Monday, November 1, 2021

ထီးရိုး ကို မိုးကြိုးပစ်မည်


 ❝ ထီးရိုး ကို မိုးကြိုးပစ်မည် ❞


သို့ဖြင့် ၁၉၄၁ ၊ ဒီဇင်ဘာလ ၈ ရက်နေ့ သို့ ရောက်လာခဲ့လေသည် ။


ထိုနေ့တွင် ဗမာ တစ်ပြည်လုံး သည် ဂျပန် က အင်္ဂလိပ် အမေရိကန် တို့အား စစ်ကြေညာလိုက်ပြီ

 ဖြစ်ကြောင်း သိရလေသည် ။


ရေဒီယိုမှ သတင်းများကို လူတွေ စုရုံးနားထောင်ကြသည် ။ တစ်ဆင့်စကား တစ်ဆင့်ကြားကြသည် ။


သတင်းစာ အထူးထုတ်တွေ ထွက်လာသည် ။ ခါတိုင်း စာမျက်နှာ ၄၈ မျက်နှာ ထုတ်ပြီး ငါးပြား နှင့်

ရောင်းသော မြန်မာ့အလင်း သည် စာမျက်နှာလေးမျက်နှာ နှင့် အထူးထုတ်ပြီး ပေါက်ဈေးမှာ

တစ်မတ် ဖြစ်သွားလေသည် ။ သတင်းစာတွေ ကို လူတွေ ဝိုင်းအုံဖတ်ကြသည် ။ တစ်ယောက်က

ဖတ်ပြသည်ကို ဝိုင်းနားထောင်ကြသည် ။ တစ်ဆင့်စကား တစ်ဆင့်ကြားကြသည် ။


“ မနေ့က ဂျပန်က လိပ် ကန် တွေကို စစ်ကြေညာလိုက်ပြီ ” 


“ ဂျပန် က ပါလ်ဟားဘား ၊ မနီလာ နှင့် စင်ကာပူ ကို တစ်ပြိုင်နက် ဗုံးကြဲတိုက်ခိုက်ခြင်း ” 


“ ပါးလ်ဟားဘား မှာ အမေရိကန ်ဘက်မှ အကျအဆုံး များခြင်း ” 


“ မဟာမိတ်ဘက် မှ ဂျပန် တို့အား စစ်ကြေညာလိုက်ပြီ ” 


ဆင့်ကဲဆင့်ကဲ သတင်းတွေ ရောက်လာလေသည် ။


လူတွေမှာ လှုပ်လှုပ်ရွရွ ဖြစ်လာကြသည် ။ ဘာတွေဖြစ်မှာလဲဟု စိုးရိမ်ကြသည် ။


လက်ဖက်ရည်ဆိုင်မှာ စစ်သတင်းတွေ ပြောကြ၏ ။


“ ပါလ်ဟားဘား မှာ ဂျပန် က လေယာဉ်ပျံ တစ်ရာ ၊ ရေငုပ်သင်္ဘော အငယ်စား ငါးဆယ် နှင့် ဝင်တိုက်လိုက်တာ အမေရိကန် တွေ အတော် ထိသွားသတဲ့ ။ အမေရိကန် ရေတပ် က စစ်ဗိုလ် ၊ စစ်သား

တစ်ချီတည်းနဲ့ ၂၁၁၇ ယောက် ပွဲချင်းပြီး သွားရောဆိုပဲ ။ အမေရိကန် ရေတပ်ဘက် လေယာဉ်ပျံ

၈ဝ စင်း ၊ ကုန်းတပ်ဘက် လေယာဉ်ပျံ ၉၇ စင်း ပျက်စီးသွားတယ် ” 


ဘတ်စ်ကားပေါ်မှာလည်း စစ်သတင်း ကိုပင် ပြောကြသည် ။


“ အင်္ဂလိပ်က ပရင့်စ်အော့်ဖ်ဝေးလ် နှင့် ရီပါ့လ်စ် ခေါ်တဲ့ စစ်သင်္ဘောကြီးတွေကို ပစိဖိတ်

သမုဒ္ဒရာဘက် လွှတ်လိုက်ပြီဆိုပဲ ” 


ဈေးထဲမှာလည်း စစ်အကြောင်းကိုပင် ပြောကြသည် ။


“ ဈေးတွေက တက်လှချည့်လား ” 


“ စစ်ဖြစ်လာပြီကိုး ။ ကုန်တွေရောက်တော့မှာမှ မဟုတ်ဘဲ ၊ တက်တာပေါ့ ” 


စက်ရုံတွေ ၊ အလုပ်ရုံတွေ ၊ ကျောင်းတွေမှာလည်း စစ်အကြောင်းကိုပင် ပြောကြလေသည် ။


“ တို့ ဗမာပြည် နဲ့ ဂျပန် နဲ့ ဘာဆိုင်လို့ စစ်ကြေညာရမှာလဲ ” 


“ ဟ တို့က အင်္ဂလိပ် လက်အောက်ခံ ဆိုတော့ အင်္ဂလိပ် ရဲ့ ရန်သူဟာ တို့ ရန်သူ ဖြစ်သွားတာပေါ့ ။

ဒါ့ကြောင့် ဘုရင်ခံက စစ်ကြေညာတာပေါ့ ” 


လူအများ သည် အင်္ဂလိပ် ကို ပို၍ မုန်းလာကြသည် ။ အင်္ဂလိပ် ၏ မဟာမိတ် ဖြစ်သော အမေရိကန်

ပျက်စီးဆုံးရှုံးသည်ကိုလည်း ကျေနပ်ကြသည် ။ အင်္ဂလိပ် နှင့် အမေရိကန် တွေ လူစွာ လုပ်ခဲ့သမျှ

ဂျပန် နှင့် တွေ့တော့မှ ထိတော့သည်ဟု ပြောကြသည် ။ အင်္ဂလိပ် အား နှိမ်နိုင်သူ ဂျပန် ကို

ကောင်းချီးဩဘာ ပေးကြလေသည် ။


ထို့ထက် ဆိုးသည်မှာ ဂျပန် လုပ်သမျှ အကောင်း ထင်ပြီး အင်္ဂလိပ် လုပ်သမျှ ပြောသမျှ မကောင်း

 ချည်း ထင်သည် ။ အင်္ဂလိပ် တို့က စစ်ဖြစ်လာပြီ ဖြစ်၍ လေကြောင်းကာကွယ်ရေး မှာ အထူး

အရေးကြီးလာပြီ ဟု ဆိုသောအခါ အရေးမကြီး ဟု လူအများက ထင်မြင်ကြသည် ။ လေကြောင်း

ကာကွယ်ရေး သတိပေးချက်များကိုများသောအားဖြင့် ဂရုမစိုက်ကြချေ ။ စိတ်ဝင်စားခြင်း

မရှိကြချေ ။


နိုင်ငံခြားကုန်ပစ္စည်းတွေ ချက်ချင်း ရှားသွားလေသည် ။ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ကြသည် ။ ရန်ကုန်သူ ၊ ရန်ကုန်သားများ အနေနှင့် ကုန်ပစ္စည်း ရှားခြင်းကြောင့် ကု -လားများကို ပို၍

မုန်းတီးလာကြလေသည် ။ ဈေးဆိုင်များမှာ များသောအားဖြင့် ကု -လားများသာ ဖြစ်ကြသည် ။

ဈေးမြှင့်ရောင်းသော ကု -လားများကို မမုန်းဘဲ နေတော့မည်လော ၊ ကုန်ပစ္စည်းများကို သိုလှောင်ကာ

မှောင်ခိုဈေးလုပ်သော သူတို့၏ ခေါင်းဆောင်များမှာ မဂိုလမ်း မှ ဘာဘူကြီးများ နှင့် အရာကြီးများ

ဖြစ်လေသည် ။ ထိုဟာကို လူအများ သိသည် ။ ကု -လားကို လူအများ မမုန်းတီးဘဲ နေမည်လော ။


ကျွန်တော် သည် မမြမှီ ထံသို့ မသွား ။ အနီးကပ်မိလျှင် လင်အမြှောင်ဘဝ က ရုန်းထွက်နိုင်မည်

မဟုတ်ဟု သိသဖြင့် ရှောင်နေလေသည် ။ သို့သော် မမြမှီ အကြောင်းကိုကား စုံစမ်းကြည့်၏ ။

တစေ့တစောင်း ချောင်းကြည့်၏ ။ မမြမှီ မဂိုလမ်း အလုပ်တိုက်တွင် အခြေမပျက် လုပ်ကိုင်နေသည်ကို တွေ့ရ၏ ။ ထူးခြားချက်မှာ ယခင်က တစ်ခါတစ်ရံ မမြမှီ ထံမှာ တွေ့ရသော ဘာဘူကု -လားကြီး

သည် ယခုအခါ မမြမှီ ၏ အလုပ်တိုက်မှာ အမြဲလိုလို တွေ့နိုင်သည်ဟု ကြားသိရခြင်း ဖြစ်လေသည် ။ တစ်ခါသော် မမြမှီ နှင့် ဘာဘူကု -လားကြီး တို့သည် ကားအတူ စီးသွားသည်ကို ကျွန်တော်

ကိုယ်တိုင် မြင်လိုက်ရလေသည် ။


မမြမှီ ကား ဘာဘူကု -လားကြီး နှင့် တွဲပြီး စီးပွားရေး လုပ်နေဟန် တူသည် ။ မှောင်ခိုဈေး လုပ်နေဟန်

တူသည် ။


ဘာဘူကု -လားကြီး သည် မမြမှီ နှင့် စီးပွားရေး အရသာ ပေါင်းရုံမက လူပါ ပေါင်းရအောင် မကြံဘဲ

နေပါမည်လောဟု ကျွန်တော် စိုးရိမ်လာလေသည် ။


တရားဝင် လင်မယား အဖြစ် ကျွန်တော် နှင့် အထင်အရှား နေရန် ကျွန်တော် ဇွတ်ပြောစဉ်က

“ မောင်လေးမသိတဲ့ ကိစ္စတွေ လောကမှာ အများကြီးရှိသေးတယ် ”  ဆိုပြီး ငြင်းခဲ့ရာ ဤကိစ္စမျိုးကား လောကမှာ ကျွန်တော် မသိသေးသော ကိစ္စမျိုး ဖြစ်နေလေမည်လောဟု တွေးတောမိလေသည် ။


ထိုအချိန်သည် ကောလာဟလ အများဆုံးသော အချိန်လည်း ဖြစ်ပေ၏ ။ ကောလာဟလ ဟူသမျှ

မှာလည်း ဂျပန် အတွက် ကောင်းပြီး အင်္ဂလိပ် အတွက် မကောင်းသည်သာ များလေသည် ။

ဂျပန်ရေငုပ်သင်္ဘောကြီး တွေ ရန်ကုန်မြစ်ဝရောက်နေပြီဟု တီးတိုးပြောသူတွေ အများအပြား ။

စင်ကာပူခံတပ်ကြီး ကျပြီဟု တီးတိုးပြောသူတွေကလည်း မနည်းလှ ။


တဘောင်စနည်း ဖတ်သူတွေကလည်း နေရာတကာမှာရှိသည် ။


ဝတစ်လုံး နှစ်လုံး ပေါ်ခဲ့သည် ။ နှစ်လုံး ဖြစ်ပြန်တော့ လေးလုံး ပေါ်ခဲ့သည် ။


အင်း ကို ဟင်္သာ ဆင်းမည် ။ ဆင်း ရင် လေး နှင့် ခွင်းမည် ။ ထို မုဆိုး ကို ထီးရိုး ရိုက်မည် ။ ထီးရိုး ကို

မိုးကြိုး ပစ်မည် တဲ့ စသော သီချင်းစာသားများကို အဓိပ္ပာယ်အမျိုးမျိုး ကောက်ပြီး နိမိတ်ဖတ်သူတွေကို ပညာရှိတွေဟု အများက ထင်မှတ်ကြလေသည် ။ ကိုးကွယ်ဆည်းကပ်ကြလေသည် ။

ဂျပန် ရေဒီယို မှာလည်း -


“ အင်္ဂလိပ် နယ်ချဲ့သမားတွေ ကို အမြန် မောင်းထုတ်ပါတော့လား ” 


ဟူသော သခင်ထွန်းအုပ် ၏ ပတ်ကြမ်းတိုက်သံ ကို ကြားကြရသည် ။


“ နောက် မကြာခင်ဆိုရင် ကျွန်မ တို့ ဂျပန်ပြည် မှာ နီရဲလှပတဲ့ ချယ်ရီပန်း တွေက ဖူးနေပါတော့မယ် ။ ဗမာပြည် က အဆွေတော် များကိုလည်း ယခုလို သာယာလှသော ရှုမျှော်ခင်းကို

မြင်စေချင်စမ်း ပါဘိတော့တယ် ”  စသော မြန်မာ ဂျပန်မကြီး ၏ အသံ ကိုလည်း နားဝင်ပီယံ

ဖြစ်နေကြလေသည် ။


ကျွန်တော် တို့ မြန်မာ အများသည် ချယ်ရီပန်း ကို မြင်ဖူးကြသည် မဟုတ် ။ သို့သော် ဂျပန် ရေဒီယိုမှ

အပြော နှင့် ချယ်ရီပန်း ကို လွမ်းနေကြလေပြီ ။


ဂျပန်ရေဒီယို သည် ချယ်ရီပန်းရနံ့  နှင့် အတူ အရှေ့တောင်အာရှ သာတူညီမျှ ကောင်းစားရေးဝါဒကို

လည်းကောင်း ၊ ဂျပန် အကူအညီနှင့် ဗမာ့လွတ်လပ်ရေး တိုက်ယူရေးဝါဒ ကို လည်းကောင်း

ဖြန့်လွှတ်လျက် ရှိလေသည် ။ ကျွန်တော် တို့ မြန်မာအများသည် ဂျပန်ရေဒီယို အပြောနှင့်

အရှေ့တောင်အာရှ သာတူညီမျှ ကောင်းစားရေးစနစ် ၊ ဗမာ့လွတ်လပ်ရေး ခေတ်သစ်တို့ကို

မျှော်မှန်းတမ်းတနေကြလေပြီ ။


ချယ်ရီပန်း ၊ အရှေ့တောင်အာရှ သာတူညီမျှ ကောင်းစားရေးနှင့် ဗမာ့လွတ်လပ်ရေးတို့ နောက်မှ

ဂျပန် အင်ပိုင်ယာ ဘုရင်မင်းမြတ်၏ ကြည်း ၊ ရေ ၊ လေ စစ်တပ်များ သည် အောင်မြင်စွာ ချီတက်နေကြလေသည် ။ တက်နေဝန်းအလံ ကို တစ်နေရာပြီး တစ်နေရာမှာ လွှင့်ထူနိုင်ခဲ့ပေသည် ။

တစ်ဖက်တွင် ဗြိတိသျှ တို့သည်ကား ဓားကြိမ်းကြိမ်းလျက် ရှိ၏ ။


စစ်ပြီးလျှင် ဗမာပြည် အား အုပ်ချုပ်ရေး တိုးတက်ပေးပါရန် နန်းရင်းဝန် ချာချီ နှင့် အတွင်းဝန်

အေမာရီ တို့ထံ အယူခံသွားသော ဂဠုန်ဦးစော အား ဗြိတိသျှအာဏာပိုင် တို့သည် ဂျပန် နှင့်

ဆက်သွယ်သည် ဟု ဆိုကာ ဖမ်းဆီးလိုက်လေသည် ။


ဦးစော နှင့် နီးစပ်သူ မှန်သမျှ ဗြိတိသျှ ဆုံးရှုံးမှုတွင် ကျေနပ်အားရပြီး တက်နေဝန်းအလံ တလူလူ

လွင့်လာသည်ကို ခရီးဦးကြိုဆိုရန် အဆင်သင့် ဖြစ်နေကြလေသည် ။


စစ်ကြီးအပြီးတွင် ဗမာပြည် အား ဒိုမီနီယံ အဆင့် လွပ်လပ်ရေး ကို ပေးပြီး မဟာမိတ် စစ်အားထုတ်မှုတွင် ဗမာပြည် ၏ အကူအညီကို ရယူရန် အကြံပေး ရေးသားကြသော သတင်းစာများကို

ဘုရင်ခံ ဆာဒေါ်မန်စမစ် နှင့် နန်းရင်းဝန် ဆာ ပေါ်ထွန်း တို့၏ အစိုးရ သည် ဖိနှိပ်ချုပ်ချယ်ခြင်း

အမျိုးမျိုး လုပ်ကြ၏ ။


ဒိုမီနီယံ လွတ်လပ်ရေးသမား တို့သည် ဗြိတိသျှဓနသဟာယ တွင် မျှော်လင့်ချက် မထားတော့ဘဲ

အရှေ့တောင်အာရှ သာတူညီမျှ ကောင်းစားရေးစနစ်တွင်သာ မျှော်လင့်ချက် ထားကြလေတော့သည် ။


လုံးဝလွတ်လပ်ရေးကို တောင်းဆို၍ တိုက်ပွဲအမျိုးမျိုး ဆင်နွှဲနေသော တို့ဗမာအစည်းအရုံး ကို

မတရားသင်း ကြေညာလိုက်လေသည် ။


ထိုအချိန်အထိ အဖမ်း မခံရသေးသော သခင်ကိုယ်တော်မှိုင်း ၊ သခင်မြ ၊ သခင်တင်မောင်ကြီး စသော

ခေါင်းဆောင်များပင် မလုံခြုံတော့ပေ ။ သူတို့သည် ပုန်းလျှိုး တိမ်းရှောင်ကြရလေတော့သည် ။


လုံးဝလွတ်လပ်ရေး ကို ကြွေးကြော်နေကြသည့် များစွာသော တို့ဗမာသခင် တို့သည် ဂျပန် နှင့်

ပေါင်း၍ အင်္ဂလိပ် အား အပြုတ်တိုက်ရေး ကိုသာ လုံးဝလွတ်လပ်ရေး ၏ တစ်ခုတည်းသော လမ်းစဉ်

အဖြစ်ဖြင့် ယုံကြည်နေကြလေတော့သည် ။ “ အရှေ့က နေဝန်းထွက်သည့်ပမာ ၊ တို့ခေတ်ကိုသာ

ရောက်ရမည်မှာ မလွဲပါ ”   ဟူသော တို့ဗမာသီချင်း ၏ စာသားကို အဓိပ္ပာယ် တစ်မျိုး ကောက်လာကြလေသည် ။ တက်နေဝန်းအလံ ထူလာသော ဂျပန် အတွက် အတိတ်နိမိတ် ရှေ့ပြေး သီချင်းစာသား

ဖြစ်သည်ဟု ထင်မှတ်လာကြလေသည် ။


“ ဟောင်ကောင် ဂျပန့်လက်သို့ ကျပြီတဲ့ ” 


“ စင်ကာပူ အင်္ဂလိပ်ရေတပ်စခန်းကြီး ကို ဂျပန်ရေတပ် က ဝိုင်းထားပြီတဲ့ ” 


“ မာလာယု ကို ဂျပန်ကြည်းတပ်မတော်ကြီး က ဝင်ရောက် တိုက်ခိုက်နေပြီတဲ့ ” 


ဗမာအများ ကျေနပ်အားရကြသည် ။


မြန်မာပြည် အသံလွှင့်ဌာနနှင့် အခြား ဗြိတိသျှအာဏာပိုင်တို့၏ အသံလွှင့်ဌာနများမှ -


“ မဟာမိတ်တပ်များ သည် အောင်မြင်စွာ ဆုတ်ခွာခဲ့ကြလေသည် ”  ဟူသော ကြေညာချက်ကို မကြာခဏ ကြားကြရလေသည် ။ ဗမာအများသည် အင်္ဂလိပ် တို့အား အောင်မြင်စွာ ဆုတ်ခွာခြင်းအတွက်

သရော် လှောင်ပြောင်ကြလေသည် ။


တစ်မနက် မိုးမလင်းတလင်း အချိန်ကလေးတွင် ကျွန်တော် သည် ကျွန်တော့် အခန်းမှာ အိပ်ပျော်နေစဉ် တံခါး ခေါက်သံကြောင့် လန့်နိုးလေသည် ။ တို့ဗမာအစည်းအရုံး ကို မတရားသင်း

ကြေညာပြီး သခင်များ ကို လိုက်ဖမ်းနေသဖြင့် ကျွန်တော့် အား ဖမ်းရန်လာသော ပုလိပ်များ ဖြစ်နေလေသလောဟု တွေးတောမိကာ စောင်ခေါင်းမြီးခြုံပြီး ဖွင့်ပေးရ ကောင်းမည်လော ၊ မဖွင့်ဘဲနေရ

ကောင်းမည်လော ချီတုံချတုံဖြစ်နေစဉ် ဗေဒကဝိန် ဆရာဦးတက်ရှိန် က ကပျာကယာ ထ၍ ဖွင့်ပေးလေသည် ။


တံခါးခေါက်သူ -


“ သခင်တင်ထွန်း ရှိပါသလားဗျာ ” 


ဗေဒကဝိန် -


“ ရှိပါတယ် ” 


ကျွန်တော်ကား ခေါင်းမြီးခြုံပြီး ချီတုံချတုံ မနေသာပြီ ။ စောင်ဖွင့်ပြီး ကြည့်လိုက်၏ ။ အထဲသို့

ဝင်လာသူမှာ သခင်တင်မောင်ကြီး ဖြစ်နေသဖြင့် ကျွန်တော့်မှာ အံ့ဩခြင်းဖြင့် -


“ ဟာ သခင်တင်မောင်ကြီး ပါလား ” 


“ ထစမ်းပါဦး ကိုယ့်လူရာ ” 


သခင်တင်မောင်ကြီး ၏ အသံကား အေးစက်စက်ပင် ဖြစ်၏ ။ အမူအရာမှာလည်း အေးစက်စက်ပင်

ဖြစ်သည် ။ လာပုံလာချိန် ထူးခြားခြင်း နှင့် မဆီလျော်သော အမူအရာများ ပေတည်း ။ ကျွန်တော်က

ကပျာကယာ ထထိုင်လိုက်စဉ် ဗေဒကဝိန် ဆရာဦးတက်ရှိန် သည် ကျွန်တော်တို့ နှစ်ယောက်အား

ခွင့်လွတ်ညှာတာသောအပြုံးဖြင့် ကြည့်ကာ -


“ ကျုပ်က ကျုပ် ဧည့်သည်များလားလို့ဗျာ ၊ ယတြာလုပ်ချိန် ကျလို့ စောင့်နေတာ ” 


သည်တော့မှ ဘုရားစင်ဘက်သို့ ကြည့်လိုက်မိသည် ။ ကန်တော့ပွဲများ အဆင်သင့်ရှိနေသည် ။

အမွှေးတိုင်များ အနံ့တသင်းသင်းနှင့် အခိုးတလူလူ လွင့်နေကြသည် ။ ဖယောင်းတိုင်များလည်း

တောက်ပနေကြသည် ။ ဦးတက်ရှိန် သည် ကန်တော့်ပွဲဆီသို့ သွား၏ ။ သခင်တင်မောင်ကြီး သည်

ကျွန်တော့် အိပ်ရာပေါ် လာထိုင်၏ ။ သူ့ ဗိုလ်ကေမှာ နဂိုကမှ ရှည်လှသည့်အထဲ ပြန့်ကျဲပွထ

နေသဖြင့် အကြည့်ရ ဆိုးနေသည် ။ မုတ်ဆိတ် မရိပ်ဘဲ ထားသည်မှာလည်း ရက်အနည်းငယ်

ကြာနေပြီ ထင်၏ ။ ဟောင်းနွမ်းနေသော ဘလေဇာအပြာ ကို ဝတ်ထားသည် ။ ရင်ဘတ်နေရာမှာ

သံကြယ်သီးအောက်ခံများ တွေ့မြင်ရသေးသဖြင့် တစ်ခါတုန်းက ထိုနေရာမှာ တက္ကသိုလ်

ဘုတ်ကလပ်တံဆိပ် ရှိခဲ့သည်ဟု ကျွန်တော် တွေးကြည့်နေလေသည် ။


“ အခန်းမှားပြီး တံခါး မခေါက်မိအောင် အတော် ဂရုစိုက်ရတယ် ” 


“ ခင်ဗျားက အစောကြီး လာတာကိုးဗျ ” 


“ သိပ်တော့ မစောတော့ပါဘူး ၊ အပြင်ထွက် ကြည့်ပါဦး ။ ဒါပေမဲ့ ကိုယ်က ဒီအခန်း တစ်ခါမှ

ရောက်ဖူးတာမှ မဟုတ်ဘဲ ၊ ကိုယ့်လူကိုသာ မေးထားဖူးတာပဲ ” 


သူသည် အကြောင်းထူးလို့သာ ဤသို့သော အချိန်ကြီးတွင် လာသည်ဟု တွက်ထားပြီး ဖြစ်၏ ။


“ ဘယ်က လာတာလဲ ၊ ခင်ဗျား ဌာနချုပ် မှာ မနေတော့ဘူး မဟုတ်လား ” 


“ နေလို့ ဘယ်ဖြစ်မှာလဲ ၊ ဖမ်းသွားမှာပေါ့ ” 


ကျွန်တော် သည် ဦးတက်ရှိန် ဘက်သို့ အကဲခတ်လိုက်သည် ။ သူကား ကန်တော့ပွဲရှေ့မှာ ဒူးတုပ်

ထိုင်လျက် ဒိဗ္ဗစက္ခု မျက်လွှာချနေလေသည် ။ ဗေဒကဝိန် သည် ကျွန်တော်တို့အား ဂရုမစိုက် ၊

သူ့ ဖောက်သည်များ အတွက်သာ အာရုံစူးစိုက်နေဟန် တူသည် ။ သို့ရာတွင် ကျွန်တော်သည်

အသံကို အုပ်ပြီး သခင်တင်မောင်ကြီး အား မေးလိုက်သည် ။


“ ဘယ့်နှယ်လဲ ၊ ခင်ဗျား ပုန်းလျှိုးနေရတယ် မဟုတ်လား ” 


“ အေး ဟုတ်တယ် ၊ ခု ပုန်းနေတဲ့နေရာက သိပ်မလုံလို့ ကိုယ့်လူမှာ လုံတဲ့နေရာများ ရှိရင်

ပို့ပေးစမ်းပါလို့ ပြောမယ်လို့ ခုလာတာပဲ ” 


“ အင်္ဂလိပ်က သခင်တင်မောင်ကြီး လို လူကို ဘာလို့ ဖမ်းချင်ရတာလဲဗျ ” 


သခင်တင်မောင်ကြီး သည် မချိပြုံး ပြုံးလိုက်သည် ။


“ ဘာဖြစ်လို့ မဖမ်းချင်ရမှာလဲ ၊ ပြောစမ်းပါဦး ” 


“ သခင်တင်မောင်ကြီး ဟာ မဟာမိတ်တွေ နဲ့ပေါင်းပြီး ဖက်ဆစ်တွေကို ခုခံတိုက်ခိုက်ရမယ်လို့

ယုံကြည်တဲ့ လူ ၊ ပြောဟောတဲ့ လူပဲဗျ ၊ ဟုတ်တယ် မဟုတ်လား ။ ခင်ဗျားဟာ ဒီယုံကြည်ချက်

မပြောင်းဘူး မဟုတ်လား ” 


“ အေး ခုထိ အခိုင်အမာ ယုံတုန်းပဲ ” 


“ တို့ဗမာအစည်းအရုံး ကို မတရားသင်း ကြေညာ ၊ သခင်တွေ ဟူသမျှ တွေ့တိုင်း ဖမ်း ။ ဒါလည်း

ယုံတုန်းပဲလား ” 


သူ့ မျက်နှာသည် ဝင်းပလာသည် ။


“ အေး ယုံတုန်းပဲ ကိုယ့်ယုံကြည်ချက်က အင်္ဂလိပ် တစ်မျက်နှာတည်း ကြည့်ပြီး ဖြစ်လာတဲ့

ယုံကြည်ချက်မှ မဟုတ်ဘဲ ။ ကမ္ဘာအရပ်ရပ် အခြေအနေ ၊ ဖက်ဆစ်နယ်ချဲ့သမားတွေရဲ့ အခြေအနေ ၊

တို့ဗမာအခြေအနေ ၊ အင်္ဂလိပ်အမေရိကန်တို့ရဲ့ အခြေအနေ ၊ ရုရှားတရုတ်တို့ရဲ့ အခြေအနေ

အားလုံး တွက်ချက်ပြီးမှ ဖြစ်ပေါ်လာတဲ့ ယုံကြည်ချက်ပဲကွ ။ ဒီတော့ အင်္ဂလိပ် က တို့ဗမာအစည်းအရုံး မတရားသင်း ကြေညာတာ ၊ တို့ကို လိုက်ဖမ်းတာဆိုတဲ့ အကြောင်းကလေး တစ်ခု

နှစ်ခုနဲ့တော့ ကိုယ့် ယုံကြည်ချက်ဟာ ဘယ်မှာ ပြောင်းလိမ့်မှာလဲကွာ ” 


ကျွန်တော်သည် များစွာသော ကိစ္စတို့မှာကဲ့သို့ပင် သခင်တင်မောင်ကြီး ၏ အယူအဆကို

လက်မခံနိုင် ။ သို့သော် သူ့အကြောင်းပြချက်များတွင် စိတ်မဝင်စားဘဲ မနေနိုင် ။ သူ၏ယုံကြည်မှု

ရိုးသားခြင်းအတွက် မလေးစားဘဲ မနေနိုင် ။


“ ခင်ဗျားလို ယုံကြည်ချက်မျိုး ရှိတဲ့ လူ ဗမာပြည်မှာ ရှိရဲ့လား ” 


“ ရှိတာပေါ့ ” 


“ ခင်ဗျားလောက် ခိုင်မာရဲ့လား ” 


“ ပို ပိုမသာပေါ့ ကိုယ့်လူရာ ” 

 

“ ဘယ်သူတွေလဲဗျ ၊ ပြောစမ်းပါဦး ” 


“ ခု ထောင်ထဲရောက်နေတဲ့ သခင်စိုး တို့ ၊ သခင်ကျော်စိန် တို့လည်း ဒီ ယုံကြည်ချက်မျိုး ရှိတာပဲ ” 


“ ဪ ဟုတ်လား ။ သခင်ကျော်စိန် ကိုတော့ သိရုံသာ သိတယ် ၊ မကျွမ်းဘူး ။ သခင်စိုး ကိုတော့

 အကျွမ်းတဝင် သိတယ် ။ သူ့ စာအုပ်တွေ ဖတ်ပြီး ဆိုရှယ်လစ်ဝါဒ ၊ ကွန်မြူနစ်ဝါဒ နားလည်ရ

တာပဲ ။ သူ့ သင်တန်းလည်း တက်ဖူးတယ် ။ သခင်ကျော်စိန် ရဲ့ သင်တန်းလည်း တက်ဖူးပါရဲ့ ၊

ဒါပေမဲ့ နောက်ဆုံး ဘယ်လို ယုံကြည်ချက်တွေ ရှိနေတယ် ဆိုတာတော့ ခင်ဗျား ပြောမှ သိရတာပါပဲ ။ နို့ နေစမ်းပါဦးဗျာ ၊ ခင်ဗျား တို့ဟာ ခုကိစ္စမှာ ခုလို ယုံကြည်နေတယ်ဆိုတာ အင်္ဂလိပ်တွေ

မသိဘူးလား ” 


“ သိတာပေါ့ ၊ မကြာသေးခင်ကပဲ သခင်ကျော်စိန် တို့ လူစုက ထောင်ထဲကနေပြီး ဘုရင်ခံ

ဆာဒေါ်မန်စမစ် ဆီ စာရေးတယ် ။ ကိုယ်တို့ကလည်း ဘုရင်ခံ ဆီ စာရေးတာပဲ ။ တို့တစ်တွေဟာ

ဖက်ဆစ်တွေ ကိုသာ အဓိက ရန်သူအဖြစ်ဖြင့် သဘောထားတဲ့ အကြောင်း ၊ မဟာမိတ်တွေ နဲ့

ပေါင်းပြီး ဂျပန် ကို ခုခံတိုက်ခိုက်လိုကြောင်း ၊ တို့နဲ့ ပူးပေါင်းဆောင်ရွက်စေလိုကြောင်း ၊ ဖမ်းထားတဲ့ တို့ရဲဘော်တွေ လွှတ်ပေးဖို့ လိုတဲ့အကြောင်း ၊ တို့သဘောတရား အကြောင်းပြချက်တွေကို

တော်တော်စုံစုံ ရေးပြီးပို့တာပဲ ” 


“ ဘုရင်ခံက ဘယ်လို အကြောင်းပြန်သလဲ ၊ သခင်ကျော်စိန် တို့ လူစုကို လွှတ် မပေးဘူးလား ” 


“ လွှတ်မပေးနိုင်ဘူးတဲ့ ။ တို့က ဘာပြောပြော သခင်အောင်ဆန်း တို့ ၊ သခင်လှဖေ တို့ ၊ လှမောင် တို့ ၊

ထွန်းရှိန် တို့ ဒီလူစုတွေ ဂျပန် ရောက်နေပြီ ဆိုတာ ဘုရင်ခံ က သေချာပေါက် ပြောတယ် ။ ဒါကြောင့်

တို့ကိုလည်း မယုံနိုင်ဘူးလို့ ဆိုတဲ့ သဘောပေါ့လေကွာ ။ ဂျပန် ရောက်သူကလည်း ရောက်နေလေတော့ အင်္ဂလိပ်ဘက်က တို့သခင်တွေ ကို မယုံနိုင်ဘူး ဆိုတာလည်း သဘာဝကျတာပဲကွ ” 


“ ခင်ဗျားတို့ မဟာမိတ် က မစွံပါဘူးဗျာ ။ ကိုယ့်လူ ကို လိုက်ဖမ်းလို ဖမ်း ၊ ကိုယ့်လူမှန်း သိလျက်နဲ့လည်း ထောင်ထဲက မလွှတ် ။ ကျွန်တော်တော့ ခင်ဗျားတို့ အင်္ဂလိပ် ကို ဘယ်နည်းနဲ့မှ မဟာမိတ်

သဘော မထားနိုင်ဘူးဗျာ ” 


“ အေးကွာ ဒီကိစ္စမှာတော့ သခင်တင်ထွန်း နဲ့ ကိုယ်တို့ဟာ သဘောကွဲလွဲဖို့ သဘောတူလိုက်ကြစို့ရဲ့ ” 


သူ နှင့် ကျွန်တော် တို့သည် အိပ်ရာပေါ်မှာ မျက်နှာချင်းဆိုင် ဆောင့်ကြောင့်ထိုင်ပြီး အတန်ကြာ

ငေးမှိုင်နေကြလေသည် ။ ဓာတ်ရထား နှင့် ဘတ်စ်ကား ပြေးလွှားသံများ ဆူညံလာလေပြီ ။

ဓာတ်ရထား ခုတ်မောင်းသွားခြင်းကြောင့် ကျွန်တော်တို့ တိုက်ခန်းမှာ တုန်ခါသွားလေသည် ။ သခင်

တင်မောင်ကြီး က သက်ပြင်း ချလိုက်ပြီး နောက် -


“ ကိုင်း - သခင်တင်ထွန်း ၊ လုံခြုံတဲ့ တစ်နေရာရာကိုများ ငါ့ ကို ပို့ပေးနိုင်မှာလား ” 


“ ပုန်းနေပြီး ခင်ဗျား ဘာလုပ်မှာတုံး ” 


“ ပုန်းနေရုံပေါ့ကွ ။ မပုန်းရင် အဖမ်း ခံရမယ် ၊ အဖမ်း ခံရရင် ထောင်ထဲမှာ ဘာလုပ်မှာတုံး ” 


“ နို့ ပုန်းနေတော့ကော ဘာလုပ်မှာတုံး ” 


“ ပုန်းနေရုံပဲ ၊ ကိုယ်တော့ ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး ။ မဟာမိတ်နဲ့လည်း ပူးပေါင်းနိုင်မှာ

မဟုတ်ဘူး ။ ကိုယ့် ယုံကြည်ချက် အတိုင်း ကိုယ့်ဘာသာ လုပ်ရအောင်ကလည်း ထောင့်အပြင်မှာ

ကိုယ်တစ်ယောက်တည်း လိုလို ဖြစ်နေတယ် ” 


လှေကားမှ တက်လာသော ရှူးဖိနပ်နှင့် ခြေသံကို ကြားရလေသည် ။ သခင်တင်မောင်ကြီး အား

လုံခြုံရာ ပို့ထားမှ ဖြစ်တော့မည် ။ ထိုခဏ၌ လျှပ်စီး လက်သလို ကျွန်တော့် စိတ်ထဲမှာ ကမာရွတ်

မိတ်ဆွေများ၏ မျက်နှာများသည် ဝင်းခနဲ ပေါ်လာလေ၏ ။ ကျွန်တော်က ထိုင်ရာမှထရင်း -


“ ကဲ ထ သွားမယ် ” 


သခင်တင်မောင်ကြီး သည်လည်း ထလိုက်သည် ။


“ ကိုယ့်ကို ပို့ပေးမယ်လို့လား ” 


“ ဟုတ်တယ် ” 


ထိုအတွင်း သက္ကလတ်လုံချည် ၊ ဆွယ်တာ ၊ သက္ကလတ်အပေါ်အင်္ကျီတို့ကို ဝတ်ဆင်လျက် မာဖလာ

ခေါင်းမှာ စည်းထားသော လူကြီး တစ်ယောက် ရောက်လာလေသည် ။ ဗေဒကဝိန် ဦးတက်ရှိန် ၏

ဖောက်သည်ကြီး ဖြစ်၏ ။ ကျွန်တော် သည် သူ့ အား မြင်ဖူးသလိုလို ရှိ၏ ။ သူက ကျွန်တော့်အား

ပြုံးပြသည် ။ သို့သော် နှုတ်ဆက်စကား မပြောရမီပင် ဦးတက်ရှိန် က ကန်တော့ပွဲဆီသို့ သူ့အား

လှမ်းခေါ်လိုက်လေသည် ။


ကျွန်တော်တို့ သည် အခန်းမှ ဆင်းလာစဉ်တွင်မှ ထိုသူကား အခြားမဟုတ် ၊ တစ်ခါတုန်းက ရာထူး

တိုးရန် ဗေဒကဝိန် က ယတြာပြုပေးဖူးသော အတွင်းဝန်ကလေး တစ်ဦး ဖြစ်ကြောင်း သတိရလေတော့သည် ။


စစ်ကြီးသည် ကျွန်တော်တို့ ဘက်သို့ ကူးစက်ပြန့်ပွားလာပြီ ဖြစ်သော်လည်း ကမာရွတ် မှာ

အပြောင်းအလဲများ မတွေ့ရ ။


ကိုဘကျူး သည် ဆံပင်ညှပ်ဆိုင် ကို ဖွင့်မြဲ ဖွင့်ထားလေသည် ။ ကျွန်တော် နှင့် သခင်တင်မောင်ကြီး

တို့ ဘတ်စ်ကားမှ ဆင်းလာကြသောအခါ ကိုဘကျူး သည် ဆံပင်ညှပ်ဆိုင်တံခါး ကို ဖွင့်ပြီး

တံမြက်စည်း လှည်းနေသည်ကို တွေ့ရလေသည် ။


ကျွန်တော် က သူ့ ဆိုင်ရှေ့မှ ဖြတ်လျှောက်ရင်းပင် -


“ သခင်ဘကျူး နေလို့ထိုင်လို့ ကောင်းရဲ့လား ” 


ကိုဘကျူး သည် အံ့ဩစွာ နှင့် ကျွန်တော့် ဆီ သို့ လှမ်းကြည့်လိုက်ပြီး -


“ ဟာ သခင်တင်ထွန်း ပါကလား ၊ လာလေ ဝင်ပါဦး ” 


သူသည် တံမြက်စည်းကို ကိုင်၍ ကျွန်တော် ဝင်လာမည်ကို စောင့်ကြိုနေလေသည် ။


“ အပြန်မှ ဝင်ခဲ့မယ်လေ ” 


“ သခင်တင်ထွန်း တို့တော့ အတော် ဟန်ကျနေပြီလေ ။ သတင်းစာထဲမှာ ဌာနချုပ် ခေါင်းဆောင်တွေ

နာမည်နဲ့ တွဲတွဲပြီး သခင်တင်ထွန်း ကို တစ်ခါ တစ်ခါ ဖတ်ရတယ် ။ ဝမ်းသာပါတယ် ၊ ကြိုးစားကြပါ ” 


ကျွန်တော် က ရှေ့ဆက်လျှောက်ရင်း -


“ ကျေးဇူးတင်ပါတယ်ဗျာ ” 


ကိုဘကျူး သည် ကျွန်တော့် နောက်က ခပ်ကုပ်ကုပ် လိုက်ပါလာသော သခင်တင်မောင်ကြီး အား

ခပ်စိမ်းစိမ်းကြည့်လျက် ကျွန်တော့်အား -


“ အပြန် ဝင်ဖြစ်အာင် ဝင်ခဲ့နော် ” 


ဦးဖိုးခင် တို့သည်လည်း မြင်းလှည်း ထောင်ထားကြတုန်း ဖြစ်သည် ။ သို့သော် သူတို့ အိမ်ရှေ့မှာ

 မြင်းလှည်း မတွေ့ရ ။ မြင်းချေးများနှင့် မြင်းစာကျွေးသော ပုံးများကိုသာ မြင်နိုင်လေသည် ။

ဒေါ်လှမေ သည် ထမင်းအိုး ကို မွှေလျက် ရှိ၏ ။ ဦးဖိုးခင် ကား ကွပ်ပျစ်ပေါ်တွင် ထိုင်ကာ

လက်ဖက်ရည်ကြမ်း သောက်လျက်ရှိလေသည် ။


ကျွန်တော် က သူတို့ အိမ်ရှေ့မှာ ရပ်လျက် -


“ ဘယ့်နှယ်လဲ နေကောင်းကြရဲ့လား ” 


သူတို့ လင်မယား သည် ကျွန်တော့် အား အံ့ဩစွာ ကြောင်ကြည့်လိုက်ကြသည် ။ နောက် ခဏကြာတော့ ဝမ်းသာအယ်လဲ ရှိလှစွာဖြင့် -


“ နေကောင်းပါ့ဗျာ ” 


“ နေကောင်းပါ့တော် ၊ ဘယ်ကများ မျက်စိလည်လာတာတုံး ” 


“ တမင် ဒီဘက် လာတာပါပဲ ၊ ကိုတင်ဖေ ကော ဘယ်သွားသလဲ ” 


ကျွန်တော် က သူတို့ သား ကျွန်တော့် သူငယ်ချင်း ကိုတင်ဖေ့ အကြောင်းကို မေးလိုက်သည် ။

ဦးဖိုးခင် က -


“ လှည်းထွက်တယ်လေ ” 


“ နို့ မတင်ရွှေ တို့ကော ရှိရဲ့လား ” 


ကျွန်တော် က သူတို့ သမီးအကြောင်း ကို မေးလိုက်ပြန်လေသည် ။ ဦးဖိုးခင် က ပင် -


“ မရှိကြဘူး ။ မောင်ပြုံး က လက်ပံတန်း ပြောင်းရတယ် ။ ဒါကြောင့် တင်ရွှေ လည်း လိုက်သွားရတာပေါ့ ။ စစ်ကြီး က ဖြစ်လာတော့ ရှေ့ ဘယ်လို ဖြစ်မှာလဲ မသိဘူးကွယ် ။ ဒီတော့ သမီးရော ၊

သမက်ရော ၊ မြေးတွေရော အတူ နေချင်ပါတယ်ကွယ် ။ မလွှဲသာလို့သာ ” 


ဦးဖိုးခင် က သူ့ သမီး နှင့် မီးရထားလက်မှတ်စစ် ဖြစ်သူ သူ့သမက် နှင့် မြေးများ အတွက် စိုးရိမ်ပူပန်စကား ဆိုနေစဉ် ဒေါ်လှမေ ၏ မျက်နှာမှာ အတွင်းကျိတ် မျိုသိပ်စိုးရိမ်ကြောင့်ကြခြင်းများကို

ထင်ဟပ်နေလေသည် ။


ဒေါ်လှမေ -


“ ထိုင်ဦးလေကွယ် ” 


“ ခု မထိုင်သေးဘူး ၊ အပြန်မှ ထိုင်မယ် ။ ဦးလေးမြင့် တို့ ရှိကြရဲ့လား ” 


“ ရှိမှာပေါ့ ၊ အိပ်ရာကမှ ထပါဦး မလား မဆိုနိုင်ဘူး ” 


အကြော်သည် ဒေါ်လုံးတင် ကား ယခင်ကကဲ့သို့ပင် အကြော်ဖို နှင့် ဝမ်းကို မဝတဝကျောင်းပြီး

ခါးကို မလှတလှ ဆင်နေရလေသည် ။ စွပ်ကျယ်စက် မှာ အလုပ်လုပ်နေပြီ ဖြစ်သော သမီး

မြကြည် ကား ယခင်က ကဲ့သို့ပင် ပုံမပျက် ပန်းမပျက် ၊ အပျိုရည်လည်း ပျက်ဟန် မတူ ။ သမီးငယ်

မြရီ သည်သာ ကိုယ်ဝန်ကြီး တကော့ကော့နှင့် ဖြစ်နေလေသည် ။ ကျွန်တော် နှင့် ကိုယ်ကြွယ် တို့က

မဖြစ်စေချင်တာမှ မြရီ က ဖြစ်သည် ။ မြရီ ကား ကု -လားမယား ။


ဦးလေးမြင့် တို့ အိမ်သို့ ရောက်ကြလေသည် ။ ကိုယ် ကြာရှည်လေးမြင့် နေခဲ့ဖူးသော အိမ်ကလေး နှင့်

ခွဲနေရခြင်း သည် ယခုမှ အသစ်သဖွယ် ဖြစ်လာလေသည် ။ ဝမ်းနည်းစရာ လိုလို ၊ လွမ်းစရာ လိုလို

ထင်မိသည် ။ ခေါင်းရင်း က ပြတင်းပေါက် တစ်ပေါက် ကို ဖွင့်ထားခြင်း နှင့် အိမ်ရှေ့တံခါး တစ်ချပ်

ဖွင့်ထားခြင်း တို့မှာ ကျွန်တော် နေတုန်းက မနက်စောစော ထပြီး လုပ်ထားလေ့ရှိသည့်အတိုင်းပင်

ဖြစ်သည် ။


ဦးလေးမြင့် အား အိပ်ရာမှာ တွေ့ရဦးမည် ထင်ခဲ့သော်လည်း တကယ် တွေ့ရတော့ ရေတွင်းမှာ

ဖြစ်လေသည် ။ သူသည် စောစောစီးစီး ရေချိုးလျက် ရှိ၏ ။ ဆောင်းတွင်းမှာ တွင်းရေကို နံနက်

စောစော ချိုးလိုက်ရလျှင် နွေးသွားသည် ဟု ဦးလေးမြင့် က ပြောတတ်သည်ကို သတိရသွား၏ ။


ကျွန်တော် -


“ ဦးလေးမြင့် အိပ်ရာက နိုးနေမှ ကိုး ” 


“ အိပ်မှ မအိပ်ရသေးဘဲကွ ” 


ဪ ညအလုပ် ဆင်းနေရသလား ” 


“ အေးဟုတ်တယ် မင်းခု ဘယ်က လာတာတုံး ” 


“ ဒီကို တမင် လာတာပဲ ” 


“ အိမ်ပေါ် သွားထိုင်ဦးကွာ ၊ တံခါးတွေ ဖွင့်လိုက်ပေါ့ ” 


“ ကိုကြွယ် ဒီမှာ အိပ်သလား ” 


“ အေး အိပ်တယ် ။ ငါ အလုပ်က ပြန်ရောက်မှ သူ ထွက်သွားတာ ဟိုဘက်နား မှာ ဆွမ်းကျွေးရှိ

ထင်ပါရဲ့ကွာ ” 


ကျွန်တော်တို့ သည် အိမ်ပေါ်သို့ တက်ပြီး တံခါးများ ဖွင့်ကြသည် ။ ပြီးတော့ အိမ်ရှေ့မှာ ထိုင်ကြလေ၏ ။ သခင်တင်မောင်ကြီး ကား တောက်လျှောက် ဘာစကားမျှ မပြောခဲ့ ။ ကျွန်တော့် နောက်ကသာ လိုက်ခဲ့သည် ။ ကျွန်တော် ပြောပုံဆိုပုံ လုပ်ကိုင်ပုံတို့ကိုသာ အကဲခတ်ပြီး ခပ်မဆိတ် နေခဲ့လေသည် ။ ခုထိုင်မိပြီ ဆိုတော့မှ အိမ်မိုးကို မော့ကြည့်ပြီး -


“ ဒါက ဘယ်သူ့ အိမ်လဲ သခင်တင်ထွန်း ” 


“ ဟို ရေချိုးနေတဲ့ ကျွန်တော့်ဦးလေး အိမ်ပဲ ၊ ကျွန်တော် အခုနေတဲ့အခန်းကို မပြောင်းခင်က ဒီမှာ

နေတာပဲ ” 


“ သခင်တင်ထွန်း က ဒီရပ်ကွက် ထဲမှာ ခင်မင်သူ ပေါတယ် ထင်တယ်နော် ” 


“ နေတာက ကြာပြီကိုးဗျ ၊ ပေါတာပေါ့ ” 


ဦးလေးမြင့် သည် ရေချိုး အဝတ်အစားလဲပြီးပြီ ဖြစ်သဖြင့် ကျွန်တော်တို့ အနီးသို့ လာထိုင်လေသည် ။


“ ဘာကိစ္စများ ရှိလို့လဲဟေ့ ” 


“ ဦးလေးမြင့် ဒါဟာ နိုင်ငံလုံးဆိုင်ရာ တို့ဗမာအစည်းအရုံး ရဲ့ ဥက္ကဌ သခင်တင်မောင်ကြီး ပဲ ခင်ဗျ ” 


ဦးလေးမြင့် သည် အံ့ဩပြီး နောက်တွန့်သွားသည် ။ ခဏကြာမှ ဣန္ဓြေဆည်ပြီး ပြုံးလျက်နှုတ်ဆက်ကာ -


“ တွေ့ရတာ ဝမ်းသာပါတယ်ဗျာ ” 


သခင်တင်မောင်ကြီး က ရယ်သွမ်းသွေးလိုက်၏ ။


“ သူများတွေ ထောင်ကျလို့ အစားဝင်ထိုးရတဲ့ ကြားဖြတ် ဥက္ကဌပါ ခင်ဗျာ ။ ဟဲ ဟဲ သာမန် အချိန်

အခါဆိုရင် ကျွန်တော် ဥက္ကဌ ဖြစ်ဖို့ မဟုတ်ပါဘူး ” 


ဤသို့ ရယ်စရာလိုလို နှင့် ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြောသည်ကို ဦးလေးမြင့် သည် များစွာ သဘောကျသွားဟန် ရှိ၏ ။ ဦးလေးမြင့် က စိုးရိမ်သော လေသံဖြင့် -


“ ခု တို့ဗမာအစည်းအရုံး ကို ဘုရင်ခံ က မတရားအသင်း ကြေညာပြီး သခင် တွေ လိုက်ဖမ်းနေတယ်

မဟုတ်လား ၊ သခင်တင်မောင်ကြီး ကို ကော မဖမ်းဘဲ နေပါ့မလား ” 


သခင်တင်မောင်ကြီး သည် မချိပြုံး ပြုံးပြီး ကျွန်တော့် အား ကြည့်လိုက်သည် ။ ပြောပေတော့ဟု

 အချက်ပေးလိုက်သည့် အကြည့်မျိုး ဖြစ်ပေ၏ ။


“ ဒါကြောင့် ခု ဦးလေးမြင့် ဆီ လာတာပေါ့ ။ တခြားနေရာမှာ သခင်တင်မောင်ကြီး ဟာ မလုံခြုံဘူး ၊

ပုလိပ် ဖမ်းမိသွားမှာ စိုးရတယ် ။ ဒါကြောင့် ဦးလေးမြင့် ရဲ့ အိမ်မှာ ပုန်းနေဖို့ ခွင့်ပြုစေချင်တယ် ” 


“ နေတာပေါ့ နေတာပေါ့ ။ ဒီ အိမ်က အတွင်းဘက်လည်း ကျတော့ တော်တော့် လူ မမြင်ပါဘူး ။

ပြီးတော့ အိမ်မှာလည်း လူ သိပ်ရှိတာ မဟုတ်ဘူး ။ ကိုကြွယ် ဆိုတာရယ် ၊ ထမင်းချက် အိမ်ကြည့်

လုပ်နေတဲ့ ကျုပ် တူတစ်ယောက်ရယ် ဒါပဲ ရှိတာပဲ ” 


“ အိမ်ထောင် မရှိဘူးလား ” 


“ မုဆိုးဖို ဆိုပါတော့ဗျာ ။ ကဲ ကဲ ၊ နေသာ နေပါ ။ နာမည်ကလေး ဘာလေးတော့ ပြောင်းထားပေါ့ ၊

ဘယ်လို ခေါ်ရမှာလဲ ” 


သခင်တင်မောင်ကြီး သည် အိမ်ခေါင်မိုး ကို မော့ကြည့်ကာ အတန်ကြာအောင် စဉ်းစားနေပြီး

နောက် -


“ ဦးကြီးမောင် လို့ ခေါ်ဗျာ ။ ကျွန်တော် က သတင်းစာတိုက်က အယ်ဒီတာ ဗျာ ။ နှလုံးရောဂါ ရှိလို့

ဒီလာပြီး အနားယူနေတယ် ဟုတ်လား ” 


သခင်တင်မောင်ကြီး က သို့ကလို ဉာဏ်ဆင် လိုက်ခြင်းကို များစွာ သဘောကျသွားပြီး သူ့အား

စိတ်ထဲက များစွာချီးကျူးမိပေသည် ။ သူ နေပုံထိုင်ပုံ ပြောဆိုပုံနှင့် သွင်ပြင်တို့သည် အယ်ဒီတာ

ဟူသော အလုပ်နှင့် များစွာ ကိုက်ညီ၏ ။ နှလုံးရောဂါ ရှိ၍ အနားယူ လာသည်ဟူသော ဆင်ခြေမှာလည်း ယုတ္တိတန်လှပေသည် ။


ဦးလေးမြင့် သည် ထိုကိစ္စနှင့် ပတ်သက်၍ နောက်ထပ် ဘာမျှ မပြောတော့ဘဲ မျက်လွှာအောက်ချပြီး

တွေးတော ငေးမောနေလေသည် ။ ကျွန်တော့် တွင်လည်း စကားပြောစရာ အစရှာ မရသဖြင့် ကိစ္စ

ပြီးပြီပဲ ၊ ပြန်တော့မည် ဟန်ပြင်လိုက်စဉ် ဦးလေးမြင့် သည် အသက်ဝင် လှုပ်ရှားလာဟန်ဖြင့် -


“ စင်ကာပူမြို့တော့ ဗုံးတွေ သိပ်ကြဲနေတယ် ။ ရေလှောင်ကန်တွေ ၊ ပိုက်တွေ ပျက်ကုန်လို့ မြို့သူ

မြို့သားတွေ ရေအခက်အခဲ တွေ့နေတယ်လို့ နောက်ဆုံး ကြေးနန်းသတင်းက ဆိုတယ် ။ ငါတို့

ရန်ကုန် လည်း ဂျပန် က ဗုံးများ လာကြဲဦးမလား မဆိုနိုင်ဘူး ” 


သခင်တင်မောင်ကြီး -


“ ဘယ်နေလိမ့်မှာလဲ ၊ ဖက်ဆစ်တွေ ဟာ နည်းမျိုးစုံနဲ့ တိုက်မှာပဲ ။ ပြည်သူပြည်သားတွေ

ဘာဖြစ်မယ် ဆိုတာ ဂရုစိုက်နေတာမှ မဟုတ်ဘဲ ” 


ကျွန်တော် -


“ ဖက်ဆစ်ဘက်ကတင် ဒီလို ရမ်းတာမဟုတ်ပါဘူးဗျာ ၊ အင်္ဂလိပ် ၊ အမေရိကန် ၊ မဟာမိတ် တွေလည်း

ရမ်းမှာပါပဲ ။ သူတို့လည်း ပြည်သူပြည်သားတွေ ဘာဖြစ်မယ်ဆိုတာ မကြည့်ပါဘူး ၊ စစ်နိုင်ဖို့

တစ်ခုတည်း ကြည့်မှာပါပဲ ။ ခုကြည့်ပါလား မဟာမိတ်တွေ မလွှဲသာလို့ ဆုတ်ခွာရတဲ့ ဒေသတိုင်း

မှာ ရန်သူ ဘာမှ အသုံးချ မရအောင် မီးလောင်မြေ လုပ်ပစ်ရမယ်တဲ့ ။ စက်ရုံတွေ ၊ ရိက္ခာဂိုဒေါင်တွေ ၊

ဆိပ်ကမ်းတွေအားလုံး ဖျက်ဆီးပစ်ခဲ့ရမယ်တဲ့ ” 


ဦးလေးမြင့် -


“ ဘယ်ဘက်ကမှ တို့အပေါ် ကောင်းမှာ မဟုတ်ပါဘူးကွယ် ။ တို့တစ်တွေတော့ ကျွဲနှစ်ကောင်

ခတ်တဲ့ကြား က မြေစာပင် လို ခံကြရမှာပါပဲ ။ တို့ဗမာတွေတော့ ဆန်ကောထဲ ဆီးဖြူသီးလိမ့်သလို

အခြေအနေ ဆိုးပါလိမ့်မယ် ” 


ကျွန်တော် သည် ထိုကဲ့သို့သော စိုးရိမ်ကြောင့်ကြသံမျိုးကို မကြားချင် ။ စစ်ဖြစ်လာပြီ ၊ အင်္ဂလိပ်

နယ်ချဲ့ အခက်အခဲ တွေ့နေရပြီ ။ အင်္ဂလိပ် အခက် ဗမာ့ အချက် ။ ဂျပန် နှင့် ပေါင်း အင်္ဂလိပ် ကို

အပြုတ်တိုက် ထုတ် ၊ လွတ်လပ်ရေး အရယူ ။ ဤကဲ့သို့သော ရဲဝံ့ပြတ်သားသော အသံများကိုသာ

ကြားလိုသည် ။ သားသမီးမြေးမြစ်တွေ နှင့် ကွဲမှာ စိုးရိမ်သံ ၊ ဗုံးကြဲမှာ ကြောက်ရွံ့သံ ၊ ရှေ့ ဘယ်လိုဖြစ် ဘာဖြစ်မှာလေလဲဟု ကြောင့်ကြ ပူပန်သံ ၊ ညည်းညူသံတွေ ကို ကြားလိုသည် မဟုတ်ပေ ။

သို့သော် ထိုအသံတွေကိုပင် ထပ်ကာထပ်ကာ ကြားနေရ၏ ။


ဦးလေးမြင့် နှင့် စစ်အကြောင်း အတန်ကြာ ပြောပြီး နောက် -


“ ကဲ သခင်တင်မောင်ကြီး ၊ ဒီမှာ နေရစ်ခဲ့ပေတော့“  ဟု ကျွန်တော်က နှုတ်ဆက်လိုက်လေသည် ။


ဦးလေးမြင့် က သခင်တင်မောင်ကြီး အား အားပေးသော အပြုံးဖြင့် -


“ နေပါလေ ၊ ကျုပ်ဆီမှာ လုံခြုံပါတယ် ။ ဘယ်နည်းနဲ့ မှ အဖမ်းခံရစရာ အကြောင်း မရှိပါဘူး ။

ကျုပ်ကို အားနာစရာလည်း ဘာမှမရှိပါဘူး ။ အဲ တစ်ခုတော့ ရှိပါရဲ့ ၊ အစားအသောက်တော့

မိန်းမ ရှိတဲ့ အိမ် မဟုတ်တော့ ဖြစ်သလို နဲ့ပဲ ပြီးရတာပဲ ” 


သခင်တင်မောင်ကြီး မှာ များစွာ ရွှင်လန်းအားတက်နေပုံ ရလေသည် ။


“ ကိစ္စ မရှိပါဘူး ၊ ကျုပ်တို့လည်း ဖြစ်သလိုပဲ စားတတ်ပါတယ် ။ သခင် ဆိုတာ ခြေသလုံးအိမ်တိုင်

နေနိုင်ရတယ် ၊ ဗမာပြည်တစ်ဝှမ်း အကုန် ကိုယ့် ပြည်မှတ်ပါ ၊ ကိုယ့်ရွာ မှတ်ပါ ဆိုတဲ့အတိုင်း

ရောက်လေရာ ကိုယ့်ပြည်ကိုယ့်ရွာ မှတ်ပါ ထားပြီး အားမနာ ပါးမနာ နေမှာပါပဲ ဟဲ ဟဲ ” 


သခင်တင်မောင်ကြီး ကား ဤလို ခပ်ရွှန်းရွှန်း ပြောခဲလှ၏ ။ ပြောပြီး သူ့ဟာနှင့် သူ သဘောကျ

သဖြင့် တဟဲဟဲ လုပ်နေ၏ ။ ဦးလေးမြင့် ကား မျက်စိမှေးသွားသည့် တိုင်အောင် အားရပါးရ ပြုံးပြီး

နေလေသည် ။


“ ကဲ ကျွန်တော်သွားတော့မယ် ဦးလေးမြင့် ” 


“ ကောင်းပြီလေ ” 


ကျွန်တော် က မတ်တတ်ထလိုက်ပြီး သခင်တင်မောင်ကြီး အား -


“ ဦးကြီးမောင် ကျွန်တော် သွားမယ်နော် ။ နှလုံးရောဂါ အတွက် ဘာဆေးများ ပို့ပေးရဦးမှာလဲ ဟဲ

ဟဲ ” 


“ ဆေးအထူးအထွေ ပို့ဖို့ မလိုပါဘူး ၊ စာအုပ်ကလေး ဘာလေးတော့ ပို့ပေးရင် ကောင်းမယ် ။

သခင်တင်ထွန်း နဲ့ ဆက်သွယ်ရင်ကော ဘယ်နာမည် နဲ့ ဆက်သွယ်ရမှာလဲ ” 


ကျွန်တော့် မှာ ပြည်သူ့အရေးတော်ပုံပါတီ နှင့် ဆက်သွယ်ရာ၌ နာမည်ဝှက်တစ်ခု ထားရှိပြီး ဖြစ်လေသည် ။ သို့ရာတွင် ထိုနာမည်ဝှက်ကို သခင်တင်မောင်ကြီး အား မပေးလိုချေ ။ ထို့ကြောင့် နာမည်ဝှက်တစ်ခု ကို စဉ်းစားရှာဖွေရလေသည် ။ ထိုခဏ၌ တက်ဘုန်းကြီး ကိုသိန်းဖေ ၏ တက်ခေတ်နတ်ဆိုး ဝတ္ထု ကို ဖျတ်ခနဲ သတိရသည် ။ ထိုဝတ္ထု ထဲက ဇာတ်လိုက် ၏ အမည်ကို အသုံးပြုရန်

ဆုံးဖြတ်လိုက်လေသည် ။


“ ညွန့်မောင် ဆိုတဲ့ အမည်ကို သုံးဗျာ ” 


ကျွန်တော် သည် သူတို့ ထံမှ ထွက်လာခဲ့ပြီးနောက် လမ်းမကြီးပေါ်ရှိ ဦးဖိုခင် တို့ အိမ်သို့

ဝင်လေသည် ။ ဦးဖိုးခင် က လက်ဖက်ရည်ကြမ်း ငှဲ့ပေးလေသည် ။ ဒေါ်လှမေ သည် ဘိန်းမုန့်

များကို လာချပြီး ကွပ်ပျစ်အောက်မှာ ဆောင့်ကြောင့် ထိုင်နေလေသည် ။ အတန်ကြာသောအခါ

အသံကို နှိမ့်လျက် -


“ ဂျပန်တွေ လာတော့မယ် ဆိုပါကလား ၊ ဟုတ်သလား ” 


ဒေါ်လှမေ သည် ဂျပန် တွေ လာမည်ကို လိုလိုလားလား မေးသလော ၊ စိုးရိမ်၍ မေးသလော

ကျွန်တော် မသိချေ ။ သို့သော် ကျွန်တော်ကား ထိုမေးခွန်းကို မကြိုက်နိုင်ပေ ။ အင်္ဂလိပ် ပြေးရလျှင်

ဂျပန် လာမည်ဟု ပြည်သူ တွေ က ပုံသေတွက်မထားစေလို ။


“ ဒီလိုရှိတယ်ခင်ဗျ ။ ခု အရှေ့ဘက် စစ်ကြီးမှာ အင်္ဂလိပ် ရှုံးပြီး ဂျပန် တွေ နိုင်နေတယ် ။ သို့ပေမယ့်

ဂျပန် တွေက ကျွန်တော်တို့ ပြည်ကို ဝင်သိမ်းမှာ မဟုတ်ဘူး ။ ကျွန်တော် တို့ ဗမာတွေက ကျွန်တော်တို့ပြည်ကို ကိုယ့်ဘာသာ သိမ်းကြရမှာပဲ ။ ဒါ့ကြောင့် ဂျပန် တွေလာမယ်လို့ မပြောနဲ့ ၊ ဗမာတွေ

လာမယ်လို့သာ ပြော ” 


ဦးဖိုးခင် နှင့် ဒေါ်လှမေ တို့သည် ကလေးများ ပုံဝတ္ထုနားထောင် သလို မျက်စိ ပေကလတ်

ပေကလတ်ဖြင့် နားထောင်နေကြလေသည် ။ ကျွန်တော် က ဆက်ပြန်၏ ။


“ တစ်သက်မှ တစ်ခါ ကြုံတယ် ၊ ရတနာပုံဆိုက်တဲ့ သူဌေး ဆိုတာလိုပဲ ။ ကျွန်တော်တို့ အတွက်တော့

ဒီစစ်ကြီး ဟာ ကြံကြိုက်ခဲတဲ့ အခွင့်အရေးကြီးပဲဗျ ။ ဒီစစ်ကြီးကြောင့် အင်္ဂလိပ် အခက်အခဲ

တွေ့တယ် ၊ အင်္ဂလိပ် အခက်အခဲ ဟာ ဗမာ့ အချက်ပဲ ။ ကျွန်တော်တို့ သခင်တွေ ၊ ကျောင်းသားတွေ

လူငယ်တွေ ဒီအချက်ကို အသုံးချဖို့ စွန့်စွန့်စားစား ကြိုးစားနေကြပြီဗျ ” 


ဦးဖိုးခင် သည် ကျွန်တော့် ပန်းကန်ထဲသို့ လက်ဖက်ရည်ငှဲ့ပေးပြန်ရင်း -


“ သာဓုကွယ် ၊ ကြိုးစားကြစမ်းပါ ” 


ဒေါ်လှမေ က -


“ မုန့်ကလေးလည်း စားလိုက်စမ်းပါဦး ” 


ထိုအခိုက် ဒေါ်လုံးတင် ရောက်လာလေသည် ။ သူမ သည် ခါတိုင်းလို စိုစိုပြည်ပြည် မဟုတ် ။

ဝဖြိုးသော ကိုယ်ခန္ဓာကြီး ရှိသေးသော်လည်း နေပူမိသော ခရမ်းသီး ညှိုးသလို ညှိုးနေသည် ။

ကျွန်တော် က ဆီးကြို နှုတ်ဆက်လိုက်သည် ။


“ ဒေါ်လုံးတင် ဘယ်သွားမလို့လဲ ” 


“ ဘယ်မှ မသွားပါဘူး ၊ မောင်တင်ထွန်း ဒီအိမ် ရောက်နေပြီဆိုလို့ လာတာပါပဲ ” 


“ ဘယ်သူက ပြောလိုက်တာလဲ ခင်ဗျားကို ” 


“ မြကြည် က ပြောတာပဲ ၊ ခုနင်က မင်း ဒီအိမ် ဝင်သွားတာ မြင်လိုက်သတဲ့ ” 


ဒေါ်လုံးတင် သည် ကွပ်ပျစ် အစွန်းတွင် ဖင်တစ်ခြမ်း တင်၍ ထိုင်ရင်း -


“ မင်းကလည်း တို့ ကမာရွတ် က ပြောင်းသွားတယ် ဆိုရင် တို့ဆီ ပြန်လှည့်ကြည့်ဖော် မရဘူး ။

တို့ဘက်ကို အင်မတန် ရောက်ခဲတယ် ။ ခုလို ရောက်တုန်း စကားစမြည် ပြောရအောင် လာတာပေါ့ကွယ် ” 


ဦးဖိုးခင် သည် သူသောက်နေသော လက်ဖက်ရည်ပန်းကန် ကို ချထားလိုက်ပြီးနောက် -


“ မောင်တင်ထွန်း တင်ဖေ တို့ မင်္ဂလာဆောင် လာခဲ့ပါဦးလား ” 


ကျွန်တော် က ဝမ်းသာခြင်း ၊ အံ့ဩခြင်းတို့ဖြင့် -


“ ဘယ်သူနဲ့လဲ ” 


ဒေါ်လှမေ က ပြုံးစိစိဖြင့် -


“ မင်းသူငယ်ချင်း အကြောင်း မင်း မသိဘူးလား ၊ ဘယ်သူနဲ့ ထင်သလဲ ” 


ကျွန်တော် သည် ဒေါ်လုံးတင် ဆီသို့ အကဲခတ်ရန် ကြည့်လိုက်သည် ။ ဒေါ်လုံးတင် ကား စပ်ဖြဲဖြဲ

လုပ်နေ၏ ။ သည်မျှဖြင့်ပင် ကိုတင်ဖေ ၏ ဇနီးလောင်းကို ရိပ်မိလေပြီ ။


“ ကျွန်တော် ထင်ထားတာတော့ ရှိသားပဲ ၊ ဟုတ်မှ ဟုတ်ပါ့ မလားလို့ ” 


ဒေါ်လှမေ -


“ ဘယ်သူ့ ထင်ထားတာလဲ ” 


“ ဟဲ ဟဲ မှားရင် စိတ်မဆိုးနဲ့နော် ဒေါ်လုံးတင် ၊ မြကြည် နဲ့ လက်ထက်ဖို့ မဟုတ်လား ” 


ဒေါ်လုံးတင် သည် သဘောကောင်းမကြီး ၏ အပြုံးဖြင့် -


“ သူတို့ လူငယ်ချင်ချင်း စီမံကြတာပါ ” 


ဦးဖိုးခင် -


“ တော်ပါဟယ် လုံးတင်ရယ် ၊ ငါကြားတော့ အမေ လုပ်သူ ကိုယ်တိုင်က အောက်သွယ် လုပ်သတဲ့ ” 


ဒေါ်လှမေ က ရယ်လျက် -


“ ဟုတ်တယ် ။ လုံးတင် ရော ၊ ကျွန်မရော နှစ်ဖက်စလုံး အမေ တွေက အောင်သွယ်တွေပဲ ” 


ဆံပင်ညှပ်ဆိုင်ရှင် ကိုဘကျူး ရောက်လာပြန်လေသည် ။


“ အို ကိုဘကျူး ခင်ဗျားဆိုင် ဘယ်သူနဲ့ ထားခဲ့သလဲ ” 


ကိုဘကျူး က ခွေးခြေခုံကလေး တစ်ခုမှာ ထိုင်လိုက်ပြီး -


“ ကောင်ကလေးတစ်ယောက် ရှိပါတယ် ” 


“ ဆံပင်ညှပ်သမားလား ” 


“ မဟုတ်ပါဘူး ၊ တောက်တိုမည်ရ ခိုင်းဖို့ ခေါ်ထားတဲ့ တူကလေး တစ်ယောက်ပါ ။ ဆံပင်ညှပ်ဖို့

လူလာရင် လိုက်ခေါ်ဖို့ မှာထားခဲ့တယ် ” 


ကိုဘကျူး ရောက်ပြီး မကြာမီပင် ကိုကြွယ် ရောက်လာပြန်လေသည် ။ ကိုကြွယ် ကား အပေါ်အင်္ကျီနှင့်

ဖြစ်၍ အခါတိုင်းနှင့် မတူ ၊ အသွင်ထူးနေသလို ထင်ရသည် ။ ခါတိုင်းတော့ လူကလည်း ခပ်နဲ့နဲ့

အဝတ်ကလည်း လျော့ရဲရဲဖြစ်သည် ။


ကျွန်တော်ကပင် ဆီးကြိုနှုတ်ဆက်လိုက်၏ ။


“ ဘယ့်နှယ် ကိုကြွယ် ၊ ဆွမ်းကျွေးအိမ် က ပြန်လာပြီလား ” 


“ မင်း ဘယ်တုံးကရောက်နေသလဲ ကြာပြီလား ” 


ကိုကြွယ် လည်း ကွပ်ပျစ်ပေါ်မှာ ဝင်ထိုင်လေသည် ။ ကျွန်တော်တို့ သည် သည့်ပြင်စကားတွေ

ပြောမနေကြတော့ဘဲ စစ်အကြောင်းကိုသာ ရောက်သွားတော့၏ ။ လူစုမိလျှင် စစ်အကြောင်းကိုသာ

ပြောကြသည်မှာ ထိုစဉ်က အလေ့အထတစ်ခု ဖြစ်နေလေပြီ ။


ကိုကြွယ် -


“ ခု ဂျပန်တွေ ဘယ်ရောက်နေပြီလဲ ” 


ကျွန်တော် -


“ ယိုးဒယားတစ်ပြည်လုံးတော့ ဂျပန်တွေ အနှံ့အပြား ရောက်နေပြီတဲ့ ။ မာလာယု ထဲ ကိုလည်း

ဝင်နေပြီ ဆိုတာပဲ ” 


ကိုကြွယ် -


“ ရန်ကုန် ကိုများ ဗုံးကြဲဦးမှာလား ” 


ဦးဖိုးခင် ၊ ဒေါ်လှမေ နှင့် ဒေါ်လုံးတင် တို့သည် ဘာမျှ မပြောဘဲ နားထောင်နေကြသည် ။ သို့သော်

သူတို့ မျက်နှာတွင် ကြောက်ရွံ့ခြင်းသည် ထင်ရှားလှ၏ ။ ကျွန်တော့် မှာ ရန်ကုန် ကို ဗုံးမကြဲပါဟု

ပြောစရာ အထောက်အထား တစ်ခုမျှ မရှိ ။ သို့သော် ရန်ကုန် ကို ဗုံးကြဲလိမ့်မည် ဟု ပြောရန်လည်း

ဝန်လေးနေသည် ။ ထို့ကြောင့် တွေဝေနေ၏ ။ ကိုဘကျူး က ဝင်ပြီး -


“ အို ဂျပန် က ဗမာတွေ ရဲ့မဟာမိတ် ဖြစ်နေတော့ ရန်ကုန် ကို ဗုံးကြဲမှာ မဟုတ်ပါဘူး ” 


သူသည် ဘယ်အထောက်အထားဖြင့် ဤသို့ ရဲဝံ့စွာ ပြောလိုက်သည် မသိ ။ တကယ်ပင်

ယုံကြည်စွာ ပြောလိုက်သည်မှာကား ထင်ရှားလှ၏ ။ ကိုကြွယ် ကား ယုံကြည်ဟန် မတူ ။ ကျန်

လူတွေကား ယုံတစ်ဝက် မယုံတစ်ဝက် ရှိနေဟန် တူသည် ။


ကိုကြွယ် သည် ကိုဘကျူး ၏ စကားကို လုံးဝ မကိုးစားလို ။ ကျွန်တော် ၏ ထင်မြင်ချက်ကိုသာ

တောင်းနေလေသည် ။ ကျွန်တော်လည်း ဆိတ်ဆိတ် မနေသာတော့ပြီ ဖြစ်၍ -


“ ကြဲချင်မှတော့ ကြဲမယ် ၊ သို့ပေမယ့် စစ် ဆိုတာမျိုးက အခက်သားပဲဗျာ ကြဲချင်လည်း ကြဲချမှာပဲ ” 


ကျွန်တော် က စကားလွှဲချင်သဖြင့် -


“ ကိုကြွယ် သခင်တင်ကြီး တစ်ယောက် ကော တွေ့သေးသလား ” 


မြင်ကွန်းမင်းသားကြီး နှင့် အဆက် ရှိသည် ။ အင်္ဂလိပ် ကို တိုက်ရန် လက်နက်တွေ ရှာပေးမည် ၊

ဂျပန် နှင့် ဆက်သွယ်နေသည် စသည်ဖြင့် ကျွန်တော့် အား ကြွားဝါပြောဆိုလေ့ ရှိသော သခင်တင်ကြီး အကြောင်းကို မေးလိုက်လေသည် ။


ကိုကြွယ် သည် မျက်နှာကို ရှုံ့လိုက်သည် ။ သခင်တင်ကြီး အကြောင်း စကားထဲ ထည့်၍ ပြောဆိုလိုဟန် မရှိ ။


“ ဒီကောင့်အကြောင်း ကိုယ် ဘယ်သိမှာလဲ ၊ သူ့လို လူရှုပ်ကို ဂရုမစိုက်အားပါဘူး ” 


ကိုဘကျူး ကမူ သခင်တင်ကြီး အကြောင်းကို ပြောကြားလိုက်သည် ။


“ ယိုးဒယားဘက်ကို ရောက်သွားပြီလို့ သတင်းဖြစ်နေတယ် ၊ ပျောက်နေတာလည်း အတော်ကြာသွားပါပကော ” 


ယခုထိ ကျွန်တော်တို့ ပြောသမျှကို ငြိမ်ပြီး နားထောင်နေသော ဒေါ်လုံးတင် သည် စိုးရိမ်

မကင်းသော မျက်နှာဖြင့် -


“ တကယ်လို့ ရန်ကုန် မှာ ဗုံးတွေ ကြဲချရင် ဘယ်လို လုပ်မှာလဲ ” 


ကျွန်တော် က ဖြေမည် လုပ်နေစဉ် ကိုဘကျူး က ဗြုန်းခနဲ ဝင်ပြောလိုက်သည် ။


“ ဘာခက်တာလိုက်လို့ သစ်ပင်ကြီးကြီး ခြေရင်းကပ်ပြီး ထိုင်နေလိုက်ရင် ပြီးတာပဲ ” 


ကိုကြွယ် သည် ဒေါဖောင်းသွားသည် ။


“ မင်းအမေစောက် ပြောလိုက်ရ မကောင်းတော့ဘူး ။ သစ်ပင်ခြေရင်း ကပ်ထိုင်နေလို့ ဘယ်လိုလုပ်

လွတ်မှာလဲ ။ မြို့ထဲမှာ ဆောက်ထားတဲ့ ဗုံးခို ဂူမျိုးတွေလို တို့ ကမာရွတ် ဘက်မှာ ရှိရင်လည်း

ကောင်းသားပဲ ” 


ကျွန်တော် -


“ ဒါလည်း သိပ် စိတ်မချရပါဘူးဗျာ ၊ တည့်တည့်များ ဗုံးကျလိုက်ရင် လဲပြိုကျသွားပြီး လူတွေ

အားလုံး သေကုန်မှာပဲ ” 


ကိုကြွယ် ၏ မျက်နှာမှာ အိုသွားပြီး အားကိုးရာမဲ့ဖြစ်လှသော လေသံဖြင့် -


“ ဒါဖြင့် ဘယ်လိုလုပ်ရင် ကောင်းမှာလဲဟင် ” 


“ မြေကြီးထဲမှာ ကျင်းတူးထားရင် အကောင်းဆုံးပဲ ၊ ကျင်း မရှိရင် မြောင်းထဲ ခုန်ချပြီး ရှောင်ရမှာပဲ ” 


ဒေါ်လှမေ က သက်ပြင်းကြီး ချလိုက်ပြီး -


“ ကျင်းထဲမှာ မိနေရင်တော့ မြေမြုပ်ပြီးသား ဖြစ်သွားမှာပဲ ” 


အားလုံး ကိုဘကျူး ပါ မကျန် ပူပန်စိုးရိမ်လာကြသည် ။ သက်ပြင်းကြီးများချပြီး ရင်တဖိုဖိုနှင့်

ငြိမ်နေကြ၏ ။ အတန်ကြာတော့ ကျွန်တော် က သူတို့ တစ်တွေ စိတ်သက်သာရာ ရအောင် -


“ ဗုံးဟာ ခေါင်းပေါ်တည့်တည့် ကျဖို့ဆိုတာ ခက်ပါတယ်ဗျာ ။ မိုးပေါ်က ချလိုက်တဲ့ အပ်ချည် နဲ့

မြေကြီးပေါ်က အပ်နဖား တပ်မိဖို့ကမှ လွယ်ရင် လွယ်ဦးမယ် ၊ ခေါင်းပေါ် တည့်တည့် ကျဖို့က

မလွယ်ပါဘူး ။ ဒီအထဲက ကံဆိုးလှရင်လည်း ခံရုံ ရှိတော့တာပေါ့ဗျာ ” 


ဒေါ်လုံးတင် က အရဲစွန့်ပြီး အကြံတစ်ခု ပေးလိုက်ပြန်လေသည် ။


“ ဗုံးလာကြဲရင် ထွက်ပြေးတာပဲ အကောင်းဆုံး နေမှာပါပဲ ” 


ကိုကြွယ် သည် ဒေါ်လုံးတင် အား ဒေါ်သဖြင့် မျက်စောင်းထိုးပြီး -


“ တော်စမ်းပါဟာ နင် ဘာမှ နားမလည်ဘဲနဲ့ ” 


ဒေါ်လုံးတင် သည် တုတ်ကြောက်သော ကလေး ငြိမ်ကျသွားသလို မျက်စိသငယ် နှင့် ငြိမ်နေလေသည် ။ အားလုံးလည်း ထို့အတူပင် ဖြစ်လေ၏ ။


ကျွန်တော် သည် တတ်နိုင်သမျှ သူတို့အား စိတ်သက်သာရာ ရအောင် အားပေးစကား ပြောဆိုပြီးနောက် ရန်ကုန် သို့ ပြန်လာခဲ့လေသည် ။


◾သိန်းဖေမြင့်


📖အရှေ့က နေဝန်းထွက်သည့်ပမာ


koaungnaingoo.blogspot.com


.

No comments:

Post a Comment