❝ လောကဟိတ ဂမ္ဘီရ ❞
တစ်နေ့သ၌ ကျွန်ုပ်သည် အကြောင်း မည်မည်ရရ မရှိဘဲ အပျင်းပြေ သဘောနှင့် သန်လျင် ဘက်သို့ ခရီးထွက်ခဲ့လေ၏ ။ သန်လျင် သို့ရောက်လျှင် သဘောင်္ဆိပ် အနီးရှိ က̶̶ု̶̶လ̶̶ာ̶̶း̶ဆိုင် တစ်ဆိုင်၌ ဘာဂျီကြော် နှင့် ထမင်းထုပ် တစ်ထုပ် ကို ဝယ်ယူ၍ ကျိုက်ခေါက်ဘုရား သို့ ခရီးထွက်ခဲ့လေ၏ ။ ကျိုက်ခေါက်ဘုရား သို့ ရောက်လျှင် ဘုရားဖူးခြင်း ၊ ပုတီးစိပ်ခြင်း စသော အလုပ်များကို လုပ်ပြီးနောက် အရိပ်ကောင်းကောင်း နေရာ၌ ထိုင်လျက် ထမင်းထုပ် ကို ဖြေ၍ တစ်ယောက်တည်း မြိန်ရှက်စွာ စားသောက်ခဲ့လေ၏ ။ ထမင်းထုပ် အတွင်း၌ ကိုရွှေကုလား၏ စေတနာပို၍ ထည့်ပေးလိုက်သော ငရုတ်သီးစိမ်း နှင့် ဆားအနည်းငယ် ပါရှိလေရာ ကျွန်ုပ် သည် ငရုတ်သီးစိမ်း ကို ချွတ်ခနဲ ချွတ်ခနဲ ကိုက်၍ ဆားဖြင့် တို့ကာ ထမင်းလုတ် အတွင်း၌ မြှုပ်၍ လွေးရသည်မှာလည်း အရသာ ရှိလှပေ၏ ။
ထိုသို့ တစ်ယောက်တည်း ပျော်ပွဲစားနေစဉ်၌ ကျွန်ုပ်သည် ငယ်စဉ်ကလေးဘဝ က ဖတ်ခဲ့ဘူးသော စာအုပ်တစ်အုပ် ကို မမျှော်လင့်ဘဲ အမှတ်ရမိလေ၏ ။ ထိုစာအုပ်ကား “ လောကဟိတ ဂမ္ဘီရ ” ဟူသော မှတ်သားစရာများ ဟိုမှ သည်မှ စပ်ပေါင်းထည့်ထားသည့် ကျမ်းဖြစ်ပေသည် ။
ထိုကျမ်း သည် ဆီးပူညောင်းကျ ပျောက် ဆေးနည်း လည်း ပါ၏ ။ နွားလားဥဿဘ ဗေဒင်ဟောကိန်း လည်း ပါ၏ ။ ကဝါဋ္ဌမိုင်း အတ္ထုပ္ပတ္တိ လည်း ပါဝင်၏ ။ သင်္ကြန်တွက်ရိုး လည်း ပါဝင်၏ ။ သို့ရာတွင် အထက်က ဖော်ပြခဲ့သော အထက်ပါ အကြောင်းအရာများကို ကျွန်ုပ် သည် မှတ်မိခြင်း မရှိဘဲ ထိုကျမ်း ၏ စာမျက်နှာ ၁ဝ၈ တွင် ပါရှိသည့် ဇော်ဂျီသိုက် ဆိုသည်ကိုသာ အသည်းစွဲအောင် မှတ်မိ၍ နေ၏ ။ ထို ဇော်ဂျီသိုက် ၌လည်း အကြောင်းအရာ အမြောက်အမြားစွာ ပါရှိသည့် အနက် အောက်၌ ဖော်ပြလျက်ရှိသော အကြောင်းအရာကိုသာ စွဲမြဲစွာမှတ်မိ၍ နေ၏ ။
သန်လျင်မြို့က ကျိုက်ခေါက်ဘုရား ကို တက်၍ သွားသော် မနီးမဝေးအရပ်၌ ဘုရားနှစ်ဆူ ရှိ၏ ။ ထိုဘုရားနှစ်ဆူ အောက်တွင် ဥမင်ရှိသည် ။ ထိုဥမင် ၌ ဇော်ဂျီ ရှိ၏ ။ ထိုဘုရားနှစ်ဆူ အရင်းတွင် ဇော်ဂျီ သည်
တစ်စုံတစ်ခု လုပ်၍ နေသည် ။ ရလိုသော် အရှေ့တံခါးကို ဖွင့်၍ ဝင်လျှင် မြင်ရ၏ ။ မြင်သော် မရယ်မပြုံးပါနှင့် ၊ ရယ်ပြုံးမိသော် မျက်စိမိုက်၏ ။ လင်းစေလိုသော် ပန်းပေါက်ပေါက် တို့ဖြင့် ပူဇော်၍ ထို ဆရာဇော်ဂျီ ပြုံးဘိသကဲ့သို့ မြင်စေလိုသော် “ မေဃမဟာကပ္ပိ ” ဤမန္တန်ဖြင့် သုံးခွန်းခေါ် ၊ လက်ဆယ်ချောင်း တို့ဖြင့် ရှိခိုးပြီးလျှင် အလိုရှိတိုင်း တောင်း၍ ယူလေတော့ ၊ ဆရာဇော်ဂျီ က ပေးသည် ။ ဤဇော်ဂျီ သည် ဘုရားကို ပြုပြင်သောသူ ဖြစ်ပေသည် ။
ကျွန်ုပ်လည်း အထက်ပါ စာကို သိရသည့်အခါ စမ်း၍ ကြည့်ဦးမှပဲဟု စိတ်ကူးလျက် ထမင်းကို ကပျာကယာ စား၍ အနီးရှိ ရေကို သောက်၍ လက်ဆေးကာ ထမင်းထုပ်ပေးသော ဖက်အောက် မှ သတင်းစာ စက္ကူဖြင့် လက်ကို သုတ်ကာ ဆေးပေါ့လိပ်ကို မီးညှိ၍ ဖွာပြီးလျှင် စာ၌ ပါရှိသော မန္တန်ကို ရွတ်ဆိုရန် အတွက် ကျိုက်ခေါက်ဘုရား အနီးမှ စေတီနှစ်ဆူ ကို ရှာဖွေရာ စေတီပျက်ကလေး နှစ်ဆူ လွယ်ကူစွာပင် တွေ့ရလေ၏ ။
ထို့ကြောင့် ကျွန်ုပ် သည် ထိုအပင်အနီး၌ အောက်ပါ မန္တန်ကို ဌာန်နှင့်မာန်နှင့် ရွတ်လေတော့၏ ။
ဥုံ မေဃ မဟာကပ္ပိ
ဥုံ မေဃ မဟာကပ္ပိ
ဥုံ မေဃ မဟာကပ္ပိ
ကျွန်ုပ်သည် မေဃမဟာကပ္ပိ မန္တန် ကို ရွတ်ပြီးနောက် အခြေအနေ ထူးခြားခြင်း ရှိ မရှိကို အကဲခတ် ကြည့်ရှုရာ မည်သို့မျှ ထူးခြားခြင်း မရှိသဖြင့် အလကား စာတွေပါ ။ ပေါက်တတ်ကရတွေ လျှောက်ရေးထားတာပါ ဟု တစ်ကိုယ်တည်း ရေရွတ်ရင်း ကျိုက်ခေါက်စေတီတော် ပေါ်သို့ ပြန်၍ တက်လာလေ၏ ။
စေတီပေါ်သို့ ရောက်လျှင် ဆေးလိပ်သောက်ရင်း အမောအပန်း ဖြေကာ လွယ်အိတ် အတွင်းမှ စာအုပ်တစ်အုပ် ကို ထုတ်၍ ဖတ်နေခဲ့လေ၏ ။ ထိုအချိန်၌ ဖိုးသူတော်ကြီး တစ်ဦး သည် ဘုရားဖူး ရောက်ရှိလာပြီးလျှင် ထမ်းပိုးဆိုင်းထမ်းများကို ချလျက် ဘုရားရှိခိုးကာ ယင်း၏ ငွေရောင် ကြေးစည်ကလေးကို ထုရင်း မေတ္တာပို့လေ၏ ။ ထိုသို့ မေတ္တာပို့ပြီးနောက် အသံသာသော သူ၏ ကြေးစည်ကလေး ကို သုံးချက်တိတိ တီးလိုက်ပြီးနောက် အောက်ပါ ဂါထာကို ဆိုလေ၏ ။
တောကြီးသုံးတောင် ၊ တောင်ကြီးခုနှစ်လုံး ငါခေါင်းအုံး၏ ။
( နောင် - ဝေ - ဝေ )
ငါ့အမျိုးကား နဂါးမင်း ၊ အဟံဝန္တိ ငါ့အဆိပ်ကား မြင်းမိုရ်တောင်တည်း ။
( နောင် - ဝေ - ဝေ )
ကြေးစည် ထု၏ ။
ငါ့အဖေကား ဇော်ဂျီဖြစ်သတည်း ။
( နောင် - ဝေ - ဝေ )
ကြေးစည် ထု၏ ။
နင့် အတတ်ကား အတတ်မဟုတ် ။ မြေတွင်မြှုပ်၏ ။
ငါ့ အတတ်ကား မိုးကြိုးစက်သွား ယန္တရားသို့ ခြောက်ပါးအညီ ကြွလေပြီ ။ သစ်ကိုရွယ်လည်း သစ်ကြီးဖောင်ဖောင် ကျိုးသတည်း ။
(နောင် - ဝေ - ဝေ )
ကြေးစည် ထုပြန်၏ ။
မြေကိုရွယ်လည်း မြေကြီးအောက်ထပ် ဘဝဂ်ပြောင်းပြန် သန္တာလန်၏ ။
( နောင် - ဝေ - ဝေ )
ကြေးစည် ထုပြန်၏ ။
ဘုရားဖူး ရောက်လာသော ဖိုးသူတော်ကြီး သည် ဆိုလိုက် ၊ ကြေးစည် တီးလိုက် ရှိလေ၏ ။ ယင်း၏ ကြေးစည်မှာလည်း ကြေးရောင် မဟုတ်ဘဲ အဖြူရောင် ဖြစ်နေသဖြင့် ငွေ ဖြင့် ပြုလုပ်ထားခြင်း ဖြစ်မည်ဟု ယူဆရပေသည် ။ ကြေးစည် ၏ အသံမှာ လွန်စွာ သာယာနာပျော်ဖွယ် ရှိလှပေသည် ။
ကျွန်ုပ်လည်း ဖိုးသူတော်ကြီး ၏ ကြေးစည်ကို စိတ်ဝင်စားသဖြင့် မေးမြန်မိလေ၏ ။
“ ဦးသူတော်ကြီး ကြေးစည်ကို ငွေ နဲ့ ထုထားသလား ”
“ ငွေ နဲ့ လုပ်ထားတော့ ဟုတ်တာပေါ့ဗျာ ။ ဒါပေမဲ့ ရိုးရိုး ငွေ တော့ မဟုတ်ဘူးဗျ ၊ ငွေယား ကို နာဂမောက် ၊ နာဂသိန်း ၊ နာဂမ ၊ နာဂမှိုင်း ၊ နာဂထ ဆိုတဲ့ ငါးမျိုး နဲ့ ငါးကြိမ် ထိုးတဲ့ ငွေ နဲ့ လကွယ် ကနေ လပြည့်နေ့ အတွင်း ပြီးအောင် ထုထားတဲ့ နာယကဂုဏ် ကို ဖြစ်စေတဲ့ ငွေစည် ဗျ ၊ ကြေးစည် မဟုတ်ဘူး ” ဟု ဖိုးသူတော်ကြီးက ပြောလေ၏ ။
“ တယ်ဆိုတဲ့ စာပါလား ” ဟု ကျွန်ုပ် က ပမာမခန့် ပြန်ပြောလိုက်ရာ ဖိုးသူတော်ကြီး က မျက် မှောင်ကြုတ်၍ စဉ်းစားလိုက်ပြီးနောက် ...
“ တယ်ဆိုတဲ့ စာပါလားတဲ့ ဟုတ်လား ၊ ဒီစကားကို နိမိတ် ကောက်ရရင် ကိုယ့်လူက စာဆိုတော် ဟဲဟဲ စာရေးဆရာ တစ်ယောက်ဖြစ်ရမယ် ” ဟု ပြောလိုက်ရာ ကျွန်ုပ်လည်း မျက်လုံးပြူးရလေတော့၏ ။
“ ဟောလိုက်တာ ဒက်ထိ ပါပဲ ” ဟု ကျွန်ုပ်က ပြောလိုက်ပြန်ရာ ဖိုးသူတော်ကြီး က
“ ဒက်ထိ ဟုတ်လား ။ ဒက် စနေ ၊ ထိ စနေ ၊ စနေ နှစ်လုံး ပါလား ။ ဟဲ ဟဲ မဟုတ်မှ လွဲရော ကိုယ့်ဆရာ က အလုပ် နှစ်ခု နဲ့ပဲ ၊ စာရေးဆရာအလုပ် အပြင် အခြား အလုပ် တစ်ခု ရှိပါသေးလား ” ဟု ပြောပြန်၏ ။
“ ဟ .. မှန်လှချည်လား ဦးသူတော်ကြီး ” ဟု ကျွန်ုပ်ကဆိုပြန်ရာ ဖိုးသူတော်ကြီး က ...
“ ဟ ... ဆိုတဲ့ အာမေဍိတ် က ' ဟတ္တ ' သဒ္ဒါ ကို ဆိုတာပဲ ။ ဟတ္တ ဆိုတာ လက် ပဲ ၊ လက်သမား အလုပ်လား ။ မဟုတ်နိုင်ဘူး ။ ဟ ... နောက် မှ မှန်လှချည်လား ဆိုတဲ့ စကားဆက်ပြီး လာတယ် ။ လက် နဲ့ မှန် ဆိုတဲ့ စကား နီးစပ်နေတယ် ။ လက် ကို မှန်လို ကြည့်တဲ့ လက္ခဏာဆရာ အလုပ်လည်း လုပ်တယ်ထင်တယ် ”
“ နိမိတ်ကောက်ပုံ တယ်ပြီး နေရာကျပါလား ၊ အယူတော်မင်္ဂလာ ဦးနိုး ကျနေတာပဲ ” ဟု ကျွန်ုပ်ကပြောလိုက်ရာ ဖိုးသူတော်ကြီး က ... “ နိမိတ်ကောက်ပုံ တယ်ပြီးနေရာကျပါလား ” တဲ့ ။ “ နိမိတ်တဘောင် ဆိုတာက အထည်လို ဒြပ် မရှိတဲ့ အရာကို ဖော်ပြတယ် ။ ကောက် ဆိုတဲ့စကား နဲ့ တယ်ပြီး နေရာကျပါလား ဆိုတဲ့ စကားဟာ နေရာကို တွေ့တဲ့သဘော ။ အယူတော်မင်္ဂလာ ဆိုတာက ယူမယ် ဆိုတဲ့ သဘော ။ ဦးနိုး ဆိုတာကတော့ မအိပ်တဲ့ လူ ၊ ဘယ်တော့မျှ မအိပ်တဲ့ လူဟာ ဦးနိုး ပဲ ။ ဒါတွေကို စုပေါင်းပြီး စဉ်းစားလိုက်ရင် ဘယ်တော့မျှ မအိပ်တဲ့သူ ၊ တစ်နည်းဆိုရရင် မသေတဲ့ အသက်ရှည်တဲ့ အထည် လို ဒြပ်လို လည်း တကယ် မရှိတဲ့ ဇော်ဂျီ လို ပုဂ္ဂိုလ်မျိုး ဒီနေရာမှာ ရှိတယ်ဆိုတဲ့ သတင်းရပြီး သူ့ ဆီက တစ်ခုခု တောင်းယူဖို့ လာခဲ့တာနဲ့ တူပါရဲ့ ” ဟု ပြောလိုက်ရာ ကျွန်ုပ်သည် အသက်ရှူ ရပ်လုခမန်း အံ့ဩ၍ သွားလေတော့၏ ။
“ ဖိုးသူတော်ကြီး မှန်ပါတယ် ။ လာတုန်းကလည်း အဲဒီ စိတ်ကူးနဲ့ လာခဲ့တာ မဟုတ်ပါဘူး ။ ဒီရောက် မှ ငယ်ငယ်တုန်းက ဖတ်ဖူးတဲ့ စာကို သတိရလို့ ဇော်ဂျီ လာစေတယ် ဆိုတဲ့ မန္တန်တော့ ရွတ်မိပါရဲ့ ” ဟု ကျွန်ုပ် က တောင်းပန် တိုးလျှိုးသော လေသံဖြင့် ပြောလိုက်ရာ ဖိုးသူတော်ကြီး က ... “ ဒါဖြင့် ကျုပ် ပြောတာ မှန်တယ်ပေါ့ ” ဟု ဆိုပြန်သည် ။
“ မှန်ပါတယ် ၊ ကျွန်တော်စာရေးဆရာ လည်း လုပ်ပါတယ် ၊ လက္ခဏာဆရာ လည်း လုပ်ပါတယ် ” ဟု ပြောလိုက်ရာ ဖိုးသူတော်ကြီးက ...
“ လက္ခဏာဆရာ ဆိုရင် ကျုပ်ရဲ့လက်ကို ကြည့်ပြီး ဟောစမ်း ” ဟုဆိုကာ သူ၏ လက်ဝါးကြီးကို ကျွန်ုပ်အား ဖြန့်၍ ပြလေ၏ ။ ကျွန်ုပ်လည်း ဖိုးသူတော်ကြီး ၏ လက်ဝါးကို ဖြန့်ကြည့်လိုက်ပြီး နောက် ..
“ ဖိုးသူတော်ကြီးရဲ့ ဉာဏ်လမ်းကြောင်း က ရှည်တော့ ဉာဏ် ကောင်းမယ် ၊ ကံလမ်းကြောင်း က ရှည်တော့ ကံလည်း ကောင်းတယ် ။ အသက်လမ်းကြောင်း က ရှည်တော့ အသက် လည်း ရှည်မယ် ” ဟု ကျွန်ုပ်က ပြောလိုက်ရာ ဖိုးသူတော်ကြီး က ... “ အသုံးမကျတဲ့ လက္ခဏာဆရာ ပဲ ၊ ဉာဏ်လမ်းကြောင်း က ရှည်တော့ ဉာဏ်ကောင်းမယ် ၊ ဒါတော့ ကလေးတောင် သိတယ် ။ ကံလမ်းကြောင်း ရှည်တော့ ကံကောင်းမယ် တဲ့ ၊ ဒါတော့ ကိုယ့်လူ ပြောမှလား ၊ ဒါပဲ တတ်သလား ” ဟု ကျွန်ုပ်အား နှိမ့်ချ၍ ပြောလေ၏ ။
“ လက္ခဏာကျမ်းတွေမှာ ဒီလိုပဲ ပါတာပဲ ” ဟု ကျွန်ုပ် က ပြောရာ ဖိုးသူတော်ကြီး က ..
“ ကိုယ့်လူ ဘယ်လို လက္ခဏာကျမ်းတွေ ဖတ်သလဲ ” ဟု ပြန်မေးခွန်းထုတ်လေ၏ ။
“ ကိုင်ရို ကို အများဆုံး ဖတ်ပါတယ် ”
“ ကိုင်ရို ဆိုတာ ဘယ်သူလဲ ” ဟု ဖိုးသူတော်ကြီး က ပြန်၍ မေးလိုက်လေ၏ ။
“ ကိုင်ရို ဆိုတာ ကမ္ဘာကျော် လက္ခဏာ ဆရာကြီးပေါ့ ” ဟု ကျွန်ုပ် က ဖြေလိုက်ရာ ဖိုးသူတော်ကြီး က “ သူ့ရဲ့ကျမ်း က ဒီလိုပဲ ရေးထားသလား ” ဟုမေးလေ၏ ။ “ ဟုတ်ပါတယ် ၊ ဒီလိုပဲ ရေးထားပါတယ် ” ဟု ကျွန်ုပ်က ပြောလျှင် ယင်းဖိုးသူတော်ကြီး က လေးနက်စွာ စဉ်းစားပြီးနောက် ...
“ ဒီလိုဖြစ်လိမ့်မယ် ၊ ကိုင်ရိုဟာ လက္ခဏာပညာ အပြင် တခြားပညာရပ်တွေ ဥပမာ လောကီပညာလို ဟာမျိုးတွေကိုပါ လေ့ကျင့်တတ်မြောက်ထားလိမ့်မယ် ။ အဲဒီ ပညာရဲ့ အကူအညီနဲ့ ဟောပြောတာ ဖြစ်နိုင်တယ် ။ ဒါကြောင့် ကမ္ဘာကျော်တာ ဖြစ်မှာပါပဲ ။ သူ့လို လေ့ကျင့်မထားပဲ သူ့ရဲ့ ကျမ်းစာအုပ်ကလေး ကြည့်ပြီး ဟောရုံနဲ့တော့ တယ်ပြီး နေရာကျမှာ မဟုတ်ပါဘူး ” ဟုပြောလေ၏ ။
ထိုအခါ၌ ကျွန်ုပ် သည် လွယ်အိတ်အတွင်း အဆင်သင့် ပါလားသော လက်ဝါးပုံစံ တစ်ခု ကို ထုတ်၍ ဖိုးသူတော်ကြီး ရှေ့သို့ ချကာ ...
“ ဟောဒီ လက်ပုံစံကို ကြည့်ပြီး ဟောစမ်းပါဦး ” ဟု ပြောလိုက်လေ၏ ။
ဖိုးသူတော်ကြီး သည် လက် မအရင်း သောကြာဂြိုလ်ခုံ အထက်နားဆီသို့ လက်ဖြင့်ထောက်ကာ... “ တနင်္ဂနွေဂြိုလ်ကြီး ကလည်း တယ်ကောင်းပါလား ” ဟု ဆိုလေ၏ ။
“ သောကြာဂြိုလ်ခုံ မဟုတ်လား ဦးသူတော်ကြီး ရဲ့ ” ဟု ကျွန်ုပ် က ပြောလိုက်ရာ ယင်းက ...
“ ဘယ်ကသာ သောကြာ ရမှာလဲ ၊ သောကြာ က အောက်ဘက်ကို ပြောတာ ၊ အပေါ်ဘက်က တနင်္ဂနွေ ” ဟုဆိုလေ၏ ။ ထို့နောက် လက်ညိုးနေရာကို သေချာကြည့်ပြန်၏ ။
“ အလွန် ကောင်းတာပဲ ” ဟုဆိုကာ ခေါင်းတဆတ်ဆတ်ညိတ်၍ ဉာဏ်လမ်းကြောင်း နှစ်ခွ ဖြစ်နေပုံ ၊ ယင်းအနီး၌ ကံလမ်းကြောင်း တက်နေပုံ ၊ ထိုလမ်းကြောင်း၌ ငါးရုပ်သဏ္ဌာန် ဖြစ်နေပုံ တို့ကို ကြည့်ရှုပြီးလျှင် ... “ သူက ဘာလဲ ၊ ပြဇာတ်အလုပ် လုပ်သလား ။ လူသိများတဲ့ လူထဲမှာ ပါတာပဲ ။ စစ်ဘက် မှာလည်း လုပ်တဲ့လူနဲ့ တူတယ် ။ ( အင်္ဂါဂြိုလ်ခုံကို လက်ညှိုးဖြင့်ထောက်၍ ) ခရီးလည်း မကြာခဏ သွားတဲ့လူပဲ ” ဟု ပြောလေသည် ။
ဖိုးသူတော်ကြီး ၏ တွေးဆချက် များသည် မှန်ပေသည် ။ ထို လက္ခဏာရှင်ကား ပြဇာတ်လည်း လုပ်၏ ။ ခရီးလည်း သွား၏ ။ စစ်ဘက်၌လည်း အမှုထမ်း၏ ။ ထို့နောက် လက်ချောင်းကလေးများကို ပြန်ကြည့်ကာ ...
“ မိဘတွေ မရှိရှာတော့ဘူး ” ဟု ပြောပြန်၏ ။
ကျွန်ုပ်က ... “ ဘာကို ကြည့်နေတာလဲ ” ဟုမေးရာ ဖိုးသူတော်ကြီး က...
“ ဒီလို ကြားဖြတ်မေးလို့ ကိုယ့်လူအတွက် ဘယ် အကျိုး ရှိမလဲ ။ ကိုယ့်လူ နားလည်ထားတာ နဲ့ ကျုပ်နားလည်ထားတာ မတူဘူး ။ ဂြိုလ်တွေ နေပုံကို မတူဘူး ။ ကဲ ... ကျုပ်တစ်ခု ပြောမယ် ၊ သူ့ လက်ကြီးကို ကြည့်စမ်း ၊ ရှည်သွယ်တဲ့ အမျိုးအစားရော ၊ လေးထောင့်ကျတဲ့ အမျိုးအစားရော ။ ရောထွေး မနေဘူးလား ။ ရောထွေးနေတာမှ လမ်းကြောင်း ပုံစံတွေကလည်း ခပ်ရောရောပဲ ။ တိကျတဲ့ သဘောတွေလည်း ပါတယ် ။ စိတ်ကူးယဉ်ဆန်တဲ့ သဘောတွေလည်း ပါတယ် ။ တစ်နည်းပြောရရင် ဘုန်းကြီးကျောင်းတွေမှာ မကြာခဏ စားရလေ့ရှိတဲ့ ဟင်းလေးအိုးကြီး နဲ့ တူတယ် ။ ခပ်လွယ်လွယ်ပြောရရင် ဟင်းလေးအိုးကြီး လက်ပဲ ” ဟု ပြောလေ၏ ။
“ မဟုတ်နိုင်တာပဲ ဦးသူတော်ရယ် ၊ ဟင်းလေးအိုးလက်ပုံစံ ဆိုတာ ကျွန်တော်ဖြင့် မကြားဖူးပေါင်ဗျာ ” ဟု ကျွန်ုပ်ကပြောလိုက်ရာ ဖိုးသူတော်ကြီး က သဘောကျစွာ ရယ်မောလျက်
“ စုပေါင်းစပ်ပေါင်းဖြစ်နေတဲ့ သဘောကို ပြောတာ ကိုယ့်လူ အင်္ဂလိပ် လို ပြောမှ သဘောပေါက် မယ့် လူမျိုးလား ” ဟု ကျွန်ုပ်အား ခပ်ငေါ့ငေါ့ ပြောလေ၏ ။
ထိုသို့ ပြောပြီးနောက် လက်ပုံစံရှင် ၏ မွေးသက္ကရာဇ်ကို မေးသဖြင့် ကျွန်ုပ်က ပြောပြရလေ၏ ။ ထိုအခါဖိုးသူတော်ကြီး က ... “ ဒီလိုဆိုရင် ဒီလက်ပုံစံဟာ မကြာသေးခင်က အောင်မြင်မှုတစ်ခု ရရှိခဲ့ပြီပဲ ” ဟု ဟောကိန်း ထုတ်လေ၏ ။
“ ဘာမျှ မအောင်မြင်သေးပါဘူး ဖိုးသူတော်ကြီး ” ဟု ကျွန်ုပ်က ငြင်းရာ ဖိုးသူတော်ကြီး က ...
“ မဖြစ်နိုင်ပါဘူး တစ်ခုခု အောင်မြင်ရမယ် ” ဟု ဟောပြန်လေ ။ ထိုအချိန်မှ စ၍ ကျွန်ုပ်က “ မအောင်မြင်ပါဘူး ဖိုးသူတော်ကြီးရယ် ” “ အောင်မြင်ပါတယ် ” နှင့် ငြင်းခုံရာမှ အစပြု၍ စကားအပေါက်အလမ်း မတည့်ဖြစ်ကာ ကျွန်ုပ်လည်း ပြန်ခဲ့လေတော့၏ ။
ကျွန်ုပ် ရန်ကုန် သို့ ပြန်ရောက်သည့်အခါ၌ ဖိုးသူတော်ကြီး ကို ပြခဲ့သော လက္ခဏာရှင် နှင့် ပက်ပင်းတွေ့ဆုံခဲ့လေ၏ ။ ကျွန်ုပ် က ဖိုးသူတော်ကြီး ဟောပြောခဲ့ပုံကို အသေးစိတ် ပြန်လည်ပြောပြရာ လက္ခဏာရှင် က ...
“ ဖိုးသူတော်ကြီး ဟောတာ အမှန်ပဲ ” ဟု ပြောလေ၏ ။ “ ခင်ဗျားက ဘာတွေ အောင်မြင်လို့လဲ ” ဟု မေးရာ ယင်း လက္ခဏာရှင် က ...
“ ဆယ်တန်း အောင်တယ်လေဗျာ ” ဟု ပြောလေ၏ ။
“ ခင်ဗျား ကျောင်းတက်တာလည်း မတွေ့ရဘဲ ဘယ်လို အောင်တာလဲ ” ဟု ကျွန်ုပ်ကမေးရာ ယင်းက “
စာမွေးပွဲ အောင်တာလည်း ခင်ဗျားကျေးဇူးပါပဲ ။ ခင်ဗျားအိမ် လာတုန်းက စာမွေးပွဲမှတ်စု ရောင်းတဲ့ လူတစ်ယောက်က မှတ်စုစာအုပ်ကို ခင်ဗျားရဲ့ ကန်တော့ပွဲမှာ လှူသွားတယ်လေဗျာ ။ ကျုပ် အဲဒီစာအုပ်ကို ယူပြီး နည်းနည်းပါးပါး ပြန်ရွေးပြီး ဖြေခဲ့တာ အောင်သွားတယ်ဗျ ။ အခု စာပေးစာယူ တက်နေပြီ ။ ပြီးတော့ တပ်ကလည်း ဆုငွေတွေ ထုတ်ပေးတယ်လေဗျာ ။ အဲဒါကြောင့် ကလေးကိုတောင် သွားပြီး ရှင်ပြုပေးလိုက်သေးတယ် ။ ဖိုးသူတော်ကြီး ပြောတာ မှန်တာပေါ့ဗျာ ” ဟု ရယ်ကာ မောကာနှင့် ပြောဆိုလေ၏ ။
“ ခင်ဗျားနှယ်ဗျာ ၊ ဒီလောက်အလုပ်များတဲ့ အထဲက ကျောင်းတက်နိုင်သေးတာ အံ့ပါရဲ့ ” ဟု ကျွန်ုပ်က ချီးကျူးလိုက် မိလေ၏ ။
ထို့နောက်တွင်ကား ကျွန်ုပ်သည် လက္ခဏာပညာ၌ ထက် မြက်လှသော ဖိုးသူတော်ကြီး ကို ရှာဖွေရန် သန်လျင် သို့ တစ်ခေါက် ပြန်ခဲ့လေတော့သတည်း ။
မှတ်ချက် ။ ။ လက္ခဏာရှင်မှာ စာရေးဆရာ ပျဉ်းမနားမြင့်လှိုင် ဆိုသူ ဖြစ်လေသတည်း ။
◾မင်းသိင်္ခ
📖မင်းနန်သူ နှင့် ဂမ္ဘီရလောက ဝတ္ထုတိုများ
koaungnaingoo.blogspot.com
.
No comments:
Post a Comment