Friday, August 8, 2025

ပန်းမျှော်သည့်မိုး


 

❝ ပန်းမျှော်သည့်မိုး ❞
       ( ကျူရီ )

နံနက်လင်း ကတည်းက အနောက်တောင်ဘက်မှ မင်ရည်စွန်းနေသည့် ဂွမ်းစိုင်တွေလို သားမည်းမည်းတွေက အလိပ်လိုက် တက်လာခဲ့သည် ။ လေပြင်းတစ်ချက်ကြောင့် ဝါးရုံလေးက ယိမ်းထိုးလှုပ်ခါသွားသည် ။ ဝါးပင်လေးတွေ ကြားထဲရှိ စာဘူးတောင်းသိုက်ကလေးတွေက ပရမ်းပတာ လှုပ်ခါပြီး သရက်ပင် ထက်ရှိ ခါချဉ်ထုပ်တို့ ပြုတ်ကျကုန်သည် ။ ပတ်ဝန်းကျင် တစ်ခွင်လုံး ညို့ညို့မှိုင်းမှိုင်းနှင့် လေထဲတွင် လတ်ဆတ်အေးမြသော မိုးနံ့တို့ ပါလာသဖြင့် မကြာခင် ဤနေရာတွင် မိုးရွာတော့မည်ကို အချက်ပြနေပြီ ။ မိုးရွာလျှင် ဝါးရုံပင်တွင် အသိုက်လုပ် နေကြသော ငှက်သိုက်တွေ ပျက်စီးသည့်အခါ ပျက်စီးသည် ။ သစ်ရွက်အိမ်လေးထဲမှ ခါချဉ် အချို့ကတော့ မိုးမရွာခင်ပင် မြေပေါ် ပြုတ်ကျကုန်ပြီ ။ မြေကြီးတွင် တွင်းတူး နေရသော ပုရွက်ဆိတ်လို တွင်းအောင်းသတ္တဝါတွေကတော့ တော်တော်များများ သေကျေပျက်စီးမည်ဆိုတာ မလွဲပေ ။ မိုးရွာ၍ သစ်ပင်ထက်မှ အသိုက်ပျက်ကာ ကျကွဲတတ်သော ငှက်ဥလေးတွေနှင့် မိုးရေစီးကြောင်းထဲတွင် ပုရွက်ဆိတ်ကလေးတွေ အမြောက်အမြား မျောပါသွားတာတွေကို မြင်ရတိုင်း စိတ်ထဲမှာ မိုးရွာမှာကိုပဲ စိုးရွံ့သလိုလို ၊ မိုးရွာတာကိုပဲ မုန်းနေသလိုလို ဖြစ်နေမိ၏ ။ မှတ်မှတ်ရရ ပြောရလျှင် အေးပိုတို့ သားအမိကို အသိုက်ပျက်ငှက်လို တကွဲတပြား ဖြစ်သွားစေသော မိုးကို ရွာမိသူဟု ကိုယ့်ကိုယ်ကို သတ်မှတ်ပြီး ကတည်းက ထိုသို့ ခံစားမိနေခြင်းဖြစ်မည် ။ ခုဆိုလျှင် အေးပိုတို့ သားအမိတွေ ခွဲသွားတာ ၅ နှစ်တောင် ရှိပြီ ။ ခွဲသွားပြီး ပထမနှစ် အတွင်းမှာတော့ အေးပို၏ မညီမညာသော လက်ရေးနှင့် သတ်ပုံ မမှန်သော စာတိုလေးတွေ လေးငါးလ တစ်ကြိမ် ရောက်လာတတ်သေးသည် ။ နောက်တော့ လိပ်စာအပြောင်းအရွှေ့ကြောင့် ထင်သည် ၊ ရောက်မလာတာ ၄ နှစ်နီးနီးပင် ရှိတော့မည် ။

ဒါပေမဲ့ စိတ်ထဲမှာ အမြဲလိုပင် “ မိနော်နဲ့ ချိုတူးမတို့ လည်း ကျန်းမာကြပါစေ ၊ အေးပိုလည်း အဆင်ပြေပါစေ ” ဟု သတိရတိုင်း ဆုတောင်း မေတ္တာ ပို့ပေးနေမိသည် ။

ခုလည်း နယ်ရှစ်ခွင် မြင်မြင်သမျှ တိမ်ညိုမှိုင်းကာ ရွာချလိုက်သော မိုးသည်းသည်းကြောင့် အေးပိုတို့ သားအမိထံသို့ စိတ်ရောက်သွားမိပြီး ခဏ အတွင်းမှာပင် အတွေးတွေက မိုးရေစီးကြောင်းတွင် မျှောပါသွားသော သစ်ရွက်တစ်ရွက်လို အတိတ်ရေစီးကြောင်းတစ်လျှောက် မျှောပါသွားတော့သည် ။

••••• ••••• •••••

“ သူ့အဖေ လူတင်က ညည်းတို့ ငယ်ငယ်က နိုင်ဖတ်ပါ့ကော ၊ သူ့အမေက ငါတို့ ရွာသူ မဟုတ်ဘူးအေ့ ။ လူတင် မြောက်ဘက်ရွာ သွားပြီး သူရင်းငှား လုပ်ရင်းနဲ့ ညားလာတာ ၊ လူတင် သေတော့မှ သူ့အမေက ငါတို့ရွာသား ဘိုလှ နဲ့ ယူလိုက်တာ ။ ဘိုလှ က အရက်ချိုး ၊ ခု သူ့အမေ ဆုံးတော့ ဒီကောင်မ ဘိုလှ နှိပ်စက်စာ မိတော့တာပေါ့ ။ ထမင်းအငတ် ထားလိုထား ၊ ကျွဲရိုက်နွားရိုက် ရိုက်လိုရိုက် ၊ အဆိုးဆုံးကတော့ ထိကပါး ၊ ရိကပါး လုပ်တာပါပဲ ။ သူ ကလည်း ပေါတောတော ရယ် ။ တစ်နေ့မဟုတ် တစ်နေ့တော့ ပထွေးစာ မိရချည့်ရဲ့ ဆိုပြီး သူ့ဘဝကို ကယ်လာခဲ့ တာ ။ သူ့ပထွေး ဘိုလှက တော့ သိပ်မကြည်ဘူးပေါ့ ။ မိပို ကို သူက မယားအရာ ထားဖို့ ကြံနေတဲ့ကောင် ” ဟု ဒေါ်လေးကြည်က အဆုံးသတ်ကာ ပြောင်းဖူးဖက်ဆေးလိပ်ကို ပိန်ခွက်ခွက် ပါးစပ်နှစ်ဖက် ချိုင့်ဝင်သွားသည် အထိ အားပါးတရ ရှိုက်ဖွာလိုက်သည် ။

“ သူ့ဘဝက ဒေါ်လေးကြည် ပြောသလို ဆိုတော့ သနားစရာပဲနော် ။ ဒါပေမဲ့ ကျွန်မတို့ မှာလည်း လောလောဆယ် လူတစ်ယောက်ကို တာဝန်ယူဖို့ဆိုတာက ... ”

“ မငြင်းလိုက်ပါနဲ့ သွဲ့သွဲ့ရယ် ။ သွေးသားမတော်ပေမဲ့ ဒီကောင်မကို မျက်စိရှေ့မှာ နှိပ်စက်နေတာ မမြင်ရက် လွန်းလို့ပါအေ ။ ငါ့အိမ်မှာ ထားဖို့ကလည်း သူ့ပထွေး ငမူးနဲ့ တစ်ရွာတည်းဆိုတော့ ဘယ်ဖြစ်မလဲ ။ ပြီးတော့ ရွာမှာ ငါက ကိုယ့်တစ်ဝမ်းတစ်ခါးတောင် မနည်း ရုန်းကန်နေရတာ ။ ဒါကြောင့် ညည်းတို့ အားကိုး ခေါ်လာရတာ ။ တစ်ကောင်ကြွက် ၊ ဒုက္ခသည်ပါအေ ၊ ညည်းတို့ ဘယ်လိုကျွေးကျွေး ၊ ဘာခိုင်းခိုင်း ဘယ်ရွေ့ဘယ်မျှ မပေးရပါဘူးအေ ၊ ရွာမှာထက်တော့ သာပြီးသား ”

“ လူတစ်ယောက်ကို ဥပဒေအရ အခမဲ့ ခိုင်းပိုင်ခွင့် မရှိဘူး ဒေါ်လေးကြည်ရဲ့ ”

“ ဥပဒေတွေ ၊ ဘာတွေ တော့ ငါ မသိဘူးအေ ၊ ငါ ပြောတာက သူ့ကို မွေးစားသလို ပြောတာပါ ။ ဒါမှ မဟုတ်လည်း မြို့မှာက အလုပ်ပေါတော့ သူနဲ့ သင့်တော်တဲ့ အလုပ်ကလေး ရှာပေးလိုက် ၊ လင်ယူမယ် ဆိုတော့လည်း သင့်တော်သူဆို ပေးစားလိုက်အေ ၊ ဟဲ့ အေးပို နင့်အသက် ဘယ်လောက်လဲသိလား ”

“ အမေမသေခင် က ပြောတာကတော့ ၁၅ နှစ် ပြည့်ပြီဆိုလား ၊ ၁၆ နှစ် ဆိုလား ။ ရွာအရှေ့ပိုင်းက ခင်သီနဲ့ အတူတူပဲ လို့တော့ ပြောသံကြားဖူးတယ် ”

သည်လိုနှင့် ရပ်ဆွေရပ်မျိုးတော်သူ ဒေါ်လေးကြည် ဇာတ်လမ်း စခဲ့သဖြင့် အေးပို ဆိုသည့် ပုပုဝဝ ၊ အစားမက်မက် ၊ စာမတတ်သော ၊ အူတူတူ ပေါတောတော မိဘမဲ့ တစ်ကောင်ကြွက် ၊ ကိုယ့်အသက် အမှန်ကိုပင် မသိသူ အေးပိုကို ကူဖော်လောင်ဖက် အဖြစ် အိမ်တွင် ခေါ်ထားလိုက်ရတော့သည် ။

••••• ••••• ••••• 

အိမ်ကို အေးပို ရောက် လာပြီးနောက် သူမကို အိမ်မှုကိစ္စ လုပ်ကိုင်တတ်ရန်နှင့် အနေအထိုင် ၊ အပြောအဆို အပြင် သင်ပုန်းကြီးပါ သင်ပေးရသည် ။ ကျွန်မတို့ လင်မယားမှာ ဝန်ထမ်းများဖြစ်ပြီး အလယ်တန်းကျောင်းသူသမီး ၂ ယောက်ပါ ရှိသဖြင့် အေးပိုကို ကိုယ် စားသလို ကျွေး ၊ သင့်တင့်ရုံ အဝတ်အစား ဆင်ပြီး လစဉ်လခ အနည်းငယ်သာ ပေးထားနိုင်သော အခြေအနေပင် ရှိသည် ။ ဒါပေမဲ့ အေးပို ကတော့ အိမ်တွင် အထူးပင် ပျော်ရွှင်နေပုံပေါက်သည် ။ အချိန်တွေ ကြာလာသည်နှင့်အမျှ ကျွန်မ၏ စိတ်ရှည်မှုနှင့် အေးပို၏ ကြိုးစာမှုတို့ကြောင့် အေးပို စာအနည်းငယ် ရေးတတ် ၊ ဖတ်တတ်လာသည် ။ ဒါပေမဲ့ အစားအသောက် အလွန်မက်သည့် သူမ အကျင့်နှင့် အူတူတူ ၊ အတတ နိုင်မှုကိုတော့ ပြင်၍ မရခဲ့ပေ ။ အချိန်တွေက လ မှ နှစ် သို့ ကူးပြောင်းသွားသည် ။ အေးပိုကို အိမ်သို့ ခေါ်လာခဲ့သော ဒေါ်လေးကြည် ဆုံးသွားပြီး နောက်နှစ်မှာပင် အေးပို အတွက် မမျှော်လင့်သော အပြောင်းအလဲတစ်ခု ဖြစ်လာခဲ့သည် ။

“ အေးပို ကလည်း မောင်ချို့ သဘောလို့ ပြောတယ်တဲ့ ။ ဒါနဲ့ ဆိုင်ရှင်ဒေါ်ခင်လှ က ညက ရောက်လာပြီး ဆရာမကို ပြောပေးပါဆိုလို့ လာ ပြောတာ ”

ကြားစက ကျွန်မဖြင့် ယုံတောင်မယုံ ။ အေးပိုနှင့် မောင်ချိုတို့ ကြိုက်နေပြီး လက်ထပ်ချင်သည်ဟု ဆိုလာ၏ ။

မောင်ချို ဆိုတာက ကျွန်မတို့ ရပ်ကွက်ထိပ်ရှိ ထမင်းဆိုင်တွင် အလုပ်လုပ် နေသည့် အညာသား ဖြစ်သည် ။ ထိုဆိုင်ရှင် ဒေါ်ခင်လှ၏ မီးဖိုချောင်ကိစ္စ မှန်သမျှ အားထားရသူ တစ်ယောက် ဖြစ်သည် ။

မောင်ချို အနေအေးတာ ၊ ရိုးသားတာ ကျွန်မအသိ ၊ ထို့အတူ မောင်ချိုသည် ဆွေမျိုး မဲ့၏ ၊ ပါးရွဲ့၏ ၊ သွားကျိုး၏ ၊ အေပိုထက် အသက် ၁ဝ နှစ် ခန့်ကြီး၏ ။ သို့သော် အေးပို ဖင်မှန်းခေါင်းမှန်း မသိသည့် အခြေအနေကို တစ်ရပ်ကွက်လုံး သိသလို ၊ မောင်ချိုလည်း သိပြီး ဖြစ်လိမ့်မည် ။

“ နေပါဦး ၊ ညည်းနဲ့ အဲဒီ အညာသားက ကြိုက်နေတာ ဘယ်လောက်ကြာပြီလဲ ”

အေးပိုကို မေးရ ၊ စမ်းရတော့သည် ။

“ ဟိုတစ်နေ့ ညနေကမှ ”

အေးပို အဖြေကြောင့် ဘုရားတမိသည် ။

“ ညည်းကို သူက လက်ထပ်ချင်တယ်လို့ ပြောတာလား ”

“ ဟာ ၊ ဒေါ်လေးသွဲ့ ကလည်း လက်ထပ်ချင်တယ်လို့ ဘယ်ပြောမလဲ ၊ ချစ်တယ်လို့ ပြောတာပေါ့ ၊ ဟီ ဟိ ”

အရပ်ထဲကလည်း ဆွေမျိုးမဲ့သော ၊ ပေါတောတော ၊ ရူးတူးတူး အေးပိုအတွက် တော့ မောင်ချိုသည်သာ သူမ တစ်ဘဝလုံးစာ အားကိုးထိုက်သောသူဟု ဝိုင်း၍ မှတ်ချက်ချ၏ ။ ဒီလိုနှင့် အေးပို နှင့် မောင်ချိုကို ပေးစားလိုက်တော့သည် ။

••••• ••••• ••••• 

“ အေးပိုရယ် ဈေးဘိုး အကုန်လုံး မုန့်စားပစ်တယ် ”

“ အိမ်က ဒန်အိုးတွေကို အေးပို မုန့်နဲ့ လဲစားလိုက်ပြီ ”

“ ဒီနေ့ အေးပို ထမင်းမချက်ဘူး ၊ ဝက်သားတွေကို ပြုတ်ပြီး တစ်နေကုန် ထိုင်စား တယ် ”

မောင်ချိုနှင့် တွေ့သည့် အခါတိုင်း ပါးလေးတရွဲ့ရွဲ့ နှင့် အေးပို အကြောင်းကို တစ်ခေါက်တစ်မျိုး မရိုးရအောင် တိုင်လေ့ရှိသည် ။ မောင်ချို က တစ်နေကုန် ထမင်းဆိုင်မှာ လုပ် ၊ ထမင်းဆိုင်မှာ စား ၊ အေးပို ကို ပိုက်ဆံအပ် ။ သူမ က အိမ်မှာနေ မုန့်မျိုးစုံ ထမင်းလွတ်စားနှင့် ဘာ အချုပ်အချယ်မှ မရှိ ၊ ဆူပြောမည့်သူ မရှိ လွတ်လပ်ချင်တိုင်း လွတ်လပ်နေသည် ။ ထို့ကြောင့် အရပ်ထဲက အေးပို ကို အရူးကံကောင်း ဟု ပြောကြ၏ ။

“ ကိုချိုက ပါးရွဲ့လို့ ရုပ်ဆိုးနေတာက လွဲရင် စိတ်ရင်း သိပ်ကောင်းတယ် ဒေါ်လေးသွဲ့ရဲ့ ။ ပြီးတော့ ကျွန်မကိုလည်း သိပ်ချစ်တာ ။ ဆိုင်က ပြန်ရောက်တာနဲ့ ဖက်ပြီး အနည်းဆုံး သုံးလေးချက်တော့ နမ်းပြီးသားပဲ ။ ဟီး ဟီး ဟီး ။ တစ်ခါတလေ များဆို ... ”

“ ဟဲ့ ဘာတွေ လျှောက် ပြောနေတာလဲ ကလေးတွေ ရှေ့မှာ ၊ တော်တော့ ”

အေးပို အူမစေ့ပုံက ဒီလို ။ ဘယ်သူရှိရှိ သူ ပြောချင်ရာ စွတ်ပြောတတ်သည် ။ ဒီလိုနှင့် အေးပိုက မိနော် ကို မွေးပြီး မောင်ချိုက မိသားစုစီမံကိန်းနှင့် ကလေး ထပ်မယူခဲ့ ။ မိနော် မူလတန်း ကျောင်းသူ ဖြစ်ပြီး အပေါင်းအနုတ် တတ်ခဲ့ပေမဲ့ အေးပို ကတော့ မုန့်နှစ်ရာဖိုး ဝယ်စား ပြီး ငါးရာတန်ပေးကာ “ ကျွန်မ ပိုက်ဆံ ပိုသေးလား ” ဟု မေးရဆဲ ။

“ ကိုချိုကလေ .. ” အစ ချီပြီး မည်သည့်ကိစ္စမဆို အိတ်သွန်ဖာမှောက် ပြန်ပြော တတ်သည်မို့ နေ့လယ်နေ့ခင်း ဆို အရပ်ထဲရှိ မိန်းမအားတွေက အေးပို ကို မုန့်ဝယ်ကျွေးကာ ပေါက်ကရတွေ မေးပြီး တဝါးဝါး ၊ တဟားဟား ။

ကျွန်မမှာ အလုပ်တစ်ဖက်နှင့် ကိုယ့်မိသားစုအရေးဖြင့် မအားသည့်ကြားက အေးပိုကို သံယောဇဉ်ကြီးစွာနှင့် အမြင်မတော်တာ တွေ့လျှင် မနေနိုင်ဘဲ ဝင်ပါရမြဲ ၊ ဆိုဆုံးမရမြဲ ။ မိနော် ၅ တန်း တက်သည့် နှစ်တွင် အေးပို အတွက် အရူးကံကောင်းဆိုသည့် စကားက မမှန်တော့ပြန် ။ အဘယ့်ကြောင့် ဆိုသော် မောင်ချိုက အကောင်းသားမှ ဗိုက်ကြီး ဖောင်းလာ၍ ဆေးခန်းနှင့် အိမ် လွန်းထိုးရတော့သည် ။ နောက်ဆုံးတော့ ဆေးရုံနှင့် အိမ် အကြိမ်ကြိမ် ကူးသည့် ဘဝမှ ဗိုက်ကြီးဖောင်းကာ အိပ်ရာဖျာကပ် နေ့လား ညလား ။

မောင်ချိုက အိပ်ရာ ဖျာကပ်မို့ အေးပို ကို မထိန်းနိုင်ချိန်တွင် အေးပို က ရှိသည့် ပိုက်ဆံကို သမီးလုပ်သူ မိနော်နှင့် တစ်ထိုင်တည်း မုန့်စားပစ်လိုပစ် ၊ ဖိနပ်အသစ် ဝယ်စီးပြီး လက်ရှိ စီးနေသည့် အကောင်းကို အမှိုက်ပုံမှာ လွှင့်ပစ်လိုပစ်နှင့် သူမ စိတ်ထင်တိုင်း လုပ်ချင်ရာ လုပ်နေတော့သည် ။

••••• ••••• •••••

မောင်ချို ဆုံးတော့ အေးပိုမှာ ကိုယ်ဝန် ၂ လ ကျော်ပြီ ။ အရပ်ထဲက လူတွေ အားလုံးက အေးပို ကိုယ်ဝန်ကို မောင်ချို့ကိုယ်ဝန် မဖြစ်နိုင်ဟု တညီတညွတ်တည်း ကောက်ချက်ချကြသည် ။

“ ရော့ အေးပိုတို့ သား အမိဖို့ ကိတ်မုန့် ဝယ်လာတယ် ၊ ပြီးတော့ ဒေါ်လေးသွဲ့ မေးစရာ ရှိတယ် ၊ မှန်မှန်ဖြေနော် ”

အေးပိုက ကိတ်မုန့်ကို သမီးဖြစ်သူ မိနော်နှင့် လုစားရင်း ...

“ ဘာ မေးမလို့လဲ ၊ မေးလေ ဒေါ်လေးသွဲ့ ”

“ အေးပို ဗိုက်ထဲက ကလေးကို မောင်ချို့ကလေး မဟုတ်ဘူးလို့ ပြောနေကြတယ် ၊ အဲဒါ ဟုတ်လား ”

“ ဒေါ်လေးသွဲ့ ကလည်း ဘယ်ကလာ ကိုချို့ကလေး ရမှာလဲ ၊ ကျွန်မ ဗိုက်ထဲက ကလေးက ကျွန်မကလေးပေါ့ ”

နောက်ဆုံး အေးပိုကို လှည့်ပတ်မေးတော့ အဲဒီလူက ဟိုဘက်ရပ်ကွက်ကလား ၊ တိုးချဲ့ကွက်သစ်ကလား မသိဘူး ။ အေးပိုကို အဲဒီနေ့က မုန့်တွေ အများကြီး ဝယ်ကျွေးတယ် ၊ နောက်လည်း မုန့်စားချင်ရင် သူ ဝယ်ကျွေးမယ်တဲ့ ။ ဒါပေမဲ့ ဒီကိစ္စကို ဘယ်သူ့ကိုမှ ပြန်မပြောနဲ့ လို့ မှာသွားတယ် ”

အူမစေ့သည့် အေးပို အစားမက်သည်ကို အခွင့်ကောင်း ယူပြီး လင်ငုတ်တုတ် ရှိပါလျက် အစားတစ်လုတ် ပြပြီး လူမဆန်စွာ ယုတ်မာ သွားသည့်လုပ်ရပ် ၊ ဘယ်သူဘယ်ဝါမှန်း မသိ ၊ ဘာတတ်နိုင် မည်နည်း ။

အေးပိုက ဗိုက်တစ်လုံးနှင့် အူမစေ့သည့် ဆွေမဲ့မျိုးမဲ့ မုဆိုးမ ။ သမီးမိနော်က ဆယ်ကျော်သက် ။ ဘယ်လို ဆက် စခန်းသွားကြမည်နည်း ။ လင်ဆွေလင်မျိုး အားကိုးရအောင်လည်း မောင်ချို့အမျိုး ဖြူသလား ၊ မည်းသလား မမြင်ဖူးခင် မောင်ချို သေသွားပြီ ။ အေးပို ကတော့ ဗိုက်ကြီးတကားကားနှင့် အရပ်က ကျွေးတာ စားပြီး တစ်နေ့တစ်နေ့ ဟီးလား ၊ ဟားလား လုပ်နေပေမဲ့ အေးပို မွေးဖွားရက် နီးလာလေ ကျွန်မ ရင်တွေ ပူလာလေလေ ။

ဒီလိုနှင့် အေးပိုကလေး မွေးသည် ။ ထိုကလေးက သေသွားသည့် မောင်ချို လည်း မတူ ၊ အေးပိုလည်း မတူ ၊ မည်းခေါက်ခေါက် ၊ လိမ်ကောက်ကောက်နှင့် အရပ်က ထင်ခဲ့ ၊ ပြောခဲ့သလို သူ့အဖေ ယုတ်မာကောင်နှင့် တူတာပဲ ဖြစ်မည် ။ ကလေးငယ်ငယ် နှင့် အေးပို ကို အရပ်က ဝိုင်းကြည့်ရသည် ။ အေးပို ကလေးအငယ်မ ၈ လသား အရွယ်လောက် တွင် ဟိုအိမ်ဒီအိမ်မှာ တောက်တိုမည်ရ လုပ်ရင်း ဝမ်းရေး ဖြေရှင်းရပြီး အပျိုပေါက်စ မိနော်က ကလေး ခါးထစ်ခွင်နှင့် ကျောင်းမတက်နိုင်တော့ ။ ကျွန်မလည်း ကိုယ့်မိသားစု အရေးနှင့်မို့ သူတို့သားအမိကို အနေ မပျက်အောင် လက်ရှိ တဲသာသာ အိမ်လေး ဆက်ငှားပေးရုံ ။ တစ်ခါတစ်ရံ အစားအသောက် ပေးရုံက လွဲပြီး နေ့စဉ် ဂရုမပြုအား ။ ဒီကြားထဲ ပြောင်းရွှေ့မိန့် ကျလာသဖြင့် စီစဉ်စရာများကို စီစဉ်ရပြန်၏ ။

••••• ••••• ••••• 

မြို့နှင့် ၂ နာရီကျော် ကျော် ကားစီးရသည့် မူလတန်းကျောင်းလေးကို ပြောင်း ရွှေ့ခဲ့ရသဖြင့် တစ်ပတ်တစ်ခါ မှပင် အိမ်သို့ ပြန်ရတော့သည် ။ တစ်နေ့ အိမ်သို့ သားဖွားဆရာမ ဒေါ်အုံးမေ ရောက်လာပြီး အေးပို အကြောင်းကို သတင်းပေးသည် ။

အေးပိုကို ဦးဘမြင့်က အစားအသောက်များ လာလာ ပေးတတ်ပြီး အေးပိုနှင့် လက်ပုတ်ခြေပုတ် စကားပြော နေတာကို မြင်မြင်နေရကြောင်း ၊ မိနော် ကလည်း ကလေးခါးထစ်ခွင်နှင့် လမ်းပေါ်တွင်သာ တွေ့နေရကြောင်း ၊ အေးပို အကြောင်းကို သိသဖြင့် စိတ်ပူကြောင်းတို့ဖြစ်သည် ။

“ အဲဒါမှ ခက်တာပဲ ဒေါ်အုံးမေရယ် ။ ခု ချိုတူးမတောင် မောင်ချို့သမီး မဟုတ်ဘူးဆိုတာ တစ်ရပ်လုံး သိတယ် ။ အေးပိုက အူတူတူ ရယ် ၊ ဦးဘမြင့် ဆိုတဲ့ လူကြီးကလည်း သူ့ရုပ်ရည် သန့်သန့် ပြန့်ပြန့်ကြီးနဲ့ မလိုက်အောင် ရှုပ်တဲ့သူကြီး ။ ဘာပဲဖြစ်ဖြစ် အေးပို အတွက်တော့ မကောင်းလှဘူး ၊ အရင်တစ်ခါလို ဖြစ်ရင် ဒုက္ခ ”

“ အဲဒါ ပြောတာပေါ့ ဆရာမရယ် ။ တစ်နေ့က ဦးဘမြင့်က ဒံပေါက်စားမလား ၊ သူ ဝယ်ကျွေးမယ်လို့ ပြောသတဲ့ ။ ကျွန်မကို မိနော် ပြန်ပြောလို့ သိတာ ။ ပြီးတော့ မိနော် ကလည်း အရွယ်လေး ရောက်လာပြီ ။ အေးပိုက သူ့ကိုယ်သူတောင် ဘာမှန်းမသိတာ မိနော် ကို ဘယ်လို ထိန်းမလဲ ။ ကျွန်မလည်း သိသိချင်း ဆရာမကို လာပြောတာ ။ အေးပိုတို့ သားအမိ ဒီအတိုင်း လွှတ်ထားလို့တော့ မဖြစ်ဘူး ”

အေးပိုက တစ်ကောင်ကြွက် ဆိုပေမဲ့ ကိုယ့်အိမ်မှ ထွက်သွားသူ ဖြစ်သဖြင့် သူမ ကိစ္စမှန်သမျှ ကိုယ်က ဦးဆောင် ဖြေရှင်းရသည်ချည်း ပင် ။ လူတိုင်းက ကိုယ့်ရပ်တည်မှုနှင့် ကိုယ်မို့ အချိန်ပြည့် မစောင့်ရှောက်နိုင် ။ အေးပိုတို့ သားအမိတွေ၏ ရှေ့ရေးနှင့် ပတ်သက်ပြီး စဉ်းစားရပြီ ။ ထိုအတွေးတွေကြောင့် အိပ်ပျက်ညတွေ များခဲ့သည် ။ ဘာလုပ်ပေးရင် ကောင်းမည်နည်း ။ ကိုယ် ဘာလုပ်နိုင်သ နည်း ။ အကြိမ်ကြိမ် စဉ်းစား ပြီးနောက်မှာတော့ အကောင်းဆုံး နည်းလမ်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့၏ ။

  ••••• ••••• •••••

“ အေးပိုက ရူးပေမဲ့ ဆရာမကြီး အစီအစဉ်ကို လက်ခံမယ် မထင်ဘူး ”

“ မိနော်က သူ့အမေကို သိပ်ချစ်တာ ၊ ဖြစ်ပါ့မလား ”

လူအချို့က ထိုသို့ စိုးရိမ်စကားဆိုသည် ။

“ သူ့ကိုယ်သူ ကျောင်းဆရာမ ဆိုပြီး သူသိသူတတ်လုပ်တာ ”

“ သူ့မှာလည်း သမီး ၂ ယောက်နဲ့ တစ်နေ့ ဝဋ်လည်လိမ့်မယ် ”

တချို့ကလည်း ဤသို့ ဝေဖန်သည် ။ သူတို့ ပြောသလိုပင် ကိုယ်လည်း သမီး ၂ ယောက် မိခင်မို့ အကြိမ်ကြိမ် စဉ်းစားပြီးမှ ထိုဆုံးဖြတ်ချက်ကို ချခဲ့ခြင်းဖြစ်သည် ။ အေးပို ကို နားလည်အောင် ရှင်းပြ တော့ “ ဒေါ်လေးသွဲ့ သဘောလေ ” ဟုဆိုကာ ထမင်းစား လက်စ မပျက် ။ နောက်ဆုံး လိုအပ်သည့် စာရွက်စာတမ်းတွေ ပြည့်စုံတော့ မိနော် နှင့် ချိုတူးမ ကို လူမှုဝန်ထမ်းကျောင်းကို ပို့ပေးခဲ့သည် ။ အမေဆီကို လိုက်ချင်၍ ခါးကော့ကော့ပြီး ငိုနေသော ချိုတူးမ ၊ “ သမီး အမေနဲ့ပဲ နေချင်တယ် ၊ ဒီမှာ မနေပါရစေနဲ့နော် အမေသွဲ့ ။ သမီးကို ပြန်ခေါ်သွားပါ ” လို့ မျက်ရည် တွေတွေ ကျပြီး တတွတ်တွတ် ပြောနေသော မိနော် ။ နောက်ဆုံးတော့ မိဘမဲ့ကျောင်းမှ ဆရာမတွေနှင့် အတူ ချိုတူးမ ကို ချီရင်း လက်တပြပြ ကျန်ခဲ့သည့် မိနော်ကို မျက်စိထဲက မထွက်တော့ ။ ထိုနေ့က ရင်ကွဲလုခမန်း ရင်နာခဲ့ရသည် ။

ညဘက် ရောက်တော့ အေးပိုနို့သက်၍ ရေနွေးဖတ် ကပ်ပေးရင်း မျက်ရည် မဆည်နိုင်တော့ ။

“ ဒေါ်လေးသွဲ့ က ဘာလို့ ငိုတာလဲ ၊ မိနော် ချိုတူးမတို့ကို သတိရလို့ လား ” ဟု ကြောင်တက်တက် အကြည့်နှင့် အေးပို အမေးကို အဖြေ မပေးတတ်တော့ပေ ။

ဒီလိုနှင့် ကိုယ် ပြောင်းရွှေ့ခါနီးတော့ အေးပိုကို လူရင်းဖြစ်သူ ဒေါ်ခင်လှ ဆိုင်တွင် အပ်ကာ အလုပ် လုပ်စေခဲ့သည် ။ တစ်မြို့စီ ခြားသွားပြီးနောက် ဒေါ်ခင်လှ က တစ်ဆင့် မိနော်က အလယ်တန်းကျောင်းသူမို့ ရင်ခွင်ပိုက် အရွယ် ညီမဖြစ်သူ ချိုတူးမ နှင့် တစ်နေရာစီ ကွဲသွားပြန်သည်ဟု သိရသည် ။

ဒေါ်ခင်လှ စာနှင့်အတူ တွဲပါတတ်သော ဗလာစာရွက် ခပ်နွမ်းနွမ်းပေါ်မှ အေးပို၏ လက်ရေး ကောက်ကွေးကွေးနှင့် သတ်ပုံမမှန်သော စာသုံးလေးကြောင်းကို ဖတ်ရင်း မျက်ရည်ကျခဲ့တာ အကြိမ်ကြိမ် ။ အေးပိုတို့ သားအမိ ရှေ့ရေးကို မျှော်မှန်းပြီး စေတနာမိုး ရွာသွန်းခဲ့ပေမဲ့ ထိုမိုးကြောင့် အေးပိုတို့ သားအမိ ဥကွဲသိုက်ပျက် ဖြစ်စေပြီလားဆိုသည့် အတွေးက အမြဲလို နှိပ်စက်နေတော့သည် ။

••••• ••••• •••••

“ တီ ၊ တီ ၊ တီ ၊ တီ ”

ပြတင်းဝတွင် ရပ်၍ အဝေးကို ငေးရင်း အတိတ်လမ်းကို ပြန်လျှောက်နေသည့် အတွေးတွေက ဆိုင်ကယ် ဟွန်းသံကြောင့် ပစ္စုပ္ပန်သို့ ပြန်ရောက်လာသည် ။

ခင်ပွန်းဖြစ်သူပင် အဆောင်နေ တက္ကသိုလ်ကျောင်းသူ သမီး ၂ ယောက် ထွ အကြော်အလှော် ပို့ပြီး ပြန်လာပြီ ။ သူက ဆိုင်ကယ်ကို အမိုးအောက်တွင် ရပ်လိုက်ရင်း “ ကောင်းလိုက်တဲ့ မိုးကွာ ” ဟု ပြောလိုက်ရာ ...

“ ဟုတ်ပါ့ ၊ မိုးရွာတာကို ကျွန်မ သိပ်မုန်းတာ ” ဟု ပြန် ပြောလိုက်မိသည် ။ ထိုအခါ သူက “ မိုး ကိုတော့ မမုန်းလိုက်ပါနဲ့ဗျာ ၊ ကောက်ပင်တွေက မိုးလိုသေးတယ် ။ ဒီမိုး ရွာမှ စပါး အထွက်တိုးမှာဗျား ၊ မဟုတ်လို့ကတော့ မျိုးဆုံးကုန်မှာ ” ဟု စိုက်ပျိုးရေးအရာထမ်းပီပီ သူ့လုပ်ငန်းအကြောင်း ပြောကာ ပလတ်စတစ်အိတ်လေး တစ်အိတ်နှင့် ထည့်ထားသည့် စာအိတ် တစ်အိတ်ကို လှမ်းပေးရင်း ...

“ စာတိုက်မှာ မင်းစာ တွေ့လို့ ယူလာတာ ” ဟု ပြောသည် ။

စာအိတ်ကလေးကို ဖွင့်လိုက်တော့ ရောင်စုံဓာတ်ပုံနှင့် စာတစ်စောင် ။ ဓာတ်ပုံထဲတွင် အေးပို မျက်နှာနှင့် ချွတ်စွပ် တူသော အပျိုမလေးနှင့် ဆံပင်လိမ်ကောက်ကောက် ၊ မျက်နှာ မည်းခေါက်ခေါက်နှင့် ၆ နှစ်အရွယ် ကလေးမလေး တစ်ယောက် ။ နှစ်ယောက်လုံးက ကျောင်းဝတ်စုံ အဖြူအစိမ်းဝတ်ကာ လွယ်အိတ်ကလေး ကိုယ်စီ လွယ်ထားကြသည် ။ စိတ်လှုပ်ရှားခြင်းများစွာဖြင့် စာခေါက်လေးကို ကမန်းကတန်း ဖွင့်ဖတ်လိုက်မိသည် ။

အမေသွဲ့
          သမီး သတိရစွာနဲ့ စာရေးလိုက်ပါတယ် ။ ခုနှစ် သမီး ၁ဝ တန်းတက်နေပြီ ။ သမီးတို့ ညီအစ်မ မန္တလေးမှာ အတူတူ ပြန်နေရပြီ ။ သမီးတို့ ဆီကို ကြီးကြီး ဒေါ်ခင်လှ နဲ့ အတူ အမေ လာတွေ့တယ် ။ ညီမလေးကတော့ အမေသွဲ့ ကို မသိဘူး ။ ဒါကြောင့် အမေသွဲ့ က ကျောင်းဆရာမကြီး ၊ အစ်မတို့ကို စာဆက် သင်နိုင်အောင် ဒီကို ပို့ပေးတဲ့သူလို့ ပြောပြရတယ် ။ ကြီးကြီး ဒေါ်ခင်လှက ပြောတယ် ။ သမီး ဘွဲ့ရပြီး အလုပ်ရရင် အမေနဲ့ ညီမလေးနဲ့ အတူ ပြန်နေလို့ရအောင် အမေ့ ပိုက်ဆံတွေလည်း သူ့ဆီမှာ စုထားပေးတယ်တဲ့ ။ သမီး စာကြိုးစားပါတယ် ။
         သမီးတို့ ညီအစ်မ ဒီလို စာသင်နိုင်တာ အမေသွဲ့ ကြောင့်ပါ ။ အမေသွဲ့ စေတနာကို သမီး နားလည်ပါပြီ ။ ဒီစာနဲ့အတူ သမီးတို့ ညီအစ်မ ဓာတ်ပုံပါ ထည့်ပေးလိုက်တယ် ။ အမေသွဲ့ လည်း ကျန်းမာပါစေ ၊ ရိုသေစွာဖြင့် သမီး ကန်တော့လိုက်ပါတယ် ။
             မိနော်

စာဖတ်ပြီးတော့ ဓာတ်ပုံလေးကို တစ်ခေါက် ပြန်ကြည့်မိပြန်သည် ။ မိနော်က ချစ်စရာလေး ။ မိနော် ဘေးက ချိုတူးမလေး ကတော့ အပြစ်ကင်းသည့် မျက်နှာလေးနှင့် သနားစရာ ။ စိတ်ထဲတွင် ကြည်နူးခြင်းနှင့် ဝမ်းနည်းခြင်းဆိုသည့် ခံစားချက်နှစ်ခုက တစ်ပြိုင်တည်း ပေါ်လာသည် ။ အေးပိုတို့ သားအမိအတွက် ကိုယ် မျှော်လင့်ခဲ့သလို ပျော်ရွှင်စရာကောင်းမည့် အနာဂတ်က မဝေးတော့ပြီ ။

ပြတင်းအပြင်ကို အကြည့်ရောက်တော့ မိုးကသည်းကောင်းတုန်း ။ အပြင်မှာတော့ မိုးကို မျှော်ပြီးမှ စပါးပင်တွေက အသီးအနှံတွေ ဖူးရပေမဲ့ ကျွန်မရင်ထဲက မေတ္တာမိုးကတော့ ပွင့်လန်း လာမည့် ပန်းလေးတွေကို မျှော်လင့်ပြီး ရွာသွန်းခဲ့ရခြင်း ဖြစ်သည် ။

▢ ကျူရီ
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
     ၂၀၁၄  ၊ မေလ

No comments:

Post a Comment