Thursday, August 14, 2025

အသားမည်းမည်း အသည်းဖြူဖြူ


 

❝ အသားမည်းမည်း အသည်းဖြူဖြူ ❞

နံနက်ခင်း လမ်းလျှောက်ဖော် ကိုခင်ဇော်တို့ လင်မယား သူတို့ ကိုယ်ပိုင်ကားလေးနဲ့ ကျွန်တော့်အိမ်ကို ရောက်လာတယ် ။ မိန်းကလေး တစ်ယောက်နဲ့ မိတ်ဆက်ပေးချင်တာတဲ့ ။ မိန်းကလေးက နောက်ရက်မှာ နိုင်ငံခြားကို ခရီးသွားတော့မှာတဲ့ ။ ဒါနဲ့ ချက်ချင်းပဲ သူတို့ကားနဲ့ မိန်းကလေး လုပ်အားပေးနေရာ မန္တလေး နန်းတော်ရှေ့က ဖောင်တော်ဦးကျောင်းကို လိုက်သွားတယ် ။

ဖောင်တော်ဦးက ဘုန်းတော်ကြီးသင် ပရဟိတအထက်တန်းကျောင်းပါ ။ အင်မတန် ခေတ်မီတယ် ။ လုပ်အားပေးလူငယ်တွေလည်း အများကြီးရှိတယ် ။

ဖောင်တော်ဦးကျောင်းမှာ ကိုခင်ဇော်က မိတ်ဆက်ပေးချင်တဲ့ မိန်းကလေး မတင်မမထက် အဆင်သင့် ရှိနေတယ် ။

တင်မမထက်က နုပျိုတယ် ။ အသက် နှစ်ဆယ်ကျော်စပဲ ရှိသေးတယ် ။ လုပ်အားပေးဆရာမလေးမို့ အင်္ကျီအဖြူနဲ့ ကျောင်းစိမ်းထဘီကို ဝတ်ထားပါတယ် ။ အင်္ကျီက ဇာတွေနဲ့ နည်းနည်းတော့ ပုံဆန်းတယ် ။

မိန်းကလေးက အသားညိုညို ၊ မျက်ခုံးကောင်းကောင်း ၊ မျက်လုံးအိမ် ကျယ်ကျယ် ၊ အိန္ဒိယနွယ်ဖွား ရုပ်ရည်ရှိတယ် ။ သနပ်ခါးကို သိသိသာသာ ပါးကွက်ကျား ထားတော့ ညိုတဲ့သူ ၊ အသားက ပိုပြီး သိသာတယ် ။ အသားညိုပြီး အသားအရေက စိုပြည်ပါတယ် ။

ကျောင်းစာကြည့်တိုက်အပေါ်ထပ် ဝရန်တာမှာ ထိုင်ကြပြီး ကျွန်တော်တို့ စကားစမြည် ပြောဖြစ်ကြတယ် ။ သူ ဘာတွေ လုပ်နေသလဲ ဆိုတာကို အရင်မေးဖြစ် ပါတယ် ။

“ သမီးတို့က master trainer ( အဓိက လေ့ကျင့်သင်ကြားပြသပေးသူ ) အဖြစ် တာဝန်ယူရတယ် ။ ဘကကျောင်းတွေက ဆရာ ၊ ဆရာမတွေကို သင်တန်း ပေးတယ် ။ သင်ပြမယ့်ဆရာတွေကို သမီးတို့က သင်တန်း ပြန်ပေးတာ ”

ကျွန်တော်က သူကိုယ်တိုင် ဘယ်မှာ ပညာသင်ယူခဲ့သလဲ မေးတယ် ။

“ မူလတန်းကိုတော့ အမက ၃၃ မှာပဲ တက်တယ် ။ သမီးတို့ ငယ်ငယ်က အဆင်မပြေဘူး ။ အိမ်က အရမ်း ဆင်းရဲတယ် ။ အဆင်မပြေတော့ ကြုံတွေ့ရတဲ့ ပြဿနာတွေ ကတော့ အများကြီးပဲ ”

“ အိမ်က အဆင်မပြေဘူး ဆိုတော့ မိဘတွေက ဘာလုပ်ငန်း လုပ်ကြတာလဲ ”

“ နွားမွေးတာ ။ အိမ်က ဆင်းရဲတော့ လေးတန်းအောင်တဲ့ အချိန်မှာ သမီးက ဖောင်တော်ဦး ဘကကျောင်းမှာ ဆက်တက်ရတယ် ။ သူငယ်ချင်းတွေ ကတော့ အထက်တန်းကျောင်း ဆက်တက်ကြတာပေါ့ ။ အထက်တန်းကျောင်း တက်ရင် ပိုက်ဆံ အရမ်းကုန်မှာ ။ မတတ်နိုင်လို့ ဖောင်တော်ဦးပဲ လာတက်တာ ”

တင်မမထက်က သူ့ အတိတ်ဇာတ်ကြောင်းကို ပြန်ပြောပြရာမှာ ဆင်းရဲတာ စိတ်အားငယ်စရာ ဆိုတဲ့ ပုံစံမျိုး မဟုတ်ဘူး ။ ကိုယ် ရတဲ့ ဘဝ အခြေအနေ တစ်ခုကို ဖြတ်သန်းခဲ့တာ သာမန် ပြန်ပြောပြတဲ့ ပုံစံပဲ ။

“ ခုနစ်တန်းနှစ် နွေရာသီ ကျောင်းပိတ်တော့ သမီး အင်္ဂလိပ်စာသင်တန်း တက်တယ် ။ သမီးက အင်္ဂလိပ်စာ စိတ်ဝင်စားတယ် ။ စက်ချုပ်သင်တန်းလည်း တက်လိုက်သေးတယ် ။ သမီးက စက်ချုပ်လည်း စိတ်ဝင်စားတယ် ”

ကျွန်တော်က သူ ဝတ်ထားတဲ့ အင်္ကျီ ပုံဆန်းတာကို တစ်ချက် ဝေ့ကြည့်မိတယ် ။

“ သမီးက စာတော်တော့ ရှစ်တန်းကျရင် အထူးတန်းတက်ဖို့ ရွေးထားတယ်လို့ ဆရာမတွေက ပြောတယ် ။ အရမ်းကို ပျော်သွားတာ ။ ဒါပေမဲ့ ရှစ်တန်းကို နွေရာသီ ကတည်းက စတက်ရမှာတဲ့ ။ သမီးက စက်ချုပ်သင်တန်းလည်း ဆက်တက်ချင်နေတယ် ။ ဗျာများတာပေါ့ ”

သူက ရယ်တယ် ။

“ မေမေကတော့ ကိုယ့်ဘဝ အတွက် ဘယ်ဟာ အရေးကြီးသလဲ ၊ အရေးကြီးတာကို အရင် ဦးစားပေးပါတဲ့ ။ ဒါနဲ့ အင်္ဂလိပ်စာတန်းပဲ တက်တယ် ။ ရှစ်တန်းနှစ်မှာ သမီးတို့ကို ကျောင်းက အင်္ဂလိပ်လိုပဲ စာသင်တယ် ။ Fast Track Class လို့ခေါ်တယ် ”

သူပြောတဲ့ အင်္ဂလိပ်စကား အသံထွက်က တော်တော် ပီပြင်တာကို သတိထားလိုက်မိတယ် ။

ကျွန်တော်က သူ အင်္ဂလိပ်စကားပြော ဘယ်လို လေ့ကျင့်ခဲ့သလဲ မေးပါတယ် ။

“ တစ်ခါတလေ မန္တလေးတောင်ပေါ်သွားပြီး လာလည်တဲ့ နိုင်ငံခြားသားတွေကို စကားလိုက်ပြောတယ် ။ ကျောင်းကို လာလေ့လာတဲ့ နိုင်ငံခြားသားတွေကိုလည်း လိုက်ပြပေးတာတို့ လုပ်တယ် ”

“ ဆယ်တန်း ဘယ်နှစ်က အောင်သလဲ ”

“ ၂ဝဝ၅ - ၂ဝဝ၆ ခုနှစ်က အောင်တာ ။ အမှတ်က ကွန်ပျူတာတက္ကသိုလ်လည်း တက်ဖို့ မီတယ် ။ ဒါပေမဲ့ ကွန်ပျူတာ တက္ကသိုလ် တက်ရင် ပိုက်ဆံက သိပ်ကုန်မှာ ။ ဒါနဲ့ ( ဖောင်တော်ဦး ကျောင်းက ) ဘုန်းကြီးကို လျှောက်တော့ ဘယ်လို လုပ်ချင်တာလဲတဲ့ ။ စာသင်တာ ဝါသနာ မပါဘူးလား မေးတယ် ။ ဝါသနာ ပါပါတယ် ဆိုတော့ ဒီကျောင်းမှာပဲ စာပြန်သင်ရင်း အဝေးသင်နဲ့ English တက်ပါလား ၊ ဒီကျောင်းမှာလည်း ကွန်ပျူတာတွေ ရှိတာပဲ ၊ တစ်ဖက်က လေ့လာနိုင်တယ်တဲ့ ”

ပရဟိတ ဆောင်ရွက်နေတဲ့ သာသနာပြုပုဂ္ဂိုလ်တွေရဲ့ ကျေးဇူးကြောင့် ငွေကြေး ချို့တဲ့ပေမယ့် ပညာသင်ယူနိုင်တဲ့ လူငယ်တွေ ဘဝ အဆင့်မြင့်လာတာကို ကျွန်တော်က တွေးနေမိတယ် ။

“ သမီး စကောလားရှစ် ဖြေတာရလို့ ရန်ကုန် အမေရိကန်စင်တာကို သွားပြီး အင်္ဂလိပ်စာ သင်တန်းတွေ တက်ခွင့်ရတယ် ။ လယ်ဗယ်ဖိုး တက်တယ် ။ ဗြိတိသျှကောင်စီမှာ လုပ်တဲ့ လူမှုဖွံ့ဖြိုးရေး လုပ်ငန်းသင်တန်းကို စကောလားရှစ် ထပ်ရလို့ သင်တန်းနှစ်ခုကို ပြိုင်တူတက်တယ် ”

ဘယ်နှခုနှစ်လဲ မေးတော့ ၂၀၀၈ ခုလို့ တင်မမထက်က ပြောတယ် ။ ၂၀၀၉ ခုကျတော့ သမီး ထိုင်းနိုင်ငံကို သွားရတယ် ။ အလုပ်သင်ပုံစံမျိုး ၊ intern - ship သွားတာ ၊ ကန်ချနဘူရီ က မူဘမ်းဒက် ဆိုတဲ့ကျောင်း ။

အဓိပ္ပာယ်ကတော့ ကလေးတွေရဲ့အိမ် Children Village School တဲ့ ။ စွန့်ပစ်ခံရတဲ့ ကလေး ၊ မိဘမဲ့ ကလေးတွေကို သင်ပေးတဲ့ကျောင်းပေါ့ ။

တင်မမထက်က ထိုင်းနိုင်ငံမှာ နေထိုင်ရပုံတွေကို ပြန်ပြောပြတယ် ။

“ အဲဒီကပြီးတော့ လတ်ဒရားအစိုးရကျောင်းကို သွားပြီး အင်္ဂလိပ်စာ သင်ပေးရတယ် ။ ထိုင်းက ပြန်လာတော့ ဖောင်တော်ဦးကျောင်းက ဆရာမခန့်တယ် ။ ဘကကျောင်းတွေကို လိုက်ပြီး ကလေးဗဟိုပြု သင်ကြားနည်းတွေ ဆင့်ပွား သင်ပြပေးရတယ် ”

ကိုခင်ဇော်က တင်မမထက် အမေရိကန်ပြည်ထောင်စုကို သွားခဲ့တဲ့အကြောင်း မေးတယ် ။

“ ၂၀၁၀ ခုမှ သွားတာ ။ Student Leader for Global Environment Study အစီအစဉ်နဲ့ သွားတာ ။ ဟာဝိုင်အီမှာ လေးပတ် ၊ ဝါရှင်တန်ဒီစီမှာ တစ်ပတ် ကြာတယ် ။ ပျက်စီးနေတဲ့ သဘာဝ ပတ်ဝန်းကျင်ကို ဘယ်လိုပြုပြင်ထိန်းသိမ်းကြမှာလဲဆိုတာ လေ့လာရတာ ၊ နိုင်ငံလေးနိုင်ငံက ပါကြတယ် ။ ဖိလစ်ပိုင် ၊ ထိုင်း ၊ မလေးရှား ၊ မြန်မာပေါ့ ”

တင်မမထက်က ငယ်ရွယ်ပေမယ့် သူ့ကိုယ်သူ ယုံကြည်မှု အပြည့်အဝ ရှိတဲ့ပုံ ပေါ်နေတယ် ။

“ ကလေးတွေဟာ စာရေးစာဖတ်တတ်ရုံနဲ့ မလုံလောက်ဘူး ။ ဝေဖန်ပိုင်းခြား စဉ်းစားတတ်ဖို့ လိုတယ် ။ သူတို့ဟာ စာတွေ ရေးနေ ဖတ်နေရင်းကော ဝေဖန်ပိုင်းခြားလို့ မရနိုင်ဘူးလား ။ ဒါကို အလေ့အထ ဖြစ်အောင် ဘယ်လို လေ့ကျင့်နိုင်တယ် ဆိုတာ ၂ဝ၁၁ ခုနှစ် ချင်းမိုင်မှာ တီအိုတီ ( Training of Trainer ) သင်တန်းတက်တယ် ”

ကျွန်တော်က သူလုပ်နေတဲ့ အလုပ်တွေကို မေးတယ် ။

“ အဲဒီက ပြန်လာတော့ တောင်ကြီး အေးသာယာမြို့သစ်ဘက်က ဘက ကျောင်းတွေကိုသွားပြီး ကလေးတွေ ဝေဖန်ပိုင်းခြားမှု အလေ့အထပါ ရအောင် ဘယ်လို သင်ပြမှာလဲ ဆိုတာ သွားပြီး မျှဝေပေးတယ် ”

“ နောက်ထပ် နိုင်ငံခြား သွားမှာက .. ”

“ သြစတြေးလျ ၊ လူငယ်ခေါင်းဆောင်သင်တန်းပါ ။ ကက်သိုလစ် ခရစ်ယာန်ကျောင်းတွေမှာ စာသင်တဲ့ အတွေ့အကြုံတွေကို လေ့လာရမှာ ။ ခုနစ်ပတ် ကြာမယ် ။ ဒီအတွေ့အကြုံတွေကို ယူပြီး မြန်မာနိုင်ငံက ဘကကျောင်းတွေမှာ ဘာတွေ ပြန်ပြီး အသုံးချနိုင်သလဲ ဆိုတာ စာတမ်းပြုစုရမှာပါ ”

မတင်မမထက် နိုင်ငံရပ်ခြားကို သွားရောက် လေ့လာခဲ့တာတွေ ၊ သူ လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေကို စိတ်ထက်သန်စွာ ပြန်ပြောပြနေတာ နားထောင်ရင်း သမီးငယ်ငယ်က သိပ်ဆင်းရဲတယ် ။ အိမ်က နွားမွေးတယ် ဆိုတဲ့ အကြောင်းကို ကျွန်တော် ပြန် သတိရနေတယ် ။ ဒါကြောင့် အဲဒီ အကြောင်းအရာတွေကို ပြန်ကောက်ပြီး မေးပါတယ် ။

“ အဖေက နို့စားနွားမတွေ မွေးတာ ၊ နွားနို့ရောင်းတယ် ”

“ ကိုယ်တိုင်ကော နွားနို့တွေ ဘာတွေ ဝင်ညှစ်ရသေးလား ”

သူက လှိုက်လှိုက်လှဲလှဲ ရယ်တယ် ။

“ မလုပ်ရပါဘူး ။ သမီးငယ်ငယ်က အမေကလည်း စာဖတ်ဝါသနာ ပါတယ် ။ သမီးကို စာအုပ်ဖတ်ဖို့ အားပေးတယ် ။ အချစ်အကြောင်းတွေတော့ မဖတ်ရဘူး ။ သမီးကတော့ တစ်အုပ် နှစ်အုပ် ခိုးဖတ်ဖူးတယ် ”

သူက ရယ်ပြီး ပြောတယ် ။

ကျွန်တော်က သူ့ကို လူသားဆန်တယ် ဆိုပြီး မှတ်ချက်ချလိုက်မိ ပါတယ် ။ သူက သူ့ငယ်ဘဝကို ဆက်ပြောပါတယ် ။

“ သမီးငယ်ငယ်က အိမ်က မုန့်ဖိုး မပေးနိုင်ဘူး ။ အသားကလည်း မည်းတော့ သူငယ်ချင်းတွေ ကြားမှာ မျက်နှာငယ်ရတယ် ။ အသားမည်းမည်း ကု,လားမလို့ ပြောကြတာ ။ ပြီးတော့ သမီးက လက်ကျိုးထားလို့ ညာဘက်လက်က မသန်ဘူး ”

ကျွန်တော်က သူ့ ညာလက်ကို မသိမသာ ဝေ့ကြည့်မိတယ် ။

“ သမီးမွေးတုန်းက အရမ်းဝတယ် ။ ၁၂ ပေါင်တောင် ရှိတယ် ။ သူနာပြု ဆရာမက အမေ့ဗိုက်ကို စမ်းကြည့်ပြီး အမြွှာပူး နေမှာလို့ ပြောတယ် ”

သူက ပြောရင်း ပြုံးတယ် ။

“ မွေးတော့ အိမ်မှာ မွေးတာ ၊ ခေါင်းထွက်ပြီး ပခုံးတွေက မထွက်ဘူး ။ မေမေကလည်း မောနေပြီ ။ နှာခေါင်းသွေးတွေ လျှံနေပြီ ။ ဒါနဲ့ သားဖွားဆရာမက ညာဘက်လက်ကို ဆွဲထုတ် လိုက်တော့ နာသွားတာ ။ ဒါ မေမေ မသိဘူး ။ လက်က ဘယ်ဘက်လက်ပဲ လှုပ်တာ ။ ကလေးအထူးကုကို သွားပြတော့ ကလေးက အရမ်းငယ်သေးတယ် ။ လေ့ကျင့်ခန်းပဲ လုပ်ပေးပါတဲ့ ။ ခုထိတော့ မြှောက်လို့မရဘူး ”

“ ခက်ခက်ခဲခဲ မွေးထုတ်ရတာပေါ့ ”

“ ဟုတ်တယ် ”

ကျွန်တော်က သူ ငယ်စဉ်က လက်မသန်တာ ၊ အသားမည်းတာ ၊ ဆင်းရဲတာတွေကို ဘဝစွမ်းအင် အဖြစ် သူ ဘယ်လို ရယူခဲ့သလဲ မေးတယ် ။

“ သမီး လုပ်နိုင်တာ လုပ်မယ် ဆိုပြီး စာဖတ်တယ် ၊ အင်္ဂလိပ်စကား ပြောတယ် ။ အင်္ဂလိပ်စာ ဖတ်တယ် ၊ ဖောင်တော်ဦးကျောင်းကို နိုင်ငံခြားသား ဆရာတွေ လာတော့ အင်္ဂလိပ်စကားကို ကြိုးစားပြီး ပြောတယ် ။ ရှစ်တန်းနှစ် Fast Track Class မှာ နှစ်စ ကျောင်းဖွင့်တော့ သမီးက ဘိတ်ဆုံး ၊ ကြိုးစားတော့ နှစ်ကုန်မှာ သမီးက ထိပ်ဆုံး ရောက်တယ် ။ သမီး ငယ်ငယ် ကတည်းက ရခဲ့တဲ့ စိတ်ဒဏ်ရာ ကတော့ ခုထိရှိတုန်းပဲ ”

“ ဘာဒဏ်ရာလဲ ”

“ ကလေးတွေကို စာသင်တဲ့အခါ ထည့်ပြောတယ် ။ လူတစ်ယောက်ကို အသားအရောင် ၊ ရုပ်ရည် ၊ အားနည်းချက်တွေနဲ့ ခွဲခြားမဆက်ဆံပါနဲ့လို့ ၊ အဲဒီလို ပြောပြတိုင်း ရင်ထဲမှာ အရမ်းဆို့တယ် ။ မေမေကတော့ ဒါကတော့ အရင်ဘဝက ဝဋ်ကြွေး နေမှာပေါ့လို့ ဖြေခိုင်းတယ် ”

“ ခုကော အသား မဖြူချင်ဘူးလား ”

တင်မမထက် ဟက်ဟက်ပက်ပက် ရယ်မောတယ် ။

“ မဖြူချင်ပါဘူး ။ အကောင်းဘက်က တွေးပါတယ် ။ ကု,လားမလေး တွေဆိုရင် မျက်လုံးလေးတွေ ဘယ်လောက် လှသလဲ ”

သူ ရယ်မောပြန်တယ် ။

သူ့ဘဝ အလှည့်အပြောင်း ဘယ်လို ဖြစ်ခဲ့တာလဲလို့ ကျွန်တော်က မေးခွန်းထုတ်တယ် ။

“ ဖောင်တော်ဦး ဘုန်းဘုန်းရဲ့ ကျေးဇူးပဲ ။ ဆရာတော်ကသာ အားမပေးရင် ၊ လမ်းညွှန် မပြခဲ့ရင် သမီး ဒီဘဝ ဒီအခြေအနေကို ရောက်မှာ မဟုတ်ဘူး ။ ပရဟိတလုပ်နေတဲ့ သူတွေက သိပ်အရေးကြီးပါတယ် ။ ဒါကြောင့် ဘုန်းဘုန်းကြီးကို ကျေးဇူးတင်တယ် ”

သူ ဘာဆက် လုပ်ချင်လဲလို့ မေးတော့ ရယ်တယ် ။

“ ပညာသင်ကြားရေး စနစ်ကို ပြုပြင် ပြောင်းလဲချင်တယ် ။ ဖတ်စာစာအုပ်ကို ကိုင် သင်တာထက် ဖတ်စာစာအုပ်ကို ကိုးကားပြီး သင်တာမျိုး ပိုဖြစ်ချင်တယ် ။ ကလေးတွေ နှလုံးသားထဲ ရောက်တဲ့ အထိ စာသင်ပြပေးတဲ့ ဆရာမ ဖြစ်ချင်တယ် ။ ကလေးတွေကို စာတတ်ထက် ပညာသိအောင် သင်နိုင်ချင်တယ် ။ ကလေးတွေကို ပြင်ပက အသိအမြင်တွေ စာသင်ခန်းထဲ ယူလာအောင် ၊ စာသင်ခန်းထဲက အသိအမြင်တွေ ပြင်ပဘဝမှာ အသုံးချတတ်အောင် သင်ပြပေးမယ် ။ ဒီလို သင်ပြပေးနိုင်တဲ့ ဆရာ ၊ ဆရာမတွေ ဖြစ်လာအောင်လည်း အချင်းချင်း ဆွေးနွေးချင်ပါတယ် ”

⎕ ကျော်ရင်မြင့်
📖အတွေ့အကြုံစုံစုံ ဘဝဇာတ်ခုံ

No comments:

Post a Comment