Thursday, March 6, 2025

ကာရန်လွဲသံစဉ် ပိုးကြိုးမျှင်


 ❝ ကာရန်လွဲသံစဉ် ပိုးကြိုးမျှင် ❞ 

( မကျည်းတန် - လွိုင်ကော် )


လွတ်လပ်သော အရွယ်လတ် အမျိုးသမီး တစ်ယောက် ဖြစ်ပေမဲ့ ပုံစံ က ပေစုတ်စုတ်ပါ ။ ဆံပင်ရှည်ကြီး ကို မထုံးမဖွဲ့ဘဲ ကျစ်ဆံမြီး တစ်ချောင်းတည်း ကျစ်ပြီး ချထားတာ တံကောက်ကွေး ထိလုရော ။ အဲဒီလို ကျစ်ထားပြီးရင် သုံးလေးရက် ခေါင်းမဖြီးတော့ဘူး ။ နဖူးဆံစပ် သပ်လိုက်ရင် ပြီးရော ။ လူပုံစံ က စိုစိုပြည်ပြည် နဲ့ မြင့်တယ် ။ မျက်မှန်က လေးထောင့်ကိုင်း အနက် ။ မိန်းကလေး ပဲ ရွှေရောင်ကိုင်း နဲ့ မှန်ဝိုင်းကလေးတွေ ၊ ဘဲဥပုံလေးတွေ တပ်ပါတော့လား ။ အရွယ် လည်း နည်းနည်း နု သွားနိုင်တာပေါ့ ။ ခုတော့ မဟုတ်ပေါင် ။ ရွှေရောင်ကိုင်း နဲ့ မျက်မှန်ဝိုင်းလေး တစ်လက် လက်ဆောင် ပေးမိပါတယ် ၊ မျက်မှန်လေး ကြည့်ပြီး ဘာပြောတယ် မှတ်သလဲ ။ “ လှပါတယ် ၊ ဒါပေမဲ့ မကြိုက်ဘူး ၊ မယူချင်ဘူး ” တဲ့ ။ ပြီးတော့ ဆက် ပြောသေးတယ် ။ “ ရွှေရောင်ကိုင်းမျက်မှန်တွေဟာ ဂျပန်ကင်ပေတိုင်တွေ ကို ကိုယ်စားပြု သလိုပဲ ၊ ဖက်ဆစ်တော်လှန်ရေးဇာတ်ကားတွေ ကြည့်ရင် ဂျပန်ကင်ပေတိုင်တွေ ၊ ဂျပန်အလိုတော်ရိတွေ အမြဲ တပ်လေ့ ရှိတယ် ။ အဲဒီ ကတည်းက ကျွန်မ ရွှေရောင်ကိုင်းတွေ ကို မုန်းတာ ” တဲ့ ။ တကယ်တော့ အဲဒီ အမျိုးသမီး ဟာ ဖက်ဆစ်နယ်ချဲ့ခေတ် ကို မမီခဲ့ပါဘူး ။ မြင်လည်း မမြင်ဖူးခဲ့လိုက်ပါဘူး ။ အစွဲအလမ်း ကြီးတဲ့ ခံစားချက် သက်သက်ပါ ။ အဆန်းအပြား အလှပြင်ပစ္စည်းတွေ များပြားလှတဲ့ ခေတ် ထဲမှာ သနပ်ခါး ကို စွဲစွဲမြဲမြဲ လိမ်းပါတယ် ။ ပန်းလည်း ပန်လေ့ ရှိပါတယ် ။ စိုစိုညိုညို အသား မှာ သနပ်ခါး ဝင်းသလို ပန်းရနံ့တွေ ကလည်း သင်းနေလေ့ ရှိပါတယ် ။ 


“ ဘယ်ပန်း ကို အကြိုက်ဆုံးလဲ ” မေးရင် ... 


“ ဖြူပြီး မွှေးတဲ့ပန်း ” လို့ မဆိုင်းမတွ ဖြေနိုင်ပါတယ် ။ အနက် ၊ အဖြူနဲ့ ရှားသွေးရောင် ခြေညှပ်ဖိနပ်ပါးလေးတွေ ကို စီးလေ့ရှိပါတယ် ။ တခြား အရောင်တွေ စီးလေ့ မရှိပါဘူး ။ ခြေသည်း လက်သည်းတွေ က တုံးတုံးတိတိ အရောင်အသွေး မခြယ် ပကတိပါ ။


အလှအပ နဲ့ ပတ်သက် ပြီး အလေးအနက် မထားပုံ က အိမ့် အပြင်ဘက် ရောက် မှ ထူထူထဲထဲ မျက်ခုံးမွေး ကြား က သနပ်ခါး ကို လက်သည်း နဲ့ ခြစ်ချ တတ်ပါတယ် ။ ပါး နှစ်ဖက် ပေါ် က သနပ်ခါး ကလည်း မခြောက်တခြောက် ပါ ။ လက်ဖက်ရည်ဆိုင် ထိုင် ဖို့ ဝန်မလေး သလို ၊ ညစာစားပွဲတွေ နဲ့ ကြုံကြိုက်လို့ အရက် ဝိုင်းပါတယ် ဆိုရင်လည်း နှစ်ပက်သုံးပက် လောက်ကတော့ အေးအေးဆေးဆေး ပါ ။


အဲဒီ အမျိုးသမီး ကို ကိုယ် ခံစား နေမိပါတယ် ။ အလှဆုံး ခြယ်ပြီး အဆန်းဆုံး ဝတ်နေကြတဲ့ မိန်းမတွေ ထဲမှာ အဲဒီ မိန်းမရွယ် ကို စိတ်ဝင်စား နေမိတာပါပဲ ။ အခြေတကျ တည်ဆောက်ချင်တဲ့ ကိုယ့် အိမ်ထောင်ရေး မှာ ဒီ အမျိုးသမီး ရဲ့ ရိုးသားပွင့်လင်းမှု ၊ ဟန်မဆောင် ပရိယာယ် မရှိမှု တွေကို အလေးပေး စဉ်းစားနေမိပါတယ် ။ ကိုယ် က မနက်စောစော လမ်းလျှောက်တတ်တယ် ။ တစ်ရက် မှာတော့ လမ်းလျှောက် က အပြန် အဲဒီ အမျိုးသမီး ရဲ့ အိမ် ရှေ့မှာ ရပ်နေမိပါတယ် ။ အိမ်ရှေ့ လို့ ပြောရမယ့် အစား အခန်း ရှေ့ လို့ ပြောရမှာပါ ။ သုံးခန်းတွဲ တန်းလျားလေး တစ်ခု ရဲ့ အစွန်ဆုံး အခန်း မှာ နေတာပါ ။ နာရီ ကြည့် လိုက်တော့ မနက် ခုနစ် နာရီတိတိ ။ ဘေးနှစ်ခန်း က တံခါးတွေ ဖွင့်ထားပြီး ဖြစ်ပေမဲ့ အဲဒီ အမျိုးသမီး အခန်း က ပိတ်ထားဆဲ ။ မိန်းမရွယ် တစ်ယောက် တန်မဲ့ ဒီအချိန်ထိ အိပ်တုန်းလားလို့ ငြိုငြင်မိချင်ချင် ဖြစ်သွားရင်း တံခါး ကို နှစ်ချက် သုံးချက် ခပ်ဆတ်ဆတ် ခေါက် လိုက်မိပါတယ် ။ အတွင်း က ဘာလှုပ်ရှားသံ မှ မကြားရပါဘူး ။ နောက်ထပ် တစ်ခါ ခေါက် လိုက်ပါတယ် ။ ဒီ တစ်ခါတော့ တော်တော်လေး အသံ ကျယ် သွားတာမို့ အလယ်ခန်း က မိန်းမ တစ် ယောက် ထွက်လာ ကြည့်ရင်း .. 


“ အိပ်ပျော် နေတုန်းထင် တယ် ။ မနေ့ည က အတော် ညဉ့်နက်တဲ့ အထိ မီးမပိတ် သေးဘူး ၊ စာရေးနေတာနဲ့ တူတယ် ” လို့ ပြောပါတယ် ။ အဲဒီ အချိန်မှာပဲ ဂျလောက်ခနဲ မင်းတုပ်ကျသံ နဲ့ အတူ တံခါး ပွင့် လာပါတယ် ။


“ စောစောစီးစီး ဘာ လာလုပ်တာလဲ ” 


နှုတ်ဆက် မေးခွန်း က မအီမလည်ကြီးပါ ။ ပုံစံ က လည်း တကယ့်ကို အိပ်မှုန်စုံ မွှား ။ မိန်းမ တစ်ယောက် ရဲ့ အလှဆုံး အချိန်ဟာ မနက်ခင်း အိပ်ရာက ထချိန် ဆိုတဲ့ စကား သာ အမှန် ဆိုရင်တော့ ... အင်း ...


တစ်အုပ်တစ်မ တစ်ထွေးကြီး ဆံပင်တွေ ဟာ ဖြေလျော့ပြေနော့ နေပါတယ် ။ အပြင် ထွက်ရင် ဘယ်တော့မှ ဝတ်လေ့ဝတ်ထ မရှိတဲ့ ဘလောက်စ်အင်္ကျီ လက်ပြတ် ပါးပါးလေးကြောင့် ပခုံးသား ၊ လက်မောင်းသား တင်းတင်းလေးတွေ ကို တွေ့နေရပါတယ် ။


ပျက်တချို့ ၊ ကွက်တချို့ သနပ်ခါးများ တင်ကျန်နေတဲ့ မျက်နှာပြင် မှာ မျက်ခုံးထူထူကြီး နှစ်စင်း က အထင်ရှား ဆုံးပါ ။ နှာတံရိုး ပေါ်မှာတော့ မျက်မှန်ဒေါက်ရာ အညိုကွက်လေး နှစ်ခု ။ အဲဒါ အလှလား ချစ်ရင်တော့ လှမှာပေါ့ ။ မချစ်ရင်တော့ စိတ်ပျက်စရာ ပါပဲ ။ ပြောပါပြီကော ပေစုတ်စုတ်ပါလို့ ။ စိတ် ထဲမှာ မလှ တွေးတောရင်း ၊ ချစ် မချစ် ကို လည်း စဉ်းစားနေ ပါတယ် ။


ကိုယ့် ကိုယ် ကို ပြန် ကြည့်တော့ စပို့ရှပ်အဖြူ ဘောင်းဘီအဖြူ ၊ ဝေါ့ကင်း ရှူးအဖြူ ၊ မျက်နှာသုတ်ပဝါ အသေးစား အဖြူရောင်လေး ကို ဘောင်းဘီ နောက်အိတ်မှာ တိုးလိုးတွဲလောင်းလေး ထိုးထည့် ထားတော့ အိပ်မှုန်စုံမွှား ဖြစ်နေတဲ့ သူ့ မျက်လုံး ထဲ မှာ ဝင်းဦး နဲ့ တူလိုက်တာလို့များ တွေးမိလေမလား အောက် မိတုန်းရှိသေးရဲ့ .. 


“ ပြောလေ ၊ စောစော စီးစီး ဘာလာလုပ်တာလဲ ”  


မပျော့ပျောင်းတဲ့ အသံ ကို ထပ် ကြားလိုက်ရပြန်တယ် ။ သေချာတာကတော့ သူ ကိုယ့်ကို လုံးဝ မခံစားပါဘူး ။ ကျွန်းသားခေါက်တံခါးလေးကို ချပ်ချပ်ရပ်ရပ် ဖွင့်ရင်း မေးနေတာပါ ။ 


“ မနက်ခင်း လမ်းလျှောက်ပြီး အပြန်မှာ လက်ဖက်ရည် အတူ သောက်ရအောင် ဝင် ခေါ်တာလေ ။ မတွေ့ဖြစ် ကြတာလည်း ကြာပြီ မဟုတ်လား ”  


“ ဪ အဲသလိုလား ၊ ရတယ်လေ ၊ သုံးမိနစ်ပဲ စောင့် ၊ ဒီနားမှာ ထိုင် ။ ဒီစာအုပ် ခဏ ဖတ်နေ ”   


ခုံပုလေး တစ်လုံးချ ၊ စာအုပ်တစ်အုပ် လက်ထဲ ထိုး ထည့်ပေးပြီး နောက်ဖေးခန်း ထဲ သုတ်ခနဲ ဝင်သွားပါတယိ ။ ကိုယ့် မှာသာ အိုးတိုးအမ်းတမ်းနဲ့ ။


စားပွဲဝိုင်းလေး ပေါ်မှာ ရေးလက်စ စာရွက်တွေ ပြန့်ကျဲ နေပါတယ် ။ ဖယောင်း တိုင် နဲ့ မီးခြစ် က မီးပြတ်ရင် ထွန်းဖို့ အဆင်သင့် ။ ဘေးမှာ လည်း စာအုပ်တွေက ပုံလို့ ။ အလို ခေါင်းအုံး တစ်လုံး နဲ့ စောင်တစ်ထည် ကလည်း ဖရိုဖရဲပါလား ။ တန်တော့ မနေ့ က ဒီနား တင် သူ အိပ်တယ်ထင်ရဲ့ ။ 


တွေးနေတုန်းမှာပဲ ပြန် ထွက်လာတဲ့ အသံ ကြားလို့ ခေါင်းငုံ့ပြီး စာဖတ်ချင်ဟန် ဆောင် နေလိုက်ရတယ် ။ 


“ မနေ့ ညက မအိပ်ဖြစ်ဘူး ။ မနက် လေးနာရီ လောက် ကျမှ စာတစ်ပုဒ် ပြီးသွား တယ် ။ အဲဒီတော့ မှ ဗိုက်ဆာ မှန်းသိတယ် ။ အိမ် မှာလည်း ကော်ဖီ ပဲ အဆင်သင့် ရှိတာ ဆိုတော့ ကော်ဖီ ထဲ ထမင်းတစ်ခဲ ထည့်ပြီး တစ်ပန်းကန်ဖျော် သောက်ပစ်လိုက်တယ် ။ အဲဒီ နောက် ဒီနားမှာတင် အိပ်ပျော်သွားတာ ၊ အခု ရှင် လာ နှိုး မှပဲ နိုး တော့တယ် ”  


ဟင်း ... တကယ့်ကို ပေစုတ်စုတ်ပါပဲ ။ မအိပ်ခင် ခြေလက်ဆေးလို့ ၊ ဘုရား ဝတ်ပြုလို့ ၊ ဘာမှ လုပ်ပုံ မရ ။


“ ဘာလုပ်နေတာလဲ ၊ လက်ဖက်ရည် သောက်မှာ ဆို သွားမယ်လေ ”  


“ ဪ အင်း ”  


ရယ်ကျဲကျဲ နဲ့ ထိုင်ရာ က ထလိုက်ပါတယ် ။ သူ ကတော့ ကျစ်ဆံမြီး မကျစ်အားဘူး ထင်ပါရဲ့ ။ ဘီးကျော်ပတ်ကြီး ပတ် ထားလိုက်တာ ဆံထုံးကြီး ကို အယ်နေတာပဲ ။ ခါးတင်အင်္ကျီလေး နဲ့ မာစရိုက်လုံချည်လေးနဲ့ ၊ ကတ္တီပါဖိနပ်အနက်လေး နဲ့ တကယ့်ကို သပ်သပ်ရပ်ရပ် ။ သုံးမိနစ် အပြင်အဆင် ပေါ့လေ ။  သူ့ အိမ်နဲ့ မနီးမဝေး မှာ ရှိတဲ့ လက်ဖက်ရည်ဆိုင် ကို ထွက်ခဲ့ကြတယ် ။ ရင်ပေါင်တန်း လျှောက်တာတောင် သူ က ကိုယ့် လက်ယာ ဘက် က ၊ လက်ဝဲဘက် မှာ မနေ တတ်တဲ့ မိန်းမ တစ်ယောက် ပါပဲ ။ လွယ်နေကျ အိတ်တစ် လုံး က ပခုံး မှာ တွဲလောင်း ။ 


“ အိတ်ကြီး က ထားခဲ့တာ မဟုတ်ဘူး ၊ ခဏတစ် ဖြုတ်လေးပဲ ဥစ္စာ ” လို့ ပြောတော့ ...


“ အဟက် ဒီ အိတ်ထဲမှာ မှတ်ပုံတင် ၊ သန်းခေါင်စာရင်း ၊ အရေးကြီးတဲ့ စာရွက် စာတမ်း အကုန်ပါတယ် ။ စိပ်ပုတီး ပါတယ် ။ ဓားမြှောင် ပါတယ် ။ မှတ်စုစာအုပ် နဲ့ ဘောပင် ပါတယ် ။ သော့တွဲ ပါတယ် ။ အပြင် ထွက်လာရင် အိမ်မှာ ကျန်ခဲ့တဲ့ ပစ္စည်းတွေ အတွက် ဘာမှ နောက်ဆံ မတင်းဘူး ။ လူပဲ ခိုးခိုး ၊ မီးပဲ လောင်လောင် ၊ ရေပဲ မြုပ်မြုပ် ၊ မုန်တိုင်းပဲ ကျကျ ဖြစ်ချင်တာ ဖြစ် ၊ တစ်ခုပဲ စာအုပ်တွေ လေ ၊ အဲဒါပဲ နှမြောတယ် ”  


အတွယ်အတာ နဲ ၊ အတွယ်အတာ ကင်းမဲ့သော သဘောထား ကို အောချ ခံစား ရပြန်ပါတယ် ။


“ လက်ဖက်ရည် တင် မဟုတ်ဘူးနော် ”  


“ စားပါ ၊ ကြိုက်တဲ့ မုန့်စား ”  


“ ဟင့်အင်း ပဲပြုတ် နဲ့ ထမင်းဆီဆမ်း တစ်ပွဲ ကို ကြက်ဥကြော် တစ်လုံးနဲ့ စားချင်တယ် ။ ပြီးမှ လက်ဖက်ရည် သောက်မယ် ။ ပြီးတော့ ... ” 


“ ကွမ်းတစ်ယာ မဟုတ် လား ” ဖြတ်မေးလိုက်တော့ ... 


“ အဟီး ” လို့ ရယ်ပါ တယ် ။ အဲဒီ ပေစုတ်စုတ် အမျိုးသမီးနဲ့ အပေါင်းအသင်း လုပ်ရတာ တကယ့်ကို မလွယ်ပါဘူး ။


ပဲပြုတ် နဲ့ ထမင်းဆီဆမ်း ကို ခေါင်းမဖော်တမ်း အားရပါးရ စားနေတာကို အသာ ကြည့်နေမိပါတယ် ။ ထမင်းပူပူ ၊ ရေနွေးကြမ်းပူပူ တို့ကြောင့် နဖူးဆံစပ် နဲ့ နှာခေါင်းဖျား မှာ ချွေးကလေးတွေ စို့နေကြပါ တယ် ။ ထမင်းတစ်ပွဲ ကုန်ခါ နီးမှာ “ လိုက်ပွဲ ” လို့ ပြောတော့ .. 


“ ဟိုး ဟိုး လုံလောက် ပြီ ” လို့ ပြောပြီး အနားမှာ အသင့် ရှိနေတဲ့ လက်ဖက်ရည်ခွက် ကို လှမ်း ဆွဲလိုက်ပါတယ် ။ မျက်နှာပြင်လေး တင်း နေတဲ့ လက်ဖက်ရည် ကို တစ်ရှိုက်မက်မက် တစ်ငုံ သောက်ချ လိုက်ပြီး နှုတ်ခမ်း ကို လျှာနဲ့ သိမ်းလိုက်ပါတယ် ။ ပြီးမှ တစ်ရှူးတစ်စ ဆွဲယူပြီး ခပ်ကြမ်းကြမ်း သုတ်ပစ်လိုက် ပါတယ် ။ နှုတ်ခမ်းနီ ဆိုး မထားတဲ့ အတွက် နှုတ်ခမ်းနီ ပျက်မှာ မစိုးရိမ်ရပါဘူး ။ 


“ ဒီရက်ပိုင်း ဘယ် ပျောက် နေတာလဲ ”  


စကား စ မေးလိုက်တော့ ရုတ်ခြည်းပဲ ပြန် ဖြေပါတယ် ။


“ မြို့ပြင် က အမှိုက်ပုံကြီး နား သွားနေတာ ” 


“ ဘာ ... ” 


အလန့်တကြား အော်မိ ပါတယ် ။ မြို့အပြင်ဘက် အစွန်အဖျား မှာ တစ်မြို့လုံး က စွန့်ပစ်ကြတဲ့ အမှိုက်ပုံကြီး ရှိပါတယ် ။ အဲဒီ နားမှာ အိမ်ခြေယာမဲ့ လူတစ်အုပ် တစ်စု နေ ထိုင်ကြပါတယ် ။ သိပ် သန့်တဲ့ နေရာ မဟုတ်ပါဘူး ။ အဲဒီလို နေရာမျိုးကို ဘာကိစ္စ နဲ့ သွားရတာလဲ ။ ဒီမိန်းမ ရှုပ်ရှုပ်ယှက်ယှက် ဆိုတဲ့ စိတ် ထဲက အတွေးနဲ့ “ ဘာ ” လို့ အော် လိုက်မိတာ တောင် မတုန်မလှုပ်ပါဘူး ။ 


“ ဟုတ်တယ် ၊ အဲဒီ နား မှာ စာသင်နိုင်တဲ့ အရွယ် ၊ ကလေး အယောက် နှစ်ဆယ် လောက်ရှိတယ် ။ သူတို့ ကို စာ သွား သင်ပေးတာ ။ အရေး ၊ အဖတ် ၊ အတွက် တတ်အောင် ပေါ့ ။ တစ်နှစ် ကြာချင် ကြာမယ် ၊ နှစ်နှစ် ကြာချင်ကြာမယ် ။ ကိုယ့် ထမင်း ကိုယ်စား ၊ ကိုယ့် စက်ဘီး ကိုယ် စီးပြီး ပညာဒါန သွားပြုနေတာ ”  


“ ခင်ဗျား ရူးနေလား ”  


“ အင်း ဟုတ်ချင် ဟုတ်ပါလိမ့်မယ် ။ ဒါပေမဲ့ ထူးလာမယ့် အချက် ကတော့ နောက် နှစ်နှစ် ၊ သုံးနှစ် လောက်ကြာ ရင် အဲဒီ နေရာက ကလေး တချို့ စာရေးတတ် ၊ ဖတ်တတ် လာလိမ့်မယ် ။ စာဖတ် တတ်လာရင် သူတို့ စာအုပ်တွေ ကို ရှာဖွေ ဖတ်ရင်း ဖတ်ရင်း နဲ့ သူတို့ ဘဝတွေ ကို သူတို့ ဘာသာ ပြောင်းလဲလာနိုင် ပါလိမ့်မယ် ” 


ကိုယ့် ကို စေ့စေ့စိုက် ကြည့် နေတဲ့ မျက်လုံး အစုံဟာ ယုံကြည်ချက် ခိုင်ခိုင်မာမာ ရှိ ကြောင်း ဖော်ပြ နေသလိုပါပဲ ။ 


“ ခင်ဗျား ... ဗျာ ... ”  


စိတ်ပျက်စိတ်ကုန် ဖြစ် သွားတဲ့ ကိုယ့် ရဲ့ အသံနဲ့ ဟန် ကို သူ က တောင် ပြန်ပြီး ပြုံး ကြည့် နေလိုက်ပါသေးရဲ့ ။ 


“ ဘဝ ဆက်တိုင်း ၊ ဘဝ ဆက်တိုင်း သူတောင်းစား ဘဝ ရောက်ရပါလို၏ ၊ အခြေအနေ မဲ့ ဘဝ ရောက်ရပါလို၏ လို့ ဘယ်သူမှ ဆုတောင်း ဆု ယူ မပြုလောက်ကြပါဘူး ။ အကြောင်းကြောင်း ကြောင့် ဒီ ဘဝ ရောက် နေသူ တွေကို ကျွန်မတို့ ကိုယ်ချင်း စာရမှာ ပါ ။ လူ တစ်ယောက် အထူးသဖြင့် ကလေး တစ်ယောက် ရသင့်ရထိုက်တဲ့ ပညာသင် အခွင့်အရေး ကို ကျွန်မတို့ လမ်းဖွင့် ရှာဖွေပေးရမှာပါ ။အဲဒါ အတွက် ကျွန်မ တတ်စွမ်းသမျှ လုပ်ပေး နေတာပါပဲ ” 


“ ဟူး .. ”  


သက်ပြင်းချ ပြ လည်း သူ ဂရုမစိုက် ။


“ သိပ် စိတ်ဝင်စားဖို့ ကောင်းတာပဲ ။ မိဘ နဲ့ သားသမီး ချစ်ခြင်းမေတ္တာ ၊ မိဘကျေးဇူး ဆပ်ဖို့ သားသမီး ရဲ့ မျှော်မှန်းချက် ။ အဲဒါတွေ သံစဉ် လွဲ နေကြတယ် ။ အဲဒါကို အမှတ်မထင် ရင်နင့် အောင် ခံစားတွေ့ရှိ ကြားသိ လိုက်ရတယ် ။ မြို့ပြင် က အုပ်စု ထဲ မှာ အနာကြီးရောဂါသည် လင်မယား နှစ်ယောက် ရှိတယ် ။ သူတို့ မှာ ကလေး နှစ်ယောက် လည်း ရှိတယ် ။ အကြီးမလေး က ကျောင်း ထားရမယ့် အရွယ် ရောက်နေပြီ ။ တစ်နေ့တော့ သူ့ အမေ က သူ တောင်းရမ်းယူလာတဲ့ မုန့်တွေ ကို ချ ကျွေးတယ် ။ ကလေးမလေး က ထိုင်ပြီး မြိန်ရေရှက်ရေ စားနေတော့ သူ့ အမေ က အငယ်ကောင် ကို ခွံ့ကျွေး နေ ရင်း ပြုံးပြီး ကြည့် နေတယ် ။ စားပြီး ခဏ နေတော့ ကောင်မလေး က သူ့ အမေခေါင်း ကို သန်းရှာ ပေးတယ် ။ တွတ်တီးတွတ် တာ လည်း ပြောနေတယ် ။ သဘော ကတော့ တောင်းရမ်းပြီး မောပန်း ပြန်လာတဲ့ အမေ့ ကို ဝတ်ကြီးဝတ် ငယ် ပြုစုတာပေါ့လေ ။ အဲဒီ အချိန် မှာပဲ သူ ဟာ သူ့ အမေ ရဲ့ ပါး ကို နောက်က နေ သိုင်းဖက် နမ်းရင်း ပြောလိုက်တယ် ။ “ အမေ သမီး ကြီးလာရင် ပိုက်ဆံ လိုက်တောင်းပြီး အမေ့ ကို လုပ်ကျွေးမှာ ” တဲ့ ။ သူ့ အမေ က မျက်ရည်လည်ရွဲ အပြုံးနဲ့ “ ကြည့်စမ်း ကြည့်စမ်း ဖေ - မလေး ၊ သိတတ်လိုက်တာ ” တဲ့ ။ ကျွန်မ လေ ... ” 


“ သူတို့ လူနေမှုစ ရိုက်နဲ့ ဘ ဝ အခြေအနေ ၊ အဲဒီ ဘဝ အလိုက် မိဘ နဲ့ သားသမီး ကြား ချစ်ခြင်းမေတ္တာ ပြဆိုပုံ ၊ အဲဒီ ဘဝ ထဲက သမီး တစ်ယောက် ရဲ့ ရှေ့မျှော်မှန်းချက် ၊ အဲဒါတွေ ကို တွေးမိပြီး ကျွန်မ ရင် ထဲမှာ ကျဉ်ခနဲ နာ သွားရတယ် ။ အဲဒီ ဝေဒနာ အတွေး ကို ကျွန်မ စာ မဖွဲ့တတ်ဘူး ။ သံစဉ်တွေ လွဲနေပြီ ဆိုတာတော့ ရှင်းရှင်းကြီး သိတယ် ။ ဒါနဲ့ပဲ သူတို့ ဘဝ ကို ပညာ နဲ့ မြှင့်တင်ပေးမယ် လို့ ဆုံးဖြတ်ပြီး စာ သွား သင်တာ ” 


“ ကျွန်မ ကျောင်းလေး က အရိပ် ကောင်းတဲ့ သစ်ပင်ကြီး အောက်က မြေတလင်းပြင်ကလေး ပါပဲ ။ စာအုပ် ၊ ခဲတံ ၊ ပေတံ ၊ ခဲဖျက် ... အဲဒါတွေ ကျွန်မ ဝယ်ပေးတယ် ။ စာတွေ သင်ပေးတယ် ။ ကဗျာ တွေ သင်ပေးတယ် ။ ကမ္ဘာကြီး အကြောင်း ပြောပြတယ် ။ ပုံပြင်တွေ ပြောပြတယ် ။ သူတို့ ရဲ့ အလုပ်ချိန် ... အဲလေ တောင်းရမ်းရမယ့် အချိန် နဲ့ မတိုက်ဆိုင်နိုင်အောင် အချိန် ရွေးရတယ် ။ ကျွန်မ သေသေချာချာ ပြောနိုင်တာ တစ်ခုက ဘယ် မိဘမှ ကိုယ့် သားသမီး ကို မိမွေဖမွေ အဖြစ် သူတောင်းစား ဘဝ ကို ပေးချင်ကြ မှာ မဟုတ်ဘူး ဆိုတာပါပဲ ။ ဒါ့ကြောင့် ကျွန်မ ကို သူတို့ လိုလိုလားလား ကြိုဆို ကြပါတယ် ။ စိတ်မပူပါနဲ့ ”  


စကားရှည်ကြီး ပြောပြီး လက်ကျန် လက်ဖက်ရည် ကို ဂွတ်ခနဲ မော့ချ လိုက်ပါတယ် ။ လက်ဖက်ရည်ဆိုင် နဲ့ တစ်ဆက်တည်း ရှိတဲ့ ကွမ်းယာဆိုင် က လာ ပို့ထားတဲ့ ကွမ်းထုပ် ကို ဖွင့်ပြီး ကွမ်းတစ်ယာ ငုံ လိုက်ပါတယ် ။ စီစီရီရီ ရှိတဲ့ သွားလေးတွေ ဟာ ကွမ်းမစား ဘဲ နေရင် ပိုပြီး လှနေမှာပါပဲ ။ 


“ သူတို့ ထဲမှာ ခေါင်းဆောင် ဖြစ်တဲ့ ဘကြီး အမည် က ဦးသာစိန် တဲ့ ။ နှာနုရိုး ကျိုး နေတယ် ။ ခြေထောက် တစ်ဖက် က ပတ်တီးကြီး နဲ့ ၊ ချိုင်းထောက် ထောက် ပြီး သွားရတယ် ။ တစ်ခါတလေ ကျွန်မ ပြန်ချိန် နောက်ကျသွား ရင် မြို့ ထဲ အထိ လိုက်ပို့ဖို့ အဘ က လူ သုံးယောက် ထည့် ပေးတယ် ။ ကျွန်မ က စက်ဘီး ကို ဖြည်းဖြည်းမှန်မှန် စီး ၊ လူ သုံးယောက် ထဲ မှာ ရှေ့က ကြို သွားနှင့်တာ က တစ်ယောက် ၊ အလယ်က တစ်ယောက် ၊ နောက်ဆုံးက တစ်

ယောက် ညှပ်ပြီး မသိမသာ ခပ်ခွာခွာ လိုက်ပို့တာ ။ အောင်မာ ... အမည်ကျော်တွေ မှ ဘော်ဒီဂတ် ရှိတာ မဟုတ်ဘူး နော် ၊ ကျွန်မ မှာလည်း ဘော်ဒီဂတ် နဲ့ သိလား ... ဟား .. ဟား ဟား .. ”  

 

မိန်းမ မဆန်စွာ အားရ ပါးရရယ်လိုက်တဲ့ အတွက် လျှံထွက်ကျလုဆဲဆဲ ကွမ်းသွေး တွေ ကို ကပျာကယာ လက်နဲ့  ပင့်ထိန်းလိုက်ရပါတယ် ။ 


“ ဟူး ... ”   


သက်ပြင်း ချမိ ရင်း ချ နေမိတော့တာပါပဲ ။ 


“ သူတို့ နေထိုင် မကောင်း ဖြစ်ရင် သိပ် သနား ဖို့ ကောင်းတာပဲ ။ ဆေးရုံ က အဝေးကြီး မှာ ။ ဆေးခန်းတွေ ကလည်း လက် မခံချင်ကြဘူး ။ ဆေးဆိုင်က ဆေး တွေ ကို ပဲ မှန်းရမ်း ဝယ် သောက်ကြ ရတယ် ။ ဒါ့ကြောင့် ပညာ အလှူ ၊ ဆေးအလှူ ပေါ့ မကောင်းဘူးလား ။ ဝါသနာ ပါရင် ဆေး လိုက် ကုလို့ရတယ်နော် ” 


သူ့ စကား က ဆရာဝန် တစ်ယောက် ဖြစ်နေတဲ့ ကိုယ့် ကို မလုံမလဲ ခံစားရစေပါတယ် ။ ဒါပေမဲ့ သဒ္ဓါစိတ် တော့ ပေါက်မိ သလိုလိုပါ ။ တကယ့် သဒ္ဓါစိတ်လား ၊ သူ့ ကို စိတ်မချလို့ လိုက် စောင့်ရှောက် ပေးချင်စိတ်လား ဆိုတာတော့ သိပ် မကွဲပြားပါဘူး ။


“ ဟိုး အရင် ခေတ်က ဟယ်ရီတန် ၇ တန်း အောင်တယ် ဆိုတဲ့ ဘွားဘွား တစ်ယောက် လည်း ရှိတယ် ။ စိတ်ကောင်းနှလုံးကောင်း ရှိရှာပါတယ် ။ သူ က တစ်ဖွဲ့လုံး တောင်းရမ်း ထွက်တဲ့ အချိန်မှာ အစောင့် တာဝန် ယူရတယ် ။ ကျီးစောင့် ကြက်နှင် ပေါ့ ။ သူ့ အလုပ်ချိန် က ညနေ ၄ နာရီ နေချိုလောက်တဲ့ အချိန်ကျ မှ စတာ ။ တခြားသူ ဟုတ်ရိုးလား ။ ရှင့် ဆေးခန်း ဘေးနားမှာ ပုဆစ်တုပ်လေး ထိုင်ပြီး ပုတီးစိပ်ရင်း တောင်းနေတဲ့ အဘွားပေါ့ ။ မျက်စိ ထဲ ပေါ် ရဲ့လား ” 


“ အင်း အင်း အင်း ”  


သူ ပြောမှ မျက်လုံး ထဲ မြင်ယောင် လာပါတော့တယ် ။ ပြားပြားဝပ်လေး ထိုင်ပြီး တရားစာတွေ ရွတ်နေတတ် သော အဘွားကြီး တစ်ယောက် ၊ သံပရာသီးလုံးခန့် ဆံထုံးလေး က ထိပ်တည့်တည့် မှာ ။ သမံတလင်း ပေါ် ကြာကြာ ထိုင်ရင် ကုပ်ချည့် သွားမှာ တွေးပူ နေမိရင်း တစ်နေ့ နှစ်ရာ ၊ သုံးရာ မှန်မှန် အလှူငွေ ထည့်ပေးခဲ့ စမြဲ ။ 


“ ကလေးတွေ ကို အစ က ရိုင်းတယ်လို့ ထင်ခဲ့မိ တယ် ။ ဒါပေမဲ့ မဟုတ်ဘူး ။ သိမ်ငယ်စရာ ကောင်းတဲ့ သူတို့ ဘဝ ကို မာန နဲ့ အစားထိုး ထားကြတာ ။ ပြည်သူ့နီတိ နဲ့ လည်း ဝေးတယ် ။ သမားရိုးကျ ပတ်ဝန်းကျင် နဲ့ လည်း ကွာလှမ်းတယ် ။ ဒါနဲ့ပဲ သူတို့ ဒီလို ဖြစ်နေကြတာ ။ ကျွန်မတို့ တတ်စွမ်း သမျှ ဖေးမကူညီရမှာပဲ ။ သူတို့ မိဘတွေ အတွက် အလုပ်အကိုင် အခွင့်အလမ်း ၊ စားဝတ်နေရေး ၊ အဲဒီ အထိ တော့ ကျွန်မ မစွမ်းဆောင် နိုင်သေးဘူး ။ လောလောဆယ် မှာ ကလေးတွေ စာ တတ် ဖို့တော့ ကျွန်မ လုပ်နေပြီ ။ ကျန်းမာရေး နဲ့ ပတ်သက်လို့ ရံဖန်ရံခါ မှာ ရှင့် အကူအညီ လိုလာလိမ့်မယ် ထင်ပါတယ် ။ အဲဒီ အခါမှာ ရှင် ကျွန်မ ကို ကူညီနိုင်မလား ၊ ဟင် ... ”  


တော်တော် အဖြေရ ကျပ်တဲ့ မေးခွန်းပါပဲ ။ 


“ ကျွန်မ လို နေ့တိုင်း သွား ပေးဖို့ မဟုတ်ပါဘူး ။ တစ်ပတ် ၊ နှစ်ပတ် တစ်ခါလောက် ပေါ့ ။ ဖျားနာတဲ့ လူ ၊ အနာ ပေါက်တဲ့ လူ ၊ အဲဒါမျိုး ရှိလာရင် ကျွန်မ က ဘယ်နေ့ မှာ ဆရာဝန် လာမယ် ဆိုတာမျိုး ပြောထားမယ်လေ ။ ကျေးဇူး ပြုပြီး ကျွန်မ ကို ကူညီပါ ”  


မျှော်လင့်ချက် နဲ့ တောက်ပြောင် နေတဲ့ မျက်ဝန်းနက် တစ်စုံကို စူးစိုက် ကြည့်နေမိ ပါတော့တယ် ။ တိတိကျကျ ခံစားနေရတာ တစ်ခု ကတော့ ဒီ မိန်းမ အပေါ် အရင်လို သရိုးသရီ စိတ်တွေ ထက် လေးစား စိတ်တွေ ၊ ကြည်ညို စိတ်တွေ ဖြစ်ထွန်း နေမိတာပါပဲ ။ 


“ မနက်ခင်း ၊ ညနေ နဲ့ ညပိုင်း က ဆေးခန်း ထိုင် ၊ နေ့လယ် က ဆေးရုံ ။ နှစ်ဆယ့်လေးနာရီ ဂျူတီ ရှိနေတာက ဆရာဝန် အလုပ် ပဲ လို့ ပြောပြီး အချိန်အား မရှိဘူးလို့ တော့ မငြင်းလိုက်ပါနဲ့ ။ လုပ်ရမယ့် အလုပ်တွေ ကို ခဏ မေ့ထား လိုက်နိုင်တဲ့ အချိန်လေး ဟာ လူ တစ်ယောက် အတွက် အားလပ်ချိန်ပါပဲ ။ အချိန်တွေ ဟာ ကျွန်မတို့ အတွက် အဲသလောက် တန်ဖိုး ရှိပါတယ် ။ သူတို့ အတွက် ခဏလေးတော့ မအား အားအောင် လုပ်ပေးပါလို့ တောင်းဆိုချင်ပါတယ် ပလိစ် ” 


ရင်ဘတ် ထဲ ထိ ထိုးဖောက် သိမြင် ထားသလို ပြောနေတဲ့ စကားတွေ ပါပဲ ။ ထဘီစစ်စစ် ဝတ်တာ ၊ သနပ်ခါး လိမ်းပြီး ပန်းပန်တာ က လွဲရင် တစ်စက် က မှ မိန်းမ မဆန်တဲ့ ဒီ မိန်းမ ကို ကိုယ် မလွန်ဆန်နိုင် သလို ဖြစ်နေရ ပါတယ် ။


“ ကောင်းပြီလေ ၊ ကိုယ် ဂျူတီအော့ဖ် ဖြစ်တဲ့ အချိန်လေးတွေ ထဲ က ကြံဖန်ပြီး အချိန် ဖဲ့ပေးပါ့မယ် ။ တစ်ခုတော့ရှိ တယ် ။ ကိုယ် အဲဒီနေရာ ကို သွားတဲ့ အခါ ကိုယ့် ကား နဲ့ ခင်ဗျား အတူ လိုက်ရမယ် ”  


“ ဟင့်အင်း ... မလိုက်ဘူး ၊ မစီးနိုင်ဘူး ”  


ပြတ်ပြတ်သားသား ငြင်းဆန်ပါတယ် ခင်ဗျာ ။ ပြီးတော့ ...


“ ဘဝ ချင်း ကွာခြားချက် ကို ပြက်ပြက်ထင်ထင် မပြချင်ပါနဲ့ ။ သူတို့ ဂုဏ်ယူ အားကျလိမ့်မယ် ထင်သလား ။ သူတို့ သိမ်ငယ် သွားကြလိမ့် မယ် ၊ အားငယ် သွားကြလိမ့်မယ် ။ တစ်သားတည်း နေပြ မှ သူတို့ စိတ်ကို ဆုပ်ကိုင် နိုင်မှာပါ ။ ဒါ့ကြောင့် ကျွန်မ စက်ဘီး ကို ရှင် က ရှေ့က နင်း ၊ ကျွန်မ က ဆေးအိတ် ကိုင်ပြီး နောက်က လိုက် စီးမယ် ဘယ့်နှယ်လဲ ” 


ညာဘက် မျက်ခုံး ထူထူကြီး တစ်စင်း ကို ဆတ်ခနဲ ပင့်ချီ မေးမြန်း လိုက်ပုံ ကို ပဲ တမေ့ တမော ငေးကြည့် နေမိ ပါတော့တယ် ။


ဒီ မိန်းမ ရဲ့ ရင် ထဲ မှာ ကိုယ် လိုချင်တဲ့ အချစ် မရှိတာ ကို အထင်းသား တွေ့မြင် နေရပါတယ် ။ ဒီ မိန်းမ ရဲ့ ဘဝ မှာ အဲဒီလို အချစ် အတွက် အချိန် မရှိတာ ကို လည်း အတိုင်းသား သိမြင် သွားရပါတယ် ။ ဒီ မိန်းမ ဟာ ဘဝများစွာ တို့ရဲ့ ဟာကွက် နေရာတွေ မှာ မေတ္တာတရားတွေ နဲ့ ဖြည့်စွက် နေချင်တဲ့ မိန်းမ တစ်ယောက် သာ ဖြစ်နေပါတော့တယ် ။ ဒီလို မိန်းမမျိုး ဟာ ဇနီးမယား တစ်ယောက် ဘဝမျိုး မှာ ပျော်မွေ့တတ် မှာ မဟုတ်ပါဘူး ။


“ ဒီ့ထက် ကျယ်ပြန့် လာအောင် ကျွန်မ ကြိုးစားရဦး မှာပါ ။ ကျွန်မ နဲ့ ရှင် နှစ် ယောက်တည်း မနိုင်နင်းတဲ့ အခါ အဖွဲ့အစည်း တစ်ခု ဧကန် ပေါ်ပေါက်လာမှာပါပဲ ။ ဒါဆို ရင် ... ဒီ့ထက် ဒီ့ထက် ပိုပြီး လုပ်ဆောင်နိုင်ပြီပေါ့ ၊ မကောင်းဘူးလား ၊ ဟုတ်တယ်နော် ”  


“ ကောင်းပါ့ဗျား ၊ ဟုတ်ပါ့ဗျား ” 


ထေ့ငေါ့ခြင်း မဟုတ်ဘဲ တကယ့်ကို လှိုက်လှဲခြင်း များစွာ နဲ့ ထောက်ခံ လိုက်မိပါတယ် ။ ရင် ထဲ မှာ လည်း ရှင်းခနဲ ၊ လင်းခနဲ ဖြစ်သွားရပါတယ် ။


သေချာတာ တစ်ခု က တော့ ...


ဒီ မိန်းမ ကို စိတ် နဲ့ တောင် မပြစ်မှားရက်တော့တဲ့ အထိ လေးစားမြတ်နိုး ချစ်ခင် သွားမိရခြင်းပဲ ဖြစ်ပါတော့တယ် ။


 ▢ မကျည်းတန် ၊ လွိုင်ကော် ၊

📖 ရွှေအမြုတေ မဂ္ဂဇင်းသ

     ၂၀၁၄ ခု ၊ ဇူလိုင်လ

No comments:

Post a Comment