Wednesday, August 6, 2025

သူ ကျွန်မသိသော


 

❝ သူ ကျွန်မသိသော ❞
        ( မြူမြူ )

ကျွန်မ နှစ်သက်လွန်းလို့ ခဏခဏ ပြန်ဖတ်မိတဲ့ ဘာသာပြန် ဝတ္ထုတိုလေး တစ်ပုဒ်ရှိရဲ့ ။ ပထမတော့ ဖတ်တဲ့ အခေါက်ရေကို ကျွန်မ မှတ်မထားမိလိုက်ပါဘူး ။ ဒါပေမဲ့ နောက်နှစ်ခေါက် ၊ သုံးခေါက် ပြန်ဖတ်မိလိုက်တဲ့အခါ အခေါက်ရေကို ကျွန်မ စမှတ်ထားလိုက်တော့တယ် ။ ဝတ္ထုတိုလေး ပေါ်မှာ ကျွန်မ စွဲလမ်းမှု အတိမ်အနက်ကို သိချင်လို့ပါပဲ ။ အခေါက် ၂ဝ ဖတ်ပြီးတဲ့ နောက်မှာ ကျွန်မ ဝတ္ထုတိုလေးကို ဖတ်ပြီးတာ ဘယ် နှစ်ခေါက်ရှိပြီလဲ ဆိုတာကို မမှတ်မိတော့ပြန်ဘူး ။ ဘာလို့လဲ ဆိုတော့ ကျွန်မက အားရင် ဒီဝတ္ထုတိုလေးကို ကောက်ကောက် ဖတ်မိနေလို့ပါပဲ ။ တခြား စာအုပ်တွေ ၊ မဂ္ဂဇင်းတွေ ဖတ်ပြီးလည်း နောက်ဆုံးပိတ် အနေနဲ့ ဒီဝတ္ထုလေးကို ဖတ်တတ်တယ် ။ နောက်ဆုံး ဒီဝတ္ထုတိုလေးကို ကျွန်မ ဖတ်ပြီးသွားတာ အကြိမ် တစ်ရာမြောက်လား ၊ အကြိမ် တစ်ထောင်မြောက်လားတောင် သဲသဲကွဲကွဲ စဉ်းစားလို့ မရတော့ပြန်ဘူး ။ ဆိုလိုတာက ကျွန်မ ဒီဝတ္ထုလေးပေါ် ဘယ်လောက် စွဲလမ်းတယ်ဆိုတာကို ပြောချင်တာပါ ။

တကယ်တော့ ဒီဝတ္ထုလေးဟာ သာမန် ဝတ္ထုတို လေးပါပဲ ။ ဘဝသရုပ်ဖော်လည်း မဟုတ်ဘူး ။ ဘဝဒဿနဆိုင်ရာ ဝတ္ထုမျိုးတွေ ထဲမှာလည်း မပါဘူး ။ နောက်ပြီး နိုင်ငံရေးနဲ့ နွယ်တဲ့ ဝတ္ထုမျိုးလည်း မဟုတ်ပြန်ဘူး ။ ရိုးရှင်းတဲ့ အချစ်ဝတ္ထုလေး တစ်ပုဒ် ။ သိပ်ကို ရိုးရှင်းတဲ့ အချစ်ဝတ္ထုလေး တစ်ပုဒ်ပါပဲလေ ။

ဒါပေမဲ့ စာရေးဆရာ ရေးထားတာကို ဖတ်လိုက်ရတဲ့အခါမှာ အဲဒီ အချစ်ဟာ ကျွန်မ အဖို့ သိပ်ကို ကြည်နူးသွားတယ် ။ သိပ်ကို လွမ်းမောသွားတယ် ။ သိပ်ကို ရင်ခုန်သွားတယ် ။ ဝတ္ထု ပြီးသွားတော့ ပင့်သက် ရှည်ရှည်ကြီးကို အကြာကြီး ချမိသွားတယ် ။ အတွေးတွေလည်း ရှည်နေမိတယ် ။

အင်း ... အင်း ... ထားပါတော့ ။ အခု ကျွန်မ ပြောမယ့် အကြောင်းအရာလေးက ဒီလို အချစ်ဝတ္ထုမျိုး တော့ မဟုတ်ပါဘူး ။ ဒါပေမဲ့ အကြောင်းအရာပေါ်မှာ ခံစားပုံချင်း တူလိမ့်မယ် ထင်တယ် ။ ကာယကံရှင်အတွက် သိပ်ကို အရေးပါ ၊ သိပ်ကို ကြီးကျယ်နေတဲ့ ခံစားမှုမျိုးက ဆင်လိမ့်မယ်ထင်ပါရဲ့ ။ ကျွန်မ ပြောပြမယ့် ဝတ္ထုလေးကို ဖတ်ပြီးမှပဲ ရှင်းလင်းသွားလိမ့်မယ်ထင်ပါရဲ့ ။

ဟိုး တမြန်နေ့ကပေါ့ ။ တစ်နှစ်တစ်ခါ ပုံမှန် စစ်ဆေးနေကျ ဆေးစစ်ချက် အဖြေကို ဓာတ်ခွဲခန်းမှာ သွားယူတယ် ။ ဆရာဝန်ကို ပြလိုက်တော့ မျက်မှောင် ကျုံ့သွားတယ် ။ မကြာမီမှာပဲ ကျွန်မ ခန္ဓာကိုယ်ထဲမှာ အကျိတ်အဖု တစ်ခု ရှိနေတယ်ဆိုတာကို ဘွားဘွားကြီး သိလိုက်ရတော့တာပါပဲ ။

ဆေးခန်းက ပြန်လာတဲ့ ကျွန်မ ခြေထောက်တွေဟာ ထုထည်ကြီးမားတဲ့ သံတုံးကြီး ဆွဲထားသလို လေးလံနေတယ် ။ ကျွန်မ ခန္ဓာကိုယ်ဟာ အလိုလို မောပန်းလာနေပြီး ရုတ်ခြည်း အားကုန်ခန်းနေတယ် ။ ဆေးခန်းနှင့် ခပ်လှမ်းလှမ်း ရောက်လာလို့သာ ကျွန်မ ခြေလှမ်း လှမ်းနေတယ်ဆိုတာ သိပေမယ့် ကျွန်မရဲ့ ခန္ဓာကိုယ်ဟာ နောက်က တိုက်လိုက်တဲ့ လေတိုက်နှုန်း အရှိန်ကြောင့် ရှေ့ကို လွင့်ထွက်လာတယ်လို့ပဲ ထင်နေတယ် ။

အလာတုန်းက ကျွန်မ သွားရာ လမ်းတစ်လျှောက် သိပ်ကို လှပနေတယ်လို့ ခံစားကြည်နူးခဲ့တာ ၊ မိုးရေစက်တွေ တင်နေတဲ့ သစ်ပင် ၊ သစ်ရွက်တွေဟာ အစိမ်းရောင် ပိုတောက်တဲ့ မိုးသားကင်းစင်သွားတဲ့ ကောင်းကင်ကျယ်က ပြာလွင်လို့ ၊ အညစ်အကြေးတွေကို ဆေးကြော ချထားလို့ အိမ်တွေကလည်း သန့်ရှင်းစင်ကြယ်လို့ ။

အခုတော့ သစ်ပင်တွေက စိမ်းပုပ်ပုပ်ကြီးတွေ ၊ ပင်စည်နှင့် ကိုင်းဖျားကိုင်းနားတွေကလည်း မီးလောင်ထားတဲ့ သစ်ကိုင်းခြောက်ကြီးတွေ ကျနေတာပဲ ။ သစ်ရွက်တွေပေါ် တင်နေတဲ့ မိုးရေစက်တွေဟာ စိန်ပွင့် တွေကနေ တစ်မုဟုတ်ချင်းကိုပဲ အဆိပ်ရည်တွေ ဖြစ် သွားတယ် ။

ရေညှိစိမ်း တက်နေတဲ့ အုတ်ခင်းလမ်းရှည် မျောမျောပေါ်မှာ လျှောက်လာတဲ့ ကျွန်မဟာ စပါးအုံးမြွေကြီးတစ်ကောင်ရဲ့ အာခံတွင်းဝ ထဲကို လျှောက်နေတယ်လို့ ထင်နေမိတယ် ။ ကျွန်မ မြင်နေကျအရာ တွေဟာ အရင် ကျွန်မ မြင်တွေ့ နေရတဲ့ ပုံစံတွေနဲ့ မတူဘဲ လုံးဝ ခြားနားကုန်တယ် ။ ဆေးသုတ်သမားတစ်ယောက် ဟာ ချက်ချင်းပဲ ကျွန်မရှေ့မှာ အမည်းရောင်သုတ်ဆေးကြီးကို သုတ်ချ လိုက်သလို အားလုံးဟာ မှောင်ပိန်းပိန်းကြီး ဖြစ်သွားတယ် ။

နောက်တစ်ရက်မှာ ကျွန်မဟာ အထူးကု ဆရာဝန်ကြီး တစ်ယောက်ရဲ့ ဆေးခန်းဝမှာ နာရီ တော်တော်ကြာ ရပ်စောင့်နေတယ် ။ ကျွန်မ ရောဂါနဲ့ ပတ်သက်ပြီး တိုင်ပင် ဆွေးနွေးဖို့ အဲဒီ ဆရာဝန်ကြီး ထံက အကြံဉာဏ် ရယူဖို့ ၊ နောက်ပြီး ကျွန်မ ဘာဆက်လုပ်သင့် ၊ မသင့် ဆုံးဖြတ်နိုင်ဖို့ ၊ အဲဒီ အထူးကုကြီးရဲ့ ဆေးခန်းရှေ့မှာ ကျွန်မ ရောက်နေတယ် ။

ကျွန်မ ရှေ့ကနေ တစ်ယောက်ပြီး တစ်ယောက် ဝင်သွားတယ် ။ တစ်ယောက်ပြီး တစ်ယောက် ထွက်လာတယ် ။ သူတို့ မျက်နှာတွေကို သေချာစွာ လိုက်ကြည့်တယ် ။ ခက်တာက အားလုံးဟာ ဝင်သွားတုန်းကလိုပဲ ပြန်ထွက်လာတော့လည်း သူတို့မျက်နှာတွေဟာ ပြောင်းလဲ မသွားကြဘူး ။ ကျွန်မ ဆိုလိုချင်တာက အနည်းငယ် တုန်လှုပ် နေတာပဲဖြစ်ဖြစ် ၊ ပြုံးယောင်သန်းလိုက် တာမျိုးဖြစ်ဖြစ် သူတို့မျက်နှာပေါ်မှာ ပေါ်လာမလားလို့ ကျွန်မ လိုက်ကြည့်နေမိတာ ။ ဟင့်အင်း ... ဘာမှ မပြောင်း လဲဘူး ။

အဲဒီအချိန်မှာ အပြာဝတ်လေးက ကျွန်မနာမည်ကို ခေါ်လိုက်တယ် ။ ကျွန်မ စိတ်တွေ လှုပ်ရှားစွာနှင့် ဆင်နားရွက် တံခါးတစ်ဖက်ကို အသာတွန်းပြီး ဝင်သွားတယ် ။ ဝင်လိုက်တာနဲ့ အထူးကုကြီးရဲ့ စားပွဲရှေ့ကို ရောက်တော့တာပါပဲ ။ အခန်းက ကျဉ်းကျဉ်းလေးရယ် ။ ဆရာဝန်ကြီး ရှေ့မှာ လူနာထိုင်ဖို့ ခုံတစ်လုံး ချထားတယ် ။ လူနာရဲ့အဖော်က ဘေးက မတ်တတ်ရပ် ။ ကျွန်မ ခုံမှာတောင် ဝင်မထိုင်ရသေးဘူး ။ ကဲ ... ပြော ၊ ဘာလုပ်ချင် တာလဲဆိုပြီး တန်း မေးတော့တာပါပဲ ။ ကျွန်မလည်း အံ့သြလွန်းလို့ နေရာမှာတင် ကြက်သေသေနေမိတယ် ။

အခု ကျွန်မမှာ ဖြစ်နေတဲ့ ရောဂါကိုတောင် စကားဟဟ မပြောရသေးဘူး ။ ဘာလုပ်ချင်လဲ တန်းမေးလိုက်တော့ ကျွန်မ လန့်သွားတာပေါ့ ။ ကျွန်မက ကုလားထိုင်မှာ ဝင် ထိုင်လိုက်ပြီး အထူးကုဆရာဝန်ကြီးကို ကျန်းမာရေး စစ်ချက်တွေ လက်နှစ်ဖက်နှင့် တရိုတသေ လှမ်းပေးလိုက်တယ် ။ သူက ကျွန်မ လက်ထဲက စာရွက်တွေကို တစ်ချက် ကြည့်ရုံပဲ ကြည့်တယ် ။ လှမ်း တောင် မယူပါဘူး ။ ကျွန်မလည်း စာရွက်တွေ ကိုင်ပြီး ကြောင်နေတုန်း ၊ အပြာဝတ်ကလေးက ကျွန်မ လက်ထဲက စာရွက်ကို ယူလိုက်ပြီး ဆရာကြီး လက်ထဲကို ထည့်ပေး မှပဲ ဆရာကြီးက ယူပြီး ဖတ်ကြည့်တော့တယ် ။ ကျွန်မ လက်ထဲက နေယူရင် ရွှေဖြစ်သွားမှာ စိုးရိမ်လို့နေမှာ ပဲလို့ ခပ်ကြောင်ကြောင် ကျွန်မ တွေးမိလိုက်သေးတယ် ။

ဆရာကြီးက လူနာ လုပ်ချင်တာကို သူက လုပ်ပေးမှာ ဖြစ်ကြောင်း ၊ လူနာက ဘာလုပ်ချင်မှန်း မသိဘဲ သူ့ ဆီရောက်လာတာကို သူ့ အနေဖြင့် ဘာမှမလုပ်တတ် ကြောင်း ကျွန်မကို ပြောပါရော ။ အကျိတ်အဖု ဆိုတာ ဆေးသောက်လို့ ပျောက်ကင်းမှဖြင့် သူ့အနေနှင့် အချိန်ကုန်ခံပြီး ဒီစားပွဲမှာ လာထိုင်မှာ မဟုတ်ကြောင်း ၊ သူ့မှာ လည်း သူသူငါငါလို ကိစ္စဝိစ္စတွေ ရှိကြောင်း လက်ဟန် ခြေဟန်နှင့် အော်ကျယ်အော်ကျယ် ပြောချပါလေရော ။

ကျွန်မ ဆိုတာ ချက်ချင်းပဲ လိပ်ပြာလေး တစ်ကောင် ဖြစ်သွားပြီး ဒီနေရာကနေ ပျံသန်းချင်စိတ် ပေါ်လာတယ် ။ နောက်ပြီး သူ့ဆီလာတဲ့ လူနာတွေ အကြောင်းကိုလည်း ကျွန်မကို ပြောနေသေးလေရဲ့ ။ လူနာတွေဟာ ခွဲဖို့လိုရင် ခွဲပါဆရာလို့ ပြောသေးတယ်တဲ့ ။ နောက်ပြီး သူတို့ ခွဲစိတ်ခံရမှာကို မကြောက်ကြကြောင်းလည်း ပြောသေးပြန်တယ် ။ ကျွန်မကိုလည်း ခွဲစိတ်ခံရမှာ ကြောက် ၊ မကြောက် မှန်မှန် ပြောလို့လည်း နှစ်ခေါက် လောက် မေးပြန်သေးတယ် ။ နောက်ပြီး ကျွန်မ ကြည့်ရတာ သိပ်ကြောက်နေပုံ ပေါက်တယ်လို့လည်း ပြောသေးတယ် ။ နောက်ပြီး သူ့လေသံ ကလည်း ဒေါကြီးမောကြီးနှင့် ။ ကျွန်မ ကြောက်လာပြီရယ် ။

မှန်ပါတယ် ။ သူအပြောနှင့်တင် ကျွန်မ အတော် ကြောက်လန့် နေမိပါပြီ ။ တော်တော်လည်း စိတ်ကုန်နေ မိပါပြီ ။ ကျွန်မရဲ့ သေသေချာချာ မသိရသေးတဲ့ ရောဂါကြောင့်လည်း ကျွန်မ အတော်စိတ်ဓာတ် ကျနေပါပြီ ။ နောက်ဆုံးမှာတော့ ဆရာဝန်ကြီး ရှေ့ကနေ ခပ်ယို့ယို့လေး ထပြီး ဆေးခန်းထဲကနေ ပြန်လာခဲ့တယ် ။ ကျွန်မရဲ့ ကျန်းမာရေး ကိစ္စကို တစ်လုံးတစ်ပါဒမျှ မပြောလိုက်တဲ့ အထူးကုကြီးရဲ့ရှေ့ကနေ ကျွန်မ ခေါင်းငုံ့ပြီး လှည့်ပြန်ခဲ့တယ် ။

အဲဒီတုန်းကများဆို ကျွန်မ လျှောက်နေတဲ့ ပေတရာလမ်းမကြီးဟာ ကျွန်မ ခေါင်းပေါ်မှာ ရောက်နေတယ်လို့ ထင်နေရတယ် ။ လူတွေကိုလည်း ပြောင်းပြန် မြင်နေရတယ် ။ သူတို့ဟာ ကျွန်မ ခေါင်းပေါ်ကနေ ဇောက်ထိုးမိုးမျှော် လျှောက်ပြီး ရယ်ရယ်မောမောနှင့် ဖြတ်သွားကြတယ် ။ ကားတန်းကြီးကလည်း ကျောင်း လွှတ်ချိန်နှင့် တိုက်နေတာမို့ တအိအိနှင့် ပက်ကျိသွား သလို ကျွန်မ ခေါင်းပေါ်က ဖြတ်မောင်းသွားကြတယ် ။ ကျွန်မဆို ဦးနှောက်တွေ ပွင့်ထွက်ကုန်ပြီး စိစိညက်ညက် ကြေသွားပြီလားလို့ ထင်မှတ်ပြီး ကိုယ့် ခေါင်းကိုယ်ကို ရစ်ပတ်ပြီး ဝင်မွှေသွားသလို ကျွန်မ ခန္ဓာကိုယ်ဟာ ချာလပတ် ယမ်းနေခဲ့တယ် ။

အဲဒီနေ့က တက္ကစီကား ငှားစီးပြီး အိမ်ကို ပြန်လာခဲ့လား ။ ဒါမှမဟုတ် လူတွေ တိုးကျပ်ညပ်သိပ်နေတဲ့ ဘတ်စ်ကားကြီးထဲမှာပဲ မျောပါလာခဲ့လားဆိုတာ ခု ကျွန်မ ပြန်စဉ်းစား ကြည့်ရင် ဝေဝေဝါးဝါး ချည်းပဲ ။ စိတ်နှင့်ကိုယ် လမိုင်း မကပ်ခဲ့တာကို ကျွန်မ ပြောတာပါ ။

အိမ်လည်း ရောက်ရော အိပ်ရာပေါ်မှာ ကျွန်မ ခွေနေတော့တာပါပဲ ။ ကျွန်မ စိတ်ထဲမှာ နောက်သုံးလ ၊ ဒါမှမဟုတ် နောက်ခြောက်လ ၊ ဒါမှမဟုတ် နောက် တစ်နှစ်နေရင် ကျွန်မ သေရတော့မှာပါလားဆိုတဲ့ တကယ်လည်း ဖြစ်နိုင်တဲ့ ၊ တကယ်လည်း မဖြစ်သေးတဲ့ ကြောင်တောင်တောင် အတွေးတွေက ပေါ့ သံစဉ်လို ဆူညံ နေတယ် ။ ဟစ်ဟော့ သံစဉ်လို ပေါက်ကွဲနေတယ် ။ နောက်ပြီး ဝေဒနာကို မခံချိမခံသာ ခံစားနေရတဲ့ ကျွန်မရဲ့ပုံကို မြင်ကြည့်ပြီး ကျွန်မကို တစ္ဆေလာလာ ခြောက်ပြနေလေရဲ့ ။

ဒါပေမဲ့ ကျွန်မရဲ့ မျက်ဝန်းထဲမှာ မြင်နေရတဲ့ ရုပ်ပုံကို ကျွန်မပုံ လို့သာ ပြောနေရတယ် ။ ကျွန်မရဲ့ ပုံလည်း မဟုတ်ဘူး ။ ကျွန်မနှင့် သိတဲ့ လူတွေရဲ့ပုံလား ။ ဒါလည်း မဟုတ်ပြန်ဘူး ။ ကျွန်မနှင့် မသိတဲ့ လူတွေရဲ့ ပုံလား ။ မဟုတ်ပြန်ဘူး ။ ကျွန်မ မျက်စိထဲမှာ ကျွန်မရဲ့ ပုံသဏ္ဌာန်ကို ပြတ်ပြတ်ထင်ထင် မြင်ရအောင် မြင်ကြည့်တယ် ။ သေသေချာချာ မြင်ကြည့်လေလေ ကျွန်မ သူရဲ့ ပုံပန်းသဏ္ဌာန်က ဝေဝါးလာလေလေ ။ ဒါပေမဲ့ အဲဒီ ရုပ်လုံး မပေါ်တဲ့ ကျွန်မရဲ့ ပုံက နာရီ ၊ မိနစ် ၊ စက္ကန့် မလပ် ကျွန်မကို လာခြောက်ပြနေလေရဲ့ ။

အဲဒီတော့မှ ကျွန်မ မသေချင်သေးပါလား ။ လောကကြီးမှာ နေချင်သေးပါလား ဆိုတာ ထင်ထင်ရှားရှား သိလာရတော့တယ် ။

တဟားဟား အော်ရယ်လိုက်တဲ့ အသံကို ကြားလိုက်မိရင် ၊ ဗလစ်ဗလစ်နှင့် ပြောနေတဲ့ စကားသံကို ကြားလိုက်မိရင် အချိန်နှင့်တွက်ပြီး တက်သုတ်ရိုက် ပိုက်ဆံ ရှာနေတဲ့ သူတွေကို တွေ့ လိုက်ရင် ၊ သူတို့တွေရဲ့ အသံ ၊ သူတို့တွေရဲ့ ခန္ဓာကိုယ် နောက်ကို လိုက်ပါသွားပြီး တော်တော် ကံကောင်းကြပါလားလို့ တွေးမိတယ် ။ သူတို့ ကျန်းမာလို့သာ ဒီလို ရယ်နိုင် ၊ ပြောနိုင် ၊ ရှာဖွေနိုင်တာပါလားလို့ တွေးမိပြီး သူတို့ကို အားကျနေမိတယ် ။

ဒီတော့မှ ကျန်းမာရေး ချွတ်ခြုံနေသူရဲ့ အားကျခြင်းဟာ ကျန်းမာခြင်းပဲ ဆိုတာ ကျွန်မ သဘောပေါက်မိတော့တယ် ။

••••• ••••• •••••

နောက်တစ်နေ့လည်းကျရော ကျွန်မဟာ အထူးကု နောက်တစ်ယောက်ရဲ့ အခန်းရှေ့က ခုံတစ်ခုံပေါ်မှာ ရောက်နေတယ် ။ အထူးကုဆရာဝန်ရဲ့ နာမည်ကို မြင်လိုက်တာနှင့် ကျွန်မစိတ်တွေ လှုပ်ရှားနေတယ် ။ တမြန်နေ့ အထူးကု အခန်းဝရှေ့မှာ ရပ်ပြီး စိတ်လှုပ်ရှားနေပုံချင်းနဲ့ မတူပြန်ဘူး ဆိုတာ ကျွန်မ သိနေတယ် ။

သစ်သားပြားပေါ်က နာမည်သုံးလုံးကို ကျွန်မ အဖန်ဖန် အလဲလဲ ရွတ်နေမိတယ် ။ သူ့ရဲ့ စိတ်သဘောထားကတော့ ဟိုးလွန်ခဲ့တဲ့ နှစ်သုံးဆယ်ကျော်ကအတိုင်းပဲလားလို့ အကြိမ်ပေါင်း များစွာ တွေးမိနေတယ် ။

ကျွန်မရဲ့ ကျန်းမာရေး အပေါ်မှာဖြစ်နေတဲ့ အီမိုးရှင်း ၊ နောက် နာရီဝက်အတွင်းမှာ သူ့ကို မြင်ရတော့မယ့် ကျွန်မရဲ့ အီမိုးရှင်း ။ အဲဒီ အီမိုးရှင်းတွေဟာ ကျွန်မ သွေးထဲမှာ ဒီရေ တက်လာသလို တဝေါဝေါနှင့် ဖြစ်နေတယ် ။ အီမိုးရှင်းလှိုင်းတွေဟာ ဝေါဝေါဝုန်းဝုန်းနှင့် ။ ကျွန်မ ခန္ဓာကိုယ်ထဲမှာ ဗြောင်းဆန်အောင် ရိုက်ခတ်နေတဲ့ လှိုင်းသံကြီးကို ကျွန်မ အတိုင်းသား ကြားနေရတယ် ။

နောက်နာရီဝက် အကြာမှာ ကျွန်မ ခုံရှေ့က ဖြတ်လျှောက် သွားတဲ့ သူ့ကို မြင်လိုက်ရတော့တာပါပဲ ။ အခု ရှိမယ့် သူ့ ပုံပန်းကို လွန်ခဲ့တဲ့ နှစ်သုံးဆယ်ကျော်က ပုံပန်းနှင့်မှန်းပြီး ပြီးခဲ့တဲ့ နာရီဝက်က ကျွန်မ စိတ်ကူးထဲမှာ ရေးဆွဲထားပြီးသား ။ အဲဒီအတိုင်းပဲ ။ ဘာမှ မပြောင်းလဲဘူး ။ မျက်နှာကြက်မှာ မြှုပ်ထားတဲ့ မီးချောင်း အောက်က သူ ဖြတ်သွားတော့ ၊ သူ့ပါးပြင်ပေါ်က အမည်းစက်လေးတွေကို ကျွန်မ သတိထားလိုက်မိတယ် ။ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးဆယ်တုန်းကလည်း သူ့ပါးပြင်ပေါ်မှ အမည်းစက်ကလေးတွေ ရှိတာပဲ ။ ဒါပေမဲ့ အခု ပိုများလာသလားလို့ ကျွန်မ တွေးမိ လိုက်တယ် ။ သမားတော် ဆိုတဲ့ ဂုဏ်ဒြပ် အဆင့်အတန်း ပေါ်မှာ သူ့ စိတ်သဘောထားတွေ ပြောင်းကုန်ပြီလား  ။ ကျွန်မ သိချင်လိုက်တာလေ ။

တစ်အောင့်ကြာတော့ ကျွန်မဟာ သူ့ ညာဘက်မှာ ချထားတဲ့ ကုလားထိုင်ပေါ် ရောက်နေတယ် ။ ပထမတော့ လူနာတစ်ယောက်ကို ကြည့်လိုက်တဲ့ အကြည့်နှင့် ကျွန်မကို တစ်ချက် ကြည့်တယ် ။ ကြည့်ပြီးတဲ့နောက် ကျွန်မကို စူးစူးစိုက်စိုက် ပြန်ကြည့်တယ် ။ နောက်တော့ သာမန်ပဲ ကြည့်တယ် ။

သူ ကျွန်မကို လုံးဝ မမှတ်မိဘူးလို့ ထင်လိုက်တယ် ။ နောက် သူ မမှတ်ချင်ယောင် ဆောင်နေတယ်လို့ ထင်လိုက်ပြန်ရော ။ လိပ်ခဲတည်းလည်းတွေ ဖြစ်နေတယ် ။ ကျွန်မရဲ့ အဖြေတွေကလည်း သူ ကျွန်မကို မှတ်မိတယ် ။ ဟင့်အင်း ၊ မမှတ်မိချင်ယောင် ဆောင် နေတာ ။ မဟုတ်ဘူး ။ သူ ကျွန်မကို တကယ် မသိဘူး ။ တစ်လှည့်စီနှင့် တွေးရစ်လို့ ။

အနားကပ်ပြီး မြင်ရတဲ့ သူ့မျက်နှာပေါ်မှာ ကျွန်မကို အထက်တန်းကျောင်းသားဘဝတုန်းက မြင်ရတဲ့ ပုံရိပ်တွေကသာ ဓာတ်ပုံရိုက်နေသလို တဖျပ်ဖျပ် ပေါ်လာတယ် ။ လွယ်အိတ်ကြီး တကားကားနှင့် ခြေလှမ်း ကျဲကျဲ ငိုက်ငိုက်စိုက်စိုက် သွားတတ်တဲ့ သူ့ပုံရိပ် ၊ စာအုပ်ကို လွတ်ထွက် သွားမတတ် ငုံ့ဖတ်နေတဲ့ သူ့ ပုံရိပ် ၊ ပြုံးလိုက်တဲ့ သူ့ပုံရိပ် ၊ လေးနက်တည်ကြည်နေတဲ့ သူ့ပုံရိပ် ၊ အို .. ပုံရိပ်ပေါင်း များစွာက ဖျတ်ခနဲ ဖျတ်ခနဲ ။

သူဟာ ကျောင်းစာတွေကို ဖတ်နေရရင် ဖြစ်ဖြစ် ၊ သူနှစ်သက်တဲ့ စာအုပ်စာပေတွေကို ဖတ်နေရင် ဖြစ်ဖြစ် ၊ သူ့ heart beat က တအား ခုန်နေတယ် ဆိုတာကို ကျွန်မ ပကတိ စိတ်က အလိုလို သိနေတတ်တယ် ။ သူ့မျက်နှာ ပေါ်က အာရုံစူးစိုက်မှု ၊ စိတ်အားထက်သန်မှုနှင့် စိတ်ကြည်လင်အေးချမ်းမှုတွေကို ကျွန်မ မြင်ရလို့ပါပဲ ။ ကျွန်မကတော့ ကျောင်းစာများ ဖတ်ရရင် heart beat က တအား နှေးနှေးသွားလို့ ကိုယ့်ကိုယ်ကိုယ် သေသွားပြီလားလို့ ထင်ယောင်ပြီး အသက်ပြင်းပြင်း ခဏခဏ ပြန်ရှူနေရတဲ့ အဖြစ် ။

သူ့ရဲ့ ကောင်းသတင်းတွေက တစ်ဆင့်စကား တစ်ဆင့်နားနှင့် ကျွန်မဆီ ရောက်လာတတ်တယ် ။ ကျွန်မဟာ သူ့ကို စိတ်ထဲမှာ ရင်းရင်းနှီးနှီး အကျွမ်းတဝင်တွေ ဖြစ်နေတယ် ။

သူငယ်ချင်းတွေ ကြားက ရှည်ရှည်ကိုင်းကိုင်း သူ့အရပ်က ကျွန်မ စက်ကွင်းထဲမှာ ထင်းခနဲပဲ ။ သူ့ကို မြင်လိုက်ရင် ကျွန်မရဲ့ ကျောင်းသားစိတ်ဟာ နိုးကြားလာတတ်တယ် ။ အနည်းဆုံးတော့ စာကျက် မပျင်းရဘူးတို့ ၊ ဘာတို့ပေါ့ ။ ကျွန်မတို့ မြီးကောင်ပေါက် အရွယ်မှာ တွေ့ ရတတ်တဲ့ လောင်တတ် ၊ ပြောင်တတ်တဲ့ လူငယ်အကျင့်တွေက သူ့မှာ အားနည်းနေတာကို ကျွန်မ သတိထားမိတယ် ။

သူက တည်တယ် ။ ဒါပေမဲ့ မျက်နှာကြော တင်းတာလည်း မဟုတ်ဘူး ။ သူ ပြုံးလိုက်ရင် နှစ်လို ဖွယ်ကောင်းတယ် ။ တစ်မျိုးပဲလေ ။ ဒါပေမဲ့ သူက ရုပ်အဆင်း လှတဲ့သူတွေ ထဲမှာ မပါဘူး ။ မျက်နှာမှာ ယင်ချေးဥတွေတောင် ရှိလိုက်သေး ။ ဟင့်အင်း သူ ရုပ်မဆိုးပါဘူး ။ ကျွန်မ သိပ်မပြောတတ်တော့ဘူးရယ် ။

အဲဒီတုန်းက “ နှလုံးလှ ဆရာဝန် ” ထဲက ဒေါက်တာ နော်မန်ဗက်သွန်း တို့ “ သူ ” ဝတ္ထုကြီးထဲက ဆရာဝန် ကိုမြင့်မောင် တို့ကို ကျွန်မက ကျိတ်အားကျ နေခဲ့တာလေ ။ ၁၅ ၊ ၁၆ နှစ်အရွယ်ရဲ့ စိတ်ကူးယဉ် အိပ်မက်တွေ ထဲမှာ အဲဒီ ဇာတ်ကောင်တွေရဲ့ စရိုက်တွေက အတော် လွှမ်းမိုးနေခဲ့တယ် ။

တစ်ခါတစ်ခါ လူတွေ ကြားထဲမှာ ကွင်းခနဲ ၊ ကွက်ခနဲ မြင်လိုက်ရတဲ့ အခါ ကျွန်မ စိတ်အတွင်းက သူ့နာမည်ကို ကျိတ်ရွတ်နေရင်း သူ့လို တော်အောင် ၊ နာမည်ကောင်းရှိနေအောင် ဘယ်လို ကိုယ့်ကို ထိန်း ကျောင်းပြုပြင်နေရမလဲဆိုတာကို အတွေးနှင့် စူးစမ်းနေမိတယ် ။

ဒါပေမဲ့ ကျွန်မနဲ့ သူက တစ်ရပ်ကွက်တည်း နေပေမယ့် လုံးဝ မသိခဲ့တဲ့ သူနှစ်ယောက် ။ မျက်နှာချင်း ရင်ဆိုင် တိုးခဲ့ရင်တောင် အကြိမ်ကို မှတ်ထားနိုင်တဲ့ အနေအထားမှာ ရှိတယ် ။ ကျွန်မနဲ့ သူက ကျောင်းချင်းလည်း မတူသလို ၊ ကျူရှင်ချိန်တွေလည်း တခြားစီ ။ အဝေးကနေ သူ့ကို ရိပ်ခနဲ မြင်လိုက်ရတာမျိုး ။ သူများ ဦးခေါင်းထက် ထိုးထွင်းနေတဲ့ သူ့ ဦးခေါင်းထိပ်ပိုင်းကို တစ်စိတ်တစ်ပိုင်း မြင်လိုက်ရတာမျိုး ။ ဒါလောက်ပဲရှိမယ် ထင်တယ် ။

တစ်ခါမှာတော့ လမ်းလျှောက်ရင်း စာရှင်းပြသွားတဲ့ သူ့အသံကို ကျွန်မ ကံကောင်းထောက်မစွာ ကြားလိုက်ရတယ် ။ သူ့အသံက တိုးတိုးညင်းညင်းလေး ရယ် ။ ဒါပေမဲ့ ကျွန်မ နားက ပါးတော့ သူပြောပြနေတာတွေကို ဖမ်းမိတယ် ။ ဖားပြုတ်ရဲ့ အစာလမ်းကြောင်းကို လမ်းသွားရင်း သူ ရှင်းပြသွားတာရယ် ။ သူ့အသံက နူးညံ့တယ် ။ ဒါပေမဲ့ ခွန်အားရှိတယ် ။ ပျော့ပျောင်းတယ် ။ ဒါပေမဲ့ လေးနက်တယ် ။ သိမ်မွေ့တယ် ။ ဒါပေမဲ့ တည်ကြည်တယ် ။

“ ဘာလုပ်လဲ ”

ရုတ်တရက် ကြားလိုက်တဲ့ အသံကြောင့် ကျွန်မ ခန္ဓာကိုယ် ဆတ်ခနဲ ဖြစ်သွားတယ် ။ သူ မေးလိုက်တဲ့အသံက တိုးတိုးဖွဖွရယ် ။ ညင်ညင်သာသာလေးရယ် ။ သူ့ အသံ တောင့်မနေဘူး ။ ဆောင့်မနေဘူး ။ ကျွန်မ ကိုယ်တိုင် လှမ်းပေးလိုက်တဲ့ ဓာတ်ခွဲခန်း စစ်ချက်တွေကို ဖတ်ကြည့်ပြီး ကျွန်မရဲ့ ဆေးမှတ်တမ်းစာအုပ်ကို စဖွင့်လိုက်ချိန်မှာ သူ့ထံက စကားသံ ပေါ်ထွက်လာတယ် ။ သူ ကျွန်မကို မှတ်မိနေသလား ။ သူ ခေါင်းကို ငုံ့ထားတဲ့ အတွက် သူ့ မျက်ဝန်းကို ကျွန်မ ဂဃနဏ ဖတ်လို့မရပြန်ဘူး ။ သူမေးလိုက်တဲ့ မေးခွန်းပေါ်မှာပဲ သူ ကျွန်မကို မှတ်မိတယ် ဆိုတာ သေချာစေပြန်တယ် ။ ဒါပေမဲ့ ရောဂါဇာစ်မြစ်ကို ရှာဖို့လိုအပ်လို့ သူမေးတာလည်း ဖြစ်နိုင်တယ် ဆိုတဲ့ အတွေးလည်း ဝင်လာရော သူ ကျွန်မကို လုံးဝ မမှတ်မိပါလားလို့ ထင်လိုက်ပြန် ရော ။

သူက ကျွန်မကို မေးခွန်း နှစ်ခု ၊ သုံးခုလောက်လည်း မေးပြီးရော သူ့ထံက လုံးဝ မျှော်လင့်မထားတဲ့ စကားတစ်ခွန်း ထွက်လာတယ် ။ ကျွန်မ လုံးဝမျှော်လင့် မထားခဲ့တဲ့ စကားပါ ။

“ စာရေးဆရာတွေက ဆရာဝန်တွေ မကောင်းချည်းပဲ ရေးနေကြတယ် ။ ကောင်းတာလေးတွေလည်း ရေးပေးပါဦး ”

စာရွက်ပေါ် ငေးစိုက်ကြည့်ရင်း သူ့နှုတ်ခမ်းက ထွက်လာတဲ့ အသံဟာ နူးညံ့ပျော့ပျောင်းနေတယ် ။ မေတ္တာရပ်ခံသံရယ် ၊ အံ့သြမှင်တက်ရင်း သူ့အသံ အောက်မှာ ကျွန်မ နှုတ်ဆိတ် ပြုံးနေမိတယ် ။ တစ်ဆက် တည်း တမြန်နေ့က ကျွန်မ တွေ့ လိုက်ရတဲ့ အထူးကုကြီး ကိုလည်း ကျွန်မ မြင်ယောင် မိနေလေရဲ့ ။ နောက်ပြီး ကလောင်တစ်ချောင်းကိုင်ထားပြီး ကိုယ်နှင့် စိတ်မတွေ့တိုင်း ရေးနေကြမယ်ဆိုရင်တော့ ဒါဟာ အတော်စိတ်မကောင်းစရာပဲလို့လည်း ကျွန်မ ဆက်တွေးနေမိသေးတယ် ။

နောက်ပြီး ကျွန်မ ဖတ်ဖူးတဲ့ “ အဖြူရောင် သစ္စာပန်း တစ်ပွင့် ” ဘာသာပြန် ဝတ္ထုကြီးထဲက ဒေါက်တာခရစ်ရဲ့ စကားတွေကိုလည်း ပြန်ကြားယောင်နေမိလေရဲ့ ။ ဆရာဝန်တွေဟာ ခြောက်လှန့်တတ်သူတွေ မဟုတ်ဘူး ။ ခြောက်လှန့်တတ်သူတွေဟာလည်း ဆရာဝန် မဖြစ်နိုင်ဘူး ဆိုတဲ့ စကားက ကျွန်မနားထဲ ပဲ့တင်ရိုက်နေတယ် ။

နောက်ပြီး ဆေးပညာကို နားမလည်တဲ့ လူတွေက ဘယ်လောက်ပဲ အသိဉာဏ်ရှိတယ် ပြောပြော ၊ ဘယ် လောက်ပဲ ရှင်းပြရှင်းပြ နောက်ဆုံးကျတော့ တလွဲတချော်ကို အဓိပ္ပာယ် ကောက်ယူတတ်တယ် ဆိုတဲ့ ဒေါက်တာခရစ်ရဲ့ သဘောထားကိုလည်း ကျွန်မ တွေးနေမိလေရဲ့ ။ ဆရာဝန်နဲ့ လူနာကြားက အဖုအထစ် ကလေးတွေကို ကျွန်မနည်းနှင့် ကျွန်မ ရှာကြည့်တယ် ။ ဆန်းစစ်ကြည့်တယ် ။ မြင်ကြည့်တယ် ။

ထားပါတော့လေ ။ ကျွန်မ ပြောမယ့် ဇာတ်လမ်းကို ဆက်လိုက်ပါဦးမယ် ။

“ စိတ်တိုတတ်လား ”

တိုးတိုးဖွဖွ သူ့မေးခွန်း အောက်မှာ ကျွန်မ ဒေါက်တာနော်မန်ကို သတိရသွားတယ် ။ ဆရာဝန် ကိုမြင့်မောင် ကို တမ်းတမိတယ် ။ တစ်ချိန်တုန်းက ကျွန်မ ရဲ့ ideal တွေကို ကျွန်မ သတိရလိုက်တယ် ။ တစ်ချိန်က သူ့ ရဲ့ အနေအထိုင်တွေ ၊ သူရဲ့ ပြောပုံဆိုပုံတွေ ၊ သူရဲ့ ပြုမူပုံတွေက ကျွန်မရဲ့ မျက်လုံးတွေကို သူ့ဆီ တွန်းပို့စေခဲ့တယ် ။ မြင်လိုက်တာနှင့် သူ့ကို စောင့်ကြည့်စေခဲ့တယ် ။

“ သာမန်ထက် ပိုစိတ်တိုတတ်လား ”

ကျွန်မထံမှ ဘာတစ်ခွန်းမှ ထွက်မလာတော့ သူက လေသံ အနည်းငယ်မြှင့်ပြီး မေးလိုက်တယ် ။ အဲဒီတော့မှ ကျွန်မဟာ သမားတော် တစ်ယောက်ရဲ့ရှေ့မှာ ထိုင်နေမှန်း သတိပြန်ဝင်လာတော့တယ် ။

ကျွန်မရဲ့ ပင်ကိုရေး ဝတ္ထုရှည် A4 နှင့် ၁၇ မျက်နှာ ရေးထားတဲ့ ဝတ္ထုတစ်ပုဒ်ကို မဂ္ဂဇင်း တစ်စောင်က ဝတ္ထုတိုအနေဖြင့် ထည့်ပြီး စာမူခငွေ အရွက်ကြီး အစိမ်းသုံးရွက် ပေးခဲ့တုန်းကတောင် ကျွန်မ စိတ်မတိုခဲ့တာ ။ စာဖတ်ပရိသတ်တွေက ရှည်ရင် သိပ်မဖတ် ကြဘူးတဲ့ ။ အတိုခေတ်တဲ့ ။ ကျွန်မကို ပြောလိုက်တဲ့ စာပေလောကသားတစ်ယောက်ရဲ့ စကားကို ပြန်ကြားယောင်တိုင်း ကျွန်မမှာ ရှည်သွားတဲ့ စာရွက်တွေကို ဆုတ်ဆုတ်ဖြဲ နေရပေမယ့် ကျွန်မ စိတ်မတိုပေါင် ။

နောက်ပြီး ဧည့်ခံပွဲ တစ်ခုမှာ အခုခေတ် ရေးကြတဲ့ ဝတ္ထုတွေက တိုတိုလေးတွေတဲ့ ။ နှစ်မျက်နှာ အထက်ဆို ဝတ္ထုတစ်ပုဒ် ပြီးသွားရောတဲ့ ။ ဇာတ်လမ်းတွေကလည်း ထပ်နေပါပြီတဲ့လို့ ကျွန်မကို ပြောလိုက်တဲ့ အင်တာဗျူးဆရာမလေးရဲ့ စကားကို ကြားတုန်းကလည်း ကျွန်မ စိတ်မတိုခဲ့ဘူးလေး ။

အဲဒီတော့ ကျွန်မ ခေါင်းခါယမ်းရင်း “ ဟင့်အင်း ” လို့ သူ့ကို အဖြေပေးလိုက်တယ် ။ သူက တစ်ချက် ရယ်လိုက်ရင်း “ ဒေါသကြီးသလား ” လို့ မေးပြန်တယ် ။

တချို့ တိုက်တွေကဆို ကျွန်မရဲ့ အရေးအသားတွေဟာ ရိုးလွန်းတယ် ဆိုပြီးပယ် ။ ဆန်းပြားထွေလာ မဟုတ်လို့ပယ် ။ အကြောင်းအရာ ပါးတယ်ဆိုပြီး ပယ် ။ နေ့စဉ် ပြောနေကျ သမားရိုးကျ အသုံးအနှုန်းတွေ ဆိုပြီး ပယ်ပယ် ... ပယ် ။ အဲဒီလိုမျိုး ကြုံခဲ့ရတာတောင် ကျွန်မ ဒေါသမထွက်ဘူးလေ ။

“ ဟင့်အင်း ” လို့ ကျွန်မ ဖြေလိုက်တယ် ။

“ အလိုလိုနေရင်း မောနေတတ်လား ”

ကျွန်မဆို မဂ္ဂဇင်းတိုက်တွေကို တစ်တိုက်ဝင် ၊ တစ်တိုက်ထွက်နှင့် ကျွန်မ စာမူတွေ မပါမချင်း သွားပို့နေကျလေ ။ ခြေလှမ်းပေါင်း ထောင်ချီ ၊ သောင်းချီ လျှောက် ၊ လှေကားထစ်ပေါင်း ထောင်ချီ ၊ သောင်းချီ အတက်အဆင်း လုပ်နေတာတောင် ကျွန်မ မမောဘူး ။ ကျွန်မတို့လို အတောင်အလက် ထွက်ပြူလာခါစ စာရေးသူတွေအဖို့ တစ်နှစ်လုံးမှာ ဝတ္ထုပုဒ်ရေ သုံးလေး ငါးပုဒ် ပါလာရင်ပဲ ဝမ်းသာစရာ ကောင်းလှတယ်ဆိုတဲ့ စကား ကြားတုန်းကတောင် ကျွန်မ မမောသွားဘူး ဆိုတော့ အလိုလိုနေရင်း မမောတာ သေချာပြီပေါ့ ။

အဲဒီတော့ ကျွန်မ မချိပြုံးနှင့် “ ဟင့်အင်း ” လို့ ပြောလိုက်တယ် ။ သူက ကျွန်မရဲ့ ဆေးမှတ်တမ်း စာအုပ်ထဲက အင်္ဂလိပ်လို အတိုကောက်ရေးထားတဲ့ စာလုံးတွေရဲ့ ဘေးနားမှာ အနုတ်လက္ခဏာတွေ ရေးခြစ်လိုက်တယ် ။

“ အင်း ... ထူးတော့ ထူးဆန်းနေပြီ ” လို့ သူပြောတယ် ။ သူ့ အသံက ရယ်သံစွက်နေတယ် ။

အဲဒီအချိန်မှာ ကျွန်မဟာ “ အောင်စာဖတ်ခန်း ” လေးကို ချက်ချင်း သတိရလိုက်တယ် ။ အဲဒီတုန်းက ကျွန်မတို့ ရပ်ကွက် ထဲက ဦးလေးအောင် ဟာ သူအိမ်ရဲ့ ကားဂိုဒေါင်ဟောင်းလေးထဲမှာ စာဖတ်ခန်းလေး တစ်ခု လုပ်ပေးထားတယ် ။ သူက လူငယ်တွေ စာလာဖတ်ရင် သိပ်ကျေနပ်တာ ။ ပြုံးနေတာပဲ ။ စာအုပ်ငှားပြီး ပြန်လာ မပေးရင်လည်း ပြုံးပြုံးပဲ ။ စာအုပ် ငှားသွားတယ် ဆိုကတည်းက စာဖတ်ချင်လို့ပဲတဲ့ ။ အဲဒီလို စာဖတ်ချင်တာလေး ရှိတာကိုပဲ စာဖတ်ခန်းလေး ဖွင့်ရကျိုး နပ်တယ်တဲ့ ။ ဦးလေးအောင် အဲဒီလို ပြောတတ်တယ် ။ စာဖတ်ခန်းထဲက စာအုပ်တွေကို ဦးလေးအောင်နှင့် အတူ မျက်စိဖွင့်ပေး ကုသိုလ်ပြုနေတာက သူ ဆိုတာကို ကျွန်မ သိလိုက်ရတော့ အတော်အံ့အားသင့်သွားတယ် ။ ၁၅ ၊ ၁၆ နှစ် ကောင်လေး တစ်ယောက်ရဲ့ ရင်ခုန်သံတွေကို အောင်စာဖတ်ခန်းထဲမှာ ကျွန်မ ကြားခဲ့ရတယ် ။

တစ်နေ့မှာပေါ့ ...

“ ရော့ … ဦးလေးအောင် ၊ စာအုပ်တွေ ကျွန်တော် ထပ်ဝယ်ခဲ့တယ် ။ အရင် စာအုပ်တွေက ကိုင်ဖန်များလို့ စာရွက်တွေ ပြုတ်ထွက်နေပြီ”

“ ဟား ... ဒါပါနဲ့ဆို ဒီဖတ်ခန်းလေး အတွက် ကိုရင် ဝယ်ပေးတာ ငါးအုပ်ရှိနေပြီ ။ မုန့်ဖိုးတွေ အတော်ပွန်းကုန်ပြီနဲ့ တူတယ် ”

စာအုပ်ရွေးနေတဲ့ ကျွန်မ ဘေးနားက ပေါ်ထွက်လာတဲ့ တိုးတိုးညင်းညင်းအသံကြောင့် ကျွန်မ ဖျတ်ခနဲလှည့်ကြည့်လိုက်တယ် ။ ဦးလေးအောင်ကို စာအုပ်လှမ်းပေးရင်း ကျွန်မကို တစ်ချက် လှမ်းကြည့်လိုက်တဲ့ သူဟာ ကျွန်မ လက်ထဲ ကိုင်ထားတဲ့ စာအုပ်နှစ်အုပ် အနက်မှ တစ်အုပ်အပေါ်မှာ အကြည့်တန့်သွားတယ် ။ နောက် အဲဒီစာအုပ်ကို လက်ညှိုးထိုးပြရင်း “ ဒီစာအုပ် တော်တော် ကောင်းတယ် ဖတ် ” လို့ ကျွန်မကို တိုတိုနဲ့ တိုးတိုးပြောတယ် ။ “ နှလုံးလှ ဆရာဝန်ကို ကျွန်မ နောက်တစ်ခေါက် ထပ်ဖတ်မလို့ ” ပြောလိုက်တော့ သူ ပြုံးပြီး ကျွန်မကို စိုက်ကြည့်နေတယ် ။ နှစ်လိုဖွယ် အပြုံးမျိုး ။ သူ့အကြည့်က တစ်မျိုးပဲ ။ အသိရခက်တဲ့ အကြည့်လို့ ကျွန်မ ထင်တယ် ။

အဲဒါ သူနှင့် ကျွန်မ ပထမဦးဆုံး စကားပြောဖူးလိုက်တာပဲ ။ ပြီးတော့ နောက်ဆုံး အကြိမ်လည်း ဖြစ်ခဲ့တယ် ။ ဦးလေးအောင်ရဲ့ စာဖတ်ခန်းလေးဟာ လူငယ်တွေ များလာတယ် ။ မကြာပါဘူး ။ အောင်စာဖတ်ခန်းလေး ပိတ်သွားရတယ် ။ အခု ပြန်တွေးကြည့် အဲဒီ စာဖတ်ခန်းလေးကို ကျွန်မ လွမ်းနေတုန်း ၊ အောင်စာဖတ်ခန်းမှာ မျက်နှာချင်းဆိုင် တစ်ကြိမ်တည်း သူနှင့် စကားပြောခဲ့ရတာလည်း ကျွန်မအဖို့ ထူးဆန်း နေတာပေါ့နော် ။

“ ဟုတ်တယ် ၊ ထူးဆန်းနေတယ် ”

ကျွန်မနှုတ်က လွှတ်ခနဲ ထွက်သွားတဲ့ စကားကြောင့် စတဲ့ သိုစကုပ်နှင့် ကျွန်မ နှလုံးခုန်သံကို နားထောင်တော့မယ့်သူဟာ မျက်မှောင် အနည်းငယ် တွန့်ပြီး ခါးမတ်သွားတယ် ။ နောက်တော့ တဖြည်းဖြည်း ပြုံးယောင်သန်းသွားတယ် ။ မဟုတ်ဘူး ။ သူ ပြုံးလိုက်တာပဲ ။ နှစ်လိုဖွယ် အပြုံးမျိုး ။ လွန်ခဲ့တဲ့ နှစ်သုံးဆယ်ကျော်က အောင်စာဖတ်ခန်းထဲမှာ ပြုံးတဲ့အပြုံးမျိုးနဲ့ ကျွန်မကို ငေးကြည့်နေတယ် ။

အဲဒီ အတောအတွင်းမှာ ကျွန်မဘာသာ သတိမထားမိလိုက်တဲ့ စကားတစ်ခွန်း လွှတ်ခနဲ ထွက်သွားတယ် ။

“ ဪ …. ဒေါက်တာနော်မန်ကို သတိရလိုက်လို့ပါ ” လို့ ကျွန်မက လေသံကို နှိမ့်ပြီး ပြောလိုက်တော့ သူ့ မျက်ခုံး အနည်းငယ် ပင့်သွားတယ် ။ နောက်တော့ သူ နှစ်နှစ်ကာကာကြီး ပြုံးနေတယ် ။ ကျွန်မ မှန်းဆရခက်တဲ့ အကြည့်နဲ့ ကျွန်မကို မိန့်မိန့်ကြီး ပြုံးပြီး ကြည့်နေလေရဲ့ ။

တစ်စက္ကန့်မျှ ကြာတော့ ကျွန်မ လုံးဝ မျှော်လင့်မထားတဲ့ စကားတစ်ခွန်း သူ့ထံက ထွက်ပေါ်လာတယ် ။ စကားတစ်လုံးချင်း အသံခပ်တိုးတိုးဖြင့် ပြောလိုက်တဲ့ အသံက လေးနက်နေတယ် ။ နူးညံ့နေတယ် ။

“ ဒေါက်တာနော်မန်က ကျွန်တော့်ရဲ့ ဆရာဝန် စိတ်ဓာတ်ကို အုတ်မြစ်ချ ပေးခဲ့တာပဲဗျာ ။ အောင်စာဖတ်ခန်း ထဲမှာပေါ့ ”

ကျွန်မလေ ကိုယ့်နား ကိုယ်ဟောင် ကိုယ်မယုံနိုင်ဘူး ။ သူ ကျွန်မကို မှတ်မိတယ် ဆိုတာ ကျိန်းသေသွားပြီလေ ။ သူလည်း တိတ်နေတယ် ။ အောင်စာဖတ်ခန်းထဲ လွင့်မျောသွားနေလား ။ ကျွန်မလည်း တိတ်နေတယ် ။ လေအေးစက်က ခပ်တိုးတိုး ထွက်ပေါ်နေတဲ့ တဒီဒီ အသံက ကျွန်မတို့ နှစ်ယောက်ရဲ့ တိတ်ဆိတ်မှု အောက်ကနေ ဟိန်းထွက်နေတယ် ။

ကျွန်မ ငယ်စဉ်က ideal က ပဲ့ထွက်မသွားပါလားလို့ ရင်ထဲမှာ ကြည်နူးပီတိ ဖြစ်မှုတွေ တဖွားဖွား ဖြစ်လာတယ် ။

တချို့က ဒါလေးပြရုံဖြင့် ကျွန်မရဲ့ ideal က မပီပြင်ဘူးလို့ အပြစ်ဆိုကောင်း ဆိုလိမ့်မယ် ။ ဒါပေမဲ့ သူနဲ့ ပြောရင်းဆိုရင်း သိလာရတဲ့ အချက်ကလေးတွေကို ဟိုတစ်စ ၊ သည်တစ်စ ကားချပ်ဆက်သလို ဆက်ကြည့်တော့ သူ့ ရုပ်လုံးက တဖြည်းဖြည်း ကြွလာတယ်လေ ။

ငွေကြေးအတွက် အထူးကု ဆေးခန်းမှာ ထိုင်နေပေမယ့် တစ်ဖက်ကလည်း ပရဟိတ လုပ်ငန်းတွေမှာ ငွေကြေးအားဖြင့်ရော ၊ ပညာအား ၊ လူအားဖြင့်ပါ ပါဝင်နေတဲ့ သူ့ ရဲ့လုပ်ဆောင်ချက် အစအပိုင်းလေးတွေကို ကျွန်မ ဆက်စပ်ကြည့်ပြီး မြင်ခဲ့ရတယ် ။

အဲဒီနေ့က အပြန်လမ်းမှာ ကျွန်မ ခြေထောက်တွေ ပေါ့ပါးသွက်လက်နေတယ် ။ ကျွန်မခန္ဓာကိုယ်ထဲမှာ ဖြစ်ပေါ်နေတဲ့ ရောဂါတစ်ဝက်ဟာ သူနှင့် တွေ့လိုက်လို့ ယူပစ်လိုက်သလို ပျောက်သွားတယ်လို့တောင် ထင်နေမိလေရဲ့ ။

ဝင်းလဲ့တောက်ပတဲ့ နေခြည်အောက်မှာ ငှက်ကလေးတွေ တွန်ကျူးနေတာမျိုး ၊ ပန်းပွင့်လေးတွေပေါ် ရောင်စုံလိပ်ပြာလေးတွေ မြူးနေတာမျိုး ၊ သစ်ရွက်ပေါ်က ရွက်ကြောမျှင်ကလေးတွေပေါ် နေရောင်အထိ လူးခနဲ ဖြစ်သွားတာမျိုးလိုပဲ သူနှင့် တွေ့လိုက်ရတဲ့ ကျွန်မ တစ်ကိုယ်လုံးလည်း ကြည်နူးပီတိတွေက ဖျန်းဖျန်း ထနေခဲ့တယ် ။

မိုးရေစက်တွေ တဗြန်းဗြန်း ရွာချနေတဲ့ ထီးအမိုးအောက်က လှမ်းနေတဲ့ ကျွန်မရဲ့ ခြေလှမ်းတွေထဲကို စိတ်ညစ်ညူးမှုတွေ ၊ လူမသိ သူမသိ ခိုဝင်လို့ မရအောင် အဲဒီနေ့က ကျွန်မရဲ့ အိမ်အပြန် ခြေလှမ်းတွေက ပေါ့ပါး ခိုင်မြဲနေခဲ့တယ် ။

ကျွန်မရဲ့ ကျန်းမာရေးနဲ့ အတူ ယှဉ်တွဲဖြစ်ပေါ် လာတဲ့ စိတ်ညစ်ညူး နောက်ကျိမှုတွေဟာ မိုးရေစက်တွေနဲ့ အတူ ကျွန်မ ခန္ဓာကိုယ်ထဲကနေ ဆင်းသွားနေလေရဲ့ ။

⎕ မြူမြူ
📖မြန်မာသစ်မဂ္ဂဇင်း
     ၂၀၁၀ ၊ ဇန်နဝါရီလ

No comments:

Post a Comment