Sunday, March 2, 2025

သူခိုးပညာရှိ

 ❝ သူခိုးပညာရှိ ❞

       ( ပုံပြင် )

     

ဟိုးရှေးရှေးတုန်း က အောင်ချာပူရ ဆိုတဲ့ တိုင်းပြည်ကြီး မှာ “ ဓမ္မစည်သူ ” မင်းကြီး အုပ်စိုးစဉ် အချိန်မှာ “ တိမ်တောင် ” ဆိုတဲ့ သူခိုးကြီး ဟာ အင်မတန် သောင်းကျန်းနေတယ်တဲ့ ။ ဘုရင့် ဘဏ္ဍာတော် ငွေတွေ ဝင် ခိုးတာလည်း “ တိမ်တောင် ” ပဲ ၊ မြောက်ပြင်သူဌေး အိမ် ဝင် ခိုးတာ လည်း တိမ်တောင် ပဲ ၊ အဲဒီလိုမ ကြာခဏ “ တိမ်တောင် ” သတင်း ကို ကြားနေကြရတယ်တဲ့ ၊ လိုက်လံ ဖမ်းဆီး ပေမယ့်လည်း တစ်ခါမှ မမိနိုင်ဘူးတဲ့ ၊ တချို့ကလည်း သူခိုးကြီး ဟာ ကိုယ်ပျောက် လို့ တောင် ပြောကြတယ် ၊ မျက်စိ အောက်မှာ ပဲ သူခိုးကြီး ဟာ ပျောက်ပျောက် သွားလေ့ ရှိသတဲ့ ။


အမှန်ကတော့ သူခိုးကြီး ဟာ ကိုယ်ပျောက်တာတော့ မဟုတ်ဘူးကွဲ့ ။ ပစ္စည်းဥစ္စာ တွေကို ညဘက် မှ ခိုးယူရတာ ဆိုတော့ ညဘက် ဆိုတာ အမှောင်ထု စိုးမိုးတဲ့ အချိန် မဟုတ်လား ။ သူခိုးကြီး က သူတစ်ပါး ဥစ္စာပစ္စည်းတွေ ခိုးယူလို့သူခိုး လို့ ဆိုရပေမယ့် တွေးခေါ်မြော်မြင်တတ်တဲ့ ဉာဏ် ရှိလေတော့ ညဘက် ခိုးဖို့ ထွက်တဲ့ အခါမှာ အဝတ်နက်ကြီး တစ်ထည် ကို အမြဲတမ်း ယူ သွားလေ့ ရှိတယ် ။


သူခိုးကြီး ဟာ သူ့ ကို လိုက်လံ ဖမ်းဆီးတဲ့ အခါမှာ တော့ မည်းမှောင်တဲ့ သစ်ပင်ရိပ်တို့ ချုံကွယ်တို့ ရောက်တာနဲ့ တစ်ပြိုင်နက် သူ့ အဝတ်နက်ကြီး ကို လွှမ်းခြုံ ပုန်းကွယ်လေ့ ရှိသတဲ့ ။


အဲဒီ အခါမှာ တော့ ည အမှောင် သစ်ပင်ရိပ် ချုံကွယ် က အဝတ်နက် ခြုံထားတဲ့ သူခိုးကြီး ကို မမြင် မိကြတော့ဘူးပေါ့ကွယ် ။


မောင်ညီမလေးတို့ ၊ ညဘက် ကျရင် သတိထား ကြည့်ကြစမ်းပါ ၊ အလင်းရောင် အောက် က လူတစ်ယောက်ဟာ သစ်ပင် မှောင်ရိပ် ထဲ က လူ တစ်ယောက် ကို မြင်ဖို့ မလွယ်တာ တွေ့ရလိမ့်မယ် ၊ အမှန်ကတော့ သူခိုးကြီး ဟာ ကိုယ် မပျောက်ဘဲ သူ့ ရဲ့ အဝတ်နက်ကြီး က သာ သူ့ ကို အကာအကွယ် ပေးတာပဲ ဖြစ်တယ် ၊ အဲဒီလိုနဲ့ သူခိုးကြီး ဟာ နေပြည်တော် မှာ ဆိုးသွမ်း နေတာပေါ့ ။


တစ်နေ့မှာ တော့ သူခိုးကြီး ဟာ ကံ ဆိုးချင်လို့ပဲလား မသိပါဘူးကွယ် ၊ မဟာဘောဂ သူဌေးကြီး အိမ် ကို ခိုးဖို့ အသွား မှာ သူ့ အဝတ်နက်ကြီး ကို ယူ မသွားမိဘူးတဲ့ ၊ အဲဒီ ညမှာပဲ သူခိုးကြီး ဟာ အဖမ်း ခံလိုက်ရတယ် ။


သူခိုးကြီး ကို မြို့ ထဲ လှည့်လည်ပြီး လိုက် ပြလိုက်တဲ့ အခါမှာတော့ ထွက်ကြည့်တဲ့ သတွေဟာ ပြည့်နှက်နေတာပဲတဲ့ ၊ ဒါပေမယ့် သူခိုးကြီး ကတော့ ဘယ်သူ့ကို မှ ဂရုမစိုက်ဘူး ၊ ကြောက်ရွံ့တဲ့ အမူအရာ လည်း မရှိဘူးတဲ့ ၊ “ ငါ လွတ်မြောက်အောင် ဘယ်လို လုပ်ရပါ့မလဲ ” လို့ သာ တွေးတော နေသတဲ့ ။


အစောင့်အကြပ်တွေ ကလည်း အများကြီး ဆိုတော့ ငါ ထွက်ပြေးလို့ လွတ်မှာ မဟုတ်ဘူး ။ ဒီတော့ ပရိယာယ် နဲ့ လွတ်အောင် ကြံမှပဲ ဆိုပြီး လွတ်မြောက်ဖို့ နည်းလမ်း ကို သာ ရှာကြံနေ သတဲ့ကွယ် ။


ညနေစောင်း လာတဲ့ အခါမှာတော့ ပါးကွက်အာဏာသားတွေ ဟာ ဓားကြီး ထမ်းလို့ ရောက်လာကြတာပေါ့ ။ သူခိုးကြီး ကို သုဿန် ခေါ်မယ် လုပ်တဲ့ အခါမှာတော့ သူခိုးကြီး က ... 


“ နောင်ကြီးတို့ ၊ နေပါဦးခင်ဗျာ ၊ တဆိတ် သည်းခံပါဦး ၊ ဘုရင်ကြီး ကို လျှောက်တင်ခဲ့ ပါရစေဦး ” လို့ ပြောသတဲ့ ။


အာဏာသားတွေ ကလည်း “ တို့ ဝတ္တရားက မင်းကို သုဿန် ထုတ် ဓားခုတ်သ,တ်ဖို့ ပဲ ၊ မင်း ကို သုဿန် ခေါ်သွားရမယ် ” လို့ ပြောပြီးခေါ်ဆောင် သွားကြတယ် ။


ဒါပေမယ့် သူခိုးကြီး ကလည်း “ အင်မတန် အရေးကြီးတဲ့ စကားမို့ မသေခင် လျှောက် တင်ခဲ့ပါရစေ ” လို့ အတန်တန် တောင်းပန်ရှာသတဲ့ ။


အာဏာသားတွေ ဟာ သနား သွားတာကြောင့် သူခိုးကြီး ကို ဘုရင်ကြီး ဆီ ခေါ်သွား ပေးကြတယ် ၊ ဘုရင်ကြီး ဟာ သူခိုးကြီး ကို မြင်တဲ့ အခါမှာတော့ အာဏာသားတွေ ကို ...


“ မောင်မင်းတို့ ဘာကြောင့် သူခိုးကြီး ကို မသ,တ်ဘဲ ငါ့ ဆီ ခေါ်ခဲ့ရတာလဲ ၊ မင်းတို့ ပါ သေချင်ကြလို့လား ” လို့ ကြိမ်းမောင်းတော့တာပါပဲကွယ် ။


အာဏာသားတွေ ဟာ လည်း ကြောက်လွန်းလို့ တုန်နေတာပါပဲ ၊ ဒါပေမယ့် သူခိုးကြီး က “ မှန်လှပါ ၊ အရှင်မင်းကြီး အား ကျွန်တော်မျိုး အဖိုးတန်တဲ့ စကား တစ်ခွန်း လျှောက်တင်ချင် လို့ပါ ” လို့ လျှောက်တင်လိုက် သတဲ့ ။


ဒီတစ်ခါမှာ ဘုရင်ကြီး က “ အံမာ မင်းလိုကောင် က ဘာ အဖိုးတန် စကားများ လျှောက် ထားစရာရှိလို့လဲ ” လို့ အော်ငေါက် မေးလိုက်ပြန်တယ် ။


“ မှန်လှပါ ၊ ကျွန်တော်မျိုးကြီး “ ရွှေသီး ” သီး တဲ့ ရွှေပင်ကြီး စိုက်တတ်ကြောင်းပါ ဘုရား ” လို့ သူခိုးကြီး ကလည်း ရဲရဲဝံ့ဝံ့ လျှောက်တင်လိုက်သတဲ့ ။


ဘုရင်ကြီး က လည်း လောဘကြီး တဲ့ သူ ဆိုတော့ “ ရွှေ ” ဆိုတဲ့ အသံ ကြားလိုက်တဲ့ အခါမှာ ဘာမှ မစဉ်းစားနိုင်ဘဲ... ။


“ ရွှေ .. ရွှေ .. ရွှေသီးတဲ့ ရွှေပင် ” ဟုတ်လားလို့ အလောတကြီး မေးလိုက်သတဲ့ ။


“ မှန်လှပါ ၊ ရွှေသီး သီးတဲ့ “ ရွှေပင် ” စိုက်တတ်ကြောင်းပါ ” လို့ ပြန် လျှောက်လိုက်တဲ့ အခါမှာတော့ ဘုရင်ကြီး ဟာ ငါ့ မှာ ရွှေပင်ကြီး သာ ရှိရင် ကမ္ဘာပေါ် မှာ ငါ ဟာ အချမ်းသာဆုံးသူ ဖြစ်မှာပဲလို့ တွေးမိပြီး...


“ ကောင်းပြီ ၊ မောင်မင်း ငါ့ ဖို့ ရွှေပင် စိုက်ပေးရမယ် ” လို့ ချက်ချင်း အမိန့် ချမှတ်လိုက်သတဲ့ ။ 


သူခိုးကြီး က လည်း “ မှန်လှပါ ၊ ရွှေပင် စိုက်ဖို့ အတွက် ရွှေဒင်္ဂါး တပြား နဲ့ ရေသန့်သန့် တစ်ခွက် လိုကြောင်းပါ ဘုရား လို့ ” လျှောက်တင်လိုက်ပြန်တယ် ။


ဘုရင်ကြီး က လည်း ချက်ချင်းပဲ “ ရွှေဒင်္ဂါး တစ်ပြား နဲ့ ရေသန့်သန့် တစ်ခွက်ကို ယူခဲ့ စေ ” လို့ မင်းချင်းတွေ ကို စေခိုင်းလိုက်တယ် ။


ရွှေဒင်္ဂါးတပြား နဲ့ ရေသန့်သန့် တစ်ခွက် ရတဲ့ အခါမှာ တော့ ဘုရင်ကြီး နဲ့ တကွ မှူးမတ်တွေ ရော ၊ နန်းတွင်းသူ နန်းတွင်းသားတွေ ရော ၊ သူခိုးကြီး ပါ မင်္ဂလာဥယျာဉ်တော် ကို ထွက်လာ ကြတယ် ။


တစ်ဆင့် စကား တစ်ဆင့် နဲ့ “ သူခိုးကြီး က ရွှေပင် စိုက်ပြမယ် ” ဆိုတဲ့ သတင်း ဟာ တစ်မြို့လုံး ပျံ့နှံ့ သွားတာကြောင့် ရွှေပင် စိုက်တာ ကြည့်ဖို့ လာရောက်ကြတဲ့ အတွက် ဥယျာဉ် တစ်ခုလုံး ဟာ ခဏအတွင်း ပြည့်လျှံ သွားတာပဲတဲ့ ။


သူခိုးကြီး ဟာ ဥယျာဉ် ထဲရောက်တဲ့ အခါမှာတော့ မြေကြီး ကို တစ်တောင် လောက် နက်အောင် တူးလိုက်တယ် ။ အဲဒီ နောက်မှာ ရွှေဒင်္ဂါး တစ်ပြား ကို ရေသန့်သန့် နဲ့ ဆေးလိုက် ပြန်တယ် ။ ဒီ နောက်တော့ရွှေဒင်္ဂါးပြား ကို ကိုင်ပြီး ဘုရင်ကြီး ဘက် လှည့်လိုက်ပြီး “ အရှင်မင်းကြီး ၊ ဤ ရွှေဒင်္ဂါးပြား နှင့် ရွှေပင် ကို စိုက်ရပါမည် ။ ရွှေပင် ကို စိုက်သောသူ သည် အပြစ် လုံးဝ ကင်းစင်သူ ဖြစ်ရပါမည် ။ အပြစ် ကင်းစင်သူ စိုက် မှ လည်း ဤ ရွှေဒင်္ဂါးပြား မှ ရွှေပင် ပေါက်၍ ရွှေသီး သီးပါမည် ။ ကျွန်တော်မျိုး မှာ ခိုးသား တစ်ယောက် ဖြစ်တဲ့ အတွက် အပြစ် မကင်းစင်ပါ ။ ထို့ကြောင့် အရှင်မင်းကြီး စိုက်တော်မူပါ ” လို့ လျှောက်ပြီး ရွှေဒင်္ဂါးပြား ကို လှမ်း ပေးလိုက်တယ် ။


ဘုရင်ကြီး မှာ ချက်ချင်းပဲ ရွှေဒင်္ဂါးပြား ကို လှမ်း ယူပြီး တွင်း ထဲ ထည့်မယ် လုပ်ပြီးမှ ... 


“ ငါ စိုက်လို့ မဖြစ်ဘူး ထင်တယ် ၊ ငါ့ မှာ အပြစ် လုံးဝကင်းစင်သူ တစ်ယောက် မဟုတ် ဘူး ” လို့ တွေးမိပြီးရွှေဒင်္ဂါး ကို အိမ်ရှေ့မင်း ထံ လှမ်း ပေးလိုက်သတဲ့ ။


ဒါပေမယ့် အိမ်ရှေ့မင်းသား က လည်း “ အကျွန်ုပ် လည်း မစိုက်ဝံ့ပါ ၊ အကျွန်ုပ် သည် လည်း လုံးဝ အပြစ် ကင်းစင်သူ တစ်ယောက် မဟုတ်ပါ ” လို့ လျှောက်တင်ပြီး အမတ်ကြီး ဆီ လှမ်း ပေးလိုက်ပြန်တယ် ။


အမတ်ကြီး က လည်း “ အကျွန်ုပ် မစိုက်ရဲပါ ၊အကျွန်ုပ် သည် လည်း လုံးဝ အပြစ် ကင်းစင်သူ တစ်ဦး ဖြစ်ချင် မှ ဖြစ်ပါမယ် ၊ ဤ ရွှေဒင်္ဂါးပြား ကို မစိုက်ဝံ့ပါ ” လို့ ပြောပြီး သူဌေးကြီး ကို လှမ်း ပေးလိုက်ပြန်တယ် ။


ဒီလိုနဲ့ ရွှေဒင်္ဂါးပြား ဟာ တစ်ဆင့် လက် က တစ်ဆင့် ကူးပြောင်း သွားလိုက်တာ နန်းတွင်းသူ နန်းတွင်းသား ဆင်းရဲသား ပါ မကျန် ရွှေဒင်္ဂါးပြား ကို စိုက်ခိုင်း ပေမယ့် တစ်ယောက် မှ စိုက်ခိုင်းလို့ မရဘူးတဲ့ကွယ် ၊ “ သူတို့ ဟာလည်း လုံးဝ အပြစ်ကင်းသူ မဟုတ်ပါဘူး ” လို့ ပြောပြီး လက်မခံကြဘူး ။


ဒီအခါမှာ သူခိုးကြီး ဟာ ...


“ အရှင်မင်းကြီး ၊ ရှုစားတော်မူပါ ၊ အကျွန်ုပ်တို့ အားလုံးဟာ အပြစ် ကင်းစင်သူများ မဟုတ်ကြပါ ၊ အကယ်၍ အပြစ် ရှိသူ ကို သေဒဏ် ပေးမယ် ဆိုရင် ကျွန်ုပ်တို့ အားလုံး ကို သေဒဏ် အပြစ် ပေးထိုက်ပါတယ် ” လို့ လျှောက်တင်လိုက် သတဲ့ ။


သူခိုးကြီး လျှောက်တင်ချက် ကို အားလုံး ကြားရတဲ့ အခါမှာ တော့ ဝိုင်းပြီး ရယ်မောကြသတဲ့ ။


ဘုရင်ကြီး ဟာ လည်း သူခိုးကြီး ရဲ့ ပညာဂုဏ် နဲ့ လိမ္မာပါးနပ်မှု ကို နှစ်သက် သဘောကျတဲ့ အတွက် နောင်ကို ခိုးယူခြင်း မပြုဖို့ပြောပြီး အပြစ်ဒဏ် ကလွတ်ငြိမ်းခွင့် ပြုလိုက်သတဲ့ကွယ် ။ 


သူခိုးကြီး ဟာ သူ့ ရဲ့ ပညာစွမ်း ကြောင့် အသက်ဘေး မှ ချမ်းသာရာ ရသွားတယ်ကွယ့် ။ 


မောင် ၊ ညီမလေးတို့ ပညာဗဟုသုတ နဲ့ ပြည့်ဝကြပါစေ ။


▢ တင်တင်ရီ 


📖 ရှုမဝ မဂ္ဂဇင်း

      ၁၉၆၄ ၊ ဇန်နဝါရီ

No comments:

Post a Comment