Monday, March 3, 2025

မောင့် ကို ဘယ်သူမှ မချစ်ရဘူး



 

❝ မောင့် ကို ဘယ်သူမှ မချစ်ရဘူး ❞ 

“ အေး ကောင်းတယ် ” 

“ အမယ် ဦးနားဝေး ဒီတစ်ခါ တော့ ထောက်ခံချက်တွေ ဘာတွေ ပေးလို့ပါလား ”

“ ဟုတ်တာကို ပြောတာပါကွာ ”  

“ ဦးနားဝေး ကို ဆရာ တင်လိုက် ပြီ ဆရာ ၊ ကဲ လင်းစမ်းပါဦး ဆရာသမား ရယ် ”

“ ငါ မကြိုက်ဘူးကွ ”

“ ဟ ခင်ဗျား သူများ ယောက်ျား ကို သွားကြိုက်လို့ ဘယ်ရပါ့မလဲ ”  

“ ငါ မဟုတ်ဘူး ၊ ကြိုက်တဲ့ သူတွေ ရှိနေလို့ ”

“ ကဲ ဗျာ ဟောဒီ မှာ အဖန်ကလေး ” 

“ အဲဒီ အဖန်ကလေး ပဲကွ ၊ ဒုက္ခ ပေးသွားတာ ” 

ဤသို့ဖြင့် ကျွန်တော် နှင့် ဦးနားဝေး ၊

“ စကား အကောင်း ပြောဗျာ ”

“ ဘယ်တုံးကများ မကောင်းတာ ပြောဖူးလို့လဲ ကောင်ရာ ”  

အမှန်မှာ အေးကြည်မြင့် နှင့် မောင်ချက်ကြီး တို့ အကြောင်း က စ သွားခြင်း ဖြစ်ပါ၏ ။

ချက်ကြီး နဲ့ အေးကြည်မြင့် တို့ လင်မယား အရမ်း ချမ်းသာတာဗျာ ။

ဘယ်လို ချမ်းသာလာသလဲ ၊ ဘာတွေ လုပ်သလဲ မမေးနဲ့ ဗျာ ။

ငယ်ငယ်က အလွန် ဆင်းရဲတယ် ။ အခု အသက်လေး ဆယ်ကျော် မှာ အရမ်း ချမ်းသာ ၊ အရမ်း သူဌေး ဖြစ်သွားတယ် ၊ ဒါဆို တော်ပြီပေါ့ ။

ကဲ အဲသလို ချမ်းသာတဲ့ လင်မယား အဲသလို ချမ်းသာတဲ့ မိသားစု ၊ တိုက်နဲ့ ကားနဲ့ စိန်နားကပ်နဲ့ လုပ်ငန်းကြီးကြီးနဲ့ ။

အေးကြည်မြင့် ၊

အသား ဖြူဖြူဝင်းဝင်းကလေး ၊ ကိုယ်ခန္ဓာ အချိုးအစား က လည်း အချိုးအချိတ် ကျပါဘိသနဲ့ ။

အလှကုန်ပစ္စည်း ရောင်းသူ ဆိုတော့ သူနဲ့ က လိပ်ဆေး ပဲ ဗျာ့ ။

အေးကြည်မြင့် သာ ရုပ်ရှင် တွေ ဗီဒီယို တွေ ဝင် ရိုက်မယ် ဆိုရင် ၊

အမယ်လေးဗျာ ၊ အခု လက်ရှိ မင်းသမီးတွေ ‘ အောက် ’ သွားမှာ ခင်ဗျာ့ ၊ အဲသလောက် လှတဲ့ အေးကြည်မြင့် ။

ချက်ကြီး ကတော့ အလု ပ်ကတော့ ကောင်းပါရဲ့ ၊ အရပ်ပုပု ၊ အသား မည်း မည်း ၊ န ဖူး မောက်မောက် ဘယ်လိုမှ ကြည့်မကောင်းတဲ့ ရုပ်ရည်ပါဗျာ ။

ဒါပေမဲ့

“ ဟဲ့ အေးကြည်မြင့် နင် ဘယ်လို ဖြစ်လာတယ် ”

အမှန်ပဲ ခင်ဗျာ့ ၊ ပေါင်လောက် အထိ ရောက်နေသော အလွန် ကျက်သရေ ရှိတဲ့ ဆံပင်အရှည်ကြီး ကို ဖြတ်ပစ်ပြီး တွန့်လိမ် ကွေး ကောက် တွေ လုပ်ပစ်လိုက်တယ် ။

မိတ်ကပ်တွေ ထူထူပိန်းပိန်း လိမ်းပြီး ၊ နှုတ်ခမ်းနီတွေ ရဲ နေအောင် ဆိုးပစ်လိုက်တယ် ။

“ ခင်ဗျား မသိဘူးလား ”

“ ဟင့်အင်း ”

“ ညံ့ပါ့ဗျာ ၊ ဒါနဲ့များ သူ့ ကိုယ် သူ သတင်းထောက်တဲ့ ” 

“ ဟာ ငါ က စီးပွားရေးလိုင်းလေ ” 

“ အခုလဲ စီးပွားရေး က စတာပဲလေ ”

“ အင်း ပြောပါဦး ”

“ ချက်ကြီး ပါသွားလို့ ”

“ အို ဘယ်ကို ဖားကန့် ကို လား ”

“ ဟာဗျာ ခင်ဗျား ”

မှန်ပေ၏ ။ ချက်ကြီး ပါသွားလေပြီ ။ ငြိမယ့် ငြိ တော့လည်း မည်းမည်းပုပု သွား ခေါခေါ ကောင်မလေး ၊ အကြံအဖန်ကလေး ။

“ ချက်ကြီး က ကြိုက်တာလား ၊ ကောင်မလေး က ကြိုက်တာလား ”

“ နှစ်ယောက်လုံး ကြိုက်ကြတာ ”

ဇာတ်လမ်း က ဤနေရာ တွင် မရပ်ပါ ။

အတည် ယူလိုက်ကြပါ၏ ။

အိမ်နှစ်ဆောင် ၊ မီးနှစ်ပြောင် ဖြစ်သွားလေ၏ ။

ထိုမှ ငါးနှစ် ကြာသောအခါ

ချက် ကြီးး ကလေး လေးယောက် ရ ။

ပထမဇနီး နှင့် နှစ်ယောက် ။

ဒုတိယဇနီး နှင့် နှစ်ယောက် ။

ဇာတ်လမ်း က မပြီးသေးပါ ။

ချက်ကြီး နှင့် ကလေးနှစ်ယောက် ကို ထားခဲ့ပြီး လစ်သွားလေပြီ ။ နောက်ဇနီးကလေး ။

ထိုမှ ငါးနှစ် ကြာပြန်သော အခါ ။

ယနေ့ ။

အေးကြည်မြင့် ၊ ဆံပင်တွေ တစ်ခေါင်းလုံး ဖွေးဖွေးဖြူ နေလေပြီ ။ အလွန် လှ အလွန် ကျက်သရေ ရှိခဲ့သော အေးကြည်မြင့် မျောက်အိုမကြီး ကဲ့သို့ ( ဒါဆို မြင်လောက်ပြီ ) ။

ချက်ကြီး ။

ကားပျောက် မယားပျောက် ။

လမ်းပေါ် ရောက်နေလေပြီ ။

အရက်ကြမ်း တွေ သောက်လွန်း အားကြီးသဖြင့် မျက်နှာ က ညိုမည်း ဖောရောင် နေလေပြီ ။ ဖားပြုပ် အပုပ်ကြီး နှင့် တူပါဘိ ။

ဘာ စီးပွားရေး မှ မရှိတော့ပါ ။

ချက်ကြီး ။

အဖြစ်ကြီး ဖြစ်ကာ ဖြစ်လာပြီး မှ ၊

လူချမ်းသာကြီး ဖြစ်ပြီးခါ မှ ၊

သူဌေးကြီး ဖြစ်လာပြီး မှ ၊

အိမ်ထောင်ရေး မှာ တစ်ချက်ကလေး စည်း ဖောက်မိသော အခါ ၊

တစ်ချက်ကလေး စည်းဖောက်မိသော အခါ ၊

တစ်သက်လုံး ရင်ဆိုင်လိုက်ရတာ က စီးပွားပျက်ခြင်း ဆိုသော ဆိုးကျိုး ။

▢ မောင်ချမ်းသာ

📖 ကုမုဒြာ ဂျာနယ်
     ၃၀ ၊ စက်တင်ဘာလ ၂၀၀၅

No comments:

Post a Comment