❝ တောင်မင်း နှင့် မြောက်မင်း ❞
( မင်းလူ )
ငွေ သည် အချိန် ကဲ့သို့ ကုန်လွယ်၏ ။ ထို့အတူ အချိန် သည်လည်း ငွေ ကဲ့သို့ပင် ကုန်လွယ်၏ ။ တစ်ခု ကွာခြားသည် က အချိန် သည် အလကား ရသည် ။ ကုန်ဆုံးသွားသော ကာလများ အတွက် အလိုအလျောက် အစားထိုး ဝင်ရောက် လာနိုင်သည် ။ ငွေ ကျတော့ ဒီလို မဟုတ် ။ အလိုအလျောက် ဖြည့်ဆည်း မပေးနိုင်ချေ ။
မည်သို့ပင် ဖြစ်စေ ၊ အချိန် နှင့် ငွေ သည် လူ ကို မစောင့်တတ်ချင်း တော့ အတူတူပင် ဖြစ်၏ ။
ဤသို့ဖြင့် အချိန် နှင့် အမျှ ငွေ က ကုန်နေပြီ ။ အချိန် နှင့် အမြန်နှုန်း ကို ငွေ က မီအောင် မလိုက်နိုင် သော အခါ သူ့ တွင် အကျပ်အတည်း ပေါ်လာလေတော့သည် ။
••••• ••••• •••••
“ ကျွန်တော့် အလုပ် က ပုံမှန် ဝင်ငွေ ဆိုတာ မဟုတ်ပါဘူးဗျာ ” ဟု သူ ပြောလေ့ ရှိသည် ။ ပြောသည့် အခါတိုင်း လည်း ထို စကား အတွက် စိတ် ထဲ က ကြိတ်၍ ပြုံးမိမြဲ ဖြစ်သည် ။ ပုံမှန်ဝင်ငွေ မဟုတ်လျှင် ပုံမှား ဝင်ငွေပေါ့ ဟု တွေးမိသောကြောင့် ဖြစ်သည် ။
တကယ်တော့ သူ့ အလုပ်သည် လည်း ပုံမှန် အလုပ် မဟုတ်ချေ ။ ပုံနှိပ်လောက အတွင်း လှည့်လည်ကျင်လည် နေရသူ သာ ဖြစ်သည် ။ သူ သည် စက်နောက်ကြည့် ခေါ် စက်ဆရာ ၏ တပည့် လည်း လုပ်ဖူးသည် ။ စာ လည်း ဝင် စီကြည့်ဖူးသည် ။ စာပြင်ဆရာ လည်း လုပ်ဖူးသည် ။ စက္ကူရုံး ၊ စာပေစိစစ်ရေး စသည်တို့ ကို ထုတ်ဝေသူ ပုံနှိပ်သူတို့ ၏ ကိုယ်စား သွား ပေးရသည့် အလုပ် က လည်း လုပ်ဖူးသည် ။
တစ်ကိုယ်ရေ တစ်ကာယ နေခဲ့တုန်း က သိပ် အရေးမကြီး ။ ဖြစ်သလို နေ ၊ ဖြစ်သလို စား လို့ ရသည် ။ ပိုက်ဆံ မရှိ လည်း ပူစရာ မလို ။ သူငယ်ချင်း အပေါင်းအသင်း တစ်ယောက် ယောက် ဆီ က ဆွဲလိုက်ရုံပင် ။ ကျောချစရာ တစ်နေရာ တောင် မှ သူ့ အတွက် ပြဿနာ မရှိ ။ ပုံနှိပ်တိုက် စက္ကူပုံးများ သည် သူ့ အတွက် အကောင်းဆုံး ဇိမ်အရှိဆုံး မွေ့ရာများ ။
ထိုသို့ လုပ်ရင်းပင် အိမ်ထောင် ကျခဲ့သည် ။ ခုဆိုလျှင် ကလေး နှစ်ယောက် တောင် ရနေပြီ ။ သား နှင့် မယား နှင့် ဖြစ်လာသဖြင့် အရင်လို နေလို့ မရတော့ ။ အိမ်ထောင် တစ်ခု ကို ထူထောင်မိပြီ ဆိုသော အခါ ထို အိမ်ထောင် ၏ စားဝတ်နေရေး တာဝန် ကို မပျက်မကွက် ထမ်းဆောင် ရလေတော့သတည်း ။
စားဝတ်နေရေး ဆိုသည် ကလည်း နေ့စဉ်နှင့် အမျှ ရှိနေသော ဖြစ်စဉ် တစ်ရပ် ဖြစ်သည် ။ တစ်ရက် လောက် မစားဘဲ ၊ မဝတ်ဘဲ ၊ မနေဘဲ မရနိုင် ။ စားခြင်း ၊ ဝတ်ခြင်း ၊ နေခြင်း မှ ရှောင်လွှဲ၍ တစ်ရက် လောက် ခွင့်ယူမည် ဆိုလို့ မဖြစ်ချေ ။
ထို့ကြောင့် သူ သည် အလုပ် ကို ကြိုးကြိုးစားစား လုပ်ရသည် ။ အိမ်ထောင်ဦး ကာလတုန်း ကတော့ အဆင် ပြေ သယောင်ယောင် ရှိ၏ ။ သား တစ်ယောက် ရလာတော့ နည်းနည်း ကသီ လာ၏ ။ သမီး တစ်ယောက် ထပ်မံ ဖွားမြင်ခဲ့ ပြန်သောအခါ အများကြီး ကသီ လာ လေသည် ။ မကြာခဏ ဆိုသလို ငွေကြေး ပြတ်လပ်မှု နှင့် ကြုံရတတ်သည် ။
ခုလည်း သူ့ မှာ အခက်အခဲ တွေ့နေသည် ။ သူ သည် ပုံနှိပ်တိုက် တစ်တိုက် မှာ ဖောင်စား စာပြင် တစ်ယောက် အဖြစ် ဝင်ရောက် လုပ်ကိုင် နေခြင်းဖြစ်၏ ။ ဖောင်စား ဖြစ်သဖြင့် အလုပ် များ လျှင် များ သလို နည်း လျှင် နည်းသလို လုပ်ရသည် ။
ဒီလ ရက်ပိုင်း အတွင်း စက္ကူ အခက်အခဲ ကြောင့် ပုံနှိပ်တိုက် မှာ အလုပ် ပါးလာသည် ။ ထို့ကြောင့် သူ့ ဝင်ငွေ လည်း လျော့လာ၏ ။ မနေ့က စက်မောင်းတံ တစ်ခု ကျိုး သွားသည် ။ လေးငါးရက် လောက် ပြင်ရမည် ။ ထို ရက်များ အတွင်း သူ အလုပ် လက်မဲ့ ဖြစ် သွားသည် ဆိုသည့် သဘော ။
သူတို့ ပုံနှိပ်တိုက် က စနေနေ့ တိုင်း ငွေ ရှင်းပေးသည် ။ ဒီနေ့ မှ အင်္ဂါနေ့ ရှိသေးသည် ။ စနေနေ့ ရောက်သည့် တိုင် သူ့ အတွက် မျှော်လင့်ချက် မရှိချေ ။ တနင်္ဂနွေနေ့ က စက်ပိတ် သဖြင့် အလုပ် မလုပ်ဖြစ်ခဲ့ ။ မနေ့ က တနင်္လာ ၊ ညနေ့ပိုင်း စက်ကျိုး သွားသည် ။ ဒီတစ်ပတ် အတွင်း တစ်ရက်စာ သာ ရစရာရှိ၏ ။ ကြိုတင် ငွေကလေး ၊ ဘာလေး တောင်းလို့ ရချင် ရမည် ။ သိပ်တော့ မကျိန်းသေ ။ ပုံနှိပ်တိုက်ပိုင်ရှင် ကလည်း စက်ပြင်ရတာ နှင့် အလုပ်ပါးတာ နှင့် ဆိုလျှင် ငွေ ရှိချင် မှ ရှိမည် ။ ရှိလို့ ကြိုတင်ငွေ ထုတ်ပေးသည် ပင် ထားဦး ။ ထို ငွေ က အကြွေး အဖြစ် တင်ရှိ သွားပြီ ။
••••• ••••• •••••
သည် ကြားထဲ သီတင်း က ကျွတ်လိုက်သေးသည် ။ မကင်းရာ မကင်းကြောင်း မင်္ဂလာဆောင်တွေ လာတော့မည် ။ နှစ်ဘက်မိဘ များ အနက် က တစ်ယောက်တည်း သာ ကျန်ရစ်ခဲ့သော အဖေအိုကြီး ကို ကန်တော့ ချင်သည် ။ ကလေး နှစ်ယောက် ကို လည်း အင်္ကျီလေး တစ်ထည်စီ လောက် ဝယ်ပေးသင့်သည် ။
ဒါတွေ ထားဦး ၊ လောလောဆယ် စားဖို့ သောက်ဖို့ က အရေးကြီးသည် ။ လက် ထဲမှာ ငွေနှစ်ဆယ် လျော့လျော့သာ ရှိတော့သည် ။ ဘယ်လိုပဲ စိစိစစ်စစ် သုံးသုံး ၊ နှစ်ရက် သုံးရက် လောက် ထက် ပိုပြီး ခံမည် မဟုတ် ။ မကုန်မဖြစ် အကုန်ခံရမည် ကိစ္စ က ရှိသေးသည် ။
လမ်းစရိတ် ။
သူ မြို့ ထဲ ထွက်ရမည် ။ ပိုက်ဆံ ရှာရမည် ။ ချေးတန် ချေးရမည် ၊ သူတို့ စက်ပိတ် ထားသည့် အချိန် အတွင်း အခြား စက် တစ်ခု ခုမှာ အလုပ်ကလေး ၊ ဘာလေး ရလို ရငြား စုံစမ်းရမည် ။ ပိုက်ဆံ လေးငါးကျပ် နှင့် အကြွေ ပြားလေးဆယ် ယူပြီး မြို့ ထဲ ဘက် ထွက်ခဲ့သည် ။ အိမ် က အထွက် တွင် သား အကြီးကောင် က “ ဖေဖေ ဟယ်လီကော်ပတာ ဝယ်ခဲ့ပါ ” ဟု မှာသည် ။ သူ့ အဖေ ကို များ မီလျံနာ မှတ်နေသလား ဟု တွေး မိသည် ။ လမ်းထိပ် ရောက် မှ သဘောပေါက် လာသည် ။ မီးပုန်း ထွန်းသည့် လှည်းကလေး မှာခြင်း ဖြစ်သည် ။ ဟယ်လီကော်ပတာ ၊ မော်တော်ကား ၊ လေယာဉ်ပျံ ၊ သင်္ဘော စသည်ဖြင့် မီးပုံးစက္ကူ ဖြင့် ပြုလုပ်ထားသော ကစားစရာ အရုပ်များ ရောင်းသော ဆိုင် ကို တွေ့ရသောကြောင့်ပင် ။
သားတို့ သမီးတို့ သည် လည်း သီတင်းကျွတ် မှာ တစ်ခြား ကလေးတွေ လို ကစားချင် ရှာပေလိမ့်မည် ။ အဝတ်အစားအသစ်တွေ မပူဆာသည် ကိုပင် ကျေးဇူး တင်ရဦးမည် ။
••••• ••••• •••••
သူ အလုပ် လုပ်သော ပုံနှိပ်တိုက် ကို ရောက်တော့ ရှေ့ခန်း က စားပွဲ မှာ ခပ်ငိုင်ငိုင် ထိုင်နေသော တိုက်ရှင်မိန်းမ ကို တွေ့လိုက်ရသည် ။ ဒီ မိန်းမ ဆီ ကတော့ ငွေ ချေးလို့ ရနိုင်စရာ အကြောင်း မရှိ ။ ထို့ကြောင့် “ စက် ကောင်းသွားပြီလားလို့ လာကြည့်တာပါ ” ဟု အကြောင်းပြ လိုက်ရလေသည် ။ “ ဒီ အပတ် ထဲ ပြီးရင် ကံကောင်းပဲလို့ ပြောသံ ကြားတာပဲ ၊ ခုလဲ တွင်ခုံ သွားကြတယ် ... ”
သူ့ တိုက် မှာ ခဏ ထိုင်ပြီး နောက် ထွက်လာခဲ့သည် ။ သူ အရင် အလုပ် လုပ်ဖူးသော ပုံနှိပ်တိုက် တစ်တိုက် ကို သွားသည် ။ တစ်ခါတစ်ရံ ပုံနှိပ်တိုက်တွေ မှာ စာပြင်ဆရာ မလာသဖြင့် ပိုင်ရှင် ကိုယ်တိုင် ပြင်ရ သည့် အခါမျိုး ရှိသည် ။ ဒါမျိုး ကြုံလျှင် တစ်နေ့ တွက် လောက်တော့ အလုပ် ရနိုင်သည် ။
သို့ရာတွင် သူ ထင်သလို မဖြစ် ။ ထို ပုံနှိပ်တိုက် သို့ ဝင်ဝင်ချင်း စားပွဲ မှာ အခန့်သား ထိုင်နေသော စာပြင်ဆရာ တစ်ယောက် ကို တွေ့ လိုက်ရ၏ ။ တစ်ခြား တိုက်တွေ မှာ လည်း ထို့အတူပင် ။ တိုက် တစ်တိုက် ကတော့ စာပြင်ဆရာ မရှိ ဟု ဆိုသဖြင့် ဝမ်းသာသွားမည် ကြံကာ ရှိသေး ... ။
“ အဲဒါဗျာ ၊ ကျွန်တော့် ခယ်မလေး ကိုပဲ ခေါ် ပြင်ခိုင်း ထားရတယ် ၊ ဆယ်တန်း ဆိုတော့ တော်ရုံတန်ရုံ စာလုံးပေါင်း မှားတာလောက်တော့ ပြင်တတ်တာပေါ့လေ ၊ အလုပ် ကလဲ ပါး နေတော့ စာပြင်ဆရာ ရယ် လို့ ခေါ်မထားတော့ပါဘူးဗျာ ” ဟု ထို တိုက်ရှင်က အလိမ္မာ ဖက်၍ ပြောလိုက်သဖြင့် တပ်လန် ခဲ့ရ ပြန်သည် ။
သုံးဆယ့်သုံးလမ်း ထိပ်က ရွှေကြည်အေးလက်ဖက်ရည်ဆိုင် သို့ သွားသည် ။ ထို ဆိုင်မှာ စာပေ လောကသားများ ဆုံလေ့ ရှိ၏ ။ အလုပ်ကလေး ဘာလေး ခလုတ်တိုက်မိလို့ တိုက်မိငြား ။
ဆိုင်ထဲ ဝင်ပြီး လူရှင်းသော စားပွဲ မှာ ထိုင်၏ ။ စားပွဲထိုး က ဘာ သောက်မလဲ မေးသည် ။
“ မသောက်သေးဘူး ၊ ပြီးမှ ” ဟု ပြောလိုက်သည် ။ သူ့ လိုပင် လက်ဖက်ရည် တိုက်မည့် ဒါယကာ ကို ထိုင်စောင့်နေတတ် သူမျိုး ဒီ ဆိုင် မှာ ကြုံဖူးနေပြီ ဖြစ်သဖြင့် ဘာမှ ထွေထွေထူးထူး မပြောတော့ ဘဲ ပြန် လှည့်ထွက် သွားသည် ။ ဆိုင် ထဲ မှာ သူ နှင့် သိသူ တစ်ယောက် မျှ မရှိ ။
အတန်ကြာ မှ သူ နှင့် မျက်မှန်းတန်းမိ နေသော စာရေးဆရာ တစ်ယောက် ဝင် လာသည် ။ တစ်ခြား စားပွဲလွတ် မရှိ သဖြင့် သူ့ စားပွဲ မှာ လာ ထိုင်သည် ။
“ တစ်ယောက်တည်း လား ၊ ဘယ်သူ့ စောင့်နေတာလဲ ” ဟု နှုတ်ဆက်ရင်း မေးသည် ။
“ ကျွန်တော်တို့ တိုက် က စက်ကျိုးနေလို့ ဆရာရဲ့ ၊ အဲဒါ တစ်ခြား စက် တစ်ခုခုများ ခဏတစ်ဖြုတ် ဝင်လိုက်လို့ ရမလားလို့ ထွက်လာ ခဲ့တာ ”
“ ကျွန်တော် လဲ ထုတ်ဝေသူ ဆီ ငွေလေးဘာလေး ထပ်တောင်း မလားလို့ လာစောင့်တာပဲ ၊ သောက်ပြီးပြီလား ” ဟု တစ်ဆက်တည်း မေး သဖြင့် “ သောက်မလို့ ၊ ခုပဲ ရောက်တာ ”
စာရေးဆရာ က လက်ဖက်ရည် နှစ်ခွက် မှာသည် ။ သူ သည် မျှော်လင့်ချက်ကလေး တစ်ခု စဉ်းစားမိသည် ။ စာရေးဆရာ ငွေ ရလျှင် ရှေ့မျက်နှာ နောက်ထားပြီး ငွေအစိတ် လောက် ချေးမည် ။ ထို စာရေးဆရာ က သဘော ကောင်းသည် ။ ထို အတွေးကလေး ဖြင့် ထုတ်ဝေသူ အလာ ကို ကူညီ၍ စောင့် ပေး နေလိုက်သည် ။
ထုတ်ဝေသူ က အကြာကြီး ကြာအောင် စောင့်ပြီးမှ ရောက်လာသည် ။
ရောက်ရောက်ချင်း ထိုင်တောင် မထိုင်ရသေးခင် ...
“ ဆောရီးပဲ ဆရာရေ ၊ စာတိုက်ကြီး သွားတာ နည်းနည်း နောက် ကျသွားလို့ ငွေ မထုတ်ခဲ့ရဘူး ။ ဟိုဟာ မနက်ဖြန် မှ ယူပါ ဆရာ ၊ ဖြစ်တယ် မဟုတ်လား ” ဟု ပြောလေ၏ ။
••••• ••••• •••••
ညနေ စောင်းပြီ ။ လမ်းစရိတ် ပြားရှစ်ဆယ် နှင့် ဆေးလိပ်ဖိုး ပြားသုံးဆယ် သာ ကုန်သွားသည် ။ ဘာမျှ အလုပ် မဖြစ် ။ ပြန်ဖို့သာ ရှိသည် ။ ဆူးလေဘုရားလမ်း ကားမှတ်တိုင် သို့ လျှောက်ခဲ့သည် ။ ထိုစဉ် တစ်စုံတစ်ယောက် ကို ဖြတ်ကနဲ သတိရ လိုက်သည် ။ ကိုဂျော်ကီ ။
ကိုဂျော်ကီ သည် အစက စက္ကူပွဲစား တစ်ယောက် ဖြစ်သည် ။ အချီကြီး တစ်ချီ ပွပေါက် တိုး ပြီးနောက် ပုံနှိပ်စက်ပိုင်ရှင် ဖြစ်သွားသည် ။ စက် ကို ဈေးကောင်း ရသည့် အချိန် မှာ ရောင်းထုတ်ပြီး မော်တော်ကား ဝယ်ရောင်း လုပ်သည် ။ ဈေးအချောင် ရသည့် ကား ခပ်စုတ်စုတ်တွေ ဝယ်ပြီး ပြန်ပြင် ၊ ပေါက်ဈေးဖြင့် ပြန်ရောင်းခြင်း ဖြစ်သည် ။ လည်လည်ဝယ်ဝယ် ရှိသဖြင့် အတော် အကျိုး ဖြစ်သည် ဟု သိရ၏ ။
သူ သည် ကိုဂျော်ကီ စက္ကူပွဲစား ဘဝ ကတည်း က ခင်မင်နေခဲ့ခြင်း ဖြစ်သည် ။ ကိုဂျော်ကီ ပုံနှိပ်စက် ထောင် တုန်း ကလည်း သူ ကူခဲ့ ဖူးသည် ။ ကိုဂျော်ကီ နှင့် တွေ့ လျှင် ငွေငါးဆယ် လောက်တော့ ချေး လို့ ရနိုင်သည် ။ ပြန် မပေးပါနဲ့တော့ဗျာ ဟူ၍ပင် ပြောချင် ပြောပေ လိမ့်မည် ။
ဒီအချိန် ကိုဂျော်ကီ ဘယ်မှာ ရှိနိုင်သည် ကို သူ သိ၏ ။ ဒဂုံဟိုတယ် အပေါ်ထပ် ဘားခန်း မှာ ။
အလယ် မကျတကျ စားပွဲ မှာ ကိုဂျော်ကီ ကို တွေ့ ရသည် ။ ကံအားလျော်စွာ သူ့ စားပွဲ မှာ သူ တစ်ယောက်တည်း ပင် ထိုင်နေသည် ။ စားပွဲ နား လျှောက် သွားပြီး နှုတ်ဆက် လိုက်သည် ။ ကိုဂျော်ကီ က “ လာဗျာ ၊ ထိုင် ” ဟု ခရီးဦးကြို ပြုသည် ။ သူ ဝင် ထိုင်သည် ။ ကိုဂျော်ကီ ရှေ့မှာ ဖန်ခွက် တစ်ခွက် နှင့် ထည့်ထားသော ရမ်အရက် ကို တွေ့ သည် ။ ဖန်ခွက် က အပြည့် ။ ထပ် မှာ ထားတာ ဖြစ်မည် ။ ကိုဂျော်ကီ ပုံစံ က တော်တော် နှင့် မှန်ထားပြီးသား အခြေအနေ ။
ကိုဂျော်ကီ က စားပွဲထိုး ကို ဖန်ခွက် တစ်လုံး မှာ လိုက်သည် ။ သူ အရက် သောက်ဖို့ ငြင်းမည် ဟု စိတ်ကူးသေးသည် ။ မသောက်ပဲ နှင့် ဒီကို လာသည် ဆိုလျှင် ယုတ္တိ မရှိမည် စိုး၍ ဘာမျှ မပြောပဲ နေ လိုက်သည် ။
“ ဘယ်က လာလဲ ... ”
ကိုဂျော်ကီ က မေးသည် ။
“ သုံးဆယ့်သုံးလမ်း ဘက်က ဗျာ ”
ကိုဂျော်ကီ က ခေါင်း ညိတ်သည် ။ ဘာမျှ ထပ် မပြော ။ ဒူးယားဗူး ကို သူ ဘက် တိုးပေးသည် ။ သူ တစ်လိပ် ယူပြီး မီးညှိ ရှိုက်ဖွာ နေသည် ။ ဘားခန်း ထဲ တွင် မီးခိုးငွေ့များ အရက်နံ့များ ဖြင့် မွှန်ထူ နေသည် ။
စားပွဲထိုး က ဖန်ခွက် တစ်လုံး လာ ချပေးသည် ။
“ ချဗျာ ”
ကိုဂျော်ကီ က ပြောသဖြင့် ဖန်ခွက်ထဲ လက်တစ်လုံး လောက် ထည့်ပြီး ရေခဲ တစ်တုံး ဆိုဒါများများ ရောစပ်လိုက်သည် ။ အရက် ကို တစ်ငုံ ငုံသည် ။ တီးဝိုင်းအဖွဲ့ က မြန်မာတီးလုံး ဖြင့် စတင် ဧည့်ခံနေပြီး ကိုယ် လိုချင်တာ မပြောခင် သူ တစ်ပါး အကြောင်း အရင် မေးရသည့် လူမှုရေး ထုံးစံအရ သူစကားစသည် ။
“ ကိုဂျော်ကီ ၊ လုပ်ငန်းကိုင်ငန်း ကောင်းရဲ့လား ... ”
“ မကောင်းဘူး .. ”
ကိုဂျော်ကီ က ရှုံ့ရှုံ့မဲ့မဲ့ ပြန် ပြောသည် ။ မေးလိုက်တာ မှားသွားပြီ ဟု သိလိုက်၏ ။ ဘာမျှ မတတ်နိုင် ။ ကိုဂျော်ကီ သူ့ ကို အရက်တိုက်ခြင်း မှာ ပြောသမျှ နားထောင်ဖို့ အတွက် ဖြစ်သွားပြီ ။
“ ဘယ်လို ဖြစ်လို့လဲဗျာ ... ”
စကားထောက် ပေး လိုက်ရသည် ။ ကိုဂျော်ကီ က ဖန်ခွက် ထဲ မှ အရက် လက်ကျန် ကို ရှင်းလိုက်ပြီ ။
“ အခြေအနေ တော်တော် ဆိုး နေတယ်ဗျာ ၊ သုံးဘီးကား နှစ်စင်း အချောင် ရလို့ ဝယ် လိုက်တာ ၊ ခုတော့ သုံးဘီးတွေ နယ် သွားရမယ် ဆိုလို့ ဈေးတွေ ထိုးကျ သွားပြီလေ ... ”
အရက် ထပ် ထည့်သည် ။ ဆိုဒါ မထည့်တော့ ၊ ရေခဲ တစ်တုံး သာ ထည့်ပြီး တစ်ငုံ ငုံသည် ။ ဆက်၍ ...
“ ဃ ” နံပါတ်ကား တစ်စင်း လဲ ရှိသေးတယ် ။ ကား က တော်တော် စုတ်တယ် ၊ လက်ပူတိုက် ဖို့ တောင် အချိန် ရမှာ မဟုတ်ဘူး ။ သေချာပါတယ် နယ်နှင် ခံရမှာပဲ ... ”
“ ဒီလိုလဲ ဘယ် ... ဟုတ်ဦးမလဲလေ ” ဟု သူ က မရေမရာ ဝင်ပြော၏ ။ သူ ပြောသည် ကို ကိုဂျော်ကီ ကြားတောင် ကြားဟန် မတူ ။ တီးဝိုင်း ဆီသို့ ငေးကြည့် နေပြီးမှ ...
“ လူများ အဆင် မပြေချင်ဘူး ဆို ဆက်တိုက်ပဲ ၊ ဒီကြားထဲ တယ်လီဖုန်းကြွေး က လာလိုက်သေးတယ်ဗျာ ၊ ပုံနှိပ်စက် ရောင်းထား တဲ့ အတွက် အမြတ်ခွန် လဲ သွား သွင်းရဦးမယ် ။ ကျွန်တော့် ဘဝပျက် တာပါပဲဗျာ ” ဟု စိတ်ပျက်လက်ပျက် ပြောသည် ။ အရက် ကို သောက်ချလိုက် ပြန်သည် ။ ကိုဂျော်ကီ သည် စကား အဖြစ် သာ မဟုတ်ဘဲ တစ်ကယ် ဘဝ ပျက် နေသည့် ပုံစံမျိုး ဖြစ်နေသည် ။
“ ခင်ဗျားရော အလုပ်အကိုင် ကောင်းရဲ့လား ” ဟု ကိုဂျော်ကီ က လူမှုရေး အရ မေးသည့် ပုံမျိုးဖြင့် မေးသည် ။
“ မဆိုးပါဘူး ဗျာ ၊ ပုံမှန်ကလေးပေါ့ ” ဟု သူ ဖြေသည် ။ ငွေ ငါးဆယ် ချေးဖို့ ကိစ္စ မပြောတော့ ဟု ဆုံးဖြတ်လိုက်သည် ။ ကိုဂျော်ကီ ကို အားပေးစကား အနည်းငယ် ပြောပြီး နှုတ်ဆက် ထွက် လာခဲ့သည် ။
ကိုဂျော်ကီ ၏ အဖြစ် နှင့် နှိုင်းစာ လိုက်သောအခါ သူ့ စိတ် ထဲ မှာ တော်တော် ပေါ့ပါး သွားသည် ။ သူ သည် သုံးဘီးကား ဝယ်ထားသူ မဟုတ် သဖြင့် ဆုံးရှုံးစရာ မရှိ တယ်လီဖုန်း လည်း မရှိ ။ အမြတ်ခွန် လည်း ဆောင်စရာ မလို ။ ကိုဂျော်ကီ ၏ သုံးဘီးကား တွေ ထက် သူ့ ဆီ မှာ လောလောဆယ် ရှိနေသော ငွေနှစ်ဆယ် လျော့လျော့ က ပို၍ တန်ဖိုး ရှိနေပြီ ။ သုံးရက် လောက် တော့ ထမင်း စားစရာ ရှိနေသေးသည် ။ ကဲ ... ဘာလိုသေးလဲ ဟု အားတက် သွားပြီး လျှင် ဒဂုံဟိုတယ် ပေါ် မှ ရင်ကော့ ၍ ဆင်းလာခဲ့လေသည် ။
▣ မင်းလူ
📖 သဘင် မဂ္ဂဇင်း
ဒီဇင်ဘာ ၊ ၁၉၈၅
No comments:
Post a Comment