Showing posts with label နီကိုရဲ. Show all posts
Showing posts with label နီကိုရဲ. Show all posts

Sunday, February 4, 2024

ဖက်ချင် ရင် လည်း ဖက်ပါတော့


 ❝ ဖက်ချင် ရင် လည်း ဖက်ပါတော့ ❞ 


လူ့ စရိုက် လူ့ စိတ် ခံစားမှု ဆိုတာ က တော်တော် သိရ ခက် ၊ ခန့်မှန်းရ ခက် တတ်ပါတယ် ။


လူတွေ ဟာ ဟိုး အဝေးကြီး က လကမ္ဘာ ပေါ် ရောက် အောင် သွား နိုင်တယ် ။ နက်လွန်းတဲ့ သမုဒ္ဒရာ အောက် ကို လည်း ရောက် နိုင်တယ် ။ ဒါပေမယ့် စိတ် ထဲ ကို အဆုံး အထိ ဘယ်သူမှ မသွားနိုင်ကြဘူး ။ ဆန်းကျယ် တဲ့ လူ့စိတ် သဘာဝ ရဲ့ အကြောင်း ကို အကုန် သိနိုင်ဖို့ မကြိုးစား နိုင်ကြပါဘူး ။


ကျွန်တော်တို့ ရုပ်ရှင်ဗီဒီယို ပတ်ဝန်းကျင် ရဲ့ လက်ရှိ နာမည် ရ နေ သူတွေ ၊ နာမည် ရ ဖို့ ကြိုးစား နေသူတွေ ၊ နာမည် ရအောင် ကြိုးစား ဖို့ ကြိုးစား နေသူတွေ နဲ့ သူတို့ မိသားစုဝင်တွေ ၊ ပတ်ဝန်းကျင်တွေ ရဲ့ စိတ် အပြောင်းအလဲ အဖြစ်အပျက်တွေ က တစ်ခါတစ်ခါ သိပ် အံ့သြဖို့ ကောင်းပါတယ် ။


ဒီ တစ်ခါ ကျွန်တော် ကြုံရတဲ့ အကြောင်း က ကျောင်းဆရာ နဲ့ ပတ်သက် ပါတယ် ။ ကျွန်တော်တို့ က သူ့ ကို ဆရာကျောင်း လို့ ခေါ် ပါတယ် ။ သူ က မုံရွာသား ၊ ဆားလင်းကြီး ဇာတိ ပါ ။ အရပ် နဲ့ လူလုံးလူထည် က ကျွန်တော် နဲ့ မကွာပါဘူး ။ ၅ ပေ တန်း ၊ ပေါင် ၁၀၀ သာသာ ပါ ။ ဒါပေမယ့် အနုပညာ လောက မှာ တော့ တော်တော် အသံ ကျယ် ပြီး မွှေ တဲ့ နှောက် တဲ့ လူ ပါ ။ လူပုတွေ လူသေးတွေ ရဲ့ အား ပေါ့လေ ။


မွှေ ဆို သူ လုပ်တဲ့ အလုပ်တွေ ကလည်း နည်း မှ မနည်းဘဲ ။ စာ သင်တယ် ၊ ဒီဇိုင်း ဆွဲတယ် ၊ ပန်းချီ ရေးတယ် ၊ ဝတ္ထု ရေးတယ် ၊ စီးရီး ကြော်ငြာတွေ လုပ်တယ် ၊ စီးရီးခွေတွေ စီစဉ်တယ် ၊ ထုတ်တယ် ။ ပြီးတော့ ကျောင်းစာပေ ဆိုပြီး စာအုပ်တွေ ဘာတွေ လည်း လုပ်တယ် ။ စာ သင် တာ ရယ် ပန်းချီကား ရေးတာ ရယ် က တော့ သူ ဝါသနာ ပါတဲ့ အလုပ် ဆိုတော့ စီးပွားဖြစ် မလုပ်ပါဘူး ။ ကျန်တဲ့ အလုပ်တွေ ကတော့ စီးပွားရေး အရ ဟုတ်တုတ်တုတ် ပေါ့ လေ ... ။ ကျွန်တော် မှတ်မိ သမျှ ဆိုရင်တော့ Heavy အဆိုတော် ကိုလေးဖြူ ရဲ့ ကန္တာရလမင်း စီးရီးခွေ ကာဘာ နဲ့ ဒီဇိုင်းလောက မှာ နာမည် ရပြီး ကျန်တာတွေ ဆက် တာပါပဲ ။


သူ နဲ့ ကျွန်တော် က ၁၉၉၁ ခုနှစ် လောက် က ရွှေကြည်အေး ကဖီး မှာ ဟိုလို ဒီလို နဲ့ သိသွား တာပါ ။ သူ က ခြောက်မိုင်ခွဲ မှာ အဆောင် နေ တော့ ကျွန်တော့် မိတ်ဆွေ တစ်ယောက် အဆောင် နေချင်တာ နဲ့ ပတ်သက်ပြီး ရင်းနှီးခဲ့တာ ။ အရပ် က ပုပု ၊ ပုဆိုးခါးပုံစ အပြားကလေး နဲ့ လမ်း သွား လျှင် ဘဲသွား သွားပြီး ၊ စကား ပြော လျှင် အညာလေကလေး နဲ့ နားထောင် လို့ ကောင်းတဲ့ လူသေးကလေး တစ်ယောက် ပေါ့ ဗျာ ။ အခု တော့ မုတ်ဆိတ်ကလေး တိုနံ့နံ့ ထား ၊ ကာကီဘောင်းဘီ အင်္ကျီအဖြူ ဘာတွေ ဝတ် ၊ ဖိနပ် ခပ်မြင့်မြင့် တွေ စီး ၊ နေကာမျက်မှန်တွေ ဘာတွေ တပ် ပေါ့ ဗျာ ။


သူ့ ကို ကျွန်တော်တို့ ရဲ့ သီချင်း ရေး တဲ့ ကိုကြွက်နီ က မှတ်ချက် ချ ဖူး ပါတယ် ။


ဆရာကျောင်း မြို့သား ဟန် ဆောင် တာ အကုန် အောင်မြင်တယ် တဲ့ ။ စကား ပြော ရင် အညာလေကလေး မဖျောက် နိုင် တာ တစ်ခုတည်း တဲ့ ။ 


သူ့ မှာ အတော် ထူးခြားတဲ့ ဗီဇ ရှိပါတယ် ။


သူ စိတ်ဝင်စား ၊ သူ ကြိုက်သွား ရင် အကုန် လုပ်တတ်တာပါပဲ ။ သူ စိတ်ဝင်စား ရင် လုပ်ကြည့် လိုက်တယ် ။ မဖြစ် ရင် ရပ် သွားတယ် ။ ပြီးတော့ ငြီးငွေ့ ရင် ပစ် ထားတယ် ။ တစ်ခါ တစ်ခါ သူ က မုံရွာ ဆားလင်းကြီး လေ နဲ့ ငြီး တတ်တယ် ။ ငါ လည်း ဘာဖြစ်လို့ ဖြစ်မှန်း မသိဘူး ၊ ကိုယ့် ကို ကိုယ် ဘယ် ခေါင်းစဉ် အောက် ရောက် နေမှန်း ကို မသိဘူး ဆို ပဲ ။ စိတ် ထဲ ရှိတဲ့ အတိုင်း လုပ် လွန်းတော့ သူ့ ကို သူ ဖမ်း မရ ဖြစ်နေ ဟန် တူပါရဲ့ ။


စာ ရေးတဲ့ ဘက် မှာ လည်း ပါရမီ အနည်းအကျဉ်း ရှိတဲ့ သူ ပါ ။ 


အက်ဆေး ဆိုပြီး ရေး ပေး တာ ဝတ္ထုတို ဆို ပါ လာပြီး ဝတ္ထုတို ရေး ပေး လိုက်တာ အက်ဆေးကဏ္ဍ က ပါလာတဲ့ လူမျိုး ။ ဘာဖြစ် နေနေ စိတ် ကတော့ အင်မတန် အေးတဲ့ လူ ပါ ။ သူ လုပ်ရမယ့် အလုပ်တွေ တန်းစီ နေ လည်း ၃၃ လမ်း မှာ လန်ဒန်ကလေး လက်ကြား ညှပ် ၊ ကာကီဘောင်းဘီ ၊ ဖိနပ်ဟိုက်ဟီးလ် နဲ့ ကော့ကော့ကော့ကော့ လျှောက် ။ အညာလေကလေး နဲ့ စကား တအေးအေး နေတတ်တဲ့ လူမျိုး ။ ဒီ ဆို ဟို ရောက် ၊ စိတ် ထဲ ရှိတာ လုပ်တတ်လွန်း လို့ သူ့ ဆီ အလုပ် အပ်မိတဲ့ သူ ဆိုရင် သူ့ အရင် ရှာ ရတဲ့ အလုပ် ကို အရင် လုပ်ရတာပဲ ။


သူ နဲ့ ခင် သွားရတာ တိုက်ဆိုင် နေတာတွေ လည်း ပါ ပါတယ် ။ 


ပထမ တစ်ချက် က စရိုက်ချင်း တူတယ် ။ ဒုတိယ ခန္ဓာကိုယ်ချင်း ဖွဲ့စည်းပုံ တူတယ် ( သူ့ လောက် မုတ်ဆိတ် မရှည်တာ က လွဲရင် ) ။ တတိယ လက်ရေး လက်သား ဂရုစိုက်တာ ၊ ရေးပုံ ရေးနည်း ၊ ဆွဲပုံ ဆွဲနည်း တော်တော် တူတယ် ။


သူ ထင်တာ လုပ်တဲ့ အကြောင်း ကြုံလို့ တစ်ခု ပြောရဦးမယ် ။ တေးသံသွင်း က ကိုဇော် နဲ့ သူ နဲ့ ၃၃ လမ်း မှာ တွေ့တယ် ။ စကား ပြောကြ ရင်း ကိုဇော့် အခန်း ကို အား နေတာ နဲ့ လိုက်သွား တော့ ကိုဇော် က Sony ကက်ဆက် တစ်လုံး ဝယ် ထားတယ် ။ C.D ရော အခွေ ရော ဖွင့်လို့ ရတဲ့ ကက်ဆက် ပါ ။ ထူးခြားတာ က ကက်ဆက် Desing က တော်တော် ချစ်စရာ ကောင်းတယ် ။ ထောင့်ချိုးလုံးလုံးကလေး တွေ နဲ့ ဆရာကျောင်း က လည်း ဒီဇိုင်းဆရာ ဆိုတော့ အဲဒီ ကက်ဆက် ကို မြင်တာ နဲ့ တန်း သဘော ကျ တာပဲ ။ ခက်တာ က Power က တစ်ခါ တစ်ရံ ( on ) ရင် မရဘူး ။ Power on ရင် ထစ် နေ တတ်တယ် ။ အဲဒီ ကက်ဆက် ကို ထုံးစံ အတိုင်း ဒီဇိုင်း ကြည့်ပြီး ဆရာကျောင်း က ကြိုက် နေတာ ။ ကိုဇော် က ဖွင့် ပြတော့ အသံ က လည်း အိ နေတာကိုး ... ။ ဒီတော့ ဆရာကျောင်း မိ သွားပြီ ။


ကိုဇော် က လိုချင်ရင် ယူ ၊ Power on လို့ မရလို့ သူ က တော့ မပေးချင်ကြောင်း ၊ နောက် တစ်ပတ် လောက် နေရင် ဒီ အမျိုးအစား ထဲ က ပဲ လုံးဝ အဆင်ပြေတဲ့ တစ်လုံး ရောက်မယ် ။ အဲဒီ ကျ မှ ယူ ရင် ပို အဆင်ပြေ ကြောင်း အကြိမ်ကြိမ် ပြောပေမယ့် ( အဲဒီလို ပြော မှ) ပို လိုချင်သွားပုံ ရပါ တယ် ။ အဲဒီ ကက်ဆက် ကို ဆွဲချ သွားတယ် ။ ပိုက်ဆံ က အကြွေး ။ Sorry ပဲ နောင်ခါ လာ နောင်ခါ ဈေး ။ အလုပ် ထဲ က ဖြတ်ဖြတ် ဘယ်က ယူယူ ၊ သူ က တော့ အဲဒီ Sony ကက်ဆက် ကို ဒီနေ့ မှ မဖွင့် ရ ရင် အိပ် မပျော်တော့ ဘူး ၊ အဲဒီလို လူ.. ။


ကိုဇော် ခမျာ သူ လိမ် ပေးတာ မဟုတ်ကြောင်း ၊ အကုန် ပြောပြကြောင်း ဒီ ကက်ဆက် တစ်ခု ခု ဖြစ်ရင် သူ နဲ့ မဆိုင်ကြောင်း ကျွန်တော့် ကို သက်သေ လုပ်ပြီး တဖွဖွ ပြောရှာ ပါတယ် ။ ဒါပေမယ့် ကျွန်တော် တို့ ၏ ဆရာကျောင်း က ဘာမှ ကို ပြောလို့ မရတော့ဘူး ။ နောက်နေ့ မှ ဆိုင် ရောက် ချင် ရောက် ၊ ဒီနေ့ ည တော့ ဒါကြီး ကို ဖွင့်ရမှ ကို ဖြစ်တော့မှာ ။ အဲဒါကြီး က လည်း တစ်လ လောက် ပါ ပဲ ။ နောက် ... ငြီးငွေ့ သွားရင် ချောင် ထိုး ဦး မှာ ။ နောက် တစ်ခု ကို ကလေး ငို သလို လက်ညိုး ထိုး ပြီး ငို ဦးမှာ ။ မရ ရ အောင် ယူဦးမှာ ။


သူ အိမ်ထောင် မကျသေး တာ ကောင်းပါတယ် ။


အိမ်ထောင် ကျ ရင် ယူ ရတာ က ကက်ဆက် မှ မဟုတ်ဘဲ ။ အဲဒီ မိန်းကလေး မှာ လည်း ဒုက္ခ နော် ...  ။


အဲဒီ ဆရာကျောင်း က ကျွန်တော် ဗီဒီယို လောက ထဲ ဝင်ပြီး လေးနှစ် လောက် မှာ ကု မရ ပြု မရ တဲ့ ရောဂါကြီး တစ်ခု ဖြစ် လာတယ် ။ အဲဒါ MTV ရိုက်ချင်တာ တဲ့ ခင်ဗျာ .. ။ သိပ် မကြာဘူး ၊ သူ့ ကို ယုံယုံကြည်ကြည် နဲ့ လွှဲအပ် တာဝန်ပေးခြင်း ခံရတဲ့ Producer က လည်း ရရှိသွား လေတော့ ဆရာကျောင်း တို့ အညာလေလေး တလွင်လွင် နဲ့ ကျွန်တော့် အိမ် ရောက် လာပါတယ် ။ နောက် တစ်ပတ် အတွင်း သူ MTV ရိုက်မယ် သီချင်း အပုဒ် ( ၄ဝ ) ကျွန်တော့် ကို Model တွေ ရှာပေးပါ ပေါ့ ... ။


အဲဒီ အချိန်မှာ Model လောက လည်း အုံကြွ ပေါက်ကွဲ မြည်ဟီး နေတဲ့ အချိန် ပါ ။


ခပ်သန့်သန့် ချောချော ၊ ခပ်ပိန်ပိန် ကောင်မလေးတွေ တွေ့ ရင် နင် Model လား လို့ မေး ၊ ဟုတ်တယ် လို့ ဖြေ နေတဲ့ အချိန် မျိုး ၊ ကျွန်တော် တို့ ဗီဒီယို ပတ်ဝန်းကျင် မှာ လည်း တဒယ် တည်း ဒယ် နေတာပေါ့ ဗျာ  ။ ကျွန်တော့် ဆီ မှာ လည်း လိပ်စာကတ် တွေ တသီကြီး နဲ့ ပေါ့ ။ ဆရာကျောင်း လိုချင် တာ က ယောက်ျားလေး ငါးယောက် ၊ မိန်းကလေး က ရ သလောက် ဆိုတော့ ကျွန်တော် လည်း သူ့ ကို အာမခံ ပြီး နောက် နှစ်ရက် ခွာ ချိန်း ။ ပေးထားတဲ့ ကတ်ပြားတွေ လျှောက် Phone ဆက် ။ ဟိုဘက် က မော်ဒယ် တွေ က ဝမ်းသာ ။ ကျွန်တော့် ဆီ လာပေါ့ ဗျာ.. ။ တော်တော်ကို အလုပ် ရှုတ် သွားရပါတယ် ။


ကျွန်တော့် ရဲ့ နောက်ဆုံး တာဝန် အရ ကျွန်တော့် အိမ် မှာ ပဲ ချိန်းပြီး Model တွေ နဲ့ ဆရာကျောင်း ကို တွေ့ ပေး ရတယ် ။ သူ MTV ရိုက် လို့ သင့်တော်မယ့် လူ ကို ရွေးပေါ့ ဗျာ ။ ကောင်မလေး ခုနစ်ယောက် လောက် လည်း အလှဆုံး ပြင် ၊ ဓာတ်ပုံတွေ ယူ လာ ကြပေါ့ ။ ဆရာကျောင်း က အသစ် မှ လိုချင်တာ ၊ ရိုက်ချင်တာ ဆိုတော့ တစ်ခါ မှ မရိုက်ဘူးသေး တဲ့ Model တွေ ပေါ့ ။ သူတို့ က လည်း သူတို့ ရဲ့ ပထမဦးဆုံး အလုပ် အဖြစ် တက်ကြွပြီး အားအပြည့် နဲ့ ပါ ပဲ ။ ရိုက်မယ့် သီချင်း က လည်း အပုဒ် ( ၄ဝ ) လောက် ဆိုတော့ သူတို့ ကြိုးစားဖို့ အတွက် အခွင့်အရေး ပေါ့ လေ ။


ကျွန်တော်တို့ ဆရာကျောင်း က ထုံးစံ အတိုင်း အညာလေကလေး နဲ့ ကျွန်တော့် ကို တိုင်ပင်ပြီး ခြွင်းချက် မရှိ အားလုံး ကို ရွေး လိုက်ပါ တယ် ။ Model တွေ လည်း ပျော် ၊ ကျွန်တော် လည်း ကူညီသူ အဖြစ် နာမည် ရ ၊ ဆရာကျောင်း လည်း အဆင်ပြေ ပေါ့ လေ ... ။ နောက်ဆုံး မှ ကျွန်တော် က မိန်းကလေး တွေ ရော ၊ ယောက်ျားလေး တွေ ရော ကို ရိုက်ကွင်း အတွေ့အကြုံ မရှိသေးတဲ့ အတွက် ရိုက်ကွင်း ရဲ့ ဒုက္ခတွေ နဲ့ ဖြစ်လေ့ ဖြစ်ထ ရှိတဲ့ ပြဿနာတွေ ကို ကြို ပြောပြပြီး သည်းခံဖို့ ၊ ကြိုးစားကြဖို့ ၊ အခွင့်အရေး ကို အသုံးချကြဖို့ မှာရ ပါတယ် ။ အားလုံးက တက်ကြွ နေတဲ့ လူငယ်တွေ ဆိုတော့ OK ပေါ့ လေ ။


ဒီလိုနဲ့ပဲ အဆင်တွေ ပြေပြီး ဆရာကျောင်း ရဲ့ MITV စ ရိုက် ပါတယ် ။ ကျွန်တော် လည်း စာ ရေးတာ တစ်ဖက် ရိုက်ကွင်း တစ်ဖက် နဲ့ မို့ Shooting ကို မရောက်ဖြစ် ပါဘူး ။ ဆရာကျောင်း ကို ရင်းနှီး ယုံကြည် ပြီး သား ဆိုတော့ Phone နဲ့ သတင်းပို့ ဆက်သွယ်မယ် လို့ ပဲ ပြောထားရ ပါ တယ် ။


ပထမ နေ့ အဆင်ပြေတယ် ပေါ့ ... ။ ဆရာကျောင်း သဘော ကောင်း ကြောင်း Model ကောင်မလေးတွေ က ပြောကြပါတယ် ။ ရိုက်ရ တာ လည်း OK ။ ဒုတိယ နေ့ All Right ။ တတိယနေ့ ကျ တော့ ကောင်မလေး တစ်ယောက် က ဖုန်း ဆက်တယ် ... ။ သူ တော်တော် အဆင် မပြေဘူးပေါ့ ... ။ ဘာလဲ ဆို တော့ သူ ရိုက်တဲ့ သီချင်း မှာ သူ က အဆိုတော် နဲ့ တွဲရတာ ကိုး ။ အဆိုတော် ကိုယ်တိုင် သူ့ သီချင်း နဲ့ ပါဝင် သရုပ်ဆောင်တယ် ပေါ့ ဗျာ ။ အဲဒီမှာ အဆိုတော် က မဲမဲဝဝ ရုပ် က မချော ။ သွားတွေ က လည်း ကွမ်းစား ထား လို့ နီ နေ လေတော့ ကောင်မလေး မှာ စိတ်ကူး တွေ ပျက် ပြီး သူ့ ကို လူချောချော နဲ့ တွဲ ပေးဖို့ ဆရာကျောင်း ကို ပြောပေးပါ လို့ ကျွန်တော့် ကို ပူဆာတယ် ။


ဒါနဲ့ ကျွန်တော် လည်း ဒါရိုက်တာ စိတ်ကူး ကို ကျွန်တော် ဝင် စွက်ဖက်ခွင့် မရှိကြောင်း ၊ သူလှတာ မလှတာ ထက် မင်း ရဲ့ သရုပ်ဆောင်မှု ပဲ လိုကြောင်း ။ အဆိုတော် ဆို တာ အသံ ပဲ ကောင်းစရာ လိုပြီး ရုပ် ချောစရာ မလိုကြောင်း ၊ MITV ကြည့် တဲ့ ပရိသတ် က အဆိုတော် ကို တွေ့ရတဲ့ အတွက် ကျေနပ်ပြီး ကိုယ် က သရုပ်ဆောင် ကောင်းရင် အဆင်ပြေ နိုင်ကြောင်း တွေ ရှင်းပြ ပြောပြ ရပါတယ် ။ ဒီတော့ လည်း ကောင်မလေး က လက်ခံ သွားတယ် ။


စတုတ္ထနေ့ မှာ လည်း ဘာသံ မှ မကြားရပါဘူး ။


ပဉ္စမနေ့ ရောက်တော့ Phone ဆို လို့ ပြေး ရပါတယ် ။ ကျွန်တော် က Phone ငှား ဆက်တာကိုး ... ။ Phone ခွက် လည်း ကိုင်ရော တော်တော် မာတဲ့ အသံ တစ်သံ နဲ့ ရင်ဆိုင် ရတယ် ။ အသံ က မိန်းမကြီး အသံ ပါ ။


“ နီကိုရဲ ဆိုတာလားဟေ့ ... ”


“ ဟုတ်ပါတယ် ခင်ဗျာ ”


“ အေး ... ငါ က မ ... .. အမေ ပဲ ၊ မင်း သူ့ ကို MTV ရိုက်ဖို့ ခေါ်ပေးတာ ဆို ”


“ ဟုတ်ပါတယ် အန်တီ ... ပြောပါ ”


“ မင်းတို့ အခု ရိုက်မယ့် ငါ့ သမီးရဲ့ MTV မှာ ဖက်တာတွေ ဘာတွေ ပါသလား ”


“ ခင်ဗျာ ...”


ကျွန်တော် တော်တော် အံ့သြ သွားပါတယ် ။ ဟိုဘက် က အသံ က တော်တော် မာတာရယ် ၊ ကျွန်တော် ထင် မထားတဲ့ ကိစ္စတွေရယ် ကြောင့် ပါ ။ 


“ ယောက်ျားလေး က ဖက်မယ့် အခန်းတွေ ဘာတွေ ပါသလား လို့ မင်း ကို မေးတာ ... ”


စက္ကန့် တော်တော်များများ ဘာမှ ပြန် မပြောနိုင်ပါဘူး ။ တော်တော် စဉ်းစားရ ပါတယ် ။


“ အဲဒါတော့ ကျွန်တော် မသိဘူး အန်တီ ၊ ဒါရိုက်တာ က သူ ရိုက်မယ့် ကိစ္စ ဆိုတော့ ၊ ပြီးတော့ ကျွန်တော် က လည်း သူတို့ ကို တွေ့ ပေးရုံ ပေး တာပါ ၊ အဲဒါဆိုရင် ဆရာကျောင်း နဲ့ ပဲ ...”


“ အေး ... ဒါတွေ ငါ မသိဘူး ၊ ငါ့ သမီး က မင်း နာမည် ပြော လို့ မင်း တာဝန် ယူထားတယ် ဆိုရင် သိရမှာ ပေါ့ ။ ဒီမှာ ဟေ့ ... အဲဒီလို ဖက်တဲ့ အခန်း ဆိုရင် တော့ ငါတို့ က ခွင့် မပြုနိုင်ဘူး ။ သူ လုပ်ချင်လို့ သာ ငါတို့ က ခွင့်ပြုရတာ ၊ သူ့ အဖေ က လည်း မရဘူး ၊ ငါ က လည်း ခွင့်မ ပြုဘူး ၊ မလုပ်ရင် ဘယ်လောက် လျော်ရမလဲ ၊ ဒါမှမဟုတ် မဖက်တဲ့ ဟာ ရိုက်လို့ မရဘူးလား ” 


သူ့ လေသံမာမာ ကြောင့် ကျွန်တော် ဘာ ဆက် ပြောရမှန်း ကို မသိပါဘူး ။ လုပ်ငန်း သဘာဝ ကို လည်း နားမလည် ၊ အခြေအနေ ကို လည်း မသိတဲ့ မိန်းမကြီး တစ်ယောက် နဲ့ တွေ့ နေတာ ဆိုတော့ ဘာ ပြောရမှန်း ကို မသိပါဘူး ။


“ ဒီလိုပါ အန်တီ ၊ ရိုက် မှာ က သီချင်း ဆိုတော့ သီချင်း က အချစ်သီချင်း ဆိုရင် လုပ်ငန်း သဘာဝ အရတော့ လက် ဆွဲတာ တို့ ဘာ တို့ လောက်တော့ ပါမှာပါ ပဲ ။ အန်တီ့ သမီး ရိုက်ရမယ့် သီချင်း နဲ့ လိုက်ဖက်တဲ့ သရုပ်ဆောင်မှု တော့ ရှိမှာပါ ။ သေချာတာ က ဒါရိုက်တာ ဆရာကျောင်း ” 


“ ဟေ့ ... ပါရင် ကို ငါတို့ ဘက် က မဖြစ်ဘူး ၊ လက် မခံဘူး ... ။ မရိုက်ရင် ဘာဖြစ်မလဲ ။ သူ က မရိုက်လို့ မရဘူး ပြောလို့ ။ မင်း ဒါပဲ ပြော ... ”


ပြဿနာ တော်တော် ရှုပ်နေတာပါလား ... ။ ဒီ အခြေအနေ အရ အကောင်းဆုံး က တော့ ပြဿနာ ဖြစ်နေတဲ့ သူ ကို ထားခဲ့ရုံ မှ တစ်ပါး ဘာမှ မတတ်နိုင်တော့တဲ့ အခြေအနေ ပါ ။


“ မရိုက်ရင် လည်း ဘာမှ မဖြစ်ပါဘူး အန်တီ ၊ သူ့ ကို ထားခဲ့ရုံပါ ပဲ ။ ငွေ လျော် ဖို့ လည်း မရိုက်ရသေး ရင် မလိုပါဘူး ၊ အန်တီ တို့ ခွင့် မပြုရင် ရပါတယ် ”


“ အေး ... ဒါဆိုရင် ပြီးရော ၊ နောက်ကို တစ်ခု ခု လုပ်မယ် ဆိုရင် လူကြီးတွေ ရဲ့ ခွင့်ပြုချက် ကို တော့ ယူဖို့ ကောင်းတယ်ကွ ၊ သိလား ” 


Phone ချ သွားတော့ ဘာမှ မဆိုင်ဘဲ အဟောက် ခံလိုက်ရလို့ တော်တော် စိတ် တိုသွားပါတယ် ။ နောက်တော့ မှ ဆင်ခြင်ရတယ် ။ ဒါမျိုးဟာ ဘယ် တူနိုင်မှာလဲ ။ တင်းကြပ် တဲ့ အိမ် ရဲ့ သဘောထား ကို မသိဘဲ ၊ ဒါမှမဟုတ် လွယ်လွယ် သဘောထား ပြီး ဒီ အလုပ်တွေ လုပ်တဲ့ အဲဒီ ကောင်မလေးတွေ ကို ပဲ စိတ်ဆိုး ရတယ် ။


ဒါနဲ့ ည ကျတော့ ဆရာကျောင်း ကို Phone ဆက် ပြီး ပြောရ တယ် ။ အဲဒီ ကောင်မလေး ကို ဖြုတ် ဖို့ နဲ့ လိုအပ်ရင် နောက်ထပ် တစ်ယောက် ရှာပေးမယ် ပေါ့ ။ ကိုယ့် ဆရာ တော့ အေးအေးပါ ပဲ ။ ရတယ် တဲ့ ၊ ရှိနေတဲ့ လူတွေ နဲ့ အဆင်ပြေတယ် တဲ့ ။ အဲဒီ ကောင်မလေး ကို ရိုက်ဖို့ က တစ်ပတ် လောက် လိုသေးတာ တဲ့ ။ လူ လည်း မလိုဘူး ဆို ပဲ ။ အေးပေါ့လေ .. ကျွန်တော် အဟောက် ခံလိုက်ရပေမယ့် ကျန်တဲ့ လူတွေ အဆင်ပြေ နေ တော့ ရင် အမောပြေ ရသေးတာပေါ့ ။


ကြား တစ်ရက် ခြားပြီး နောက်နေ့ ည ကျတော့ Phone ဆို လို့ ပြေးရ ပြန်တယ် ။


“ နီကိုရဲ ဆိုတာလား .. ”


အဲဒီ အသံ ကြားတော့ တော်တော် လန့် သွားတာ ။ အသံ က သိပ် မမာပါဘူး ။ ဒါပေမယ့် ဟို တစ်နေ့ က အသံ ဆိုတာ တော့ ကျွန်တော် ကောင်းကောင်း သိပါတယ် ။ ဘာတွေများ ဖြစ်ကုန်ပြီလဲ ။ မောင်ကျောင်း ဘာလုပ်ပြီလဲ ပေါ့ လေ .. ။


“ ဟုတ် .. ဟုတ်ကဲ့ ... အန်တီ ”


“ မ ... အမေ ပါ ၊ ဖက်ချင် ရင် လည်း ဖက်ပါတော့ ... ကွယ် ” 


“ ခင်ဗျာ ... !! ”


ကျွန်တော့် အသိစိတ် စက္ကန့် နည်းနည်း ခန္ဓာကိုယ် နဲ့ လွဲ သွား တာ ကို ဝန်ခံပါတယ် ။ ဘာဆိုတာ တော်တော် စဉ်းစား ယူ ရတယ် ။ 


“ အေးပါကွယ် ၊ ဖက်ချင် ရင် လည်း ဖက်ပါတော့ ။ သမီး က အဲဒါကို မရိုက်ရလို့ ဆိုပြီး ထမင်း မစား အခန်း ထဲ က မထွက်တာ နှစ်ရက် ရှိပြီ ။ အဲဒါ အန်တီ ပြောတာပါ ၊ ဖက်ချင် ရင် လည်း ... ”


“ နေ ... နေပါဦး အန်တီ ၊ အဲဒါက ဒါရိုက်တာ နဲ့ ”


“ မင်း သိရင် လုံလောက်ပါပြီ ကွယ် ၊ အဲဒါတွေ မပါဘဲ နဲ့ လုပ်လို့ ရမယ် ဆိုရင်တော့ ပို အဆင်ပြေပါတယ် ။ သမီး က သူ့ သူငယ်ချင်းတွေ က ဒီ အလုပ် ကို လုပ်ရပြီး သူ တစ်ယောက် တည်း အန်တီ တို့ က တားမြစ် တာ ဆိုတော့ တော်တော် ခံစား နေရတယ် ။ ထမင်း မစားဘူး ။ ဒီတော့ ကွယ် ...” 


“ အန်တီ သီချင်း ဆိုတော့ ပါနိုင်တယ် နော် ၊ ဒါပေမယ့် ရုပ်ရှင် ဗီဒီယို ရိုက် သလို တော့ မဟုတ်ပါဘူး ။ ဖက် ရင် လည်း အဲ ... အဲဒါလည်း ခဏပါ ပဲ ၊ ဟိုလေ ... Love Scene ဆိုတော့ ကျွန်တော် တို့ က .. ”


“ ကဲပါကွယ် ... အန်တီ တို့ သဘော တူ နေပြီပဲ ၊ မင်း ပြောပြပြီး ဆက်သာ ဆောင်ရွက် ပေးပါတော့ ။ အန်တီ တို့ ခွင့်ပြုပါပြီ ၊ ကြည့်ကျက် တော့ လုပ်ပေးပါကွယ် ၊ သမီး လည်း ရှိတယ် ပြောဦးမလား ”


“ မ မပြောတော့ဘူး အန်တီ ရပါပြီ ၊ ကျွန်တော် ပြောပြပြီး ခေါ်ခိုင်း လိုက်ပါ့မယ် ... ရပါတယ် ၊ တတ်နိုင်သမျှ လုပ်ပေးပါ့မယ် ၊ ရတယ် အန်တီ .. ဒါပဲနော် ”


တော်တော် စိတ်မောခဲ့ရတာပါ ။ ဘာတွေ မှန်း လဲ မသိ ၊ ဘယ်လို မှန်း လဲ မသိ ။ အဲဒီ Model ကောင်မလေး ကို ကျွန်တော် ကောင်းကောင်း တောင် မမှတ်မိ လိုက်ပါဘူး ။ ပြဿနာ က သမီး ကို ချစ်တဲ့ ဇော နဲ့ လုပ်ငန်း သဘာဝ ကို နားမလည်တာ ပါ ပဲ ။ တော်တော် စိတ်ညစ်ရပါတယ် ။ ည ကျ တော့ ဆရာကျောင်း ဆီ Phone ဆက်ရတယ် ။ 


“ ဟေ့ကောင် ဖက်ချင်ရင် လည်း ဖက်တော့ကွာ ” လို့ ... ။ 


ဒီတော့ သူ က အညာလေကလေး နဲ့ ပြောရှာပါတယ် ။


“ ဟ .. ဘာတုန်းကွ ၊ မင်း ဟာ က လည်း ဘာကိုလဲ ၊ ဇာတ်ညွှန်း မရေးစမ်းပါနဲ့ ကွာ ၊ မတော်မတဲ့တွေ မပြောနဲ့ ၊ ဘာတုန်း ...” တဲ့ ။


ကျွန်တော် ပြောပြတော့ မှ ဆရာကျောင်း အိုက်တင် အပြည့် ပါ တဲ့ အညာလေကလေး နဲ့ ရယ်ပါတယ် ။ ပြီးတော့ အဲဒါ ငါ နဲ့ မဆိုင်ဘူးကွ ၊ မင်း မို့ လို့ လွဲတာ ... တဲ့ ။ ကျွန်တော် လည်း ဘာမှ မပြောနိုင်လို့ ဒီလိုပဲ ခံ လိုက်ရတယ် ။


ထုံးစံ အတိုင်းပါပဲ ။


အဲဒီ MTV ကတော့ လုံးဝ ထွက် မလာပါဘူး ။ 


ဟဲ ... ဟဲ ... ဟဲ ... ဆရာကျောင်း လေ ... ။ 


ပျော်စရာ တော့ အမှန် ကို ကောင်းခဲ့ပါတယ် ။


◾နီကိုရဲ


📖 ကျွန်တော် နှင့် ရိုက်ကွင်း ပေါ် မှ အလွဲများ


#ကိုအောင်နိုင်ဦး


.

Wednesday, September 6, 2023

ဦးငုံးမင်း


 

❝ ဦးငုံးမင်း ❞

ကျွန်တော် လွန်ခဲ့သည့် ( ၁ဝ ) နှစ် ခန့် က အစိုးရ ဝန်ထမ်း လုပ်ခဲ့ဖူးသည် ။ လွယ်လွယ် ကူကူစာရေး ဟု ပင် ပြောရမည် ဖြစ်သော် လည်း ကျွန်တော် က ရပ်ကွက် စာရေး တစ်ယောက် ပင် ဖြစ်သည် ။ထို့ကြောင့် ကျွန်တော့် အလုပ် က တခြား ရုံးစာရေးတွေ လို မနက် ( ၈ ) နာရီ ရှိုးစမိုး နှင့် ထမင်းချိုင့်ကလေးကိုင် ကာ ရုံး သို့ ပြေးရသော စာရေး မျိုး မဟုတ် ။ ည ( ၇ ) နာရီ တွင် ဖွင့်သော ရပ်ကွက် ( ရဝတ ) ရုံး ( ယခုရယက ရုံး ) သို့ သွားကာ ည ရုံးပိတ်ချိန် ( ၉ ) နာရီ ( ၁ဝ ) နာရီ ခန့် မှ ပြန် ရသော စာရေး ဖြစ်သည် ။

ကျွန်တော် တာဝန် ကျ သည့် ရပ်ကွက် က သင်္ဃန်းကျွန်း မြို့နယ် အတွင်း ရှိ ရန်အောင် ရပ်ကွက် မှာဖြစ်သည် ။ ကျွန်တော် တာဝန် ကျ သည့် ရန်အောင် ရပ်ကွက် သည် မင်းသား ရန်အောင် လို ခံ့ခံ့ချောချောကြီးမဟုတ် ၊ သင်္ဃန်းကျွန်း ဘူတာ နှင့် ( ၃၉ ) ကားကြီးဂိတ် နံဘေး နား တွင် ရှိသော ရပ်ကွက်ကလေး သာ ဖြစ်သည် ။

ရပ်ကွက် အတွင်း ရှိ လူများ က ရုံး အလုပ် လုပ်သူ ဦးရေ နည်းနည်း ၊ ဘူတာ နှင့် ကားဂိတ်တို့ ၏ လူစည်ကားမှု ကို အကြောင်း ပြု ကာ ရောင်းဝယ် ကြသူ တို့ သာ များသည် ။ ထို ဘူတာ နံဘေးရှိ ဈေး နှင့်သင်္ဃန်းကျွန်းဈေးကြီး ဆက်နေ သဖြင့် ဈေးသည် အများစု မှာ ကျွန်တော့် ရပ်ကွက်ကလေး ထဲ မှာ ရှိကြသည် ။လက်လုပ် လက်စား ရောင်းဝယ်စား ကြသည့် လူများ နေထိုင် သည့် ရပ်ကွက် ဖြစ်သည့် အားလျော်စွာည ဘက် ရပ်ကွက်ရုံးခန်း တွင် တက် လာကြသည့် ပြဿနာတွေ ကလည်း မကြားဖူးသည့် ပြဿနာ မယုံနိုင်စရာ ပြဿနာများ ဖြစ်သည် ။

ဟိုဘက် အိမ် က အုန်းပင် ဒီဘက်အိမ် ထဲ ကိုင်း တဲ့ ပြဿနာ ၊ တစ်ခြံတည်း နေကြ ရာ မှ ခြံစည်းရိုး ကိုပိတ်ပစ် လိုက် သဖြင့် တစ်ဖက် အိမ် မှ အိမ်သာ သွားလို့ မရတဲ့ ပြဿနာ ၊ ကလေးချင်း ပြဿနာ ဖြစ်ပြီးတစ်ဖက် အိမ် မှ ကက်ဆက်သီချင်း ကို စောင်း ဖွင့်သည့် ပြဿနာ ၊ ချီတီစုကြသည့် ပြဿနာ စသည့်ပြဿနာများ ၊ ဧည့်စာရင်း တိုင်သူ များ ၊ ထောက်ခံစာတောင်း သူများ နှင့် ကျွန်တော့် ရန်အောင်ရပ်ကွက်ရုံးခန်း သည် မီး တထိန်ထိန် အမြဲတမ်း ရှိ နေတတ် ပါသည် ။

ရပ်ကွက် အတွင်း ရှိ ဖြစ်ပေါ်သည့် ပြဿနာများ ကို ရပ်ကွက်တွင်း မှ လူကြီးများ က ပြေလည်အောင် ၊ကျေနပ်အောင် ဖြေရှင်းပေး ကြရ၏ ။ တစ်ရပ်ကွက် တည်း နေကြသူများ ဖြစ် သဖြင့် တစ်ယောက် အကြောင်းတစ်ယောက် သိ ကာ တစ်ခါတစ်ရံ ဖြေရှင်းရ လွယ်သော်လည်း တစ်ခါတစ်ရံ အကြောင်း သိ နေကြသည့် အတွက် ဖြေရှင်းရ ခက်သည် များလည်း ရှိပါသည် ။ ကျွန်တော် စာရေး လုပ်ခါစ က ရပ်ကွက် လူကြီး တစ်ဦး နှင့်ကြုံ ဖူးသည် ။ အသက် ( ၅ဝ ) ခန့် ရှိပြီး ခပ်ပိန်ပိန် ၊ အမြဲ စိုးရိမ် ပူပန် နေတတ်၏ ။ ရပ်ကွက် လူကြီး စ ဖြစ်ပြီး တစ်ပတ် လောက် အထိ ပြဿနာ သေးသေးလေးတွေ နှင့် သာ ကြုံ ရသည် ။ ( ၁ဝ ) ရက် ခန့် လောက် မှာပြဿနာ တစ်ခု တက်သည် ။ တက်သည့် ပြဿနာ က လည်း အနည်းငယ် ထူးဆန်း၏ ။

မီးသွေး ထည့် ကာ တိုက် ရသော ကြေးမီးပူ ပြဿနာ ဖြစ်သည် ။ မီးပူ ငှား ၍ တိုက် ပြီး ပြန် အပေး မှာပြဿနာ တက် ကြခြင်း ဖြစ်လေ၏ ။ မီးပူ ငှားသူ က ပြန် ပေးသော မီးပူ သည် သူ့ မီးပူ မဟုတ် ၊ သူ့ မီးပူ ကအကြီး ဖြစ်ပြီး ပြန် ပေး သော မီးပူ က အသေး ဖြစ် နေသည် ဟု စွပ်စွဲသည် ။ ငှား တိုက်သူ ကလည်းသူ ငှား ကတည်း က ထို မီးပူ ပါ ဟု ပြော သဖြင့် ရုံးခန်း သို့ ရောက်လာကြခြင်း ဖြစ်သည် ။ ဘယ်လို ဖြေရှင်းရ မှန်းမသိ ။ ကျွန်တော် တင် မဟုတ် ၊ မဟော်သဓာ တို့ ၊ ဦးပေါ်ဦး တို့ ၊ ခိုင်ဖုန်းတရား သူကြီး တို့ ပင်လျှင် ခေါင်းကိုက် နိုင်သော ပြဿနာမျိုး ဖြစ်သည် ။ ရပ်ကွက် လူကြီး အသစ် ကို စိန်ခေါ် လိုက် သော ပြဿနာ လည်း ဖြစ်သည် ။

ကျွန်တော်တို့ ရပ်ကွက် လူကြီး က နှစ်ဖက် စလုံး ကို စစ်မေး မေးသည် ။ နှစ်ဖက် စလုံး က လည်း အကြီးအသေး  သာ တွင်တွင် ပြော၏ ။ ဒီမှာတင် ကျွန်တော်တို့ ရပ်ကွက် လူကြီး က ပြောသည် ။

“ ဒီလိုရှိတယ်ကွ ဒီကိစ္စ ရဲ့ အခြေခံ ဟာ သစ္စာတရား ပဲ ။ သစ္စာတရား ပျက်တဲ့ အခါ ဒီလို ပြဿနာမျိုး တွေတက် နေမှာပဲ ။ ကျုပ်တို့ မြတ်စွာဘုရား လေးသင်္ချေ နဲ့ ကမ္ဘာ တစ်သိန်း ပါရမီ ဖြည့်စဉ်တုန်း က ငုံးမင်း ဘဝရောက်ခဲ့ ဖူးတယ် ”

ဘုရား ဆို သဖြင့် ပြဿနာ တက် နေကြသူ နှစ်ယောက် စလုံး တော်တော် ငြိမ်သွား ကြသည် ။ငုံးမင်းဇာတ် နဲ့ ကြေးမီးပူ အကြီး အသေး ၊ ဘယ်လို ဖြေရှင်းပေး မလဲ ဆိုတာ ကျွန်တော် စိတ်ဝင်စားသွား၏ ။

“ ဘုရား အလောင်း ငုံးမင်း ရှိတဲ့ တောကြီး မီးလောင် သွားတဲ့ အခါ ငုံးမင်း က သစ္စာ ပြုတယ် ။ သူ့ ကိုမိဘ နှစ်ပါး က စွန့်ပစ် သွားတာ မှန်ပါတယ် ။ သူ့ မှာ ပျံနိုင်တဲ့ အမွေး အတော် မစုံတာ လည်း မှန်ပါတယ် ။စသဖြင့် ပေါ့ ကွာ ငုံးမင်း ရဲ့ သစ္စာတွေ ပေါ့ ။ အဲဒီမှာ တောမီး က ငုံးမင်း ကို မလောင်ဘဲ ရှောင်သွား သတဲ့ ”

ပြဿနာ တက် နေသော နှစ်ဖက် လူတွေ မှာ လည်း ဘာမှန်း မသိဘဲ အူကြောင်ကြောင် နှင့် နားထောင်နေကြ ရ၏ ။ သူ ဘာ ဆက် ပြောမည် ကို လည်း ဘယ်သူမှ မသိကြ ။ ကျွန်တော်တို့ ရပ်ကွက် လူကြီးက ခဏ နားပြီး ကြေးမီးပူ ကို ကိုင် ကြည့် ပြန်သည် ။

“ ကဲ ဒီတော့ ... ငါတို့ မှာ အဲဒီ သစ္စာ ကို နမူနာ ယူ ကြရမယ် ။ ငါ မေးတဲ့ မေးခွန်း ကို အဲဒီ သစ္စာ နဲ့ ဖြေ ။ကဲ .. မလှသိန်း နင် သူ့ ကို ငှားတာ ဒီ မီးပူပဲ မဟုတ်လား “

“ မဟုတ်ဘူး လုံးဝ မဟုတ်ဘူး ၊ ကျွန်မ မီးပူ က အကြီး ကြေးနှစ်ပိဿာ နီးပါး ရှိတယ် ဒီအသေး မဟုတ်ဘူး ”

“ ဟုတ်ပြီ .. ကဲ .. ဌေးဌေး ၊ ငါတို့ သူ့ သစ္စာ ကို ယုံရမယ် ။ နင် သူ့ ဆီ က ငှား တာ ဒီ မီးပူ မဟုတ်ဘူးဆိုတာပဲ ပြောတော့ ”

“ ဘာလို့ မဟုတ်ရမှာလဲ ကျွန်မ က သူ့ ထက် တောင် ပို သစ္စာပြု လို့ ရသေးတယ် ။ တစ်အိမ်သားလုံး ( ... ) ပြီး ဒုက္ခ ရောက်ရ ပါစေရဲ့ ။ ဟဲ့ .. လှသိန်း နင် မယုတ်မာ နဲ့ .. အလျော် မပြော နဲ့ ငါ့ ဆီ က ခဲတစ်လုံး တောင် မရဘူး မှတ် ... ”

ငုံးမင်း ဇာတ်လမ်း လည်း ဘာမှ မတတ်နိုင် ။ သူ တစ်ခွန်း ကိုယ် တစ်ခွန်း နှင့် စကား ထများ ကြ သဖြင့် ဆူညံ နေပြီးမှ နောက် အဖွဲ့ဝင် တစ်ယောက် က “ ဒါ ရုံးခန်း ၊ ဇရပ် မဟုတ်ဘူး ” ဘာညာ အော် သဖြင့် တိတ်သွား ကြသည် ။ နောက်တော့ ထို ပြဿနာ ပြေလည် သွား ပါသည် ။ ငုံးမင်း ဇာတ်ကြောင့် တော့ မဟုတ် ၊နောက် အဖွဲ့ဝင် တစ်ယောက် က ပြဿနာ ဖြစ်သော လမ်းထဲ မှ အပေါင်ခံ သော မိန်းမ ကို ခေါ်လာ က မေးပြီးထို မီးပူ အသေး သာ ဖြစ်ကြောင်း သူ့ ဆီ မှာ မကြာခဏ ပေါင် ဖူးကြောင်း ထောက်ခံချက် ဖြင့် ပြဿနာပြီး သွားခြင်း ဖြစ်သည် ။ သို့သော် ကျွန်တော် နားမလည် ။ ကျွန်တော်တို့ လူကြီး က ဘာကြောင့် ငုံးမင်း ဇာတ်ကို ခင်းရသလဲ ဟု မေးကြည့် မိသည် ။

“ မသိဘူးကွ ၊ သူ့ စိတ် ထဲ မှာ ရှိတာ ပြောပြီး ရှင်းတာ နေမှာပေါ့ ”

ဟူသော အဖြေ သာ ရ၏ ။ သို့သော် နောက် ည များ တွင် အိမ်ရှင် အိမ်ငှား ရန် ဖြစ်သည့် ကိစ္စ ၊ ဖရဲသီးခိုး သည့် ပြဿနာ ၊ ဘူတာဈေး မှ ငါးအလေးခိုး သည့် ကိစ္စ ၊ များလှစွာသော ပြဿနာများ လာသည့်အခါတွင် လည်း ကျွန်တော်တို့ လူကြီး က “ ငုံးမင်း ကလေး ဟာ ” ဟု အစချီပြီး ပြဿနာ မရှင်းခင် ငုံးမင်းဇာတ် ကို ဟောလေ့ ရှိသည် ။ ငုံးမင်း လို သစ္စာ ရှိရမည် ။ ငုံးမင်း စကား ကို တန်ဖိုး ထား ရမည် စသဖြင့်ပြောလေ့ ရှိ၏ ။ ကျွန်တော် တို့ ပထမ အံ့ဩ ကြသည် ။ နောက်တော့ သူ ပြဿနာ ရှင်းလျှင် ထို အသံ ကိုကြားရဖန် များလာ သဖြင့် ထုံးစံ အတိုင်း ကျွန်တော်တို့ လူကြီး နာမည် ဦးငုံးမင်း ဖြစ်သွား၏ ။ သူ့ငုံးမင်းဇာတ် ကို လည်း တစ်ရပ်ကွက်လုံး အလွတ် ရ ကာ သိနေကြပြီ ဖြစ်သည် ။

တစ်ကြိမ်တော့ ကျွန်တော် တို့ ရပ်ကွက် က မြို့နယ် မှ ကျင်းပသော ဥက္ကဋ္ဌ ဖလားဒိုင်း အတွက် ဘောလုံးဝင် ကန် ရမည် ။ အသင်း ရန်ပုံငွေ အတွက် ရပ်ကွက် အတွင်း တွင် ရှိသော လုပ်ငန်းရှင် များအား အလှူငွေကောက်ခံသည် ။ ဖိတ်စာ ဖြင့် ဖိတ်ကာ ရုံး တွင် အောင်နိုင်ရေး အသင်းဖွဲ့ ကြခြင်း လည်း ဖြစ်၏ ။ အလှူငွေများကောက်ခံပြီး ဘောလုံးသမား များ အတွက် အင်္ကျီ ၊ ဘောင်းဘီ ၊ ဖိနပ် ဝယ်ရန် တိုင်ပင်ပြီး အစည်းအဝေးသိမ်းရန် အတွက် ဦးငုံးမင်း က စကား နောက်ဆုံး ပြောရသည် ။ ဦးငုံးမင်း က မတ်တတ် ရပ် ကာလုပ်ငန်းရှင်များ နှင့် ဘောလုံး သမားများ ကို ကြည့်၍ ခဏ စဉ်းစားသည် ။

ကျွန်တော် ရယ်ချင် သဖြင့် ခေါင်းငုံ့ ထား လိုက်သည် ။ ဘောလုံး နှင့် လိုက်ဖက်သော ဇာတ် ၅၅ဝနိပါတ်တော် ထဲ မှာ ရှာ နေလား မသိဘူး ဟု တွေးမိ သောကြောင့် ဖြစ်၏ ။ သို့သော် ....

“ ကျွန်တော်တို့ မြတ်စွာဘုရား ငုံးမင်း ဘဝ တုန်း က ...”

ကျွန်တော် မျက်လုံး ပြူး သွားသည် ။ ကျန် လူကြီးများ က လည်း မျက်နှာ ပျက် ကုန်ကြသည် ။ ဘောလုံး နှင့်ငုံးမင်း .. ။ အဲဒီမှာ မနေနိုင် တော့တဲ့ လူကြီး တစ်ယောက်က “ ဟေ့လူ ဘာဆိုင် လို့လဲဗျ ” ဟု ဝင်တားပါ သေးသည် ။ သို့သော် မရတော့ ။

“ ဘုရား အလောင်း ငုံးမင်း ဟာ တောမီးကြီး ကို သစ္စာ ပြုတယ် ။ အဲဒီ သစ္စာတွေ ကြောင့် တောမီးကြီး ဟာ ဘုရားအလောင်း ကို ရှောင်ပြီး လောင်ခဲ့ ဖူးတယ် ။ အဲဒီတော့ ကျွန်တော်တို့ ဘောလုံး အသင်း လည်း ဘောလုံး ကစားတဲ့ အခါ မှာ သစ္စာ ရှိရမယ် ။ ကိုယ် နဲ့ ကန်ရမယ့် တစ်ဖက် အသင်း အပေါ် မှာ သစ္စာ အပြည့်နဲ့ ကစား ရမယ် ”

“ ဟာ ... ဟေ့လူ ၊ တော်ပါတော့ ဗျာ ၊ ဘောလုံး နဲ့ ခင်ဗျား ဇာတ်လမ်း နဲ့ ဘာ ဆိုင်လို့လဲ ”

သည်းမခံ နိုင်သော လူကြီး တစ်ယောက် က ထ ၍ ပြောသော်လည်း ကျွန်တော်တို့ ဦးငုံးမင်း က အပြုံးမပျက် ဘဲ ပြန် ပြော ခဲ့သည် ။

“ ဆိုင်တာပေါ့ဗျာ အဲဒီလို သစ္စာ အပြည့် နဲ့ ကစား ရင် ငုံးမင်း လို တောမီး မလောင်ဘဲ ကွင်းသွားသလို ကျွန်တော်တို့ ရပ်ကွက် က လူငယ် တွေ ရဲ့ ခြေထောက် ထဲ က ဘောလုံး ကို တခြား ဘက် က မလုနိုင်ဘဲ ကွင်း သွားကြ မှာပေါ့ ”

◾နီကိုရဲ

📖 သဘင်အနုပညာ ဂျာနယ်

#ကိုအောင်နိုင်ဦး

.

Sunday, May 21, 2023

မွေးစားသမီး ( ၁၃ ) ( ဇာတ်သိမ်း )


 “ ဟယ် .. ကောင်း .. ကောင်း .. နင် ကောင်းဇော် မဟုတ်လား ”


“ အာ .. ရင်ရင်သိန်း ၊ နင် က ဒီမှာ ဘယ်တုန်းက ဆိုင် ထွက် နေတာလဲ ”


“ ဟဲ့ .. ဒါ ငါ့ ဆိုင် မဟုတ်ဘူး ဟ ၊ ငါ့ ယောက်ျား ဆိုင် လေ ”


“ အောင်မာ .. ကိုယ့် ယောကျ်ားဆိုင် ကိုယ့် ဆိုင် ပေါ့ ဟ ”


ကောင်းဇော် နှင့် ရင်ရင်သိန်း တို့ အားရပါးရ ရယ်လိုက် ကြသည် ။ ဧကန္တ သူငယ်ချင်းတွေ ဖြစ်ပုံ ရသည် ။ ကေ တို့ ဆိုင် သည် အပြင်ဘက်ဆုံးတန်း ဖြစ်ပြီး ထောင့်ခန်း မို့ ဈေး အတွင်း ဝင် လာသော လမ်း က ကေ တို့ ညာဘက် တွင် ရှိသည် ။ ထို လမ်း ၏ နံဘေး ပထမဆိုင် က ရင်ရင်သိန်း တို့ ဆိုင် ဖြစ်သည် ။ ရင်ရင်သိန်း တို့ က ယိုမျိုးစုံ ၊ မှိုခြောက်ပန်းခြောက် နှင့် ပင်လယ်ထွက် ပစ္စည်း အနည်းငယ် ရောင်းသည် ။ သူ့ ယောက်ျား က မြိတ် ( ဘိတ် ) မှ ဖြစ်သည် ။


“ အေးပေါ့ဟ ၊ နင် က ကေသီတာ နဲ့ သိတာ ကြာပြီလား ”


“ သိပ် မကြာသေးပါဘူး ”


“ ကေသီတာရေ .. ဒါ ငါတို့ ကျောင်းတုန်းက စာဘက် မှာ ဆရာကြီးတွေ ပေါ့ ၊ ၁၀ တန်း ဖြေတော့ သူ က 3 ဒီ နဲ့ YIT ရ သွားတာလေ ၊ အဲဒီ ကတည်း က မတွေ့ရတော့ တာ ၊ နင် ဘာလုပ် လာတာလဲ ကောင်း .. ကေသီတာ့ ကို လာ ရစ်တာလား ”


“ ဟာ .. နင် က လည်း ဘာတွေ လျှောက်ပြောနေတာလဲ .. ငါ နင်တို့ ဈေး က ဝါယာကြိုးတွေ လာ ပြင်တာ ၊ နင် .. ကျောင်းတုန်း က အတိုင်းပဲ .. စကား ပြောရင် စွတ် စွတ် ပြောတယ် ”


“ ငါ့ အကျင့် က ဒီအတိုင်းပဲ လေ ဟာ .. ယောကျ်ား ရ သွားတော့ ပိုဆိုးလာတာပေါ့ .. ဟဲဟဲဟဲ ”


“ အေးပါဟာ .. သတိတော့ ထားပေါ့ ၊ ငယ် သူငယ်ချင်းတွေ ပြန် တွေ့ရတာ ဝမ်းသာပါတယ် ၊ ငါ အလုပ် ရှိ လို့ သွားဦးမယ် ၊ မကေသီတာ သွားပြီ ”


“ ဟုတ်ကဲ့ ရှင့် ”


ကောင်းဇော် ထွက် သွားတော့ ကေသီတာ ဖတ်လက်စ မဂ္ဂဇင်း ကို ပြန် ကောက် ကိုင် လိုက်သည် ။ သို့သော် မရပါ ။ လူမူရေး ကိစ္စ သည် အစ တစ်စ ထုတ်မိ လျှင် မဆုံးနိုင်တော့ သော ချည်မျှင်စ နှင့် တူသည် ။


“ မကေ .. ရင် ပြောတာ စိတ်ဆိုးသွား လား ”


“ မဆိုးပါဘူး မရင် ရယ် .. ဒီလိုပါပဲ ၊ အိမ်ထောင် က လည်း မရှိ ၊ အရွယ် က လည်း မအိုသေးတော့ အပြော ခံရတာပေါ့ ”


“ အိုး .. ကေ ပြောတဲ့ ပုံစံက တစ်ကယ့် ကို အပျိုကြီး လုပ်တော့မယ်ပေါ့လေ ၊ မလုပ်လေနဲ့ ကိုယ့်ဆရာ ၊ အရေး ရှိတော့ ကိုယ့် အတွက် လူရင်း တစ်ယောက် တော့ ရှိမှနော့ .. နို့မို့ဆို မလွယ်ဘူး ”


ရင်ရင့် စကား ကို ကေသီတာ ပြုံး နေ လိုက်သည် ။ ရင်ရင် သည် ကေသီတာ့ စေ့စပ်ပွဲ မှာ တုန်းက မဖိတ် ၍ မလာခဲ့ သော် လည်း ကေသီတာ စေ့စပ်ပွဲ ပျက်ခဲ့တာတွေ ကို တော့ လူရင်းတွေ မို့ နှစ်ခုစလုံး ကို သိ ထားသည် ။


“ ကောင်းဇော် က ကျောင်း မှာ တုန်း က တော်တော် ကို့ တော် တာ မကေ ၊ သူ့ အမေ ကလည်း ကျောင်းဆရာမ ပဲ လေ ၊ သူ က စာ တော်တော့ ကောင်မလေးတွေ ဆို သူ့ ကို တော်တော်လေး အထာ ပေး ကြတာ ၊ အဲဒီလို အထာပေး လည်း ကောင်းဇော် က တော့ တည်တည်ပဲ ၊ စာ မှ စာဆိုတဲ့ အကောင် ၊ ရင် က လည်း သူ့ ကို ကျောင်း ကတည်းက ဒီလိုပဲ စ လာတာ ၊ အခုလည်း ဒီကောင် ထိ သွားပုံရတယ် ၊ တစ်ခါတည်း ကို လစ်တာ ၊ တန်း နေတာပဲဟား .. ဟား .. ဟား ”


ရင်ရင် က အားရပါးရ ရယ်သည် ။ ရင်ရင်သိန်း သည် ပျော်ပျော် နေတတ် ၊ စကား ကို ပွင့်ပွင့် နဲ့ ဘွင်းဘွင်း ပြောရတာ ကို အားရသော မိန်းကလေး မျိုး ဖြစ်သည် ။ ကေ့ ကို နည်းနည်းပါးပါး လာရစ်သည့် ယောက်ျားလေးများ သည် ရင်ရင်သိန်း ၏ ပါးစပ် ကို ကြောက်ကြရသည် ။


ဒီ အကြောင်းတွေ ကို ပြန် ပြောပြတော့ ရီလေး က ရယ်သည် ။


“ အင်း .. ဝါယာတွေ က လည်း ပြင် ၊ သူငယ်ချင်း က လဲ ရှိ ဆိုတော့ ၊ မကေ တော့ ပြေး မလွတ် ဖြစ်တော့မယ် ထင်တယ် ”


“ ရီ ရယ် .. အဲဒီ ကိစ္စ နဲ့ ပတ်သက်ရင် ကိုယ် ဘယ်လောက် ရှောင်တယ် ဆိုတာ မသိဘူးလား ”


နောက် တစ်နေ့ ကေ ထမင်းချိုင့် နှင့် ဈေး ကို ရောက်လာတော့ ကေ့ ကို ရီလေး က ပုံစံ တစ်မျိုး နှင့် ကြည့် ၍ စပ်ဖြဲဖြဲ နှင့် ဆိုသည် ။


“ မကေ က အခုမှ လာတာ ၊ မမ အရင် ထမင်းချိုင့် က ရောက်နှင့် နေပြီ ”


“ ဘယ်က ထမင်းချိုင့် လဲ ”


ရီလေး က ပြုံးစစ နှင့် မေး ငေါ့ ပြတော့ လက်သုတ်ပုဝါလေး ချည်ထားသော သုံးဆင့် စတီးလ် ထမင်းချိုင့်လေး ကို တွေ့ရ လေသည် ။


“ ဘယ်သူ့ ချိုင့်လဲ ရီလေး ”


“ ကိုကောင်းဇော် ရဲ့ ချိုင့်ပါတဲ့ ရှင် ၊ ကျွန်တော် ထမင်းချိုင့်လေး ဒီမှာ ခဏ ထား သွားပါရစေတဲ့ ”


ကေ ဟိုဘက်ဆိုင် ကို လှမ်း ကြည့်မိတော့ ရင်ရင် မရှိ ၊ သူ့ ခယ်မကလေး သာ ရှိသည် ။


“ အလိုတော် .. သူက ဒီမှာ ထမင်း စားဦးမှာလား ”


“ အဲဒါတော့ မသိ .. ဟိ .. ဟိ ”


“ ရီလေး နော် .. မင်း ကို မမ ဘယ်နှစ်ခါ ပြောထားရ မလဲ ”


“ ရီလေး နဲ့ ဘာဆိုင်လဲ မမ ရဲ့ ၊ သူ က ခဏ ထားခဲ့ပါရစေ ဆိုတော့ မထားခဲ့နဲ့ လို့ ပြောလွှတ်ရမှာလား ”


ကေ့ မျက်စိထဲ မှာ တည်တည်ငြိမ်ငြိမ် နှင့် စကားပြော တတ်သော ကောင်းဇော် ၏ မျက်နှာ ကို ပြန် မြင်သည် ။ ကေ  .. သက်ပြင်း ကို သာ ချ မိသည် ။


“ ကဲ .. ဒါဆိုရင် .. ကေတို့ အရင် ထမင်း စား ထား လိုက်ကြရအောင် ”


ကံကြမ္မာ သည် ကေ့ ဘက် က မပါချေ ။ ကေ တို့ ထမင်း စားနေတုန်း တစ်ဝက် လောက် တွင် ကောင်းဇော် ရောက် လာသည် ။ အပေါ် မှာ က နေရာ သည် နှစ်ယောက် နှင့် ပင်နေရာ ပို မရှိ ၍ လာ ဝင်စားပါလား ဆို၍ ပင်မရ ။


“ ရပါတယ် မကေသီတာ ၊ ကျွန်တော့် ထမင်းချိုင့်ကလေး ပဲ ပေးပါ ခင်ဗျ ၊ အောက် မှာ ပဲ စားလိုက်တော့မယ် ”


“ အားနာလိုက်တာ ကိုကောင်းဇော် ရယ် ”


“ ရပါတယ် မကေ .. ကျွန်တော်တို့ အလုပ် က ဒါမျိုးတွေ ကြုံနေကျပါ ၊ တစ်ချို့ နေ့တွေ ဆို မတ်တပ် ရပ် ပြီးတောင် စားချင် စားရတာ ၊  အောက်မှာ ခုံ နှစ်ခုံ ရှိနေတာပဲ ရပါတယ် ”


ကောင်းဇော်က သူ့ ထမင်းချိုင့် ကို ယူ သွားသည် ။ အားနာတတ်သော ကေသီတာ သည် ထမင်း စား မဝင် တော့ချေ ။ ဟင်း တစ်ဝက် ကို ခွဲ ၊ ချိုင့် ထဲ ထည့် ၊ ရေနွေး တစ်ခွက် ကို ယူ ၊ အောက် ကို ဆင်း ရသည် ။ လူမူရေး သည် အတော် ကျယ်ဝန်းသည် ဟု ကေသီတာ တွေး မိသည် ။ တစ်ဘက်ဆိုင် မှာ ရောက် လာပြီ ဖြစ်သော မိရင်ရင် က ကောင်းဇော် ကို ကြည့်ပြီး ရယ်သည် ။ ဟိုတစ်နေ့ တုန်းက လို စတာတွေ ဘာတွေတော့ မရှိတော့ ။


“ ရပါတယ် မကေ ၊ မကေ ထမင်းစား ပျက်မှာပေါ့ ၊ သွားစားပါ ၊ ရေနွေး အတွက် ကျေးဇူး တင်ပါတယ် ၊ ကျွန်တော် ဒီလို စား တတ် ပါတယ် ”


ကောင်းဇော် သည် ဈေး တွင် အလုပ် ဝင် ရသည့် တစ်လလုံး နီးပါး ဒီလိုပင် ထမင်းချိုင့် ပေး ထားပြီး အောက် က ခုံ မှာ ပင် လာ စားသည် ။ ကေသီတာ က လည်း ဟင်းတစ်ခွက် ပို ချက်ထားပြီး ကောင်းဇော် ကို ပေး တတ်သည် ။ ကေ တို့ ဆိုင် ဝါယာကြိုးတွေ လဲတော့ ကောင်းဇော် လဲ ရောက် လာပြီး တာဝန်ကျသူတွေ ကို အသေအချာ ညွှန်ကြားသည် ။


တာဝန်ကျသူတွေ က လဲ ကောင်းဇော် ပြောတာကို လေးလေးစားစား နှင့် နားထောင်ကာ “ ဆရာကောင်း က သေချာ ပြောသွားနော် ၊ ဂရုစိုက်လုပ် ” ဟူသော စကား ကို လည်း ကြားလိုက်ရသည် ။


ကောင်းဇော် ကို လုပ်ငန်းခွင် ထဲ မှာ လေးစားကြဟန် တူသည် ။ တစ်လ နီးပါး ကောင်းဇော် သည် သူတို့ ဆိုင်မှာပဲ ထမင်း လာ ၍ စားသည် ။ နေ့စဉ် တွေ့ကြ သည် ။ ပထမ တော့ သူ့ အကြောင်း ကိုယ့် အကြောင်း  .. မိသားစု အကြောင်း ၊ ဘဝ အကြောင်း ၊ ရင်းနှီးမှု မှ သည် ခင်မင်မူ ၊ ခင်မင်မှု မှသည် သံယောဇဉ် စသည့် လူမူ တရားများ သည် အစဉ်လိုက် အတိုင်းပင် ထုံးစံ အတိုင်း ရောက်ရှိ ၍ လာသည် ။


ဈေးကြီး တစ်ဈေးလုံး နီးပါး လျှပ်စစ်ကြံ့ခိုင်ရေး ပြီးသွား သော်လည်း ကောင်းဇော် သည် ညနေ အလုပ် က အပြန်တွင် ကေသီတာ တို့ ဆိုင်သို့ ဝင်လာ တတ်သည် ။ တစ်ခါတစ်လေ နွေရာသီ မှာ ထိုင်ရာက မထ ဈေးရောင်း ရသော ညီအစ်မ နှစ်ယောက် အတွက် ဖာလူဒါ ၊ စတော်ဘယ်ရီ ဖျော်ရည် ၊ သီးစုံဖျော်ရည် စသည်ဖြင့် ဝယ်ဝယ်လာ တတ်သည် ။ ကေသီတာ က တား သော်လည်း ကောင်းဇော် က ပြုံး နေတတ်သည် ။


ဈေးသိမ်းချိန် ကျတော့ ပစ္စည်းတွေ ဝိုင်း ကူ သိမ်း ပေးသည် ။ ဆိုင် ကို စိတ်ချရ ၊ မရသေချာ စစ်ဆေးသည် ။သူ မလာဖြစ်သည့် နေ့တွင် အထူးတလည် မဟုတ်သော်လည်း စိတ် ထဲ ကတော့ မျှော် နေမိတာ မျှော်မိပြီး မှ ကေသီတာ သိရသည် ။ ကောင်းဇော် သည် နိုင်ဝင်းထွန်း လို တည်ငြိမ်ပြီး မိုးယံစိုး လို စကားပြော ကောင်းသူ တစ်ယောက် ဖြစ်သည် ။


သို့သော် မိုးယံစိုး က ရယ်စရာ ၊ ပျော်စရာ စကားများ ကို ဟုတ်တာရော ၊ မဟုတ်တာရော ရယ်ရလျှင် ပြီးရော ပြောတတ်သည့် လူမျိုး ဖြစ် သော်လည်း ကောင်းဇော် က တော့ ထိုကဲ့သို့ ပြောတတ်သည့် လူမျိုး မဟုတ်ချေ ။ ထို မှတ်ချက် သည် ကေသီတာ က ပေးသော မှတ်ချက် မဟုတ်ပဲ ရီလေး က ပေးသော မှတ်ချက် ဖြစ်လေသည် ။ ရီလေး က ..


“ မျက်လုံးတွေ မှာ လမ်းကြောင်း ရှိတယ်နော် .. မမ ၊ အဲဒီ မျက်လုံး လမ်းကြောင်း က လိုင်စင်မဲ့ကား လို မောင်း လို့ မရဘူး မဟုတ်လား ၊ မမကေ ” ဟု သူ့ ကို စတတ်သည် ။ ကောင်းဇော် ကို တော့ ကေသီတာ သည် မာယာ မပါသော ရိုးရိုးကြီး ပုံစံ နှင့် လည်း မဆက်ဆံ ၊ ကိုယ့် ဘက် က ဣန္ဒြေ မကျွံရအောင် ဆိုသော ပင်ပန်းသည့် စောင့်ထိန်းမူကြီး နှင့် လည်း မဆက်ဆံ ၊ လိုက်လျောညီထွေ နှင့် သတိ အမြဲ ရှိသော ဆက်ဆံရေးမျိုး ဖြင့်သာ ဆက်ဆံ ပါသည် ။


ထိုနေ့က ဥပုသ်နေ့ ဖြစ်သော ကြောင့် ကေသီတာ တို့ ညီအစ်မ နှစ်ယောက် အနားရ သဖြင့် မနက်စာ စားသောက် ပြီး တစ်ရေးတစ်မော အိပ်ကြသည် ။ အိပ်ပျော်ပြီး ကာစ လမ်း ထဲ ရပ်ကွက် ထဲ မှ လူတွေ အော်သံ ၊ ဆူသံ ၊ ပြေးလွှားသံ ၊ တစ်ယောက် နှင့် တစ်ယောက် ခေါ်သံ တို့ကြောင့် ကေသီတာ တို့ လန့်နိုး လာ ကြသည် ။


“ မီးဗျို့ .. မီး .. မီး .. မီးလောင် နေတယ် ၊ ရှေ့ဘက်ရပ်ကွက် မှာ မီးလောင် နေတယ်ဗျို့  .. မီး .. မီး ”


“ မီးတဲ့ ဟေ့ .. မီးချိတ် မီးကပ်တွေယူ ၊ မိန်းမတွေ ယူစရာရှိတာတွေ ယူ ပြီးကလေးတွေ ကို သတိထားကြ ”


“ ပစ္စည်းတွေ ယူ ပြီး ရင် အိမ်တွေ သော့ခတ်ထားကြ ၊ မီးနီးတယ် ”


“ မီးလောင် နေတယ်ဗျို့ .. မီးလောင်နေတယ် ”


တိတ်ဆိတ် နေသော နွေနေ့လည်ခင်း မှာ ကမ္ဘာပျက် သလို ဖြစ် သွားသည် ။ လူတွေ ပြေးလွှား နေကြသည် ။ ယောက်ျားတွေ က မီးချိတ် မီးကပ်တွေ ၊ ရေပုံးတွေ နှင့် ထွက်ကြသည် ။ ဝီစီသံတွေ ဆူညံလျှက် ၊ ကြောက်လန့် နေကြသော မိန်းမတွေ နှင့် ကလေးများ ၏ အော်သံ ခေါ်သံတွေ ဆူညံလျှက် ။


ကေတို့ ညီအစ်မ သည် ရုတ်ရက် ဘာလုပ်ရမှန်း မသိ ။ အိမ် ထဲ သို့ သာ စွတ်ပြီး ပြန်ဝ င်လာခဲ့ကြသည် ။


“ မမ လက်ဝတ်လက်စားတွေ ၊ ပြီးတော့ ပိုက်ဆံတွေ  .. ”


ဗီရို ကို ဖွင့်သော ကေသီတာ့ လက်တွေ တုန် နေသည် ။ အိတ်တစ်လုံး ကို လွယ် ၍ လက်ဝတ်လက်စားတွေ အရင် ထည့်သည် ။ ပြီးတော့ ငွေ .. ရီလေး က အိမ်ရှေ့ က တီဗွီ ကို အတင်းဖြုတ် မရွှေ့နေသည် ။ ကေသီတာသည် ပွင့် နေသော ဗီရို ထဲ က သူ နှစ်သက်သည် ဟု ထင်ရသော အင်္ကျီ ၊ ထမီတွေ ကို ဆွဲ ယူပြီး ပိုက် ထားသည် ။


“ မီး က နီးလာပြီ ဗျို့ ၊ အိမ် ထဲ က ယူစရာ ရှိတာတွေ ယူ ပြီး ရင် ထွက်ကြပါ ၊ ထွက်ကြပါဗျို့ .. ထွက်ကြပါ ”


လမ်း ပေါ်မှာ လူတွေ တစ်ဝေါဝေါ ပြေးလွှား နေကြသည် ။ ကေသီတာ သည် သူ့ လက်နှစ်ဖက် က ဘာမှ သုံးလို့ မရတော့မှန်း သိသဖြင့် အဝတ်စားတွေ ကို လွှတ်ချ လိုက်ပြီး အိတ် ကို လွယ် ၍ အောက် ကို ဆင်းတော့ ရီလေး က ဆာလာအိတ် နှင့် အိုးတွေခွက်တွေ ပန်းကန်တွေ ကို သိမ်း နေသည် ။


“ မမကြီး စောင် ကို ဖြန့် ၊ အဝတ်စားတွေ ထုတ်ပြီးရင် ထည့်ထား ၊ အိုးတွေခွက်တွေ ရီလေး တာဝန်ထား ၊ TV ရှေ့ မှာ ထုတ်ထားတယ် ”


“ ရတယ် .. ကေ  .. မကေ ဘာလုပ်ရမှာလဲ ဟင် ၊ ကေ ဘာတွေ ယူရမှာလဲ ”


“ စောင် ကို ဖြန့်ပြီး အဝတ်စားတွေ ထည့် လေ ”


ကေ အိမ် ပေါ် သို့ တစ်ခေါက် ပြန် ပြေး တက်ရပြန်သည် ။ အိပ်ယာ ထဲ က စောင် ကို ယူ ၍ ခုနက ချထားခဲ့သော အဝတ်စားများ ကို ကြုံး တစ်ခါ ပြန် ထည့်ပြန်သည် ။


ကေ့ လက်တွေ က တုန် နေပြီး ရင်တွေ တလှပ်လှပ် တုန်ကာ ကြောက်လှန်းသဖြင့် ပစ်လဲကျ သွားမလား ထင်ရသည် ။ ရင်တွေ တုန်လွန်း သဖြင့် မိုက်ကနဲ တစ်ချက် မူးသည် ။ သူတို့မှာ အားကိုးရာ မရှိတာ ကို ပထမဆုံး အကြိမ် အားငယ်စွာ ခံစား လိုက် ရသည် ။ ထိုအချိန်တွင် အပြင် က အသံတွေကလည်း ဆူညံ နေချေပြီ ။ ကေ အဝတ်ထုပ် ကို အား နှင့် ကျုံး မတော့ ထင်ရာတွေ စွတ်ထည့် ထားသဖြင့် မ၍ မရ ။ ကေ သာ လဲကျ သွားသည် ။


ထိုအချိန် မှာ ..


“ မကေ .. မကေ .. ကေသီတာ ”


ကောင်းဇော် .. ကေသီတာ အားရဝမ်းသာ လဲနေရာ မှ ထ ရပ်သည် ။ ကောင်း .. ကေ အပေါ် မှာ .. ဟု အော်သည် ။ အသံ က မထွက် ။ လှေကား ပေါ် ကို တစ်ဝုန်းဝုန်း နှင့် ပြေးတက် လာသော အသံ ကို ကြားရသည် ။ ကောင်းဇော် .. ကောင်းဇော် က လဲကျနေသော ကေသီတာ့ ကို ဆွဲထူသည် ။ ပြီးတော့ စောင်ထုပ် ကို ပြန်ဖြေ ၊ အဝတ်စား ငါးစုံ ခြောက်စုံ သာ ထည့် ပြီး ဆွဲသည် ။


“ ပစ္စည်းတွေ ယူပြီးပြီလား .. မကေ ”


“ ဟုတ် .. ဟုတ်ကဲ့ ”


“ ငွေ ရော .. ”


“ ဟုတ်ကဲ့ .. ဒီ အထဲ မှာ .. ”


“ မှတ်ပုံတင် .. သန်းခေါင်စာရင်း ၊ အိမ်အရောင်းဝယ် စာချူပ် တွေရော ယူပြီးပြီလား .. မယူရသေးရင် ဘယ်မှာ ထားလဲ ”


“ မ .. မယူရသေးဘူး .. ဗီရို ထဲ က အံဆွဲ ထဲ မှာ ”


“ သော့ ရော .. ”


“ သော့ .. သော့ .. ကေ  .. ဘယ်မှာ ထားလိုက်မိလဲ မသိဘူး ”


ကေသည် အဝတ် ပုံ ထဲ ပြန် မွှေသည် ။ သော့ ကို သူ ခုနက ကိုင်ပြီး ပစ္စည်းတွေ ယူသည် ။ ပြီးတော့ ကေ စဉ်းစားလို့ မရတော့ ။ ကောင်း ရောက်လာ သဖြင့် ကေ အရမ်း အားရှိ သွားသည် ။ ဗီရို က ပွင့် နေသည် ။ ဗီရိုထဲက အံဆွဲထဲ မှာ မို့ ဗီရိုသော့ နှင့် တွဲ ထားသော အံဆွဲသော့ ကို ဖွင့်ဖို့ ဗီရိုသော့ ရ မှ ဖြစ်မည် ။ ကောင်း က ပွင့် နေသော ဗီရိုတံခါး ကို ပိတ်လိုက် တော့ သော့ က ဗီရို မှာ တန်းလန်း မြင် ရသည် ။


“ ရပြီ .. ”


ကောင်း က သော့ ကို ရွေး ဖွင့်ပြီး လိုအပ်သော အရေးကြီး စာရွက်စာတမ်း ၊ မှတ်ပုံတင် ၊ ဆိုင်စာချူပ် စသည်တို့ ကို ယူသည် ။ ပြီးတော့ အဝတ်ထုတ် ကို တစ်ဖက် က ဆွဲ တစ်ဖက်က ကေသီတာ့ ကို ဆွဲကာ အောက် ကို ဆင်းသည် ။ အောက် မှာ ပန်းကန်တွေ ရော ၊ ရေနွေးအိုးတွေ ရော ၊ ထမင်းအုပ်တွေ ရော ဒယ်အိုး နှင့် ယောင်းမပါ မကျန် ကြုံးထည့် နေသည့် ရီလေး ကို ဆွဲမ ၍ ဒယ်အိုး ၂ လုံး ၊ အိုးကြီးသေး နှစ်လုံး ၊ ယောင်းမ သုံးလေးချောင်း နှင့် ဇွန်းများ ကို ပစ်ထည့်ပြီး ရီလေး ကို အထုပ်ပြန် ပေးသည် ။ နှုတ် မှ လည်း လိုအပ်တာပဲ ယူ ၊ လိုအပ်တာပဲ ယူတော့ ဟု အော် ရင်း ရီလေးကို ရော .. ကေသီတာ့ ကို ပါ ဆွဲ ၍ အိမ်ရှေ့ သို့ ထွက်သည် ။


“ ကိုကောင်းဇော် .. တီဗွီ ၊ အောက်စက် ”


“ ထားခဲ့ .. အိမ်သော့ပေး ”


ရီလေး သော့ ရှာ နေတုန်း ကောင်းဇော် က ကေ့ ဘွဲ့ရဓာတ်ပုံ ကို ဆွဲဖြုတ် လိုက်သည် ။ ပြီးတော့ အင်္ကျီ ထည့်သော အိတ် ထဲ သို့ ထည့်သည် ။ ထို့နောက် ကေ တို့ကို လက်ဆွဲ ၍ အိမ်ပြင် ထွက်တော့ ခြံ ထဲ သို့ ပြာတွေ ပင် ကျနေပြီ ဖြစ်သည် ။ ကောင်းဇော် က အိမ်တံခါး ကို သေသေချာချာ သော့ခတ်ပြီး သော့ ကို သူ့ ဘောင်းဘီ အိတ် ထဲ သို့ ထည့် ၍ လူအုပ် ထဲ မှ လူစု မကွဲစေရန် ကေ တို့ လက်ကောက်ဝတ် ကို ခပ်တင်းတင်း ဆုပ်ကိုင်ရင်း အတင်း တိုးဝှေ့ ထွက်သည် ။ မီး နှင့် ဝေးရာ ၊ အိမ် နှင့် ဝေးရာ သို့  .. ။


ကံကောင်းထောက်မ သည့် အတွက် ရော ၊ မီးသတ်ရဲဘော်များ နှင့် ရပ်ကွက် ထဲ မှ တာဝန်ရှိသူတွေ ၊ ရပ်ကွက်သူ ၊ ရပ်ကွက်သားတွေ ကြိုးစားကြသည့် အတွက် ပါ နောက် တစ်နာရီ ခန့် တွင် မီးစွယ် ကျိုးကျ သွားသည့် အတွက် ကေ တို့ အဝေးမှ ဝမ်းသာ ရသည် ။ ထို့ထက် ပို ၍ ကံ ကောင်းသည် က ကေတို့ အိမ်ကလေး မီး ထဲ ပါ မသွားသည့် အတွက် ပင် ဖြစ်သည် ။


ရပ်ကွက်လူကြီး က မီး ထဲ မပါသော အိမ်ရှင်များ မိမိတို့ နေအိမ် အသီးသီးသို့ ပြန်ကြပါရန် ပါသူများ ရပ်ကွက်ရုံးခန်း ကို စာရင်း လာ ပေးကြပါရန် လိုက်လံ အော်တော့ မှ ကေသီတာ တို့ ပြန်ခဲ့ကြသည် ။ ကေသီတာ သည် အိမ် ကို ပြန် ရောက်ကာ မှ ပင် ကောင်းဇော် ၏ လက်မောင်း ကို လက် နှစ်ဖက်ဖြင့် ကိုင်ထားမိ မှန်း သတိရ တော့သည် ။ ရင်ရင်သိန်း ၏ “ အပျိုကြီး လုပ်တော့ မလို့လား ကေသီတာ ၊ အပျိုကြီး လုပ်ဖို့တော့ မစဉ်းစားလေ နဲ့ ၊ အရေးကြုံ လာတော့ ကိုယ့် အားကိုး စရာ က သံယောဇဉ် ရှိတဲ့ သူ နဲ့ မှ ဖြစ်တာ .. ” ဟူသော စကား ကို ပြန် ကြားမိသည် ။ အိမ် ထဲ မွ စာ ကြဲနေသော ပစ္စည်းတွေ ကို နေသားတကျ ပြန် ရွှေ့ကြ ရသည် ။ ရီလေး သည် မီးလောင်တုန်း က 24 ” sony TV ကြီး ကို  တစ်ယောက် တည်း မ ၍ အိမ်ရှေ့သို့ ရွှေ့နိုင်ခဲ့ သော်လည်း မီးအေး ပြန် မ တော့ ကြွပင် မကြွတော့ ။ ကြောက်စိတ် နှင့် လောဘ သည် လည်း လူ ကို အား တစ်မျိုး ပေး တတ်ကြောင်း ကောင်းဇော် က ပြောပြသည် ။


ကောင်းဇော် သည် ပစ္စည်းများ ကို စံနစ်တကျ ပြန် နေရာ ချထား မပေးခင် သူ့ မိခင် ကို ဖုန်း လှမ်းဆက်သည် ။ ကေ တို့ အိမ် မပါကြောင်း ၊ ထိတ်လန့် နေသော ကေ တို့ ညီအစ်မ နှင့် ဒီ ည သူ အတူ အိပ်ပေးမည် ဖြစ်ကြောင်း တို့ ဖြစ်သည် ။ ကေ သည် ကောင်းဇော် အိမ် မှာ အိပ်မည် ဆိုတာကို သူ့ ကို ခွင့် မတောင်းပဲ မိခင် အား ပြောနေခြင်း ကို စိတ်မဆိုးပဲ ဝမ်းတောင် သာ နေ မိသေးသည် ။ သူတို့ မွေးစား ညီအစ်မ သည် မေမေကြီး ကြောင့် မတောင့်မတ မကြောင့်မကျ နေ ရတာ မှန်သည် ။


သို့သော် .. သူတို့ မှာ အားကိုး လိုသည် ။


ထိုစဉ်မှာပင် အောင် နှင့် သူ့ခ င်ပွန်း တို့ ကား နှင့် ရောက်လာ ကြသည် ။


“ စိတ်ပူလိုက်ရတာ ဟယ် .. အောင်တော့ မကေ တို့ ပါပြီ ထင်ထားတာ ၊ တော်ပါသေးရဲ့ ”


“ ကိုကောင်းဇော် ရောက်လာ ပေလို့ ပဲ မမ ရေ .. နို့မို့ဆို မလွယ်ဘူး ”


“ ကျေးဇူးတင်ပါတယ် ကိုကောင်းဇော် ရယ် .. မိန်းကလေး နှစ်ယောက်တည်း မို့ ကျွန်မ အမြဲတမ်း သူတို့ အတွက် စိတ်ပူ နေရတာ ၊ ဒုက္ခ ရောက်ချိန်မှာ ခုလို ကူညီတာ ကျေးဇူးပါပဲ ရှင် ”


“ ဒီလိုပါပဲ .. အပြန်အလှန် ပေါ့ .. မခင်မေအောင် ရယ် ”


“ အေးဗျာ .. ဒီမှာ အောင် က မကေတို့ အိမ် ပါ ပါပါပြီ ဆိုပြီး ကားပေါ် မှာ ငိုနေတာ ၊ ကျွန်တော် က အိမ်ထက် လူတွေ ကို ပို စိတ်ပူတာ ၊ ကျွန်တော် တစ်ယောက် ထဲ လာဖို့ ကျတော့လည်း လမ်းကိုပိတ်ပြီး အပြင်လူတွေ ပေး မဝင်ကြတော့ ဝင်လို့ မရတော့ လို့ ပါ ”


“ ဟုတ်တယ် .. ကျွန်တော် တောင် ရောက်တာ မြန်လို့ ၊ နောက်ကျ ရင် ပေး မဝင်ကြတော့ဘူး ”


“ ဘာပဲဖြစ်ဖြစ် မိသားစုကို ကူညီတာ ကျေးဇူးပါ ”


အောင် က ပြုံးဖြဲဖြဲ စပ်ဖြီးဖြီး နှင့် ကေ့ ကို ကြည့်ရင်း မျက်ဝန်းချင်း ဆုံသောအခါ ပြုံး နေသော နှုတ်ခမ်းတွေ ကို အပျော် မဲ့ မဲ့ ၍ ခေါင်းကို သုံးလေးချက် ညိတ် လိုက်လေသည် ။


ငြိမ်နေသော လေ သည် အသာတကြည် ပင် ဟိုးအဝေး မှ ခပ်မှန်မှန် ကလေး တိုက်ခတ် လိုက် သဖြင့် ငြိမ် ၍ ရပ်စောင့် နေရသော ကန်တော်ကြီး ရေပြင်သည် သူ့ ကိုယ်ပေါ် မှလှိုင်းလုံးကလေးတွေကို ဖော်ယူ လိုက်သည် ။


ပြီးတော့ .. ထို လှိုင်းကလေးတွေ တစ်ခု နောက်သို့ နောက် တစ်ခု ကိုအပြေး လိုက် ခိုင်း၏ ။ လှိုင်း တို့ မည်သည် ကမ်းစပ်သို့ သာ ပြေးမြဲ ဖြစ်ရာ ရှေ့ မှ လှိုင်းကလေး က လည်း ကမ်းစပ် သို့ သာ ပြေး ပါသည် ။ နောက်က  မှီလု မှီခင် လှိုင်းကလေး က ကမ်းစပ်နား ရောက်သော အခါ .. ပျောက်သွားသော ရှေ့ က လှိုင်းကလေး ကို ရှာ နေတုန်း သူ့နောက်မှ လိုက်လာသော လှိုင်းကလေး က တွန်းလိုက် သဖြင့် သူ လည်း ကမ်းစပ် ထဲ သို့ ဝင်ရောက် ပျောက်ကွယ် သွား လေသည် ။ ရေပြင် ကို လှိုင်း လုပ် ပစ်ခဲ့သော လေပြေညှင်း သည် ကေ့ ဆံပင်တွေ ကို ခို စီးပြီး ဂျွှမ်းထိုး ၍ တစ်ခြား တစ်ဖက်သို့ ခုန်ထွက် သွားသည် ။


“ ကောင်း .. အခု မကေ ပြောတာတွေ ကို ကြားတော့ အံ့သြ သွား သလား ”


“ မအံ့သြပါဘူး ၊ ရင်ရင်သိန်း ပြောပြလို့ ဒီလို နှစ်ကြိမ် ဖြစ်ဖူးတယ် ဆိုတာကို တော့ အကြမ်းဖျင်း သိထားပါတယ် ၊ အခုလို တိတိကျကျ သိရတော့ ပို ကောင်းတာပေါ့ ၊ ကောင်း အတွက် ဒီလို သိလိုက် ရလို့ လည်း ပြောင်းလဲမှု မရှိပါဘူး ”


ကောင်း သည် မှန်သောစကား ကို ဆိုသည် ဟု ကေ ထင် ပါသည် ။ ကေ ပြောပြ နေသည့် တစ်လျှောက်လုံး ကောင်း မျက်နှာ တွင် မည်သည့် အပြောင်းလဲ ကို မှ မတွေ့ရပဲ ကေ ပြောသမျှ ကိုသာ စိတ်အား ထက်သန်စွာ စိတ်ဝင်စားစွာ နားထောင် နေတာပဲ ကေ တွေ့ခဲ့ ရသည် ။


“ ပြီးတော့ မကေ ကို အခုမှ ပိုပြီး ရင်းနှီး သွားသလို ခံစားရတယ် ၊ ကိုနိုင်ဝင်းထွန်း ကတော့ သိက္ခာ နှင့် ဣန္ဒြေ ကို ရှေ့တန်း တင်လွန်းတဲ့ အခြေနေ မှာ အစွန်းရောက် သွားသူပါ ၊ ကိုမိုးယံစိုး က တော့ အစ်မတွေ ရဲ့ အတ္တစိတ် နဲ့ မကေ မေမေကြီး ရဲ့ အမှန်တရား ကြား မှာ ဓားစာခံ ဖြစ်ရ ရှာတာ ၊ ကျွန်တော် သူတို့ ကို ကိုယ်ချင်းစာ နိုင်ပါတယ် ၊ မကေ ပြော သွားတဲ့ အဖြစ်ပျက် နှစ်ခု စလုံး မှာ စံနစ်တကျ ကံ မကောင်းဆုံး ကတော့ မကေ ပဲ ၊ ကျွန်တော် နဲ့ ကျရင် မကေ အဲဒီလို မဖြစ်စေရဘူးလို့ ကတိ ပေးတယ် ”


ကောင်း သည် ကေသီတာ့ မျက်နှာ ကို ကြည့်ပြီး လေးနက်စွာ ပြောခြင်း ဖြစ်သည် ။


“ ကောင်း ရဲ့ စကား ကို မကေ ယုံကြည်ပါတယ် ဆိုတာထ က် .. ယုံချင်ပါတယ် လို့ ပဲ ပြောချင်တယ် ”


“ ကျွန်တော် မကေ ကို ချစ်တယ် ဆိုတာ တစ်ကယ့် ကို ပိုင်ဆိုင်ချင်တာပါ ၊ တစ်ဘဝလုံး ပင်ပန်းခဲ့ရတဲ့ မကေ ကို ကျွန်တော့် ဆီ မှာ အေးအေးဆေးဆေး အနား ယူရင်း အချစ်ခံ စေ ချင်ပြီ ၊ ကျွန်တော့် ရှေ့ က မကေ ကို ချစ်ခဲ့တဲ့ လူတွေ ရဲ့ အချစ် ကို ကျွန်တော် လေးစားပါတယ် ၊ ကျွန်တော်လည်း သူတို့ လို ပဲ ဆန္ဒ ပြင်းပြင်း နဲ့ မကေ ကို ချစ် နေတာပါ ၊ ကျွန်တော် က တစ်ခု ပို ကံကောင်းတာ ကတော့ နောက်ဆုံး လူ ဖြစ် နေတာပါပဲ ”


မျှမျှတတ ပြောတတ်သည့် ကောင်း ကို ကေ သဘောကျ သွားသည် ။ သူ ပထမ ကောင်း ကို ချစ်၍မရတော့ ဟု သူ ထင်ခဲ့ မိသည် ။ သူ့ နှလုံးသား သည် မိုးယံ နှင့် အတူ သေဆုံး သွားခဲ့ပြီ ဟု ထင်ထား မိသည် ။ အခုကျတော့ လည်း သူ့ နှလုံးသား သည် အခြေအနေ သွင်ပြင် မတူသော အကြောင်းအရာ ခြားနားသော အဖြစ်ပျက်များ ပေါ်တွင် ပြန်လည် သာယာ ရှင်သန် လာ ပြန်သည် ။


ကိုနိုင်ဝင်းထွန်း ကို လေးစားပြီး သာယာ ခဲ့တာ တစ်မျိုး ၊ မိုးယံစိုး ကို ရင်ခုန်ပြီး တပ်မက် နှစ်လိုစွာ ချစ်ခဲ့တာ က တစ်မျိုး ၊ အခု ကောင်း ကို တည်ငြိမ်စွာ ဖြင့် အားကိုး ချစ် ချစ်ရတာ တစ်မျိုး ဟု ကေ က ဆိုချင်သည် ။ သူ့ နှလုံးသား သည် ဘယ် နှစ်မျိုး ချစ်တတ် ပါ သနည်း ။ အဲဒါတော့ သူ့ နှလုံးသား ပဲ သိလိမ့်မည် ထင်သည် ။


“ ကျွန်တော် မကေ ကို ချစ်တာ အစ်ကို တစ်ယောက် လို စောင့်ရှောက်ရမယ် ဆိုတဲ့ တည်ငြိမ်တဲ့ စိတ် နဲ့ လည်း ချစ်တယ် ၊ မောင် တစ်ယောက် လို နွဲ့ဆိုး ဆိုးမယ် ဆိုတဲ့ စိတ် နဲ့ လည်း ချစ်မယ် ၊ လိုအပ်တာ မှန်သမျှ အကူညီ ပေးမယ် ဆိုတဲ့ သူငယ်ချင်း စိတ် နဲ့ လည်း ချစ်မယ် ၊ ကျွန်တော် မကေ ကို အဲဒီလို နားလည်ပြီး ချစ်နေမိတာပါ ၊ ကေ .. ကျွန်တော့် ကို စကား ပြောပါဦး ၊ အဖြေ ပေးပါဦး ”


ကေက ခေါင်း ကို ငုံ့ချ ထားပြီး ငြိမ် နေ လိုက်သည် ။ ကေ ၏ ငုံ့ချ ထားသော ဦးခေါင်း မှ မျက်ဝန်းများ ကို မြင်ရ စေရန် ကောင်း က ကေ့ ထက် ခေါင်း ကို ငုံ့လိုက် သဖြင့် နဖူးချင်း ထိ သွားသည် ။ ကေ က ငုံ့ချ ထားသော ခေါင်း ကို ပြန် မော့ လိုက်ရင်း ပြောသည် ။


“ အဲဒီလိုတော့ မလုပ်နဲ့ ကွာ ”


“ မကေ က စကား လည်း မပြော .. မျက်လုံးတွေ ကို လည်း ဝှက်ထားတော့ အဖြေ လိုချင်တဲ့ လူ က သေပြီပေါ့ မကေ ရဲ့ ၊ စကားသံ မကြား ရ ရင် မျက်ဝန်းလေး ထဲ မှာ အဖြေ ရှာ ပြီးတော့ ရင်ခုန်ချင်တာပေါ့ ”


ကေ ရယ်မော လိုက်မိသည် ။


“ အဲဒါဆို ကေ ဘယ် နေတတ်တော့မှာလဲ ကောင်း ရဲ့ ”


“ မကေ က ဘာဖြစ်လို့ မနေတတ်တာလဲ ”


“ ရှက် လို့ ပေါ့ ”


“ ရှက်တယ် ဆိုတာ နှစ်မျိုး ရှိတယ် တဲ့ ၊ အသိတရား က ရှက် တာရယ် ၊ ဦးဏှောက် က ရှက်တာရယ် .. ကေ က ဘယ်က ရှက်တာလဲဟင် ”


ကေ ဘာမျှ ပြန်မဖြေပဲ ငြိမ် နေ လိုက်သည် ။


“ ကေ့ မှာ အဖော် လိုတယ် ”


“ ကျွန်တော် သိပါတယ် အားကိုပြီး ချစ်ရတဲ့ စစ်မှန်တဲ့ အဖော်မျိုး မဟုတ်လား ၊ အဲဒီ အဖော် ဟာ ကျွန်တော် ပဲ ဖြစ်ရမယ် ”


“ ဘာဖြစ်လို့လဲ ”


“ မကေ ကို အားလုံး ကိုယ်ချင်းစာ နားလည် ပေး နိုင်လို့ပေါ့ ”


“ တစ်ကယ် .. ”


“ တစ်ကယ်ပေါ့ .. မကေ ကျွန်တော့် အကြောင်း ကို တစ်ကယ် မသိသေးတာလား  ”


“ ဘာကို သိရမှာလဲ ”


ကောင်းဇော် က စကား ကို ရပ် ၍ ကေသီတာ့ ကို အပြုံး ဖြင့် ကြည့်သည် ။ ပြီးတော့မှ အေးဆေးတည်ငြိမ်စွာ ပြောသည် ။


“ မေမေ ဟာ အပျိုကြီး မကေ ရဲ့ ”


“ ဘယ်လို .. ”


ကေသီတာ လုံးဝ နားမလည်စွာ ဆိုသည် ။


“ ဟုတ်တယ် မကေ ၊ မေမေ က အပျိုကြီး ဆိုတာ က ကျွန်တော် လည်း မွေးစားသား မို့ လို့ ပါ ၊ ဒါ့ကြောင့်မို့ မကေ ကို အရာအားလုံး ခံစား နားလည်ပြီး ချစ်နိုင်တယ် လို့ ပြောတာပါ ”


ကေ ပါးစပ် အဟောင်းသား ဖြစ်ပြီး ကောင်းဇော် ကို ငေးကြည့် လိုက်သည် ။ ကောင်းဇော် က အံ့သြ နေသော ကေ့ လက်ကလေး ကို ကောက်ယူ ပြီး ကိုင်ထား လိုက်သည် ။ အံ့သြ နေသော ကေ့ ပခုံး ကို အသာဖေး ၍ အံ့သြ နေသော ကေ့ နှလုံးသား ကိုအသာ ဖေး ဖက် ထား လိုက်လေသည် ။


◾နီကိုရဲ


📖 မွေးစားသမီး


#ကိုအောင်နိုင်ဦး


.

Saturday, May 20, 2023

မွေးစားသမီး ( ၁၂ )


 

အခန်း ( ၃ ) ကောင်းဇော်

ဟင်းရည် ထည့် ထားသော ချိုင့် ကို သတိ ထား ၍ ကိုင်ရမည် ဟု တွေးရင်း ခြံတံခါး ကို မြန်မြန် သော့ ခတ် ရသည် ။ ဒီနေ့ အုန်းနို့ ငါးဖယ်ဟင်း ကြောင့် နည်းနည်း လက် ဝင်ပြီး နေ့စဉ် ထမင်းပို့ချိန် ၏ မိနစ် အစိတ် ခန့် နောက်ကျ နေပြီ ဖြစ်သည် ။ ခြံတံခါး သော့ ခတ် ပြီး လှည့် အထွက် တွင် သူတို့ အိမ်ရှေ့ လမ်းကလေး ပေါ် မှ တစ်လမ်းတည်း သား မိန်းမကြီး နှစ်ယောက် က “ ထမင်း ပို့ လား ” ဟု ကေသီတာ့ ကို လှမ်း မေးကြသည် ။

“ ဟုတ်ကဲ့ အန်တီ ၊ ထမင်းပို့ ပါ ”

“ ဒီနေ့ နည်းနည်း နောက်ကျ သလား လို့ ”

“ ဟုတ်တယ် အန်တီ ရယ် ၊ လက်ဝင်တဲ့ ဟင်း ချက်မိလို့ ”

သုံးယောက်သား ရယ် လိုက်ကြပြီး လမ်းထိပ် ရောက်တော့ လမ်းကွဲ သွား ကြသည် ။

ကေသီတာ က ကားမှတ်တိုင် သို့ ခပ်သွက်သွက် လျှောက် ရင်း ၁၀ မိနစ် လောက် စောင့် လို့ မှ ကား မလာ လျှင် ကက ငှားဖို့ ဆုံးဖြတ် လိုက်သည် ။ နေ့လည်ခင်း လဲ ဖြစ် ၊ လူဆင်း လူတက် လည်း နည်းသော မှတ်တိုင် လည်း ဖြစ် သဖြင့် ကား စောင့် နေသူ က ကေသီတာ တစ်ယောက် တည်း သာ ရှိနေသည် ။

ကေသီတာ သည် မှတ်တိုင် မှ ကျောက်ထိုင်ခုံ ပေါ် တွင် ထမင်းချိုင့် ကို တင် ၍ ကားပေါ် အတက် တွင် ထမီ ခိုင်စေရန် လှည့် ၍ ပြင် အဝတ် တွင် ကားမှတ်တိုင် နောက်ဘက် ရှိ မြောင်း ထဲ တွင် ထို အရာ ကို တွေ့ရခြင်း ဖြစ်သည် ။ ယောက်ျား ကိုင် ခေါက်ပိုက်ဆံအိတ် တစ်အိတ် သည် ပွင့်ဟ လျှက် ခပ်စောင်းစောင်း ရှိ နေပြီး အညို ဖြစ်သည် ။ နံဘေး မှာ ကြက်သွေးရောင် စာအုပ် တစ်အုပ် ၊ မှတ်ပုံတင် ဟု ထင်ရသော အရာတစ်ခု ၊ နောက်ထပ် စာအုပ်လေး တစ်အုပ် နှင့် စာရွက်ခေါက်ကလေးများ  .. ။

ဆောင်းရာသီ ဖြစ် သဖြင့် ရေခန်း ၍ ဗွက်ထ နေသော ရေမြောင်း ထဲ တွင် နစ်နေခြင်း ဖြစ်သည် ။ မြောင်းနှုတ်ခမ်း မှာ အမည် မသိသော ရေကြိုက်ပင်တွေ ပေါက် နေကြ၏ ။

ပတ်ဝန်းကျင်ကို  ကြည့်တော့ လည်း လူ က မရှိ ။ မြောင်းနား အသေအချာ တိုးကပ် ကြည့်သောအခါ မှတ်ပုံတင် မှန်း သေချာ သဖြင့် ကေသီတာ ဘယ်လို လုပ်ရမလဲ စဉ်းစားသည် ။ ကူညီ ချင်လျှင် မြောင်းစပ် သို့ တိုးကပ် ၍ ကောက်ယူ ရုံ မှ တစ်ပါး အခြားမရှိပြီ ။

ကေသီတာ မြောင်းအစပ် သို့ အရဲ စွန့်ပြီး ဆင်း လိုက်သည် ။ သူ့ ဘယ်ခြေထောက် သည် ဇိကနဲ မြေကြီး ခြောက် ဟန် ဆောင်ထားသော ရွှံ့ဗွက် ထဲ သို့ တိုးဝင် သွားသည် ။

ကေ လက်လှမ်း လိုက်တော့ မှတ်ပုံတင် ကို ရသည် ။ စာအုပ်ကလေး ကို လှမ်း နေတုန်း ကိုရွှေကား က လာ နေသည် ။ မြုပ် နေသည့် ခြေထောက် က ပြန် နှုတ်လို့ မရတော့ ။ ရ ဦးတော့ ခြေထောက် မှာ  ရွှံ့တွေ နှင့် သူ့ ကို တင်မည် မထင် ။

ရှေ့  ရွှံ့မြောင်း ထဲ သို့ ကိုယ်ကို လဲကျ မသွားစေရန် အတော် ကြိုးစား ထိန်းကာ တွေ့သမျှ အားလုံး ကို ကေသီတာ ကောက်ပြီး ပြန် တက် လာတော့ ခြေထောက် နှစ်ဖက် စလုံး ဗွက်တွေ ပေ နေပြီ ဖြစ်သည် ။ အိမ် ကို တစ်ခေါက် ပြန် ၍ ရေ ဆေး ရုံ မှ လွဲ ဘာမျှ မတတ်နိုင်တော့ ။

ထမင်းချိုင့် ကို ဆွဲ ထမီ ကို ဆွဲကာ ခြေထောက် မှာ ဗွက်တွေ နှင့် သူ့ ကို လူတွေ က ဝိုင်း ကြည့်ကြသည် ။ သူမ ဘာမျှ ရှင်းပြ မနေတော့ ၊ ခြေထောက် ရေ ဆေး ရင်း ဖိနပ် လဲ ရင်း နှင့် မှ ဖတ် ကြည့်တော့ တစ်ခု က နိုင်ငံသား စိစစ်ရေးကဒ်ပြား ။

မောင်ကောင်းဇော်
၄ - ၈ - ၁၉၈၅
ဗမာ
ဗုဒ္ဓ  .. တဲ့ ။

နောက် ကြက်သွေးရောင် စာအုပ်ကလေး ကို ကြည့်တော့ passport စာအုပ်ကလေး ဖြစ်သည် ။ သက်တမ်း တစ်ကြိမ် သာ တိုးရ သေး၏ ။ လိပ်စာ နှစ်ခုကို ကြည့် တော့ မတူ ။ passport ထဲ မှာ ပါသည့် လိပ်စာ ပေါ် မှာ ထိုး ထားသည့် လက်မှတ် နှင့် နေ့စွဲ က၂၀၀၇ မို့ ထို လိပ်စာက အမှန် ဖြစ်ပုံ ရလိမ့်မည် ။ သိမ်ကြီးဈေး သို့ သွား နေသော ကားလေး ပေါ် တွင် ကေသီတာ တွေးရင်း ပါ လာသည် ။ သူ ဘာလုပ်ရရင် ကောင်းမလဲ ။ ရီလေး တော့ ခုလောက် ဆို ဆာ လို့ မဖြူတို့ ဆိုင် ကပဲ ထမင်း ဝယ် စား နေပြီလားမသိ ။

မေမေကြီး လွန်ခဲ့သည့် ( ၂ ) နှစ် က ဆုံးသည် ။

မေမေကြီး ဆုံးပြီး တစ်နှစ် အကြာ မှာ အောင် က အရင် အိမ်ထောင် ကျ သွားသည် ။ အောင် သည် မောင့် ဆီ ကို လာ နေသော မောင့် သူငယ်ချင်း ဆရာဝန်ကလေး နှင့် အိမ်ထောင် ကျ သွားသည် ။ ဟို တစ်ဖက် က လည်း ပြည့်စုံသူတွေ မို့ အောင့် ကို သမီးလေး တစ်ယောက် လိုပဲ ခေါ်သွား ချင်ကြသည် ။ ထို့အပြင် မောင် က လည်း ဆ/မ လိုင်စင် အတွက် နယ် သို့ ( ၂ ) နှစ် သွား ပြီးလျှင် ရန်ကုန် သို့ ပြန် ရရန် ခဲယဉ်း သဖြင့် မထူးတော့ပြီ ဟု သဘော ထား ကာ လက်ထပ်ရန် ဆုံးဖြတ် လိုက်သော အခါ သူတို့ နေခဲ့သော အိမ်ကြီး ကိစ္စ ကို ရှေ့နေ ဦးဝေမင်းဆန်း နှင့် တိုင်ပင် ၍ အားလုံး သဘော တူ သော ဈေး နှင့် ရောင်းချ လိုက်ကာ ဘဏ်ငွေများ ၊ စုဆောင်းပစ္စည်းများ ၊ လက်ဝတ်လက်စား အားလုံးတို့ ကို ရှေ့နေ နှင့် သက်သေများ ရှေ့ တွင် မေမေကြီး ၏ ဆန္ဒ အတိုင်း ခွဲဝေ ကြသည် ။

ဤတွင် ကေသီတာ က သိမ်ကြီဈေး မှ မေမေကြီး တစ်သက်လုံး ရောင်းချ နေခဲ့သော ၊ မိတ် လည်း ရှိနေပြီ ဖြစ်သော ငါးခြောက် နှင့် လက်ဖက်ကုန်စုံဆိုင် ကို ငွေ နှိမ် ယူရာ ၊ ရီလေး ကလည်း ကေသီတာ နှင့် ပင် အတူ နေမည် ဆို သဖြင့် ရီလေး က ပါ ငွေ တစ်ဝက် စိုက် ပါသည် ။ အောင် နှင့် မောင် က လည်း အခြေအနေ အရ သူတို့ ဆက် မထိန်းနိုင်တော့သော ဆိုင် ကို သူစိမ်း လက်ထဲ အပ်ရမည့် အစား ကိုယ့် ချင်းချင်း ပေးရ သဖြင့် ဝမ်းသာအားရပင် ငွေ အလိုက် အထိုက် နှင့် ကျေနပ် လိုက်ကြသည် ။

ထို့ကြောင့် ကေသီတာ နှင့် ရီလေး တို့ နှစ်ယောက် သည် ရန်ကုန်မြို့ အစွန် ရပ်ကွက်ကလေး တစ်ခု ပေ ( ၈၀ ) မြေ တစ်ကွက် ဝယ်ပြီး အိမ်ဆောက် ၍ နှစ်ယောက်သား အတူ နေလာ ကြသည်မှာ တစ်နှစ် နီးပါးပင် ရှိပြီ ဖြစ်သည် ။

ဆိုင် ကို ရောက်တော့ ရီလေး မှာ ထမင်း ဝယ်မစားပဲ ကေ့ ကို စောင့်နေသည် ကို တွေ့ရသည် ။

“ မမကြီး တစ်ခု ခု ကြောင့် ကြာ နေတာ ၊ လာ ကို လာမှာ လို့ ရီရီ က ကိန်းသေ တွက် ထားတာ ၊ ဘာဖြစ်လို့ ဝယ်စားရ မှာလဲ ၊ နေဦး .. ထမင်း စား ပြီး မှ ရီလေး ကို ဗိုက်ဆာအောင် လုပ်တဲ့ ငနဲ သေချာ ကို ကြည့်ရဦးမယ် ”

ရီလေး သည် သူ ချက် လာသော အုန်းနို့ ငါးဖယ်ဟင်း ကို ထမင်း နှင့် အားရပါးရ စားရင်း က ပြော နေသည် ။ ရီလေး ထမင်း စားတုန်း ကေ က ဈေးရောင်း ပေး ရသည် ။ ညနေ ဈေးသိမ်း တော့ ညီအစ်မ နှစ်ယောက် အတူတူ ပြန်ကြသည် ။ အပူပင်ဆို ဘာမျှ မရှိ ။ ရီလေး က ထမင်း စားပြီး လက်ဖက်ရည် တစ်ခွက် ကို သောက်ရင်း ပိုက်ဆံအိတ် ကို ဖွင့် ကြည့်သည် ။

“ အံမယ် .. နာမည် က ကောင်းဇော် ဆိုပါလား ၊ ပိုက်ဆံအိတ် ထဲ မှာ တစ်ပြား မှ ပါ မလာပုံ ထောက်တော့ ဧကန္တ ခါးပိုက်နှိုက် နဲ့ တွေ့ပြီး ဟိုက သူတို့ သုံး မရတာတွေ လွှင့်ပစ် သွားတာ နေမှာပေါ့ ၊ ဟော .. ဒါက ဘာလဲ ၊ ကာလာ နဲ့ ကြောင်လျှာသီးတွေ ဘာတွေ နဲ့ ဆိုတော့ ရုပ်တော့ ဖြောင့်သားပဲ ၊ ဟင်း .. မမကြီး တို့ ကတော့ လုပ်ပြန်ပြီပေါ့လေ ”

ရီလေး က passport ကို လက်ဖဝါး နှင့် တဖတ်ဖတ် ရိုက်ရင်း ဆိုသည် ။

“ တော်စမ်းပါ ရီလေး ရယ် .. အဲဒါက အရေးကြီးတယ် ၊ နိုင်ငံခြား သွားဖို့ လုပ်ထားတဲ့ လက်မှတ် ရီလေး ရဲ့ ”

“ လာပြန်ပြီလား .. နိုင်ငံခြား တစ်ယောက် ”

“ မမ နဲ့ ဘာဆိုင်လို့လဲ ရီလေး ရဲ့ ၊ မနေနိုင် မထိုင်နိုင် ကောက်မိတာတော့ ဝန်ခံပါရဲ့ ၊ ကောက်မိပြီး တော့ အကြောင်း ကို သိတော့ ပို ဆိုးတာပေါ့ ၊ အဲဒီ လက်မှတ် မရှိရင်သူ တော်တော် ဒုက္ခ ရောက်မှာ .. ပြန် ပေးဖို့ သင့်တာတော့ အမှန်ပဲ ”

“ ဒါကတော့ ပေးရမှာပေါ့ ၊ ကိုယ့် ဆီ ထားလို့ ဘာမှ အကျိုး မရှိတာ ”

“ ဟုတ်တယ် .. အဲဒါ ပြန် လည်း ပေးချင်တယ် ၊ ပတ်လည်း မပတ်သက်ချင်ဘူး ၊ ဘယ်လို လုပ်ရင် ကောင်း မလဲ  ”

ရီလေး က နှုတ်ခမ်း ကို ဆွဲဆန့်ပြီး မဲ့ ၍ ကေသီတာ့ကို မေး ထိုးသည် ။ ပြီးတော့ passport ကိုင် ပြီး နားထင် ကို ဖတ်ဖတ် ရိုက်ရင်း အကြံထုတ် နေပြန်သည် ။

“ လိပ်စာ က ရန်ကင်း ဆိုတော့ အဝေးကြီး တော့ မဟုတ်ဘူး မမကြီး ရဲ့ ၊ ဒီတော့ ရန်ကင်း ကို သွားပြီးတော့  .. ဟာ ရှုပ်ပါတယ် ၊ ကိုယ် က ကြားက ပင်ပန်း ဦးမယ် ၊ မတွေ့ရင် ဘာညာ က လာ ဦးမယ် .. ”

ကေ က ရီလေး ပြော နေတာတွေ ကို နားထောင် မနေတော့ပဲ ဝယ်သူ ပါး တုန်း မနေ့က ရောက်သည့် ငါးမြွှေထိုးခြောက်တွေ ခြောက်လွန်း သဖြင့် ရေ တောက် ပေး နေလိုက်သည် ။

“ ဟာ .. အကြံ ရပြီ မမကြီး ၊ ဒီလို လုပ် ၊ ရပ်ကွက်ရုံးခန်း ကို ညနေဘက် ကျ ရင် သွား ပေး လိုက်မယ် ၊ ကျွန်မ တို့ မြောင်း ထဲ က ကောက်ရတယ် ပေါ့ ၊ အဲဒါ ဥက္ကဌကြီး တို့ က တစ်ဆင့် လိပ်စာ အတိုင်း ပို့ပေးပါ ပေါ့ ၊ မကောင်းဘူးလား ၊ ကိုယ် နဲ့ လည်း မပတ်သက်တော့ဘူး ၊ အေးရော .. ”

“ အေး .. ကောင်းတယ် ၊ ရီလေး .. ငါ့ ညီမလေး က အဲဒါတွေ အားကိုး နေ ရတာ ”

ရီလေး က သူ့ ကို လှည့် မကြည့်ပဲ ငါးခြောက်တွေ ကို ရေတောက် နေရင်း ကျောပေး ပြောနေသော ကေ့ ကို နောက်ဘက်မှ ပြောင်ပြ လိုက်သည် ။ ပြီးတော့ pass port စာအုပ် ထဲ က ကောင်းဇော် ဆိုသူ ၏ ခပ်တည်တည်ပုံ ကို ကြည့် မဲ့ လိုက်၏ ။

ထိုနေ့ သည် ဥပုသ်နေ့ ဖြစ် သဖြင့် ကေသီတာ တို့ ညီအစ်မ နှစ်ယောက် မြန်မာစာတန်းထိုး ကိုရီးယားတစ်ခွေ ၊ လက်ဖက်သုပ် ၊ ရေနွေးကြမ်း နှင့် နေ့ခင်းဘက် ငြိမ့် နေ ကြသည် ။ အရေးထဲ ကိုရီးယား ဇာတ်လမ်း က မကေ လို စေ့စပ်ဖို့ အတွက် ကောင်လေး က အလုပ် ရှာသော ဇာတ်လမ်း ဖြစ်နေ၏ ။ ထိုး နေသော မြန်မာစာသားတွေ က ကေ့ အတွက် အနှောင့်အသွား မလွတ်တာတွေ ဖြစ်နေ သဖြင့် ရီလေး က  ...

“ အခွေ လဲ လိုက်မယ် ၊ မမကြီး ရာ .. ၊ ကားကြီး က ဘာ ကားကြီး မှန်းမသိဘူး ၊ အာဖျံကွီး ပဲ ၊ ဒီမှာ “ တံတိုင်းနီ နှင့် တိုက်ပွဲ  ” တဲ့ ၊ ဖိုက် တာ တွေ ပါမယ် ထင်တယ် ၊ ရှေးကားကြီး မမကြီးရဲ့ ၊ ကိုရီးယား ကို ရှေးအဝတ်စား နဲ့ ပိုကြိုက်တယ် ”

ရီလေးက သူ့ ဘာသာ သူ ပြောပြီး သူ့ ဘာသာ ခွေ လဲသည် ။ ထိုစဉ်မှာပင် “ အစ်မတို့ .. အစ်မတို့ ” ဟူသော ခေါ်သံ ခြံ အပြင်ဘက် မှ ကြားရ သဖြင့် ကေ ထ ကြည့်တော့ တံခါးဝ မှာ လူ လေးငါးယောက် ကို တွေ့ရသည် ။

“ ဘာကိစ္စလဲ မသိဘူး ရှင့် ”

“ သြော် .. အစ်မ ရုံးခန်း ကို လာပို့ သွားတဲ့ မှတ်ပုံတင် နဲ့ pass port လေ ၊ အဲဒါ ပိုင်ရှင်က ပြန်ရပြီး အစ်မ ကို တွေ့ချင်တယ် ဆိုလို့ လိုက်ပို့ တာ ”

ထိုအချိန် တွင် ရီလေး လည်း နောက်မှ ရောက်လာ သဖြင့် ရီလေး က “ ပြေးလို့ မလွတ်ပါလား ” ဟု ခပ်တိုးတိုး ပြောရင်း အိမ် ထဲ မှ ထွက် ၍ အိမ်ရှေ့တံခါး ကို ဖွင့်ပေး သည် ။ ကေ က အိမ်ထဲ ပြန် ဝင်သည် ။

“ ကောက်ရတဲ့ လူ က သူ ပါ ၊ ကျွန်မ ရဲ့ မမ ”

“ ကျေးဇူး တင်လိုက်တာ သမီး ရယ် ၊ အန်တီ့ သားကလေး က အဲဒီ Pass port ပျောက် ရင်တော့ အသေအချာ ကို ဒုက္ခ ရောက် မှာ ၊ သား က လုံးချင်း အိမ်ယာတွေ ဆောက်တဲ့ လုပ်ငန်းမှာ ဝရိန်ဆရာ လေ ၊ သား ရဲ့ဆရာ က အခု ဂျပန် ကို သွားနှင့် ပြီ ၊ သူ့ဆရာ နဲ့ သူ ဒီ passport ကို အတူ လုပ်တာလေ ၊ သူ့ဆရာ က ဒီ pass port နံပတ် ကိုမှတ်သွားတာ ၊ ခေါ်ရင် သူ က အဲဒီ နံပတ် နဲ့ ပဲ ခေါ် မှာ မို့ ပျောက်သွားတော့ ဒေါင်းတောက် သွားတာပဲ သမီး ရယ် ၊ ကျေးဇူးပါ ပဲ ”

မေမေကြီး တို့ အရွယ်လောက် ရှိမည့် မိန်းမကြီး တစ်ယောက် က လက် ကို စုံကိုင် လှုပ်ရမ်း ရင်း ဝမ်းသာ အားရ ပြော နေသည် ။ ကေ က လည်း သူ ကောက်ရသည့် အဖြစ်ကို အကျဉ်းချုံး ၍ ပြောပြ လိုက်သည် ။

“ အိမ် ကို လာ ပေးတော့ အရမ်း ဝမ်းသာ သွား ကြ တာပေါ့ ၊ ဒါ နဲ့ လာပေးတဲ့ ကလေးတွေ ကို ကျေးဇူး တင်တာ နဲ့ မုန့်ဖိုး ပေးပါတယ် ၊ သူတို့ က မယူပဲ ငြင်းတယ် ၊ သူတို့ ကောက်ရတာ မဟုတ်ဘူး ဆိုပြီးပြောပြတော့ မှ သမီးတို့ မှန်း သိရတာ ၊ သူတို့ ကို လည်း မုန့်ဖိုး အတင်း ပေးရတာပေါ့ ၊ ဟဲ့ .. သား မောင်ကောင်း ပေး လိုက်လေ ”

အဲဒီတော့မှ အားနာ နေသော မျက်နှာ နှင့် ဓာတ်ပုံ ထဲ က လူသည် သူ ဆွဲလာသော ကျွတ်ကျွတ်အိတ် နှစ်လုံး ကို လှမ်း ၍ ကမ်းပေးသည် ။

“ ဟာ .. မလုပ်ပါနဲ့ ၊ ကျွန်မ တို့ မယူပါရစေနဲ့ ၊ ဒါ .. ဒီလိုပဲ ပို့ပေးလိုက်တာပါ ၊ မယူပါရစေနဲ့ ”

“ မလုပ်ပါနဲ့ အစ်မ ရယ် ၊ ကျွန်တော် ဒီဟာ သာ ပျောက် ရင် တစ်ကယ့် ကို ဒုက္ခ မို့ ၃ ရက် လောက် အိပ်လို့ ကို မရတာ ၊ ဘယ်လောက်ထိ လဲ ဆို အိပ်မရတဲ့ အဆုံး ညကြီးသန်းခေါင် ၂ နာရီ လောက် ထပြီး ဓာတ်မီး တစ်လက် နဲ့ အိမ်ကနေ ကားမှတ်တိုင် ထိ ပြန်ရှာတာ .. တစ်နေ့ခင်း လုံး တစ်ညနေ လုံး ရှာပြီးသား ကို စိတ်ထဲ မှာ နေလို့ မရလို့ ပြန်ရှာ မိတာပါ ၊ ပြန် ရတော့ ကျွန်တော် ဘယ်လောက် ဝမ်းသာ လိုက်မလဲ ဆိုတာ အစ်မ ပဲ စဉ်းစားကြည့်ပါတော့ ၊ ဒီတော့ ဒီ မုန့် ကို လက်ခံပါ အစ်မရယ် .. ယူပါ ”

ရိုးသားပုံ ရသော ဟန်ပန် ၊ မျက်လုံး နှင့် စကား အသုံးနှုန်း တို့ ကို ကေသီတာ သတိထား မိသည် ။ သူ က လက်ထဲက အထုပ် ကို ကေသီတာ့ ထံ အတင်း ထိုး ပေး နေသည် ။ ကေသီတာ တို့ ကြား မှ သူ့ မိခင် ဖြစ်ဟန်တူသော အန်တီကြီး က ထို သူ့ လက် ထဲ မှ အထုပ် တစ်ထုပ် ကို ကေသီတာ့ ဘက် ထိုးပေး ပြီး နောက် နောက် တစ်ထုပ် ကို ရီလေး ထံ သို့ အတင်း ထိုးပေးသည် ။

“ အမယ်လေး  .. မယူပါရစေနဲ့ ၊ ကောက်ရတာ မမကေ တစ်ယောက်တည်း ပါ ၊ ဒီက မပါပါဘူး ”

“ လာပေးတာ အစ်မ နှစ်ယောက် ဆိုလို့ နှစ်ယောက် စာ ဝယ်လာတာပါ ခင်ဗျာ ယူပါ ”

ရီလေး လည်း ငြင်းမရ သဖြင့် ယူ လိုက် ရသည် ။ မတ်တပ်ကြီး တွေ ဖြစ်နေ သဖြင့် ကေ က နေရာပေး ၍ ရီလေး က လက်ဖက်သုပ် သုပ်သည် ။ ထိုင်မိကြတော့ ကိုယ့် မိခင် အရွယ် မိန်းမကြီး တစ်ဦး လည်း ပါ သဖြင့် မေးမြန်း စုံစမ်းသော အကြောင်းတွေ ကို ကေ က အကျဉ်းချူပ် သာ ဖြေဆို ခဲ့သည် ။

“ ညီ အစ်မ နှစ်ယောက်တည်း ဆိုတော့ ကောင်းတာပေါ့ ၊ အန်တီ လည်း သားအမိ နှစ်ယောက် တည်းပဲ ၊ အန်တီ က အထက်တန်းကျောင်း ဆရာမ က နေ ပင်စင် ယူ လိုက်တာပါ ၊ သားလေး က ဝါယာရိန်း နဲ့ YIT ပြီးတာလေ ၊ အခုလည်း အဆောက်ဦးတွေ ကန်ထရိုက်တိုက်တွေ မှာ မီးဆင်တဲ့ အလုပ် ပဲ လုပ် နေတာ ”

“ သြော် .. ကောင်းသားပဲ  ”

“ သမီးတို့ အရောင်းအဝယ်တွေ ရော ”

“ အရောင်း အဝယ် က တော့ ဒီလိုပါပဲ အန်တီ ရယ် ၊ သူ့ ရာသီ အလိုက်ပေါ့ ၊ ကျွန်မတို့ ဘိုးစဉ် ဘောင်ဆက် အလုပ် လို ဖြစ်နေတော့ မိတ်ရှိပြီးသား မို့ မဆိုးပါဘူး ၊ ဆိုပါတော့ အန်တီ ”

ကောင်းဇော် ဆိုသူ က တော်တော် စကား နည်းပုံ ရသည် ။ ဧည့်ခန်းမှာ ချိတ် ထားသော ဘွဲ့ယူ ဝတ်စုံ ဖြင့် ရိုက်ထားသော ပုံ ကို ငေး ၍နေသည် ။ လက်ဖက်သုပ် ရောက်လာတော့ ဧည့်ခံရ ပြန်သည် ။

“ ဘာပဲ ဖြစ်ဖြစ်ပေါ့ သမီး ရယ် ၊ ဒါ ကံပါလို့ ဆုံကြရတယ် လို့ ပဲ သဘောထားပါတော့ ၊ အန်တီ သိမ်ကြီးဈေး ဘက် ရောက်တဲ့ အခါလည်း သမီးတို့ ဆိုင် ကို ဝင်ခဲ့ပါ ဦးမယ် ”

“ ဟုတ်ကဲ့ ၊ ကျွန်မတို့ က တစ်ယောက် တစ်လှည့် စီ ရောင်းကြတာ ဆိုတော့ တစ်ယောက် မရှိ ၊ တစ်ယောက် တော့ ရှိပါတယ် ”

“ အို .. ရပါတယ် .. ဘယ်သူပဲ ရှိရှိပေါ့ ၊ သိနေကြပြီပဲ ဟာ .. မဟုတ်ဘူးလား ”

ဘာမှ မဟုတ်ပါပဲ ရယ်မော ဖြစ်ကြသည် ။ ထို အန်တီနာမည်က ဒေါ်စောမြိုင် ဟု ခေါ်သည် ။ “ ကျောင်းသားတွေ က တော့ တီချယ်မြိုင် လို့ ခေါ်ကြတယ် ” ဟု အန်တီကြီး က ရယ်မောရင်း ဆိုသည် ။ လုပ်သက်ရင့် ကျောင်းဆရာမကြီး တစ်ယောက် မို့ လို့ လားတော့ မသိ ။ စကား ပြော အလွန် ကောင်းသည် ။ လက်ဟန် ခြေဟန် နှင့် ဆိုတော့ အန်တီမြိုင့် စကားတွေ က နားထောင် ရတာ မျက်စိ ထဲ တန်း မြင်သည် ။ ပြန်ကာနီး တော့ မှ ကေ့ ကိုတစ်ချက် စိုက်ကြည့်ရင်း ကောင်းဇော် က ဆိုသည် ..

“ ကျွန်တော် တစ်ခု တော့ တောင်းဆိုပါရစေဗျာ ”

“ ဟုတ်ကဲ့ရှင့် .. ပြောပါ  ”

“ ကျွန်တော် pass port ပျောက် တာ သတင်းစာ နှစ်စောင် စလုံးမှာ ကြော်ငြာ ထည့်ခဲ့ပါတယ် ၊ တွေ့လျှင် ထိုက်တန်စွာ ကျေးဇူးဆပ်မည် လို့ လည်း ပါပါတယ် ၊ ဒီတော့ အခု လက်ဆောင် က ဘာမှ မဟုတ်ပါဘူးဗျာ ၊ ကျွန်တော် ဒီက ညီမနှစ်ယောက် ကို အိမ် မှာ ထမင်းဖိတ် ကျွေးပါရစေဗျာ ၊ အဲဒါလေး တစ်ခုတော့ ခွင့်ပြုပေးပါ ”

“ မလုပ်ပါနဲ့ရှင် ၊ တစ်ခြား ကြောင့် တော့ မဟုတ်ပါဘူး ၊ ကျွန်မတို့ မှာ က ညီအစ်မ နှစ်ယောက် တည်း ဆိုတော့ ဈေးဆိုင် တစ်ဖက်နဲ့ မအားကြလို့ပါ ရှင် ”

“ အို .. သမီးတို့ က လည်း အခုလို ဈေးပိတ်တဲ့ ဥပုသ်နေ့ တစ်နေ့ နေ့ပေါ့ ၊ သမီးရဲ့ ၊ သမီးတို့ က ကျေးဇူးရှင် ဖြစ်သွားတော့ အန်တီတို့ မှာ ကျေးဇူးကြီး တင် နေတယ် ၊ ဝမ်းမြောက်ဝမ်းသာ ဆပ်ပါရစေ .. သမီးတို့ မငြင်းပါ နဲ့ ”

“ အန်တီရယ် .. အန်တီတို့ အခုလို လက်ဆောင်တွေ ပေးတာနဲ့ တင် သမီးတို့ က ကျေနပ်ပါပြီ ၊ အန်တီ တို့ လည်း ကျေနပ် လိုက်ကြ ပါတော့ နော် ”

အန်တီမြိုင် သည် ကေ့ စကားကြောင့် ငိုင် သွားသည် ။ စိတ်မကောင်း ဖြစ်သွားပုံ လည်း ရသည် ။ တွေ့ ကတည်း က ပြုံး ၍ နေသော အန်တီမြိုင့် မျက်နှာ မှာ အပြုံး က ပျောက် ၍ သွားသည် ။ ပြီးတော့ သက်ပြင်း ကို ချသည် ။ မျက်မှန် ကို ချွတ်ပြီး သုတ်ရင်း ခေါင်း ကို ညိတ်ကာ ပုံမှန် လေသံ ဖြင့် ဆိုသည် ။

“ အန်တီရော .. အန်တီ့ သားပါ စိတ်ဆင်းရဲမှုကြီး တစ်ခု ကနေ လွတ်သွားအောင် ကူညီ ပေးခဲ့တဲ့ သမီး တို့ ကို အန်တီ က ကျေးဇူး တင်လို့ ကျွေးချင် တာပါ ကွယ် ၊ သမီး ပြောတဲ့ ပုံစံက အန်တီတို့ နဲ့ ဆက် မပတ်သက်ချင်တော့တဲ့ သဘောများ  .. ”

“ အာ .. အဲဒီလိုတော့ မဟုတ်ပါဘူး ၊ အန်တီ မဟုတ်ပါဘူး ၊ အခု အန်တီတို့ ပေးတဲ့ လက်ဆောင် နဲ့ သမီးတို့ က ကျေနပ်ပါတယ် လို့ ပြောချင်တာပါ ”

အန်တီမြိုင် က ပြုံး ၍ ခေါင်း ကို သာ ခါ နေသည် ။

“ ကျွန်တော် တစ်ခု တော့ ပြောပါရစေဦး ခင်ဗျာ ၊ ဒီ ရပ်ကွက်က ကလေးတွေ လာ ပေး လို့ အဖြစ်မှန် သိရတော့ မေမေ နဲ့ ကျွန်တော် လည်း ချက်ချင်း ထွက်လိုက် လာကြရင်း နဲ့ လမ်းမှာ တွေ့တဲ့ ဆိုင် က ကောင်းမယ် ထင်တာတွေ လျှောက် ဝယ်လာတဲ့ လက်ဆောင်မျိုး ဖြစ်နေလို့ ပါ ၊ တစ်ခုခု အခက်ခဲ မရှိဘူး ဆိုရင်တော့ ကျွန်တော်တို့ ဖိတ်တာ လက်ခံ ပေးပါ ဗျာ ”

တောင်းတောင်းပန်ပန် စကားများကြောင့် ကေသီတာ ငြင်းရ ခက်သွားသည် ။

ရီလေး အကြံ အတိုင်း ရပ်ကွက်ရုံး မှ တဆင့် ပို့ မိတာ မှားသည်ဟု သူ့ ကိုယ် သူ အပြစ် တင် နေ မိသည် ။ အမှန်ဆို သူ့ လိပ်စာ တပ်ပြီး ကိုယ့် လိပ်စာ မတပ်ပဲ စာတိုက် ကနေ တစ်ဆင့် ထည့် ပေး လိုက်ဖို့ ကောင်းသည် ။ ကေသီတာ သည် ယောက်ျားလေးတွေ ကို အကြောင်း တစ်စုံတစ်ရာ နှင့် ဆုံတွေ့ရမှာ ကို လန့် နေသည် ။ ထို့ကြောင့် တတ်နိုင်သမျှ ဖြတ်ချင် ၍ ငြင်း နေသည် ဆိုသော အန်တီမြိုင် ၏ စကား မှန် သော်လည်း ထိုအချက် သည် သူတို့နှင့် ဘာမျှ မဆိုင်သော မိမိ ကိုယ်ရေး ကိုယ်တာ မို့ မဟုတ်ဘူး ပြန် ငြင်းနေရခြင်း ဖြစ်သည် ။ အခုလည်း ဘယ်လို ငြင်းရမယ် မှန်း မသိ ဖြစ် နေသည် ။

“ သမီးတို့ က ငြင်းနေဦးမယ် ဆိုရင်တော့ အန်တီ က ထမင်းတွေ ဟင်းတွေ ချက်ပြီး ဆိုင် ကို လာ ပို့ ရမလို ဖြစ်နေရပြီ ”

“ အာ .. အဲဒီလိုတော့ မလုပ်ပါ နဲ့ အန်တီရယ် ၊ သမီးတို့ အခု လာမယ့် ဥပုသ် ဈေးပိတ်ရက် မှာ လာခဲ့ပါ့မယ် ”

“ ဝမ်းသာလိုက်တာ သမီး ရယ် ”

ထို့နောက် ထွေရာ လေးပါး စကားတေွ ပြောကြရင်း ညနေစောင်း လောက် မှ သားအမိ နှစ်ယောက် သား ကတိ အကြိမ်ကြိမ် တောင်း ၍ ပြန်သွားကြလေသည် ။ ဒေါ်စောမြိုင် တို့ မြင်ကွင်းမှ ပျောက်သွားသည် နှင့် ရီလေး က ပြုံးစစ နှင့် ဆိုသည် ။

“ မျက်လုံး မှာ လမ်းကြောင်း တွေ ရှိတယ်နော် .. တို့ကတော့ အဲဒီ လမ်းကြောင်းတွေ က နေ လွတ်တယ် ၊ မမကေ တို့ က တော့ .. ”

“ တော်ပြီ  .. ရီလေး ၊ တိတ်လိုက်တော့ ဖြစ်နိုင်ရင် မကေ သွား ကို မသွားချင်ဘူး ၊ မကေ ယောကျ်ားလေးတွေ ကို အကြောင်းအရာ တစ်ခုခု နဲ့ ဆုံရမှာ အရမ်းကြောက်တယ် ၊ မကေ မှာ က ဒဏ်ရာတွေ နဲ့ ၊ ရီလေး ကို မကေ အခု ကတည်း က သတိ ပေး ထားမယ် ၊ အခု လာမယ့် ဥပုသ်နေ့ ထမင်းစား သွားပြီးရင် သူတို့ နဲ့ ပတ်သက်ဖို့ ကိစ္စဆို ဘယ်ကိစ္စ ဖြစ်ဖြစ် တတ်နိုင်သလောက် ရှောင်ပါ ၊ စကားပြော ဆင်ခြင်ပါ ၊ မကေ ဘယ်သူနဲ့ မှ ထပ်ပြီး မပတ်သက်ချင်ဘူး ၊ ရီလေး .. အဲဒါ ကြို သတိပေးတာပဲ ”

“ မမကေ ရယ် .. ဥပါဒါန် ကြောင့် ဥပါဒ်တော့ မရောက်ပါစေနဲ့ပေါ့ ၊ မမ မှာ ခိုင်မာတဲ့ ဆုံးဖြတ်ချက် ရှိရင် ပြီးပါတယ် ”

ကေသီတာ့ အာရုံ သည် အတိတ် သို့ ပြန် ရောက်သွား ပြန်သည် ။ ထိုနေရာ တွင် တစ်ချို့ အရိပ်တွေ က ရပ် ၍ တစ်ချို့က အသံတွေ သေဆုံး နေပြီး ကျန်အရာများ က မီးလောင်ကျွမ်း လျှက်ပင် ရှိနေသေးသည် ကို အလန့်တကြား မြင်လိုက် ရသည် ။

ထမင်းဝိုင်း မှာ ဟင်း က စုံလှသည် ။ ငါးသလောက်ပေါင်း ၊ ဝက်သားနီချက် ၊ဘဲသား နှင့် ကြံမဆိုင် ဟင်းချို ၊ ငံပြာရည်ချက် ၊ ဆိတ်ကလီစာ ၊ ပုစွန်ထုပ်ပြုတ်ကြော် ၊ငါးကြင်းကြော်နှပ် ၊ ပဲကြီး ဟင်းချို .. တို့စရာ က လည်း စုံလှသည် ။ အချက်အပြုတ် ကို ဝါသနာပါပြီး ကောင်းကောင်း လည်း ချက်တတ်သော ကေ သည် ထိုဟင်းများ အတွက် ဒီ သား အမိ နှစ်ယောက် ဘယ်လောက်ဗျာ များကြမည် ဆိုတာ ခန့်မှန်း မိသည့်အတွက် အတော်လေး အားနာ နေ မိသည် ။

ထမင်း စားပြီးတော့ အချိုပွဲ အတွက်က ဆနွင်းမကင်း ၊ ငှက်ပျောသီး မီးဖုတ်နွားနို့ဆမ်းနှင့် လိမ္မော်ရည် တို့ ဖြစ်သည် ။ ထမင်း စားပြီးသော်လည်း ကေ တို့ က ပန်းကန်တွေ ဝိုင်း သိမ်း ပေးကြရင်း ဝိုင်းဆေး ဝိုင်းသုတ် လုပ်ကြသည့် အခါကျမှ ဒေါ်စောမြိုင် သည် ကျောင်းဆရာမ ပီသစွာ  .. ပန်းကန်ခွက်ယောက် ၊ အိုး နှင့် ဆိုက်ဒ်စုံ စတီးလ် ယောင်းမများ ၊ ဇွန်းခက်ရင်း စီ ထားပုံ ၊ ဆိုဒ် အကြီးအငယ် လိုက် ဆင့် ၍ ထားသော အချိုပန်းကန်များ ၊ ဆေးပြီး သော ပန်းကန်တွေ ၊ ဇွန်းတွေ ၊ ယောင်းမတွေ အားလုံး ကို ရေနွေး နှင့် ထပ် ဆေးခြင်း စသည့် စံနစ်တကျ အိမ်မူ ကိစ္စ နိုင်နင်းခြင်း ကို နမူနာ ရ လိုက်သည် ။ ကေ လည်း မီးဖိုချောင် သန့် တာ ကို ကြိုက်ပါသည် ။

သို့သော် ဒေါ်စောမြိုင် ကို တော့ မမှီ ။ ကေ သည် သူ လိုအပ်နေတာ တွေ ကို နမူနာ ယူရင်း ဒေါ်စောမြိုင် ကို အတိုင်းတာ တစ်ခု ထိ တော့ လေးစား သွား မိသည် ။ သူ ကျောင်းဆရာမ ဘဝ တုန်း က သူ့ ကျောင်းသားတွေ ကို ဘယ်လောက်ထိ စည်းကမ်း ဦးစားပေးလိုက်မလဲ ဟု ကေသီတာ တွေး နေ မိ ပြန်သည် ။ ထမင်း စားပြီး ထွေရာလေးပါး ပြောဖြစ် ကြတော့ ကောင်းဇော် သည် စကား ကို သတိ ကြီးစွာ နှင့် လေးလေးစားစား ပြောတတ် သည် ကို တွေ့ရသည် ။ အန်တီမြိုင် ၏ ဆုံးမ မှု တစ်ခု ပင် ဖြစ်လိမ့်မည် ထင်သည် ။

“ သမီးတို့ အိမ် မှာ မီး တို့ ဘာတို့ နဲ့ ပတ်သက်တာ ရှိရင် ပြုပြင်စရာ ရှိရင် ပြောပေါ့ ၊ သား က ကူညီ ပေးနိုင်တာပဲဟာ ”

“ ကျွန်တော် မကေသီတာ တို့ အိမ် ရောက်တုန်းက အကျင့် ပါနေလို့ လား မသိဘူး ၊ ဝါယာကြိုးတွေ ကို ကြည့် မိတယ် ၊ လုပ်ထားတာ က တော့ မဆိုးပါဘူး ၊ ဒါပေမယ့် ရေခဲသေတ္တာ နဲ့ လျှပ်စစ်မီးဖို ကို လိုင်းတစ်လိုင်း သပ်သပ် ခွဲမထားဘူး ၊ မကေသီတာ တို့ မှာ က မီးအားမြှင့်စက် ရှိတော့ မီးပျက်တဲ့ အခါ ရေခဲသေတ္တာ နဲ့ လျှပ်စစ်မီးဖို ကို မပိတ်မိပဲ အင်ဗာတာ ကို ဖွင့် မိရင် ရေခဲသေတ္တာ ရော အင်ဗာတာပါ နှစ်ခု စလုံး လောင် သွားမှာပဲ ၊ လူ ရှိရင် တော်သေးတယ် ၊ လူ မရှိရင် ဝါယာ ရှော့ခ် က တစ်ဆင့် မီးလောင်တာ တွေ ပါ ဖြစ်တတ်တယ် ”

“ သား အားတဲ့ နေ့ သွား လုပ်ပေးလိုက်ပေါ့ ”

အန်တီမြိုင် က အေးဆေးစွာ ပင် ဆိုသည် ။

“ ဟာ .. နေပါစေ အန်တီ ၊ ကျွန်မ ဦးလေး က E.P.C ကပါ ၊ ဒီ မီးတွေလည်း သူ ပဲ ဆင်ပေးတာလေ ၊ မီးတေွ ဆင်ပြီး မှ အင်ဗာတာက ဝယ်တာ ဆိုတော့ သူက ခုနက ကိုကောင်းဇော် ပြောသလို ပြောပါတယ် ၊ သူ လာ လုပ် ပေးမယ် တဲ့ ၊ ကျွန်မတို့ က လည်း အိမ် မှာ ရှိခဲတော့ အပြင် ထွက်ပြီ ဆိုတာ နဲ့ အဝင်အထွက် မိန်းခလုတ် ကို တစ်ခါတည်း ချခဲ့တာပဲ ”

“ အဲဒါ မှန်တယ် ၊ လူ မရှိရင် ဒီနည်း က အကောင်းဆုံးပဲ  ”

“ ကျွန်မ ဦးလေး က သေသေချာချာ မှာ ထားလို့ပါ ၊ ဟို ကိစ္စ ကလ ည်း သူပဲ လုပ်ပေးပါ လိမ့်မယ် ၊ ကိုကောင်းဇော် လာ မနေပါနဲ့ ၊ ဒီ အပတ်ထဲ လိုင်းခွဲ ပေးမယ် လို့ တော့ပြောတယ် ”

ရီလေး သည် သူ့ မမကြီး ကေသီတာ ကို ငေးကြည့် နေသည် ။ ကေသီတာ သည် တစ်ကယ့် ကို ကောင်းဇော် ကို မဆက်ဆံ မိအောင် ကြိုးပမ်း နေကြောင်း အံ့သြဖွယ်ရာ တွေ့နေရသည် ။ ကေသီတာ့ မှာ E.P.C က ဘယ် ဦးလေး မှ မရှိပါ ။ ကေသီတာ က သိသမျှလေးတွေ နှင့် ရမ်းတုတ် နေခြင်း သာ ဖြစ်သည် ။ သို့သော် ဉာဏ် သည် ကံ ကို နိုင်ခဲသည် ဆိုသော စကား ကို မသိ သဖြင့်သာ ကေသီတာ ဉာဏ်ဆင် နေခြင်း ဖြစ်ပါသည် ။ ထို ဆင် နေသော ဉာဏ် သည် ကံ ကို မနိုင်ကြောင်း အခုတော့ ကေသီတာ သိ သွားပြီ ဖြစ်သည် ။

ဆောင်းအကုန် နှေရာသီ အစ မှာ ပင် မန္တလေးဈေးကြီး သည် ဝါယာကြိုး မှ ရှော့ခ် ဖြစ် ၍ မီးလောင်ခဲ့ရာ ဈေးကြီး တစ်ဈေးလုံး နီပါး ဆုံးရှုံးခဲ့ သဖြင့် ဈေးသည်များ များစွာ ထိခိုက်ခဲ့ ရပြီး နိုင်ငံတော် အတွက်လည်း ကြောက်ခမန်း လိလိ ဆုံးရှုံးမူများ ရှိခဲ့သည် ။ ထို့ကြောင့် ကေသီတာ တို့ ဈေး ကို လည်း ဝါယာကြိုးများ စစ်ဆေးခြင်း ၊ အသစ်လဲခြင်း ၊ လုံးဝ ပြုပြင်ခြင်း စသော လျှပ်စစ် နှင့် ပတ်သက် ၍ ကြံ့ခိုင်ရေး လုပ်ငန်းများ ကို ဈေးကြီး တစ်ဈေးလုံး လုပ်ကြရာ တွင် ထို အဖွဲ့ ထဲ ကောင်းဇော် ပါ လာခဲ့သည် ။

ကေသီတာ သည် ဈေး ရောင်း နေတုန်း ကောင်းဇော် ရောက် လာတော့ စိတ် ထဲ မှာ တစ်မျိုး ဖြစ်သွားသည် ။ စိတ် ပဲ ရှုပ်သွား သလိုလို ၊ အနှောင့် အယှက်ပဲ ဖြစ်သွား သလိုလို တစ်မျိုးကြီး ခံစား နေရသည် ။ ကောင်းဇော် တို့ ၏ အိမ် မှာ ထမင်းစား ပြီး ကတည်း က မတွေ့ကြ ရ တာ ရက် ၂၀ လောက် ရှိနေပြီ မဟုတ်ပါလား ။ ကေသီတာ့ စိတ် ထဲ မှာ တော့ လာပြန်ပြီ နောက် တစ်ယောက် ဟု ဆိုကာ အာရုံ နောက် သွား တာတော့ အမှန် ပင် ဖြစ်သည် ။ ရီလေး က လည်း ဒီနေ့ အိမ် မှာ ကျန်ခဲ့ သဖြင့် လူမူရေး အရ သူမ က ပဲ ဧည့်ခံ ရ တော့သည် ။

“ ကောင်းဇော် ပါ လား .. ဈေး လာ ဝယ်တာလား  ”

“ ဈေး ကို လာ တာတော့ ဟုတ်ပါတယ် ၊ ဈေး လာ ဝယ်တာတော့ မဟုတ်ဘူး မကေသီတာ .. ”

ထို စကားမျိုး ကို အကောင်းဆုံး ရှောင်နည်း မှာ ဘာစကား မှ ပြန် မပြောပဲ ပြုံး နေလိုက်တာပဲ ဖြစ်သည် ။

“ မန္တလေးဈေး မီးလောင် တာ ကြားတယ် မဟုတ်လား ”

ကောင်းဇော် စကားကြောင့် ကေသီတာ ကြောင် သွားသည် ။ အင်းလေ .. သူမ က ဈေးရောင်းသူ ဆိုတော့ ဈေး နဲ့ ဆိုင်တဲ့ စကား နဲ့ ပဲ စတာ ထင်ပါရဲ့ ဟု သဘောထား လိုက်ရင်း ဝတ်ကျေတန်းကျေ ပင် ခေါင်း ကို ညိတ်ပြ လိုက်သည် ။

“ အဲဒီ မီးက ဝါယာရှော့ခ် ဖြစ်တာ က တစ်ဆင့် လောင် တာလေ ၊ အဲဒါကြောင့် ဒီ ဈေး ထဲက  ဝါယာတွေ ကို စစ်ဖို့ ကျွန်တော်တို့ အဖွဲ့တွေ ကို ငှားတာ နဲ့ ကျွန်တော် လဲ ပါလာတာ ၊ ကျွန်တော် ကျတဲ့ ဘက် က ဟိုးဘက် မှာ ပါ ၊ မကေသီတာ တို့ နဲ့ ဝေးပါတယ် ၊ဈေး ထဲ ရောက် တော့ သတိရ လို့ လျှောက် မေးတော့ ဈေးသူဈေးသားတွေ က မကေသီတာ တို့ ကို တော်တော်များများ က သိကြတာပဲ ၊ သူ တို့ ညွှန် လိုက်တာ နဲ့ ရောက်လာတာ ”

“ ဟုတ်ကဲ့ .. ဟုတ်ပါရဲ့ ကေ မေ့ နေတာ ၊ ပြီးခဲ့တဲ့ တစ်ရက် နှစ်ရက် က ပဲ ဈေးလူကြီးတွေ က ဝါယာကြိုးတွေ စစ်မယ် ၊ လိုအပ်ရင် လဲမယ် ၊ စိတ်မချ လို့ လဲချင်ရင် လဲပေးမယ်လို့ ပြောသွားတယ်  ”

“ ဟုတ်ကဲ့ .. အဲဒီ ကိစ္စ အတွက်ပါပဲ ”

ကေသီတာ နှင့် ကောင်းဇော် သည် အပေါ် နှင့် အောက် လှမ်းပြီး စကား ပြောကြခြင်း ဖြစ်သည် ။ လာလေ .. ထိုင်ပါဦးလား ဟု လောကွတ် လုပ်လို့ မရ ။ ဆိုင် ပေါ် မှာ ထိုင်စရာ နေရာ က နှစ်ယောက် စာ လောက် ပဲ ရှိသည် ။ သို့သော် ဝယ်သူများ အမော ပြေစေရန် ၊ အညောင်းအညာ ပြေ ထိုင်ရန် အတွက် ချပေး ထားသော ခုံလေး နှစ်ခုံတော့ ရှေ့ နား မှာ ချထား တာ ရှိသည် ။ အဲဒီ ခုံ မှာ ထိုင် လျှင် ကေသီတာ နှင့် သူ့ အကြား မှာ ငါးခြောက်တွေ က ခြား နေမှာ သေချာသည် ။

“ ဒါဆို ထိုင်ပါဦးလား ၊ အဲဒီ ရှေ့ မှာ ခုံလေးတွေ ရှိတယ် လေ ”

“ အာ .. မထိုင်တော့ဘူး .. အလုပ် က ဒီနေ့ပဲ စ တာ ၊ မစခင် မကေသီတာ တို့ ဆိုင် ကို ခဏ လာ ရှာတာ သွားရမှာ .. ”

ကေသီတာ ဝမ်းသာစွာ ဖြင့် ပြုံးရင်း ခေါင်း ကို ညိတ်သည် ။ သို့သော်  .. ကံတရား က ကေသီတာ့ ဘက် မှာ ပါဟန် မတူပါ ။

◾နီကိုရဲ

📖 မွေးစားသမီး

#ကိုအောင်နိုင်ဦး

.

Friday, May 19, 2023

မွေးစားသမီး ( ၁၁ )


 အားလုံး မေမေကြီး ကို ကြည့် လိုက်ကြတော့ မေမေကြီး မျက်နှာ က အေးအေးချမ်းချမ်း ပင် ရှိသည် ။ သူ့ ကို ခါး ထောက်ပြီး ပြော နေသော ဒေါ်ဇင်မာဝင်း ကို ငြိမ်းချမ်းစွာပင် ကြည့်ရင်း ပြောသည် ။


“ ဟုတ်ပါတယ် ၊ ကျွန်မ အဲဒီ စိန်နားကပ် ကို သူတို့ ဆိုဈေး သိန်း၂၀ နဲ့ ပဲ ဝယ်ခဲ့တာပါ ၊ ကျွန်မ ရဲ့သူငယ်ချင်း ဟို မှာ ထိုင် နေတဲ့ စိန်ပွဲစား ဒေါ်မြကြည် က သင့်တော်တယ် ဆိုလို့ ပွဲစား အဖြစ် အဲဒီတုန်း က တာဝန် ယူခဲ့တဲ့ ကျွန်မ သမီး မူယာမောင် ရဲ့သူငယ်ချင်း ငြိမ်းငြိမ်းပို ဆီ က ဝယ်ခဲ့ပါတယ် ။ အဲဒီတုန်း က သူတို့ မပါပါဘူး ”


မေမေကြီး က စကား ကို အေးချမ်းစွာပင် ဆိုသည် ။


“ ကျွန်မတို့ ရောင်းတယ် ဆိုတာ ကို ပိုပို က မပြောဘူးလား ”


“ ပြောပါတယ် .. ကေသီတာ ရဲ့ ချစ်သူ မိုးယံ မမ ရဲ့ ပစ္စည်း ဖြစ်ကြောင်း ပြောပါတယ် ”


မေမေကြီး စကား ဆုံးတော့ ဒေါ်ဇင်မာဝင်း က ဟက်ဟက်ပက်ပက် ရယ်သည် ။ပရိတ်သတ် က ဒေါ်ဇင်မာဝင်း ကို ကြောင်၍ ငေးကြည့် နေကြ၏ ။ မိုးယံစိုး မှာ ငွေကြေး အရ ရော ၊ လူမူရေး အရ ပါ တစ်သက်လုံး မှီခို အားထား ခဲ့ ရသော အစ်မ တစ်ယောက် ဖြစ်နေသည့် အတွက် ရုတ်တရက် ဘာမှ ဝင် မပြောသာ ။ ကြောင်ပြီး ငေးကြည့် နေ မိသည် ။


ကေသီတာ လည်း ထိုနည်းတူ ဖြစ်သည် ။ ဒေါ်ဇင်မာဝင်း သည် အားရပါးရ ရယ်ခြင်း ကို ရပ်ပြီး မာန သံ ဖြင့် ..


“ ဒါဆိုရင် .. ဒေါ်ထက်မေအောင် က သိသိကြီး နဲ့ ကျွန်မတို့ ကို တမင်တကာ ချိုး တာပေါ့ ၊ နှိမ် တာပေါ့ .. ဟုတ်လား ”


“ မမကြီး ၊ မမကြီး .. အဲဒါတွေ .. မဟုတ်ဘူးလို့ ပြောလိုက်လေ  ”


ရီလေး က ဝင်ပြီး ကြုံး အော်သည် ။ ကေသီတာ က ဘာ လုပ်ရမှန်း မသိ ။ မေမေကြီး ကို လှမ်း ကြည့်တော့ မေမေကြီး က ကေသီတာ ကို လက် လှမ်း ပြ ကာ ပြီး ဒေါ်ဇင်မာဝင်း ကို ကြည့်သည် ။ မေမေကြီး မျက်နှာ တွင် အပြုံး မရှိတော့ ။ တည်ငြိမ်ခန့်ငြားခြင်း သာ ရှိတော့သည် ။ ဒီတော့ ရီလေး လည်း ငြိမ် နေ လိုက်ရ၏ ။


“ ဟောဒီက ခင်ရီလွင် ဟာ အိမ်ဖော် တစ်ယောက် ဆိုတာတော့ ဟုတ်ပါတယ် ၊ သူ ဆယ့်တစ်နှစ် သမီးအရွယ် ကတည်း က ကျွန်မ အိမ်ကို ရောက် လာပြီး ဆယ့်နှစ်နှစ် သမီး အရွယ် မှာ သူ့ ရဲ့ တစ်ဦးတည်း သော အားကိုးရာ သူ့ မိခင် ဆုံးပါး သွားတယ် ။ ဆယ့်လေးနှစ် သမီး အရွယ် ထိ ကျွန်မ အိမ် မှာ အလုပ်တွေ ကို ကြိုးကြိုးစားစား လုပ်ခဲ့တယ် ၊ လေးလေးစားစား လုပ်ခဲ့တယ် ၊ သံယောဇဉ် နဲ့ နေခဲ့တယ် ၊ အဲဒါ့ကြောင့် ကျန်မ က သူ့ ကို ချစ်ခင်ပြီး အဲဒီ အရွယ် မှာ ပဲ ခု ပရိသတ် ထဲ မှာ ရှိ နေတဲ့ ရှေ့နေကြီး ဦးဝေမင်းသန့် နဲ့ တိုင်ပင်ပြီးတော့ အမွေစား အမွေခံ အဖြစ် နဲ့ မွေးစားခဲ့တာပါ ၊ ခင်ရီလွင် ဟာ ကျွန်မ ရဲ့ သမီး တစ်ယောက် ပါ ပဲ  ”


ဒေါ်ဇင်မာဝင်း က ခေါင်း ကို ခါရမ်းပြီး ဒေါ်ဆွေဆွေဦး က ဒေါသသံ ဖြင့် ဆိုသည် ။


“ မွေးစား လည်း အိမ်ဖော် က အိမ်ဖော် ပါ ပဲ ၊ ပြီးတော့ သူ့ ကို အများ က လည်း ဒီ အိမ် ရဲ့ အိမ်ဖော် လို့ ပဲ ထင်ကြတယ် ၊ အခုလို လုပ် လိုက်တာ သိပ် ပညာသား တဲ့ နှိမ် နည်းပါ ၊ ကျွန်မတို့ က လည်း ကျွန်မတို့ ဂုဏ်သိက္ခာ နဲ့ မာန နဲ့ ပါ ၊ အဆင်မချောတာလေး တစ်ခုကြောင့် နားကပ် တစ်ရံ ရောင်း တာ ဟာ ကျွန်မ တို့ စီးပွားရေး ချွတ်ချုံကျ နေတာ မဟုတ်ပါဘူး ၊ နင် တို့ ပစ္စည်း လောက်တော့ ငါတို့ က အိမ်ဖော်ပဲ ပေး ဝတ်တယ် ဆိုတာမျိုး အသံတိတ် နှိမ် တာ ကတော့ ကျွန်မ တို့ မခံနိုင်ဘူး ၊ ကျွန်မ တို့ ကို သိန်း၂၀ ဖိုး နှိမ်လိုက်တာပေါ့လေ ၊ ဒါ လူကြီး လူကောင်း လား  ”


“ မဆွေ .. မဆွေ ရဲ့ စကားတွေ သိပ် ကို လွန်နေပြီနော် ၊ မေမေကြီး ကျွန်တော် တောင်းပန်ပါတယ် ခင်ဗျာ ၊ အဲဒီ ကိစ္စတွေ ကို ကျွန်တော် သိလည်း မသိခဲ့ပါဘူး ၊ အခုလို သိ လိုက်ရလို့လည်း ကျွန်တော့် စိတ် ထဲ မှာ ဘယ်လို မှ ကို မနေပါဘူး ၊ မဇင် နဲ့ မဆွေ တို့ ရယ် .. လူကြီးတွေ ရဲ့ မျက်နှာ နဲ့ ကျွန်တော့် မျက်နှာ ကို ထောက်ကြပါဦးဗျာ ၊ ဒါတွေက အရေး မကြီးတဲ့ ကိစ္စတွေ ပါ ”


မိုးယံ စကား ဆုံးသည် နှင့် ရှေ့နေကြီး ဝေမင်းဆန်း က ကြားဝင် ရ တော့သည် ။


“ ဟုတ်ပါတယ် ဗျာ .. ကလေးတွေ အနေ ရ ခက် ကုန်ကြတာပေါ့ ၊ ဒီလို ကိစ္စမျိုး ဆိုတာ နှစ်ဖက် ဆွေရယ် မျိုးရယ် ဖြစ်လာကြပြီ ဆိုရင် အေးဆေးတဲ့ စိတ် နဲ့ ရှင်းလို့ ရတဲ့ ကိစ္စတွေပါ ၊ ကဲ ... ကျွန်တော်တို့ စေ့စပ်ပွဲကလေးကို ဆက်ရအောင်ပါ  ”


“ ဒါ စေ့စပ်ပွဲ မှ မဟုတ်ပဲ ၊ ကျွန်မတို့ ကို ခေါ်ပြီး အရှက် ကွဲအောင် ခွဲ တဲ့ ပွဲပဲ ”


“ မမဇင် ”


မိုးယံ က ကြုံး ၍ အော်သည် ။


“ ကျူပ် ကို ရူးအောင် မလုပ်ကြပါနှင့် ဗျာ ၊ ကြာရင် ကျူပ် ရှက်လို့ ရူး လိမ့်မယ် ”


“ အေး .. အရှက် က နင် တစ်ယောက် ထဲ ရှိတာ မဟုတ်ဘူး ၊ မိုးယံ ၊ ငါတို့ မှာ လည်း ရှိတယ် ၊ ငါတို့ ကရော မရှက်ရဘူးလား ၊ ဒါ တစ်သက်လုံး ရှက်နေရမယ့် အရှက်မျိုး ဟဲ့ .. မိုးယံ ရဲ့ ”


မောင်နှမ နှစ်ယောက် အော်ဟစ် နေကြ သည့် အချိန်တွင် ပွဲတက် ပရိသတ် လည်း ပွစိပွစိ ဖြင့် ပွက်လောရိုက် စ ပြုလာသည် ။ မေမေကြီး သည် အခြေအနေ အားလုံး ကို တစ်ချက် ကြည့် လိုက်ပြီး တစ်ခု ခုတော့ ပြတ်သားရတော့မည် ဆိုတာ ကို နားလည် လာသည် ။


“ ကဲ ... စေ့စပ်ပွဲ ကို လာကြတဲ့ ပရိတ်သတ် ကို ကျွန်မ တစ်ခု ပြောချင်ပါတယ် ၊ ယခု သတို့သားလောင်း ဘက် က စွပ်စွဲတဲ့ သူတို့ ကို နှိမ်တယ် ၊ အရှက်ခွဲတယ် ဆိုတာ မဟုတ်ခဲ့ရိုး မှန်သော်လည်း သူတို့ အနေနဲ့ ကတော့ သူတို့ဘက်က ဒီလို ခံစားရတယ် ဆိုရင် မွေးစားသမီး ပင် ဖြစ်ပေမယ့် လို့ သမီး တစ်ယောက် လို စိတ် ထားခဲ့ မိတဲ့ ကျွန်မ ရဲ့ အပြစ် ကြောင့် လို့ ဝန်ခံပြီး တောင်းပန်ပါတယ် ”


မေမေကြီး ၏ စကား ကြောင့် အောင် ၊ မောင် နှင့် ကေသီတာ တို့ အံ့သြ သွားကြသည် ။ စိတ် ကို ထိန်းထားသော မောင် သည် မေမေကြီး ထံ မှ ထို စကား ကို ကြားရသော အခါ စိတ်ကို  ထိန်း မရနိုင်တော့ပြီ ။ လတ်ဆတ်သော လူငယ် တစ်ယောက် ၏ ဒေါသ သည် နှုတ်ဖျား သို့ ရုတ်ချည်း ခုန်တက် လာ၏ ။


“ ဒီမှာ .. ကျွန်မ တို့ လက်ဝတ်လက်စား ဝတ်တဲ့ အခါ ဘယ်တော့မှ သူတစ်ပါး လာ ရောင်းတဲ့ ပစ္စည်း ကို ဝယ်မဝတ်ခဲ့ဖူးဘူး ၊ ဒါပေမယ့် အဲဒီ နေ့က ပိုပို က ရှင်းပြတော့ မိုးယံ နဲ့ ပတ်သက်နေတယ် ဆိုတာ တစ်ချက် ကို မေမေကြီး က စဉ်းစားပြီးတော့ မှ နောင် ဆွေမျိုး ဖြစ်လာမယ့် သူတွေ ဆို တဲ့ ဆုံးဖြတ်ချက် နဲ့ ဝယ်ခဲ့တာ ၊ အဲဒါကို မေမေကြီး က ဘာမှ တောင်းပန် နေစရာ မလိုဘူး ၊ ကိုယ် ဝယ်ပြီး တဲ့ ပစ္စည်း ပဲ သိမ်း ပဲ ထားထား ၊ လှူ ပဲလှူလှူ ၊ ပေးချင် တဲ့ သူပေး ၊ ခွေး ပဲ ဆွဲ ပေးပေး ရောင်းပြီးတဲ့ သူ နဲ့ ဘာမှ မပတ်သက်ဘူး ၊ မကျေနပ်ရင် လဲသာ သေလိုက်ကြပေတော့ ”


မောင့် စကား ဆုံးတော့ ဒေါ်ဇင်မာဝင်း နှင့် ဒေါ်ဆွေဆွေဦး တို့ ဝုန်းကနဲ ထ ရပ်သည် ။ မောင့် တပ်လှန့်သံ သည် စိန်ခေါ်သံ ဖြစ်သွားလေပြီ ၊ မောင်တို့ က လည်း ထ ရပ်လိုက်ကြသည် ။ မိုးယံ က သူ့ အစ်မတွေ ကို ဆွဲသည် ။ ကေသီတာ က အောင် နှင့် မောင် ကို ဆွဲသည် ။ company က ဝန်ထမ်းတွေ နှင့် ဧည့်ပရိတ်သတ်များ မှာ ဘာလုပ်ရမှန်း မသိ ဖြစ်ကုန်ကြသည် ။


“ မဇင် တော်ကြပါတော့ ဗျာ ၊ ဘာလဲ .. မဇင် တို့ က ကျွန်တော့် ပွဲ ကို ဖျက်နေကြတာလား .. ဖျက်ကြ မလို့လား  ”


“ မိုးယံ နင် ဝင် မရှုပ်နှင့် ၊ နင့် ဟာတွေ က ငါတို့ ကို ပြော နေတာ ကြားရဲ့လား ”


“ မဆွေတို့ က လည်း ပြော နေတာပဲ မဟုတ်လား ”


ကေသီတာ က လည်း အောင် နှင့် မောင် ကို ဆွဲရင်း တောင်းပန်သည် ။


“ အောင် နဲ့ မောင် ရယ် သည်းခံလိုက်ပါ ၊ ဒီကိစ္စတွေက  အရေး မကြီးပါဘူး ၊ မကေ ကို သနား ရင် သည်းခံပေးကြပါနော် ၊ မကေ တောင်းပန်ပါတယ် ”


“ မမကြီး ကို သနား လို့ တစ်လျှောက်လုံး သည်းခံ နေခဲ့တာပေါ့ မမကြီး ရဲ့ ၊ ဒီလောက် စော်ကား လာတာ ကို တော့ မောင် မခံနိုင်တော့ဘူး ၊ ဘယ့်နှယ် ကိုယ် က လည်း ကူညီရသေးတယ် ”


“ အောင် တို့ ငြိမ်ခံ နေရင် ဧည့်သည်တွေ ရှေ့ မှာ သူတို့ ပို ကဲ လာတော့မှာ  ”


ဟိုဘက် ဒီဘက် စကားတွေ ဆုံပြီး စေ့စပ်ပွဲသည် ရန်ပွဲ အသွင်သို့ ရောက်မှန်း မသိ ရောက်လာကြသည် ။ ဒေါ်ထက်မေအောင် က တော့ ဘာမျှ ကို မပြောတော့ ၊ ဒေါ်ဇင်မာဝင်း အသံ က လည်း စာ ၊ ဒေါ်ဆွေဆွေဦး အသံက လည်း စူးနေသည် ။ ပရိတ်သတ် ကလည်း နီးရာ လူ ကို ဖြန်ဖြေကြသည် ။ မရ ။ ထိုအချိန် တွင် အော်သံနက်ကြီး တစ်ခု ထွက် လာသည် ။


“ ကျွန်တော့် ကို စကား ခဏ ပြောခွင့် ပေးပါဗျာ ၊ ကျွန်တော့် ကို ခဏလေး စကား ပြောခွင့် မပေးကြတော့ဘူးလာ ဗျာ ”


မိုးယံ ၏ အော်သံကြီး ကြောင့် ပရိတ်သတ် က ခဏ ငြိမ်ကျ သွားသည် ။


“ အခု ပြောတဲ့ ကိစ္စ ကို ကျွန်တော် မသိရတာ အမှန်ပါ ၊ ကြိုပြီး သိထားခဲ့ရင် လည်း အဲဒီ ကိစ္စက ကျွန်တော် နဲ့ မကေ အတွက် ဘာမှ မထူးခြားတဲ့ ကိစ္စပါ ၊ ထိခိုက်မှု လို့ လည်း ကျွန်တော် မခံစားရပါဘူး ၊ ကျွန်တော်တို့ နှစ်ယောက် ရဲ့ စေ့စပ်ပွဲ ကို စာနာနားလည် ပေးသော အားဖြင့် ဒီ ကိစ္စတွေ ကို ပြီးတော့မှ ပဲ ပြောကြပါလို့ ကျွန်တော် အနူးအညွှတ် တောင်းပန်ပါတယ် ဗျာ .. ”


စကား ပြောရင်း ငိုသံကြီး ပါ လာသော မိုးယံစိုး ၏ အသံ ကြောင့် လူတွေ တော်တော်များများ နားလည်သွားကြသည် ။ ခဏ လည်း ငြိမ်သွား ကြသည် ။ ဒီတော့မှ မေမေကြီး က ဆိုသည် ..


“ မောင်မိုးယံ နဲ့ သမီးကြီး ကို ကျွန်မ နားလည်ပါတယ် ၊ ဒါပေမယ့် ကျွန်မ နောက်ဆုံး စကား ကို ပြော မှ ဖြစ်တော့မယ် လို့ ဆုံးဖြတ်ပြီး အခု ရှုပ်မှ နောင်ရှင်း ဆိုတဲ့ စကားအတိုင်း ရှေ့နေကြီး လည်း ရှိ တုန်း တစ်ခါတည်း ပြောပါရစေ ”


လူတွေ က ဒေါ်ထက်မေအောင် ရှိရာ ဘက် သို့ တစ်ခါ ပြန် လှည့်ကြည့်ကြ ပြန်သည် ။


“ အခု စေ့စပ်မယ့် ကျွန်မ က သမီးကြီး လို့ ခေါ်တဲ့ ( ထိုအချိန်တွင် ဒေါ်ထက်မေအောင် နှင့် ကေသီတာ တို့ မျက်ဝန်းချင်း ဆုံကြသည် ) ကေသီတာ ဟာ အများ သိ သလို ကျွန်မ ရဲ့ သမီး အရင်း မဟုတ်ပါဘူး ၊ သူ လည်းပဲ မွေးစားသမီး ဆိုတာ ပါ ပဲ ”


ပရိသတ် အားလုံး တိတ် သွားသည် ။ ကေသီတာ သည် မိုးယံ ကို ဆွဲကိုင် ထားသော လက် ကို လွှတ်ချ လိုက်ပြီး မျက်နှာ ကို တစ်ချက် အုပ် ၍ အားရပါးရ ရှိုက်ကာ ပခုံး နှင့် ရင် တို့ တစ်ဆတ်ဆတ် တုန် နေသည် ။ မိုးယံ က ကေသီတာ ၏ ပခုံး ကို ကိုင် လိုက်သည် ။ ပခုံး ကို ကိုင် ထားသော မိုးယံ ၏ လက်များ ပါ တုန် ၍ နေသည် ။


“ ကေ .. မကေ .. သူ .. ပြောတာ ဟုတ်သလား .. ဟုတ်လား .. ”


တစ်သိမ့်သိမ့် တုန် နေသော ပခုံး သည် ဖြည်းညွင်းစွာ ရပ်သွားသည် ။ ကေသည် မျက်နှာ ကို လက်ဖဝါး နှင့် အုပ်ထား တုန်း ပင် ဖြစ်သည် ။ ပြီးတော့မှ လက်များ ကို မျက်နှာ မှ ခွာ သည် ။ ကေ မျက်ရည်တွေ ကျ နေသည် ။ သို့သော် မငိုပါ ။


“ ဟုတ်ပါတယ် ၊ ကျွန်မ လည်း ရီလေး လို ပါပဲ ၊ မေမေကြီး ရဲ့ မွေးစား သမီး တစ်ယောက် ဆိုတာ အမှန်ပါပဲ .. ”


ကေသီတာ့ စကား ဆုံးသောအခါ အော်သံ ဟစ်သံတွေ ဆူညံ ၍ သွားသည် ။ ဘယ်သူတွေက ဘာတွေ ပြောလို့ ဘယ်သူတွေ က ဘာတွေ အော်နေသည် ဆိုတာကိုကေသီတာ မမှတ်မိတော့ ။ ကေသီတာ သည် ရပ် နေရာ မှ နေရာ မရွေ့ ..


မိုးယံစိုး ၏ အော်သံ ကို လည်း ကြားရသည် ။ သူ့ အစ်မတွေ နှင့် အောင် တို့ မောင် တို့ ၏ အော်သံတွေ ကို လည်း ကြား ရသည် ။ မေမေကြီး က ဘာ တစ်ခွန်းမျှ မပြောပဲ အိမ် ပေါ်သို့ တက်သွားသည် ကို လည်း မြင်သည် ။ အသံတွေ ကို ကြားသည် ။ သို့သော် ထို အသံတွေ က  ဘာ အသံတွေ မှန်း ကို မသိတော့ ။ ရက်စက်သော တိုက်ပွဲကြီး အလယ် မှာ ရောက်နေသည့် တပ်သားသစ်လေး တစ်ယောက် လို ကေသီတာ သည် ကြောင် ပြီး ရပ်နေသည် ။ ခြံ ထဲ က ကားတွေ မောင်းထွက် သွား သံများ ကို ကြား ရသည် ။ တိုးတိုးတိတ်တိတ် နှုတ်ဆက် ထွက်ခွာသွားသံများ ကို လည်း ကြား ရသည် ။


ကေသီတာ့ အမြင်တွေ အားလုံး ဝေဝါး နေသည် ။ အသံ တစ်ချို့ ကိုတော့ ဗလုံးဗထွေး နှင့် ကြားရ ပြန်သည် ။ သူ က မွေးစားသမီး တဲ့ ဆိုသော အသံ ကို ဖြစ်သည် ။


အရာ အားလုံး သည် ...


အားလုံး ပြီးဆုံးသွားပြီ ဖြစ်လေသည် ။


မေမေကြီး ကို စမ်းသပ် နေသော ဒေါက်တာ ဦးခင်ထွန်း မှာ ကေသီတာတို့ အိမ် ၏ family Doctor မိသားစု ဆရာဝန် တစ်ဦး ဖြစ်သည့်အတိုင်း မေမေကြီး ၏ ရောဂါ ဇစ်မြစ် နှင့် ဖြစ်ဖူးခဲ့သမျှ ရောဂါ အားလုံး ကို သိပြီး ဖြစ်သည့် အတွက် ကေသီတာ တို့ ညီအစ်မ တစ်တွေ ဘာမျှ ပြောနေစရာ မလိုပဲ လိုအပ်တာလေးတွေ ကို ဆောင်ရွက် ပေးဖို့သာ ရှိသည် ။


ဒေါက်တာ ဦးခင်ထွန်း က မေမေကြီး ကို ဆေးထိုး ပေးသည် ။ ပြီးတော့ သောက်ဆေး ကို ရီလေး ဆီ အသေအချာ ပေးသည် ။ ဆေး တိုက်ချိန် ကို သေသေချာချာ မှာသည် ။


“ ဒေါ်ထက်မေအောင် အရင် အိပ်နေကျ အချိန် ကျ မှ ညဆေး ကို သောက်ပါ ၊ ဒေါ်ထက်မေအောင် အိပ် မပျော်လို့ တွေးတဲ့ အတွေးတွေ အတွက် နှလုံး က ပိုပြီး အလုပ် လုပ်ရလို့ ပို အားနည်း နေတာပါ ၊ ဒီ ည တော့ အိပ်ပျော် မှာပါ ၊ ကျွန်တော် ဆေး လည်း ထိုးပေးခဲ့ ပါတယ် ၊ သူ အိပ် မပျော်ခင် ထိတော့ တစ်ယောက် ယောက် လောက် က သူ့ အနား မှာ နေပေး စေချင်ပါတယ် ”


“ စိတ်ချပါ ဒေါက်တာ ”


ဒေါက်တာ့ ကား ထွက်သွားပြီး နောက် သူတို့ အိမ်ကြီး သည် တိတ်ဆိတ် သွားပြန်သည် ။ သူတို့ ညီအစ်မတွေသည် တိုင်ပင် မထားပါပဲ စကား ကို လို မှ သာ ပြောဖြစ်ကြ တော့သည် ။ ပြောသည့် အခါတွင် လည်း စကားသံ သည် အလိုလို တိုး နေ တတ်သည် ။ ကေသီတာ သည် အိမ်ပေါ် ထပ် ပြတင်းခန်းဆီး အကွယ် မှ နေ ၍ အိမ်ရှေ့ သံတံခါးကို  ကြောက်မက်ဖွယ်ရာ ကောင်းသော နေရာ တစ်ခု လို ကြည့်နေ မိသည် ။ သူ ခြံ အပြင် မထွက်တာ ဘယ်နှစ်ရက် ရှိပြီလဲ ။


“ မမကြီး ကို မေမေကြီး က ခဏ တဲ့ ”


ရီလေး က ခပ်တိုးတိုး လာ ပြောသဖြင့် ကေသီတာ လိုက်လာ ခဲ့သည် ။ မေမေကြီး က သူ့ ခေါင်းရင်း နား မှာ ကပ် ထိုင်ဖို့ လက်ဟန် ဖြင့် ပြသည် ။ ကေ ဝင် ထိုင်လိုက်တော့ မေမေကြီး က ကေ့ လက်ကလေးတွေ ကို ဆွဲယူ ၍ သူ့ လက်များ ဖြင့် အုပ်မိုး ၍ ထားသည် ။ ပြီးတော့ မေမေကြီး သည် မျက်ဝန်းများ ကို မှေးမှိတ် ပစ် လိုက်သည် ။ ရီလေး က မေမေကြီး ခြေဖဝါး ကို နှိပ် ပေး နေသည် ။


“ ငါ့ သမီးကြီး ဟာ မွေးစားသမီး ပါ လို့ မေမေကြီး ပြောခဲ့လိုက်တာ ကို သမီးကြီး စိတ်ဆိုး သလား ”


ကေသီတာ နှုတ်ဖျား က ဖွင့် မပြောပဲ ခေါင်း ကို သာ ခါရမ်း လိုက်သောကြောင့် ခေါင်းခါရမ်းခြင်း ကို မေမေကြီး မမြင်ရ သော် လည်း သူ အုပ်မိုး ထားသော လက်ကလေး နှစ်ဖက် ဘယ်ညာ ရမ်းသွား သဖြင့် မေမေကြီး က ပြုံးသည် ။


“ စေ့စပ်ပွဲ မှာ ဘာမှ မဟုတ်တဲ့ ကိစ္စကလေး ကို တောင်မှ သူတို့ ဒီလောက် အကဲဆတ် နေရင် ငါ့ သမီးကြီး က သူ့ မောင် နဲ့ အိမ်ထောင် ကျပြီး မှ မွေးစားသမီး မှန်း သိရင် ငါ့ သမီးလေး ကို ပြဿနာ ရှာ ကြတော့မယ် ၊ စိန်နားကပ်နေ့ ကတည်း က ပြော ပါလား ၊ မွေးစားသမီး ဆိုတာ ကို တမင် ချန်ထားပြီး ထိုးထည့်တယ် ဆိုတဲ့ သူတို့ ဘက် က ယူဆချက် နဲ့ ငါ့ သမီးကလေး စိတ်ချမ်းသာ ရ မှာ မဟုတ်ဘူး ၊ ဒါ့ကြောင့် သူတို့ ကြည်ဖြူရင် ယူစေ ဆိုပြီး သမီးလေး ရဲ့ အဖြစ်မှန်ကို ဉာဏ် နဲ့ ဆင်ခြင်ပြီး မှ မေမေကြီး ပြောခဲ့တာပါ  ”


“ သမီး ကျေနပ်ပါတယ် မေမေကြီး ၊ တစ်ကယ်လို့ မပြောရင် တောင်သမီး က ဖွင့်ပြောတော့မှာပါ ၊ မေမေကြီး ပြောတော့ သမီး အတွက် ပို ကောင်းသွားတာပေါ့ ”


ဒေါ်ထက်မေအောင် ချောင်းတော်တော်လေး ဆိုး ပြီးတော့ မော နေသည် ။ ရေပုလင်း ကို လက်ညိုး ထိုး သဖြင့် ကေသီတာ ရေ တိုက်ရသည် ။


“ ငါ့ သမီးကြီး မမေမေကြီး အပေါ် မကောင်း မမြင်ဘူး ဆိုတာကို ယုံပါတယ် ၊ ဒါပေမယ့် ငါ့ သမီးကြီး အတွက် မေမေကြီး စိတ်မကောင်း ဖြစ်မိတာလည်း တစ်ကယ် ပါ ပဲ  ”


“ မေမေကြီး .. မကေ ဆိုတဲ့ မေမေကြီး ရဲ့သမီး အကြီး ကို ချစ်ရင် .. မေမေကြီး အိပ်ရေး ဝအောင် အိပ်တော့နော် ၊ ညဘက် ဒီအကြောင်းတွေ ကို တွေး မနေနဲ့တော့ ၊ ဖြစ်ခဲ့တဲ့ ကိစ္စဟာ အကြောင်းရာ တစ်ခု ၊ လူတစ်ယောက်ကြောင့် ဖြစ်ခဲ့ရတာ မှ မဟုတ်ပဲ ၊အကြောင်းရာပေါင်း များစွာ ၊ လူပေါင်း များစွာ ၊ တိုက်ဆိုင်မူပေါင်း များစွာတွေ နဲ့ အချိန်ကိုက် ဖြစ်ခဲ့တာပါ ၊ သမီး ရဲ့ ကံကြမ္မာ က စီစဉ် ထားသလို အတိအကျ ရောက်လာ ခဲ့တာပါ ၊မေမေကြီး ရဲ့ မှန်သော စကား တစ်ခွန်းတည်းကြောင့် မဟုတ်ဘူး ဆိုတာ သမီး အမြဲတမ်း နားလည်ပါတယ် မေမေကြီး ၊ မေမေကြီး .. ယုံပါ ”


“ လိမ္မာလိုက်တဲ့ သမီးကြီး ရယ် ”


ဒေါ်ထက်မေအောင် က ပြုံးရင်း ဖွဖွ ကိုင်ထားသော ကေ့ လက်ကလေးများ ကို ဖိညှစ် ဆုပ်ကိုင်လိုက်သည် ။ ခြေရင်းဘက် တွင် သံပုရာသီး ဖြင့် မေမေကြီး ၏ ခြေဖဝါး ကို လှိမ့် ၍ ပေးနေသော ရီလေး က “ အိ ” ကနဲ ကြိတ် ၍ ငိုသံ ထွက်သံလာသည် ။ ရီလေး က လည်း ထို ကိစ္စ ကို သူ့ ကြောင့် ဟု ထင်ထား သူ ဖြစ်သည် ။


“ ရီလေး .. ဒီအကြောင်း ပြောရင် မငိုရဘူး လို့ မမကြီး ဘယ်နှစ်ခါ ပြောရမှာ လဲ  ”


ရီလေး ဘာမှ ပြန်မပြောပဲ မျက်ရည် ကို သုတ်သည် ။


“ ကဲ .. သမီးတို့ သွားကြတော့ ၊ မေမေကြီး ခဏ မှေးလိုက်ဦးမယ် ၊ အိပ်ပျော် တော့ လည်း အိပ်တာပေါ့ ၊ မေမေကြီး ရင်ထဲမှာ ရှင်းပြီး အေးသွားပါပြီကွယ် ”


“ ဆရာဝန် က မေမေကြီး အနား မှာ နေပေးရမယ် တဲ့ ”


“ မေမေကြီး ကို စိတ်ချပါ ၊ တစ်ယောက်တ ည်း စိတ်လွတ်ကိုယ်လွတ် နားချင်လို့ပါ ”


ဒါနှင့်ပင် ကေ နဲ့ ရီလေးတို့ မေမေကြီး အခန်း နံဘေးက ဝရံတာ သို့ ထွက်လာခဲ့သည် ။


“ သူ့ အစ်မတွေ က ကိုမိုးယံ ကို အတင်း ဆွဲခေါ်သွားတော့ မေမေကြီး က လှမ်းပြီး ပြောပါသေးတယ် ၊ မိုးယံစိုး .. သား တဲ့ ၊ မင်း မေမေကြီး ကို နားလည်ရင် တစ်ယောက် တည်း လာခဲ့ပါတဲ့ ၊ မေမေကြီး တို့ မျှော်နေမယ် တဲ့ ၊ အဲဒီလို ပြော လိုက်တာ မမကြီးရဲ့ ၊ ကိုမိုးယံစိုး ရောက်ချင် ရောက်လာ မှာ ပါ  ”


ရီလေး စကားကြောင့် ကေ မျက်လွှာ ကို ချပြီး ခေါင်း ကို ရမ်းသည် ။ ပြီးတော့ တည်ငြိမ်သော အသံဖြင့် ငြင်သာစွာ ပင် ပြောသည် ။


“ သူ မလာတော့ပါဘူး ရီလေး ၊ သူ .. သူ့ အစ်မတွေ ရဲ့ စကားကို နားထောင် သွားပါပြီ ၊ သူ့ အစ်မတွေ က မကေ ဆီ ကို သူ ပြန် မလာနိုင်တော့အောင် သူတို့ အိမ် ကို ရောင်းပြီး သူ့ ကို နိုင်ငံခြား ပို့ လိုက်ပြီ ၊ သူ ဟာ သူ့ အတွက် ပေးဆပ်ခဲ့တဲ့ သူ့ မိသားစု ကို ပြန်လည် ကူညီနိုင်တဲ့ ယောက်ျားကောင်း တစ်ယောက် ဖြစ်ပါစေလို့ပဲ မကေ ဆုတောင်းရတော့မှာ ပေါ့ ၊ အဲဒါ ပိုပို ဆီ က နောက်ဆုံး ရခဲ့တဲ့ သတင်းပဲ ”


ကေသီတာ့ စကား ဆုံးတော့ ရီလေး တိတ်သွားသည် ။ ဘာမျှ မပြောတော့ ။


ကေသီတာ ပန်းခြံကလေး ထဲ မှာ တိတ်တဆိတ် ပွင့်နေသာ ပန်းကလေးတွေ ကို ငေးကြည့်ရင်း ငယ်စဉ်တုန်း က အဖေ ဖြစ်သူ ကျော ပေါ် မှာ ထိုင်ရင်း ဘုရားပွဲ သွား ခဲ့ရတာ ကို အဆက်စပ် မရှိ သွား သတိ ရသည် ။ အဖေ့ ပုံရိပ်ကို ဖမ်းကြည့်တော့ ဝိုးတဝါး မျှ သာ .. ။ မထင်ရှားတော့ ။ ကေသီတာ သည် သူ့ နှုတ်ခမ်း ကို သူ ကိုက် လိုက်သည် ။


သူ သည် ငယ် ကံ မကောင်းခဲ့သဖြင့် မိရင်း ၊ ဖရင်း ဖြင့် မနေခဲ့ရပါ ။ ဒေါ်ထက်မေအောင် နှင့် တွေ့ ၍ ကံကောင်းပြီး အေးချမ်းစွာ ဖြင့် ငြိမ်ဝပ်ပိပြား ၍ ပညာ တတ်သော မိန်းမငယ်လေး ဘဝ ကို မွေးစားသမီး တစ်ယောက် အနေ နှင့် ရရှိခဲ့သော်လည်း အိမ်ထောင်ရေး ကံ မှာ မူ စေ့စပ်ပွဲ အထိသာ ခံခဲ့သော ကြောင့် ဆိုးဝါးသည် ဟု သာ ဆိုရမည် ။ သို့သော် ... သူ တစ်စုံတစ်ယောက် ကိုတော့ မျှော်လင့် နေချင် သေးသည် ။


မွေးစားသမီး တစ်ယောက် အနေ ဖြင့် သူ ကောင်းမွန်စွာ နေထိုင်ခဲ့သည့် အတွက် သူ့ ကံကြမ္မာ ထဲ မှာ တစ်စုံတစ်ခု သော မျှော်လင့်စရာလေး ရှိမည် ဆိုလျှင် မျှော်လင့် နေချင်ပါသည် ။ မွေးစားသမီး တစ်ယောက် ၏ ဘဝ မှာ ရင် နှင့် ရင်း ၍ ရသော နွေးထွေးသည့်မျှော်လင့်ချက်ကလေးမျိုး မျှ သာ ဖြစ်သည် ။ သူ မျှော်လင့်နေသည် ။ ပန်းခြံကလေး ကို ငေးကြည့်ရင်း ကေသီတာ ပန်းခြံကလေး ထဲ မှာ တစ်ယောက်တည်း သွား ထိုင် နေချင်မိသည် ။


ခုနက မေမေကြီး ပြော သလို တစ်ယောက်တည်း စိတ်လွတ် ကိုယ်လွတ် ကို နားပစ် လိုက်ချင်သည် ။ မေမေကြီး ကို သွား ကြည့်တော့ အိပ်ပျော် နေပြီ ဖြစ်သည် ။ ထို့ကြောင့် ရီလေး ကို ပခုံး အသာ တို့ ပြီး မေမေကြီး အနား မှာ နေဖို့ သတိပေး လိုက်သည် ။ ပြီးတော့ သူ ပန်းခြံ ထဲ သို့ တစ်ယောက် တည်း ဆင်း လာပြီး ပန်းကလေးတွေ ပွင့် နေသော ခုံတန်းကလေး တွင် ထိုင် ကာ အသံမဲ့ အရောင် တစ်ခု တည်း နှင့် သာ ပွင့်နေသောပန်းကလေးတွေ ကို ငေးနေမိသည် ။


ပြီးတော့ သူမ အတွေး ထဲ မှာ စေ့စပ် ရက် ရွေးသည့် နေ့ တုန်း က သူ ချက်သော ဟင်းကို အားရပါးရ စား နေသော ကိုနိုင်ဝင်းထွန်း ၏ မျက်နှာ ကို မြင်ယောင် လာသည် ။ မိုးဖွဲကလေးများ ကျ လာ ၍ ထီး ထုတ် အဆောင်း တွင် သူ့ လက်ဖမိုး ပေါ်သို့ ရုတ်တရက် ကျ လာသော နွေးထွေး စေသည့် လက်အစုံ ကြောင့် ရင်ဖို ၍ မော့ကြည့်သော အခါ သူ့ကို ငုံ့ငေး နေသော မိုးယံစိုး ၏ မျက်နှာ ကို လည်း ပြန်လည် မြင်ယောင်သည် ။


သူမ နံဘေး မှာ ပန်းကလေးတွေ က အရောင် တစ်ခုတည်း နှင့် သာ တည်ငြိမ်စွာ ပွင့် နေ ကြသည် ။ ပန်းကလေးတွေ သည် လောကကြီး ကို သူတို့ ရသော အရောင်တစ်ခု တည်း နှင့် တည်ငြိမ်စွာ ရင်ဆိုင် နေကြပါသည် ။ ကေသီတာ လည်း မွေးစားသမီး ဆိုသော အရောင်ကလေး နှင့် ပန်းကလေး တစ်ပွင့် လို လောကကြီး ကို တည်ငြိမ်စွာ ရင်ဆိုင်ချင် ပါသည် ။


ကေသီတာ့ တွင် ထို မျှော်လင့်ချက်ကလေး သာ ရှိပါသည် ။


◾ နီကိုရဲ


📖 မွေးစားသမီး


#ကိုအောင်နိုင်ဦး


.

Thursday, May 18, 2023

မွေးစားသမီး ( ၁၀ )


 ထို နေ့ သည် “ သင်္ကေတ  ” စူပါမားကက်ကြီး ထဲ တွင် ရှိသော ဝန်ထမ်းများ အားလုံး ပျော်ရွှင် နေကြသော နေ့ ဖြစ်သည် ။ နှစ်သစ် သင်္ကြန်တွင်း ပိတ်ရက် မစခင် နောက်ဆုံး နေ့ ကို နေ့ဝက် သာ ဖွင့်ပြီး ကျန်သည့် နေ့ဝက် ကို ဝန်ထမ်း အချင်းချင်း သင်္ကြန် အကြို ရေပက်ကြခြင်း ၊ company က ဘူဖေးလ် ကျွေးခြင်း တို့ အပြင် ဝန်ထမ်းများ အားလုံး ထဲ မှ အလုပ် ဆင်း ရက် ပြည့်ဆု ၊ အရောင်းရဆုံး ထူးချွန်ဆု ၊ အမှားအနည်းဆုံးဆု ၊ နှင့် တာဝန်ကျေ ဝန်ထမ်းဆု တို့ ကို ပေးပြီး နောက် ဝန်ထမ်းများ ထဲ က ရှယ်ယာဝင် သူဌေးများ သဘော ကျ သော ဝန်ထမ်းများ ကို လည်း ရာထူး တိုး ပေးတတ်သည် ။


ရာထူး တိုးသူ တစ်ဦး ကို ကြော်ငြာ လိုက် တိုင်း ခင်မင်သူ ဝန်ထမ်းများ က ထို သူ ကို ဂုဏ်ပြု သင်္ကြန် အကြို ရေ ပြေး လောင်းကြသည် ။ မှတ်တမ်းတင် ( VIDEO ) က လည်း ရိုက်လျှက် ရှိ နေသည် ။ အော်စကာ ဆုပေးပွဲ နှင့် တော်တော်လေး တူ နေပါသည် ။


“ အခု ကြော်ငြာမယ့် ရာထူး က တော့ မန်နေဂျာချုပ် ဦးခန့်မင်း ရဲ့ ကိုယ်ရေး အရာရှိ ( Personal assistant ) ရာထူး ပါ ခင်ဗျာ ”


ဆူညံနေ သူ များ ခေတ္တ တိတ် သွားကြ၏ ။


“ ဟုတ်ကဲ့ .. အဲဒီ ရာထူး ကို တော့ .. ”


ကြော်ငြာသူ က ရာထူး ရ သူ ကို မကြော်ငြာ သေးပဲ ဝန်ထမ်းတွေ ကို လျှောက် ကြည့် နေ သဖြင့် တော်တော်လေး အူယား နေကြသည် ။ ထို ရာထူး ကို ရသူ သည် မန်နေဂျာချုပ် နှင့် နေ့စဉ် အတူ နေ အတူ တွေ့ ခင်မင်ရင်းနှီး နေ သဖြင့် သူ က လူတိုင်း ကို အကူညီ ပေး နိုင်သလို ဒုက္ခ လည်း ပေးနိုင်သော ရာထူး ဖြစ်သဖြင့် လူတိုင်း လိုလို လိုချင် မက်မောသော ရာထူး တစ်ခု လည်း ဖြစ်သည် ။


“ ဟုတ်ကဲ့ .. အဲဒီ ရာထူး ကို တော့ .. ဌာနစိတ် .. လေး က .. မ .. ကေသီတာ က ရ သွားပါတယ် ခင်ဗျား ”


“ ဟေး ... ”


ခင်မင်မင်သူတွေ က ရှေ့ က ပြေး လာကာ ကေ့ ကို ရေ လောင်းကြသည် ။ ငြိမ်းပို က နံဘေး မှာ ရှိနေ သဖြင့် ရှေ့ဆုံး က ဖြစ်သည် ။ ထိုသို့ ရေ လာ လောင်းသူတွေ ထဲ တွင် မိုးယံစိုး မပါ ပါ ။ ဘာ့ကြောင့်လဲ ဆိုတာ တော့ ကေ လဲ မသိ ။ ခင်မင်သူတွေ က နှုတ်ဆက် ဂုဏ်ပြုကြ ၊ အခုမှ ဖားချင်သူ တွေ လည်း နှုတ်ဆက်ကြ ၊ မိတ်ဆက်ကြ ၊ ကေ သည် အကယ်ဒမီ ရသော မင်းသမီး တစ်ယောက် လို ဖြစ် နေသည် ။ အချို့က စပ်ဖြဲဖြဲ နှင့် နှာခေါင်း ရှုံ့ ကြပြီး တစ်ချို့ က လည်း ပြုံးတုံ့တုံ့ ဖြင့် ခေါင်း ကို ညိတ် ကြ လေသည် ။


ထို့နောက် ရာထူးများ ကို ဆက် ကြော်ငြာရင်း Market ကြီး အတွက် အဝယ်တော်များ စာရင်း ကို ကြော်ငြာရာ တွင် ..


“ ဦးမိုးယံ ကို စားသောက်ကုန် ပစ္စည်းများ နှင့် စတေရှင်နယ်ရီ ( စာရေးကြိယာများ ) အဝယ်တော် အဖြစ် ခန့်အပ်ပါတယ် ခင်ဗျား ”


မိုးယံစိုး မှာ ခင်မင်သူ များ သည့် အတွက် တစ်ယောက် တစ်ချက် ပက်သော ရေသန့်ဗူးများ အောက်  မှ ရုန်း မထွက်နိုင်တော့ ။ ထို ရာထူး မှာ လည်း အောက်ဆိုက် အတော် ရှိသော ရာထူး ဖြစ်သည့် အတွက် လူတိုင်း လိုလို လိုချင်ကြသော နေရာ တစ်နေ ရာ ဖြစ်သည် ။ သို့သော် .. အများသူငါ တပ်မက်ကြသော ရာထူး ကို ရသော ချစ်သူ နှစ်ယောက် သည် ပျော်ရွှင် နိုင်သလား ဆိုတော့ မပျော်ရွှင်နိုင်ကြပါ ။ ကေ က ထို နေ့ က ရာထူး အတွက် အသုံး လို သော ဟန်းဖုန်း အသစ် တစ်လုံး နှင့် ခရက်ဒစ်ကဒ် ကို ရရှိသည် ။


“ မိုးယံ ကို အပြင် လွှတ်ပြီး ကေ့ ကို သူ့ အနား ခေါ်တာ လုံးဝ မရိုးသားဘူး .. ”


“ မိုးယံ ပြောတဲ့ စကား က နေရင်း ထိုင်ရင်း ကေ့ သိက္ခာ ကို စော်ကား သလို ဖြစ်နေတယ် မိုးယံ ”


ကိုယ်ကျင့်သိက္ခာ နှင့် ပတ်သက် လျှင် နည်းနည်းလေး မှ အထိပါး မခံသော ကေ က မိုးယံ ကို ခပ်ဆတ်ဆတ် တုန့်ပြန်သည် ။


“ ဒီ လူကြီးတွေ အကြောင်း ကေ့ ထက် မိုးယံ က ပို သိပါတယ် ၊ ဒါ ဟာ ထောင်ချောက် တစ်ခု ပဲ .. မရိုးသားမူ တစ်ခု ပဲ .. မိုးယံ ဒီငနဲကြီးတွေ ကို မယုံဘူးကွာ .. ကေ့ ကို စိတ်မချဘူး .. ”


“ မိုးယံ .. အခု ပြောတဲ့ စကား ကို ပြန် ရုတ်သိမ်းလိုက် ၊ ကေ က ဣန္ဒြေသိက္ခာ ကို တစ်စက် မှ အထိ မခံတဲ့ မိန်းမ ဆိုတာ မိုးယံ အသိဆုံးပါ ၊ သူတို့ ပေးတဲ့ ဖုန်း ဆိုတာ ကေ ဒီနေ့ လိုချင် ဒီနေ့ ဝယ်လို့ ရတဲ့ ပစ္စည်းပါ ၊ စိတ်ချ မိုးယံ သူတို့ မရိုးသားဘူး လို့ ထင်တာ နဲ့ ချက်ချင်း ထွက်ပစ်လိုက်မယ် ၊ ကေ က ဘယ် ရာထူး ကို မှ ဣန္ဒြေ သိက္ခာ နဲ့ မလဲဘူး ”


“ သူတို့ မှာ ထောင်ချောက်တွေ ရှိတတ်တယ် ကေ .. ”


“ အလုပ်တောင် မလုပ်ရ သေးဘူး ၊ ကေ့ ဣန္ဒြေ နဲ့ သိက္ခာ ကို မယုံကြည်တဲ့ ချစ်သူမျိုး ကို ရ တာတော့ ကေ ဝမ်းနည်း လို့ မဆုံးဘူး ”


“ မယုံတာ မဟုတ်ပါဘူး .. စိုးရိမ်တာပါ ကေရယ် .. ”


“ တော်ပြီ .. မိုးယံ ၊ ဒီ စကားကို ဒီမှာ ပဲ ရပ်လိုက်တော့  ”


“ အဲဒီ ရာထူး တိုး တာရဲ့ အကျိုးဆက် က တော့ သူ က ကေ့ ကို စေ့စပ်ခွင့် တောင်းတာပဲ ၊ သူ က လည်း ဒီ အလုပ် က ထွက်မယ် ၊ ကေ့ ကို လည်း ထွက် ၊ ကေ နဲ့ သူ စေ့စပ်ပြီး ရင် သူ နိုင်ငံခြား ကို သွားမယ် တဲ့ ၊ သူ ဟို မှာ ငွေ စုပြီး ပြန်လာရင် လက်ထပ်မယ် ဆိုပါတော့ ၊ သူ က ခုမှ တရားဝင် ပြောလို့ အောင် တို့ ကို တိုင်ပင်တာ ”


ကေ့ စကား ကို အောင် ၊ မောင် နှင့် ရီလေး တို့ က စိတ်ဝင်စားစွာ နားထောင် နေကြသည် ။ အောင် က ..


“ နိုင်ငံခြား မှာ အလုပ် လုပ်တယ် ဆိုတာက ကိုယ် ဖြစ်ချင်တဲ့ ဆန္ဒ နဲ့ ဟိုကို ရောက်တဲ့ အခါ ဖြစ်လာတာ နဲ့ တစ်ထပ်တည်း ကျတဲ့ သူ နည်းတယ်နော် ၊ အဲဒီ အလုပ် က သေချာတဲ့ အလုပ် မဟုတ်ဘူး  ”


“ ဟုတ်တယ် ၊ ကဲ ... နေစမ်းပါဦး ၊ အခု ကေ့ မန်နေဂျာချူပ် ကရော ကေ့ ကို သူ ပြောသလို ကိစ္စမျိုး ရှိလား ”


“ အခု အချိန် ၂ လ ကြာတဲ့ ထိတော့ သူ လည်း သူ့ အလုပ် ၊ သူ့ သိက္ခာ နဲ့ ပါပဲ ၊ မိုးယံ လာ ကြိုနေတာ ကို လည်း ခွင့်ပြု နေတာပဲ ၊ ပေးထားတဲ့ ဟန်းဖုန်း ကို လည်း လုပ်ငန်း အတွက် က လွဲ လို့ ကိုယ်ရေး ကိုယ်တာ တစ်ခါ မှ သူတို့ ဘက် က မသုံးဖူးဘူး ၊ ကေ က အိမ် ရောက်လို့ ၅း၃၀ မှာ ဖုန်းပိတ်ခွင့် တောင်းတာ ကို လည်း ခွင့်ပြုကြတယ် ၊ အဲဒါတွေ ကို လည်း သူ့ ကို ပြောပြ ထား ပြီးသားပဲ ”


အောင် နှင့် မောင် သက်ပြင်း ကို ချသည် ။


“ မိုးယံ နည်းနည်း တော့ အချစ် လွန် နေပုံရတယ် ၊ အေးဆေး ရှင်း မှ ရလိမ့်ထင်တယ် မမကြီး ”


“ သူ အချစ် လွန် တာ က ကိုယ့် သိက္ခာ ကို ထိခိုက်သလို ဖြစ် နေတယ်  ”


“ မဟုတ်သေးဘူး မမကြီး ၊ သူ နိုင်ငံခြား သွားချင် ရင် သွားပေါ့ ၊ ဒီမှာ စေ့စပ် ထားလိုက် ၊ မမကြီး ရဲ့ လူကြီးတွေ ကို လည်း ဖိတ် ၊ company က သူငယ်ချင်း သုံးလေး ယောက် လောက် ကို လည်း ဖိတ် ၊ ဒါဆို သူ နိုင်ငံခြား ကို စိတ်အေးလက်အေး သွား လို့ ရပြီပဲ ၊ မမကြီး ကလဲ ရတဲ့ လစာ ကို စုပေါ့ ၊ သူ လည်း စု ၊ အများဆုံး စောင့်ရ ၊ တစ်နှစ် နှစ်နှစ် ပေါ့ ၊ အဲဒါ မကောင်းဘူးလား ”


ညီအစ်မ တစ်တွေ ရီလေး ကို ဝိုင်း ကြည့် လိုက်ကြသည် ။


သူတို့ တိုင်ပင်ကြ တိုင်း ရီလေး ကို မိန်းကလေး သဘာဝ အရ သာ နားထောင်ခွင့် ပေး ထားသည် ။ ရီလေး က ထောက်ခံ လျှင် ထောက်ခံ ၊ ကန့်ကွက် လျှင် ကန့်ကွက် ။ ဒီလောက် သာရှိသည် ။ အခုတော့ ရီလေး ပေးသည့် အကြံ က ကေသီတာ့ အတွက် အဆင်ပြေ နေသည် ။


“ အံမယ် .. ဒေါ် ခင်ရီလွင် .. ရှင် က ဒါတွေ ဘာတွေ တောင် တွေးတတ်နေပြီပေါ့ .. ဟုတ်လား ”


“ ရီလေး က အမြဲ နားထောင် နေကျ ဆိုတော့ ဇာတ်လမ်း ကို သိ နေလို့ပါ ၊ မမကြီး က အလုပ် က လည်း ထွက်ရ ဦးမယ် ၊ စေ့ လည်း စေ့စပ်ရ ဦးမယ် ဆိုတော့ နာ တာပေါ့ ၊ ဂုဏ်သိက္ခာ အရ လည်း နာ တယ်လေ ၊ အချိန် နဲ့ ငွေ အတွက်လည်း နာတယ် ၊ ဒါ့ကြောင့်မို့ ပြောမိတာပါ ”


“ အေးကွာ .. ရီလေး ပြောတာက မှန် နေတယ် ၊ အဲဒီ အတိုင်း မေး ကြည့်လိုက်ကွာ .. လူကြီး စုံရာ နဲ့ စေ့စပ်ပြီး တာ တောင်မှ စိတ် မချဘူး ဆိုရင်တော့ ကော မကေ .. ”


“ တော်ပြီ မောင် ၊ အဲဒီကျရင် မကေ ဘာပြောရမယ် ဆိုတာ မကေ သိတယ် ၊ အခု မကေ ဘက် က လိုက်လျော နိုင်တာ သူ့ ကို ပြောပြမယ်လေ ၊ ညှိကြည့်ကြတာပေါ့ ”


သူတို့ ညပိုင်း အစည်းဝေးလေး ပြီးသွား သဖြင့် ကေ့ အခန်း မှာ ကေ တစ်ယောက် တည်း ကျန်ခဲ့သည် ။ အမှန်တော့ ကေ က စေ့စပ်တာတွေ ဘာတွေ မလုပ်ချင်ပဲ တစ်ခါတည်း လက်ထပ် လိုက် ချင်တာ ဖြစ်သည် ။ သို့သော် မေမေကြီး ကျန်းမာရေး ကလည်း အခု ကောင်းချင် ကောင်း နေပြီး တော်ကြာ ဖောက်ချင် ဖောက်လာ တတ်တာ မျိုး ဖြစ်နေသည် ။ သွေးတိုး အတက်အကျ က လဲ မမှန် ၊ ဒီလို အချိန် မျိုး မှာ သူမ က ကိုယ့် အတ္တ ကို ကိုယ် ရှေ့တန်း မတင်သင့် ဟု နားလည် နေမိသည် ။


ညီမတွေ က လည်း လက်ထပ် ဖို့ ထက် စေ့စပ် ထား ဖို့ လောက်သာ အလေးပေး ကြသည် ။ အချိန် ဆွဲ နိုင်သမျှ ဆွဲ ၊ မရလျှင် စေ့စပ်ကြရန် ဖြစ်သည် ။ မနက်ဖြန် ညှိနှိုင်းပွဲ တွင် ဘယ်လို အဖြေမျိုး ရောက်ပြီး ဘာ စကားတွေ ထပ် ပြောရဦးမည် ဆိုတာ ကေ မသိပါ ။ အချစ် သည် အချစ် ၏ ကြည်နူးခြင်း ထက် အချစ် ကြောင့် ဖြစ်သော အကျိုး နှင့် အကြောင်း ကို အခြေအနေ နှင့် လိုက်လျောညီထွေ လိုက်ညှိ နေရသော ဖြစ်စဉ် တစ်ခု ဟု ကေသီတာ သဘောပေါက် လာသည် ။


အချစ် ဆိုတာ မရခင် တုန်း က သာ ရ လျှင် ငြိမ်းချမ်းလိမ့်မည် ဟု ထင် နေရသော အရာ ဖြစ်သည် ။ ရ လာသည့် အခါ တွင် တော့ စိတ်လွတ် ကိုယ်လွတ် ငြိမ်းချမ်းစွာ ချစ် နေရသည့် အချိန် က နည်းပြီး အကျိုး နှင့် အကြောင်း နှင့် အချစ် ကို မထိခိုက်အောင် ကာကွယ် တိုက်ခိုက် နေရသည့် အချိန် က သာ များသည် ဟု ကေသီတာ ကောင်းကောင်း နားလည် သွားပြီ ဖြစ် လေသည် ။


မိုးယံစိုး သည် ချစ်သူ ကေသီတာ ပြောသမျှ ကို နားလည် ပါသည် ။ ကေသီတာ ၏ အစီစဉ် သည် ငြင်းပယ်ဖို့ ခက် လောက်အောင် ပြည့်စုံနေသည် ။ သို့သော် ဒီ အစီအစဉ် ကို ဆောင်ရွက် လျှင် သူ နိုင်ငံခြား သို့ ကိစ္စ နှင့် စေ့စပ်ပွဲ က ပါ ပါလာပြီ ဖြစ်သည် ။ ဤတွင် မိုးယံစိုး ၏ အခက်အခဲ မှာ ငွေ ဖြစ်သည် ။ စေ့စပ်ပွဲ အတွက် နှင့် နိုင်ငံခြား သို့ ပို့ပေးသူ ကို ပေးရန် ငွေ သူ့ ဆီ မှာ မရှိပါ ။ သူ့ သွားရေး လာရေး ၊ ဝတ်ရေး စားရေးများ အတွက် အစ်မ ဖြစ်သူ မဇင်  ( ဒေါ်ဇင်မာဝင်း ) က နှစ် လ များစွာ ကူညီ ပေးခဲ့ နိုင်ခဲ့သော်လည်း ဒီလို တစ်လုံးတစ်ခဲတည်း ကုန်ကျငွေ ကို ထုတ်ပေး နိုင်လောက်အောင်တော့ အင်အား မရှိပါ ။


စေ့စပ်ပွဲ အတွက် လက်စွပ်ကလေး တစ်ယောက် တစ်ကွင်း စီ လဲ ဖို့ ကတော့ သူ့ လခ ဖြင့် ဝယ်လို့ ရ နိုင်ပါသည် ။ ကျွေးဖို့ မွေးဖို့ နေရာ ၊ ပြင်ဆင်မူ အစရှိသည် တို့ အတွက် ကုန်ရန် ငွေ သူ့ ဆီ မှာ မရှိပါ ။ သူ သွားချင်သည့် တောင်ကိုးရီးယား သို့ ပို့ပေးမည့် company က ဒီ နိုင်ငံ မှ အထွက် သိန်း ၅၀ ၊ ဟိုရောက် အလုပ် ရပြီး ၂ လ အတွင်း သိန်း၃၀ ပေး ရမည် ဖြစ်သည် ။ ထို့ကြောင့် မိုးယံစိုး မှာ ရှေ့ ကို မာန် နှင့် တက်ချင် သော်လည်း အား က မသန်ချေ ။ မိုးယံစိုး သည် ထို ကိစ္စ ကို တစ်ကိုယ်တည်း လဲ ကြိတ် မဖြေရှင်း နိုင် ၊ မိသားစု က လဲ မကူနိုင် ၊ သူငယ်ချင်း အပေါင်းများ က လည်း နားလည် ပေး နိုင်သော်ငြား ကယ်တင် ပေး ဖို့တော့ မတတ်နိုင်ကြချေ ။


နောက်ဆုံးတော့ ချစ်သူ ကို သာ ပြောရတော့သည် ။ ချစ်သူ က လည်း သူ ကိုယ်တိုင် မဆုံးဖြတ်နိုင် ။ သူ့ မိသားစု နှင့် သူ့ မိခင် ကို တိုင်ပင်ရဦးမည် ဆိုသော စကား သာ ပထမဆုံး ရသည် ။ ပိုပို ပြော ပုံ အရ ဆိုရင်တော့ သူတို့ မိသားစု က တော်တော်လေး ချမ်းသာပုံ ပေါ်တယ် မိုးယံ ၊ သူတို့ မှာ ယောက်ျားလေး မရှိလို့သာ စားစရိတ် လုံလောက် ရုံ ငါးခြောက်ဆိုင်ကြီး တစ်ဆိုင် နဲ့ ငြိမ် နေရတာ ၊ နင် လိမ်လိမ်မာမာ နှင့် နေတတ် ထိုင်တတ် ရင် အဲဒါ နင့် အတွက်ချည်းပဲ ဒါ က သူ့ အစ်မလေး ဆွေဆွေဦး ၏ စကား ဖြစ်သည် ။


“ ကောင်မလေး က တော့ နင့် ကို တော်တော် ချစ်ပုံပဲ ငမိုး ၊ ငါ နင့် ကို တစ်သက်လုံး ကြည့်လာခဲ့ ရတာ နင် အဆင် ပြေရင် ငါတို့ ကို တစ်လှည့် တော့ ပြန်ကြည့်ဦး ပေါ့ ဟာ ၊ ငါ လည်း အခု စုန်းစုန်း မြုပ်နေပြီ ၊ နင့် ဆီ က ပဲ မျှော်လင့်ချက် ရှိတော့တာ  ”


ဒါက သူ့ ကို တစ်လျှောက်လုံး ပတ်ဝန်းကျင် က အထည်ကြီးပျက် မှန်း မသိရအောင် ရှေ့တွင် တစ်မျိုး ၊ ကွယ်ရာ မှာ တစ်ဖုံ စောင့်ရှောက်ခဲ့သော အစ်မ အကြီးဆုံး ဒေါ်ဇင်မာဝင်း ၏ စကား ဖြစ်သည် ။ သူတို့ အိမ် ၏ စီးပွားရေး အခြေနေ ကို သူ သိပါသည် ။


အခု လက်ရှိ နေ နေသည့် တိုက် နှင့် ခြံ ကလည်း ဘဏ် ကို ပေါင်ထားနှင့် ပြီး ပြီ ။ သူ့ အစ်မတွေ က တော့ ပတ်ဝန်းကျင် ရော ၊ ထိတွေ့ ဆက်ဆံနေသူတွေ ကပါ မရိပ်မိ အောင် ဟန် နှင့် မာန် ကို မွေးထားကြတုန်း ဖြစ်သည် ။ သူတို့ ကိုယ် သူ တို့ နေနိုင် စားနိုင် ဟူ ၍ မာန် ကိုတင်းနေတုန်း ပင် ဖြစ်သည် ။


မိုးယံစိုး အနေဖြင့် ကေသီတာ့ ကို လက်ထပ် လိုက်လျှင် သူတို့ ဘက် က အပူ တစ်ခု တော့ လျော့ သွားမည် ။ သူတို့ ကျဆင်း နေသော စီးပွားရေး ကို မိုးယံစိုး က ကေသီတာ့ အကူညီ ဖြင့် ပြန် ထူထောင်နိုင်ဦးမည် ဆိုသော မျှော်လင့်ချက်ကြီး တစ်ခု ကို မာလာမင်း ဆိုသော ညီမလေး က လွဲ၍ ကျန်သော အစ်မများ နှင့် သူတို့ ခင်ပွန်းတွေ က ကြီးကျယ်စွာ ထား နေကြသည် ။ ထို့ကြောင့် မိုးယံစိုး က ကေသီတာ့ အပေါ် မှာ အချစ် နှင့် ရော ဘဝ အတွက်ပါ မျှော်လင့်ချက် နှစ်ခု စလုံး ဖြင့် မျှော်လင့်ချက်ကြီး ထားမိ နေခြင်း ဖြစ်ပြီး စေ့စပ်ရေး နှင့် နိုင်ငံခြား ထွက်ရေး ဆိုသော အိမ်မက် ကို ကေသီတာ ၏ ဖြူစင်သော အချစ် ပေါ်တွင် အားကိုး ခဲ့လေသည် ။ ထိုနေ့က ကေသီတာ က ဆိုသည် ။


“ ကေ .. မေမေကြီး ကို တိုင်ပင် ကြည့်တော့ မေမေကြီး က စေ့စပ် ဖို့ ကို သူ တာဝန် ယူတယ် တဲ့ ၊ မိုးယံ နိုင်ငံခြား သွားဖို့ ကိစ္စ ကိုတော့ စေ့စပ်ပြီး မှ ပဲ ဘယ်လို လုပ်ရင် ကောင်းမလဲ ဆိုတာ နှစ်ဖက် တိုင်ပင်ချင်ပါတယ် တဲ့ ၊ မိုးယံ က စေ့စပ်ဖို့ ကိစ္စ က အဓိက မဟုတ်လား ”


အမှန်တော့ မိုးယံ အတွက် က နှစ်ခု စလုံး အရေးကြီး နေပါသည် ။ နိုင်ငံခြား သို့ မလွှတ်တော့ ပဲ ထို ငွေ နှင့် ပင် ဒီမှာ ရင်းနှီး စားသောက် နိုင်အောင် ဖန်တီး ပေးမှာလား ဆိုတာ ကို မိုးယံ စဉ်းစားရပြီ ။


“ ဒါဆို .. မင်း ကောင်မလေး ကို တို့ အခြေနေတွေ အားလုံး ပြောပြလိုက်ပြီပေါ့ ”


“ မဇင် တို့ အကြောင်း ဘာမှ မပါပါဘူး ၊ ကျွန်တော် လုပ်ချင်တာ ကို တော့ ပြောပြရတာပေါ့ ”


“ ငါ တို့ နင့် တစ်ယောက် ကို ပဲ အားကိုးစရာ ရှိတော့တာတော့ ဟုတ်တယ် မိုးယံ ၊ ဒါပေမယ့် ငါတို့ မှာလည်း ငါတို့  မာန် နဲ့ ငါတို့ နော် ၊ သိက္ခာ တော့ အကျ မခံနိုင်ဘူး ”


“ စိတ်ချပါ မဇင် ၊ ကျွန်တော် စေ့စပ် တဲ့ ကိစ္စ က မဇင် တို့ နဲ့ ဘာမှ မဆိုင်ပါဘူး ၊ ကျွန်တော် နဲ့ ကေ့ သဘောချည်းပါပဲ ”


“ ဒါနဲ့ စေ့စပ်ပွဲ က စနေနေ့ နော် ”


“ အင်း .. လေ ”


“ အင်း ..  ငါ့ မောင် အခု ကတည်း က ဟိုဘက် က ဖြစ်စေချင်တဲ့ အတိုင်း လိုက် လုပ် နေရပြီ ဆိုတော့ မဇင် တော့ ရင် ခပ်လေးလေးပဲ ”


အစ်မ အကြီးဆုံး မဇင်မာဝင်း စကားကြောင့် မိုးယံစိုး တော်တော်လေး အာရုံ နောက် သွားသည် ။ သူ ကေ့ ကို ချစ်တုန်းက ဒီ ကိစ္စတွေ မပါခဲ့ ။ အခုကျတော့ လည်း သူ့ အကျိုး နှင့် သူ သူ့ အကြောင်းတရား နှင့် သူ ပါလာကြ ၊ ရောက်လာကြသည် ။ အမှန်တော့ ချစ်သူ နှစ်ဦး ရိုးရိုးကလေး လက်ထပ် လိုက်လျှင် ပြီးရော ကိစ္စ သည် ဘယ်လို အကြောင်းတွေကြောင့် ဒီလို ဖြစ်ကုန်သနည်း ဆိုတာ မိုးယံစိုး သိ သော်လည်း နားတော့ မလည်နိုင်ချေ ။ သူ သည် အရာပေါင်း များစွာ ၏ ကာဆီးမှု ထဲ မှာ ပိတ်မိ နေသည်ဟု ခံစား နေရသည် ။


သူ ကေသီတာ့ ကို ချစ်ခဲ့ သော ချစ်ခြင်း သည် ဘယ်ကို ရောက်သွား ၍ ဒီ အကြောင်းရာများ က ဘယ် က ရောက်လာကြသနည်း ဆိုတာကို လဲ နားမလည် နိုင်ချေ ။ ချစ်သူ ကေ က တော့ သူ့ ကို ရိုးရိုးကလေး သာ မှာ သည် ။


“ မိုးယံ .. ရိုးရိုးကလေး ပဲ ဝတ်လာခဲ့နော် ၊ ကေ အိမ် က ပဲ စောင့်နေမယ် သိလား ”


အခုပဲ သူ့အစ်မ က ခဏ ငှားလာသော နီလာ လက်စွပ် တစ်ကွင်း နှင့် ရတနာ ခုနှစ်သွယ် လက်စွပ် တစ်ကွင်း ကို လာ ပေးသည် ။ မိုးယံ ခဏ သာ ဝတ် ကြည့်ပြီး ချစ်သူ့ စကား ကို ပဲ နားထောင်ရန် ဆုံးဖြတ်လိုက်မိပါသည် ။


ကေတို့ ညီအစ်မတွေ အားလုံး အလှ ပြင်ဆင် ပြီးချိန်တွင် company မှ ဖိတ်ထားသူများ ရောက်လာ ကြ ပြီး ကေ နှင့် မောင် တို့ က ဧည့်ခံကြသည် ။ ကေသီတာ သည် ဒီတစ်ခါ စေ့စပ်ပွဲ မှာ တော့ အဖြူ ပေါ်မှာ အဝါနု ဖောက် ထားသော အချိတ် ဝမ်းဆက်ကလေး ကို ဝတ် ထားသည် ။ သူ့ ခါးလည် ထိ ဆံပင် ကို တော့ ပွဲထိုင် ဆံထုံးကလေး ထုံး ၊ သဇင်ပန်း ပန်ထားသည် ။ လည်တိုင် မှာ ပုလဲသွယ် လည်ဆွဲ ၊ လက်သူကြွယ် မှာ မောင်နှံ ခုနှစ်ဖော် လက်စွပ် နှင့် နီလာ ပါ လက်စွပ်လေး တစ်ကွင်း ၊ နားတွင် ပန်နေကျ နားကပ် နှင့် လက်ကောက် မှာ စိတ်တန်းစီ လက်ကောက်လေး တစ်ရံ သာ ဝတ် ထားသည် ။


မျက်နှာ ကို တော့ ထုံးစံ အတိုင်း မိတ်ကပ်ဆရာ ပြင် ပေးသည့် ပုံစံ ခပ်ပါးပါး သာ ခြယ်သ ထား၏ ။ ပိုပို ရောက် လာတော့ ဝိုင်း က ပို၍ ဆူညံ သွားသည် ။ မေမေကြီး လည်း ဒီနေ့ မျက်နှာ ကြည်ရွှင် နေပြီး ကျေနပ် ပျော်ရွှင် နေပုံ ရ သဖြင့် ကေ သက်ပြင်းချ နိုင်သည် ။


“ မကေ ရယ် .. လှလိုက်တာ .. ကြည့်စမ်း ၊ မင်းတို့ တော့ မသိဘူး ၊ ပို တော့ မကေ ကို နှမြော လာပြီ ”


ငြိမ်းပိုက ကေသီတာ ကို ဖက်ထားရင်း က ဆိုသည် ။


“ အံမယ် .. နှမြောတယ် .. ဘာတယ် နဲ့ ၊ အစီစဉ်တွေ လာ မေး ၊ လာ မှတ်ပြီး ကြိတ် ကြံနေတာ မဟုတ်လား ”


အောင့် စကား ကြောင့် အားလုံးက ပို့ ကို ဝိုင်း ရယ်ကြသည် ။


“ ဟွန်း .. မသိဘူးများ မှတ်နေလား .. မမကြီး ပြီးရင် မမလတ် ၊ မမလတ် ပြီးရင် မမလေး အစီစဉ် အတိုင်း ဆိုပြီး ထိပ်ဆုံးပန်း က စ ပွင့်သွားလို့ နောက် ပန်းတွေ ကြိတ် ပျော်နေတာ မသိဘူးများ ထင်လို့လား ”


ပို့ စကား ဆုံးတော့ အောင်တို့ ကို company မှ ဧည့်သည်တွေ က ဝိုင်း ရယ်ကြ ပြန်သည် ။ မောင် က ပို့ ကို ခွေးမ ဟု တိုးတိုးလေး ကျိန်ဆဲသည် ။ ထိုအချိန် တွင်ပင် မန်နေဂျာချူပ် ဦးခန့်မင်း ၊ ဒုတိယ မန်နေဂျာ များ ဖြစ်သော ဒေါ်စိုးစိုးမူ ၊ ဦးမင်းဇော် နှင့် ဆရာကျော်သီဟ တို့ ရောက်လာ ကြသည် ။ ဦးခန့်မင်း က “ ကွန်ဂရက်ကျူလေးရှင်း ကေသီတာ  ” ဟု ဆိုကာ ဝမ်းသာအားရ လက်ဆွဲ နှုတ်ဆက်သည် ။ အသီးသီး နေရာချ ထား ပေးပြီးချိန် တွင် ရှေ့နေကြီး ဦးဝေမင်းဆန်း လည်း ရောက်လာသည် ။ ကိုးနာရီ ခွဲရန် ရှစ်မိနစ် သာ လိုတော့သည် ။ မိုးယံစိုး တို့ က ရောက် မလာသေး သဖြင့် ကေသီတာ အနည်းငယ် စိုးရိမ် လာကာ မျက်နှာ နည်းနည်း ပျက်ချင် နေသည် ။


တစ်ကြိမ် အမှား ကြုံထားသူ ဖြစ် သဖြင့် နောက် တစ်ကြိမ် အမှား ဆိုတာ ကို တစ်ခြား လူတွေ ထက် ပိုပြီး ထိတ်လန့် နေမိတာ အမှန်ပင် ဖြစ်သည် ။ ကေသီတာ စိတ်ပူ နေတာ ကို အောင် နှင့် မောင် က လည်း သိ ပါသည် ။ ရီလေး ကတော့ ကိတ်မုန့်တိုက် မှ ကိတ်မုန့် ထည့်သူ ၊ ကိတ်မုန့် လှီးသူ တို့ နှင့် သ,တ်နေရသည် ။ စေ့စပ်ပွဲ သည် တီးတိုး စကားသံလေးများ ဖြင့် သာ ငြိမ်သက် နေပြီး တစ်ခုခု လို နေ သလို ထင်ရသည် ။ ကေသီတာ မျက်နှာ ပျက်တာ တော်တော်လေး သိသာ လာတော့ မေမေကြီး က ဆိုသည် ။


“ သမီးကြီး .. မိကေ ၊ မောင်မိုးယံ တို့ အိမ် ကို ဖုန်း ဆက် ကြည့်ပါလားကွယ် ၊ တစ်ခုခုများ လွဲ သလားလို့ ”


ကေသီတာ မထ ရဲ ပါ ၊ ဖုန်း လည်း မဆက်ရဲ ၊ မျက်ရည်တို့ က ဝဲချင် လာ နေသည် ။ ဒေါ်မြကြည် ရောက် လာသည် ။ ဘာမှ မသိသူတွေ ကတော့ အေးအေးဆေးဆေးပင် ၊ သတို့သား ဘက် က ထိုင်ဖို့ ပြင်ဆင် ပေးထားသော ခုံတွေ ကို သာ တစ်ချက် တစ်ချက် ကြည့်နေကြသည် ။ ကေ က မောင့် ကို အားကိုး တကြီး ကြည့်သည် ။ မောင် သည် ခေါင်း ကို တစ်ချက် ညိတ်ပြီး ထိုင် နေရာ မှ ထ ကာ ဖုန်း ရှိရာ သို့ သွားသည် ။ အောင် က တော့ company မှ လူများ နှင့် အလိုက် အထိုက် စကား ပြော နေရ သော်လည်း မျက်နှာ မှာ စိုးရိမ်စိတ် က ထင်း နေသည် ။ မောင် ဖုန်းနံပတ်တွေ ကို နှိပ် နေသော အချိန်မှာ ပင် ခြံ ထဲ သို့ ကား သုံးစီး ဝင်လာသည် ။


“ လာပြီ .. လာပြီ .. မိုးယံ တို့ လာကြပြီ ”


ကေ သည် မျက်ရည် တစ်စက် က ပေါက်ကနဲ ကျသွား သဖြင့် မိုးယံ တို့ ကို ပရိတ်သတ် က ကြည့် နေကြသည့် အချိန်တွင်း မှာ အခန်း ထဲ ကမန်းကတန်း ဝင် ၊ မျက်ရည် ကို သုတ် တို့ပတ် နှင့် အုပ် ရသည် ။ ဖိုလှိုက် နေသော ရင် ကို အသာ ဖိ ရသည် ။ လည်မြို မှာ တစ် နေသော ဘာမှန်း မသိသည့် အရာ ကို မြိုချ ရသည် ။ ပြီးတော့ ချက်ချင်း အိမ်ရှေ့ ကို ပြေးထွက် တော့ ဦးခန့်မင်း က မိုးယံစိုး ကို လက်ဆွဲ နှုတ်ဆက် နေတာ တွေ့ သည် ။ ပြီးတော့ ဒေါ်စိုးစိုးမူ ၊ ဆရာမင်းဇော် ၊ ဆရာကျော်သီဟ ..


မိုးယံက ကေ့ ကို လှမ်း ပြုံးပြပြီး နှစ်ယောက် ထိုင် ကျွန်းသား ကနုတ် ထိုင်ခုံ မှာ ထိုင်သည် ။ မေမေကြီး က  လှမ်းကြည့် သဖြင့် ကေ လည်း မေမေကြီး ကို လက်အုပ်ချီ မိုးယံ နံဘေး မှာ အသာလေး ခွာ ၍ ဝင် ထိုင်သည် ။ ရုတ်တရက် မည်သူ က စ တီး လိုက်သည် မသိသော လက်ခုပ်သံ က ထွက်လာရာ နောက်ထပ် လက်ခုပ်သံများ မစဲ အောင် ဖြစ်သွားသည် ။ ရိုးရိုးကလေး နှင့် မင်္ဂလာ ရှိသော ပွဲလေး ဟု မေမေကြီး က ထင်သည် ။


အောင် နှင့် မောင် က ပျော် နေကြသည် ။ ရီလေး က သူ့ တာဝန် ဖြစ်သော ရေခဲမုန့် နှင့် ဆိတ်သားပတ် နှစ်ခု ၊ အီကလဲယား တစ်ခု ၊ သစ်သီးကိတ် တစ်ချပ် ပါသော ရေခဲမုန့်ပန်းကန်များ ကို ဆိုင်မှ ဝန်ထမ်းများနှင့် အတူတူ စီမံ ချ ပေး နေသည် ။ မေမေကြီး ကို အရင် ပြီးတော့ ကေ နှင့် မိုးယံစိုး .. စသည်ဖြင့် အစဉ်လိုက် တည်ခင်း ဧည့်ခံ ပေးသည် ။


ရီလေး လာ ပေးသော ရေခဲမုန့်ခွက် ကို ယူရင်း ဒေါ်ဇက်မာဝင်း မျက်နှာ တစ်ချက် ပျက်သွားသည် ။ ပြီးတော့ ရီလေး ၏ ရေခဲမုန့် ကို ယူနေသော ဆွေဆွေ့ ကို တစ်ချက် ကြည့်သည် ။ ဆွေဆွေ က တော့ ပုံမှန် ရယ်မော နေသည် ။ အောင် နှင့် မောင် တို့ ဝတ် ထားသော စိန်တွေ ကို စိတ်ကူး ဖြင့် ဈေးဖြတ် နေ မိသည် ။ ကေသီတာ က တော့ ပစ္စည်း အနည်းငယ် သာ ဝတ် ထားသည် ။ သူ့ ချစ်သူ ကို အားမငယ် စေချင် သည့် ဆန္ဒ ရှိဟန် တူသည် ။


ထိုစဉ် မိုးယံ တို့ နှင့် ပါ လာသော ဧည့်သည် ထဲ မှ မိန်းမကြီး တစ်ယောက် က ရှေ့သို့ မုန့်ပန်းကန် ကို ကိုင် ရင်း တက် လာပြီး ဒေါ်ဇင်မာဝင်း ကို တိုးတိုးကပ် ၍ ပြောသည် ။ ဒေါ်ဇင်မာဝင်း မျက်နှာ ပျက်စ ပြုလာပြီ ဖြစ်သည် ။


“ ကျွန်တော် က လာ လာ ကြိုတော့ မေးပါတယ် ၊ ကိုမိုးယံစိုး ဘယ်တော့လဲ ဆိုတော့ လိုပါသေးတယ် တဲ့ ၊ တစ်ခါ ဒေါ်ကေသီတာ ကို မေးတော့ လည်း ဆရာ ရယ် ဝေးပါသေးတယ်တဲ့ .. ဟော .. အခု ကြိတ်ကြံထားတာ ပေါ်ပြီ .. ”


ဆရာ ဦးခန့်မင်း စကား ကို company မှ လူ တော်တော်များများ နှင့် ဧည့်ပရိတ်သတ်တွေ က ရယ်ကြသည် ။ ကေသီတာ က တော့ ခေါင်းလေး ငုံ့ ၊ ရှက်ပြုံးကလေး ပြုံး နေသည် ။ ထိုအချိန်တွင် ဒေါ်ဇင်မာဝင်း ၊ ဒေါ်ဆွေဆွေဦး နှင့် သူတို့ ဘက် က ပရိတ်သတ် တီးတိုး တီးတိုး ဖြစ်နေကြတာ မည်သူမျှ သတိ မထားမိ ။ မိုးယံစိုး တို့ ဘက် က မိန်းကလေး တစ်ယောက် စားပြီး သွားသော မုန့်ပန်းကန် ကို ကိုယ်တိုင် သွား သိမ်းရင်း နောက်ဖေး ဘက် မှာ ပန်းကန်တွေ နှင့် အလုပ်ရှုပ် နေသော ရီလေး ကို မေးသည် ။


“ မမ .. မမ စိန်နားကပ် က အစစ် လား ဟင် ”


“ ဟုတ်ပါတယ် .. ဘာဖြစ်လို့လဲ  ”


“ လှလို့ပါ ၊ ကိုယ်ပိုင်လား ဟင် ၊ ဘယ်လို မှ မထင်နဲ့ နော် ၊ ကိုယ်ပိုင် ဆိုရင် ဘယ် က ဝယ်တာလဲ သိချင်လို့ပါ ”


“ တစ်လောကပဲ လာ ရောင်းလို့ မေမေကြီး ဝယ် ပေးတာ ”


“ သြော် .. ဆိုင် က မဟုတ်ဘူးပေါ့ ”


“ မဟုတ်ဘူး ရှင့် ”


“ သြော် .. သြော် ”


မိန်းကလေး သဘာဝ ကိုယ် ဝတ်ထားသော လက်ဝတ်ပစ္စည်း ကို အထင်တကြီး နှင့် လာမေးသည့် အတွက် ရီလေး ဝမ်းသာ နေ ရှာသည် ။ ရှေ့မှာ သယ်ရမှာတွေ ရှိ သဖြင့် ပြန် ထွက်ခဲ့သည် ။


“ ပိုပို့ ကို မေးနေစရာ မလိုဘူး ၊ ကြာဇံချက် စား တုန်း ကလည်း အဲဒီ ကောင်မလေး ကို တစ်အိမ်လုံး က ခိုင်း နေကြတာပဲ ၊ ငါ တောင် ခိုင်းခဲ့သေးတယ် ၊ မဟုတ်ပါဘူး ၊ ပေး ဝတ်မယ် ဆိုရင် လည်း ဝတ်ပါ ၊ ဒီနေ့ ကို တော့ ရှောင်သင့်တာပေါ့ ၊ ဒါ သက်သက် တို့ ကို ပညာ ပေးတာပဲ ”


ထိုအချိန် မှာ ပိုပို ရောက် လာသည် ။


“ ပိုပို .. မုန့် လိုက် ချနေတဲ့ ကောင်မလေး က ကေသီတာ နဲ့ ဘာ တော်သလဲ  ”


“ ဘာမှ မတော်ဘူး မဇင် ၊ စိန်နားကပ် ကိစ္စလား ”


“ မကေ က လည်း ကွာ ဘာတွေ လျှောက် လုပ်တာလဲ မသိဘူး ၊ သူ ဝတ်ရင် တော်သေးတယ် ၊ အိမ်ဖော် ကို များ ပေး ဝတ်ရတယ်လို့  ”


“ နင် တို့ ပစ္စည်း လောက်တော့ ငါတို့ က အိမ်ဖော် ဆင် တာ လောက်ပဲ ရှိတယ် ဆိုတဲ့ သဘောပဲ ၊ ဒါ တင်စီး တာ ပေါ့ ”


ထိုစဉ် ခုန ရီလေး ကို မေး နေသော ကောင်မလေး ပြန် ရောက် လာပြီး ပြောသည့် စကား ကို ခေါင်းချင်း ဆိုင် ၊ နားထောင် ကြသည် ။ ပြီးတော့ ထို ခေါင်းချင်းဆိုင် နေသော အုပ်စု သည် များသည် ထက် များ လာ နေသည် ။ ထိုသို့ ဖြစ်နေသည် ကို မေမေကြီး နှင့် အောင် ၊ မောင် တို့ က သတိ ထား မိကြသည် ။ ကေသီတာ နှင့် မိုးယံ တို့ က တော့ ဘေးချင်း ယှဉ်ပြီး ဘာတွေ ပြောနေကြမှန်း မသိ ၊ မိုးယံ က ကေသီတာ့ လက်ကလေး ကို ဆုပ်ကိုင် ၍ ထားသည် ။ ဆိုင် နေသော ဦးခေါင်းများ ကွဲ ပြီး ရှဲသွား ကြသည် ။ ဒေါ်ဇင်မာဝင်း နှင့် ဒေါ်ဆွေဆွေဦး တို့ ၏ မျက်နှာ ပေါ် မှာ ဒေါသတွေ ကို တွေ့ရသည် ။


“ ဟုတ်ကဲ့ .. ပရိသတ်ကြီး ခင်ဗျာ .. အခုလို မင်္ဂလာ ရှိတဲ့ မင်္ဂလာ အချိန်လေး မှာ မင်္ဂလာစကားလေး တွေ ပြောကြရအောင်ပါ ”


ရှေ့နေကြီး ဦးဝေမင်းဆန်း က သူ့ တိုက်ပုံ အင်္ကျီ ကို သပ်ရပ်အောင် ပြင်ရင်း ချောင်း ကို ဟန့် ၊ စကား ဆို လိုက်သဖြင့် စကား ပြော နေသူတွေ ၊ ရယ်နေသူ တွေ ၊ လွတ်လွတ်လပ်လပ် နေ နေကြသူတွေ အားလုံး တိတ်ဆိတ် သွားပြီး ရှေ့နေကြီး ကို လှမ်း ကြည့် လိုက်ကြသည် ။ ဒီတော့မှ ရီလေး လည်း ပွဲ အမှီ အပြေးအလွှား ဝင် ထိုင်ရ ရှာသည် ။


ထိုအချိန် မှာ ပင် ..


“ ရှေ့နေကြီး ရဲ့ မင်္ဂလာ စကား မတိုင်ခင် ကျွန်မ ကို ခဏ လောက် စကား ပြောခွင့် ပြုပါလား ရှင် ”


ထ ရပ်ပြီး ပြော လိုက်သော ဒေါ်ဇင်မာဝင်း ၏ စကား ကြောင့် အားလုံး အံ့သြ သွား ကြသည် ။ တစ်ချို့ က မိုးယံစိုး အကြောင်း ဂုဏ်တင်စရာ စကားများ ပြောလိမ့်မည် ထင်ကြသည် ။ ရှေ့နေကြီး က လည်း သတို့သား ဘက် က စကားပြောခွင့် တောင်းခြင်း ကို မငြင်းပါ ။


“ သြော် .. ဟုတ်ကဲ့ .. ပြောနိုင်ပါတယ် ခင်ဗျာ .. ပြောပါ ”


မိုးယံ နှင့် ကေသီတာ တို့ တစ်ယောက် နှင့် တစ်ယောက် ကြည့် ၍ ပြုံးလိုက်ကြသည် ။


“ ကျွန် မပြောချင်တာကတော့ မကေသီတာ ရဲ့ မိခင် ဒေါ်ထက်မေအောင် ကို ပါ ”


မေမေကြီး က ပြုံး ၍ ခေါင်း ကို ညိတ်ကာ ပြောခွင့် ပြုသည် ။


“ ကျွန်မ က ဒေါ်ထက်မေအောင် ကို လွန်ခဲ့တဲ့ တစ်လ လောက် က စိန်နားကပ် တစ်ရံ ကို ငွေသိန်း ၂၀ နဲ့ ရောင်းခဲ့ဖူးပါတယ် ။ ကျွန်မ ဒီလို ပြောရတာ ကို မရှက်ပါဘူး ၊ အသံတိတ် အစော်ကား ခံ နေရတာ ကို တော့ မခံနိုင်ဘူး ၊ ဒေါ်ထက်မေအောင် က ကျွန်မ ရောင်းခဲ့တဲ့ စိန်နားကပ် ကို သူ့ အိမ် က မုန့် လိုက် ချပေးတဲ့ အိမ်ဖော်မလေး ကို ပေး ဝတ်ထားတာ ဟာ ဘာ သဘောလဲ ဆိုတာ သိချင်ပါတယ် ”


ခါး ထောက်ရင်း မေး လိုက် သော ဒေါ်ဇင်မာဝင်း စကား ကြောင့် မိုးယံ ထိုင် နေရာ မှ ဝုန်းကနဲ ထ သည် ။ လူတွေ က ရီလေး ကို ဝိုင်း ကြည့်ကြသည် ။


“ မမကြီး .. ”


“ မဇင် .. ဘာတွေ လျှောက် ပြောနေတာလဲ .. ဘာတွေ ပြောနေတာလဲ ”


“ မင်း မသိရင် နားထောင် နေလိုက် မိုးယံ ၊ ငါတို့ က ပွင့်ပွင့်လင်းလင်း သမားတွေ ၊ ဗြောင် အနှိမ် ခံ နေရတာတော့ မခံနိုင်ဘူး ၊ ဖြေပါ ၊ ဒေါ်ထက်မေအောင် ”


◾နီကိုရဲ


📖 မွေးစားသမီး


#ကိုအောင်နိုင်ဦး


.