Wednesday, March 5, 2025

လေဒီခင်


 

❝ လေဒီခင် ❞
( သိန်းဖေမြင့် )
  
[ နိဒါန်း ။  ။ လူ့လောက တစ်ခုလုံး ကို စောင်းမြောင်း ကာ ရေး လိုက်ပါသည် ။ အပြစ် ရှိသမျှ ကို စာရေးသူ အပေါ် သို့သာ ဖို့စေလို ကြောင်း ။ ]

“ ဒင်း လောက်တော့ အပျော့ပေါ့ ။ လူမှာ အဝတ် တောင်းမှာ အကွပ်တဲ့ ၊ ငါ လည်း ဝတ်လိုက် စားလိုက် ၊ ဂိုက်ထွား လိုက်ရင် ဒင်း ထက် လှသွားဦးမှာပဲ ။ မြန်မာ့အလင်း ဦးလေပွေကြီး က အပြောသားကပဲ ။ ကမ္ဘာ ပေါ်မှာ ရနိုင်သမျှ ဖြစ်နိုင်သမျှ ပေါင်ဒါတို့ ၊ အလှဆီတို့ ၊ ဆေးတို့ ကို လိမ်းပြီး အလှပြင်ရမယ်တဲ့ ၊ မိန်းမ အလုပ်ဟာ အလှပြင်ဖို့ အလုပ်ပဲတဲ့ ၊ ဘယ်လိုပဲ အရုပ်အဆင်း မရှိသော်လည်း အလှပြင်ဆေး အမျိုးမျိုးနှင့် ပြင်လိုက် ရင် ချောတာပဲတဲ့ ။ ငါ့မှာ နဂို အသင့်အတင့် ၊ အသင့်အတင့် ဟုတ်ပေါင်လေ ၊ တော်တော်ကိုပဲ ချောတယ် ။ ခု အလှဆေး တွေ ပြုပြင်လိုက်ရင် ဧကန္တ ဒင်း ထက်တော့ ချောရမှာပဲ ” ဟု မိမိ စိတ်ကို ကိုယ်တော်တိုင် မြှောက်ရင်း မထွေး သည် ဆံစုများ ကို ဆီလိမ်းပြီး ဖြီးနေလေ၏ ။ မထွေး သည် အသက်နှစ်ဆယ့် ခြောက်နှစ် သို့ ရောက်ခဲ့ပြီး ဖြစ်သော်လည်း မည်သည့် ယောက်ျား ၏ အထွေးအပိုက် ကိုမျှ မခံခဲ့ရရှာသော မထွေး ဖြစ်လေသည် ။ မထွေး မှာ အရပ်ပု၏ ၊ ကိုယ်လုံးကိုယ်ပေါက် ကို ဝစိုထွားကျိုင်း၏ ၊ အသားနက်၏ ။ မျက်ရစ်ဖြင့် မင်္ဂလာ မဆောင်သော မျက်လုံး ကို သူငယ်အိမ် မျှ လုံးပတ်ပြည့် မပေါ်အောင် ကျဉ်းလေသည် ။ နှာရောင် မပေါ်သော နှာခေါင်းသည် မြေနိမ့်ရာ လှံစိုက် သကဲ့သို့ မထွေး ၏ မျက်လုံးများ ကြား၌ စိုက်၍ အောက်သို့ ကျဆင်းနေလေ သည် ။ “ ဟော ... ဒီလို မျက်နှာပေး ထားလိုက်ရင် ဘယ်သူက အရုပ် ဆိုးတယ် လို့ ဆိုနိုင်ပါမလဲ ” ဟု မေးပြီး မျက်နှာ ကို ရှေ့တည့်တည့် ထား၍ မှန် ထဲမှ မထွေး ကို ပြုံးကြည့်နေလေ၏ ။ “ ဒီလိုထုံး တာ က ကောင်းပါတယ်လေ ၊ ဆံထုံး ကို ခေတ်ကာလ အလျောက် ကြီးကြီးပဲ ထုံးတာက ဟန်ပါတယ် ၊ အလကား သေးသေးပုပုလေး ထုံး ထားရင် နောက်ချေးပုံကလေး ရွက် ထားတာလို နေမှာပေါ့ ၊ အဲဒီလို ထုံးမယ် ” ဟု မနောကံမြောက် ၊ ကာယကံ လည်း နောက်က လိုက်ပါ လေ၏ ။ ဆံထုံးထုံးပြီးသော် ဒေါင်းတံဆိပ် ခေါင်းလိမ်းဆီ ကို လက်ဝါးတွင် ဆွတ်ပြီး ဆံထုံးကို ပွတ်တိုက်လေ၏ ။ နောက် မဆိုင်ရာ၌ ပေါက်လျက် မာရ်နတ် လုပ်နေကြသော မျက်ခုံးမွေး များကို မွေးညှက်ဖြင့် နုတ်လေ၏ ။ နာသဖြင့် မျက်ရည်များ စီးဆင်းလာ၏ ။ သို့သော် အံကြိတ် ၍ ခံ၏ ။

သနပ်ခါးလိမ်း ၊ ပေါင်ဒါ ရိုက်ပြီးလျှင် စက္ကူနီ တစ်ခု ကို ဘူးမှ ထုတ်ယူ၏ ။ လက်ညှိုး ကို တံတွေး အနည်းငယ်ဆွတ်ပြီး စက္ကူတွင် ပွတ်လေ၏ ။ လက်ညှိုး ဖြင့် နှုတ်ခမ်း ကို ပွတ် လျှင် နှုတ်ခမ်းသည် သန္တာခဲ သို့ နီမြန်း လာလေ၏ ။ စာရွက်ဖြင့် ပါးကို တိုက်ပြန်၏ ။ ပါးအို များမှာ နှင်းဆီရောင် စိုလာပြန်၏ ။ “ အဲဒါကြောင့် ငါ ပြိုင်ရဲတာ ၊ ဒါကြောင့် သူ့လောက် တော့ အပျော့လို ကမ္ဘာဦး ကတည်း က ထင်ခဲ့တာ ၊ ခုလိုဆိုရင် ငါ ဟာ ခင်မေကြီး တို့ လောက် ချစ်စရာကောင်းလာတာပဲ ၊ ကဲ ... မျက်နှာတင် မပြီးသေးဘူး ။ လှတစ်မျက်နှာ ယဉ်တစ်ကိုယ် လုံးတဲ့ ၊ ဪ …ဒါထက် ဇာထဘီ ဒိုဘီ ပေးထားတာ ပြန်ရလေပြီလား ၊ အဲ ... အဲ ... ရပါပကော ၊ မနေ့ကပဲ ကု,လားမ လာပေး သွားပေါ့ပဲ ၊ ဒီကနေ နည်းနည်း ချမ်းတယ် ၊ ကတ္တီပါ လုံချည် ဝတ်ခဲ့မှပဲ ၊ ကောင်းပါဘူးလေ ၊ ကတ္တီပါလုံချည်က အသွေးညစ်ပုပ်ပုပ်နှင့် ငါ့ ဘန်ကောက် လုံချည် သနပ်ခါးသွေးကလေး ဝတ်မှပဲ ။ သူ့ မဝတ်တာလည်း ကြာသွားပေါ့ ၊ ကောင်းကောင်း တယ် ကောင်းတယ် ” ဟု တွေးတောရင်း လက်ကောက်များကို ဝတ်၏ ။ နောက် အစိမ်း ရောင် ရှင်မီးအင်္ကျီ ဝတ်မည် ပြင်၏ ။ သူ၏ မောက်ဖြိုး သော ကိုယ်လုံးကို ကြည့်ပြီး “ ငါ ရင်စည်း စည်းဦးမှ ထင်ပါရဲ့ ၊ စည်းတာ မကောင်းဘူး ထင်တယ် ။ ခုကာလ မိန်းမတွေ မစည်းကြပါဘူး ၊ မစည်းဘဲ သွားလိုက်တာ မက်လုံးတစ်မျိုးပဲ ” ဟု မိမိ ကိုယ်ကို ချော့လေ၏ ။

ရှစ်နာရီ အချိန်၌ စိန်လည်တုံ ကိုလည်း ဆင်ပြီး လေပြီ ၊ ဆွဲကြိုး အကုံးကုံး ကိုလည်း ဆင်ပြီးလေပြီ ၊ ကျော၌ သိုးချည်ပန်းပွားကလေးသည် တုန်လင်တုန်လင် နှင့် ကစား နေလေသည် ၊ ပါးလွှာသော မဟော်ဂနီ ရှံသားအင်္ကျီသည် ကိုယ်တွင်း ဇာဘော်လီနှင့် အသားများ ကို မူလ အတိုင်း သရုပ်ဖော် နေလေပြီ ။ သနပ်ခါးရောင် ဘန်ကောက်သည် လည်း ကြီးကားသော တင်ပါးကြီးများ ပေါ်တွင် လှိုင်းတအိအိ နှင့် ထနေလေပြီ ။

မထွေး သည် မှန် နှင့် တစ်တောင်ကွာ အရပ် မှ နေ၍ မိမိ ပုံပန်းကိုကြည့်၏ ။ ဘေးစောင်း ဟန် နေ၍ ဇာတ်တိုက် ပြန်၏ ။ နောက်ပြန် ဆုတ်ပြီး လေးတောင်ထွာ ကွာသော အရပ် မှ နေ၍ မှန် ကြည့်ရင်း ဇာတ်တိုက် ပြန်လေ၏ ။ “ ဟဲ ဟဲ …. တော်ပြီ ၊ ကျေနပ်ပြီ ၊ မိထွေးတဲ့ ဒင်းထက် ဖြင့် အတော်ပဲ သာပြီ ။ ဪ .. ငါ ဘာ ဖိနပ်ကို စီးရပါမလဲ ၊ ပိန်းတန်းဖိနပ် စီးရကောင်း မလား ။ အောင်မာ .. ကြည့်စမ်း ၊ မေ့နေလိုက်တာ ၊ လေဒီခင်ဖိနပ် တမြန်နေ့ ကပဲ ဝယ်လာ တာ ။ ဒီ ဖိနပ် ဟာ ခေတ်အဆန်ဆုံး ၊ အကောင်းဆုံး ၊ အလှဆုံး ၊ သုံးကျပ်တစ်မတ် တောင် ပးထားရ တာ ၊ ငါ့ ဟာ အတု မဟုတ်ဘူး ” ဟု လေဒီခင် ကို ဆန္ဒမဲ ပေးလိုက်ပြီး နောက် မှန်ကြီး ကို နှုတ်ဆက်၍ ထွက်ခဲ့၏ ။

နေမင်းသည် မိမိ ၏ ဗိမာန်ယာဉ်သာကြီးကို မောင်းနှင်လာရာ မြူမင်း လွင် ၊ ဆီးနှင်း စသော ရန်သူကလေးများသည် ရှောင်တိမ်း၍ ပေးကြရလေ၏ ။ လောကဓာတ်ကြီး တစ်ခုလုံး သည် နေဗိမာန်ကြီးကို လက်ခံ ကြိုဆိုနေခိုက် မထွေး သည် နေမင်းကို ထီးဖြင့် ကွယ်ကာ မမြင်ကျိုးကျွန် ပြုရင်း ဈေး ဆီသို့ လျှောက်ခဲ့လေ၏ ။

မထွေး သည် လမ်းလျှောက် ရင်း စိတ် အားလပ်နေ၏ ။ ရှေ့အရေး ဝတ်ဆင်ဖို့ အရေးကို တွေးတောဖို့ မလိုပြီ ၊ ဝတ်ပြီးဆင်ပြီး ဖြစ်၏ ။ ထိုတွင်မှ ယမန်နေ့က ဆိုင်နားနီးချင်း သန်းမေ နှင့် ရန်ဖြစ်ခဲ့ရသည် ကို ပြန်လှန် စဉ်းစားချိန် ရတော့၏ ။ သန်းမေ က ‘ ပုစွန်ခြောက်နှယ် ဆေးဆိုးတာ များ လိုက်တာ ’ ဟု ခပ်ကျယ်ကျယ် ပြော၏ ။ မိမိ က ‘ ဆားနှယ် ငန်နိုင်ရန်ကော ’ ဟု ငြူစူလိုက် လေ၏ ။ သန်းမေ က ချွဲဟပ်၍ ချောင်းဆိုး၏ ။ မိမိက ‘ ထွီခနဲ ’ တံတွေး ထွေးလိုက်လေ၏ ။

မထွေး ၏ စိတ်၌ ရန်လိုလား၏ ။ ၎င်းနောက် ရန်ပြို၏ ။ တစ်ဖန် ရန်ပိုလာပြန်၏ ။ သန်းမေ သည် မပြုမပြင်ဘဲ နှင့်ပင် ရုပ်ရည်ချောမွေ့လှပ၏ ။ ထို ဖြူဝင်းသောအသား ၊ ထို ငါးရံ့ကိုယ် ၊ ထို ကြည်လင်ဝိုင်းစက်သော မျက်လုံး ၊ ထို နှာတံများ သည် ယောက်ျားများ ကို စပါးကြီးညို့သကဲ့သို့ သူ့ ဆိုင်သို့ ခဏခဏ လာစေတော့၏ ။ ချိုသာရွှင်ပြုံးသော စကားလုံး များသည် မိန်းမဈေးဝယ်များ ကိုပင် ညှို့ခေါ်နိုင်ပေ၏ ။ သန်းမေ ဆိုင်တွင် လူ စည်သလောက် မထွေး ဆိုင်၌ လူပါးလေသည် ။ မထွေး ဆိုင် သို့ ဖျင်လွယ်အိတ်ကြီးများ ကို ထန်းပလပ်ထမ်းပိုး နှင့် ယူဆောင်လာသော တောသားကြီးများ သာ အလာ များလေသည် ။ မထွေး သည် ဈေးရောင်း လို၍ တောသားကြီးများ ကို ဆိုင်၌ လက်သင့်ခံ၏ ။ သို့သော် လူပျိုလူရွယ်ကလေးများ မိမိ ဆိုင် သို့ လာရန်ကိုသာ တမ်းတခဲ့၏ ။

မနေ့က သန်းမေ ဆိုင်သို့ အင်္ဂလိပ်ကျောင်းသားများလာ၍ ဈေးဝယ်၏ ။ အင်္ဂလိပ် ကျောင်းသားများ မှာ သန်းမေ ဆိုင်၌ စတည်းချ ပြီး အခြား လိုအပ်သော ဟင်းသီးဟင်းရွက် များကို ထမင်းချက်များ ကို အဝယ်လွှတ်ကြ၏ ။ မထွေး သည် ထူးထူးခြားခြား ဗလေဇာအကျား နှင့် အင်္ဂလိပ်ကျောင်းသား တစ်ဦး ကို မျက်စိ ကျခဲ့သည် ကိုပင် စဉ်းစားမိ၏ ။ မနေ့ က ‘ ငါ့ဘဆိုင်ပဲ လာ ထိုင်ပါတော့ ’ ဟူသော တောင့်တချက် သည် ယနေ့ ယခု လမ်းလျှောက်ဆဲ၌ပင် မထွေး ၏ နှလုံးသား တွင်း၌ တည်ရှိဆဲ ဖြစ်ပေ၏ ။

ဒေါက် ဒေါက် နှင့် လေဒီခင် ခွာ နှင့် ကတ္တရာစေးလမ်း ထိခိုက်သံသည် မထွေး ၏ တက်ခေါက်သံ အစား ဖြစ်ပေါ်နေဘိ သကဲ့သို့ ရှိတော့၏ ။ လေဒီခင်ဖိနပ် စီးမိ သဖြင့် မထွေး သည် လမ်းလျှောက်ရာ၌ ခါတိုင်း နှင့် လွန်စွာ ကွာခြားလေ၏ ။ လေဒီခင် ပြုပြင်ချက်ကြောင့် မြင်း ကျိုးကြီး လမ်းလျှောက် သလို ဘောက်ဆတ် ဘောက်ဆတ်နှင့် ခြေထော့ နေလေ၏ ။ “ သူတို့ က မိသန်း ကို ချောလှပြီ ထင်ပြီး မက်နေကြတော့ ငါက မဆင်မပြင်ဘဲ နေမိတော့ သူတို့ ထင်, ထင်စရာပေါ့ ၊ ကဲ .. ဒီနေ့တော့ ဘယ့်နှယ်ရှိစ ၊ ငါ က ဆင်ခဲ့ပြင်ခဲ့ရုံ မကဘူး ၊ သူ့ ထက် ပစ္စည်းချမ်းသာ ကြောင်းပြနိုင်အောင် စိန်တွေတောင် တိုးဝတ်ခဲ့သေးတယ် ” ( တောက်ဒေါက် - ဒက် - ဒေါက် ဒေါက် ။ လေဒီခင် က မြည်တွန် တောက်တီး နေသည် ။ “ ငါ မထွေး  အကြောင်း ပြလိုက်မယ် ၊ ဒီတစ်ခါ ရန် ထပ်ဖြစ်ရင် လည်း အတွယ်ပဲ ” ဟု ကြိမ်းဝါး၏ ။ )

မထွေး သည် သန်းမေ ကို အမြဲတမ်း ရန်လို၏ ။ ဆိုင်ဂုဏ်ပြိုင် ဖြစ်သည် သာမက ပစ္စည်းဂုဏ်ပြိုင် လည်း ဖြစ်လေသည် ။ သန်းမေ က ရုပ်ရည် အတွက် ပြိုင်ဘက် မဟုတ်ဟု မထွေး ကို ဝိုင်းပယ် ထားသော်လည်း မထွေး ကမူ သန်းမေ သည် အလှတွင် သူနှင့် ပြိုင်ဘက် ဟု အယူ ရှိပြီး မနာလို ရှိပေ၏ ။ ထို့ကြောင့် မနေ့က ဗလေဇာအကျား နှင့် ကျောင်းသား သန်းမေ တို့ ဆိုင်၌ ထိုင်သည် ကို မခံမရပ် နိုင်ဖြစ်ပြီး ဗလေဇာအကျား ပြန်သွားသောအခါ သန်းမေ ကို စောင်းမြောင်း၍ ဆဲ၏ ။ ထိုမှ ရန်ဖြစ်ကြလေသည် ။

မထွေး သည် မိမိ ပါးစပ်မှ ထွက်သွားသော တိုင်းလုံးထွာလုံးများကို ယခုတိုင် ကြား ယောင်ယောင် ရှိသေး၏ ။ “ ဟဲ့ မိန်းမရွှင်မ ” ဆိုသော စကားလုံးသည် သူတို့ အဖို့ အယဉ်ကျေး ဆုံး ထီးသုံးနန်းသုံးစကားများ ဖြစ်ခဲ့ပေ၏ ။

ဒေါက် ဒေါက် ဒေါက် ဒက် ဒစ်ခနဲ မြည်ကာ လေဒီခင်ခင် ၏ အသံသည် သူ့သခင်မ အတွက် စည်းဝါးသံ တစ်မျိုး မှတ်ထင်ရပေ၏ ။ “ ဒင်းမှာ ဘာရှိလို့လဲ ။ ဈေးဆိုင် ထွက်စ ကတည်း က ရှေ့ထိုး ၊ ခုလည်း ရှေ့ထိုးပဲ ၊ လုံချည် ဆိုလည်း ပိုးတွန့် ဖက်ဖူးရောင်တစ်ထည် ၊ ပိုးတွန် ပန်းရိုက်တစ်ထည် ၊ တမြန်မနေ့ က ဝတ်လာတဲ့ အင်းလုံချည် တစ်ထည် ၊ လပြည့်နေ့ က ဝတ်လာတဲ့ မန္တလေးလုံချည် တစ်ထည် ၊ ငါ မှတ်မိသလောက်ဖြင့် ဒါပဲရှိတယ် ။ ဟော ... ငါ က ဗန်ကောက် ဆယ့်ခြောက်ကျပ်တန်ကို ဝတ်ပြလိုက်တယ် ၊ ရှင်မီးအင်္ကျီချင်းတောင် မတူဘူး မှတ် လိုက်ပါ ” ဟု အမိန့်ပေးရင်း ခြေလှမ်း သွက်လာလေ၏ ။

ဈေးသို့ ရောက်သောအခါ သန်းမေ မှာ အခြေမပျက် ဈေးရောင်းလျက်ပင် ရှိလေပြီ ။ မထွေး ဆိုင်ကား ကူလီမောင်ချစ်တီး ခင်းပြီးခါစ ဖြစ်သေး၏ ။ ငါးရံ့ခြောက် ကို ပင် ဗန်းမပြရ သေးချေ ၊ မထွေး သည် ဆိုင်ပေါ် မတက်ခင် ဆိုင်ရှေ့ ၌ လမ်းလျှောက်၍ ပြလိုက်သေး၏ ။ သန်းမေ အပေါ်၌ ကြွားလိုက်ခြင်း ပင် ဖြစ်လေ၏ ။

လက်ပတ်နာရီ ကို ထောင်၍ ကြည့်လိုက်သော အခါ ကိုးနာရီခွဲနေပြီ ။ ဗလေဇာအကျား နှင့် ကျောင်းသား ယခုတိုင် မလာသေးချေ ။ ဈေးတစ်ဖက်စွန်း သို့ မျှော်၍ ကြည့်၏ ။ မလာသေး ၊ သက်ပြင်း ခဏခဏ ချလိုက်၏ ။ သီလရှင် တစ်ပါး လက်ဖက်ခြောက် နှင့် ဆေးဝယ်ရန် လာ သည်ကိုပင် မမြင်မိရှာချေ ။ သို့နှင့် မျှော်တော်ဆိုက် နေခိုက် ကျောင်းသား နှစ်ယောက် နှင့် ထမင်းချက်သည် သန်းမေ တို့ ဆိုင်သို့ ရောက်လာလေ၏ ။ “ ငါ့ ငနဲ မလာဘဲများ နေလေရော့ သလား ” ဟု တွေးတော ပူပန်မိ၏ ။ ပါ,မပါ ကိုယ်တိုင်သိချင်လှ၏ ။ သို့သော် မိန်းမတည်း ဟူသော သဘာဝက “ မယ်ထွေး ... မယ်ထွေး ညည်းနော် တော်တော်ကဲ ၊ သတိနှင့် လုပ်မှပေါ့ ၊ ဟန်လုပ်ရသေးတယ် အေရဲ့ ” သတိပေး နေလေသတည်း ။

ကံအားလျော်စွာ သန်းမေ ဆိုင်၌ သရက်ချဉ် မရှိသောကြောင့် မထွေး ဆိုင်သို့ ကျောင်းသား တစ်ယောက် လာလေ၏ ။

“ သရက်ချဉ် ပေးစမ်းပါ ခင်ဗျာ ” ဟု ပြောပြလျှင် -

“ ဘယ်လောက်သားလဲ ၊ ဒါထက် နေစမ်းပါဦး ၊ မနေ့က လိုက်လာတဲ့ ဗလေဇာအကျား နှင့် အသားဖြူဖြူလူကော မပါဘူးလား ” ဟု မေးလိုက်လေ၏ ။

“ မပါဘူးခင်ဗျား ၊ ကျွန်တော်တို့ ကျောင်းသားတွေ က တစ်နေ့ နှစ်ယောက် အလှည့် ကျလိုက်ရတယ် ခင်ဗျာ့ ” ဟူသော အဖြေ သည် ပိဿာလေးကြီး ဖြင့် ပေါက်လိုက်သကဲ့သို မထွေး နားတွင်း သို့ ဝင်လာလေ၏ ။ မထွေး သည် မှိုင်သွားလေ၏ ။ တစ်မနက်လုံး၏ ရွှင်လန်းချက်ကို တစ်မိနစ် အတွင်း ဖျက်ပစ် လိုက်သော စကားများ ဖြစ်ပေ၏ ။ မထွေး သည် ကျောင်းသား လိုသမျှသော သရက်ချဉ် ကို စိတ်မပါစွာ ရောင်းလေ၏ ။

ကျောင်းသား ပြန်သွား လျှင် ဒူးတုပ်၍ ဆိုင်နောက် သေတ္တာကြီး ကို မှီလျက်ထွေနေလေ၏ ။ မယား ရပ်ရွာသို့ ပြန်မည် ဟု အမြန် လာရာ ရထား မမီသော ရပ်ဝေးနေ လင်ကဲ့သို့ မထွေး သည် များစွာ ယူကျုံးမရ ဖြစ်ပေ၏ ။ ဤ ဆံထုံး ၊ ဤ သနပ်ခါး ၊ ဤ စိန်လည်တုံ ၊ ဤ လက်ကောက် ၊ ဤ ရှင်မီး ၊ ဤ ဘန်ကောက် ၊ ဤ လေဒီခင် တို့သည် ကန္တာရတောကြီး အလယ်၌ ခြောက်သွေ့ ပျက်စီးရသော ပန်းများနှင့် တူလေပြီ ။ မထွေး သည် ပေါင် တစ်ဖက်ကို ကွေး ၊ ဒူးဆစ် ပေါ် မေးတင်၍ မှိုင်တွေ၏ ။ လေဒီခင် ကို ကြည့်နေ လေ၏ ။

“ တောက် ... လွဲလေခြင်း နော် ၊ ရှင် ကလည်း ဘာလို့ အစက ဒီလို ပြောမထားသလဲ ၊ အို … ပြောရအောင် နင် နဲ့ လည်း သိတာမှတ်လို့ ၊ ရှင် လာမယ်ဆိုလို ဒီမှာဖြင့် မျှော်လိုက်ရ စောင့်လိုက် ရတာ ၊ မိန်းမ မှာတော့ မိန်းမကြိုက် မျှော်လိုက်ခါ ၊ ယောက်ျား မှာတော့ ယောက်ျားကြိုက် စိုက်စိုက်လာကိုး ရှင်ရဲ့ ၊ ရှင့် ကျောင်းကိုပဲ လိုက်ခဲ့ချင်ပါရဲ့ ၊ သို့ပေမဲ့ မတော်ပေဘူး ၊ ကဲ ... ရှေ့အပတ် ရှင် မြန်မြန် လာခဲ့ပါနော် ၊ ခုတော့ ဒီနေ့အတွက် အလကား ဖြစ်ပြီပေါ့ ၊ မဖြစ်သေး ဘူးလေ ဟိုကောင်မကို ငါ့ဥစ္စာတွေ ပြလိုက်ဦးမဟဲ့ ၊ ဒင့်ရှေ့ မော်လိုက်ဦးမယ် ”

ဆယ်နာရီခွဲမျှ ရှိသောအခါ မထွေး သည် ဆိုင်မှ ထလေ၏ ။ သန်းမေ တို့ ဆိုင်၏ အရှေ့ ဘက် ဆိုင်မှာ မထွေး ၏ မိတ်ဆွေ မတင်လှ တို့ ဆိုင်ဖြစ်၏ ။ မတင်လှ တို့ ဆိုင်သို့ အလည် သွား လိုက်ရလျှင် ငြီးငွေ့ နေသော စိတ်လည်း ပြေမည် ၊ မိသန်းမေ အပေါ်မှာလည်း ကြွားရလေမည် ၊ မိသန်းမေ အတင်း လည်း ပြောရလေမည် ဟု သဘောပေါက်ကာ မတင်လှ တို့ ဆိုင်သို့ လာခဲ့ လေ၏ ။ လေဒီခင် ကို ပိုမိုမြည်အောင် ပြင်းပြင်း လမ်းလျှောက်၏ ။ ရင်ကိုကော့၍ တင်ကို လည်း ခပ်ဆော့ဆော့ လျှောက်ခဲ့၏ ။ မျက်နှာ ကို လည်း မော့ထား၏ ။

မတင်လှတို့ ဆိုင်နှင့် မသန်းမေ တို့ ဆိုင်ကြား၌ ရေအိုးစင်ရှိ၏ ။ လက်ဆေးရေများသည် ရွှဲနေလေ၏ ။ မတင်လှ သည် မကြာခင်က သင်္ဘောသီး စားပြီး သင်္ဘောခွံ ကို ထိုအပေါ်မှာ ပစ်ထား၏ ။ ပစ်ထားသည် မှာလည်း အကြံ နှင့် ဖြစ်ပေ၏ ။ ငါးပိတန်းသို့ အပိုး လာကြသော ဆပ်ကျောင်းသား ( ရာဇဝတ်အုပ်ကျောင်းသား ) များကို ချော်လဲအောင် ထောင်ချောက် လုပ်ထား ခြင်းဖြစ်၏ ။ မထွေး လျှောက်လာခဲ့ရာ လေဒီခင် သည် သင်္ဘောခွံ ပေါ်သို့ တက်နင်းလေ၏ ။ သင်္ဘောခွံသည် ရှောခနဲ သမံတလင်းပေါ်တွင် ပြေး၏ ။ လေဒီခင် သည် သူ့ သခင်မ ၏ ခြေတစ်ဖက် ကို ယူဆောင်ကာ သင်္ဘောစီး သွားလေ၏ ။ မထွေး ဒိုင်းခနဲ လဲကျ သွားသောအခါ အော်မိ၏ ။ မသန်းမေ သည် တစ်ဖက်သို့ လှည့်ကာ တခစ်ခစ် ရယ်လေ၏ ။ မတင်လှ လည်း တဟားဟား ရယ်ပြီး မထွေး ထံသို့ လာလေ၏ ။ ရယ်ခြင်းကို ရပ်ပြီး မထွေး ကိုထူ၏ ။ မထွေး ကား အစ၌ ရယ် ၏ ။ နောက်၌ မျက်နှာက မဲ့၏ ။ ပါးစပ် က ရယ်ဟန် ဆောင်၏ ။ တစ်မျက်နှာလုံး အနီရောင် ဆိုး ထားသော ပါးနှင့် တစ်သွေးတည်း ဖြစ်သွားလေ၏ ။ မြွေပူရာ ကင်းမှောင့်ပြီ ဟု ဝမ်းနည်း၏ ။ လူတွေ ထဲ ချော်လဲရသည် ဟု ရှက် ၊ ဘန်ကောက် ရေရွှဲ ၊ တံတောင်ဆစ်ပြဲ ၊ ဆံထုံးဗလပွကြဲ သဖြင့် အလွန် မချမ်းမြေ့ ဖြစ်၏ ။ လေဒီခင်ကို စိတ်နာ၏ ။

“ မထွေး  နာသလား ” ပြုံး၍ မတင်လှ က မေး၏ ။

မထွေး သည် အဖြေ မပေးဘဲ စိုက်ကြည့်နေ၏ ။

“ မနာဘူးနော် ၊ မနာဘူး ဖွဟဲ့ ၊ ကျုပ် အစ်မကြီး က စွမ်းတယ် ။ ဥုံဖွ ချေးတုံးမတ်တတ်ထ ဖွ ” ဟု ရွတ်နေရာ မှ -

“ အို … မတင်လှ ကတော့ နေရာတကာ နောက် နေတာပဲ ” ဟု မထွေး သည် နှုတ်ခမ်း စူလျက် ပြော၏ ။

“ မဟာမြတ်မုနိ စူးရစေရဲ့ ၊ မနောက်ပါဘူးဗျ ၊ ဥုံဖွ ဒူဝေ ဒူဝေ ... ဩောင်း ဟုံဟုံ ၊ ကဲ ... ထ ” ဟု ပြောပြောဆိုဆို မတင်လှ သည် မထွေး ကို ချိုင်းကြားမှ ထူပြီး ဆိုင်သို့ ခေါ်သွား လေ၏ ။

“ အတည် မေးတာ ၊ မထွေး  နာသွားသလား ”

“ နာတာပေါ့ ၊ အားလုံး ရေရွှဲ ညစ်ပတ်ကုန်ပြီ ”

“ ဟုတ်ပါ့ကွယ် ၊ အချက်ထဲမှ အရှက်ကွဲလေတယ်နော် ။ ထူးထူးခြားခြား ဝတ်လာမှပဲ ခက်နေတာပဲ ” ဟု ညည်း၏ ။

“ ကဲ … မတင်လှ ၊ မြင်းရထား ခေါ်ချေ ။ ကျွန်မ အိမ် ပြန်ဦးမှပဲ ၊ သွားပြင်လိုက်ဦးမှ ဖြစ်မယ် ”

မထွေး သည် မြင်းရထား နှင့် အိမ် ပြန်လေ၏ ။ အိမ်ပေါ် ရောက်သည်နှင့် တစ်ပြိုင်နက် လေဒီခင် ကို ခြေ မှ ဆောင့် ချွတ် လိုက်ပြီး “ အလကား လေဒီခင် ၊ ငါ့ အရှက်ခွဲတဲ့ လေဒီခင် ။ သွား ... ငါ မစီးချင်ဘူး ၊ ခွေ းလေဒီခင် ” ဟု မောင်းမဲလေ၏ ။

နောက် မှန်ရှေ့ သို့ သွားလေ၏ ။ မှန်ထဲ တွင် ဆံပင် ဖိုးရိုးဖားရား ၊ သနပ်ခါး ကွက်တိ ကွက်ကျား ၊ နှုတ်ခမ်း မှာလည်း အနီရောင် မညီမညွတ် ၊ ဖြူဖပ်ဖြူရော် နေရာက တချို့ ၊ ပါး မှာလည်း တစ်ခြမ်း နီ၍ တစ်ခြမ်း ညို ၊ ပြန့်ပြူး လှပသော အင်္ကျီ မှာလည်း အိပ်ရာ ထဲ ဝတ်သော အင်္ကျီ ကဲ့သို့ ရှုံ့တွ ၊ ရေ ပေသည့် နေရာက ပေ ၊ အထဲက ဇာဘော်လီသည်လည်း လမ်းလွဲ နေသဖြင့် ဆိုင်ရာ ကို မဖုံးမိကြသောကြောင့် မထွေး သည် မိမွေးတိုင်း ဖမွေးတိုင်း မထွေး ဖြစ်၍နေ လေ၏ ။ သားသည်အမေနှင့်လည်း တူနေ၏ ။ မထွေး သည် သူ့ ရုပ် သူ ကြည့်ပြီး “ ဪ …. ငါ ပြုပြင် သမျှ ပျက်ပါပကော ၊ ငါ ချောသင့်သလောက် ချောပိုင်ခွင့် လှပိုင်ခွင့် ရှိသလောက် မလှတော့ ပါပဲကလားနော် ။ ဒင်းကို ငါ ဘယ်တော့သာရပါ့မလဲ” ဟု စိတ်ပျက်သွားလေ၏ ။ မှန် ကို ရွံရှာ ပြီး ခွဲခွာထားခဲ့၍ အိပ်ရာ ဆီသို့ လာခဲ့လေ၏ ။

ခဲလေသမျှ သဲရေကျ လေပြီ ၊ သဲကန္တာရ သည် သစ်ပင် ကင်းမဲ့ သဖြင့် ခြောက်သွေ့ငြီးငွေ့ ဖွယ် ကောင်းသကဲ့သို့ မထွေး အတွက် မျှော်လင့်ဖွယ် ကင်းသော လောကကြီး သည် ခြောက်သွေ့ ငြီးငွေ့ဖွယ် ကောင်းလှလေသည် ။

မထွေး သည် အိပ်ရာပေါ် သို့ ပစ်လှဲလိုက်၏ ။ ခေါင်းအုံး ပေါ်၌ မျက်နှာ မှောက်ပြီး ငိုနေလေသတည်း ။

☐ သိန်းနေနွယ်
📖 ဒီးဒုတ် သတင်းစာ
      အတွဲ - ၁၂ ၊ အမှတ် - ၁၈
      ၁၈ ဇန်နဝါရီ ၊ ၁၉၃၆

No comments:

Post a Comment