Sunday, October 24, 2021

ရေမွှေး သရဲ


 

❝ ရေမွှေး သရဲ ❞

ဆုပန်ထွာ သည် ၁ဝ တန်း ပြန်ဖြေမည် ဟု ဆုံးဖြတ်လိုက်ပြီးနောက် သူ၏ ' မလှဘူးဆိုရင် ငိုချင်တယ် ' ဟူသည့် အမျိုးသမီး အင်္ကျီချုပ်ဆိုင်ကို လည်းကောင်း ၊ ' မလှလျှင်သွား လှလျှင်ခါး ' ဟူသည့် အမျိုးသမီး အပ်ချုပ်သင်တန်းကိုလည်းကောင်း သူ၏ လက်ထောက်ဖြစ်သော လှမျိုးတစ်ရာ ဆိုသည့် မိန်းကလေး ကို လွှဲ၍ ' မြကျွန်းသာ ' ဘော်ဒါဆောင်သို့ သွားရောက်ကာ စာရင်းသွင်းခဲ့လေ၏ ။

မြကျွန်းသာ ဘော်ဒါဆောင်သည် ထိုမြို့တွင် လွန်စွာ နာမည်ကြီး၏ ။ တစ်နှစ်စာ လခ အပြီး ပေးထားရ၏ ။ ထို ဘော်ဒါဆောင် မှာ နာမည်ကြီးဆရာများ ငှားရမ်းပေး၏ ။ စာပြမည့် ဆရာ သာမက နေမကောင်းလျှင် ကြည့်မည့် ဆရာဝန်ပါ ခေါ်ထားပေး၏ ။

ဘော်ဒါဆောင် မှ စီစဉ်ထားသော ဆရာများကို သဘောမကျလျှင် မိမိ နှစ်သက်ရာ ဆရာကို ပင့်၍ သင်ယူနိုင်သော အခွင့်အရေးကိုလည်း ပေးထား၏ ။ ဆုပန်ထွာ ထိုဘော်ဒါဆောင်သို့ ရောက်သောအချိန်မှ စ၍ အခန်းဖော်များက ...

“ ဒီမှာ ရှိတဲ့ ဆရာဆရာမ တွေဟာ အတော့်ကို ကောင်းပါတယ် ။ သူတို့သင်လို့ တစ်နှစ်တည်း အောင်သွားကြတာချည်းပဲ ၊ တစ်ခုတော့ ရှိတယ် သင်္ချာဆရာ ကိုတော့ ရွေးရလိမ့်မယ် ”  ဟုပြောကုန်၏ ။ အများစုသည် ဘော်ဒါဆောင် မှ ခေါ်ထားသော သင်္ချာဆရာ ကို မကြိုက်ကြပေ ။ ထို့ကြောင် သူတို့သည် သူတို့အားသင်ပြပေးမည့် သင်္ချာဆရာ ကို စုံစမ်းကြရာ သင်္ချာဆရာ ၏ အမည်နှင့် လိပ်စာကို ရကြလေ၏ ။

ထိုဆရာ၏ အမည်မှာ ' ဆရာ ကိုဖြစ်သဲ ' ဟူ၍ ဖြစ်၏ ။ သူတို့ သွားရောက် စုံစမ်းသောအခါ ဆရာ ကိုဖြစ်သဲ က ကျောင်းလခ အပြီးပေးထားရမည် ဆို၏ ။ ထိုအချက်ကို ဆုပန်ထွာတို့ အုပ်စုက သဘောတူ၏ ။ သူ သင်ပေးနေစဉ်အတွင်း မည်သူထုတ်သည့် သင်္ချာစာအုပ်ကိုမျှ မဖတ်ရ မကိုင်ဆောင်ရ ဟူ၍လည်း ဆို၏ ။ ထိုအချက်ကိုလည်း ဆုပန်ထွာ တို့ လူစုက သဘောတူ၏ ။

သင်တန်းတက်ရန် လာသည့်အခါ “ ရေမွှေးဆွတ် မလာရ”  အထူးသဖြင့် ( ရယ်ဗလွန် ) ရေမွှေးကို မဆွတ်ရဟူ၍လည်း ဆို၏ ။ ထိုအချက်ကိုပြောသောအခါ ဆုပန်ထွာ တို့ လူစုသည် တစ်ဦးမျက်နှာကို တစ်ဦး လှည့်၍ ကြည့်ကြ၏ ။ သို့ရာတွင် ၁ဝ တန်း အောင်ချင်လွန်းကြသဖြင့် ထိုအချက်ကိုလည်း သဘောတူလိုက်ကြရလေ၏ ။

ဆုပန်ထွာ တို့ လူစုသည် ဆရာ၏ စိတ်ကြိုက် လိုက်လျောပြီးလျှင် စတင် သင်ယူကြလေ၏ ။ အစစအရာရာ အဆင်ပြေသည်ဟု ဆိုရပေမည် ။ စာမေးပွဲဖြေပြီးသည်အထိ တစ်စုံတစ်ရာ ပြဿနာ မပေါ်ပေါက်ခဲ့ပေ ။ ဆုပန်ထွာ လည်း ၁ဝ တန်း တွင် သင်္ချာဘာသာ ဂုဏ်ထူးဖြင့် အောင်၍ သွားလေတော့၏ ထို့နောက် တက္ကသိုလ်သို့ ဆက်၍ တက်၏ ။ တက္ကသိုလ်မှ ကျောင်းပြီး၍သွားသောအခါ တက္ကသိုလ်ကျောင်းတွင်ပင် ဆရာမအလုပ်ကို ဆက်၍ လုပ်လေ၏ ။

ကျောင်းဆရာမ လုပ်ရင်း စာမေးပွဲများကို ဖြေဆိုခဲ့ရာ မဟာဝိဇ္ဇာတန်းပင် အောင်မြင်ခဲ့ပြီ ဖြစ်၏ ။ တစ်နေ့တွင် ဆုပန်ထွာ သည် ကျောင်းသို့လာရာ ကျောင်းမရောက်မီ တစ်နေရာ၌ သွက်သွက်ခါအောင် ရူးနေသော အရူးကြီးတစ်ဦး နှင့် တွေ့လေ၏ ။ ထို အရူးကြီး သည် စုတ်ပြဲနေသော အဝတ်အစားများကို ဝတ်ထား၏ ။ တစ်ကိုယ်လုံးတွင် မိန်းမဓာတ်ပုံများကို နေရာအနှံ့ ကပ်ထား၏ ။

“ ရေမွှေးသရဲ ကြောက်သူ ”  ဆိုသော စာကို ကတ်ပြားတွင် ရေး၍ လည်ပင်းတွင် ဆွဲထား၏ ။ လူများသည် ထို အရူး ကို အထူးအဆန်း သဖွယ် ဝိုင်းအုံကြည့်ရှုနေကြလေ၏ ။ ထိုအနီးသို့ ဆုပန်ထွာ ရောက်သွားသောအခါ အရူး က ဆုပန်ထွာ အား -

“ ဟဲ့ ... ဆရာမလေး  ၊ နင့်ကို ငါ သိပါတယ် ။ နင် ငါ့ရဲ့ သင်္ချာဝိုင်းကို တက်ဖူးတယ်မို့လား ”  ဟု ပြောသဖြင့် ဆုပန်ထွာ လည်း ကြောက်ကြောက်ရွံ့ရွံ့ဖြင့် လှမ်းကြည့်လိုက်ရာ ဆုပန်ထွာ တို့ ၁ဝ တန်း တုန်းက သင်္ချာသင်ပေးခဲ့သော သင်္ချာဆရာ ကိုဖြစ်သဲ ဖြစ်နေ၏ ။ ထို့ကြောင့် ဆုပန်ထွာ က ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ...

“ ဟုတ်ပါတယ် ဆရာ ကိုဖြစ်သဲ ရယ် .. ကျွန်မ ဆရာ့ တပည့်ပါ ။ ဒီတက္ကသိုလ်မှာပဲ ဆရာမ ပြန်လုပ်နေပါတယ် ။ ကျွန်မ နာမည် ဆုပန်ထွာ လေ ”  ဟု ပြန်၍ဖြေလျှင် ၎င်းအရူးက -

“ အေး ... ကောင်းပြီ ၊ ငါကောင်းကောင်း မှတ်မိပြီ ။ ဆရာမလေး ဆုပန်ထွာ ရေမွှေး မသုံးနဲ့နော် ။ မလွှဲသာလို့ သုံးရင်လည်း ရယ်ဗလွန် ရေမွှေးတော့ မသုံးနဲ့ ။ အဲဒါ မသုံးဘူးဆိုရင် ဆရာက က , ပြမယ် ”  ဟုဆိုကာ က , လေတော့၏ ။ ဘေးမှ ကြည့်နေသူများက လက်ခုပ်ဝိုင်းတီးပေးကြလေ၏ ။ ၎င်းက ကွေးနေအောင် ကနေလေတော့၏ ။ သူဘာသာသူ စပ်ထားသော သီချင်းကိုလည်းဆို၏ ။ ထိုသီချင်းတွင် “ ရေမွှေးသရဲ ... ကြောက်တယ် ... ကြောက်တယ် ”  ဟုလည်းပါ၏ ။

ဆုပန်ထွာ ကမူ မကြည့်ရက်သဖြင့် ထွက်လာခဲ့ပြီဖြစ်၏ ။ ကျောင်း၏ ကော်ရစ်ဒါကွေ့တွင် ' မြကျွန်းသာ ' ဘော်ဒါတွင် အတူနေခဲ့ဖူးသော ကျောင်းနေဖက် သူငယ်ချင်း လှမူယာအေး နှင့် ပက်ပင်း တိုးလေတော့၏ ။ ထိုအခါ ဆုပန်ထွာ က ...

“ မမလှ ကို ပြောရဦးမယ် ။ အခုပဲ ပန်ထွာတော့ ဆရာ ဦးဖြစ်သဲ နဲ့ တွေ့ခဲ့တယ် ။ သွက်သွက်ခါအောင် ရူးနေရှာတယ် ။ လူတွေက လက်ခုပ်ဝိုင်းတီးပြီး သူက က , နေတယ် ။ ပန်ထွာ တော့ မကြည့်ရက်တော့လို့ ထွက်လာခဲ့တယ် ”  ဟုပြောလျှင် လှမူယာအေး က ...

“ ဟုတ်မှာပေါ့ ပန်ထွာ ရယ် ၊ မမလှ လည်း မကြာခဏ အဲဒီ သတင်းမျိုး ကြားရတယ် ။ ဆရာ ဟာ သိပ်ပြီး သနားဖို့ ကောင်းတယ် ။ သူဟာ မိန်းကလေးတစ်ယောက် နဲ့ မေတ္တာ ရှိတယ် ။ အဲဒီ မိန်းကလေးဟာ ဆရာ့ ကို လေးလေးစားစား မြတ်မြတ်နိုးနိုး ရှိပါတယ် ”

“ ဒါပေမဲ့ အဲဒီမိန်းကလေးဟာ ဆရာနဲ့ မေတ္တာမရှိခင် အခြားယောက်ျားလေးတစ်ယောက် နဲ့ မေတ္တာ ရှိခဲ့ ဖူးတယ် ။ အဲဒီလူက အရက်ကို အလွန်အကျွံ သောက်တာကြောင့် သူက အဆက်ဖြတ်လိုက်တာ ၊ အဆက်ဖြတ်ပြီး ၂ နှစ်ကျော်ကြာမှ ဆရာ ဦးဖြစ်သဲ နဲ့ တွေ့တာ ၊ အဲဒီမိန်းကလေးနာမည်က “ မျက်ချိုလှ ”  တဲ့ ၊ သူ့ရဲ့ရည်းစားဟောင်း နာမည်က “ ကိုကာလူး ”  တဲ့ ၊ မျက်ချိုလှ နဲ့ တို့ဆရာ နဲ့ လက်ထပ်ခါနီးမှာ ဆရာ့ဆီကို စာတိုက်က ရေမွှေးလေးတစ်ပုလင်းနဲ့ စာလေးတစ်စောင် ရောက်လာတယ် ။ ရေမွှေးပုလင်းက ရယ်ဗလွန် ရေမွှေးပါ ။ ရေမွှေးပုလင်းပုံစံ က အပ်ချည်လုံးပုံစံလေး .. စာကတော့

မိတ်ဆွေကြီး ကိုဖြစ်သဲ ရေ ....

ပြောရမှာ အားနာပါတယ် ။ အခု ဆရာ လက်ထပ်မယ့် မိန်းကလေးဟာ ကျွန်တော့် ရည်းစားဗျ ။ သူ နဲ့ ကျွန်တော် နဲ့ ခွာပြဲသွားပေမဲ့ အခုထိ ကျွန်တော့် ရင်ထဲမှာ စွဲငြိနေတုန်းပဲ ။ ဆရာ နားလည်အောင် တိုတိုပဲ ရေးမယ်ဗျာ ။ လက်တွဲ ဖြုတ်ပေမဲ့ နှလုံးသားတွဲ မဖြုတ်သေးဘူးဗျ ။ မျက်ချိုလှ ဆွတ်လေ့ရှိတဲ့ ရယ်ဗလွန် ရေမွှေးနံ့လေးဟာ ကျွန်တော့် နှာခေါင်းမှာ သင်းပျံ့နေတုန်းပဲ ။ ကျွန်တော့် နှလုံးသားကိုလည်း အဲဒီ ရေမွှေးသရဲဟာ ခြောက်လှန့်တုန်းပဲ ။ အဲဒီ ရေမွှေးပုလင်းဟာ ကျွန်တော့်ကို ခြောက်နေတာ အကြိမ်များပြီ ။ ဒီတစ်ခါ ဆရာ့ကို ခြောက်ရတော့မယ်  ။

       ဒါပါပဲ
           ရေမွှေးသရဲအခြောက်ခံရသူ

“ ဆရာဟာ အဲဒီရေမွှေးနဲ့ အဲဒီစာလေးကြောင်းကို မျက်ချိုလှ ကို ပြောမပြခဲ့ဘူး ။ စာကို မီးရှို့လိုက်တယ် ။ ရေမွှေးပုလင်းကိုလည်း လွှင့်ပစ်လိုက်တယ် ။ တိုတိုပြောရရင် ဆရာနဲ့ မျက်ချိုလှဟာ လက်ထပ်လိုက်ကြတယ် ဆိုပါတော့ ”

“ သူတို့ မင်္ဂလာဆောင်ကလည်း ကြီးကျယ်လိုက်တာ မပြောပါနဲ့တော့ ။ ဆရာ့ ဘက်ကလည်း တပည့်တွေက အင်နဲ့အားနဲ့ ချီတက်ပြီး လက်ဖွဲ့ကြတယ် ။ မျက်ချိုလှ ဘက်ကလည်း ဆွေကြီးမျိုးကြီးဆိုတော့ ဘာပြောကောင်းမလဲကွယ် ။ သူတို့ နှစ်ယောက် မင်္ဂလာဆောင်ပြီးရင် နေဖို့ အိမ်ကလည်း အင်းလျားကန်ကို မျက်နှာမူပြီး ဆောက်ထားတယ် ။ ဆရာက မင်္ဂလာဆောင်တဲ့ည “ ဘတ်ချလာနိုက် ”  ကို အဲဒီအိမ်မှာပဲ ကျင်းပတယ် ။ သူ့ သူငယ်ချင်းတွေအားလုံးကို အဲဒီအိမ်ကို ဖိတ်လိုက်တယ် ။ အကောင်းစား အစားအသောက်တွေ ၊ အကောင်းစား အဖျော်ယမကာတွေ စီစဉ်ပေးတယ် ”

“ မင်္ဂလာဆောင်မှာ ရတဲ့ လက်ဖွဲ့တွေအားလုံးကိုလည်း အဲဒီ အိမ်ကို သယ်ပြီး သတို့သား ၊ သတို့သမီး တို့ရဲ့ အိပ်ခန်းထဲမှာ ထည့်ထားတယ် ။ ဆရာ့ ကို အခန်းထဲ ဝင်ခွင့်မပေးဘူး ။ တပည့်မတွေ အခန်းဝမှာ ရွှေကြိုး တားထားတယ် ။ ဆရာဟာ ငွေသုံးသိန်းလောက် ကုန်ပြီးမှ အဲဒီရွှေကြိုးတွေကို ဖွင့်နိုင်ပြီး အခန်းထဲကို ဝင်ခွင့်ရတယ် ”

“ မျက်ချိုလှ နဲ့ သူ့ သူငယ်ချင်းတွေကတော့ လက်ဖွဲ့ပစ္စည်းတွေကို ဖောက်နေကြတယ် ။ ဓာတ်ပုံအယ်လ်ဘမ်တွေ ဆိုရင် မျက်ချိုလှ က မသိမ်းဘူး ။ ပစ္စည်းဝိုင်းဖောက်ပေးတဲ့ သူငယ်ချင်းတွေကို တစ်ခုစီ လက်ဆောင်ပေးလိုက်တယ် ။ ရေမွှေးပုလင်းတွေလည်း မနည်းပါဘူး ။ အဲဒီ အထဲမှာ အပ်ချုပ်စက်ခေါင်း ပုံသဏ္ဌာန် ရေမွှေးပုလင်းလေးကို သွားပြီး တွေ့တယ် ။ ဘူးခွံမှာတော့ ရယ်ဗလွန် ဆိုတဲ့ စာလေးပါတယ် ။ မျက်ချိုလှ ဟာ ရေမွှေးဘူးလေးကို ဖွင့်လိုက်တယ် ။ အဲဒီထဲမှာ ဖန် နဲ့ လုပ်ထားတဲ့ အပ်ချုပ်စက်ပုံစံ ရေမွှေးပုလင်းလေးကို တွေ့ရတယ် ။ မျက်ချိုလှ ဟာ ရေမွှေးပုလင်း အဖုံးလေးကို ဖွင့်လိုက်ပြီး ရင်ဝဘက်ကို ပုလင်းခေါင်းလေးလှည့်ပြီး လက်မလေးနဲ့ နှိပ်လိုက်တယ် ”

“ အဲဒီလို နှိပ်လိုက်တော့ ရေမွှေးတွေ ထွက်လာတယ် ။ ဒါပေမဲ့ မျက်ချိုလှက ' အား ' ခနဲအော်ပြီး လဲသွားတယ် ။ ကြည့်လိုက်တော့ လက်မ မှာ သွေးတွေ ထွက်နေတယ် ။ အဲဒီအခါ အနားမှာရှိတဲ့ လူတွေ က “ ရေမွှေးပုလင်းကို မကိုင်နဲ့ မကိုင်နဲ့ ”  ဆိုပြီး မျက်ချိုလှ ကို ပွေ့ထားကြတယ် ။ ပြီးတော့ ရေမွှေးပုလင်းကို ကြည့်တော့ ရေမွှေးထွက်အောင် နှိပ်တဲ့ ခေါင်လေးဘေးမှာ အပ်တစ်ချောင်း ထောင်လျက်သား တွေ့ရတယ် ။ အဲဒီ အပ်ကလေးဟာ ရေမွှေးပုလင်းခေါင်းကို နှိပ်တဲ့ လူ ကို စူးအောင် ဒဏ်ရာ ရအောင်ပဲ ဖန်တီးနိုင်တယ် ။ အထဲက ထွက်လာတဲ့ ရေမွှေးကတော့ အဆိပ်ရည် ၊ သေစေနိုင်တယ် ”

“ ဘာဖြစ်ဖြစ် မျက်ချိုလှ ရဲ့ လက်မက ဒဏ်ရာလေးကနေ အဆိပ်က ဝင်သွားပြီး မျက်ချိုလှ ဟာ စကားမပြောနိုင်ဘဲ ခွေကျသွားပြီး အသားတွေလည်း ပြာနှမ်းသွားပြီ ။ ဆရာဟာ မျက်ချိုလှ ကို ပွေ့ပြီး ဆေးရုံကို ပို့ခဲ့တယ် ။ ဆရာဟာ ရေမွှေးပုလင်းထည့်တဲ့ စက္ကူဘူးကလေးကိုတော့ အိတ်ထဲ ထည့်လိုက်တယ် ။ မျက်ချိုလှ ဟာ အသက်ထွက်သွားခဲ့တယ် ”

“ အရေးပေါ်လူနာ လက်ခံတဲ့ အခန်းကို ရောက်တော့ ဆရာဝန်တွေက မျက်ချိုလှ ကို စစ်ဆေးကြည့်ရှုပါသေးတယ် ။ အဲဒီအချိန်မှာပဲ အပြင်ကဘက်နေ ခြောက်ကပ်ကပ်နဲ့ ရယ်လိုက်တဲ့ အသံကြီးကို ဆရာ ကိုဖြစ်သဲ သေချာ ကြားလိုက်ရတယ် ။

“ အဲဒီကတည်းက ဆရာ ကိုဖြစ်သဲ ဟာ ရေမွှေးကြောက်တဲ့ ရောဂါရသွားပါတယ် ။ ရေမွှေးတောင် မှ ရယ်ဗလွန် ရေမွှေးဆိုရင် ပိုပြီး ကြောက်ပါတယ် ”

“ သင်္ချိုင်းကုန်းမှာ မျက်ချိုလှ ကို ဂူကလေး သွင်းထားခဲ့ပါတယ် ။ ဆရာဟာ အဲဒီကို တစ်ပတ်တစ်ခါ သွားပြီး ပန်းခြင်းလေးတွေ ချတယ် ။ ပန်းခွေလေးတွေ ချတယ် ။ အုတ်ဂူကို တိုက်ချွတ်ဆေးကြောတယ် ။ တစ်နေကုန် အုတ်ဂူပေါ်မှာ တစ်ယောက်တည်း စကားတွေပြောနေတတ်တယ် ။ ပြန်ခါနီးကျမှ အုတ်ဂူလေးကို နမ်းပြီး ပြန်လာလေ့ရှိတယ် ”

“ ဆရာဟာ မျက်ချိုလှ ဘေးက ရခဲ့တဲ့ ရေမွှေးပုလင်း ထည့်တဲ့ စက္ကူဘူးလေးကိုပြပြီး ရေမွှေးဆိုင်တွေမှာ ဒီရေမွှေးမျိုး မကြာခဏသွားပြီး ဝယ်လေ့ရှိတယ် ။ တစ်ခါမှတော့ ရေမွှေးဆိုင်က ကောင်မလေးက အဲဒီ ရေမွှေးမျိုး ရှာနေတုန်းမှာ အနားမှာရှိတဲ့ သူ့အစ်မက ဘာရေမွှေးလဲလို့ မေးလိုက်တယ် ။ အဲဒီတော့ အဲဒီ မိန်းကလေးက သူ့အစ်မကို “ ရယ်ဗလွန်ရေမွှေးပါ အစ်မရယ် ၊ ကိုကာလူးကြီး ဝယ်လေ့ရှိတဲ့ ရေမွှေးမျိုးလေ ”  လို့ပြန်ပြီးဖြေလိုက်တယ် ။

“ အဲဒီတော့ ဆရာ ကိုဖြစ်သဲက အဲဒီ မိန်းကလေးကို ဒီရေမွှေးမျိုး ဝယ်တဲ့ ကိုကာလူး ဆိုတာကို မင်းက သိသလား လို့မေးတယ် ။ အဲဒီတော့ မိန်းကလေးက သိပါတယ် ၊ သူက ဒီဆိုင်မှာ ဝယ်နေကျပဲ ။ ရေမွှေးတင် မကဘူး ၊ တခြား ပစ္စည်းတွေလည်း ဝယ်လေ့ရှိတယ် ။ သူက ဒီလမ်းထဲက တိုက်နံပါတ် ( ၄ ) အခန်းနံပါတ် ( ၈ ) မှာ နေပါတယ် ။ ကားပွဲစား တစ်ယောက်ပါလို့ ပြန်ပြီးဖြေတယ် ”

“ အဲဒီမှာ ဆရာ ကိုဖြစ်သဲ က ကိုကာလူး ရဲ့ သဲလွန်စကို သိသွားပြီး ရှာတော့တာပဲ ။ နောက်ဆုံးမှာ ဆရာ ဟာ ကိုကာလူး နဲ့ ပက်ပင်းတွေ့သွားတယ် ။ ကိုကာလူး က အဖြစ်မှန်ကို ဝန်ခံပါတယ် ။ သူ ဝန်မခံတာကတော့ မျက်ချိုလှ ရဲ့ မင်္ဂလာဆောင်မှာ အပ်စိုက်ထားတဲ့ ရေမွှေးပုလင်းလေး ပို့မိတာကိုတော့ ဝန်မခံဘူး ”

“ ဒါပေမဲ့ ဆရာ ကိုဖြစ်သဲ ဟာ ကိုကာလူး ဆီက ကားတစ်စီး ဝယ်မယ်ဆိုပြီး ကိုကာလူး ကို ကားဖိုးငွေ အိမ်မှာ ချေမယ် ဆိုပြီး ခေါ်သွားတယ် ။ လမ်းလူပြတ်တဲ့ နေရာလည်းရောက်ရော ကိုကာလူး ရဲ့ မျက်နှာကို ရေမွှေးနဲ့ ရှူးခနဲ ဖြန်းလိုက်တယ် ။ ကိုကာလူး ကလည်း အငိုက်မိပြီး လန့်သွားတယ် ။ ကားဘရိတ်ကိုလည်း နင်းလိုက်တယ် ” 

“ အဲဒီအခါမှာ ဆရာဟာ အသင့်ပါလာတဲ့ ဓားမြှောင်နဲ့ ကိုကာလူး လည်ပင်းကို ထိုးစိုက်တယ် ။ ကိုကာလူး လည်း အသက် ပျောက်သွားတယ် ။ သူ့ အလောင်းမှာတော့ ရယ်ဗလွန် ရေမွှေးနံ့တွေ ထောင်းနေတာပဲ ။ ဆရာဟာ အဲဒီကတည်းက အစ ပျောက်သွားတယ် ။ အမှုကလည်း သဲလွန်စ မပေါ်ဘူး ။ ဒါပေမဲ့ တစ်နေ့မှာတော့ ဆားပုလင်းနှင်းမောင် ဆိုတဲ့ စုံထောက်တစ်ယောက်ဟာ ဆရာ့လက်ကို လက်ထိတ်လာပြီးခတ်ရင်း ဆရာ ... အားတော့ နာပါတယ် ။ ကားပွဲစား ကိုကာလူး ကို သတ်တဲ့ တရားခံဟာ ဆရာပါပဲ ။ ရယ်ဗလွန် ရေမွှေးလေ ဆရာရဲ့လို့ ပြောလိုက်တဲ့အချိန်မှာပဲ ဆရာ ကိုဖြစ်သဲ ဟာ သွက်သွက်ခါအောင် ရူးသွားတော့တာပါပဲ ” 

“ နောက်ဆုံးမှာ ဒီအမှုအတွက် ဆရာကိုဖြစ်သဲ ကို တရားရုံးမှာစွဲတင်ခဲ့ပါတယ် ။ ဒါပေမဲ့ ရူးသွပ်‌နေ သောကြောင့် တရားသေ လွှတ်လိုက်ရတယ် ။ အမှုက လွတ်သွားပေမဲ့လည်း ဆရာရဲ့ရောဂါဟာ မပျောက်ပါဘူး ။ အခု ဆုပန်ထွာ မြင်တဲ့အတိုင်းပါပဲ ၊ သွက်သွက်ခါအောင် ရူးသွားတော့တာပါပဲ ”  ဟု လှမူယာအေး က ဆုပန်ထွာ၏ စကားကို သိမ်းကျုံး၍ အဖြေပေးလိုက်လေတော့သတည်း ။

◾မင်းသိင်္ခ

📖 မင်းနန်သူ နှင့် ဂမ္ဘီရ လောက ဝတ္ထုတိုများ

koaungnaingoo.blogspot.com

.

No comments:

Post a Comment