Showing posts with label မကျည်းတန် ( လွိုင်ကော် ). Show all posts
Showing posts with label မကျည်းတန် ( လွိုင်ကော် ). Show all posts

Saturday, February 28, 2026

ရိက္ခာယူကြသူများ


 

❝ ရိက္ခာယူကြသူများ ❞
▢ မကျည်းတန် ( လွိုင်ကော် )

ဤမြို့တွင် ပိုင်ရှင်ကိုယ်တိုင်လည်း မနေ ၊ ငှားရမ်းသူလည်း မရှိသော နှစ်ထပ်တိုက်ကြီး တစ်လုံး ရှိ၏ ။ ညသန်းခေါင် ရောက်ပြီ ဆိုလျှင် ထိုတိုက်ကြီး၏ အပေါ်ထပ် ဝရမ်တာတွင် ပါးလွှာဖြူဆွတ်သော ဝတ်စုံကိုဝတ်ကာ ဖြောင့်စင်းနက်မှောင်သော ဆံပင်ရှည်ကြီးကို ဝေ့ဝဲလျက် မိန်းမလှလေးတစ်ယောက် ကူးလူး သွားလာလေ့ရှိသည်ဟု ပြောသူက ပြောကြ၏ ။ မြင်သည်ဟု ဆိုသူက ဆိုကြ၏ ။ ညဉ့်နက်လာလျှင် မော်တော်ဆိုင်ကယ်သံကိုလည်း ကြားရတတ်သည်ဟု ပြောသူက ပြောကြ၏ ။ အများအထင်နှင့် အကြားအမြင်တို့ ဟုတ် ၊ မဟုတ် ဆိုသည်ကိုမူ .. ။

••••• ••••• •••••

[ ၂ ]

ဝရန်တာမှ မျှော်ကြည့်လိုက်လျှင် လှိုင်းလက်လက် ဖွေးနေသော မြစ်ပြင်ကို လှမ်းမြင်နေရသည် ။ မြစ်ကြောင်းထဲတွင် စက်လှေတို့ ကူးသန်းသွားလာနေကြသည် ။ မြစ်ပြင်မှ တိုက်ခတ်လာသော လေသည် ရင်ကို အေးမြမှု ပေးနိုင်လေစွ ။ သို့သော် သည်လေ နှင့် သည်ရှုခင်းသည်ပင်လျှင် တစ်စုံတစ်ယောက် ခံစားရန်အတွက် မြခွာညို ကဲ့သို့ပင် အဖြည့်ခံသက် သက်သာ ။

မှောင်ရီဝိုးတဝါး အချိန်တွင် နုသစ်လှပမှုကို အင်မတန် နှစ်သက်လေ့ရှိသော ဦး ... တစ်ယောက် လာနေကျဖြစ်သည် ။ ဦး .. လို့ ခေါ်ရပေမဲ့ အရွယ်က အဖေအရွယ်ပါ ။ သို့သော် ဘဘ လို့ ခေါ်၍ မဖြစ်ပါ ။ ဘဘတို့ ၊ ဘကြီးတို့ အခေါ်အဝေါ်များသည် မြခွာညို တို့ ပတ်ဝန်းကျင်နှင့် အဆင်မပြေပါ ။ ဘယ်လောက်ပင် အသက်ကြီးကြီး မြခွာညိုတို့ လောကမှာ ဦး မှ ဦး ပါပဲ ။ ဦး လာလျှင် သည်ဝရန်တာမှာပဲ နေရာယူသည် ။ ကောင်းပေ့ ၊ ဈေးကြီးပေ့ ဆိုသော ယမကာကို ၊ အကျအန တစိမ့်စိမ့် မှီဝဲခံစားမည် ။ ဦး ခံစားသည့် အထဲတွင် မြခွာညို လည်း ပါဝင်သည် ။ ဦး သောက်သုံးမှီဝဲနေ ချိန်တွင် မြခွာညို သည် ဦး၏ ပခုံးကြော ၊ ဇက်ကြော ၊ လက်ပြင်ကြော စသည်တို့ကို ဖြူနုသော လက်ကလေး ဖြင့် ဆုပ်နယ်ပွတ်သပ်ပေးရသည် ။ ထိုအချိန်တွင် ဦး၏ ဦးခေါင်းသည် မြခွာညို ၏ ရင်ခွင်ထဲတွင် မှေးငိုက်နေတတ်လေသည် ။

အတန်ငယ်ကြာလျှင် ဦး၏ ခန္ဓာကိုယ်သည် ပြေလျော့လာပြီး ဦး၏ ဇက်သည် နောက်မှီပေါ် မှေးတင်လာ၏ ။ ထိုအချိန်တွင် ခြေတင်ခုံ ပေးပြီး မြခွာညို သည် ခြေတင်ခုံနံဘေးသို့ ပြောင်းထိုင်ကာ ဦး၏ ခြေထောက်ပိုင်းကို ဆုပ်နယ်အကြောဖြေပေးရပြန်၏ ။

ဦး လာလျှင် မြခွာညို ကိုပဲ ခေါ်သည် ။ မြခွာညို ကို လက်စွဲ ။ ပြီးတော့ ဦး က အခန်း မသုံး ၊ လေညင်း ခံရင်း စည်းစိမ်ယူတတ်သည့် သူ ။ ပိုက်ဆံကိုလည်း သုံးနိုင်သလား မမေးနှင့် ။ သို့ရာတွင် မော်ကြွားတတ်သော ပုံစံမျိုးမဟုတ် ။ ငွေ ဆိုတာ သွေးအေးအေးနှင့် ရက်ရက်စက်စက် သုံးတတ်သော သူဖြစ်သည် ။ ကျေနပ်ပြီ ဆိုလျှင်တော့ ဦး က မှိန်းနေရာက ထမည် ။ မြခွာ ညို ကို ဘောက်ဆူး ပေးမည် ။ ကျသင့်သမျှ ငွေချေမည် ။ ပြီးလျှင် ဆိုင်ကယ်စီး ပြန်မည် ။

မြခွာညိုတို့ အလုပ်က ရိုးရိုးလေးပါပဲ ။ အဲလေ ရိုးတော့ မရိုးဘူးပေါ့ ။ တစ်မိသားနဲ့ တစ်မိသမီး ၊ သူစိမ်းတစ်ရံဆံ ၊ အဖိုနဲ့ အမ တွေ့ဆုံကြ ၊ မျက်နှာချင်းဆိုင် ဟေးလား ဝါးလား စားသောက်ကြ ၊ သီချင်းဆိုကြ ၊ ခြေဆုပ်လက်နယ်ပြုစုကြ ဆိုတာ ရိုးမှ မရိုးတာ ။ နည်းနည်းတော့ ဆန်းတာပေါ့ ။ တစ်ရက်ကို များများ မဟုတ်တောင် ဦးလို လူ ငါးယောက် ၊ ခြောက်ယောက် လောက်ပဲ အလုပ်ဖြစ်ဦးတော့ မြခွာညိုတို့ ဒူးနှန့် နေရုံပါပဲ ။

သည်အလုပ်က လှဖို့ပဲ လိုတယ် ။ ဣတ္ထိရူပံ ဓနံ ဆိုတာ သည်အလုပ်စစ်စစ်ပဲ ။ သည်အဝန်းအဝိုင်း ထဲမှာ မြခွာညို ကျင်လည်နေမိပြီ ။ သည်အရည်အချင်း က လွဲပြီး တခြား အရည်အချင်း မရှိတဲ့ မြခွာညို အဖို့ သည်အလုပ်က ဝင်ငွေပမာဏကိုလည်း စုံမက်နေမိပြီ ။

နေစောင်းပြီ ဆိုရင် မြခွာညို ဘယ်သူ့ကိုမှ လက်မခံတော့ဘူး ။ ရေကို ကျကျနန စိမ်ပြီးချိုး ၊ ခြေသည်းလက်သည်း ၊ ချိုင်း ၊ သွား ၊ အားလုံး ဂရုတစိုက် သန့်စင် ၊ အချိန်ပေးပြီး အလှပြင်တော့တာပဲ ။ မြခွာညို အလှပြင်တာက ပေါပေါပဲပဲမဟုတ်ဘူး ။ ပြေပြေကလေးနဲ့ လှုပ်ခတ်သွားအောင် ပြင်တာ ။ ညနေစောင်းမှာ မြခွာညို ဆီ လာမယ့်လူက ဝရန်တာ ဦးဦးလေ ။ ညင်းလေကလေး တဖြူးဖြူမှာ မြခွာညို ဟာ ပိုးသား ပျော့ပျော့လေးတွေ ၊ ဖဲသားပျော့ပျော့လေးတွေကို မရိုးအောင် ဝတ်လေ့ရှိတယ် ။ လေနဲ့အတူ ဝဲလွင့်နေတဲ့ ဆံမျှင်ရှည်တွေနဲ့ မြခွာညို ရဲ့ အလှဟာ ရှယ်ပါပဲ ။ ဦး က ကားနဲ့ မလာဘူး ။ လူသိမှာ စိုးလို့ ဆိုင်ကယ်နဲ့ပဲ လာတာ ။ ဆိုင်ကယ်ကို ထည်လဲ စီးတာ ။ ဦး အလုပ်က အရောင်းအဝယ်တဲ့ ။ ဒါကြောင့် နယ်စပ် ခဏခဏ ရောက်နေတာ ဖြစ်မှာပေါ့ ။

တစ်ရက်မှာတော့ ဦးက စကား အထူးအဆန်း တစ်ခု ပြောပါတယ် ။ ဦး မျက်စိတွေကတော့ ရီရီဝေဝေပါပဲ ။

“ မြညို ကိုယ်နဲ့ တစ်ညလောက် အဖော်လုပ် ပေးနိုင်မလား ” တဲ့ ။

ဦးက မြခွာညို ကို မြညို လို့ပဲ တုံးတိကြီး ခေါ်တယ် ။ အင်းလေ မြခွာညိုရဲ့နာမည်ရင်းကလည်း မြညို ပဲ ဥစ္စာ ။ သည်လောက ရောက်သွားရင် နာမည်တွေက ဆန်းသွားတတ်ကြတယ် ။ ဝိုင်းတင်မ က ဝိုင်းချစ်ဝေ တဲ့ ၊ ခင်ကြော့ က ကြော့ယမင်းခင် တဲ့ ။ ချစ်ချစ်ထွေး က စုပုံချစ် တဲ့ ။ အဟိ ရယ်စရာတော့ အကောင်းသား ။ မြခွာညို က ဦးကို မခို့တရို့လေး ပြန်ကြည့်လိုက်တယ် ။

“ တစ်ညတည်းလား မြခွာညို က တစ်သက်လုံး အဖော်လုပ်ချင်တာ ”

“ တစ်သက်လုံး ဟုတ်လား ။ အိပ်မက် မက်မနေနဲ့ မြညို ။ စိတ်ကူးလည်း ယဉ်မနေနဲ့ ။ ကိုယ်ခေါ် တဲ့အခါ မင်း လာနိုင်ရင် ပြီးတာပဲ ။ မင်းအတွက် ဆိုင်ကယ်တစ်စီး ပို့ပေးလိုက်မယ် ။ အဲဒီ ဆိုင်ကယ်က မင်း အတွက်ပဲ ၊ အပိုင် ယူလိုက်တော့ ”

နှလုံးသားနဲ့ ကြားနာရမယ် ဆိုရင် ဦး စကားတွေက ရင်နာစရာပါပဲ ။ ဒါပေမဲ့ နားနဲ့ နားထောင်တာဆိုတော့ ဆိုင်ကယ်တစ်စီး ဆိုတဲ့ အသံက နားဝင်ချိုပါတယ် ။ နယ်စပ်မှာ ဆိုင်ကယ်အသစ်တစ်စီးဆိုရင် လေး ၊ ငါးသိန်း ရှိတာလေ ။

ဦး ထည်လဲ စီးနေတဲ့ ဆိုင်ကယ်တွေ ထဲက တစ်စီးကို စိတ်ကူးနဲ့ စီးကြည့်လိုက်တယ် ။ ရင်ကလေး ကော့ ။ တင်ကလေး နောက်ပစ် ၊ ဆံပင်တွေက လေထဲ တလွင့်လွင့် အားပါး ။ အရသာ ရှိမှ ရှိ ၊ စီးလို့ ဝရင် အဲဒီဆိုင်ကယ်ကို ရောင်း ။ သည်အတောအတွင်းလည်း ဆုပ်ဆုပ်ခဲခဲစု ၊ ဆယ်သိန်းလောက် ရရင် ရွာကိုပဲ ပြန်တော့မယ်ကွယ် ။

သည်လိုနဲ့ ညပိုင်းရောက်ရင် ဦး ဆီက ဖုန်းကို မျှော်ရတယ် ။ ဦး ခေါ်ရင် အလှဆုံး ၊ အဆွဲဆောင်နိုင်ဆုံး ပြင်ပြီး ဆိုင်ကယ်လေးနဲ့ သွား ၊ ဦးက မိုးလင်းတဲ့ အထိ နေခွင့် မပေးဘူး ။ မနက် သုံးနာရီ ၊ လေးနာရီ လောက်ဆို ဆိုင်ကယ်လေးနဲ့ပဲ ပြန်လာ ၊ အဆင်ကို ပြေလို့ ။

အရှက်တွေ ၊ သိက္ခာတွေ ၊ တန်ဖိုးတွေ အဆုံးစွန် ကင်းမဲ့နေပေမဲ့ ဘဝ စားဝတ်နေရေးတော့ အဆင်ပြေသားပဲ ။ ပြီးတော့ ကိုယ်လည်း သာယာတာ ၊ တိမ်းမူးတာ ၊ ညွတ်ပျောင်းပျော်ဝင်တာတွေလည်း ရှိပါတယ် ။ ဒါပေမဲ့ ဦးက သိပ်ပြီး တိကျပြတ်သားတယ် ။ မနက် သုံးနာရီလောက်ဆို နှိုးပြီ ။

“ မြညို ပြန်ချိန်ရောက်ပြီ ” တဲ့ ။

မှိန်ပျပျ မီးရောင်အောက်မှာ မြခွာညို ဦးကို တိုးပြီး ဖက်ထားလိုက်တယ် ။

“ ဟင့်အင်းကွာ ၊ အိပ်ချင်သေးတယ် ။ ဦးရယ် မြခွာညိုကို ပြန်ဖက်ထား ”

“ မဖြစ်ဘူး မြခွာညို ၊ ပြန်ရမယ့် အချိန်ပဲကွာ ၊ ပြန်တော့နော် ၊ နောက်မှ ”

ဘယ်လိုပြောပြော ပြောမရတဲ့ လူမို့ မြခွာညို အိပ်ရာက ထရတော့တာပါပဲ ။ အဝတ်အစားကို သပ်သပ်ရပ်ရပ် ပြုပြင် ။ ဆိုင်ကယ်လေးကို ထုတ် ၊ စတတ် ဆွဲနှိုးပြီး အိပ်ချင်မူးတူးနဲ့ ပြန်လာရတဲ့ရက်တွေ များလာတယ် ။

သည်နေ့တော့ ဆိုင်ကယ်က ဗွေဖောက်တယ် ။ စတတ်ဆွဲပြီး နှိုးတာ ဘယ်လိုမှ နှိုးမရဘူး ။ သည်တော့ ကစ်စတတ်နဲ့ ခြေဆောင့်နှိုးရတော့တာပေါ့ ။ စကတ်အကွဲ ဝတ်ထားတော့ ရှိုးပဲ့လို့တာ ။ ဆောင့်ဆောင့်အောင့်အောင့်နဲ့ စက်နှိုးပြီး စီးထွက်ခဲ့တာ ဦးဆီ ရောက်တော့ ည ဆယ်နာရီ ထိုးလုပေါ့ ။

“ ဘာဖြစ်လို့ နောက်ကျနေတာလဲ ”

“ ဆိုင်ကယ် နှိုးမရလို့ ” 

“ ပြီးရော ”

ဦးက စကားဖြတ်လိုက်ပါတယ် ။ မြခွာညို ကတော့ ထုံးစံအတိုင်း ဦး စားတတ် ၊ ကြိုက်တတ်တာလေးတွေ ပြင်ဆင် ၊ ရေနွေးတဘက်လေးနဲ့ ဦးရဲ့ ကုပ်ပိုးတွေ ၊ ပခုံးတွေ ၊ ကျောပြင်တွေကို ပွတ်သပ်နှိပ်နယ် ပေး ။ သည်အချိန်မှာ ဦး စားနေတာတွေဟာ ညစာ မဟုတ်တော့ပါဘူး ။ ညလယ်စာ ပြောရမလား ၊ သန်းခေါင်ယံစာ ပြောရမလား ခပ်ခက်ခက်ပါ ။

မနက် သုံးနာရီထိုးတော့ ဦးကပဲ စပြီး နှိုးပါတယ် ။

“ မြညို ပြန်တော့နော် ” 

“ အင်း အင်း ”

မြခွာညို ဗျစ်ဆွဲကြီး လုပ်ရင်း မထချင် ၊ ထချင် ထလိုက်ပါတယ် ။ ဟုတ်တယ်လေ ။ အင်မတန် အိပ်ကောင်းတဲ့ချိန်ဥစ္စာ ။ မြခွာညို သဘောအတိုင်းဆို ရင်ဖြင့် မပြန်ချင်သေးပါဘူး ။ မက်မက်စက်စက်ကြီးကို ပြန်အိပ်ချင်သေးတာပါ ။ ဒါပေမဲ့ အခြေအနေက မပေးပါဘူး ။ လူမသိ သူမသိ အချိန်လာပြီး လူမသိ သူမသိ အချိန် ပြန်ရတဲ့ဘဝကို စက်ဆုပ်နေမိသလို ခံစားနေရပါတယ် ။ ရီဝေဝေ အိပ်ချင်စိတ်နဲ့ ဆိုင်ကယ် စတတ် ဆွဲနှိုးတော့ မနိုးဘူး ။ ဒါနဲ့ ခြေဆောင့်ပြီး နှိုးလိုက်တော့ အိပ်ချင်စိတ်က ကဲနေလို့ ကစ်စတတ် ချော်ပြီး မောင်းပြန်ရိုက်မိတာ ။

“ အားလားလား ” လို့ အသံထွက် အော်လိုက်မိပါရဲ့ ။

“ ဟေ့ ဟေ့ မအော်နဲ့ ရော့ ရော့ အသစ်တစ်စီး ယူသွား ၊ အဲဒါ ထားခဲ့လိုက် ”

ပတ်ဝန်းကျင်မှာ ဆူညံသံ မထွက်စေလိုတဲ့ ဦး က သော့အသစ်တစ်ချောင်း ထပ်ပေးပါတယ် ။ မြခွာညို က စက်နှိုးမရတဲ့ ဆိုင်ကယ်ကို ထားခဲ့ပြီး ဦး ပေးတဲ့ သော့နဲ့ နောက်တစ်စီးကို စတတ်ဆွဲနှိုးလိုက်ပါတယ် ။ ဝူးခနဲ စက်အနိုးမှာ မြေပြင်ထောက်ထားတဲ့ ခြေထောက်ကို ဆိုင်ကယ်ပေါ် မတင်ခင် ...

“ သွားမယ် ဦး ” လို့ နှုတ်ဆက်ခဲ့သေးတယ် ။

“ အေး အေး ဩော် မြညို ၊ ဒီဆိုင်ကယ်က မင်းစီးနေကျ တော့ဂီယာ မဟုတ်ဘူးနော် ။ ရောင်းဂီယာ သတိထား စီး ”

“ အင်းပါ ”

ဦး ပြောတာ စိတ်ထဲမှာ တစ်ခုမှ သဘော မပေါက်ဘူး ။ အိပ်ချင်တာပဲ သိတယ် ။ မြန်မြန်စီး မြန်မြန်ရောက် ။ အခန်းဖွင့် ခေါင်းထိုးပြီး အိပ်ချလိုက်ဖို့ပဲ စိတ်ကူးရှိတယ် ။

ဒါနဲ့ပဲ ဆိုင်ကယ်လေးဟာ လေးညှို့ဆွဲပြီး လွှတ်တင်လိုက်တဲ့ မြားတစ်စင်းလို သွန်ပြီးပြေးထွက်ခဲ့တယ် ။ တစ်လမ်းလုံး ရှင်းလင်းနေတာပဲ ။ ကားတွေ ၊ လူတွေ ၊ ဘာမှမရှိဘူး ။ အင်းလေ လောကကြီး အိပ်မောကျနေချိန်ပဲ ။ ငါသာ ဆိုပြီး တွေးမိတယ် ။

နံပါတ်ဖိုးဂီယာနဲ့ ပြင်းပြင်းစီးလာတဲ့ ဆိုင်ကယ်ဟာ လမ်းမကြီးကနေ ဖဲ့ဆင်းတဲ့ လမ်းသွယ်ထဲ အရောက် ၊ ချိုင့်ခွက်ထဲ ဒုန်းခနဲ ကျသွားတယ် ။ လူ မြောက်သွားပြီး ဟန်ချက်ပျက်သွားတဲ့ ဆိုင်ကယ်ကို ကပျာကယာ ခြေတစ်ဖက်တရွတ်ဆွဲ ထိန်းရင်း ချိုင့်ထဲကနေ ပြန်တက်လိုက်တယ် ။ ဖရီးဖြစ်ဖို့ ဂီယာအချိန်းမှာ ရုတ်တရက် ဖရီး မဖြစ်ဘဲ ဂီယာနံပါတ်ဝမ်း ဝင် သွားတဲ့အချိန်နဲ့ ဂီယာအဝင် အင့်ခနဲ ဆောင့်ထွက် သွားတဲ့အခါ ၊ လန့်ဖျပ်ပြီး လီဗာကို ဆွဲတင်လိုက်သလို ဖြစ်သွားတဲ့အချိန်မှာ တစ်ထပ်တည်းမှ တစ်ထပ်တည်းပဲ ။

“ ဘုရား ဘုရား ”

ဆိုင်ကယ်ဟာ အရှိန်ပြင်းစွာနဲ့ မြခွာညို ကို ဆွဲခေါ်သွားလိုက်တယ် ။

“ အမလေး ”

မြခွာညို အမြင်ထဲမှာ အုတ်တံတိုင်း ထူထူကြီး တစ်ခုပါပဲ ။

••••• ••••• ••••• 

[ ၃ ]

စောစောစီးစီး ကောက်ညှင်းပေါင်း ၊ ပဲပြုတ် ခေါင်းရွက် အရပ်လည် ရောင်းချသော ဈေးသည် မရှိသည့် ဤမြို့တွင် အုတ်တံတိုင်းနှင့် ဆိုင်ကယ် ဆောင့်ကာ လူနောက်ပြန် ပစ်ကျပြီး နောက်စေ့နှင့် လမ်းမ ရိုက်ထားသော မြခွာညို၏ အလောင်းကို လူနှင့် ယာဉ်များ နိုးကြားသောအချိန်ကျမှ တွေ့ကြရလေ၏ ။

ဤမြို့တွင် ပိုင်ရှင် ကိုယ်တိုင်လည်း မနေ ၊ ငှားရမ်းသူလည်း မရှိသော နှစ်ထပ်တိုက်ကြီးတစ်လုံးရှိ၏ ။ ညသန်းခေါင်ရောက်ပြီ ဆိုလျှင် ထိုတိုက်ကြီး၏ အထက်ဝရန်တာတွင် ပါးလွှာဖြူဆွတ်သော ဝတ်စုံကို ဝတ်ကာ ၊ ဖြောင့်စင်းနက်မှောင်သော ဆံပင်ရှည်ကြီးကို ဝေ့ဝဲလျက် ၊ မိန်းမလှလေးတစ်ယောက် ကူးလူးသွား လာလေ့ရှိသည်ဟု ပြောသူက ပြောကြ၏ ။ မြင်သည်ဟု ဆိုသူက ဆိုကြ၏ ။ ညဉ့်နက်လာလျှင် မော်တော်ဆိုင်ကယ်သံကိုလည်း ကြားရတတ်သည်ဟု ပြောသူက ပြောကြ၏ ။ ကြားသည်ဟု ဆိုသူကလည်း ဆိုကြ၏ ။ အများအထင်နှင့် အကြားအမြင်တို့ ဟုတ်မဟုတ် ဆိုသည်ကိုမူ ... ။

▢  မကျည်းတန် ( လွိုင်ကော် )
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
      ဒီဇင်ဘာလ ၊ ၂၀၁၀

Thursday, March 6, 2025

ကာရန်လွဲသံစဉ် ပိုးကြိုးမျှင်


 ❝ ကာရန်လွဲသံစဉ် ပိုးကြိုးမျှင် ❞ 

( မကျည်းတန် - လွိုင်ကော် )


လွတ်လပ်သော အရွယ်လတ် အမျိုးသမီး တစ်ယောက် ဖြစ်ပေမဲ့ ပုံစံ က ပေစုတ်စုတ်ပါ ။ ဆံပင်ရှည်ကြီး ကို မထုံးမဖွဲ့ဘဲ ကျစ်ဆံမြီး တစ်ချောင်းတည်း ကျစ်ပြီး ချထားတာ တံကောက်ကွေး ထိလုရော ။ အဲဒီလို ကျစ်ထားပြီးရင် သုံးလေးရက် ခေါင်းမဖြီးတော့ဘူး ။ နဖူးဆံစပ် သပ်လိုက်ရင် ပြီးရော ။ လူပုံစံ က စိုစိုပြည်ပြည် နဲ့ မြင့်တယ် ။ မျက်မှန်က လေးထောင့်ကိုင်း အနက် ။ မိန်းကလေး ပဲ ရွှေရောင်ကိုင်း နဲ့ မှန်ဝိုင်းကလေးတွေ ၊ ဘဲဥပုံလေးတွေ တပ်ပါတော့လား ။ အရွယ် လည်း နည်းနည်း နု သွားနိုင်တာပေါ့ ။ ခုတော့ မဟုတ်ပေါင် ။ ရွှေရောင်ကိုင်း နဲ့ မျက်မှန်ဝိုင်းလေး တစ်လက် လက်ဆောင် ပေးမိပါတယ် ၊ မျက်မှန်လေး ကြည့်ပြီး ဘာပြောတယ် မှတ်သလဲ ။ “ လှပါတယ် ၊ ဒါပေမဲ့ မကြိုက်ဘူး ၊ မယူချင်ဘူး ” တဲ့ ။ ပြီးတော့ ဆက် ပြောသေးတယ် ။ “ ရွှေရောင်ကိုင်းမျက်မှန်တွေဟာ ဂျပန်ကင်ပေတိုင်တွေ ကို ကိုယ်စားပြု သလိုပဲ ၊ ဖက်ဆစ်တော်လှန်ရေးဇာတ်ကားတွေ ကြည့်ရင် ဂျပန်ကင်ပေတိုင်တွေ ၊ ဂျပန်အလိုတော်ရိတွေ အမြဲ တပ်လေ့ ရှိတယ် ။ အဲဒီ ကတည်းက ကျွန်မ ရွှေရောင်ကိုင်းတွေ ကို မုန်းတာ ” တဲ့ ။ တကယ်တော့ အဲဒီ အမျိုးသမီး ဟာ ဖက်ဆစ်နယ်ချဲ့ခေတ် ကို မမီခဲ့ပါဘူး ။ မြင်လည်း မမြင်ဖူးခဲ့လိုက်ပါဘူး ။ အစွဲအလမ်း ကြီးတဲ့ ခံစားချက် သက်သက်ပါ ။ အဆန်းအပြား အလှပြင်ပစ္စည်းတွေ များပြားလှတဲ့ ခေတ် ထဲမှာ သနပ်ခါး ကို စွဲစွဲမြဲမြဲ လိမ်းပါတယ် ။ ပန်းလည်း ပန်လေ့ ရှိပါတယ် ။ စိုစိုညိုညို အသား မှာ သနပ်ခါး ဝင်းသလို ပန်းရနံ့တွေ ကလည်း သင်းနေလေ့ ရှိပါတယ် ။ 


“ ဘယ်ပန်း ကို အကြိုက်ဆုံးလဲ ” မေးရင် ... 


“ ဖြူပြီး မွှေးတဲ့ပန်း ” လို့ မဆိုင်းမတွ ဖြေနိုင်ပါတယ် ။ အနက် ၊ အဖြူနဲ့ ရှားသွေးရောင် ခြေညှပ်ဖိနပ်ပါးလေးတွေ ကို စီးလေ့ရှိပါတယ် ။ တခြား အရောင်တွေ စီးလေ့ မရှိပါဘူး ။ ခြေသည်း လက်သည်းတွေ က တုံးတုံးတိတိ အရောင်အသွေး မခြယ် ပကတိပါ ။


အလှအပ နဲ့ ပတ်သက် ပြီး အလေးအနက် မထားပုံ က အိမ့် အပြင်ဘက် ရောက် မှ ထူထူထဲထဲ မျက်ခုံးမွေး ကြား က သနပ်ခါး ကို လက်သည်း နဲ့ ခြစ်ချ တတ်ပါတယ် ။ ပါး နှစ်ဖက် ပေါ် က သနပ်ခါး ကလည်း မခြောက်တခြောက် ပါ ။ လက်ဖက်ရည်ဆိုင် ထိုင် ဖို့ ဝန်မလေး သလို ၊ ညစာစားပွဲတွေ နဲ့ ကြုံကြိုက်လို့ အရက် ဝိုင်းပါတယ် ဆိုရင်လည်း နှစ်ပက်သုံးပက် လောက်ကတော့ အေးအေးဆေးဆေး ပါ ။


အဲဒီ အမျိုးသမီး ကို ကိုယ် ခံစား နေမိပါတယ် ။ အလှဆုံး ခြယ်ပြီး အဆန်းဆုံး ဝတ်နေကြတဲ့ မိန်းမတွေ ထဲမှာ အဲဒီ မိန်းမရွယ် ကို စိတ်ဝင်စား နေမိတာပါပဲ ။ အခြေတကျ တည်ဆောက်ချင်တဲ့ ကိုယ့် အိမ်ထောင်ရေး မှာ ဒီ အမျိုးသမီး ရဲ့ ရိုးသားပွင့်လင်းမှု ၊ ဟန်မဆောင် ပရိယာယ် မရှိမှု တွေကို အလေးပေး စဉ်းစားနေမိပါတယ် ။ ကိုယ် က မနက်စောစော လမ်းလျှောက်တတ်တယ် ။ တစ်ရက် မှာတော့ လမ်းလျှောက် က အပြန် အဲဒီ အမျိုးသမီး ရဲ့ အိမ် ရှေ့မှာ ရပ်နေမိပါတယ် ။ အိမ်ရှေ့ လို့ ပြောရမယ့် အစား အခန်း ရှေ့ လို့ ပြောရမှာပါ ။ သုံးခန်းတွဲ တန်းလျားလေး တစ်ခု ရဲ့ အစွန်ဆုံး အခန်း မှာ နေတာပါ ။ နာရီ ကြည့် လိုက်တော့ မနက် ခုနစ် နာရီတိတိ ။ ဘေးနှစ်ခန်း က တံခါးတွေ ဖွင့်ထားပြီး ဖြစ်ပေမဲ့ အဲဒီ အမျိုးသမီး အခန်း က ပိတ်ထားဆဲ ။ မိန်းမရွယ် တစ်ယောက် တန်မဲ့ ဒီအချိန်ထိ အိပ်တုန်းလားလို့ ငြိုငြင်မိချင်ချင် ဖြစ်သွားရင်း တံခါး ကို နှစ်ချက် သုံးချက် ခပ်ဆတ်ဆတ် ခေါက် လိုက်မိပါတယ် ။ အတွင်း က ဘာလှုပ်ရှားသံ မှ မကြားရပါဘူး ။ နောက်ထပ် တစ်ခါ ခေါက် လိုက်ပါတယ် ။ ဒီ တစ်ခါတော့ တော်တော်လေး အသံ ကျယ် သွားတာမို့ အလယ်ခန်း က မိန်းမ တစ် ယောက် ထွက်လာ ကြည့်ရင်း .. 


“ အိပ်ပျော် နေတုန်းထင် တယ် ။ မနေ့ည က အတော် ညဉ့်နက်တဲ့ အထိ မီးမပိတ် သေးဘူး ၊ စာရေးနေတာနဲ့ တူတယ် ” လို့ ပြောပါတယ် ။ အဲဒီ အချိန်မှာပဲ ဂျလောက်ခနဲ မင်းတုပ်ကျသံ နဲ့ အတူ တံခါး ပွင့် လာပါတယ် ။


“ စောစောစီးစီး ဘာ လာလုပ်တာလဲ ” 


နှုတ်ဆက် မေးခွန်း က မအီမလည်ကြီးပါ ။ ပုံစံ က လည်း တကယ့်ကို အိပ်မှုန်စုံ မွှား ။ မိန်းမ တစ်ယောက် ရဲ့ အလှဆုံး အချိန်ဟာ မနက်ခင်း အိပ်ရာက ထချိန် ဆိုတဲ့ စကား သာ အမှန် ဆိုရင်တော့ ... အင်း ...


တစ်အုပ်တစ်မ တစ်ထွေးကြီး ဆံပင်တွေ ဟာ ဖြေလျော့ပြေနော့ နေပါတယ် ။ အပြင် ထွက်ရင် ဘယ်တော့မှ ဝတ်လေ့ဝတ်ထ မရှိတဲ့ ဘလောက်စ်အင်္ကျီ လက်ပြတ် ပါးပါးလေးကြောင့် ပခုံးသား ၊ လက်မောင်းသား တင်းတင်းလေးတွေ ကို တွေ့နေရပါတယ် ။


ပျက်တချို့ ၊ ကွက်တချို့ သနပ်ခါးများ တင်ကျန်နေတဲ့ မျက်နှာပြင် မှာ မျက်ခုံးထူထူကြီး နှစ်စင်း က အထင်ရှား ဆုံးပါ ။ နှာတံရိုး ပေါ်မှာတော့ မျက်မှန်ဒေါက်ရာ အညိုကွက်လေး နှစ်ခု ။ အဲဒါ အလှလား ချစ်ရင်တော့ လှမှာပေါ့ ။ မချစ်ရင်တော့ စိတ်ပျက်စရာ ပါပဲ ။ ပြောပါပြီကော ပေစုတ်စုတ်ပါလို့ ။ စိတ် ထဲမှာ မလှ တွေးတောရင်း ၊ ချစ် မချစ် ကို လည်း စဉ်းစားနေ ပါတယ် ။


ကိုယ့် ကိုယ် ကို ပြန် ကြည့်တော့ စပို့ရှပ်အဖြူ ဘောင်းဘီအဖြူ ၊ ဝေါ့ကင်း ရှူးအဖြူ ၊ မျက်နှာသုတ်ပဝါ အသေးစား အဖြူရောင်လေး ကို ဘောင်းဘီ နောက်အိတ်မှာ တိုးလိုးတွဲလောင်းလေး ထိုးထည့် ထားတော့ အိပ်မှုန်စုံမွှား ဖြစ်နေတဲ့ သူ့ မျက်လုံး ထဲ မှာ ဝင်းဦး နဲ့ တူလိုက်တာလို့များ တွေးမိလေမလား အောက် မိတုန်းရှိသေးရဲ့ .. 


“ ပြောလေ ၊ စောစော စီးစီး ဘာလာလုပ်တာလဲ ”  


မပျော့ပျောင်းတဲ့ အသံ ကို ထပ် ကြားလိုက်ရပြန်တယ် ။ သေချာတာကတော့ သူ ကိုယ့်ကို လုံးဝ မခံစားပါဘူး ။ ကျွန်းသားခေါက်တံခါးလေးကို ချပ်ချပ်ရပ်ရပ် ဖွင့်ရင်း မေးနေတာပါ ။ 


“ မနက်ခင်း လမ်းလျှောက်ပြီး အပြန်မှာ လက်ဖက်ရည် အတူ သောက်ရအောင် ဝင် ခေါ်တာလေ ။ မတွေ့ဖြစ် ကြတာလည်း ကြာပြီ မဟုတ်လား ”  


“ ဪ အဲသလိုလား ၊ ရတယ်လေ ၊ သုံးမိနစ်ပဲ စောင့် ၊ ဒီနားမှာ ထိုင် ။ ဒီစာအုပ် ခဏ ဖတ်နေ ”   


ခုံပုလေး တစ်လုံးချ ၊ စာအုပ်တစ်အုပ် လက်ထဲ ထိုး ထည့်ပေးပြီး နောက်ဖေးခန်း ထဲ သုတ်ခနဲ ဝင်သွားပါတယိ ။ ကိုယ့် မှာသာ အိုးတိုးအမ်းတမ်းနဲ့ ။


စားပွဲဝိုင်းလေး ပေါ်မှာ ရေးလက်စ စာရွက်တွေ ပြန့်ကျဲ နေပါတယ် ။ ဖယောင်း တိုင် နဲ့ မီးခြစ် က မီးပြတ်ရင် ထွန်းဖို့ အဆင်သင့် ။ ဘေးမှာ လည်း စာအုပ်တွေက ပုံလို့ ။ အလို ခေါင်းအုံး တစ်လုံး နဲ့ စောင်တစ်ထည် ကလည်း ဖရိုဖရဲပါလား ။ တန်တော့ မနေ့ က ဒီနား တင် သူ အိပ်တယ်ထင်ရဲ့ ။ 


တွေးနေတုန်းမှာပဲ ပြန် ထွက်လာတဲ့ အသံ ကြားလို့ ခေါင်းငုံ့ပြီး စာဖတ်ချင်ဟန် ဆောင် နေလိုက်ရတယ် ။ 


“ မနေ့ ညက မအိပ်ဖြစ်ဘူး ။ မနက် လေးနာရီ လောက် ကျမှ စာတစ်ပုဒ် ပြီးသွား တယ် ။ အဲဒီတော့ မှ ဗိုက်ဆာ မှန်းသိတယ် ။ အိမ် မှာလည်း ကော်ဖီ ပဲ အဆင်သင့် ရှိတာ ဆိုတော့ ကော်ဖီ ထဲ ထမင်းတစ်ခဲ ထည့်ပြီး တစ်ပန်းကန်ဖျော် သောက်ပစ်လိုက်တယ် ။ အဲဒီ နောက် ဒီနားမှာတင် အိပ်ပျော်သွားတာ ၊ အခု ရှင် လာ နှိုး မှပဲ နိုး တော့တယ် ”  


ဟင်း ... တကယ့်ကို ပေစုတ်စုတ်ပါပဲ ။ မအိပ်ခင် ခြေလက်ဆေးလို့ ၊ ဘုရား ဝတ်ပြုလို့ ၊ ဘာမှ လုပ်ပုံ မရ ။


“ ဘာလုပ်နေတာလဲ ၊ လက်ဖက်ရည် သောက်မှာ ဆို သွားမယ်လေ ”  


“ ဪ အင်း ”  


ရယ်ကျဲကျဲ နဲ့ ထိုင်ရာ က ထလိုက်ပါတယ် ။ သူ ကတော့ ကျစ်ဆံမြီး မကျစ်အားဘူး ထင်ပါရဲ့ ။ ဘီးကျော်ပတ်ကြီး ပတ် ထားလိုက်တာ ဆံထုံးကြီး ကို အယ်နေတာပဲ ။ ခါးတင်အင်္ကျီလေး နဲ့ မာစရိုက်လုံချည်လေးနဲ့ ၊ ကတ္တီပါဖိနပ်အနက်လေး နဲ့ တကယ့်ကို သပ်သပ်ရပ်ရပ် ။ သုံးမိနစ် အပြင်အဆင် ပေါ့လေ ။  သူ့ အိမ်နဲ့ မနီးမဝေး မှာ ရှိတဲ့ လက်ဖက်ရည်ဆိုင် ကို ထွက်ခဲ့ကြတယ် ။ ရင်ပေါင်တန်း လျှောက်တာတောင် သူ က ကိုယ့် လက်ယာ ဘက် က ၊ လက်ဝဲဘက် မှာ မနေ တတ်တဲ့ မိန်းမ တစ်ယောက် ပါပဲ ။ လွယ်နေကျ အိတ်တစ် လုံး က ပခုံး မှာ တွဲလောင်း ။ 


“ အိတ်ကြီး က ထားခဲ့တာ မဟုတ်ဘူး ၊ ခဏတစ် ဖြုတ်လေးပဲ ဥစ္စာ ” လို့ ပြောတော့ ...


“ အဟက် ဒီ အိတ်ထဲမှာ မှတ်ပုံတင် ၊ သန်းခေါင်စာရင်း ၊ အရေးကြီးတဲ့ စာရွက် စာတမ်း အကုန်ပါတယ် ။ စိပ်ပုတီး ပါတယ် ။ ဓားမြှောင် ပါတယ် ။ မှတ်စုစာအုပ် နဲ့ ဘောပင် ပါတယ် ။ သော့တွဲ ပါတယ် ။ အပြင် ထွက်လာရင် အိမ်မှာ ကျန်ခဲ့တဲ့ ပစ္စည်းတွေ အတွက် ဘာမှ နောက်ဆံ မတင်းဘူး ။ လူပဲ ခိုးခိုး ၊ မီးပဲ လောင်လောင် ၊ ရေပဲ မြုပ်မြုပ် ၊ မုန်တိုင်းပဲ ကျကျ ဖြစ်ချင်တာ ဖြစ် ၊ တစ်ခုပဲ စာအုပ်တွေ လေ ၊ အဲဒါပဲ နှမြောတယ် ”  


အတွယ်အတာ နဲ ၊ အတွယ်အတာ ကင်းမဲ့သော သဘောထား ကို အောချ ခံစား ရပြန်ပါတယ် ။


“ လက်ဖက်ရည် တင် မဟုတ်ဘူးနော် ”  


“ စားပါ ၊ ကြိုက်တဲ့ မုန့်စား ”  


“ ဟင့်အင်း ပဲပြုတ် နဲ့ ထမင်းဆီဆမ်း တစ်ပွဲ ကို ကြက်ဥကြော် တစ်လုံးနဲ့ စားချင်တယ် ။ ပြီးမှ လက်ဖက်ရည် သောက်မယ် ။ ပြီးတော့ ... ” 


“ ကွမ်းတစ်ယာ မဟုတ် လား ” ဖြတ်မေးလိုက်တော့ ... 


“ အဟီး ” လို့ ရယ်ပါ တယ် ။ အဲဒီ ပေစုတ်စုတ် အမျိုးသမီးနဲ့ အပေါင်းအသင်း လုပ်ရတာ တကယ့်ကို မလွယ်ပါဘူး ။


ပဲပြုတ် နဲ့ ထမင်းဆီဆမ်း ကို ခေါင်းမဖော်တမ်း အားရပါးရ စားနေတာကို အသာ ကြည့်နေမိပါတယ် ။ ထမင်းပူပူ ၊ ရေနွေးကြမ်းပူပူ တို့ကြောင့် နဖူးဆံစပ် နဲ့ နှာခေါင်းဖျား မှာ ချွေးကလေးတွေ စို့နေကြပါ တယ် ။ ထမင်းတစ်ပွဲ ကုန်ခါ နီးမှာ “ လိုက်ပွဲ ” လို့ ပြောတော့ .. 


“ ဟိုး ဟိုး လုံလောက် ပြီ ” လို့ ပြောပြီး အနားမှာ အသင့် ရှိနေတဲ့ လက်ဖက်ရည်ခွက် ကို လှမ်း ဆွဲလိုက်ပါတယ် ။ မျက်နှာပြင်လေး တင်း နေတဲ့ လက်ဖက်ရည် ကို တစ်ရှိုက်မက်မက် တစ်ငုံ သောက်ချ လိုက်ပြီး နှုတ်ခမ်း ကို လျှာနဲ့ သိမ်းလိုက်ပါတယ် ။ ပြီးမှ တစ်ရှူးတစ်စ ဆွဲယူပြီး ခပ်ကြမ်းကြမ်း သုတ်ပစ်လိုက် ပါတယ် ။ နှုတ်ခမ်းနီ ဆိုး မထားတဲ့ အတွက် နှုတ်ခမ်းနီ ပျက်မှာ မစိုးရိမ်ရပါဘူး ။ 


“ ဒီရက်ပိုင်း ဘယ် ပျောက် နေတာလဲ ”  


စကား စ မေးလိုက်တော့ ရုတ်ခြည်းပဲ ပြန် ဖြေပါတယ် ။


“ မြို့ပြင် က အမှိုက်ပုံကြီး နား သွားနေတာ ” 


“ ဘာ ... ” 


အလန့်တကြား အော်မိ ပါတယ် ။ မြို့အပြင်ဘက် အစွန်အဖျား မှာ တစ်မြို့လုံး က စွန့်ပစ်ကြတဲ့ အမှိုက်ပုံကြီး ရှိပါတယ် ။ အဲဒီ နားမှာ အိမ်ခြေယာမဲ့ လူတစ်အုပ် တစ်စု နေ ထိုင်ကြပါတယ် ။ သိပ် သန့်တဲ့ နေရာ မဟုတ်ပါဘူး ။ အဲဒီလို နေရာမျိုးကို ဘာကိစ္စ နဲ့ သွားရတာလဲ ။ ဒီမိန်းမ ရှုပ်ရှုပ်ယှက်ယှက် ဆိုတဲ့ စိတ် ထဲက အတွေးနဲ့ “ ဘာ ” လို့ အော် လိုက်မိတာ တောင် မတုန်မလှုပ်ပါဘူး ။ 


“ ဟုတ်တယ် ၊ အဲဒီ နား မှာ စာသင်နိုင်တဲ့ အရွယ် ၊ ကလေး အယောက် နှစ်ဆယ် လောက်ရှိတယ် ။ သူတို့ ကို စာ သွား သင်ပေးတာ ။ အရေး ၊ အဖတ် ၊ အတွက် တတ်အောင် ပေါ့ ။ တစ်နှစ် ကြာချင် ကြာမယ် ၊ နှစ်နှစ် ကြာချင်ကြာမယ် ။ ကိုယ့် ထမင်း ကိုယ်စား ၊ ကိုယ့် စက်ဘီး ကိုယ် စီးပြီး ပညာဒါန သွားပြုနေတာ ”  


“ ခင်ဗျား ရူးနေလား ”  


“ အင်း ဟုတ်ချင် ဟုတ်ပါလိမ့်မယ် ။ ဒါပေမဲ့ ထူးလာမယ့် အချက် ကတော့ နောက် နှစ်နှစ် ၊ သုံးနှစ် လောက်ကြာ ရင် အဲဒီ နေရာက ကလေး တချို့ စာရေးတတ် ၊ ဖတ်တတ် လာလိမ့်မယ် ။ စာဖတ် တတ်လာရင် သူတို့ စာအုပ်တွေ ကို ရှာဖွေ ဖတ်ရင်း ဖတ်ရင်း နဲ့ သူတို့ ဘဝတွေ ကို သူတို့ ဘာသာ ပြောင်းလဲလာနိုင် ပါလိမ့်မယ် ” 


ကိုယ့် ကို စေ့စေ့စိုက် ကြည့် နေတဲ့ မျက်လုံး အစုံဟာ ယုံကြည်ချက် ခိုင်ခိုင်မာမာ ရှိ ကြောင်း ဖော်ပြ နေသလိုပါပဲ ။ 


“ ခင်ဗျား ... ဗျာ ... ”  


စိတ်ပျက်စိတ်ကုန် ဖြစ် သွားတဲ့ ကိုယ့် ရဲ့ အသံနဲ့ ဟန် ကို သူ က တောင် ပြန်ပြီး ပြုံး ကြည့် နေလိုက်ပါသေးရဲ့ ။ 


“ ဘဝ ဆက်တိုင်း ၊ ဘဝ ဆက်တိုင်း သူတောင်းစား ဘဝ ရောက်ရပါလို၏ ၊ အခြေအနေ မဲ့ ဘဝ ရောက်ရပါလို၏ လို့ ဘယ်သူမှ ဆုတောင်း ဆု ယူ မပြုလောက်ကြပါဘူး ။ အကြောင်းကြောင်း ကြောင့် ဒီ ဘဝ ရောက် နေသူ တွေကို ကျွန်မတို့ ကိုယ်ချင်း စာရမှာ ပါ ။ လူ တစ်ယောက် အထူးသဖြင့် ကလေး တစ်ယောက် ရသင့်ရထိုက်တဲ့ ပညာသင် အခွင့်အရေး ကို ကျွန်မတို့ လမ်းဖွင့် ရှာဖွေပေးရမှာပါ ။အဲဒါ အတွက် ကျွန်မ တတ်စွမ်းသမျှ လုပ်ပေး နေတာပါပဲ ” 


“ ဟူး .. ”  


သက်ပြင်းချ ပြ လည်း သူ ဂရုမစိုက် ။


“ သိပ် စိတ်ဝင်စားဖို့ ကောင်းတာပဲ ။ မိဘ နဲ့ သားသမီး ချစ်ခြင်းမေတ္တာ ၊ မိဘကျေးဇူး ဆပ်ဖို့ သားသမီး ရဲ့ မျှော်မှန်းချက် ။ အဲဒါတွေ သံစဉ် လွဲ နေကြတယ် ။ အဲဒါကို အမှတ်မထင် ရင်နင့် အောင် ခံစားတွေ့ရှိ ကြားသိ လိုက်ရတယ် ။ မြို့ပြင် က အုပ်စု ထဲ မှာ အနာကြီးရောဂါသည် လင်မယား နှစ်ယောက် ရှိတယ် ။ သူတို့ မှာ ကလေး နှစ်ယောက် လည်း ရှိတယ် ။ အကြီးမလေး က ကျောင်း ထားရမယ့် အရွယ် ရောက်နေပြီ ။ တစ်နေ့တော့ သူ့ အမေ က သူ တောင်းရမ်းယူလာတဲ့ မုန့်တွေ ကို ချ ကျွေးတယ် ။ ကလေးမလေး က ထိုင်ပြီး မြိန်ရေရှက်ရေ စားနေတော့ သူ့ အမေ က အငယ်ကောင် ကို ခွံ့ကျွေး နေ ရင်း ပြုံးပြီး ကြည့် နေတယ် ။ စားပြီး ခဏ နေတော့ ကောင်မလေး က သူ့ အမေခေါင်း ကို သန်းရှာ ပေးတယ် ။ တွတ်တီးတွတ် တာ လည်း ပြောနေတယ် ။ သဘော ကတော့ တောင်းရမ်းပြီး မောပန်း ပြန်လာတဲ့ အမေ့ ကို ဝတ်ကြီးဝတ် ငယ် ပြုစုတာပေါ့လေ ။ အဲဒီ အချိန် မှာပဲ သူ ဟာ သူ့ အမေ ရဲ့ ပါး ကို နောက်က နေ သိုင်းဖက် နမ်းရင်း ပြောလိုက်တယ် ။ “ အမေ သမီး ကြီးလာရင် ပိုက်ဆံ လိုက်တောင်းပြီး အမေ့ ကို လုပ်ကျွေးမှာ ” တဲ့ ။ သူ့ အမေ က မျက်ရည်လည်ရွဲ အပြုံးနဲ့ “ ကြည့်စမ်း ကြည့်စမ်း ဖေ - မလေး ၊ သိတတ်လိုက်တာ ” တဲ့ ။ ကျွန်မ လေ ... ” 


“ သူတို့ လူနေမှုစ ရိုက်နဲ့ ဘ ဝ အခြေအနေ ၊ အဲဒီ ဘဝ အလိုက် မိဘ နဲ့ သားသမီး ကြား ချစ်ခြင်းမေတ္တာ ပြဆိုပုံ ၊ အဲဒီ ဘဝ ထဲက သမီး တစ်ယောက် ရဲ့ ရှေ့မျှော်မှန်းချက် ၊ အဲဒါတွေ ကို တွေးမိပြီး ကျွန်မ ရင် ထဲမှာ ကျဉ်ခနဲ နာ သွားရတယ် ။ အဲဒီ ဝေဒနာ အတွေး ကို ကျွန်မ စာ မဖွဲ့တတ်ဘူး ။ သံစဉ်တွေ လွဲနေပြီ ဆိုတာတော့ ရှင်းရှင်းကြီး သိတယ် ။ ဒါနဲ့ပဲ သူတို့ ဘဝ ကို ပညာ နဲ့ မြှင့်တင်ပေးမယ် လို့ ဆုံးဖြတ်ပြီး စာ သွား သင်တာ ” 


“ ကျွန်မ ကျောင်းလေး က အရိပ် ကောင်းတဲ့ သစ်ပင်ကြီး အောက်က မြေတလင်းပြင်ကလေး ပါပဲ ။ စာအုပ် ၊ ခဲတံ ၊ ပေတံ ၊ ခဲဖျက် ... အဲဒါတွေ ကျွန်မ ဝယ်ပေးတယ် ။ စာတွေ သင်ပေးတယ် ။ ကဗျာ တွေ သင်ပေးတယ် ။ ကမ္ဘာကြီး အကြောင်း ပြောပြတယ် ။ ပုံပြင်တွေ ပြောပြတယ် ။ သူတို့ ရဲ့ အလုပ်ချိန် ... အဲလေ တောင်းရမ်းရမယ့် အချိန် နဲ့ မတိုက်ဆိုင်နိုင်အောင် အချိန် ရွေးရတယ် ။ ကျွန်မ သေသေချာချာ ပြောနိုင်တာ တစ်ခုက ဘယ် မိဘမှ ကိုယ့် သားသမီး ကို မိမွေဖမွေ အဖြစ် သူတောင်းစား ဘဝ ကို ပေးချင်ကြ မှာ မဟုတ်ဘူး ဆိုတာပါပဲ ။ ဒါ့ကြောင့် ကျွန်မ ကို သူတို့ လိုလိုလားလား ကြိုဆို ကြပါတယ် ။ စိတ်မပူပါနဲ့ ”  


စကားရှည်ကြီး ပြောပြီး လက်ကျန် လက်ဖက်ရည် ကို ဂွတ်ခနဲ မော့ချ လိုက်ပါတယ် ။ လက်ဖက်ရည်ဆိုင် နဲ့ တစ်ဆက်တည်း ရှိတဲ့ ကွမ်းယာဆိုင် က လာ ပို့ထားတဲ့ ကွမ်းထုပ် ကို ဖွင့်ပြီး ကွမ်းတစ်ယာ ငုံ လိုက်ပါတယ် ။ စီစီရီရီ ရှိတဲ့ သွားလေးတွေ ဟာ ကွမ်းမစား ဘဲ နေရင် ပိုပြီး လှနေမှာပါပဲ ။ 


“ သူတို့ ထဲမှာ ခေါင်းဆောင် ဖြစ်တဲ့ ဘကြီး အမည် က ဦးသာစိန် တဲ့ ။ နှာနုရိုး ကျိုး နေတယ် ။ ခြေထောက် တစ်ဖက် က ပတ်တီးကြီး နဲ့ ၊ ချိုင်းထောက် ထောက် ပြီး သွားရတယ် ။ တစ်ခါတလေ ကျွန်မ ပြန်ချိန် နောက်ကျသွား ရင် မြို့ ထဲ အထိ လိုက်ပို့ဖို့ အဘ က လူ သုံးယောက် ထည့် ပေးတယ် ။ ကျွန်မ က စက်ဘီး ကို ဖြည်းဖြည်းမှန်မှန် စီး ၊ လူ သုံးယောက် ထဲ မှာ ရှေ့က ကြို သွားနှင့်တာ က တစ်ယောက် ၊ အလယ်က တစ်ယောက် ၊ နောက်ဆုံးက တစ်

ယောက် ညှပ်ပြီး မသိမသာ ခပ်ခွာခွာ လိုက်ပို့တာ ။ အောင်မာ ... အမည်ကျော်တွေ မှ ဘော်ဒီဂတ် ရှိတာ မဟုတ်ဘူး နော် ၊ ကျွန်မ မှာလည်း ဘော်ဒီဂတ် နဲ့ သိလား ... ဟား .. ဟား ဟား .. ”  

 

မိန်းမ မဆန်စွာ အားရ ပါးရရယ်လိုက်တဲ့ အတွက် လျှံထွက်ကျလုဆဲဆဲ ကွမ်းသွေး တွေ ကို ကပျာကယာ လက်နဲ့  ပင့်ထိန်းလိုက်ရပါတယ် ။ 


“ ဟူး ... ”   


သက်ပြင်း ချမိ ရင်း ချ နေမိတော့တာပါပဲ ။ 


“ သူတို့ နေထိုင် မကောင်း ဖြစ်ရင် သိပ် သနား ဖို့ ကောင်းတာပဲ ။ ဆေးရုံ က အဝေးကြီး မှာ ။ ဆေးခန်းတွေ ကလည်း လက် မခံချင်ကြဘူး ။ ဆေးဆိုင်က ဆေး တွေ ကို ပဲ မှန်းရမ်း ဝယ် သောက်ကြ ရတယ် ။ ဒါ့ကြောင့် ပညာ အလှူ ၊ ဆေးအလှူ ပေါ့ မကောင်းဘူးလား ။ ဝါသနာ ပါရင် ဆေး လိုက် ကုလို့ရတယ်နော် ” 


သူ့ စကား က ဆရာဝန် တစ်ယောက် ဖြစ်နေတဲ့ ကိုယ့် ကို မလုံမလဲ ခံစားရစေပါတယ် ။ ဒါပေမဲ့ သဒ္ဓါစိတ် တော့ ပေါက်မိ သလိုလိုပါ ။ တကယ့် သဒ္ဓါစိတ်လား ၊ သူ့ ကို စိတ်မချလို့ လိုက် စောင့်ရှောက် ပေးချင်စိတ်လား ဆိုတာတော့ သိပ် မကွဲပြားပါဘူး ။


“ ဟိုး အရင် ခေတ်က ဟယ်ရီတန် ၇ တန်း အောင်တယ် ဆိုတဲ့ ဘွားဘွား တစ်ယောက် လည်း ရှိတယ် ။ စိတ်ကောင်းနှလုံးကောင်း ရှိရှာပါတယ် ။ သူ က တစ်ဖွဲ့လုံး တောင်းရမ်း ထွက်တဲ့ အချိန်မှာ အစောင့် တာဝန် ယူရတယ် ။ ကျီးစောင့် ကြက်နှင် ပေါ့ ။ သူ့ အလုပ်ချိန် က ညနေ ၄ နာရီ နေချိုလောက်တဲ့ အချိန်ကျ မှ စတာ ။ တခြားသူ ဟုတ်ရိုးလား ။ ရှင့် ဆေးခန်း ဘေးနားမှာ ပုဆစ်တုပ်လေး ထိုင်ပြီး ပုတီးစိပ်ရင်း တောင်းနေတဲ့ အဘွားပေါ့ ။ မျက်စိ ထဲ ပေါ် ရဲ့လား ” 


“ အင်း အင်း အင်း ”  


သူ ပြောမှ မျက်လုံး ထဲ မြင်ယောင် လာပါတော့တယ် ။ ပြားပြားဝပ်လေး ထိုင်ပြီး တရားစာတွေ ရွတ်နေတတ် သော အဘွားကြီး တစ်ယောက် ၊ သံပရာသီးလုံးခန့် ဆံထုံးလေး က ထိပ်တည့်တည့် မှာ ။ သမံတလင်း ပေါ် ကြာကြာ ထိုင်ရင် ကုပ်ချည့် သွားမှာ တွေးပူ နေမိရင်း တစ်နေ့ နှစ်ရာ ၊ သုံးရာ မှန်မှန် အလှူငွေ ထည့်ပေးခဲ့ စမြဲ ။ 


“ ကလေးတွေ ကို အစ က ရိုင်းတယ်လို့ ထင်ခဲ့မိ တယ် ။ ဒါပေမဲ့ မဟုတ်ဘူး ။ သိမ်ငယ်စရာ ကောင်းတဲ့ သူတို့ ဘဝ ကို မာန နဲ့ အစားထိုး ထားကြတာ ။ ပြည်သူ့နီတိ နဲ့ လည်း ဝေးတယ် ။ သမားရိုးကျ ပတ်ဝန်းကျင် နဲ့ လည်း ကွာလှမ်းတယ် ။ ဒါနဲ့ပဲ သူတို့ ဒီလို ဖြစ်နေကြတာ ။ ကျွန်မတို့ တတ်စွမ်း သမျှ ဖေးမကူညီရမှာပဲ ။ သူတို့ မိဘတွေ အတွက် အလုပ်အကိုင် အခွင့်အလမ်း ၊ စားဝတ်နေရေး ၊ အဲဒီ အထိ တော့ ကျွန်မ မစွမ်းဆောင် နိုင်သေးဘူး ။ လောလောဆယ် မှာ ကလေးတွေ စာ တတ် ဖို့တော့ ကျွန်မ လုပ်နေပြီ ။ ကျန်းမာရေး နဲ့ ပတ်သက်လို့ ရံဖန်ရံခါ မှာ ရှင့် အကူအညီ လိုလာလိမ့်မယ် ထင်ပါတယ် ။ အဲဒီ အခါမှာ ရှင် ကျွန်မ ကို ကူညီနိုင်မလား ၊ ဟင် ... ”  


တော်တော် အဖြေရ ကျပ်တဲ့ မေးခွန်းပါပဲ ။ 


“ ကျွန်မ လို နေ့တိုင်း သွား ပေးဖို့ မဟုတ်ပါဘူး ။ တစ်ပတ် ၊ နှစ်ပတ် တစ်ခါလောက် ပေါ့ ။ ဖျားနာတဲ့ လူ ၊ အနာ ပေါက်တဲ့ လူ ၊ အဲဒါမျိုး ရှိလာရင် ကျွန်မ က ဘယ်နေ့ မှာ ဆရာဝန် လာမယ် ဆိုတာမျိုး ပြောထားမယ်လေ ။ ကျေးဇူး ပြုပြီး ကျွန်မ ကို ကူညီပါ ”  


မျှော်လင့်ချက် နဲ့ တောက်ပြောင် နေတဲ့ မျက်ဝန်းနက် တစ်စုံကို စူးစိုက် ကြည့်နေမိ ပါတော့တယ် ။ တိတိကျကျ ခံစားနေရတာ တစ်ခု ကတော့ ဒီ မိန်းမ အပေါ် အရင်လို သရိုးသရီ စိတ်တွေ ထက် လေးစား စိတ်တွေ ၊ ကြည်ညို စိတ်တွေ ဖြစ်ထွန်း နေမိတာပါပဲ ။ 


“ မနက်ခင်း ၊ ညနေ နဲ့ ညပိုင်း က ဆေးခန်း ထိုင် ၊ နေ့လယ် က ဆေးရုံ ။ နှစ်ဆယ့်လေးနာရီ ဂျူတီ ရှိနေတာက ဆရာဝန် အလုပ် ပဲ လို့ ပြောပြီး အချိန်အား မရှိဘူးလို့ တော့ မငြင်းလိုက်ပါနဲ့ ။ လုပ်ရမယ့် အလုပ်တွေ ကို ခဏ မေ့ထား လိုက်နိုင်တဲ့ အချိန်လေး ဟာ လူ တစ်ယောက် အတွက် အားလပ်ချိန်ပါပဲ ။ အချိန်တွေ ဟာ ကျွန်မတို့ အတွက် အဲသလောက် တန်ဖိုး ရှိပါတယ် ။ သူတို့ အတွက် ခဏလေးတော့ မအား အားအောင် လုပ်ပေးပါလို့ တောင်းဆိုချင်ပါတယ် ပလိစ် ” 


ရင်ဘတ် ထဲ ထိ ထိုးဖောက် သိမြင် ထားသလို ပြောနေတဲ့ စကားတွေ ပါပဲ ။ ထဘီစစ်စစ် ဝတ်တာ ၊ သနပ်ခါး လိမ်းပြီး ပန်းပန်တာ က လွဲရင် တစ်စက် က မှ မိန်းမ မဆန်တဲ့ ဒီ မိန်းမ ကို ကိုယ် မလွန်ဆန်နိုင် သလို ဖြစ်နေရ ပါတယ် ။


“ ကောင်းပြီလေ ၊ ကိုယ် ဂျူတီအော့ဖ် ဖြစ်တဲ့ အချိန်လေးတွေ ထဲ က ကြံဖန်ပြီး အချိန် ဖဲ့ပေးပါ့မယ် ။ တစ်ခုတော့ရှိ တယ် ။ ကိုယ် အဲဒီနေရာ ကို သွားတဲ့ အခါ ကိုယ့် ကား နဲ့ ခင်ဗျား အတူ လိုက်ရမယ် ”  


“ ဟင့်အင်း ... မလိုက်ဘူး ၊ မစီးနိုင်ဘူး ”  


ပြတ်ပြတ်သားသား ငြင်းဆန်ပါတယ် ခင်ဗျာ ။ ပြီးတော့ ...


“ ဘဝ ချင်း ကွာခြားချက် ကို ပြက်ပြက်ထင်ထင် မပြချင်ပါနဲ့ ။ သူတို့ ဂုဏ်ယူ အားကျလိမ့်မယ် ထင်သလား ။ သူတို့ သိမ်ငယ် သွားကြလိမ့် မယ် ၊ အားငယ် သွားကြလိမ့်မယ် ။ တစ်သားတည်း နေပြ မှ သူတို့ စိတ်ကို ဆုပ်ကိုင် နိုင်မှာပါ ။ ဒါ့ကြောင့် ကျွန်မ စက်ဘီး ကို ရှင် က ရှေ့က နင်း ၊ ကျွန်မ က ဆေးအိတ် ကိုင်ပြီး နောက်က လိုက် စီးမယ် ဘယ့်နှယ်လဲ ” 


ညာဘက် မျက်ခုံး ထူထူကြီး တစ်စင်း ကို ဆတ်ခနဲ ပင့်ချီ မေးမြန်း လိုက်ပုံ ကို ပဲ တမေ့ တမော ငေးကြည့် နေမိ ပါတော့တယ် ။


ဒီ မိန်းမ ရဲ့ ရင် ထဲ မှာ ကိုယ် လိုချင်တဲ့ အချစ် မရှိတာ ကို အထင်းသား တွေ့မြင် နေရပါတယ် ။ ဒီ မိန်းမ ရဲ့ ဘဝ မှာ အဲဒီလို အချစ် အတွက် အချိန် မရှိတာ ကို လည်း အတိုင်းသား သိမြင် သွားရပါတယ် ။ ဒီ မိန်းမ ဟာ ဘဝများစွာ တို့ရဲ့ ဟာကွက် နေရာတွေ မှာ မေတ္တာတရားတွေ နဲ့ ဖြည့်စွက် နေချင်တဲ့ မိန်းမ တစ်ယောက် သာ ဖြစ်နေပါတော့တယ် ။ ဒီလို မိန်းမမျိုး ဟာ ဇနီးမယား တစ်ယောက် ဘဝမျိုး မှာ ပျော်မွေ့တတ် မှာ မဟုတ်ပါဘူး ။


“ ဒီ့ထက် ကျယ်ပြန့် လာအောင် ကျွန်မ ကြိုးစားရဦး မှာပါ ။ ကျွန်မ နဲ့ ရှင် နှစ် ယောက်တည်း မနိုင်နင်းတဲ့ အခါ အဖွဲ့အစည်း တစ်ခု ဧကန် ပေါ်ပေါက်လာမှာပါပဲ ။ ဒါဆို ရင် ... ဒီ့ထက် ဒီ့ထက် ပိုပြီး လုပ်ဆောင်နိုင်ပြီပေါ့ ၊ မကောင်းဘူးလား ၊ ဟုတ်တယ်နော် ”  


“ ကောင်းပါ့ဗျား ၊ ဟုတ်ပါ့ဗျား ” 


ထေ့ငေါ့ခြင်း မဟုတ်ဘဲ တကယ့်ကို လှိုက်လှဲခြင်း များစွာ နဲ့ ထောက်ခံ လိုက်မိပါတယ် ။ ရင် ထဲ မှာ လည်း ရှင်းခနဲ ၊ လင်းခနဲ ဖြစ်သွားရပါတယ် ။


သေချာတာ တစ်ခု က တော့ ...


ဒီ မိန်းမ ကို စိတ် နဲ့ တောင် မပြစ်မှားရက်တော့တဲ့ အထိ လေးစားမြတ်နိုး ချစ်ခင် သွားမိရခြင်းပဲ ဖြစ်ပါတော့တယ် ။


 ▢ မကျည်းတန် ၊ လွိုင်ကော် ၊

📖 ရွှေအမြုတေ မဂ္ဂဇင်းသ

     ၂၀၁၄ ခု ၊ ဇူလိုင်လ