❝ အမေ ၏ ဆရာ ❞
( သုမောင် )
ဆရာကြီး မလာဘူး ဟူသော အသိကြောင့် ကလေးတို့ ပျော်ရွှင်စွာ ရယ်မော စကား ပြောနေကြပါလေသတည်း ။
ကလေးတို့ ဘာသာဘာဝ ကျောင်း တက်ရမှာ ပျင်းတတ်ကြ သလို ၊ ကျောင်းသို့ လာရခြင်း ၊ သူငယ်ချင်းများ နှင့် ပျော်ရွှင်စွာ ကစားခုန်စားရခြင်း တို့ကို ကလေးတို့ ပျော်မွေ့ကြ သော်လည်း ကျောင်း မှာ စာ သင်ရခြင်း ၊ ဆရာ ၊ ဆရာမများ ၏ ကြပ်မတ်ခံရခြင်း ကို မူ အလွန် အင်မတန်မှ စိတ်ပျက်တတ်ကြသည်မှာ “ ကျောင်း ” ဟူသော ပညာသင်ဌာနများ ပေါ်ပေါက်စ ကတည်းက ဖြစ်သည် ကို မူ အားလုံး သိကြပါသည် ။
ကျောင်း ဟူသည် ကလေးတို့ အဖို့ ဒွေးရောယှက်တင် ပဋိပက္ခတို့ ပေါင်းစုံရာဗျာ … ဘယ်လို ပြောရမလဲ ၊ ကောင်းတာ နဲ့ ဆိုးတာ တစ်ပြိုင်နက်တည်း ပေါ်ပေါက်ရာ ဒေသဆိုပါစို့ ။
ကလေးတို့ ၏ စိတ်နုနုကလေးများ တွင် စာသင်ကျောင်းဟူသည် ပျော်စရာ နှင့် စိတ်ညစ်စရာ တို့ ပေါင်းစုံရာ အရပ်ပါ မဟုတ်လား ။
°°°°° °°°°° °°°°°
အကဲဆုံးမှာ မခင်ညို ၊ မသန်းတင် ၊ မအေးကြင် ၊ မခင်စန်း ၊ မတင်လှ ။ သို့သော် သင်းတို့ အုပ်စုသည် အတန်း ထဲမှာ စာအတော်ဆုံးတွေ လည်း ဖြစ်ကြ၏ ။
ဆော့ သလောက် ၊ ဆိုး သလောက် စာ တော်ကြသော ချာတိတ်မလေးတွေ ဖြစ်ကြ၏ ။ သူတို့ သည် မူလတန်းကလေးများ ဖြစ်ကြပါ၏ ။
သူတို့ ကျောင်းသည် ပုဇွန်တောင် မြူနီစီပါယ်ကျောင်း ဖြစ်၏ ။ ယခုအခါမှာ ကဲ့သို့ အစိုးရမူလတန်း ၊ အလယ်တန်း အထက်တန်းကျောင်း ဟူ၍ မပေါ်ပေါက်သေးသော ရှေးလွန်လေခဲ့သည့် နှစ်ပေါင်း ငါးဆယ်ကျော် ခြောက်ဆယ် အတွင်းက ပေါ်ခဲ့သည့် ကျောင်းမျိုး ဖြစ်ပါ၏ ။
ကျွန်တော် ပြောပြနေသော မခင်ညို ၊ မသန်းတင် ၊ မအေးကြင် ၊ မခင်စန်း ၊ မတင်လှ ဆိုသော မူလတန်းကျောင်းသူ ချာတိတ်မများ ကား အခြား ဟုတ်ပါရိုးလား ။
ပုဇွန်တောင် မြူနီစီပါယ်ကျောင်း မှ လွန်ခဲ့သော နှစ်ပေါင်း ခြောက်ဆယ် အတွင်းက မူလတန်းကျောင်းသူကလေးများ မှာ ယခု အသက် ခြောက်ဆယ်ကျော် အဘွားကြီးများပါပေ ။
°°°°° °°°°° °°°°°
သူတို့ ကျောင်း မှ ကျောင်းအုပ်ဆရာကြီး သည် ချစ်ဖို့ အလွန် ကောင်းသည် ဟူ၏ ။ ထို့ကြောင့် ကလေးများ အဖို့ အလွန်ကြောက်စရာ ၊ စိတ်ညစ်စရာ ကောင်းသည် ဟု ယူဆအပ်ပေသည် ။
ဆရာကြီး သည် စည်းကမ်း ကြီး၏ ။ ကလေးချစ်၏ ။ ကလေးများကို ပညာ ၊ စာရိတ္တ ပြည့်ဝစေချင်၏ ။ စာတတ်စေချင်၏ ။ စသော ဆရာသမားကောင်း တို့၏ စရိုက်သဘာဝ နှင့် ပြည့်စုံသော ( တစ်နည်း ) ကျောင်းသားများ အမြင်ကတ် ခံရသော ဆရာကြီးမျိုး ဖြစ်၏ ။
ဆရာကြီး သည် ကျောင်းအုပ်ဆရာကြီး ဖြစ်သလို အတန်း တစ်တန်း ကိုလည်း အတန်းပိုင်ဆရာ အဖြစ် တာဝန် ယူထားသူ ဖြစ်သည် ။
သူ သည် ကျောင်းခန်းမကြီး အပေါ်ထပ် မှာပဲ အခန်းလွတ် တစ်ခန်း၌ နေထိုင်သည် ။ ကျောင်းအိပ် ကျောင်းစား ဆရာကြီး ဆိုကြပါစို့ ။ ပြီးတော့ လူပျိုကြီး ။ တိတိကျကျ ၊စနစ်ကျကျ ကျောင်းသားပညာ မှ လွဲလျှင် လောကကြီး မှာ ဘာမျှ မရှိဟု ထင်နေသူ ။
ထို့ကြောင့်လည်း စည်းကမ်း ကြီးသလောက် စေတနာ ကောင်းသော ဆရာကြီး သည် ကျောင်း ပျက်ရက် ၊ ခွင့်ယူရက် ဆို၍ မရှိသလောက် ဖြစ်ရာ သူ့ အတန်း မှာ တက်ရသော ကလေးများ မှာ အလွန် စိတ်ညစ်ကြ သလို စာမေးပွဲ မှာလည်း တန်းလုံးကျွတ် အောင်ရသည် ချည်းဖြစ်၏ ။
စောစောက ပြောသလို ဆရာကြီး နေမကောင်းဘူး ဟူသော သတင်းသည် တောမီးပမာ ကလေးတို့ ၏ အကြားအမြင် များသော ရပ်ကွက်၌ ပျံ့နှံ့သွားသည် တွင် ကလေးများ သည် ပျော်ရွှင်မြူးထူး သွားကြလေသတည်း ။
အထူးသဖြင့်မူ ဆရာကြီး ကိုင်သော အတန်း ၊ ထို့ထက်ကား မခင်ညို ၊ မသန်းတင် ၊ မအေးကြင် ၊ မခင်စန်း ၊ မတင်လှ သူတို့ ဆိုးပေမ အုပ်စုသည် ဆရာကြီး နေမကောင်း၍ အတန်းထဲ မလာတော့ဘူး ဟူသော သတင်း ကို ကြားပြီး ကတည်းက အတန်း ထဲတွင် ခိုးစားရန် သရေစာပေါင်းစုံ ကို ဝယ်ပြီးနှင့်ကြပေပြီ ။
°°°°° °°°°° °°°°°
ဆရာကြီး နေမကောင်း ကျောင်း မတက်နိုင်သောကြောင့် အခြား ဆရာ တစ်ယောက် ယောက်ကို သူ့ အစား အတန်း ဝင်ခိုင်းဦးမည် ။ သေချာသည် ကိုလည်း ကလေးတို့က သိကြပါ၏ ။
သို့ရာတွင် ထိုလာလတ္တံ့ သော အခြား ကျောင်းဆရာ ကို ကလေးတို့ က မကြောက်ကြပါ ။
အဘယ့်ကြောင့် ဆိုသော် ထိုသို့သော ဆရာ ၊ ဆရာမများသည် စကား ခိုးပြောခြင်း ၊ မုန့် ခိုးစားခြင်း တို့ကို တော်ရုံတန်ရုံဆို ခွင့်လွှတ်တတ်ကြသည် ။
ပြီးတော့ အတန်းပိုင် ဆရာများ မဟုတ်ကြ သဖြင့်လည်း ဘယ်ကလေး ဟာ ဘယ်သူဘယ်ဝါ ၊ ဘယ်သူ ဆိုးသည် ၊ ဘယ်သူ ရိုးသည် စသော ကိစ္စရပ်များကို လုံးဝမသိ ။ ကျောင်းသား နှင့် အမည် တွဲပြီး မသိ ။
ထို့ကြောင့်ပင် စားနပ်ရိက္ခာ အပြည့်အစုံ ကို ဝယ်ပြီး တစ်မြန်နေ့ ညက ကြည့်ခဲ့ရသော ဖိုးစိန်ကြီး ဇာတ်အကြောင်း ပြန်ပြီး ပြောမည်ဟု ကျေနပ်ပျော်ရွှင်နေခြင်း ဖြစ်၏ ။ မသန်းတင် သည် လူရွှင်တော် ဦးဒံပေါက် နှင့် ဦးညှက်ကြီးတို့၏ ပြက်လုံးများ ကို အရမ်း ပြောချင် နေသဖြင့် ပါးစပ် ကို ဟစိဟစိ လုပ်ကာ အလိုလို နေရင်း ရယ်ချင် နေသည် ။
ဖက်တီးကြီး မအေးတင် ကမူ အိမ် မှ ထည့် ပေးလိုက်သော မုန့်မျိုးစုံ ကိုသာ တစ်ခု ပြီး တစ်ခု ထုတ်ပြီး တုတ်နေ၏ ။
အသားမည်းမည်း ဒေါင်ကောင်းကောင်း မခင်စန်း ကမူ ဒေါင်းတိ မောင်းတိ ရှိသူ ပီပီ တစ်ဖက်ခုံ မှ ယောက်ျားလေးများနှင့် သွားပြီး ကက်ကက် လန်အောင် ရန်ဖြစ်နေသည် ။
အမြဲတမ်း အသံ ဝင်နေပြီး ပျော့ပျော့ ပျော့ပျော့ လုပ်တတ် သလောက် ပြဿနာ တစ်ခုခု ပေါ်တိုင်း “ ဘာဖြစ်တာလဲ ဘာဖြစ်တာလဲ ” ဟု ပါးစပ် အဟောင်းသားဖြင့် စပ်စု တတ်သော မတင်လှ သည် မောင်ကျော် နှင့် စကား များနေသည် ။
ဖြစ်ရသည်မှာ ဤသို့တည်း ။
ဆောင်းနံနက်ခင်း မို့ အေးချမ်းလှသည်နှင့်လျော်စွာ အုန်းဆီများ လည်း ခဲ၍ နေကြသည် ။
ခဲနေသော အုန်းဆီများ ကို မောင်ကျော် သည် ကော့စမစ်တစ် ဟူ၍ ကျောင်းသို့ ယူလာပြီး လူရှေ့သူရှေ့ အခဲလိုက် လိမ်းကျံလေ၏ ။ ဆံပင် ကို သေသေချာချာ အလယ်ခွဲ ၊ ခင်မောင်ရင် လို ပြုံးပြီး စတိုင် လုပ်သည် ။ ယခု ခေတ်တော့ ဒစ္စကို ဆံပင် ပေါ့ ဗျာ ။
အဲ .. တော်တော်ကြာလို့ နေကလေး လည်း ပွင့်ရော သူ လိမ်းထားသော အုန်းဆီများ အရည် ပျော်ပြီး စီးကျကုန်ပါရော ။
သည်ကိစ္စနှင့် ပတ်သက်၍ သွား စပ်စုမိသော မတင်လှ ခမျာ မောင်ကျော် ၏ ရှက်ရမ်းရမ်းခြင်း ကို ခံရလေတော့သည် ။
သူတို့ အုပ်စု ထဲ မှာတော့ အသားကလေး ညိုညက်ညက် ၊ အရပ်
မနိမ့်မမြင့် နှင့် ယဉ်သော မခင်ညို တစ်ယောက်သာ ဣန္ဒြေရရ ထိုင်ပြီး ( ၃၈ ) ဖြာ မင်္ဂလာတရား သံပေါက်ကို ကျက်မှတ် နေလေသည် ။
ကလေးတို့ ပျော်ရွှင် မြူးထူးနေကြချိန်မှာပင် အလွန် ထိတ်လန့် တုန်လှုပ်ဖွယ် ကောင်းသော ကပ်ဆိုးကြီး တစ်ခု သည် ကျောင်းခန်းကြီး အတွင်း သို့ ဝင်ရောက်လာပါတော့သည် ။ ထို ကပ်ဆိုးကြီးက တခြား ဟုတ်ပါရိုးလားဗျို့ ။
အာစရိယ ကပ်ဆိုးကြီးပေါ့ ။
ဆရာကြီး သည် ခေါင်းစွပ် ၊ ဆွယ်တာ ၊ ကုတ်အင်္ကျီ အပြင် စောင်တစ်ထည် ကို ခြုံလျက် လက် တစ်ဖက် က သင်ခန်းစာ စာအုပ်များ ၊ လက် တစ်ဖက် က အငွေ့တလူလူ ထွက်နေသော ရေနွေးကရား ။
ဆရာကြီး အတန်းထဲ ရောက်လာခြင်း သည် ရေအိုးထဲသို့ မီးခဲ ကျသလို ရှဲခနဲ ဂယက်ထ သွားစေလေ၏ ။
မသန်းရင် ခမျာ မှာ ဖိုးစိန်ကြီး ကပြသော တာနောဇာတ် ကို ပြောနေရင်းဖြစ်လေရာ ဇာတ်သိမ်းခန်းနား ရောက်ကာမှ ဆရာကြီး ဝင်လာ သဖြင့် မဆတ်တငံ့ကြီး ဖြစ်နေရှာ၏ ။
တစ်မျိုးပြီး တစ်မျိုး စားနေသော မအေးမြင့် မှာလည်း စားလျက် တန်းလန်း ပလုတ်ပလောင်း ဖြစ်ကာ ပါးစပ် မှ မုန့်များကို မျိုချရ အခက် ။ ငုံထားရ တော့လည်း နဂိုထက် ပိုပြီး ပါးကြီး ဖောင်းနေသဖြင့် ဒုက္ခ ရောက် နေရှာ၏ ။
ဆရာကြီး သည် သူ အတန်း ထဲ ဝင်ကာမှ ကျောင်းသူကျောင်းသားများ ငြိမ်ကျသွားသည် ကို သတိထားမိ၏ ။ သူ မလာခင် က မည်မျှ ပျော်ရွှင် နေကြကြောင်းကို သဘောပေါက်ထား၏ ။ ထို့ကြောင့် စိတ်ဆိုးလေ၏ ။
“ ဟင် ... ခွေ း တိရစ္ဆာန်တွေ ၊ ဟင် ငါ နေမကောင်းရုံကလေးနဲ့တောင် ဒါလောက် ပျော်နေကြရင် ငါများ သေသွားရင် ထများ ကကြမယ့် ဟာတွေ ”
ဤသို့လျှင် ကြိမ်းမောင်းပြီး ကြိမ်လုံး ကို ဆွဲလေသည် ။
“ လာကြ ၊ အားလုံး တစ်တန်းလုံး ငါ့ စားပွဲနားကို ”
ကလေးတို့ အားလုံးကို သူ ၏ စားပွဲကြီး အနီးသို့ ခေါ်ပြီး ဝန်းရံလျက် မတ်တတ်ရပ်စေလိုက်သည် ။
သင်ခန်းစာ တစ်ခုကို သူ က နှုတ်တိုက် ချပေး၏ ။
ကလေးတို့ ကို လိုက် ဆိုစေ၏ ။
“ ဆိုကြ ဆိုကြ ဆယ်ခါဆို သေအောင်ဆို ... ဆယ်ခါဆို သေအောင်ဆို ”
ဆယ်ခါဆို သေအောင်ဆို ဟု အော်ရင်း ကြိမ်လုံးကို စားပွဲပေါ် စည်းဝါးကျကျ ရိုက်ရင်း …. ။
°°°°° °°°°° °°°°°
အထက်ပါ အဖြစ်အပျက်သည် လွန်ခဲ့သော နှစ်ပေါင်း ခြောက်ဆယ်ခန့်က ဖြစ်ပျက်ခဲ့သော ဤ သတ္တလောကကြီး ၏ မထင်မှတ်ဖွယ် အသေးအမွှား ကိစ္စကလေး မျှသာ ဖြစ်ပါသည် ။
ထို အဖြစ်အပျက်တွင် ပါဝင်သူများ မှာ -
မအေးကြင် ( ယခု ဆရာမောင် ဆေးနီလုံး ၊ ဆရာမောင် ၏ သမီး ၊ ကျွန်တော့် ကြီးတော် ဒေါ်အေးကြင် )
မသန်းတင် ( မြန်မာ့ဘဏ် - ၁ မှ အရာရှိ ဦးလှမောင် ၏ ဇနီး )
မခင်စန်း ( မြန်မာနိုင်ငံ မီးရထား မှ အရာရှိ ဦးစိုးလွင် ၏ ဇနီး )
မတင်လှ ( ယခု မူလတန်း ကျောင်းအုပ်ဆရာမကြီး )
မောင်ကျော် ( ယခု အငြိမ်းစား ဗိုလ်မှူးကြီး မောင်ကျော် ) နှင့်
မခင်ညို ( ကျွန်တော့် အမေ ) တို့ ဖြစ်ကြပါသည် ။
°°°°° °°°°° °°°°°
အရေးကြီးသည်မှာ အထက်ပါ အကြောင်းအရာများ မဟုတ်ပါ ခင်ဗျား ။
ဖော်ပြပါ ဆရာကြီး ( ဦးထွန်း ) ဆုံးပါးခြင်းသာ ဖြစ်ပါသည် ။ ထိုဆရာကြီး သည် အသက် ကိုးဆယ်ကျော် အရွယ်တွင် ကွယ်လွန်ပါသည် ။
သူ ကွယ်လွန်ချိန် တွင် ကျွန်တော် ပြောပြခဲ့သော မခင်ညို ( ကျွန်တော့် အမေ ) စသော ကျောင်းသူများ သည် ငါးဆယ်ကျော် ၊ ခြောက်ဆယ် အတွင်း အရွယ် သို့ ရောက်နေကြပါပြီ ။
ထိုအချိန် အဲ .. ဆရာကြီး ကွယ်လွန်ချိန် သူ ၏ အသုဘ သို့ တပည့် များစွာ လာကြကုန်၏ ဆိုလျှင် လွန်အံ့ မထင် ။
တပည့် ကျောင်းသားများ သည် ဆရာကြီး ၏ အသုဘ သို့ အားတက်သရော ဝမ်းနည်းပက်လက် လာကြပါသည် ။
ဟိုး ... ငယ်ငယ် ယခင် အခါက မိမိတို့ ချစ်ကြောက် ရိုသေခဲ့ရသော ဆရာကြီး ၏ နောက်ဆုံးခရီး မဟုတ်ပါလား ။
ဆရာကြီး ဆုံးပါးခြင်း ထက် အရေးကြီးသော အကြောင်းကို ပြောပြပါရစေ ။
အခြား မဟုတ်ပါ ။
ကျွန်တော့် အမေ ငိုခြင်း ဖြစ်ပါသည် ။
ဆရာ တစ်ယောက် ဆုံးပါးသောကြောင့် တပည့်မ တစ်ဦး ငိုခြင်းသည် မဆန်းပြား ဟု ထင်ရသော်လည်း တကယ်တော့မူ ကျွန်တော့် အမေ သည် မှတ်မှတ်ရရ ကျွန်တော့် တစ်သက် နှင့် တစ်ကိုယ် ဘယ်တုန်းကမှ ငိုခဲ့သည်ကို မတွေ့ဖူးခဲ့ပါ ။
ကုန်ကုန် ပြောရလျှင် ကျွန်တော့် အဖေ နှင့် ကတောက်ကဆ ဖြစ်တုန်းက ပင်လျှင် ငိုခဲ့သူ မဟုတ်ပါ ။
သို့သော် ထိုနေ့က အမေ ငိုရှာပါသည် ။ အမေ ဘာကြောင့် ငိုပါသနည်း ။
အခြား ဟုတ်ပါရိုးလား ။
အမေ နှင့် သူ ၏ သူငယ်ချင်းများ အားလုံး ဆရာကြီး ၏ အလောင်းကို ဂါရဝပြု ( နောက်ဆုံး ) နေချိန်တွင် အမှတ်မထင် ပါဘဲလျက် အမေ တို့နှင့် ငယ်ငယ်က တစ်တန်းတည်း ကျောင်းနေဘက် မဖွားစိန် ( ယခု ဒေါ်ဖွားစိန် ) ၏ အော်ကြီးဟစ်ကြီး ငိုယိုလိုက်သံကြောင့် ဖြစ်ပါသည် ။
ဒေါ်ဖွားစိန် ငိုယိုလိုက်ပုံမှာ အောက်ပါအတိုင်း ဖြစ်ပါ၏ ။
“ ဆရာကြီးရယ် ဆရာကြီး သေလို့ ကျွန်မတို့ မကကြပါဘူး ၊ ငိုပါတယ် ရှင် ”
◾သုမောင်
📖 ကျိုက္ခမီ အထက ငွေရတုမဂ္ဂဇင်း ၊
ဒီဇင်ဘာ ၊ ၁၉၈၀
No comments:
Post a Comment