“ သတင်းစာထဲမှာ ဒီကြေညာချက် ပါပြီး ပြီပဲ ၊ တော်တော်တောင် ကြာသွားပြီ ”
သခင်ကျော်စိန် က သူရေးပြီးသွားသော စာများကို ပြန်ဖတ်ပြင်ဆင်နေရာမှ -
“ ဟုတ်ပါတယ် ၊ ပါပြီးပါပြီ ”
ကျွန်တော်က သတင်းစာ ကောက်ကိုင်လိုက်သောအခါ -
“ မိတ်ဆွေနာမည်က ဘယ်သူတဲ့ ၊ လူချင်းတော့ မျက်မှန်းတန်းနေကြတာပဲ ၊ တယ် ရင်းရင်းနှီးနှီး
ဆက်ဆံခွင့် မရခဲ့ဘူးနော် ”
“ ကျွန်တော့်နာမည် တင်ထွန်းပါ ၊ ဟုတ်တယ် ၊ ကောလိပ်တုန်းကလည်း မရင်းနှီးကြဘူး ”
“ သခင်တင်ထွန်း ရဲ့ ၊ ကောလိပ်ကျောင်းမှာ ကျုပ်က နေတယ်သာ ဆိုတာ ၊ ကျောင်းမှာ သိပ်ရှိတာ
မဟုတ်ဘူး ၊ အပြင်ထွက် နိုင်ငံရေး လုပ်နေတာကိုး ”
သူသည် စကားပြောလိုက် ၊ စာကို ကြည့်လိုက် လုပ်နေသည် ။
“ ဘာတွေရေးထားသလဲ သခင်ကျော်စိန် ၊ ကြေညာချက်လား ဆောင်းပါးလား ”
“ ဌာနချုပ် အလုပ်သမားအစည်းအရုံးရဲ့ လချုပ်အစီရင်ခံစာ ရေးနေတယ်ဗျ ၊ တစ်လခရီးလို့
ခေါင်းစဉ် တပ်ထားတယ် ”
“ တော်တော် အလုပ်တွင်ကျယ်ရဲ့လား သခင်ကျော်စိန် ”
“ တော်တော် တွင်ကျယ်ပါတယ် ။ အလုပ်သမားဝန်ထမ်း စာသင်တန်းများ ဖွင့်နိုင်တယ် ။ ခနောင်တို
မီးခြစ်စက် ၊ ကမာရွတ် သေတ္တာစက်တွေမှာ စနစ်တကျ စည်းရုံးရေး အမြစ်တွယ်အောင် စည်းရုံးနိုင်ခဲ့တယ် ။ အလုပ်သမားအစည်းအရုံးများရဲ့ နမူနာစည်းမျဉ်းများ ရေးဆွဲနိုင်ခဲ့တယ် ။ ရန်ကုန်
ပတ်ဝန်းကျင် အလုပ်သမားစုံစမ်းရေးကိစ္စများ လုပ်နိုင်ခဲ့တယ် ။ သံလျင် ရေနံအလုပ်သမားတွေရဲ့
လခမယူစတမ်း သပိတ်နဲ့ပတ်သက်ပြီး ဥပဒေပြုလွှတ်တော်မှာ မေးခွန်းတွေ ထုတ်နိုင်ခဲ့တယ် ။
စာရင်းချုပ်ကြည့်တော့ မခေလှပါဘူး ”
သခင်ကျော်စိန် သည် သူရေးထားသော အစီရင်ခံစာကို ပြန်ဖတ်ပြီးလေပြီ ။ ကျွန်တော် နှင့် အားရပါးရ စကားပြောရန် အဆင်သင့်ဖြစ်နေသည့် သဘောနှင့် သူ့ ရှေ့က စာရွက်စာတမ်းများ ရှင်းပစ်ပြီး
ပိုက်ထားသော လက်နှစ်ဖက်ကို စားပွဲပေါ်သို့ တင်လိုက်သည် ။
“ အခု ဘယ်က လာတာလဲ ”
“ အိမ်က ဒါရိုက် လာတာပါပဲ ”
“ ကိစ္စအထူးများ ရှိသလား သခင်တင်ထွန်း ”
“ မရှိပါဘူး ခင်ဗျာ ၊ ဌာနချုပ်ရောက်မှ ကိစ္စထူး တွေ့တတ်တာပါပဲ ဟဲ ဟဲ ”
“ သခင်တင်ထွန်း အစည်းအရုံးမှာ အမြဲတမ်းလုပ်သားတစ်ယောက် အဖြစ်နဲ့ လာလုပ်ပါလား ”
“ မကြာခင် လုပ်ဖြစ်ပါလိမ့်မယ် ထင်တယ် ”
“ အင်း ကောင်းတယ် ၊ အခြေအနေတွေကလည်း အရေးကြီးလာပြီ ၊ စစ်ကြီးကလည်း အခြေအနေ
ထူးခြားတော့မယ် ၊ အိန္ဒိယမှာ လွတ်လပ်ရေးတိုက်ပွဲတွေ ပြင်းထန်လာတော့မယ် ”
“ အိန္ဒိမှာ ဆူဘတ်စ်ဘို့ တို့ ဂိုဏ်းကွဲတာ ခင်ဗျား ဘယ်လို သဘောရသလဲ ”
သခင်ကျော်စိန်က မဆိုင်းမတွ -
“ ဘို့စ် ခေါင်းဆောင်တဲ့ Forward Bloc က တိုးတက်တဲ့သဘောပေါ့ဗျာ ။ ဂန္ဒီ ရဲ့ အကြမ်းမဖက် တဲ့ အာဏာဖီဆန်ရေး သစ္စဂြဟ လုပ်ငန်းဟာ လက်ရှိအခြေအနေနှင့် မသင့်လျော်တော့ဘူးလို့ ဆိုတဲ့သဘောပေါ့ ”
“ သို့ပေမယ့် ကွန်ဂရက်ကြီးမှာ ဂိုဏ်းကွဲတာမျိုးတော့ ကျွန်တော်တော့ မကြိုက်ဘူးဗျာ ၊ ဘယ်နည်းနဲ့မဆို ညီညွတ်ဖို့ အရေးကြီးတယ် ”
သခင်ကျော်စိန် က ကျွန်တော့်အား ပြက်ရယ်ပြုသကဲ့သို့ ရယ်လိုက်သည် ။
“ သခင်တင်ထွန်းက ဆန့်ကျင်ဘက်နှစ်ခုရဲ့ ညီညွတ်ခြင်းဆိုတာ နားမလည်သေးဘူးထင်တယ် ဟဲ
ဟဲ ၊ ပဋိပက္ခရှိမှ တိုးတက်တယ်ဆိုတဲ့ သဘောတရားကိုလည်း နားလည်ဖို့လိုသေးတယ် ”
ကျွန်တော်ကား ၎င်းစကားတို့ကို ကြားဖူးနေသော်လည်း နားမလည်သေးပါ ။ သို့သော် ကောင်းစွာ
မရင်းနှီးသေးသော သခင်ကျော်စိန်အား နားမလည်ကြောင်း ဖွင့်ဟ မပြောလိုပါ ။ သို့ဖြင့် စကားကို
လွှဲလိုက်သည် ။
“ ဘို့စ်တို့ လူစုက သူတို့နဲ့ ဆန့်ကျင်ဘက် သတင်းစာတွေ ကို သပိတ်မှောက်တာတော့ လွန်လွန်းတယ်ထင်တယ် ။ လွတ်လပ်စွာ ရေးသားခွင့် ကို လူစုလူဝေးနဲ့ ချုပ်ချယ်ရာ ရောက်နေတယ် ။
ဒါ့ကြောင့်လည်း ဘင်္ဂလား မှာ ရှိတဲ့ ပညာရှိကြီး တွေ က ထ ကန့်ကွက်ကုန်ကြပြီ မဟုတ်လား ။
သတင်းစာဆရာကြီး ရာမနန္ဒာချတ်တာဂျီ ၊ သိပ္ပံပညာရှိကြီး ဆာပီစီရေး ၊ အဘိဓမ္မာဆရာကြီး
ဆာရာဒါခရစ်ရှ်နန် စတဲ့ ပုဂ္ဂိုလ်ကြီး တွေက မခံမရပ်နိုင် ဖြစ်ကြတယ် ။ ဘင်္ဂလားပြည်လုံးဆိုင်ရာ
ကျောင်းသားများအဖွဲ့ချုပ်ကလည်း ဖက်ဆစ်ဆန်တဲ့ အပြုအမူဆိုပြီး ကန့်ကွက်တယ် ”
“ ဟုတ်တာပေါ့လေ ၊ ဒီကိစ္စမှာတော့ ဘို့စ် က လွန်သွားပြီ ထင်တယ် ။ ဗမာပြည် က ထွက်ရပ်ဂိုဏ်း
ကိုကော သခင်တင်ထွန်း က ဘယ်လို သဘောထားသလဲ ”
“ ကိုကြီးနု တို့ ၊ သခင်အောင်ဆန်း တို့နဲ့ တို့ဗမာအစည်းအရုံး အလုပ်အမှုဆောင်တွေက ပါဝင်ဖွဲ့စည်းထားတဲ့ဟာ ဖြစ်လို့ ထောက်ခံတော့ ထောက်ခံမှာပါပဲ ။ သို့ပေမယ့် ကျွန်တော်တို့
ကျောင်းသားတွေကို နှိပ်စက်သွားတဲ့ ဒေါက်တာဘမော် ပါနေတော့ စိတ်သန်နေတာပေါ့ဗျာ ”
“ ဟိုတုန်းက အခြေအနေနဲ့ အခုအခြေအနေ မတူဘူး သခင်တင်ထွန်း ရ ။ ခု စစ်ကြီးဖြစ်နေတဲ့
အတွင်းမှာ အင်္ဂလိပ်အခက် ဗမာ့အချက် ဆိုတဲ့ စကားအတိုင်း လွတ်လပ်ရေး ကို ရအောင်ယူရမှာ ။
ဒီသဘော ကို လက်ခံသူတိုင်းနဲ့ ပူးပေါင်းပြီး ဆောင်ရွက်ရမှာဖြစ်တယ် ။ ဒါကြောင့် ဒေါက်တာဘမော် ကို ပါ ပါဝင်စေပြီး ထွက်ရပ်ဂိုဏ်း ဖွဲ့ထားရတာဗျ ။ လွတ်လပ်ရေးတိုက်ပွဲ ဆိုတာ အဖက်ဖက်
က ကြည့်ရတာ ။ ကျုပ်တို့ ပြည်တွင်းအင်အားနဲ့ချည်း ပြီးတာ မဟုတ်ဘူး ၊ နိုင်ငံခြားမိတ်ဆွေများကိုလည်း တစ်ဖက်က ရှာရသေးတယ် ။ အဲဒီလို ရှာတဲ့အခါမှာ ဒေါက်တာဘမော် တို့လို
အဆင့်အတန်းရှိတဲ့ ခေါင်းဆောင်ပိုင်းကလည်း ပါဖို့ လိုနေတယ် ။ ဘာပြောပြော သူက နန်းရင်းဝန်
လုပ်ဖူးသကိုး သခင်တင်ထွန်း ရဲ့ ဟဲ ဟဲ ”
အစည်းအရုံးပေါ်သို့ လူတစ်ယောက် တက်လာသဖြင့် လှမ်းကြည့်လိုက်ရာ သခင်လှဖေ ဖြစ်နေလေသည် ။ ကျွန်တော်သည် သခင်လှဖေ အား အာဏာရှင်ကိုလှရွှေ ၏ အစ်ကို အဖြစ်နှင့်သာ
သိကျွမ်းသည် ။ တို့ဗမာအစည်းအရုံးဌာနချုပ် အလုပ်အမှုဆောင် လူကြီးတစ်ဦး အဖြစ်ဖြင့်ကား
အကျွမ်းဝင်ခြင်း မရှိခဲ့သေးချေ ။ သခင်လှဖေ သည် ကျွန်တော်တို့ အနီးသို့ ရောက်လာပြီး
လက်ထဲမှာပါသော စာအုပ်သုံးအုပ်ကို စားပွဲပေါ်တွင် တင်လိုက်လေသည် ။ သုံးအုပ်စလုံး
' စစ် နှင့် ဘုံဝါဒ ' ဆိုသောစာအုပ်များ ဖြစ်လေသည် ။ သခင်ကျော်စိန် သည် စာအုပ်ကို လှမ်းကြည့်နေသည် ။ ကျွန်တော် ၏ မျက်စိများသည်လည်း စာအုပ်များပေါ်သို့ ရောက်သွားလေသည် ။ သခင်လှဖေ ရေးသော စာအုပ်ဖြစ်ကြောင်း သိရသည် ။
သခင်လှဖေ ကား ဘာမျှ မပြောသေးဘဲ မျက်မှန်ကို ချွတ်ပြီး လက်ကိုင်ပဝါ နှင့် သုတ်နေလေသည် ။
သခင်ကျော်စိန် -
“ ခင်ဗျားစာအုပ် ထွက်ပြီကိုး ”
သခင်လှဖေ သည် မျက်မှန်ကို ပြန်တပ်ပြီးနောက် စာအုပ်ကို သခင်ကျော်စိန် အား ပေးလိုက်လေသည် ။ ပြီးနောက် -
“ သတင်းစာ တစ်ခုခုကနေပြီး ဝေဖန်ရေးကလေး ဘာလေး ပါအောင် လုပ်လိုက်စမ်းပါဦး ”
သခင်လှဖေ သည် အခြားစားပွဲထိုးတစ်ခုတွင် သွားပြီးထိုင်တော့မည် လုပ်နေစဉ်တွင် စာအုပ်ကို
လှန်လှောကြည့်နေသော သခင်ကျော်စိန် က -
“ ခင်ဗျားစာအုပ်မှာ ဖေဘီယန် က နိဒါန်း ရေးထားသကိုး ဟီးဟီး ”
သခင်လှဖေ က သခင်ကျော်စိန် ၏ ဟီးဟီး နှင့် ပြက်သံကို လုံးဝ ဂရုစိုက်ဟန် မရှိချေ ။
နိဒါန်း ရေးသူမှာ ဖေဘီယန်ဦးဘခိုင် ဖြစ်လေသည် ။
သခင်လှဖေ သည် စားပွဲမှာ ထိုင်ပြီး တစ်စုံတစ်ရာ ရေးနေ၏ ။ ထိုအခိုက် စောစောကပင် ဆင်ဝင်ခန်းမှာ ပက်လက်ကုလားထိုင်ဖြင့် စာဖတ်နေသော ပုဂ္ဂိုလ် က ကျွန်တော်တို့ဘက် လှည့်ကြည့်ပြီး -
“ သခင်လှဖေ ခဏ ဒီလာစမ်းပါ ”
ထိုအခါမှ ကျွန်တော် သည် ထိုပုဂ္ဂိုလ် အား မြင်ဖူးသလိုလို ထင်လာလေသည် ။ စောစောက သူ့အား
ဂရုစိုက်၍ မကြည့်မိ ။ သူသည် အရပ် ခပ်ပျပ်ပျပ် ၊ ကိုယ်လုံးကိုယ်ထည် ခပ်ကျစ်ကျစ် ၊ အသား
ညိုညို ဖြစ်သည် ။ စာဖတ်နေသဖြင့် မျက်မှန် တပ်ထားသည် ။ သခင်လှဖေ က ရိုသေစွာ သူ့ထံ
သွားလေသည် ။
“ သခင်ကျော်စိန် အဲဒီ လူကြီးက ဘယ်သူလဲဗျ ”
“ ခင်ဗျား မမြင်ဖူးဘူးလား ၊ သခင်မြ ရယ်လေ ”
“ ဪ ဟုတ်သားပဲ ၊ နှစ်ခါတောင် မြင်ဖူးတယ်ဗျ ။ သို့ပေမယ့် သူက တရားဟော စင်မြင့်ပေါ်က ၊
ကျွန်တော် က စင်အောက် ခပ်လှမ်းလှမ်းက မြင်ခဲ့ရတာကိုးဗျ ။ ဝိုးတိုးဝါးတား ဖြစ်နေလို့ မေးတာပါ ၊ ခုအပတ် လွှတ်တော်မှာ သခင်မြ က ကာကွယ်ရေး အသုံးစရိတ်တွေနဲ့ ပတ်သက်ပြီး ပြောတာ
တော်တော် ကောင်းတယ် ၊ မြန်မာပြည် ကာကွယ်ရေးဌာန ဟာ ဗြိတိသျှနယ်ချဲ့စနစ် ကိုသာ ကာကွယ်နေတယ် ၊ ဒါကြောင့် ကာကွယ်ရေးစရိတ် ကို မြန်မာပြည် က မပေးသင့်ဘူးတဲ့ ”
“ ဦးဖိုးထီ ပြောတာလည်း ကောင်းသားပဲ ၊ စစ်ဖြစ်နေတာဟာ မြန်မာပြည် ကြောင့် မဟုတ်ဘူးတဲ့ ၊
ဒါ့ကြောင့် အင်္ဂလန် ပါလီမန်ကသာ ပေးရမယ်တဲ့ ။ ဦးဘသီ တို့ ၊ ဦးဘရင် တို့ကတော့ ၂၁ - ဦး
လေအတိုင်း ဗမာတွေ စစ်ဘက်မှာ ရာထူးကြီးကြီး ရဖို့ ဗမာစစ်တပ်တွေ ဖွဲ့ဖို့လောက်သာ
တောင်းဆိုတာပဲ ၊ နယ်ချဲ့စစ်ကို ကန့်ကွက်တဲ့သဘော မပါဘူး ။ ဟောဒီ စစ် နှင့် ဘုံဝါဒ စာအုပ်ကို
ဖတ်ကြည့်စမ်း သခင်တင်ထွန်း ၊ နယ်ချဲ့စစ် ကို ကျုပ်တို့ သခင်တွေက ဘယ်နည်းနဲ့မှ မထောက်ခံနိုင်ဘူး ၊ နယ်ချဲ့စစ် ကို တိုင်းပြည်လွတ်လပ်ဖို့ အတွက် ပြည်တွင်းစစ် လုပ်ပစ်ရမယ် ”
ထိုအခိုက် ကိုအေးငွေ ရောက်လာလေသည် ။
ကိုအေးငွေ သည် ကျွန်တော့် ဆီသို့ တိုက်ရိုက် ဦးတည်ပြီး လာလေသည် ။
“ ကိုယ့်လူ အိမ် ဝင်ခဲ့သေးတယ် ၊ ဌာနချုပ်ရုံး သွားတယ်ဆိုလို့ လိုက်လာခဲ့တာပဲ ”
“ ကိစ္စရှိသလား ”
“ လာ လိုက်ခဲ့ ”
ကျွန်တော်က ထလိုက်သွားလေသည် ။
လှေကားထိပ်သို့ မရောက်ခင်ကလေးတွင် ကိုအေးငွေ သည် ကျွန်တော့် အား ရပ်နေရစ်ခဲ့ရန်
လက်ဟန်ဖြင့် ပြထားခဲ့ပြီးနောက် သခင်လှဖေ ဆီသို့ သွားလေသည် ။ သခင်လှဖေ ၏ နားထဲသို့
စကားတစ်ခွန်း တိုးတိုးပြောထားခဲ့ပြီး ကျွန်တော် နှင့် အတူ လှေကားသို့ ဆင်းခဲ့ကြလေသည် ။
လမ်းပေါ်သို့ ရောက်သောအခါ ကိုအေးငွေ သည် နောက်လှည့်ကြည့်သည် ။ တစ်ဦးတစ်ယောက်မျှ
နောက်မှ ကပ်ပါလာသည်ကို မတွေ့ရတော့မှ -
“ ခင်ဗျား ဒီနေ့ည အစည်းအဝေး လိုက်ခဲ့ရမယ် ”
“ ဘာ အစည်းအဝေးလဲ ”
“ ပြည်သူ့အရေးတော်ပုံပါတီ ရဲ့ အဖွဲ့ခွဲတစ်ခု အစည်းအဝေး ”
“ ပြည်သူ့အရေးတော်ပုံပါတီ ဟုတ်လား ၊ ဘယ်တုံးက ပေါ်ခဲ့တဲ့ ပါတီလဲ ၊ ကျွန်တော်ဖြင့် မကြားဖူးသေးပါဗျာ ”
“ ဒီ စစ်အတောအတွင်း ဗမာ့လွတ်လပ်ရေး ကို လက်နက်ကိုင်ပြီး တိုက်ယူဖို့ လျှို့ဝှက်စွာဖွဲ့ထားတဲ့
ပါတီဗျ ၊ တက္ကသိုလ် စာသင်ဆောင်ကြီးတွေကြားမှာ တစ်ခါတုန်းက ညဉ့် နက်မှောင် ထဲ စကားရည်
လုပွဲဆိုပြီး စည်းဝေးကြတာ မှတ်မိလား ”
“ မှတ်မိသားပဲ ၊ ကျွန်တော်လည်း တက်တယ်လေ ”
“ အဲဒါဟာ အစပဲ ၊ ဘယ်သူဟာ ပါ ထိုက်တယ် ၊ ဘယ်သူဟာ မပါ ထိုက်ဘူးဆိုတာ အဲဒီ
အစည်းအဝေးတုန်းက လူ ရွေးတာပဲ ။ ခင်ဗျား ပါ ထိုက်တယ် ၊ ခင်ဗျား ကို ရွေးပြီးပြီ ရဲဘော် ”
ကျွန်တော် ၏ သွေးများ ဆူပွက်သွားပြီး အသားတွေ ခုန်လာသည်ဟု ထင်မိလေသည် ။ လုပ်ရမှာ
ကြောက်၍ကား မဟုတ်ပါ ။ စွန့်စား၍ ထူးခြားသောအတွေ့အကြုံ တစ်ခု နှင့် ဗြုန်းခနဲ ရင်ဆိုင်ရ
တော့မည့်အတွက်သာ ဖြစ်လေသည် ။
ကိုအေးငွေ -
“ အစည်းအဝေး လိုက်မယ် မဟုတ်လား ”
“ ဘယ်တော့လဲ ”
“ အခု ”
“ ဘယ်ကို သွားရမှာလဲ ”
“ ကိုယ်ခေါ်ရာ လိုက်ရုံပါပဲ ”
“ လိုက်မှာပေါ့ ၊ ကိုအေးငွေ ခေါ်ရင် ဘယ်တုံးက ငြင်းဖူးသလဲ ”
ကျွန်တော်တို့ သည် ရေကျော်လမ်းထိပ်ဝ၌ လန်ချားစီးကြလေသည် ။ မောင်ဂိုမာရီလမ်း ( ဗိုလ်ချုပ်အောင်ဆန်းလမ်း ) တစ်လျှောက်မှနေပြီး သိမ်ကြီးဈေး သို့ အရောက်သွားကြမည် ။
အော်လံပီယာရုံ ( ရွှေဂုန်ရ ုံ) ရှေ့တွင် လူတွေ ကြိတ်ကြိတ်တိုး နေလေသည် ။ ဘတ်စ်ကားတွေ ၊
လန်ချားတွေ ၊ ကိုယ်ပိုင်ကားတွေ ၊ ရထားလုံးတွေလည်း ရှုပ်နေ၏ ။ ညနေပွဲအပြီး ညပွဲ
စတော့မည် ဖြစ်၏ ။ ရုံတွင်း မှ အန်ထွက်လာကြသူများ နှင့် ရုံတွင်းသို့ ပြွတ်တိုးဝင်လိုသူများ
ရင်ဆိုင် တိုးနေကြလေသည် ။ ပြနေသောကားမှာ ' ချစ်အမျှ ' ဖြစ်၏ ။ ဒါရိုက်တာ ကိုတင်မောင်
ကိုင်တိုင် မင်းသား ဖြစ်ပြီး မေရှင် နှင့် မေမြင့် မင်းသမီးနှစ်လက် ဖြင့် တွဲဖက်ထားသည် ။ ' သွင် ' ရုံ
မှာကား လူမများလှ ။ ဗြိတိသျှဘားမား ရုပ်ရှင်ကုမ္ပဏီ မှ မြမျိုးလွင် ၏ ဝေ့လယ်လယ် ဝတ္ထု ကို
ရုပ်ရှင်ရိုက်ပြခြင်း ဖြစ်လေသည် ။
“ ကိုအေးငွေ ဝေ့လယ်လယ်ဝတ္ထု ကို ဖတ်ဖူးရဲ့လား ”
“ မဖတ်ဖူးဘူး ၊ မြမျိုးလွင် ဝတ္ထု ဆိုတော့ ခပ်ပေါ့ပေါ့ ခပ်ပျော်ပျော် နေရမှာပေါ့ဗျာ ။ ဒိုင်ယာလော့ခ်
ကလေးတွေကတော့ ကောင်းမှာပါပဲ ”
“ တိုးတက်ရေးထဲမှာ ပါနေတဲ့ သုခ ရဲ့ ဝတ္ထု ကိုကော ဖတ်မိသေးလား ”
“ ဖတ်မိတယ်ဗျ ၊ နေ့စဉ် လိုလိုပဲ ၊ သူ့ ဝတ္ထု က တော်တော် စွဲသားဗျ ၊ အရေးအသားလည်း လှပတယ် ၊
အဓိပ္ပာယ်လည်း တော်တော် နက်သားပဲ ”
“ ဟုတ်တယ် ၊ သို့ပေမယ့်ဗျာ ကျွန်တော်တို့ မျှော်မှန်းနေတဲ့ တိုးတက်သော စာပေမျိုး မြန်မာစာပေ
လောကမှာ ပေါ်မလာသေးဘူးဗျာ ”
“ ကိုတင်ထွန်း လည်း စာရေးဆရာ ဖြစ်မယ်လိုလို နဲ့ ခုတော့ သတင်းစာဆရာ ဘဝမှာ သောင်တင်
နေပြီနော် ”
“ သတင်းစာတိုက် မရောက်တာ အတော်ကြာသွားပြီဗျ ”
ကျွန်တော်တို့ သည် ကွန်တီနင်တယ် မုန့်တိုက်ရှေ့ ရောက်သည့်တိုင် ငြိမ်နေကြသည် ။
“ ကိုတင်ထွန်း ခင်ဗျား အစ်မကြီး ဆီက ပုံနှိပ်တိုက်တိုက် ထောင်ဖို့ အရင်းထုတ်ပေး မပေး သိပြီလား ”
ကျွန်တော့် မှာ ဖြေရန် ဝန်လေးနေသည် ။
ထိုအတွင်း ကျွန်တော်တို့ လန်ချားရှေ့မှာ မော်တော်ကား တစ်စီး ထိုးရပ်လိုက်ရာ လန်ချားသမားသည် အရှိန်လွန်ပြီး ကား နှင့် မတိုက်မိအောင် မနည်းကြီး ထိန်းထားလိုက်လေရာ လန်ချားဦး
ထောင်၍ပင် သွားလေသည် ။ ကျွန်တော်တို့မှာလည်း ပက်လက်လန်သွားလေသည် ။
ကိုအေးငွေ က တက်ခေါက်လိုက်သည် ။ ကျွန်တော် က ရှေ့က ကား ကို မျက်စောင်းထိုးလိုက်လေသည် ။ ကားပေါ် မှ အင်္ဂလိပ် စစ်ဗိုလ်တစ်ယောက် နှင့် အစွမ်းကုန် ခေတ်မှီအောင် ဝတ်ဆင်ထားသော ကပြားမ တစ်ယောက် ဆင်းလာလေသည် ။ ကျွန်တော်တို့ သည် ဆင်းပြီး လက်သီးနှင့်သာ
ထိုးလိုက်ချင်ကြလေသည် ။
ကိုအေးငွေ -
“ နေနှင့်ဦးနော် ၊ တစ်နေ့တော့ ဒီကောင်တွေ သိစေ့မယ် ”
“ တလောက ကာကွယ်ရေးဘတ်ဂျက် ဆွေးနွေးကြတော့ ပေါ်လာတဲ့ အချက်တစ်ခုဟာ သိပ်ပြီး
စိတ်ဝင်စားဖို့ ကောင်းတယ်ဗျ ၊ ဗြိတိသျှစစ်ဗိုလ် ၁၃ ဦးအတွက် တစ်နှစ် ၁၃ သိန်း ကုန်ကျပြီး မြန်မာ နဲ့ အခြားစစ်ဗိုလ်တွေ အတွက် တစ်နှစ် တစ်သိန်းငါးသောင်းခြောက်ထောင် သာ ကုန်သတဲ့ ။
ကျွန်တော်တို့ တိုင်းပြည်ရဲ့ ငွေတွေနဲ့ ကျွန်တော်တို့ အပေါ် ဗိုလ်ကျပြီး အခုလို ဇိမ်ခံနေကြတာပဲ ”
“ ဒီအင်္ဂလိပ်ကောင်တွေ ပြုတ်ခါနီးပါပြီ ၊ အနောက်ဘက် မှာ ဂျာမနီ က သူတို့ကိုပဲ ဖိဆော်နေတယ် ။
ဂျပန် ကလည်း အရှေ့ဘက်ကနေပြီး သူတို့ကိုပဲ ဖိချမှာပဲ ”
စစ်ကဲမောင်ထော်လေးလမ်း ( ဗိုလ်ဆွန်ပက်လမ်း ) ထိပ်ဝသို့ ရောက်လာ၍ ကျွန်တော့် စိတ်သည်
မမြမှီ ဆီသို့ ရောက်သွားသောအခါ ကိုအေးငွေ က အင်္ဂလိပ်စစ်ဗိုလ် ကိစ္စကြောင့် ပြတ်သွားသော
စကားစဉ်ကို ဆက်ပြန်လေသည် ။ တိုက်ဆိုင်လွန်းသည်မှာ အံ့ဩစရာ ပင်ဖြစ်၏ ။
“ ကိုယ့်လူ အစ်မကြီးဆီက ပုံနှိပ်တိုက် ထောင်ဖို့ အရင်းအနှီး ရမယ်တဲ့လား ၊ ဘယ့်နှယ်လဲ ”
ကျွန်တော့်မှာ မပြောဘဲ မနေသာတော့ချေ ။
“ ပုံနှိပ်လုပ်ငန်းကို အသေးစိတ် လေ့လာရဦးမယ်တဲ့ဗျ ၊ စရိတ်စက ဘယ်ရွေ့ဘယ်မျှ ကုန်မယ်
ဆိုတာ တွက်ပေးရမယ်တဲ့ ၊ ပုံနှိပ်တိုက် ထောင်ဖို့ နေရာထိုင်ခင်းလည်း စုံစမ်းရမယ်တဲ့ ။
အလုပ်ရမယ် မရဘူး ၊ ဘယ်ကရမယ်ဆိုတာတွေလည်း စုံစမ်းရမယ်တဲ့ ။ ဟာဗျာ ခိုင်းလိုက်တာ
စုံနေတာပဲ ”
“ နို့ ခင်ဗျားက စုံစမ်းလေ့လာပြီးပြီလား ”
“ စုံစမ်းတုန်းပဲ ၊ ကြာတော့ လုပ်ချင်စိတ်တောင် ကုန်နေပြီ ၊ သီးဆစ်တစ်စောင် ကျနေတာပဲဗျာ ”
“ တကယ်တော့ ခင်ဗျား အစ်မကြီးက လမ်းမှန်တယ်ဗျ ။ အလုပ်လုပ်ရင် အလုပ်နဲ့ တူစေရလိမ့်မယ် ။
ကြိုးစားပြီး စုံစမ်းလေ့လာဗျ ”
စကော့ဈေးကြီး မှာ ခြောက်သွေ့နေသည် ။ နာရီဝိုင်းကြီး၏ မီးများနှင့် အပေါ်ထပ်မှ မီးများကား
ထိန်နေလေသည် ။ အောက်ထပ်မှာကား မကောင်းမှု ပြု၍ မရရုံ အလင်းရောင် ခပ်မှုန်မှုန်သာ
ရှိလေသည် ။
စကော့ဈေး လွန်သောအခါ ကျွန်တော်တို့ လက်ဝဲဘက်တွင် ရှိသော သစ်သားအဆောက်အအုံကြီး
ဆီသို့ လှမ်းကြည့်မိကြလေသည် ။ အလွန် ဟောင်းမြင်းသောအသွင် ကို ဆောင်နေလေသည် ။
“ ကိုတင်ထွန်း ခင်ဗျား ဒီကို ရောက်ဖူးသလား ”
“ မရောက်ဖူးဘူးဗျ ၊ ခင်ဗျားကော ”
“ ဒီကို ရောက်ဖူးမှ လူ့ဘဝ ဗဟုသုတ ပြည့်စုံတယ်လို့ ဆိုရမယ် ”
“ မပြည့်စုံချင် နေပါစေဗျာ ၊ ကျိုးတော့ မကျိုးချင်ပါဘူး ၊ ဒီမှာ အတွင်း လူနာတော့ လက်မခံဘူး
ထင်တယ်နော် ”
“ လက်မခံဘူး ၊ အပြင် လူနာသာ လက်ခံတယ် ၊ အတွင်း လူနာတော့ ဆာကူလာဝါ့တ် ကို ပို့တယ် ။
ပြည့်တန်ဆာ လောကဟာ အတော် စိတ်ဝင်စားဖို့ ကောင်းတယ် ၊ တစ်နေ့တော့ ကိုတင်ထွန်း အဲဒီ
လောက ဗဟုသုတ ရအောင် လုပ်ပေးရဦးမယ် ”
“ အဲဒီ ဗဟုသုတတော့ မလိုချင်ပါဘူးဗျာ
“ ပြောသေးတာပေါ့ မတွေ့ခင်တော့ ၊ တော်တော်ကြာ အရူးအမဲသား ကျွေးသလို ဖြစ်နေမှာသာ
စိုးရပါတယ် ”
လန်ချား သည် သိမ်ကြီးဈေး ဘက်သို့ ကွေ့လာလေသည် ။ မြူနီစပယ်ကားကြီး က လမ်းများကို
ရေလိုက်ဆေးနေလေသည် ။
ကျွန်တော်တို့ သည် အင်းစိန်ဘတ်စ်ကား ရှေ့တွင် ရပ်ကြလေသည် ။ အဆင်သင့်ပင် လူအတော်
များနေပြီဖြစ်၍ ကားထွက်အောင် ကြာရှည်စောင့်ရတော့မည် မဟုတ်ပေ ။
ကိုအေးငွေ သည် လန်ချား နှင့် လာစဉ်က မကြာခဏ နောက်သို့ လှည့်ကြည့်ခဲ့သည် ။ ဘတ်စ်ကားပေါ်သို့ တက်မည်ပြုသောအခါလည်း နောက်သို့ ပြန်ကြည့်သေးသည် ။ တစ်ယောက်ယောက်
ကျွန်တော်တို့ နောက်က လိုက် စုံထောက်နေသလား မသိ ။
ဘတ်စ်ကားပေါ်တွင် ရုပ်ရှင်ကြည့်ပြန်သော ကောလိပ်ကျောင်းသားအရွယ် လူငယ်အများကို တွေ့ရသည် ။ ကမာရွတ် ဘက်မှ သိမ်ကြီးဈေး သို့ ပန်းလာပို့သော ခြံသမားများ လည်း ပြန်လိုက်ခဲ့ကြလေသည် ။ ပန်းခြင်းတောင်းကြီးများကို ထပ်တင်ထား၏ ။
ကမာရွတ်ဂါတ်တဲ ကို လွန်သောအခါ ကမာရွတ် မှာနေခဲ့သော အချိန်များကို သတိရနေလေသည် ။
ကျွန်တော် အလည်အပတ်ရောက်နေကျ အိမ်များကို လှမ်းကြည့်လိုက်သေးသည် ။ လူရိပ်လူခြည်
အကဲခတ်လိုက်မိသည် ။
ကျွန်တော်တို့ သည် ကမာရွတ်ဈေး အနီးမှာ ဆင်းကြလေသည် ။ ဈေး ၏ တောင်ဘက်ရှိ လမ်းကြားကလေးအတိုင်း ကိုအေးငွေ က ခပ်သွက်သွက် ဝင်သွားလေသည် ။ ကျွန်တော် က နောက်မှ အမှီ
လိုက်ရလေသည် ။ လမ်းကြားထဲမှနေပြီး ကျွန်တော်တို့ နောက်မှ တစ်စုံတစ်ယောက် ကို လိုက်
နေမနေ စောင့်ကြည့်ကြသည် ။ ကားရပ်စဉ်ကလည်း ကျွန်တော်တို့နှင့်အတူ ဆင်းသူ မရှိ ။
နောက်ထပ်လည်း ဘယ်သူမှ ဘာနှင့်မျှ လိုက်မလာသည်ကို တွေ့ရတော့မှ ရှေ့ဆက်ကြသည် ။
ကျွန်တော်ကား ဘယ်ရောက်၍ ဘယ်ရောက်သွားသည်ဟု မသိတော့ပေ ။ ကိုအေးငွေ က
ရှေ့ဆောင်ပြီး ခေါ်သွားလေသည် ။ ဟိုကွေ့သည်ကောက် ဟိုဖြတ်သည်ချိုးနှင့် သွားကြရလေသည် ။
နောက် ဝင်းခြံ နှင့် အိမ်တစ်အိမ် သို့ ဆိုက်ရောက်ကြလေသည် ။
အိမ်ပေါ်သို့ ရောက်သောအခါ လူငယ် ၁၅ ယောက် စုမိနေနှင့်ပြီ ဖြစ်ကြောင်း တွေ့ရသည် ။
ကျွန်တော်နှင့် သိသူမှာ ပေါင်းမှ ငါးယောက် သာ ပါလေသည် ။ သူတို့က ပြုံး၍ နှုတ်ဆက်သည် ။
ကျွန်တော် ကလည်း ပြုံး၍သာ တုံ့ပြန်လေသည် ။ အချင်းချင်း နာမည်ခေါ်မနေကြတော့ပေ ။
ကျွန်တော် မသိသူများကား တို့ဗမာအစည်းအရုံး ဝင် လူငယ်များ ဖြစ်နေပေလိမ့်မည် ။
ဤအစည်းအဝေး တွင် တစ်ယောက် နှင့် တစ်ယောက် သိပါလျက် နှုတ်မဆက်ဘဲ နေလိုက နေကြ
လိမ့်မည် ။ မသိဖူးမကျွမ်းဖူးပါဘဲလျက် မိတ်မဆက်ဘဲ နေကောင်းနေကြမည် ။ သို့ရာတွင်
အသည်းနှလုံးချင်းချင်းကား တွေ့ဖူးပြီးကဲ့သို့ ဖြစ်လေသည် ။ တစ်ယောက် လက်မောင်းသွေး
တစ်ယောက် သောက်ပြီး သစ္စာပြုသည်အထိ ခိုင်မြဲကြမည့် ရဲဘော်များ ဖြစ်ကြသည် ။ တိုင်းပြည်အတွက် ဘာမဆို စွန့်စားကြမည့်သူများ ဖြစ်သည် ဟု ဤနေရာ လာသည်နှင့် တစ်ပြိုင်နက်ပင်
အသိအမှတ် ပြုလိုက်ကြလေသည် ။
ကျွန်တော်တို့ သည် အင်္ဂလိပ်အစိုးရ အား လက်နက် နှင့် ပုန်ကန်တော်လှန်ရန် ပြင်ဆင်မှုများ
လုပ်ကြရတော့မည် ။ ဘယ်လို ပြင်ဆင်မှုများ စတင်လုပ်ကြမည်နည်း ။ ဒါတွေကို ဆွေးနွေးကြသည် ။
ဆွေးနွေးနေကြစဉ် လူတစ်ယောက် ပျာယီးပျာယာနှင့် ဝင်လာလေသည် ။ သူ သည် နောက်သို့လည်း သင်္ကာမကင်းစွာဖြင့် ကြည့်သည် ။ ပတ်ဝန်းကျင်ကိုလည်း သင်္ကာမကင်းစွာနှင့် လျှောက်ကြည့်သည် ။ နောက်ဆုံး ကျွန်တော်တို့ ဆီသို့လည်း သင်္ကာမကင်းသေးသော အကြည့်ဖြင့် ကြည့်လိုက်လေသည် ။ ပြီးတော့ ကျွန်တော်တို့ အား ပြုံးပြလိုက်၏ ။ ကျွန်တော် များစွာအံ့ဩသွားသည် ။
ထိုသူမှာ ကိုကျော်ငြိမ်း ဖြစ်၏ ။ ကျွန်တော်တို့ အပေါ်ယံမှာ မြင်နေသည်မှာ ကိုကျော်ငြိမ်း သည်
တစ်ခါတုန်းက ကျောင်းသားခေါင်းဆောင် ဖြစ်ခဲ့၏ ။ နောက်တော့ အိုင်စီအက်စာမေးပွဲ ဝင်၏ ။
အကောက်တော်ဌာန ၌ ရာဖြတ် ဝင်လုပ်၏ ။ ယခုလို ပြည်သူ့အရေးတော်ပုံပါတီ အစည်းအဝေး
တစ်ရပ်သို့ ကိုကျော်ငြိမ်း ရောက်လာသဖြင့် အံ့ဩပြီး ဝမ်းသာသွားလေသည် ။
သူ သည် ကိုအေးငွေ နှင့် အခြားခေါင်းဆောင်နှစ်ယောက် ကို လက်ပြ၍ ခေါ်ယူသည် ။ သူတို့သည်
တစ်နေရာထိုင်၍ ကျိတ်ဆွေးနွေးနေကြလေသည် ။
ထို့နောက် ကိုကျော်ငြိမ်း ပြန်သွားလေသည် ။
ကျွန်တော်တို့ ၏ အစည်းအဝေးကို ဆက်ကြပြန်လေသည် ။
ခေါင်းဆောင်ပိုင်းမှ အချို့နှင့် လူငယ်ပိုင်းမှ အချို့သည် နိုင်ငံခြားများသို့ သွားကြမည် ။ နိုင်ငံခြားတွင် စစ်မက်ရေးရာများ သင်ကြားမည် ။ မြန်မာပြည်တွင်းသို့ လက်နက်များ တိတ်တဆိတ်
သွင်းပေးရန် စီစဉ်ကြမည် ။ များသောအားဖြင့် လက်နက်များကို လေယာဉ်ပျံဖြင့် ချပေးလိမ့်မည် ။
နိုင်ငံခြားသို့ မည်သူတို့ သွားကြမည်ကို ထိုအခန်းသို့ ရောက်သော ကျွန်တော်တို့အား ပြောမပြချေ ။
ကျွန်တော်တို့သည် နယ်များသို့ ခွဲဆင်းပြီး ပြည်သူ့အရေးတော်ပုံအဖွဲ့များ ဖွဲ့ရမည် ။ ၎င်းတို့အား
လျှို့ဝှက်စွာ စစ်ပညာသင်ပေးမည် ။ လက်နက်များ ရောက်လာသော် အဆင်သင့် ကောက်ကိုင်နိုင်အောင် ကြိုးစားရပေလိမ့်မည် ။ ကျောင်းသားသံမဏိတပ်ဖွဲ့များ ၊ တို့ဗမာအစည်းအရုံး၏ လက်ရုံး
တပ်ဖွဲ့များမှာ ဗြောင်တည်ထောင်နိုင်သော အဖွဲ့များဖြစ်ပြီး တတ်နိုင်သလောက် ဗြောင် စစ်ရေး
လေ့ကျင့်မှုများ လုပ်ပေးရမည် ။ အချို့စစ်ရေးပညာများ ကို လျှို့ဝှက်စွာ သင်တန်းပေးရမည် ။
ကျွန်တော် -
“ အမျိုးသမီးတွေကိုလည်း စစ်ရေးပညာပေးမယ်ဆိုရင် ဖြစ်နိုင်တယ် ၊ အမျိုးသမီးတွေလည်း
လွတ်လပ်ရေးတိုက်ပွဲဝင်ဖို့ စိတ်အားထက်သန်နေကြတယ် ” ဟု ပြောလိုက်သောအခါ သခင်တစ်ယောက် က ထောက်ခံပြောဆိုလေသည် ။
“ ဟုတ်တယ် ပွင့်ဖြူ အပိုင် ကျေးရွာများမှာ တို့ဗမာအစည်းအရုံးက ကြီးမှူးပြီး မယ့်လက်ရုံး
အမျိုးသမီးတပ်ဖွဲ့တွေကိုတောင် တည်နေကြတယ် ကြားရတယ် ၊ စဖွဲ့ဖွဲ့ချင်း အမျိုးသမီး
၂ဝဝ ကျော်တောင် ပါဝင်ကြသတဲ့ ”
ရဲဘော်အားလုံး ပြုံးစိစိ နှင့် နားထောင်နေကြသည် ။ အမျိုးသမီးများက ယခုကဲ့သို့ တိုက်စိတ်
ခိုက်စိတ် စစ်သွေးကြွနေခြင်းကို ကျေနပ်ရုံသာမက အသစ်အဆန်း ဖြစ်နေသောကြောင့် ပြုံးကြခြင်း
ဖြစ်သည်ဟု ကျွန်တော် ထင်သည် ။ ရဲဘော်တစ်ယောက် က -
“ ဘယ်လို ယူနီဖောင်း ဆင်ကြမလဲ ” ဟု မေးလိုက်ရာ ကျွန်တော်က “ ပွင့်ဖြူ မယ်လက်ရုံးတွေ
ကတော့ အင်္ကျီခပ်စိမ်းစိမ်း နဲ့ ထဘီအနီ ဆင်တူဝတ်ကြတယ် ၊ ခေါင်းမှာလည်း ပဝါ အဝါ စည်းကြသတဲ့ ”
ရဲဘော်အချို့ -
“ ဟဲ ဟဲ သုံးရောင်ခြယ် ယူနီဖောင်းပေါ့လေ ၊ ကောင်းတယ် ”
ထို့နောက် ကျွန်တော်တို့ သည် ငွေရေးကြေးရေးပြဿနာများ ကို စဉ်းစားကြပြန်လေသည် ။
အရေးတော်ပုံ ဆင်နွဲရာ၌ ငွေရေးကြေးရေး သည်လည်း အခရာဖြစ်သည် မဟုတ်ပါလော ။
ကျွန်တော်တ ို့သည် အစွမ်းကုန်ထုတ်ပြီး ငွေရှာကြရမည် ။ ၎င်းပြင် နိုင်ငံခြားမှ မဟာမိတ်များကလည်း ငွေသိန်းပေါင်းများစွာ ထုတ်ပေးလိမ့်မည်ဟု သိကြရလေသည် ။
ကျွန်တော်တို့ သည် ရှေ့ရေးအတွက် များစွာ အားတက်ကြလေသည် ။
၁၃ဝဝ ပြည့်နှစ် အရေးတော်ပုံတုန်းက ကျောင်းသား ၊ လယ်သမား ၊ အလုပ်သမား လူထုတစ်ရပ်လုံး
အုံကြွလှုပ်ရှားခဲ့သည် ။ အင်္ဂလိပ်နယ်ချဲ့ ၏ ဖိနှိပ်လွှမ်းမိုးရေး အဆောက်အအုံကြီးတစ်ခုလုံး ကို
ယိမ်းယိုင်လှုပ်ရှားစေခဲ့လေသည် ။ အကယ်၍သာ လက်နက် နှင့်ငွေကြေး ပြည့်စုံခဲ့ပါမူ ယင်း
အဆောက်အအုံကြီး ပြိုလဲကျအောင် အရေးတော်ပုံကြီး ကို ဆက်လက် ဆင်နွှဲခဲ့နိုင်ပေမည် ။
ယခုမူ အင်္ဂလိပ် နယ်ချဲ့သမား သည် ဂျာမနီ ၏ ထိုးချက်ကြောင့် သွက်သွက်လည် ခံနေရသည် ။
ဂျပန် ကလည်း အင်္ဂလိပ် နယ်ခဲ့သမား ကို အလဲထိုးဦးမည် ။
ကျွန်တော်တို့ မှာလည်း လက်နက်အား ငွေကြေးအား ပြည့်စုံတော့မည် ။
အင်္ဂလိပ် နယ်ချဲ့သမား ကို အလဲထိုးပြီး ကျွန်တော် တို့ လွတ်လပ်ရေး ကို အမြတ်ထုတ်ယူရန်
သည့်ထက် ကောင်းသော အခွင့်အလမ်းတွေ ပေါ်ပါဦးမည်လော ။
ကျွန်တော့် တွင် အစွမ်းကုန် စွန့်စားချင်သော စိတ်ဓာတ်များ တစ်ဟုန်ထိုး တက်လာလေသည် ။
အစည်းအဝေး မပြီးသေးခင် ကျွန်တော် က မေးခွန်းထုတ်လိုက်သည် ။
“ ခေါင်းဆောင်တွေ နဲ့ နိုင်ငံခြား လိုက်ဖို့ လူငယ်ထဲကရွေးရင် ကျွန်တော်တို့ထဲကပဲ ရွေးမယ်
မဟုတ်လား ”
အခြားရဲဘော်များလည်း ဤကိစ္စမှာ ကျွန်တော်ကဲ့သို့ စိတ်ဝင်စားနေကြကြောင်း တွေ့ရလေသည် ။
ကိုအေးငွေ -
“ ဟုတ်တယ် ၊ ရွေးတော့ ရွေးမှာပဲ ။ သို့ပေမယ့် လျှို့ဝှက်စွာ ရွေးမှာပဲ ၊ ဘယ်သူ့ ရွေးခေါ်သွားမယ်
ဆိုတာ အချင်းချင်း သိကြလိမ့်မယ် မဟုတ်ဘူး ”
အားလုံးက -
“ အဲဒီနည်းပဲ လုပ်ရမှာပေါ့ ”
ကျွန်တော် -
“ ကျွန်တော် လိုက်ပါရစေဗျာ ”
ကိုအေးငွေ -
“ ဘယ်သူ့ ရွေးပြီး ခေါ်မယ်ဆိုတာတော့ မသိသေးဘူး ၊ သို့ပေမယ့် ခင်ဗျား ကိုတော့ ခေါ်မှာ မဟုတ်ဘူး ၊ ခင်ဗျား မှာ ဒီမှာ လုပ်ဖို့ တာဝန်တွေ ရှိတယ် ”
ကျွန်တော် သည် တော်တော် စိတ်ပျက်သွားသည် ။ မြန်မာပြည်တွင်း တွင် ကျွန်တော် လုပ်မှ ပြီးမည့်
တာဝန် တစ်ခုခု ရှိသည်ဟု ကျွန်တော် မထင်ချေ ။
“ ဟာဗျာ ကျွန်တော့်မှာ ဘာတာဝန် ကြီးကြီးကျယ်ကျယ် ရှိတာလိုက်လို့ ”
ကိုအေးငွေ က ကျွန်တော့် အား သူငယ်ချင်းချင်း အမူအရာမျိုးဖြင့် မဆက်ဆံတော့ဘဲ ခေါင်းဆောင်
တစ်ဦး က နောက်လိုက်အား ဆက်ဆံသည့် အမူအရာမျိုးဖြင့် ကျွန်တော့် အား အစည်းအဝေး အပြင်
ဘေးသို့ ခေါ်၍ ကျိတ်ပြောလေသည် ။
“ ခင်ဗျား လုပ်ဖို့တာဝန် ကြီးကြီးကျယ်ကျယ် ရှိတယ် ၊ ခင်ဗျား ထိထိရောက်ရောက် မလုပ်သေးလို့
သာပဲ ။ ပြီးတော့ ဒီတာဝန် ဟာ ခင်ဗျား နဲ့ အသင့်တော်ဆုံး တာဝန်ဖြစ်တယ် ။ အရေးတော်ပုံ
တစ်ခုမှာ ဝါဒဖြန့်ရေး ဆိုတဲ့ အလုပ်ဟာ ဘယ်လောက် အရေးကြီးတယ်ဆိုတာ လူတိုင်း သိတယ် ၊
ခင်ဗျားလည်း သိတယ် ။ လျှို့ဝှက်ရေး လုပ်ငန်းဆိုတော့ လျှို့ဝှက် ဝါဒဖြန့်ရလိမ့်မယ် ၊ လျှို့ဝှက် ဝါဒ
ဖြန့်ရာမှာ လျှို့ဝှက် မြေအောက် ပုံနှိပ်လုပ်ငန်း ရှိဖို့ အရေးအကြီးဆုံး ဖြစ်တယ် ။ လျှို့ဝှက်
မြေအောက် ပုံနှိပ်လုပ်ငန်းဖြစ်အောင် တည်ထောင်ဖို့ ခင်ဗျားထက် ပိုပြီး သင့်တော်သူ ကျွန်တော်တို့အထဲမှာ ရှာမတွေ့နိုင်ဘူး ”
ကျွန်တော်ကား ငြိမ်နေလိုက်ရလေသည် ။
ထို့နောက် ကျွန်တော်တို့ လူစုခွဲကြလေသည် ။ ဘတ်စ်ကား အသွားအလာ မရှိတော့ပြီ ဖြစ်သဖြင့်
ရန်ကုန်မြို့ ထဲသို့ မပြန်နိုင်ကြတော့ချေ ။ အချို့မှာ ကမာရွတ် ထဲမှာပင် လူစုခွဲ အိပ်ကြ၏ ။
ကျွန်တော် နှင့် ကိုအေးငွေ တို့ကား တက္ကသိုလ်သမဂ္ဂ သို့ သွားပြီး ဦးကံသိန်း အား အိပ်ရာမှ နှိုးကာ
အိပ်စရာ ရှာရတော့မည် ။
ကျွန်တော်တို့ သည် အင်းစိန် လမ်းမကြီး ပေါ်သို့ ထွက်ခဲ့ကြပြီး လမ်းလျှောက်ကြလေသည် ။
သန်းခေါင်ကြက် တွန်သံများကို ကြားရ၏ ။ အင်းလျားကန်ဘက်ဆီမှ ဇီးကွက်သံများ နှင့်
တစ်တီတူးသံများ လည်း ကမာရွတ်ရွာ ကို ကျော်ဖောက်၍ လာနေလေသည် ။
ကမာရွတ်ရွာ ထဲ မှ ဦးလေးမြင့် အိမ်သို့ ဝင်အိပ်ရ ကောင်းလေမည်လား ။ မြင်းလှည်းသမား ဦးဖိုးခင် ၊
ဘူးသီးကြော်ဆိုင်ရှင် မလုံးတင် နှင့် သမီးများ မြကြည် ၊ မြရီ တို့ ထံ ဝင်၍ တည်းခိုရလျှင် ကောင်းမည်လား ။ ညဉ့်နက်သန်းခေါင် အားနာစရာ ကောင်းသည် ။ ထို့ကြောင့် ကမာရွတ် ဂါတ်တဲဘက်
ဆီသို့ လျှောက်လာခဲ့လေသည် ။
စွပ်ကျယ်စက်အလွန် တွင် စက်ဘီးဖြင့် ပတ်တရောင်လှည့်လာသော ပုလိပ်များ နှင့် တွေ့လေသည် ။
သူတို့က စစ်ဘီးပေါ်မှ ဆင်းပြီး ကျွန်တော်တို့ အား ချယ်လင့် လုပ်လိုက်သည် ။
“ ဟေ့ ရပ်လိုက် ၊ ဘယ်သူတွေလဲ ”
ကျွန်တော်တို့ က ကျိုးနွံစွာ ရပ်လိုက်ကြသည် ။
ကိုအေးငွေ -
“ ကောလိပ်ကျောင်းသားတွေပါဗျ ၊ မိတ်ဆွေတွေပါ ”
“ ဘယ်လို ကောလိပ်ကျောင်းသားတွေလဲ ၊ အချိန်မတော်ကြီး ”
ပုလိပ်များက ကျွန်တော်တို့ မျက်နှာကို စေ့စေ့ ကြည့်ကြလေသည် ။ ကိုအေးငွေ က မှုန်တေတေဖြင့်
စပ်ဖြဲဖြဲလုပ်ပြပြီး -
“ အချိန်မတော်ကြီးမှ ကျွန်တော်တို့ ကိစ္စက ပြီးမှာကိုး ၊ ဟဲ ဟဲ နောင်ကြီးတို့ စိတ်မဆိုးနဲ့နော် ၊
ကျွန်တော်တို့ လူငယ်တွေကို အရေးလည်း မယူပါနဲ့ဗျာ ၊ ကမာရွတ် မှာ မြာ ရှာရတာက အရင်ကလောက် မလွယ်တော့ဘူးဗျ ”
ပုလိပ်များ က ရယ်ကြလေသည် ။ ပုလိပ်တစ်ယောက် က -
“ ဟဲ ဟဲ လိုက်ရှာပေးရဦးမလား ”
ကိုအေးငွေ -
“ တော်ပါပြီဗျာ ၊ ကျေးဇူးအထူးပဲ တင်ပါတယ်ဗျ ၊ ဂွတ်နိုက်နော် ”
သူတို့ သည် စက်ဘီးစီး သွားကြလေသည် ။ ကျွန်တော်တို့ လည်း ခပ်မြန်မြန် လျှောက်လာကြလေသည် ။
ကျွန်တော် -
“ အင်း အလျှောက်ကောင်းလို့ အထောင်းလွတ်တယ်နော် ”
“ ဟဲ ဟဲ ဗဟုသုတ ပြည့်ဝတဲ့လူ ဆိုတော့ ဘယ်နေရာ ဘယ်စကား ပြောရမယ်ဆိုတာ နားလည်တာပေါ့ ကိုယ့်လူ ရဲ့ ။ ဒါထက် ကိုယ်တော့ ကိုယ့်လူ နဲ့ ကိုယ့်လူ အစ်မကြီး ဟာ မရိုးဘူး ထင်တယ် ”
ကျွန်တော့်မှာ ခေါင်းကြီးသွားသည် ။ ဇွတ်ပင် ကွယ်လိုက်ရသည် ။
“ ဟာ ကိုအေးငွေ သိပ်ဆိုးတာပဲ ၊ ရိုးပါတယ်ဗျ ”
“ ဘယ်နှစ်ဝမ်းကွဲလဲ ”
“ ဟာဗျာ နောက်ထပ် မမေးနဲ့ ၊ ကျွန်တော် စိတ်ဆိုးရလိမ့်မယ် ”
ကျွန်တော် တကယ်ပင် စိတ်ဆိုးသွားလေသည် ။
ကိုအေးငွေ -
“ ကဲ ကိုယ့် အပေါ်မှာတော့ စိတ်မဆိုးနဲ့ ၊ ရိုးရိုး မရိုးရိုး နောက်ထပ် မမေးပါဘူး ၊ ပုံနှိပ်တိုက်
တည်ထောင်ဖို့ ကိစ္စကတော့ ဘယ်နည်းနဲ့ ဖြစ်ဖြစ် အောင်မြင်အောင် ကြိုးစားပါတော့ ဟုတ်လား ၊
ဒါက တိုင်းပြည့် တာဝန်ပဲ ”
ကျွန်တော် သည် ဘာမျှ မဖြေတော့ပေ ။ မမြမှီ ထံမှ ပုံနှိပ်တိုက်လုပ်ငန်း အတွက် အရင်းငွေ ရရန်
ဘယ်လို ဆောင်ရွက်ရမည်ကိုသာ စိတ်ထဲမှာ ဇာတ်တိုက်လျက် နေလေသည် ။ ကျွန်တော့် ခြေလှမ်းများကား ကိုအေးငွေ နှင့် အတူတူပင် သမဂ္ဂအဆောက်အအုံ ဆီသို့ မှန်မှန် ရွေ့ရှားနေလေသည် ။
◾သိန်းဖေမြင့်
📖အရှေ့က နေဝန်းထွက်သည့်ပမာ
koaungnaingoo.blogspot.com
.
No comments:
Post a Comment