Monday, March 3, 2025

အိမ်


 

❝ အိမ် ❞
( သင်းအောင်ပန် )

[ ၁ ]

မြေကွက်ပါ ... အိမ်ကလေး တစ်လုံး ... ။

ဒါမှမဟုတ် မြေကွက်ကလေး တစ်ကွက် မဝယ်မဖြစ် ဝယ်ဖို့ ဖြစ်လာပြီ ။ အိမ်မှာ ဒေါင်ကျကျ ပြားကျကျ နေလို့ရတယ်ထား ... ။ ခုဟာက အိမ်ထောင်ရက်သား ကျလို့ ဇနီးမယား ပါလာပြီဆို တော့ အိမ်ခွဲ နေကို နေရတော့မည် ။

သူ့ဘက် ကိုယ့်ဘက် နှစ်ဖက်စလုံး က ညီအစ်ကို မောင်နှမတွေ က များ ၊ နှစ်ဦးစလုံး ရဲ့ မိဘတွေ ပိုင်ဆိုင်ခဲ့တဲ့ အိမ်တွေ ကလည်း ခပ်ကျဉ်းကျဉ်း ၊ ဒီကြားထဲ သူရော ကိုယ်ရော မောင်နှမ တစ်တွေ ထဲမှာ အကြီးဆုံး အစ်ကိုကြီး ၊ အစ်မကြီးတွေ ဖြစ်သည့်တိုင် နောက်ဆုံး မှ အိမ်ထောင်ကျသူတွေ ဆိုတော့ အိမ်ထောင်သည် ညီတွေ ညီမတွေအပြင် ... တူတွေ ၊ တူမတွေ တစ်ပြုံ တစ်မကြားမှာ ... ဘယ်လိုမှ နေလို့မဖြစ် ။

“ ကိုအေးချစ် ရေ ... မြေကွက် တွေ့ ပြီတော့ ... ဒေါပုံမြို့သာယာရပ်ကွက်ထဲမှာ ကျောင်း က ဆရာမ တစ်ယောက် ဝယ်ထားတာ ။ ဝယ်တုန်း က သိပ်လိုချင်
လွန်းလို့ ဝယ်လိုက်တာတဲ့ ။ ခု အိမ် မဆောက်ဖြစ်ဘူး ။ တခြား တစ်နေရာမှာ ဆောက်ပြီးသား အိမ်ပါလေး တွေ့ လို့ ဝယ်ချင်တာနဲ့ ပြန် ရောင်းတာတဲ့ ။ သူ ဝယ်တဲ့ ဈေး အတိုင်း ပြန်ယူတဲ့ ။ ကျွန်မတို့ ရှိတဲ့ ငွေနဲ့ ကလည်း ကွက်တိပဲ ... ”

ဇနီးသည် ဘက်က အမွေ ရထားတဲ့ ငွေက လေးက ရှိနှင့်သည် ။ သူ့ မောင် တစ်ယောက်က သူ့ အမေ  ထားရစ်ခဲ့သော အိမ်ကလေး ကို မောင်နှမ တစ်တွေ တန်ဖိုးဖြတ် အမ်း လိုက်သောကြောင့် ဖြစ်သည် ။ အဲဒီ ငွေရပြီးမှ အိမ်ကလေး တစ်လုံး ဒါမှမဟုတ် မြေ ကွက်ကလေး တစ်ကွက် ဝယ်ဖို့ လိုက်ရှာကြသည် ။ စိတ် ကြိုက်မတွေ့  ၊ တွေ့ပြန်တော့ ငွေက မလိုက်နိုင် ... မမှီ မကမ်း ။ အမျိုးသမီး ကျောင်းနှင့် မနီးမဝေး ဖြစ်ဖို့ကို လည်း ထည့် တွက်ရသေးသည် ။

“ မြို့သာယာ လောက် နေရရင် သိပ်ကောင်းမှာပဲ ... ”

မြို့သာယာ ကို မကြာမကြာ အိပ်မက်တွေ မြင် မက်မိသည် ။ ဇနီးသည် ကလည်း ညည်းညည်း ပြခဲ့ဖူးသည် ။ မြို့သာယာ က အခြား ရပ်ကွက်တွေ ထက် ဈေး ပို မြင့်တော့ အနား မသီရဲ ၊ အိပ်မက် ထဲ မှာလည်း မဝံ့မရဲ ။

ဒေါပုံမြို့နယ် ရပ်ကွက်တွေ ထဲမှာ ... အဲဒီ မြို့သာယာ က ထူးထူးခြား ၊ တစ်ထီးတစ်နန်း ၊ ဒါလည်း မပြောနဲ့ ၊ မြို့သာယာက လူသန့်သည် ။ ရပ်ကွက် တည်ဆောက်ပုံ ကလည်း အကွက်အကွင်း ကျ ၊ အိမ်ကြီးအိမ်ကောင်း ၊ တိုက်ကြီးတိုက်ကောင်း ၊ တွေ ကလည်း ခန့်မှခန့် ၊ လှမှလှ ။ တကယ့် ဆိတ်ငြိမ် ရပ်ကွက်ကလေး ...  ။

အထူးသဖြင့် ... ရန်ကုန် တစ်ဖက်ကမ်း သာကေတတံတား ဆင်း တာနှင့် ရောက်ပြီ ။ လိုင်းပေါင်းစုံ ပြေး ကားလမ်းမကြီးနှင့် မနီးမဝေး မေးတင် ထားသော ရပ်ကွက်ကလေး ဖြစ်သည် ။

တကယ့် အရာရှိအရာခံ ၊ သင်္ဘောသား ၊ ကား ပွဲစား နှင့် လူကုံထံ အများစုတို့သာ နေထိုင်သော ရပ်ကွက်ကလေး ဖြစ်သည် ။ အမေ့အိမ် က ရန်ပြေထိ ပ်ဆို တော့ အမေနှင့် လည်း မနီးမဝေး .... ၊ ဘယ်လောက် အဆင်ပြေသလဲ ဆိုတာ ... ။

“ တို့မှာ ရှိတဲ့ငွေနဲ့ ဘယ် ဝယ်နိုင်ပါ့မလဲကွာ ”

“ လိုချင်တာတော့ လိုချင်တာပဲရှင် ... ”

ခု မြို့ သာယာမြေ ဆိုတော့ ယုံတောင်မယုံချင်မိ ။ မြေကလည်း ကားလမ်းမကြီး နောက်ခြမ်းထောင့် ကွက် ။ ပေ ၅ဝ ပေ အစိတ် ၊ တစ်ကွက်လုံး ။ မြေကွက် တည့်တည့် လူသွား ကတ္တရာလမ်းကလေး နံဘေးမှာ ခရေပင်တန်းကလေး က စီစီရီရီ ၊ မြေဝိုင်းခေါင်းရင်း ၊ ခြံစည်းရိုး ထောင့်နေရာလောက်မှာ တောင်ဆီးဖြူပင် ကလေး ရှိသည် ။ အဲဒီ အပင် နှင့် ခပ်လှမ်းလှမ်းမှာ ဇွန် ပန်းရုံကလေး က အုပ်အုပ်ဆိုင်းဆိုင်း ... ။

ခြေရင်းဘက် မှာတော့ အုန်းပင်ပျို သုံးပင်က တစ်ပင် နှင့် တစ်ပင် အကွာအဝေးညီညီ သွယ်တန်း လျက် ။ နောက်ဖေးဘက် ခြံထောင့် မှာတော့ သက်ရင်းကြီးပင်ကြီး က ထီးတည်း ။

အိမ် ဆောက်လျှင်တော့ အဲဒီ အုန်းပင်တွေကို အမြစ်လှန် ပစ်ရတော့မည် ။ အမွေ ရထားတဲ့ ငွေနှင့် အကိုက် ဖြစ်နေ သော်လည်း လွတ်သွားမည် စိုး၍ မျက်စိမှိတ် အရ ဝယ်ယူ လိုက်ဖြစ်သည် ။

[ ၂ ]

အိမ်ဆောက်မည် ဆိုတော့ လက် ထဲမှာ ငွေကျန် မရှိတော့ ... ။

ရှိသည့် ရွှေတိုရွှေစကလေး ထုတ်ရောင်းရ သည် ။ စက်ဆန်းသစ်ဆိုင် က တာဝန်ခံ သူငယ်ချင်း တစ်ဦး အကူအညီဖြင့် လေလံတင် နှစ်ပုံကို ဝင်ဆွဲရသည် ။ ပေရှည်သစ်တွေ ပါသလို ၊ ခြောက်ပတ်လည် တိုင်လို သစ်တွေလည်း ပါလို့ ကံကောင်းသည် ဆိုရမည် ။

ဇနီးသည် ကျောင်း က ကျောင်းသားမိဘတစ်ဦး က သစ်တွေကို ကား အကူအညီ ပေး တိုက်သယ်ပေး ရုံမက သူ့ အလုပ်သမားတွေ နှင့် အတင်အချ ဝိုင်းကူညီ ကြသေးသည် ။

အမေ့ အိမ်ရှေ့ မြေကွက်လပ်မှာ သစ်တွေ အပုံ လိုက် ရောက် လာပေမယ့် သစ်ခွဲစရိတ် ၊ အိမ်ဆောက် စရိတ် ၊ အမိုးအကာစရိတ် ၊ လက်သမားစရိတ် အတွက် လက်ထဲမှာ တစ်ပြားမှ မရှိတော့ ။

“ ဦးထွန်းအုံကြီး ဝါးဓနိဆိုင် မှာ အမိုးနဲ့အကာ အတွက် ဓနိနဲ့ထရံ ကို အရစ်ကျပေး စနစ်နဲ့ အမေ က အကြွေး ယူပေးမယ် သား ၊ ငါ့ သားက မပျက်မကွက် တော့ ပြန်ဆပ်ရမယ်နော် ”

အမေ့ကျေးဇူးကြောင့် အမိုးနှင့်အကာ အတွက် လည်း စိတ်အေးရပြီ ။ ဒါပေမဲ့ ကျန်တာတွေ အတွက် စိတ်လေး နေရတုန်း ။

“ ငါ့ တူ ဘာမှ စိတ်ပူ မနေနဲ့တော့ ကြီးကြီး လာပြီ ”

သည်ကိစ္စမှာ တောက ကြီးကြီး ဒေါ်မြခင် လည်း မနေနိုင်တော့ ။ ဘူးသီး ၊ ခရမ်းသီး ၊ ပဲသီး ၊ နံနံ ဟင်းရွက်စုံ ခြင်းကြားတောင်းကြီး ခေါင်းရွက် ၊ လက် ကလည်း အာပြဲခြောက် ၊ ဆတ်သားခြောက် ၊ ငါးပိကောင် ပါ လက်ဆွဲခြင်းကြီး ဆွဲလို့ ... ။

နောက်က ကပ်ပါလာတဲ့ သူ့ သားမက်နှစ်ယောက် က တစ်ယောက် ပခုံးမှာ ဆန်အိတ်ကြီး ထမ်း ဝင်လာတာ တွေ့လိုက်ရသည် ။ နောက် တစ်ယောက် က လက်ထဲ မှာတော့ ဆီပုံးတစ်ပုံး ကြိမ်ခြင်းကလေး ထဲထည့် အသင့်ဆွဲကိုင်လာတာ တွေ့ ရသည် ။

အဲဒီ သူ့ သားမက် နှစ်ယောက် နှင့် အတူ အမျိုးသားကြီး နှစ်ဦး ကို လည်း တွေ့မြင် လိုက်ရသည် ။ သူတို့ ကိုယ်စီ ကလည်း အထုပ်အပိုးတွေ ကိုယ်စီ နှင့် ။ တစ်ခု ထူးသည်မှာ သူတို့ လက် ထဲမှာ လက်သမားသုံး ကိရိယာ တန်ဆာပလာတွေ ဆွဲကိုင်လာခြင်းပင် ။

“ ဘာ ကြောင်ကြည့် နေတာလဲ လူလေးရဲ့ ၊ တူလေး အိမ်ဆောက်ဖို့ တောက လက်သမားတွေ ခေါ် လာတာ ။ ဒါ နင့် ဘကြီး မောင်ငသောင်း ရဲ့ တူတွေဟဲ့ ။ ငါ့တူ တစ်ပြားမှ ကုန်စရာ မလိုဘူး ။ လိုချင်တဲ့ ပုံစံသာ ပြော ။ သူတို့ အိမ်ဆောက်တုန်း စားဖို့ ဟောဒီမှာ ဟင်းချက်စရာတွေ အပြည့်တော့် .... ကဲ ဘာလိုသေးသလဲ ”

မောင်ငသောင်း ဆိုသည်မှာ ကြီးကြီး ရဲ့ အမျိုး သား ၊ ကျွန်တော့် ဘကြီးပင် ဖြစ်သည် ။ ဘကြီး က ရွာ ဆန်စက်မှာ အလုပ်သမားခေါင်း ဖြစ်သည် ။ အလုပ် မအားလို့ မလိုက်နိုင် ရှာသော်လည်း သူ့ တူ တော်စပ် သော ကိုတင်ဝင်း နှင့် ကိုရှိန် တို့ လက်သမား နှစ်ယောက် ကို ထည့်လိုက်သည် ။

အိမ် စရောက်တဲ့ နေ့မှာပင် ကြီးကြီး ကိုယ်တိုင် ရွာက ပါလာတဲ့ ဆန်ဖြင့် ထမင်းချက်သည် ။ ရွာမှ ပါလာ တဲ့ ဟင်းသီးဟင်းရွက်တွေ ကို ငါးနှင့် ရောမွှေပြီး ဟင်း ချက်သည် ။ တို့စရာ အမယ်စုံဖြင့် ငါးပိရည်မွှေးမွှေး လည်း ပါလိုက်သေးသည် ။ အားလုံးသည် ရွာ က သယ်လာသည်ချည်း ဖြစ်၍ ကြီးကြီး သည် နဂိုကတည်းက ဟင်းချက် အလွန်ကောင်းသူဖြစ်သော ကြောင့် အားလုံး စား ကောင်းကြသည် ။

မြေ ကို ပန္နက်ချ ၊ တိုင် မထူမီ အောက်ခြေ အရင် ရှင်းကြရသည် ။ ခြေရင်း အုန်းပင်သုံးပင် ကို ခုတ်ဖြတ် အမြစ်လှန် ကြရသည် ။ အမြစ်မျှင်မွှားတွေ ကြားမှာ နီရဲတွတ် နေသော ပုရွက်ဆိတ်အုံကြီး ကို တွေ့ရသည် ။ ယောက်ဖ လုပ်သူတွေ လက် နှင့် တစ်ကိုယ်လုံးမှာ ပုရွက်ဆိတ်တွေ ဝိုင်းအုံ ကိုက်ထားလိုက်သည်မှာ ရဲတွတ်ပြီး အသီးကြီးတွေ တောင် ဖြစ်နေသည် ။ ဒါပေမဲ့ သူတို့ နာလျက် ကြား က ရအောင် အမြစ် တူး ဖော်ကြရှာသည် ။

အမေ့အိမ် ရှေ့က သစ်တွေ ကို မြို့သာယာ သယ်မည် ဆိုတော့ ကားငှားစရိတ် မရှိ ။ လမ်း ထဲက လှည်းငှားပြီး ယောက်ဖတစ်တွေ အခေါက်ခေါက် အခါခါ သယ်ပို့ရသည် ။ ကိုရှိန် တို့ ကိုတင်ဝင်း တို့ လက်သမားတွေ လည်း မနေရရှာ ၊ ဝိုင်း ကူ ရရှာသည် ။ အမေ့အိမ် နှင့် က ကားတစ်မှတ်တိုင် သာ ကွာလှမ်းပေ မယ့် ဝန်နှင့် ဆိုတော့ အတော် တွန်းကြရသည် ။

ကြီးကြီးသည် အိမ်တိုင် ထူသည့် နေ့တွင် အစောကြီး ထပြီး မုန့်လုံးရေပေါ်တွေ လုံးတော့သည် ။ အုန်း ၊ ငှက်ပျော နှင့် အမွှေးနံ့သာ ၊ အောင်သပြေပန်း တွေ လည်း သွား ဝယ်လိုက်သေးသည် ။

“ အစောကြီး ရှိသေးတယ် ကြီးကြီး ရာ ။ ဘာလို့ အပင်ပန်းခံ ထ ရတာလဲဗျာ ”

“ ဟဲ့ လူလေးရဲ့ ဒီကနေ့ တိုင် ထူမှာလေ ။ မုန့်လုံးရေပေါ် မီအောင် လုံးရတယ် ။ အိမ်တိုင် ထူတာ မုန့်လုံးရေပေါ် နဲ့ ပသရတယ် ။ ဒါမှ လူလေးတို့ ပေါ်ပေါ် ထင်ထင် ပေါပေါများများ အလုံးလိုက် အခဲလိုက် ဝင်မှာ ”

အိမ်တိုင် ထူတော့ ကိုတင်ဝင်း နဲ့ ကိုရှိန် က တိုင် မှာ အမွှေးနံ့သာဖြန်း ... ၊ အုန်း ၊ ငှက်ပျော ၊ အောင်သပြေပန်းတွေ ဆွဲအပြီးမှာ ဝိုင်း ထူမတ်ကြသည် ။ အမေ နှင့် ကြီးကြီး က အုန်းသီးဖွေးဖွေး ၊ မုန့်လုံးရေပေါ် နှင့် ပသကြသည် ။ အရပ် သို့ လည်း ဝေသည် ။

အိမ် က ၉ ပေခန်းဖွင့် နှစ်ခန်း ဆိုတော့ ၁၈ ပေ ရှိသည် ။ နောက်ကို ၁၀ ပေ သုံးခန်း ဆိုတော့ ၃၀ ရှိသည် ။ ထိုနေ့မှာပင် လက်သမားဆရာတွေ ၏ ကျွမ်းကျင်မှု ၊ စေတနာ ၊ အနစ်နာ ၊ ဝီရိယ အားစိုက်မှု ကြောင့် ညနေ မိုးချုပ်သည် နှင့် တိုင်တွေ အကုန် ထူ ဖြစ်သွားသည် ။ ထုပ် ၊ လျောက် ၊ ဒိုင်း ၊ မြား ဆင်ပြီးသွားသည် ။

အိမ်လုံးကြီး တစ်ဆောင်လုံး ကို ၅ ရက်ခန့် နှင့် အပြီး ဆောက်နိုင်ကြသည် ။ ကျွန်တော့် ယောက်ဖများ ၏ အကူအညီ ကြောင့် လည်း ပါသည် ။

ကြီးကြီး က နေ့စဉ် ထမင်းဟင်း ချက်ကျွေး သည် ။ နေ့လယ်နေ့ခင်း စားဖို့ မုန့်လက်ကောက်ကြော် ၊ မုန့်ကြာခွက်ကြော် ၊ ဘရာကြော် ၊ လက်ဖက်သုပ် ၊ တစ် မျိုး မဟုတ် တစ်မျိုး ကို လည်း လုပ်ကျွေးတတ်သည် ။ ရေနွေး ကတော့ မပြတ် တည်တိုက်ရှာသည် ။ ထိုအခါ တိုင်း ထန်းလျက်ခဲလေး က ပါစမြဲ ။

အိမ် ပြီးသည့် နေ့တွင် ကိုတင်ဝင်း ၊ ကိုရှိန် နှင့် ကျွန်တော့် ယောက်ဖများ ကို ဘုရားစုံ လိုက်ပို့ ဖြစ်သည် ။ ရွှေတိဂုံ ၊ ဆူးလေ ၊ ဗိုလ်တထောင် ၊ ကျိုက္ကဆံ ၊ မယ်လမု ၊ ကမ္ဘာအေး ။

“ ကျေးဇူး တင်လိုက်တာ ကိုအေးချစ် ရာ ”

အိမ်တစ်လုံးလုံး ဆောက်ပေးသည့် အပြင် ကျေးဇူးတင်ပါသည် ဆို၍ ကျွန်တော် မနေတတ် ၊ တင် ချင်း တင် ကျွန်တော် က တင်ရမည့် သူ ။

“ ဟာ မဟုတ်တာဗျာ ၊ ကျွန်တော် က တင်ရမှာပါ ။ ဘုရား ပို့တာ ဘာ အပန်းကြီးတာ မှတ်လို့ ”

“ ဒီလို မဟုတ်သေးဘူးဗျ ၊ ကျွန်တော်တို့ က တော်ရုံတန်ရုံ မြို့ ရောက်ကြတာ မဟုတ်ဘူး ။ အကြောင်းကိစ္စ ရှိမှ ရောက်ကြရတာ ။ ဒါလည်း ကြုံခဲပါတယ် ။ ကိစ္စ ပြီးရင် ရွာ ပြန်ရော ၊ ဘုရား ကို တကူးတက ပို့ပေးမယ့် လူ မရှိလို့ ရန်ကုန် က ဘုရားတွေ ခုလို စုံအောင် မဖူးဖူးဘူး ။ အခု ကိုအေးချစ် ပို့လို့သာပေါ့ ။ ဒါ လက်သမားခ ထက်ကို တန်ဖိုးများသားလား ”

ဘယ်လို ပြောပြော သူတို့ ကျေးဇူး ၊ ကျွန်တော့် ကြီးတော် ကြီးကြီးဒေါ်မြခင် ကျေးဇူး ကြောင့် ကျွန်တော် တို့ မိသားစု ကိုယ့်အိုး ကိုယ့်အိမ် နှင့် အခြေကျကျ နေ နိုင်ချေပြီ ။

သို့သော် ... သူတို့ ပြန်သွားတော့ ကျွန်တော် ခုနစ်ရက်ခန့် ပန်းဖျား ဖျား ယူတော့သည် ။

[ ၃ ]

အိမ်ဆောက်ပြီး နှစ်နှစ်ခန့် အကြာမှာတော့ အိမ်ကြွေးကလေး ကြေ သွားသည် ။ နောက်ပိုင်း ရသည့် ငွေကလေး ဖဲ့စုပြီး တဖြည်းဖြည်းချင်း အိမ် ကို ပြုပြင် နိုင်ခဲ့သည် ။ နိုင်သရွေ့ အိမ်ရှေ့ အဆောင်ကလေး ကို ဓနိတွေ ခွာပြီး အမိုသွပ်ကလေး ပြောင်း မိုးသည် ။ နောက် နှစ်တွေမှာ တစ်အိမ်လုံး အမိုးသွပ်တွေ ပြည့် သွားတော့ ခေါင်းရင်း က ဝါးထရံ ကို ခွာပြီး ပျဉ်ကလေး ကာနိုင်သည် ။ နောက် တစ်နှစ်မှာ ခြေရင်းဘက် ပျဉ်ကာ ။

ရေချိုးခန်း ကို အင်္ဂတေလောင်း ၊ ကြွေပြားကပ် နိုင်ခဲ့သည့် အပြင် ကျန်ရှိသော နောက်ဘက် မြေတွင် ခု ဆိုလျှင် အုတ်ကာဆောင်ကလေး တစ်ဆောင်တောင် သပ်သပ် ထုတ်နိုင်ခဲ့သည် ။

တစ်စ တစ်စ ၊ ကြိုးစား စုဆောင်း ပြုပြင်မွမ်းမံ ခဲ့ရာ ယခုအခါ ကျွန်တော်တို့ အိမ်ကလေး က သွပ်မိုး ပျဉ်ကာ ၊ လျှာထိုးခင်း ၊ မီးဖိုခန်း ၊ ရေချိုးခန်း ဆိုလည်း အုတ်ပတ်ကား တက် ၊ ကြွေပြားရောင်စုံခင်း နှင့် အတော် ကလေး ခိုင်ခိုင်ခန့်ခန့် အဆင့်မြင့်မြင့် ဖြစ်လာသည် ။ ကျွန်တော့် အိမ်ကလေး မှာ သစ်သားတစ်ထပ် အိမ်ကလေး သာ ဖြစ်သည် ။ ရှေ့ ၅ ပေခန့် ကိုလည်း နောက်တိုးဆောင်တစ်ဆောင် ထုတ်နိုင်ခဲ့သည် ။ အဲဒီ အခန်း ကို အလုံ မပိတ် ။ ဝရန်တာ သဘောမျိုး ထား သည် ။ လက်ရမ်းကလေး မှာ နို့စိမ်းရောင် သင်္ဘောဆေးလေး သုတ်ခြယ်လိုက်သောအခါ အလွန်မှ နေချင့်စဖွယ် ကောင်းလှသည် ။

အဲဒီ ဝရန်တာ တစ်လျှောက်မှာ သစ်ခွအိုး ကလေးတွေ ချိတ်ဆွဲ ၊ တိုက်ပန်းအဝါရောင်ကလေး များကိုလည်း နွယ်တန်းကလေး လို ချိတ်ဆင်လိုက် သောအခါ ကြည့်မြင်သူ ငေးယူရ လောက်အောင် ကဗျာဆန်ဆန် လှ နေတော့သည် ။

အိမ် ဆိုတာ နေဖို့ သက်သက် မဟုတ် ၊ နှလုံးအိမ် သာယာချမ်းမြေ့စေဖို့လည်း လိုသည် ။ ကိုယ့် အိမ် ရဲ့ အရသာ တန်ဖိုးကို တခြား တစ်ရပ်တစ်ကျေး ရောက်
မှ ပို သိနားလည်နိုင်သည် ။ အိမ် သည် ကိုယ်စိတ်နှလုံး နားခိုရာ အစရှိသော အဆိုအမိန့်တွေ ထက် ကျွန်တော့် အိမ် က ပို၍ အဓိပ္ပာယ် နက်ရှိုင်း ကျယ်ဝန်း ပြည့်စုံနေသည် ဟု ထင်သည် ။

အိမ် မှာ ရေမီးစုံ နှင့် ၊ အမိုးအကာ ပြည့်ပြည့်စုံစုံ နှင့် ။ လေဝင်လေထွက် ပြတင်းပေါက်တွေ ကလည်း အများကြီး နှင့် ၊ ကျယ်ကျယ်ဝန်းဝန်း ပြန့်ပြန့်ပြူးပြူး အိမ်ကို လုံခြုံအောင် ကာရံထားသော စည်းရိုးကလေး ကလည်း သစ်သားတန်းကလေးတွေ တပြေးညီ အချိုးအစား ကျကျ ဝင်းခတ် ထားပြီးသား ။ ခြပိုး မစား နိုင်အောင် ရေနံချေးစိမ်းမြမြကလေး ကလည်း မိခင်နို့ ရည်ဝသော ကလေးငယ် လို စိုစိုပြေနှယ် ၊ အိမ်ရှေ့ မျက်နှာစာ က နို့စိမ်းရောင် မှာ အဖြူယှက် အလှခြယ်ကွက် ဖော်ထားသည် မှာ လည်း ပြုံးစစ အလှသွေးကြွယ်သည့် မြီးကောင်ပေါက် အပျိုဖျန်းမလေး မျက်နှာ လို အလှ ကြီး လှနေသည် ။

အေးချမ်းဆိတ်ငြိမ်ရပ်ကွက်ကလေး မှာ နေချင့်စဖွယ်အိမ်ကလေး တစ်လုံး ပိုင်ဆိုင်ခဲ့ခြင်းသည် ကျွန်တော်တို့ ဘဝအတွက် အထူး ကံကောင်းခြင်း လက်ဆောင် ဟု ပြောစမှတ်ပြု ခံရသည် ။ ကျွန်တော်တို့ ဇနီးမောင်နှံ ဒါအတွက် လောက အလယ် လက်မ ထောင် ရင်ကော့ နေနိုင်ခဲ့သည် ။ ကျွန်တော့် အိမ်ကလေး ကို ကျွန်တော် ကိုယ်တိုင် ခြယ်မှုန်းခဲ့ခြင်း အကြောင်း တရားကြောင့် အကျေနပ်ကြီး ကျေနပ်ခဲ့သည် ။ ဘယ် လိုပင် ဖြစ်ဖြစ် ..

[ ၄ ]

သမီး နှင့် သား ကို အဲဒီ အိမ်ကလေး မှာပဲ မွေးဖွား သန့်စင်ခဲ့သည် ။ သားငယ် ၅ နှစ်သား ခန့် အရောက် မှာတော့ ကျွန်တော်တို့ အလွန် မက်မောတွယ် တာခဲ့သော အဲဒီ အိမ်ကလေး ကို ရောင်းမှ ဖြစ်မည့် အကြောင်း ဖန်လာသည် ။

ကျွန်တော့် အလုပ်မှာ ပစ္စည်း တစ်ခု ရောင်းမှား ဝယ်မှား ဖြစ်ပြီး အမှု ဖြစ်ခဲ့သည် ။ ပစ္စည်း က သိန်း ၄ - ၅၀ တန် ဖြစ်၍ ခိုးရာပါ ဝယ်ယူလိုက်မိခြင်း ကြောင့်ပင် ။ ထို အမှု နှင့် ဇနီးသည် မသက်တင် လက်ဝတ်လက်စား တွေ လည်း ကုန် ၊ တီဗွီ ၊ အောက်စက် ၊ ကက်ဆက် ၊ ရေခဲ သေတ္တာ ၊ အဝတ်လျှော်စက် ပါ မကျန် ရသရွေ့နှင့် ရောင်းချ ထိုးဆပ် လိုက်ရသည် ။ နို့ လူပါ ထောင်တန်း ဝင်ရမည့်ကိန်း ။

အမှု ပြီးလို့ အလုပ် အဆင် မပြေသည့် အချိန်တွင် ရှိတာ ထိုင်စားနှင့် ကျန်တာတွေလည်း လုံးပါး ပါးခဲ့ရသည် ။ ဒီမှာ ...

အစ်ကို တစ်မျိုး ၊ သူငယ်ချင်း လို တစ်သွယ် ခင်မင်ရသော ကျောင်းတုန်းက သူငယ်ချင်း အစ်ကိုဝင်းဆောင် နှင့် တွေ့ရခြင်းသည် ဘဝ တစ်ဆစ်ချိုး အတွက် အားတက်ဝမ်းမြောက်စရာ ဖြစ်ရသည် ။

“ မပူနဲ့ သူငယ်ချင်း ၊ ငါ့ အလုပ် ထဲမှာ ရှယ်ယာ ဝင်လိုက် ၊ မင်း မိသားစု စားဝတ်နေရေး အတွက် ရင်အေးစေရမယ် ”

အစ်ကိုဝင်းဆောင် က မြောက်ဒဂုံစက်မှုဇုန် မှာ သူ့ အလုပ်ရုံ ရှိသည် ။ သူ ကိုယ်တိုင်က တွင်ခုံဖောက်ခုံ ဆရာကြီး တစ်ဦးဖြစ်သည် ။ အဲဒီ အလုပ်ရုံကို သူ ကိုယ်တိုင် ဦးစီးဦးဆောင်ခြင်းဖြစ်သည် ။ စက်ရုံ နှင့် စက်ခုံ တွေ ကိုရော သူ ပိုင်တွေချည်း ဖြစ်သည် ။ ခု သူ လုပ်ငန်း တစ်ခု တိုးချဲ့ပြီး လုပ်သည် ။ ထို လုပ်ငန်း က အလွန် အောင်မြင်နေသည် ။ တိုက်တာ အဆောက်အအုံ ၊ သာသနိက အဆောက်အအုံ ၊ ဟိုတယ် ၊ မိုတယ် နှင့် အခြား အသုံး လိုသော အဆောက် အအုံများ၏ အုတ်ဝင်းထရံဘောင်ထိပ် တွင် တပ်ဆင် သော မီးအုပ်ဆောင်းလုပ်ငန်း ဖြစ်သည် ။ ဒီဇိုင်းမျိုးစုံ ၊ အရွယ်အစားမျိုးစုံ ၊ အရောင်အသွေးစုံကို သူ့စက်ရုံ မှာ မှာယူနိုင်သည် ။

“ မှာယူတင်သွင်းထားတဲ့ အော်ဒါလက်ခံ စာရင်း ဒီမှာကြည့် ”

အလုံးရေပေါင်း ထောင်နှင့် သောင်းနှင့် ချီ ရထားပြီးပြီ ။ ကျွမ်းကျင် အလုပ်သမားတွေ လည်း ခန့်ထား ပြီးပြီ ။

“ ငါ့ မှာ မင်း လိုပဲ ရှယ်ယာဝင် ( ၅ ) ဦး ရှိတယ် ။ သူတို့ ကိုယ်တိုင် ဈေးကွက်ရှာ ၊ သူတို့ ကိုယ်တိုင် ဖြန့်ချိ ၊ သူတို့ ကိုယ်တိုင် အလုပ်သမားကြီးကြပ် ၊ တာဝန်ခွဲဝေ ထားတာ ။ မင်း လည်း တစ်နေရာ ဝင်လုပ်ကွာ ၊ လစာ သပ်သပ် ရမယ် ”

“ ကျွန်တော့် မှာ ရှယ်ယာ ဝင်စရာ ငွေမှ မရှိတာ အစ်ကို ရ ”

“ ဟ .. အိမ်ရောင်းပေါ့ကွ ၊ မင်းတို့ လောလောဆယ် နေဖို့ ဟောဟိုမှာ တွေ့လား ။ တစ်ထပ်တိုက် အိမ်ကလေး ။ အဲဒါ ငါတို့ မိသားစုနေဖို့ ဆောက်ထား တာ ၊ ခု နေတဲ့ ဗဟန်းတိုက်ကြီး က အမွေဆိုင်မို့လားကွ ။ ငါ့ ညီတွေ ညီမတွေ က ရောင်းချင်ပါတယ် ဆို ခုချက် ချင်း ဆင်းပေးရမှာ ။ ဒါပေမဲ့ အားလုံးက အဆင်ပြေ နေတော့ ဘိုးဘွားပိုင်တိုက်ကြီး ကို ဘယ်သူ့ လက်ထဲမှ အထည့် မခံနိုင်ဘူး ဆိုပြီး ဒီအတိုင်း နေကြတာ ။ ခုတော့ ဒီ တိုက်ကလေး က အလကား ဖြစ်နေတာကွ ။ မင်းတို့ မိသားစု တက် နေရုံပဲ ”

သည်လိုနှင့် ကျွန်တော် သည် အိမ်ကလေး ကို ရောင်းဖို့ ဆုံးဖြတ်မိသည် ။

[ ၅ ]

ကျွန်တော် သည် နှစ်ပေခွဲ ၊ တစ်ပေခွဲခန့်ရှိ ပြောင်သွပ် ကို သစ်သားဘောင် ကွပ်သည် ။ သစ်သား ဘောင် အနားသပ် ကို ဆေးဖြူသုတ် ၊ သွပ်ပြား ကိုတော့ မိုးပြာရောင် သင်္ဘောဆေးလေး ခြယ်သည် ။ “ အိမ် ရောင်းမည် ” ဆိုသော ဝိုင်းဝိုင်းစက်စက် စာလုံးဖြူ ကို တော့ ကျွန်တော် ကိုယ်တိုင် စိတ်ကြိုက် သေသေသပ်သပ် ရေးခြယ်လိုက်သည် ။

ထို စာ ဆိုင်ဘုတ်ကလေး အိမ်ရှေ့ မျက်နှာစာ မှာ ချိတ်ဆွဲ ပြီးချိန်မှာ အလုပ် တစ်ခု ပြီးပြည့်စုံ သွား သလို ဝယ်ယူမည့်သူ အလာကို စောင့်ဆိုင်းရင်း အိမ်ကလေး ကို နှမြောတသစွာ ကြည့်မိသည် ။ ရင်မှာတော့ မထားပစ်ရက်ခဲ့ ။

ကြီးကြီး မသေမီက ဟင်းချက်စရာတွေ ခေါင်းပေါ် ရွက်လာပြီး လက်သမားတွေ ကို ချက်ပြုတ်ကျွေး ဆောက်ခဲ့တဲ့ အိမ် ။ ယောက်ဖ နှစ်ယောက် တစ်ကိုယ်လုံး ပုရွက်ဆိတ်တွေ ဝိုင်းအုံ အကိုက်ခံ ဆောက်လုပ် ခဲ့ရတဲ့ အိမ် ။ ကျားကုတ်ကျားခဲ အံတင်း ဆောက်လုပ် ခဲ့ရတဲ့ အိမ် ။ ခုတော့ သူတစ်ပါး လက် ဝကွက် ထိုးအပ် ခဲ့ရတော့ပေမည် ။

“ အေးလေ ... အိမ်ကလေး ထားခဲ့ရမှာ စိတ်မကောင်း လိုက်တာ ”

အိမ်ကလေး ကို အခိုင်အခန့် အကျအန ဆောက်လုပ်ပြီး မှ ထားခဲ့ရမည် ဆိုတော့ ဇနီး လုပ်သူ ကလည်း စိတ် မကောင်း ။ သည်လို ရပ်ကွက်မျိုး တစ်သက် ပြန်နေရဖို့ ဆိုတာလည်း လွယ်ချင် မှ လွယ်တော့ မည် ။ ရပ်ကွက်ကလေး က တကယ့် အေးအေးချမ်းချမ်း ၊ လူရှုပ်လူပွေ မရှိ ။ သူခိုးဂျပိုး မရှိ ၊ လူလိမ်လူကောက် မရှိ ၊ မူးယစ်ဆိုးသွမ်းသူ မရှိ ။ အဆင့်မြင့်မြင့် အထက်တန်းကျကျ နေထိုင်သူတွေ သာ ရှိသည် ။

“ တစ်ချိန် မှာ တော့ ပြန် ဝယ်ကြတာပေါ့ကွာ ။ အိမ် ရောင်းလို့ရတဲ့ ရှယ်ယာ ဆိုတာ က လည်း ပျောက်ပျက် သွားတာမှ မဟုတ်တာ ”

သည်လို နှင့် အိမ် ရောင်းဖြစ် သွားတော့သည် ။

[ ၆ ]

တကယ်တမ်း ရောင်းကြတော့လည်း ...

ဝယ်ယူမည့် အမျိုးသမီး က အိမ်ရှေ့တံခါးမကြီး အပေါက်ဝ မှ အိမ်နောက်ဘက် အထိ လျှောက် ဟိုကြည့် ၊ သည်ကြည့် ကြည့် ။ အိမ် နောက်ပေါက် တံခါးဝ အရောက် မှာ ...

“ ဘယ်လောက်လဲ ”

“ ၁၆၀ ... ”

“ မလျှော့ဘူးလား ”

“ ကျွန်တော် ပို မဆိုထားတော့ မလျှော့နိုင်တော့ဘူးဗျာ ”

“ မီတာ ပါလား ”

“ မီတာပါ ၊ ရေမော်တာပါ ၊ ဒီမှာ အဆင့်သင့် ”

“ ငွေ ချေတာနဲ့ ဆင်းပေးနိုင်လား ”

“ နေစရာ အဆင်သင့်ပဲ ”

“ ကျွန်မ နဲ့ အတူ စရန်ငွေ လိုက်ယူပါ ။ ကျွန်မ ဟိုဘက် ရပ်ကွက် မှာ နေပါတယ် ”

“ အမျိုးသား နဲ့ မတိုင်ပင်တော့ဘူးလား ”

“ ခု သူ မရှိဘူး ၊ သင်္ဘော တက်သွားတယ် ။ နောက်မှ ဖုန်း ဆက်လိုက်မယ် ”

ဟောဗျာ ... အိမ် တစ်လုံးလုံး အရောင်းအဝယ် လုပ်တာ ဟင်းရွက်ကန်စွန်း ရောင်းတာထက် တောင် လွယ်နေသေးတော့သည် ။ ဝယ်သူ က ထိုင် တောင် မထိုင် ။ အိမ်နောက်ပေါက်ဝ မှာ မတ်တတ် အနေအထား စကား ပြောကြရင်း အရောင်းအဝယ် လုပ်ဖြစ်သွားကြသည် ။ ကျွန်တော် ခေါ်သည့် ဈေး က နည်းများ နည်းသွားသလား လို့ တောင် သံသယဖြစ်မိ သည် ။ ဒီကိစ္စ လာ နောက်ပြောင်စရာလည်း မဟုတ် တော့ ယုံရတော့မည် ။

“ ကျွန်မ စရန် တကယ် ချမှာ လိုက်ခဲ့ပေးပါ ”

နောက်မှ ကျွန်တော် သိရသည် ။ ထို အမျိုးသမီး သည် ဘိုးတော် နှင့် ပဋ္ဌာန်းဆက် ဆိုတာတွေကို အယုံအကြည် ရှိသည် ။ သူမ အိပ်မက် ထဲက ဘိုးတော် တစ်ပါး က ပြတင်းပေါက်တွေ ကို လေးထောင့်သံဆန် ခါကွက်ကလေးတွေ ကို စိမ်းပြာရောင် ဆေးသုတ်ခြယ် ထားတဲ့ အိမ်ကလေး တစ်လုံး ကို လက်ညှိုးထိုး ပြပြီး “ အဲဒီ အိမ် ဝယ်လိုက် ၊ ဝယ်လိုက် ” ဟု နှုတ် က မိန့်မှာ သွားကြောင်း ။ ခု ဘိုးတော် ညွှန်ပြသော အိမ်သည် ကျွန်တော့် အိမ် ဖြစ်နေကြောင်း သိရပြီး ဈေး မဆစ်ဘဲ ဝယ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည် ။

ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော် ရောင်းရဖို့ သာ အဓိက ဖြစ်သည် ။ သည်လိုနှင့် ငွေ အပြီး ချေမည့်နေ့ မနက် တွင် ထို အမျိုးသမီးနှင့် အတူ အမျိုးသား တစ်ဦး လည်း အတူ ပါလာသည် ။

“ ဒီကနေ့ မနက်ပိုင်း ကျွန်မ မအားဘူး ။ ဒါ ကျွန်မတို့ ဌာနက ဌာနခွဲစာရေးကြီး ဦးသော်တာဝင်း ဆိုတာပါပဲ ။ စာချုပ် နဲ့ စာရွက်စာတမ်း ကိစ္စ သူ လိုက်ပါ ဆောင်ရွက်လိမ့်မယ် ။ ဒီည ခုနစ်နာရီ မှာ ပတ်ကား စာချုပ် ချုပ်ဆိုပြီး ငွေအကြေ ချေကြတာပေါ့ ။ ကျွန်မ တို့ အမီ လိုက်လာခဲ့ပါမယ် ”

မဟာဗန္ဓုလပန်းခြံလမ်း မှာ ကျွန်တော့် သူငယ်ချင်း ရှေ့နေ ကိုမြစိုး ရှိသည် ။ သူ့ အကူအညီ အကြံဉာဏ် ဖြင့် စာ ချုပ်နိုင်ရန် စာစီကြသည်လေ ...။

“ ဝေါ ... ဝေါ ... ”

“ ဟာ ... မီးသတ်ကားတွေ မနည်းပါလား ၊ ဘယ်မှာတဲ့လဲ ”

“ ဒေါပုံ ဆိုလား ၊ သာကေတ ဆိုလား ”

“ ဗျာ ... ဒေါပုံ ၊ သာကေတ ဟုတ်လား ”

ကျွန်တော် ရရာ တက္ကစီ အပြေး ငှားပြီး အမြန် နှုန်းတင် မောင်းခိုင်း မိသည် ။ ကား က ထင်သလောက် ခရီး မပေါက် ။ လမ်းတစ်လျှောက် မီးပွိုင့် က မီးနီ နှင့် တိုးတော့ စိတ်မရှည်ချင် ။ နောက်ပြီး တဝေါဝေါ ပြေး နေသော မီးသတ်ယာဉ် ။ တရှီးရှီး တဝီဝီ ပြေးနေသော လုံခြုံရေးတပ်ဖွဲ့ယာဉ် ။ ဆေးရုံလူနာတင်ယာဉ် ၊ ကြက်ခြေနီယာဉ် နှင့် အရေးပေါ်လုံခြုံရေး နှင့် ကြီးကြပ်ကွပ်ကဲရေးယာဉ်တွေကို ရှောင် မောင်း နေရသည် ။ သာကေတ တံတား အတက်မှာ လူတွေ ပျားပန်းခတ် ပြေးလွှား နေသည်မှာ ကား တိုး မရတော့ ။ ကျွန်တော် ကားတံခါး ဖွင့် ခုန်ဆင်းရင်း အိမ် ရှိရာသို့ ပြေးသည် ။

ခုချိန် အိမ် မှာ ဘယ်သူမှ မရှိ ။ ကျွန်တော် လာ တုန်းကလည်း အိမ်တံခါး သော့ခတ် ထွက်လာခြင်း ဖြစ်သည် ။ ဇနီး နှင့် သမီးသား တစ်စု ကျောင်းတက် သွားကြသည် ။ ကျောင်း မဆင်းမီ မီးလောင်ခြင်း ဖြစ်လို့ စိတ်မှာ တစ်ဆင့် အေးရသည် ။

“ မြို့သာယာ တဲ့ ၊ ဓာတ်ဆီလှောင် တဲ့ အိမ်က စလောင်တာ ”

“ ဗျာ ”

ကျွန်တော် ခြေကုန် သုတ်သည် ။ ကျွန်တော့် ရှေ့မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ၊ မြို့နယ်ရပ်ကွက် တာဝန်ရှိ အဖွဲ့အစည်းတွေ ကြားမှ စတင် တိုးဝင်သည် ။

“ ဟေ့ ... ဘယ်သူ့ ကို မှ အဝင်မခံနဲ့ ”

“ ကျွန်တော် ဒီ ရပ်ကွက် ကပါ ၊ ကျွန်တော့် အိမ် ကျွန်တော့် အိမ်ဘက်ဆီမှာ ”

ကျွန်တော် မရပ် ၊ ဘာမှ မမြင် ၊ အိမ် ရှိရာ အရောက် ပြေးသည် ။ အိမ်ဝ ရောက်တော့ မျက်လုံးတွေ ပြာသွားသည် ။ ရင်ထဲ က နှလုံးသည်းအူတို့ အိမ် နှင့် အတူ မီးထဲ ဝေါခနဲ ပါသွားသလို ခံစားလိုက်ရသည် ။

တစ်အိမ်လုံး ပြာပုံ အတိ ဖြစ်နေပြီပဲ ။

မီးတွေ လောင်မြိုက်ဝါးမျို ထားလိုက်တာလေ ။

အိမ်တိုင်ပါ မကျန်တော့ပါလား ။ ကျန်တဲ့ ငုတ် တိုင်တွေ ဆိုလည်း မီးငွေ့တွေနှင့် တဖွားဖွား လောင်နေတုန်း ။

ထိုအခိုက် ၊ ကျွန်တော့် ကို ဆီးကြို နေသလိုမျိုး ဒါမှမဟုတ် ကျွန်တော့်ကို လှောင်ပြောင် နေသလိုမျိုး မြင်တွေ့လိုက်ရသော ပစ္စည်း တစ်ခုကြောင့် ကျွန်တော့် ရင်ထဲမှာ နင့်ခနဲ ဖြစ်သွားရသည် ။ ဘယ်လို ဖြစ်သည် မသိ ၊ မျက်ရည်တွေ က အလိုလို စီးကျလာသည် ။

ကျွန်တော် ပက်လက်ကုလားထိုင် တစ်လုံးနှင့် အနားယူတဲ့ အခါဖြစ်စေ ၊ သတင်းစာဖတ် စာဖတ်တဲ့ အခါဖြစ်စေ ၊ ထိုင်လေ့ရှိတဲ့ အိမ်ရှေ့ မြေဖွေးဖွေး ကမူထက်ကလေး မှာ အနေအထား မပျက် ၊ ကျန်ရစ်တဲ့ ပစ္စည်းကလေး ။

မီးပူရှိန် ဟပ်ထား၍ ဖြူတစ်ကွက် ၊ မည်းတစ်ကွက် အလှပျက် နေပေမဲ့ ကျွန်တော့် လက်ရာ “ အိမ် ရောင်းမည် ” ဆိုတဲ့ စာလုံးတို့ က ပကတိ အတိုင်း မပျက် မယွင်းသေးသည့် ဆိုင်းဘုတ်ကလေး ။

▣ သင်းအောင်ပန်
📖 ရနံ့သစ် မဂ္ဂဇင်း
      စက်တင်ဘာလ ၊ ၂၀၁၀

No comments:

Post a Comment