Sunday, October 31, 2021

ရုန်းထွက်မရသော ပိုက်ကွန်


 ❝ ရုန်းထွက် မရသော ပိုက်ကွန် ❞


အကြောင်းကံက ထူးဆန်းစွာ ဖန်တီးပေးနေသလော ။


ကျွန်တော့် ကိုယ်တိုင်က မရှင်းမရှင်း လုပ်ခဲ့သဖြင့် ရှုပ်ထွေးနေသော အကျိုးအာနိသင်တွေ

ဖြစ်လာသလော ။


ကျွန်တော့် အချစ်ဇာတ်လမ်းတွေကား ကြာလေ ရှုပ်ထွေးလာလေသည် ။ ဖခင်ကြီး မသာချအပြီး

မိခင်က “ ငါ့သား မင်း အိမ်ထောင်ပြုဖို့ကောင်းပြီ ”  ဟု ဆိုကာ ဇနီးလောင်း အရွေးခိုင်းတော့

ကျွန်တော်သည် မမြမှီ အကြောင်း ထည့်သွင်းတင်ပြခြင်း မပြုခဲ့ချေ ။ မမြင့်ဦး နှင့် မခင်သစ် နှစ်ဦး

ကြားမှာလည်း တွေဝေနေခဲ့လေသည် ။ အမေကိုယ်တိုင် “ သမီးလေး က ချစ်စရာကောင်းတယ် ၊

သမီးကြီး ကလည်း ချစ်စရာကောင်းတာပဲ ”  ဟု ဝေခွဲ မရသော သဘောကို ပြခဲ့လေသည် ။


ဟော ရန်ကုန် ကို ပြန်ရောက်တော့ -


မရှောင်မလွှဲသာသော အကြောင်းများကြောင့် မမြင့်ဦး နှင့် အတိအလင်း ချစ်ချင်းစကား ဆိုပြီး

ဘဝခရီးတွင် အေးအတူ ပူအမျှ လက်တွဲလျှောက်ရန် ဝန်ခံကတိပြုခဲ့ရလေသည် ။


ကျွန်တော့် အချစ်ဖြင့် မမြင့်ဦး ၏ ရောဂါ သက်သာစေမည်ဟု နှလုံးပိုက်ခဲ့သည် ။ သူမ နှင့် ကျွန်တော်

ဇနီးမောင်နှံ ရာသက်ပန် ဖြစ်ရေးကို မျှော်မှန်းစေခြင်းအားဖြင့် မမြင့်ဦး သည် အသက်အတွက်

လက်မလျှော့ဘဲ အားတက်စွာ ကြိုးပမ်းလာလိမ့်မည်ဟု ကျွန်တော် ယုံကြည်နေသည် ။


ဟော - တစ်ဖန် ၊ တိုင်းပြည်လွတ်လပ်ရေး အတွက် မြေအောက် အရေးတော်ပုံ လုပ်ငန်းများကို

ပြတ်သားစွာ ဆောင်ရွက်တော့မည်ဟု စိတ်ထက်သန်နေတုန်း ၊ အချစ်ကိစ္စမှာလည်း မမြင့်ဦး အား

တစ်ဦးတည်း အချစ်ဖြင့် အာရုံစူးစိုက်မည်ဟု ပြဌာန်းထားတုန်း -


“ မမြမှီ အား မမျှော်လင့်ဘဲ တွေ့ရပြန်ပြီ ။ ထို မမျှော်လင့်ခြင်းထက် ပို၍ကြီးသော မမျှော်လင့်ခြင်းမှာ

မမြမှီ ၏ ခင်ပွန်း ဦးထွန်းဝင်း ကွယ်လွန်သွားခြင်း ဖြစ်ပေသည် ။


ကာမပိုင် မရှိ ပကတိ လွတ်လပ်သန့်ရှင်းသော မမြမှီ နှင့် ကျွန်တော် ဘယ်လိုနေနေ ဘာအပြစ်မှ

မရှိတော့ပြီ ။ ကိုယ်ကျင့်တရား ပျက်ပြားနေသည်ဟု သိကာ ကိုယ့်လိပ်ပြာကိုယ် လန့်နေစရာလည်း

မလို ၊ သူများ ကဲ့ရဲ့မှာကိုလည်း ကြောက်စရာ မရှိ ။ တရားဝင် လင်မယား အဖြစ်ဖြင့် လူသိနတ်ကြား

နေလိုကလည်း ဘာမျှ အတားအဆီး မရှိတော့ဟု ကျွန်တော် ထင်မိပေသည် ။


ကျွန်တော် သည် တွေးချင်ရာတွေ တွေးပြီး လိုက်ပါလာခဲ့သည် ။ မမြမှီ သည် အစ၌ ကျွန်တော့်အား

ဟိုမေးသည်မေး မေးပြီး စကားပြောအောင် လုပ်သေး၏ ။ သို့သော် ကျွန်တော် က ဌာန်ကရိုဏ်း

 ကျအောင် မဖြေ ။ စကားကိုလည်း ဖြတ်ဖြတ်ပစ်လိုက်သဖြင့် မမြမှီ သည် ဘာမှ မပြောတော့ဘဲ

ကျွန်တော့် အား အကဲခတ်၍သာ လိုက်ပါလာခဲ့၏ ။ မော်တော်ကား သည် ဘယ်လမ်းဖြတ်ပြီး ဘယ်

မောင်းသွားသည်ဟု ကျွန်တော် သတိမထားမိ ။ ကားထိုးရပ်လိုက်တော့မှ ပြည်လမ်း ရှိ သိန်းသိန်း

တို့၏ ခြံထဲ ရောက်လာသည်ကို သတိရလေတော့သည် ။


ကား သည် ဆင်ဝင်အောက်မှာ ရပ်ထားသည် ။ ဒရိုင်ဘာ သည် ကားပေါ်မှ အမြန်ဆင်းပြီး

အိမ်တံခါးပေါက်ဘေးတွင် ရှိသော ဘဲလ် ကို နှိပ်လိုက်လေသည် ။ အထဲမှာ ကလင်တင်တင် နှင့်

မြည်သွား၏ ။


မမြမှီ သည် လည်း ကားပေါ်မှ ဆင်းသည် ။ ကျွန်တော် က ကြောင်နေပြီး ကားပေါ်မှာပင် ထိုင်နေရာ

မမြမှီ က -


“ မောင်ကလေး ဆင်းလေကွယ် ” 


ကျွန်တော် က ဆင်းပြီး မမြမှီ ၏ နောက်နားမှာ ရပ်နေစဉ် အတွင်းမှ တံခါးဝဆီသို့ လျှောက်လာသောခြေသံကို ကြားရသည် ။ ထိုအခါ ဒရိုင်ဘာ သည် ကားပေါ်သို့ ပြန်တက်သွားလေသည် ။

အထဲမှ မိန်းမသံ ပေါ်လာသည် ။


“ ဘယ်သူလဲ ” 


မမြမှီ က -


“ မြ ပါကွယ် ၊ သိန်းသိန်း ရယ် ဖွင့်စမ်းပါဦး ” 


တံခါးသော့ဖွင့်သံနှင့် အတူ ဆွဲငင်ပျင်းရိသောအသံဖြင့် သိန်းသိန်း က -


“ မြ ကလည်း သိပ် နောက်ကျတာပဲ ၊ သိန်းသိန်း စောင့်တော့ စောင့်ပါသေးရဲ့ ၊ အိပ်ချင်တာနဲ့ ” 


တံခါးပွင့်လာသည် ။ အိပ်မှုန်စုံမွှားနှင့် သိန်းသိန်း က ကျွန်တော့် အား ကြည့်ပြီး ပြုံးလိုက်သည် ။

 ကျွန်တော် သည် ရှက်ကိုးရှက်ကန်း ဖြစ်နေ၏ ။ ကျွန်တော် ကား ခိုးရာလိုက်ပါလာသော မိန်းကလေး

တစ်ယောက် နှင့် တူမနေပါလား ။ မမြမှီ က ရှေ့ကဝင်သည် ။ ကျွန်တော် က ရှက်ကိုးရှက်ကန်းနှင့်

နောက်က လိုက်သည် ။


ဒရိုင်ဘာ -


“ မမ ဂရက် ထဲ ကားသွင်းထားမယ် ၊ ကျွန်တော် တန်းလျားမှာပဲ ရှိမယ်နော် ” 


“ အေး အေး ကောင်းတယ် ၊ ကားလိုချင်တော့ လာခေါ်မှာပေါ့ ” 


သိန်းသိန်း သည် ကျွန်တော်တို့ နောက်မှာ တံခါးပိတ်နေရစ်ခဲ့သည် ။


မမြမှီ သည် ကျွန်တော့် အား ဧည့်ခန်းထဲသို့ ခေါ်သွားလေသည် ။ ဧည့်ခန်းထဲမှာ ပိုးအနီအုပ်ဆောင်း

အုပ်ထားသော မီးတိုင်တစ်ခုသာ ထွန်းထားရာ မီးတိုင်အနီးမှာရှိသော ဆိုဖာကုလားထိုင်ကြီးများနှင့် အောက်က ကြမ်းပြင်ပေါ်တွင်သာ ထင်းထင်းကြီး လင်းနေသည် ။ ကျန်နေရာများတွင်ကား

မှုန်ရီရီဖြစ်နေပြီး အနီရောင်ယှက်သန်းနေသည် ။


မမြမှီ သည် ကျွန်တော့် အား မှုန်ရီရီနှင့် အနီရောင်ယှက်သန်းနေသော နေရာရှိ ဆိုဖာရှည်ကြီးတစ်ခု

ပေါ်တွင် ထိုင်စေလေသည် ။ ပြီးတော့ နောက်က လိုက်လာသော သိန်းသိန်း အား -


“ သိန်းသိန်း ရေ မောင်တင်ထွန်း ကို ခဏ ဧည့်ခံလိုက်ပါဦးကွယ် ”  ဟု ဆိုကာ ဧည့်ခန်းနှင့်

ဆက်နေသော အခန်းတစ်ခုတွင်းသို့ ဝင်သွားလေသည် ။ မမြမှီ က ထိုအခန်း ၏ မီးခလုတ်ကို

ဖွင့်လိုက်သောအခါ ကျမှ ထိုအခန်း သည် အိပ်ခန်းတစ်ခန်း ဖြစ်ကြောင်း တွေ့ရလေသည် ။


သိန်းသိန်း သည် ကျွန်တော့် ရှေ့မှာ လာရပ်လျက် ကလေးကြီးလို ပြုံးပြီး -


“ ကိုတင်ထွန်း တို့များ ခုမှတွေ့ရတော့တယ် ” 


“ ဟုတ်တယ်ဗျာ ၊ ကျွန်တော် လည်း အလုပ်များနေတာနဲ့ပဲ ။ အင်း ရှမ်းပြည် က ပြန်ရောက်လာမှ

တစ်ခါမှ မတွေ့ကြသေးဘူးနော် ” 


“ လာချင် အနီးကလေး ၊ မလာချင် ခရီးဝေးပေါ့ရှင် ဟုတ်လား“ ”  


ကျွန်တော် ကား အဖြေရ ကျပ်နေသောကြောင့် -


“ ဦးခင်မောင် ကော ကျန်းကျန်းမာမာပဲလား ” 


ဟု သူ့ ယောက်ျား အကြောင်း ကို မေးလိုက်ရလေသည် ။


“ ကျန်းကျန်းမာမာပါပဲရှင် ။ ခုတော့ မရှိဘူး ၊ နယ်ထွက်နေရတယ် ” 


“ ဪ ဟုတ်လား ”  


ကျွန်တော် သည် ဦးခင်မောင် ၏ အကြောင်း ကို မေးသာ မေးရသည် ။ မမြမှီ နှင့် ပတ်သက်၍

သိန်းသိန်း အား တွေ့သိရသည်မှာ သုံးနှစ်ကျော်ပြီ ဖြစ်သော်လည်း ဦးခင်မောင် နှင့် တစ်ခါမျှ

တွေ့မြင်ဖူးခြင်း မရှိခဲ့ချေ ။


“ မချို ကော နေထိုင်ကောင်းရဲ့လား ” 


ရှမ်းပြည် သွားတုန်းက ပါလာခဲ့သော ဆွံ့အနေသည့် အစေခံမကြီး အကြောင်းကို မေးလိုက်သည် ။


“ မာပါတယ်ရှင် ၊ ရှင့် အကြောင်းတောင် ခဏခဏပြောသေးတယ် ” 


သိန်းသိန်း က ခပ်တည်တည် ပြောသောကြောင့် ကျွန်တော့် မှာ ယုံထင်ကြောင်ထင် ဖြစ်သွားသည် ။

မချို မှာ ဆွံ့အခြင်း ပျောက်သွားပြီး စကားပြောတတ်နေပြီလော ။ သို့မဟုတ် ခြေဟန်လက်ဟန်ဖြင့်

ကျွန်တော်တို့ အကြောင်းတွေကို မတော်တရော် ပြောလေချေရော့သလား ။


“ ဆိုစမ်းပါဦး ၊ ဘာတွေပြောသလဲ ” 


သိန်းသိန်း သည် ရွှတ်တွတ်တွတ် နောက်တောက်တောက် အမူအရာတွေကို လုပ်နေပြီး ဈေးကိုင်

ချင်သည့် သဘောနှင့် မပြောဘဲ နေသည် ။ ကျွန်တော် က ပိုကြားချင်လာ၏ ။


“ ဘယ်လို ပြောသလဲ ” 


“ ဟဲ ဟဲ ကိုတင်ထွန်း တစ်ယောက်ဟာတဲ့ ၊ ကွယ်ရင် မေ့ တွေ့ သေအောင် လွမ်း သတဲ့ ၊ မချို က

မျှော်ပေမယ့် တစ်ခါမှ ပေါ်မလာဘူးတဲ့ ဟားဟား ” 


ကျွန်တော် လည်း သူ့ပြက်လုံး ကို သဘောကျပြီး လိုက်ရယ်မိ၏ ။


“ နို့ နေပါဦး သိန်းသိန်း ရဲ့ ၊ ဒီစကားမျိုး ကို အဓိပ္ပာယ်ပေါ်အောင် မချို ဘယ်လို လုပ်ပြီး ပြောသလဲ ၊

သိန်းသိန်း က မချို လို လုပ်ပြစမ်းပါဦး ” 


သိန်းသိန်း သည် လက်ဟန်ခြေဟန် မျက်နှာမူဟန်စသည်တို့ဖြင့် ဆွံ့အသူပြောပုံ လုပ်ပြတော့မည်

ကဲ့သို့ ရှိစဉ် -


“ သိန်းသိန်း ခဏလာပါဦး ” 


ဟု မမြမှီ က ငေါက်ဆတ်ဆတ် အသံဖြင့် ခေါ်လိုက်လေသည် ။ သိန်းသိန်း သည် ချက်ချင်း

 ပြူးတူးပျာတာ ဖြစ်သွားပြီး ကလေးကြီး လို လျှာတစ်လစ် ထုတ်လျက် ချာခနဲ လှည့်ပြေးလေ၏ ။


ဪ သိန်းသိန်း ။ မမြမှီ ထားရာကနေသော သိန်းသိန်း ။ အဘယ့်ကြောင့် သိန်းသိန်း အပေါ်တွင်

မမြမှီ ၏ ဩဇာ ဤမျှညောင်းလေသနည်း ။ သိန်းသိန်း နှင့် မမြမှီ တို့မှာ သူငယ်ချင်းများနှင့် သိပ်

မတူ ။ ကလေးပေါတာကြီး နှင့် အထိန်းတော်ကြီး လိုသာ ပိုတူလေသည် ။


ကျွန်တော် သည် ဧည့်ခန်းထဲဝင်စက ရုတ်တရက် မမြင်ရသော အိမ်ထောင်ပရိဘောဂများကို

နီရောင်ယှက်သန်းသော မှုန်ဝါးဝါးအလင်းရောင်တွင် တွေ့မြင်နေရလေသည် ။


မမြမှီ သည် ကျွန်တော့်အား ဦးခင်မောင် အိမ်မှာ မရှိသော အချိန်ကို ရွေးချယ်၍ ခေါ်လာဟန်တူသည် ။

အကြံပိုင်လှသော မမြမှီ ပါတကား ။ လွတ်လွတ်လပ်လပ် ဖြစ်နေသော မုဆိုးမ မမြမှီ အပေါ်တွင်

ကျွန်တော် ဘယ်လို သဘောထားရမည်နည်း ။ တရားဝင် အကြင်လင်မယား အဖြစ်ဖြင့် နေဖို့

ပြောဆိုရတော့မည်လော ။ ကျွန်တော့် ကြောင့် ဘဝကို တွယ်တာဆုပ်ကိုင်နေသော မမြင့်ဦး အား

သစ္စာဖောက်တော့မည်လော ။ အို ခဏခဏ တွေဝေတတ်သော ငတင်ထွန်း ။ ဘယ်အသက် ၊

ဘယ်အရွယ်ထိ တွေဝေဦးမည်နည်း ။ ခု ဘယ်ဘက်သို့ ယိမ်းယိုင်ဦးမည်နည်း ။


သိန်းသိန်း သည် ထွက်လာပြီး ဣန္ဓြ ကြီး တစ်ခွဲသားလောက်နှင့် -


“ ကိုတင်ထွန်း ဘာများ စားဦးမှာလဲ ၊ အားမနာပါနဲ့ ၊ ကျွန်မ မအိပ်ခင် စီစဉ်ပေးခဲ့ပါ့မယ် ” 


“ နေပါစေဗျာ ၊ ဒုက္ခမရှာပါနဲ့ ၊ ညဉ့်နက်လှပါပြီ ” 


“ ရှင် တကယ် မဆာလို့လား ” 


“ မဆာပါဘူး ကိစ္စ မရှိပါဘူး ” 


“ ဒါဖြင့် ကျွန်မ ကို ခွင့်ပြုပါနော် ၊ ဆရာဝန်က ညဉ့်နက်အောင် မနေရဘူးလို့ တားမြစ်ထားလို့ပါ ” 


“ ဪ ဟုတ်လား ၊ အိမ်သည်ရဲ့ အပြစ် မဟုတ်ပါဘူး ၊ ဧည့်သည်ရဲ့ အပြစ်ပါ ။ ဧည့်သည်က

ညဉ့်နက်ကြီးမှ လာတာကိုး ” 


ကျွန်တော် ပြောလို့မှ မဆုံးမီ သိန်းသိန်း သည် အပေါ်ထပ်သို့ တက်သွားလေပြီ ။ ကျွန်တော်တို့

နှစ်ယောက်တည်း နေရစ်ခဲ့ရန် သိန်းသိန်း က တမင် ရှောင်ပေးသလို ဖြစ်နေသည် ။ အတော်

ကြောင်သော အလုပ် ၊ အလွန် ဗြောင်ကျသော အလုပ်ပါတကား ။ မထူးတော့ပါဘူး ၊ လျှို့ဝှက်ထားဖို့ မလိုတော့ပါဘူးဟု ယူဆကာ ခုလို ဗြောင်ကျကျ စီစဉ်ထားခြင်း ဖြစ်ဟန်တူသည် ။


မမြမှီ သည် ကျွန်တော် နှင့် အတိအလင်း တရားဝင် အကြင်လင်မယား အဖြစ်ဖြင့် နေရန်ု ဆုံးဖြတ်ပြီး

ဖြစ်ကောင်း ဖြစ်ပေလိမ့်မည် ။ သို့ကလို တွေးမိသည်နှင့် တစ်ပြိုင်နက် ပျော့ခွေနွမ်းလျပြီး နေရှာသည့် မမြင့်ဦး သည် ကျွန်တော့် အား ကိုယ်ထင်ရှားပြလာသည် ။ မြင့်မားသောတောင်ကြီး

ကျော်တက်နိုင်ရန် ကျွန်တော့် ညာလက်မောင်းကို ဖက်ကိုင်၍ ပခုံးတွင် ခေါင်းမှီထားသည် ။

ကျွန်တော် သည် မမြင့်ဦး အား သနားလာ၏ ။ ရင်တွင်းက ဖိုလှိုက်လာ၏ ။ ခေါင်းမှာ ငိုက်စိုက်ကျနေ၏ ။


“ မောင်လေး မမ ကို ကြည့်စမ်း ”  ဟု မြူးထူးသော အသံ နှင့် မမြမှီ က ပြောလိုက်တော့မှ မော့ပြီး

ကြည့်လိုက်လေသည် ။ ကျွန်တော့် မှာ အံ့ဩသွားလေသည် ။ မမြမှီ သည် ဂျပန်မများ ၏ ကီမိုနို နှင့်

တူသည့် ညဝတ်ရုံကြီးကို ဝတ်ထားသည် ။ တဖိတ်ဖိတ်တောက်နေသော အစိမ်းရောင်ဖဲစတွင်

အနုပညာမြောက်စွာ ပန်းထိုးထားရာ ရင်သား တစ်ဖက်တစ်ချက်တွင် နွယ်တက်နေသော ပန်းခက်ကြီး နှစ်ခက် နှင့် ဝဲပျံနေသော လိပ်ပြာ နှစ်ကောင် တို့သည် ထင်ရှားလှပေ၏ ။ ဖဲစ ၏ အစိမ်းရောင်ပေါ်ဝယ် မီးတိုင်မှ ခပ်မှုန်မှုန်အနီရောင် ပက်ဖျန်းယှက်ကူးနေပုံမှာ တစ်မျိုးလှနေ၏ ။ ခုနင်က

ကျစ်လျစ်စွာ ဘီးကျော်ပတ်ထားသော ဆံထုံးကို ဖြေလျော့ကာ ကပိုကရို တစ်ပတ်ရစ်ပြီး

ဘယ်ဘက် ပခုံးပေါ်မှာ ဆံမြိတ်ချထားသည် ။


မမြမှီ သည် ငှက်များ လည်ဆံ ဖွ၍ မော့ကာကော့ကာ အလှပြသလို ကျွန်တော့် ရှေ့မှာ ကြော့ဟန်

နော့ဟန်တွေ ပြနေ၏ ။


ကျွန်တော် က မမြမှီ အား ရီဝေစွာကြည့်ပြီး -


“ မမ ကလည်း ဘယ်လို ဝတ်ထားတာမှန်းလည်း မသိဘူး ၊ ဂျပန်မကြီး နဲ့ တူနေတယ် ” 


“ ဟုတ်လား ၊ ဂျပန်တွေ ခေတ်ကောင်းတုန်း ဂျပန်မ နဲ့ တူရင် ကောင်းတာပေါ့ကွယ် ဟဲ ဟဲ ၊ ကဲပါလေ

ဂျပန်မ နဲ့ တူတူ ၊ အင်္ဂလိပ်မ နဲ့ တူတူ လှကောလှရဲ့လား ” 


ဤကား မသဘာဝတည်း ။ လှကြောင်း အမြဲ သတိရနေချင်သည် ။


ကျွန်တော် က နောက်တောက်တောက် ပြုံးပြီး -


“ လှပုံက တစ်မျိုးကြီးပဲ ” 


မမြမှီ သည် ကျွန်တော့် ဘေးမှာ ထိုင်ချလိုက်ပြီး -


“ ဘယ်လို တစ်မျိုးကြီးလဲ ၊ ပြောစမ်းပါဦး မောင်ရယ် ” 


ဆိုဖာတွင် အိဆင်းသွားသော မမြမှီ ၏ ကိုယ်ခန္ဓာ သည် ကျွန်တော့် ဘက်သို့ ယိမ်းလာနေသည် ။


“ ခါတိုင်းနဲ့ မတူဘဲ လှလို့ လှပုံက တစ်မျိုးကြီးပဲလို့ ပြောတာပေါ့ ၊ ဆံမြိတ်ချပုံတောင် ခါတိုင်းနဲ့

မတူဘူး ” 


“ ဪ ဟုတ်လား ” 


မမြမှီ သည် သူ့ ဆံမြိတ် ကို လက်ကလေး နှင့် ယုယပြီး ကျွန်တော့် ပါးပြင်ကို ဆံညွန့်ဖျားကလေးများနှင့် ပွတ်သပ်သည် ။ ကျွန်တော့် ကိုယ်ခန္ဓာ သည် အထူး ဝါယမမစိုက်ထုတ်ရဘဲ မမြမှီ ဘက်သို့

ယိမ်းသွားလေသည် ။ မမြမှီ ထံမှ ပျံ့လွင့်နေသော ရေမွှေးနံ့ ပေါင်ဒါနံ့ အမွှေးအကြိုင် တို့သည်

ကျွန်တော့် အား မူးယစ်စေလေသည် ။


“ မမ ရဲ့ မျက်နှာကလည်း တစ်မျိုးကြီး လှနေတယ် ” 


“ အို ဆိုစမ်းပါဦး ဘယ်လို တစ်မျိုး လှရပြန်တာလဲ ” 


“ မှုန်ရီရီနဲ့ ရောင်နီပြေးနေတဲ့ မီးရောင်ထဲမှာ မမ ရဲ့ မျက်နှာဟာ လင်းအရုဏ်ရောင်နီမှာ ပွင့်အာ

လာတဲ့ ပဒုမ္မာကြာ လိုပဲ ” 


မမြမှီ သည် ကျွန်တော့် ကို တစ်အားဖက်လိုက်သည် ။


“ အမယ်လေး ၊ ပြောတတ်လိုက်တာနော် ။ ဒီစကားမျိုးတွေနဲ့ မမ ကို အရူး မလုပ်ပါနဲ့ကွယ် ” 


“ တကယ် ပြောနေတာပါ မမ ရဲ့ ” 


မမြမှီ ၏ မျက်နှာသည် ညှိုးသွားသည် ။


“ မယုံပါဘူးကွယ် ။ မောင်လေး ဟာ မမ ကို တကယ် လှတယ် ၊ တကယ် ချစ်စရာ ကောင်းတယ်ထင်ရင်

ဒီလို ဘယ်နေမှာလဲ ” 


“ ကျွန်တော်က ဘယ်လိုနေလို့လဲ“ 


“ အေးစက်စက်နဲ့ပါကွယ် ။ မမ ဟာ မသိနားမလည်တဲ့ အပျိုဖြန်းကလေး မဟုတ်ပါဘူး ၊ လေးဆယ်

နား ကပ်နေတဲ့ မုဆိုးမ ပါ ” 


“ အို လေးဆယ် နဲ့ အပုံကြီး လိုပါသေးတယ် ။ ကပ်နေပြီလို့ မပြောပါနဲ့ ” 


“ မမ နားလည်ပါတယ် ကွယ် ၊ မအားလို့ မအားလို့ ဆိုပြီး မလာတာ ၊ စင်စစ်မှာတော့ မလာချင်လို့

မလာတာပါ ။ ယောကျာ်းကလေးတစ်ယောက် ဟာ မိန်းမတစ်ယောက် ကို တကယ်ချစ်ရင်

ဘယ်လောက် အလုပ်များများ ဘာတွေက တားဆီးထားထား ရောက်အောင် လာတာပဲ ။

မောင်လေး ဟာ လူပျိုလူရွယ် လူငယ်ပါကွယ် ၊ လာချင်ရင် ဘာမှ ငဲ့ကွက်နေမှာ မဟုတ်ပါဘူး ” 


အတွေ့အကြုံ များပြီး ရင့်ကျက်သော မမြမှီ ပြောသော စကားတွေ မှန်ပါသည် ။ ကျွန်တော် ချေပစရာ

ဘာတစ်ခုမျှ မရှိပါ ။


“ ကဲ မမ ကို ပြောစမ်းပါ ၊ အမှန်ကို ပြောစမ်းပါကွယ် ၊ မမ ကို ဘာဖြစ်လို့ အဆက် ဖြတ်ဖြတ်

ထားတာလဲလို့“ 


ကျွန်တော် ကား နောက်ထပ် ဆင်ခြေ မပေးလိုတော့ပြီ ။ အမှန်တွေကိုသာ ရှင်းပြချင်သည် ။

ရင်တွင်းက ကျွန်တော့် ခံစားချက်များကို ဖွင့်ဟပြချင်ပေပြီ ။ သို့သော် ရှေ့အဖို့ ဆုံးဖြတ်ချက်

 တစ်စုံတစ်ရာ အခိုင်အမာ ရှိထားမှ ပြောလို့ ကောင်းပေမည် ။ မမြမှီ နှင့် တရားဝင် အကြင်လင်မယား

အဖြစ်ဖြင့် နေရန် ကျွန်တော် က ယတိပြတ် ဆုံးဖြတ်ထားဖို့ လိုသည် ။ ထိုခဏအထိ ထို

ဆုံးဖြတ်ချက်သို့ ကျွန်တော် မရောက်ချေ ။ ကျွန်တော့် အား ဘဝ၏ မျှော်လင့်ချက်အဖြစ်ဖြင့်

ဆုပ်တွယ်၍ သေမင်း နှင့် တိုက်ပွဲဆင်နေရှာသော မမြင့်ဦး ကို သစ္စာ မဖောက်လို ။ ထိုခဏ၌

ကျွန်တော့် အသည်းနှလုံးမှာ နှစ်ခြမ်းကွဲနေပေသည် ။ တစ်ခြမ်းမှာ မမြမှီ ထံ ၊ အခြား တစ်ခြမ်းမှာကား

မမြင့်ဦး ထံ ရောက်နေ၏ ။ စိတ်ဆင်းရဲလှ၏ ။ ငိုပင် ငိုချင်ပါသည် ။


မမြမှီ သည် ကျွန်တော် ၏ ငိုမဲ့မဲ့ မျက်နှာကို အကဲခတ်မိဟန် ရှိသည် ။ ကျွန်တော့် အတွင်းစိတ်ကို

ရိပ်မိဟန်ရှိသည် ။ ကျွန်တော့် ကို များစွာ သနားသွားဟန်တူသည် ။ မမြမှီ ၏ မျက်နှာမှာလည်း

ညှိုးသည် ထက် ညှိုးလာသည် ။


“ ကဲလေ ပြောရမှာခက်လည်း မပြောပါနဲ့တော့ကွယ် ” 


မမြမှီ ၏ အသံမှာ ဆို့နစ်သွား၏ ။ မျက်လုံးများမှာ မျက်ရည်ဝေ့လာသည်ကို မြင်ရ၏ ။ ထို့နောက်

မမြမှီ သည် ကျွန်တော့် အား တင်းကျပ်စွာဖက်ပြီး အကြိမ်ကြိမ် ဘယ်ပြန်ညာပြန် နမ်းလေသည် ။

ထိုအခါ ကြေကွဲစိတ်တွေ ဝမ်းနည်းစိတ်တွေ နေရောင်ခြည်အောက် နှင်းပေါက်တွေ ပျောက်သလို

ပျောက်ကုန်ကြ၏ ။ ယင်းတို့နှင့်အတူ မမြင့်ဦး အပေါ်တွင် ပန္နက်ထားသော သစ္စာတရား သည်လည်း ပျောက်ကွယ်သွားလေတော့၏ ။ ကျွန်တော် သည် မမြမှီ ၏ တရားဝင် အကြင်

လင်မယား အဖြစ်ဖြင့် ရာသက်ပန် ရိုးမြေကျနေရန် ဆုံးဖြတ်လိုက်လေသည် ။ ထို ဆုံးဖြတ်ချက်

ကိုလည်း အပြီးအပိုင် အခိုက်အမာဖြစ်စေရန် မမြမှီ အား ချက်ချင်းပြောပြဖို့ လိုလေသည် ။


“ မမ ကျွန်တော် တစ်ခု ပြောမယ်နော် ” 


“ အို တစ်ခု မကပါဘူး ၊ နှစ်ခုတောင် ပြောနိုင်ပါတယ် ။ ဟဲ ဟဲ မောင်တော်ဘုရား အမိန့်သံ

နာခံလျက်ရှိပါတယ် မောင်မောင် ” 


“ ကျွန်တော် က အတည်ပြောမယ်လို့ဗျ ” 


ကျွန်တော် သည် ကိုယ် ကို မမြမှီ ထံမှ ခွာလိုက်ပြီး မျက်နှာထား တည်လိုက်လေသည် ။ ထိုအခါမှ

မမြမှီ က ခပ်တည်တည်ဖြင့် -


“ အင်း ဆိုစမ်းပါဦး ” 


“ ကျွန်တော် ဟာ မမ ကို တကယ့် မေတ္တာစစ်နဲ့ ချစ်ပါတယ် ။ အပေါ်ယံ ချစ် ၊ တဏှာ ချစ် ၊ ငွေချစ်မျိုး

မဟုတ်ပါဘူး“ 


“ ငွေကြေးစကား ထည့်မပြောပါနဲ့ မောင်လေးရယ် ” 


“ တကယ့်မေတ္တာစစ် နဲ့ ချစ်ပေမယ့် ဟိုတုန်းကတော့ မမ က မလွတ်လပ်ဘူး ၊ မလွတ်မလပ်ကြီးနှင့်

 ကျွန်တော် နဲ့ အလွန်အကျူး ဖြစ်ခဲ့တယ် ။ ကျွန်တော်ဖြင့် ဗမာအနေ ၊ ဗုဒ္ဓဘာသာတစ်ယောက်

အနေနဲ့ စောင့်ထိန်းရမယ့် အခြေခံသီငါးပါး မှာ ကာမေသုမိစ္ဆာစာရကံ ကို ကျူးလွန်မိပြီ ဆိုပြီးတော့

အထူး နောင်တရတယ် ၊ လိပ်ပြာမသန့် ဖြစ်ခဲ့တယ် ၊ ကိုယ့်ကိုယ်ကိုယ် ရှက်ခဲ့တယ် ” 


“ အတိတ်တွေ ထည့်ပြောနေဦးမှာလားကွယ် ။ ဒီကိစ္စမှာ မောင်လေး က ဒီလို ပြောရင် မမ ကလည်း

ငါ ဟာ လင်ငယ်နေခဲ့သူပါကလား ဆိုပြီး ငါ အပြစ်တွေ ကျူးလွန်ခဲ့ပြီလို့ စိတ်မကောင်းဖြစ်နေရမှာပဲ ။ အတိတ် ကို အတိတ် မှာ ထားခဲ့ကြစို့လားကွယ် ” 


“ ကျွန်တော် အတိတ်ကို ပြောနေတာက မမ က ကျွန်တော့် အကြောင်း နားလည်အောင် ပြောတာပါ ။

အဲဒီလို လိပ်ပြာမသန့် ဖြစ်ဖြစ်နေလို့ မမ ကို ရှောင်ခဲ့ဖို့ ကြိုးစားခဲ့တာပါ ။ အဆက်ဖြတ်မယ်လို့

ကြိုးစားခဲ့တာပါ ။ မချစ်လို့ မဟုတ်ပါဘူး ၊ ယုံရဲ့လား ” 


“ ယုံပါပြီမောင် ၊ ယုံပါပြီ ။ ရှေ့ အဖို့မှာသာ ရှောင်တောင်တောင် လုပ် လုပ်မနေပါနဲ့ ။ အဆက်

ဖြတ်ဖို့များ မလုပ်လိုက်ပါနဲ့ ဟုတ်လား ” 


“ ဘယ်တော့မှ မရှောင်ရအောင် ၊ ဘယ်တော့မှ အဆက်မဖြတ်ရအောင် ခုလုပ်နိုင်ပြီ ။ မမ ဟာ

လွတ်လပ်သူဖြစ်ပြီ ၊ ဒီတော့ တရားဝင် လင်မယား အဖြစ်ဖြင့် အထင်အရှား နေနိုင်အောင် လက်ထပ်

ယူကြမယ် ။ ကျွန်တော် ပြောပါရစေလို့ ခွင့်ပန်တဲ့ စကားက ဒါပါပဲ ” 


ထိုစကားကို ကျွန်တော် က စိတ်အားထက်သန်စွာ ပြောသည် ။ သို့သော် မမြမှီ က ထိုစကားကြောင့်

စိတ်အားထက်သန်မှု မပြသောအခါ အနည်းငယ် အံ့ဩသွားလေသည် ။


“ ဟုတ်လား မမ ၊ လူသိနတ်ကြား လက်ထပ်လိုက်ကြမယ်လေ ” 


ကျွန်တော် က ထိုအကြံအစည် ကို ရက်ရောစွာ ပေးလိုက်သည် ။ မမြမှီ ကား လက်ခံရန် တွန့်တိုနေသည် ။


“ ဒါတွေ နောက်မှ စဉ်းစားတာပေါ့ကွယ် ။ ကဲ ညဉ့်နက်လှပြီ ၊ မမ တော့ အိပ်ချင်ပြီကွယ် ” 


မမြမှီ သည် မချင့်မရဲ ဖြစ်နေခြင်းကို ရှက်သော အပြုံးဖြင့် ဖုံးလိုက်သည် ။ လက်နှစ်ဖက်ကို

ဆန့်တန်းပြီး သမ်းလိုက်သည် ။


မမြမှီ သည် ကျွန်တော့် အား ကလေးလို သဘောထားဟန် ရှိသည် ။ ကိစ္စကို လှီးလွှဲပစ်လိုက်သည် ။

ကျွန်တော် ကား ကလေး မဟုတ်တော့ပြီ ။


မမ က လှီးလွှဲပစ်တော့မည်ကြံခါမှ ကျွန်တော့် စိတ်သဘောက ပိုပြီး လိုရာသို့ တအားထိုး စီးဆင်းလိုလေသည် ။


“ နောက်မှ စဉ်းစားတာ ကျွန်တော် မလိုချင်ဘူး ။ အခု စဉ်းစားရမယ် ။ ကျွန်တော် ချစ်သလို မမ က

ချစ်ရင် အခု ကျွန်တော် ပြောသလို လုပ်ရမယ် ၊ လက်ထပ်ရမယ် ” 


မမြမှီ သည် သရော်ပြုံး ပြုံးလိုက်သည် ။


“ ဘယ့်နှယ် ဘာများ ဒီလောက် လောကြီးစရာ လိုနေပါသလဲ ကိုယ်တော်လေးရယ် ” 


“ လောကြီးစရာ အကြောင်းရှိလို့ လောတာပေါ့ မမ ရဲ့ ။ ကဲ ပြောပါ ၊ လက်ထပ်မှာလား ” 


“ ဘာလဲ ၊ မမ က လက်မထပ်ဘူး ဆိုရင် မောင်လေး က သည့်ပြင် မိန်းကလေး တစ်ယောက်ကို

လက်ထပ်ယူတော့မယ့်ဆဲဆဲ မို့လား ” 


အပဲ့ပါသော လက်သည် ဆား ကို ဆုပ်ကိုင်၍ မဖြစ် ။ အပဲ့ ပါသောအခါ ဆား ထိပြီး စပ်သည် ။


မမြမှီ ၏ စကားမှာ ကျွန်တော့် အား ထိသွားသည် ။ ကျွန်တော် စိတ်ဆိုးသွားသည် ။ မမြင့်ဦး နှင့်

 ပတ်သက်၍ မမြမှီ မှာ တစ်စုံတစ်ရာ သိနေလေသလောဟုလည်း စိုးရိမ်လာလေသည် ။ ထို့ကြောင့်

ဘာပြန်ချေပရမည်လဲဟုမသိ ဖြစ်နေလေသည် ။ ကျွန်တော့် မျက်နှာတွင် စိတ်ဆိုးစိတ်ညစ် ဖြစ်နေသော အဖြစ်သည် ပေါ်လွင်နေဟန် တူသည် ။ မမြမှီ သည် ကျွန်တော့် အား ကြင်နာယုယစွာ

ကြည့်ပြီး ခပ်ချွဲချွဲ -


“ ဒီလိုမှ မဟုတ်လည်း မမ က မောင်လေး ကို မယူဘဲ သည့်ပြင် ယောကျာ်းတစ်ယောက် ကို ချက်ချင်း

လက်ထပ်ယူတော့မယ်များ ထင်နေလို့လား ” 


ကျွန်တော်က စိတ်ကောက်နေသော အမူအရာ ဖြင့် -


“ ဘာ့ကြောင့်ပဲ ဖြစ်ဖြစ် လူသိနတ်ကြား လက်ထပ်ယူရမယ် ” 


“ ဖြစ်ပါ့မလား မောင်လေ းရယ် ၊ ခုဆုံးဖြတ်လို့ ဖြစ်ပါ့မလား ။ လင်သေတာ မကြာသေးဘူး ၊

နောက်ထပ် တစ်ယောက် ယူလိုက်ပြီဆိုတော့ လူအများက မကဲ့ရဲ့ပေဘူးလား ” 


“ ကဲ့ရဲ့ကော ဘာဖြစ်လဲ ။ ကိုယ့်နှာခေါင်းနဲ့ ကိုယ် အသက်ရှူတာပဲ ၊ သူများနှာခေါင်းနဲ့ အသက်ရှူ

တာမှ မဟုတ်ဘဲ ” 


မမြမှီ က မချိပြုံး ပြုံးလိုက်သည် ။ ပြီးတော့ ထိုင်ရာမှ ထရန် ပြင်ရင်း -


“ ချက်ချင်းတော့ မဖြစ်နိုင်ပါဘူးကွယ် ၊ စကားဆိုတာ ဘယ့်လောက်ကားမှာလဲဆိုရင် ချက်ချင်း

လက်ထပ်လိုက်ရော ဆိုပါတော့ ။ လင်ကလေး နဲ့နေချင်လို့ လင်ကြီး ကို သတ်လိုက်တယ်ဆိုပြီး

ပြောချင်ပြောကြမှာ သိလား ။ သူ့ဘက် အမျိုး ၊ ကိုယ့်ဘက် အမျိုးက ပိုဆိုးလိမ့်ဦးမယ် ။ ခု

မမ အိမ်မှာလေ ဆွေမျိုးတွေ ရောက်နေတယ် ။ ကိုထွန်းဝင်း ဘက် ကရော ၊ မမ ဘက် ကရော ။

အချင်းချင်း အတင်းတွေ လျှောက်ပြော ၊ သူများ အတွင်းတွေ လျှောက်ပြော ၊ စကားများ ရန်ဖြစ် ။

မမ ဖြင့် နားငြီးလွန်းလို့ သူတို့ မပြန်မချင်း မမ တော့ အိမ်ပြန်မကပ်ချင်ဘူး ။ အဲဒီ ဆွေမျိုးတွေက စပြီး

စကားတွေ အမျိုးမျိုး ပြောကြမှာ ၊ ကဲ့ရဲ့ကြမှာ သိရဲ့လား ” 


မမြမှီ သည် မတ်တတ်ထ၍ ကျွန်တော့် ရှေ့ရှေ့တည့်က ကပ်ပြီး ရပ်လိုက်သည် ။ ၎င်းနောက်

ကျွန်တော့် ပခုံးများကို ကိုင်လျက် -


“ မောင်လေး က ဒါတွေ ဘာမှ မသိဘူး ၊ ဒါ့ကြောင့် ခု မစဉ်းစားကြနဲ့ဦးစို့နော် ၊ ဟုတ်လား ။ ကဲထပါ

အိပ်ကြမယ် ” 


ကျွန်တော် ကား ခေါင်းငိုက်စိုက်ချပြီး စိတ်ကောက် သလို မူနေလေသည် ။ သို့သော် စိတ်ကောက်နိုင်

စရာကား အကြောင်း မရှိတော့ချေ ။


“ ကျွန်တော် က နေ့ချင်းညချင်း လက်ထပ်ရမယ်လို့ ပြောနေတာမှ မဟုတ်ဘဲ ။ ခုပြောနေတာက

နှစ်လ တန်သည် သုံးလ တန်သည် ကြာတော့ အထင်အရှား လင်မယား အဖြစ်ဖြင့် နေရအောင်

လက်ထပ်ဖို့သာ ပြောနေတာပဲ ” 


မမြမှီ သည် ကျွန်တော် ၏ ငိုက်ထားသော ခေါင်းကို လက်နှစ်ဖက်ဖြင့် ပွေ့ချီပြီး မော့ပေးလိုက်သည် ။


“ ဪ မောင်လေး ၊ လောကမှာ မောင်လေး မသိတာတွေ အများကြီး ရှိသေးတယ် ၊ တရားဝင်

လင်မယား အဖြစ်နဲ့ အထင်အရှား နေဖို့ ဆိုတာဟာ သိပ်လွယ်တာ မဟုတ်ဘူး ။ အဖက်ဖက်က

စဉ်းစားပြီးမှ ဆုံးဖြတ်ရတဲ့ အရာပါကွယ် ။ ဒါကြောင့် မမ ကို ခုဆုံးဖြတ်ပါလို့ အတင်း ဇွတ်

မခိုင်းသင့်ပါဘူးကွယ် ” 


“ ဟာဗျာ ဆုံးဖြတ်ရမှာပ ” 


“ နောက်တော့ ဆုံးဖြတ်တာပေါ့ကွယ် ။ ခု အရေးကြီးတာက မောင်လေး က မမ ကို ချစ်ချင်တိုင်း

မချစ်နိုင်ဘူးလား ၊ ချစ်နိုင်တယ် ။ မမ က မောင်လေး ကို ချစ်ချင်တိုင်း မချစ်နိုင်ဘူးလား ၊ ချစ်နိုင်တယ် ။ ဘာမှ အတားအဆီး မရှိဘူး ။ လင်မယား လိုကော မနေနိုင်ဘူးလား ၊ တရားဝင်ဝင် မဝင်ဝင်

နေနိုင်တာပဲ မဟုတ်လား ။ ဘယ်သူမှ မတားဆီးနိုင်ဘူး ။ ဒါပဲ အရေးကြီးတာ မဟုတ်လား ၊

ဒီပြင်ဟာ ဘာပူစရာ ရှိသလဲ ” 


ကျွန်တော် သည် မမြမှီ အား ယခုထိ ကျွန်တော် ဘာ့ကြောင့် လက်ထပ်ယူလိုသည့် အကြောင်းရင်းကို

မပြောခဲ့ ။ သို့အကြောင်းသည် မှန်လွန်း အားကြီးသဖြင့် မမြမှီ နားမခံနိုင်မှာ စိုးရိမ်သည် ။

ကျွန်တော် ကိုယ်တိုင်ကလည်း စူးရှလွန်းသော မီးရောင်ကို မျက်နှာလွှဲထားသလို မှန်လွန်းသော

အကြောင်းကို မေ့ထားလိုသည် ။ တကယ်ဆိုသော် ပြန်လည်ဆက်စပ် မရအောင် ပြတ်သွားမည်

ကိုလည်း စိုးရိမ်လေသည် ။ ယခုမူ မပြောမပြီးတော့ချေ ။


“ တရားဝင် လင်မယား အဖြစ်နဲ့ လူသိနတ်ကြား မနေရရင် ဒီအတိုင်းတော့ မနေချင်ဘူး ၊ ဒီအတိုင်း

နေရင် ကျွန်တော်ဟာ လင်အမြှောင်ကလေးသာ ဖြစ်နေမှာပဲ ၊ အဲဒါကို ကျွန်တော် ရှက်တယ် ” 


ကျွန်တော့် အသံမှာ နာကျည်းသံ ဖြစ်သည် ။ ငိုသံ တစ်ပိုင်းလည်း ဖြစ်သည် ။ မမြမှီ သည် ကျွန်တော့်

ရှေ့ ကြမ်းပြင်ပေါ်မှာ ဒူးထောက်၍ ထိုင်ချလိုက်ပြီး ကျွန်တော့် ရင်ခွင်ထဲတွင် ခေါင်းဝင်ကာ

ငိုသံဖြင့် -


“ ဒီစကား မပြောပါနဲ့ကွယ် ၊ မိုးကြိုးပစ်လိုက်သလို ပါပဲကွယ် ၊ လင်မြှောင်လို့ မခေါ်ပါနဲ့ကွယ် ” 


မမြမှီ သည် ဖိုလှိုက်ဖိုလှိုက်နှင့် ရှိုက်လာသည် ။ မျက်ရည်ဖြိုင်ဖြိုင် ကျလာသည် ။


“ ဒီလိုပြောလည်း မပြောပါနဲ့ကွယ် ။ သဘောလည်း မထားပါနဲ့ကွယ် ။ အခက်အခဲ တွေရှိသေးလို့

လက်မထပ်နိုင်သေးလို့ ပြောနေတာပါကွယ် ” 


မမြမှီ သည် ကျွန်တော့် ခါးကို ဖက်ပြီး ရင်ခွင်ကို ခေါင်းနှင့် ဝှေ့ကာဝှေ့ကာ ငိုလေသည် ။


ကျွန်တော့် စိတ်မှာ ရီဝေနေလေပြီ ။ သနားသလိုလို ဖြစ်လာသည် ။ ပြောမိတာ မှားသလိုလို ထင်လာသည် ။ ကျွန်တော် ကပဲ ယုယပိုက်ထွေးရပြန်သည် ။ ကျွန်တော် ကပဲ ချော့မော့ရပြန်သည် ။

ကျွန်တော် ၏ ကိုယ်ခန္ဓာကား ရုန်းကန်ထွက်၍ မရအောင် ပိုက်ထဲမှာ မိနေပြန်လေပြီ ။ အနီရောင်

ယှက်သန်းနေသည့် မှုန်ရီရီအလင်းတွင် အစိမ်းရောင်ဖဲဝတ်ရုံ လွှမ်းခြုံထားသော မမြမှီ မှတစ်ပါး

မည်သည့် အရာကိုမျှ ကောင်းစွာ မမြင်ရတော့ချေ ။ စိတ်အာရုံကလည်း မမြမှီ အပေါ်တွင်သာ စုပုံပြီး

ကွန့်မြူးနေလိုသည် ။ သို့သော် မှောင်နေသော ဥမင်လိုဏ်ခေါင်းကြီးထဲမှာ လင်းကွက် သေးသေးကလေး ပေါ်လာသလို အသိဉာဏ်တစ်ခုသည် ဗြုန်းခနဲ ထင်လင်းလာလေသည် ။ လင်မြှောင်

ဘဝမှ တကယ် လွတ်မြောက်လိုလျှင် မမြမှီ အနီးသို့ လုံးဝမကပ်ဘဲ အဝေးကနေရန်ဖြစ်လေသည် ။  ။


◾သိန်းဖေမြင့်


📖 အရှေ့က နေဝန်းထွက်သည့်ပမာ


koaungnaingoo.blogspot.com


.

ငါးသောင်းတန် အိပ်မက်


 

❝ ငါး‌သောင်းတန် အိပ်မက် ❞

ကျွန်တော့် တစ်ဝမ်းကွဲ အစ်ကို လူပျိုကြီး ကိုသင်းမောင် သည် ယနေ့ည မိန်းမခိုးရမည် ဖြစ်၍ ရဲဆေးတင်သည့် အနေဖြင့် ရမ်သုံးပက်ကို အဝင်ကောင်းအောင်ဆိုပြီး အအေးတစ်ပုလင်းနဲ့ ရောသောက်ထားလိုက်သည် ။

သူများ သမီးကို တာဝန်ကြီး တစ်ခုအနေဖြင့် လုပ်ကျွေးရမှာ မသဒ္ဓါ၍ လူပျိုကြီးဘဝနဲ့ နေလာခဲ့တာ အသက်ငါးဆယ်ကျော် မှ မလွှဲသာ၍ ယနေ့ည မိန်းမ ယူရတော့မည် ဖြစ်သည် ။

ယနေ့ည ၉ - နာရီတွင် ရပ်ကွက် ဆွမ်းလောင်းသင်း ဓမ္မာရုံဘေးက အမှောင်ရိပ်မှာ မချောခင် နှင့် ဆုံကြရန် ချိန်းဆိုထားသည် ။ အခုမှ ၇ - နာရီပဲ ရှိသေးသည် ။ အိမ်ကထွက်ပြီး ဆယ်မိနစ်ခန့် လမ်းလျှောက်သွားလိုက်ရုံဖြင့် ဓမ္မာရုံ အမှောင်ရိပ်ကို ရောက်နိုင်သည် ။ အချိန်အများကြီး လိုသေးသည် ။ အပေါ်ထပ် ထပ်ခိုး ဝရန်တာကို ခေါင်းတိုက်ပြီး သင်ဖြူးဖျာတစ်ချပ် ခင်းလိုက်သည် ။ ခေါင်းအုံး နှစ်လုံးဆင့် အုံးပြီး ဖက်ခေါင်းအုံးရှည်ကြီးကို ဖက်အိပ်လျက် ဒူးယားတစ်လိပ် မီးညှိဖွာလိုက်သည် ။ အောက်ထပ်က ဘုရားစင်ရှေ့မှာ မိခင်ကြီး ဘုရားရှိခိုးပြီး ဂုဏ်တော် ပုတီးစိပ်နေတာကို မြင်နေရသည် ။

အဖေ ဆုံးပြီးကတည်းက အမေအိုကြီး ကို ပြုစုစောင့်ရှောက်ပြီး လူပျိုကြီး ဘဝနဲ့ နေလာခဲ့သည် ။ အသက်ငါးဆယ် ကျော်မှ ပြဿနာ ပေါ်တော့သည် ။

ရပ်ကွက်ဈေးထဲမှာ အထည်ဆိုင်ဖွင့်ပြီး အဝတ်ဟောင်း အပေါင်ခံ ပြန်ရောင်းလုပ်သည့် မုဆိုးမ မချောခင် ကို အချောင် ရမလားလို့ ပိုးကြေးပန်းကြေး ပေးသည့်အနေဖြင့် ငွေထုတ်ချေးခဲ့သည် ။ “ တစ်ရာကို သုံးကျပ်တိုး ပေးပါမည် ကူညီပါ အစ်ကိုသင်း ရယ် ” ဟု ပြောပြီး ချေးခဲ့သဖြင့် ခေါင်းငြိမ့်လိုက်မိသည် ။ ဝန်ထမ်းအသက်အာမခံ စုငွေနှင့် အတွင်းပစ္စည်းအချို့ကို ထုခွဲရောင်းချလို့ ရတာလေး စုပေါင်းပြီး ငွေငါးသောင်းတိတိ မချောခင် ကို ထုတ်ချေးခဲ့သည် ။

ဌာနဆိုင်ရာမှ ရမည့် လုပ်သက်ပင်စင် လစာ ငါးရာ နှင့် မချောခင် ထံမှ ရမည့် အတိုးငွေ တစ်ထောင့်ငါးရာ ပေါင်းလျှင် လစဉ် ဝင်ငွေ နှစ်ထောင်ကျပ် ဖြစ်မည် ။ အိမ်စရိတ်က တစ်လမှ တစ်ထောင်လောက်သာ ကုန်၍ သားအမိ နှစ်ယောက် လောက်ငှသည့်အပြင် ပို၍ပင် နေသေးသည်ဟု တွက်ထားခဲ့သည် ။ ငွေထုတ်ချေးပြီး တစ်လ နှစ်လ လောက်သာ မချောခင် ဆီက အတိုးကို ပြည့်ပြည့်၀၀ ရခဲ့သည် ။ နောက်ပိုင်း လတွေမှာတော့ ငါးရာ ကျန် ၊ တစ်ထောင် ကျန်ဖြင့် မူမမှန် ဖြစ်လာသည် ။ နောက်ဆုံးတော့ ထုံးစံ အတိုင်းပေါ့ ၊ ( လုံးဝ အတိုးမပေးနိုင်တော့ပါဘူး ၊ အရင်းကိုသာ တဖြည်းဖြည်း ဆပ်သွားပါရစေ ) ဟု တောင်းပန်သလိုလိုဖြင့် ခပ်တင်းတင်း ပြောလာတော့သည် ။ ပြောသာ ပြောသော်လည်း မချောခင် ထံမှ အသံကိုသာ ကြားရသည် ။ ငွေသားကတော့ နောက်ထပ် တစ်ပြားမှ ထွက်မလာတော့ပါ ။

မချောခင် က မော်လမြိုင်သူ လုံးကြီးပေါက်လှ ၊ သားတစ်ယောက် သမီးတစ်ယောက်ရပြီးမှ မုဆိုးမ ဖြစ်ခဲ့ရသည် ။ လင်သေပြီးစ အရွယ်မကျသေးတော့ မှောင်ခိုခေတ်မှာ မြို့မြို့မြက်မြက်ကလေး အလုပ်ဖြစ်လိုက်သေးသည် ။ ခေတ်ကုန်တော့ ဒုံရင်းပြန်ဆိုက်ပြီး ခြောက်ကပ်ကပ် ရပ်ကွက်ဈေးထဲက အဝတ်ဟောင်းဆိုင်မှာပဲ ပြန်ထိုင်ရတော့သည် ။ ရပ်ကွက်‌ဈေး က ခြောက်ကပ်ပေမယ့် မချောခင် ဆိုင်က မခြောက် ၊ ကိုသင်းမောင်ကြီး ထံမှ ရထားသည့် ငွေတွေကို နေ့ပြန်တိုး ပေးထားတော့ အတိုးလာဆပ်ကြသည့် ခေါင်းရွက်ဗျပ်ထိုး ဈေးသည်လေးတွေနဲ့ စိုပြည် ဆူညံနေလေ့ရှိသည် ။

အသက်လေးဆယ် ကျော်ပေမယ့် ဆင်တတ်ပြင်တတ် ဝတ်တတ်စားတတ်တော့ တင်းတင်းရင်းရင်း မို့မို့မောက်မောက်တွေက ကျန်သေးသမို့ သူ့ဆိုင်မှာ မဝယ်ဘဲ ထိုင်သူတွေဖြင့် စည်ကားနေလေ့ရှိသည် ။ အဲဒီအထဲမှာ ကျွန်တော့် အစ်ကို လူပျိုကြီး ကိုသင်းမောင် လည်း ပါသည် ။ ငွေငါးသောင်း ထုတ်ချေးထားသူ ဆိုတော့ ဦးစားပေးအဆင့် သတ်မှတ်ခြင်း ခံရသည့်အပြင် ထမင်းချိုင့် ဖွင့်ကျွေး ၊ လက်ဖက်သုပ် ဂျင်းသုပ်ကလေးများ ချကျွေးပြီး ဧည့်ခံရသူများ စာရင်းမှာလည်း ပါသည် ။

မချောခင် အနီးမှာ ကပ်ထိုင်ပြီး ငွေငါးသောင်း ပြန်လည်ရရှိရေးအတွက် နောက်သလိုလိုနဲ့ ချောက် ၊ မြှောက်သလိုလိုနဲ့ ချော့ပြီး တောင်းပါသော်လည်း အာညောင်းတာသာ အဖတ်တင်သည် ။ ဘာအကြောင်းမှ ထူးလာဖို့ မမြင်သောအခါ ( ဖွတ်မရ ဓားမဆုံး ) ဆိုတာမျိုးတော့ အဖြစ်မခံဘူး ။ ဓားမ ဆုံးမည့်အတူတူ ဖွပ်မ ကို ရအောင် ယူမည်ဟု ကြံစည်ရတော့သည် ။

“ မချောခင် မှာ သားနဲ့ သမီးကလည်း လူပျိုပေါက် ၊ အပျိုပေါက်တွေ ဖြစ်ကုန်ကြပြီပဲ ။ မျက်နှာလွှဲလို့ ရပါပြီ ။ အရွယ်လေး ရှိတုန်း အားကိုးလောက်တဲ့ ယောက်ျား တစ်ယောက်တလေကိုများ မစဉ်းစားတော့ဘူးလား ၊ မိန်းမသား ဆိုတာ ယောက်ျား မဟုတ်တဲ့အတွက် အဖြစ်က မစွံ ၊ အတက်က မချွန်တော့ ကြက်မတွန်လို့ မိုးမလင်းဘူး မချောခင်... စဉ်းစားဦးနော် ... ဟင်း ဟင်း ”

လက်ဖက်ကလေး တစ်တို့ ကောက်ဝါးရင်း နောက်သလိုလို ချောက်သလိုလို လေသံဖြင့် ကာရန် နဘေလေးရော၍ ခပ်သောသော သွေးတိုးစမ်းကြည့်လိုက်သည် ။

“ အောင်မယ်လေး ဒီအတွက်တော့ မပူပါဘူး ကိုသင်းမောင်ရယ် ... ကြက်မတွေ တွန်လို့ မိုးမလင်းတာတော့ မှန်ပါတယ် ... ကြက်ဖတွေ တွန်လို့ မိုးလင်းတာလည်း မဟုတ်ပါဘူး ၊ မိုးလင်းလို့ ကြက်ဖတွေက တွန်တာပါ ။ ကလေးတွေ အဖေ ဆုံးပြီးကတည်းက ဘယ်ယောက်ျားကိုမှ အားမကိုးပဲ သားနဲ့သမီးကို ကျွေးမွေး စောင့်ရှောက်လာခဲ့တာ ရှင်အသိပဲ မဟုတ်လား ၊ ထမင်းတစ်လုတ် စားရဖို့အတွက်တော့ ဘယ်သူ့မှ အားမကိုးဘူးဆိုတာ ရှင် သဘောပေါက် ”

ဈေးသည်ပီပီ ဒိုးဒိုးဒေါက်ဒေါက် ဘိုးဘိုးအောက်ဘောက် ပြန် ပြောချလိုက်တော့ ဘာပြန်ပြောရမှန်း မသိအောင် အကျပ်တွေ့သွားသည် ။ နှစ်ဆယ်ရာစု တက္ကသိုလ်မှာ ဘွဲ့ရခဲ့သော်လည်း လူပျိုလှည့်ရာမှာတော့ ကုန်းဘောင်ခေတ် မူကြိုအဆင့်သာ ရှိသူမို့ လိုရင်းကို မရောက်နိုင် ဖြစ်နေသည် ။ သို့သော် ဖောင်ဖျက်ပြီး နောင်ရိုးတိုက်ပွဲ နွှဲနေရသူမို့ နောက်မဆုတ်သာတော့ပ် တတ်သလောက် မှတ်သလောက် စကားပရိယာယ်လေးများဖြင့် သွယ်ဝိုက်ပြီး ခရီးဆက်နေရတော့သည် ။

“ အားကိုးဖို့ရယ်လို့တော့ ဘယ်ဟုတ်ပါ့မလဲ မချောခင် ရယ် ။ စေတီပုထိုးမှာလည်း ထီးတော်ရှိမှ တင့်တယ်တယ် ။ မြင်းရထားမှာလည်း အလံတံခွန်ရှိမှ တင့်တယ်တယ် ။ မိန်းမသားမှာလည်း လင်သားရှိမှ တင့်တယ်တယ်ဆို မဟုတ်လား .. ဒါပြောချင်တာပါ ”

“ မိန်းမပဲဖြစ်ဖြစ် ယောက်ျားပဲဖြစ်ဖြစ် ဂုဏ်သိက္ခာရှိရှိနေရင် မတင့်တယ်စရာ အကြောင်း ဘာမှ မရှိဘူး ။ လင်ရှိ မယားရှိပြီး သိက္ခာသမာဓိ မရှိရင်သာ မတင့်တယ်တာပါတော် "

ခက်တော့ ခက်နေပါပြီ ... မိန်းမပျက်တွေကို လက်လီဈေး စကားပြောရာမှာ အဆင်ချောသလောက် မုဆိုးမ ဈေးသည် မချောခင် ကို ပုတ်ပြတ်ချိန် ရာမှာ အံမဝင် မြောင်းမတည့် ဖြစ်နေသည် ။

“ လူ့ဘဝမှာ သိက္ခာသမာဓိရှိရုံနဲ့ ဘယ်ပြည့်စုံပါ့မလဲ မချောခင် ရယ် ... သွေးသားက ဆန္ဒပြ တောင်းဆိုတတ်တဲ့ လူ့သဘာဝ အခွင့်အရေးကို ဂုဏ်သိက္ခာ ထိခိုက်မှာစိုးလို့ ထိန်းချုပ်အောင့်အီး သိပ်နေရရင် ဘယ်တရားပါ့မလဲ ၊ မချောခင် လို အရွယ်ကောင်း ၊ ကျန်းမာရေး ကောင်းတဲ့သူ အနေနဲ့ ရင်းနှီးတဲ့ အတွင်းသိ အစင်းသိတွေထဲက လွတ်လွတ်လပ်လပ် ယောက်ျား တစ်ယောက်ကို ယူမယ်ဆိုရင် ဂုဏ်သိက္ခာ ထိခိုက်နိုင်စရာ အကြောင်း မရှိပါဘူးဗျာ ... ”

မချောခင် ကို သူ့လို နုံ တုံတုံ အ တတများ ထင်သလားမသိ ။ သူ့ဟာသူပြောပြီး မလုံမလဲနဲ့ ခေါင်းကြီးငုံ့ထားတော့ မချောခင် က ပြုံးလိုက်သည် ။

“ ဒီမှာ ကိုသင်းမောင် ရှင်းရှင်းနဲ့ဘွင်းဘွင်း ပြောစမ်းပါ ။ ရှင် ကျွန်မကို လူပျိုစကား လာပြောနေတာလား ။ ရှင့်လို လူကိုသာ ဆိုရင် ကျွန်မဘက်က ဘာမှ ငြင်းစရာ အကြောင်း မရှိဘူး ။ အဲ တစ်ခုတော့ ပြောစရာ ရှိတယ် ”

“ ဘာ ... ဘာများလဲဟင် မချောခင် ဘာပြောစရာ ရှိသေးလို့လဲ ”

ကဲ ...အဖြေက ထွက်နေပြီမို့ ရိုက်စစ်စရာပင် မလိုတော့ ။ အငမ်း မရ ဖြစ်နေမှန်း သိသာလှသည် ။

“ ရှင့်ကို ယူလိုက်ရင် ငွေငါးသောင်း ပြန်မဆပ်နိုင်လို့ လူကို ထိုးဆပ်လိုက် ရတယ်လို့ ပြောကြမှာ ကျွန်မ မခံနိုင်ဘူးရှင့် ”

“ ပြောချင်တာတွေ ပြောကြပါစေ မချောခင် ရယ် ၊ ကိုယ်တို့နှစ်ယောက် အချင်းချင်း နားလည်ပြီး သဘောတူလို့ ကြည်ဖြူရင် ပြီးတာပဲ မဟုတ်လား ၊ ပတ်ဝန်းကျင်ကို ဂရုစိုက် မနေစမ်းပါနဲ့ ”

ကိစ္စက ပြီးချင်တော့လည်း လွယ်လွယ်နဲ့ ပြီးသွားသည် ။ ဒါပေမယ့် မချောခင် က သားနဲ့ သမီး အပြင် ယောက္ခမ ၊ ယောင်းမ တွေနဲ့ တိုင်ပင်ပါရစေ ၊ တစ်ပတ်လောက် အချိန်ပေးပါ ဟုပြော၍ အောင့်ပြီး စောင့်လိုက်ရသေးသည် ။ တစ်ပတ်ပြည့်သည့်အခါမှာတော့ မချောခင် ထံမှ တိကျသည့် အဖြေကိုရ သည် ။ လာမည့် စနေနေ့ ည ( ၉ ) နာရီမှာ ရပ်ကွက် ဆွမ်းလောင်းသင်း ဓမ္မာရုံ အမှောင်ရိပ်က စောင့်နေပါ ၊ အဝတ်အစား အပြည့်အစုံဖြင့် ယောက္ခမ ယောင်းမတွေ အလစ်မှာ အိမ်က ထွက်ပြီး ပြေးလာခဲ့ပါမည်ဟု ဆိုသည် ။ ကိုသင်းမောင်ကြီး ဝမ်းသာလွန်း၍ နားရွက်တွေ ထူပူပြီး ခြေဖျား လက်ဖျားတွေ အေးစက်သွားသည် ။

“ ပြောသလို လုပ်နော် ကိုသင်းမောင် ... သစ္စာမရှိ ကတိမတည်လို့ ကျွန်မ အရှက်ကွဲရင်တော့ ရှင် နဲ့ ကျွန်မ သေခန်းပြတ်ပဲ ”

“ စိတ်ချစမ်းပါ ချောရယ် .. ဒီစကားတွေက ကိုသင်း ပြောရမယ့် စကားတွေပါ "

နာမည်ကိုတောင် အပြည့်မခေါ်တော့ပဲ ချောတွေ သင်းတွေ ဖြစ်နေပေပြီ ။ မချောခင် က အသက် လေးဆယ် ကျော်ပေမယ့် အရွယ်က မကျ ၊ အသားအရည်က စိုပြည် လှပနေဆဲ ဖြစ်သည် ။ မချောခင် အနား ကပ်လိုက်လျှင် အမြဲရလေ့ရှိသည့် ကိုယ်သင်းရနံ့ သင်းပျံ့ပျံ့ လေးကိုက စွဲမက်စရာ ဖြစ်နေသည် ။ အပေါ်ထပ် ထပ်ခိုးပေါ်က သင်ဖြူးဖျာပေါ်မှာ အတူ လဲလျောင်းပြီး ၊ လှနေသေးသည့် မချောခင် ၏ မျက်နှာကို တစိမ့်စိမ့် ကြည့်နေမိသည် ။

“ အစ်ကိုသင်း က အသက်ငါးဆယ် ကျော်ပေမယ့် လူပျိုစစ်စစ် ပါဗျ ”

“ ချောကလည်း လေးဆယ်ကျော် မုဆိုးမပေမယ့် လင်သေတာ အနှစ် နှစ်ဆယ် ရှိပြီမို့ အပျိုစစ်စစ်လို ပြန်ဖြစ်နေပါပြီ ကိုသင်းရယ် ”

“ အဲဒါကြောင့် ဟောဒီက ကိုသင်း က မက်ရတာ ချစ်ရတာဗျ ”

အားမလို အားမရ ဖြစ်လာ၍ မချောခင် ၏ ပြည့်ပြည့်ဖြိုးဖြိုး ဖုဖုထစ်ထစ်ကလေးတွေကို ဆွဲညှစ် ၊ ဆွဲဖက်ထားလိုက်မိသည် ။

“ ကဲ …. အိပ်ခန်းထဲ ဝင်ကြရအောင် ... လမ်းထိပ်ကင်းတဲက သံချောင်း ခေါက်ပြီး ဘယ်နှစ်နာရီ ထိုးပြီလဲ မသိဘူး ”

ဒေါင်ဒေါင် ... ဒေါင်ဒေါင် .. ဒေါင်ဒေါင် ... ဒေါင်ဒေါင် ... ဒေါင်ဒေါင်

ကိုသင်းမောင် အိပ်နေရာမှ လူးလဲ ထလိုက်သည် ။ ဖက်ထားသည့် ဖက်ခေါင်းအုံးကြီးကို တွန်းဖယ်လိုက်ပြီး လက်က နာရီကို ကြည့်လိုက်ရာ ည ဆယ်နာရီ ထိုးပြီးနေပြီ ဖြစ်သည် ။ အဝတ်အစား လဲဖို့တောင် သတိမရနိုင်တော့ပဲ အပေါ်ထပ် ထပ်ခိုးပေါ်မှ ပြေးဆင်းပြီး အိမ်ခြံပေါက်ဝအထိ ထွက်၍ ဆွမ်းလောင်းသင်း ဓမ္မာရုံဘက်သို့ လှမ်းမျှော်ကြည့်လိုက်သည် ။

ည ( ၁၀ ) နာရီ သည် လူသွားလူလာ မရှိ ၊ ပကတိ တိတ်ဆိတ်နေပြီဖြစ်သည် ။ မီးမထွန်း ၊ ဟွန်းမတီးပဲ ဖြည်းဖြည်းလှိမ့်ပြီး မောင်းသွားသော ထရပ်ကား မည်းမည်းကြီး တစ်စီးကို မြင်လိုက်သဖြင့် အိမ်ထဲ ပြန်ဝင်လိုက်ရသည် ။

အိမ်ထဲ ပြန်ရောက်တော့လည်း ဆောက်တည်ရာမရ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ ဖြစ်နေသည် ။ ( သစ္စာမရှိ ကတိမတည်လို့ ကျွန်မ အရှက်ကွဲရင်တော့ ရှင် နဲ့ ကျွန်မ နဲ့ သေခန်းပြတ်ပဲ ) လို့ မျက်စောင်းခဲ့ပြီး ပြောခဲ့သော မချောခင် ၏ အသံကြီးကိုသာ ကြားယောင်နေပါတော့သည် ။

◾အဏ္ဏဝါစိုးမိုး

📖 ရွှေအမြုတေ
      ဧပြီလ ၊ ၁၉၉၃ ခုနှစ်

koaungnaingoo.blogspot.com

.

Saturday, October 30, 2021

ပုန်းနေတဲ့ နှလုံးသား


 ❝ ပုန်းနေတဲ့ နှလုံးသား ❞


ဆယ့်ငါး ၊ ဆယ့်ခြောက် လူပျိုပေါက်ဆိုတဲ့အတိုင်း အဲဒီ အရွယ်မှာ ကျွန်တော် နှုတ်ခမ်းမွှေး စ,ထားဖြစ်တယ် ။ ဘာရယ်လို့တော့ မဟုတ်ဘူးပေါ့ဗျာ ။ နည်းနည်းလေး ရှည်ထွက်လာတာနဲ့ ကျွန်တော်က ရိတ်ပစ်လိုက်တယ် ။ ဒီတော့ ရိတ်ထားတဲ့နေရာက စိမ်းဖန့်ဖန့်လေး ဖြစ်နေတာပေါ့ ။ လူပျိုကြီးဂိုက် နဲ့ ကိုယ့်ကိုယ်ကိုယ် သိပ်ခန့်တာပဲလို့လည်း ထင်မိတယ်လေ ။


မှန်ကြည့်တိုင်းလည်း အဲဒီ နှုတ်ခမ်းမွှေးရေးရေးလေးကိုပဲ တသသ နဲ့ လုပ်နေမိတော့တာပဲ ။ ဘာကြောင့်မှန်း ကျွန်တော်လည်း မသိဘူး ။


အဲ .. လူပျိုပေါက် ကတည်းက နှုတ်ခမ်းမွှေးစ,ထားပြီး တသသနဲ့ အရိပ်ကြည့်လာလိုက်တာ ကျွန်တော် တကယ့် လူပျိုကြီးဖြစ်ပြီး ၊ အမိ တက္ကသိုလ်ကြီး မှာ ပညာသင် ၊ ကျောင်းပြီးတော့ လုပ်ငန်းခွင် ဝင်တဲ့အထိပါပဲ ။


ကျောင်းတုန်းက ရည်းစား တစ်ယောက်မှ မထားခဲ့ဖူးခဲ့တဲ့ ကျွန်တော် ၊ လုပ်ငန်းခွင်ထဲရောက်မှ ကောင်မလေး တစ်ယောက်ကို ချစ်မိသွားခဲ့တယ် ။ သူ့နာမည်က ထူးထူးဆန်းဆန်း “ မိဂသီ ” တဲ့ဗျ ။ “ မိဂသီ ” ဆိုတာ သမင် ကို ခေါ်တာလို့ ကျွန်တော် ထင်တာပဲ ။ ဟုတ်မှာပါ ၊ သူ့ မျက်လုံးလေးတွေက သမင် မျက်လုံးလေးတွေလို သိပ်လှတာပဲ ။ သူ မျက်လုံးတစ်ချက် လှန်ကြည့်လိုက်တာနဲ့ ကျွန်တော့် ရင် တစ်ခုလုံး ဗြောင်းဆန်အောင် လှုပ်ရှားလှိုက်ခုန်သွားတတ်တယ် ။ သူ့ အ ကြည့် တစ်ချက်အောက်မှာ ကျွန်တော့် အချစ်တွေ ကြွေကျ သက်ဆင်းကြရှာကုန်တယ် ။


“ မိဂသီ ” ကကျတော့ ဒီလိုဗျ ။ ကျွန်တော် လူပျိုပေါက် ကတည်းက တသသ လုပ်လာတဲ့ စိမ်းဖန့်ဖန့် နှုတ်ခမ်းမွှေး ရေးရေးလေးကို စပြီးရင်ခုန်တာ ဆိုပဲ ။ ဒါကို သူနဲ့ရည်းစား ဖြစ်တော့မှ ကျွန်တော် သိခဲ့ရတာပါ ။ ဒါဆို ဒီနှုတ်ခမ်းမွှေးကြောင့် ကျွန်တော်သိပ်ချစ်ရတဲ့ ကောင်မလေးက ကျွန်တော့်ကို ပြန်ချစ်ခဲ့တယ်ထင်တာပဲဗျာ ။ ဟုတ် မဟုတ်တော့ မသေချာဘူး ။


ဒါပေမယ့် ဒီ နှုတ်ခမ်းမွှေး ကြောင့်ပဲကျွန်တော် သိပ်ချစ်ရတဲ့ ကောင်မလေး နဲ့ လွဲခဲ့ရတာကတော့ သေချာတယ် ။


°°°°°   °°°°°   °°°°°


“ ဒီမယ် ဦးဝင်းအောင် သား ၊ ဦးဝင်းအောင်သား ၊ ကျွန်မ ကို တစ်ဆိတ်လောက် ဝန်ထမ်းအင်အား စာရင်းလေး ကောက်ပေးပါရှင် ၊ ဝန်ထမ်း အတိုးအလျှော့ ရှိ ၊ မရှိ လည်း တစ်ခါတည်းစစ်ပေးပါဦး ”


တကယ်ပါပဲဗျာ ။ ကျွန်တော် “ မိဂသီ ” ကို တော်တော်အံ့သြမိတယ် ။ ကျွန်တော့် နာမည် ကျော်မြတ်သူ ပါဆိုတာကို အခါ တစ်ရာမက ပြောပြပြီးတာတောင် ဘယ်တော့မဆို ကျွန်တော့် ကို ခေါ်ရင် ဦးဝင်းအောင် သား ၊ ဦးဝင်းအောင် သား နဲ့ ခေါ်ခေါ်နေတယ် ။ ပြောလိုက်ရင် “ မေ့သွားလို့ပါ  ၊ မေ့သွားလို့ပါ ” နဲ့ ၊ တစ်ခါမှ မမြင်ဖူးတဲ့ ကျွန်တော့အဖေ နာမည်ကိုတော့ မမေ့ဘဲကိုး ။ တော်တော် အသည်းယားဖို့ ကောင်းတယ်ဗျာ ။ ဒါလည်း ကျွန်တော်က ချစ်တာပါပဲ ။


သူ့ကို ချစ်တာထက် ဘယ်လို ချစ်ခွင့်ပန်ရမလဲဆိုတာက အခု ပို အရေးကြီးနေတယ် ။


ပြဿနာက အဲဒီ စကားပဲ ခင်ဗျ ။


ဒါပေမယ့် တက်နိုင်ဘူးလေ ။ လမ်းဟောင်းလမ်းရိုးကြီးကိုပဲ သုံးရတော့မှာပဲ ။


ညကျတော့ “ မိဂသီ ” ကို ချစ်တဲ့အကြောင်း စာတစ်စောင်ရေးလိုက်တယ် ။ သူ့ကို “ မိ ” လို့ ခေါ်ရင် ကောင်းမလား ၊ ဒါမှမဟုတ် “ သီ ”  ။ ဟာ ဒါလည်း မဟုတ်သေးပါဘူး ။ တော်ပြီ ၊ “ မိဂသီ ” လို့ ခေါ် တာပဲ ကောင်းတယ် ။ ဒါနဲ့ပဲ ညဉ့်အတော်နက်သွားတယ် ။ မနက်ကျတော့လည်း အစောကြီး နိုးနေပြီး ရုံးရောက်ရင်ပဲ ကျွန်တော့် ရင်တွေ တလှုပ်လှုပ်ခုန်နေပြီ ။ အခွင့်သာတာနဲ့ ညက ရေးထားတဲ့စာ မိဂသီ ကို ပေးဖို့ အစစ စီမံထားတယ် ။


°°°°°   °°°°°   °°°°°


ရုံးရောက်တော့ “ မိဂသီ ” ကို ပေးဖို့ စာလေးကို ဘယ်မှာ ထားရမှန်း မသိ ဖြစ်နေတယ် ။


ကျွန်တော် က ပိုက်ဆံအိတ်တွေ ဘာတွေလည်း ကိုင်တာမှ မဟုတ်တာ ။ အင်္ကျီအိတ်ထောင်ထဲ ထည့်ထားရင်လည်း သူများမြင်မှာ စိုးရသေးတယ် ။


ဒါနဲ့ ကျွန်တော့် စားပွဲ အံဆွဲ ရဲ့ ဟိုးအဆုံးနား ထိ တိုးပြီး စာကို ထားလိုက်တယ် ။ ပြီး အံဆွဲ ကို သော့ခတ်ထားတာပေါ့ ။


“ ကျော်မြတ်သူ ရေ ၊ အန်တီစန်း ကို Corection Pen လေး ခဏကွယ် ”


လက်နှိပ်စက်စာရေးမကြီး အန်တီစန်း ကို အံဆွဲသော့ ဖွင့်ပြီး Corection Pen ထုတ်ပေးလိုက်ရတယ် ။ ခဏနေပြန်တော့ ရုံးအုပ်ကြီးက ကျွန်တော့် အံဆွဲကို လာဖွင့်ပြန်တယ် ။


“ ဟ ဘာလို့ သော့ခတ်ထားတာလဲ ကျော်မြတ်သူ ရ ၊ Color Pen အပြာလေးယူမလို့ ၊ File စာအုပ်မှာ ရေးစရာရှိလို့ ”


ကျွန်တော် သော့ဖွင့်ပေးရပြန်တယ် ။ ရုံးဆိုတော့ သိတယ်မို့လားဗျာ ၊ တစ်သီးပုဂ္ဂလ နေလို့မှ မရတာ ။ တစ်ယောက် တစ်ပေါက် နဲ့ သိပ်ခင်မင် ရင်းနှီးသူတွေကျ ခွင့်တောင်းမနေဘဲ လိုတာ ဆွဲဖွင့်ယူသွားကြတာ ။


ဒီနေ့မှာကိုက အရင် နေ့တွေလို မဟုတ်ဘဲ ၊အံဆွဲကို သတိထားနေရကာမှ တစ်ယောက်တစ်မျိုး လာတောင်းနေကြတယ်လို့ထင်တာပဲ ။


နောက်တော့ အလုပ်တွေက များလာပြီး နေ့ခင်းလောက် ရောက်ရင်ပဲ အံဆွဲကို ဂရုထားဖို့ သတိလက်လွတ် ဖြစ်သွားပြီ ။


အဲဒီလို သတိလက်လွတ် ဖြစ်သွားတဲ့တစ်ခဏမှာပဲ ကျွန်တော့် သူငယ်ချင်း မောင်မောင် အနားရောက်လာပြီး ဟ,နေတဲ့ အံဆွဲကနေ စာအိတ် ကို လှမ်းမြင်ပြီး ဆတ်ခနဲဆွဲယူလိုက်တယ် ။


ပါးစပ်ကလည်း


“ အလဲ့ ၊ စာအိတ်ပန်းရောင်တွေ ဘာတွေနဲ့ ၊ ဘာစာလဲ ကျော်မြတ်သူ ”


မောင်မောင် က ပါးစပ်ကသာ မေးနေပေမယ့် လက်က စာအိတ်ထဲက စာကို ဆွဲထုတ်ပြီးနေပြီ ။


“ ဟေ့ကောင် မောင်မောင် ၊ ပေးစမ်း ”


ကျွန်တော် အော်လိုက်တာကိုမောင်မောင် က ဂရုမစိုက်ဘူး ။ စာကို အသံထွက်ပြီးတောင် ဖတ်လိုက်သေးတယ် ။


“ မိဂသီ တဲ့ ၊ အလဲ့ ”


ကျွန်တော့် တစ်ကိုယ်လုံး ထူပူသွားပြီး ၊ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့ဘူး ။ မောင်မောင့် ကို လက်သီး နဲ့ ဆွဲထိုးချင်လာတယ် ။ “ မိဂသီ ” က သူ့နာမည် ပါလာလို့ အလုပ်လုပ်နေရာ ကနေ ကျွန်တော် ရင်ခုန်နေတဲ့ အကြည့်နဲ့ မျက်လုံး လှန်ကြည့်တယ် ။


“ မိဂသီ , အိပ်မပျော်တဲ့ ကိုယ့်ရဲ့ ညတွေကို အဆုံးသတ်ချင်ပြီ တဲ့ ။ အံမယ်ရည်းစားစာပါလား ၊ မှန်းစမ်း ဘယ်သူ ရေးထားတာလဲ ”


သွားပြီ ။ ကျွန်တော့် နားထဲမှာ လေယာဉ်ပျံအစင်း တစ်ရာလောက် ပျံသန်းနေသလို တဝေါဝေါ ဆူညံနေတယ် ။ စာရေးသူ အမည်ကို မောင်မောင် ဆက် မဖတ်ခင်မှာပဲ ကျွန်တော် အတင်းခုန်အုပ် လုယူလိုက်တယ် ။


ဒါပေမယ့် အဲသလို လုပ်တာကိုက ကျွန်တော်ပါလို့ ဝန်ခံပြီးသွားပြီလေ ။ “ မိဂသီ ” မျက်နှာကို တုန်လှုပ် ချောက်ချားစွာနဲ့ ကျွန်တော် လှမ်းကြည့်နေလိုက်တော့ ရှက်စိတ် ၊ ဒေါသစိတ်ကြောင့် ရဲရဲတွတ်နေတော့တာပဲ ။


သေချာပြီ ။ “ မိဂသီ ” စိတ်ဆိုးသွားပြီ ။


တော်သေးတာပေါ့ ၊ ထမင်းစားချိန်မို့ လူမစုံဘူး ၊ အန်တီစန်း က ချောင်းတစ်ချက် တမင်လုပ် ဟန့်လိုက်တယ် ။ ရုံးအုပ်ကြီးကတော့ ပြုံးစိစိနဲ့ပေါ့ ။


°°°°°   °°°°°   °°°°°


“ ငါ ငါ ရှင်းပြပါရစေ မိဂသီ ”


“ တော် ကျော်မြတ်သူ ၊ ဒါ နင် ငါ့ကို သက်သက် အရှက်ခွဲလိုက်တာပဲ တောက် ”


“ မိဂသီ ” တော်တော် ဒေါသထွက်နေတယ် ၊ ကျွန်တော် ဘယ်လို လုပ်ရမှန်းကို မသိတော့ဘူး ။


မိန်းမ ဆိုတာမျိုးကလည်း နားလည်ရခက်တယ်ဗျ ။သူတို့ ကြည်ရင် တစ်မျိုး ၊ မကြည်ရင် တစ်မျိုးနဲ့ ၊ သူတို့ကသာ ယောက်ျားတစ်ယောက် ကို တို့ ထိ ထု ဆိတ် ရိုက်ပုတ်တာမျိုး လုပ်ချင် လုပ်မယ် ၊ ယောက်ျား တစ်ယောက် က သူတို့ကို တို့ ထိ ကြည့်ပါလား ၊ သေသွားမယ် ၊ ဘာမှတ်လဲ ။


အခု ကျွန်တော် တစ်လျှောက်လုံး ရှင်းပြတောင်းပန်ချော့နေတာ မရဘူးဗျာ ၊ ကြာလာတော့ ကျွန်တော် စိတ်ဓာတ် ကျလာတာပေါ့ ။ ဒါနဲ့ သူ့ကို မရှင်းပြတော့ဘူး ၊ မချော့တော့ဘူး ။


“ မိဂသီ ” ကို မချစ်လို့တော့ မဟုတ်ဘူး ၊ ဒီလောက် ကြာတာတောင် စိတ်မပြေတာ ကျွန်တော့ ကို အတော် မုန်းသွားပြီလို့ ထင်လိုက်မိတာကိုး ။


တစ်ရက်မှာတော့ ...


ကျွန်တော် နဲ့ “ မိဂသီ ” တာဝန်ယူရတဲ့အပိုင်းက လုပ်ငန်းတွေ မပြတ်တာနဲ့ ရုံးဆင်းချိန် နောက်ကျသွားတယ် ။ ကျွန်တော်တို့ နှစ်ယောက်နဲ့ အတူ ရုံးအုပ်ကြီး ပဲ ကျန်ခဲ့တော့တယ် ။


“ မိဂသီ ” က အလုပ် လုပ်နေပေမယ့် မျက်နှာလေးက ညှိုးနေတယ် ။ ကျွန်တော် သူ့ကို ကြည့်ရင်း အလိုလို ဝမ်းနည်းလာတယ် ။ အလုပ်တွေပြီးတော့ မိုးမှောင်နေတဲ့အပြင် မိုးသံတွေက တဂျိန်းဂျိန်းနဲ့ အော်မြည်နေတယ် ။ လျှပ်စီးလက်ပြီး မိုးချုန်းရင် “ မိဂသီ ” ကြောက်တတ်မှန်း ကျွန်တော် သိတယ် ။


“ ကဲ ပြီးပြီ မဟုတ်လားဟေ့ ၊ မိုးတွေရွာတော့မယ် ၊ တံခါးမကြီးတစ်ချပ် ပိတ်ရုံပဲ ၊ မင်းတို့နှစ်ယောက် ပိတ်လိုက်တော့ ၊ ငါသွားပြီ ”


ပြောပြောဆိုဆို ရုံးအုပ်ကြီး က ခပ်သုတ်သုတ် ထွက်သွားတယ် ။


ကျွန်တော်တို့ နှစ်ယောက် တံခါးမကြီးအပြင် ထွက်ပြီးမှ တစ်ယောက်ကို တစ်ယောက် ငေး နေကြတယ် ။


ဒီအချိန်မှာပဲ “ ဒိန်းခနဲ ” မိုးကြိုးပစ်သံကြီး ကြားလိုက်ရတယ် ။ “ မိဂသီ ” တစ်ကိုယ်လုံး တုန်သွားတာပေါ့ ။ ကျွန်တော် ဒီအတိုင်းကြည့် မနေနိုင်တော့ဘူး ။


“ မိဂသီ ”


“ မိဂသီ ” က တစ်ချက် ရှိုက်လိုက်ပြီး ကျွန်တော့် ရင်ခွင်ထဲ အတင်းတိုးဝင်လာတယ် ။


“ မိဂသီ ”


ဒီတစ်ခါတော့ ဝမ်းသာမှုကြောင့် ကျွန်တော် ချက်ချင်းပဲမျက်ရည်တွေ ဝဲတက်လာတယ် ။ အဲ့ဒီနေ့က စပြီး ကျွန်တော် နဲ့ “ မိဂသီ ” ချစ်သူတွေ ဖြစ်သွားကြတာ မယုံမရှိနဲ့ ။


°°°°°   °°°°°   °°°°°


ချစ်သူရည်းစား ဘဝ ရောက်သွားတော့ ပျော်တာပေါ့ဗျာ ။ ရုံးပိတ်ရက် ရောက်ဖို့ စောင့်ရတာ ကိုက အလုပ်တစ်ခု ဖြစ်လာတယ် ။ ရုံးပိတ် မှ ရုပ်ရှင် ကြည့်တာတို့ ၊ ကန်ဘောင်ရိပ်မှာ ထိုင်တာတို့ ၊ လက်ကလေး ကိုင်ပြီး ဈေးသွားတာတို့ လည်ပတ်လို့ ရတာကိုး ။ ကျွန်တော်တို့ နှစ်ယောက်လည်း တခြား ချစ်သူရည်းစားတွေ လိုပါပဲ ။


ကျွန်တော့် ချစ်သူ " မိဂသီ ” က စိတ်မကောက်တတ်ဘူးဗျ ။ အဲ စိတ်တော့ ဆိုးလွယ်တယ် ။ ခဏ ခဏ စိတ်ဆိုးတတ်တယ် ။


ဒီလိုနဲ့ သွားလိုက် ၊ လာလိုက် ၊ လည်ပတ်လိုက်နဲ့ အချိန်တွေ ကုန်မှန်းမသိ ကုန်သွားတယ် ။ ချစ်သူသက်တမ်းမှာ သီတင်း နှစ်ခါ ကျွတ်သွားပေမယ့် ကျွန်တော် နဲ့ “ မိဂသီ ” လက်ထပ်ကြမယ် ဘာညာ မရှိပါဘူး ။ ကျွန်တော် က ရည်းစားသက်ကို ရှည်စေချင်တယ်ဗျာ ။ ဒါကို " မိဂသီ ” ကလည်း သဘောတူပါတယ် ။


“ ဒီ နှုတ်ခမ်းမွှေး ရေးရေးလေးသာ မထားခဲ့ရင် နင် ငါ့ကို ချစ်ပါ့မလား မိဂသီ ”


“ ဒါတော့ သိဘူးလေ ၊ သိချင်ရင် မရှိအောင် လုပ်ကြည့်ပါလား ”


ထွက်ပြီးသား နှုတ်ခမ်းမွှေး ကိုတော့ မရှိအောင် ကျွန်တော် မလုပ်နိုင်ဘူးဗျာ ၊ ရှိပါစေတော့ ။


ထုံးစံအတိုင်း ရုံးပိတ်ရက် ရောက်ခါနီးတော့ တစ်နေရာရာ သွားကြဖို့ ပြောတယ် ။


ဒါပေမယ့် “ မိဂသီ ” ကို ကြည့်ရတာ မျက်နှာ သိပ်မရွှင်ဘူး ။ ကျွန်တော်က မေးတော့


“ နောက်မှ ပြောမယ် ”


လို့ ဆိုပြီး သူ့ အလုပ်သူ ဆက်လုပ် နေတယ် ။ နောက်နေ့ကျတော့ “ မိဂသီ ” က ကျွန်တော့်လက်ကို အားကိုးတကြီး ဆွဲကိုင်ပြီး ပြောလာတယ် ။


“ ကျော်မြတ်သူ ၊ အိမ်က ငါ့ ကို ယောက်ျားပေးစားနေပြီ ”


မျှော်လင့် မထားတဲ့ စကားမို့ ကျွန်တော် အံ့သြသွားတယ် ။


“ နင် ငြင်းလိုက်ပေါ့ မိဂသီ ရဲ့”


“ မိဂသီ ” က ကျွန်တော့် ကို ဖျက်ခနဲ မော့ကြည့်တယ် ။


“ မရလို့ပေါ့ဟ ၊ ရရင် လေကုန်ခံပြောနေပါ့မလား ”


“ ဒါဆို ဘယ်လို လုပ်ကြမလဲ ”


“ အခြေအနေကြည့် စီစဉ်မယ် ”


ကျွန်တော် စိတ်ပူလာတယ် ။ ကျွန်တော် “ မိဂသီ ” ကို သိပ်ချစ်ပြီး မခွဲနိုင်မှန်း ကိုယ့်ဖာသာ သိတယ် ။


အခု “ မိဂသီ ” ကို သူ့အိမ်က အလုပ်ထွက်ခိုင်းလိုက်လို့ ရုံး မတက်ရတော့ဘူး ။ အခြေအနေက ကျွန်တော်တို့ ထင်ထားတာထက် ပိုဆိုးနေတယ် ။ ကျွန်တော်လည်း ဘာမှန်းကို မသိတော့ဘူးဗျာ ။


ဒါနဲ့ “ မိဂသီ ” တို့ လမ်းထိပ်က လက်ဖက်ရည်ဆိုင်မှာပဲ သွားထိုင်ရင်း အရိပ်အခြေကို စောင့်ကြည့်နေရတော့တယ် ။


°°°°°   °°°°°   °°°°°


တစ်ရက်က နှစ်ရက် ၊ တစ်ပတ်က နှစ်ပတ်ကြာလာတော့ ကျွန်တော် ဆောက်တည်ရာ မရ ဖြစ်နေပြီ ။ စိတ်တွေက ညစ် ၊ အလုပ်တွေက များနဲ့ နှုတ်ခမ်းမွှေးတွေ ရှည်ထွက်နေတာတောင် မရိတ်ဖြစ်ဘူး ။ လူပျိုပေါက် ကတည်းက တသသ ကြည့်ပြီး မွေးလာခဲ့တာ ၊ အခုလို မရိတ်တာ ကြာတော့ ကုလားကား ထဲက မင်းသားတွေလို နှုတ်ခမ်းမွှေးတွေက သန်ပြီး မည်းနက် ထူတန်းနေတယ် ။


ဒီလိုနဲ့ “ မိဂသီ ” တို့ လမ်းထိပ်က လက်ဖက်ရည်ဆိုင်မှာ စောင့်တာ ( ၂၁ ) ရက်မြောက် နေ့မှာ ကောင်မလေးတစ်ယောက်နဲ့ အတူ “ မိဂသီ ” သုတ်သီးသုတ်ပြာ ရောက်လာတယ် ။


“ ကျော်မြတ်သူ ၊ နောက်မှာ မေမေ ပါတယ် ။ နင် ဒီမှာစောင့်နေမယ် ဆိုတာ သိလို့ မုန့်ဝယ်မယ် ဆိုပြီး အမြန်ဝင်လာတာ ၊ ဟဲ့ အကြည် ၊ နင် သူ့ကို သေချာ မှတ်ထား ၊ နောက်နေ့ ငါခိုင်းရင်နင် သူ့ ဆီ လာရအောင် ”


“ မိဂသီ ” တို့ အိမ်က ခိုင်းတဲ့ ကောင်မလေးဖြစ်ပုံရတယ် ။ ဘယ်လို စည်းရုံးထားလဲတော့ မသိဘူး ။ ကောင်မလေး က ကျွန်တော့်ကို မှတ်မိအောင် သေချာ ကြည့်တယ် ။ “ မိဂသီ ” ကလည်း ကျွန်တော့်ကို သေချာကြည့်ပြီး မျက်မှောင်ကုတ်လိုက်တာ တွေ့ရတယ် ။ ပြီးမှ


“ နင့် နှုတ်ခမ်းမွှေးကြီးကလည်း ဟယ် ” လို့ပြောတယ် ။


နောက်ထပ် နှစ်ရက်လောက် ထပ်စောင့်လိုက်တော့ သတင်းထူးတစ်ခု နဲ့ အတူ အကြည် ဆိုတဲ့ ကောင်မလေး ကျွန်တော့် ဆီရောက်လာတယ် ။ “ မိဂသီ ” က စာပေးခိုင်းလိုက်တာလေ ။ စာကို ကမန်းကတန်းဖတ်ကြည့်တော့


ကျော်မြတ်သူ

ဒီရက်အတွင်း ငါ့အမေ အရေးတကြီးကိစ္စနဲ့ ညပိုင်း အပြင်ထွက်စရာရှိတယ် ။ ဘယ်နေ့လဲတော့ အသေအချာ မသိသေးဘူး ။ အမေ အပြင်ထွက်မှာ သေချာတာနဲ့ အကြည့် ကို လွှတ်လိုက်မယ် ။ အဲဒီနေ့ နင် ငါ့ကို

တစ်ခါတည်း ခိုးပါ ။ ငါ နင်က လွဲပြီး ဘယ်သူ့ကိုမှ မယူနိုင်ဘူး ။ နင့် ကိုပဲ ငါ ချစ်တယ် ။ နင့် နောက် ငါ လိုက်ခဲ့တော့မယ် ။

               မိဂသီ


စာကို ဖတ်ပြီး ကျွန်တော့် တစ်ကိုယ်လုံး လေထဲ မြောက်သွားတယ် ။ ကျွန်တော့နှလုံးသားကလည်း တဆတ်ဆတ်ခုန်နေတာပဲ ။


ဒါပေမယ့် အဲဒီအချိန်က စပြီး “ မိဂသီ ” ကို ကျွန်တော် မတွေ့ရတော့ပါဘူး ။ သူ ကျွန်တော့် ဘဝထဲက ပျောက်သွားခဲ့တယ် ။ ဘာကြောင့်လဲ ။ ဘာဖြစ်လို့လဲ ကျွန်တော်လည်း မသိဘူးဗျာ ။


ကျွန်တော့် နှလုံးသားတွေ နာကျင်နေတယ် ။ ဘာပဲဖြစ်ဖြစ် ကျွန်တော် သူ့ကို မတွေ့တွေ့ အောင် ရှာမယ် ။


ဒါပေမယ့် ပျောက်သွားတဲ့ ချစ်သူ့ခြေရာကို ရှာဖို့တော့ တော်တော် ခက်ခဲပါတယ် ။


°°°°°   °°°°°   °°°°°


အမှန်က ဖြစ်ပုံက ဒီလိုဗျ ။


အဲဒီနေ့ ညက “ မိဂသီ ” က သူ့အမေ အပြင်ထွက်မယ်ဆိုတာ သိတာနဲ့ အကြည့် ကို စာတစ်စောင်ပေးပြီး ကျွန်တော့် ဆီ လွှတ်လိုက်တယ် ။ သူ့ အမေ ထွက်သွားတာနဲ့ သူ့ကို လာခိုးဖို့ပေါ့ ။ ဒါပေမယ့် အကြည်က ကျွန်တော့် ကို ရှာမတွေ့ဘူးတဲ့ဗျာ ။


ဖြစ်ချင်လို့ကို ကြံဖန် ဖြစ်တာလို့ပဲ ပြောရမလားပဲ ။ အဲဒီနေ့ကမှ ကျွန်တော်ကလည်း အုံနဲ့ ကျင်းနဲ့ ဖြစ်နေတဲ့ နှုတ်ခမ်းမွှေး မည်းမည်းကားကားကြီး ကို ရိတ်ပစ်ခဲ့တာကိုးဗျ ။ အဲဒါ အကြည် က ကျွန်တော့် ကို နှုတ်ခမ်းမွှေး အမှတ်အသားနဲ့ မှတ်ထားတာကိုး ၊ လက်ဖက်ရည်ဆိုင်မှာ ခိုးကြောင်ခိုးဝှက် လာရှာတော့ နှုတ်ခမ်းမွှေးကားကားနဲ့ လူကို သူ ရှာမရ ဖြစ်သွားတယ် ။ ဒါနဲ့ အိမ်ပြန်သွားတော့တာပေါ့ ။ ဒီမှာတင် မိန်းကလေး က ခိုးဖို့ ချိန်းထားတာ လာမစောင့်တဲ့ ယောက်ျားတစ်ယောက်ကို ကောင်းကောင်းကြီး စိတ်နာသွားပြီလေဗျာ ။


ကျွန်တော်ကလည်း ကျွန်တော်ပါပဲလေ ၊ ကျွန်တော့ မျက်စိထဲမှာ “ မိဂသီ ” ကလွဲပြီး ဘာမှကို မမြင်တော့ဘူးလား မသိဘူး ။ ကောင်မလေး ဘယ် အချိန် လာသွားမှန်း ကို မသိမမြင်လိုက်ဘူးဗျာ ။


လွဲချင်လို့ကို ကြံဖန် လွဲရတာ ။


“ မိဂသီ ” ကိုတော့ ကျွန်တော် တကယ်ချစ်တာပါ ။ ချစ်လွန်းလို့ ဗျာများသွားတာ ဖြစ်နိုင်တယ် ။ ဒါကြောင့် အချစ်မှာ တရားခံ မရှိဘူး လို့လည်း ပြောရင်ရပါတယ် ။


ဒါပေမယ့် ကျွန်တော် သိပါတယ် ။ “ မိဂသီ " ဟိုလူ အသားမည်းမည်း ဗိုက်ရွှဲရွှဲ နဲ့ လူကြီးကို မယူပါဘူးဗျာ ။ ဒါ့အပြင် သူ ကျွန်တော့်ကို သိပ်ချစ်တယ် ဆိုတာလည်း ကျွန်တော် သိထားတယ် ။


ဒါပဲလေ ...


အချစ် ဆိုတာ ...


အရာရာ မချောမွေ့နိုင်ပါဘူး ။


လွမ်းခန်းတွေလည်း ဖွင့်တတ်တာပဲ ။ ဘာပဲဖြစ်ဖြစ် ...


ကမ္ဘာကုန်ကျယ်သရွေ့ ပြေးစမ်း ၊ ပုန်းစမ်း “ မိဂသီ ”  ။ မင်းကို ငါ လိုက်လို့ရှာမယ် ။


မင်းကို ငါ မတွေ့ တွေ့အောင် ရှာမယ် ။


ကျွန်တော် တသသ နဲ့ ယုယခဲ့တဲ့ နှုတ်ခမ်းမွှေး ၊ “ မိဂသီ ” စိတ်ဝင်စားတဲ့ နှုတ်ခမ်းမွှေး ၊ ဒီ နှုတ်ခမ်းမွှေး တစ်စုံက ကျွန်တော့်ကို အစွမ်းကုန် ဒုက္ခပေးလိုက်ပါတယ် ။


ဒီကိစ္စမှာ ဘယ်သူ က တရားခံ ဆိုတာ ပြောလို့ မရဘူးလေ ။


ဪ အချစ်က ဒီလိုလည်း ကျီစယ်တတ်ပါသလား ခင်ဗျာ ။


◾ လင်းပ


📖 ဟာသလွင်ပြင် အမှတ် ( ၁ )


koaungnaingoo.blogspot.com


.

မြေအောက် လျှို့ဝှက်ရေးစခန်း


 ❝ မြေအောက် လျှို့ဝှက်ရေးစခန်း ❞


ကျွန်တော် ရန်ကုန် သို့ ပြန်ရောက်သည်မှာ ရက်ပေါင်း အတော်ကြာသွားခဲ့ပြီ  ။ သို့သော်

မြေအောက် တော်လှန်ရေးသမား ရဲဘော်များ နှင့် အဆက်ပြတ်နေတုန်း ဖြစ်လေသည် ။ မြေအောက်

လျှို့ဝှက်ရေးလုပ်ငန်းများနှင့် ပတ်သက်သော ကိစ္စများတွင် ကျွန်တော် နှင့် ကွင်းဆက်ဖြစ်နေသူ

ကိုအေးငွေ မှာ အစပျောက် ပျောက်နေလေသည် ။ သည်ကွင်းဆက် ကို ရှာ မတွေ့မချင်း ကျွန်တော့်မှာ

လာတော့မည့် လက်နက်ကိုင် အရေးတော်ပုံတွင် ဘယ်နေရာက လိုက်ပါရမည်ကိုပင် သိနိုင်မည်

မဟုတ်ချေ ။


ကျွန်တော့် မှာ များစွာ အားမလို အားမရ ဖြစ်၏ ။ အငြိမ်မနေနိုင်အောင် ဖြစ်၏ ။ သို့သော်

အငြိမ်မနေနိုင်လို့ ရမ်းပြီး လှုပ်ရှားလျှင် အစိုးရ ၏ ပိုက်ကွန်ထဲ မြုပ်သွားမည့် အန္တရာယ်ကလည်း

ရှိပေသေး၏ ။


ဘုရင်ခံ ဆာရီဂျီနယ်ဒေါ်မန်စမစ် သည် တစ်ချက်လွှတ် အာဏာများ ကာကွယ်ရေးဥပဒေ ပုဒ်မများနှင့် နန်းရင်းဝန် ဦးစော နှင့် ပြည်ထဲရေးဝန်ကြီး ဆာပေါ်ထွန်း တို့ ၏ အစိုးရအဖွဲ့ တို့ ကို

အစွမ်းကုန်သုံးပြီး သခင်များ အား ဖိနှိပ်ချုပ်ချယ်လျက် ရှိပေသည် ။ ထောင်သွင်း အကျဉ်းထားခြင်း

များမှာ ပိုလို့သာ များပြားလာခဲ့လေသည် ။ သခင်များကိုသာမက ဦးဘဖေ ၊ ဒေါက်တာဘမော်

စသော ဦးစော ၏ နိုင်ငံရေး အကြံတူ ရန်သူများကိုပင် ထောင်သွင်း အကျဉ်းထားခြင်း ပြုလျက်

ရှိလေသည် ။


ယင်းကဲ့သို့ အငြိမ်ကလည်း မနေနိုင် ၊ အရမ်းမလှုပ်ရှားထိုက်၍ အရမ်း မလှုပ်ရှားဘဲ နေရသောအခါ ကျွန်တော်သည် ' ရသေ့စိတ်ဖြေ ' အလုပ်မျိုး ရှာရလေ၏ ။ကျွန်တော်၏ ' ရသေ့စိတ်ဖြေ '

အလုပ်တစ်ခုမှာ တို့ဗမာအစည်းအရုံး ဌာနချုပ်သို့ သွားပြီး ဥက္ကဌ သခင်တင်မောင်ကြီး နှင့် စကားစမြည် ပြောခြင်း ဖြစ်လေသည် ။ သခင်တင်မောင်ကြီး ၏ ယူဆချက်များတွင် ကျွန်တော် လက်မခံနိုင်သောအရာ အများအပြား ပါရှိ၏ ။ အထူးသဖြင့် ဖက်ဆစ်ဂျပန် ဗမာပြည် သို့ ဝင်ရောက်လာလျှင် ကျွန်တော်တို့ သည် အင်္ဂလိပ် နှင့် ပူးပေါင်းပြီး ဂျပန် ကို ခုခံတိုက်ခိုက်ရမည် ဟူသော

 အချက် ဖြစ်၏ ။ ထိုအချက်တွင် သဘာမတူနိုင်သောကြောင့် ကျွန်တော် သည် သခင်တင်မောင်ကြီး

အား မြေအောက်အရေးတော်ပုံ လုပ်ငန်းအကြောင်း နှင့် ပတ်သက်ပြီး တစ်လုံးတစ်ပါဒမျှ ပြောပြခြင်း

မပြုချေ ။ သို့ရာတွင် သခင်တင်မောင်ကြီး နှင့် ပြောစရာ အခြား အကြောင်းအရာ များစွာရှိ၏ ။


ယင်းတို့အနက် အချို့ အကြောင်းအရာများတွင် ကျွန်တော်နှင့် ရှုမြင်ပုံ မတူ ၊ ယူဆပုံ မတူချေ ။

သို့ရာတွင် သူ့ယူဆပုံ ၊ သူ့ရှုမြင်ပုံကို ကျွန်တော်က လွယ်လွယ်နှင့် မပစ်ပယ်ရုံမက လေးစားစွာ

ကြားနာခဲ့ပေသည် ။ သူ့ဘက်ကနေကြည့်က မှန်သလိုလို ရှိသည်ဟုလည်း ထင်မိခဲ့လေသည် ။


ဥပမာ ကျွန်တော်က အရှေ့ဘက်သို့ စစ်ကြီး မြန်မြန်ကူးစက်လာစေလိုသည် ။ ဖြစ်မှာအတူတူ

မထူးဘူး ၊ မြန်မြန် ဖြစ်လာပါစေ ၊ လွတ်လပ်ရေးတိုက်ပွဲ မြန်မြန် စနိုင်မည် ဟု ကျွန်တော်က သဘော

ထားလိုက်လေသည် ။ သခင်တင်မောင်ကြီး ကမူ အရှေ့ဘက်သို့ စစ်ကြီး ကူးစက်လာမှာကို များစွာ

စိုးရိမ်သည် ။ ရှေ့မှာ မကောင်းသော အလားအလာတွေကိုသာ မြင်နေလေသည် ။ ကျွန်တော် က

အရှေ့ဘက်သို့ ကူးစက်လာမည့် စစ်ကြီးကို ကြိုဆိုနေသည် ။ သူက မလိုမချင် ၊ ငြိုငြင်နေလေသည် ။ သို့ကလို သဘောချင်း ခြားနားသော်လည်း ကျွန်တော် သည် သူ့ သဘောထားကို

လေးစားစွာ နားထောင်ပေသည် ။


“ သခင်တင်ထွန်း ရဲ့ ၊ စစ်ဆိုတာ လူအချို့ အတွက်တော့ စွန့်စားခန်းပဲ ။ သို့ပေမယ့် လူအများ

အတွက်မှာတော့ ဘာကောင်းကျိုး မှ မပေးနိုင်တဲ့ ဒုက္ခကောင်ကြီးပါကွာ ။ လူတွေသေမယ် ၊ အိုးအိမ်မြို့ရွာ ပြာကျမယ် ၊ လုပ်ခန်းကိုင်ခန်းတွေ ပျက်မယ် ၊ အိမ်ထောင်တွေ ကွဲမယ် ၊ ချစ်သောသူငယ်ချင်း

ကွေကွင်းရမယ် ”  


သခင်တင်မောင်ကြီး မှာ ပြောရင်း မောပန်းနွမ်းလျသွားသလို ဖြစ်နေစဉ် ကျွန်တော် က -


“ စစ်ဖြစ်ရင် ဒီလိုအဖြစ်တွေက မဆန်းပါဘူး သခင်တင်မောင်ကြီး ရာ ။ သေတာဟာ မဆန်းဘူး ၊

ပျက်တာဟာ မဆန်းဘူး ” 


သခင်တင်မောင်ကြီး ၏ အသံသည် အနည်းငယ် မာကျောလာသည် ။


“ အေး မဆန်းတာတော့ မှန်တယ် ။ မီးပူတာဟာ မဆန်းဘူး  ၊ သို့ပေမယ့် မဆန်းတာနဲ့ မီးပုံထဲတော့

လက်မလျှိုချင်ဘူး မဟုတ်လား ။ ဒီလိုပဲပေါ့ သေတာဟာ မဆန်းပေမယ့် သေတော့ မသေချင်ကြပါဘူး ။ ချစ်သူချင်းချင်း ကွေကွင်းရတာ ကွဲရတာဟာ မဆန်းဘူးပေါ့  ၊ သို့ပေမယ့် မကွဲချင်ပါဘူး ။ ဒါ့ထက် သခင်တင်ထွန်း ချစ်သူနဲ့ကွဲဖူးသလား ” 


“ ဟင့်အင်း မကွဲဖူးသေးပါဘူး ” 


“ အေး မကွဲဖူးသေးတော့ ကွဲခြင်းကို လေးလေးပင်ပင် မရှုမြင်တတ်သေးဘူးပေါ့ ။ ဒါ့ကြောင့်လည်း

သေတာက မဆန်းဘူး  ၊ ကွဲတာဟာ မဆန်းဘူးဆိုပြီး စစ်ကြီးကို ပေါ့ပေါ့ဆဆ တွက်လိုက်တော့တာပဲ ။ လူအများ ဖြစ်ချင်ရာ ဖြစ် ၊ စိတ်ဒုက္ခ ရောက်ချင်သလောက် ရောက် ၊ ငါ တစ်ယောက်

စွန့်စားခန်း ထုတ်ရရင် ပြီးရော ၊ ငါ တစ်ယောက် အာဇာနည် လုပ်ရရင် ပြီးရော ဆိုတဲ့ အတွေးအခေါ်

အထိ ရောက်စေတော့တာပဲ ” 


သူသည် ရှေ့ဆက်ရန် စကားရှာနေစဉ် ကျွန်တော် က ဝင်စွက်လိုက်သည် ။


“ ခင်ဗျားကော ချစ်သောသူ နဲ့ ကွဲဖူးသလား ” 


“ ကွဲဖူးတာပေါ့ ” 


“ ဘယ်လိုလဲဗျ ၊ နည်းနည်း ဝိတ္ထာရ ချဲ့စမ်းပါဦး ” 


“ ကိုယ်က ချစ်လျက်နဲ့ သူက ခွဲသွားလို့ ကွဲရတာပါ ကိုယ့်လူရာ ” 


“ အို ရက်စက်စိမ်းကားလှပါကလား ၊ ဘယ်က မိန်းကလေးလဲဗျ ” 


“ အမျိုးသမီးကျောင်း တစ်ကျောင်း က ဆရာမ တစ်ဦးပါ ကိုယ့် လူရာ ၊ နာမည်တော့ မေးမနေပါနဲ့တော့ ” 


“ ဘာ့ကြောင့် ခွဲသွားရတာတုံး ” 


“ အားလုံး သတ္တုချ ကြည့်လိုက်တော့ ကိုယ်က သခင်နိုင်ငံရေး ထဲ ဝင်လို့ သူက ခွဲသွားတာပါပဲ ” 


“ ဖြစ်ရလေဗျာ ၊ ဆရာမတစ်ယောက် က သည်လောက် မျိုးချစ်စိတ် နည်းနေရင် ... ” 


သခင်တင်မောင်ကြီး သည် မျက်နှာကို ရှုံ့မဲ့ပြီး လက်ကာပြ၍ တားမြစ်လိုက်သည် ။ ပြီးတော့

ကြေကွဲသော အသံဖြင့် -


“ အို သူ့ အပြစ် မဟုတ်ပါဘူးလေ ။ သခင်နိုင်ငံရေးသမား ဆိုတော့ မယား ကို ထမင်းတောင် ဝအောင်

ကျွေးနိုင်မှာ မဟုတ်ဘူး ၊ ဆင်ဖို့ပြင်ဖို့ ဆိုတာတော့ နေနေသာသာ ၊ ထောင်ကျရင်လည်း သူ့ခမျာ

ဒုက္ခရောက်ရဦးမယ် ” 


သူသည် တကယ် စိတ်ထိခိုက်ခြင်းဖြင့် ပြောနေ၏ ။ သူ့ခံစားမှုကို ပေါ့စေရန် ကျွန်တော် က

ရယ်စရာ ညှပ်လိုက်သည် ။


“ နောက်ကျရင် ဒီကိစ္စမျိုးမှာ ဒုက္ခရောက်စရာ မရှိတော့ဘူး ထင်တယ်ဗျ ” 


မှုန်နေသော သူ့မျက်နှာမှာ အနည်းငယ်လင်းလာသည် ။


“ ဘယ်လိုလဲ ဆိုစမ်းပါဦး ” 


“ သခင်လေးမောင် ကို မြန်မာပြည် ကာကွယ်ရေးဥပဒေ အရ ထောင်ထဲ အကျဉ်းချထားလို့ သူ့မယား

ဒေါ်မိမိ က အရေးပိုင်ရုံးမှာ အစိုးရ ကို တရားစွဲထားတယ်လေ ၊ သခင်လေးမောင် ထောင်ကျနေစဉ်

အတွင်းမှာ အစိုးရ က ဒေါ်မိမိ ကို စားစရိတ် ပေးထားရမယ် ဆိုတယ် မဟုတ်လား ဟား ဟား ဟား ” 


သူသည် အတန်ကြာ ပြုံးစိစိလုပ်နေပြီးနောက် -


“ အမှုက နိုင်စရာ မရှိလှပါဘူး ” 


“ မနိုင်ပေမယ့် အမြော်အမြင်ရှိတဲ့ တောင်းဆိုချက် တစ်ရပ်ပဲဗျ ” 


သူသည် တစ်စုံတစ်ရာကို တွေးမိပြီး သဲ့သဲ့ရယ်လိုက်သည် ။ ၎င်းနောက် -


“ မလွမ်းလောက်ပါဘူး သခင်တင်ထွန်း ရယ် ၊ ထောင်ကျမှ မိန်းမ စားစရိတ်ပေးနိုင်တာမျိုး ဖြစ်နေပါလိမ့်မယ် ” 


ဤသို့ဖြင့် ကျွန်တော်တို့ သည် အယူအဆ မတူသည့် ကြားထဲကပင် စိတ်ဝင်စားစရာ အကြောင်းအရာများသို့ စကားဆိုက်ရောက် သွားတတ်ကြပေသည် ။


၎င်းပြင် ကြည့်မြင်ရာ၌ သူ နှင့် ကျွန်တော် အတိမ်အနက် မတူသည်လည်း ရှိသေး၏ ။ ဥပမာ

အားဖြင့် ဆိုသော် တစ်ခါတုန်းက သတင်းစာ ဖတ်ရင်း သူ့ အား ဤသို့ ပြောလိုက်သည် ။


“ ဟောဒီမှာဗျာ သခင်တင်မောင်ကြီး မိန်းမတွေ အင်္ကျီတိုတို ဝတ်တဲ့ ဘက်မှာ ဆောင်းပါးရှင် တစ်ဦး

က ရေးထားတယ် ။ ပဒုမ္မာတစ်အုပ် ကို တိုတို ချုပ်ရင် ယခင် က ရှစ်ထည်ကိုးထည် အစား ၁ဝ ထည်

၁၂ ထည်ထွက်အောင် ချုပ်နိုင်သည်တဲ့ ။ သူ့ ဆင်ခြေ ဟာ မဆိုးဘူးဗျ ” 


ကျွန်တော်ကတော့ ပေါ့ပေါ့ ပြောလိုက်ခြင်းသာ ဖြစ်သည် ။ သူက လေးလေးနက်နက်ကြီး တွေးပြီး -


“ ဒါဟာ ကောင်းတဲ့ နိမိတ် တစ်ခုပဲဗျ ။ အလုပ် ၊ လုပ်အားနှင့် အလုပ်သမား ဂုဏ်ရှိတဲ့ ခေတ် ၊

လွတ်မြောက်တဲ့ ခေတ်ကို အမျိုးသမီး တွေ က ကြိုဆိုတာနဲ့ တူနေတယ် ” 


“ ဘယ်လိုလဲဗျ ၊ ရှင်းစမ်းပါဦး ” 


“ အင်္ကျီ ဖားဖားရှည်ရှည်ကြီး နဲ့ ဆိုရင် အလုပ် လုပ်ရာမှာ ရှုပ်တယ် ။ အင်္ကျီတိုတို ဝတ်ထားရင်

အလုပ်ကို လွတ်လွတ်ကျွတ်ကျွတ် ဖျတ်ဖျတ်လတ်လတ် လုပ်နိုင်တယ် ။ သဘောကတော့

အမျိုးသမီးတွေ ဟာ အလုပ် လုပ်ခြင်းသည် ဂုဏ်ရှိတယ် ဆိုတာ နားလည်ပြီး အလုပ် လုပ်တော့မယ် ၊

အလုပ်သမားတွေ ဖြစ်တော့မယ်လို့ နိမိတ်ပြတာပဲဗျ ” 


ကျွန်တော် သည် သူနိမိတ်ကောက်ပုံ နှင့် ပတ်သက်ပြီး စောဒကတက်ရန် မရှိပါ ။ နှစ်သက်ခြင်းပင်

ဖြစ်ပါ၏ ။


“ ဒါဖြင့် အလုပ်သမားခေတ်သစ်ကြီး ကို ကြိုဆိုတဲ့ အင်္ကျီတို လို့ ဆိုရမယ် ထင်တယ် ဟဲ ဟဲ ။

ပဒုမ္မာပိတ်တွေကလည်း နာမည် အမျိုးမျိုးပဲဗျ ၊ ရုပ်ရှင်နာမည်တွေ ယူထားတယ် ။ ဟောဒီ

သတင်းစာထဲမှာ ကြော်ငြာပုံကလေး နားထောင်စမ်းပါဦး ။ ချစ်စနိုး ၊ ချစ်အမျှ ၊ အချစ်ဆုံး ၊ မမေ့နိုင်

ပဒုမ္မာများ ဘိလပ် မှရောက်လာပြီ တဲ့ဗျ ။ အင်း ဒီလိုဆိုတော့ ဖက်ရှင်ဖြစ်နေတဲ့ အင်္ကျီတိုကို

ကျွန်တော်တို့က အလုပ်သမားခေတ်သစ်ကြို ချစ်စနိုး ပဒုမ္မာအင်္ကျီ တိုလို့ ကင်ပွန်းတပ်ရလိမ့်မယ်

ဟဲ ဟဲ ဟဲ ” 


ကျွန်တော်က ' ဟဲ ' သော်လည်း သူက လိုက် မဟဲ ဘဲ တွေတွေကြီး လုပ်နေသဖြင့် ကျွန်တော့်မှာ

အနည်းငယ် ကြောင်သွားလေသည် ။ ကျွန်တော် သည် သူ့ ကို အကဲခတ် ကြည့်ပြီး ငြိမ်နေလိုက်၏ ။

အတန်ကြာတော့ သူ က လေးလေးနက်နက် စဉ်းစားနေရာမှ တစ်စုံတစ်ရာ ကို ဖျတ်ခနဲ သတိရလာဟန်ဖြင့် -


“ ဘိလပ် မှ ရောက်တယ် ဟုတ်လား ” 


“ ဟုတ်တယ် ” 


“ စစ်ကြီး ပြင်းထန်နေတဲ့ကြားထဲက ၊ အင်္ဂလန် ကို ဗုံး အစွမ်းကုန်ကြဲနေတဲ့အထဲက ဗမာ

အမျိုးသမီးတွေ အတွက် ပဒုမ္မာ တွေ ပို့ဖြစ်အောင် ပို့တယ်နော် ။ အေးလေ ပို့ရမှာပေါ့ ၊ ဓနရှင်

လောကဟာ အမြတ် ရှိမှ အသက်ရှင်နိုင်တယ် ၊ အမြတ် ရဖို့ ဘယ်နည်းနဲ့မဆို ကြံဖန်လုပ်ကိုင်နေရ

တာပဲ ။ အမြတ်ထုတ်တဲ့ နေရာမှာ အမျိုးသမီးတွေ လှပစေ ၊ တင့်တယ်စေဖို့ အဝတ်အထည်လုပ်ပြီး

အမြတ်ထုတ်တာက အင်မတန် မွန်မြတ်ပါသေးတယ် ။ သိပ်ဆိုးနေတာက ဓနရှင် ဟာ ငတ်မွတ်ခေါင်းပါးခြင်း ၊ စစ်ဖြစ်ခြင်း တွေမှာလည်း အမြတ်ထုတ် နေကြတယ် ။ လက်နက် ရောင်းပြီး အမြတ်ထုတ်တယ် ၊ လူတွေ ငတ်နေရာမှာ မှောင်ခိုဈေး ဖွင့်ပြီး အမြတ် ထုတ်တယ် ” 


ကျွန်တော် ကား အင်္ကျီတို ဆောင်းပါး နှင့် ပဒုမ္မာပိတ်ကြော်ငြာ ကို ဖတ်သောအခါ ပေါ့ပေါ့ပင်

ဖတ်လိုက်သည် ။ အပေါ်ယံကိုပဲ မြင်လိုက်သည် ။ သခင်တင်မောင်ကြီ းကား အတွင်းနှိုက် ကြည့်သည် ။ လေးနက်သော အဓိပ္ပာယ်ကို ထင်မြင်အောင် ရှာသည် ။


“ သခင်တင်မောင်ကြီး ရဲ့ ၊ ခင်ဗျား ပြောလေ့ရှိတဲ့ စစ်ကြောင့် ကုန်ဈေးနှုန်းတွေ တက်တယ် ၊ လူတွေ

ကျပ်တည်းတယ် ဆို ။ ခုတော့ ပဒုမ္မာပိတ်တွေ သိပ် ရောင်းကောင်းနေတယ် ။ ပဒုမ္မာဈေး က

မတက်လို့လား ၊ လူတွေ က မကျပ်တည်းလို့လား ” 


“ သခင်တင်ထွန်း ရဲ့ ၊ ပြဿနာ တစ်ခုကို ကြည့်တဲ့အခါမှာ သူ့ ချည်း မကြည့်ရဘူး ။ အခြား

အဖြစ်အပျက်တွေ ၊ ကိစ္စတွေ ၊ အခြေအနေတွေ နဲ့ ဆက်စပ်ကြည့်ရမယ် ။ လူတွေ ဆိုတာ ဘယ်သူတွေလဲလို့ ခွဲခြားကြည့်ရမယ် ။ ပဒုမ္မာပိတ်ပါး ကို ဝတ်တဲ့ လူတွေ ၊ တစ်နည်း ပြောရရင် အထက်လွှာ

ထဲက သို့မဟုတ် အလတ်တန်းထဲ က လူနည်းစုသာ ဖြစ်တဲ့ လူတွေပဲ ။ အဲဒီ လူနည်းစုကတော့

ချောင်တယ် ၊ အများစု လူတွေကတော့ ကျပ်တယ် ။ ပဒုမ္မာဈေး ကလည်း တက်တာပဲ ။ သို့ပေမယ့်

ဆားဈေး ၊ သကြားဈေး ၊ မီးခြစ်ဈေး တက်သလောက်တော့ မတက်ဘူး ။ ဆား ၊ သကြား ၊ မီးခြစ်

စတဲ့ လူအများ သုံး ပစ္စည်းတွေ ဈေးတက်တဲ့ အတွက် လူအများ ကျပ်တာ အမှန်ပဲ ။ ပဒုမ္မာပိတ် ကို

သုံးသူမှာတော့ ပဒုမ္မာဈေး က သည့်ထက်သည် တက်ဦး ၊ မထောင်းတာဘူး ။ ကိစ္စ မရှိဘူး ။ သူတို့

ဝင်ငွေက အမြဲ တိုးနေတာပဲ ။ ခုတလော ဗုံးခိုကျင်းတွေ တူးတယ် မဟုတ်လား ၊ အဲဒါတွေ

ကန်ထရိုက်ယူတဲ့ လူတွေ ဝင်ငွေ တိုးတက်လာတာပေါ့ ။ ခုတလော ဗမာတချို့ ကို သိမ်းသွင်းတဲ့

အနေနဲ့ ဘုရင်ခံ က ရာထူးကြီးတွေ ပေးနေတယ် မဟုတ်လား ၊ သူတို့ ဝင်ငွေ တိုးနေတာပေါ့ ။ အစိုးရပိုင်း ၊ မင်းတိုင်ပင်အမတ်ပိုင်း ၊ အုပ်ချုပ်ရေးပိုင်း မှာ လာဘ်စားမှုတွေ များလာတယ် မဟုတ်လား ၊

သူတို့မှာ ပဒုမ္မာပိတ် ဝယ်အား ပိုကောင်းလာတာပေါ့ ။ အင်္ဂလိပ်စစ်ဗိုလ် တွေ ပိုရောက်လာတော့

အထက်တန်း ဖာ တွေ ပို ဝင်ငွေကောင်းလာတာပေါ့ ။ သူတို့လည်း ချစ်စနိုး ၊ ချစ်အမျှ စတဲ့

ပဒုမ္မာတွေ လှိုင်လှိုင်ကြီး ဝယ်နိုင်တော့တာပေါ့ ။ စစ် ဆိုတာ လူတစ်စု အတွက် ကောင်းတယ် ၊

လူအများအတွက် မကောင်းဘူး ” 


ကျွန်တော် သည် တို့ဗမာအစည်းအရုံးဌာနချုပ် သို့ မကြာခဏ သွားခြင်း မှာ ဤလို စိတ်ဝင်စားစရာ

ကောင်းသော စကားမျိုး သခင်တင်မောင်ကြီး နှင့် ပြောပြီး ' ရသေ့စိတ်ဖြေ ' လုပ်ရုံမျှသာမကပါ ။

ကျွန်တော် ရန်ကုန် သို့ ပြန်ရောက်နေပြီဖြစ်ကြောင်း တစ်ဆင့်စကား တစ်ဆင့်ကြားခြင်းဖြင့်

မြေအောက် လျှို့ဝှက်ရေးစခန်း သို့ သတင်းရောက်စေလို၍လည်း ဖြစ်ပေသည် ။


ကျွန်တော် မျှော်မှန်းသည့်အတိုင်းပင် မြေအောက်လျှို့ဝှက်ရေးစခန်း သည် ကျွန်တော် ရန်ကုန် သို့

ပြန်ရောက်နေပြီဖြစ်ကြောင်း တစ်နည်းနည်း ဖြင့် သိသွားကြပြီ ဖြစ်ဟန် တူလေသည် ။ တစ်ညနေ

တွင် ကျွန်တော် သည် ကျွန်တော့် နေအိမ်ခန်း မှာ တစ်ယောက်တည်း ရှိနေခိုက် လူငယ်တစ်ယောက် သည် စာတစ်စောင်ကို ပေးလှာပေသည် ။ စာတွင် တစ်စုံတစ်ယောက် ၏ အမည်ကို မပီသအောင်

လက်မှတ်ထိုးထားသော်လည်း လက်ရေး မြင်ရုံဖြင့် ကိုအေးငွေ ထံ မှ ဖြစ်ကြောင်း သိလိုက်လေသည် ။

ကျွန်တော့်မှာ အလွန်တရာ အားတက်ရွှင်လန်းခြင်း ဖြစ်သွား၏ ။ ကိုအေးငွေ က ထိုညတွင်

သူ နှင့် တွေ့ရန် ချိန်းခြင်း ဖြစ်၏ ။ စာလာပေးသော သူငယ် အား ကျွန်တော် က ပြုံးပြီး ခေါင်းညိတ်ပြလိုက်သောအခါ ထိုသူငယ် သည် စကားတစ်ခွန်း တစ်ပါဒမျှ ပြောမနေတော့ဘဲ ချာခနဲ ထွက်သွားလေသည် ။


ချိန်းသောအချိန် မှာ ည ၇ နာရီခွဲ ဖြစ်၏ ။ နေရာမှာကား ဗဟန်းရေတာရှည်လမ်း နှင့် ရွှေဂုံတိုင်လမ်း

ဆုံရာ အနီးရှိ မြန်မာကွမ်းယာဆိုင်ကလေး ဖြစ်၏ ။


ကျွန်တော်သည် ၇ နာရီ ၌ အိမ်မှ ထွက်ခဲ့လေသည် ။ ဆောင်းတွင်းဝင်လာပြီဖြစ်၍ အေးစိမ့်စိမ့်

ဖြစ်နေသည် ။ သို့သော် ရန်ကုန် ဆောင်းဦးပေါက် မှာနေခင်းထိုင်ခင်း အသာယာဆုံးသော အခါ

သမယ ဖြစ်ပေသည် ။ ဆွယ်တာ ပါးပါး လှလှကလေး များ ဝတ်ပြီး စတိုင်တစ်မျိုး ထုတ်နိုင်သော

အချိန်လည်း ဖြစ်ပေသည် ။


ကျွန်တော် သည် မမြမှီ ပေးထားသော ဆွယ်တာ ကို ထုတ်ဝတ်ခဲ့လေသည် ။ မမြမှီ နှင့် ရှမ်းပြည် သို့

သွားခဲ့သည့် အဖြစ်ဟောင်း ကို အောက်မေ့ဖွယ်ပင် ဖြစ်နေ၏ ။ ကောလိပ်ကျောင်း သို့ သွားသော

အာရ်အီးတီ ဘတ်စ်ကားပေါ်တွင် ထိုင်၍ လိုက်ပါရင်း မမြမှီ အကြောင်း စဉ်းစားနေမိလေသည် ။

မမြမှီ သည် ကျွန်တော့် အား မျှော်နေပေလိမ့်မည် ။ လိုက်ရှာလျှင်လည်း ရှာနေပေလိမ့်မည် ။

 ကျွန်တော် သည် ရန်ကုန် ပြန်ရောက်ကြောင်း မမြမှီ အား အကြောင်း မကြား ။ သူ့ထံ သွား၍လည်း

မတွေ့ ။ ဤသို့ အဆက်ဖြတ်ရခြင်းမှာ လွယ်ကူသော အလုပ် မဟုတ်ပေ ။ ကျွန်တော့် အား စိတ်၏

ချမ်းသာ ၊ ကိုယ်၏ ချမ်းသာကို ပေးခဲ့သော မမြမှီ ။ ကျွန်တော့် နေရေးထိုင်ရေး မပူပင်ရအောင်

ငွေကြေးထောက်ပံ့ခဲ့သော မမြမှီ ။ ဆွဲဆောင်ခြင်း အမျိုးမျိုး အပြည့် ရှိသော မမြမှီ ။ ထို မမြမှီ နှင့်

ကွေကွင်းရသော ဆင်းရဲခြင်းကား မသေးငယ်ပါ ။ ထို ဆင်းရဲဒုက္ခ ကို အောင့်အည်း သည်းခံနေရသည့် အကြောင်းများမှာ ကျင့်ဝတ်သိက္ခာ နှင့် ဆန့်ကျင်သည် ဟူသော ကိုယ့် အသိကြောင့် လိပ်ပြာ

လန့်ခြင်း နှင့် အများတကာ သိလျှင် ပြောကြ ဆိုကြ မည်ကို ရှက်ကြောက်ခြင်းတို့ ဖြစ်ပေရာ

ထိုအကြောင်းတို့ သည် စိတ်၏ ချမ်းသာ ၊ ကိုယ်၏ ချမ်းသာ ကို တောင့်တသော လူ့သဘာဝ ၊ နေရေး

ထိုင်ရေးတွင် မကြောင့် မကြရအောင် တောင့်တသော လူ့သဘာဝတို့ နှင့် စာသော် အားအင်ကြီးမားလှသည်ဟု မဆိုနိုင်ချေ ။ ထို့ကြောင့် ယနေ့ထိ မမြမှီ နှင့် မတွေ့အောင် ရှောင်နေနိုင်သေးသော်လည်း စိတ်ကတော့ မမြမှီ ထံ မကြာခဏ ရောက်ရောက်သွားပေသေးသည် ။ အထူးသဖြင့် အလုပ်အကိုင် ပုံမှန် မရှိ ၊ ဝင်ငွေမှန်မှန် မရှိသဖြင့် နေရေးထိုင်ရေးမှာ အကျပ်တွေ့တိုင်း မမြမှီ ၏

ထောက်ပံ့ကြေး ကို ပြေး၍ ယူလိုသည် ။ အကူအညီ ပြေး၍ တောင်းလိုသည် ။


အာရ်အီးတီဘတ်စ်ကား သည် ရွှေဂုံတိုင်အဝိုင်းကြီး မှာ ရပ်လိုက်လေသည် ။


ကျွန်တော် သည် ဘတ်စ်ကား မှ ဆင်းခဲ့ပြီး ရွှေဂုံတိုင် နှင့် ရေတာရှည်လမ်းထောင့် သို့ လျှောက်ခဲ့သည် ။ လဆုတ်ရက် ဖြစ်သဖြင့် လ မထွက်သေး ။ သည်ဘက်ပိုင်းမှ လမ်းဓာတ်မီးများ သည်

အားမကောင်းသဖြင့် ခပ်မှိန်မှိန် ရှိလေသည် ။ ညပိုင်း ရောက်ပြီဆိုလျှင် လူအသွားအလာ ပါးသော

နေရာလည်း ဖြစ်၏ ။ မြန်မာကွမ်းယာဆိုင်ကလေး မှာ လျှပ်စစ်ဓာတ်မီး မသွယ်ယူနိုင် ၊ ရေနံဆီ

လက်ဆွဲမှန်အိမ်ကလေးတစ်ခု ကို ထွန်းထား၏ ။ ကုန်ပစ္စည်းမှာလည်း ကု -လားကွမ်းယာဆိုင်များ လို

မစုံလင်လှချေ ။ ကွမ်းယာဗန်း အပြင် ဆေးလိပ်အမျိုးမျိုး နှင့် သွေးဆေး ၊ ဝမ်းနုတ်ဆေး အမျိုးမျိုးသာ

ရှိလေသည် ။ ဆိုင်ရှင် သည် ဈေးဝယ်တစ်ယောက် နှင့် စကားပြောနေ၏ ။ ဈေးဝယ်သူ မှာ ဘောင်းဘီဖြူ နှင့် ရှပ်အင်္ကျီလက်ရှည်အဖြူ ကို ဝတ်ထားပြီး တရုတ်နှင့် တူသည် ။ နှုတ်ခမ်းမွေး တိုတိုကလေး

ထားပြီး မျက်မှန်လည်း တပ်ထားသည် ။


ကျွန်တော် သည် ကွမ်းယာဆိုင် ၏ ဘေးဘီတွင် လူသူလေးပါး အရိပ်အခြည်ကို ကြည့်လိုက်သည် ။

ကိုအေးငွေ ကို မတွေ့ရ ။ နာရီ ကို ကြည့်လိုက်သောအခါ ၇ နာရီခွဲ နေလေပြီ ။ ကျွန်တော် ကိုယ်တိုင်က

ကွမ်းယာဆိုင် ရှေ့မှာ ရပ်ပြီး အရိပ်အခြည် ပြရန် တစ်နေရာရာမှာ ဝင်ရပ်လိုက်၏ ။ ဈေးဝယ်နေသော

တရုတ်နှင့် တူသူသည် ကျွန်တော့် အား ဘေးစောင်း ကြည့်လိုက်လေသည် ။ သေသေချာချာ

ကျွန်တော် က ကြည့်မိသောအခါ ထိုသူ ကို ကျွန်တော် သိမြင်ဖူးသည်ဟု ထင်လာလေသည် ။


ကျွန်တော် -


“ ကွမ်းတစ်ယာ ပေးပါဗျာ ” 


ကွမ်းယာ သည် -


“ အချိုလား ၊ ဆေးနဲ့လား ” 


ကျွန်တော် က မဖြေမီ ထိုသူ က -


“ ဒီဆိုင်မှာ နှစ်မျိုးစလုံး ကောင်းတာပဲဗျ ” 


ထိုသူ့ အသံကို ကြားလိုက်သည်နှင့် တစ်ပြိုင်နက် ကျွန်တော် သည် ထိုသူမှာ ကိုအေးငွေ ဖြစ်ကြောင်း

တပ်အပ်သေချာ သိပေတော့သည် ။ အနည်းငယ်တော့ အံ့ဩခြင်း ဖြစ်မိ၏ ။ သို့သော် အံ့ဩခြင်းကို မပြဘဲ ဖုံးဖိထားလိုက်ပြီး -


“ ခင်ဗျားတို့ ကောင်းမယ်ထင်တာ ပေးပါဗျာ ” 


ကွမ်းယာသည် သည် ကွမ်းယာပြီးသော အခါ ကျွန်တော့် အား လှမ်းပေးလိုက်၏ ။ ကျွန်တော် က

ပိုက်ဆံ ထုတ်ပေးနေချိန်တွင် ကိုအေးငွေ သည် ထွက်သွားနှင့်၏ ။ ၎င်းနောက် ကျွန်တော် သည်

သူ့ နောက်မှ နောက်ယောင်ခံ လိုက်သွားလေသည် ။


ကျွန်တော်တို့ သည် ရွှေဂုံတိုင်လမ်း အလိုက် ခြောက်ထပ်ကြီး ဘက်သို့ လျှောက်ခဲ့ကြလေသည် ။

သစ်ပင်ကြီးများကလည်း အုပ်မိုးနေကြပြီး ကုန်းပေါ်မှာ ကျောင်းများ ၊ ဇရပ်များ ၊ ဘုရားများက

လွှမ်းခြုံနေကြသောကြောင့် မှောင်နေလေသည် ။ ကျွန်တော်တို့ သည် အုတ်လှေကားကြီးတစ်ခုတွင်

တက်ကြ၏ ။ စကားဝါပင် ၊ တရုတ်စကားပင် ၊ ပိန္နဲပင် ၊ ဝါးရုံ စသည်တို့ ကြားမှာ ရှိသော

အုတ်တံတိုင်းနှစ်ဖက် ကာထားသော လမ်းကလေးမှာ လျှောက်ကြ၏ ။ ကျောင်းကြား ၊ ဇရပ်ကြား

ဝင်ကြ၏ ။ ၎င်းနောက် ဇရပ်တစ်ဆောင်တွင်းသို့ ဝင်ကြလေသည် ။


လူတစ်ယောက် သည် ကြမ်းပြင်ပေါ်မှာ ထိုင်၍ လက်နှိပ်စက်ကို စားပွဲပုကလေးပေါ်တွင် တင်ပြီး

ဖယောင်းကိုင်စက္ကူ မှာ လက်နှိပ်စက် ရိုက်နေလေသည် ။ ထိုသူမှာ အသားမည်းမည်း မျက်မှန်

ဝင်းဝင်း ၊ ခေါင်းတုံးဆံတောက်နှင့် ဖြစ်လေသည် ။ ထိုသူမှာ ရေကျော်မှ ကျောင်းဆရာ သခင်ချစ်

ဖြစ်လေသည် ။


ကျွန်တော်တို့ ဝင်လာသည်ကို သခင်ချစ် သည် တစ်ချက်လောက် မော့ကြည့်ပြီးနောက်

လက်နှိပ်စက် ရိုက်မြဲ ရိုက်နေလေသည် ။


ထိုင်မိသည်ဆိုလျှင်ပင် ကျွန်တော် က ကိုအေးငွေ အား -


“ ရုတ်တရက် ခင်ဗျားကို မှတ်တောင် မမှတ်မိဘူး ” 


သူ က မျက်မှန် ချွတ်ရင်း -


“ ရုပ်ပြောင်းရုပ်လွှဲ အောင်မြင်တယ် ဆိုရမှာပေါ့ ။ လိမ်ရင် ဗြောင်လိမ်တာထက် တစ်ဝက်တပျက်

လိမ်တာက ပိုပိတယ် ဆိုတာလိုပဲ ၊ ရုပ်ဖျက်တဲ့ အခါမှာ သိပ် မဖျက်ရဘူး ၊ နည်းနည်း ဖျက်ပြီး ပုံမှား

ရိုက်ရတယ် ၊ ဟဲ ဟဲ ။ အင်္ကျီကြောင်ကြောင်ကျားကျား ဝတ်နေ မကျတဲ့ လူတစ်ယောက် က

ကြောင်ကြောင်ကျားကျား ဝတ်ရုံနဲ့လည်း ပုံမှား ရိုက်နိုင်တာပဲ ။ ဘောင်းဘီဝတ်လေ့ မရှိသူက

ဘောင်းဘီ ဝတ်လိုက်ရုံနဲ့လည်း ပုံမှား ရိုက်နိုင်တာပဲ ။ ကိုယ့်ကို ကြည့် ၊ ဘောင်းဘီဝတ်နေ မကျဘဲ

ဝတ်လိုက်တယ် ၊ မျက်မှန် တပ်လိုက်တယ် ၊ မျက်မှန် အမည်းကြီး တပ်တာ မဟုတ်ဘူးနော် ။

 နှုတ်ခမ်းမွေး တိုတိုကလေး ထားလိုက်တယ် ။ ရုပ်ပြောင်းသွားတာပဲ ။ အရေးကြီးတာက သဘာဝ

ကျဖို့ ဖြစ်တယ် ။ ကဲ ဆိုစမ်းပါဦး ၊ ဘာတွေ လုပ်ခဲ့သလဲ ၊ ခုကော ဘာတွေလုပ်နေသလဲ“ 


“ ကျွန်တော်တို့ နယ်မှာ လုပ်ခဲ့တာတွေတော့ ရှိပါတယ် ။ ခု ရန်ကုန် ပြန်ရောက်တော့ ဘာမှ မလုပ်ရ

သေးဘူး ။ ခင်ဗျားတို့နဲ့မှ မတွေ့ဘဲ ၊ ဘာ လုပ်စရာ ရှိမှာလဲ“ 


“ ကိုယ်တို့လည်း ခရီးထွက်နေကြတာကိုး ၊ ဒါကြောင့် ရဲဘော် နဲ့ အဆက်ပြတ်နေတာ ။ ကဲ

နယ်မှာ လုပ်ခဲ့တာကလေးတွေ ပြောစမ်းပါဦး ” 


ကျွန်တော် က လာတော့မည့် အရေးတော်ပုံ အတွက် လူတွေ စည်းရုံးခဲ့ပုံ ၊ ကောင်းကင်မှ လက်နက်

ချပေးရန် နေရာများ ရွေးချယ်ခဲ့ပုံ စသည်တို့ကို လုံးစေ့ပတ်စေ့ အစီရင်ခံလေသည် ။


ကိုအေးငွေ က အင်္ဂလိပ် နယ်ချဲ့အား လက်နက်ကိုင် တိုက်ထုတ်ရန်ကိစ္စ နှင့် ပတ်သက်၍ အရပ်ရပ်

အခြေအနေများကို ခြုံ၍ ပြောပြသည် ။ သခင်အောင်ဆန်း သည် ဂျပန် မှ တစ်ခေါက်ပြန်လာ

 ကတည်းက လိုက်ပါသွားသော သခင်လှမြိုင် တို့ လူစုမှာ ဂျပန်မှာ နေခဲ့ကြောင်း ၊ သခင်လှဖေ ၊

ကိုထွန်းရှိန် စသော ရဲဘော်များ သခင်အောင်ဆန်း နှင့်အတူ လိုက်ပါသွားကြပြီဖြစ်ကြောင်း သိရလေသည် ။ ပြင်ပ မှ ဗမာ့လွတ်လပ်ရေးတပ်ကြီး များ ချီတက်လာစဉ် ပြည်တွင်း မှ နေရာ

အနှံ့အပြားတွင် လက်နက်ကိုင် သူပုန်များ ထကြွရန် အစီအစဉ်များကိုလည်း ထိုက်သင့်သလောက်

ပြောပြပေ၏ ။


ကိုအေးငွေ သည် ကျွန်တော် နှင့် ရဲဘော်နေထွန်း တို့ ရွေးချယ်ထားသော လေယာဉ်ပျံ မှ လက်နက်

ချပေးရန် နေရာကို သေချာစွာ မှတ်သားထားလိုက်လေသည် ။


ကိုအေးငွေ က ဂျပန် သည် လက်နက်အကူအညီများ အပြင် ငွေကျပ် သန်းနှစ်ဆယ် ကိုပါ အကူအညီ

ပေးလိမ့်ဦးမည် ဖြစ်ကြောင်း ပြောပြသောအခါ ကျွန်တော့် မှာ မှင်တက်မိသွားလေသည် ။


ထို့ကြောင့် ကိုအေးငွေ က -


“ တစ်ပြည်လုံး စည်းရုံးရေးလုပ်ဖို့ လျှို့ဝှက်စွာ တပ်တွေထားဖို့ဆိုတော့ ဒီငွေဟာ နည်းတောင်

နည်းသေးတယ် ကိုယ့်လူ ” 


“ ကြားရတဲ့သတင်းက ကောင်းလွန်းအားကြီးလို့ မှန်မှ မှန်ပါ့မလားလို့ သံသယဖြစ်နေတယ်

ကိုအေးငွေ ရဲ့ ” 


“ ဂျပန်အစိုးရ နဲ့ ကိုယ်တို့ ခေါင်းဆောင်တွေ သဘောတူညီမှု ရပြီးတဲ့အတိုင်း ပြောနေတာပါ

ရဲဘော်တင်ထွန်း ၊ ဒါတွေကို သည့်ပြင် ဘယ်သူ့မှလည်း ပြောမနေနဲ့ဦး ၊ ကိုယ်တို့ အချင်းချင်းသာ

သိထားဖို့ ပြောတာ ” 


“ ကျွန်တော် နှုတ်လုံပါ့မယ်ဗျာ ၊ ခုလောလောဆယ် ကျွန်တော် ဘာလုပ်ရမလဲ ” 


“ ဝါဒဖြန့်လုပ်ငန်း လုပ်ရမယ် ” 


ကိုအေးငွေ သည် အခန်းထဲမှ စာရွက်စာတမ်းအလိပ်များကို ဆွဲထုတ်လာပြီး ကျွန်တော့် အား

ပေးလိုက်သည် ။


“ ဒါတွေကို နီးစပ်ရာလူတွေ ဝေပေးလိုက်ပါ ” 


၎င်းတို့မှာ ' အရေးတော်ပုံ ' ဆိုသောစာစောင်များ ဖြစ်လေသည် ။


“ အဖိုးအခ တောင်းရဦးမှာလား ” 


“ စာစောင်ကို ပေးပြီးတော့ အလှူခံ ၊ တစ်ကျပ် ထက်တော့ မနည်းစေနဲ့ပေါ့ ” 


ကျွန်တော် သည် စာစောင်များကို လှန်လှောကြည့်နေလေသည် ။


ကျွန်တော်တို့ ၏ ဝါဒဖြန့်စာရွက်စာတမ်းများတွင် နာဇီဂျာမနီ နှင့် တိုက်နေသော ရုရှား ကို

ချီးကျူးအားပေးခြင်းများ ၊ ဂျပန် စစ်ဝါဒီ တို့အား ခုခံတိုက်ခိုက်နေသော တရုတ်ကွန်မြူနစ်များ ကို

ထောက်ခံအားပေး ရေးသားချက်များ ၊ အင်္ဂလိပ် နယ်ချဲ့သမား အား အပြုတ်တိုက်ရေးများ နှင့် ထိုသို့

အပြုတ်တိုက်ရေး အတွက် အပြင်မှ အကူအညီ ဘယ်နည်းနှင့် မဆို ၊ ရအောင် လုပ်ရမည်ဟူသော

အဆိုများ ပါရှိလေသည် ။


' အရေးတော်ပုံ ' စာစောင်မှာ လျှို့ဝှက်စွာ ရိုက်နှိပ်ထုတ်ဝေနေသော စာစောင်ဖြစ်လေသည် ။


ကျွန်တော် သည် စာစောင်များတွင် အာရုံစွဲ နစ်မြုပ်နေစဉ် ကိုအေးငွေ က -


“ ရဲဘော်တင်ထွန်း ငွေရေးကြေးရေးအခြေအနေ ဘယ်လို နေသလဲ ” 


ထိုမေးခွန်း ကို ကျွန်တော် မျှော်လင့် မထားချေ ။ သို့သော် အမှန်အတိုင်း ပြောပြနိုင်သူ့ ထံမှောက်မှာ

အမှန်ကို အန်ထုတ်ခွင့်ရသဖြင့် ဝမ်းသာသွားပေ၏ ။


“ အခြေအနေက ကျပ်တာပေါ့ဗျာ ။ အလုပ်ကလည်း ထွက်ထားတယ် ၊ အဖေ သေ လို့ ရွာပြန်ရတော့

ကုန်ကျတာကလည်း ရှိသေးတယ် ။ မုဆိုးမ အမေ့ဆီကလည်း တစ်ပြားစ တစ်ချပ်မှ မယူချင်ဘူး ၊

ခုလောလောဆယ် ဆိုရင် ဘိုင်ကျနေတာပေါ့ ” 


“ ပုံနှိပ်တိုက် ထောင်ပေးမယ် ဆိုတဲ့ ရဲဘော် ရဲ့ အစ်မကြီး ဆိုတာကလည်း ထောင်မပေးတော့ ခက်

သွားတာပေါ့လေ ။ ရဲဘော် ဖို့ ကိုယ် နည်းနည်း ပေးလိုက်ရဦးမယ် ” 


“ ဟဲ ဟဲ သန်းနှစ်ဆယ်ထဲကလား ” 


“ ဟဲ ဟဲ ဆိုပါတော့ ၊ စရန်ရတဲ့အထဲကပါပဲ ” 


ကိုအေးငွေ သည် ငွေ ၂ဝိ ထုတ်ပေးလေသည် ။ နှစ်ကျပ်တန် အသစ်စက်စက် ဆယ်ရွက် ဖြစ်၏ ။


ကိုအေးငွေ ၏ မျက်နှာသည် တည်သွားပြန်လေသည် ။ တစ်စုံတစ်ရာ ကို လေးလေးနက်နက် စဉ်းစားနေပြီးနောက် -


“ အရေးကြီးတာက ကိုယ်တို့ တစ်တွေက ကိုယ်တို့ တာဝန်ကို ကျေပွန်အောင် လုပ်ဖို့ပဲ ။ ဗမာ့တာဝန်

ကျေပွန်အောင် ဗမာတွေ လုပ်နိုင်မှ ဂျပန် ဟာ ဗမာပြည် ထဲ ဝင်မလာနိုင်မှာ ။ ဂျပန် ဝင်မလာဘဲနဲ့

အင်္ဂလိပ် ကို မောင်းထုတ်နိုင်အောင် ကြိုးစားရမယ် ” 


“ ဟုတ်တယ် ၊ ဒါဟာ အရေးကြီးဆုံးပဲ ။ ဂျပန် က ဝင်လာ မိရင် အပိုင်စီးသွားမှာ စိုးရသေးတယ် ။

ဒါပေမဲ့ တစ်ခု ခက်နေတာ ရှိတယ် ” 


“ ဘယ်လို ခက်နေတာလဲ ၊ ဆိုစမ်းပါဦး ” 


“ လူတွေ တော်တော်ခပ်များများ က အရှေ့ဘက် က ဂျပန် လာမှာကို အရှေ့ က နေဝန်းထွက်သည့်

ပမာ ဆိုတာ လို မျှော်လင့်စောင့်စားနေကြတယ် ” 


“ အခုနေအခါမှာ ဂျပန် ကို မျှော်တာက ကိစ္စ မရှိပါဘူး ၊ အင်္ဂလိပ် အပေါ်မှာ ယုံကြည်ချက် ၊ အားထားချက် ကင်းမဲ့ခြင်းကို ပြတဲ့ သဘောပါပဲ ။ ခုနေအခါမှာ အရေးအကြီးဆုံးက အင်္ဂလိပ် နယ်ချဲ့

သမား ကို မုန်းဖို့ ၊ အယုံအကြည် မဲ့ဖို့ ၊ အင်္ဂလိပ် နယ်ချဲ့အစိုးရ ခေတ်ကုန်ပြီဆိုတာ နားလည်ဖို့

ဖြစ်တယ် ၊ ဒီလို ဖြစ်ဖို့ဟာ ကိုယ်တို့ ပယောဂဖြင့် ဖြစ်ဖြစ် ၊ ဂျပန် ပယောဂဖြင့် ဖြစ်ဖြစ် ကောင်းတာ

ချည်းပဲ ” 


“ ဟုတ်တာပေါ့လေ ၊ ကဲ ကျွန်တော် ပြန်တော့မယ် ။ နောက် ဒီကိုပဲ လာရမှာလား ” 


“ ဟုတ်တယ် ၊ ဗုဒ္ဓဟူး နဲ့ စနေနေ့တိုင်း ည ၇ နာရီနဲ့ ၉ နာရီ ကြား မှာ လာခဲ့ပါ ။ ဒီနေ့တော့ ကိုယ်

 ကိုယ်တိုင် လာကြိုလို့ လမ်းက ကင်း က မမေးတာ ၊ နောက်နေ့တွေဆိုရင် အုတ်တံတိုင်း

လမ်းကြားမှာ ကင်း နဲ့ တွေ့လိမ့်မယ် ။ ကင်းက “ မောင်စန်လားဟေ့ ”   လို့ မေးလိမ့်မယ် ။ ဒီတော့

ရဲဘော်က “ မောင်စန်တော့ မဟုတ်ပါဘူး ၊ မောင်စန်က လွှတ်လိုက်တဲ့ ခန္တီပါ ”  လို့ ဖြေလိုက်ပါ ။

ဒီလိုဆိုရင် သွားခွင့် ပြုလိမ့်မယ် ” 


“ မှတ်မိပါပြီ ” 


“ မောင်စန်လားဟေ့ ” 


“ မောင်စန်တော့ မဟုတ်ပါဘူး ၊ မောင်စန် က လွှတ်လိုက်တဲ့ ခန္တီ ပါ ။ ဟဲ ဟဲ လျှို့ဝှက်ရေးလုပ်ငန်း

ဆိုတာ စေ့စပ်သေချာရတယ်နော် ။ ကောင်းတယ် ” 


ကျွန်တော် ပြန်လာသောအခါ ကိုအေးငွေ က အုတ်လှေကား အထိ လိုက်ပို့လေသည် ။


မြောက်လေအေးကလေး တိုက်လာသည် ။ ဘုရားထီး မှ ဆည်းလည်းသံ မှာ တလင်တင်တင်

မြည်လျက်ရှိ၏ ။


ရွှေဂုံတိုင်လမ်း မှာ လွန်စွာ တိတ်ဆိတ်ငြိမ်သက်လျက်ရှိ၏ ။ လူသွားလူလာ မရှိ ၊ ယာဉ် အသွား

အလာလည်း မရှိ ။


လမ်းထောင့်တွင် ဘတ်စ်ကား စောင့်သည် ။ မလာနိုင်သဖြင့် ဗဟန်းဘက် သို့ ခြေလျင်လျှောက်

လာခဲ့သည် ။


ချာချီလမ်းကြီး သည်လည်း အသွားအလာ မရှိ ။ ခြောက်သွေ့နေ၏ ။ လမ်းဘေး နှစ်ဖက်ရှိ ကုန်းမြင့်

ပေါ်က တိုက်အိမ်များမှာကား သာယာလှပေ၏ ။ ဓာတ်မီးများကို အဆန်းတကြယ် တင့်တယ်စွာ

ထွန်းထားကြလေသည် ။ မီးရောင်အောက် ပန်းခြံများမှာ အရောင်အသွေး ထင်ထင်ရှားရှားနှင့်

လှခွင့်မရကြသော်လည်း ဝိုးတိုးဝါးတား မပီကလာဖြင့် အိပ်မက်ဆန်သော အလှတစ်မျိုးကို ဆောင်

နေကြလေသည် ။


လမ်းလျှောက်ရတာ ပျော်မြူးလာသည် ။ လေပင် ချွန်မိ၏ ။ သီချင်းပင် ညည်းမိ၏ ။


ကန်တော်ကြီးစောင်း သို့ ရောက်လာလေသည် ။ အုပ်မိုးနေသော သစ်ပင်ကြီးများကား ရေကသိုဏ်း

ရှုနေသလို တည်ငြိမ်ခံ့ညားလှလေသည် ။ ရေပြင်ပေါ်တွင် လှိုင်းစီးနေသော ကြယ်ရိပ်များကား

မျက်စပစ်နေကြသည်နှင့် တူပေ၏ ။


ကံအားလျော်စွာ ဘုရားဘက် မှ လျှောက်လာသော လန်ချားတစ်စီး ကို တွေ့ရလေသည် ။ အိတ်ထဲမှာ

ငွေ၂ဝိ ရှိနေသဖြင့် အိမ် ထိအောင် လန်ချား စီးပြီး ဇိမ်ခံရန် စဉ်းစားလိုက်လေသည် ။ အချိန်မှာ

ဆယ်နာရီ ကျော်ကျော် ၊ ရန်ကုန်မြို့ တွင်းမှာ လန်ချား စီး၍ အကောင်းဆုံးသော အချိန်ပေတည်း ။

အသွားအလာ ပါးသဖြင့် လမ်းတစ်ခုလုံးကို လန်ချား က ပိုင်သည် ။ တိတ်နေသောကြောင့် ကား

မောင်းလာလျှင်လည်း အဝေးကြီးမှပင် သိနိုင်သဖြင့် အေးအေးဆေးဆေး ရှောင်တိမ်းနိုင်သည် ။

ရာသီဥတု အေးချမ်းသာယာသဖြင့် လန်ချားသမား က ပို၍ အားပါးတရဖြင့် မမောမပန်း

ဆွဲနိုင်သည် ။ သည်အထဲက ကျွန်တော် လန်ချားပေါ် တက်သည်နှင့်တစ်ပြိုင်နက် ငွေတစ်ကျပ်

ပေးမည်ဆိုသဖြင့် လန်ချားကု -လား မှာ မြင်းကောင်းစိုင်းဘိသည့်နှယ် ။


တိရစ္ဆာန်ရုံ မှာ တရိပ်ရိပ် ကျန်ရစ်ခဲ့သည် ။ ချစ်သူတို့ ၏ လမ်းကြား ကို ဖြတ်ကျော်စဉ် မမြမှီ နှင့်

လမ်းလျှောက်ရင်း ညုကြတာကြသည့် အတိတ်ကားချပ်များ သည် စိတ်ထဲမှာ တစ်လွှာပြီးတစ်လွှာ

ပေါ်လာလေသည် ။


စိတ်ဓာတ် ဆိုသည်မှာ ဆန်းကြယ်လှပေသည်တကား ။ ယင်းသို့ အတိတ်ကားချပ်တစ်ခုကို

ထင်ဟပ်နေသည့် တစ်ခဏ၌ပင် ပစ္စုပ္ပန်ကားချပ်တစ်ခုသည် ရောနှောထင်ဟပ် လာပြန်လေသည် ။


တီဘီ ဟု ထင်ရသော ရောဂါဖြင့် နွမ်းရိပျော့ခွေ လဲလျောင်းနေရသော မမြင့်ဦး ၏ ရုပ်ပုံကားချပ်ပေတည်း ။


ကျွန်တော် သည် မမြင့်ဦး ထံသို့ မကြာခဏ ရောက်ခဲ့၏ ။ အခြေအနေ တိုးတက် ကောင်းမွန်လာသည်ကို မတွေ့ရ ။ မမြင့်ဦး အား ကုသနေသော ဆရာဝန် ထံသို့ သွားပြီး အခြေအနေ မေးခဲ့၏ ။

အားရဖွယ်ကောင်းသော စကားကို မကြားခဲ့ရ ။ ဆရာဝန် သည် ရောဂါ ကျွမ်းနေပြီ ၊ မျှော်လင့်ချက်

မရှိတော့ဘူး ဟူသော စကားမျိုးကို မပြောသော်လည်း စိတ်မပူပါနှင့် ၊ မကြာခင် ပျောက်ပါလိမ့်မယ်

 ဟူသော စကားကိုလည်း မပြောပေ ။ “ စောင့်ကြည့်သေးတာပေါ့ ”  ဟူသော စကားကို တွင်တွင်

ပြောပြီး ဆေးတွေသာ တွင်တွင် ပေးနေလေသည် ။


ကျွန်တော်သည် မမြင့်ဦး ကို အားတက်အောင် အမျိုးမျိုး ကြံဖန် ပြောရ၏ ။ သူ့အတွက်

 မျှော်လင့်ချက် ဗိမာန်ကြီးတွေ ခမ်းနားထည်ဝါစွာ ဆောက်ပေးရ၏ ။


မောင်ဂိုမာရီ လမ်း ။


ထိုလမ်းပင်လျှင် အတော် ရှင်းနေ၏ ။ ဟိုနား ဒီနား လန်ချားတစ်စီးတလေ ပြေးလွှားနေခြင်းနှင့် လူ

အချို့ ကူးသန်းဖြတ်သွားခြင်းသာ ရှိတော့၏ ။ ဓာတ်ရထားများမှာ တစ်စင်းမကျန် ရုပ်သိမ်းသွားခဲ့ပြီ ။


ကျွန်တော် နေထိုင်ရာ ဗေဒကဝိန် ဆရာဦးတက်ရှိန် ၏ တိုက်ခန်း ရှေ့သို့ ရောက်သောအခါ လန်ချား

ကို အရပ်ခိုင်းလိုက်လေသည် ။


ကျွန်တော် လန်ချားပေါ်မှ ဆင်းပြီး ငွေတစ်ကျပ် ပေးလိုက်သောအခါ လန်ချား -ကုလား သည် စစ်သား

၏ ဖျတ်လတ်တည့်မတ်ခြင်းမျိုး ဖြင့် ဆလံ ပေးလိုက်လေသည် ။ ထိုဆလံ ကို ခံယူရသော ကျွန်တော်

သည် စစ်ဗိုလ် လို ပြုမူရမည်လား ၊ သူဌေး လို ပြုမူရမည်လား မသိ ။ ဘာကလိုတိုတိုကြီး ဖြစ်ကာ

ပြုံးသာ ပြုံးလိုက်ရလေတော့သည် ။


လှေကားပေါ်သို့ တက်မည် အပြုတွင် ကြည်လင်သော ၊ ပြာလဲ့သော ကောင်းကင်မှ မိုးကြိုးသံကို

ကြားရဘိသကဲ့သို့ “ မောင်ကလေး ”   ဟူသော အသံကို အံ့ဩစွာ ကြားရလေသည် ။ အသံ လာရာသို့

လှည့်ကြည့်လိုက်သောအခါ လမ်းဘေး မှာ ရပ်ထားသော မမြမှီ ၏ မော်တော်ကားကို တွေ့ရလေသည် ။ ကျွန်တော် သည် အံ့ဩ မဆုံးနိုင် ဖြစ်ပြီး ရပ်တန့်ငေးမောနေမိလေသည် ။


မမြမှီ သည် မော်တော်ကားပေါ်မှ ခေါင်းပြူထွက်ပြီး -


“ မောင်ကလေး ၊ အောင်မယ်လေး ဒီကဖြင့် ရှာလိုက်ရတာ ”  


သည်တော့မှ ကျွန်တော် သည် ကားအနီး သို့ ပြေးကပ်လိုက်သည် ။


“ ဟင် မမ ပါကလား ၊ ကျွန်တော် လုံးလုံး မမျှော်လင့်ဘူး ၊ လုံးလုံး မထင်ဘူး ” 


ဒရိုင်ဘာ ကိုဘိုးအောင် ကား အလွန်ဣ‌န္ဒြေ ကောင်းသူ ဖြစ်၏ ။ ကျွန်တော်တို့ ကို လုံးလုံး လှည့်

မကြည့် ။ စပ်စုလိုသော အမူအရာကို လုံးဝ မပြ ။ သူ့ဘာသာ သူ စတီယာရင်ဘီးပေါ် လက်တင်ရင်း

ရှေ့သို့ ငေးကြည့်နေလေသည် ။


မမြမှီ သည် မူရာမာယာ များလှသော မျက်နှာဖြင့် ကျွန်တော့် အား မော့ကြည့်ရင်း -


“ ဟုတ်မှာပေါ့ မောင်ရယ် ၊ သိပါတယ် ။ မမ ကို မျှော်မှာမဟုတ်ပါဘူး ၊ သတိတောင် ရမှာ

မဟုတ်ပါဘူး ။ အို တမင် မေ့ထားတဲ့ဟာပဲလေ ” 


“ အို ဒီလို မဟုတ်ပါဘူး မမ ရဲ့ ။ ကျွန်တော် က ဒီလို ဒီနေရာ မှာ ၊ ဒီ အချိန်ကြီးမှာ မမ ကို တွေ့ရဖို့

မမျှော်လင့်တာကို ပြောတာပါ ” 


“ မမ ဒီနားကစောင့်နေတာ တစ်နာရီ ကျော်ကျော် ကြာပြီ ” 


“ ဟာဗျာ ဟုတ်လား ၊ အားနာစရာကြီး ” 


ကျွန်တော့် မှာ ခြေ မကိုင်မိ ၊ လက်မကိုင်မိ ဆိုသလို ဖြစ်လာလေသည် ။ မမြမှီ သည် ကားခုံ

တစ်ဖက်သို့ ရွှေ့ထိုင်ရင်း -


“ လာလေကွယ် ၊ မတ်တတ်ကြီး စကားပြော မနေပါနဲ့ ၊ ကားထဲ တက်ခဲ့ပါ ” 


မမြမှီ ၏ အမူအရာမှာ ခါတိုင်း နှင့် အနည်းငယ် ခြားနား၏ ။ ခါတိုင်း ဒရိုင်ဘာ အစေခံ စသော

လူများ ရှေ့တွင်ပင်လျှင် ဣန္ဒြေ ထိန်းထားသည် ။ ကျွန်တော့် အား ခုလို လွတ်လပ်စွာ မဆက်ဆံ

ခဲ့ချေ ။ ကျွန်တော် သည် ကားတံခါး ကို ဖွင့်ပြီး တက်လျက် မမြမှီ ဘေးမှာပင် ခပ်ခွာခွာ ခပ်ယို့ယို့

ထိုင်လိုက်လေသည် ။ ကားတံခါးကိုပင် မပိတ်မိ ။


“ မမ ခု ဘယ်က လာတာလဲ ” 


“ မင့် ဆီ တမင် လာတာပေါ့ ။ မောင်လေး ဟာ လူ ကိုယ်တိုင်လည်း မလာဘူး ၊ စာ လည်း မရဘူး ၊

ဒီလို နေတာက ဘာ သဘောလဲ ” 


မမြမှီ က အပူတပြင်း လှုပ်ရှားနေသော ခံစားမှုနှင့် ပြောသည် ။ ကျွန်တော် ကတော့ အေးစက်စွာ

ဖြေလိုက်၏ ။


“ ဘာသဘော မှ မဟုတ်ပါဘူး မမ ရယ် ၊ မအားတဲ့ သဘောပါပဲ ” 


“ မမ မှာ ဘာဖြစ်နေတယ်ဆိုတာ သိသလား ” 


ကျွန်တော် က မမြမှီ အား ထိန်းသိမ်းပိပြားစွာ နေထိုင်ပြောဆိုရန် သတိပေးသည့်သဘောနှင့်

ရှေ့က ထိုင်နေသော ဒရိုင်ဘာဘက်သို့ လက်မငေါက်တက်ထိုး၍ ပြလိုက်လေသည် ။ မမြမှီ ကား

ဂရုစိုက်ပုံ မပေါ် ။ အပူတပြင်း လှုပ်ရှားနေသော ခံစားမှုမျိုးဖြင့်ပင်-


“ မမ မှာ ဘာဖြစ်နေတယ်ဆိုတာ သိရဲ့လား ” 


ကျွန်တော် က အေးဆေးစွာပင် -


“ ဆိုစမ်းပါဦး ” 


“ ကိုထွန်းဝင်း ဆုံးသွားပြီ ” 


“ ဟောဗျာ ဘယ်တုံးကလဲ ” 


မမြမှီ သည် မာယာလော ၊ တကယ်လော မသိ ။ ဝမ်းနည်းလှိုက်ဖိုသော အသံဖြင့် -


“ တစ်လတောင် ကျော်သွားပြီ ” 


ကျွန်တော့် မှာမူ ဝမ်းနည်း ရမည်လား ၊ ဝမ်းသာ ရမည်လား ဝေခွဲ ဆုံးဖြတ်ခြင်း မပြုနိုင်သေးမီ

ဝမ်းနည်းဟန်ပင် ဆောင်ရလေသည် ။


“ ဘယ်လို ဆုံးသွားတာလဲ မမ ” 


မမြမှီ သည် တက်လာသော စိတ်သောကလှိုင်းများ ကို နှာခေါင်း မှ ညှစ်ထုတ်ပြီး ရေမွှေး

ထုံသင်းနေသည့် လက်ကိုင်ပဝါဖြင့် သုတ်ရင်း -


“ သူ့ ရောဂါဟောင်းနဲ့ ပဲ ဆုံးသွားရှာတာပါပဲကွယ် ။ နာတာရှည်ကြီး ပြန်နာလန်ထူတယ်လို့ မရှိ

တော့ပါဘူး ” 


ကျွန်တော် သည် မမြမှီ ၏ လက်ကိုင်ပဝါမှ ပျံ့လွင့်လာသော ရေမွှေးနံ့တွင် ထုံယစ်နေမိ၏ ။

ထိုခဏ၌ တစ်ခါတုန်း က ကျွန်တော် နှင့် လွတ်လပ်စွာ ပေါင်းသင်းဆက်ဆံနိုင်ရန် ဦးထွန်းဝင်း

သေပါစေတော့ဟု မမြမှီ ဆုတောင်းခဲ့သည်ကို ဖျတ်ခနဲ သတိရလေသည် ။


“ သူ့ ခမျာလည်း ဝဋ်ကျွတ်တယ်လို့ ဆိုရမှာပါပဲ မမ ရာ ။ အိပ်ရာမှာ အမြဲလှဲနေရတဲ့ ဒုက္ခ

ဆင်းရဲဟာ ဘယ်လောက် ကြီးမယ်ဆိုတာ ” 


“ အေးပေါ့ ၊ ဒီလိုတွေးပြီး စိတ်ပူတာ ဖြေရတာပဲ ။ သူ့ခမျာမှာ ဝဋ်ကျွတ်ရှာတာပါပဲ ။ မမ ဖြင့် သိပ်

အားငယ်သွားတာပဲကွယ် ။ မုဆိုးမ ဘဝဆိုတာ မမ လို အလုပ်အကိုင် နဲ့ တင့်တောင့်တင့်တယ်

ရှိဦးတော့ ၊ လူ အထင်သေးတော့ ခံရတာပဲ ” 


မမြမှီ က မုဆိုးမ ဘဝ ငိုချင်းရှည်ချနေသည် ကို ကျွန်တော် စိတ်မဝင်စားနိုင်တော့ပါ ။ ဦးထွန်းဝင်း

ကွယ်လွန်ခြင်း ကို အကြောင်းပြု၍ မမြမှီ နှင့် ကျွန်တော်တို့ ၏ ရှေ့ရေးကံကြမ္မာ ဘယ်သို့ ဘယ်ပုံ

ဖန်လာဦးမည် ကိုသာ ခန့်မှန်းတွေးထင် စိတ်ကူးခန်း ဝင်နေလေတော့သည် ။


“ မောင်လေး တံခါးပိတ်လိုက်ကွယ် ”  ဆိုတော့မှ အတွေး ရပ်ပြီး ကျွန်တော် သည် ကားတံခါး ကို

ဆွဲပိတ်လိုက်လေသည် ။ ဘာလုပ်ဖို့ ကားတံခါး ပိတ်ရသည်ကိုပင် ကျွန်တော် မသိ ။ သို့သော်

ကားတံခါး ပိတ်လိုက်သည် ဆိုလျှင်ပင် ကားသည် ငြိမ့်ခနဲ မောင်းထွက်သွားသည်ကိုသာ သိလေတော့သည် ။ 


◾သိန်းဖေမြင့်


📖 အရှေ့က နေဝန်းထွက်သည့်ပမာ


koaungnaingoo.blogspot.com


.

Friday, October 29, 2021

ရင့်ကျက်သော အချစ်


 ❝ ရင့်ကျက်သော အချစ် ❞ 


ကျွန်တော် ရန်ကုန် သို့ ပြန်ရောက်သောအခါ ဗုံးခိုအုတ်ဂူကလေးများ ပိုမိုများပြားလာသည်ကို

တွေ့ရလေသည် ။ ပြည်သူ့လေကြောင်း ကာကွယ်ရေး မင်းကြီး ဒီဂရပ်ဖ်ဟန်တား သည် အတော်ကလေး ခြေသွက်နေလေ၏ ။


သို့သော် ကျွန်တော် တို့ ပြည်သူပြည်သား လူအများသည် လေကြောင်းကာကွယ်ရေး၌ စိတ်

သိပ်မဝင်စားကြချေ ။ ကြောက်ရမှန်းလည်း မသိကြချေ ။ အင်္ဂလိပ် အုပ်စိုးသူတွေက တမင်လှန့်နေခြင်း ဖြစ်သည်ဟု ထင်သူက ထင်ကြသေးသည် ။ ဗမာ မှာ အင်္ဂလိပ် မှတစ်ပါး ရန်သူ မရှိ ။

ထို့ကြောင့် မည်သူကမျှ ဗုံးချလိမ့်မည် မဟုတ်ဟု တီးတိုးလိုက်ပြောသူက ပြောနေသေးသည် ။


ဘုရင်ခံဒေါ်မန်စမစ် ၏ အစိုးရ သည် ယခင် ဘုရင်ခံ လက်ထက်က အတိုင်းပင် ကာကွယ်ရေးပုဒ်မ

၂၆ ကို တွင်တွင်ကြီး သုံးပြီး ကျွန်တော် တို့ သခင်အများအပြားအား ထောင်သွင်းနေလေသည် ။

ဦးစော သည် ဂဠုန်တပ် ဗိုလ်ချုပ် အဖြစ်ဖြင့် ကျွန်တော် တို့ သခင်များအား ဝါးရင်းတုတ်ဖြင့် နှိမ်နင်းခဲ့၏ ။ နန်းရင်းဝန်ဘဝ တွင်ကား ဝါးရင်းတုတ် အပြင် အစိုးရယန္တရား ၏ ဖိနှိပ်ရေးလက်နက်ကိရိယာ

အားလုံးနှင့်လည်း ဖိနှိပ်ချုပ်ချယ်လျက် ရှိလေသည် ။


ဦးစော သည် တစ်ဖက်တွင် အစွမ်းကုန် ဖိနှိပ်ချုပ်ချယ်လျက် အခြားတစ်ဖက်တွင် မျိုးချစ်နိုင်ငံရေး

ဟိတ်ဟန်ကြီးအောင် လုပ်တတ်သူ ဖြစ်သည် ။ ကျွန်တော် ရန်ကုန် ပြန်ရောက်ချိန်၌ သူသည်

စစ်အပြီး မြန်မာပြည် အား ဒိုမီနီယံ လွတ်လပ်ရေးပေးရန် တောင်းဆိုဖို့ ဘိလပ် သို့ ရောက်နေလေသည် ။ သူ သွားခါစ မြန်မာ့အလင်းသတင်းစာ တွင် ' တစ်ကောင်ကြွက် ' ဆိုသော ကလောင်ရှင်

တစ်ဦးက ' ဘိလပ်သွားသော ဦးစောပြဇာတ် ' ဟု ရေးခဲ့လေသည် ။ ကျွန်တော် မဖတ်ရသေးသဖြင့်

ရန်ကုန် ပြန်ရောက်ရောက်ချင်း ရှာဖတ်ရ၏ ။ ထိုပြဇာတ် ကို များစွာနှစ်သက်စွဲလမ်းပြီး ရေးသူ

' တစ်ကောင်ကြွက် ' ဘယ်သူဘယ်ဝါ ဖြစ်သည်ကို သိရန် စုံစမ်းသည် ။ စုံစမ်း၍ မရချေ ။ ကျွန်တော်တို့

သခင်များ နှင့် နိုင်ငံရေး အယူအဆချင်း တူသော စာရေးဆရာတစ်ယောက် ဖြစ်ရမည် ဟုကား

 အကဲခတ်မိလေသည် ။


ကျွန်တော် ရန်ကုန် သို့ ပြန်ရောက်ချိန်တွင် များစွာသော ထိပ်ပိုင်း သခင်ခေါင်းဆောင်များမှာ

ထောင်ထဲသို့ ရောက်နေကြလေပြီ ။ သခင်လေးမောင် ၊ သခင်နု ၊ သခင်စိုး ၊ သခင်ဘဟိန်း ၊

သခင်သန်းထွန်း ၊ သခင်ကျော်စိန် ၊ သခင်ဗစိန် စသော ခေါင်းဆောင်များ ၊ သခင်အောင်ဆန်း ၊

သခင်လှဖေ ၊ ကိုထွန်းရှိန် စသော ခေါင်းဆောင်တစ်ပိုင်းမှာ မြေအောက်လျှို့ဝှက်ရေးစခန်းသို့

ရောက်သူရောက်ပြီး နိုင်ငံခြားသို့ ရောက်သူ ရောက်ကုန်ကြပြီ ။


သခင်ကိုယ်တော်မှိုင်း ၊ သခင်မြ ၊ သခင်တင်မောင်ကြီး စသော ခေါင်းဆောင်များသာ ထောင်သွင်း

အကျဉ်းထားခြင်းလည်း မခံရ ၊ မြေအောက် လျှို့ဝှက်ရေးလုပ်ငန်းအတွက် ပုန်းအောင်း၍လည်း

မနေရသေး ၊ ဗြောင် အတိအလင်းပင် တို့ဗမာအစည်းအရုံး လုပ်ငန်းများကို လုပ်နေကြလေသည် ။


ကျွန်တော် သည် တို့ဗမာအစည်းအရုံး ဌာနချုပ် ရုံးခန်းသို့ သွားသောအခါ သခင် တင်မောင်ကြီး

အား တွေ့ရလေသည် ။ တစ်ခါတုန်းက ရန်ကုန်တက္ကသိုလ်တွင် လှေလှော် ၊ တင်းနစ် ( စ် ) ကစား

နာမည်ကြီးခဲ့သော အင်္ဂလိပ်စာ ဂုဏ်ထူးတန်းသား ကိုတင်မောင်ကြီး ။ ဖလေဇာပြာ နှင့် ဘောင်းဘီဖြူ ကို ခပ်ကြွားကြွား ဝတ်လေ့ရှိသော ကိုတင်မောင်ကြီး သည် ယခုအခါ ချည်လုံချည် ၊ ပင်နီအင်္ကျီ

တို့ဖြင့် သခင်အစစ် ဖြစ်နေလေသည် ။ သူသည် မုတ်ဆိတ်ကို ခဏခဏ မရိတ်အား ဗိုလ်ကေကို

လည်း ပိပိပြားပြား ဖြီးမထားနိုင် ။


ကျွန်တော့် အား သခင်တင်မောင်ကြီး က ရင်းရင်းနှီးနှီး မသိ ။ ကျွန်တော်ကပင် ကျွန်တော့်အကြောင်း

ရှင်းပြပြီး ရင်းနှီးအောင် မိတ်ဖွဲ့ရလေသည် ။ ပြီးတော့မှ ပြည်တွင်းပြည်ပ နိုင်ငံရေး နောက်ဆုံး

အခြေအနေများကို မေးရ၏ ။


သခင်တင်မောင်ကြီး ၏ ပြောဟန်ဆိုဟန်မှာ အေးစက်စက်နိုင်လှသည် ။ သို့ရာတွင် သူ့ အယူအဆ

များကား ထူးခြား၏ ။


“  ခုအခြေအနေမှာ အရေးကြီးဆုံးစစ်မျက်နှာက ဂျာမန် - ဆိုဗီယက် စစ်မျက်နှာ ဖြစ်တယ် ” 


သူက ဂျာမနီ - ဆိုဗီယက် စစ်ပွဲကြီးများအကြောင်း ခရေစေ့တွင်းကျ ရှင်းပြနေ၏ ။


ကျွန်တော် -


“ အရှေ့ဘက်မှာ စစ်ကြီး ဘယ်တော့ ကူးလာမယ် ထင်သလဲ ” 


“ မကြာပါဘူး ။ ဂျပန် ရော အမေရိကန် ရော စစ်ထဲ ဝင်ကြတော့မှာပဲ ။ သို့ပေမယ့် ဂျပန်ဖက်ဆစ်တွေ

ကိုယ်တို့ ပြည်ထဲ မဝင်နိုင်အောင် လုပ်ရမယ် ” 


“ သူတို့ ဝင်တာကို ကျွန်တော်တို့လည်း မလိုလားပါဘူး ၊ သို့ပေမယ့် အင်္ဂလိပ် ကို ချဖို့ သူတို့ဆီက

အကူအညီ ယူရမှာပဲ မဟုတ်လား ” 


“ ကိုယ်ကတော့ အဲဒါ မမှန်ဘူးထင်တယ် ။ ဖက်ဆစ်ဂျပန်တွေ ကို ခံချဖို့သာ အင်္ဂလိပ် ဆီက

အကူအညီ ယူရမယ်လို့ ထင်တယ် ” 


“ ဒီလိုဆိုရင် ကျွန်တော်တို့ လွတ်လပ်ရေး ဘယ့်နှယ် လုပ်ရမှာလဲ ။ ခု စစ်ကြီးအတွင်းမှာ ကျွန်တော်တို့ လွတ်လပ်ရေးကို မရ ရအောင် တိုက်ယူရမယ် မဟုတ်လား ။ ခုလုပ်ရင် လုပ် ၊ သို့မဟုတ်

ဘယ်တော့မှ မလုပ်ရတော့ဘူး ဆိုတာမျိုး မဟုတ်ဘူးလား ”  


သခင်တင်မောင်ကြီး သည် ကုလားထိုင်လက်တင်ပေါ်တွင် ခြေများကို ပစ်တင်လိုက်ပြီး ဆံပင်ကို

ဖြည်းဖြည်းသာသာ လက်ဖဝါးနှင့် ပွတ်နေလေသည် ။ စိတ်ရှုပ်သည့်လက္ခဏာ သူ့မျက်နှာမှာ

 အထင်းသား ပေါ်နေ၏ ။


ကျွန်တော်တို့ သည် အတန်ကြာအောင် ဘာမျှမပြောကြဘဲ ထိုင်နေကြသည် ။


“ သခင်တင်ထွန်း ၊ ကု -လားရုပ်ရှင် ကြည့်မလား ” 


ကျွန်တော့် မှာ ဤအချိန် ဤအခါတွင် ဤစကားမျိုး ကြားရလိမ့်မည်ဟု လုံးဝ မမျှော်လင့်ခဲ့သဖြင့်

အံ့အားသင့်နေသည် ။


သခင်တင်မောင်ကြီး က ပြုံးလိုက်သည် ။ သူ့အပြုံး မှာ သခင်ဘဟိန်း ၏ အပြုံးကဲ့သို့ပင် အလွန်

ချစ်စရာ ကောင်းသည် ။


“ ကု -လားရုပ်ရှင်ကို ကြည့်ကော ကြည့်ဖူးသလား ” 


“ တစ်ခါမှ မကြည့်ဖူးဘူး ခင်ဗျာ ” 


“ ဒါဖြင့် လိုက်ခဲ့ ၊ ပါရ်ဒေစီ လို့ ခေါ်တယ် ၊ ဒူဆာနီရုံ မှာ ပြနေတယ် ၊ ပြနေတာ ကြာလှပြီကွ ” 


“ အိုဗျာ ၊ ကု -လားစကား မတတ်ဘဲနဲ့ နားလည်ပါ့မလား ” 


“ ကိုယ်က ဇာတ်လမ်းမေးထားပြီးသားပဲ ၊ ကြည့်ရင်း မင်း နားလည်သွားမှာပါပဲ ” 


ကျွန်တော် သည် ပါရ်ဒေစီ ကြည့်ရန် သခင်တင်မောင်ကြီး နှင့်အတူ လိုက်သွားရသော်လည်း ရုပ်ရှင်ဆီသို့ စိတ်မရောက်ပါ ။ ဖက်ဆစ်ဂျပန် အား ခုခံတိုက်ခိုက်ရန် အင်္ဂလိပ် နှင့် ပေါင်းရမည်ဆိုလျှင်

ဗမာ့လွတ်လပ်ရေး ဘယ်လို လုပ်ရမည်လဲဟူသော မေးခွန်းသည်သာ ကျွန်တော့် ဦးနှောက်ကို

တဒေါက်ဒေါက်နှင့် ခေါက်နေသည် ။ သခင်တင်မောင်ကြီး မှာ ရုပ်ရှင်ကြည့်ရန် ခေါ်ခြင်းဖြင့်

ကျွန်တော့်မေးခွန်းကို ရှောင်လွှဲသွားပြီဟု သိနိုင်ပေပြီဖြစ်ရာ သူ့အား နောက်ထပ် မမေးလိုတော့ချေ ။


' ပါရ်ဒေစီ ' သည် စိတ်ကို ဆွဲဆောင်နိုင်သောကား ဖြစ်ပေသည် ။ သူဌေးသား နှင့် သူတောင်းစားမ

အချောကလေး တို့ တွေ့ဆုံကြုံရပုံမှာ အိပ်မက်ဆန်လှသည် ။ ကု -လားမတေးသံ နှင့် တပ္ပလာ

စည်းချက်တို့သည် လူကို တဝေ့ဝေ့တရီရီနေအောင် မွှေ့ယမ်းနိုင်ပေသည် ။


ကျွန်တော်သည် မြေအောက်အရေးတော်ပုံလုပ်ငန်းများနှင့် ပတ်သက်ပြီး သခင်တင်မောင်ကြီးနှင့်

တိုင်ပင်ဆွေးနွေးခြင်း မပြုရန် ဆုံးဖြတ်လိုက်လေသည် ။ အင်္ဂလိပ်နှင့် ပူးပေါင်းချင်သူဆိုလျှင်

မည်မျှပင် ရိုးသားသော ယုံကြည်ချက်ဖြင့် ဖြစ်စေကာမူ အသိမပေးဘဲထားခြင်းက ဘေးအကင်းဆုံး

ဖြစ်သည်ဟု သဘောရမိလေသည် ။ ယုံယုံကြည်ကြည်နှင့် တိုင်ပင်ဆွေးနွေးရန် ကိုအေးငွေ ကို

လိုက်ရှာ၏ ။ စုံစမ်း၍ပင် မရ ။ သူသည် အစပျောက်ဖြစ်နေ၏ ။ အခြား လုပ်ဖော်ကိုင်ဖက်များလည်း

ဘယ်ရောက်နေကြသည် မသိ ။ အမှန်အားဖြင့် ကျွန်တော်သည် အရေးတော်ပုံဌာနချုပ် တည်ရာ

ရန်ကုန်မြို့ ရောက်ခါမှ အရေးတော်ပုံဌာနချုပ်နှင့် အဆက်ပြတ်နေခြင်း ဖြစ်လေသည် ။


သခင်တင်မောင်ကြီး နှင့် ပါရ်ဒေစီရုပ်ရှင် ကြည့်သောနေ့မှာ စနေနေ့ဖြစ်လေသည် ။


တနင်္ဂနွေနေ့ မနက်စောစော တက္ကသိုလ်ကျောင်းဘက်သို့ သွားလေသည် ။


နိုဝင်ဘာလထဲသို့ ရောက်ခဲ့ပြီဖြစ်သော်လည်း ကျောင်းပိတ်ရက် မကုန်သေး ။


အခါတိုင်းတွင် ကျောင်းပိတ်ရက်အတွင်း ဖြစ်သော်လည်း တက္ကသိုလ် ကျောင်းသားများသမဂ္ဂ

 အဆောက်အအုံတွင် ကျောင်းသားခေါင်းဆောင်အချို့ ရှိတတ်၏ ။ ယခုမူ ဦးကံသိန်း နှင့် မာလီ

တို့သာ ရှိကြ၏ ။ သမဂ္ဂစာရေး ကိုပင်လျှင် မတွေ့ရ ။


“ အားလုံး နယ်ထွက်စည်းရုံးရေး လုပ်ကြမယ်လို့ ဆိုသာပဲ ဆရာရဲ့ ”  ဟု ဦးကံသိန်း က ပြောပြလေသည် ။


“ ကိုအေးငွေ က ဒီမလာဘူးလား ” 


“ မလာတာ မှန်း - တစ်လလောက် ကြာသွားပြီ ဆရာ ” 


ကျွန်တော် သည် သမဂ္ဂ မှ ထွက်ခဲ့ပြီး မမြင့်ဦး ဆီသို့ လာခဲ့သည် ။


ပန်းမန်ဥယျဉ်ဖြင့် လှပသာယာသော တစ်ထပ်တိုက်ကလေး ဖြစ်သည် ။ ပတ်ဝန်းကျင်ကလည်း

ဆိတ်ငြိမ်လှသည် ။


မြန်မာစာပါမောက္ခ ဦးဖေမောင်တင် ကျောင်းအုပ်ကြီး ဖြစ်သဖြင့် သူ့ ဌာနက ဆရာမ ကို မြှောက်စားသောအားဖြင့် မမြင့်ဦး အား ဤ အိမ်ကို ပေးထားခြင်း ဖြစ်ဟန်တူသည် ။


မတွေ့ရတာ ကြာပြီဖြစ်သော မမြင့်ဦး အား တွေ့ရတော့မည်ဖြစ်သဖြင့် ဝမ်းသာသော်လည်း

အပြင်းအထန် ဖျားနာလျက် အိပ်ရာမှာလဲနေတာ တွေ့ရမည် စိုးရိမ်မိသဖြင့် ရင်ဖိုနေလေသည် ။

ပြတင်းပေါက်များကို ဖွင့်ထားသော်လည်း တံခါးကြီးများကို ပိတ်ထားလေသည် ။ အထဲမှာ လူသူ

မရှိသလို တိတ်နေ၏ ။


တံခါးကို သာသာပင် ခေါက်လိုက်သည် ။


သျှောင်ထုံးဆံရစ်ဝိုင်းနှင့် ကောင်မကလေး တစ်ယောက် လာ၍ တံခါးဖွင့်ပေးသည် ။


“ မမြင့်ဦး ရှိလားဟေ့ ” 


“ ရှိပါတယ်ရှင် ၊ ဘယ်သူ လာတယ်လို့ ပြောရမှာလဲ ” 


“ ကိုတင်ထွန်း လာတယ်လို့ ပြောပြကွယ် ” 


မမြင့်ဦး က အခန်းထဲမှနေပြီး -


“ ကိုတင်ထွန်း လား ၊ အထဲ ဝင်ခဲ့လေ ” 


ကောင်မကလေ သည် တံခါးကို ပြန်ပိတ်နေရစ်သည် ။ ကျွန်တော်ကား မမြင့်ဦး အခန်းထဲသို့

ရင်တဒိတ်ဒိတ်နှင့် ဝင်သွားသည် ။ တော်ပါသေး၏ ။ အိပ်ရာမှာ လဲမနေ ၊ ပက်လက်ကုလားထိုင်မှာ

ထိုင်နေသည် ။ ဘေးမှာ စာအုပ်တွေ ပုံထား၏ ။


ခပ်လှမ်းလှမ်းမှပင် မမြင့်ဦး တော်တော်ကလေး ပိန်သွားသည်ကို မြင်နိုင်၏ ။


“ အဲဒီကုလားထိုင် ဒီကို ဆွဲခဲ့ပါလား ” 


ကျွန်တော် သည် ကြိမ်ကုလားထိုင် ကို သူမ ညွှန်ပြသောနေရာထိ ရွှေ့ဆွဲသွားပြီး ထိုင်လိုက်သည် ။

ထိုင်ရင်း မျက်နှာကို စေ့စေ့ကြည့်လိုက်၏ ။ မျက်တွင်းတောင် နည်းနည်းဟောက်သွားသည်

မဟုတ်လား ။ အသားတွေလည်း ဝါနေသည် မဟုတ်လား ။ မျက်လုံးကြီးများကတော့ အခါတိုင်းလိုပင် ဝိုင်းစက်ကြည်လင်လျက် ရှိပေသည် ။


“ ကိုတင်ထွန်း ဘယ်တုံးက ရန်ကုန် ရောက်သလဲ ” 


“ မမြင့်ဦး ဘယ့်နှယ်နေသေးသလဲ ၊ ပေးလိုက်တဲ့စာ ရကတည်းက လာကြည့်ချင်တာပဲ ” 


“ တကယ်ပဲလား ” 


မမြင့်ဦး က ပြုံးလိုက်သည် ။ သို့သော် အပြုံးမှာ နှုတ်ခမ်းများပေါ်တွင် ကြာရှည် ရပ်နားမနေပါ ။


“ တကယ်ပါ မြင့်ရယ် ၊ သိပ်စိတ်ပူသွားတာပဲ ၊ ခု ဘယ်လိုနေသလဲ ပြောစမ်းပါဦး ” 


“ ကိုတင်ထွန်း ဆီ ကျွန်မပေးတဲ့စာ ဘယ်တုံးက ရောက်သလဲဟင် ” 


“ ဒီမလာခင်ကလေးပါပဲ ၊ ကဲ ပြောစမ်းပါဦး ၊ ဆရာဝန်က ဘာပြောသလဲ ” 


မမြင့်ဦး က ဝိုင်းစက်ကြည်လင်သော မျက်လုံးများတွင် မျက်ရည်တွေ ဝေ့လာသည် ။ အတန်ကြာ

ငေးနေပြီးမှ -


“ တီဘီ Suspect တဲ့ ထွန်းရယ် ၊ ဒါပေမဲ့ ကိစ္စမရှိပါဘူးတဲ့ ၊ ဆေး One course

ထိုးလိုက်ရင် ကောင်းသွားမှာပဲတဲ့ ” 


“ ဟုတ်ပါတယ် ၊ ခုခေတ်ကြီးမှာ ဆေးကောင်းတွေပေါ်နေတော့ ဘာမှ ကြောက်စရာ မရှိပါဘူး ”  


မမြင့်ဦး သည် မျက်ရည်သုတ်သည် ။


ကျွန်တော် က ဆက်ပြောသည် ။


“ အနားတော့ ယူမှကောင်းမယ် ၊ အောက်တိုဘာ ဟောလီးဒေး ကုန်ရင် ခွင့်ယူပြီး နေဖို့ လိုတယ် ။

ပြီးတော့ စာတွေလည်း သိပ်မဖတ်ပါနဲ့ မြင့် ရယ် ၊ ကြည့်စမ်း စာအုပ်တွေ ပုံနေတာပဲ ။ ဘာလို့

ဒီလောက် စာတွေ ဖတ်ရတာလဲ ၊ ကောင်းကောင်းလည်း စားဖို့လိုတယ် ” 


“ ထွန်း ဒီနေ့ မြင့် နဲ့ အတူ စားနော် ” 


“ နေပါစေ မြင့်ရယ် ” 


“ ဟဲ့ အေးခင် ” 


“ ရှင် ” 


ကောင်မကလေးသည် “ ရှင် ”  ဟူသော ထူးသံနောက် တဒိုင်းဒိုင်း ပြေးလိုက်လာလေသည် ။

ပြီးတော့ ကျွန်တော်တို့ ရှေ့မှာ ကျောင်းသူကလေး လို လက်ပိုက်၍ ရပ်နေလေသည် ။


“ ထမင်းချိုင့် သွားယူချေ ။ နှစ်ယောက်စာ ထည့်ပေးပါလို့ပြော ၊ ကြားလား ” 


“ ဟုတ်ကဲ့ရှင် ” 


ကောင်မကလေး သည် နောက်ဖေးဆောင်သို့ ဝင်သွားပြီး ပျောက်ကွယ်သွား၏ ။


“ ခု မြင့် ဘယ်လို စားသောက်နေသလဲ ” 


“ ဆိုင်က လခနဲ့ ယူစားနေတာပဲ ” 


“ ကောင်းပါ့မလား မြင့်ရယ် ” 


“ သိပ်ကောင်းတယ်တော့ မဟုတ်ဘူး ၊ အိမ်မှာ ချက်ပြုတ်စားနေပြန်လည်း အိမ်ထောင်ကြီးတစ်ခု

တာဝန်ထမ်းရတာလိုပဲ ဒုက္ခများမှာပဲ သိလား ” 


“ မြင့် က အိမ်ထောင်တာဝန် တယ်ကြောက်တာကိုးနော် ဟဲ ဟဲ“  ” 


မမြင့်ဦး ကလည်း လိုက်ပြုံးသည် ။ ပြီးတော့ မျက်နှာထား တည်တည်ဖြင့် -


“ ဪ တကယ်တမ်း ထမ်းရမယ်ဆိုရင်တော့ ဘယ်ကြောက်မှာလဲ ၊ ခက်နေတာက ” 


မမြင့်ဦး ၏ ဖြူဖတ်ဖြူရော် ဖြစ်နေသော မျက်နှာမှာ နီမြန်းလာသည်ဟု ထင်သည် ။ သူမ၏

ဝိုင်းစက်သော မျက်လုံးများကား မူးဝေငေးမောနေကြသည် ။


ကျွန်တော် သည် မမြင်ဦး ၏ ပခုံးနှစ်ဖက် ကို ကိုင်ပြီး လှုပ်ကာလှုပ်ကာ မေးလိုက်ချင်သည် ။


“ ဘာခက်နေတာလဲ မြင့်ရဲ့ ” 


မမြင့်ဦး သည် တစ်ကိုယ်တည်း စကားပြောနေသည့် လေမျိုးဖြင့် -


“ အင်း ခက်နေတာက ကိုယ် ချစ်တဲ့သူ က ဘာမှ ဖွင့် မပြော စ မပြော ” 


“ ကိုယ် ချစ်တဲ့လူ ဆိုတာ ဘယ်သူလဲ ဟင် ” 


“ အို ခက်လိုက်တာ ၊ မိန်းမ နဲ့ ယောကျာ်း ယောကျာ်း ကသာ စပြောရတယ် သိလား ” 


ကျွန်တော် ၏ အသည်းနှလုံးများ သည် ဆီမှာထည့်သော ဂွမ်း အိကျသွား သလို ညွတ်ပျောင်းပျော့ခွေ

သွားလေသည် ။ ထိုခဏ၌ မမြင်နိုင်သော နှောင်ကြိုးအမျိုးမျိုး သည် ကျွန်တော့် အား မမြင့်ဦး နှင့်

ရစ်ပတ်တုပ်နှောင်လိုက်သည်ဟု ထင်ရသည် ။ နှောင်ကြိုးများမှာ မမြင်နိုင်သော်လည်း ခံစား

ထိတွေ့နိုင်သည် ။ ချစ်တာရော ၊ သနားတာရော ၊ လေးစားတာရော စုံနေ၏ ။


ကျွန်တော် သည် ကုလားထိုင်မှ ဆင်းပြီး မမြင့်ဦး ၏ ပက်လက်ကုလားထိုင် ဘေး ကြမ်းပြင်ပေါ်မှာ

ဒူးထောက်ချလိုက်သည် ။ ပက်လက်ကုလားထိုင် ၏ ညာဘက်လက်တင် တွင် ကျွန်တော့် လက်များကို ပိုက်၍ တင်ထားပြီး မမြင့်ဦး ၏မျက်နှာကို မော့ကြည့်ကာ -


“ မြင့် ကို ချစ်ပါတယ် ။ ချစ်ရုံမကဘူး လေးစားတယ် ။ ဒါကြောင့် ချစ်တယ်ဆိုတာ မပြောဖြစ်ခဲ့ဘူး ။

ပြီးတော့ ဟို တွေ့ခါစတုန်းက ရေးခဲ့တဲ့စာက ကျွံနေလို့ ။ တက်တက်စင် ရိုးပါလျက်ကယ်နှင့် ၊

ကလက်တက်တက် ထင်သူရယ် တစ်မျိုးသဒ္ဒါ မပျက်စေနှင့် ၊ အပိုး ဝါသနာဘက်ကိုတဲ့

ကွင်းသမို့ဖယ် ဆိုတာလေး မှတ်မိသေးလား ” 


မမြင့်ဦး က ပြုံးရုံသာ ပြုံးသည် ။


“ အဲဒီလို စကားကျွံထားလို့ ချစ်လျက်နဲ့ ချစ်တယ်လို့ပြောရမှာ ရှက်နေတယ် သိရဲ့လား ။ ခုတော့လေ အမျိုးမျိုး ဆန်းစစ်ကြည့်တော့မှ ဒီ စကား မပြော မဖြစ်ဘူး ၊ ရှက်စရာ မဟုတ်ဘူးလို့ နားလည်

လာတယ် ” 


မမြင့်ဦး သည် ကုလားထိုင်လက်တင်ပေါ် တွင် တံတောင်ဆစ် တင်၍ ရင်ဘတ်ပေါ်မှာ ပတ္တာဆက်ထားသော သူ့ လက်များကို ဖြုတ်လျက် ကျွန်တော့် ပခုံးကို ကိုင်ထားလိုက်ပြီး -


“ ဘာဖြစ်လို့ မြင့် ကို ချစ်ရတာတုံး ၊ ပြောစမ်းပါဦး ”  


“ အို မြင့် ရယ် ၊ အကြောင်းတွေက အများကြီးပေါ့ ” 


“ ပြောစမ်းပါဦး ထွန်းရယ် ။ ရုပ် ကြောင့်လား ၊ ပညာ ကြောင့်လား ၊ စာရိတ္တ ကြောင့်လား ၊ သဘော

ကြောင့်လား မနော ကြောင့်လား ကဲ ကဲ ပြောစမ်းပါဦး ” 


အသက်အစိတ် ကျော်ခဲ့သောကြောင့် မြန်မာ အလိုရ အပျိုကြီး ဟု ခေါ်ဆိုနိုင်သော မမြင့်ဦး တွင်

ဆယ့်ခြောက်နှစ် အရွယ် ငယ်မူကလေးတွေ ပြန်လာသည်ကို တွေ့နိုင်သည် ။ ရောင်စုံပြေးနေသော

လည်ဆံကို ဖွ၍ အလှပြသော ငှက်မလေး နှင့် လည်း သဏ္ဍာန် တူသည် ။ အရင်တုန်းက နှစ်ဦးသား

ထိန်းသိမ်းထားခဲ့ကြသော ကျွန်တော်တို့ ၏ ဣန္နြေများ သည် ပေါက်ကျိုးခဲ့ပြီဖြစ်ရာ အချစ်သည်

ယိုစီးအန်ထွက် လာလေသည် ။


“ ဘာကြောင့် ချစ်တယ်ဆိုတာ ပြောလို့ ဘယ်ကုန်မှာလဲ မြင့် ရဲ့ ။ ' ဗြဟ္မာဗြဟ္မေ ၊ လျှာကုဋေဖြင့် ၊

ဆန်းနေဂိုဏ်းညီ ၊ ဂါထာစီ၍ ' ဆိုတဲ့ ဦးပုည စာလို အသက် အလွန်တရာ ရှည်ပါတယ် ဆိုတဲ့

ဗြဟ္မာကြီးတွေ မှာ လျှာတွေ တစ်ကုဋေလောက် ပေါက်ပြီး ချီးကျူး ပြောဆိုသော်လည်း မြင့် ကို

ဘာကြောင့် ချစ်တယ်ဆိုတာ ပြောလို့ ကုန်မှာ မဟုတ်ဘူး ” 


မမြင့်ဦး က မျက်စောင်း ထိုးလိုက်သည် ။ သို့သော် ထိုမျက်စောင်း မှာ ပန်း နှင့် ပေါက်သည်နှင့်သာ

တူ၏ ။


“ အို ထွန်း ကလည်း စကားကြီး စကားကျယ်တွေ နဲ့ ပြော မနေပါနဲ့ ၊ ရိုးရိုးကလေး တဲ့တိုး

ပြောစမ်းပါ ” 


“ မြန်မာစာဂုဏ်ထူး နဲ့ အောင်ထားတဲ့ ဒီစကားမျိုးတွေ ၊ ကုသပျို့မှာလည်း ဒီစကားမျိုးတွေ ၊

နတ်ရှင်နောင် ရတုမှာလည်း ဒီစကားမျိုးတွေ ၊ စာကြီးပေကြီးနဲ့ ရေးထားတဲ့ အချစ်စာပေတွေ

ဖတ်ရလွန်းလို့ မောနေပြီ ။ ရိုးရိုးကလေး အရပ်သူအရပ်သား ပြောနေကျစကားနဲ့ မြင့် မေးတာ

ပြောစမ်းပါ ၊ ဘာဖြစ်လို့ မြင့် ကို ချစ်တာလဲ ” 


မမြင့်ဦး သည် ရီဝေသော မျက်စိများဖြင့် ကျွန်တော့် အား စိုက်ကြည့်ပြီး နားစွင့်နေသည် ။ အချစ် ကို

မွတ်သိပ်ဆာလောင်နေသော မျက်နှာပေတည်း ။


“ ရှေးမြန်မာ လူပျိုအပျို တွေဟာ သုံးနှစ် သုံးမိုး လှည့်ပြီး မှ ညားကြတယ်ဆိုတာ မြင့် ကြားဖူးလား ” 


“ အင်း ဆိုစမ်းပါဦး ” 


“ မြင့် နဲ့ ကိုယ် စတွေ့တာ ဘယ်လောက် ကြာပြီလဲ မှတ်မိလား ” 


မမြင့်ဦး သည် ညာလက်ဖြင့် ကျွန်တော့် ဆံပင်ကို ယုယစွာ ပွတ်သပ်ရင်း -


“ ပြောမှာသာ ပြောစမ်းပါ ၊ နားထောင်နေပါ့မယ် ” 


“ ခြောက်နှစ် ကျော်ပြီ ။ ရှေးမြန်မာ လူပျိုအပျို လှည့်တာထက် နှစ်ဆတောင် ကြာပြီ ။ အဲဒီ ခြောက်နှစ်

တွင်းမှာ မြင့် ရဲ့ ပညာအရည်အချင်း ကို ကောင်းကောင်း သိခဲ့ရတယ် ။ အကျင့်စာရိတ္တကိုလည်း

 ကောင်းကောင်း သိခဲ့ရတယ် ။ ဖြူစင်တဲ့ သဘောနဲ့ မွန်မြတ်တဲ့ မနော ကိုလည်း တွေ့ခဲ့ရတယ် ။

ဒါတွေကြောင့် ချစ်တာပါ ။ မြင်မြင်ချင်း ခဏတစ်ဖြုတ်မှာ တစ်မုဟုတ်ချင်း တက်ကြွတဲ့ ချစ်စိတ်မျိုး

မဟုတ်ပါဘူး ၊ တဖြည်းဖြည်း တစိမ့်စိမ့် လှိမ့်လှိမ့်ပြီး ဒီဂရီ တက်တက်လာတဲ့ ရင့်ကျက်တဲ့

အချစ်ပါ မြင့် ရယ် နားလည်ပြီလား ” 


သို့ကလို ပြောပြီး ကျွန်တော် သည် ကျွန်တော့် ညာလက်ပေါ်မှာ ထပ်တင်ထားသော မမြင့်ဦး ၏

ဘယ်လက်ပေါ် တွင် ခေါင်းကို တစောင်း တင်ထားလိုက်လေသည် ။ မမြင့်ဦး ၏ ညာလက်ကား

ကျွန်တော့် ဆံပင်များကို ဆော့ကစားလျက်ပင် ။


“ ထွန်း ရယ် ခုလို နေမကောင်းဘူး ၊ မကျန်းမာဘူး ဆိုတော့ သိပ် အားငယ်တာပဲ ။ အားငယ်သွားတယ်ဆိုရင် ဘယ်သူ့ကို မှ သတိမရဘူး ၊ ထွန်း ကိုသာ သတိရတယ် ။ ဘယ်သူ့ကို မှ မတမ်းတဘူး ၊

ထွန်း ကိုသာ တမ်းတမိတယ် ။ အဖေ့ ကို တောင် နောက်မှ သတိရတယ် ၊ နောက်မှ တမ်းတတယ် ။

မြင့် ကို က သမီးကောင်း မပီသလို့လား ၊ သဘာဝကြောင့်ပဲလား မပြောတတ်တော့ဘူး ။ ငယ်ငယ်တုန်းကနဲ့ မတူတော့ဘူး ၊ ခု ဒီအရွယ် ရောက်လာတော့ အိမ်ထောင်ဖက် ၊ ဘဝခရီး မှာ အတူသွားဘက် ကိုသာ မျှော်ခေါ်တမ်းတတာဟာ ဓမ္မတာပဲ ထင်ပါရဲ့ ” 


“ ဒါ သဘာဝပဲ ဘယ်သူမှ မြင့် ကို အပြစ် မတင်နိုင်ပါဘူး ” 


မမြင့်ဦး ၏ မျက်လုံးများတွင် စွတ်စိုလာသည် ။


“ ခုလို မကျန်းမာတုန်း ကိုယ်ဘေးတွေ့တုန်း ထွန်း ကို သတိရတာ တမ်းတတာဟာ ကိုယ်ကျိုးရှာတဲ့

သဘောပဲလား မသိဘူးကွယ် ” 


မမြင့်ဦး သည် ရှိုက်လိုက်သည် ။ မျက်ရည်ပေါက်များ ကျလာသည် ။


ကျွန်တော် သည် သူ့ လက်ပေါ်မှာ တင်ထားသော ခေါင်း ကို ထောင်လိုက်ပြီး -


“ အို မြင့် ကလည်း ဘယ်မှာ ကိုယ်ကျိုးရှာတာ ဟုတ်ရမှာလဲ ၊ အချစ်ငှက် လို့ ဆိုနိုင်တဲ့ ဟင်္သာဖို နဲ့

ဟင်္သာမ လိုပေါ့ ၊ တစ်ဦးဦးမှာ ဘေးဒုက္ခတွေ့ရင် တစ်ဦးဆီ ပြေးကပ်တာပဲ ၊ သေအတူ ရှင်မကွာပဲ ၊

မျက်ရည်တွေ သုတ်လိုက်စမ်းပါ ” 


ကျွန်တော် သည် ကုလားထိုင် လက်တင်ပေါ်မှ ကျွန်တော့် လက်များကို ရုပ်သိမ်းပြီး မမြင့်ဦး ၏

လက်ဖဝါးနှစ်ဖက် ကို ဆွဲယူလျက် ကျွန်တော့် ပါးများကို ပွတ်သပ်စေလေသည် ။


မမြင့်ဦး သည် မျက်ရည်ဝေ့နေသော မျက်လုံးများဖြင့် ကျွန်တော့် အား သိမ်းကျုံးဆွဲငင်ထားပြီး -


“ ကဲ ကဲ ထတော့ ၊ လူများတွေ မြင်သွားမှဖြင့် ” 


ဒူးထောက်နေသော ကျွန်တော် သည် ထိုအခါမှ ဒူးနာလာသည် ကို သတိရတော့သည် ။ မတ်တတ်ထပြီး ကျွန်တော့် ကုလားထိုင်မှာ ထိုင်လိုက်လေသည် ။


မမြင့်ဦး သည် မျက်ရည်သုတ်ပြီးနောက် နာရီ ကို ကြည့်လိုက်သည် ။


“ ဟော ဆေးသောက်ချိန်ရောက်ပြီ ” 


မမြင့်ဦး က သူ့ဘာသာ ထပြီး သောက်မည် လုပ်ရာ -


“ ကိုယ် တိုက်မယ်လေ ၊ ဘယ် ပုလင်းလဲ ” 


“ အဲဒီဘက်က တောနစ် ပါပဲ ” 


မမြင့်ဦး သည် ကျွန်တော် ၏ ယုယပြုစုသည် ကို ပြုံးပြုံးလေး ကြည့်၍ ခံယူနေလေသည် ။ ဝိုင်းစက်

ကြည်လင်သော မျက်လုံးများမှာ အခါတိုင်းလို တောက်ပနေ၏ ။ ပါးချိုင့်များကလည်း ခါတိုင်းလို

ချိုပြုံးနေ၏ ။


“ မြင့် ကို ချစ်တဲ့အကြောင်း သည့်ပြင်လည်း ရှိသေးတယ် ” 


“ ဘာလဲ ” 


“ ဝိုင်းစက်ကြည်လင်တဲ့ မျက်လုံးတွေနဲ့ ချစ်စရာကောင်းတဲ့ ပါးချိုင့်တွေပဲ ” 


“ အို ရုပ်ဆိုတာ သင်္ခါရတွေပါကွယ် ၊ ဖောက်လဲဖောက်ပြန် ဖြစ်တတ်တာမျိုး သိလား ” 


“ ကဲ ကဲ တောထွက်ချင်အောင် တရားစကားမျိုးတွေ မပြောကြစတမ်း မြင့် ရယ် ” 


ကောင်မလေး သည် ထမင်းချိုင့်ဆွဲ၍ ရောက်လာလေသည် ။


ကျွန်တော်တို့ သည် ကွဲကွာနေသော သူငယ်ချင်း နှစ်ယောက် ပြောနေကျ စကားမျိုးကို မမောတမ်း

ပြောနေကြလေသည် ။ 


◾သိန်းဖေမြင့်


📖 အရှေ့က နေဝန်းထွက်သည့်ပမာ


koaungnaingoo.blogspot.com


.