Friday, October 1, 2021

မင်းတုန်းမင်းတရားကြီး နှင့် ထန်းပင်ရိုင်း


 

❝  မင်းတုန်းမင်းတရားကြီး နှင့် ထန်းပင်ရိုင်း ❞

သက္ကရာဇ် ၁၂၃၄ ခုနှစ် နယုန်လပြည့်နေ့တွင် မင်းတုန်းမင်းတရားကြီး သည် ရွှေမြို့တော် လေးပြင် လေးရပ်ရှိ တံဆိပ်တော်ရ မရ ဆရာတော် သံဃာတော်မထေရ်အပါး ၅၀၀ ကျော်ကို ဇေတဝန်ဆောင်တော် သို့ ပင့်ဖိတ်တော်မူလျက် ဆွမ်းကပ်တော် မူလေသည် ။

မင်းတုန်းမင်းတရားကြီး သည် ကြည်ညို သဒ္ဓါကြည်လင်တော်မူသဖြင့် ကိုယ်တော်တိုင် ဆွမ်း ၊ သစ်သီး ၊ ခဲဖွယ် ၊ ဘောဇဉ် ၊ ချိုချဉ်တို့ကို ကပ်တော်မူပြီး သပ္ပာယဖြစ်ဖွယ်များ ဘုဉ်းပေး သုံးဆောင်တော်မူကြကုန်သော သံဃာထေရ်အရှင်တို့အား ကြည်ညိုဖူးမြော်၍ ရွှင်လန်းဝမ်းမြောက်တော် မူနေလေသည် ။ ဆွမ်း ကွမ်းများ ဘုဉ်းပေးတော်မူပြီးနောက် ရဟန်းသံဃာတော်များ သပ္ပာယဖြစ်အောင် သီတင်းသုံးတော်မူစေလိုသဖြင့် အတွင်းတော်မှ မှီအုံးတော်များကို ထုတ်ပေးတော်မူပြီး အရှင်မြတ်များ နှင့် မင်းတုန်းမင်းတရားကြီး သည် အေးချမ်းစွာ ဟောပြောတော် မူကြကုန်၏ ။

ထိုသို့ ဟောပြောနာယူနေခိုက် မင်းတုန်းမင်းတရားကြီး ၏ စိတ်တော်တွင် ရဟန်းသံဃာတော်တို့၏ ချမ်းသာလှစွာသော ဘဝကို စဉ်းစားတော်မူမိရင်းက ရွှေစိတ်တော် လွတ်လပ် ကြည်ရွှင်လာသည့်အလျောက် လွတ်လပ်စွာမေးမြန်း လျှောက်ထားလိုသည့် ဆန္ဒများ ထိန်းမနိုင် ၊ သိမ်းမရ ဖြစ်ပေါ် လာလေသည် ။ ထို့ကြောင့် မင်းတရားကြီးသည် ဆရာတော် အရှင်မြတ်တို့အား

“ အရှင်မြတ်များတို့ကို တပည့်တော် လျှောက်ထား မေးမြန်းခွင့်ပြုပါဘုရား ၊ အရှင်ဘုရား တို့မှာ ဗုဒ္ဓမြတ်စွာသခင် ၏ သားတော်များဖြစ်သည့် အားလျော်စွာ မြို့တွင်းမြို့ပြင် လေးရပ်တွင် တပည့်ဒါယကာ ၊ ဒါယိကာမအပေါင်းတို့က သဒ္ဓါကြည်လင်စွာဖြင့် မြိန်ရှက်စဖွယ် အဆီအအိမ့် ဆွမ်းဟင်း ၊ ခဲဖွယ် ၊ ချိုချဉ်တွေကပ်ပြီး လှူဒါန်းသမျှကိုလည်း အရှင်ဘုရားများက အားပါးတရ ဘုဉ်းပေးသုံးဆောင်တော် မူကြပါသည် ။ ဒီ အစာ အာဟာရတွေနှင့် ဖိန့်အိန့် အဆီတွေ ရစ်ပြီး နေတော်မူကောင်း နေပါလိမ့်မည် ဘုရား ။ အဲဒီလို အဆီရစ်ပြီး တင်းမာလာသည့်အခါကျတော့ အရှင်ဘုရားတို့မှာ သီတင်းသုံးနေတော်မူတဲ့ ကျောင်းဆောင်မှာ တစ်ခါတစ်ရံ သွေးသားလှုပ်ရှား သောင်းကျန်းမှုများ မဖြစ်ပေါ်ပေဘူးလား ဘုရား ၊ တပည့်တော် လျှောက်ထားလိုတာက သည်လို သွေးသားလှုပ်ရှား သောင်းကျန်းမှုတွေ ဖြစ်နေလျှင် ‘ မုတ္တစာဂ ' ဆိုတဲ့ သံသရာမှ ထွက် မြောက်ဖို့ ကျင့်ကြံခြင်း ပွားများအားထုတ်ခြင်းဆိုတာတွေ လျော့နည်းပါးလာပြီး အရှင်မြတ်များ ထိန်းသိမ်းရမည့် သိက္ခာပုဒ်များကိုသော်မှ စောင့်ထိန်းခြင်းငှာ အကျပ်အတည်း တွေ့လိမ့်မည်လော့ဟု တပည့်တော် သံသယများ ဖြစ်ပေါ်လာသောကြောင့် လျှောက်ထား မေးမြန်းရခြင်း ဖြစ်ပါသည်ဘုရား ”

မင်းတုန်းမင်းတရားကြီး ၏ လျှောက်ထားမေးမြန်းသည်တွင် ဆွမ်းစားကြွလာကြကုန်သော ရဟန်းသံဃာ အပေါင်းတို့သည် တိတ်ဆိတ်ငြိမ်သက်၍ ခေါင်းမျှ မမော်ဝံ့ကြတော့ပေ ။ သံဃာတော်အရှင်မြတ်များမှာ မင်းတုန်းမင်းတရားကြီး ကိုယ်တော်တိုင် ကပ်လှူသော ဆွမ်း ခဲဖွယ်ဘောဇဉ်များကို သပ္ပာယဖြစ်ဖွယ် အားရပါးရ ဘုဉ်းပေး သုံးဆောင်တော်မူမိကြသည်ကို စဉ်းစားပြီး ရှက်စနိုးဖြစ်တော်မူ၍ မင်းတရားကြီးကိုမျှ မကြည့်ရဲ ဖြစ်လျက် အခက်ကြုံလျက် နေတော်မူကြကုန်၏ ။

နံနက်ချိန်ကပင် ဝမ်းဗိုက်တော်တင်းအောင် ဘုဉ်းပေးမိခြင်းမှာ မှားလေပြီဟု စိတ်ရှုပ်ကာ ကွမ်းသွေးသာ တပြစ်ပြစ်နှင့် ထွေးထုတ်လျက် မည်သည့်ရဟန်းသံဃာ တစ်ပါးတလေမျှ နှုတ်မြွက် မဟရဲကြဘဲ ဆရာတော် မထေရ်ကြီးများကိုသာ စောင်းငဲ့လျက် မည်သည့်နေရာမှ သူရဲကောင်း ဆရာတော်ကြီးများ ထွက်ပေါ်လာမည်နည်းဟု ကြည့်ရှုအားငယ်လျက်သာ နေကြလေသည် ။

ထိုအခိုက် မှာပင် ဦးအဂ္ဂထေရ်အရှင် သင်္ဂဇာ ဆရာတော်ဘုရားကြီး သည် ဝါးနေသောကွမ်းကို အချက်ပေးသံဖြင့် ထွေးအင်သို့ ထွေးချလိုက်သော အသံကို ကြားရသောအခါ ရဟန်းသံဃာအရှင်မြတ်များ သည် အားကိုးသောအကြည့်များဖြင့် ဆရာတော်ဘုရားကြီးဘက်သို့ လှည့်၍ ကြည့်ကြကုန်၏ ။ ဆရာတော်ဘုရားကြီး သည် ရွှေဂူတွင်းမှ ထွက်လာသော ခြင်္သေ့မင်း၏ အသံကဲ့သို့ တည်ငြိမ်လေးတွဲ့သော အသံဖြင့်

“ ဒကာတော်မင်းမြတ် ၊ ရွှေနန်းစံမင်းမြတ်သည် အကယ် ဆင်ခြင်ကြည့်လျှင်မူကား သိနိုင်တန် ကောင်းပါ၏ ။ ငါတို့ ရဟန်းရှင်ဆိုသည်မှာ လူပုဂ္ဂိုလ်တို့နှင့် မတူကြ စမြဲ ။ ဒီနေရာမှာ ဥပမာထား၍ ပြောရမည်ဆိုလျှင် ငါတို့ရဟန်း သံဃာတော်များကား ထန်းပင်ရိုင်း နှင့် တူကြပေသည် ။ လူ ပုဂ္ဂိုလ်များကား ထန်းပင်အယဉ် နှင့် တူပေမည် ။ ထန်းပင် အယဉ် ဆိုတာက သူ့ကို ထန်းရေ မထွက် ထွက်အောင် ထန်းနို့တွေကို လှီးဖြတ်သုတ်သင်ပြီး အပေါ်က ဖိနှိပ်ညှစ်ချနှင့် နေ့စဉ် လှီးလိုက် ၊ ဖိလိုက် ၊ ညှစ်လိုက် ပြုလုပ်နေကြတော့ ထန်းရေတွေ မထွက်ချင်လဲ ထွက် ထွက်ချင်လဲ ထွက် နဲ့ ထန်းဝမှာ အိုးတွေတပ်တပ်ပြီး နေ့စဉ်လှီးနေတော့ ထန်းရေတွေက တိုးနေတာပေါ့ ဒကာတော် "

“ ငါတို့ ရဟန်းသံဃာဆိုတာကတော့ ဝိပဿနာဓူရ ၊ ဂန္တန္တရဓူရ အစရှိတဲ့ ကျမ်းဂန်တွေကို ဖတ်ရှုမှတ်သားရ ၊ ဟောပြောရ ၊ ဝိပဿနာတွေ ကျင့်သုံးပြီး ဘာဝနာကမ္မဋ္ဌာန်းတွေ စီးဖြန်းတဲ့အလုပ်တွေ လုပ်ရနဲ့ လူတွေလို ကျင့်တဲ့ အကျင့်အကြံ အတွေးများကို စိတ်ကူးဖို့တောင် အချိန်မပေးနိုင်ပါဘူး ဒကာတော် ။ အဲသည်တော့ ငါတို့မှာ ထန်းပင်ရိုင်းနှင့် ပင် တူနေပါတယ် ။ ထန်းပင်ရိုင်းဆိုတာက သူ့ကို လှီးမည့် ဖြတ်မည့် သူကလည်း မပေါ်လာ ၊ နေ့စဉ်နေ့တိုင်းလည်း ဘယ်သူကမှ ဂရုမစိုက်နဲ့ ထန်းရေ ထွက်စိမ့်ငှာ မလုပ်ဆောင်နိုင်ကြလေတော့ ဒီလိုနဲ့ပဲ ထန်းနို့တွေဟာ ခြောက်ခြောက်ပြီး ကြွေကျကုန်ကြရတာပါပဲ ။ အဲသည်လိုသာ မှတ်ပါတော့ ဒကာတော် ရေမြေ့ရှင် ”

“ ငါတို့ဘဝကို ထန်းပင်ရိုင်းနှင့်နှိုင်းပြီး လူဝတ်ကြောင်ဘဝကို ထန်းပင်အယဉ်နှင့် နှိုင်းလိုက်ရင် စင်စစ်တော့ ငါတို့တစ်တွေဟာ ပုဆိုးကြောင်လူ ဒါယကာ တို့လို မအီမသာ မပင်ပန်းကြပါဘူး ။ ထန်းပင်ရိုင်း ရွှေတဖို ဟာ ရေချို ခန်းသလိုပေါ့ ဒကာတော်မင်းမြတ် ” ဟူ၍ မိန့်တော်မူသောအခါ နန်းတော်အတွင်း ဆွမ်းကျွေးသဘင်သို့ ကြွရောက်လာကြသော ရဟန်းသံဃာတော်များနှင့် နန်းတွင်းသူ နန်းတွင်းသား မှူးမတ်အများတို့သည် အားရရွှင်လန်း ပီတိလွှမ်း၍ သောသောညံ ရယ်မောလျက် မင်းတုန်းမင်းတရားကြီးကိုယ်တော်တိုင်ပင်လျှင် ရာဇဣ‌ေန္ဒြတော်မျှ မဆည်နိုင်ဘဲ ရယ်ရွှင်အားရလျက် ရှိနေပေတော့သတည်း ။

◾အောင်ခင်စိုး

📖 မင်းတုန်းမင်းကြီး ၏ အတွင်းရေးများ

koaungnaingoo.blogspot.com

.

No comments:

Post a Comment