Monday, August 4, 2025

ဇာတ်လမ်း မရေးခင် ဇာတ်ကွက်ကို ကြိုတင် ရေးသင့်ပါသလား


 

❝ ဇာတ်လမ်း မရေးခင် ဇာတ်ကွက်ကို ကြိုတင် ရေးသင့်ပါသလား ❞

စာရေးဆရာ အများစုက ဝတ္ထုတစ်ပုဒ်ကို မရေးခင် ပါဝင်မယ့် ဇာတ်ကွက်များကို ကြိုတင် ချရေး ထားတတ်ကြတယ်လို့ ကျွန်တော် သိထားပေမယ့် ကျွန်တော် ကတော့ အဲဒီလို မရေးပါဘူး ။ စိတ်ကူးတစ်ခု ပေါ်လာပြီ ဆိုရင် စရေးတော့တာပဲ ။ အဲဒီလို စာရေးနည်းဟာ မှန်ကန်ပါသလား သိချင်ပါတယ် ။

စာရေးဖို့ ဝါသနာပါသူ တစ်ယောက်ရဲ့ အဲဒီ မေးခွန်းကို ဆရာမ Brandi Reissenweber က အောက်ပါအတိုင်း ဖြေကြားပေးပါတယ် ။ ဆရာမရဲ့ အဖြေကို ပြောမပြခင် ဆရာမအကြောင်းကို မိတ်ဆက် ပေးချင်ပါတယ် ။ ဆရာမ Brandi က ဂျာနယ်ပေါင်းများစွာမှာ စာရေးသားခြင်းဆိုင်ရာ ဆောင်းပါးများကို ရေးသားသူ ဖြစ်တဲ့ အပြင် အမေရိကန်ပြည်ထောင်စု ရဲ့ နာမည်ကြီး တက္ကသိုလ်ကြီးများမှာ စာရေးသားခြင်းအတတ်ပညာနဲ့ ပတ်သက်လို့ သင်ကြားပို့ချနေသူ တစ်ဦး ဖြစ်ပါတယ် ။ လောလောဆယ်မှာ အီလီနွိုက် တက္ကသိုလ် မှာ ဧည့်ပါမောက္ခ အဖြစ် ပို့ချပေးနေသူ ဖြစ်ပါတယ် ။

မေးခွန်းနဲ့ ပတ်သက်တဲ့ ဆရာမရဲ့ အဖြေကတော့ ...

••••• ••••• •••••

ဝတ္ထုတစ်ပုဒ် ရေးသားရာမှာ ဘယ်လို နည်းနဲ့ ရေးရမယ်ဆိုတဲ့ ပုံသေကားကျ နည်းရယ် လို့ မရှိပါဘူး ။ စာရေးဆရာ တစ်ယောက်ချင်းက သူတို့ စိတ်သန်သလို နည်းမျိုးစုံနဲ့ ရေးသား နေကြတာ ဖြစ်ပါတယ် ။ အရေးကြီးတာက ဘယ်နည်းနဲ့ ရေးဖြစ်သည် ဖြစ်စေ ဝတ္ထုတစ်ပုဒ် ဖြစ်သွားဖို့ သာ အဓိက ဖြစ် ပါတယ် ။ တချို့ စာရေးဆရာများက သူတို့ ရေးမယ့် ဝတ္ထုအကြောင်းကို ကြိုတင် သိရှိထားကြပြီး တချို့ကတော့ တစ်ပိုင်းတစ်စ ကိုသာ သိရှိကာ အစအဆုံး မသိတတ်ကြပါဘူး ။ ကျွန်မက Letterpress လို့ အမည်ပေးထားတဲ့ ကျွန်မ ဘလော့ဂ် အတွက် Stacey Richter ကို အင်တာဗျူး မေးပါတယ် ။ သူက Twin Study နဲ့ My Date with Satan ဆိုတဲ့ ဝတ္ထုတို ပေါင်းချုပ် ၂ အုပ် ထုတ်ဝေပေးသူ ဖြစ်ပါတယ် ။ Stacey က ကျွန်မ မေးခွန်းကို ဖြေကြားတဲ့နေရာမှာ သူ့ အနေနဲ့ ရေးစရာ အကြောင်းအရာကလေး တစ်ခု ရသွားရင် ဝတ္ထုတို တစ်ပုဒ်ကို စ ရေးတာပဲလို့ ဆိုတယ် ။ ဒီ ဝတ္ထုက ဘယ်လို အဆုံးသတ် သွားမယ် ဆိုတာကို သူကိုယ်တိုင် အစအဆုံး မသိဘူးလို့ ဖြေကြားခဲ့ပါတယ် ။

“ ကျွန်မ အနေနဲ့ ရေးနေတဲ့ ဝတ္ထုဟာ ဘယ်ကို ဦးတည်နေတယ် ဆိုတာ သိပါတယ် ။ ဒါပေမဲ့ ဘယ်မှာ အဆုံးသတ်မယ် ဆိုတာတော့ မသိပါဘူး ။ ကျွန်မက ဝတ္ထုရေးရင် ပဋိပက္ခကလေး တစ်ခုနဲ့ အစပြုတတ်ပါတယ် ။ စိတ်ထဲမှာ ပေါ်လာတဲ့ အဲဒီ ပဋိပက္ခကလေးက ဘယ်ကို ဦးတည်သွားရမယ် ဆိုတာ ကျွန်မကို လမ်းညွှန် ပေးတယ် ။ အလယ်ပိုင်းလောက် အထိပေါ့ ။ အဲဒီအထိ ရေးပြီးရင်တော့ ဘယ်လို အဆုံးသတ်ရမလဲ ဆိုတဲ့ အပိုင်းကို ကျွန်မ စဉ်းစားရ တာပေါ့ ။ ရံဖန်ရံခါ မှာတော့ ကျွန်မ က ကျွန်မ နှစ်သက်တဲ့ ဇာတ်ကောင်စရိုက် တစ်ခုနဲ့ စတတ်ပါတယ် ။ ဒါလည်း ဖြစ်တော့ ဖြစ်သွားတာပါပဲ ။ ဒါပေမဲ့ အများအားဖြင့် အဲဒီလို စဖြစ်တဲ့ ဝတ္ထုတွေဟာ ကျွန်မ စိတ်တိုင်းမကျ ဖြစ်ပြီး ချောင်ထိုး ထားခဲ့ရတာတွေ များပါတယ် ” လို့ ဖြေကြားခဲ့ပါတယ် ။

Writer မဂ္ဂဇင်းမှာ ဖော်ပြလေ့ရှိတဲ့ Writers' Workshop မှာ ဝတ္ထုတိုနဲ့ ပတ်သက်ပြီး Gotham နဲ့ Hannah Tinti တို့ ဆွေးနွေးခန်းကိုလည်း ဖတ်ဖူးပါတယ် ။ Hannah က Animal Crackers ခေါင်းစဉ်နဲ့ ဝတ္ထုတို ပေါင်းချုပ် တစ်အုပ် ထွက်ဖူးသလို The Good Thief လုံးချင်းဝတ္ထုလည်း ရေးခဲ့ဖူးသူ ဖြစ်ပါတယ် ။ Hannah က သူမအနေနဲ့ ဝတ္ထုရေးတဲ့ နေရာမှာ ဘယ်တော့မှ ကြိုတင်ပြီး ဇာတ်ကွက် ချလေ့ မရှိဘူးလို့ ဆိုခဲ့ပါတယ် ။

“ ကျွန်မ ဘယ်တော့မှ ဝတ္ထုတစ်ပုဒ် အတွက် ဇာတ်အကျဉ်း ရေးလေ့ မရှိပါဘူး ။ ဒါပေမဲ့ ချရေးတဲ့ နေရာမှာ ဖြည်းဖြည်းချင်း ဖြည်းဖြည်းချင်းနဲ့ စဉ်းစားရင်း ရေးသွားလေ့ ရှိပါတယ် ” လို့ ဆိုပါတယ် ။

သူမ ရေးသားခဲ့တဲ့ Home Sweet Home ဝတ္ထု မှာ ဆိုရင် လူ,သတ်မှုတစ်ခုနဲ့ ဝတ္ထုကို စ ဖွင့်ခဲ့ပါတယ် ။ ဒါနဲ့ ပတ်သက်လို့ သူ ပြောပြတာက ...

“ ကျွန်မ ဝတ္ထု စ ဖွင့်ဖွင့်ချင်းမှာ လူသ,တ်မှုနဲ့ စလိုက်တယ် ။ ဒီတော့ ဒီဝတ္ထု ဟာ ဇာတ်ကွက်နဲ့ စတဲ့ ဝတ္ထုလို့ ပြောရမှာပေါ့ ။ ဝတ္ထုမှာ Pat နဲ့ Clyde တို့ အသ,တ်ခံထားရတယ် ။ ဒါပေမဲ့ ဘယ်သူ သ,တ်သွားသလဲ ဆိုတာ ကျွန်မ ကိုယ်တိုင် စိတ်ကူး မရှိသေးဘူး ။ ဇာတ်ကောင်တွေ ရဲ့ စရိုက်ကို တဖြည်းဖြည်း ရေးသားရင်းကနေ အသေးစိတ်အချက်အလက်များက အသ,တ်ခံရခြင်းရဲ့ အကြောင်းရင်းများကို ပေါ်လာစေပါတယ် ။ အဲဒီ အကြောင်းတွေကို အခြေခံပြီး လူသ,တ်တရားခံဟာ ဘယ်သူလဲ ဆိုတာ ကျွန်မ ကိုယ်တိုင် စိတ်ကူးရလာ စေခဲ့ပါတယ် ။ လူသ,တ်မှုကို ဖြေရှင်းလိုက်တာနဲ့ တရားခံဟာ အလိုလို ပေါ်လာပါတယ် ။ သ,တ်ရခြင်း အကြောင်း ခိုင်လုံအောင် ကျွန်မ ဘက်က လိုအပ်တဲ့ အချက်အလက်တွေ ကိုတော့ ဖြည့်ဆည်းရတာပေါ့ ။

ဒါကလည်း သိပ်တော့ မခဲယဉ်းပါဘူး ။ ဘာကြောင့်လဲ ဆိုတော့ ဝတ္ထုထဲမှာ ပါတဲ့ ဇာတ်ကောင်များရဲ့ စရိုက်အရ ပေါ်လွင် နေလို့ပါပဲ ။ ဒါကြောင့် ကျွန်မ အနေနဲ့ နောက်ထပ် ဇာတ်ကွက် ဖြည့်ဖို့တောင် မလိုအပ်တော့ပါဘူး ” လို့ ဖြေခဲ့ပါတယ် ။

တချို့ဆရာများက ဇာတ်ကွက်ကို ကြိုတင်ပြင်ဆင် ရေးသားထားတဲ့ အတွက် ရှေ့ ဖြစ်မယ့် ဇာတ်ကွက်ကို စဉ်းစားစရာ မလိုတော့ဘဲ ဇာတ်လမ်း ထဲမှာ ဇာတ်ကောင်များ ပြောကြားတဲ့ စကားများ ကိုသာ ထိရောက်တဲ့ စကားလုံး များဖြစ်အောင် စဉ်းစားဖို့ပဲ လိုပါတော့တယ် ။ စာရေးသူက ဇာတ်လမ်း ထဲမှာ စီးဝင် မျောပါသွားပြီး ဇာတ်ကောင် တစ်ယောက်ချင်းရဲ့ စရိုက်ပေါ်မှာ တိကျတဲ့ ဇာတ်ကွက်တွေနဲ့ ရေးသွားမယ်ဆိုရင် ကိုယ့် ဝတ္ထုရဲ့ ရည်မှန်းချက်ကို တိကျစွာ ရောက်ရှိ သွားအောင် ရေးနိုင်မှာ ဖြစ်ပါတယ် ။ ဝတ္ထု တစ်ပုဒ် ရေးသားတယ် ဆိုတာက ဝတ္ထုထဲမှာ ဖြစ်ပျက်တဲ့ အဖြစ်အပျက်တွေကို ကိုယ်တိုင် ခံစားနိုင်ပြီး တချို့ အဖြစ်အပျက်များ မှာ ကိုယ်တိုင် မခံစားနိုင် ပေမယ့် စိတ်ကူးနဲ့ ခံစားသွား နိုင်ပါတယ် ။

ဇာတ်ကွက် ကြိုတင် ရေးတဲ့ ဆရာများအနေ နဲ့ ဇာတ်အဖွင့်မှာ ကိုယ် ကြိုတင် ကြံစည်ထားတဲ့ ဇာတ်ကွက်ထဲကို ဝင်သွားအောင် ပရိသတ် စိတ်ဝင်စားမယ့် အဖွင့်မျိုး ဖြစ်ဖို့ လိုပါတယ် ။ တစ်ခါတစ်ရံမှာ ကိုယ် စိတ်ကူးထားတာက တစ်မျိုး ၊ အဖွင့်မှာ ရေးလိုက်တာက တစ်မျိုး ဖြစ်နေရင် စောစောက ကြိုတင် ကြံစည်ထားတဲ့ ဇာတ်ကွက်ထဲကို စိတ်တိုင်းကျ ဝင်လာတော့မှာ မဟုတ်ပါဘူး ။ ဒါကြောင့် ဇာတ်ကွက် ကြိုတင် ရေးသူများ အနေနဲ့ ကိုယ့် ရည်မှန်းချက်ကို ပေါက်မြောက်အောင် ရေးနိုင်ဖို့ သတိထား သင့်ပါတယ် ။

ဒါကြောင့် စာရေး ဝါသနာပါသူများ အနေနဲ့ ဝတ္ထု ရေးတော့မယ် ဆိုရင် ဇာတ်ကွက်ကို အရင် ရေးရမှာလား ၊ မရေးရဘူးလား ဆိုတာ သံသယ ပွားများ မနေပါနဲ့ ။ ကိုယ် ရေးတတ်သလိုရေးပါ ။ ရေးပါ များသွားရင် ဘယ်နည်းက ကိုယ့် အတွက် ပို အဆင်ပြေတယ်ဆိုတာ ကိုယ့်ဘာသာ နားလည်လာပါလိမ့်မယ် ။ အရေးကြီးတဲ့အချက် ကတော့ ကိုယ် ရထားတဲ့ စိတ်ကူးလမ်းကြောင်း ကနေ သွေဖည် မသွားအောင် ကိုယ့် ကလောင်ကို ထိန်းနိုင်ဖို့ပဲ ဖြစ်ပါတယ် ။ သွေဖည် သွားပြီဆိုတာ သိတာနဲ့ တစ်ပြိုင်နက် ပြန် ထိန်းနိုင်ရပါမယ် ။

ဒါကြောင့် ဝတ္ထုတစ်ပုဒ် အတွက် ဇာတ်အကျဉ်း ၊ သို့မဟုတ် ဇာတ်ကွက် ရေးသားခြင်းဟာ ရည်မှန်းချက်ကို ပေါက်မြောက်အောင် မရေးနိုင်သေးသူများ အတွက်တော့ အထိန်းအကွပ် ဖြစ်စေနိုင်ပါတယ် ။ ကြိုတင် မရေးချင်သူများ အတွက်ကတော့ စိတ် ပေါက်မြောက်ရာ အတိုင်း ရေးလိုက်တဲ့ စာမူဟာ ပထမ စာမူကြမ်းသာ ဖြစ်သင့်ပါတယ် ။ ကိုယ်တိုင် ပြန်စိစစ်ပြီး ဖြုတ် သင့်တာ ဖြုတ် ၊ ဖြည့် သင့်တာ ဖြည့် လုပ်လိုက်မှသာ ဝတ္ထုကောင်း တစ်ပုဒ် ဖြစ်လာပါလိမ့်မယ် ။

နှစ်ကြောင်းရေး တစ်ကြောင်းခြစ် စနစ်ကို ကျင့်သုံးနိုင်တဲ့ ဝါသနာရှင်များ ဖြစ်နိုင်ကြပါစေ ။

▢ ဝင်းငြိမ်း
📖ရွှေအမြုတေ မဂ္ဂဇင်း
     ၂၀၁၁ ခုနှစ် ၊ ဇွန်လ

No comments:

Post a Comment