Thursday, March 6, 2025

ကာရန်လွဲသံစဉ် ပိုးကြိုးမျှင်


 ❝ ကာရန်လွဲသံစဉ် ပိုးကြိုးမျှင် ❞ 

( မကျည်းတန် - လွိုင်ကော် )


လွတ်လပ်သော အရွယ်လတ် အမျိုးသမီး တစ်ယောက် ဖြစ်ပေမဲ့ ပုံစံ က ပေစုတ်စုတ်ပါ ။ ဆံပင်ရှည်ကြီး ကို မထုံးမဖွဲ့ဘဲ ကျစ်ဆံမြီး တစ်ချောင်းတည်း ကျစ်ပြီး ချထားတာ တံကောက်ကွေး ထိလုရော ။ အဲဒီလို ကျစ်ထားပြီးရင် သုံးလေးရက် ခေါင်းမဖြီးတော့ဘူး ။ နဖူးဆံစပ် သပ်လိုက်ရင် ပြီးရော ။ လူပုံစံ က စိုစိုပြည်ပြည် နဲ့ မြင့်တယ် ။ မျက်မှန်က လေးထောင့်ကိုင်း အနက် ။ မိန်းကလေး ပဲ ရွှေရောင်ကိုင်း နဲ့ မှန်ဝိုင်းကလေးတွေ ၊ ဘဲဥပုံလေးတွေ တပ်ပါတော့လား ။ အရွယ် လည်း နည်းနည်း နု သွားနိုင်တာပေါ့ ။ ခုတော့ မဟုတ်ပေါင် ။ ရွှေရောင်ကိုင်း နဲ့ မျက်မှန်ဝိုင်းလေး တစ်လက် လက်ဆောင် ပေးမိပါတယ် ၊ မျက်မှန်လေး ကြည့်ပြီး ဘာပြောတယ် မှတ်သလဲ ။ “ လှပါတယ် ၊ ဒါပေမဲ့ မကြိုက်ဘူး ၊ မယူချင်ဘူး ” တဲ့ ။ ပြီးတော့ ဆက် ပြောသေးတယ် ။ “ ရွှေရောင်ကိုင်းမျက်မှန်တွေဟာ ဂျပန်ကင်ပေတိုင်တွေ ကို ကိုယ်စားပြု သလိုပဲ ၊ ဖက်ဆစ်တော်လှန်ရေးဇာတ်ကားတွေ ကြည့်ရင် ဂျပန်ကင်ပေတိုင်တွေ ၊ ဂျပန်အလိုတော်ရိတွေ အမြဲ တပ်လေ့ ရှိတယ် ။ အဲဒီ ကတည်းက ကျွန်မ ရွှေရောင်ကိုင်းတွေ ကို မုန်းတာ ” တဲ့ ။ တကယ်တော့ အဲဒီ အမျိုးသမီး ဟာ ဖက်ဆစ်နယ်ချဲ့ခေတ် ကို မမီခဲ့ပါဘူး ။ မြင်လည်း မမြင်ဖူးခဲ့လိုက်ပါဘူး ။ အစွဲအလမ်း ကြီးတဲ့ ခံစားချက် သက်သက်ပါ ။ အဆန်းအပြား အလှပြင်ပစ္စည်းတွေ များပြားလှတဲ့ ခေတ် ထဲမှာ သနပ်ခါး ကို စွဲစွဲမြဲမြဲ လိမ်းပါတယ် ။ ပန်းလည်း ပန်လေ့ ရှိပါတယ် ။ စိုစိုညိုညို အသား မှာ သနပ်ခါး ဝင်းသလို ပန်းရနံ့တွေ ကလည်း သင်းနေလေ့ ရှိပါတယ် ။ 


“ ဘယ်ပန်း ကို အကြိုက်ဆုံးလဲ ” မေးရင် ... 


“ ဖြူပြီး မွှေးတဲ့ပန်း ” လို့ မဆိုင်းမတွ ဖြေနိုင်ပါတယ် ။ အနက် ၊ အဖြူနဲ့ ရှားသွေးရောင် ခြေညှပ်ဖိနပ်ပါးလေးတွေ ကို စီးလေ့ရှိပါတယ် ။ တခြား အရောင်တွေ စီးလေ့ မရှိပါဘူး ။ ခြေသည်း လက်သည်းတွေ က တုံးတုံးတိတိ အရောင်အသွေး မခြယ် ပကတိပါ ။


အလှအပ နဲ့ ပတ်သက် ပြီး အလေးအနက် မထားပုံ က အိမ့် အပြင်ဘက် ရောက် မှ ထူထူထဲထဲ မျက်ခုံးမွေး ကြား က သနပ်ခါး ကို လက်သည်း နဲ့ ခြစ်ချ တတ်ပါတယ် ။ ပါး နှစ်ဖက် ပေါ် က သနပ်ခါး ကလည်း မခြောက်တခြောက် ပါ ။ လက်ဖက်ရည်ဆိုင် ထိုင် ဖို့ ဝန်မလေး သလို ၊ ညစာစားပွဲတွေ နဲ့ ကြုံကြိုက်လို့ အရက် ဝိုင်းပါတယ် ဆိုရင်လည်း နှစ်ပက်သုံးပက် လောက်ကတော့ အေးအေးဆေးဆေး ပါ ။


အဲဒီ အမျိုးသမီး ကို ကိုယ် ခံစား နေမိပါတယ် ။ အလှဆုံး ခြယ်ပြီး အဆန်းဆုံး ဝတ်နေကြတဲ့ မိန်းမတွေ ထဲမှာ အဲဒီ မိန်းမရွယ် ကို စိတ်ဝင်စား နေမိတာပါပဲ ။ အခြေတကျ တည်ဆောက်ချင်တဲ့ ကိုယ့် အိမ်ထောင်ရေး မှာ ဒီ အမျိုးသမီး ရဲ့ ရိုးသားပွင့်လင်းမှု ၊ ဟန်မဆောင် ပရိယာယ် မရှိမှု တွေကို အလေးပေး စဉ်းစားနေမိပါတယ် ။ ကိုယ် က မနက်စောစော လမ်းလျှောက်တတ်တယ် ။ တစ်ရက် မှာတော့ လမ်းလျှောက် က အပြန် အဲဒီ အမျိုးသမီး ရဲ့ အိမ် ရှေ့မှာ ရပ်နေမိပါတယ် ။ အိမ်ရှေ့ လို့ ပြောရမယ့် အစား အခန်း ရှေ့ လို့ ပြောရမှာပါ ။ သုံးခန်းတွဲ တန်းလျားလေး တစ်ခု ရဲ့ အစွန်ဆုံး အခန်း မှာ နေတာပါ ။ နာရီ ကြည့် လိုက်တော့ မနက် ခုနစ် နာရီတိတိ ။ ဘေးနှစ်ခန်း က တံခါးတွေ ဖွင့်ထားပြီး ဖြစ်ပေမဲ့ အဲဒီ အမျိုးသမီး အခန်း က ပိတ်ထားဆဲ ။ မိန်းမရွယ် တစ်ယောက် တန်မဲ့ ဒီအချိန်ထိ အိပ်တုန်းလားလို့ ငြိုငြင်မိချင်ချင် ဖြစ်သွားရင်း တံခါး ကို နှစ်ချက် သုံးချက် ခပ်ဆတ်ဆတ် ခေါက် လိုက်မိပါတယ် ။ အတွင်း က ဘာလှုပ်ရှားသံ မှ မကြားရပါဘူး ။ နောက်ထပ် တစ်ခါ ခေါက် လိုက်ပါတယ် ။ ဒီ တစ်ခါတော့ တော်တော်လေး အသံ ကျယ် သွားတာမို့ အလယ်ခန်း က မိန်းမ တစ် ယောက် ထွက်လာ ကြည့်ရင်း .. 


“ အိပ်ပျော် နေတုန်းထင် တယ် ။ မနေ့ည က အတော် ညဉ့်နက်တဲ့ အထိ မီးမပိတ် သေးဘူး ၊ စာရေးနေတာနဲ့ တူတယ် ” လို့ ပြောပါတယ် ။ အဲဒီ အချိန်မှာပဲ ဂျလောက်ခနဲ မင်းတုပ်ကျသံ နဲ့ အတူ တံခါး ပွင့် လာပါတယ် ။


“ စောစောစီးစီး ဘာ လာလုပ်တာလဲ ” 


နှုတ်ဆက် မေးခွန်း က မအီမလည်ကြီးပါ ။ ပုံစံ က လည်း တကယ့်ကို အိပ်မှုန်စုံ မွှား ။ မိန်းမ တစ်ယောက် ရဲ့ အလှဆုံး အချိန်ဟာ မနက်ခင်း အိပ်ရာက ထချိန် ဆိုတဲ့ စကား သာ အမှန် ဆိုရင်တော့ ... အင်း ...


တစ်အုပ်တစ်မ တစ်ထွေးကြီး ဆံပင်တွေ ဟာ ဖြေလျော့ပြေနော့ နေပါတယ် ။ အပြင် ထွက်ရင် ဘယ်တော့မှ ဝတ်လေ့ဝတ်ထ မရှိတဲ့ ဘလောက်စ်အင်္ကျီ လက်ပြတ် ပါးပါးလေးကြောင့် ပခုံးသား ၊ လက်မောင်းသား တင်းတင်းလေးတွေ ကို တွေ့နေရပါတယ် ။


ပျက်တချို့ ၊ ကွက်တချို့ သနပ်ခါးများ တင်ကျန်နေတဲ့ မျက်နှာပြင် မှာ မျက်ခုံးထူထူကြီး နှစ်စင်း က အထင်ရှား ဆုံးပါ ။ နှာတံရိုး ပေါ်မှာတော့ မျက်မှန်ဒေါက်ရာ အညိုကွက်လေး နှစ်ခု ။ အဲဒါ အလှလား ချစ်ရင်တော့ လှမှာပေါ့ ။ မချစ်ရင်တော့ စိတ်ပျက်စရာ ပါပဲ ။ ပြောပါပြီကော ပေစုတ်စုတ်ပါလို့ ။ စိတ် ထဲမှာ မလှ တွေးတောရင်း ၊ ချစ် မချစ် ကို လည်း စဉ်းစားနေ ပါတယ် ။


ကိုယ့် ကိုယ် ကို ပြန် ကြည့်တော့ စပို့ရှပ်အဖြူ ဘောင်းဘီအဖြူ ၊ ဝေါ့ကင်း ရှူးအဖြူ ၊ မျက်နှာသုတ်ပဝါ အသေးစား အဖြူရောင်လေး ကို ဘောင်းဘီ နောက်အိတ်မှာ တိုးလိုးတွဲလောင်းလေး ထိုးထည့် ထားတော့ အိပ်မှုန်စုံမွှား ဖြစ်နေတဲ့ သူ့ မျက်လုံး ထဲ မှာ ဝင်းဦး နဲ့ တူလိုက်တာလို့များ တွေးမိလေမလား အောက် မိတုန်းရှိသေးရဲ့ .. 


“ ပြောလေ ၊ စောစော စီးစီး ဘာလာလုပ်တာလဲ ”  


မပျော့ပျောင်းတဲ့ အသံ ကို ထပ် ကြားလိုက်ရပြန်တယ် ။ သေချာတာကတော့ သူ ကိုယ့်ကို လုံးဝ မခံစားပါဘူး ။ ကျွန်းသားခေါက်တံခါးလေးကို ချပ်ချပ်ရပ်ရပ် ဖွင့်ရင်း မေးနေတာပါ ။ 


“ မနက်ခင်း လမ်းလျှောက်ပြီး အပြန်မှာ လက်ဖက်ရည် အတူ သောက်ရအောင် ဝင် ခေါ်တာလေ ။ မတွေ့ဖြစ် ကြတာလည်း ကြာပြီ မဟုတ်လား ”  


“ ဪ အဲသလိုလား ၊ ရတယ်လေ ၊ သုံးမိနစ်ပဲ စောင့် ၊ ဒီနားမှာ ထိုင် ။ ဒီစာအုပ် ခဏ ဖတ်နေ ”   


ခုံပုလေး တစ်လုံးချ ၊ စာအုပ်တစ်အုပ် လက်ထဲ ထိုး ထည့်ပေးပြီး နောက်ဖေးခန်း ထဲ သုတ်ခနဲ ဝင်သွားပါတယိ ။ ကိုယ့် မှာသာ အိုးတိုးအမ်းတမ်းနဲ့ ။


စားပွဲဝိုင်းလေး ပေါ်မှာ ရေးလက်စ စာရွက်တွေ ပြန့်ကျဲ နေပါတယ် ။ ဖယောင်း တိုင် နဲ့ မီးခြစ် က မီးပြတ်ရင် ထွန်းဖို့ အဆင်သင့် ။ ဘေးမှာ လည်း စာအုပ်တွေက ပုံလို့ ။ အလို ခေါင်းအုံး တစ်လုံး နဲ့ စောင်တစ်ထည် ကလည်း ဖရိုဖရဲပါလား ။ တန်တော့ မနေ့ က ဒီနား တင် သူ အိပ်တယ်ထင်ရဲ့ ။ 


တွေးနေတုန်းမှာပဲ ပြန် ထွက်လာတဲ့ အသံ ကြားလို့ ခေါင်းငုံ့ပြီး စာဖတ်ချင်ဟန် ဆောင် နေလိုက်ရတယ် ။ 


“ မနေ့ ညက မအိပ်ဖြစ်ဘူး ။ မနက် လေးနာရီ လောက် ကျမှ စာတစ်ပုဒ် ပြီးသွား တယ် ။ အဲဒီတော့ မှ ဗိုက်ဆာ မှန်းသိတယ် ။ အိမ် မှာလည်း ကော်ဖီ ပဲ အဆင်သင့် ရှိတာ ဆိုတော့ ကော်ဖီ ထဲ ထမင်းတစ်ခဲ ထည့်ပြီး တစ်ပန်းကန်ဖျော် သောက်ပစ်လိုက်တယ် ။ အဲဒီ နောက် ဒီနားမှာတင် အိပ်ပျော်သွားတာ ၊ အခု ရှင် လာ နှိုး မှပဲ နိုး တော့တယ် ”  


ဟင်း ... တကယ့်ကို ပေစုတ်စုတ်ပါပဲ ။ မအိပ်ခင် ခြေလက်ဆေးလို့ ၊ ဘုရား ဝတ်ပြုလို့ ၊ ဘာမှ လုပ်ပုံ မရ ။


“ ဘာလုပ်နေတာလဲ ၊ လက်ဖက်ရည် သောက်မှာ ဆို သွားမယ်လေ ”  


“ ဪ အင်း ”  


ရယ်ကျဲကျဲ နဲ့ ထိုင်ရာ က ထလိုက်ပါတယ် ။ သူ ကတော့ ကျစ်ဆံမြီး မကျစ်အားဘူး ထင်ပါရဲ့ ။ ဘီးကျော်ပတ်ကြီး ပတ် ထားလိုက်တာ ဆံထုံးကြီး ကို အယ်နေတာပဲ ။ ခါးတင်အင်္ကျီလေး နဲ့ မာစရိုက်လုံချည်လေးနဲ့ ၊ ကတ္တီပါဖိနပ်အနက်လေး နဲ့ တကယ့်ကို သပ်သပ်ရပ်ရပ် ။ သုံးမိနစ် အပြင်အဆင် ပေါ့လေ ။  သူ့ အိမ်နဲ့ မနီးမဝေး မှာ ရှိတဲ့ လက်ဖက်ရည်ဆိုင် ကို ထွက်ခဲ့ကြတယ် ။ ရင်ပေါင်တန်း လျှောက်တာတောင် သူ က ကိုယ့် လက်ယာ ဘက် က ၊ လက်ဝဲဘက် မှာ မနေ တတ်တဲ့ မိန်းမ တစ်ယောက် ပါပဲ ။ လွယ်နေကျ အိတ်တစ် လုံး က ပခုံး မှာ တွဲလောင်း ။ 


“ အိတ်ကြီး က ထားခဲ့တာ မဟုတ်ဘူး ၊ ခဏတစ် ဖြုတ်လေးပဲ ဥစ္စာ ” လို့ ပြောတော့ ...


“ အဟက် ဒီ အိတ်ထဲမှာ မှတ်ပုံတင် ၊ သန်းခေါင်စာရင်း ၊ အရေးကြီးတဲ့ စာရွက် စာတမ်း အကုန်ပါတယ် ။ စိပ်ပုတီး ပါတယ် ။ ဓားမြှောင် ပါတယ် ။ မှတ်စုစာအုပ် နဲ့ ဘောပင် ပါတယ် ။ သော့တွဲ ပါတယ် ။ အပြင် ထွက်လာရင် အိမ်မှာ ကျန်ခဲ့တဲ့ ပစ္စည်းတွေ အတွက် ဘာမှ နောက်ဆံ မတင်းဘူး ။ လူပဲ ခိုးခိုး ၊ မီးပဲ လောင်လောင် ၊ ရေပဲ မြုပ်မြုပ် ၊ မုန်တိုင်းပဲ ကျကျ ဖြစ်ချင်တာ ဖြစ် ၊ တစ်ခုပဲ စာအုပ်တွေ လေ ၊ အဲဒါပဲ နှမြောတယ် ”  


အတွယ်အတာ နဲ ၊ အတွယ်အတာ ကင်းမဲ့သော သဘောထား ကို အောချ ခံစား ရပြန်ပါတယ် ။


“ လက်ဖက်ရည် တင် မဟုတ်ဘူးနော် ”  


“ စားပါ ၊ ကြိုက်တဲ့ မုန့်စား ”  


“ ဟင့်အင်း ပဲပြုတ် နဲ့ ထမင်းဆီဆမ်း တစ်ပွဲ ကို ကြက်ဥကြော် တစ်လုံးနဲ့ စားချင်တယ် ။ ပြီးမှ လက်ဖက်ရည် သောက်မယ် ။ ပြီးတော့ ... ” 


“ ကွမ်းတစ်ယာ မဟုတ် လား ” ဖြတ်မေးလိုက်တော့ ... 


“ အဟီး ” လို့ ရယ်ပါ တယ် ။ အဲဒီ ပေစုတ်စုတ် အမျိုးသမီးနဲ့ အပေါင်းအသင်း လုပ်ရတာ တကယ့်ကို မလွယ်ပါဘူး ။


ပဲပြုတ် နဲ့ ထမင်းဆီဆမ်း ကို ခေါင်းမဖော်တမ်း အားရပါးရ စားနေတာကို အသာ ကြည့်နေမိပါတယ် ။ ထမင်းပူပူ ၊ ရေနွေးကြမ်းပူပူ တို့ကြောင့် နဖူးဆံစပ် နဲ့ နှာခေါင်းဖျား မှာ ချွေးကလေးတွေ စို့နေကြပါ တယ် ။ ထမင်းတစ်ပွဲ ကုန်ခါ နီးမှာ “ လိုက်ပွဲ ” လို့ ပြောတော့ .. 


“ ဟိုး ဟိုး လုံလောက် ပြီ ” လို့ ပြောပြီး အနားမှာ အသင့် ရှိနေတဲ့ လက်ဖက်ရည်ခွက် ကို လှမ်း ဆွဲလိုက်ပါတယ် ။ မျက်နှာပြင်လေး တင်း နေတဲ့ လက်ဖက်ရည် ကို တစ်ရှိုက်မက်မက် တစ်ငုံ သောက်ချ လိုက်ပြီး နှုတ်ခမ်း ကို လျှာနဲ့ သိမ်းလိုက်ပါတယ် ။ ပြီးမှ တစ်ရှူးတစ်စ ဆွဲယူပြီး ခပ်ကြမ်းကြမ်း သုတ်ပစ်လိုက် ပါတယ် ။ နှုတ်ခမ်းနီ ဆိုး မထားတဲ့ အတွက် နှုတ်ခမ်းနီ ပျက်မှာ မစိုးရိမ်ရပါဘူး ။ 


“ ဒီရက်ပိုင်း ဘယ် ပျောက် နေတာလဲ ”  


စကား စ မေးလိုက်တော့ ရုတ်ခြည်းပဲ ပြန် ဖြေပါတယ် ။


“ မြို့ပြင် က အမှိုက်ပုံကြီး နား သွားနေတာ ” 


“ ဘာ ... ” 


အလန့်တကြား အော်မိ ပါတယ် ။ မြို့အပြင်ဘက် အစွန်အဖျား မှာ တစ်မြို့လုံး က စွန့်ပစ်ကြတဲ့ အမှိုက်ပုံကြီး ရှိပါတယ် ။ အဲဒီ နားမှာ အိမ်ခြေယာမဲ့ လူတစ်အုပ် တစ်စု နေ ထိုင်ကြပါတယ် ။ သိပ် သန့်တဲ့ နေရာ မဟုတ်ပါဘူး ။ အဲဒီလို နေရာမျိုးကို ဘာကိစ္စ နဲ့ သွားရတာလဲ ။ ဒီမိန်းမ ရှုပ်ရှုပ်ယှက်ယှက် ဆိုတဲ့ စိတ် ထဲက အတွေးနဲ့ “ ဘာ ” လို့ အော် လိုက်မိတာ တောင် မတုန်မလှုပ်ပါဘူး ။ 


“ ဟုတ်တယ် ၊ အဲဒီ နား မှာ စာသင်နိုင်တဲ့ အရွယ် ၊ ကလေး အယောက် နှစ်ဆယ် လောက်ရှိတယ် ။ သူတို့ ကို စာ သွား သင်ပေးတာ ။ အရေး ၊ အဖတ် ၊ အတွက် တတ်အောင် ပေါ့ ။ တစ်နှစ် ကြာချင် ကြာမယ် ၊ နှစ်နှစ် ကြာချင်ကြာမယ် ။ ကိုယ့် ထမင်း ကိုယ်စား ၊ ကိုယ့် စက်ဘီး ကိုယ် စီးပြီး ပညာဒါန သွားပြုနေတာ ”  


“ ခင်ဗျား ရူးနေလား ”  


“ အင်း ဟုတ်ချင် ဟုတ်ပါလိမ့်မယ် ။ ဒါပေမဲ့ ထူးလာမယ့် အချက် ကတော့ နောက် နှစ်နှစ် ၊ သုံးနှစ် လောက်ကြာ ရင် အဲဒီ နေရာက ကလေး တချို့ စာရေးတတ် ၊ ဖတ်တတ် လာလိမ့်မယ် ။ စာဖတ် တတ်လာရင် သူတို့ စာအုပ်တွေ ကို ရှာဖွေ ဖတ်ရင်း ဖတ်ရင်း နဲ့ သူတို့ ဘဝတွေ ကို သူတို့ ဘာသာ ပြောင်းလဲလာနိုင် ပါလိမ့်မယ် ” 


ကိုယ့် ကို စေ့စေ့စိုက် ကြည့် နေတဲ့ မျက်လုံး အစုံဟာ ယုံကြည်ချက် ခိုင်ခိုင်မာမာ ရှိ ကြောင်း ဖော်ပြ နေသလိုပါပဲ ။ 


“ ခင်ဗျား ... ဗျာ ... ”  


စိတ်ပျက်စိတ်ကုန် ဖြစ် သွားတဲ့ ကိုယ့် ရဲ့ အသံနဲ့ ဟန် ကို သူ က တောင် ပြန်ပြီး ပြုံး ကြည့် နေလိုက်ပါသေးရဲ့ ။ 


“ ဘဝ ဆက်တိုင်း ၊ ဘဝ ဆက်တိုင်း သူတောင်းစား ဘဝ ရောက်ရပါလို၏ ၊ အခြေအနေ မဲ့ ဘဝ ရောက်ရပါလို၏ လို့ ဘယ်သူမှ ဆုတောင်း ဆု ယူ မပြုလောက်ကြပါဘူး ။ အကြောင်းကြောင်း ကြောင့် ဒီ ဘဝ ရောက် နေသူ တွေကို ကျွန်မတို့ ကိုယ်ချင်း စာရမှာ ပါ ။ လူ တစ်ယောက် အထူးသဖြင့် ကလေး တစ်ယောက် ရသင့်ရထိုက်တဲ့ ပညာသင် အခွင့်အရေး ကို ကျွန်မတို့ လမ်းဖွင့် ရှာဖွေပေးရမှာပါ ။အဲဒါ အတွက် ကျွန်မ တတ်စွမ်းသမျှ လုပ်ပေး နေတာပါပဲ ” 


“ ဟူး .. ”  


သက်ပြင်းချ ပြ လည်း သူ ဂရုမစိုက် ။


“ သိပ် စိတ်ဝင်စားဖို့ ကောင်းတာပဲ ။ မိဘ နဲ့ သားသမီး ချစ်ခြင်းမေတ္တာ ၊ မိဘကျေးဇူး ဆပ်ဖို့ သားသမီး ရဲ့ မျှော်မှန်းချက် ။ အဲဒါတွေ သံစဉ် လွဲ နေကြတယ် ။ အဲဒါကို အမှတ်မထင် ရင်နင့် အောင် ခံစားတွေ့ရှိ ကြားသိ လိုက်ရတယ် ။ မြို့ပြင် က အုပ်စု ထဲ မှာ အနာကြီးရောဂါသည် လင်မယား နှစ်ယောက် ရှိတယ် ။ သူတို့ မှာ ကလေး နှစ်ယောက် လည်း ရှိတယ် ။ အကြီးမလေး က ကျောင်း ထားရမယ့် အရွယ် ရောက်နေပြီ ။ တစ်နေ့တော့ သူ့ အမေ က သူ တောင်းရမ်းယူလာတဲ့ မုန့်တွေ ကို ချ ကျွေးတယ် ။ ကလေးမလေး က ထိုင်ပြီး မြိန်ရေရှက်ရေ စားနေတော့ သူ့ အမေ က အငယ်ကောင် ကို ခွံ့ကျွေး နေ ရင်း ပြုံးပြီး ကြည့် နေတယ် ။ စားပြီး ခဏ နေတော့ ကောင်မလေး က သူ့ အမေခေါင်း ကို သန်းရှာ ပေးတယ် ။ တွတ်တီးတွတ် တာ လည်း ပြောနေတယ် ။ သဘော ကတော့ တောင်းရမ်းပြီး မောပန်း ပြန်လာတဲ့ အမေ့ ကို ဝတ်ကြီးဝတ် ငယ် ပြုစုတာပေါ့လေ ။ အဲဒီ အချိန် မှာပဲ သူ ဟာ သူ့ အမေ ရဲ့ ပါး ကို နောက်က နေ သိုင်းဖက် နမ်းရင်း ပြောလိုက်တယ် ။ “ အမေ သမီး ကြီးလာရင် ပိုက်ဆံ လိုက်တောင်းပြီး အမေ့ ကို လုပ်ကျွေးမှာ ” တဲ့ ။ သူ့ အမေ က မျက်ရည်လည်ရွဲ အပြုံးနဲ့ “ ကြည့်စမ်း ကြည့်စမ်း ဖေ - မလေး ၊ သိတတ်လိုက်တာ ” တဲ့ ။ ကျွန်မ လေ ... ” 


“ သူတို့ လူနေမှုစ ရိုက်နဲ့ ဘ ဝ အခြေအနေ ၊ အဲဒီ ဘဝ အလိုက် မိဘ နဲ့ သားသမီး ကြား ချစ်ခြင်းမေတ္တာ ပြဆိုပုံ ၊ အဲဒီ ဘဝ ထဲက သမီး တစ်ယောက် ရဲ့ ရှေ့မျှော်မှန်းချက် ၊ အဲဒါတွေ ကို တွေးမိပြီး ကျွန်မ ရင် ထဲမှာ ကျဉ်ခနဲ နာ သွားရတယ် ။ အဲဒီ ဝေဒနာ အတွေး ကို ကျွန်မ စာ မဖွဲ့တတ်ဘူး ။ သံစဉ်တွေ လွဲနေပြီ ဆိုတာတော့ ရှင်းရှင်းကြီး သိတယ် ။ ဒါနဲ့ပဲ သူတို့ ဘဝ ကို ပညာ နဲ့ မြှင့်တင်ပေးမယ် လို့ ဆုံးဖြတ်ပြီး စာ သွား သင်တာ ” 


“ ကျွန်မ ကျောင်းလေး က အရိပ် ကောင်းတဲ့ သစ်ပင်ကြီး အောက်က မြေတလင်းပြင်ကလေး ပါပဲ ။ စာအုပ် ၊ ခဲတံ ၊ ပေတံ ၊ ခဲဖျက် ... အဲဒါတွေ ကျွန်မ ဝယ်ပေးတယ် ။ စာတွေ သင်ပေးတယ် ။ ကဗျာ တွေ သင်ပေးတယ် ။ ကမ္ဘာကြီး အကြောင်း ပြောပြတယ် ။ ပုံပြင်တွေ ပြောပြတယ် ။ သူတို့ ရဲ့ အလုပ်ချိန် ... အဲလေ တောင်းရမ်းရမယ့် အချိန် နဲ့ မတိုက်ဆိုင်နိုင်အောင် အချိန် ရွေးရတယ် ။ ကျွန်မ သေသေချာချာ ပြောနိုင်တာ တစ်ခုက ဘယ် မိဘမှ ကိုယ့် သားသမီး ကို မိမွေဖမွေ အဖြစ် သူတောင်းစား ဘဝ ကို ပေးချင်ကြ မှာ မဟုတ်ဘူး ဆိုတာပါပဲ ။ ဒါ့ကြောင့် ကျွန်မ ကို သူတို့ လိုလိုလားလား ကြိုဆို ကြပါတယ် ။ စိတ်မပူပါနဲ့ ”  


စကားရှည်ကြီး ပြောပြီး လက်ကျန် လက်ဖက်ရည် ကို ဂွတ်ခနဲ မော့ချ လိုက်ပါတယ် ။ လက်ဖက်ရည်ဆိုင် နဲ့ တစ်ဆက်တည်း ရှိတဲ့ ကွမ်းယာဆိုင် က လာ ပို့ထားတဲ့ ကွမ်းထုပ် ကို ဖွင့်ပြီး ကွမ်းတစ်ယာ ငုံ လိုက်ပါတယ် ။ စီစီရီရီ ရှိတဲ့ သွားလေးတွေ ဟာ ကွမ်းမစား ဘဲ နေရင် ပိုပြီး လှနေမှာပါပဲ ။ 


“ သူတို့ ထဲမှာ ခေါင်းဆောင် ဖြစ်တဲ့ ဘကြီး အမည် က ဦးသာစိန် တဲ့ ။ နှာနုရိုး ကျိုး နေတယ် ။ ခြေထောက် တစ်ဖက် က ပတ်တီးကြီး နဲ့ ၊ ချိုင်းထောက် ထောက် ပြီး သွားရတယ် ။ တစ်ခါတလေ ကျွန်မ ပြန်ချိန် နောက်ကျသွား ရင် မြို့ ထဲ အထိ လိုက်ပို့ဖို့ အဘ က လူ သုံးယောက် ထည့် ပေးတယ် ။ ကျွန်မ က စက်ဘီး ကို ဖြည်းဖြည်းမှန်မှန် စီး ၊ လူ သုံးယောက် ထဲ မှာ ရှေ့က ကြို သွားနှင့်တာ က တစ်ယောက် ၊ အလယ်က တစ်ယောက် ၊ နောက်ဆုံးက တစ်

ယောက် ညှပ်ပြီး မသိမသာ ခပ်ခွာခွာ လိုက်ပို့တာ ။ အောင်မာ ... အမည်ကျော်တွေ မှ ဘော်ဒီဂတ် ရှိတာ မဟုတ်ဘူး နော် ၊ ကျွန်မ မှာလည်း ဘော်ဒီဂတ် နဲ့ သိလား ... ဟား .. ဟား ဟား .. ”  

 

မိန်းမ မဆန်စွာ အားရ ပါးရရယ်လိုက်တဲ့ အတွက် လျှံထွက်ကျလုဆဲဆဲ ကွမ်းသွေး တွေ ကို ကပျာကယာ လက်နဲ့  ပင့်ထိန်းလိုက်ရပါတယ် ။ 


“ ဟူး ... ”   


သက်ပြင်း ချမိ ရင်း ချ နေမိတော့တာပါပဲ ။ 


“ သူတို့ နေထိုင် မကောင်း ဖြစ်ရင် သိပ် သနား ဖို့ ကောင်းတာပဲ ။ ဆေးရုံ က အဝေးကြီး မှာ ။ ဆေးခန်းတွေ ကလည်း လက် မခံချင်ကြဘူး ။ ဆေးဆိုင်က ဆေး တွေ ကို ပဲ မှန်းရမ်း ဝယ် သောက်ကြ ရတယ် ။ ဒါ့ကြောင့် ပညာ အလှူ ၊ ဆေးအလှူ ပေါ့ မကောင်းဘူးလား ။ ဝါသနာ ပါရင် ဆေး လိုက် ကုလို့ရတယ်နော် ” 


သူ့ စကား က ဆရာဝန် တစ်ယောက် ဖြစ်နေတဲ့ ကိုယ့် ကို မလုံမလဲ ခံစားရစေပါတယ် ။ ဒါပေမဲ့ သဒ္ဓါစိတ် တော့ ပေါက်မိ သလိုလိုပါ ။ တကယ့် သဒ္ဓါစိတ်လား ၊ သူ့ ကို စိတ်မချလို့ လိုက် စောင့်ရှောက် ပေးချင်စိတ်လား ဆိုတာတော့ သိပ် မကွဲပြားပါဘူး ။


“ ဟိုး အရင် ခေတ်က ဟယ်ရီတန် ၇ တန်း အောင်တယ် ဆိုတဲ့ ဘွားဘွား တစ်ယောက် လည်း ရှိတယ် ။ စိတ်ကောင်းနှလုံးကောင်း ရှိရှာပါတယ် ။ သူ က တစ်ဖွဲ့လုံး တောင်းရမ်း ထွက်တဲ့ အချိန်မှာ အစောင့် တာဝန် ယူရတယ် ။ ကျီးစောင့် ကြက်နှင် ပေါ့ ။ သူ့ အလုပ်ချိန် က ညနေ ၄ နာရီ နေချိုလောက်တဲ့ အချိန်ကျ မှ စတာ ။ တခြားသူ ဟုတ်ရိုးလား ။ ရှင့် ဆေးခန်း ဘေးနားမှာ ပုဆစ်တုပ်လေး ထိုင်ပြီး ပုတီးစိပ်ရင်း တောင်းနေတဲ့ အဘွားပေါ့ ။ မျက်စိ ထဲ ပေါ် ရဲ့လား ” 


“ အင်း အင်း အင်း ”  


သူ ပြောမှ မျက်လုံး ထဲ မြင်ယောင် လာပါတော့တယ် ။ ပြားပြားဝပ်လေး ထိုင်ပြီး တရားစာတွေ ရွတ်နေတတ် သော အဘွားကြီး တစ်ယောက် ၊ သံပရာသီးလုံးခန့် ဆံထုံးလေး က ထိပ်တည့်တည့် မှာ ။ သမံတလင်း ပေါ် ကြာကြာ ထိုင်ရင် ကုပ်ချည့် သွားမှာ တွေးပူ နေမိရင်း တစ်နေ့ နှစ်ရာ ၊ သုံးရာ မှန်မှန် အလှူငွေ ထည့်ပေးခဲ့ စမြဲ ။ 


“ ကလေးတွေ ကို အစ က ရိုင်းတယ်လို့ ထင်ခဲ့မိ တယ် ။ ဒါပေမဲ့ မဟုတ်ဘူး ။ သိမ်ငယ်စရာ ကောင်းတဲ့ သူတို့ ဘဝ ကို မာန နဲ့ အစားထိုး ထားကြတာ ။ ပြည်သူ့နီတိ နဲ့ လည်း ဝေးတယ် ။ သမားရိုးကျ ပတ်ဝန်းကျင် နဲ့ လည်း ကွာလှမ်းတယ် ။ ဒါနဲ့ပဲ သူတို့ ဒီလို ဖြစ်နေကြတာ ။ ကျွန်မတို့ တတ်စွမ်း သမျှ ဖေးမကူညီရမှာပဲ ။ သူတို့ မိဘတွေ အတွက် အလုပ်အကိုင် အခွင့်အလမ်း ၊ စားဝတ်နေရေး ၊ အဲဒီ အထိ တော့ ကျွန်မ မစွမ်းဆောင် နိုင်သေးဘူး ။ လောလောဆယ် မှာ ကလေးတွေ စာ တတ် ဖို့တော့ ကျွန်မ လုပ်နေပြီ ။ ကျန်းမာရေး နဲ့ ပတ်သက်လို့ ရံဖန်ရံခါ မှာ ရှင့် အကူအညီ လိုလာလိမ့်မယ် ထင်ပါတယ် ။ အဲဒီ အခါမှာ ရှင် ကျွန်မ ကို ကူညီနိုင်မလား ၊ ဟင် ... ”  


တော်တော် အဖြေရ ကျပ်တဲ့ မေးခွန်းပါပဲ ။ 


“ ကျွန်မ လို နေ့တိုင်း သွား ပေးဖို့ မဟုတ်ပါဘူး ။ တစ်ပတ် ၊ နှစ်ပတ် တစ်ခါလောက် ပေါ့ ။ ဖျားနာတဲ့ လူ ၊ အနာ ပေါက်တဲ့ လူ ၊ အဲဒါမျိုး ရှိလာရင် ကျွန်မ က ဘယ်နေ့ မှာ ဆရာဝန် လာမယ် ဆိုတာမျိုး ပြောထားမယ်လေ ။ ကျေးဇူး ပြုပြီး ကျွန်မ ကို ကူညီပါ ”  


မျှော်လင့်ချက် နဲ့ တောက်ပြောင် နေတဲ့ မျက်ဝန်းနက် တစ်စုံကို စူးစိုက် ကြည့်နေမိ ပါတော့တယ် ။ တိတိကျကျ ခံစားနေရတာ တစ်ခု ကတော့ ဒီ မိန်းမ အပေါ် အရင်လို သရိုးသရီ စိတ်တွေ ထက် လေးစား စိတ်တွေ ၊ ကြည်ညို စိတ်တွေ ဖြစ်ထွန်း နေမိတာပါပဲ ။ 


“ မနက်ခင်း ၊ ညနေ နဲ့ ညပိုင်း က ဆေးခန်း ထိုင် ၊ နေ့လယ် က ဆေးရုံ ။ နှစ်ဆယ့်လေးနာရီ ဂျူတီ ရှိနေတာက ဆရာဝန် အလုပ် ပဲ လို့ ပြောပြီး အချိန်အား မရှိဘူးလို့ တော့ မငြင်းလိုက်ပါနဲ့ ။ လုပ်ရမယ့် အလုပ်တွေ ကို ခဏ မေ့ထား လိုက်နိုင်တဲ့ အချိန်လေး ဟာ လူ တစ်ယောက် အတွက် အားလပ်ချိန်ပါပဲ ။ အချိန်တွေ ဟာ ကျွန်မတို့ အတွက် အဲသလောက် တန်ဖိုး ရှိပါတယ် ။ သူတို့ အတွက် ခဏလေးတော့ မအား အားအောင် လုပ်ပေးပါလို့ တောင်းဆိုချင်ပါတယ် ပလိစ် ” 


ရင်ဘတ် ထဲ ထိ ထိုးဖောက် သိမြင် ထားသလို ပြောနေတဲ့ စကားတွေ ပါပဲ ။ ထဘီစစ်စစ် ဝတ်တာ ၊ သနပ်ခါး လိမ်းပြီး ပန်းပန်တာ က လွဲရင် တစ်စက် က မှ မိန်းမ မဆန်တဲ့ ဒီ မိန်းမ ကို ကိုယ် မလွန်ဆန်နိုင် သလို ဖြစ်နေရ ပါတယ် ။


“ ကောင်းပြီလေ ၊ ကိုယ် ဂျူတီအော့ဖ် ဖြစ်တဲ့ အချိန်လေးတွေ ထဲ က ကြံဖန်ပြီး အချိန် ဖဲ့ပေးပါ့မယ် ။ တစ်ခုတော့ရှိ တယ် ။ ကိုယ် အဲဒီနေရာ ကို သွားတဲ့ အခါ ကိုယ့် ကား နဲ့ ခင်ဗျား အတူ လိုက်ရမယ် ”  


“ ဟင့်အင်း ... မလိုက်ဘူး ၊ မစီးနိုင်ဘူး ”  


ပြတ်ပြတ်သားသား ငြင်းဆန်ပါတယ် ခင်ဗျာ ။ ပြီးတော့ ...


“ ဘဝ ချင်း ကွာခြားချက် ကို ပြက်ပြက်ထင်ထင် မပြချင်ပါနဲ့ ။ သူတို့ ဂုဏ်ယူ အားကျလိမ့်မယ် ထင်သလား ။ သူတို့ သိမ်ငယ် သွားကြလိမ့် မယ် ၊ အားငယ် သွားကြလိမ့်မယ် ။ တစ်သားတည်း နေပြ မှ သူတို့ စိတ်ကို ဆုပ်ကိုင် နိုင်မှာပါ ။ ဒါ့ကြောင့် ကျွန်မ စက်ဘီး ကို ရှင် က ရှေ့က နင်း ၊ ကျွန်မ က ဆေးအိတ် ကိုင်ပြီး နောက်က လိုက် စီးမယ် ဘယ့်နှယ်လဲ ” 


ညာဘက် မျက်ခုံး ထူထူကြီး တစ်စင်း ကို ဆတ်ခနဲ ပင့်ချီ မေးမြန်း လိုက်ပုံ ကို ပဲ တမေ့ တမော ငေးကြည့် နေမိ ပါတော့တယ် ။


ဒီ မိန်းမ ရဲ့ ရင် ထဲ မှာ ကိုယ် လိုချင်တဲ့ အချစ် မရှိတာ ကို အထင်းသား တွေ့မြင် နေရပါတယ် ။ ဒီ မိန်းမ ရဲ့ ဘဝ မှာ အဲဒီလို အချစ် အတွက် အချိန် မရှိတာ ကို လည်း အတိုင်းသား သိမြင် သွားရပါတယ် ။ ဒီ မိန်းမ ဟာ ဘဝများစွာ တို့ရဲ့ ဟာကွက် နေရာတွေ မှာ မေတ္တာတရားတွေ နဲ့ ဖြည့်စွက် နေချင်တဲ့ မိန်းမ တစ်ယောက် သာ ဖြစ်နေပါတော့တယ် ။ ဒီလို မိန်းမမျိုး ဟာ ဇနီးမယား တစ်ယောက် ဘဝမျိုး မှာ ပျော်မွေ့တတ် မှာ မဟုတ်ပါဘူး ။


“ ဒီ့ထက် ကျယ်ပြန့် လာအောင် ကျွန်မ ကြိုးစားရဦး မှာပါ ။ ကျွန်မ နဲ့ ရှင် နှစ် ယောက်တည်း မနိုင်နင်းတဲ့ အခါ အဖွဲ့အစည်း တစ်ခု ဧကန် ပေါ်ပေါက်လာမှာပါပဲ ။ ဒါဆို ရင် ... ဒီ့ထက် ဒီ့ထက် ပိုပြီး လုပ်ဆောင်နိုင်ပြီပေါ့ ၊ မကောင်းဘူးလား ၊ ဟုတ်တယ်နော် ”  


“ ကောင်းပါ့ဗျား ၊ ဟုတ်ပါ့ဗျား ” 


ထေ့ငေါ့ခြင်း မဟုတ်ဘဲ တကယ့်ကို လှိုက်လှဲခြင်း များစွာ နဲ့ ထောက်ခံ လိုက်မိပါတယ် ။ ရင် ထဲ မှာ လည်း ရှင်းခနဲ ၊ လင်းခနဲ ဖြစ်သွားရပါတယ် ။


သေချာတာ တစ်ခု က တော့ ...


ဒီ မိန်းမ ကို စိတ် နဲ့ တောင် မပြစ်မှားရက်တော့တဲ့ အထိ လေးစားမြတ်နိုး ချစ်ခင် သွားမိရခြင်းပဲ ဖြစ်ပါတော့တယ် ။


 ▢ မကျည်းတန် ၊ လွိုင်ကော် ၊

📖 ရွှေအမြုတေ မဂ္ဂဇင်းသ

     ၂၀၁၄ ခု ၊ ဇူလိုင်လ

တောင်မင်း နှင့် မြောက်မင်း



 

❝ တောင်မင်း နှင့် မြောက်မင်း ❞
           ( မင်းလူ )

ငွေ သည် အချိန် ကဲ့သို့ ကုန်လွယ်၏ ။ ထို့အတူ အချိန် သည်လည်း ငွေ ကဲ့သို့ပင် ကုန်လွယ်၏ ။ တစ်ခု ကွာခြားသည် က အချိန် သည် အလကား ရသည် ။ ကုန်ဆုံးသွားသော ကာလများ အတွက် အလိုအလျောက် အစားထိုး ဝင်ရောက် လာနိုင်သည် ။ ငွေ ကျတော့ ဒီလို မဟုတ် ။ အလိုအလျောက် ဖြည့်ဆည်း မပေးနိုင်ချေ ။

မည်သို့ပင် ဖြစ်စေ ၊ အချိန် နှင့် ငွေ သည် လူ ကို မစောင့်တတ်ချင်း တော့ အတူတူပင် ဖြစ်၏ ။

ဤသို့ဖြင့် အချိန် နှင့် အမျှ ငွေ က ကုန်နေပြီ ။ အချိန် နှင့် အမြန်နှုန်း ကို ငွေ က မီအောင် မလိုက်နိုင် သော အခါ သူ့ တွင် အကျပ်အတည်း ပေါ်လာလေတော့သည် ။

•••••   •••••   •••••

“ ကျွန်တော့် အလုပ် က ပုံမှန် ဝင်ငွေ ဆိုတာ မဟုတ်ပါဘူးဗျာ ” ဟု သူ ပြောလေ့ ရှိသည် ။ ပြောသည့် အခါတိုင်း လည်း ထို စကား အတွက် စိတ် ထဲ က ကြိတ်၍ ပြုံးမိမြဲ ဖြစ်သည် ။ ပုံမှန်ဝင်ငွေ မဟုတ်လျှင် ပုံမှား ဝင်ငွေပေါ့ ဟု တွေးမိသောကြောင့် ဖြစ်သည် ။

တကယ်တော့ သူ့ အလုပ်သည် လည်း ပုံမှန် အလုပ် မဟုတ်ချေ ။ ပုံနှိပ်လောက အတွင်း လှည့်လည်ကျင်လည် နေရသူ သာ ဖြစ်သည် ။ သူ သည် စက်နောက်ကြည့် ခေါ် စက်ဆရာ ၏ တပည့် လည်း လုပ်ဖူးသည် ။ စာ လည်း ဝင် စီကြည့်ဖူးသည် ။ စာပြင်ဆရာ လည်း လုပ်ဖူးသည် ။ စက္ကူရုံး ၊ စာပေစိစစ်ရေး စသည်တို့ ကို ထုတ်ဝေသူ ပုံနှိပ်သူတို့ ၏ ကိုယ်စား သွား ပေးရသည့် အလုပ် က လည်း လုပ်ဖူးသည် ။

တစ်ကိုယ်ရေ တစ်ကာယ နေခဲ့တုန်း က သိပ် အရေးမကြီး ။ ဖြစ်သလို နေ ၊ ဖြစ်သလို စား လို့ ရသည် ။ ပိုက်ဆံ မရှိ လည်း ပူစရာ မလို ။ သူငယ်ချင်း အပေါင်းအသင်း တစ်ယောက် ယောက် ဆီ က ဆွဲလိုက်ရုံပင် ။ ကျောချစရာ တစ်နေရာ တောင် မှ သူ့ အတွက် ပြဿနာ မရှိ ။ ပုံနှိပ်တိုက် စက္ကူပုံးများ သည် သူ့ အတွက် အကောင်းဆုံး ဇိမ်အရှိဆုံး မွေ့ရာများ ။

ထိုသို့ လုပ်ရင်းပင် အိမ်ထောင် ကျခဲ့သည် ။ ခုဆိုလျှင် ကလေး နှစ်ယောက် တောင် ရနေပြီ ။ သား နှင့် မယား နှင့် ဖြစ်လာသဖြင့် အရင်လို နေလို့ မရတော့ ။ အိမ်ထောင် တစ်ခု ကို ထူထောင်မိပြီ ဆိုသော အခါ ထို အိမ်ထောင် ၏ စားဝတ်နေရေး တာဝန် ကို မပျက်မကွက် ထမ်းဆောင် ရလေတော့သတည်း ။

စားဝတ်နေရေး ဆိုသည် ကလည်း နေ့စဉ်နှင့် အမျှ ရှိနေသော ဖြစ်စဉ် တစ်ရပ် ဖြစ်သည် ။ တစ်ရက် လောက် မစားဘဲ ၊ မဝတ်ဘဲ ၊ မနေဘဲ မရနိုင် ။ စားခြင်း ၊ ဝတ်ခြင်း ၊ နေခြင်း မှ ရှောင်လွှဲ၍ တစ်ရက် လောက် ခွင့်ယူမည် ဆိုလို့ မဖြစ်ချေ ။

ထို့ကြောင့် သူ သည် အလုပ် ကို ကြိုးကြိုးစားစား လုပ်ရသည် ။ အိမ်ထောင်ဦး ကာလတုန်း ကတော့ အဆင် ပြေ သယောင်ယောင် ရှိ၏ ။ သား တစ်ယောက် ရလာတော့ နည်းနည်း ကသီ လာ၏ ။ သမီး တစ်ယောက် ထပ်မံ ဖွားမြင်ခဲ့ ပြန်သောအခါ အများကြီး ကသီ လာ လေသည် ။ မကြာခဏ ဆိုသလို ငွေကြေး ပြတ်လပ်မှု နှင့် ကြုံရတတ်သည် ။

ခုလည်း သူ့ မှာ အခက်အခဲ တွေ့နေသည် ။ သူ သည် ပုံနှိပ်တိုက် တစ်တိုက် မှာ ဖောင်စား စာပြင် တစ်ယောက် အဖြစ် ဝင်ရောက် လုပ်ကိုင် နေခြင်းဖြစ်၏ ။ ဖောင်စား ဖြစ်သဖြင့် အလုပ် များ လျှင် များ သလို နည်း လျှင် နည်းသလို လုပ်ရသည် ။

ဒီလ ရက်ပိုင်း အတွင်း စက္ကူ အခက်အခဲ ကြောင့် ပုံနှိပ်တိုက် မှာ အလုပ် ပါးလာသည် ။ ထို့ကြောင့် သူ့ ဝင်ငွေ လည်း လျော့လာ၏ ။ မနေ့က စက်မောင်းတံ တစ်ခု ကျိုး သွားသည် ။ လေးငါးရက် လောက် ပြင်ရမည် ။ ထို ရက်များ အတွင်း သူ အလုပ် လက်မဲ့ ဖြစ် သွားသည် ဆိုသည့် သဘော ။

သူတို့ ပုံနှိပ်တိုက် က စနေနေ့ တိုင်း ငွေ ရှင်းပေးသည် ။ ဒီနေ့ မှ အင်္ဂါနေ့ ရှိသေးသည် ။ စနေနေ့ ရောက်သည့် တိုင် သူ့ အတွက် မျှော်လင့်ချက် မရှိချေ ။ တနင်္ဂနွေနေ့ က စက်ပိတ် သဖြင့် အလုပ် မလုပ်ဖြစ်ခဲ့ ။ မနေ့ က တနင်္လာ ၊ ညနေ့ပိုင်း စက်ကျိုး သွားသည် ။ ဒီတစ်ပတ် အတွင်း တစ်ရက်စာ သာ ရစရာရှိ၏ ။ ကြိုတင် ငွေကလေး ၊ ဘာလေး တောင်းလို့ ရချင် ရမည် ။ သိပ်တော့ မကျိန်းသေ ။ ပုံနှိပ်တိုက်ပိုင်ရှင် ကလည်း စက်ပြင်ရတာ နှင့် အလုပ်ပါးတာ နှင့် ဆိုလျှင် ငွေ ရှိချင် မှ ရှိမည် ။ ရှိလို့ ကြိုတင်ငွေ ထုတ်ပေးသည် ပင် ထားဦး ။ ထို ငွေ က အကြွေး အဖြစ် တင်ရှိ သွားပြီ ။

•••••   •••••   •••••

သည် ကြားထဲ သီတင်း က ကျွတ်လိုက်သေးသည် ။ မကင်းရာ မကင်းကြောင်း မင်္ဂလာဆောင်တွေ လာတော့မည် ။ နှစ်ဘက်မိဘ များ အနက် က တစ်ယောက်တည်း သာ ကျန်ရစ်ခဲ့သော အဖေအိုကြီး ကို ကန်တော့ ချင်သည် ။ ကလေး နှစ်ယောက် ကို လည်း အင်္ကျီလေး တစ်ထည်စီ လောက် ဝယ်ပေးသင့်သည် ။

ဒါတွေ ထားဦး ၊ လောလောဆယ် စားဖို့ သောက်ဖို့ က အရေးကြီးသည် ။ လက် ထဲမှာ ငွေနှစ်ဆယ် လျော့လျော့သာ ရှိတော့သည် ။ ဘယ်လိုပဲ စိစိစစ်စစ် သုံးသုံး ၊ နှစ်ရက် သုံးရက် လောက် ထက် ပိုပြီး ခံမည် မဟုတ် ။ မကုန်မဖြစ် အကုန်ခံရမည် ကိစ္စ က ရှိသေးသည် ။

လမ်းစရိတ် ။

သူ မြို့ ထဲ ထွက်ရမည် ။ ပိုက်ဆံ ရှာရမည် ။ ချေးတန် ချေးရမည် ၊ သူတို့ စက်ပိတ် ထားသည့် အချိန် အတွင်း အခြား စက် တစ်ခု ခုမှာ အလုပ်ကလေး ၊ ဘာလေး ရလို ရငြား စုံစမ်းရမည် ။ ပိုက်ဆံ လေးငါးကျပ် နှင့် အကြွေ ပြားလေးဆယ် ယူပြီး မြို့ ထဲ ဘက် ထွက်ခဲ့သည် ။ အိမ် က အထွက် တွင် သား အကြီးကောင် က “ ဖေဖေ ဟယ်လီကော်ပတာ ဝယ်ခဲ့ပါ ” ဟု မှာသည် ။ သူ့ အဖေ ကို များ မီလျံနာ မှတ်နေသလား ဟု တွေး မိသည် ။ လမ်းထိပ် ရောက် မှ သဘောပေါက် လာသည် ။ မီးပုန်း ထွန်းသည့် လှည်းကလေး မှာခြင်း ဖြစ်သည် ။ ဟယ်လီကော်ပတာ ၊ မော်တော်ကား ၊ လေယာဉ်ပျံ ၊ သင်္ဘော စသည်ဖြင့် မီးပုံးစက္ကူ ဖြင့် ပြုလုပ်ထားသော ကစားစရာ အရုပ်များ ရောင်းသော ဆိုင် ကို တွေ့ရသောကြောင့်ပင် ။

သားတို့ သမီးတို့ သည် လည်း သီတင်းကျွတ် မှာ တစ်ခြား ကလေးတွေ လို ကစားချင် ရှာပေလိမ့်မည် ။ အဝတ်အစားအသစ်တွေ မပူဆာသည် ကိုပင် ကျေးဇူး တင်ရဦးမည် ။

•••••   •••••   •••••

သူ အလုပ် လုပ်သော ပုံနှိပ်တိုက် ကို ရောက်တော့ ရှေ့ခန်း က စားပွဲ မှာ ခပ်ငိုင်ငိုင် ထိုင်နေသော တိုက်ရှင်မိန်းမ ကို တွေ့လိုက်ရသည် ။ ဒီ မိန်းမ ဆီ ကတော့ ငွေ ချေးလို့ ရနိုင်စရာ အကြောင်း မရှိ ။ ထို့ကြောင့် “ စက် ကောင်းသွားပြီလားလို့ လာကြည့်တာပါ ” ဟု အကြောင်းပြ လိုက်ရလေသည် ။ “ ဒီ အပတ် ထဲ ပြီးရင် ကံကောင်းပဲလို့ ပြောသံ ကြားတာပဲ ၊ ခုလဲ တွင်ခုံ သွားကြတယ် ... ”

သူ့ တိုက် မှာ ခဏ ထိုင်ပြီး နောက် ထွက်လာခဲ့သည် ။ သူ အရင် အလုပ် လုပ်ဖူးသော ပုံနှိပ်တိုက် တစ်တိုက် ကို သွားသည် ။ တစ်ခါတစ်ရံ ပုံနှိပ်တိုက်တွေ မှာ စာပြင်ဆရာ မလာသဖြင့် ပိုင်ရှင် ကိုယ်တိုင် ပြင်ရ သည့် အခါမျိုး ရှိသည် ။ ဒါမျိုး ကြုံလျှင် တစ်နေ့ တွက် လောက်တော့ အလုပ် ရနိုင်သည် ။

သို့ရာတွင် သူ ထင်သလို မဖြစ် ။ ထို ပုံနှိပ်တိုက် သို့ ဝင်ဝင်ချင်း စားပွဲ မှာ အခန့်သား ထိုင်နေသော စာပြင်ဆရာ တစ်ယောက် ကို တွေ့ လိုက်ရ၏ ။ တစ်ခြား တိုက်တွေ မှာ လည်း ထို့အတူပင် ။ တိုက် တစ်တိုက် ကတော့ စာပြင်ဆရာ မရှိ ဟု ဆိုသဖြင့် ဝမ်းသာသွားမည် ကြံကာ ရှိသေး ... ။

“ အဲဒါဗျာ ၊ ကျွန်တော့် ခယ်မလေး ကိုပဲ ခေါ် ပြင်ခိုင်း ထားရတယ် ၊ ဆယ်တန်း ဆိုတော့ တော်ရုံတန်ရုံ စာလုံးပေါင်း မှားတာလောက်တော့ ပြင်တတ်တာပေါ့လေ ၊ အလုပ် ကလဲ ပါး နေတော့ စာပြင်ဆရာ ရယ် လို့ ခေါ်မထားတော့ပါဘူးဗျာ ” ဟု ထို တိုက်ရှင်က အလိမ္မာ ဖက်၍ ပြောလိုက်သဖြင့် တပ်လန် ခဲ့ရ ပြန်သည် ။

သုံးဆယ့်သုံးလမ်း ထိပ်က ရွှေကြည်အေးလက်ဖက်ရည်ဆိုင် သို့ သွားသည် ။ ထို ဆိုင်မှာ စာပေ လောကသားများ ဆုံလေ့ ရှိ၏ ။ အလုပ်ကလေး ဘာလေး ခလုတ်တိုက်မိလို့ တိုက်မိငြား ။

ဆိုင်ထဲ ဝင်ပြီး လူရှင်းသော စားပွဲ မှာ ထိုင်၏ ။ စားပွဲထိုး က ဘာ သောက်မလဲ မေးသည် ။

“ မသောက်သေးဘူး ၊ ပြီးမှ ” ဟု ပြောလိုက်သည် ။ သူ့ လိုပင် လက်ဖက်ရည် တိုက်မည့် ဒါယကာ ကို ထိုင်စောင့်နေတတ် သူမျိုး ဒီ ဆိုင် မှာ ကြုံဖူးနေပြီ ဖြစ်သဖြင့် ဘာမှ ထွေထွေထူးထူး မပြောတော့ ဘဲ ပြန် လှည့်ထွက် သွားသည် ။ ဆိုင် ထဲ မှာ သူ နှင့် သိသူ တစ်ယောက် မျှ မရှိ ။

အတန်ကြာ မှ သူ နှင့် မျက်မှန်းတန်းမိ နေသော စာရေးဆရာ တစ်ယောက် ဝင် လာသည် ။ တစ်ခြား စားပွဲလွတ် မရှိ သဖြင့် သူ့ စားပွဲ မှာ လာ ထိုင်သည် ။

“ တစ်ယောက်တည်း လား ၊ ဘယ်သူ့ စောင့်နေတာလဲ ” ဟု နှုတ်ဆက်ရင်း မေးသည် ။

“ ကျွန်တော်တို့ တိုက် က စက်ကျိုးနေလို့ ဆရာရဲ့ ၊ အဲဒါ တစ်ခြား စက် တစ်ခုခုများ ခဏတစ်ဖြုတ် ဝင်လိုက်လို့ ရမလားလို့ ထွက်လာ ခဲ့တာ ”

“ ကျွန်တော် လဲ ထုတ်ဝေသူ ဆီ ငွေလေးဘာလေး ထပ်တောင်း မလားလို့ လာစောင့်တာပဲ ၊ သောက်ပြီးပြီလား ” ဟု တစ်ဆက်တည်း မေး သဖြင့် “ သောက်မလို့ ၊ ခုပဲ ရောက်တာ ” 

စာရေးဆရာ က လက်ဖက်ရည် နှစ်ခွက် မှာသည် ။ သူ သည် မျှော်လင့်ချက်ကလေး တစ်ခု စဉ်းစားမိသည် ။ စာရေးဆရာ ငွေ ရလျှင် ရှေ့မျက်နှာ နောက်ထားပြီး ငွေအစိတ် လောက် ချေးမည် ။ ထို စာရေးဆရာ က သဘော ကောင်းသည် ။ ထို အတွေးကလေး ဖြင့် ထုတ်ဝေသူ အလာ ကို ကူညီ၍ စောင့် ပေး နေလိုက်သည် ။

ထုတ်ဝေသူ က အကြာကြီး ကြာအောင် စောင့်ပြီးမှ ရောက်လာသည် ။

ရောက်ရောက်ချင်း ထိုင်တောင် မထိုင်ရသေးခင် ...

“ ဆောရီးပဲ ဆရာရေ ၊ စာတိုက်ကြီး သွားတာ နည်းနည်း နောက် ကျသွားလို့ ငွေ မထုတ်ခဲ့ရဘူး ။ ဟိုဟာ မနက်ဖြန် မှ ယူပါ ဆရာ ၊ ဖြစ်တယ် မဟုတ်လား ” ဟု ပြောလေ၏ ။

•••••   •••••   •••••

ညနေ စောင်းပြီ ။ လမ်းစရိတ် ပြားရှစ်ဆယ် နှင့် ဆေးလိပ်ဖိုး ပြားသုံးဆယ် သာ ကုန်သွားသည် ။ ဘာမျှ အလုပ် မဖြစ် ။ ပြန်ဖို့သာ ရှိသည် ။ ဆူးလေဘုရားလမ်း ကားမှတ်တိုင် သို့ လျှောက်ခဲ့သည် ။ ထိုစဉ် တစ်စုံတစ်ယောက် ကို ဖြတ်ကနဲ သတိရ လိုက်သည် ။ ကိုဂျော်ကီ ။

ကိုဂျော်ကီ သည် အစက စက္ကူပွဲစား တစ်ယောက် ဖြစ်သည် ။ အချီကြီး တစ်ချီ ပွပေါက် တိုး ပြီးနောက် ပုံနှိပ်စက်ပိုင်ရှင် ဖြစ်သွားသည် ။ စက် ကို ဈေးကောင်း ရသည့် အချိန် မှာ ရောင်းထုတ်ပြီး မော်တော်ကား ဝယ်ရောင်း လုပ်သည် ။ ဈေးအချောင် ရသည့် ကား ခပ်စုတ်စုတ်တွေ ဝယ်ပြီး ပြန်ပြင် ၊ ပေါက်ဈေးဖြင့် ပြန်ရောင်းခြင်း ဖြစ်သည် ။ လည်လည်ဝယ်ဝယ် ရှိသဖြင့် အတော် အကျိုး ဖြစ်သည် ဟု သိရ၏ ။

သူ သည် ကိုဂျော်ကီ စက္ကူပွဲစား ဘဝ ကတည်း က ခင်မင်နေခဲ့ခြင်း ဖြစ်သည် ။ ကိုဂျော်ကီ ပုံနှိပ်စက် ထောင် တုန်း ကလည်း သူ ကူခဲ့ ဖူးသည် ။ ကိုဂျော်ကီ နှင့် တွေ့ လျှင် ငွေငါးဆယ် လောက်တော့ ချေး လို့ ရနိုင်သည် ။ ပြန် မပေးပါနဲ့တော့ဗျာ ဟူ၍ပင် ပြောချင် ပြောပေ လိမ့်မည် ။

ဒီအချိန် ကိုဂျော်ကီ ဘယ်မှာ ရှိနိုင်သည် ကို သူ သိ၏ ။ ဒဂုံဟိုတယ် အပေါ်ထပ် ဘားခန်း မှာ ။

အလယ် မကျတကျ စားပွဲ မှာ ကိုဂျော်ကီ ကို တွေ့ ရသည် ။ ကံအားလျော်စွာ သူ့ စားပွဲ မှာ သူ တစ်ယောက်တည်း ပင် ထိုင်နေသည် ။ စားပွဲ နား လျှောက် သွားပြီး နှုတ်ဆက် လိုက်သည် ။ ကိုဂျော်ကီ က “ လာဗျာ ၊ ထိုင် ” ဟု ခရီးဦးကြို ပြုသည် ။ သူ ဝင် ထိုင်သည် ။ ကိုဂျော်ကီ ရှေ့မှာ ဖန်ခွက် တစ်ခွက် နှင့် ထည့်ထားသော ရမ်အရက် ကို တွေ့ သည် ။ ဖန်ခွက် က အပြည့် ။ ထပ် မှာ ထားတာ ဖြစ်မည် ။ ကိုဂျော်ကီ ပုံစံ က တော်တော် နှင့် မှန်ထားပြီးသား အခြေအနေ ။

ကိုဂျော်ကီ က စားပွဲထိုး ကို ဖန်ခွက် တစ်လုံး မှာ လိုက်သည် ။ သူ အရက် သောက်ဖို့ ငြင်းမည် ဟု စိတ်ကူးသေးသည် ။ မသောက်ပဲ နှင့် ဒီကို လာသည် ဆိုလျှင် ယုတ္တိ မရှိမည် စိုး၍ ဘာမျှ မပြောပဲ နေ လိုက်သည် ။

“ ဘယ်က လာလဲ ...  ”

ကိုဂျော်ကီ က မေးသည် ။

“ သုံးဆယ့်သုံးလမ်း ဘက်က ဗျာ ”

ကိုဂျော်ကီ က ခေါင်း ညိတ်သည် ။ ဘာမျှ ထပ် မပြော ။ ဒူးယားဗူး ကို သူ ဘက် တိုးပေးသည် ။ သူ တစ်လိပ် ယူပြီး မီးညှိ ရှိုက်ဖွာ နေသည် ။ ဘားခန်း ထဲ တွင် မီးခိုးငွေ့များ အရက်နံ့များ ဖြင့် မွှန်ထူ နေသည် ။

စားပွဲထိုး က ဖန်ခွက် တစ်လုံး လာ ချပေးသည် ။

“ ချဗျာ ” 

ကိုဂျော်ကီ က ပြောသဖြင့် ဖန်ခွက်ထဲ လက်တစ်လုံး လောက် ထည့်ပြီး ရေခဲ တစ်တုံး ဆိုဒါများများ ရောစပ်လိုက်သည် ။ အရက် ကို တစ်ငုံ ငုံသည် ။ တီးဝိုင်းအဖွဲ့ က မြန်မာတီးလုံး ဖြင့် စတင် ဧည့်ခံနေပြီး ကိုယ် လိုချင်တာ မပြောခင် သူ တစ်ပါး အကြောင်း အရင် မေးရသည့် လူမှုရေး ထုံးစံအရ သူစကားစသည် ။

“ ကိုဂျော်ကီ ၊ လုပ်ငန်းကိုင်ငန်း ကောင်းရဲ့လား ... ” 

“ မကောင်းဘူး .. ” 

ကိုဂျော်ကီ က ရှုံ့ရှုံ့မဲ့မဲ့ ပြန် ပြောသည် ။ မေးလိုက်တာ မှားသွားပြီ ဟု သိလိုက်၏ ။ ဘာမျှ မတတ်နိုင် ။ ကိုဂျော်ကီ သူ့ ကို အရက်တိုက်ခြင်း မှာ ပြောသမျှ နားထောင်ဖို့ အတွက် ဖြစ်သွားပြီ ။

“ ဘယ်လို ဖြစ်လို့လဲဗျာ ... ” 

စကားထောက် ပေး လိုက်ရသည် ။ ကိုဂျော်ကီ က ဖန်ခွက် ထဲ မှ အရက် လက်ကျန် ကို ရှင်းလိုက်ပြီ ။

“ အခြေအနေ တော်တော် ဆိုး နေတယ်ဗျာ ၊ သုံးဘီးကား နှစ်စင်း အချောင် ရလို့ ဝယ် လိုက်တာ ၊ ခုတော့ သုံးဘီးတွေ နယ် သွားရမယ် ဆိုလို့ ဈေးတွေ ထိုးကျ သွားပြီလေ ... ” 

အရက် ထပ် ထည့်သည် ။ ဆိုဒါ မထည့်တော့ ၊ ရေခဲ တစ်တုံး သာ ထည့်ပြီး တစ်ငုံ ငုံသည် ။ ဆက်၍ ...

“ ဃ ” နံပါတ်ကား တစ်စင်း လဲ ရှိသေးတယ် ။ ကား က တော်တော် စုတ်တယ် ၊ လက်ပူတိုက် ဖို့ တောင် အချိန် ရမှာ မဟုတ်ဘူး ။ သေချာပါတယ် နယ်နှင် ခံရမှာပဲ ... ” 

“ ဒီလိုလဲ ဘယ် ... ဟုတ်ဦးမလဲလေ ” ဟု သူ က မရေမရာ ဝင်ပြော၏ ။ သူ ပြောသည် ကို ကိုဂျော်ကီ ကြားတောင် ကြားဟန် မတူ ။ တီးဝိုင်း ဆီသို့ ငေးကြည့် နေပြီးမှ ...

“ လူများ အဆင် မပြေချင်ဘူး ဆို ဆက်တိုက်ပဲ ၊ ဒီကြားထဲ တယ်လီဖုန်းကြွေး က လာလိုက်သေးတယ်ဗျာ ၊ ပုံနှိပ်စက် ရောင်းထား တဲ့ အတွက် အမြတ်ခွန် လဲ သွား သွင်းရဦးမယ် ။ ကျွန်တော့် ဘဝပျက် တာပါပဲဗျာ ”  ဟု စိတ်ပျက်လက်ပျက် ပြောသည် ။ အရက် ကို သောက်ချလိုက် ပြန်သည် ။ ကိုဂျော်ကီ သည် စကား အဖြစ် သာ မဟုတ်ဘဲ တစ်ကယ် ဘဝ ပျက် နေသည့် ပုံစံမျိုး ဖြစ်နေသည် ။

“ ခင်ဗျားရော အလုပ်အကိုင် ကောင်းရဲ့လား ” ဟု ကိုဂျော်ကီ က လူမှုရေး အရ မေးသည့် ပုံမျိုးဖြင့် မေးသည် ။

“ မဆိုးပါဘူး ဗျာ ၊ ပုံမှန်ကလေးပေါ့ ”  ဟု သူ ဖြေသည် ။ ငွေ ငါးဆယ် ချေးဖို့ ကိစ္စ မပြောတော့ ဟု ဆုံးဖြတ်လိုက်သည် ။ ကိုဂျော်ကီ ကို အားပေးစကား အနည်းငယ် ပြောပြီး နှုတ်ဆက် ထွက် လာခဲ့သည် ။

ကိုဂျော်ကီ ၏ အဖြစ် နှင့် နှိုင်းစာ လိုက်သောအခါ သူ့ စိတ် ထဲ မှာ တော်တော် ပေါ့ပါး သွားသည် ။ သူ သည် သုံးဘီးကား ဝယ်ထားသူ မဟုတ် သဖြင့် ဆုံးရှုံးစရာ မရှိ တယ်လီဖုန်း လည်း မရှိ ။ အမြတ်ခွန် လည်း ဆောင်စရာ မလို ။ ကိုဂျော်ကီ ၏ သုံးဘီးကား တွေ ထက် သူ့ ဆီ မှာ လောလောဆယ် ရှိနေသော ငွေနှစ်ဆယ် လျော့လျော့ က ပို၍ တန်ဖိုး ရှိနေပြီ ။ သုံးရက် လောက် တော့ ထမင်း စားစရာ ရှိနေသေးသည် ။ ကဲ ... ဘာလိုသေးလဲ ဟု အားတက် သွားပြီး လျှင် ဒဂုံဟိုတယ် ပေါ် မှ ရင်ကော့ ၍ ဆင်းလာခဲ့လေသည် ။

▣  မင်းလူ
📖 သဘင် မဂ္ဂဇင်း
      ဒီဇင်ဘာ ၊ ၁၉၈၅

Wednesday, March 5, 2025

ငိုရယ်ငိုရယ် ယောင်လည်လည်




 

❝ ငိုရယ်ငိုရယ် ယောင်လည်လည် ❞

မန္တလေးမြို့ က ဘိုဓာတ်ပုံတိုက် ကို ရောက်တဲ့ အခါ တက်သစ်စ လူငယ်လေးတွေ အိုက်တင် အမျိုးမျိုး နဲ့ ဓာတ်ပုံရိုက် နေကြတာ ကို တွေ့ရတယ် ။ ဘိုဓာတ်ပုံတိုက် က Perfect အောင်မြင်ခြင်း မဂ္ဂဇင်း ၊ ကလျာမဂ္ဂဇင်း ၊ Beauty မဂ္ဂဇင်း စတဲ့ မဂ္ဂဇင်းတွေ အတွက် မျက်နှာဖုံးဓာတ်ပုံ ၊ အတွင်းဓာတ်ပုံ တွေ ရိုက်ပေး နေသလို ရွှေမန္တလေး ဂျာနယ် အတွက် လည်း ရိုက်ပေးတယ် ၊ ဓာတ်ပုံပြိုင်ပွဲတွေ ကို လည်း အစဉ်မပြတ် ဝင်ပြိုင်နေတယ် ။

ဓာတ်ပုံ အရိုက်ခံပေးတဲ့ အမျိုးသမီးလေး တွေ ထဲ မှာ မေပိုင်စိုး ကို ထူးခြားလို့ သတိထား မိတယ် ။ ကလေးမလေး ကို ဓာတ်ပုံရိုက်ဖို့ အိုက်တင် လုပ်ခိုင်းတဲ့ အခါ ကြိုးစားပမ်းစား လုပ်တာ တွေ့ရတယ် ။

“ သူ က သရုပ်ဆောင်တာ သိပ် ကြိုးစားတယ် ၊ အချို့ မော်ဒယ်တွေ ဆိုရင် ဓာတ်ပုံ တစ်ခါ ရိုက်ပြီး သူတို့ ပုံ ဖော်ပြ ခံရရင် ကျေနပ်သွားတာ ၊ တော်တော်နဲ့ ပြန် ပေါ် မလာတော့ဘူး ၊ မေပိုင်စိုး ကတော့ သုံးလေးရက် တစ်ခါ ဘာ ရိုက်စရာ ရှိသလဲ လာလာ မေး နေတာ ” လို့ ဓာတ်ပုံ ဘိုအဖွဲ့ က ကိုဇော်ဇော် က ပြောပြတယ် ။

မေပိုင်စိုး က ဗီဒီယို နှစ်ကား သုံးကား မှာ လည်း သရုပ်ဆောင် ရိုက်ကူးထားတယ် ။ ဇာတ်ကားတွေ ကတော့ မထွက်သေးဘူး ။ ရုပ်ရှင်ဗီဒီယို သရုပ်ဆောင်ကောင်း ဖြစ်ဖို့ သိပ်ပြီး ဆန္ဒ ပြင်းပြနေတယ် ။ သို့ပေမယ့် ကိုယ်ပိုင်ငွေ စိုက်ထုတ် ရိုက်ကူးဖို့ လည်း အင်အား မရှိဘူး ။ အပေးအယူတွေ နဲ့ စပွန်ဆာ လုပ်မယ့် စောင်မ ကြည့်ရှုချင်သူ လူကြီးမင်းတွေ ရှိပေမယ့် မေပိုင်စိုး က သူ့ ဂုဏ်သိက္ခာ ကို အထိအပါး မခံနိုင်ဘူး ၊ ဒီလိုနဲ့ လောလောဆယ် မှာ မိန်းကလေး ခမျာ အနုပညာလမ်းကြောင်း ပေါ်မှာ ယောင်လည်လည် ဖြစ်နေပါတယ် ၊ သူ့ အကြောင်း ကို ကျွန်တော် မေးတော့ ယခုလို ပြောပြတယ် ။

••••• ••••• •••••

အမှန်အတိုင်း ပြောရရင် ကလေး တုန်း က ကျောင်း မှာ ပေါ်ပြူလာ ဖြစ်ချင်တာပေါ့ ။ သမီး ကို တစ်ကျောင်းလုံး သိစေချင်တာ ၊ ထိပ်ဆုံးမှာ ပဲ ရှိစေချင်တာ ၊ အဲသည် စိတ် နဲ့ ပဲ စာ လည်း ကြိုးစားတယ် ၊ စာမှာ ထိပ်ဖြစ်ခဲ့တယ် ။ ကျောင်းကပွဲ ဆိုရင်လည်း ဝင် ကတယ် ၊ သူများ အားကျမယ့် ဘဝ ကို မက်မောခဲ့တယ် ။

ပထမဆုံး စင်ပေါ် တက် ကတာက အသက် ၁၁ နှစ် ၊ ငါးတန်း ။ ကသာ ကျောင်းကပွဲ မှာ ကတာ ၊ ကလေး ကတည်း က စင် ကြောက်တာ မရှိဘူး ၊ စင်ပေါ် တက်ရတဲ့ အရသာ ကို ကြိုက်တယ် ။ ကိုယ့် ကို ဝိုင်းကြည့်နေတဲ့ သူတွေ ကို စင်ပေါ် က နေ ပြန် ကြည့်ရတာ ကို ကြိုက်တယ် ။

သမီး သိနားလည်တဲ့ အရွယ် ကတည်း က အမေ နဲ့ အဖေ ကတော့ ဖိုက်တင်ပဲ ။ သမီး သုံးတန်း လောက် မှာ အမေ နဲ့ စိတ်ဆိုးပြီး အဖေ အိမ် က ထွက်သွားတယ် ။ နှစ်လ လောက် နေတော့ အဖေ ဆုံးပြီ ဆိုတဲ့ စာ ရောက်လာတယ် ။ အဲသည် ကတည်း က အဖေ့ ကို လုံးဝ မတွေ့ရတော့တာပဲ ။

အဲသည်တုန်းက သမီးတို့ က ကသာ မှာ ၊ အိမ် က ဆောက်လက်စ ၊ ပိုက်ဆံ တွေ ချေးပြီး ဆောက် နေတာ ။ အဖေ ပြန် မလာဘူး ဆိုတော့ ကြွေးတွေ အားလုံး အမေ့ ခေါင်းပေါ်  ပုံကျလာတယ် ။ အမေ က ဝန်ထမ်း ၊ တာချီလိတ် ကို တောင်း ပြောင်းတယ် ။ ဝန်ထမ်း ထရန်စဖာ ပေါ့ ။ တာချီလိတ် မှာ အမေ့ ခမျာ တအား ရုန်းကန်ရရှာတာ ။

သမီး ကို ကသာ အိမ်မှာပဲ ထားခဲ့တယ် ။ အဘွားတွေ က စောင့်ရှောက်တယ် ။ ဦးလေးတွေ က ထမင်း ပို့ပေးတယ် ။ သမီး က ကျောင်း ဆက်တက်တယ် ။ ကလေး ဆိုတော့ ကျောင်းမုန့်ဖိုးတွေ ဘာတွေ လိုတာပေါ့ ။ အမေ ကလည်း အိမ်ကြွေး ဆပ်ဖို့ လုံးပန်း နေတာ ။ အမေ့ ဆီ ကလည်း မတောင်းရက်ပါဘူး ။

သမီးတို့ ခြံဝင်း ထဲမှာ အပင်တွေ က တော်တော် စုံတယ် ။ သခွား ၊ ရွှေဖရုံ ၊ ရုံးပတီ ၊ ကန်စွန်းရွက် ၊ ချဉ်ပေါင်ရွက် ၊ ဂေါ်သဇင်ပန်း တွေ လည်း ရှိတယ် ။ မြင်းစားတဲ့ ဘောက်လောက်ရွက်တွေ လည်း ရှိတယ် ။ သမီး က အစောကြီး ထပြီး ဝေလီဝေလင်း မှာ ခူးထားတဲ့ အရွက်တွေ ပွေ့ပြီး သူငယ်ချင်း ကို ခေါ် ၊ ဈေး ကို သွား ရောင်းတယ် ။ ဈေး ကလည်း အဝေးကြီးပဲ ။ ဈေး မှာ ဖျာခင်းပြီး ရောင်းရတာ ။ နေရာ က ဦးရာ လေ ။ ကလေးတွေ ဆိုတော့လည်း ငါးစိမ်းတန်း မှာ ငါးစိမ်းသည် တွေ ရန်ဖြစ်ရင် ဈေး မရောင်းဘဲ ထိုင် ကြည့်ချင် ကြည့် နေတာ ။ ( ရယ်လျက် )

ကသာ မှာ ကျောင်း တက်ရင်း သမီး တစ်တန်းပြီး တစ်တန်း အောင်တယ် ။ အမေ ကလည်း ရှမ်းပြည်နယ် ထဲ မှာ တော်တော် ကြာတယ် ။ တောင်ကြီး ၊ လားရှိုး ၊ မူဆယ် ၊ နန့်ခမ်း ၊ တစ်မြို့ ပြီး တစ်မြို့ ပြောင်း နေရတာ ။

သမီး ဆယ်တန်း အောင် တော့ အမေ က နမ့်ခမ်း မှာ ။ ကျောင်း ခဏပိတ် ထားတုန်း နမ့်ခမ်း နဲ့ ဗန်းမော် ကြား က ဗန်းမော်ကွက်သစ် ဆိုတဲ့ ရွာကလေး မှာ သမီး ကျောင်းဆရာမ ဝင် လုပ်တယ် ။ ကော်မတီခန့် ပေါ့ ။ သမီး အသက် က ၁၆ နှစ်ပေါ့ ။ သူတို့ က မြန်မာစကား သိပ် မတတ်ဘူး ။ စာသင်တော့ dog ဆိုရင် သမီး က ခွေးပုံကလေး ဆွဲပြတယ် ။ မဆွဲတတ်တော့ ခွေးပုံ က မပီဘူး ၊ သူတို့ နားမလည်ဘူး ။ ဒါနဲ့ ဝုတ် ဝုတ် ဆို ခွေးလို ဟောင်ပြ တယ် ။ ခွေးလို အမူအရာ လုပ်ပြတယ် ။ သူတို့ အချင်း ချင်း ပြန် ရှင်းပြတယ် ။ cat ဆို ကိုယ် က ကြောင် လို အော်ပြ ၊ ကြောင်ပုံ လုပ်ပြ ၊ သူတို့ ချင်း ပြန် ရှင်းပြ ၊ နောက်တော့ အဆင်ပြေ သွားတာပေါ့ ။

နွေ ကျောင်းပိတ်ရက် ရောက်တော့ သမီး က နမ့်ခမ်း နဲ့ ကသာ ဆိုင်ကယ် ကယ်ရီ လုပ်တယ် ။

ဆယ်တန်း အောင်တဲ့ အမှတ်ကောင်း တော့ သမီး နည်းပညာတက္ကသိုလ် တက်ခွင့် ရတယ် ။ ပထမနှစ် က လားရှိုး မှာ ၊ ကျောင်းသွား ကျောင်းပြန် မှာ နှုတ်ခမ်းနီဘူး တို့ ၊ မိတ်ကပ်ဘူး တို့ နယ်စပ် က သယ်ပြီး ရောင်း တယ် ။

သမီး ဒုတိယနှစ် ရောက်တော့ အမေ က ရန်ကုန် ပြောင်းရတယ် ။ ရန်ကုန် မှာ နှစ်နှစ် နေပြီးတော့ အမေ မန္တလေး ပြောင်းရပြန်တယ် ။ မန္တလေး နည်းပညာ တက္ကသိုလ် က BE ( Electrical Power ) ဘွဲ့ရတယ် ။

အမေ ကတော့ သမီး ကို BE ဘွဲ့ နဲ့ အင်ဂျင်နီယာ အလုပ် ကို ပဲ လုပ်စေချင် တာ ။ သမီး က သရုပ်ဆောင် အရမ်း လုပ်ချင်နေတော့ အမေ လည်း မတားရက် ဘူး ။

၂ဝဝဝ ပြည့်နှစ် က အမေ တာဝန်ကျရာ မူဆယ် ကို လိုက်သွားရင်း ရှမ်းပြည်နယ် မြောက်ပိုင်း ဖက်ရှင်ပြိုင်ပွဲ နဲ့ကြုံတော့ သမီး ဝင်ပြိုင်တာ ပထမ ရတယ် ။ ဒါနဲ့ တရုတ်ပြည် ယူနန်ပြည်နယ် ရွှေလီမြို့ မှာ လုပ်တဲ့ ချစ်ကြည်ရေး ဖက်ရှင်ပြိုင်ပွဲ ဝင်ပြိုင်ဖို့ အရွေး ခံရတယ် ။ တရုတ်ပြည်မကြီး ရဲ့ ပြည်နယ်ပေါင်းစုံ က လက်ရွေးစင်တွေ လာပြိုင်ကြတာ ။ မြန်မာပြည် က ရန်ကုန် က လာတဲ့ နှစ်ယောက် ရယ် သမီးရယ် သုံးယောက် ပြိုင်တယ် ။ ပြိုင်ပွဲဝင် ၅၃ ယောက် မှာ သမီး က စတုတ္ထ ရတယ် ။

သမီး သူငယ်ချင်းတွေ ကတော့ အလုပ် ထဲ ဝင်ကြပြီ ။ အချို့ဆို အရာရှိတွေ ဖြစ်ကုန်ပြီ ။ သမီး က ရုပ်ရှင် ဗီဒီယို သရုပ်ဆောင် ပဲ လုပ်ချင်တယ် ၊ အင်ဂျင်နီယာ လုပ်ဖို့ ဝါသနာ မပါဘူး ။

အမေ က မလုပ်စေချင်ဘူး ၊ စိတ်မချဘူး ၊ လက်လျှော့လိုက် တော့လို့ အမေ က ပြောတယ် ။ ( ပြောရင်း သူ ငိုပါတယ် ) သမီး လမ်းပျောက် နေပြီလို့ပဲ ထင် တယ် ။ ရိုးရိုးသားသား နဲ့ ကိုယ့် အရည်အချင်း ကို အသိအမှတ် ပြုတဲ့သူ အားပေးမယ့် သူ က ရှားပြီး စပွန်ဆာတွေ ပဲ များနေတယ် ။ ကိုယ့် ကိုယ် ကိုယ် အဆုံးရှုံး အနစ်မွန်း ခံပြီး သည် လမ်း ပေါ် တက်လျှောက်လိုက်ရင် ဖြစ်နိုင်တာ သိပေမယ့် သမီး ရဲ့ ဂုဏ်သိက္ခာ ကို တန်ဖိုးထားတော့ မမှန်တဲ့ လမ်း ကို မရွေးချင်ဘူး ။

သမီး ကို ရိုးရိုးသားသား နဲ့ အနုပညာ အစွမ်းအစ ပြခွင့်ပေးမယ့် ဆရာကောင်း သမားကောင်း တွေ့ ရင်တော့ သမီး ဘဝ တောက်ပ သွားလိမ့်မယ် လို့ သမီး ယုံကြည်တယ် ။ ဒါကြောင့်လည်း သမီး ကြိုးစားတယ် ၊ လေ့ကျင့်တယ် ၊ သင်ယူတယ် ။

ယုံကြည်ချက် ၊ မျှော်လင့်ချက် နဲ့ ရပ်တည်နေတာပဲ ။ အခွင့်အလမ်းတော့ ပေါ်လာမှာပဲ ။ ဖြစ်ကို ဖြစ်ရမှာပဲ ဆိုပြီး ကြိုးစားနေတာ ။

အရင် က ဗေဒင် မမေးဘူး ၊ မယုံဘူး ။ အခုတော့ စိတ် က မွန်းကျပ်လာ တော့ အင်အားတစ်ခု ရအောင် ဗေဒင် လည်း မေးတယ် ။ ထီပေါက်လို့ ကတော့ ချပြီပဲ ။ ( ရယ်လျက် )

အမေ့ ကျေးဇူး ကို အနုပညာ က ရတဲ့ ဝင်ငွေ နဲ့ သိပ် ဆပ်ချင်တာပဲ ။ သည် အလုပ် က ကုန်ကျစရိတ် သိပ်များတယ် ။ အိမ် က တောင်းနေရတာ အားနာတယ် ။ အမေ က ဘာမှ မပြောပေမယ့် ကိုယ် က တစ်ကိုယ်ကောင်း ဆန် နေပြီလားလို့ စိတ် က မလုံဘူး ။

ဒါကြောင့် အပြင်းအထန် ကြိုးစားပြီး နည်းလမ်း ရှာနေတယ် ။ တကယ် ဖြစ်ချင်တဲ့ ဆန္ဒ ရှိရင် ဖြစ်မှာပဲလို့ ယုံယုံကြည်ကြည် နဲ့ ကြိုးစားနေတယ် ။ ဒါပေမဲ့ အသက် က မနေဘူး ။ ကြီးကြီး လာနေတယ် ။ အခု ၂၃ နှစ် ရှိသွားပြီ ၊ အနုပညာ သရုပ်ဆောင် အလုပ် က အသက် ကလည်း စကား ပြောသေးတယ် ။

▢ ကျော်ရင်မြင့်
📖 ဘဝဇာတ်ခုံ အဖုံဖုံ

လေဒီခင်


 

❝ လေဒီခင် ❞
( သိန်းဖေမြင့် )
  
[ နိဒါန်း ။  ။ လူ့လောက တစ်ခုလုံး ကို စောင်းမြောင်း ကာ ရေး လိုက်ပါသည် ။ အပြစ် ရှိသမျှ ကို စာရေးသူ အပေါ် သို့သာ ဖို့စေလို ကြောင်း ။ ]

“ ဒင်း လောက်တော့ အပျော့ပေါ့ ။ လူမှာ အဝတ် တောင်းမှာ အကွပ်တဲ့ ၊ ငါ လည်း ဝတ်လိုက် စားလိုက် ၊ ဂိုက်ထွား လိုက်ရင် ဒင်း ထက် လှသွားဦးမှာပဲ ။ မြန်မာ့အလင်း ဦးလေပွေကြီး က အပြောသားကပဲ ။ ကမ္ဘာ ပေါ်မှာ ရနိုင်သမျှ ဖြစ်နိုင်သမျှ ပေါင်ဒါတို့ ၊ အလှဆီတို့ ၊ ဆေးတို့ ကို လိမ်းပြီး အလှပြင်ရမယ်တဲ့ ၊ မိန်းမ အလုပ်ဟာ အလှပြင်ဖို့ အလုပ်ပဲတဲ့ ၊ ဘယ်လိုပဲ အရုပ်အဆင်း မရှိသော်လည်း အလှပြင်ဆေး အမျိုးမျိုးနှင့် ပြင်လိုက် ရင် ချောတာပဲတဲ့ ။ ငါ့မှာ နဂို အသင့်အတင့် ၊ အသင့်အတင့် ဟုတ်ပေါင်လေ ၊ တော်တော်ကိုပဲ ချောတယ် ။ ခု အလှဆေး တွေ ပြုပြင်လိုက်ရင် ဧကန္တ ဒင်း ထက်တော့ ချောရမှာပဲ ” ဟု မိမိ စိတ်ကို ကိုယ်တော်တိုင် မြှောက်ရင်း မထွေး သည် ဆံစုများ ကို ဆီလိမ်းပြီး ဖြီးနေလေ၏ ။ မထွေး သည် အသက်နှစ်ဆယ့် ခြောက်နှစ် သို့ ရောက်ခဲ့ပြီး ဖြစ်သော်လည်း မည်သည့် ယောက်ျား ၏ အထွေးအပိုက် ကိုမျှ မခံခဲ့ရရှာသော မထွေး ဖြစ်လေသည် ။ မထွေး မှာ အရပ်ပု၏ ၊ ကိုယ်လုံးကိုယ်ပေါက် ကို ဝစိုထွားကျိုင်း၏ ၊ အသားနက်၏ ။ မျက်ရစ်ဖြင့် မင်္ဂလာ မဆောင်သော မျက်လုံး ကို သူငယ်အိမ် မျှ လုံးပတ်ပြည့် မပေါ်အောင် ကျဉ်းလေသည် ။ နှာရောင် မပေါ်သော နှာခေါင်းသည် မြေနိမ့်ရာ လှံစိုက် သကဲ့သို့ မထွေး ၏ မျက်လုံးများ ကြား၌ စိုက်၍ အောက်သို့ ကျဆင်းနေလေ သည် ။ “ ဟော ... ဒီလို မျက်နှာပေး ထားလိုက်ရင် ဘယ်သူက အရုပ် ဆိုးတယ် လို့ ဆိုနိုင်ပါမလဲ ” ဟု မေးပြီး မျက်နှာ ကို ရှေ့တည့်တည့် ထား၍ မှန် ထဲမှ မထွေး ကို ပြုံးကြည့်နေလေ၏ ။ “ ဒီလိုထုံး တာ က ကောင်းပါတယ်လေ ၊ ဆံထုံး ကို ခေတ်ကာလ အလျောက် ကြီးကြီးပဲ ထုံးတာက ဟန်ပါတယ် ၊ အလကား သေးသေးပုပုလေး ထုံး ထားရင် နောက်ချေးပုံကလေး ရွက် ထားတာလို နေမှာပေါ့ ၊ အဲဒီလို ထုံးမယ် ” ဟု မနောကံမြောက် ၊ ကာယကံ လည်း နောက်က လိုက်ပါ လေ၏ ။ ဆံထုံးထုံးပြီးသော် ဒေါင်းတံဆိပ် ခေါင်းလိမ်းဆီ ကို လက်ဝါးတွင် ဆွတ်ပြီး ဆံထုံးကို ပွတ်တိုက်လေ၏ ။ နောက် မဆိုင်ရာ၌ ပေါက်လျက် မာရ်နတ် လုပ်နေကြသော မျက်ခုံးမွေး များကို မွေးညှက်ဖြင့် နုတ်လေ၏ ။ နာသဖြင့် မျက်ရည်များ စီးဆင်းလာ၏ ။ သို့သော် အံကြိတ် ၍ ခံ၏ ။

သနပ်ခါးလိမ်း ၊ ပေါင်ဒါ ရိုက်ပြီးလျှင် စက္ကူနီ တစ်ခု ကို ဘူးမှ ထုတ်ယူ၏ ။ လက်ညှိုး ကို တံတွေး အနည်းငယ်ဆွတ်ပြီး စက္ကူတွင် ပွတ်လေ၏ ။ လက်ညှိုး ဖြင့် နှုတ်ခမ်း ကို ပွတ် လျှင် နှုတ်ခမ်းသည် သန္တာခဲ သို့ နီမြန်း လာလေ၏ ။ စာရွက်ဖြင့် ပါးကို တိုက်ပြန်၏ ။ ပါးအို များမှာ နှင်းဆီရောင် စိုလာပြန်၏ ။ “ အဲဒါကြောင့် ငါ ပြိုင်ရဲတာ ၊ ဒါကြောင့် သူ့လောက် တော့ အပျော့လို ကမ္ဘာဦး ကတည်း က ထင်ခဲ့တာ ၊ ခုလိုဆိုရင် ငါ ဟာ ခင်မေကြီး တို့ လောက် ချစ်စရာကောင်းလာတာပဲ ၊ ကဲ ... မျက်နှာတင် မပြီးသေးဘူး ။ လှတစ်မျက်နှာ ယဉ်တစ်ကိုယ် လုံးတဲ့ ၊ ဪ …ဒါထက် ဇာထဘီ ဒိုဘီ ပေးထားတာ ပြန်ရလေပြီလား ၊ အဲ ... အဲ ... ရပါပကော ၊ မနေ့ကပဲ ကု,လားမ လာပေး သွားပေါ့ပဲ ၊ ဒီကနေ နည်းနည်း ချမ်းတယ် ၊ ကတ္တီပါ လုံချည် ဝတ်ခဲ့မှပဲ ၊ ကောင်းပါဘူးလေ ၊ ကတ္တီပါလုံချည်က အသွေးညစ်ပုပ်ပုပ်နှင့် ငါ့ ဘန်ကောက် လုံချည် သနပ်ခါးသွေးကလေး ဝတ်မှပဲ ။ သူ့ မဝတ်တာလည်း ကြာသွားပေါ့ ၊ ကောင်းကောင်း တယ် ကောင်းတယ် ” ဟု တွေးတောရင်း လက်ကောက်များကို ဝတ်၏ ။ နောက် အစိမ်း ရောင် ရှင်မီးအင်္ကျီ ဝတ်မည် ပြင်၏ ။ သူ၏ မောက်ဖြိုး သော ကိုယ်လုံးကို ကြည့်ပြီး “ ငါ ရင်စည်း စည်းဦးမှ ထင်ပါရဲ့ ၊ စည်းတာ မကောင်းဘူး ထင်တယ် ။ ခုကာလ မိန်းမတွေ မစည်းကြပါဘူး ၊ မစည်းဘဲ သွားလိုက်တာ မက်လုံးတစ်မျိုးပဲ ” ဟု မိမိ ကိုယ်ကို ချော့လေ၏ ။

ရှစ်နာရီ အချိန်၌ စိန်လည်တုံ ကိုလည်း ဆင်ပြီး လေပြီ ၊ ဆွဲကြိုး အကုံးကုံး ကိုလည်း ဆင်ပြီးလေပြီ ၊ ကျော၌ သိုးချည်ပန်းပွားကလေးသည် တုန်လင်တုန်လင် နှင့် ကစား နေလေသည် ၊ ပါးလွှာသော မဟော်ဂနီ ရှံသားအင်္ကျီသည် ကိုယ်တွင်း ဇာဘော်လီနှင့် အသားများ ကို မူလ အတိုင်း သရုပ်ဖော် နေလေပြီ ။ သနပ်ခါးရောင် ဘန်ကောက်သည် လည်း ကြီးကားသော တင်ပါးကြီးများ ပေါ်တွင် လှိုင်းတအိအိ နှင့် ထနေလေပြီ ။

မထွေး သည် မှန် နှင့် တစ်တောင်ကွာ အရပ် မှ နေ၍ မိမိ ပုံပန်းကိုကြည့်၏ ။ ဘေးစောင်း ဟန် နေ၍ ဇာတ်တိုက် ပြန်၏ ။ နောက်ပြန် ဆုတ်ပြီး လေးတောင်ထွာ ကွာသော အရပ် မှ နေ၍ မှန် ကြည့်ရင်း ဇာတ်တိုက် ပြန်လေ၏ ။ “ ဟဲ ဟဲ …. တော်ပြီ ၊ ကျေနပ်ပြီ ၊ မိထွေးတဲ့ ဒင်းထက် ဖြင့် အတော်ပဲ သာပြီ ။ ဪ .. ငါ ဘာ ဖိနပ်ကို စီးရပါမလဲ ၊ ပိန်းတန်းဖိနပ် စီးရကောင်း မလား ။ အောင်မာ .. ကြည့်စမ်း ၊ မေ့နေလိုက်တာ ၊ လေဒီခင်ဖိနပ် တမြန်နေ့ ကပဲ ဝယ်လာ တာ ။ ဒီ ဖိနပ် ဟာ ခေတ်အဆန်ဆုံး ၊ အကောင်းဆုံး ၊ အလှဆုံး ၊ သုံးကျပ်တစ်မတ် တောင် ပးထားရ တာ ၊ ငါ့ ဟာ အတု မဟုတ်ဘူး ” ဟု လေဒီခင် ကို ဆန္ဒမဲ ပေးလိုက်ပြီး နောက် မှန်ကြီး ကို နှုတ်ဆက်၍ ထွက်ခဲ့၏ ။

နေမင်းသည် မိမိ ၏ ဗိမာန်ယာဉ်သာကြီးကို မောင်းနှင်လာရာ မြူမင်း လွင် ၊ ဆီးနှင်း စသော ရန်သူကလေးများသည် ရှောင်တိမ်း၍ ပေးကြရလေ၏ ။ လောကဓာတ်ကြီး တစ်ခုလုံး သည် နေဗိမာန်ကြီးကို လက်ခံ ကြိုဆိုနေခိုက် မထွေး သည် နေမင်းကို ထီးဖြင့် ကွယ်ကာ မမြင်ကျိုးကျွန် ပြုရင်း ဈေး ဆီသို့ လျှောက်ခဲ့လေ၏ ။

မထွေး သည် လမ်းလျှောက် ရင်း စိတ် အားလပ်နေ၏ ။ ရှေ့အရေး ဝတ်ဆင်ဖို့ အရေးကို တွေးတောဖို့ မလိုပြီ ၊ ဝတ်ပြီးဆင်ပြီး ဖြစ်၏ ။ ထိုတွင်မှ ယမန်နေ့က ဆိုင်နားနီးချင်း သန်းမေ နှင့် ရန်ဖြစ်ခဲ့ရသည် ကို ပြန်လှန် စဉ်းစားချိန် ရတော့၏ ။ သန်းမေ က ‘ ပုစွန်ခြောက်နှယ် ဆေးဆိုးတာ များ လိုက်တာ ’ ဟု ခပ်ကျယ်ကျယ် ပြော၏ ။ မိမိ က ‘ ဆားနှယ် ငန်နိုင်ရန်ကော ’ ဟု ငြူစူလိုက် လေ၏ ။ သန်းမေ က ချွဲဟပ်၍ ချောင်းဆိုး၏ ။ မိမိက ‘ ထွီခနဲ ’ တံတွေး ထွေးလိုက်လေ၏ ။

မထွေး ၏ စိတ်၌ ရန်လိုလား၏ ။ ၎င်းနောက် ရန်ပြို၏ ။ တစ်ဖန် ရန်ပိုလာပြန်၏ ။ သန်းမေ သည် မပြုမပြင်ဘဲ နှင့်ပင် ရုပ်ရည်ချောမွေ့လှပ၏ ။ ထို ဖြူဝင်းသောအသား ၊ ထို ငါးရံ့ကိုယ် ၊ ထို ကြည်လင်ဝိုင်းစက်သော မျက်လုံး ၊ ထို နှာတံများ သည် ယောက်ျားများ ကို စပါးကြီးညို့သကဲ့သို့ သူ့ ဆိုင်သို့ ခဏခဏ လာစေတော့၏ ။ ချိုသာရွှင်ပြုံးသော စကားလုံး များသည် မိန်းမဈေးဝယ်များ ကိုပင် ညှို့ခေါ်နိုင်ပေ၏ ။ သန်းမေ ဆိုင်တွင် လူ စည်သလောက် မထွေး ဆိုင်၌ လူပါးလေသည် ။ မထွေး ဆိုင် သို့ ဖျင်လွယ်အိတ်ကြီးများ ကို ထန်းပလပ်ထမ်းပိုး နှင့် ယူဆောင်လာသော တောသားကြီးများ သာ အလာ များလေသည် ။ မထွေး သည် ဈေးရောင်း လို၍ တောသားကြီးများ ကို ဆိုင်၌ လက်သင့်ခံ၏ ။ သို့သော် လူပျိုလူရွယ်ကလေးများ မိမိ ဆိုင် သို့ လာရန်ကိုသာ တမ်းတခဲ့၏ ။

မနေ့က သန်းမေ ဆိုင်သို့ အင်္ဂလိပ်ကျောင်းသားများလာ၍ ဈေးဝယ်၏ ။ အင်္ဂလိပ် ကျောင်းသားများ မှာ သန်းမေ ဆိုင်၌ စတည်းချ ပြီး အခြား လိုအပ်သော ဟင်းသီးဟင်းရွက် များကို ထမင်းချက်များ ကို အဝယ်လွှတ်ကြ၏ ။ မထွေး သည် ထူးထူးခြားခြား ဗလေဇာအကျား နှင့် အင်္ဂလိပ်ကျောင်းသား တစ်ဦး ကို မျက်စိ ကျခဲ့သည် ကိုပင် စဉ်းစားမိ၏ ။ မနေ့ က ‘ ငါ့ဘဆိုင်ပဲ လာ ထိုင်ပါတော့ ’ ဟူသော တောင့်တချက် သည် ယနေ့ ယခု လမ်းလျှောက်ဆဲ၌ပင် မထွေး ၏ နှလုံးသား တွင်း၌ တည်ရှိဆဲ ဖြစ်ပေ၏ ။

ဒေါက် ဒေါက် နှင့် လေဒီခင် ခွာ နှင့် ကတ္တရာစေးလမ်း ထိခိုက်သံသည် မထွေး ၏ တက်ခေါက်သံ အစား ဖြစ်ပေါ်နေဘိ သကဲ့သို့ ရှိတော့၏ ။ လေဒီခင်ဖိနပ် စီးမိ သဖြင့် မထွေး သည် လမ်းလျှောက်ရာ၌ ခါတိုင်း နှင့် လွန်စွာ ကွာခြားလေ၏ ။ လေဒီခင် ပြုပြင်ချက်ကြောင့် မြင်း ကျိုးကြီး လမ်းလျှောက် သလို ဘောက်ဆတ် ဘောက်ဆတ်နှင့် ခြေထော့ နေလေ၏ ။ “ သူတို့ က မိသန်း ကို ချောလှပြီ ထင်ပြီး မက်နေကြတော့ ငါက မဆင်မပြင်ဘဲ နေမိတော့ သူတို့ ထင်, ထင်စရာပေါ့ ၊ ကဲ .. ဒီနေ့တော့ ဘယ့်နှယ်ရှိစ ၊ ငါ က ဆင်ခဲ့ပြင်ခဲ့ရုံ မကဘူး ၊ သူ့ ထက် ပစ္စည်းချမ်းသာ ကြောင်းပြနိုင်အောင် စိန်တွေတောင် တိုးဝတ်ခဲ့သေးတယ် ” ( တောက်ဒေါက် - ဒက် - ဒေါက် ဒေါက် ။ လေဒီခင် က မြည်တွန် တောက်တီး နေသည် ။ “ ငါ မထွေး  အကြောင်း ပြလိုက်မယ် ၊ ဒီတစ်ခါ ရန် ထပ်ဖြစ်ရင် လည်း အတွယ်ပဲ ” ဟု ကြိမ်းဝါး၏ ။ )

မထွေး သည် သန်းမေ ကို အမြဲတမ်း ရန်လို၏ ။ ဆိုင်ဂုဏ်ပြိုင် ဖြစ်သည် သာမက ပစ္စည်းဂုဏ်ပြိုင် လည်း ဖြစ်လေသည် ။ သန်းမေ က ရုပ်ရည် အတွက် ပြိုင်ဘက် မဟုတ်ဟု မထွေး ကို ဝိုင်းပယ် ထားသော်လည်း မထွေး ကမူ သန်းမေ သည် အလှတွင် သူနှင့် ပြိုင်ဘက် ဟု အယူ ရှိပြီး မနာလို ရှိပေ၏ ။ ထို့ကြောင့် မနေ့က ဗလေဇာအကျား နှင့် ကျောင်းသား သန်းမေ တို့ ဆိုင်၌ ထိုင်သည် ကို မခံမရပ် နိုင်ဖြစ်ပြီး ဗလေဇာအကျား ပြန်သွားသောအခါ သန်းမေ ကို စောင်းမြောင်း၍ ဆဲ၏ ။ ထိုမှ ရန်ဖြစ်ကြလေသည် ။

မထွေး သည် မိမိ ပါးစပ်မှ ထွက်သွားသော တိုင်းလုံးထွာလုံးများကို ယခုတိုင် ကြား ယောင်ယောင် ရှိသေး၏ ။ “ ဟဲ့ မိန်းမရွှင်မ ” ဆိုသော စကားလုံးသည် သူတို့ အဖို့ အယဉ်ကျေး ဆုံး ထီးသုံးနန်းသုံးစကားများ ဖြစ်ခဲ့ပေ၏ ။

ဒေါက် ဒေါက် ဒေါက် ဒက် ဒစ်ခနဲ မြည်ကာ လေဒီခင်ခင် ၏ အသံသည် သူ့သခင်မ အတွက် စည်းဝါးသံ တစ်မျိုး မှတ်ထင်ရပေ၏ ။ “ ဒင်းမှာ ဘာရှိလို့လဲ ။ ဈေးဆိုင် ထွက်စ ကတည်း က ရှေ့ထိုး ၊ ခုလည်း ရှေ့ထိုးပဲ ၊ လုံချည် ဆိုလည်း ပိုးတွန့် ဖက်ဖူးရောင်တစ်ထည် ၊ ပိုးတွန် ပန်းရိုက်တစ်ထည် ၊ တမြန်မနေ့ က ဝတ်လာတဲ့ အင်းလုံချည် တစ်ထည် ၊ လပြည့်နေ့ က ဝတ်လာတဲ့ မန္တလေးလုံချည် တစ်ထည် ၊ ငါ မှတ်မိသလောက်ဖြင့် ဒါပဲရှိတယ် ။ ဟော ... ငါ က ဗန်ကောက် ဆယ့်ခြောက်ကျပ်တန်ကို ဝတ်ပြလိုက်တယ် ၊ ရှင်မီးအင်္ကျီချင်းတောင် မတူဘူး မှတ် လိုက်ပါ ” ဟု အမိန့်ပေးရင်း ခြေလှမ်း သွက်လာလေ၏ ။

ဈေးသို့ ရောက်သောအခါ သန်းမေ မှာ အခြေမပျက် ဈေးရောင်းလျက်ပင် ရှိလေပြီ ။ မထွေး ဆိုင်ကား ကူလီမောင်ချစ်တီး ခင်းပြီးခါစ ဖြစ်သေး၏ ။ ငါးရံ့ခြောက် ကို ပင် ဗန်းမပြရ သေးချေ ၊ မထွေး သည် ဆိုင်ပေါ် မတက်ခင် ဆိုင်ရှေ့ ၌ လမ်းလျှောက်၍ ပြလိုက်သေး၏ ။ သန်းမေ အပေါ်၌ ကြွားလိုက်ခြင်း ပင် ဖြစ်လေ၏ ။

လက်ပတ်နာရီ ကို ထောင်၍ ကြည့်လိုက်သော အခါ ကိုးနာရီခွဲနေပြီ ။ ဗလေဇာအကျား နှင့် ကျောင်းသား ယခုတိုင် မလာသေးချေ ။ ဈေးတစ်ဖက်စွန်း သို့ မျှော်၍ ကြည့်၏ ။ မလာသေး ၊ သက်ပြင်း ခဏခဏ ချလိုက်၏ ။ သီလရှင် တစ်ပါး လက်ဖက်ခြောက် နှင့် ဆေးဝယ်ရန် လာ သည်ကိုပင် မမြင်မိရှာချေ ။ သို့နှင့် မျှော်တော်ဆိုက် နေခိုက် ကျောင်းသား နှစ်ယောက် နှင့် ထမင်းချက်သည် သန်းမေ တို့ ဆိုင်သို့ ရောက်လာလေ၏ ။ “ ငါ့ ငနဲ မလာဘဲများ နေလေရော့ သလား ” ဟု တွေးတော ပူပန်မိ၏ ။ ပါ,မပါ ကိုယ်တိုင်သိချင်လှ၏ ။ သို့သော် မိန်းမတည်း ဟူသော သဘာဝက “ မယ်ထွေး ... မယ်ထွေး ညည်းနော် တော်တော်ကဲ ၊ သတိနှင့် လုပ်မှပေါ့ ၊ ဟန်လုပ်ရသေးတယ် အေရဲ့ ” သတိပေး နေလေသတည်း ။

ကံအားလျော်စွာ သန်းမေ ဆိုင်၌ သရက်ချဉ် မရှိသောကြောင့် မထွေး ဆိုင်သို့ ကျောင်းသား တစ်ယောက် လာလေ၏ ။

“ သရက်ချဉ် ပေးစမ်းပါ ခင်ဗျာ ” ဟု ပြောပြလျှင် -

“ ဘယ်လောက်သားလဲ ၊ ဒါထက် နေစမ်းပါဦး ၊ မနေ့က လိုက်လာတဲ့ ဗလေဇာအကျား နှင့် အသားဖြူဖြူလူကော မပါဘူးလား ” ဟု မေးလိုက်လေ၏ ။

“ မပါဘူးခင်ဗျား ၊ ကျွန်တော်တို့ ကျောင်းသားတွေ က တစ်နေ့ နှစ်ယောက် အလှည့် ကျလိုက်ရတယ် ခင်ဗျာ့ ” ဟူသော အဖြေ သည် ပိဿာလေးကြီး ဖြင့် ပေါက်လိုက်သကဲ့သို မထွေး နားတွင်း သို့ ဝင်လာလေ၏ ။ မထွေး သည် မှိုင်သွားလေ၏ ။ တစ်မနက်လုံး၏ ရွှင်လန်းချက်ကို တစ်မိနစ် အတွင်း ဖျက်ပစ် လိုက်သော စကားများ ဖြစ်ပေ၏ ။ မထွေး သည် ကျောင်းသား လိုသမျှသော သရက်ချဉ် ကို စိတ်မပါစွာ ရောင်းလေ၏ ။

ကျောင်းသား ပြန်သွား လျှင် ဒူးတုပ်၍ ဆိုင်နောက် သေတ္တာကြီး ကို မှီလျက်ထွေနေလေ၏ ။ မယား ရပ်ရွာသို့ ပြန်မည် ဟု အမြန် လာရာ ရထား မမီသော ရပ်ဝေးနေ လင်ကဲ့သို့ မထွေး သည် များစွာ ယူကျုံးမရ ဖြစ်ပေ၏ ။ ဤ ဆံထုံး ၊ ဤ သနပ်ခါး ၊ ဤ စိန်လည်တုံ ၊ ဤ လက်ကောက် ၊ ဤ ရှင်မီး ၊ ဤ ဘန်ကောက် ၊ ဤ လေဒီခင် တို့သည် ကန္တာရတောကြီး အလယ်၌ ခြောက်သွေ့ ပျက်စီးရသော ပန်းများနှင့် တူလေပြီ ။ မထွေး သည် ပေါင် တစ်ဖက်ကို ကွေး ၊ ဒူးဆစ် ပေါ် မေးတင်၍ မှိုင်တွေ၏ ။ လေဒီခင် ကို ကြည့်နေ လေ၏ ။

“ တောက် ... လွဲလေခြင်း နော် ၊ ရှင် ကလည်း ဘာလို့ အစက ဒီလို ပြောမထားသလဲ ၊ အို … ပြောရအောင် နင် နဲ့ လည်း သိတာမှတ်လို့ ၊ ရှင် လာမယ်ဆိုလို ဒီမှာဖြင့် မျှော်လိုက်ရ စောင့်လိုက် ရတာ ၊ မိန်းမ မှာတော့ မိန်းမကြိုက် မျှော်လိုက်ခါ ၊ ယောက်ျား မှာတော့ ယောက်ျားကြိုက် စိုက်စိုက်လာကိုး ရှင်ရဲ့ ၊ ရှင့် ကျောင်းကိုပဲ လိုက်ခဲ့ချင်ပါရဲ့ ၊ သို့ပေမဲ့ မတော်ပေဘူး ၊ ကဲ ... ရှေ့အပတ် ရှင် မြန်မြန် လာခဲ့ပါနော် ၊ ခုတော့ ဒီနေ့အတွက် အလကား ဖြစ်ပြီပေါ့ ၊ မဖြစ်သေး ဘူးလေ ဟိုကောင်မကို ငါ့ဥစ္စာတွေ ပြလိုက်ဦးမဟဲ့ ၊ ဒင့်ရှေ့ မော်လိုက်ဦးမယ် ”

ဆယ်နာရီခွဲမျှ ရှိသောအခါ မထွေး သည် ဆိုင်မှ ထလေ၏ ။ သန်းမေ တို့ ဆိုင်၏ အရှေ့ ဘက် ဆိုင်မှာ မထွေး ၏ မိတ်ဆွေ မတင်လှ တို့ ဆိုင်ဖြစ်၏ ။ မတင်လှ တို့ ဆိုင်သို့ အလည် သွား လိုက်ရလျှင် ငြီးငွေ့ နေသော စိတ်လည်း ပြေမည် ၊ မိသန်းမေ အပေါ်မှာလည်း ကြွားရလေမည် ၊ မိသန်းမေ အတင်း လည်း ပြောရလေမည် ဟု သဘောပေါက်ကာ မတင်လှ တို့ ဆိုင်သို့ လာခဲ့ လေ၏ ။ လေဒီခင် ကို ပိုမိုမြည်အောင် ပြင်းပြင်း လမ်းလျှောက်၏ ။ ရင်ကိုကော့၍ တင်ကို လည်း ခပ်ဆော့ဆော့ လျှောက်ခဲ့၏ ။ မျက်နှာ ကို လည်း မော့ထား၏ ။

မတင်လှတို့ ဆိုင်နှင့် မသန်းမေ တို့ ဆိုင်ကြား၌ ရေအိုးစင်ရှိ၏ ။ လက်ဆေးရေများသည် ရွှဲနေလေ၏ ။ မတင်လှ သည် မကြာခင်က သင်္ဘောသီး စားပြီး သင်္ဘောခွံ ကို ထိုအပေါ်မှာ ပစ်ထား၏ ။ ပစ်ထားသည် မှာလည်း အကြံ နှင့် ဖြစ်ပေ၏ ။ ငါးပိတန်းသို့ အပိုး လာကြသော ဆပ်ကျောင်းသား ( ရာဇဝတ်အုပ်ကျောင်းသား ) များကို ချော်လဲအောင် ထောင်ချောက် လုပ်ထား ခြင်းဖြစ်၏ ။ မထွေး လျှောက်လာခဲ့ရာ လေဒီခင် သည် သင်္ဘောခွံ ပေါ်သို့ တက်နင်းလေ၏ ။ သင်္ဘောခွံသည် ရှောခနဲ သမံတလင်းပေါ်တွင် ပြေး၏ ။ လေဒီခင် သည် သူ့ သခင်မ ၏ ခြေတစ်ဖက် ကို ယူဆောင်ကာ သင်္ဘောစီး သွားလေ၏ ။ မထွေး ဒိုင်းခနဲ လဲကျ သွားသောအခါ အော်မိ၏ ။ မသန်းမေ သည် တစ်ဖက်သို့ လှည့်ကာ တခစ်ခစ် ရယ်လေ၏ ။ မတင်လှ လည်း တဟားဟား ရယ်ပြီး မထွေး ထံသို့ လာလေ၏ ။ ရယ်ခြင်းကို ရပ်ပြီး မထွေး ကိုထူ၏ ။ မထွေး ကား အစ၌ ရယ် ၏ ။ နောက်၌ မျက်နှာက မဲ့၏ ။ ပါးစပ် က ရယ်ဟန် ဆောင်၏ ။ တစ်မျက်နှာလုံး အနီရောင် ဆိုး ထားသော ပါးနှင့် တစ်သွေးတည်း ဖြစ်သွားလေ၏ ။ မြွေပူရာ ကင်းမှောင့်ပြီ ဟု ဝမ်းနည်း၏ ။ လူတွေ ထဲ ချော်လဲရသည် ဟု ရှက် ၊ ဘန်ကောက် ရေရွှဲ ၊ တံတောင်ဆစ်ပြဲ ၊ ဆံထုံးဗလပွကြဲ သဖြင့် အလွန် မချမ်းမြေ့ ဖြစ်၏ ။ လေဒီခင်ကို စိတ်နာ၏ ။

“ မထွေး  နာသလား ” ပြုံး၍ မတင်လှ က မေး၏ ။

မထွေး သည် အဖြေ မပေးဘဲ စိုက်ကြည့်နေ၏ ။

“ မနာဘူးနော် ၊ မနာဘူး ဖွဟဲ့ ၊ ကျုပ် အစ်မကြီး က စွမ်းတယ် ။ ဥုံဖွ ချေးတုံးမတ်တတ်ထ ဖွ ” ဟု ရွတ်နေရာ မှ -

“ အို … မတင်လှ ကတော့ နေရာတကာ နောက် နေတာပဲ ” ဟု မထွေး သည် နှုတ်ခမ်း စူလျက် ပြော၏ ။

“ မဟာမြတ်မုနိ စူးရစေရဲ့ ၊ မနောက်ပါဘူးဗျ ၊ ဥုံဖွ ဒူဝေ ဒူဝေ ... ဩောင်း ဟုံဟုံ ၊ ကဲ ... ထ ” ဟု ပြောပြောဆိုဆို မတင်လှ သည် မထွေး ကို ချိုင်းကြားမှ ထူပြီး ဆိုင်သို့ ခေါ်သွား လေ၏ ။

“ အတည် မေးတာ ၊ မထွေး  နာသွားသလား ”

“ နာတာပေါ့ ၊ အားလုံး ရေရွှဲ ညစ်ပတ်ကုန်ပြီ ”

“ ဟုတ်ပါ့ကွယ် ၊ အချက်ထဲမှ အရှက်ကွဲလေတယ်နော် ။ ထူးထူးခြားခြား ဝတ်လာမှပဲ ခက်နေတာပဲ ” ဟု ညည်း၏ ။

“ ကဲ … မတင်လှ ၊ မြင်းရထား ခေါ်ချေ ။ ကျွန်မ အိမ် ပြန်ဦးမှပဲ ၊ သွားပြင်လိုက်ဦးမှ ဖြစ်မယ် ”

မထွေး သည် မြင်းရထား နှင့် အိမ် ပြန်လေ၏ ။ အိမ်ပေါ် ရောက်သည်နှင့် တစ်ပြိုင်နက် လေဒီခင် ကို ခြေ မှ ဆောင့် ချွတ် လိုက်ပြီး “ အလကား လေဒီခင် ၊ ငါ့ အရှက်ခွဲတဲ့ လေဒီခင် ။ သွား ... ငါ မစီးချင်ဘူး ၊ ခွေ းလေဒီခင် ” ဟု မောင်းမဲလေ၏ ။

နောက် မှန်ရှေ့ သို့ သွားလေ၏ ။ မှန်ထဲ တွင် ဆံပင် ဖိုးရိုးဖားရား ၊ သနပ်ခါး ကွက်တိ ကွက်ကျား ၊ နှုတ်ခမ်း မှာလည်း အနီရောင် မညီမညွတ် ၊ ဖြူဖပ်ဖြူရော် နေရာက တချို့ ၊ ပါး မှာလည်း တစ်ခြမ်း နီ၍ တစ်ခြမ်း ညို ၊ ပြန့်ပြူး လှပသော အင်္ကျီ မှာလည်း အိပ်ရာ ထဲ ဝတ်သော အင်္ကျီ ကဲ့သို့ ရှုံ့တွ ၊ ရေ ပေသည့် နေရာက ပေ ၊ အထဲက ဇာဘော်လီသည်လည်း လမ်းလွဲ နေသဖြင့် ဆိုင်ရာ ကို မဖုံးမိကြသောကြောင့် မထွေး သည် မိမွေးတိုင်း ဖမွေးတိုင်း မထွေး ဖြစ်၍နေ လေ၏ ။ သားသည်အမေနှင့်လည်း တူနေ၏ ။ မထွေး သည် သူ့ ရုပ် သူ ကြည့်ပြီး “ ဪ …. ငါ ပြုပြင် သမျှ ပျက်ပါပကော ၊ ငါ ချောသင့်သလောက် ချောပိုင်ခွင့် လှပိုင်ခွင့် ရှိသလောက် မလှတော့ ပါပဲကလားနော် ။ ဒင်းကို ငါ ဘယ်တော့သာရပါ့မလဲ” ဟု စိတ်ပျက်သွားလေ၏ ။ မှန် ကို ရွံရှာ ပြီး ခွဲခွာထားခဲ့၍ အိပ်ရာ ဆီသို့ လာခဲ့လေ၏ ။

ခဲလေသမျှ သဲရေကျ လေပြီ ၊ သဲကန္တာရ သည် သစ်ပင် ကင်းမဲ့ သဖြင့် ခြောက်သွေ့ငြီးငွေ့ ဖွယ် ကောင်းသကဲ့သို့ မထွေး အတွက် မျှော်လင့်ဖွယ် ကင်းသော လောကကြီး သည် ခြောက်သွေ့ ငြီးငွေ့ဖွယ် ကောင်းလှလေသည် ။

မထွေး သည် အိပ်ရာပေါ် သို့ ပစ်လှဲလိုက်၏ ။ ခေါင်းအုံး ပေါ်၌ မျက်နှာ မှောက်ပြီး ငိုနေလေသတည်း ။

☐ သိန်းနေနွယ်
📖 ဒီးဒုတ် သတင်းစာ
      အတွဲ - ၁၂ ၊ အမှတ် - ၁၈
      ၁၈ ဇန်နဝါရီ ၊ ၁၉၃၆

Tuesday, March 4, 2025

မေတ္တာဗေဒင် ဇာတ်လမ်းဆင်


 

❝ မေတ္တာဗေဒင် ဇာတ်လမ်းဆင် ❞
       ( အောင်လင်း )

ကျွန်တော် သည် အချစ် ပြဿနာပေါင်း များစွာ ကို ဖြေရှင်း ပေးခဲ့ဖူးသူ ဖြစ်သည် ။ ဤသို့ ရေး၍ ကိုယ်ရည်သွေးသည် ဟု မထင်ရန် ကြိုတင် တောင်းပန်ထားရပေမည် ။

အမှန်အတိုင်း ရေးသားခြင်း ဖြစ်သည် ။ ကျွန်တော် သည် အချစ် ပြဿနာပေါင်း များစွာ ကို ဖြေရှင်းပေးခဲ့ဖူးသူ ဖြစ်သည် ။ ပြေလည်အောင် လည်း ဖြေရှင်းပေးနိုင်ခဲ့သူ ဖြစ်သည် ။ သို့ ဖြေရှင်းရာ၌ ပြဿနာ အသေးအမွှား လည်း ပါ၏ ။ ကြီးကြီးမားမား လည်း ပါ၏ ။ ပြဿနာ ကို လိုက်၍ ဖြေရှင်းရာ၌ လည်း နည်းအမျိုးမျိုး ဖြင့် ဖြေရှင်းခဲ့ရသည် ။ လွယ်လွယ် နှင့် ဖြေရှင်း၍ ရသည်လည်း ရှိသည် ။ ခက်ခက် နှင့် ဖြေရှင်းရသည် လည်း ရှိသည် ။

တက္ကသိုလ် တွင် နေစဉ် က မူ အင်းလျားဆောင် ဘင်တန်ဆောင် တို့ ရှေ့တွင် တယော ကို ဆိုထိုး ထိုး ၍ ဖြေရှင်း ပေးခဲ့ရသည့် နည်းမျိုး လည်း သုံးခဲ့ရဖူးသည် ။ ကျွန်တော့် မိတ်ဆွေ တစ်ယောက် က အင်းလျားဆောင် မှ ကျောင်းသူ တစ်ယောက် ကို ပိုးပန်းသည် ။ မိန်းကလေး က မိတ်ဆွေ အနေဖြင့် ဆက်ဆံခြင်း ကို လက်ခံသော်လည်း ချစ်ရေး ကြိုက်ရေး ကိစ္စ ကို ကျောင်းနေစဉ်တွင် မစဉ်းစား ဟု ဆိုသည် ။ ဤသည်တွင် ကျွန်တော့် မိတ်ဆွေ မှာ အချစ်နာ ကျ၍ အသည်း အစိမ်း လိုက် ကွဲလေတော့၏ ။

သူ ၏ အချစ်နာကျပုံ ကို ကောင်မလေး သိစေလို၏ ။ သူ့ အား သနားစေချင်၏ ။ ဤအကြောင်း ကို စာ နှင့် ဖွဲ့နွဲ့၍ ရေးသည် ။ ဤသည်နှင့် လည်း အားမရ ၊ ညဉ့်သန်းခေါင်ယံ တွင် အင်းလျားဆောင် ရှေ့၌ သူ ၏ အသည်း အစိမ်းလိုက် ကွဲပုံ ကို ဂီတဖြင့် သီကျူးလိုသည် ။ သို့သော် ကျွန်တော့် မိတ်ဆွေ မှာ တီးလည်း မတီးတတ် ၊ ဆိုလည်း မဆိုတတ်ချေ ။ ထို့ကြောင့် သူ့ အစား ကျွန်တော် က အသည်းကွဲသော သီချင်းများ ကို ဆို၍ တီး၍ ပေးရသည် ။ မိန်းကလေး ကို သူ ကိုယ်တိုင် ဆိုလေဟန် ဖြင့် ကြိုတင် ပြောထားနှင့်လေသည် ။ သူ ပြောသည့် အတိုင်း လည်း မိန်းကလေး က ယုံသည် ။

ကျွန်တော့် ဂီတသံ ကို ကြားရ လျှင် ပြတင်းဝ မှ သို့မဟုတ် ဝရန်တာ မှ ထွက်ပြူ ရပ်ကာ နားထောင် တတ်၏ ။ ကျွန်တော့် မိတ်ဆွေ က သူ ဆိုလေဟန် အမူအရာ လုပ် ပြ ရသည် ။ ကျွန်တော် က သူ့ ဘေး မှ ကွယ်၍ မိန်းကလေး မမြင်အောင် ဆိုတီး တီး၍ ပေးရ သည် ။ နောက် မိန်းကလေး က သူ့ ကို သနားသည် ။ နောက် သူ့ အချစ် ကို လက်ခံသည် ။ ဤသို့သော နည်းမျိုးဖြင့် လည်း ဖြေရှင်း ပေးရသည် ။

အချို့ ပြဿနာများ ကို မူ စာရေး ပေးခြင်း ဖြင့် ဖြေရှင်း ပေးရသည် ။ ပြဿနာ ကို လိုက်၍ စာ ဘယ်နှစောင် နှင့် ကိစ္စပြီးရမည် ဟု လောင်းကြေး စားကြေး ဖြင့် ဖြေရှင်း ပေးရသည် ။

တချို့ကို မူ ကိုယ်တိုင် အောင်သွယ်ကောင်းကြီး လုပ်ကာ ဖြေရှင်း ပေးရသည် ။ တချို့ကိုမူ အသေးစိတ် အနေအထိုင် အသွားအလာ အပြောအဆို အဝတ်အစား မှ စ၍ အကြံပေး ညွှန်ကြားကာ ဖြေရှင်း ပေးရသည် ။ ခေါင်း မဖြီး နှင့် ၊ မိန်းကလေး နှင့် တစ်လ လောက် မတွေ့အောင် ရှောင်နေ ၊ အဝတ်အစား စုတ်စုတ်ပြတ်ပြတ် ဝတ် ၊ ရှိုး လုပ်သည့် အခါ လုပ် ၊ ကျောင်း မတက်ဘဲ နေ စသည်ဖြင့် အသေးစိတ် တာဝန် ယူကာ ဖြေရှင်း ပေးခဲ့ရသည် ။

ကျွန်တော် ဖြေရှင်းသမျှ အချစ်ပြဿနာများ သည် ပြေလည်ခဲ့သည် သာ များသည် ။ အောင်မြင်ခဲ့သည် သာ များသည် ။ သို့သော် ကျွန်တော် သည် ဤကိစ္စ ကို ကား မည်သူ့ ကို မျှ အသိ မပေးခဲ့ချေ ။ ပေး၍ လည်း မဖြစ် ။ ကာယကံရှင် မိန်းကလေးများ သည် ဤကိစ္စ ကို သိသွားလျှင် ကျေနပ်ချင် မှ ကျေနပ်ပေမည် ။ ယောက်ျား လုပ်သူ က လည်း အသိခံရဲမည် မဟုတ်ချေ ။ သူ့ အရှက် ကို ခွဲသည် ဟု ဆိုချင်ဆိုမည် ။ မိန်းကလေး က သူ့ အား အထင်သေးမည် ကို လည်း စိုးရိမ်ပေလိမ့်မည် ။

ထို့ကြောင့် အချစ်ပြဿနာ နှင့် ပတ်သက်၍ ကျွန်တော် သည် အသည်း အစိမ်း လိုက် ကွဲသောဒဏ် ကို ကုစားနိုင်သည့် ဒေါက်တာ ကောင်းကြီး လည်း ဟုတ်၏ ။ ပြဿနာ ကို အမှုသည် ကိုယ်စား ပြေလည်အောင် ဆောင်ရွက် ပေးသော ရှေ့နေ ကောင်းကြီး လည်း ဟုတ်၏ ။

အချစ်ရေး နှင့် ပတ်သက်၍ ရှေ့ ဖြစ်မည် ကို ကြိုတင် နိမိတ် ဖတ်နိုင်သော မေတ္တာ ဗေဒင်ဆရာကြီး လည်း ဟုတ်၏ ။

ဤကား စာရေးဆရာ မဖြစ်ခင် ကတည်း က ပင် ရရှိခဲ့သော ကျွန်တော့် ဘွဲ့ထူး ပင် ဖြစ်၏ ။

စာရေးဆရာ ဖြစ်မည် ယောင်ယောင် ရှိသောအခါ ကျွန်တော် သည် ဤ စွန့်ပစ် ထားသော အလုပ် ကို ပြန်၍ လုပ်ရလေတော့သည် ။ စာဖတ်သူများ ထံ မှ သူတို့ အချစ် ပြဿနာ ကို ဖြေရှင်းပေးရန် ၊ အသည်းအစိမ်းလိုက် ကွဲ နေသည် ကို ကုစားပေးရန် ၊ ရင် တွင်း ၌ တောက်လောင် နေသော အချစ်မီးကြီး ကို ငြှိမ်းသတ်ပေးရန် ထို ဇာတ်လမ်းများ ကို ပင် စာတစ်စောင် ဖွဲ့၍ ရေး ပေးရန် စာအမျိုးမျိုး ရောက်လာ၏ ။

ထို အထဲတွင် ရွှေညာသူ ‘ နွဲ့ ’ ဆိုသော အမျိုးသမီး တစ်ယောက် ထံ မှ စာတစ်စောင် ရောက် လာသည် ။ သူ့ အချစ် ပြဿနာ နှင့် ပတ်သက်၍ မည်သို့ ဖြေရှင်းရမည် ကို အကြံဉာဏ် တောင်းသော စာ ဖြစ်သည် ။ ထို စာ ကို ဖတ်ရသောအခါ ကျွန်တော် က မူလ ဝါသနာ ကို မစွန့်နိုင်ဘဲ အချစ်ရှေ့နေ ကောင်းကြီး ၊ မေတ္တာဗေဒင်ဆရာ ၊ အသည်းကွဲ ရောဂါကု ဒေါက်တာ အလုပ် ကို စေတနာ သန်သန် ဖြင့် လုပ်မိတော့သည် ။

ဤ ဝတ္ထု ဇာတ်လမ်း သည် ဤ စာ မှ ဖြစ်ပေါ်၍ လာလေသည် ။

•••••   •••••   •••••

ဆရာရှင့်

ကျွန်မ ရဲ့ ကိုယ်ရေး ကိုယ်တာ ပြဿနာ ကို ဆရာ့ အား ယုံကြည် ကိုးစားစွာ ဖြင့် တိုင်ပင်ပါရစေ ရှင့် ။ ဆရာ နှင့် လူချင်း ရင်းနှီးခင်မင်မှု မရှိပေမယ့် ဆရာ ၏ ဇာတ်ဝတ္ထုများ ကို ဖတ်ရှု နှစ်သက်ခဲ့ သဖြင့် ကျွန်မ ၏ အတွင်းရေး ကိစ္စများ ကို ခုလို တိုင်ပင်ရခြင်း ဖြစ်ပါတယ် ။

လွန်ခဲ့သော နှစ်နှစ် ခန့် က ကျွန်မ နှင့် ကိုမြင့်ဆွေ တို့ တစ်ယောက် နှင့် တစ် ယောက် ရင်းနှီးခင်မင် ချစ်ခင်ခဲ့ကြပါတယ် ။ ကိုမြင့်ဆွေ မှာ ကျွန်မ နှင့် တက္ကသိုလ် ဝင်တန်း တွင် အတူ နေခဲ့သူ ဖြစ်ပါတယ် ။ ကျွန် မနှင့် ကိုမြင့်ဆွေ ရဲ့ သတင်း ကို တစ်ကျောင်းလုံး က သိကြပါတယ် ။ တစ်မြို့လုံး က လည်း သိကြပါတယ် ။ ကြားဝင် ၍ ဖျက်သူများ လည်း ရှိပါတယ် ။ ဒါပေမဲ့ ကျွန်မ တို့ အချစ်ဟာ ဘယ်သူ ဖျက်လို့ မှ မရခဲ့ပါဘူး ။ ကိုမြင့်ဆွေ ရဲ့ မိဘများ မှာ လူကုံထံ အရာရှိပိုင်း မှ ဖြစ်ပါ တယ် ။

ဒါကြောင့် ကိုမြင့်ဆွေ နှင့် ကျွန်မ ကို သဘော မတူပါ ။ အမျိုးမျိုး ဖျက်ပါ တယ် ။ ဒါပေမဲ့ ကိုမြင့်ဆွေ က တော့ မိဘစကား ကို နား မဝင်ခဲ့ပါ ။ ဒီလိုနဲ့ အဆင် ပြေလာတဲ့ ကျွန်မတို့ အချစ်ရေး ဟာ ပညာရေး အတွက် တစ်ယောက် နဲ့ တစ်ယောက် ကွဲကွာခဲ့ပါတယ် ။ ကိုမြင့်ဆွေ နဲ့ ကျွန်မ နဲ့ အတူ စာမေးပွဲ ဖြေခဲ့ကြပေမယ့် ကိုမြင့်ဆွေ က နှစ်နှစ် ဖြေပြီး အောင်ခဲ့ပါတယ် ။ ကျွန်မ ကတော့ သုံးနှစ် အထိ ဝါဆို ခဲ့ပါတယ် ။ စာမေးပွဲ ဆိုတဲ့ တံတိုင်းကြီး ကြောင့် ကိုမြင့်ဆွေ နဲ့ ကျွန်မ ဟာ လူချင်း ဝေးကွာ ခဲ့ရသလို ကိုမြင့်ဆွေ ရဲ့ အချစ် ဟာ လည်း ကျွန်မ အပေါ် မှာ ပျက်ပြယ် စ ပြုလာ ပါတယ် ။

တက္ကသိုလ် ရောက် စ တော့ ကျွန်မ ဆီ ကို စာ မှန်မှန် ပေးပါသေးတယ် ။ နောက်ပိုင်းကျတော့ စာ လုံးလုံး မလာတော့ပါ ။ တက္ကသိုလ်ပျိုဖြူတွေ တွေ့ ပြီး ကျွန်မတို့ လို တောကျီးကန်းမတွေ ကို မေ့သွားတာ ဆိုတာ သိရလို့ ရင်နာမိပါ တယ် ။ ဒီ အချစ်ဝေဒနာ ကြောင့် ကျွန်မ လည်း ကျောင်းစာ နဲ့ တောင် ပေးရတဲ့အထိ ဖြစ်ရပါတယ် ။ အဲဒါ ကျွန်မ တို့ ပြဿနာ ကို ဘယ်လို ဖြေရှင်းရမလဲ ဆိုတာ အကြံ ပေးရန် တောင်းပန်ပါတယ် ဆရာ ။ ပြီးတော့လည်း တစ်ချုံကွယ် တစ်မယ်မေ့ တတ်တဲ့ ယောက်ျားတွေ မတည်ကြည်မှုကို အခြေပြုပြီး ဝတ္ထု တစ်ပုဒ်လောက် ရေးပေးပါ ဆရာ ။

    ဆရာ့ အကြံ ကို မျှော်လင့်နေသူ
  
      နွဲ့
      နံပါတ် .... ၊ .... လမ်း ၊
                         ....... မြို့

အထက်ပါ စာ ကို ဖတ်၍ ကျွန်တော် သည် တစ်ချက် ပြုံး လိုက်မိသည် ။ ဤ ပြဿနာ သည် ကျွန်တော့် အတွက် အလွန် သေးငယ်သော ပြဿနာ ဖြစ်၍လည်း ပြုံး လိုက်မိခြင်း ဖြစ်သည် ။

ဤ ပြဿနာ၏ အခြေခံ အကြောင်းရင်းများ ကို ရှာသော် အလွယ်တကူ တွေ့ ရှိ နိုင်၏ ။ ထို တွေ့ ရှိသော အကြောင်းရင်း မှာ လည်း အလွန် ရိုးသားလှ၏ ။

အချစ် ဆိုသည် ကား နီးစပ်မှု မှ ပေါက်ဖွားလာခြင်း အကြောင်း တစ်ရပ် ဖြစ်၏ ။ လူချင်း အနေ ဝေး၍ အချစ် လည်း ဝေးကွာခြင်း ဖြစ်သည် ။ ထိုသို့ ဝေးကွာနေသည့် အပြင် ပတ်ဝန်းကျင်သစ် နှင့် တွေ့သောအခါ အဟောင်း ကို မေ့တတ်ခြင်း မှာ လည်း ဓမ္မတာ တစ်ရပ်ပင် မဟုတ်လော ။

ဤသည် ကို သဘောပေါက်မိသော ကျွန်တော့် အတွက် ဤ ပြဿနာ သည် ဘာမျှ ခက်ခဲစရာ မလိုတော့ချေ ။ ထို့ကြောင့်လည်း ကျွန်တော် သည် မေတ္တာဗေဒင် ဟောစာတမ်း တစ်စောင် ရေး၍ နွဲ့ ဆိုသော အမျိုးသမီး ထံ ပေးပို့လိုက်သည် ။

မကြာမီ ပင် နွဲ့ ထံမှ ပြန်စာ ရခဲ့သည် ။ ထိုအခါတွင် ကား ထူးထူးထွေထွေ မပါလှချေ ။ စာ ရကြောင်း ၊ ကျေးဇူး အထူး တင်ကြောင်း ၊ ပေးသော အကြံအတိုင်း တစ်သဝေ မတိမ်း လိုက်နာမည် ဖြစ်ကြောင်းလောက်သာပါသည် ။

ဤသို့နှင့် တစ်နှစ် ကျော်မျှ ကြာခဲ့သည် ။ ထို ပြဿနာ ကို မေ့သလောက်ပင် ရှိလေသည် ။

တစ်နေ့တွင် နွဲ့ ထံမှ စာတစ်စောင် ရလေသည် ။ ထို စာ ကို ဖတ်လိုက်သည့် အခါ တွင် ကျွန်တော် ၏ ဗေဒင် မှန်ကြောင်းလည်း သိရသည် ။ ကျွန်တော် ဖြေရှင်းသည့် အတိုင်း ပြေလည်သွားသည် ကို သိရ၍ ဝမ်းမြောက် မိလေသည် ။

ဆရာ ရှင့်

      ကျွန်မ အခု ရန်ကုန်တက္ကသိုလ် မှာ ရောက်နေပါပြီ ။ အကြံဉာဏ် အတိုင်း တစ်သဝေမတိမ်း လိုက်နာခဲ့၍ အရာရာ အဆင်ပြေပါသည် ။ ကိုမြင့်ဆွေ ကို ဖွင့် ပြောပြလို့ တောင် ဆရာ့ ကို ကျေးဇူး တင်နေပါတယ် ။ ဒီနှစ် ကိုမြင့်ဆွေ ကျ၍ အလွန် စိတ်ပျက် နေပါတယ် ။ ကျွန်မ က ပင် သူ့ ကို စိတ်မပျက်ရန် အားပေးနေရပါသည် ။ နှစ်ယောက် အတူ အောင် လျှင် တစ်ယောက် ကို တစ်ယောက် စောင့်မနေ ရဘဲ အလုပ်အတူ လုပ်နိုင်တဲ့ အကြောင်း ပြောမိပါသေးတယ် ။

ခုတော့ ဆရာ နည်းပေးတဲ့ အတိုင်း တောကျီးကန်း လို မနေတော့ပါ ။ ရန်ကုန် သူများ လို ဥဒေါင်းတောင်များ တပ်ဆင် တတ်ပါပြီ ။ ကိုမြင့်ဆွေ က ပင် ကျွန်မ ကို ခေတ်မဆန်ဖို့ ၊ ဆိုမရှယ်ဖို့ ဆုံးမ နေရပါတယ် ။ ဘာပဲဖြစ်ဖြစ် လူ ဆိုတာ ပတ်ဝန်းကျင် အလိုက် နောက်မကျန်ရအောင် ပြောင်းလဲကြရတာပဲ မဟုတ်လား ဆရာ ။

     ဆရာ့ ကို ကျေးဇူး တင်လျက်
              
     နွဲ့
     ရန်ကုန်တက္ကသိုလ်

ကျွန်တော် သည် နွဲ့ ထံ မှ စာ ကို ဖတ်၍ တစ်ပိုင်း မှ ဝမ်းသာသော်လည်း တစ်ပိုင်း က မူ စိုးရိမ်မိသည် ။ မိန်းမများ သည် ယောက်ျား ချစ်အောင် နေတတ် ထိုင်တတ် ရသည် ။ ရိုးလွန်း လျှင် လည်း တချို့ ယောက်ျားများ ၏ မျက်စိ ထဲတွင် ဆွဲဆောင်ခြင်း ကင်းတတ် ၏ ။ ဤသဘော ကို ကျွန်တော် က နွဲ့ အား ပြောခဲ့မိသည် ။ ဤသည်ကို ပုံသေ ယူ၍ ခေတ် ရှေ့ လွန် လိုလျှင် ဒုက္ခရောက်မည် ကို စိုးမိသည် ။

ဤအဖြစ်အပျက် သည် လည်း ငါးနှစ် ပင် ကျော် ခဲ့လေပြီ ။ ကျွန်တော့် စိတ် ထဲတွင် ကား သတိပင် မရတော့ချေ ။

သို့သော် တစ်နေ့ တွင် ကျွန်တော် သည် မိတ်ဆွေ စစ်ဗိုလ်များ နေရာသို့ ရောက် သွားသည် ။ ထို ဝိုင်းတွင် ကျွန်တော် ၏ ဇာတ်လိုက်ကြီး ကိုမြင့်ဆွေ ကို တွေ့ရလေသည် ။

ကျွန်တော့် မိတ်ဆွေ က ဗိုလ်မြင့်ဆွေ နှင့် ကျွန်တော့် အား မိတ်ဆက် ပေး လိုက်သည် ။ ကျွန်တော် ၏ စိတ်တွင် သူ ၏ နာမည် ကို ကြားဖူးသလို ရှိနေသည် ။ စဉ်းစား၍ လည်း မပေါ် လာ ၊ အလိုက်သင့် သာ ပြုံး၍ နှုတ်ဆက်ရ လေသည် ။

ဗိုလ်မြင့်ဆွေ က မူ ကျွန်တော့် နာမည် ကို ကြားလျှင်ပင် ဝမ်းသာအားရ ရင်းနှီးစွာ နှုတ်ဆက်လိုက်သည် ။

“ ခင်ဗျား လား ၊ ခင်ဗျား ကို ကျွန်တော် ကောင်းကောင်း သိတာပေါ့ ၊ ကျွန်တော့် ကို တော့ ခင်ဗျား မှတ်မိမှာ မဟုတ်ဘူး ၊ နေဦး ရန်ကုန်တက္ကသိုလ် က အနွဲ့ ဆိုတာ ခင်ဗျား သိမှာပေါ့ ၊ ခင်ဗျား ဆီ မှာ အကြံဉာဏ်တွေ ဘာတွေ တောင်းဖူးသေးတယ်ဗျာ ”

သည်တော့မှ လည်း လွန်ခဲ့သော ငါးနှစ် ခန့်က အနွဲ့ ကို သတိရ မိတော့သည် ။ ဗိုလ်မြင့်ဆွေ နာမည်သည် လည်း အလိုလို သတိရ လာတော့သည် ။

“ ဟုတ်ကဲ့ သိပါတယ် ၊ ကျွန်တော် တောင် အနွဲ့ ကို တတ်သမျှ မှတ်သမျှ အကြံ ဉာဏ် ပေးခဲ့ပါသေးတယ် ”

“ ဟုတ်တယ်လေ အဲဒါပေါ့ဗျ ၊ အားလုံးကို သွက်သွက်လည် သွားတာပဲ ၊ အင်းလေ ခင်ဗျား အပြစ်တော့ မဟုတ်ပါဘူး ”

ဗိုလ်မြင့်ဆွေ ၏ စကား ကြောင့် ကျွန်တော့် မှာ ထိတ်လန့်တကြား ဖြစ်မိသည် ။ အချစ်ရေး နှင့် ပတ်သက်လာလျှင် ကျွန်တော့် ဗေဒင်သည် မှားခဲ့သည် မရှိ ၊ မှန်သည် သာ  များ၏ ။ ဤ မကြီးကျယ်သော ကိစ္စကလေး မှ မှားရမည် ဆိုလျှင် ရာဇဝင် ရိုင်းပေတော့မည် ။

“ ဗျာ ဘယ်လို သွက်သွက်လည်တာလဲ ”

“ ခင်ဗျား တွက်တာတော့ မှန်ပါတယ် ၊ အနွဲ့ ဟာ ရိုးလွန်း အ လွန်းတယ်ဗျာ ၊ ပြီးတော့လည်း ရန်ကုန်သူ ဆတ်ကော့လတ်ကော့ကလေးတွေ အသစ်အဆန်း ဖြစ်နေတဲ့ ကျွန်တော့် အနေနဲ့ အနွဲ့ ကို မေ့ချင် သလို ဖြစ်လာတယ်ဗျ ၊ အဲဒါ ခင်ဗျား အကြံဉာဏ် ပေးတဲ့ အတိုင်း အနွဲ့ က ပုံစံ ပြောင်းလိုက်တော့ တက္ကသိုလ် မှာ ကို အတောက်ပဆုံး ကြယ် တစ်ပွင့် ဖြစ်လာတာပေါ့ ၊ အဲဒီတော့ ကျွန်တော့် အနေနဲ့ က သူ့ အပေါ် ပြန်ပြီး စိတ်လည် လာရတာပေါ့ ၊ ဒါပေမဲ့ သူ ကတော့ မရဘူးဗျို့ ၊ ဗိုလ်ရူးတွေ နဲ့ တွဲပြီး ခေတ် ကို နှစ်ပြန် လောက် လွန်ထွက် သွားတာပဲဗျို့ ၊ ဒီအထဲ ကျွန်တော် က အင်တာ မှာ တဖုန်းဖုန်း ကျ ကောင်းကုန်း ၊ သူ့ အတွက် က လည်း စိတ်ညစ်တယ် ၊ နောက်တော့ လက်လျှော့ ရတာပဲ ”

“ ဟင် ဒါဖြင့် နောက်ဆုံးကျ ဘယ်လိုလဲ ၊ ခင်ဗျား နဲ့ အဆင်ပြေရဲ့လား ”

“ နောက်ဆုံးကျ ကျန်ရစ်ပေါ့ဗျာ ၊ ကပြားတစ်ကောင် နဲ့ ရသွားတာပေါ့ ”

ကျွန်တော့် စိတ် ထဲ တွင် ကား အရှက်ကြီး ရှက်မိတော့သည် ။ လူတတ်ကြီး လုပ်၍ ဇာတ်ဆင် ပေးလိုက်သည် မှာလည်း ဆင်သည့် အတိုင်း မဖြစ် ၊ ကျွန်တော် သည် ဗိုလ်မြင့်ဆွေ ၏ စကား ကို နားထောင်ရင်း ပြုံးရမလို မဲ့ရမလို ရှိတော့သည် ။

“ အေးဗျာ ၊ တစ်ခါတလေ ထင်တာနဲ့ ဖြစ်တာဟာ တခြားစီပဲ ၊ ကျွန်တော် မှားတာပဲ ”

“ ခင်ဗျား မမှားပါဘူး ၊ ကျွန်တော် မှားတာ ၊ ကျွန်တော် သူ့ ကို ပုံစံ ပြောင်းတာ လွန်သွားတယ် ”

“ ဗျာ ခင်ဗျား က ပုံစံပြောင်းတယ် ဟုတ်လား ၊ သူ က ပြောင်းတာ မဟုတ်ဘူးလား ”

ဗိုလ်မြင့်ဆွေ ၏ နောက်ဆုံး စကားသည် ကျွန်တော့် ခေါင်း တစ်ခုလုံး ကို ချာချာ လည် ၍ သွားစေတော့သည် ။

“ ကျွန်တော် ပြောင်းတာပေါ့ ၊ ခင်ဗျား ပေးတဲ့ အကြံ အတိုင်း သူ့ ကို ကျွန်တော့် အကြိုက် ခေတ်ဆန်ဆန် ပုံ ပြောင်းတာ လွန် သွားလို့ ဒုက္ခ ရောက်တာပေါ့ ၊ ခင်ဗျား နားရှုပ် သွားပြီ ထင်တယ် ၊ ရှင်းရှင်း ပြောမယ်ဗျာ ၊ ခင်ဗျား ဆီ ကို အကြံဉာဏ် တောင်းတာ က အနွဲ့ မဟုတ်ဘူး ၊ ကျွန်တော် ဗျ ၊ ကျွန်တော် ”

▢ အောင်လင်း
📖ဝတ္ထုတိုများ ပေါင်းချုပ်

Monday, March 3, 2025

မောင့် ကို ဘယ်သူမှ မချစ်ရဘူး



 

❝ မောင့် ကို ဘယ်သူမှ မချစ်ရဘူး ❞ 

“ အေး ကောင်းတယ် ” 

“ အမယ် ဦးနားဝေး ဒီတစ်ခါ တော့ ထောက်ခံချက်တွေ ဘာတွေ ပေးလို့ပါလား ”

“ ဟုတ်တာကို ပြောတာပါကွာ ”  

“ ဦးနားဝေး ကို ဆရာ တင်လိုက် ပြီ ဆရာ ၊ ကဲ လင်းစမ်းပါဦး ဆရာသမား ရယ် ”

“ ငါ မကြိုက်ဘူးကွ ”

“ ဟ ခင်ဗျား သူများ ယောက်ျား ကို သွားကြိုက်လို့ ဘယ်ရပါ့မလဲ ”  

“ ငါ မဟုတ်ဘူး ၊ ကြိုက်တဲ့ သူတွေ ရှိနေလို့ ”

“ ကဲ ဗျာ ဟောဒီ မှာ အဖန်ကလေး ” 

“ အဲဒီ အဖန်ကလေး ပဲကွ ၊ ဒုက္ခ ပေးသွားတာ ” 

ဤသို့ဖြင့် ကျွန်တော် နှင့် ဦးနားဝေး ၊

“ စကား အကောင်း ပြောဗျာ ”

“ ဘယ်တုံးကများ မကောင်းတာ ပြောဖူးလို့လဲ ကောင်ရာ ”  

အမှန်မှာ အေးကြည်မြင့် နှင့် မောင်ချက်ကြီး တို့ အကြောင်း က စ သွားခြင်း ဖြစ်ပါ၏ ။

ချက်ကြီး နဲ့ အေးကြည်မြင့် တို့ လင်မယား အရမ်း ချမ်းသာတာဗျာ ။

ဘယ်လို ချမ်းသာလာသလဲ ၊ ဘာတွေ လုပ်သလဲ မမေးနဲ့ ဗျာ ။

ငယ်ငယ်က အလွန် ဆင်းရဲတယ် ။ အခု အသက်လေး ဆယ်ကျော် မှာ အရမ်း ချမ်းသာ ၊ အရမ်း သူဌေး ဖြစ်သွားတယ် ၊ ဒါဆို တော်ပြီပေါ့ ။

ကဲ အဲသလို ချမ်းသာတဲ့ လင်မယား အဲသလို ချမ်းသာတဲ့ မိသားစု ၊ တိုက်နဲ့ ကားနဲ့ စိန်နားကပ်နဲ့ လုပ်ငန်းကြီးကြီးနဲ့ ။

အေးကြည်မြင့် ၊

အသား ဖြူဖြူဝင်းဝင်းကလေး ၊ ကိုယ်ခန္ဓာ အချိုးအစား က လည်း အချိုးအချိတ် ကျပါဘိသနဲ့ ။

အလှကုန်ပစ္စည်း ရောင်းသူ ဆိုတော့ သူနဲ့ က လိပ်ဆေး ပဲ ဗျာ့ ။

အေးကြည်မြင့် သာ ရုပ်ရှင် တွေ ဗီဒီယို တွေ ဝင် ရိုက်မယ် ဆိုရင် ၊

အမယ်လေးဗျာ ၊ အခု လက်ရှိ မင်းသမီးတွေ ‘ အောက် ’ သွားမှာ ခင်ဗျာ့ ၊ အဲသလောက် လှတဲ့ အေးကြည်မြင့် ။

ချက်ကြီး ကတော့ အလု ပ်ကတော့ ကောင်းပါရဲ့ ၊ အရပ်ပုပု ၊ အသား မည်း မည်း ၊ န ဖူး မောက်မောက် ဘယ်လိုမှ ကြည့်မကောင်းတဲ့ ရုပ်ရည်ပါဗျာ ။

ဒါပေမဲ့

“ ဟဲ့ အေးကြည်မြင့် နင် ဘယ်လို ဖြစ်လာတယ် ”

အမှန်ပဲ ခင်ဗျာ့ ၊ ပေါင်လောက် အထိ ရောက်နေသော အလွန် ကျက်သရေ ရှိတဲ့ ဆံပင်အရှည်ကြီး ကို ဖြတ်ပစ်ပြီး တွန့်လိမ် ကွေး ကောက် တွေ လုပ်ပစ်လိုက်တယ် ။

မိတ်ကပ်တွေ ထူထူပိန်းပိန်း လိမ်းပြီး ၊ နှုတ်ခမ်းနီတွေ ရဲ နေအောင် ဆိုးပစ်လိုက်တယ် ။

“ ခင်ဗျား မသိဘူးလား ”

“ ဟင့်အင်း ”

“ ညံ့ပါ့ဗျာ ၊ ဒါနဲ့များ သူ့ ကိုယ် သူ သတင်းထောက်တဲ့ ” 

“ ဟာ ငါ က စီးပွားရေးလိုင်းလေ ” 

“ အခုလဲ စီးပွားရေး က စတာပဲလေ ”

“ အင်း ပြောပါဦး ”

“ ချက်ကြီး ပါသွားလို့ ”

“ အို ဘယ်ကို ဖားကန့် ကို လား ”

“ ဟာဗျာ ခင်ဗျား ”

မှန်ပေ၏ ။ ချက်ကြီး ပါသွားလေပြီ ။ ငြိမယ့် ငြိ တော့လည်း မည်းမည်းပုပု သွား ခေါခေါ ကောင်မလေး ၊ အကြံအဖန်ကလေး ။

“ ချက်ကြီး က ကြိုက်တာလား ၊ ကောင်မလေး က ကြိုက်တာလား ”

“ နှစ်ယောက်လုံး ကြိုက်ကြတာ ”

ဇာတ်လမ်း က ဤနေရာ တွင် မရပ်ပါ ။

အတည် ယူလိုက်ကြပါ၏ ။

အိမ်နှစ်ဆောင် ၊ မီးနှစ်ပြောင် ဖြစ်သွားလေ၏ ။

ထိုမှ ငါးနှစ် ကြာသောအခါ

ချက် ကြီးး ကလေး လေးယောက် ရ ။

ပထမဇနီး နှင့် နှစ်ယောက် ။

ဒုတိယဇနီး နှင့် နှစ်ယောက် ။

ဇာတ်လမ်း က မပြီးသေးပါ ။

ချက်ကြီး နှင့် ကလေးနှစ်ယောက် ကို ထားခဲ့ပြီး လစ်သွားလေပြီ ။ နောက်ဇနီးကလေး ။

ထိုမှ ငါးနှစ် ကြာပြန်သော အခါ ။

ယနေ့ ။

အေးကြည်မြင့် ၊ ဆံပင်တွေ တစ်ခေါင်းလုံး ဖွေးဖွေးဖြူ နေလေပြီ ။ အလွန် လှ အလွန် ကျက်သရေ ရှိခဲ့သော အေးကြည်မြင့် မျောက်အိုမကြီး ကဲ့သို့ ( ဒါဆို မြင်လောက်ပြီ ) ။

ချက်ကြီး ။

ကားပျောက် မယားပျောက် ။

လမ်းပေါ် ရောက်နေလေပြီ ။

အရက်ကြမ်း တွေ သောက်လွန်း အားကြီးသဖြင့် မျက်နှာ က ညိုမည်း ဖောရောင် နေလေပြီ ။ ဖားပြုပ် အပုပ်ကြီး နှင့် တူပါဘိ ။

ဘာ စီးပွားရေး မှ မရှိတော့ပါ ။

ချက်ကြီး ။

အဖြစ်ကြီး ဖြစ်ကာ ဖြစ်လာပြီး မှ ၊

လူချမ်းသာကြီး ဖြစ်ပြီးခါ မှ ၊

သူဌေးကြီး ဖြစ်လာပြီး မှ ၊

အိမ်ထောင်ရေး မှာ တစ်ချက်ကလေး စည်း ဖောက်မိသော အခါ ၊

တစ်ချက်ကလေး စည်းဖောက်မိသော အခါ ၊

တစ်သက်လုံး ရင်ဆိုင်လိုက်ရတာ က စီးပွားပျက်ခြင်း ဆိုသော ဆိုးကျိုး ။

▢ မောင်ချမ်းသာ

📖 ကုမုဒြာ ဂျာနယ်
     ၃၀ ၊ စက်တင်ဘာလ ၂၀၀၅

အိမ်


 

❝ အိမ် ❞
( သင်းအောင်ပန် )

[ ၁ ]

မြေကွက်ပါ ... အိမ်ကလေး တစ်လုံး ... ။

ဒါမှမဟုတ် မြေကွက်ကလေး တစ်ကွက် မဝယ်မဖြစ် ဝယ်ဖို့ ဖြစ်လာပြီ ။ အိမ်မှာ ဒေါင်ကျကျ ပြားကျကျ နေလို့ရတယ်ထား ... ။ ခုဟာက အိမ်ထောင်ရက်သား ကျလို့ ဇနီးမယား ပါလာပြီဆို တော့ အိမ်ခွဲ နေကို နေရတော့မည် ။

သူ့ဘက် ကိုယ့်ဘက် နှစ်ဖက်စလုံး က ညီအစ်ကို မောင်နှမတွေ က များ ၊ နှစ်ဦးစလုံး ရဲ့ မိဘတွေ ပိုင်ဆိုင်ခဲ့တဲ့ အိမ်တွေ ကလည်း ခပ်ကျဉ်းကျဉ်း ၊ ဒီကြားထဲ သူရော ကိုယ်ရော မောင်နှမ တစ်တွေ ထဲမှာ အကြီးဆုံး အစ်ကိုကြီး ၊ အစ်မကြီးတွေ ဖြစ်သည့်တိုင် နောက်ဆုံး မှ အိမ်ထောင်ကျသူတွေ ဆိုတော့ အိမ်ထောင်သည် ညီတွေ ညီမတွေအပြင် ... တူတွေ ၊ တူမတွေ တစ်ပြုံ တစ်မကြားမှာ ... ဘယ်လိုမှ နေလို့မဖြစ် ။

“ ကိုအေးချစ် ရေ ... မြေကွက် တွေ့ ပြီတော့ ... ဒေါပုံမြို့သာယာရပ်ကွက်ထဲမှာ ကျောင်း က ဆရာမ တစ်ယောက် ဝယ်ထားတာ ။ ဝယ်တုန်း က သိပ်လိုချင်
လွန်းလို့ ဝယ်လိုက်တာတဲ့ ။ ခု အိမ် မဆောက်ဖြစ်ဘူး ။ တခြား တစ်နေရာမှာ ဆောက်ပြီးသား အိမ်ပါလေး တွေ့ လို့ ဝယ်ချင်တာနဲ့ ပြန် ရောင်းတာတဲ့ ။ သူ ဝယ်တဲ့ ဈေး အတိုင်း ပြန်ယူတဲ့ ။ ကျွန်မတို့ ရှိတဲ့ ငွေနဲ့ ကလည်း ကွက်တိပဲ ... ”

ဇနီးသည် ဘက်က အမွေ ရထားတဲ့ ငွေက လေးက ရှိနှင့်သည် ။ သူ့ မောင် တစ်ယောက်က သူ့ အမေ  ထားရစ်ခဲ့သော အိမ်ကလေး ကို မောင်နှမ တစ်တွေ တန်ဖိုးဖြတ် အမ်း လိုက်သောကြောင့် ဖြစ်သည် ။ အဲဒီ ငွေရပြီးမှ အိမ်ကလေး တစ်လုံး ဒါမှမဟုတ် မြေ ကွက်ကလေး တစ်ကွက် ဝယ်ဖို့ လိုက်ရှာကြသည် ။ စိတ် ကြိုက်မတွေ့  ၊ တွေ့ပြန်တော့ ငွေက မလိုက်နိုင် ... မမှီ မကမ်း ။ အမျိုးသမီး ကျောင်းနှင့် မနီးမဝေး ဖြစ်ဖို့ကို လည်း ထည့် တွက်ရသေးသည် ။

“ မြို့သာယာ လောက် နေရရင် သိပ်ကောင်းမှာပဲ ... ”

မြို့သာယာ ကို မကြာမကြာ အိပ်မက်တွေ မြင် မက်မိသည် ။ ဇနီးသည် ကလည်း ညည်းညည်း ပြခဲ့ဖူးသည် ။ မြို့သာယာ က အခြား ရပ်ကွက်တွေ ထက် ဈေး ပို မြင့်တော့ အနား မသီရဲ ၊ အိပ်မက် ထဲ မှာလည်း မဝံ့မရဲ ။

ဒေါပုံမြို့နယ် ရပ်ကွက်တွေ ထဲမှာ ... အဲဒီ မြို့သာယာ က ထူးထူးခြား ၊ တစ်ထီးတစ်နန်း ၊ ဒါလည်း မပြောနဲ့ ၊ မြို့သာယာက လူသန့်သည် ။ ရပ်ကွက် တည်ဆောက်ပုံ ကလည်း အကွက်အကွင်း ကျ ၊ အိမ်ကြီးအိမ်ကောင်း ၊ တိုက်ကြီးတိုက်ကောင်း ၊ တွေ ကလည်း ခန့်မှခန့် ၊ လှမှလှ ။ တကယ့် ဆိတ်ငြိမ် ရပ်ကွက်ကလေး ...  ။

အထူးသဖြင့် ... ရန်ကုန် တစ်ဖက်ကမ်း သာကေတတံတား ဆင်း တာနှင့် ရောက်ပြီ ။ လိုင်းပေါင်းစုံ ပြေး ကားလမ်းမကြီးနှင့် မနီးမဝေး မေးတင် ထားသော ရပ်ကွက်ကလေး ဖြစ်သည် ။

တကယ့် အရာရှိအရာခံ ၊ သင်္ဘောသား ၊ ကား ပွဲစား နှင့် လူကုံထံ အများစုတို့သာ နေထိုင်သော ရပ်ကွက်ကလေး ဖြစ်သည် ။ အမေ့အိမ် က ရန်ပြေထိ ပ်ဆို တော့ အမေနှင့် လည်း မနီးမဝေး .... ၊ ဘယ်လောက် အဆင်ပြေသလဲ ဆိုတာ ... ။

“ တို့မှာ ရှိတဲ့ငွေနဲ့ ဘယ် ဝယ်နိုင်ပါ့မလဲကွာ ”

“ လိုချင်တာတော့ လိုချင်တာပဲရှင် ... ”

ခု မြို့ သာယာမြေ ဆိုတော့ ယုံတောင်မယုံချင်မိ ။ မြေကလည်း ကားလမ်းမကြီး နောက်ခြမ်းထောင့် ကွက် ။ ပေ ၅ဝ ပေ အစိတ် ၊ တစ်ကွက်လုံး ။ မြေကွက် တည့်တည့် လူသွား ကတ္တရာလမ်းကလေး နံဘေးမှာ ခရေပင်တန်းကလေး က စီစီရီရီ ၊ မြေဝိုင်းခေါင်းရင်း ၊ ခြံစည်းရိုး ထောင့်နေရာလောက်မှာ တောင်ဆီးဖြူပင် ကလေး ရှိသည် ။ အဲဒီ အပင် နှင့် ခပ်လှမ်းလှမ်းမှာ ဇွန် ပန်းရုံကလေး က အုပ်အုပ်ဆိုင်းဆိုင်း ... ။

ခြေရင်းဘက် မှာတော့ အုန်းပင်ပျို သုံးပင်က တစ်ပင် နှင့် တစ်ပင် အကွာအဝေးညီညီ သွယ်တန်း လျက် ။ နောက်ဖေးဘက် ခြံထောင့် မှာတော့ သက်ရင်းကြီးပင်ကြီး က ထီးတည်း ။

အိမ် ဆောက်လျှင်တော့ အဲဒီ အုန်းပင်တွေကို အမြစ်လှန် ပစ်ရတော့မည် ။ အမွေ ရထားတဲ့ ငွေနှင့် အကိုက် ဖြစ်နေ သော်လည်း လွတ်သွားမည် စိုး၍ မျက်စိမှိတ် အရ ဝယ်ယူ လိုက်ဖြစ်သည် ။

[ ၂ ]

အိမ်ဆောက်မည် ဆိုတော့ လက် ထဲမှာ ငွေကျန် မရှိတော့ ... ။

ရှိသည့် ရွှေတိုရွှေစကလေး ထုတ်ရောင်းရ သည် ။ စက်ဆန်းသစ်ဆိုင် က တာဝန်ခံ သူငယ်ချင်း တစ်ဦး အကူအညီဖြင့် လေလံတင် နှစ်ပုံကို ဝင်ဆွဲရသည် ။ ပေရှည်သစ်တွေ ပါသလို ၊ ခြောက်ပတ်လည် တိုင်လို သစ်တွေလည်း ပါလို့ ကံကောင်းသည် ဆိုရမည် ။

ဇနီးသည် ကျောင်း က ကျောင်းသားမိဘတစ်ဦး က သစ်တွေကို ကား အကူအညီ ပေး တိုက်သယ်ပေး ရုံမက သူ့ အလုပ်သမားတွေ နှင့် အတင်အချ ဝိုင်းကူညီ ကြသေးသည် ။

အမေ့ အိမ်ရှေ့ မြေကွက်လပ်မှာ သစ်တွေ အပုံ လိုက် ရောက် လာပေမယ့် သစ်ခွဲစရိတ် ၊ အိမ်ဆောက် စရိတ် ၊ အမိုးအကာစရိတ် ၊ လက်သမားစရိတ် အတွက် လက်ထဲမှာ တစ်ပြားမှ မရှိတော့ ။

“ ဦးထွန်းအုံကြီး ဝါးဓနိဆိုင် မှာ အမိုးနဲ့အကာ အတွက် ဓနိနဲ့ထရံ ကို အရစ်ကျပေး စနစ်နဲ့ အမေ က အကြွေး ယူပေးမယ် သား ၊ ငါ့ သားက မပျက်မကွက် တော့ ပြန်ဆပ်ရမယ်နော် ”

အမေ့ကျေးဇူးကြောင့် အမိုးနှင့်အကာ အတွက် လည်း စိတ်အေးရပြီ ။ ဒါပေမဲ့ ကျန်တာတွေ အတွက် စိတ်လေး နေရတုန်း ။

“ ငါ့ တူ ဘာမှ စိတ်ပူ မနေနဲ့တော့ ကြီးကြီး လာပြီ ”

သည်ကိစ္စမှာ တောက ကြီးကြီး ဒေါ်မြခင် လည်း မနေနိုင်တော့ ။ ဘူးသီး ၊ ခရမ်းသီး ၊ ပဲသီး ၊ နံနံ ဟင်းရွက်စုံ ခြင်းကြားတောင်းကြီး ခေါင်းရွက် ၊ လက် ကလည်း အာပြဲခြောက် ၊ ဆတ်သားခြောက် ၊ ငါးပိကောင် ပါ လက်ဆွဲခြင်းကြီး ဆွဲလို့ ... ။

နောက်က ကပ်ပါလာတဲ့ သူ့ သားမက်နှစ်ယောက် က တစ်ယောက် ပခုံးမှာ ဆန်အိတ်ကြီး ထမ်း ဝင်လာတာ တွေ့လိုက်ရသည် ။ နောက် တစ်ယောက် က လက်ထဲ မှာတော့ ဆီပုံးတစ်ပုံး ကြိမ်ခြင်းကလေး ထဲထည့် အသင့်ဆွဲကိုင်လာတာ တွေ့ ရသည် ။

အဲဒီ သူ့ သားမက် နှစ်ယောက် နှင့် အတူ အမျိုးသားကြီး နှစ်ဦး ကို လည်း တွေ့မြင် လိုက်ရသည် ။ သူတို့ ကိုယ်စီ ကလည်း အထုပ်အပိုးတွေ ကိုယ်စီ နှင့် ။ တစ်ခု ထူးသည်မှာ သူတို့ လက် ထဲမှာ လက်သမားသုံး ကိရိယာ တန်ဆာပလာတွေ ဆွဲကိုင်လာခြင်းပင် ။

“ ဘာ ကြောင်ကြည့် နေတာလဲ လူလေးရဲ့ ၊ တူလေး အိမ်ဆောက်ဖို့ တောက လက်သမားတွေ ခေါ် လာတာ ။ ဒါ နင့် ဘကြီး မောင်ငသောင်း ရဲ့ တူတွေဟဲ့ ။ ငါ့တူ တစ်ပြားမှ ကုန်စရာ မလိုဘူး ။ လိုချင်တဲ့ ပုံစံသာ ပြော ။ သူတို့ အိမ်ဆောက်တုန်း စားဖို့ ဟောဒီမှာ ဟင်းချက်စရာတွေ အပြည့်တော့် .... ကဲ ဘာလိုသေးသလဲ ”

မောင်ငသောင်း ဆိုသည်မှာ ကြီးကြီး ရဲ့ အမျိုး သား ၊ ကျွန်တော့် ဘကြီးပင် ဖြစ်သည် ။ ဘကြီး က ရွာ ဆန်စက်မှာ အလုပ်သမားခေါင်း ဖြစ်သည် ။ အလုပ် မအားလို့ မလိုက်နိုင် ရှာသော်လည်း သူ့ တူ တော်စပ် သော ကိုတင်ဝင်း နှင့် ကိုရှိန် တို့ လက်သမား နှစ်ယောက် ကို ထည့်လိုက်သည် ။

အိမ် စရောက်တဲ့ နေ့မှာပင် ကြီးကြီး ကိုယ်တိုင် ရွာက ပါလာတဲ့ ဆန်ဖြင့် ထမင်းချက်သည် ။ ရွာမှ ပါလာ တဲ့ ဟင်းသီးဟင်းရွက်တွေ ကို ငါးနှင့် ရောမွှေပြီး ဟင်း ချက်သည် ။ တို့စရာ အမယ်စုံဖြင့် ငါးပိရည်မွှေးမွှေး လည်း ပါလိုက်သေးသည် ။ အားလုံးသည် ရွာ က သယ်လာသည်ချည်း ဖြစ်၍ ကြီးကြီး သည် နဂိုကတည်းက ဟင်းချက် အလွန်ကောင်းသူဖြစ်သော ကြောင့် အားလုံး စား ကောင်းကြသည် ။

မြေ ကို ပန္နက်ချ ၊ တိုင် မထူမီ အောက်ခြေ အရင် ရှင်းကြရသည် ။ ခြေရင်း အုန်းပင်သုံးပင် ကို ခုတ်ဖြတ် အမြစ်လှန် ကြရသည် ။ အမြစ်မျှင်မွှားတွေ ကြားမှာ နီရဲတွတ် နေသော ပုရွက်ဆိတ်အုံကြီး ကို တွေ့ရသည် ။ ယောက်ဖ လုပ်သူတွေ လက် နှင့် တစ်ကိုယ်လုံးမှာ ပုရွက်ဆိတ်တွေ ဝိုင်းအုံ ကိုက်ထားလိုက်သည်မှာ ရဲတွတ်ပြီး အသီးကြီးတွေ တောင် ဖြစ်နေသည် ။ ဒါပေမဲ့ သူတို့ နာလျက် ကြား က ရအောင် အမြစ် တူး ဖော်ကြရှာသည် ။

အမေ့အိမ် ရှေ့က သစ်တွေ ကို မြို့သာယာ သယ်မည် ဆိုတော့ ကားငှားစရိတ် မရှိ ။ လမ်း ထဲက လှည်းငှားပြီး ယောက်ဖတစ်တွေ အခေါက်ခေါက် အခါခါ သယ်ပို့ရသည် ။ ကိုရှိန် တို့ ကိုတင်ဝင်း တို့ လက်သမားတွေ လည်း မနေရရှာ ၊ ဝိုင်း ကူ ရရှာသည် ။ အမေ့အိမ် နှင့် က ကားတစ်မှတ်တိုင် သာ ကွာလှမ်းပေ မယ့် ဝန်နှင့် ဆိုတော့ အတော် တွန်းကြရသည် ။

ကြီးကြီးသည် အိမ်တိုင် ထူသည့် နေ့တွင် အစောကြီး ထပြီး မုန့်လုံးရေပေါ်တွေ လုံးတော့သည် ။ အုန်း ၊ ငှက်ပျော နှင့် အမွှေးနံ့သာ ၊ အောင်သပြေပန်း တွေ လည်း သွား ဝယ်လိုက်သေးသည် ။

“ အစောကြီး ရှိသေးတယ် ကြီးကြီး ရာ ။ ဘာလို့ အပင်ပန်းခံ ထ ရတာလဲဗျာ ”

“ ဟဲ့ လူလေးရဲ့ ဒီကနေ့ တိုင် ထူမှာလေ ။ မုန့်လုံးရေပေါ် မီအောင် လုံးရတယ် ။ အိမ်တိုင် ထူတာ မုန့်လုံးရေပေါ် နဲ့ ပသရတယ် ။ ဒါမှ လူလေးတို့ ပေါ်ပေါ် ထင်ထင် ပေါပေါများများ အလုံးလိုက် အခဲလိုက် ဝင်မှာ ”

အိမ်တိုင် ထူတော့ ကိုတင်ဝင်း နဲ့ ကိုရှိန် က တိုင် မှာ အမွှေးနံ့သာဖြန်း ... ၊ အုန်း ၊ ငှက်ပျော ၊ အောင်သပြေပန်းတွေ ဆွဲအပြီးမှာ ဝိုင်း ထူမတ်ကြသည် ။ အမေ နှင့် ကြီးကြီး က အုန်းသီးဖွေးဖွေး ၊ မုန့်လုံးရေပေါ် နှင့် ပသကြသည် ။ အရပ် သို့ လည်း ဝေသည် ။

အိမ် က ၉ ပေခန်းဖွင့် နှစ်ခန်း ဆိုတော့ ၁၈ ပေ ရှိသည် ။ နောက်ကို ၁၀ ပေ သုံးခန်း ဆိုတော့ ၃၀ ရှိသည် ။ ထိုနေ့မှာပင် လက်သမားဆရာတွေ ၏ ကျွမ်းကျင်မှု ၊ စေတနာ ၊ အနစ်နာ ၊ ဝီရိယ အားစိုက်မှု ကြောင့် ညနေ မိုးချုပ်သည် နှင့် တိုင်တွေ အကုန် ထူ ဖြစ်သွားသည် ။ ထုပ် ၊ လျောက် ၊ ဒိုင်း ၊ မြား ဆင်ပြီးသွားသည် ။

အိမ်လုံးကြီး တစ်ဆောင်လုံး ကို ၅ ရက်ခန့် နှင့် အပြီး ဆောက်နိုင်ကြသည် ။ ကျွန်တော့် ယောက်ဖများ ၏ အကူအညီ ကြောင့် လည်း ပါသည် ။

ကြီးကြီး က နေ့စဉ် ထမင်းဟင်း ချက်ကျွေး သည် ။ နေ့လယ်နေ့ခင်း စားဖို့ မုန့်လက်ကောက်ကြော် ၊ မုန့်ကြာခွက်ကြော် ၊ ဘရာကြော် ၊ လက်ဖက်သုပ် ၊ တစ် မျိုး မဟုတ် တစ်မျိုး ကို လည်း လုပ်ကျွေးတတ်သည် ။ ရေနွေး ကတော့ မပြတ် တည်တိုက်ရှာသည် ။ ထိုအခါ တိုင်း ထန်းလျက်ခဲလေး က ပါစမြဲ ။

အိမ် ပြီးသည့် နေ့တွင် ကိုတင်ဝင်း ၊ ကိုရှိန် နှင့် ကျွန်တော့် ယောက်ဖများ ကို ဘုရားစုံ လိုက်ပို့ ဖြစ်သည် ။ ရွှေတိဂုံ ၊ ဆူးလေ ၊ ဗိုလ်တထောင် ၊ ကျိုက္ကဆံ ၊ မယ်လမု ၊ ကမ္ဘာအေး ။

“ ကျေးဇူး တင်လိုက်တာ ကိုအေးချစ် ရာ ”

အိမ်တစ်လုံးလုံး ဆောက်ပေးသည့် အပြင် ကျေးဇူးတင်ပါသည် ဆို၍ ကျွန်တော် မနေတတ် ၊ တင် ချင်း တင် ကျွန်တော် က တင်ရမည့် သူ ။

“ ဟာ မဟုတ်တာဗျာ ၊ ကျွန်တော် က တင်ရမှာပါ ။ ဘုရား ပို့တာ ဘာ အပန်းကြီးတာ မှတ်လို့ ”

“ ဒီလို မဟုတ်သေးဘူးဗျ ၊ ကျွန်တော်တို့ က တော်ရုံတန်ရုံ မြို့ ရောက်ကြတာ မဟုတ်ဘူး ။ အကြောင်းကိစ္စ ရှိမှ ရောက်ကြရတာ ။ ဒါလည်း ကြုံခဲပါတယ် ။ ကိစ္စ ပြီးရင် ရွာ ပြန်ရော ၊ ဘုရား ကို တကူးတက ပို့ပေးမယ့် လူ မရှိလို့ ရန်ကုန် က ဘုရားတွေ ခုလို စုံအောင် မဖူးဖူးဘူး ။ အခု ကိုအေးချစ် ပို့လို့သာပေါ့ ။ ဒါ လက်သမားခ ထက်ကို တန်ဖိုးများသားလား ”

ဘယ်လို ပြောပြော သူတို့ ကျေးဇူး ၊ ကျွန်တော့် ကြီးတော် ကြီးကြီးဒေါ်မြခင် ကျေးဇူး ကြောင့် ကျွန်တော် တို့ မိသားစု ကိုယ့်အိုး ကိုယ့်အိမ် နှင့် အခြေကျကျ နေ နိုင်ချေပြီ ။

သို့သော် ... သူတို့ ပြန်သွားတော့ ကျွန်တော် ခုနစ်ရက်ခန့် ပန်းဖျား ဖျား ယူတော့သည် ။

[ ၃ ]

အိမ်ဆောက်ပြီး နှစ်နှစ်ခန့် အကြာမှာတော့ အိမ်ကြွေးကလေး ကြေ သွားသည် ။ နောက်ပိုင်း ရသည့် ငွေကလေး ဖဲ့စုပြီး တဖြည်းဖြည်းချင်း အိမ် ကို ပြုပြင် နိုင်ခဲ့သည် ။ နိုင်သရွေ့ အိမ်ရှေ့ အဆောင်ကလေး ကို ဓနိတွေ ခွာပြီး အမိုသွပ်ကလေး ပြောင်း မိုးသည် ။ နောက် နှစ်တွေမှာ တစ်အိမ်လုံး အမိုးသွပ်တွေ ပြည့် သွားတော့ ခေါင်းရင်း က ဝါးထရံ ကို ခွာပြီး ပျဉ်ကလေး ကာနိုင်သည် ။ နောက် တစ်နှစ်မှာ ခြေရင်းဘက် ပျဉ်ကာ ။

ရေချိုးခန်း ကို အင်္ဂတေလောင်း ၊ ကြွေပြားကပ် နိုင်ခဲ့သည့် အပြင် ကျန်ရှိသော နောက်ဘက် မြေတွင် ခု ဆိုလျှင် အုတ်ကာဆောင်ကလေး တစ်ဆောင်တောင် သပ်သပ် ထုတ်နိုင်ခဲ့သည် ။

တစ်စ တစ်စ ၊ ကြိုးစား စုဆောင်း ပြုပြင်မွမ်းမံ ခဲ့ရာ ယခုအခါ ကျွန်တော်တို့ အိမ်ကလေး က သွပ်မိုး ပျဉ်ကာ ၊ လျှာထိုးခင်း ၊ မီးဖိုခန်း ၊ ရေချိုးခန်း ဆိုလည်း အုတ်ပတ်ကား တက် ၊ ကြွေပြားရောင်စုံခင်း နှင့် အတော် ကလေး ခိုင်ခိုင်ခန့်ခန့် အဆင့်မြင့်မြင့် ဖြစ်လာသည် ။ ကျွန်တော့် အိမ်ကလေး မှာ သစ်သားတစ်ထပ် အိမ်ကလေး သာ ဖြစ်သည် ။ ရှေ့ ၅ ပေခန့် ကိုလည်း နောက်တိုးဆောင်တစ်ဆောင် ထုတ်နိုင်ခဲ့သည် ။ အဲဒီ အခန်း ကို အလုံ မပိတ် ။ ဝရန်တာ သဘောမျိုး ထား သည် ။ လက်ရမ်းကလေး မှာ နို့စိမ်းရောင် သင်္ဘောဆေးလေး သုတ်ခြယ်လိုက်သောအခါ အလွန်မှ နေချင့်စဖွယ် ကောင်းလှသည် ။

အဲဒီ ဝရန်တာ တစ်လျှောက်မှာ သစ်ခွအိုး ကလေးတွေ ချိတ်ဆွဲ ၊ တိုက်ပန်းအဝါရောင်ကလေး များကိုလည်း နွယ်တန်းကလေး လို ချိတ်ဆင်လိုက် သောအခါ ကြည့်မြင်သူ ငေးယူရ လောက်အောင် ကဗျာဆန်ဆန် လှ နေတော့သည် ။

အိမ် ဆိုတာ နေဖို့ သက်သက် မဟုတ် ၊ နှလုံးအိမ် သာယာချမ်းမြေ့စေဖို့လည်း လိုသည် ။ ကိုယ့် အိမ် ရဲ့ အရသာ တန်ဖိုးကို တခြား တစ်ရပ်တစ်ကျေး ရောက်
မှ ပို သိနားလည်နိုင်သည် ။ အိမ် သည် ကိုယ်စိတ်နှလုံး နားခိုရာ အစရှိသော အဆိုအမိန့်တွေ ထက် ကျွန်တော့် အိမ် က ပို၍ အဓိပ္ပာယ် နက်ရှိုင်း ကျယ်ဝန်း ပြည့်စုံနေသည် ဟု ထင်သည် ။

အိမ် မှာ ရေမီးစုံ နှင့် ၊ အမိုးအကာ ပြည့်ပြည့်စုံစုံ နှင့် ။ လေဝင်လေထွက် ပြတင်းပေါက်တွေ ကလည်း အများကြီး နှင့် ၊ ကျယ်ကျယ်ဝန်းဝန်း ပြန့်ပြန့်ပြူးပြူး အိမ်ကို လုံခြုံအောင် ကာရံထားသော စည်းရိုးကလေး ကလည်း သစ်သားတန်းကလေးတွေ တပြေးညီ အချိုးအစား ကျကျ ဝင်းခတ် ထားပြီးသား ။ ခြပိုး မစား နိုင်အောင် ရေနံချေးစိမ်းမြမြကလေး ကလည်း မိခင်နို့ ရည်ဝသော ကလေးငယ် လို စိုစိုပြေနှယ် ၊ အိမ်ရှေ့ မျက်နှာစာ က နို့စိမ်းရောင် မှာ အဖြူယှက် အလှခြယ်ကွက် ဖော်ထားသည် မှာ လည်း ပြုံးစစ အလှသွေးကြွယ်သည့် မြီးကောင်ပေါက် အပျိုဖျန်းမလေး မျက်နှာ လို အလှ ကြီး လှနေသည် ။

အေးချမ်းဆိတ်ငြိမ်ရပ်ကွက်ကလေး မှာ နေချင့်စဖွယ်အိမ်ကလေး တစ်လုံး ပိုင်ဆိုင်ခဲ့ခြင်းသည် ကျွန်တော်တို့ ဘဝအတွက် အထူး ကံကောင်းခြင်း လက်ဆောင် ဟု ပြောစမှတ်ပြု ခံရသည် ။ ကျွန်တော်တို့ ဇနီးမောင်နှံ ဒါအတွက် လောက အလယ် လက်မ ထောင် ရင်ကော့ နေနိုင်ခဲ့သည် ။ ကျွန်တော့် အိမ်ကလေး ကို ကျွန်တော် ကိုယ်တိုင် ခြယ်မှုန်းခဲ့ခြင်း အကြောင်း တရားကြောင့် အကျေနပ်ကြီး ကျေနပ်ခဲ့သည် ။ ဘယ် လိုပင် ဖြစ်ဖြစ် ..

[ ၄ ]

သမီး နှင့် သား ကို အဲဒီ အိမ်ကလေး မှာပဲ မွေးဖွား သန့်စင်ခဲ့သည် ။ သားငယ် ၅ နှစ်သား ခန့် အရောက် မှာတော့ ကျွန်တော်တို့ အလွန် မက်မောတွယ် တာခဲ့သော အဲဒီ အိမ်ကလေး ကို ရောင်းမှ ဖြစ်မည့် အကြောင်း ဖန်လာသည် ။

ကျွန်တော့် အလုပ်မှာ ပစ္စည်း တစ်ခု ရောင်းမှား ဝယ်မှား ဖြစ်ပြီး အမှု ဖြစ်ခဲ့သည် ။ ပစ္စည်း က သိန်း ၄ - ၅၀ တန် ဖြစ်၍ ခိုးရာပါ ဝယ်ယူလိုက်မိခြင်း ကြောင့်ပင် ။ ထို အမှု နှင့် ဇနီးသည် မသက်တင် လက်ဝတ်လက်စား တွေ လည်း ကုန် ၊ တီဗွီ ၊ အောက်စက် ၊ ကက်ဆက် ၊ ရေခဲ သေတ္တာ ၊ အဝတ်လျှော်စက် ပါ မကျန် ရသရွေ့နှင့် ရောင်းချ ထိုးဆပ် လိုက်ရသည် ။ နို့ လူပါ ထောင်တန်း ဝင်ရမည့်ကိန်း ။

အမှု ပြီးလို့ အလုပ် အဆင် မပြေသည့် အချိန်တွင် ရှိတာ ထိုင်စားနှင့် ကျန်တာတွေလည်း လုံးပါး ပါးခဲ့ရသည် ။ ဒီမှာ ...

အစ်ကို တစ်မျိုး ၊ သူငယ်ချင်း လို တစ်သွယ် ခင်မင်ရသော ကျောင်းတုန်းက သူငယ်ချင်း အစ်ကိုဝင်းဆောင် နှင့် တွေ့ရခြင်းသည် ဘဝ တစ်ဆစ်ချိုး အတွက် အားတက်ဝမ်းမြောက်စရာ ဖြစ်ရသည် ။

“ မပူနဲ့ သူငယ်ချင်း ၊ ငါ့ အလုပ် ထဲမှာ ရှယ်ယာ ဝင်လိုက် ၊ မင်း မိသားစု စားဝတ်နေရေး အတွက် ရင်အေးစေရမယ် ”

အစ်ကိုဝင်းဆောင် က မြောက်ဒဂုံစက်မှုဇုန် မှာ သူ့ အလုပ်ရုံ ရှိသည် ။ သူ ကိုယ်တိုင်က တွင်ခုံဖောက်ခုံ ဆရာကြီး တစ်ဦးဖြစ်သည် ။ အဲဒီ အလုပ်ရုံကို သူ ကိုယ်တိုင် ဦးစီးဦးဆောင်ခြင်းဖြစ်သည် ။ စက်ရုံ နှင့် စက်ခုံ တွေ ကိုရော သူ ပိုင်တွေချည်း ဖြစ်သည် ။ ခု သူ လုပ်ငန်း တစ်ခု တိုးချဲ့ပြီး လုပ်သည် ။ ထို လုပ်ငန်း က အလွန် အောင်မြင်နေသည် ။ တိုက်တာ အဆောက်အအုံ ၊ သာသနိက အဆောက်အအုံ ၊ ဟိုတယ် ၊ မိုတယ် နှင့် အခြား အသုံး လိုသော အဆောက် အအုံများ၏ အုတ်ဝင်းထရံဘောင်ထိပ် တွင် တပ်ဆင် သော မီးအုပ်ဆောင်းလုပ်ငန်း ဖြစ်သည် ။ ဒီဇိုင်းမျိုးစုံ ၊ အရွယ်အစားမျိုးစုံ ၊ အရောင်အသွေးစုံကို သူ့စက်ရုံ မှာ မှာယူနိုင်သည် ။

“ မှာယူတင်သွင်းထားတဲ့ အော်ဒါလက်ခံ စာရင်း ဒီမှာကြည့် ”

အလုံးရေပေါင်း ထောင်နှင့် သောင်းနှင့် ချီ ရထားပြီးပြီ ။ ကျွမ်းကျင် အလုပ်သမားတွေ လည်း ခန့်ထား ပြီးပြီ ။

“ ငါ့ မှာ မင်း လိုပဲ ရှယ်ယာဝင် ( ၅ ) ဦး ရှိတယ် ။ သူတို့ ကိုယ်တိုင် ဈေးကွက်ရှာ ၊ သူတို့ ကိုယ်တိုင် ဖြန့်ချိ ၊ သူတို့ ကိုယ်တိုင် အလုပ်သမားကြီးကြပ် ၊ တာဝန်ခွဲဝေ ထားတာ ။ မင်း လည်း တစ်နေရာ ဝင်လုပ်ကွာ ၊ လစာ သပ်သပ် ရမယ် ”

“ ကျွန်တော့် မှာ ရှယ်ယာ ဝင်စရာ ငွေမှ မရှိတာ အစ်ကို ရ ”

“ ဟ .. အိမ်ရောင်းပေါ့ကွ ၊ မင်းတို့ လောလောဆယ် နေဖို့ ဟောဟိုမှာ တွေ့လား ။ တစ်ထပ်တိုက် အိမ်ကလေး ။ အဲဒါ ငါတို့ မိသားစုနေဖို့ ဆောက်ထား တာ ၊ ခု နေတဲ့ ဗဟန်းတိုက်ကြီး က အမွေဆိုင်မို့လားကွ ။ ငါ့ ညီတွေ ညီမတွေ က ရောင်းချင်ပါတယ် ဆို ခုချက် ချင်း ဆင်းပေးရမှာ ။ ဒါပေမဲ့ အားလုံးက အဆင်ပြေ နေတော့ ဘိုးဘွားပိုင်တိုက်ကြီး ကို ဘယ်သူ့ လက်ထဲမှ အထည့် မခံနိုင်ဘူး ဆိုပြီး ဒီအတိုင်း နေကြတာ ။ ခုတော့ ဒီ တိုက်ကလေး က အလကား ဖြစ်နေတာကွ ။ မင်းတို့ မိသားစု တက် နေရုံပဲ ”

သည်လိုနှင့် ကျွန်တော် သည် အိမ်ကလေး ကို ရောင်းဖို့ ဆုံးဖြတ်မိသည် ။

[ ၅ ]

ကျွန်တော် သည် နှစ်ပေခွဲ ၊ တစ်ပေခွဲခန့်ရှိ ပြောင်သွပ် ကို သစ်သားဘောင် ကွပ်သည် ။ သစ်သား ဘောင် အနားသပ် ကို ဆေးဖြူသုတ် ၊ သွပ်ပြား ကိုတော့ မိုးပြာရောင် သင်္ဘောဆေးလေး ခြယ်သည် ။ “ အိမ် ရောင်းမည် ” ဆိုသော ဝိုင်းဝိုင်းစက်စက် စာလုံးဖြူ ကို တော့ ကျွန်တော် ကိုယ်တိုင် စိတ်ကြိုက် သေသေသပ်သပ် ရေးခြယ်လိုက်သည် ။

ထို စာ ဆိုင်ဘုတ်ကလေး အိမ်ရှေ့ မျက်နှာစာ မှာ ချိတ်ဆွဲ ပြီးချိန်မှာ အလုပ် တစ်ခု ပြီးပြည့်စုံ သွား သလို ဝယ်ယူမည့်သူ အလာကို စောင့်ဆိုင်းရင်း အိမ်ကလေး ကို နှမြောတသစွာ ကြည့်မိသည် ။ ရင်မှာတော့ မထားပစ်ရက်ခဲ့ ။

ကြီးကြီး မသေမီက ဟင်းချက်စရာတွေ ခေါင်းပေါ် ရွက်လာပြီး လက်သမားတွေ ကို ချက်ပြုတ်ကျွေး ဆောက်ခဲ့တဲ့ အိမ် ။ ယောက်ဖ နှစ်ယောက် တစ်ကိုယ်လုံး ပုရွက်ဆိတ်တွေ ဝိုင်းအုံ အကိုက်ခံ ဆောက်လုပ် ခဲ့ရတဲ့ အိမ် ။ ကျားကုတ်ကျားခဲ အံတင်း ဆောက်လုပ် ခဲ့ရတဲ့ အိမ် ။ ခုတော့ သူတစ်ပါး လက် ဝကွက် ထိုးအပ် ခဲ့ရတော့ပေမည် ။

“ အေးလေ ... အိမ်ကလေး ထားခဲ့ရမှာ စိတ်မကောင်း လိုက်တာ ”

အိမ်ကလေး ကို အခိုင်အခန့် အကျအန ဆောက်လုပ်ပြီး မှ ထားခဲ့ရမည် ဆိုတော့ ဇနီး လုပ်သူ ကလည်း စိတ် မကောင်း ။ သည်လို ရပ်ကွက်မျိုး တစ်သက် ပြန်နေရဖို့ ဆိုတာလည်း လွယ်ချင် မှ လွယ်တော့ မည် ။ ရပ်ကွက်ကလေး က တကယ့် အေးအေးချမ်းချမ်း ၊ လူရှုပ်လူပွေ မရှိ ။ သူခိုးဂျပိုး မရှိ ၊ လူလိမ်လူကောက် မရှိ ၊ မူးယစ်ဆိုးသွမ်းသူ မရှိ ။ အဆင့်မြင့်မြင့် အထက်တန်းကျကျ နေထိုင်သူတွေ သာ ရှိသည် ။

“ တစ်ချိန် မှာ တော့ ပြန် ဝယ်ကြတာပေါ့ကွာ ။ အိမ် ရောင်းလို့ရတဲ့ ရှယ်ယာ ဆိုတာ က လည်း ပျောက်ပျက် သွားတာမှ မဟုတ်တာ ”

သည်လို နှင့် အိမ် ရောင်းဖြစ် သွားတော့သည် ။

[ ၆ ]

တကယ်တမ်း ရောင်းကြတော့လည်း ...

ဝယ်ယူမည့် အမျိုးသမီး က အိမ်ရှေ့တံခါးမကြီး အပေါက်ဝ မှ အိမ်နောက်ဘက် အထိ လျှောက် ဟိုကြည့် ၊ သည်ကြည့် ကြည့် ။ အိမ် နောက်ပေါက် တံခါးဝ အရောက် မှာ ...

“ ဘယ်လောက်လဲ ”

“ ၁၆၀ ... ”

“ မလျှော့ဘူးလား ”

“ ကျွန်တော် ပို မဆိုထားတော့ မလျှော့နိုင်တော့ဘူးဗျာ ”

“ မီတာ ပါလား ”

“ မီတာပါ ၊ ရေမော်တာပါ ၊ ဒီမှာ အဆင့်သင့် ”

“ ငွေ ချေတာနဲ့ ဆင်းပေးနိုင်လား ”

“ နေစရာ အဆင်သင့်ပဲ ”

“ ကျွန်မ နဲ့ အတူ စရန်ငွေ လိုက်ယူပါ ။ ကျွန်မ ဟိုဘက် ရပ်ကွက် မှာ နေပါတယ် ”

“ အမျိုးသား နဲ့ မတိုင်ပင်တော့ဘူးလား ”

“ ခု သူ မရှိဘူး ၊ သင်္ဘော တက်သွားတယ် ။ နောက်မှ ဖုန်း ဆက်လိုက်မယ် ”

ဟောဗျာ ... အိမ် တစ်လုံးလုံး အရောင်းအဝယ် လုပ်တာ ဟင်းရွက်ကန်စွန်း ရောင်းတာထက် တောင် လွယ်နေသေးတော့သည် ။ ဝယ်သူ က ထိုင် တောင် မထိုင် ။ အိမ်နောက်ပေါက်ဝ မှာ မတ်တတ် အနေအထား စကား ပြောကြရင်း အရောင်းအဝယ် လုပ်ဖြစ်သွားကြသည် ။ ကျွန်တော် ခေါ်သည့် ဈေး က နည်းများ နည်းသွားသလား လို့ တောင် သံသယဖြစ်မိ သည် ။ ဒီကိစ္စ လာ နောက်ပြောင်စရာလည်း မဟုတ် တော့ ယုံရတော့မည် ။

“ ကျွန်မ စရန် တကယ် ချမှာ လိုက်ခဲ့ပေးပါ ”

နောက်မှ ကျွန်တော် သိရသည် ။ ထို အမျိုးသမီး သည် ဘိုးတော် နှင့် ပဋ္ဌာန်းဆက် ဆိုတာတွေကို အယုံအကြည် ရှိသည် ။ သူမ အိပ်မက် ထဲက ဘိုးတော် တစ်ပါး က ပြတင်းပေါက်တွေ ကို လေးထောင့်သံဆန် ခါကွက်ကလေးတွေ ကို စိမ်းပြာရောင် ဆေးသုတ်ခြယ် ထားတဲ့ အိမ်ကလေး တစ်လုံး ကို လက်ညှိုးထိုး ပြပြီး “ အဲဒီ အိမ် ဝယ်လိုက် ၊ ဝယ်လိုက် ” ဟု နှုတ် က မိန့်မှာ သွားကြောင်း ။ ခု ဘိုးတော် ညွှန်ပြသော အိမ်သည် ကျွန်တော့် အိမ် ဖြစ်နေကြောင်း သိရပြီး ဈေး မဆစ်ဘဲ ဝယ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည် ။

ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော် ရောင်းရဖို့ သာ အဓိက ဖြစ်သည် ။ သည်လိုနှင့် ငွေ အပြီး ချေမည့်နေ့ မနက် တွင် ထို အမျိုးသမီးနှင့် အတူ အမျိုးသား တစ်ဦး လည်း အတူ ပါလာသည် ။

“ ဒီကနေ့ မနက်ပိုင်း ကျွန်မ မအားဘူး ။ ဒါ ကျွန်မတို့ ဌာနက ဌာနခွဲစာရေးကြီး ဦးသော်တာဝင်း ဆိုတာပါပဲ ။ စာချုပ် နဲ့ စာရွက်စာတမ်း ကိစ္စ သူ လိုက်ပါ ဆောင်ရွက်လိမ့်မယ် ။ ဒီည ခုနစ်နာရီ မှာ ပတ်ကား စာချုပ် ချုပ်ဆိုပြီး ငွေအကြေ ချေကြတာပေါ့ ။ ကျွန်မ တို့ အမီ လိုက်လာခဲ့ပါမယ် ”

မဟာဗန္ဓုလပန်းခြံလမ်း မှာ ကျွန်တော့် သူငယ်ချင်း ရှေ့နေ ကိုမြစိုး ရှိသည် ။ သူ့ အကူအညီ အကြံဉာဏ် ဖြင့် စာ ချုပ်နိုင်ရန် စာစီကြသည်လေ ...။

“ ဝေါ ... ဝေါ ... ”

“ ဟာ ... မီးသတ်ကားတွေ မနည်းပါလား ၊ ဘယ်မှာတဲ့လဲ ”

“ ဒေါပုံ ဆိုလား ၊ သာကေတ ဆိုလား ”

“ ဗျာ ... ဒေါပုံ ၊ သာကေတ ဟုတ်လား ”

ကျွန်တော် ရရာ တက္ကစီ အပြေး ငှားပြီး အမြန် နှုန်းတင် မောင်းခိုင်း မိသည် ။ ကား က ထင်သလောက် ခရီး မပေါက် ။ လမ်းတစ်လျှောက် မီးပွိုင့် က မီးနီ နှင့် တိုးတော့ စိတ်မရှည်ချင် ။ နောက်ပြီး တဝေါဝေါ ပြေး နေသော မီးသတ်ယာဉ် ။ တရှီးရှီး တဝီဝီ ပြေးနေသော လုံခြုံရေးတပ်ဖွဲ့ယာဉ် ။ ဆေးရုံလူနာတင်ယာဉ် ၊ ကြက်ခြေနီယာဉ် နှင့် အရေးပေါ်လုံခြုံရေး နှင့် ကြီးကြပ်ကွပ်ကဲရေးယာဉ်တွေကို ရှောင် မောင်း နေရသည် ။ သာကေတ တံတား အတက်မှာ လူတွေ ပျားပန်းခတ် ပြေးလွှား နေသည်မှာ ကား တိုး မရတော့ ။ ကျွန်တော် ကားတံခါး ဖွင့် ခုန်ဆင်းရင်း အိမ် ရှိရာသို့ ပြေးသည် ။

ခုချိန် အိမ် မှာ ဘယ်သူမှ မရှိ ။ ကျွန်တော် လာ တုန်းကလည်း အိမ်တံခါး သော့ခတ် ထွက်လာခြင်း ဖြစ်သည် ။ ဇနီး နှင့် သမီးသား တစ်စု ကျောင်းတက် သွားကြသည် ။ ကျောင်း မဆင်းမီ မီးလောင်ခြင်း ဖြစ်လို့ စိတ်မှာ တစ်ဆင့် အေးရသည် ။

“ မြို့သာယာ တဲ့ ၊ ဓာတ်ဆီလှောင် တဲ့ အိမ်က စလောင်တာ ”

“ ဗျာ ”

ကျွန်တော် ခြေကုန် သုတ်သည် ။ ကျွန်တော့် ရှေ့မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ၊ မြို့နယ်ရပ်ကွက် တာဝန်ရှိ အဖွဲ့အစည်းတွေ ကြားမှ စတင် တိုးဝင်သည် ။

“ ဟေ့ ... ဘယ်သူ့ ကို မှ အဝင်မခံနဲ့ ”

“ ကျွန်တော် ဒီ ရပ်ကွက် ကပါ ၊ ကျွန်တော့် အိမ် ကျွန်တော့် အိမ်ဘက်ဆီမှာ ”

ကျွန်တော် မရပ် ၊ ဘာမှ မမြင် ၊ အိမ် ရှိရာ အရောက် ပြေးသည် ။ အိမ်ဝ ရောက်တော့ မျက်လုံးတွေ ပြာသွားသည် ။ ရင်ထဲ က နှလုံးသည်းအူတို့ အိမ် နှင့် အတူ မီးထဲ ဝေါခနဲ ပါသွားသလို ခံစားလိုက်ရသည် ။

တစ်အိမ်လုံး ပြာပုံ အတိ ဖြစ်နေပြီပဲ ။

မီးတွေ လောင်မြိုက်ဝါးမျို ထားလိုက်တာလေ ။

အိမ်တိုင်ပါ မကျန်တော့ပါလား ။ ကျန်တဲ့ ငုတ် တိုင်တွေ ဆိုလည်း မီးငွေ့တွေနှင့် တဖွားဖွား လောင်နေတုန်း ။

ထိုအခိုက် ၊ ကျွန်တော့် ကို ဆီးကြို နေသလိုမျိုး ဒါမှမဟုတ် ကျွန်တော့်ကို လှောင်ပြောင် နေသလိုမျိုး မြင်တွေ့လိုက်ရသော ပစ္စည်း တစ်ခုကြောင့် ကျွန်တော့် ရင်ထဲမှာ နင့်ခနဲ ဖြစ်သွားရသည် ။ ဘယ်လို ဖြစ်သည် မသိ ၊ မျက်ရည်တွေ က အလိုလို စီးကျလာသည် ။

ကျွန်တော် ပက်လက်ကုလားထိုင် တစ်လုံးနှင့် အနားယူတဲ့ အခါဖြစ်စေ ၊ သတင်းစာဖတ် စာဖတ်တဲ့ အခါဖြစ်စေ ၊ ထိုင်လေ့ရှိတဲ့ အိမ်ရှေ့ မြေဖွေးဖွေး ကမူထက်ကလေး မှာ အနေအထား မပျက် ၊ ကျန်ရစ်တဲ့ ပစ္စည်းကလေး ။

မီးပူရှိန် ဟပ်ထား၍ ဖြူတစ်ကွက် ၊ မည်းတစ်ကွက် အလှပျက် နေပေမဲ့ ကျွန်တော့် လက်ရာ “ အိမ် ရောင်းမည် ” ဆိုတဲ့ စာလုံးတို့ က ပကတိ အတိုင်း မပျက် မယွင်းသေးသည့် ဆိုင်းဘုတ်ကလေး ။

▣ သင်းအောင်ပန်
📖 ရနံ့သစ် မဂ္ဂဇင်း
      စက်တင်ဘာလ ၊ ၂၀၁၀

Sunday, March 2, 2025

အမေ ၏ ဆရာ


 

❝ အမေ ၏ ဆရာ ❞
      ( သုမောင် )
      
ဆရာကြီး မလာဘူး ဟူသော အသိကြောင့် ကလေးတို့ ပျော်ရွှင်စွာ ရယ်မော စကား ပြောနေကြပါလေသတည်း ။

ကလေးတို့ ဘာသာဘာဝ ကျောင်း တက်ရမှာ ပျင်းတတ်ကြ သလို ၊ ကျောင်းသို့ လာရခြင်း ၊ သူငယ်ချင်းများ နှင့် ပျော်ရွှင်စွာ ကစားခုန်စားရခြင်း တို့ကို ကလေးတို့ ပျော်မွေ့ကြ သော်လည်း ကျောင်း မှာ စာ သင်ရခြင်း ၊ ဆရာ ၊ ဆရာမများ ၏ ကြပ်မတ်ခံရခြင်း ကို မူ အလွန် အင်မတန်မှ စိတ်ပျက်တတ်ကြသည်မှာ “ ကျောင်း ” ဟူသော ပညာသင်ဌာနများ ပေါ်ပေါက်စ ကတည်းက ဖြစ်သည် ကို မူ အားလုံး သိကြပါသည် ။

ကျောင်း ဟူသည် ကလေးတို့ အဖို့ ဒွေးရောယှက်တင် ပဋိပက္ခတို့ ပေါင်းစုံရာဗျာ … ဘယ်လို ပြောရမလဲ ၊ ကောင်းတာ နဲ့ ဆိုးတာ တစ်ပြိုင်နက်တည်း ပေါ်ပေါက်ရာ ဒေသဆိုပါစို့ ။

ကလေးတို့ ၏ စိတ်နုနုကလေးများ တွင် စာသင်ကျောင်းဟူသည် ပျော်စရာ နှင့် စိတ်ညစ်စရာ တို့ ပေါင်းစုံရာ အရပ်ပါ မဟုတ်လား ။

°°°°°   °°°°°   °°°°°

အကဲဆုံးမှာ မခင်ညို ၊ မသန်းတင် ၊ မအေးကြင် ၊ မခင်စန်း ၊ မတင်လှ ။ သို့သော် သင်းတို့ အုပ်စုသည် အတန်း ထဲမှာ စာအတော်ဆုံးတွေ လည်း ဖြစ်ကြ၏ ။

ဆော့ သလောက် ၊ ဆိုး သလောက် စာ တော်ကြသော ချာတိတ်မလေးတွေ ဖြစ်ကြ၏ ။ သူတို့ သည် မူလတန်းကလေးများ ဖြစ်ကြပါ၏ ။

သူတို့ ကျောင်းသည် ပုဇွန်တောင် မြူနီစီပါယ်ကျောင်း ဖြစ်၏ ။ ယခုအခါမှာ ကဲ့သို့ အစိုးရမူလတန်း ၊ အလယ်တန်း  အထက်တန်းကျောင်း ဟူ၍ မပေါ်ပေါက်သေးသော ရှေးလွန်လေခဲ့သည့် နှစ်ပေါင်း ငါးဆယ်ကျော် ခြောက်ဆယ် အတွင်းက ပေါ်ခဲ့သည့် ကျောင်းမျိုး ဖြစ်ပါ၏ ။

ကျွန်တော် ပြောပြနေသော မခင်ညို ၊ မသန်းတင် ၊ မအေးကြင် ၊ မခင်စန်း ၊ မတင်လှ ဆိုသော မူလတန်းကျောင်းသူ ချာတိတ်မများ ကား အခြား ဟုတ်ပါရိုးလား ။

ပုဇွန်တောင် မြူနီစီပါယ်ကျောင်း မှ လွန်ခဲ့သော နှစ်ပေါင်း ခြောက်ဆယ် အတွင်းက မူလတန်းကျောင်းသူကလေးများ မှာ ယခု အသက် ခြောက်ဆယ်ကျော် အဘွားကြီးများပါပေ ။

°°°°°   °°°°°   °°°°°

သူတို့ ကျောင်း မှ ကျောင်းအုပ်ဆရာကြီး သည် ချစ်ဖို့ အလွန် ကောင်းသည် ဟူ၏ ။ ထို့ကြောင့် ကလေးများ အဖို့ အလွန်ကြောက်စရာ ၊ စိတ်ညစ်စရာ ကောင်းသည် ဟု ယူဆအပ်ပေသည် ။

ဆရာကြီး သည် စည်းကမ်း ကြီး၏ ။ ကလေးချစ်၏ ။ ကလေးများကို ပညာ ၊ စာရိတ္တ ပြည့်ဝစေချင်၏ ။ စာတတ်စေချင်၏ ။ စသော ဆရာသမားကောင်း တို့၏ စရိုက်သဘာဝ နှင့် ပြည့်စုံသော ( တစ်နည်း ) ကျောင်းသားများ အမြင်ကတ် ခံရသော ဆရာကြီးမျိုး ဖြစ်၏ ။

ဆရာကြီး သည် ကျောင်းအုပ်ဆရာကြီး ဖြစ်သလို အတန်း တစ်တန်း ကိုလည်း အတန်းပိုင်ဆရာ အဖြစ် တာဝန် ယူထားသူ ဖြစ်သည် ။

သူ သည် ကျောင်းခန်းမကြီး အပေါ်ထပ် မှာပဲ အခန်းလွတ် တစ်ခန်း၌ နေထိုင်သည် ။ ကျောင်းအိပ် ကျောင်းစား ဆရာကြီး ဆိုကြပါစို့ ။ ပြီးတော့ လူပျိုကြီး ။ တိတိကျကျ ၊စနစ်ကျကျ ကျောင်းသားပညာ မှ လွဲလျှင် လောကကြီး မှာ ဘာမျှ မရှိဟု ထင်နေသူ ။

ထို့ကြောင့်လည်း စည်းကမ်း ကြီးသလောက် စေတနာ ကောင်းသော ဆရာကြီး သည် ကျောင်း ပျက်ရက် ၊ ခွင့်ယူရက် ဆို၍ မရှိသလောက် ဖြစ်ရာ သူ့ အတန်း မှာ တက်ရသော ကလေးများ မှာ အလွန် စိတ်ညစ်ကြ သလို စာမေးပွဲ မှာလည်း တန်းလုံးကျွတ် အောင်ရသည် ချည်းဖြစ်၏ ။

စောစောက ပြောသလို ဆရာကြီး နေမကောင်းဘူး ဟူသော သတင်းသည် တောမီးပမာ ကလေးတို့ ၏ အကြားအမြင် များသော ရပ်ကွက်၌ ပျံ့နှံ့သွားသည် တွင် ကလေးများ သည် ပျော်ရွှင်မြူးထူး သွားကြလေသတည်း ။

အထူးသဖြင့်မူ ဆရာကြီး ကိုင်သော အတန်း ၊ ထို့ထက်ကား မခင်ညို ၊ မသန်းတင် ၊ မအေးကြင် ၊ မခင်စန်း ၊ မတင်လှ သူတို့ ဆိုးပေမ အုပ်စုသည် ဆရာကြီး နေမကောင်း၍ အတန်းထဲ မလာတော့ဘူး ဟူသော သတင်း ကို ကြားပြီး ကတည်းက အတန်း ထဲတွင် ခိုးစားရန် သရေစာပေါင်းစုံ ကို ဝယ်ပြီးနှင့်ကြပေပြီ ။

°°°°°   °°°°°   °°°°°

ဆရာကြီး နေမကောင်း ကျောင်း မတက်နိုင်သောကြောင့် အခြား ဆရာ တစ်ယောက် ယောက်ကို သူ့ အစား အတန်း ဝင်ခိုင်းဦးမည် ။ သေချာသည် ကိုလည်း ကလေးတို့က သိကြပါ၏ ။

သို့ရာတွင် ထိုလာလတ္တံ့ သော အခြား ကျောင်းဆရာ ကို ကလေးတို့ က မကြောက်ကြပါ ။

အဘယ့်ကြောင့် ဆိုသော် ထိုသို့သော ဆရာ ၊ ဆရာမများသည် စကား ခိုးပြောခြင်း ၊ မုန့် ခိုးစားခြင်း တို့ကို တော်ရုံတန်ရုံဆို ခွင့်လွှတ်တတ်ကြသည် ။

ပြီးတော့ အတန်းပိုင် ဆရာများ မဟုတ်ကြ သဖြင့်လည်း ဘယ်ကလေး ဟာ ဘယ်သူဘယ်ဝါ ၊ ဘယ်သူ ဆိုးသည် ၊ ဘယ်သူ ရိုးသည် စသော ကိစ္စရပ်များကို လုံးဝမသိ ။ ကျောင်းသား နှင့် အမည် တွဲပြီး မသိ ။

ထို့ကြောင့်ပင် စားနပ်ရိက္ခာ အပြည့်အစုံ ကို ဝယ်ပြီး တစ်မြန်နေ့ ညက ကြည့်ခဲ့ရသော ဖိုးစိန်ကြီး ဇာတ်အကြောင်း ပြန်ပြီး ပြောမည်ဟု ကျေနပ်ပျော်ရွှင်နေခြင်း ဖြစ်၏ ။ မသန်းတင် သည် လူရွှင်တော် ဦးဒံပေါက် နှင့် ဦးညှက်ကြီးတို့၏ ပြက်လုံးများ ကို အရမ်း ပြောချင် နေသဖြင့် ပါးစပ် ကို ဟစိဟစိ လုပ်ကာ အလိုလို နေရင်း ရယ်ချင် နေသည် ။

ဖက်တီးကြီး မအေးတင် ကမူ အိမ် မှ ထည့် ပေးလိုက်သော မုန့်မျိုးစုံ ကိုသာ တစ်ခု ပြီး တစ်ခု ထုတ်ပြီး တုတ်နေ၏ ။

အသားမည်းမည်း ဒေါင်ကောင်းကောင်း မခင်စန်း ကမူ ဒေါင်းတိ မောင်းတိ ရှိသူ ပီပီ တစ်ဖက်ခုံ မှ ယောက်ျားလေးများနှင့် သွားပြီး ကက်ကက် လန်အောင် ရန်ဖြစ်နေသည် ။

အမြဲတမ်း အသံ ဝင်နေပြီး ပျော့ပျော့ ပျော့ပျော့ လုပ်တတ် သလောက် ပြဿနာ တစ်ခုခု ပေါ်တိုင်း “ ဘာဖြစ်တာလဲ ဘာဖြစ်တာလဲ ” ဟု ပါးစပ် အဟောင်းသားဖြင့် စပ်စု တတ်သော မတင်လှ သည် မောင်ကျော် နှင့် စကား များနေသည် ။

ဖြစ်ရသည်မှာ ဤသို့တည်း ။

ဆောင်းနံနက်ခင်း မို့ အေးချမ်းလှသည်နှင့်လျော်စွာ အုန်းဆီများ လည်း ခဲ၍ နေကြသည် ။

ခဲနေသော အုန်းဆီများ ကို မောင်ကျော် သည် ကော့စမစ်တစ် ဟူ၍ ကျောင်းသို့ ယူလာပြီး လူရှေ့သူရှေ့ အခဲလိုက် လိမ်းကျံလေ၏ ။ ဆံပင် ကို သေသေချာချာ အလယ်ခွဲ ၊ ခင်မောင်ရင် လို ပြုံးပြီး စတိုင် လုပ်သည် ။ ယခု ခေတ်တော့ ဒစ္စကို ဆံပင် ပေါ့ ဗျာ ။

အဲ .. တော်တော်ကြာလို့ နေကလေး လည်း ပွင့်ရော သူ လိမ်းထားသော အုန်းဆီများ အရည် ပျော်ပြီး စီးကျကုန်ပါရော ။

သည်ကိစ္စနှင့် ပတ်သက်၍ သွား စပ်စုမိသော မတင်လှ ခမျာ မောင်ကျော် ၏ ရှက်ရမ်းရမ်းခြင်း ကို ခံရလေတော့သည် ။

သူတို့ အုပ်စု ထဲ မှာတော့ အသားကလေး ညိုညက်ညက် ၊ အရပ်
မနိမ့်မမြင့် နှင့် ယဉ်သော မခင်ညို တစ်ယောက်သာ ဣ‌န္ဒြေရရ ထိုင်ပြီး ( ၃၈ ) ဖြာ မင်္ဂလာတရား သံပေါက်ကို ကျက်မှတ် နေလေသည် ။

ကလေးတို့ ပျော်ရွှင် မြူးထူးနေကြချိန်မှာပင် အလွန် ထိတ်လန့် တုန်လှုပ်ဖွယ် ကောင်းသော ကပ်ဆိုးကြီး တစ်ခု သည် ကျောင်းခန်းကြီး အတွင်း သို့ ဝင်ရောက်လာပါတော့သည် ။ ထို ကပ်ဆိုးကြီးက တခြား ဟုတ်ပါရိုးလားဗျို့ ။

အာစရိယ ကပ်ဆိုးကြီးပေါ့ ။

ဆရာကြီး သည် ခေါင်းစွပ် ၊ ဆွယ်တာ ၊ ကုတ်အင်္ကျီ အပြင် စောင်တစ်ထည် ကို ခြုံလျက် လက် တစ်ဖက် က သင်ခန်းစာ စာအုပ်များ ၊ လက် တစ်ဖက် က အငွေ့တလူလူ ထွက်နေသော ရေနွေးကရား ။

ဆရာကြီး အတန်းထဲ ရောက်လာခြင်း သည် ရေအိုးထဲသို့ မီးခဲ ကျသလို ရှဲခနဲ ဂယက်ထ သွားစေလေ၏ ။

မသန်းရင် ခမျာ မှာ ဖိုးစိန်ကြီး ကပြသော တာနောဇာတ် ကို ပြောနေရင်းဖြစ်လေရာ ဇာတ်သိမ်းခန်းနား ရောက်ကာမှ ဆရာကြီး ဝင်လာ သဖြင့် မဆတ်တငံ့ကြီး ဖြစ်နေရှာ၏ ။

တစ်မျိုးပြီး တစ်မျိုး စားနေသော မအေးမြင့် မှာလည်း စားလျက် တန်းလန်း ပလုတ်ပလောင်း ဖြစ်ကာ ပါးစပ် မှ မုန့်များကို မျိုချရ အခက် ။ ငုံထားရ တော့လည်း နဂိုထက် ပိုပြီး ပါးကြီး ဖောင်းနေသဖြင့် ဒုက္ခ ရောက် နေရှာ၏ ။

ဆရာကြီး သည် သူ အတန်း ထဲ ဝင်ကာမှ ကျောင်းသူကျောင်းသားများ ငြိမ်ကျသွားသည် ကို သတိထားမိ၏ ။ သူ မလာခင် က မည်မျှ ပျော်ရွှင် နေကြကြောင်းကို သဘောပေါက်ထား၏ ။ ထို့ကြောင့် စိတ်ဆိုးလေ၏ ။

“ ဟင် ... ခွေ း တိရစ္ဆာန်တွေ ၊ ဟင် ငါ နေမကောင်းရုံကလေးနဲ့တောင် ဒါလောက် ပျော်နေကြရင် ငါများ သေသွားရင် ထများ ကကြမယ့် ဟာတွေ ”

ဤသို့လျှင် ကြိမ်းမောင်းပြီး ကြိမ်လုံး ကို ဆွဲလေသည် ။

“ လာကြ ၊ အားလုံး တစ်တန်းလုံး ငါ့ စားပွဲနားကို ”

ကလေးတို့ အားလုံးကို သူ ၏ စားပွဲကြီး အနီးသို့ ခေါ်ပြီး ဝန်းရံလျက် မတ်တတ်ရပ်စေလိုက်သည် ။

သင်ခန်းစာ တစ်ခုကို သူ က နှုတ်တိုက် ချပေး၏ ။

ကလေးတို့ ကို လိုက် ဆိုစေ၏ ။

“ ဆိုကြ ဆိုကြ ဆယ်ခါဆို သေအောင်ဆို ... ဆယ်ခါဆို သေအောင်ဆို ”

ဆယ်ခါဆို သေအောင်ဆို ဟု အော်ရင်း ကြိမ်လုံးကို စားပွဲပေါ် စည်းဝါးကျကျ ရိုက်ရင်း …. ။

°°°°°   °°°°°   °°°°°

အထက်ပါ အဖြစ်အပျက်သည် လွန်ခဲ့သော နှစ်ပေါင်း ခြောက်ဆယ်ခန့်က ဖြစ်ပျက်ခဲ့သော ဤ သတ္တလောကကြီး ၏ မထင်မှတ်ဖွယ် အသေးအမွှား ကိစ္စကလေး မျှသာ ဖြစ်ပါသည် ။

ထို အဖြစ်အပျက်တွင် ပါဝင်သူများ မှာ -

မအေးကြင် ( ယခု ဆရာမောင် ဆေးနီလုံး ၊ ဆရာမောင် ၏ သမီး ၊ ကျွန်တော့် ကြီးတော် ဒေါ်အေးကြင် )

မသန်းတင် ( မြန်မာ့ဘဏ် - ၁ မှ အရာရှိ ဦးလှမောင် ၏ ဇနီး )

မခင်စန်း ( မြန်မာနိုင်ငံ မီးရထား မှ အရာရှိ ဦးစိုးလွင် ၏ ဇနီး )

မတင်လှ ( ယခု မူလတန်း ကျောင်းအုပ်ဆရာမကြီး )

မောင်ကျော် ( ယခု အငြိမ်းစား ဗိုလ်မှူးကြီး မောင်ကျော် ) နှင့်

မခင်ညို ( ကျွန်တော့် အမေ ) တို့ ဖြစ်ကြပါသည် ။

°°°°°   °°°°°   °°°°°

အရေးကြီးသည်မှာ အထက်ပါ အကြောင်းအရာများ မဟုတ်ပါ ခင်ဗျား ။

ဖော်ပြပါ ဆရာကြီး ( ဦးထွန်း ) ဆုံးပါးခြင်းသာ ဖြစ်ပါသည် ။ ထိုဆရာကြီး သည် အသက် ကိုးဆယ်ကျော် အရွယ်တွင် ကွယ်လွန်ပါသည် ။

သူ ကွယ်လွန်ချိန် တွင် ကျွန်တော် ပြောပြခဲ့သော မခင်ညို ( ကျွန်တော့် အမေ ) စသော ကျောင်းသူများ သည် ငါးဆယ်ကျော် ၊ ခြောက်ဆယ် အတွင်း အရွယ် သို့ ရောက်နေကြပါပြီ ။

ထိုအချိန် အဲ .. ဆရာကြီး ကွယ်လွန်ချိန် သူ ၏ အသုဘ သို့ တပည့် များစွာ လာကြကုန်၏ ဆိုလျှင် လွန်အံ့ မထင် ။

တပည့် ကျောင်းသားများ သည် ဆရာကြီး ၏ အသုဘ သို့ အားတက်သရော ဝမ်းနည်းပက်လက် လာကြပါသည် ။

ဟိုး ... ငယ်ငယ် ယခင် အခါက မိမိတို့ ချစ်ကြောက် ရိုသေခဲ့ရသော ဆရာကြီး ၏ နောက်ဆုံးခရီး မဟုတ်ပါလား ။

ဆရာကြီး ဆုံးပါးခြင်း ထက် အရေးကြီးသော အကြောင်းကို ပြောပြပါရစေ ။

အခြား မဟုတ်ပါ ။

ကျွန်တော့် အမေ ငိုခြင်း ဖြစ်ပါသည် ။

ဆရာ တစ်ယောက် ဆုံးပါးသောကြောင့် တပည့်မ တစ်ဦး ငိုခြင်းသည် မဆန်းပြား ဟု ထင်ရသော်လည်း တကယ်တော့မူ ကျွန်တော့် အမေ သည် မှတ်မှတ်ရရ ကျွန်တော့် တစ်သက် နှင့် တစ်ကိုယ် ဘယ်တုန်းကမှ ငိုခဲ့သည်ကို မတွေ့ဖူးခဲ့ပါ ။

ကုန်ကုန် ပြောရလျှင် ကျွန်တော့် အဖေ နှင့် ကတောက်ကဆ ဖြစ်တုန်းက ပင်လျှင် ငိုခဲ့သူ မဟုတ်ပါ ။

သို့သော် ထိုနေ့က အမေ ငိုရှာပါသည် ။ အမေ ဘာကြောင့် ငိုပါသနည်း ။

အခြား ဟုတ်ပါရိုးလား ။

အမေ နှင့် သူ ၏ သူငယ်ချင်းများ အားလုံး ဆရာကြီး ၏ အလောင်းကို ဂါရဝပြု ( နောက်ဆုံး ) နေချိန်တွင် အမှတ်မထင် ပါဘဲလျက် အမေ တို့နှင့် ငယ်ငယ်က တစ်တန်းတည်း ကျောင်းနေဘက် မဖွားစိန် ( ယခု ဒေါ်ဖွားစိန် ) ၏ အော်ကြီးဟစ်ကြီး ငိုယိုလိုက်သံကြောင့် ဖြစ်ပါသည် ။

ဒေါ်ဖွားစိန် ငိုယိုလိုက်ပုံမှာ အောက်ပါအတိုင်း ဖြစ်ပါ၏ ။

“ ဆရာကြီးရယ် ဆရာကြီး သေလို့ ကျွန်မတို့ မကကြပါဘူး ၊ ငိုပါတယ် ရှင် ”

◾သုမောင်

📖 ကျိုက္ခမီ အထက ငွေရတုမဂ္ဂဇင်း ၊
      ဒီဇင်ဘာ ၊ ၁၉၈၀

သူခိုးပညာရှိ

 ❝ သူခိုးပညာရှိ ❞

       ( ပုံပြင် )

     

ဟိုးရှေးရှေးတုန်း က အောင်ချာပူရ ဆိုတဲ့ တိုင်းပြည်ကြီး မှာ “ ဓမ္မစည်သူ ” မင်းကြီး အုပ်စိုးစဉ် အချိန်မှာ “ တိမ်တောင် ” ဆိုတဲ့ သူခိုးကြီး ဟာ အင်မတန် သောင်းကျန်းနေတယ်တဲ့ ။ ဘုရင့် ဘဏ္ဍာတော် ငွေတွေ ဝင် ခိုးတာလည်း “ တိမ်တောင် ” ပဲ ၊ မြောက်ပြင်သူဌေး အိမ် ဝင် ခိုးတာ လည်း တိမ်တောင် ပဲ ၊ အဲဒီလိုမ ကြာခဏ “ တိမ်တောင် ” သတင်း ကို ကြားနေကြရတယ်တဲ့ ၊ လိုက်လံ ဖမ်းဆီး ပေမယ့်လည်း တစ်ခါမှ မမိနိုင်ဘူးတဲ့ ၊ တချို့ကလည်း သူခိုးကြီး ဟာ ကိုယ်ပျောက် လို့ တောင် ပြောကြတယ် ၊ မျက်စိ အောက်မှာ ပဲ သူခိုးကြီး ဟာ ပျောက်ပျောက် သွားလေ့ ရှိသတဲ့ ။


အမှန်ကတော့ သူခိုးကြီး ဟာ ကိုယ်ပျောက်တာတော့ မဟုတ်ဘူးကွဲ့ ။ ပစ္စည်းဥစ္စာ တွေကို ညဘက် မှ ခိုးယူရတာ ဆိုတော့ ညဘက် ဆိုတာ အမှောင်ထု စိုးမိုးတဲ့ အချိန် မဟုတ်လား ။ သူခိုးကြီး က သူတစ်ပါး ဥစ္စာပစ္စည်းတွေ ခိုးယူလို့သူခိုး လို့ ဆိုရပေမယ့် တွေးခေါ်မြော်မြင်တတ်တဲ့ ဉာဏ် ရှိလေတော့ ညဘက် ခိုးဖို့ ထွက်တဲ့ အခါမှာ အဝတ်နက်ကြီး တစ်ထည် ကို အမြဲတမ်း ယူ သွားလေ့ ရှိတယ် ။


သူခိုးကြီး ဟာ သူ့ ကို လိုက်လံ ဖမ်းဆီးတဲ့ အခါမှာ တော့ မည်းမှောင်တဲ့ သစ်ပင်ရိပ်တို့ ချုံကွယ်တို့ ရောက်တာနဲ့ တစ်ပြိုင်နက် သူ့ အဝတ်နက်ကြီး ကို လွှမ်းခြုံ ပုန်းကွယ်လေ့ ရှိသတဲ့ ။


အဲဒီ အခါမှာ တော့ ည အမှောင် သစ်ပင်ရိပ် ချုံကွယ် က အဝတ်နက် ခြုံထားတဲ့ သူခိုးကြီး ကို မမြင် မိကြတော့ဘူးပေါ့ကွယ် ။


မောင်ညီမလေးတို့ ၊ ညဘက် ကျရင် သတိထား ကြည့်ကြစမ်းပါ ၊ အလင်းရောင် အောက် က လူတစ်ယောက်ဟာ သစ်ပင် မှောင်ရိပ် ထဲ က လူ တစ်ယောက် ကို မြင်ဖို့ မလွယ်တာ တွေ့ရလိမ့်မယ် ၊ အမှန်ကတော့ သူခိုးကြီး ဟာ ကိုယ် မပျောက်ဘဲ သူ့ ရဲ့ အဝတ်နက်ကြီး က သာ သူ့ ကို အကာအကွယ် ပေးတာပဲ ဖြစ်တယ် ၊ အဲဒီလိုနဲ့ သူခိုးကြီး ဟာ နေပြည်တော် မှာ ဆိုးသွမ်း နေတာပေါ့ ။


တစ်နေ့မှာ တော့ သူခိုးကြီး ဟာ ကံ ဆိုးချင်လို့ပဲလား မသိပါဘူးကွယ် ၊ မဟာဘောဂ သူဌေးကြီး အိမ် ကို ခိုးဖို့ အသွား မှာ သူ့ အဝတ်နက်ကြီး ကို ယူ မသွားမိဘူးတဲ့ ၊ အဲဒီ ညမှာပဲ သူခိုးကြီး ဟာ အဖမ်း ခံလိုက်ရတယ် ။


သူခိုးကြီး ကို မြို့ ထဲ လှည့်လည်ပြီး လိုက် ပြလိုက်တဲ့ အခါမှာတော့ ထွက်ကြည့်တဲ့ သတွေဟာ ပြည့်နှက်နေတာပဲတဲ့ ၊ ဒါပေမယ့် သူခိုးကြီး ကတော့ ဘယ်သူ့ကို မှ ဂရုမစိုက်ဘူး ၊ ကြောက်ရွံ့တဲ့ အမူအရာ လည်း မရှိဘူးတဲ့ ၊ “ ငါ လွတ်မြောက်အောင် ဘယ်လို လုပ်ရပါ့မလဲ ” လို့ သာ တွေးတော နေသတဲ့ ။


အစောင့်အကြပ်တွေ ကလည်း အများကြီး ဆိုတော့ ငါ ထွက်ပြေးလို့ လွတ်မှာ မဟုတ်ဘူး ။ ဒီတော့ ပရိယာယ် နဲ့ လွတ်အောင် ကြံမှပဲ ဆိုပြီး လွတ်မြောက်ဖို့ နည်းလမ်း ကို သာ ရှာကြံနေ သတဲ့ကွယ် ။


ညနေစောင်း လာတဲ့ အခါမှာတော့ ပါးကွက်အာဏာသားတွေ ဟာ ဓားကြီး ထမ်းလို့ ရောက်လာကြတာပေါ့ ။ သူခိုးကြီး ကို သုဿန် ခေါ်မယ် လုပ်တဲ့ အခါမှာတော့ သူခိုးကြီး က ... 


“ နောင်ကြီးတို့ ၊ နေပါဦးခင်ဗျာ ၊ တဆိတ် သည်းခံပါဦး ၊ ဘုရင်ကြီး ကို လျှောက်တင်ခဲ့ ပါရစေဦး ” လို့ ပြောသတဲ့ ။


အာဏာသားတွေ ကလည်း “ တို့ ဝတ္တရားက မင်းကို သုဿန် ထုတ် ဓားခုတ်သ,တ်ဖို့ ပဲ ၊ မင်း ကို သုဿန် ခေါ်သွားရမယ် ” လို့ ပြောပြီးခေါ်ဆောင် သွားကြတယ် ။


ဒါပေမယ့် သူခိုးကြီး ကလည်း “ အင်မတန် အရေးကြီးတဲ့ စကားမို့ မသေခင် လျှောက် တင်ခဲ့ပါရစေ ” လို့ အတန်တန် တောင်းပန်ရှာသတဲ့ ။


အာဏာသားတွေ ဟာ သနား သွားတာကြောင့် သူခိုးကြီး ကို ဘုရင်ကြီး ဆီ ခေါ်သွား ပေးကြတယ် ၊ ဘုရင်ကြီး ဟာ သူခိုးကြီး ကို မြင်တဲ့ အခါမှာတော့ အာဏာသားတွေ ကို ...


“ မောင်မင်းတို့ ဘာကြောင့် သူခိုးကြီး ကို မသ,တ်ဘဲ ငါ့ ဆီ ခေါ်ခဲ့ရတာလဲ ၊ မင်းတို့ ပါ သေချင်ကြလို့လား ” လို့ ကြိမ်းမောင်းတော့တာပါပဲကွယ် ။


အာဏာသားတွေ ဟာ လည်း ကြောက်လွန်းလို့ တုန်နေတာပါပဲ ၊ ဒါပေမယ့် သူခိုးကြီး က “ မှန်လှပါ ၊ အရှင်မင်းကြီး အား ကျွန်တော်မျိုး အဖိုးတန်တဲ့ စကား တစ်ခွန်း လျှောက်တင်ချင် လို့ပါ ” လို့ လျှောက်တင်လိုက် သတဲ့ ။


ဒီတစ်ခါမှာ ဘုရင်ကြီး က “ အံမာ မင်းလိုကောင် က ဘာ အဖိုးတန် စကားများ လျှောက် ထားစရာရှိလို့လဲ ” လို့ အော်ငေါက် မေးလိုက်ပြန်တယ် ။


“ မှန်လှပါ ၊ ကျွန်တော်မျိုးကြီး “ ရွှေသီး ” သီး တဲ့ ရွှေပင်ကြီး စိုက်တတ်ကြောင်းပါ ဘုရား ” လို့ သူခိုးကြီး ကလည်း ရဲရဲဝံ့ဝံ့ လျှောက်တင်လိုက်သတဲ့ ။


ဘုရင်ကြီး က လည်း လောဘကြီး တဲ့ သူ ဆိုတော့ “ ရွှေ ” ဆိုတဲ့ အသံ ကြားလိုက်တဲ့ အခါမှာ ဘာမှ မစဉ်းစားနိုင်ဘဲ... ။


“ ရွှေ .. ရွှေ .. ရွှေသီးတဲ့ ရွှေပင် ” ဟုတ်လားလို့ အလောတကြီး မေးလိုက်သတဲ့ ။


“ မှန်လှပါ ၊ ရွှေသီး သီးတဲ့ “ ရွှေပင် ” စိုက်တတ်ကြောင်းပါ ” လို့ ပြန် လျှောက်လိုက်တဲ့ အခါမှာတော့ ဘုရင်ကြီး ဟာ ငါ့ မှာ ရွှေပင်ကြီး သာ ရှိရင် ကမ္ဘာပေါ် မှာ ငါ ဟာ အချမ်းသာဆုံးသူ ဖြစ်မှာပဲလို့ တွေးမိပြီး...


“ ကောင်းပြီ ၊ မောင်မင်း ငါ့ ဖို့ ရွှေပင် စိုက်ပေးရမယ် ” လို့ ချက်ချင်း အမိန့် ချမှတ်လိုက်သတဲ့ ။ 


သူခိုးကြီး က လည်း “ မှန်လှပါ ၊ ရွှေပင် စိုက်ဖို့ အတွက် ရွှေဒင်္ဂါး တပြား နဲ့ ရေသန့်သန့် တစ်ခွက် လိုကြောင်းပါ ဘုရား လို့ ” လျှောက်တင်လိုက်ပြန်တယ် ။


ဘုရင်ကြီး က လည်း ချက်ချင်းပဲ “ ရွှေဒင်္ဂါး တစ်ပြား နဲ့ ရေသန့်သန့် တစ်ခွက်ကို ယူခဲ့ စေ ” လို့ မင်းချင်းတွေ ကို စေခိုင်းလိုက်တယ် ။


ရွှေဒင်္ဂါးတပြား နဲ့ ရေသန့်သန့် တစ်ခွက် ရတဲ့ အခါမှာ တော့ ဘုရင်ကြီး နဲ့ တကွ မှူးမတ်တွေ ရော ၊ နန်းတွင်းသူ နန်းတွင်းသားတွေ ရော ၊ သူခိုးကြီး ပါ မင်္ဂလာဥယျာဉ်တော် ကို ထွက်လာ ကြတယ် ။


တစ်ဆင့် စကား တစ်ဆင့် နဲ့ “ သူခိုးကြီး က ရွှေပင် စိုက်ပြမယ် ” ဆိုတဲ့ သတင်း ဟာ တစ်မြို့လုံး ပျံ့နှံ့ သွားတာကြောင့် ရွှေပင် စိုက်တာ ကြည့်ဖို့ လာရောက်ကြတဲ့ အတွက် ဥယျာဉ် တစ်ခုလုံး ဟာ ခဏအတွင်း ပြည့်လျှံ သွားတာပဲတဲ့ ။


သူခိုးကြီး ဟာ ဥယျာဉ် ထဲရောက်တဲ့ အခါမှာတော့ မြေကြီး ကို တစ်တောင် လောက် နက်အောင် တူးလိုက်တယ် ။ အဲဒီ နောက်မှာ ရွှေဒင်္ဂါး တစ်ပြား ကို ရေသန့်သန့် နဲ့ ဆေးလိုက် ပြန်တယ် ။ ဒီ နောက်တော့ရွှေဒင်္ဂါးပြား ကို ကိုင်ပြီး ဘုရင်ကြီး ဘက် လှည့်လိုက်ပြီး “ အရှင်မင်းကြီး ၊ ဤ ရွှေဒင်္ဂါးပြား နှင့် ရွှေပင် ကို စိုက်ရပါမည် ။ ရွှေပင် ကို စိုက်သောသူ သည် အပြစ် လုံးဝ ကင်းစင်သူ ဖြစ်ရပါမည် ။ အပြစ် ကင်းစင်သူ စိုက် မှ လည်း ဤ ရွှေဒင်္ဂါးပြား မှ ရွှေပင် ပေါက်၍ ရွှေသီး သီးပါမည် ။ ကျွန်တော်မျိုး မှာ ခိုးသား တစ်ယောက် ဖြစ်တဲ့ အတွက် အပြစ် မကင်းစင်ပါ ။ ထို့ကြောင့် အရှင်မင်းကြီး စိုက်တော်မူပါ ” လို့ လျှောက်ပြီး ရွှေဒင်္ဂါးပြား ကို လှမ်း ပေးလိုက်တယ် ။


ဘုရင်ကြီး မှာ ချက်ချင်းပဲ ရွှေဒင်္ဂါးပြား ကို လှမ်း ယူပြီး တွင်း ထဲ ထည့်မယ် လုပ်ပြီးမှ ... 


“ ငါ စိုက်လို့ မဖြစ်ဘူး ထင်တယ် ၊ ငါ့ မှာ အပြစ် လုံးဝကင်းစင်သူ တစ်ယောက် မဟုတ် ဘူး ” လို့ တွေးမိပြီးရွှေဒင်္ဂါး ကို အိမ်ရှေ့မင်း ထံ လှမ်း ပေးလိုက်သတဲ့ ။


ဒါပေမယ့် အိမ်ရှေ့မင်းသား က လည်း “ အကျွန်ုပ် လည်း မစိုက်ဝံ့ပါ ၊ အကျွန်ုပ် သည် လည်း လုံးဝ အပြစ် ကင်းစင်သူ တစ်ယောက် မဟုတ်ပါ ” လို့ လျှောက်တင်ပြီး အမတ်ကြီး ဆီ လှမ်း ပေးလိုက်ပြန်တယ် ။


အမတ်ကြီး က လည်း “ အကျွန်ုပ် မစိုက်ရဲပါ ၊အကျွန်ုပ် သည် လည်း လုံးဝ အပြစ် ကင်းစင်သူ တစ်ဦး ဖြစ်ချင် မှ ဖြစ်ပါမယ် ၊ ဤ ရွှေဒင်္ဂါးပြား ကို မစိုက်ဝံ့ပါ ” လို့ ပြောပြီး သူဌေးကြီး ကို လှမ်း ပေးလိုက်ပြန်တယ် ။


ဒီလိုနဲ့ ရွှေဒင်္ဂါးပြား ဟာ တစ်ဆင့် လက် က တစ်ဆင့် ကူးပြောင်း သွားလိုက်တာ နန်းတွင်းသူ နန်းတွင်းသား ဆင်းရဲသား ပါ မကျန် ရွှေဒင်္ဂါးပြား ကို စိုက်ခိုင်း ပေမယ့် တစ်ယောက် မှ စိုက်ခိုင်းလို့ မရဘူးတဲ့ကွယ် ၊ “ သူတို့ ဟာလည်း လုံးဝ အပြစ်ကင်းသူ မဟုတ်ပါဘူး ” လို့ ပြောပြီး လက်မခံကြဘူး ။


ဒီအခါမှာ သူခိုးကြီး ဟာ ...


“ အရှင်မင်းကြီး ၊ ရှုစားတော်မူပါ ၊ အကျွန်ုပ်တို့ အားလုံးဟာ အပြစ် ကင်းစင်သူများ မဟုတ်ကြပါ ၊ အကယ်၍ အပြစ် ရှိသူ ကို သေဒဏ် ပေးမယ် ဆိုရင် ကျွန်ုပ်တို့ အားလုံး ကို သေဒဏ် အပြစ် ပေးထိုက်ပါတယ် ” လို့ လျှောက်တင်လိုက် သတဲ့ ။


သူခိုးကြီး လျှောက်တင်ချက် ကို အားလုံး ကြားရတဲ့ အခါမှာ တော့ ဝိုင်းပြီး ရယ်မောကြသတဲ့ ။


ဘုရင်ကြီး ဟာ လည်း သူခိုးကြီး ရဲ့ ပညာဂုဏ် နဲ့ လိမ္မာပါးနပ်မှု ကို နှစ်သက် သဘောကျတဲ့ အတွက် နောင်ကို ခိုးယူခြင်း မပြုဖို့ပြောပြီး အပြစ်ဒဏ် ကလွတ်ငြိမ်းခွင့် ပြုလိုက်သတဲ့ကွယ် ။ 


သူခိုးကြီး ဟာ သူ့ ရဲ့ ပညာစွမ်း ကြောင့် အသက်ဘေး မှ ချမ်းသာရာ ရသွားတယ်ကွယ့် ။ 


မောင် ၊ ညီမလေးတို့ ပညာဗဟုသုတ နဲ့ ပြည့်ဝကြပါစေ ။


▢ တင်တင်ရီ 


📖 ရှုမဝ မဂ္ဂဇင်း

      ၁၉၆၄ ၊ ဇန်နဝါရီ