Thursday, October 14, 2021

လူရွှင်တော် မိတ္တူ


 

❝ လူရွှင်တော် မိတ္တူ ❞

ကျွန်တော် ငယ်စဉ်အခါက ကျွန်တော် ပွဲ မကြည့်ချင်တဲ့ နေရာပေါ့ ။ ကျွန်တော့် အဖေတွေ က တဲ့ ၊ ပန်းတဉ်းတန်း ရွှေပြား ၊ ရွှေသင်္ကန်း ကပ်လှူ တဲ့ ပွဲမှာ ၊ ကျွန်တော်လူရွှင်တော် ဖြစ်စ အချိန်မှာ တေးသံရှင် ခင်မာချိုအငြိမ့် နဲ့ အဲဒီ နေရာမှာပဲ အငြိမ့် ပြန် ကရတယ် ။

အဖေ ပြီးတော့ သား အလှည့်ပေါ့ ။ “ က ” တာမှဗျာ .. မကြာခဏ ပါပဲ ။ ဒီတစ်ခါတော့ ကျွန်တော် မရှက်တော့ပါဘူး ။

ကျောင်းတုန်းက လူပြက်သား ၊ လူပြက်သား လို့ စကြ ၊ ပြောင်ကြ ၊ နောက်ကြ တဲ့ ကောင်တွေ ၊ ကောင်မလေးတွေ ကျွန်တော်တို့ ရဲ့ အငြိမ့်စင်ရှေ့အောက် မှာ ကျွန်တော့် ကို ပြန်ကြည့်နေရပြီလေ ။

ကျွန်တော့် အမေ နဲ့ ကျွန်တော်တို့ ထိုင်တဲ့ နေရာလေးမှာ ကျွန်တော့် အမေ ရယ် ၊ သူ့ချွေးမ ( ကျွန်တော့် မိန်းမ ) ရယ် ၊ သမီးရယ် .. ( အဲဒီတုန်းက သားသမီး တစ်ယောက်ပဲ ရသေးတယ် ။ ) ပေါ့ .. ။

မှတ်မှတ်ရရ ကျွန်တော့် ကို အရိုက်ကြမ်းတဲ့ ဆရာမ ဒေါ်ကျင်စီ နဲ့ ဆရာမ ဒေါ်တင်နု ပါ ပွဲလာကြည့်ကြတယ် ။

ပွဲပြီးတော့ ...

“ ငါ့တပည့် ကြိုးစား ... အများကြီး အလားအလာ ရှိတယ် ။ S.H.S 2 ထွက် အနုပညာသမား တစ်ယောက်တော့ တိုးပြီပေါ့ ”

တဲ့ ။ အဲ.. နောက်တစ်ဦး ထပ်တိုးလာတယ် ။

သူ့ နာမည် က ဧရာ ။

ကျွန်တော်တို့ ဗားကရာ မှာ အငြိမ့် ကတော့ သူက အရန်မီးသတ်ဝတ်စုံ ၊ ခရာ တရွှီရွှီ မှုတ်ပြီး ၊ ကားတွေလမ်း ရှင်းနေရတာ ။

တစ်ည သူပါ အငြိမ့် ကချင်တယ် လာပြောတော့ ကိုယ်ချင်းစာတယ်လေ ။ ကိုယ်လည်း အောက်ခြေက လာတာဆိုတော့ ခက်တာက သူ့ အတွက် တောင်ရှည်ပုဆိုး မရှိဘူး ။

ပြီးရင် အငြိမ့်ဆရာ ကို ခွင့်တောင်းရဦးမယ် ။ ခေါင်းဆောင်မင်းသမီး ကိုလည်း အကျိုးအကြောင်း ပြောပြထားမှ နို့မို့ဆို မလွယ်ဘူး ။

သူက လက်သံ ပြောင်တယ် ။ တော်ရုံတန်ရုံ လူရွှင်တော် သူ့စင်ပေါ် မတက်ရဲဘူး ။ သူကလည်း အတက် မခံဘူး ။

ဒါပေမယ့် ကျွန်တော် ရအောင် ပြောတယ် ။ အဆင်ပြေသွားတယ် ။ တောင်ရှည်တော့ ပြဇာတ်မင်းသား ဦးမောင်မောင် သူ အိပ်ပျော်နေတုန်း သူ့နောက်ပိုင်း နှစ်ပါးသွား ဝတ်တဲ့ ရွှေတစ်ဆုပ် အဖြူရောင် ကို ခိုးပြီး ပေးဝတ်လိုက်တယ် ။

ကျွန်တော့် ဘဝ ဆရာသမား ဦးတိုင်းကျော် တုန်းက လိုပေါ့ ။ အပေါ်က မီးသတ် အင်္ကျီ ၊ အောက်က ရွှေတစ်ဆုပ် နဲ့ ထွက်လည်း လာရော ၊ ပရိသတ်က ဝိုင်း ဟားရောဗျာ ။ ရယ်တာ မှုတ်ဘူးနော် ။ သူ့ ရပ်ကွက်ပွဲ ဆိုတော့ မလေးစားဘူးလေ ။ အရူး ၊ အပေါကြီး  ။

အို ... စုံနေတာပဲ .. ဒီကောင်ကလည်း မခေဘူး ။ မျက်နှာတော့ ရဲသား ။

ပရိသတ် ကျောပေးတာနဲ့ ပြက်လုံး ၊ တောင်တစ်လုံး ၊ မြောက်တစ်လုံး ၊ သူများ ပြက်လုံးမှန်း မသိ ၊ ကိုယ့် ပြက်လုံးမှန်း မသိတာတွေက လွဲရင်ပေါ့ ။ ကျွန်တော် ပြက် မယ့် ပြက်လုံးတွေထဲက ဖဲ့ပြီး ၊ သူ့ အနား ကပ်ပြော ၊ သူ က ထပြက် ပေါ့ ။ အဲဒီမှာတင် ပွဲပြီးသွားရင် ပြီးရော ပေါ့ဗျာ ။ မပြီးဘူး ၊ ကျွန်တော်တို့ အငြိမ့် ကတဲ့ နေရာ မှန်သမျှ လျှောက်လိုက်တော့တာပါပဲ ။

အံမယ် ... သူက တပည့် မွေးသေးတယ် ။ သူ့ တပည့် က အောင်ပန်း ( ခ ) ရွှင်ပြုံး ။ သမဝန်ကြီးရုံးချုပ် က “ ဝန်ထမ်း ” ၊ သူ့ ပါ ခေါ်လာပြီး ကျွန်တော့် ကို ထပ် အပ်တယ် ။ အဲဒီ အချိန်တုန်းက ဧရာ က ဗဟိုကော်မရှင်ရုံး မှာ ရုံးကား မောင်းနေရတယ် ။ တော်ပါသေးရဲ့ ၊ နှစ်ယောက်လုံးက ဝန်ထမ်းတွေ ဖြစ်နေလို့ ။ ရုံးပိတ်ရက်လောက်ပဲ အငြိမ့် လိုက် ကနိုင်တာ ။ သူတို့ လိုက်လိုက် ကတာ အကြောင်းမှုတ်ဘူး ။ ဇာတ်ဆရာ က သူတို့ အတွက် ပိုက်ဆံ ( ညကြေး ) ပေးတာ မှုတ်ဘူး ။ သူတို့ ပြန်ဖို့ လမ်းစရိတ်တွေ ဘာတွေ က ကျွန်တော် စိုက်ပေးရတာ ။ ပြက်လုံး သင်ပေးရုံတင် မှုတ်ဘူး ဇာတ်ခုံပေါ်မှာ ဖြစ်လာတဲ့ အခြား လူရွှင်တော်တွေ ကိစ္စပါ ရှင်းပေးနေရတာ ။ ရှေ့က မတ်တတ်ရပ်တဲ့ သဘောပေါ့ဗျာ ။

“ ဟေ့ လူတွေ .. ဒါ ကျုပ်လူတွေ ဖိုက် ချင်ရင် ကျုပ်နဲ့ ဖိုက် ၊ သူတို့ကို မထိနဲ့ ”

လို့ ပြောရတဲ့အခါ ပြောရသေးတယ် ။ တစ်ခါကလည်းဗျာ သာယာဝတီမြို့မှာ ပွဲသွားကတော့ ဒီလောက် ဝေးတဲ့ နေရာ ဒီ ကောင်တွေ လိုက်လာဖြစ်အောင် လိုက်လာသေးတယ် ။ ထုံးစံအတိုင်း ပွဲတစ်ည ကပြီ ။ မနက်စောစော ရန်ကုန် ပြန်ဖို့ လမ်းစရိတ် မရှိဘူး ဖြစ်နေတယ် ။ ကျွန်တော့် ညကြေးကလည်း ပွဲပြီးမှ ရှင်းတာ ။ လက်ထဲလည်း တစ်ပြားမှ မရှိဘူး ။ ဘာလုပ်ရမှန်း မသိဘူး ။ ဇာတ်ခုံ နောက်ဖက် မှာ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ပြီး ၊ နောက်ဆုံး ကျွန်တော်ပဲ ရင်းရတော့တာပေါ့ ။ ပွဲသိမ်းကို တစ်ညလုံး ပင်ပန်းပြီး ၊ အိပ်ပျော်နေတဲ့ ယိမ်းသမလေး တွေရဲ့ အိပ်ရာ ခြေရင်းမှာ ရှိတဲ့ မီးလုံး နဲ့ မီးခေါင်းတွေကို ဖြုတ် ။ နောက်တစ်ခါ လောင်းစပေါ့ ( ဇာတ်စင်ရဲ့ ဘယ် ၊ ညာ ကို အပေါ်စီးမှ ထိုးသော မီး ) ထိုးသောမီး ကို အောက်ခြေမှ သုံးလေးကိုက် ဖြတ်ပြီး ၊ ပွဲဈေးမှာ သွားရောင်းပြီး ၊ လမ်းစရိတ်ပေးလိုက်တယ် ။ အဲ .. ညလည်း ကျရော ၊ ယိမ်းမင်းသမီးတွေ မိတ်ကပ်လိမ်းဖို့ မီးကြိုး ၊ မီးလုံး ၊ မီးခေါင်းတွေ မရှိလို့ ပြဿနာ တက်ရော ။ ဆဲကြ ၊ ဆူကြ ၊ မေတ္တာပို့ကြနဲ့ ၊ ဖယောင်းတိုင်လေးတွေ ကိုယ်စီ ထွန်းပြီး မိတ်ကပ် လိမ်းရရှာတယ် ။ သူတို့ ပြဿနာကြီး စခါ စ ရှိသေးတယ် ။ ဇာတ်ဆရာ က မီးဒင်ဘာ ကိုင်တဲ့ မီးဆရာ မုတ်ဆိတ် ကို လက်သီး နဲ့ ထိုးပြန်ရော ။ လောင်းစပေါ့ မီးကြိုးတွေ ခိုးရောင်းရမလား ပေါ့လေ ။ သူ့ခမျာ သူ မလုပ်ရဘဲ နှုတ်ခမ်းတွေ ကွဲ ၊ သွားတွေ ကျိုး နဲ့ ကျွန်တော် တော်တော်လေး စိတ်မကောင်းဖြစ်သွားတယ် ။

ဪ ... “ ကိုယ့်လူတော့ သာစေ ၊ သူများတော့ နာစေ " ဆိုတဲ့ သဘောဟာ မကောင်းပါလားပေါ့နော် .. ကျွန်တော်က တကယ့် ဆရာကြီး တစ်ဆူတော့ မဖြစ်သေးပါဘူး ။ ကျွန်တော် ရတဲ့ မုန့်ထဲက တစ်ဖဲ့စီ ဝေမျှကျွေးတဲ့ သဘောပါ ။ ကျွန်တော့်မှာ ရှိတဲ့ ပြက်လုံး ဆယ်လုံး ကို သူတို့ နှစ်ယောက် လေးလုံးစီပြက် ကျန်တဲ့ နှစ်လုံးပဲ ကျွန်တော် ပြက်ရတာပါ ။ ကျွန်တော် သူတို့ အပေါ်မှာ ငါ့လိုပဲ ဖြစ်ချင်ရှာမှာပဲ ဆိုတဲ့စိတ်လေးနဲ့ ကူညီပေးလိုက်တာပါ ။ ဘာ မျှော်လင့်ချက် မှ မရှိပါဘူး ။ သူတို့လိုပဲ ။ နောက်ထပ် ဂတုံးမကြယ်လေး ( နာမည်ရင်း ကြည်အေး ) ကီလီမှ ာ ဒီဇယ် အရောင်းအဝယ် လုပ်နေတဲ့ သူတို့လည်း ထိုနည်းလည်းကောင်း ပါပဲ ။ လမ်းစလေးတွေ လိုက်ဖောက်ပေးတယ် ။ “ ကျေးဇူးရှင်ကို ကျေးစွပ်တယ် " ဆိုတဲ့ စကားဟာ နိုင်ငံခြားမှာပဲ အသုံးများတာနဲ့ တူပါတယ် ။ ခုတော့ဖြင့် သူတို့လည်း သူတို့လမ်း သူတို့ လျှောက်နိုင်ခဲ့ပါပြီ ။ ကျွန်တော့် အဖေ ရဲ့ဆောင်ပုဒ်လေး အတိုင်း ...

" အဖေ ...အဖေ ပေးတဲ့ ဆန်ရယ် .. ထင်းရယ် .. ရေရယ် ကို ထမင်းတစ်အိုး အဖြစ် ချက်နိုင်ခဲ့ပါပြီ .. ဒါကြောင့် ကျွန်တော့် မိသားစု ထမင်းဝခဲ့ပါပြီ ... အနည်းတူ ကျန်သော သူများကိုလည်း ကျွန်တော် ဆန်ရယ် .. ထင်းရယ် ... ရေရယ်ကို မျှဝေပေးလိုက်ပါပြီ ”

သူတို့ တစ်တွေ တစ်သက်လုံး တစ်ဘဝလုံး ထမင်းအိုး တည်နိုင်ကြပါစေလို့ ....

စာကြွင်း ...
           သထုံပွဲ အမှတ်တရ


◾ ကျော်ထူး

📖 လူပြောများတဲ့ လူပေါကြီး

koaungnaingoo.blogspot.com

.

No comments:

Post a Comment