❝ ငိုရယ်ငိုရယ် ယောင်လည်လည် ❞
မန္တလေးမြို့ က ဘိုဓာတ်ပုံတိုက် ကို ရောက်တဲ့ အခါ တက်သစ်စ လူငယ်လေးတွေ အိုက်တင် အမျိုးမျိုး နဲ့ ဓာတ်ပုံရိုက် နေကြတာ ကို တွေ့ရတယ် ။ ဘိုဓာတ်ပုံတိုက် က Perfect အောင်မြင်ခြင်း မဂ္ဂဇင်း ၊ ကလျာမဂ္ဂဇင်း ၊ Beauty မဂ္ဂဇင်း စတဲ့ မဂ္ဂဇင်းတွေ အတွက် မျက်နှာဖုံးဓာတ်ပုံ ၊ အတွင်းဓာတ်ပုံ တွေ ရိုက်ပေး နေသလို ရွှေမန္တလေး ဂျာနယ် အတွက် လည်း ရိုက်ပေးတယ် ၊ ဓာတ်ပုံပြိုင်ပွဲတွေ ကို လည်း အစဉ်မပြတ် ဝင်ပြိုင်နေတယ် ။
ဓာတ်ပုံ အရိုက်ခံပေးတဲ့ အမျိုးသမီးလေး တွေ ထဲ မှာ မေပိုင်စိုး ကို ထူးခြားလို့ သတိထား မိတယ် ။ ကလေးမလေး ကို ဓာတ်ပုံရိုက်ဖို့ အိုက်တင် လုပ်ခိုင်းတဲ့ အခါ ကြိုးစားပမ်းစား လုပ်တာ တွေ့ရတယ် ။
“ သူ က သရုပ်ဆောင်တာ သိပ် ကြိုးစားတယ် ၊ အချို့ မော်ဒယ်တွေ ဆိုရင် ဓာတ်ပုံ တစ်ခါ ရိုက်ပြီး သူတို့ ပုံ ဖော်ပြ ခံရရင် ကျေနပ်သွားတာ ၊ တော်တော်နဲ့ ပြန် ပေါ် မလာတော့ဘူး ၊ မေပိုင်စိုး ကတော့ သုံးလေးရက် တစ်ခါ ဘာ ရိုက်စရာ ရှိသလဲ လာလာ မေး နေတာ ” လို့ ဓာတ်ပုံ ဘိုအဖွဲ့ က ကိုဇော်ဇော် က ပြောပြတယ် ။
မေပိုင်စိုး က ဗီဒီယို နှစ်ကား သုံးကား မှာ လည်း သရုပ်ဆောင် ရိုက်ကူးထားတယ် ။ ဇာတ်ကားတွေ ကတော့ မထွက်သေးဘူး ။ ရုပ်ရှင်ဗီဒီယို သရုပ်ဆောင်ကောင်း ဖြစ်ဖို့ သိပ်ပြီး ဆန္ဒ ပြင်းပြနေတယ် ။ သို့ပေမယ့် ကိုယ်ပိုင်ငွေ စိုက်ထုတ် ရိုက်ကူးဖို့ လည်း အင်အား မရှိဘူး ။ အပေးအယူတွေ နဲ့ စပွန်ဆာ လုပ်မယ့် စောင်မ ကြည့်ရှုချင်သူ လူကြီးမင်းတွေ ရှိပေမယ့် မေပိုင်စိုး က သူ့ ဂုဏ်သိက္ခာ ကို အထိအပါး မခံနိုင်ဘူး ၊ ဒီလိုနဲ့ လောလောဆယ် မှာ မိန်းကလေး ခမျာ အနုပညာလမ်းကြောင်း ပေါ်မှာ ယောင်လည်လည် ဖြစ်နေပါတယ် ၊ သူ့ အကြောင်း ကို ကျွန်တော် မေးတော့ ယခုလို ပြောပြတယ် ။
••••• ••••• •••••
အမှန်အတိုင်း ပြောရရင် ကလေး တုန်း က ကျောင်း မှာ ပေါ်ပြူလာ ဖြစ်ချင်တာပေါ့ ။ သမီး ကို တစ်ကျောင်းလုံး သိစေချင်တာ ၊ ထိပ်ဆုံးမှာ ပဲ ရှိစေချင်တာ ၊ အဲသည် စိတ် နဲ့ ပဲ စာ လည်း ကြိုးစားတယ် ၊ စာမှာ ထိပ်ဖြစ်ခဲ့တယ် ။ ကျောင်းကပွဲ ဆိုရင်လည်း ဝင် ကတယ် ၊ သူများ အားကျမယ့် ဘဝ ကို မက်မောခဲ့တယ် ။
ပထမဆုံး စင်ပေါ် တက် ကတာက အသက် ၁၁ နှစ် ၊ ငါးတန်း ။ ကသာ ကျောင်းကပွဲ မှာ ကတာ ၊ ကလေး ကတည်း က စင် ကြောက်တာ မရှိဘူး ၊ စင်ပေါ် တက်ရတဲ့ အရသာ ကို ကြိုက်တယ် ။ ကိုယ့် ကို ဝိုင်းကြည့်နေတဲ့ သူတွေ ကို စင်ပေါ် က နေ ပြန် ကြည့်ရတာ ကို ကြိုက်တယ် ။
သမီး သိနားလည်တဲ့ အရွယ် ကတည်း က အမေ နဲ့ အဖေ ကတော့ ဖိုက်တင်ပဲ ။ သမီး သုံးတန်း လောက် မှာ အမေ နဲ့ စိတ်ဆိုးပြီး အဖေ အိမ် က ထွက်သွားတယ် ။ နှစ်လ လောက် နေတော့ အဖေ ဆုံးပြီ ဆိုတဲ့ စာ ရောက်လာတယ် ။ အဲသည် ကတည်း က အဖေ့ ကို လုံးဝ မတွေ့ရတော့တာပဲ ။
အဲသည်တုန်းက သမီးတို့ က ကသာ မှာ ၊ အိမ် က ဆောက်လက်စ ၊ ပိုက်ဆံ တွေ ချေးပြီး ဆောက် နေတာ ။ အဖေ ပြန် မလာဘူး ဆိုတော့ ကြွေးတွေ အားလုံး အမေ့ ခေါင်းပေါ် ပုံကျလာတယ် ။ အမေ က ဝန်ထမ်း ၊ တာချီလိတ် ကို တောင်း ပြောင်းတယ် ။ ဝန်ထမ်း ထရန်စဖာ ပေါ့ ။ တာချီလိတ် မှာ အမေ့ ခမျာ တအား ရုန်းကန်ရရှာတာ ။
သမီး ကို ကသာ အိမ်မှာပဲ ထားခဲ့တယ် ။ အဘွားတွေ က စောင့်ရှောက်တယ် ။ ဦးလေးတွေ က ထမင်း ပို့ပေးတယ် ။ သမီး က ကျောင်း ဆက်တက်တယ် ။ ကလေး ဆိုတော့ ကျောင်းမုန့်ဖိုးတွေ ဘာတွေ လိုတာပေါ့ ။ အမေ ကလည်း အိမ်ကြွေး ဆပ်ဖို့ လုံးပန်း နေတာ ။ အမေ့ ဆီ ကလည်း မတောင်းရက်ပါဘူး ။
သမီးတို့ ခြံဝင်း ထဲမှာ အပင်တွေ က တော်တော် စုံတယ် ။ သခွား ၊ ရွှေဖရုံ ၊ ရုံးပတီ ၊ ကန်စွန်းရွက် ၊ ချဉ်ပေါင်ရွက် ၊ ဂေါ်သဇင်ပန်း တွေ လည်း ရှိတယ် ။ မြင်းစားတဲ့ ဘောက်လောက်ရွက်တွေ လည်း ရှိတယ် ။ သမီး က အစောကြီး ထပြီး ဝေလီဝေလင်း မှာ ခူးထားတဲ့ အရွက်တွေ ပွေ့ပြီး သူငယ်ချင်း ကို ခေါ် ၊ ဈေး ကို သွား ရောင်းတယ် ။ ဈေး ကလည်း အဝေးကြီးပဲ ။ ဈေး မှာ ဖျာခင်းပြီး ရောင်းရတာ ။ နေရာ က ဦးရာ လေ ။ ကလေးတွေ ဆိုတော့လည်း ငါးစိမ်းတန်း မှာ ငါးစိမ်းသည် တွေ ရန်ဖြစ်ရင် ဈေး မရောင်းဘဲ ထိုင် ကြည့်ချင် ကြည့် နေတာ ။ ( ရယ်လျက် )
ကသာ မှာ ကျောင်း တက်ရင်း သမီး တစ်တန်းပြီး တစ်တန်း အောင်တယ် ။ အမေ ကလည်း ရှမ်းပြည်နယ် ထဲ မှာ တော်တော် ကြာတယ် ။ တောင်ကြီး ၊ လားရှိုး ၊ မူဆယ် ၊ နန့်ခမ်း ၊ တစ်မြို့ ပြီး တစ်မြို့ ပြောင်း နေရတာ ။
သမီး ဆယ်တန်း အောင် တော့ အမေ က နမ့်ခမ်း မှာ ။ ကျောင်း ခဏပိတ် ထားတုန်း နမ့်ခမ်း နဲ့ ဗန်းမော် ကြား က ဗန်းမော်ကွက်သစ် ဆိုတဲ့ ရွာကလေး မှာ သမီး ကျောင်းဆရာမ ဝင် လုပ်တယ် ။ ကော်မတီခန့် ပေါ့ ။ သမီး အသက် က ၁၆ နှစ်ပေါ့ ။ သူတို့ က မြန်မာစကား သိပ် မတတ်ဘူး ။ စာသင်တော့ dog ဆိုရင် သမီး က ခွေးပုံကလေး ဆွဲပြတယ် ။ မဆွဲတတ်တော့ ခွေးပုံ က မပီဘူး ၊ သူတို့ နားမလည်ဘူး ။ ဒါနဲ့ ဝုတ် ဝုတ် ဆို ခွေးလို ဟောင်ပြ တယ် ။ ခွေးလို အမူအရာ လုပ်ပြတယ် ။ သူတို့ အချင်း ချင်း ပြန် ရှင်းပြတယ် ။ cat ဆို ကိုယ် က ကြောင် လို အော်ပြ ၊ ကြောင်ပုံ လုပ်ပြ ၊ သူတို့ ချင်း ပြန် ရှင်းပြ ၊ နောက်တော့ အဆင်ပြေ သွားတာပေါ့ ။
နွေ ကျောင်းပိတ်ရက် ရောက်တော့ သမီး က နမ့်ခမ်း နဲ့ ကသာ ဆိုင်ကယ် ကယ်ရီ လုပ်တယ် ။
ဆယ်တန်း အောင်တဲ့ အမှတ်ကောင်း တော့ သမီး နည်းပညာတက္ကသိုလ် တက်ခွင့် ရတယ် ။ ပထမနှစ် က လားရှိုး မှာ ၊ ကျောင်းသွား ကျောင်းပြန် မှာ နှုတ်ခမ်းနီဘူး တို့ ၊ မိတ်ကပ်ဘူး တို့ နယ်စပ် က သယ်ပြီး ရောင်း တယ် ။
သမီး ဒုတိယနှစ် ရောက်တော့ အမေ က ရန်ကုန် ပြောင်းရတယ် ။ ရန်ကုန် မှာ နှစ်နှစ် နေပြီးတော့ အမေ မန္တလေး ပြောင်းရပြန်တယ် ။ မန္တလေး နည်းပညာ တက္ကသိုလ် က BE ( Electrical Power ) ဘွဲ့ရတယ် ။
အမေ ကတော့ သမီး ကို BE ဘွဲ့ နဲ့ အင်ဂျင်နီယာ အလုပ် ကို ပဲ လုပ်စေချင် တာ ။ သမီး က သရုပ်ဆောင် အရမ်း လုပ်ချင်နေတော့ အမေ လည်း မတားရက် ဘူး ။
၂ဝဝဝ ပြည့်နှစ် က အမေ တာဝန်ကျရာ မူဆယ် ကို လိုက်သွားရင်း ရှမ်းပြည်နယ် မြောက်ပိုင်း ဖက်ရှင်ပြိုင်ပွဲ နဲ့ကြုံတော့ သမီး ဝင်ပြိုင်တာ ပထမ ရတယ် ။ ဒါနဲ့ တရုတ်ပြည် ယူနန်ပြည်နယ် ရွှေလီမြို့ မှာ လုပ်တဲ့ ချစ်ကြည်ရေး ဖက်ရှင်ပြိုင်ပွဲ ဝင်ပြိုင်ဖို့ အရွေး ခံရတယ် ။ တရုတ်ပြည်မကြီး ရဲ့ ပြည်နယ်ပေါင်းစုံ က လက်ရွေးစင်တွေ လာပြိုင်ကြတာ ။ မြန်မာပြည် က ရန်ကုန် က လာတဲ့ နှစ်ယောက် ရယ် သမီးရယ် သုံးယောက် ပြိုင်တယ် ။ ပြိုင်ပွဲဝင် ၅၃ ယောက် မှာ သမီး က စတုတ္ထ ရတယ် ။
သမီး သူငယ်ချင်းတွေ ကတော့ အလုပ် ထဲ ဝင်ကြပြီ ။ အချို့ဆို အရာရှိတွေ ဖြစ်ကုန်ပြီ ။ သမီး က ရုပ်ရှင် ဗီဒီယို သရုပ်ဆောင် ပဲ လုပ်ချင်တယ် ၊ အင်ဂျင်နီယာ လုပ်ဖို့ ဝါသနာ မပါဘူး ။
အမေ က မလုပ်စေချင်ဘူး ၊ စိတ်မချဘူး ၊ လက်လျှော့လိုက် တော့လို့ အမေ က ပြောတယ် ။ ( ပြောရင်း သူ ငိုပါတယ် ) သမီး လမ်းပျောက် နေပြီလို့ပဲ ထင် တယ် ။ ရိုးရိုးသားသား နဲ့ ကိုယ့် အရည်အချင်း ကို အသိအမှတ် ပြုတဲ့သူ အားပေးမယ့် သူ က ရှားပြီး စပွန်ဆာတွေ ပဲ များနေတယ် ။ ကိုယ့် ကိုယ် ကိုယ် အဆုံးရှုံး အနစ်မွန်း ခံပြီး သည် လမ်း ပေါ် တက်လျှောက်လိုက်ရင် ဖြစ်နိုင်တာ သိပေမယ့် သမီး ရဲ့ ဂုဏ်သိက္ခာ ကို တန်ဖိုးထားတော့ မမှန်တဲ့ လမ်း ကို မရွေးချင်ဘူး ။
သမီး ကို ရိုးရိုးသားသား နဲ့ အနုပညာ အစွမ်းအစ ပြခွင့်ပေးမယ့် ဆရာကောင်း သမားကောင်း တွေ့ ရင်တော့ သမီး ဘဝ တောက်ပ သွားလိမ့်မယ် လို့ သမီး ယုံကြည်တယ် ။ ဒါကြောင့်လည်း သမီး ကြိုးစားတယ် ၊ လေ့ကျင့်တယ် ၊ သင်ယူတယ် ။
ယုံကြည်ချက် ၊ မျှော်လင့်ချက် နဲ့ ရပ်တည်နေတာပဲ ။ အခွင့်အလမ်းတော့ ပေါ်လာမှာပဲ ။ ဖြစ်ကို ဖြစ်ရမှာပဲ ဆိုပြီး ကြိုးစားနေတာ ။
အရင် က ဗေဒင် မမေးဘူး ၊ မယုံဘူး ။ အခုတော့ စိတ် က မွန်းကျပ်လာ တော့ အင်အားတစ်ခု ရအောင် ဗေဒင် လည်း မေးတယ် ။ ထီပေါက်လို့ ကတော့ ချပြီပဲ ။ ( ရယ်လျက် )
အမေ့ ကျေးဇူး ကို အနုပညာ က ရတဲ့ ဝင်ငွေ နဲ့ သိပ် ဆပ်ချင်တာပဲ ။ သည် အလုပ် က ကုန်ကျစရိတ် သိပ်များတယ် ။ အိမ် က တောင်းနေရတာ အားနာတယ် ။ အမေ က ဘာမှ မပြောပေမယ့် ကိုယ် က တစ်ကိုယ်ကောင်း ဆန် နေပြီလားလို့ စိတ် က မလုံဘူး ။
ဒါကြောင့် အပြင်းအထန် ကြိုးစားပြီး နည်းလမ်း ရှာနေတယ် ။ တကယ် ဖြစ်ချင်တဲ့ ဆန္ဒ ရှိရင် ဖြစ်မှာပဲလို့ ယုံယုံကြည်ကြည် နဲ့ ကြိုးစားနေတယ် ။ ဒါပေမဲ့ အသက် က မနေဘူး ။ ကြီးကြီး လာနေတယ် ။ အခု ၂၃ နှစ် ရှိသွားပြီ ၊ အနုပညာ သရုပ်ဆောင် အလုပ် က အသက် ကလည်း စကား ပြောသေးတယ် ။
▢ ကျော်ရင်မြင့်
📖 ဘဝဇာတ်ခုံ အဖုံဖုံ
No comments:
Post a Comment