❝ သူတော်ငတေ နှင့် တူတူပုန်းတမ်း ❞
ကျွန်ုပ်တို့ အရပ်၌ မှိုပေါက်ပြီဆိုလျှင် ဘုန်းကြီးကျောင်းသားများသည် တောတောင်ထဲ သွားပြီး မှိုရှာလေ့ရှိကြသည် ။ ဦးပဉ္စင်း ၊ ကိုရင်ကြီးများကလည်း ထိုကျောင်းသားများ ကို ထိန်းကျောင်း၍ လိုက်ပါကြရသည် ။ သို့မဟုတ်လျှင် ဘုန်းကြီးကျောင်းသားများသည် ရွာသူရွာသား တို့၏ ကြံခင်း ၊ အုန်းခင်း ၊ သခွာခင်း စသည့် သီးနှံခင်းများလောလောလတ်လတ် စားသောက် ၍ရသော သီးနှံခင်းများထဲ မှိုရှာသွားရင်း ဝင်ရောက်စားသောက်တတ်ကြ သည် ။ ကျောင်းသားများမှာ တစ်ဆယ် ၊ နှစ်ဆယ် ဖြစ်သဖြင့် ထိုသို့ ဝင်ရောက်စားသောက်ခြင်း ခံရလျှင် အခင်းရှင်တွေမှာ မျောက်အုပ်ဝင်သကဲ့သို့ပင် ခံကြရသည် ။ ထို့ကြောင့်လည်း ဘုန်းတော်ကြီးက အတိုင်အတော မခံရအောင် ကျောင်းသားများကို ထိန်းကွပ်ရန် ဦးပဉ္စင်း နှင့် ကိုရင်ကြီးများပါ ထည့်ပေးထားခြင်း ဖြစ်သည် ။
မှိုပေါက်သောကာလ တစ်နေ့တွင် ဦးပဉ္စင်း ၊ ကိုရင်များ နှင့် ကျောင်းသားကြီးများ အားလုံး နေ့ဆွမ်းစားပြီးကြသည်နှင့် မှိုရှာထွက်သွားကြရာ ကျောင်းတွင် ဘုန်းကြီး ၊ သူတော်ငတေ နှင့် ကျွန်ုပ်တို့ ကျောင်းသားငယ် လေးငါးယောက်သာ ကျန်နေခဲ့ကြလေသည် ။ မှိုရှာသွားကြသော ဦးပဉ္စင်း ၊ ကိုရင် ၊ ကျောင်းသားကြီးများမှာ ညနေ ငါးနာရီလောက်မှ ပြန်ရောက်ကြမည် ဖြစ်သည် ။
ထို့ကြောင့် ကျွန်ုပ်တို့ ကျောင်းသားငယ်များမှာ ခြေတံရှည် ဘုန်းကြီးကျောင်းအောက်တွင် တူတူပုန်းတမ်း ကစားနေကြသည် ။ ကျွန်ုပ်တို့ ကျောင်း၏ ကျောင်းတိုင်ကြီးများမှာ လူကြီးတစ်ယောက်ဖက် နီးနီး ရှိသဖြင့် တစ်ယောက် တစ်တိုင်ကျစီ တူတူပုန်းတမ်းကစားနေကြခြင်း ဖြစ်သည် ။
ထိုအချိန်မှာ သူတော်ငတေ သည် ကျွန်ုပ်တို့ အနားသို့ ရောက်လာ၏ ။
“ ဟဲ့ ကောင်နာလေးတွေ ၊ ဆူလှချည်လား ။ ဘာတွေလုပ်နေကြလဲ ”
“ ကျွန်တော်တို့ တူတူပုန်းတမ်း ကစားနေကြတာပါ ဘဘ ”
“ ဟုတ်လား ”
“ ဟုတ်ပါတယ် ဘဘ ”
“ ဒါဆို ဘဘလည်း ပါမယ် ။ ပါလို့ရတယ် မဟုတ်လား ”
“ ရပါတယ် ဘဘ ”
“ အေး ... ဒါဆို မင်းတို့ ငါးယောက်ကတစ်ဖက် ၊ ဘဘက တစ်ဖက် တူတူပုန်းတမ်း ကစားကြရအောင် ။ ကဲ ၊ မင်းတို့ငါးယောက် အရင် ပုန်းကြ ။ ဘဘ ဒီမှာ ဟိုဘက်လှည့်ပြီး မျက်စိမှိတ် ထားမယ် ။ ကဲ ... ပုန်းကြတော့ ”
သူတော်ငတေ သည် ပြောပြောဆိုဆို နှင့်ပင် တစ်ဖက်သို့ မျက်နှာလှည့်သွားသည် ။ အစကမူ ကျွန်ုပ်တို့ ကျောင်းသားငယ်များအား ဆူပူအော်ဟစ်နေကြရမည်လားဟု မာန်မဲတော့မည်အထင်နှင့် ရွံ့သွားကြရာ ယခု သူတော်ငတေ က သူလည်း ကျွန်ုပ်တို့နှင့်အတူ ဝင်ပါပြီး တူတူပုန်းတမ်း ကစားမည် ဆိုသောအခါ ကျွန်ုပ်တို့အားလုံးမှာလည်း ပျော်သွားကြသည် ။
ထို့ကြောင့် သူတော်ငတေ နောက်ခိုင်းသွားသည်နှင့် တိုင်အလုံးနှစ်ဆယ် ၊ သုံးဆယ်ရှိသော ကျောင်းတိုင်များ အထူးသဖြင့် ထောင့်စွန်းကျသော ကျောင်းတိုင်များရှိရာ ပြေးသွားကြကာ တစ်ယောက်တစ်လုံး ဝင်ပုန်းပြီး “ တူ .. တူ ... ဘဘ ” ဟု အော်လိုက်ကြကာ ဝင်ပုန်းလိုက်ကြသည် ။
ကျွန်ုပ်တို့ “ တူ .. တူ ” အသံ ဆုံးသွားသည်နှင့် သူတော်ငတေ ကလည်း ကျွန်ုပ်တို့ကို လိုက်ရှာလေသည် ။ သူ့လက်ထဲ ပါလာသော တုတ်တစ်ချောင်းနှင့် “ ဟေ့ ... ဒီမှာ တစ်ယောက် ၊ ဒီတိုင်မှာလည်း တစ်ယောက် ဟ ၊ အမယ် ... ဒီတိုင်မှာပုန်းနေတဲ့ ကောင်လေး ထွက်စမ်း ” ဟု သူ့ လက်ထဲပါလာသော တုတ်တိုတစ်ခုနှင့် ကျွန်ုပ်တို့ ပုန်းနေကြသော တိုင်ရှေ့ကို ရောက်လာပြီး တိုင်ကို တစ်ဖက်က တုတ်နှင့်ခေါက်ကာ ထွက်လာစေသည် ။
သို့နှင့် ကျွန်ုပ်တို့ ကျောင်းသားငယ် ငါးယောက်စလုံးကို သူတော်ငတေ မိသွားလေသည် ။ ထိုအခါ သူတော်ငတေ ပုန်းလှည့်သို့ရောက်လာ၏ ။
“ ကဲ ... ဘဘ ၊ ပုန်းလှည့်ရောက်ပြီ ။ မင်းတို့ငါးယောက် ဟိုလက်လှည့်ကြ ။ ငါပုန်း ... ”
“ ကျွန်တော်တို့ လေးယောက် နဲ့ ဘဘ နဲ့ ပုန်းကြရမယ် ။ ရှာရမယ့်လူ အလှည့်က ထွန်းမောင် တစ်ယောက်တည်းရယ် ”
ကျွန်ုပ်တို့ထဲတွင် အကြီးဆုံးဖြစ်သူ ဉာဏ်သိမ်း က လူတတ်ကြီး လုပ်ပြီး သူတော်ငတေ ကို ပြော၏ ။
“ ဟာ ... နင်တို့ဟာ မဟုတ်သေးပါဘူး ။ ငါတို့ လူငါးယောက် သွားပုန်းနေကြတာ တစ်ယောက်တည်း လိုက်ရှာလို့ ဘယ်တော့မိမှာလဲ ။ အစကတည်းက ဘဘ မင်းတို့ကို ပြောသားပဲ ။ မင်းတို့ ငါးယောက်က တစ်ဖက် ၊ ဘဘက တစ်ဖက်ပါဆို ။ ကဲ ... စကား မရှည်ကြနဲ့ ။ မင်းတို့ ငါးယောက်စလုံး ဟိုဘက် လှည့်ထားကြ ။ ဘဘ အလှည့် ၊ ဘဘ ပုန်းမယ် ။ ကဲ ... မျက်နှာ လှည့်ကြလေ ”
သူတော်ငတေ ကို နောက်ထပ် မပြောရဲကြတော့သဖြင့် သူတော်ငတေ အမိန့်ပေးလိုက်သလိုပင် ကျွန်ုပ်တို့ငါးယောက် သူတော်ငတေ ကို နောက်ခိုင်းကာ ရပ်နေလိုက်ကြသည် ။
“ တူ ... တူ ”
သူတော်ငတေ ၏ အသံဆုံးသွားသည်နှင့် ကျွန်ုပ်တို့ငါးယောက် စောစောက သူတော်ငတေ အသံကြားရာကို မှန်းပြီး ကျောင်းတိုင်ကြီးများကို လူစုခွဲ ရှာကြသည် ။ ကျောင်းတိုင်ရှိသမျှသာ ပတ်စေ့သွားသည် ။ သူတော်ငတေ ကို ရှာမရကြ ။
“ သူ့ ဖိုရုံထဲများ ဝင်ပုန်းနေလား မသိဘူး ။ ထွန်းသာအေး သွားကြည့်ကွာ ”
ဉာဏ်သိမ်း က ထွန်းသာအေး ကို ကြည့်ခိုင်းလိုက်သည် ။
ထွန်းသာအေး ချက်ချင်း ပြေးကြည့်ပြီး ပြန်လာပြော၏ ။
“ဖိုရုံ က တံခါးရော ကဲလားတွေရော ဖွင့်ထားပါတယ်ဗျ ။ သူတော်င ... အဲ .. အင်း ... ဘဘ ကို သူ့ ဖိုရုံထဲမှာ မတွေ့ဘူး ”
“ ဒါဆို ဘယ်နေရာ သွားပုန်းနေလဲ မသိဘူး ။ တူ .. တူ ပြန်ခေါ်ကြည့်ရအောင်ကွာ ။ မောင်ထွန်း တူ .. တူ အော်ကွာ ”
“ ဘဘရေ ၊ ကျွန်တော်တို့ ဘဘကို ရှာမတွေ့ဘူးဗျို့ ။ တူ .. တူ .. ခေါ်ပါဦး ”
ဉာဏ်သိမ်း ခိုင်းသည့်အတိုင်း မောင်ထွန်းက တူ .. တူ ခေါ်လိုက်ရာ “ တူ .. တူ ” ဟူသော သူတော်ငတေ ထူးသံကို ကျောင်းခေါင်းရင်းတိုင်မှ ကြားလိုက်ကြရသဖြင့် မျက်ရိပ်မျက်ခြည်ပြကာ ကျောင်းခေါင်းရင်းတိုင်များ ရှိရာဆီ ကျွန်ုပ်တို့ ကျောင်းသားငါးယောက် ပြေးလိုက်ရှာကြသည် ။ သူတော်ငတေကို မတွေ့ ။ ထိုအခါ ကျောင်းခေါင်းရင်းဘက်မှ တူ .. တူ ပြန်ခေါ်ကြပြန်သည် ။ သူတော်ငတေ၏ တူ ... တူ ထူးသံကို တောင်ဘက် ကျောင်းတိုင်များဆီမှ ကြားရပြန်သည် ။ ကျွန်ုပ်တို့လည်း တောင်ဘက်ရှိ ကျောင်းတိုင်များရှိရာဆီ ပြေးလိုက်၍ ရှာကြပြန်သည် ။ တောင်ဘက်ရှိ ကျောင်းတိုင်များဆီ၌လည်း သူတော်ငတေကို မတွေ့ ။ ထိုအခါ တူ ... တူ ပြန်ခေါ်ကြပြန်သည် ။
ဤတစ်ခါတော့ သူ့ ဖိုရုံနားရှိ သင်ပုန်းကြီးများ ထားရာ သင်ပုန်းစင်ပေါ်က သူတော်ငတေ ထူးသံကို ကြားရပြန်သည် ။
ထိုခေတ်က ကျွန်ုပ်တို့ ဘုန်းကြီးကျောင်းသားများမှာ မီးသွေးအစာတင် သစ်သားသင်ပုန်း ကို ကံ့ကူဆံ နှင့် စာသင်နေကြရရာ ကျောင်းသား နှစ်ဆယ်ကျော် သုံးဆယ်နီးပါးတို့၏ ပျဉ်သင်ပုန်းချပ်များကို ဘုန်းကြီးကျောင်းအောက်၌ စင်လုပ်၍ တင်ထားကြရသည် ။ သင်ပုန်းအချပ်တွေမှာလည်း ကျောင်းသားတစ်ယောက်လျှင် ဆို သင်ပုန်း ၊ ရေး သင်ပုန်း ဟု နှစ်ချပ်စီ ရှိကြရာ စင်ပေါ်၌ ကျောင်းသားသုံးဆယ်နီးပါးတို့၏ သင်ပုန်းတွေမှာ လေးငါးဆယ် ရှိနေသည် ။ ယခု ထိုသင်ပုန်းစင်ပေါ်မှ သူတော်ငတေ ထူးသံကို ကြားကြရသောအခါ သင်ပုန်းစင်နားသို့ ပြေးသွား၍ သူတော်ငတေ ကို ရှာကြပြန်သည် ။ သို့သော် သူတော်ငတေ ကို သင်ပုန်းစင်ပေါ်၌လည်း မတွေ့ကြရပြန် ။
ဤသို့နှင့် တစ်ခါထပ်ပြီး တူ .. တူ ခေါ်ကြည့်ကြရပြန်သည် ။
ကျွန်ုပ်တို့အားလုံး ဇဝေဇဝါ ဖြစ်သွားကြသည် ။ သူတော်ငတေ ၏ ဤတစ်ခါ ထူးလိုက်သံမှာ ကျွန်ုပ်တို့ တက်ရှာနေကြသော သင်ပုန်းစင် အောက်က လိုလို ကျွန်ုပ်တို့ ဖင်အောက်ကပဲ လိုလိုနှင့် နားဝေတိမ်တောင် ဖြစ်သွားကြသည် ။ သင်ပုန်းစင် အောက်မှာမူ လူတစ်ရပ်နီးပါး အမြင့်ရှိသဖြင့် အကယ်၍ သူတော်ငတေ သာ သင်ပုန်းစင်အောက်ကို ရောက်နေလျှင် အထင်းသား အားလုံး မြင်ကြရမည် ။ ယခုမူ ထူးသံ ကြားလိုက်ရပြီး သင်ပုန်းစင် ပေါ်မှာလည်း မတွေ့ ၊ အောက်မှာလည်း မတွေ့သောအခါ ပို၍ အံ့သြသွားကြပြန်သည် ။
“ ကဲ ... ဒီလို လုပ်ကြမယ်ကွာ ။ လှရွှေ မင်း ဟိုဘက်ကိုသွား ၊ အဲဒီကနေပြီး ဘဘရေ ကျွန်တော်တို့ ရှာမတွေ့သေးဘူး ။ တူတူရေ လုပ်ပါဦးဆိုပြီး မင်း အဲဒီက ခေါ် ၊ သူ ဘယ်နေရာက ထူးနေလဲဆိုတာ ငါတို့ တိတ်တိတ်ပုန်း သွားပြီး ရှာကြမယ် ”
ဤအကြံကိုတော့ ထွန်းသာ က ပေး၏ ။ ကျောင်းသားကြီး မဟုတ်သော်လည်း ကျွန်ုပ်တို့ထဲတွင် အကြီးဆုံးဖြစ်သူ ဉာဏ်သိမ်း ကပါ “ ထွန်းသာ ပြောတာ ဟုတ်တယ် ။ အဲသလိုရှာမှ မိတော့မယ် ” ဟု ဆိုသဖြင့် လှရွှေ ကို ကျောင်းခေါင်းရင်းဘက် သွားခိုင်းပြီး တူတူခေါ်ခိုင်းလိုက်ကြသည် ။
“ ဘဘ ရေ ၊ ကျွန်တော်တို့ ရှာမတွေ့သေးဘူး ။ တူ တူ အသံပေးပါဦး ”
“ တူ .. တူ ”
လှရွှေ အသံ ဆုံးသွားသည်နှင့် သူတော်ငတေ ၏ အသံကို သင်ပုန်းစင် အောက်ကလိုလို အပေါ်ကလိုလို ကြားကြရပြန်သည် ။ သို့သော် ဘယ်နေရာကဟု မခန့်မှန်းတတ်ကြ ။ ထို့ကြောင့် ဉာဏ်သိမ်း က ဆက်ခေါ်ရန် လှရွှေ ကို လက်နှင့် အချက်ပြသည် ။
“ ဘဘ ရေ ၊ မတွေ့သေးဘူးဗျို့ ။ တူ ... တူ ထပ် စိန်ခေါ်ပါဦး ”
“ တူ ... ”
သူတော်ငတေ ၏ အသံကို ကြားရပြန်သည် ။ သင်ပုန်းစင်ကတော့ သေချာ၏ ။ သို့သော် ယခုထိ ဘယ်နေရာက ထူးနေမှန်း မသိ ။ အကယ်၍ သင်ပုန်းစင်ပေါ်တွင် သူတော်ငတေ ရှိနေပါက တက်ကြည့်ရန်ပင် မလို ၊ မြင်နိုင်၏ ။ အောက်မှာမူ ကျွန်ုပ်တို့ ကျောင်းသားငယ်လေးယောက် ရှိနေသဖြင့် ဘယ်လိုမှ သူတော်ငတေ ပုန်းနေ၍ မရ ။ ထိုသို့ဆိုလျှင် ယခု သူတော်ငတေ ဘယ်နေရာက စိန်ခေါ်ထူးနေပါလိမ့် ။ ကျွန်ုပ်တို့မှာ ဘယ်လိုမှ တွေးမရကြ ။ ထို့ကြောင့် ဉာဏ်သိမ်း က လှရွှေ ကို အဆက်မပြတ် ခေါ် အော်ပေးထားရန် လက်ပြသည် ။ ဉာဏ်သိမ်း လက်ပြသည်ကို လှရွှေ ကလည်း သဘောပေါက်သဖြင့် ...
“ ဘဘ ရေ ၊ ကျွန်တော်တို့ ရှာမတွေ့သေးဘူး ။ တူ ...တူ ခေါ်ပါ ဦး ”
ဟု အဆက်မပြတ် အော်ပြောနေ၏ ။
လှရွှေ က အဆက်မပြတ် အော်နေသလို သူတော်ငတေ ကလည်း
“ တူ .. တူ .. တူ .. တူ ” ဟု ခဏလေးသာခြားပြီး အဆက်မပြတ် စိန်ခေါ် ထူးနေသည် ။
ကျွန်ုပ်တို့ ကျောင်းသားငယ်လေးယောက်က နားစွင့်ပြီး အသံကြားရာကို တိတ်တိတ် လိုက်ရှာကြည့်ကြရာ အားလုံး အံ့ဩသွားကြသည် ။ သူတော်ငတေ က ထူးသံပေးနေသည်မှာ သင်ပုန်းစင်ကြမ်းခင်း ဝါးလုံးတစ်လုံး ၏ အခေါင်းထဲမှ ဖြစ်လေသည် ။
ကျွန်ုပ်တို့မှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ဘာဆက်လုပ်ကြရမှန်း မသိ ဖြစ်သွားကြသည် ။ သူတော်ငတေ ၏ အသံမှာ ဝါးလုံးခေါင်း ထဲက ချက်ကျကျမှန်မှန်ပင် “ တူ .. တူ .. ” ဟု မြည်နေ၏ ။
ဉာဏ်သိမ်း က ဝါးလုံးပေါက် နားကပ် ထောင်ကာ ဒီအထဲက စိန်ခေါ်ထူးနေတာ အမှန်ပဲ ဟူသော သဘောနှင့် ဝါးလုံးခေါင်းထဲ လက်နှင့် တဆဆ ထိုးပြ၏ ။ ဤသည်ကို ကျွန်ုပ် က ဝါးလုံးခေါင်းထဲ တုတ်နှင့် ထိုးကြည့်ရန် ဉာဏ်သိမ်း ပြောသည်ထင်သဖြင့် ဝါးခြမ်းပြားတစ်ခုကို လှမ်းဆွဲပြီး ဝါးလုံးခေါင်းထဲ တုတ် နှင့် မွှေထိုးလိုက်သည် ။ ထိုအချိန်ကျမှ ဝါးလုံးခေါင်းထဲက စိန်ခေါ် ထူးနေသံ ပျောက်သွားသည် ။ သို့သော် သူတော်ငတေ ၏ အသံ ချက်ချင်းပေါ်လာသောအခါ ကျွန်ုပ်မှာ လန့်သွားပြီး ချက်ချင်း လက်ရုပ်လိုက်မိသည် ။
“ ဘယ်ကောင်လဲကွ ၊ ဝါးလုံးခေါင်းထဲ တုတ်နဲ့ တအားမွှေထိုးတာ ။ မတော်တရော်နေရာ နဲ့ မျက်စိ ၊ မျက်ဆန်တွေ ထိုးမိရင် ဘယ့်နှယ် လုပ်မလဲ ။ တော်တော် အဆန်းတတ်တဲ့ အကောင်တွေ ။ တူတူပုန်းတမ်း ကစားကြ ပါတယ်ဆို ၊ မင်းတို့ကို ဘယ်သူက တုတ်နဲ့ ထိုးခိုင်းလို့လဲ”
သူ့ ဖိုရုံထဲမှ ကိုယ်ရုံ ဖိုသီဖတ်သီနှင့် အော်ထွက်လာသော သူတော်ငတေ ကို မြင်လိုက်ကြရသောအခါ ကျွန်ုပ်တို့ ကျောင်းသားငယ်များမှာ လန့်ဖျပ်သွားကြသည် ။ ဝါးလုံးခေါင်းထဲက ထူးသံကြားနေရသော ငတေ သည် ဘယ်လိုလုပ် သူ့ ဖိုရုံထဲကို ရောက်သွားပါလိမ့် ။ တူတူပုန်းတမ်း ကစားစဉ်က သူတော်ငတေ ကို ရှာမတွေ့သဖြင့် ထွန်းသာအေး အား ဉာဏ်သိမ်း က ကြည့်ခိုင်းရာ ထွန်းသာအေး သွားကြည့်ထားပြီးပြီ ။ သူတော်ငတေ ဖိုရုံထဲ မရှိဟု ပြော၏ ။ ယခု သူတော်ငတေ ဖိုရုံထဲက ထွက်လာသည်ကို အားလုံး မြင်ကြရသည် ။ တစ်ခုတော့ ရှိ၏ ။ သင်ပုန်းစင် ၏ ကြမ်းခင်းမှာ သူတော်ငတေ ၏ ဖိုရုံနှင့်တော့ ဆက်နေသည် ။ ကြမ်းခင်းဝါးလုံးများ ထဲမှ တစ်လုံးသော ဝါးကို အဆစ်ဖောက် ထုတ်ချင်းခပ် လုပ်ထားပြီး ဖိုရုံထဲရှိ ဝါးလုံးတစ်ဖက်အဆုံးမှ ထူးသံပေးသည်ဟု ထင်ရအောင်ကလည်း စောစောက ကျွန်ုပ် တုတ်နှင့် ထိုးမွှေကြည့်ရာ ထိုဝါးလုံးထဲကို ဝါးခြမ်းပြား က အဆစ်အဆုံး တစ်တောင်လောက်သာ ဝင်ပြီး တစ်နေသည် ။ ဘယ်က ဘယ်လို လုပ်ပြီး သူတော်ငတေ ဖိုရုံထဲက ထွက်လာသည်ကို တွေးမရ ဖြစ်ပြီး နေကြစဉ် သူတော်ငတေ က ကျွန်ုပ်တို့အနား မတ်တတ်လာရပ်လေသည် ။
“ ဘယ်သူလဲကွ ၊ ဝါးလုံးခေါင်းထဲ တုတ်နဲ့ထိုးတာ ”
“ ကျွန် ... ကျွန်တော် မဟုတ်ပါဘူး ဝေယံလင်း ထိုးတာ ”
ကျောင်းသားအုပ်စုထဲတွင် အရပ်အမြင့်ဆုံး ၊ အကြီးဆုံးဖြစ်သော ဉာဏ်သိမ်း ကို စေ့စေ့ကြည့်၍ သူတော်ငတေ က မေးလိုက်ရာ လူကောင်သာ ကြီးသော်လည်း အလွန် ကြောက်တတ်သော ဉာဏ်သိမ်း က အမှန်အတိုင်း ကျွန်ုပ် ထိုးသည်ဟု ပြောလိုက်၏ ။
“ ဝေယံလင်း ဟုတ်လား ”
“ ဟုတ်ကဲ့ ဘဘ ၊ သူ ထိုးတာ ”
စောစောက အဆက်မပြတ် တူ ... တူ ခေါ်ခဲ့ရသော လှရွှေ ကလည်း ကြောက်ရွံ့ပြီး ကျွန်ုပ်ကို တရားခံထိုးပြသည် ။
“ ဒီနာမည် ငါ ကြားဖူးသလိုပဲ ။ ဘယ်သူ့သားတုန်း ”
“ ဆေးဆရာသား ဘဘ ”
“ အဲဒါကြောင့် အဆန်းတတ်တာ ”
ဉာဏ်သိမ်း အပါအဝင် ကျောင်းသားငယ် လေးယောက်က ကျွန်ုပ်ကို တရားခံ ဖော်ထုတ်ပြောဆိုနေကြသော်လည်း ကျွန်ုပ်ကမူ ကြောက်ကြောက်နှင့် ယခုထိ သူတော်ငတေ ကို တစ်ခွန်းမှ ပြန်မပြောဝံ့သေး ။ သူတော်ငတေ ငါ့ ကိုတော့ အပြစ်တစ်ခုခု ပေးတော့မှာပဲဟုသာ စိုးရိမ်နေသည် ။
“ ဟေ့ကောင် ၊ ဆေးဆရာသား ”
“ ဘုရား ”
ကျွန်ုပ် က ရွံ့ရွံ့နှင့် ထူးလိုက်၏ ။
“ နင် ဘယ်နေ့သားတုန်း ”
“ တနင်္ဂနွေသားပါ ဘဘ ”
“ ဟ ... တနင်္ဂနွေသားကို ဘယ့်နှယ်... ဘယ့်နှယ် ဓမ္မာသောကချည်း မှည့်ထားပါလိမ့် ။ အာကာလင်း ဆို နေ့နံလည်းသင့်သားနဲ့ ၊ မင်း အဖေ .. ”
သူတော်ငတေ နှင့် တစ်ခါက ဂမ္ဘီရသင်္ချာ အတူတွက်ထားကြသည့်အပြင် ယခု ဆေးဆရာသားဟု သိသွားလျှင် ရိုက်ပုတ်ခြင်းတော့ လုပ်မည် မဟုတ်ဟူသော ယုံကြည်ချက်နှင့် ကျွန်ုပ်ကလည်း ခဏခဏ ပြောပြဖူးသည်ကို သတိရ၍ ချက်ချင်းပင် အကြောက်ပြေကာ သူတော်ငတေ ကို ပြန်ပြောလိုက်သည် ။
“ ဆေးဆရာသား ဆိုတော့ နေ့သင့်နံသင့် မှည့်ထားရင် လောကီပညာသည်တွေ ၊ စုန်းမတွေ ပြုစားမှာစိုးလို့ တမင်ကို ဓမ္မာသောကအမည် ထည့်ပေးထားတာလို့ ဖေဖေက ပြောပါတယ် ဘဘ ”
သူတော်ငတေ ခဏ တွေသွားပြီး ...
“ ဒါလည်း ဟုတ်နိုင်တာပဲကွ ။ နို့ ... ဒါနဲ့ နင်က ဝါးလုံးခေါင်းထဲ ဘာလို့ တုတ်နဲ့ ထိုးရတာတုန်း ”
ဟု ကျွန်ုပ်ကို စေ့စေ့ကြည့်ပြီး မေး၏ ။
“ ဟို ... ဟိုလေ အဘ ၊ ဝါးလုံးခေါင်းထဲက ကြွက်မည်သံ ကြားလို့ပါ ”
ဘဘ ထူးနေသံ ကြားလို့ဟု ပြောလိုက်လျှင် ...
“ ဟင် ... နင်က ငါ့ကို သေပါစေလို့ ထိုးတာပေါ့ ”
ဆိုပြီး ရိုက်မှာ စိုးသဖြင့် ကျွန်ုပ် က လှီးလွှဲပြောလိုက်၏ ။
“ မင်းပြောတာ ဟုတ်တယ် ။ ညညကျရင် သင်ပုန်းစင် ဝါးလုံးခေါင်းထဲက ကြွက်မြည်သံ ဘဘ လည်း ကြားတယ် ။ အဲဒါကြောင့် ဘဘ စိုးရိမ်နေတာက သူတို့နေတဲ့ အခေါင်းထဲ မင်းက တုတ်နဲ့ သွားထိုးတော့ ကြွက်က စိတ်ဆိုးပြီး မင်း ဝှေးစေ့ တစ်လုံး ဖြတ်ကိုက်သွားပြီ ထင်တယ် ။ မင်း ဝှေးစေ့နှစ်လုံး ရှိသေးလား ကိုင်ကြည့်စမ်းပါဦး ”
“ ရှိပါတယ် ဘဘ ၊ ကြွက်လာ ကိုက်ရင် ... ”
“ တကယ်ရှိ ၊ မရှိ ကိုင်ကြည့်စမ်းပါဦးဆို ”
ကျွန်ုပ် စကားမဆုံးမီ သူတော်ငတေ က ကိုင်ကြည့်စမ်းပါ ဆိုသော်လည်း ကျွန်ုပ်မှာ ရှက်ရှက်နှင့် ပြုံးပြီး သူတော်ငတေ အတည်ပေါက် နောက်နေသည်ကိုသာ ကြည့်၍ ပြုံးနေလိုက်၏ ။
“ ကိုင်ကြည့်စမ်းပါဦးဆို ။ ဘဘ ပြောတာ မင်း မယုံလို့လား ။ မင်း ဝှေးစေ့တစ်လုံး ရှိကို မရှိတော့ဘူး ”
သူတော်ငတေ အတည်ပေါက်နှင့် ပြောနေသောအခါ ကျွန်ုပ်မှာလည်း တကယ်များလားဟူသော သံသယနှင့် ပုဆိုးပေါ်ကစမ်းပြီး ကျွန်ုပ် ဝှေးစေ့နှစ်လုံး ကို စမ်းကိုင်ကြည့်လိုက်သည် ။ ကျွန်ုပ် လန့်သွား၏ ။ အမှန်တကယ်ပင် ကျွန်ုပ် ဝှေးစေ့ တစ်လုံး မရှိတော့ ။
“ ဟာ ... ဘဘ ၊ ကျွန်တော့် ဝှေးစေ့တစ်လုံး တကယ် မရှိတော့ဘူးဗျ ။ တကယ် မရှိတော့ဘူး ။ တစ်လုံးပဲ ရှိတော့တယ် ”
ကျွန်ုပ်က ကျန် ဝှေးစေ့တစ်လုံးကို ပုဆိုးနှင့် အုပ်ကိုင်ပြီး နောက်တစ်လုံးကို စမ်းရှာကြည့်ရင်း အထိတ်တလန့် အော်ပြောလိုက်သည် ။
“ ကြံကြံဖန်ဖန် မဖြစ်နိုင်တာကွာ ။ ဘဘ က မင်းကို တမင်နောက် ပြောတာပါဟ ”
“ ဘဘ နောက်ပြောတာ မဟုတ်ဘူး ။ တကယ် မရှိတော့ဘူးဗျ ။ ဘယ်ရောက်သွားလဲ မသိဘူး ”
ကျွန်ုပ်၏ စကားကြောင့် ကျန် ကျောင်းသားများလည်း အံ့သြသွားကြကာ “ ဟုတ်မှ ဟုတ်ရဲ့လားကွာ ၊ မဖြစ်နိုင်တာ ” ဟူသော အကြည့်များနှင့် ကျွန်ုပ်ကို ဝိုင်းကြည့်နေကြသည် ။
“ မဟုတ်တာ ၊ လူတိုင်း နှစ်လုံး ရှိတာပဲကွ ။ မင်းမှာလည်း နှစ်လုံး ရှိရမှာပေါ့ ”
“ မရှိဘူးဗျ ၊ ခု တကယ့်ကို မရှိတော့တာ ”
ကျွန်ုပ်မှာ ပိုလန့်သွားပြီး ငိုသံပါကြီးနှင့် ပြောလိုက်၏ ။
“ ဒီကောင် သက်သက်ပြောနေတာ ။ ဟေ့ ကောင်လေး ၊ ဟုတ်လား ။ ဝေယံလင်း ဝှေးစေ့ ကိုင်ကြည့်လိုက်စမ်းကွာ ”
သူတော်ငတေ က ဉာဏ်သိမ်း အား ကျွန်ုပ် ဝှေးစေ့ ကို ကိုင်ကြည့် ခိုင်းသည် ။ ကျွန်ုပ်ပြောသည်ကို မယုံသော ဉာဏ်သိမ်း ကလည်း ချက်ချင်းပင် ကျွန်ုပ် ဝှေးစေ့ကို လာကိုင်ကြည့်သည် ။
“ အလကားပြောတာ ဘဘ ၊ ကျွန်တော် ကိုင်ကြည့်တော့ နှစ်လုံး ရှိတာပဲ ”
ဉာဏ်သိမ်း က ချက်ချင်း ပြန်ပြော၏ ။ ကျွန်ုပ်မှာ အံ့သြရပြန်သည် ။ စောစောက ကပ်ပယ်အိတ်ကို စမ်းလျှောက်ရှာကြည့်နေရာ တစ်လုံးကို တကယ်ပင် ရှာမတွေ့ ။ ယခု ဉာဏ်သိမ်း လာကိုင်တော့ နှစ်လုံး ရှိသည် ဆိုသဖြင့် ကျွန်ုပ် ထပ်ကိုင်ကြည့်လိုက်ရာ အမှန်ပင် နှစ်လုံး ပြန်ရှိ နေပြန်သည် ။ ကျွန်ုပ် ပို၍ အံ့ဩသွား၏ ။ ထိုအချိန်မှာပင် သူတော်ငတေ စကားက ပေါ်လာပြန်သည် ။
“ ဆေးဆရာသား ၊ အလကားကောင် ။ ကိုယ့် ဝှေးစေ့ ကိုယ် ဘယ်နှစ်လုံး ရှိမှန်းတောင် မသိတဲ့အကောင် ။ ဝှေး က လူတိုင်းမှာ နှစ်လုံးစီ ရှိကြတာပဲ မဟုတ်လား ”
“ ဟုတ်ပါတယ် ဘဘ ”
စောစောက ကျွန်ုပ်အား လာကိုင်ကြည့်သော ဉာဏ်သိမ်း က ပြောလိုက်၏ ။
“ မင်းမှာလည်း နှစ်လုံး ရှိတယ် မဟုတ်လား ”
ဉာဏ်သိမ်း ကို သူတော်ငတေ က မေးသည် ။
“ ဟုတ်ပါတယ် ဘဘ ၊ နှစ်လုံး ရှိပါတယ် ”
“ သေချာရဲ့လား ငါ့လူ ၊ ကိုင်ကြည့်စမ်းပါဦး ။ ခု ကိုင်ကြည့်စမ်းပါဦး ”
ဉာဏ်သိမ်း သည် ပုဆိုးပေါ်က သူ့ ဝှေးစေ့ ကို အုပ်ကိုင်ကြည့်နေ၏ ။
“ ဟာ ... ဘဘ ၊ ကျွန်တော့်မှာလည်း တစ်လုံး မရှိတော့ပြန်ဘူးဗျ ”
“ မဟုတ်တာ ၊ လုပ်ပြန်ပြီ တစ်ကောင် ”
“ ဟုတ်ပါတယ် ဘဘ ၊ တကယ် မရှိတော့ဘူးဗျ ”
ဉာဏ်သိမ်း မှာ မျက်လုံးပြူး မျက်ဆန်ပြူးနှင့် သူ့ ဝှေးစေ့တစ်လုံး တကယ် မရှိတော့ဘူးဟု စမ်းကိုင်ရှာရင်း ပြောနေ၏ ။
“ မုသာဝါဒတွေ ပြောမနေစမ်းပါနဲ့ကွာ ။ ဘဘ က လိမ်တာညာတာ မကြိုက်ဘူးဆိုတာ မောင်တို့ သိတယ် မဟုတ်လား ”
“ လိမ်ပြောတာ မဟုတ်ဘူး ဘဘ ၊ တကယ်မရှိတော့တာဗျ ”
“ ဟား ... ဟား ... ဟား ”
သူတော်ငတေ က ရယ်သည် ။ ကျွန်ုပ်တို့မှာမူ ရယ်ရမလို ငိုရမလိုနှင့် ဉာဏ်သိမ်း ကိုကြည့်ကာ ကြောင်နေကြသည် ။
“ မဖြစ်နိုင်တာကွာ ။ ကဲ ... ဒီသားလေး သွားကိုင်ကြည့်စမ်းကွာ ။ ဒီကောင် ဘဘ ကို တမင် လိမ်ပြောနေတာ နေမှာပေါ့ ”
သူ့အနားက လှရွှေ ကို သွားကိုင်ကြည့်ခိုင်းသည် ။ လှရွှေ က ဆိုးဆိုးဆတ်ဆတ်နှင့် ဉာဏ်သိမ်း ဝှေးစေ့ကို သွားကိုင်ကြည့်သည် ။
“ အလကား ညာတာ ဘဘ ၊ နှစ်လုံးရှိပါတယ် ”
“ ဟင် ... ” ဟု ဆိုကာ ဉာဏ်သိမ်း က သူ့ကိုသူ ပြန်ကိုင်ကြည့်သည် ။
“ ဟုတ်တယ်ဟ ၊ ခုမှ ဘယ်ကပြန်ရောက်လာလဲ မသိဘူး ။ ငါ ကိုင်ကြည့်တုန်းက တစ်လုံး ပျောက်ကို ပျောက်နေတယ် ”
သူတော်ငတေ က ရယ်နေပြန်သည် ။
“ မင်းမှာကော ”
သူတော်ငတေ က လှရွှေ ကို မေးနေ ပြန်သည် ။
“ နှစ်လုံး ရှိမှာပေါ့ ဘဘ ၊ လူတိုင်း ရှိတာပဲ ”
“ ဟုတ်လား ၊ ကိုင်ကြည့်စမ်းပါဦး ”
“ ဟား ... ဟား ... ဟား ”
လှရွှေ က ရယ်ဖြဲဖြဲနှင့် သူ့ဟာသူ စမ်းကိုင်ကြည့်သည် ။
“ ဟာ .. ဘဘ ၊ ကျွန်တော့်မှာလည်း တစ်လုံးမရှိပြန်တော့ဘူး ။ ဘယ်ရောက်သွားပြန်လဲ မသိဘူး ”
“ ဟဲ .. ဟဲ ၊ ကြွက်ချီသွားတာ နေမှာပေါ့ကွ ။ ဟုတ်လား ၊ ကလေး လေး သွားကိုင်ကြည့်စမ်းကွာ ”
သူတော်ငတေ က အငယ်ဆုံးလေး ထွန်းသာအေး ကို သွားကိုင်ကြည့်ခိုင်းပြန်၏ ။
“ ဟာ ... ကျွန်တော် မကိုင်ရဲဘူး ဘဘ ”
ထွန်းသာအေး က ကြောက်ကြောက်နှင့် ငြင်း၏ ။
“ ဒီအထဲ မင်းက ပညာရှိလေးပါလား ။ အေး မကိုင်နဲ့ ၊ အတော်ကြာ မင်း တစ်လုံးပါ ပျောက်သွားဦးမယ် ။ ဟဲ ... ဟဲ ... ဟဲ ... ”
သူတော်ငတေ က ရယ်နေပြန်သည် ။
“ အဲဒါ ဘယ်လို ဖြစ်တာလဲ ဘဘ ”
ပထမဦးဆုံး ခံလိုက်ရသော ကျွန်ုပ် က သူတော်ငတေ ကို မဝံ့မရဲ မေး၏ ။
“ ဘယ်လိုမှ မဖြစ်ဘူး ။ မင်းတို့ တူတူပုန်းတမ်း ကစားကြရင် နောက်ကို သိပ်မဆူကြနဲ့ ။ ဘဘ ရော ဘုန်းဘုန်း ပါ သမာဓိ ပျက်တယ် ။ နင်တို့ကို နောက် ပြောမရရင် အကုန် ဝှေးစေ့ တစ်ယောက် တစ်လုံးစီ နဲ့ ထားပေးမယ် ။ ကြားကြလား ”
“ ကြားပါတယ် ဘဘ ”
“ အေး ... အေး ၊ ကစားကြ ”
ဟု ပြောကာ သူတော်ငတေ သူ့ ဖိုရုံထဲ ဝင်သွားလေသည် ။
နောက်ဆုံး ဝှေးတစ်လုံး အနုတ်ခံထားရသော လှရွှေ ကမူ သူ့ဝှေး သူ စမ်းကိုင်ကာ သွေးမရှိသော မျက်နှာနှင့် သူတော်ငတေ ကို လှမ်းကြည့်နေစဉ် ...
“ ဟ ... ငါ့ ဝှေး တစ်လုံး ပြန်ရောက်လာပြီ ”
ဟု ဝမ်းသာအားရ အော်လိုက်လေသည် ။
( စာကြွင်း ။ ။ ဤသည်ကို ကျွန်ုပ်က ညနေ ရွာထဲ ထမင်းစားဆင်းသောအခါ အဖေ ဆေးဆရာအား ပြောပြ၏ ။
အဖေ က ...
“ သား ကို အဖေ က ဓမ္မာသောက အမည်ပေးထားတယ် ဆိုလို့ အဖေ့ ကို သူတော်ငတေ က သက်သက်နောက်တာပါ ။ ဘာမှ မဟုတ်ပါဘူး ”ဟု ဆိုလေသည် ။ )
◾ဝေယံလင်းခေါင်
📖ဂမ္ဘီရမဂ္ဂဇင်း
၂ဝဝဝ ပြည့်နှစ် ၊ ဇွန်လ
koaungnaingoo.blogspot.com
.
No comments:
Post a Comment